- Published on
- Published on
- Published on
ဒေါ်ဇာလီအေး တရားလွှတ်တော်ရှေ့နေ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အခုချိန်ထိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်သူတွေကို မေးခွန်းတောင် မထုတ်တဲ့ အမှုတွေအများကြီးကို မြင်နေရသေးတယ်။ ဒါက ဘာအံ့ဩစရာရှိလဲလို့ တချို့ကတော့ ပြောတယ်။ စနစ်ကို တော်လှန်နေတဲ့ကြားထဲမှာ ဒီဖြစ်စဉ်တွေကို ဘာသိဘာသာ နေနေကြတာကို ကျွန်မအံ့ဩတယ်”
ဒေါ်ဇာလီအေးဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ၂၆ မိုင်ဝေးပြီး အိမ်ခြေ ၁၄ အိမ်ပဲရှိတဲ့ ရွာလေးမှာ မွေးဖွားခဲ့ပါတယ်။ သာမန်မိသားစုကနေ မွေးဖွားခဲ့ပြီး မွေးချင်းထဲမှာ သမီးလတ် ဖြစ်ပါတယ်။ ပညာရေးကို ဦးစားပေးတဲ့ မိသားစုကြောင့် မူလတန်းကျောင်းဘဲ ရှိတဲ့ ဇာတိရွာကနေ ရန်ကုန်ကို ပြောင်းရွေ့အခြေချခဲ့ပါတယ်။လူမျိုးစုတိုင်းရင်းသားဖြစ်တဲ့အတွက် မြို့ပေါ်မှာစာသင်ရတဲ့အခါ စာသင်ကျောင်းအတွင်းမှာ ခွဲခြားဆက်ဆံမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ကျောင်းအပ်တဲ့နေ့မှာဘဲ ချင်းနာမည် “ဇလန်အီယာန်း” ဆိုတဲ့ နာမည်ကနေ ဗမာနာမည်မှည့်လို့ဆိုတာကြောင့် ဇာလီအေး ဖြစ်ခဲ့ရတယ်။ ခရစ်ယာန်မိသားစု အသိုင်းအဝိုင်းမှာ ကြီးလာတဲ့အတွက် သီချင်းတွေနဲ့ ကြီးပြင်းခဲ့ပါတယ်။ Music ကျောင်းလည်းတက်ခဲ့သလို၊ အဆိုတော်လည်း ဖြစ်ချင်ခဲ့သူပါ။
တက္ကသိုလ်ဝင်တန်းမအောင်ခင်ကတည်းက သီချင်းဆိုပြီး ဝင်ငွေရှာခဲ့ပါသေးတယ်။ နယ်လှည့် သီချင်းဆို ဖျော်ဖြေတာတွေလည်း လုပ်ခဲ့ပါတယ်။ နောက် မိဘမှ တက္ကသိုလ်ဆက်တက်ပြီး ဥပဒေမေဂျာ ယူခိုင်းတဲ့အတွက် ဥပဒေမေဂျာနဲ့ တက္ကသိုလ်တက်ဖြစ်ခဲ့ပါတယ်။ ဆွေမျိုးထဲမှာ အမှုကိစ္စတခုဖြစ်တဲ့အခါ ရှေ့နေတဦးက အမှုလိုက်ပေးတဲ့အတွက် ထောင်ဒဏ်နှစ်ရှည် ကျခံခြင်းမှ အယူခံမှုဖြင့် လွတ်မြောက် ခဲ့ပါတယ်။ အဲ့ကနေစပြီး ရှေ့နေအလုပ်ကို စိတ်ဝင်စားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ရှေ့နေအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုခဲ့ပါတယ်။ အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့် သီချင်းဆိုချင်တဲ့ အိပ်မက်တွေကတော့ ရှိနေဆဲပါ။ အမျိုးသမီးအရေး၊ LGBT အရေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို ဥပဒေပိုင်းကနေလည်း ဆောင်ရွက်လျက် ရှိပါတယ်။ နွေဦးတော်လှန်ရေးမှာ ဥပဒေအရ လိုအပ်တဲ့ကဏ္ဍကနေ လုပ်ကိုင်လျက်ရှိပါတယ်။
မေး။ ။ လက်ရှိတော်လှန်ရေးအပါအဝင် နွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဥ် တစ်ခုလုံးကို ခြုံပြီးတော့သုံးသပ်ပေးပါရှင်။
ဖြေ။ ။ ကျွန်မတို့မြန်မာနိုင်ငံက ဒီတော်လှန်ရေးနဲ့ကတော့ မစိမ်းဘူး။ တော်လှန်ရေးခေတ်အဆက်ဆက်မှာ တော်လှန်ရေးတွေက နိုင်ငံရေးကြောင့်သော်လည်းကောင်း၊ လူမျိုးရေးကြောင့်သော်လည်းကောင်း၊ စနစ်တစ်ခု ကြောင့်သော်လည်းကောင်း အများကြီး ဖြတ်ခဲ့ရတယ်။ ဖြစ်စဥ်တိုင်းမှာ ပြောင်းလဲမှုတစ်ခုတော့ ဖြစ်တယ်။ ဒါပေမယ့် ပြောင်းလဲခြင်းရဲ့အကျိုးသက်ရောက်မှု ဆိုးကျိုးလောက်ပဲ ကျွန်မတို့ခံစားခဲ့ရတယ်။
ဒါပေမယ့် အခုလက်ရှိနွေဦးတော်လှန်ရေးက မျှော်လင့်ချက်တွေ ပြည့်စေတဲ့ ဖြစ်စဥ်တစ်ခုလို့ မြင်ရတယ်၊ လူတွေတော်တော်များများကလည်း ခေတ်ရဲ့အကြပ်အတည်းတွေကို ရင်ဆိုင်နေရပေမယ့်၊ တစ်ချို့ကတော့ သံသယတွေရှိသော်ငြားလည်းပဲ ပိုပြီးအကောင်းဘက်ကိုဖြစ်ပေါ်စေမယ်လို့ မျှော်လင့်ကြတယ်လို့ မြင်ပါတယ်။
မေး။ ။ ဆရာမအနေနဲ့ ဒီနိုင်ငံက ဘယ်လိုမျိုးနိုင်ငံရေးစနစ်တွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံလို့ ပြောလို့ရမလဲ။
ဖြေ။ ။ အစောဆုံးကတော့ သက်ဦးဆံပိုင်ဘုရင်စနစ်ပေါ့နော်။ နောက်ပြီး ကိုလိုနီစနစ်အောက်မှာ နေခဲ့ရတယ်။ အဲ့ဒီကနေပြီးမှပဲ ကျွန်မတို့လွတ်လပ်ရေးကာလဖြစ်တဲ့အခါကျတော့ ဆိုရှယ်လစ်စနစ် ဖြစ်လာ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ချမ်းသာတဲ့သူက တအားချမ်းသာတယ်၊ ဆင်းရဲတဲ့သူက တအားဆင်းရဲတယ်။ အဲတာကို အားလုံးသဘောထားနဲ့ မဟုတ်ဘဲ တစ်ဦးတစ်စုကနေပြီးတော့ သာတူညီမျှမှုဖြစ်စေချင်လို့ ဆိုပြီး တော့မှ လုပ်လိုက်တော့ အာဏာရှင်သဖွယ်လိုဖြစ်သွားတယ်ပေါ့နော်။
နောက်ပြီး အရပ်သားအစိုးရစီမံမှုတွေ အားနည်းတဲ့အခါမှာ စစ်တပ်က အာဏာသိမ်းတာတွေ စပေါ်လာပြီးတော့ ဆက်တိုက်အာဏာသိမ်းမှုတွေ ဖြစ်လာတာ အခုအထိဘဲပေါ့နော်။ မျက်မှောက်ခေတ်ကို ကြည့်မယ်ဆို ပညာရေး၊ စီးပွားရေးပြောမလား၊ ကဏ္ဍတိုင်းမှာ အလားအလာရှိတဲ့နိုင်ငံလို့ ပြောလို့ရတယ်။ ဒါပေမယ့် အလားအလာဆိုတာက အဲ့ဒီအပေါ်မှာမှ ကျွန်မတို့ ဘယ်လိုလုပ်ကြသလဲ၊ ဘယ်လိုမျိုး စတီယာရင်ကိုင်မလဲတော့လိုသေးတာပေါ့နော်။ နိုင်ငံလေး ပိစိထဲမှာ လူမျိုးပေါင်း အများကြီးပဲရှိတာ။ အရမ်းကို potential ရှိတဲ့နိုင်ငံလို့ ကျွန်မအနေနဲ့ မြင်တယ်။
မေး။ ။ နိုင်ငံတခုတည်ဆောက်မယ်ဆိုရင် ဘယ်လိုနိုင်ငံရေးစနစ်မျိုးတွေ၊ ဘယ်လိုအခြေခံမူတွေ၊ ဘယ်လိုစံနှုန်းတွေနဲ့ နိုင်ငံအသစ်တစ်ခုကို ပြန်တည်ဆောက်သင့်လဲ။
ဖြေ။ ။ ကျွန်မတို့စနစ်အသစ်ကို တည်ဆောက်မယ်ဆိုပေမဲ့ လူတွေကတော့ဒီလူပဲလေနော်၊ အဲတာကိုလည်း သတိချပ်စေချင်ပါတယ်။ စံတန်ဖိုးအနေနဲ့ သာတူညီမျှရှိတဲ့အခွင့်အရေး၊ gender အားလုံးအတွက် အခွင့်အလမ်းတစ်ခုကို ဖော်ဆောင်ပေးရလိမ့်မယ်။ မျှတမှုတို့၊ လူ့အခွင့်အရေးတို့ဆိုတာ စာအုပ်ထဲမှာ ရှိနေတာပဲလေနော်။
ဒါပေမယ့် affirmative actionတွေ လိုတယ်။ ဆိုကျပါစို့ တောရွာ၊ တောင်ပေါ်သူက အခုမှ ရန်ကုန်မှာကျောင်းလာတက်ရင် သူ့အတွက် အခက်အခဲတွေ ရှိနိုင်တယ်၊ ဘာလို့ဆို ပညာရေးအခြေအနေတွေ မတူဘူး။ ဒီလိုပြောလို့ တော၊တောင်ပေါ်ကပညာရေးမကောင်းဘူးလို့မပြောဘူး။ သူ့ရဲ့ adaptable က မမှီသေးတဲ့အခါမှာ affirmative action တွေပေးရလိမ့်မယ်။ ပြီးလည်းပြီးရော နောက်ထပ်တစ်ခုကကျတော့ လူလူချင်းပဲ မထူးခြားဘူး ပြောကြတယ်၊ မဟုတ်ဘူး၊ ထူးခြားတယ်။
ကျွန်မတို့ မွေးလာတာ တစ်ချို့ဆို Special Care လိုတဲ့သူတွေရှိတယ်။ အဲ့ဒီSpecial Careလိုတဲ့လူတွေအတွက်ကို ကျွန်မတို့ special schoolတွေ ကျွန်မတို့တည်ဆောက်ပေးရမယ်၊ အဲ့ဒါမှကျွန်မတို့ equal rights၊ equity၊ equitable ကို ရောက်မှာ ဖြစ်တယ်။ တိုင်းပြည်တည်ဆောက်တဲ့အချိန်မှာ အကုန်လုံးကို ခြုံငုံတဲ့ legal framework ရှိဖို့လိုပါတယ်။
နောက်ထပ် တစ်ခုက လူအားလုံး စီးပွားရေး ၊ လူမှုရေး၊ တရားမျှတမှုကို လက်လှမ်းမှီနိုင်တဲ့ စံတန်ဖိုးတွေကိုလည်း ထားရမယ်။ ဥပဒေမှာတော့ အမျိုးသမီးတွေစီးပွားရေးမလုပ်ရဘူးမပါဘူး၊ ခေတ်အဆက်ဆက်မပါခဲ့ဘူး။ ဒါပေမယ့် မိသားစုထဲမှာဆိုရင် "ဟယ် နင်ကယောကျာ်းရပြီ၊ နင်အိမ်မှာပဲနေ မိန်းကလေးက အိမ်မှာပဲနေတာ ကောင်းတယ်" ဆိုတာတွေ ကျွန်မတို့မလုပ်ဖို့လိုတယ်။
လူ့အဖွဲ့အစည်းမှာ ဖိနှိပ်မှုတွေရှိနေရင် ကာကွယ်ပေးမဲ့ ဥပဒေတွေ ထုတ်ရမယ်။ oppressive ဖြစ်လာပြီဆိုရင်အဲ့ဒါကိုprotectionပေးဖို့ဥပဒေရှိဖို့လိုတယ်။ နောက်ထပ် တစ်ခုက အုပ်ချုပ်ရေးမှာလည်း အမျိုးသမီးတွေပါဝင်ဖို့လိုတယ်၊ အရင်တုန်းက ကိုတာကိုတောင်းခဲ့တယ်။ အမှန်ဆို ကိုတာကို မပြောချင်ဘူး။ ဒါပေမယ့် တောင်းနေရတဲ့အဆင့်ကို ကျွန်မတို့ ဖြတ်သန်းခဲ့ရတယ်၊ ဖြတ်သန်းတာတောင်မှ မရခဲ့ပြန်တော့လည်း ထပ်ပြောနေရသေးတာပေါ့နော်။ သက်ဆိုင်တဲ့ ကဏ္ဍတွေမှာ သက်ဆိုင်တဲ့သူကို ဦးဆောင်မှုပေးဖို့ လိုပါတယ်။
နောက်ဆုံးတစ်ခုကကျတော့ ကျွန်မတို့အနေနဲ့ intersectionality ကိုလည်း သိဖို့လိုတယ်။ တချို့မိန်းကလေးတွေက အိမ်တွင်းအကြမ်းဖက်မှုကို ချိုးဖောက်တဲ့ ယောကျာ်းတစ်ယောက်ကို စွန့်ပစ်ရဲတယ်။ တချို့အမျိုးသမီးတွေက မစွန့်ပစ်ရဲဘူး။ ဒါက ပညာတတ်ခြင်း၊ မတတ်ခြင်း၊ ချမ်းသာခြင်း၊ မချမ်းသာခြင်းနဲ့ မဆိုင်ဘူး။ သူတို့ ကြုံတွေ့နေရတဲ့ပြဿနာအတိမ်အနက်က ယဥ်ကျေးမှုတွေ၊ ကျားမအမြင်တွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ အများကြီးဆိုင်တယ်။
ဒါပေမဲ့ ကာကွယ် တားဆီးအပြစ်ပေးနိုင်မယ့် ဥပဒေတွေ ပြဌာန်းဖို့ လိုပါတယ်။ ဥပဒေတွေပြဌာန်းလို့ ခွဲခြားဆက်ဆံမှုတွေ မရှိတော့ဘူးဆိုတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့မှ ဖြေရှင်းနိုင်တဲ့ နေရာရှိသွားတာ ဖြစ်တယ်။ ကျွန်မတို့မြန်မာနိုင်ငံမှာ ဥပဒေပဲရှိပြီး အသက်မဝင်တဲ့ ဥပဒေတွေ အများကြီး ရှိပါသေးတယ်။
“Intersectionality ကိုလည်း သိဖို့လိုတယ်။ တချို့မိန်းကလေးတွေက အိမ်တွင်းအကြမ်းဖက်မှုကို ချိုးဖောက်တဲ့ ယောကျာ်းတစ်ယောက်ကို စွန့်ပစ်ရဲတယ်။ တချို့အမျိုးသမီးတွေက မစွန့်ပစ်ရဲဘူ။ ဒါက ပညာတတ်ခြင်း၊ မတတ်ခြင်း၊ ချမ်းသာခြင်း၊ မချမ်းသာခြင်းနဲ့ မဆိုင်ဘူး။ သူတို့ ကြုံတွေ့နေရတဲ့ပြဿနာအတိမ်အနက်က ယဥ်ကျေးမှုတွေ၊ ကျားမအမြင်တွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ အများကြီးဆိုင်တယ်”
မေး။ ။ အာဏာသိမ်းပြီးနောက်မှာ လူ့အဖွဲ့အစည်းအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာရော အတွေးအမြင်လက်ခံမှု ဘယ်လောက်ထိ ပြောင်းလဲသွားလဲ။
ဖြေ။ ။ ကျွန်မတို့ သိသာ၊ မြင်သာရှိသွားတာက နိုင်ငံရေးမှာကျတော့ ကိုယ်လုပ်မှ ကိုယ်စားရတဲ့ အတွေးက မဟုတ်ဘူး ဆိုတာကို သူတို့သိသွားတယ်။ “ဘယ်အစိုးရကိုပဲ အားပေးခဲ့၊ အားပေးခဲ့ အဲဒီ့အစိုးရတွေက ထမင်းလာကျွေးတာမှ မဟုတ်ပဲ” ဆိုတော့ စကားက မှန်သလိုလိုတော့ ရှိတယ်။ ဒါပေမယ့် အခုဒီအချိန်မှာ အဲ့ဒီ့စကားက မဟုတ်ဘူးဆိုတာ ကျွန်မတို့အားလုံးက ခံစားရတယ်။ပြီးတော့ လူ့အဖွဲ့အစည်းအနေနဲ့ဆိုရင် ဒီအချိန်မှာလည်း ခွဲခြားဆက်ဆံမှုတွေက ရှိနေဆဲပဲ။
ဒါပေမယ့် ကျွန်မတို့ ပေါ်ပေါ်ထင်ထင်မြင်တွေ့ရတာက၊ ခွဲခြားဆက်ဆံတာက မကောင်းဘူးဆိုတာ အတိုင်းအတာတစ်ခုထိ သူတို့လက်ခံလာကြတယ်။ နောက်တစ်ခု ကျတော့ စီးပွားရေး နဲ့ လူမှုရေးဆိုရင် အကုန်လုံးခံနေရတယ်။ “စီးပွားရေးက မလုပ်ရင် ငတ်မယ်တဲ့၊ လုပ်ပြန်တော့လည်း ရှုံးတယ်၊ ရှုံးလို့ မလုပ်ပြန်ရင်လည်းစားစရာမရှိဘူး” ဆိုတဲ့ဟာလိုမျိုးတွေ ခံစားနေရတယ်။ အဖက်ဖက်က အကျပ်အတည်းတွေနဲ့ အသက်ရှင်နေကြရတယ်။
မေး။ ။ အာဏာသိမ်းမှုနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားနေတဲ့အယူအဆတွေ ဘယ်လောက်အထိ ပြောင်းလဲသွားတယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ ကျွန်မရဲ့အမြင်ကတော့ ခွဲခြားမှုကအခုချိန်ထိရှိနေသေးတယ်။ ဘာလို့လဲဆိုတဲ့အခါမှာ အခုချိန်ထိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီးတော့ ကျူးလွန်သူတွေကို မေးခွန်းတောင် မထုတ်တဲ့ အမှုတွေ အများကြီးကို မြင်နေရသေးတယ်။ တစ်ချို့ကတော့ ပြောတယ်၊ ဒါက ဘာအံ့ဩစရာရှိလဲလို့။
ဒါပေမယ့် ကျွန်မအံ့ဩတာပေါ့နော်၊ ဘာလို့ဆို စနစ်ကိုတော်လှန်နေတဲ့ကြားထဲမှာ ဒီဖြစ်စဉ်တွေအပေါ် ဘာသိ ဘာသာနေနေကြတုန်းဘဲ။ ဒီတော်လှန်ရေးအစိုးရဘက်ကတော့ ကျူးလွန်သူကို ရာထူးထုတ်ပယ်ရင်ပယ်၊ မပယ်ရင် အလုပ်ပြုတ်ရင်ပြုတ် ဒါပဲရှိတယ်။ သေချာမကိုင်တွယ်ကြဘူး။ ကိုင်တွယ်ဖို့လည်း စိတ်အားမ ထက်သန်ကြဘူး။ အခုနောက်ပိုင်း ကျွန်မပိုပြီးမြင်တာက အောက်ဖဲတအားလှန်ကြတယ်။
ဥပမာ အနေနဲ့ ဒီအမျိုးသမီး တစ်ယောက် လာဘ်စားတယ် သို့မဟုတ် လုပ်ရည်ကိုင်ရည်မကောင်းဘူးဆို အဲဒီလုပ်ရပ်ကို ပြောတာထက် ပုဂ္ဂိုလ်ရေးကိစ္စကို ပိုပြီး တိုက်ခိုက်ကြတယ်။ ရည်းစားများခဲ့တာတွေ၊ နောက်ပြီးသူ့သား သမီးတွေက ဘာဖြစ်တယ်၊ အဲတာတွေကို ပိုပြောကြတယ်။ ဒီတော်လှန်အစိုးရမှာတောင်မှ အမျိုးသမီးတွေကို ဘယ်လောက်အထိ နေရာပေးထားတာဆိုပြီး ပြောကြတယ်။ အမျိုးသမီးပါဝင်မှုကြောင့် နင်တို့ကို ငါတို့က နေရာပေးတာဆိုတော့ အဲ့ဒီစကား ဘယ်ကလာတာလဲ၊ အဲ့ဒီံ့အသုံးအနှုန်းလေးတွေကအစ မြင်နေရတယ်။
“ဒီတော်လှန်အစိုးရမှာတောင်မှ အမျိုးသမီးတွေကို ဘယ်လောက်အထိ နေရာပေးထားတာဆိုပြီး ပြောကြတယ်။ အမျိုးသမီးပါဝင်မှုကြောင့် နင်တို့ကို ငါတို့က နေရာပေးတာဆိုတော့ အဲ့ဒီစကား ဘယ်ကလာတာလဲ၊ အဲ့ဒီ့အသုံးအနှုန်းလေးတွေကအစ မြင်နေရတယ်”
နောက်ထပ်တစ်ခု စကားဝိုင်းဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာလည်း အမျိုးသမီးတွေကို နေရာသေချာ ပေးတာမတွေ့ဘူး။ ဒါပေမယ့် ဒီလိုပြောလို့ အမျိုးသမီးတွေ မဖြစ်မနေပါရမယ်ဆိုတဲ့ နေရာပေးတဲ့ ပုံစံကိုလဲ အားမပေးပြန်ဘူး ။ အမျိုးသမီးနေရာတကာပါစရာမလိုသလိုပဲ အမျိုးသားလည်း နေရာတကာပါစရာမလိုဘူး။
ဒါပေမယ့် ကဏ္ဍအလိုက်မှာ သင့်တင့်လျောက်ပတ်တဲ့သူတွေ ပါဖို့လိုပါတယ်။အခုချိန်မှာတော့ အမျိုးသမီး အချင်းချင်း တအားကို အားပေးတာကိုကျွန်မမြင်ရတယ်။ အမျိုးသမီးအတွက် အမျိုးသမီးရှိတယ်။ ဒါပေမယ့် အမျိုးသမီးကိစ္စဖြစ်လာရင် အမျိုးသမီးအနေနဲ့ အရမ်းကြီးတဖက်စောင်းနင်း မဝေဖန်ဖို့လိုတယ်။ အချက်အလက်တွေနဲ့ ပြောဆိုဖို့ လိုပါတယ်။
မေး။ ။ အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာတွေကို ကြုံဖူးပါသလဲ။
ဖြေ။ ။ ကျွန်မကတော့ စိန်ခေါ်မှုကို အခွင့်အလမ်းအနေနဲ့ ပြန်ပြီး ပြောင်းတယ်။ ရှေ့နေစလုပ်တုန်းက အမြဲတမ်းအမေးခံရတာက "သမီးလေး၊ ညည်းအသက်ဘယ်နှနှစ်လဲ” ဆိုတာကနေစတယ်။ ဒါပေမယ့် ယောကျာ်းလေးရှေ့နေငယ်ငယ်လေးတွေကို တစ်ခါမှ အဲ့လိုမေးတာ ကျွန်မမတွေ့ဘူး။ အခုကျွန်မတပည့် တွေလည်း အမေးခံရတယ်၊ ညည်းအသက်ဘယ်နှနှစ်လဲ ညည်းဒီအမှုလိုက်နိုင်ပါ့မလားဆိုပြီးတော့။
အမျိုးသမီးတွေဟာ ကိုယ့်အမြင်၊ ကိုယ့်အယူအဆအပေါ် Confident ရှိရှိနဲ့ ပြောရင်ကိုက ရိုင်းတယ် လို့ မြင်တတ်ကြတယ်၊ အဲ့နေရာမှာ အမျိုးသား သာဖြစ်ရင် "သူက အရမ်းယုံကြည်မှုတွေအပြည့်နော်" ဆိုတဲ့ လက်ခံယုံကြည်ပေးတတ်ကြတယ်။ ဆိုတော့ အမျိုးသမီးဖြစ်ခြင်းခေါင်းစဉ်အောက်ကနေ လူမှုရေး သို့မဟုတ် လုပ်ငန်းခွင်တို့မှာ ဖယ်ကြဉ်ခြင်း၊ ခွဲခြားဆက်ဆံခြင်းတွေလဲ ရှိပါလိမ့်မယ်။
သို့ပေမယ့် ငါက မိန်းမ မို့ ဒီလိုဆက်ဆံမှုကို ခံရတာဘဲလေ ဆိုပြီး သိမ်ငယ်မနေဖို့၊ လက်မခံလိုက်ဖို့ လိုပါတယ်။ တဆက်တည်းမှာလည်း ကျွန်မတို့က ကျွန်မတို့အတွက် ရပ်တည်ဖို့ လိုတယ်။ သို့သော် အဲ့လိုရပ်တည်ဖို့ကလည်း အမြဲတမ်းအတွက် ကျတော့ မလွယ်ကူပြန်ဘူး ခက်ခဲပြန်တယ်၊ ငိုရတယ် မျက်ရည်ကျရတယ်။ သို့သော်လည်း ကျွန်မတို့ ပြန်ရပ်တည်ဖို့ ကိုယ့်ရဲ့အားငယ်ခြင်းကို ပြန် Fight ရတယ်၊ ပြီးမှ အခြေအနေ ကို ပြန်တုံ့ပြန်ရတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်တည်ဆောက်ရင်းနှင့် ကိုယ့်အားငယ်မှုကို ပြန် Fight ဖို့လိုပါတယ်။
မေး။ ။ ဒီတော်လှန်ရေးလေးနှစ်တာကာလအတွင်းမှာ အမျိုးသမီးတွေအနေနဲ့ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုကဏ္ဍတွေမှာ ထင်ထင်ရှားရှားရနေပြီလို့ မြင်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးတွေအနေနဲ့ အခုချိန်မှာ ပိုလွတ်လပ်စွာနဲ့ပြောပိုင်ခွင့်လောက်ပဲ ရှိသေးတယ်လို့ မြင်တယ်။ ဆုံးဖြတ်ပိုင်ခွင့်က တင်းပြည့်ကျပ်ပြည့်တော့ မရှိသေးဘူးလိုပဲ ပြောရမယ်ထင်တယ်။ ဒါကျွန်မအမြင် ဆိုတော့ အမျိုးသမီးတွေ ဆုံးဖြတ်ခွင့်ရှိတဲ့နေရာကို ရောက်နေရင်တောင် တကယ်ဆုံးဖြတ်ခွင့်ရှိနေတာလား ဟန်ပြလား ဆိုတာ ပြန်ကြည့်ဖို့ လိုပါတယ်။ သူတကယ်နားလည်လို့လားဆိုတာ အဲ့ဒါလေးတစ်ခုတော့ရှိတယ်။
နောက်ပြီး တော့ အမျိုးသမီးမို့လို့ သူ့ကို ဒီနေရာပေးတာတွေလည်း လုပ်ကြတယ်။ ကျွန်မတို့ လိုချင်တာ ဒီလိုမျိုး မဟုတ်ဘူးလေနော်။ ပြည့်ဝတဲ့ ဆုံးဖြတ်မှုကို အမျိုးသမီးတွေရဖို့ အများကြီး လိုပါသေးတယ်။ ကျွန်မရဲ့ သုံးသပ်မှုကို ဒီနေရာမှာ တအားမှားချင်ပါတယ်။ “မဟုတ်ဘူး၊ ခင်ဗျားပြောတာ မှားတယ်၊ ဒီကဏ္ဍတွေမှာ အမျိုးသမီးတွေ အများကြီးဆုံးဖြတ်ခွင့်၊ ပါဝင်ခွင့် ရနေပြီ” ဖြစ်ရင်တော့ ကျွန်မရဲ့အမှားကို ကျွန်မဝမ်းသာစွာ လက်ခံချင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပေါ်မှာ လျစ်လျူရှူမှုတွေမရှိဖို့ ပြည့်ပြည့်ဝဝပါဝင် နိုင်ဖို့အတွက် ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ အချင်းချင်းကြားမှာ ယဉ်ကျေးမှုဆိုင်ရာကျင့်သုံးမှုတွေကို အသိအမှတ်ပြု နားလည်လက်ခံဖို့လိုပါသည်။ ကျွန်မက တိုင်းရင်းသူဖြစ်သော်ငြားလဲ အခိုက်တန့်တခုမှာ ကိုယ့်ကို အကြောင်းမဲ့လာထိရင် အဲ့အခြေအနေကို ပြန်တုံ့ပြန်တတ်တယ်။ သို့သော်၊ အမျိုးသမီးရှေ့နေငယ်တိုင်း သို့မဟုတ် တိုင်းရင်းသူ အမျိုးသမီးတိုင်း အဲ့လိုချက်ခြင်း တုံ့ပြန်နိုင်မလား၊ ကျွန်မကိုယ်တိုင်လဲ တချို့သော အခြေအနေတွေမှာ ချက်ချင်းကြီးကို တုံ့ပြန်ဖို့ ခွန်အားအမြဲရှိနေမှာ မဟုတ်ဘူးလေ။
ဒါကြောင့် မတူကွဲပြားမှုတွေကို တဦးချင်းစီ ကစလို့၊ တိုင်းရင်းသားဆိုင်ရာ၊ ဒေသဆိုင်ရာ ယဉ်ကျေးမှုတွေကို နားလည်အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပေါ်မှ ပြည့်ပြည့်ဝဝ ပါဝင်နိုင်ဖို့လိုပါတယ်။ အဲလို့ဖြစ်တည် ဖြည့်တင်းဖို့အတွက် Empowerment တွေလဲလိုပါတယ်။ နောက်တခုက မတူကွဲပြားမှုကို ဝမ်းမြောက် ကြိုဆိုတာတွေ လုပ်ဖို့လိုတယ်။
တချို့က အရမ်းကြီး မတူကွဲပြားရင် လုပ်ရတာခက်တယ်လို့ မြင်တယ်။ ခက်ခဲလည်း လုပ်ရမဲ့ အလုပ်ဖြစ်တယ်။ အမျိုးသမီးဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုပပျောက်အောင် cultural recognition ရှိဖို့ လည်း လိုသလို၊ Honesty and Transperancy ရှိဖို့လဲ လိုအပ်ပါတယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေထွက်လာဖို့ဘာတွေလုပ်သင့်လဲ။
“မတူကွဲပြားမှုကို ဝမ်းမြောက်ကြိုဆိုတာတွေ လုပ်ဖို့လိုတယ်။ တချို့က အရမ်းကြီး မတူကွဲပြားရင် လုပ်ရတာခက်တယ်လို့ မြင်တယ်။ ခက်ခဲလည်း လုပ်ရမဲ့ အလုပ်ဖြစ်တယ်”
ဖြေ။ ။ ခေါင်းဆောင်အသစ် ထွက်ပေါ်လာဖို့ မွေးထုတ်လို့ မရဘူး လို့ မြင်ပါတယ်။ တချို့က ဗီဇကနေလာတာ။ ဒါပေမယ့် ခေါင်းဆောင်ကောင်းဖြစ်အောင် Leadership training တော့ လုပ်ပေးလို့ရတယ်။ စနစ်တခုရဲ့ လမ်းသင့်မှုကြောင့် အဆိုပါ ခေါင်းဆောင်ဆိုသူတွေက အာဏာရှင်လမ်းကြောင်းကို ဖြစ်ထွန်းစေတတ်တယ်။ အချို့သော ခေါင်းဆောင်မှုတွေမှာဆို အဖွဲ့သားတွေထဲအမြဲတမ်းလိုလို ဘုကန့်လန့်တိုက်တာ၊ အကြံဉာဏ် ပေးတာထက် ဝေဖန်တဲ့သူတွေကို တွေ့ရတတ်တယ်။
ပြီးတော့ လူတိုင်းမှာ ဦးဆောင်သူကောင်း ဖြစ်လာဖို့ အခြေအနေတွေရှိသော်လည်း၊ ဆင်ခြင်တုံတရားနဲ့ ပြည့်သည့်နာခံသူကောင်းဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ကျွန်မတို့ ဘယ်လိုအတူတကွ ဆောင်ရွက်ရမလဲဆိုတာကို လေ့လာဖို့ လိုပါတယ်။ နောက်ထပ်တစ်ခုက သက်ဆိုင်ရာ ကဏ္ဍအလိုက်မှာ skill building တွေကို လုပ်ဖို့လိုပါတယ်။
အဲ့ဒီပေါ်မှာမှ mentorship လည်း လိုတယ်။ ခေါင်းဆောင်တွေက third opinion ကို ယူတတ်ရတယ်။ နောက်တစ်ခုကကျတော့ အမျိုးသမီး ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီးတော့ Story တွေကို ကျွန်မတို့ များများပြောပေးဖို့ လိုတယ်။ အမျိုးသမီး ဦးဆောင်မှုနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်ကို အမြဲတမ်း highlight လုပ်တယ်။
ဒါပေမယ့် လူတိုင်းက ဒေါ်အောင်ဆန်းစုကြည်လို ကံဆိုးခြင်း၊ ကံကောင်းခြင်းကို မပိုင်ဆိုင်ထားကြဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ရဲ့ သမီးအဖြစ်နဲ့ မွေးလာရတယ်၊ oxfordမှာ ကျောင်းတက်ရတယ်၊ သူတွေ့ခဲ့တဲ့ယောကျာ်းက သူ့ထက် သူ့ကိုအများကြီးနားလည်ပေးတဲ့ယောကျာ်းနဲ့ ဖြစ်တယ်။ ဒါပေမယ့် တချို့ women leaders တွေရဲ့ မိဘက စာတောင်မတတ်ဘူး၊ အိမ်တွင်းအကြမ်းဖက်ခံနေရတယ်။ ဒါတွေကိုဘယ်လို ဖြတ်ကျော်ခဲ့သလဲ ဆိုတာကို ဖော်ပြပေးဖို့လိုတယ်။
ဘဝတူ၊ ဖြတ်သန်းမှုတူတဲ့အမျိုးသမီးတွေ ဘယ်လိုမျိုးနဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ဦးဆောင်ကြသလဲဆိုတာကို ဖော်ထုတ်ပေးဖို့ လိုပါတယ်။ အချုပ်ဆိုရရင် Education နဲ့ skill building လိုတယ်၊ legal policy တွေလိုတယ်၊ ပြီးတော့ gender equality ကို မြှင့်တင်တဲ့အခါမှာလည်း အမျိုးသမီးခေါင်းဆောင်တွေရဲ့ခက်ခဲတဲ့ ဖြတ်သန်းမှုပုံရိပ်လွှာတွေကို promote လုပ်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေကနိုင်ငံရေးထဲမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လို့ရမဲ့ အခင်းအကျင်းတွေ ဖြစ်လာမယ်ဆိုရင် အနာဂတ်နိုင်ငံရေးက ဘယ်လိုအပြောင်းလဲဖြစ်လာမလဲ။
ဖြေ။ ။ ကျွန်မတို့ အမျိုးသမီးတွေက အလုပ်တစ်ခုလုပ်ရင် တစ်ယောက်ထဲ မလုပ်တတ်ဘူး၊ မလုပ်ချင် ကြဘူး။ ဒါကအမျိုးသမီးတွေရဲ့အကျင့်၊ ဒါ ကျွန်မတို့ရဲ့ မွေးဖွားလာတဲ့ပုံစံ ဖြစ်တယ်။ ပြီးတော့ ကျွန်မတို့ အမျိုးသမီးတွေရဲ့ ရင်ထဲကခံစားချက်က အကြာကြီးမထားဘူး၊ တစ်ယောက်မဟုတ် တစ်ယောက်ကို ပြောပြလိုက်ရမှ။
ဘယ်သူ့မှမပြောနဲ့နော်လို့ ပြောရင်တောင် ထပ်ပြီးပြောလိုက်ရမှ။ ဆိုတော့ ကျွန်မတို့နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လာရင် ကျိန်းသေတယ် အာဏာရှင်ဖြစ်မှာမဟုတ်ဘူး။ တစ်ဖွဲ့လုံး၊ တစ်နိုင်ငံလုံးက အာဏာရှင်ဖြစ်ရင်တော့ ဖြစ်ကောင်းနိုင်တယ်။ ဘာလို့ဆို အမျိုးသမီးတော်တော်များများက collaborative သိပ်ကောင်းတယ်။ ရန်ဖြစ်ရင်တောင် အုပ်စုနဲ့ ရန်ဖြစ်တာ။
ဒါကြောင့်မလို့ ကျွန်မနိုင်ငံရေးနဲ့ပြောရင် ထိုနည်း ၎င်းပဲ ကျွန်မတို့ collaborative သိပ်ကောင်းတယ်။ အားလုံးရဲ့ဘုံသဘောတူညီမှုကို အခြေခံပြီး ဦးဆောင်မှု လုပ်တတ်ကြတယ်။ တခြားသော politician တွေက ပြောတာက အမျိုးသမီးတွေက ခေါင်းဆောင်နေရာ၊ ဆုံးဖြတ်ချက်ချတဲ့နေရာရောက်ရင် သူတို့ဆုံးဖြတ်ချက်မချနိုင်ဘူး ပြောကြတယ်။ အမှန်တော့မဟုတ်ဘူး တစ်ယောက်ထဲ ဆုံးဖြတ်ချက် မချချင်တာဖြစ်တယ်။ အိမ်ထောင်ရေးမှာတောင် မိန်းမတွေဆို ယောကျာ်းကို အမြဲတမ်း သွားသွားမေးတာ၊ တယောက်တည်း မဆုံးဖြတ်ကြဘူး။ နိုင်ငံရေးဆိုတာ မိသားစုကနေပဲ စတာ။ နောက်တခုက စကားတွေနဲ့ ဆွေးနွေးပြီး အဖြေရှာတာ ပိုအားကောင်းလာလိမ့်မယ်။ ဒါပေမယ့် ဝေဖန်မှုတွေက အများကြီးတက်နေမှာပဲ။ တချိန်တည်းမှာ အပြောင်းအလဲတွေ ရဲ့ နောက်မှာ မူဝါဒတွေ ဥပဒေတွေ ထုတ်ပြီး အကောင်အထည်ဖော်ဖို့ လိုပါတယ်။
“အမျိုးသမီးတွေက ခေါင်းဆောင်နေရာ၊ ဆုံးဖြတ်ချက်ချတဲ့နေရာရောက်ရင် သူတို့ဆုံးဖြတ်ချက်မချနိုင်ဘူး ပြောကြတယ်။ အမှန်တော့မဟုတ်ဘူး တစ်ယောက်ထဲ ဆုံးဖြတ်ချက် မချချင်တာဖြစ်တယ်။ အားလုံးအမြင်ကို ယူပြီး ဆုံးဖြတ်ချက် ချချင်လို့ ဖြစ်တယ်”
မေး။ ။ အမျိုးသမီးတွေပေါ်မှာ ခွဲခြားဆက်ဆံမှုမရှိတော့မဲ့ နိုင်ငံတစ်ခုကို အနာဂတ်မှာ တည်ဆောက် နိုင်လိမ့်မယ်လို့ ဆရာမအနေနဲ့ ဘယ်လောက်အထိ ယုံကြည်ချက်ရှိလဲ။
ဖြေ။ ။ ခွဲခြားဆက်ဆံမှု မရှိတော့မဲ့နိုင်ငံဆိုတာ စိတ်ကူးယဉ်ဆန်လွန်းပါတယ်လေ။ ဒါကြောင့် ဒီခွဲခြားမှုတွေ မရှိမဲ့ နိုင်ငံသစ်ဆိုတာထက် ခွဲခြားဆက်ဆံမှုကျူးလွန်ခံရသူအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်မယ့် လူ့အဖွဲ့အစည်း၊ မူဝါဒ၊ ဥပဒေရေးရာနှင့်တရားစီရင်ရေးကို ပိုမျှော်လင့်မိပါတယ်။ ကျွန်မကိုယ်တိုင်နဲ့ ကျွန်မတို့နဲ့ ပတ်သက်ထိစပ်တဲ့သူတိုင်းက ခွဲခြားမှုမလုပ်ဘူးဆိုရင် ခွဲခြားမှုပပျောက်တဲ့တစ်နေ့က သူ့ဟာသူ ရောက်လာ လိမ့်မယ်၊ ပြောချင်တာမတောင်းပဲနဲ့ ပြည့်တဲ့ဆုဖြစ်သွားပါစေပဲလို့ ပြောချင်ပါတယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
မပြေသွယ်CDM တက္ကသိုလ်ကျောင်းသူ
သတင်းထောက်
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အခုအချိန်က စစ်ပဲတိုက်နေရမယ့် အချိန်မဟုတ်ဘဲ နိုင်ငံရေးနှင့် စစ်ရေးကို တန်းတူသွားဖို့ ကြိုးစားရမယ့်အချိန် ဖြစ်နေပြီ။ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ မူဝါဒတွေ စပြီးချမှတ်ရမယ့် အချိန်ကို ရောက်လာပြီ။ အဲဒီအချိန်မှာ မီဒီယာရဲ့အခန်းကဏ္ဍက ပိုအရေးပါလာပြီ”
မပြေသွယ်ဟာ စစ်ကျွန်ပညာရေးစနစ်အောက်မှာ ပညာမသင်ကြားလိုတဲ့ CDMကျောင်းသူ တစ်ယောက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက စာဖတ်ရတာကို နှစ်သက်သဘောကျခဲ့ပြီး စာရေးဆရာမ ဖြစ်ချင်ခဲ့သူတစ်ယောက်ပါ။ ၂၀၁၇ခုနှစ်တွင် နည်းပညာတက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားခဲ့ပြီး ပထမနှစ်မှာပဲ ကျောင်းသားသမဂ္ဂရဲ့အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ကျောင်းသားထုအခွင့်အရေးကို ကျောင်းသားတိုင်းရရှိရမယ်ဆိုတဲ့အတိုင်း သူမပညာသင်ကြားခဲ့တဲ့ လေးနှစ်လုံး ကျောင်းသားအခွင့်အရေး အတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်ခဲ့ချိန်မှာတော့ အာဏာရှင်စနစ်ကိုလက်မခံတဲ့သူမဟာ ဆန္ဒပြသပိတ်တွေမှာ ပါဝင်ပြီး အာဏာရှင်ကိုတော်လှန်ခဲ့ပါတယ်။ အာဏာရှင်ကိုတော်လှန်ရင်းနဲ့ နိုင်ငံမှထွက်ပြေးတိမ်းရှောင် လာခဲ့ရပြီး နယ်စပ်တစ်နေရာမှာ သတင်းစာပညာကိုလေ့လာဆည်းပူးခဲ့ပြီး အာဏာရှင်ကို မီဒီယာကနေ တဆင့် တော်လှန်မယ်ဆိုတဲ့ ယုံကြည်ချက်နှင့် သတင်းမီဒီယာတိုက်တစ်ခုမှာ သတင်းထောက် အနေနှင့် ဝင်ရောက်လုပ်ကိုင်နေပါသည်။
လက်ရှိမှာတော့ ကျောင်းသားအခန်းကဏ္ဍကနေ အာဏာရှင်ကို ရသမျှတော်လှန်နေပြီး၊ သတင်းမီဒီယာကနေလည်း အာဏာရှင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေကို ပြည်သူလူထုဆီ မျှဝေမှတ်တမ်းတင်လျက် ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဥ်နဲ့ပတ်သက်ပြီး ဆရာမရဲ့အမြင်ကို ပြောပြပေးပါဦးရှင့်။
ဖြေ။ ။ နွေဦးတော်လှန်ရေးမတိုင်ခင် မြန်မာပြည်ရဲ့နိုင်ငံရေးဖြစ်စဥ်ကိုပြောရမယ်ဆိုရင် နှစ်ပေါင်း၇၀ကျော် ကြာခဲ့တဲ့ ပြည်တွင်းစစ်ကနေစပြီး ပြောရမယ်။ ၁၉၄၈ မှာ လွတ်လပ်ရေးရပြီးတော့ ပင်လုံစာချုပ်ကနေ ဖြစ်လာတဲ့ ပြည်တွင်းစစ်က အခုချိန်ထိကို မပြီးနိုင်သေးဘူး။ အခုလက်ရှိနွေဦးတော်လှန်ရေးကို ဘယ်လို မြင်လဲဆိုရင် နိုင်ငံရေးက အချိုးအဆစ်တစ်ခုကို ရောက်နေပြီလို့ မြင်တယ်။
ပြီးခဲ့တဲ့ ၂၀၂၄ လပိုင်းလောက် ကနေစပြီး လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်ကနေ ၂၀၂၅ ခုနှစ်အစကို ရောက်လာပြီ။ လက်နက်ကိုင်တော်လှန်ခဲ့တာလည်း သုံးနှစ်ကျော်တဲ့အနေအထားရှိလာပြီ။ တရုတ်နိုင်ငံရေးဝန်ကြီးဌာနက ထုတ်တဲ့ ကိုးကန့်နဲ့စစ်တပ်က အပစ်ခတ်ရပ်ပြီး ခက်ခက်ခဲခဲသိမ်းယူခဲ့ရတဲ့လားရှိုးကိုပြန်ပြီးပေးရတော့မယ့် အနေအထားကို တွေ့ရတယ်။ ပြီးတော့ တအာင်းနဲ့လည်းအပစ်ခတ်ရပ်တော့မယ့် သတင်းတွေကြားနေရတယ်။
မေး။ ။ နွေဦးတော်လှန်ရေးက စနစ်ပြောင်းတော်လှန်ရေးဖြစ်တဲ့အတွက် နိုင်ငံအသစ်တည်ဆောက် တဲ့အခါ ဘယ်လိုစံနှုန်းအသစ်တွေ ၊ မူဝါဒတွေ၊ အခြေခံမူတွေနဲ့ တည်ဆောက်သင့်ပါသလဲ။
ဖြေ။ ။ အခြေခံစံနှုန်းတွေ ၊ မူဝါဒတွေဆိုတဲ့နေရာမှာ ယခုတိုင်းရင်းသားလက်နက်ကိုင်တွေသွားချင်နေတဲ့ သူတို့က ဘယ်လိုနိုင်ငံမျိုးကို သွားချင်လဲ၊ ဗမာလူမျိုးစုတွေဘက်ကရော ဘယ်လိုမျိုးသွားချင်တာလဲ၊ ပြန်တည်ဆောက်ချင်တဲ့ နိုင်ငံတော်က ဘယ်လိုမျိုးလဲဆိုတာကို စဥ်းစားရမယ်။ အာရက္ခတပ်တော် (AA) ဆိုရင် ရှင်းတယ်၊ ရခိုင့်နိုင်ငံတော်ဖြစ်ရမယ်ဆိုတဲ့ နိုင်ငံရေးဦးတည်ချက်နဲ့ ကြိုးပမ်းမှုတွေ ရှိတယ်။ စစ်ရေးအရ အားသာမှုတွေ ရှိလာတယ်။ စစ်ရေးအရတင်မဟုတ်ဘဲ နိုင်ငံရေး အပိုင်းမှာလည်း ဘယ်လိုနိုင်ငံတစ်ခုကို အုပ်ချုပ်မလဲဆိုတာမှာ စဥ်းစားချက်တွေ ရှိလာတယ်။
အခုဆိုရင် ကရင် ၊ ကရင်နီတို့မှာဆို ကောင်စီတွေရှိလာတယ်။ ဗမာတွေဘက်ကရော ဘယ်လိုမျိုးစဥ်းစားချက်တွေ ရှိမလဲ။ ကိုယ့်အသက်နဲ့တွက်ရင် ဆယ်စုနှစ်တစ်ခုစာက စစ်အစိုးရရဲ့ဖိနှိပ်မှုအောက်မှာ နေခဲ့ရတယ်။ စစ်အုပ်စုရဲ့အုပ်ချုပ်မှုတွေက နိုင်ငံရဲ့ အရေးကြီးတဲ့ မဏ္ဍိုင်တွေဖြစ်တဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေမှာ ချုပ်ကိုင်ထားတယ်။ အခုနိုင်ငံအသစ်ကို တည်ဆောက်တဲ့အချိန်မှာ ကျွန်မအနေနဲ့ ဥပဒေပြုရေးကို ခိုင်မာတဲ့ ဥပဒေတွေနဲ့ အကောင်းမွန်ဆုံး နိုင်ငံတစ်ခုကို တည်ဆောက်ချင်တယ်။ အဓိကအရေးကြီးတာက နိုင်ငံတစ်ခုကို စီမံအုပ်ချုပ်ရတာက ဖွဲ့စည်းပုံလို့ မြင်တယ်။
၂၀၀၈ဖွဲ့စည်းပုံကို ဖျက်သိမ်းတယ်ပြောပေမယ့် ၂၀၀၈ ကိုပဲ အခြေခံပြီး လုပ်ထားတဲ့ ရွေးကောက်ပွဲရလဒ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကနေပဲ အခု NUG အစိုးရမှာ ပါဝင်လာတဲ့ အပိုင်းတွေရှိတယ်။ Constitution တစ်ခုကို ဖျက်လိုက်တယ်ဆိုပေမယ့် နောက်ထပ် အသစ်လုပ် ထားတဲ့ FDC ကရော အသက်ဝင်ပြီလား။ Constitution တစ်ခု မရှိဘဲနဲ့ အရှေ့တစ်ခုကိုဖျက်လိုက်တယ် ဆိုတာကို ကျွန်မတစ်ဦးတည်းအမြင်အရတော့ ခိုင်မာမှုမရှိဘူးလို့ မြင်တယ်။
NUCC ကဆွဲထားတဲ့ FDCမှာရော တိုင်းရင်းသားအဖွဲ့တွေရဲ့ လိုအပ်ချက်တွေရော အပြည့်အဝပါဝင်ရဲ့လား။ ဥပဒေတွေကို ခိုင်ခိုင်မာမာ ပြုရမယ်။ နိုင်ငံအသစ်ကို ထူထောင်ရာမှာ political ပိုင်းကိုသာမက ပညာရေးပိုင်းကိုလည်း မြှင့်တင်ရမယ်။ စီးပွားရေးပိုင်းကိုလည်း အစကနေပြန်ပြီး ဆွဲတင်ရမှာဖြစ်တယ်။
“စစ်သင်တန်းမှူးတွေက အမျိုးသမီးတွေဖြစ်နေတာကို တွေ့လိုက်ရတော့ ပျော်ရွှင်ရတယ်ဆိုတဲ့ ခံစားချက်ကို ရတယ်”
မေး။ ။ အာဏာသိမ်းပြီးနောက်မှာ အမျိုးသမီးတွေအပေါ်မှာခွဲခြားတဲ့ အယူဝါဒတွေ ၊ အယူအဆတွေ ဘယ်လောက်ထိအပြောင်းလဲသွားတယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ အာဏာသိမ်းပြီးနောက်မှာ ကျားမခွဲခြားမှုက အများကြီးပြောင်းလဲသွားတယ်။ ယဉ်ကျေးမှုက မြန်မာပြည်မှာ အမျိုးသမီးတွေကို အများကြီးဖိနှိပ်ခဲ့တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာဆိုရင် အမျိုးသမီး တွေ စစ်ရေးမှာ ပါဝင်လာတယ်။ MDY-PDF ရဲ့ စစ်သင်တန်းမှူးတွေက အမျိုးသမီးတွေဖြစ်နေတာကို တွေ့လိုက်ရတော့ ပျော်ရွှင်ရတယ်ဆိုတဲ့ ခံစားချက်ကိုရတယ်။
လက်နက်ကိုင်တော်လှန်ရေး စတဲ့အချိန်ကဆိုရင် အမျိုးသမီးတွေကိုအားနည်းလို့ သေနတ်မထမ်းနိုင်ပါဘူးဆိုပြီးတော့ ဆေးမှူးတွေပဲ လုပ်ခိုင်းခဲ့တယ်။ သေနတ်ကိုင်ပြီး ကင်းစောင့်ခိုင်းတယ်။ စခန်းမှာ အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံရတယ်။ နှစ်ပေါင်းဆယ်နဲ့ချီပြီးတော့ ခံခဲ့ရတာဖြစ်လို့ အပြစ်တင်လို့လည်း မရဘူး။ အခုဆိုရင် စစ်ရေးမှာ အမျိုးသမီးရဲ့ဆုံးဖြတ်မှုတွေ ပါလာတယ်။
ဝန်ကြီးဌာနတွေမှာဆိုရင်လည်း အမျိုးသမီးပါဝင်မှုက တိုးတက်လာ တာကို မြင်ရတယ်။ ဒီထက်ပိုပြီးတော့ အမျိုးသမီးတွေနိုင်ငံရေးမှာ ထပ်ပါဝင်ဖို့လည်း လိုအပ်သေးတယ်။ မီဒီယာပိုင်းမှာ အရင်ကထက်စာရင် အမျိုးသမီးသတင်းထောက်တွေ ပိုများလာတယ်။ ကျွန်မတို့ အရှေ့မျိုးဆက်ရဲ့ အမြင်တွေကို မပြောင်းလဲနိုင်သေးဘူး။ နောက်ထပ်မျိုးဆက်တစ်ခုမှာတော့ အမျိုးသမီးတွေအပေါ် ထားတဲ့ အမြင်က အတိုင်းအတာတစ်ခုထိပြောင်းလဲသွားတယ်လို့ ထင်တယ်။
မေး။ ။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်အပြည့်အဝရရှိဖို့ ၊ လျစ်လျူရှုမှုတွေ ပပျောက်ဖို့ ဘာတွေ လုပ်ဆောင်သင့်သလဲ။
ဖြေ။ ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ အမျိုးသမီးပါဝင်မှုက သိသိသာသာကိုလျော့နည်းတယ်။ အမျိုးသား ဆယ်ယောက်ဆို အမျိုးသမီးကတစ်ယောက်လောက်ပဲ၊ အဲလိုပါတဲ့အမျိုးသမီးတွေကလည်း ပတ်ဝန်းကျင်ရဲ့ အပြောအဆိုကို ခံရတယ်။ အမျိုးသမီးနဲ့ နိုင်ငံရေးလုံးဝမအပ်စပ်ဘူးဆိုတဲ့ community ကြီးထဲမှာ ကျွန်မတို့ ရှင်သန်ခဲ့ရတယ်။
အမျိုးသမီးတွေကို အိမ်ထောင်ပြုကလေးမွေးဆိုတဲ့ စံနှုန်းတစ်ခုအနေနဲ့ပဲ သတ်မှတ်ထား ကြတယ်။ အမျိုးသမီးတွေက ကိုယ့်ရဲ့ capacity မြှင့်တင်နိုင်ဖို့ ကိုယ်ကိုကိုယ်ကပဲ ကြိုးစားရမှာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးနိုင်ငံရေးတွေ အတိုင်းအတာတစ်ခုထိ ရှိလာကြတယ်၊ သူတို့ကိုယ်စီမှာ ဆုံးရှုံးမှုတွေလည်း ရှိကြတုန်းပဲ။ သူတို့ကို နောက်ကွယ်ကနေ support လုပ်ပေးနိုင်ဖို့ အမျိုးသမီးတွေ ရှိဖို့ လိုအပ်တယ်။
မေး။ ။ စနစ်ပြောင်းတော်လှန်ရေးမှာ မီဒီယာရဲ့အခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါလဲ။
ဖြေ။ ။ မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်ဖြစ်တယ် ၊ ၂၀၂၅ က နွေဦးတော်လှန်ရေးအတွက် အချိုးအကွေ့တစ်ခု ဖြစ်တယ်။ အခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ထိန်းချုပ်နယ်မြေတွေ ရလာကြပြီ။ ဗမာလူမျိုးစုတွေလည်း ထိန်းချုပ်နယ်မြေတွေ ရလာကြပြီ။ အခုအချိန်ကစစ်ပဲတိုက်နေရမယ့် အချိန်မဟုတ်ဘဲ နိုင်ငံရေးနှင့် စစ်ရေးကို တန်းတူသွားဖို့ကြိုးစားရမယ့်အချိန်ဖြစ်နေပြီ။
တိုင်းပြည်ကိုပြန်လည်ထူထောင်ဖို့ မူဝါဒတွေကို စပြီးချမှတ်ရမယ့်အချိန်ကိုရောက်လာပြီ။ အဲဒီအချိန်မှာ မီဒီယာရဲ့အခန်းကဏ္ဍကအရေးပါလာပြီ။ ရခိုင်ဆိုရင် ပြည်နယ်တစ်ခုလုံးနီးပါး သိမ်းယူနိုင်ပြီး ရခိုင့်နိုင်ငံတော်တည်ဆောက်ဖို့ စတင်နေပြီ။ဘယ်လိုမူဝါဒတွေချမှတ်ပြီး ရခိုင်ပြည်နယ်ကို အုပ်ချုပ်မှာလဲ ၊ အခြားဒေသတွေနဲ့ရော ဘယ်လို ချိတ်ဆက်မလဲ ဆိုတာကို မီဒီယာအနေနဲ့စောင့်ကြည့်ပြီး တိုက်တွန်းထောက်ပြဖို့လည်း လိုအပ်တယ်။
အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ရော စစ်တပ်ဘက်က ပြုလုပ်မယ့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးဘယ်လိုမျိုးစီစဥ်မှုတွေရှိလဲ ဆိုတာကိုလည်း မေးခွန်းထုတ်ရမှာ ဖြစ်တယ်။ ကျန်တဲ့တိုင်းရင်းသားလူမျိုးစုတွေလည်း သူတို့ရဲ့ဒေသတွေမှာ အုပ်ချုပ်မှုတွေကို ဘယ်လိုဖော်ဆောင်ဖို့လုပ်ဆောင်နေကြသလဲဆိုတာကိုလည်း မေးခွန်းထုတ်ရမှာဖြစ်တယ်။ အဲဒါကြောင့် ဒီစနစ် ပြောင်းတော်လှန်ရေးမှာ မီဒီယာရဲ့အခန်းကဏ္ဍကလည်း အရေးပါတဲ့နေရာတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။
မေး။ ။ ကိုယ်တိုင်ရောမီဒီယာမှာ လုပ်ကိုင်နေတာဆိုတော့ အမျိုးသမီးဆိုတဲ့ဖြစ်တည်မှုကြောင့် ခွဲခြားဆက်ဆံခံရတာ ၊ ဖိနှိပ်ခံရတာတွေကို ကြုံဖူးလား။
ဖြေ။ ။ ကျွန်မကမီဒီယာမှာလုပ်နေတာ အချိန်တစ်ခုပဲရှိသေးတာဆိုတော့ ကိုယ်တိုင်တော့ မကြုံဖူးသေးဘူး။ မီဒီယာလောကမှာတော့ ခွဲခြားဆက်ဆံခံရမှုကတော့ ရှိပါတယ်။ အချို့တွေဆို အမျိုးသမီးဖြစ်လို့ သတင်း လိုက်တာမှာ ကန့်သတ်ခံရတာတွေရှိတယ်။ သတင်းထောက်ဆိုတာ ဘယ်လိုသတင်းအမျိုးအစားဖြစ်ပါစေ၊ ပြည်သူကို ချပြရာမယ့် အရာတွေဆို ရေးရမှာပဲ။ လုပ်ခလစာဖိနှိပ်ခံတာတွေ ၊ ထိပါးနှောင့်ယှက်ပြောဆိုခံရတာ ရှိတယ်။ အမျိုးသမီးဖြစ်လို့ ခရီးသွားပြီးသတင်းယူရမယ့်အရာတွေမှာ ချန်ခဲ့တာတွေရှိတယ်။
ဒါကတော့ မီဒီယာလောကတစ်ခုတည်းမှ မဟုတ်ပါဘူး။ ကျန်တဲ့ကဏ္ဍတွေမှာလည်း အမျိုးသမီးဖြစ်လို့ ခွဲခြားခံရတာတွေ အများကြီးပါပဲ။ ကျွန်မတို့နိုင်ငံမှာ စာရင်းကိုင်၊ အတွင်းရေးမှူးရာထူးတွေဆို အမျိုးသမီးတွေကိုပဲ ခန့်ကြတာ များတယ်။ သတင်းတိုက်တွေမှာလည်း ရုံးမှာအထိုင်ချပြီးလုပ်ရမယ့်အလုပ်တွေကို အမျိုးသမီးတွေပဲလုပ်ကြ ရတာများတယ်။
ကျွန်မတို့နိုင်ငံရဲ့ပြသာနာက ကျားမတန်းတူညီမျှမှုကို နားမလည်ကြတာကြောင့်ပါ။ အခုနွေဦးတော်လှန်ရေး ကာလမှာ ထုတ်ဖော်ပြောဆိုဖို့ခက်ခဲတဲ့ အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေကြုံတွေ့ရတယ်။ ပဋိပက္ခဖြစ်တဲ့ ဒေသတွေက အမျိုးသမီးတွေဆို ထုတ်ဖော်ပြောဖို့ ပိုခက်ခဲတယ်။ Gender Based Violence ခံရတဲ့ အမျိုးသမီးတွေကို ထုတ်ဖော်ပြောဆိုနိုင်ဖို့ မီဒီယာရပ်ဝန်းတစ်ခုလုပ်ဖို့လိုအပ်တယ်။ကျူးလွန်ခံရတဲ့လူကို ထုတ်ဖော်နိုင်ဖို့ နစ်နာသူအမျိုးသမီးအတွက် လုံခြုံစိတ်ချရမယ့် နေရာတစ်ခုလည်း ဖန်တီးပေးရမယ်။ အဲလိုထုတ်ဖော်ပေးမှာသာ လွတ်လပ်မှု၊ တရားမျှတမှု ပိုမိုအားကောင်းလာပြီး၊ ကျူးလွန်တဲ့လူတွေကိုလည်း လူ့အသိုင်းအဝိုင်းက ဖယ်ကြဉ်နိုင်မှာ ဖြစ်တယ်။
မေး။ ။ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးခေါင်းဆောင်တွေအနေနဲ့ ဘယ်လိုကဏ္ဍမှာ အရေးတကြီး ပါဝင်ဖို့ လိုအပ်ပါသလဲ။
ဖြေ။ ။ နိုင်ငံရေးဆုံးဖြတ်ခွင့်ရနိုင်တဲ့အပိုင်းမှာ အမျိုးသမီးတွေ ပါဝင်ဖို့လိုအပ်နေတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရမှာဆိုရင်လည်း နိုင်ငံရေးဦးဆောင်မှုအပိုင်းမှာ အမျိုးသမီးပါဝင်မှု မရှိဘူးလို့ မြင်တယ်။ အုပ်ချုပ်ရေးနှင့် စစ်ရေးပိုင်းမှာလည်း အမျိုးသမီးတွေဆုံးဖြတ်ပိုင်ခွင့် ရှိမနေတာကို တွေ့ရတယ်။ အမျိုးသမီး တွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ထင်ထင်ရှားရှားမတွေ့ရဘူးလို့ ပြည်သူတစ်ယောက်အနေနဲ့ သုံးသပ်မိပါတယ်။
မေး။ ။ နိုင်ငံရေးမှာ အမျိုးသမီးတွေတင်းပြည့်ကျပ်ပြည့်ပါဝင်လာမယ်ဆိုရင် အနာဂတ်နိုင်ငံရေးက ဘယ်လိုမျိုးပြောင်းလဲမှုတွေ ရှိလာမလဲ။
ဖြေ။ ။ အမျိုးသမီးတွေ ပါဝင်လာမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ကျားမတန်းတူညီမျှမှုက မြင့်တက် လာမယ်လို့ မြင်တယ်။ ပြီးတော့ တရားမျှတမှုပိုင်းလည်း ပိုမိုအားကောင်းလာပြီး ဖိုဝါဒီကြီးစိုးမှုကလည်း အတိုင်းအတာတစ်ခုထိ လျော့ကျသွားမယ်လို့ ထင်တယ်။ အလုံးစုံလျော့ကျဖို့အတွက်တော့ ကျွန်မတို့ အချိန်ယူရမယ်။
မေး။ ။ အနာဂတ်မှာ အမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံမှုမရှိတဲ့နိုင်ငံဖြစ်လာဖို့ ဘယ်လောက် မျှော်လင့်ထားလဲ။
ဖြေ။ ။ စနစ်ပြောင်းတော်လှန်ရေး လုပ်နေပါတယ်ဆိုတဲ့ လူတွေမှာတောင် အမျိူးသမီးတွေအပေါ်မြင်တဲ့ အမြင်ကမပြောင်းလဲသေးဘူး။ယဉ်ကျေးမှုတော်လှန်ရေး လုပ်နေပါတယ် ဆိုတဲ့လူတွေကိုယ်တိုင်ကိုက အဲဒီ ယဉ်ကျေးမှုထဲမှာ ပိတ်မိနေကြတုန်းပဲ။ အမျိုးသမီးတွေက ဒီထက်ပိုစည်းလုံးပြီး နှစ်ပေါင်းများစွာ ဖိနှိပ်ထားတဲ့ ကျွန်မတို့နိုင်ငံ၊ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကို ပြောင်းလဲတော်လှန်ကြရမှာ ဖြစ်တယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
မိချယ်ရီစိုးမွန် ကောင်စီဝင်
မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“လက်နက်ကိုင်တိုက်ခိုက်တွေ၊ နိုင်ငံရေးဦးဆောင်တာတွေကို အမျိုးသမီးအလုပ်မဟုတ်လို့ မြင်ထားတဲ့အချိန်မှာ ပိုပြီးမှ ကြိုးစားရတယ်။ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေးကို ဘယ်လိုမျိုး သွားနေသလဲကို ထဲထဲဝင်ဝင်သိအောင် လုပ်ဖို့လိုသလို၊ စီမံကွပ်ကဲတဲ့အပိုင်းတွေမှာလည်း ကျွန်မတို့အမျိုးသမီးတွေက အင်အားရှိသင့်တယ် မြင်ပါတယ်”
မွန်ပြည်နယ်မှာ မွေးဖွားခဲ့တဲ့ မိချယ်ရီစိုးမွန်ဟာ တော်လှန်ရေးနယ်မြေထဲက တော်လှန်ရေး မိသားစုကနေ ကြီးပြင်းလာသူ တစ်ယောက်ပါ။ ငယ်ဘဝမှာ တခြားကလေးတွေနည်းတူ ဆရာဝန်၊ အင်ဂျင်နီယာ စတာတွေဖြစ်ချင်ခဲ့ပေမယ့် အသက်အရွယ်တခုရောက်လာတဲ့အခါ မူဝါဒပိုင်းတွေ စီးပွားရေးနဲ့ ပတ်သက်တာတွေကို စိတ်ဝင်စားခဲ့ပါတယ်။
၂၀၀၁ ခုနှစ်မှာ ၁၀တန်းအောင်ပြီးနောက် မော်လမြိုင်တက္ကသိုလ်ကနေ စီးပွားစီမံဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ ထို့နောက် ကျေးလက်ဒေသစီမံဖွံ့ဖြိုးရေးမဟာဘွဲ့ကို ထိုင်းနိုင်ငံ၊ ခွန်ကန်တက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။ ၂၀၁၀ကနေ ၂၀၂၀ ခုနှစ်အထိ နိုင်ငံပြန်လည်တည်ဆောက်ရေးထဲမှာ အမျိုးသမီးနှင့် ကလေးအခွင့်အရေး ဆိုင်ရာကိစ္စတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပါတယ်။ အမျိုးသမီးတွေ တရားမျှတမှုရရှိဖို့ လူသားချင်းစာနာထောက်ထားမှုအပိုင်းတွေ၊ အမျိုးသမီးခေါင်းဆောင်မှုအပိုင်းတွေ စတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို လက်ပိုက်မကြည့်နိုင်တဲ့ သူမဟာ MSFC ဦးဆောင်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့သလို၊ မွန်ပြည်နယ်အတွင်း တော်လှန်ရေးအားကောင်းအောင် ချိတ်ဆက်ဆောင်ရွက်ရာမှာ အဓိက တာဝန်ယူခဲ့တဲ့ အမျိုးသမီးခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ MSFC မှာ လူသားချင်းစာနာဌာနမှူး အနေနဲ့ တာဝန်ယူထားပြီး တရားရေးပိုင်းဆိုင်ရာမှာလည်း ကူညီဆောင်ရွက်ပေးနေပါတယ်။
MSFC ဟာ မွန်ပြည်ကိုယ်စားပြု ဖက်ဒရယ်ယူနစ်တခု ဖြစ်ပြီး အနာဂတ်မွန်ပြည်တည်ဆောက်ရေး အကောင်အထည်ဖော်ရန်ဆန္ဒရှိသူအစုအဖွဲ့များ၊ သက်ဆိုင်ရာ အာဏာပိုင်တာဝန်ယူထားသူများ၊ ရွေးကောက်ခံထားဖူးသော မွန်ပြည်ကိုယ်စားလှယ်အစုအဖွဲ့များနှင့်လည်း အစဉ်တစိုက် ညှိနှိုင်းဆောင်ရွက် နေပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့အညီ မွန်ပြည်အတွက် လိုအပ်တဲ့ ယန္တရားတည်ဆောက်မှု၊ အကောင်အထည်ဖော်မှုများကို လုပ်ဆောင်နေတဲ့ မွန်ပြည်တော်လှန်ရေးအစုအဖွဲ့ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဆရာမ အမြင်ဘယ်လိုရှိလဲဆိုတာ ပြောပေးပါဦးရှင့်။
ဖြေ။ ။ ကျွန်မတို့နိုင်ငံက တော်လှန်ရေးအကြောင်းပြောရတာက တော်တော်လေးအီလာပြီပေါ့နော်။ ဒါပေမယ့် ဒါက နောက်ဆုံးတော်လှန်ရေးဖြစ်မယ်လို့လည်း ယုံကြည်တယ်။ အဲ့ဒါအတွက်ကြောင့်မို့လို့လည်း ဒီတော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်ပါဝင်ပြီးမှ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားဆောင်ရွက်နေပါတယ်။
မေး။ ။ နိုင်ငံတစ်ခုတည်ဆောက်တဲ့အချိန်မှာ ဘယ်အရာတွေကို စံတန်ဖိုးထားမှုတွေ၊ အခြေခံမူတွေနဲ့ ထားရှိတည်ဆောက်သင့်တယ်လို့ ဆရာမထင်ပါသလဲ။
ဖြေ။ ။ ကျွန်မမြင်တာက နိုင်ငံလို့ ပြောလိုက်လို့ရှိရင်တော့ လူတွေရဲ့ ကောင်းကျိုးချမ်းသာကို အခြေတည်ပြီး တည်ဆောက်သင့်ပါတယ်။ နိုင်ငံသူ၊ နိုင်ငံသား၊ ဒေသခံတွေရဲ့ အခြေခံလူ့အခွင့်အရေးအပေါ် မူတည်ပြီး တည်ဆောက်ဖို့ လိုပါတယ်။ ကျား၊ မ၊ ကလေး၊ သက်ကြီးရွယ်အိုတွေရဲ့ လူတစ်ဦးချင်းစီသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း သူတို့ရဲ့ လိုအပ်မှု၊ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှု အဲ့ဒါတွေက နိုင်ငံတစ်နိုင်ငံ တည်ဆောက်တဲ့နေရာမှာ ထည့်သွင်းစဥ်းစားရမယ့် ပထမဦးစားပေးဆုံးအရာလို့ ကျွန်မ အနေဖြင့် မြင်ပါတယ်။
လူလို့ပြောလိုက်လို့ရှိရင်တော့ သူတို့ရဲ့ တန်ဖိုးထားတဲ့အရာတွေမှာ သူရဲ့နေထိုင်ရာ ပတ်ဝန်းကျင်၊ လူမျိုး၊ ဘာသာ၊ ယှဉ်တွဲနေထိုင်တဲ့ သဘာဝတရား၊ အစားအစားတွေကလည်း ယှဥ်တွဲပါဝင်ရတာ ပေါ့နော်။ အတိုချုပ်ပြောလိုက်လို့ရှိရင်တော့ နိုင်ငံသူ၊ နိုင်ငံသား၊ ဒေသခံတွေရဲ့ အခြေခံလူ့အခွင့်အရေး၊ အခြေခံလိုအပ်မှုကို လုပ်ဆောင်ဖြည့်ဆည်းဖို့ သူတို့ရဲ့အခွင့်ရေး၊ ဂုဏ်သိက္ခာတွေကို ပြည့်မှီအောင် လုပ်ဆောင်ပေးနိုင်မှုက နိုင်ငံတည်ဆောက်တဲ့နေရာမှာ အရေးကြီးဆုံးလို့ မြင်တယ်။
“ကျား၊ မ၊ ကလေး၊ သက်ကြီးရွယ်အိုတွေရဲ့ လူတစ်ဦးချင်းစီသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း သူတို့ရဲ့ လိုအပ်မှု၊ ရှင်သန်ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေက နိုင်ငံတစ်နိုင်ငံ တည်ဆောက်တဲ့နေရာမှာ ထည့်သွင်းစဥ်းစားရမယ့် ပထမဦးစားပေးဆုံးအရာလို့ မြင်ပါတယ်”
မေး ။ ။ နိုင်ငံရေးစနစ်တစ်ခုတည်ဆောက်တဲ့အခါ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ အမျိုးသမီးတွေ ပါဝင်ဆုံးဖြတ်ခွင့် ပိုမိုရရှိဖို့ ဘာတွေလုပ်ဆောင်သင့်ပါသလဲ။
ဖြေ ။ ။ ကျွန်မတို့သွားချင်တဲ့စနစ်သည် လက်နက်မကိုင်ဆောင်သော အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖြစ်လာရေး ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကလည်း လုံခြုံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို သိဖို့၊ ပါဝင်ဖို့ လိုအပ်ပါတယ်။ ဥပမာ- နိုင်ငံရေးအပြင်ကို လုံခြုံရေးနဲ့ပတ်သက်တဲ့ လက်နက်ထိန်းချုပ်ရမယ့်ကိစ္စတွေ၊ တိုက်ပွဲစစ်ဆင်ရေးတွေ၊ ပြည်သူ့လုံခြုံရေးတွေက ဘယ်လိုအခြေအနေမျိုး ရှိနေသလဲဆိုတာကိုလည်း သိအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။အမျိုးသမီးတွေက အဲလိုနေရာမျိုးမှာ အားနည်းတဲ့အတွက်ကြောင့်မလို့ ပိုပြီးမှ Highlight လုပ်ပြီး ပြောတာပေါ့နော်။
လက်နက်ကိုင်တိုက်ခိုက်တွေ၊ နိုင်ငံရေးဦးဆောင်တာတွေကို အမျိုးသမီးအလုပ်မဟုတ်လို့ မြင်ထားတဲ့အချိန်မှာ ပိုပြီးမှ ကြိုးစားရတယ်။ အဲ့ဒီအချိန်မှာ ကျွန်မတို့အမျိုးသမီးတွေ Generation အလိုက် သက်ကြီးတဲ့ဒီအမျိုးသမီး၊ အစ်မပဲဖြစ်ဖြစ်၊ အဒေါ်ပဲဖြစ်ဖြစ် လက်နက်ကို ထိန်းကျောင်းတဲ့နေရာမှာ၊ လက်နက်ကို စီမံကွပ်ကဲတဲ့နေရာမှာ စသည်ဖြင့် ဒီလုံခြုံရေးကို ဘယ်လိုမျိုး သွားနေသလဲကို ထဲထဲဝင်ဝင်သိအောင် လုပ်ဖို့လိုသလို၊ စီမံကွပ်ကဲတဲ့အပိုင်းတွေ မှာလည်း ကျွန်မတို့အမျိုးသမီးတွေရဲ့ အင်အားရှိသင့်တယ် မြင်ပါတယ်။
နိုင်ငံရေး၊ အုပ်ချုပ်ရေး ဝန်ဆောင်မှု တွေကကျတော့ ကျွန်မတို့အမျိုးသမီးတွေ ကျွမ်းကျင်နေပြီးသားလည်း ရှိတယ်၊ မကျွမ်းကျင်တဲ့အရာကိုလည်း ကျွန်မတို့ အားစိုက်ပြီးမှ ဝင်ရမယ်။ အရေအတွက်ပိုင်းဆိုင်ရာရော၊ အရည်အသွေးပိုင်းဆိုင်ရာရော ပြည့်မှီအောင် လုပ်ဆောင်ရမယ်။ ခေါင်းဆောင်တဲ့နေရာဆိုတာ ပြည်သူရဲ့ ဝန်ကိုထမ်းရွက်တာ၊ ကိုယ်စားပြုလုပ်ဆောင်တာ လို့ မြင်ပြီး လုပ်ဖို့ လိုအပ်ပါတယ်။
မေး။ ။ နိုင်ငံစနစ်အပြောင်းလဲအတွက် အမျိုးသမီးတွေရဲ့ကဏ္ဍက ဘယ်နေရာမှာ ပိုအရေးကြီးလဲ။
ဖြေ။ ။ ဆုံးဖြတ်ချက်ချတဲ့နေရာ၊ ဦးဆောင်တဲ့နေရာအပါအဝင် နေရာတိုင်းမှာ အမျိုးသမီးတွေ ပါဝင်နေဖို့ အရေးကြီးတယ်။ ဖွဲ့စည်းပုံရေးဆွဲရမယ့်အစုအဖွဲ့မှာလည်း အမျိုးသမီးပါရမယ်၊ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရမယ့် အစုအဖွဲ့မှာလည်း ပါရမယ်။ အရင်တုန်းက အမျိုးသမီး လုံးဝ မပါတဲ့နေရာတွေ ရှိတယ်။ အခုကတော့ အမည်ဖော်ပြီးတော့သော်လည်းကောင်း၊ မဖော်ပဲနဲ့သော်လည်းကောင်း အစုအဖွဲ့တိုင်းမှာ အမျိုးသမီးက ပါနေတယ်။ ဒါပေမယ့် နည်းပါသေးတယ်။
အရည်အသွေးပြည့်မှီပြီးသား အမျိုးသမီးတွေလည်းအများကြီး ရှိသလို၊ အရည်အချင်းပြည့်အောင် ကြိုးစားနေဆဲ အမျိုးသမီးတွေလည်း အများကြီးပါပဲ။ ဘာကြောင့်လဲ ဆိုရင်တော့ ဒီအဝန်းအဝိုင်းမှာ အမျိုးသမီးတွေမနိုင်ဘူး၊ အမျိုးသမီးတွေမပါရဘူးလို့ ခွဲခြားဖိနှိပ်ထားတာတွေ ရှိတဲ့အတွက် အခုမှ ပြန်လုပ်ရ၊ ပြန်ကြိုးစားနေရ၊ ပြန်လေ့လာနေရတာရှိတဲ့အတွက် မကျွမ်းကျင်တာ ဖြစ်မယ်။ အမျိုးသားတွေမကျွမ်းကျင်တဲ့ လုပ်ငန်းတွေလည်း ရှိတာပဲလေ၊ အဲ့ဒီနေရာမှာလည်း အမျိုးသားတွေကို ထည့်ရမယ်။ အဲတော့မှ အမြင်စုံမှာဖြစ်ပါတယ်။
မေး။ ။ ကိုယ်တိုင်က အမျိုးသမီးဖြစ်ခြင်းကြောင့်ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ခွဲခြားဆက်ဆံခံရတာ ကြုံရဖူးပါသလား။ ကြုံရဖူးတယ်ဆိုရင် ဘယ်လိုပုံစံနဲ့ကြုံရဖူးတာရှိပါသလဲ။
ဖြေ။ ။ ကြုံရပါတယ်၊ အမြဲတမ်းလည်းဖြစ်တာပေါ့နော်။ ဒါက နိစ္စဓူဝကြုံရတဲ့အရာတွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက်က အလုပ်ကလုပ်မယ်ဆိုရင်တော့ အရမ်းများတယ်။ အိမ်မှုကိစ္စသည်လည်း ကိုယ့်အလုပ်၊ သားသမီးကိစ္စသည်လည်း ကိုယ့်အလုပ်၊ သက်ကြီးရွယ်အိုသည်လည်း ကိုယ့်အလုပ်၊ ဝန်ဆောင်မှု ပေးရတဲ့အပိုင်းတွေမှာ အကုန်လုံးက အမျိုးသမီးတွေအလုပ်လို့ သတ်မှတ်ထားပြီးသားဆိုတော့ ဘယ်အချိန် အားမလဲဆို ဘယ်အချိန်မှမအားဘူး။
အဲ့လိုဖြစ်တဲ့အခါကျတော့ ဘေးဖယ်ချင်တဲ့အခါ သူရှုပ်နေပါတယ်၊ သူမအားဘူး၊ သူ့ကို သွားမလုပ်ခိုင်းနဲ့ဆိုပြီးတော့ ကိုယ့်ကိုပထုတ်ချင်တဲ့အခါကျတော့ အဲ့လိုလေးနဲ့ ပထုတ်ကြတယ်။ အဲ့ဒီ့အချိန်မှာ ကိုယ့်ကလည်း ကျွမ်းကျင်ရတာပေါ့နော်။ ကိုယ့်ကို မပထုတ်ရလေအောင် ကိုယ်က ကိုယ့်နေရာကို ကိုယ်သတ်မှတ်ပြီး ယူရတယ်။ အရေးကြီးဆုံးအရာကို တာဝန်ယူထားတယ်။
ဥပမာ- ဆန်ထောက်ပံ့ပေးတာကို တာဝန်ယူထားတယ်။ “တခြားအရာတွေမှာ ဆုံးဖြတ်ခွင့်ကို မေ့တယ်၊ စစ်ရေးကိစ္စတွေဆို မခေါ်ဘူး။ ရဲဘော်တွေအတွက် လိုတဲ့ဆန်ကိုတော့ တောင်းတယ်။ ဆန်လာမတောင်းကြ နဲ့လို့။ ဘာမှမရှိတော့ဘူး” လို့။ ဒါပေမယ့် ကိုယ်ကအဲ့လိုပြောလို့ရအောင်လည်း သူတို့တောင်းသမျှဆန်ကို ထောက်ပံ့နိုင်အောင် တာဝန်ယူရတဲ့အပိုင်းတွေ ရှိပါတယ်။ ဒါတကယ့်လက်တွေ့အတွေ့အကြုံပါပဲ။
မေး။ ။ လက်ရှိတော်လှန်ရေး ၄ နှစ်တာကာလမှာ အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ထင်ထင်ရှားရှားရနိုင်တဲ့ကဏ္ဍဆိုရင် ဘယ်နေရာမှတွေ့နေရပါသလဲ။
ဖြေ။ ။ အမျိုးသမီးတွေကို ထောက်ပို့နေရာမှာ အများဆုံးမြင်ရပါတယ်။ ဝန်ဆောင်မှုပေးတဲ့နေရာမှာ အမျိုးသမီးဌာနလို့သတ်မှတ်ထားတဲ့နေရာမှာ အမျိုးသမီးတွေ ရှိကြတယ်။ နောက်ပြီးတော့လည်း စီမံကွပ်ကဲမှုအပိုင်းမှာ အမျိုးသမီးတွေ ရှိကြတာပေါ့နော်။ ဒါပေမယ့် informal က ပိုများတယ်၊ အတည်တကျ ရာထူးယူကြတာ နည်းတယ်။
နောက်ကွယ်က လုပ်တာကတော့ အမျိုးသမီးတွေလည်း ကြိုက်ကြတယ်။ အဲ့ဒါတွေလည်း ပြောင်းဖို့လုပ်ရမဲ့အရာတွေ ဖြစ်တာပေါ့နော်။ အမျိုးသမီးတွေ ပိုလုပ်လာလို့ရှိရင်တော့ အားပို ဖြစ်လာမယ်၊ ကျွန်မတို့တော်လှန်ရေးလည်း ပိုမြန်လာမယ်။ တော်လှန်ရေးမှ မဟုတ်ဘူး ဘယ်ကဏ္ဍမှာပဲ ဖြစ်ဖြစ် အင်အားပိုတွေလာမယ်လို့ မြင်ပါတယ်။
မေး။ ။အမျိုးသမီးခေါင်းဆောင်အသစ်တွေ အများကြီးထွက်လာဖို့အတွက် ဘယ်လိုလုပ်ကြမလဲ။
ဖြေ။ ။ အမျိုးသမီးတွေ တွေးခေါ်ကောင်းလာအောင် အလေ့အကျင့်လုပ်ပြီး ကြိုးစားဖို့ လိုပါတယ်။ ကိုယ်ကိုတိုင်လည်း လုပ်ရ၊ role model ဖြစ်အောင် ပြတာတွေ ရှိတယ်။ နောက်ပြီးတော့ အမျိုးသမီးငယ်တွေ comfort zone မှာပဲ မနေကြနဲ့ပေါ့နော်။ ကလေးမွေးပါဆို တစ်သက်လုံး ကလေးမွေးနေတာ မဟုတ်ဘူး၊ အမျိုးသမီးတွေက ဒီအသက်ရွယ်မှာဘဲ အမြဲတမ်းရှိနေတာ မဟုတ်သလို၊ နောက်ပြီးတော့လည်း အလုပ်တစ်ခုကို တစ်သက်လုံးလုပ်ရတာ မဟုတ်ဘူး။ ကိုယ့်စွမ်းအားရှိသလောက် ကိုယ်ယုံကြည်ရာ၊ လုပ်နိုင်တာတွေကို လုပ်ဖို့လိုပါတယ်။
အမျိုးသမီးတွေလည်း ကိုယ်လုပ်နေကျ၊ သာမန်မြင်နေကျွန်မဟုတ်ပဲနဲ့ လက်ရှိမှာမလုပ်တဲ့အရာတွေ ဖြစ်နေရင်တောင် အမျိုးသမီးတွေကို လိုအပ်နေတဲ့အရာတွေမှာ၊ အဝန်းအဝိုင်းမှာ လုပ်ဆောင်မယ်ဆိုရင်တော့ ပိုပြီးမှလည်းထိရောက်မယ်လို့ မြင်တယ်။ ကျွန်မကပြောခွင့်ရှိတိုင်း၊ နှိုးဆော်ခွင့် ရှိတိုင်းကတော့ အမျိုးသမီးငယ်တွေကိုလည်း နှိုးဆော်တယ်။
အမျိုးသမီးကြီးတွေရောဆိုရင်တော့လည်း ခန္ဓာကိုယ်အားဖြင့် မသန်တော့ဘူး၊ မပြေးနိုင်တော့ဘူး၊ မလုပ်နိုင်တော့ဘူးဆိုပေမယ့် ဉာဏ်ရည်အားဖြင့်၊ အတွေ့အကြုံအားဖြင့် အကြံပေးတာ၊ ဆုံးဖြတ်ပေးတာ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဒီရဲ့နိုင်ငံရေးအစုအဖွဲ့ မှာသော်လည်းကောင်း၊ ဒါမှမဟုတ် စစ်ရေးကိုကွပ်ကဲတဲ့ ဦးဆောင်လုပ်ရတဲ့အရာတွေသော်လည်းကောင်း ဝင်လုပ်ဖို့ လိုအပ်ပါတယ်။
မေး။ ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားမှုမရှိတဲ့အနာဂတ်တိုင်းပြည်တစ်ခု ဖြစ်လာဖို့အတွက် ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ မျှော်လင့်ရမှာပဲ။ ဒါဟာ ယုံကြည်ပြီးမှကိုလုပ်ရမှာ ဖြစ်တယ်။ ခွဲခြားမှု ရှိနေသရွေ့ ငြိမ်းချမ်းသော community၊ ငြိမ်းချမ်းသောအိမ် ဖြစ်မနေဘူး။ ဒီကွာဟနေမှုကို ကျွန်မတို့မပြင်ဘူး ဆိုရင်တော့ ပြဿနာက ဖြစ်မြဲပဲ။ ပြဿနာအသစ်သစ်တွေလည်း ပေါ်လာနိုင်တတ်တယ်။ မျှတမှုရှိမှ တရားမျှတမှုဘက်ကို ပိုပြီးသွားနိုင်မှာဖြစ်သလို အားလုံးအမြင်ကို ပိုပြီးမှ ရရှိနိုင်မယ်ဆိုရင်တော့ လုပ်ရင်တော့မခက်ဘူးလို့တော့ ကျွန်မမြင်တယ်၊ ဒါကတော့ လုပ်လို့မရတဲ့အရာမဟုတ်ဘူးပေါ့နော်။
လိင်ကိုတောင်မှာ အပြောင်းအလဲလုပ်လို့ ရနေတဲ့ခေတ်မှာ ကျွန်မတို့တွေးခေါ်ပုံကတော့ ပြောင်းလဲလို့မရတဲ့အရာတော့ မဟုတ်ဘူး။ တကယ် စိတ်ဆန္ဒရှိရှိနဲ့ လုပ်မယ်ဆိုလို့ရှိရင်တော့လည်း နောက်ကျွန်မတို့သွားချင်တဲ့စနစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုးစာစောင်တို့၊ မှတ်တမ်းတို့ကို ရေးထားခြင်းအားဖြင့် မမြင်ချင်ယောင်ဆောင်နေတဲ့ သူတွေအတွက် အမျိုးသမီးတွေ မရှိဘူး၊ အမျိုးသမီးတွေ အလုပ်ရှုပ်နေတယ်၊ မလုပ်နိုင်ဘူးဆိုတဲ့အပေါ်မှာ ထောက်ပြလို့ ရတာပေါ့နော်။
အချိန်တိုအတွင်းမှာ ထောက်ပြလိုက်နိုင်တယ် ဆိုရင်တော့ ဒီအမျိုးသမီးတွေကို နေရာပေးမှုတွေကို ပိုပြီးမှ အထောက်အကူ ဖြစ်စေတယ်လို့တော့ အစ်မကမြင်ပါတယ်။ နောက်ဆုံးအနေနဲ့ အမျိုးသမီးတွေ ကိုယ့်ကိုလိုအပ်သောနေရာတိုင်း၊ အမျိုးသမီးတွေ မရှိနေသေးတဲ့ကဏ္ဍတိုင်းမှာ ရှာကြည့်ပြီးမှ ဝင်ပြီးပါဝင်ယူကြဖို့ လိုပါတယ်။ ဒါက ဖြစ်တည်မှုစုံလင်ကွဲပြားတဲ့လူအားလုံးအတွက် ကောင်းစေဖို့ ဖြစ်တယ်လို့ ထပ်လောင်းပြောချင်ပါတယ်။
“ကျွန်မတို့သွားချင်တဲ့စနစ်သည် လက်နက်မကိုင်ဆောင်သော အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ လက်နက်ကိုင်တပ် ဖြစ်လာရေးပဲ။ ဒါကြောင့် အမျိုးသမီးတွေကလည်း လုံခြုံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို သိဖို့၊ ပါဝင်ဖို့ လိုအပ်ပါတယ်”
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
ရွှေနွယ် သတင်းထောက်
မဇ္ဈိမသတင်းဌာန
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“ကိုယ့်အခွင့်အရေးမှန်းမသိဘဲနဲ့ အိမ်ထဲမှာပဲနေနေကြရတဲ့ မိန်းကလေးတွေလည်း ရှိနေသေးတယ်။ ဒါက သူ့အခွင့်အရေးဖြစ်တယ်။ မိသားစုပဲဖြစ်ဖြစ် အသိုင်းအဝိုင်းကပဲဖြစ်ဖြစ် တားလို့မရဘူး။ ဒါကို သူကိုယ်တိုင် သိရမယ်။ သိမှလည်း တိုက်ပွဲဝင်နိုင်မယ်။ ဒီလိုအခြေအနေတွေကနေတဆင့်မှ ခွဲခြားမှုမရှိတဲ့နိုင်ငံဖြစ်အောင်လို့ တူတူဝိုင်းပြီးတော့ လုပ်ကြရလိမ့်မယ်လို့ မြင်ပါတယ်”
မရွှေနွယ်ဟာ ပဲခူးတိုင်းဇာတိဖြစ်ပြီး ငယ်ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းခဲ့ပါတယ်။ နိုင်ငံရေးစိတ်အားထက်သန်တဲ့ မိသားစုကနေ ဖွားမြင်ခဲ့ပြီး မွေးချင်း နှစ်ယောက် ရှိတဲ့အနက် သမီးငယ် ဖြစ်ပါတယ်။ ဇာတိမြို့ကကျောင်းမှာပဲ အထက်တန်းအောင်ခဲ့ပြီး ပြည်နည်းပညာတက္ကသိုလ်မှာ ပညာ သင်ကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ လျှပ်စစ်ဆက်သွယ်ရေးဘာသာရပ်နဲ့ဘွဲ့ရပြီး နည်းပညာကုမ္ပဏီမှာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီက အစိုးရဝန်ကြီးဌာနတွေနဲ့ ဆက်စပ် လုပ်ကိုင်ရတဲ့ ကုမ္ပဏီဖြစ်တာကြောင့် အာဏာသိမ်းပြီးနောက်မှာ အလုပ်ထွက်ခဲ့ပါတယ်။ မိသားစု လေးယောက်လုံးက အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေဖြစ်ပြီး CDM ဝန်ထမ်းနှစ်ဦးလည်း ပါဝင်တယ်။
အာဏာမသိမ်းခင်ကာလတုန်းက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်မပါဝင်ခဲ့ပေမယ့် မိသားစု ကတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်ကြကာ ၈၈၈၈ လှုပ်ရှားမှုမှာပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။ အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့အတွက် တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။
နေအိမ်ချိပ်ပိတ်ခံရသလို၊ မိသားစုဝင်တွေထဲမှာလည်း ဖမ်းဝရမ်းထုတ်ခံရသူတွေ ရှိနေတာကြောင့် ၂၀၂၁ ခုနှစ် ဧပြီလမှာ လွတ်မြောက်နယ်မြေကို တိမ်းရှောင်အခြေချခဲ့ပြီး တော်လှန်ရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်ပါခဲ့တယ်။ နောက်ပိုင်း ထိုင်းနိုင်ငံ နယ်စပ်ဒေသကို ထွက်လာခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာတော့ မဇ္ဈိမသတင်းဌာနမှာ သတင်းထောက်နဲ့ သတင်းတင်ဆက်သူအဖြစ် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ မဇ္ဈိမသတင်းဌာနဟာ ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်သော မီဒီယာအဖြစ် ရပ်တည်ခဲ့သည်မှာ ယခု ၂၀၂၅ ခုနှစ်တွင် နှစ်ပေါင်း ၂၇ နှစ်ရှိပြီ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်ပြီးဆရာမ အမြင်ကို ပြောပြပေးပါရှင့်။
ဖြေ။ ။ မြန်မာနိုင်ငံကအာဏာရှင်ရဲ့အုပ်ချုပ်မှုက အရမ်းသက်ဆိုးရှည်လွန်းတယ်။ ကြားထဲမှာ တဖြတ် လောက်ပဲ ဒီမိုကရေစီအရသာ နည်းနည်းလောက် ခံစားခဲ့ရတာရှိတယ်။ တတိုင်းပြည်လုံးက ဖိနှိပ်မှုအောက်မှာ နှစ်ပေါင်းကြာရှည်စွာနေခဲ့ရတာကို အားလုံးညီညီညွတ်ညွတ်နဲ့ မြန်မာပြည် အထက်ဖျားပိုင်းကနေ အောက်ဖျား ပိုင်းအထိ တွန်းလှန်ကြတယ်။ ကိုယ်ကျရာကဏ္ဍကနေ အတန်းအစားမျိုးစုံက တွန်းလှန်ခဲ့ကြတယ်။
ဒီလောက်အချိန်ကာလတခုမှာ ဒီလောက်ဖြစ်လာမယ်လို့ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၂၂ အချိန်တုန်းက မထင်ထားဘူး။ ၂၀၂၃ နှစ်စပိုင်းအထိလည်း အခြေအနေတော့ကောင်းတယ်ဆိုတာမျိုးတွေ့ရပေမယ့် ၁၀၂၇ စစ်ဆေးရေးနောက်ပိုင်းမှာ ၁၀၂၇ တိုက်တဲ့အဖွဲ့တွေရော၊ ရခိုင်ဘက်ကတိုက်ပွဲတွေ၊ KIA ဘက်က တိုက်ပွဲတွေ၊ မြန်မာနိုင်ငံအလယ်ပိုင်းမှာဆိုလည်း မန္တလေး PDF တို့၊ စစ်ကိုင်းဒေသ PDF တွေ အားလုံးတညီတညွတ်ထဲ အားကောင်းလာတော့ ၂၀၂၃ အကုန်ကနေ ၂၀၂၄ အကုန်အထိ တစ်နှစ်လောက်အတွင်းအရွေ့က အရမ်းအကြီးကြီး ဖြစ်သွားတယ်။ ဒါကစစ်ရေးအခြေအနေပေါ့။
နိုင်ငံရေးအရပြောမယ်ဆို မူဝါဒချမှတ်ဖို့ပဲဖြစ်ဖြစ် ကြားကာလအုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့အစီအမံတွေပဲ ဖြစ်ဖြစ် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက် ဖွဲ့စည်းပုံပဲဖြစ်ဖြစ် ဒါတွေနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေ ရှိနေကြသေးတယ်။ နယ်မြေသိမ်းယူနေကြတဲ့ အဖွဲ့အချင်းချင်းကြားထဲမှာ မဟာမိတ်ဆက်ဆံရေး ခိုင်ခိုင်မာမာတည်ဆောက်နိုင်ဖို့ လိုအပ်ချက်တချို့ ရှိနေလိမ့်ဦးမယ်လို့ မြင်တယ်။ဒါပေမယ့် ၂၀၂၅ ထဲမှာတော့ စစ်ရေးနဲ့တပြိုင်နက် နိုင်ငံရေးကို ဒီအဖွဲ့တွေအားလုံးက တညီတညွတ်ထဲ လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ရတယ်။
နိုင်ငံရေးဖြစ်စဉ်အနေနဲ့ စစ်အာဏာရှင်က ၂၀၂၅ထဲမှာ ပြုတ်ကျသွားမလားဆိုတာ အတိအကျပြောလို့ ရတဲ့အခြေအနေမျိုး မဟုတ်ပေမယ့် အခြေအနေအကြောင်းတရားတွေ အများကြီးရှိနေသေးတယ်လို့ ထင်တယ်။ ပြုတ်ကျသွားဖို့ တခြားသောဖိအားထပ်ရှိလာနိုင်တယ်ဆိုရင်တော့ ပြုတ်ကျသွားတဲ့အခြေအနေမျိုး ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ပြုတ်ကျသွားတဲ့အခြေအနေကျရင် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့ အတွက် အဖွဲ့အသီးသီးက အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။
“စစ်အာဏာရှင်က ၂၀၂၅ထဲမှာ ပြုတ်ကျသွားမလားဆိုတာ အတိအကျ ပြောလို့ရတဲ့အခြေအနေမျိုး မဟုတ်ပေမယ့် အခြေအနေ၊ အကြောင်းတရားတွေ အများကြီးရှိနေသေးတယ်လို့ ထင်တယ်။ ပြုတ်ကျသွားတဲ့အခြေအနေကျရင် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့ အဖွဲ့အသီးသီးက အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်”
မေး။ ။မြန်မာ့နိုင်ငံရေးက ဘယ်လိုနိုင်ငံအမျိုးအစား ဖြစ်ပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံက လူမျိုးစုအရမ်းများတဲ့နိုင်ငံ ဖြစ်တယ်။ လူမျိုးစုတခုချင်းစီကြားထဲမှာ သွေးကွဲအောင်၊ စည်းလုံးညီညွတ်မှု ခိုင်ခိုင်မာမာမရှိအောင်လည်း ခေတ်အဆက်ဆက်မှာ အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုတွေ ကြောင့် စုစည်းလို့မရတဲ့အနေအထားတခု ရှိခဲ့တယ်။ လက်ရှိမှာတော့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးရဲ့ မူရင်းစိတ်ထားမှာ သူတို့ထုတ်ပြောနေတဲ့ အခြေအနေ အရ ကြည့်မယ်ဆိုရင်လည်း ပြိုကွဲချင်တဲ့စိတ်တော့မရှိဘူး။
အားလုံးဟာ စုစည်းချင်တဲ့စိတ်ဘဲ ရှိကြတယ်။ တန်းတူညီမျှရေး ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေး မျိုးရှိလာမယ့် ဖွဲ့စည်းပုံတခု၊ အားလုံးပါဝင်ပြီးတော့ တည်ထောင်နိုင်မယ့် နိုင်ငံတခုဖြစ်လာနိုင်ဖို့ စည်းလုံးညီညွတ်မှုနဲ့ မဟာမိတ်ဆက်ဆံရေးကောင်းကောင်းနဲ့ ဆက်လုပ်ဖို့ လိုနေလိမ့်မယ်လို့ ထင်ပါတယ်။
မေး။ ။အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လူထုရဲ့အတွေးအမြင်၊ လက်ခံမှုမှာ ဘာတွေပြောင်းလဲသွားလဲ။
ဖြေ။ ။အာဏာမသိမ်းခင်အခြေအနေက ကျွန်တော် (သတင်းထောက်မဖြစ်သေး) တို့ရောအပါအဝင် လူတွေအားလုံးက သတင်းကို ဖတ်ရမယ်ဆိုတဲ့ အသိနည်းကြတယ်။ နေ့စဉ်သတင်း မဖတ်ဖြစ်ကြဘူး။ တပတ်နေလို့ တခါလည်းဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်မယ်။ အရမ်း hit ဖြစ်လာတဲ့သတင်းမျိုးတွေရှိမှသာ လိုက်ကြည့် တာမျိုးရှိတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာလည်း အားကောင်းလာတဲ့ခေတ် ဖြစ်လာတဲ့အတွက် လူတန်းစားမရွေး သတင်းကိုအလွယ်တကူဖတ်လို့ရတဲ့ အခြေအနေဖြစ်လာတယ်။ သတင်း ဌာနတွေလည်း အများကြီးရှိလာတယ်။ သတင်းစားသုံးသူလည်း အရမ်းများလာတယ်။ သတင်းနဲ့ပတ်သက်ရင် ငါဖတ်ရမယ်ဆိုတဲ့အသိလည်း အများကြီးရှိလာတယ်။
မေး။ ။ အမျိုးသမီးတွေအပေါ် ခွဲခြားတဲ့အတွေးအမြင်တွေ ဘယ်လောက်အထိပြောင်းလဲသွားလဲ။
ဖြေ။ ။ တနိုင်ငံလုံးမှာရှိတဲ့လူတွေအနေနဲ့ အနည်းနဲ့အများတော့ အမြင်တွေ ကျယ်လာကြတယ်။ ၂၀၁၀ လောက်ကိုပဲ ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေနဲ့ပတ်သက်လို့ ကျား၊ မတန်းတူရေးတို့ လူ့အခွင့်အရေးတို့ ဆိုတာဘာလဲလို့ အများကြီးနားမလည်ကြဘူး။ သိတဲ့လူ မများကြဘူး။ ဒီနောက်ပိုင်းခေတ်တွေမှာတော့ ဘယ်နိုင်ငံက ယဉ်ကျေးမှုကို ကြည့်ချင်တာပဲဖြစ်ဖြစ် အလွယ်တကူ မြင်နေတွေ့နေရတဲ့အချိန်မှာ အသိဉာဏ် လည်း ကျယ်လာကြတယ်။
အမျိုးသမီးတွေကို ဒီလိုဖိနှိပ်နေတာ မဖြစ်သင့်ဘူး။ အမျိုးသမီးတွေကို အိမ်ထဲမှာပဲ နေရမယ်ဆိုတဲ့အခြေအနေမျိုး မဟုတ်တော့ဘူးဆိုတဲ့ အခြေအနေမျိုးတော့ ဖြစ်လာတယ်။ အထိုက်အလျောက် တော့ ကျား၊မတန်းတူရေးမှာ အရွေ့တခုတော့ ရှိနေတယ်လို့ မြင်တယ်။ ဒါပေမယ့် ရာနှုန်းပြည့်တော့ ဖြစ်မလာသေးဘူး။
မေး။ ။ နွေဦးတော်လှန်ရေးမှာ မီဒီယာရဲ့ကဏ္ဍက ဘယ်လောက်အထိ၊ဘယ်လိုပုံစံမျိုးနဲ့တည်ရှိနေလဲ။
ဖြေ။ ။မီဒီယာဆိုတာက နိုင်ငံတည်ဆောက်ရေးမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တယ်လို့တော့ နားလည်တယ်။ မီဒီယာဆိုတဲ့နေရာမှာ လက်ရှိက စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ရေးနေတဲ့ မီဒီယာတွေက တော်လှန်ရေး အတွက် လုပ်နေတယ်လို့ အများက မြင်ကြတယ်။ မီဒီယာက ဘက်လိုက်တယ်ဆိုတာမျိုး မြင်ကြတယ်။ အမှန်တော့ မီဒီယာက စစ်ကောင်စီက ဒါမျိုးတွေကျူးလွန်တယ်။
ဒါမျိုးတွေလုပ်နေတယ်ဆိုတာ နိုင်ငံတကာ ကလည်း သိရအောင် နိုင်ငံတွင်းမှာရှိနေတဲ့ ဒေသတခုနဲ့တခုကြားမှာ ဆက်သွယ်ရေး အခက်အခဲကြောင့် မသိလိုက်ရတဲ့အခြေနေမျိုးမှာ ဒါတွေကိုသိရအောင် သတင်းစီးဆင်းမှုအတွက် မီဒီယာကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍအနေနဲ့ ပါဝင်နေတယ်လို့ မြင်တယ်။
ရှေ့လာမယ့်နိုင်ငံထူထောင်ရေးကာလပဲဖြစ်ဖြစ် ကြားကာလ မှာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးဖြစ်လာပြီဆိုရင် စစ်ကောင်စီရဲ့ အခန်းကဏ္ဍကလည်းတဖက်၊ ကြားကာလမှာ အရှေ့မှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြန်လည်အရေးယူနိုင်ရေး၊ ကြားကာလအခြေအနေမှာ အုပ်ချုပ်မှုအခြေအနေ အုပ်ချုပ်နေတဲ့သူတွေရဲ့ ကောင်းခြင်းမကောင်းခြင်း ဒါတွေကို ထောက်ပြရမှာလည်း မီဒီယာရဲ့အခန်းကဏ္ဍ ဖြစ်တယ်။ နိုင်ငံထူထောင်ရေးမှာပဲဖြစ်ဖြစ် နိုင်ငံလည်ပတ်ရေးမှာဖြစ်ဖြစ် မီဒီယာက တိမ်းစောင်းမသွားအောင် ပြန်မှန်လာနိုင်အောင် ထောက်ပေးထားတဲ့ ထောက်တခုလို့ မြင်တယ်။
မေး။ ။ နိုင်ငံတည်ဆောက်ရေးရဲ့အုတ်မြစ်ဖြစ်တဲ့ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု မြင့်တက်လာဖို့အတွက် မီဒီယာတွေအနေနဲ့ ဘယ်လိုလုပ်ပေးနိုင်ပါသလဲ။
ဖြေ။ ။ ဒေသအသီးသီးမှာရှိနေတဲ့ လူမျိုးပေါင်းစုံအနေနဲ့ ဖက်ဒရယ်ဆိုတာဘာလဲ၊ ဖက်ဒရယ်ရဲ့အနှစ်သာရ ကဘာလဲ၊ တန်းတူညီမျှမှုဆိုတာဘာလဲ ဆိုတာကို တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေ နိုင်ငံရေးနဲ့ပတ်သက်ပြီး မစိမ်းတဲ့သူတွေကတော့ ဒါကို နားလည်ကြတယ်။ ဒါပေမယ့် ကိုယ့်တစ်ဝမ်းတခါးကိုတောင် မနည်းရုန်းကန် နေရတဲ့ အခြေခံလူတန်းစားတွေက ဒါတွေကို သူတို့ မလေ့လာခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ လေ့လာ ဖို့အတွက် အခွင့်အရေးမရှိခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
အဲ့အတွက် သူတို့ရသင့်တဲ့ အခွင့်အရေးတရပ်ဆိုတာ ဘာလဲ၊ အစိုးရတရပ်ဆိုတာ ဘာလဲဆိုတာတွေ၊ ပြည်သူ့ဆန္ဒဆိုတာတွေ၊ နိုင်ငံကို ဘယ်လိုပုံတည်ဆောက်ချင်နေသလဲ ဆိုတာအပေါ် မီးမောင်းထိုးပြလို့ ရတယ်။ ဖက်ဒရယ်ရဲ့အနှစ်သာရဖြစ်တဲ့ တန်းတူညီမျှမှုကဘာလဲ လူ့အခွင့်အရေးကဘာလဲ၊ ကျား၊မတန်းတူညီမျှမှုက ဘာလဲဆိုတာကို မသိသေးတဲ့ သူတွေအားလုံးကိုလည်း သိသွားအောင်လည်း မီဒီယာတွေကတဆင့် ပညာပေးလို့ရတယ်။ ဒီလို ပညာပေးမှလည်း အသိဉာဏ်ကျယ်လာမယ် အဲ့တော့မှ အုပ်ချုပ်ချင်တိုင်း အုပ်ချုပ်လို့မရတဲ့ အခြေအနေ ဖြစ်လာမယ်လို့ မြင်ပါတယ်။
“ပြည်သူတွေ ရသင့်တဲ့အခွင့်အရေးတရပ်ဆိုတာ ဘာလဲ၊ အစိုးရတရပ်ဆိုတာ ဘာလဲ၊ ပြည်သူ့ဆန္ဒဆိုတာ ဘာလဲ၊ နိုင်ငံကို ဘယ်လို ပုံတည်ဆောက်ချင်နေသလဲ ဆိုတာအပေါ် မီးမောင်းထိုးပြလို့ ရတယ်။ ဒါမှ အုပ်ချုပ်ချင်တိုင်း အုပ်ချုပ်လို့မရတဲ့ အခြေအနေ ဖြစ်လာမယ်လို့ မြင်ပါတယ်”
မေး။ ။ကိုယ်တိုင်အနေနဲ့ မီဒီယာလုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရတာတွေ ကြုံရလား။ဘယ်လိုပုံစံနဲ့ခွဲခြားဆက်ဆံခံခဲ့ရလဲ။
ဖြေ။ ။ သတင်းထောက်အနေနဲ့ လုပ်နေတဲ့ကာလတလျှောက်လုံးမှာရော ဆက်ဆံရတဲ့ သတင်းအရင်းအမြစ် အနေနဲ့ရော လုပ်ငန်းခွင်အတွင်းမှာပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံတာမျိုး မကြုံဖူးသေးဘူး။ ဒီလိုမျိုးကိုယ့်ကို လုပ်နေတာကိုမြင်ရင် ကိုယ်လည်းမခံဘူး။ ဒါပေမယ့် သတင်းလောကထဲမှာ လုပ်နေတဲ့ ခွဲခြားဆက်ဆံခံရမှု အခြေအနေတွေ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်မဟုတ်သည့်တိုင်အောင် ဖြစ်ပျက်ခဲ့တဲ့အခြေအနေ တွေကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း မြင်နေရဆဲပဲ။
မီဒီယာလောကဆိုတာ ကျား၊ မတန်းတူရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် အရမ်းကြီးမစိမ်းလွန်းတဲ့ နယ်ပယ်ပေါ့။ လိုက်နာကျင့်သုံးနေကြရမယ်ဆိုတဲ့အသိ ရှိနေကြတဲ့နယ်ပယ်ပေါ့နော်။ ဒီလိုနယ်ပယ်ထဲမှာ ဒီလိုမျိုးတွေရှိတယ်ဆိုတာကို ထွက်လာခဲ့တဲ့ဆောင်းပါးတွေ အရ၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေရဲ့ ပြောဆိုမှုအရ မြင်ရတယ်။
မေး။ ။ တော်လှန်ရေးလေးနှစ်ကာလမှာ အမျိုးသမီးတွေအနေနဲ့ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုကဏ္ဍတွေမှာ ထင်ထင်ရှားရှားမြင်တွေ့နေရပြီလို့သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ တစ်ဦးထဲအမြင်အရပြောရရင် အများကြီးတော့ မမြင်မိဘူး။ ဒါပေမယ့် ကဏ္ဍအသီးသီးမှာတော့ အမျိုးသမီးတွေက အများကြီးလုပ်နိုင်နေကြတယ်။ ထားပါတော့ မီဒီယာမှာပဲဖြစ်ဖြစ်၊ မြေပြင်တိုက်ပွဲတွေမှာပဲ ဖြစ်ဖြစ်၊ ထောက်ပို့အဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ် နေရာတိုင်းကဏ္ဍတိုင်းမှာ လုပ်နေနိုင်ကြတယ်။ ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေက ထိပ်ဆုံးနေရာကနေ တိုက်ပွဲဝင်ကြတယ်။ ပြောဆိုနေကြတယ်။ လုပ်ကိုင်နေကြတာကို မြင်ရပါတယ်။
“ငါလုပ်နိုင်ရဲ့သားနဲ့ ငါ့ကို ဒီနေရာမပေးတာဆိုရင်လည်း ဘာကြောင့်မပေးတာလဲ ကိုယ့်ချို့ယွင်းချက်လား သူတို့က ကိုယ့်ကို ဖယ်နေတာလားဆိုတာကို မြင်အောင် ကြည့်တက်လာမယ်။ ကိုယ်ကိုတိုင်ကလည်း ဒီနေရာကို ကိုယ်ရသင့်တယ်လို့ထင်ရင် ရသင့်တဲ့အတိုင်းအတာအတွက် တိုက်ပွဲဝင်ပြီးတော့ ရအောင်ယူနိုင်ရမယ်”
မေး။ ။နိုင်ငံသစ်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေ ပပျောက်ဖို့ ပြည့်ပြည့်ဝဝနဲ့ ပါဝင်လာဖို့အတွက် မီဒီယာက ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ အမျိုးသမီးတွေက တကယ်တမ်းတော့ လုပ်နိုင်စွမ်းရှိတာ မှန်တယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် သံသယဝင်တယ်။ ငါလုပ်နိုင်ပါ့မလားဆိုတဲ့ မရဲတဲ့စိတ်မျိုး ရှိကြတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးတွေက နည်းနည်းကြောက်စိတ်ရှိတယ်လို့ ထင်တယ်။ ငါပြောလိုက်ရင် အမှားပါသွားမလား။ လွဲချော်သွားမလား ဆိုတာမျိုး ရှိတယ်။ အဲ့လိုအခြေအနေတွေမှာ ၁၀၀ ရာခိုင်နှုန်းလုပ်နိုင်သည့်တိုင်အောင် ကိုယ်က ၆၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းလောက်ပဲ ထုတ်ပြနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်။
အမျိုးသမီးတွေက ပိုပြီးတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာအောင်လို့ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုတွေ၊ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုရနေတဲ့ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ဘဝဖြတ်သန်းပုံ၊ သူတို့ရဲ့ ပရိုဖိုင်တွေပဲဖြစ်ဖြစ် သူတို့လှုပ်ရှားနေတဲ့အကြောင်းအရာတွေပဲဖြစ်ဖြစ် အမျိုးသမီးတွေကို စိတ်အားဖြစ်စေမဲ့ အကြောင်းအရာတွေ ကို စဉ်ဆက်မပြတ်ထုတ်နေကြတာ ရှိတယ်။
ဒါတွေကို ကြည့်ခြင်းအားဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ တိုက်ပွဲဝင်နိုင်မယ်။ ငါဒါလုပ်နိုင်ရဲ့သားနဲ့ ငါ့ကို ဒီနေရာမပေးတာဆိုရင်လည်း ဘာကြောင့်မပေးတာလဲ ကိုယ့်ချို့ယွင်းချက်လား သူတို့က ကိုယ့်ကို ဖယ်နေတာလားဆိုတာကို မြင်အောင် ကြည့်တက်လာမယ်။ ကိုယ်ကိုတိုင်ကလည်း ဒီနေရာကို ကိုယ်ရသင့်တယ်လို့ထင်ရင် ရသင့်တဲ့အတိုင်းအတာအတွက် တိုက်ပွဲဝင် ပြီးတော့ ရအောင်ယူနိုင်ရမယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်တွေ ပိုမိုထွက်ပေါ်လာဖို့အတွက် မီဒီယာကနေ ဘယ်လိုလုပ်ဆောင် ပေးနိုင်ပါသလဲ။
ဖြေ။ ။ လက်ရှိခေါင်းဆောင်မှုလုပ်နေတဲ့ အမျိုးသမီးတွေအကြောင်းကိုတဖက်က စိတ်ခွန်အားဖြစ်အောင် ထုတ်လွှင့်ပေးတာမျိုး ရှိတယ်။ တဖက်မှာလည်းအမျိုးသမီးတွေအနေနဲ့ ပညာသင်ကြားခွင့် အပြည့်အဝရရမယ်၊ အမျိုးသမီးအခွင့်အရေးဆိုတာဘာလဲ ကျား၊မတန်းတူရေးဆိုတာ ဘာလဲ ဆိုတာကိုလည်း အမျိုးသမီးတွေ အားလုံးက အခြေခံသိနေအောင် ပညာပေးရမယ်။
နောက်တခုက အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ပေးနေတဲ့ အခွင့်အလမ်းမျိုးစုံကိုလည်း မီဒီယာပလက်ဖောင်းကနေတဆင့် ကြော်ငြာပေးလို့ ရတယ်။ အသိပညာပေးလို့ ရနေတာမျိုးရှိတယ်။ ကိုယ့်အခွင့်အရေးဘာလဲဆိုတာကိုလည်း သိလာပြီးတော့ တကိုယ်ရည် အရည်အချင်း တိုးတက်အောင် လုပ်နိုင်မယ်။ လက်ရှိမှာ မီဒီယာတွေကလည်း အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန် လုပ်နေကြတာလည်း တွေ့ရပါတယ်။
မေး။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လိုအပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။
ဖြေ။ ။နိုင်ငံတည်ဆောက်ရေးမှာကျတော့ အရည်အချင်းပြည့်ဝသူတွေကို ခွဲခြားမှုမရှိဘဲနဲ့ ပါဝင်ဦးဆောင်ခွင့် ပေးရမယ်။ အမျိုးသမီးတွေကိုတော့ လုပ်နိုင်စွမ်းရှိလျက်နဲ့ ဖယ်ထားခံရတာမျိုးကတော့ မဖြစ်ဘူးပေါ့။ Politics for Women Myanmar ကထုတ်ထားတဲ့စစ်တမ်းတခုမှာတွေ့ရတာလည်း မြန်မာနိုင်ငံမှာ ရှိနေတာက အမျိုးသမီး ရာခိုင်နှုန်းက များတယ်။
ပညာသင်ကြားခွင့်နဲ့ အလုပ်အကိုင်အခွင့်အလမ်းမှာ အမျိုးသားတွေက ပိုရနေတာ တွေ့ရတယ်။ အမျိုးသမီးရာခိုင်နှုန်းက ပညာသင်ကြားခွင့်ရာခိုင်နှုန်းမှာ အမျိုးသမီးနည်းတာ မှန်ပေမယ့် အဆင့်မြင့် ပညာရေးလက်လှမ်းနိုင်တဲ့နေရာမှာ အမျိုးသမီးတွေက ပိုများနေတာ တွေ့ရပြန်တယ်။ အဲ့တော့ အမျိုးသမီးတွေက လုပ်နိုင်ကိုင်နိုင်တယ်။ တခုခုဆိုရင် ဇွဲနပန်းကြီးကြီး လုပ်ကြတယ်။
လုပ်နိုင်ကိုင်နိုင်ရဲ့သားနဲ့ အခွင့်အရေး အပြည့်အဝမရတဲ့အခါမှာ ဖြစ်သင့်သလောက် မဖြစ်ထွန်းခဲ့ကြတာတွေ ရှိခဲ့တယ်။ ဒီလိုအခြေအနေမျိုးတွေနဲ့ ပတ်သက်ပြီးတော့ ပိုပြီးအခွင့်အရေးရလာနိုင်အောင် လုပ်နိုင်လိမ့်မယ်လို့ မြင်တယ်။
မေး။ ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့အနာဂတ်နိုင်ငံသစ်ကို ဘယ်လောက်အထိ မျှော်လင့် ထားသလဲ။
ဖြေ။ ။ မျှော်လင့်ချက်ထားတယ်ဆိုတာထက် ဖြစ်လာအောင် အားလုံးအတူတူလုပ်ကြရလိမ့်မယ်လို့ ထင်ပါတယ်။ မိန်းမဖြစ်ခြင်း၊ ယောကျာ်းဖြစ်ခြင်းနဲ့ မဆိုင်ဘူး။ ပညာသင်ရမှာ ငါ့အခွင့်အရေးပဲဆိုတာ မျိုးပေါ့။ အလုပ်အကိုင်မှာလည်း ငါလုပ်နိုင်တယ် ငါ့ကိုနေရာပေးရမယ်ဆိုတာမျိုးကတော့ ကျွန်မတို့ သိကြတယ်။ ဒါကို ကိုယ့်အခွင့်အရေးမှန်းမသိဘဲနဲ့ အိမ်ထဲမှာပဲနေနေကြရတဲ့ မိန်းကလေးတွေလည်း ရှိနေသေးတယ်။
ဒီလိုလူတွေကလည်း ဒါက သူ့အခွင့်အရေးဖြစ်တယ်။ မိသားစုပဲဖြစ်ဖြစ် အသိုင်းအဝိုင်းကပဲဖြစ်ဖြစ် တားလို့ မရဘူး။ ဒါကို သူကိုယ်တိုင် သိရမယ်။ သိမှလည်း တိုက်ပွဲဝင်နိုင်မယ်။ ဒီလိုအခြေအနေတွေကနေတဆင့်မှ ခွဲခြားမှုမရှိတဲ့နိုင်ငံဖြစ်အောင်လို့ တူတူဝိုင်းပြီးတော့ လုပ်ကြရလိမ့်မယ်လို့ မြင်တယ်။ မျှော်လင့်တယ် ဆိုတာထက် တူတူရောက်အောင် သွားကြရမယ်လို့ မြင်ပါတယ်။ ရှေ့လာမယ့် ကြားကာလအစီအမံတွေမှာ ဖွဲ့စည်းပုံဖြစ်လာမယ့်အခြေအနေတွေမှာဆို ကျား၊မတန်းတူရေးမူဝါဒတွေ ခိုင်ခိုင်မာမာပါလာဖို့ ထပ်ပြီး ပြောချင်ပါတယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
ဒေါ်ခင်လေး တည်ထောင်သူ၊ ဒါရိုက်တာ (TWO)
ပူးတွဲတည်ထောင်သူ (WAC-M)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးတွေဟာ တော်လှန်ရေးမှာပဲဖြစ်ဖြစ်၊ လူမှုဘဝမှာဘဲဖြစ်ဖြစ် အနစ်နာခံနိုင်တယ်၊ စွမ်းဆောင်နိုင်တယ်ဆိုတာ မှတ်ကျောက်တင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသမီးတွေအပေါ် ရင်ထဲကလာတဲ့ နှစ်နှစ်ကာကာ လေးစားတန်ဖိုးထားမှုကို တော်လှန်ရေးအလွန်ကာလအထိ ဆက်ပြီး သယ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်”
အသက် (၅၄) နှစ်အရွယ် ဒေါ်ခင်လေးဟာ ရန်ကုန်ဇာတိဖြစ်ပြီး ရူပဗေဒ မဟာသိပ္ပံဘွဲ့ကို ရန်ကုန်တက္ကသိုလ်ကနေ ရရှိခဲ့ပြီး တက္ကသိုလ်ပါမောက္ခ ဖြစ်ချင်ခဲ့သူတစ်ယောက်ပါ။ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဦးဇော်မင်းကျော်နဲ့ ၂၀၀၆ခုနှစ်မှာ အိမ်ထောင်ကျပြီး သမီးတစ်ယောက်၊ သားတစ်ယောက် ရရှိခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အသိပညာပေးရတာ၊ စည်းရုံးဟောပြောတာတွေကို စိတ်အား ထက်သန်ခဲ့သူ ဖြစ်ပါတယ်။
၁၉၉၆ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဟောပြောပွဲတွေကို သွားရောက်နားထောင်ရာကနေ နိုင်ငံရေးကို ပါဝင်ဖို့ အကြောင်းအရင်း ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုလုပ်ရင်း ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် လေးလအကြာမှာ ပြစ်ဒဏ်မကျခံရဘဲ ပြန်လည် လွတ်မြောက်လာခဲ့တယ်။
၂၀၀၇ ခုနှစ်အထိ NLD ပါတီမှာ မြို့နယ်လူငယ်အဖွဲ့ဝင်၊ ဗဟိုလူငယ် (အထောက်အကူပြု) အဖွဲ့ဝင်၊ မြို့နယ်အမျိုးသမီးအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်ရင်း ကျူရှင်ဆရာမအဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့သလို၊ တဖက်မှာလည်း မိဘမဲ့ကလေးများနဲ့ နွမ်းပါးသောကလေးများကို အခမဲ့စာသင်ကြားပေးခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ Triangle Women Organization (TWO) အမျိုးသမီးအဖွဲ့ကို တည်ထောင်ပြီး အမျိုးသမီးအရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ Women Advocacy Coalition - Myanmar (WAC-M) ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ TWO အဖွဲ့သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးနှင့် အမျိုးသမီးများ ခေါင်းဆောင်မှု မှာ ပိုမိုပါဝင်နိုင်ရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်သလို၊ WAC-M သည် အာဏာရှင်စနစ် ပပျောက်ရေးနှင့် ကျား-မတန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး အတွက် စည်းရုံးလှုံံ့ဆော်မှုနှင့် နည်းပညာအကူအညီပံ့ပိုးပေးသော အမျိုးသမီးအစုအဖွဲ့ တစ်ခု ဖြစ်ပါတယ်။
အာဏာသိမ်းမှုဖြစ်တဲ့အခါမှာ စစ်အာဏာရှင်ကို တော်လှန်ရင်းနဲ့ CDM တွေကို ထောက်ပို့ လုပ်ခဲ့ပါတယ်။ လုပ်ကိုင်ရင်းနဲ့ အိမ်ဝင်စီးခံရတာ၊ ရုံးခန်းဝင်စီးခံရတာတွေကြောင့် လွတ်မြောက်နယ်မြေကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အမေရိကန်နိုင်ငံမှာ သွားရောက်ခိုလှုံခဲ့ပါတယ်။ လွတ်လပ်တဲ့နေရာကနေ ထိထိရောက်ရောက်ပါဝင်နိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ လက်ရှိအချိန်မှာ တော်လှန်ရေးတပ်ဦးအစိုးရ ဖြစ်တဲ့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနမှာ အကြံပေးလုပ်ကိုင်နေသလို၊ တော်လှန်ရေးအတွက် လိုအပ်သော ကဏ္ဍများမှာလည်း နည်းပညာ၊ ငွေကြေးပံ့ပိုးမှုနှင့် အကြံပေးမှုများကို လုပ်ကိုင်လျက်ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဥ်တခုလုံးကို ဘယ်လို သုံးသပ်ချင် ပါသလဲ။
ဖြေ။ ။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်ကစစ်အာဏာသိမ်းလိုက်တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပယ်ဖျက်ပြီးသား ဖြစ်သွားတယ်။ ဗမာဖြစ်ခြင်း၊ တခြားလူမျိုးစု လူနည်းစုဖြစ်ခြင်းတွေ အောက်မှာမရှိဘဲ ကျွန်မတို့ အားလုံးဟာ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်အောက်မှာ အတူတကွတော်လှန်ရမယ်ဆိုပြီး တသားတည်း ဖြစ်သွားကြတယ်။ ကျွန်မတို့မှာ နိုင်ငံရေးခံယူချက်အမြင်မတူပေမယ့် ကျွန်မတို့ဘုံရန်သူ တူတဲ့အတွက် အတူတူတိုက်ဖို့ အခွင့်အလမ်းရှိနေတဲ့အချိန်အခါလို့ သုံးသပ်ချင်ပါတယ်။
တဖက်မှာလည်း နိုင်ငံရေးအရမတူကွဲပြားတဲ့ လူတွေနဲ့ စုပေါင်းပြီးလုပ်ဆောင်တာဖြစ်တဲ့အတွက် ထင်သလောက် ခရီးမရောက်တာတွေလည်း ရှိတယ်။ ယုံကြည်မှုတည်ဆောက်တာပဲဖြစ်ဖြစ် အခြားကိစ္စတွေမှာပဲဖြစ်ဖြစ် အချိန်ယူရတယ်။ ဒါပေမယ့် တော်လှန်ရေး၊ နိုင်ငံရေးဖြစ်စဉ်တခုကို ပြန်တည်ဆောက်တဲ့အခါမှာ လေးနှစ်ဆိုတဲ့ အချိန်က အရမ်းတိုပါတယ်။
ဒါပေမယ့် ကျွန်မတို့မျှော်လင့်ချက်တွေ၊ ပြည်သူတွေ၊ မြေပြင်မှာရှိတဲ့ လူငယ်တွေရဲ့ ဘဝတွေ၊ အသက်တွေ ပေးထားတာဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှဗုံးကြဲတာတွေ အသက်ပေးရတာတွေ ဖြစ်နေတဲ့အတွက် ဒီသေကြေပျက်စီးမှုတွေဟာ အချိန်တိုတိုနဲ့ အောင်မြင်ကို သွားနိုင်ရင် ထိခိုက်နစ်နာမှု နည်းမယ်။ ဒီအတွက်တော့ စိတ်ပျက်ခြင်းမရှိဘဲနဲ့ ကျွန်မတို့ပန်းတိုင်ကို ဆက်ပြီး ကြိုးစားသွားရင် အမြန်ဆုံး ရောက်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံက ဘယ်လိုနိုင်ငံမျိုးလို့ မြင်ပါသလဲ။
ဖြေ။ ။ ကျွန်မတို့က ရန်ကုန်မှာကြီးတယ်။ ဗုဒ္ဒဘာသာဖြစ်တယ်။ ကျွန်မတို့အမြင်က တိုင်းရင်းသား အင်အားစုတွေ အမြင်နဲ့ တူချင်မှတူမယ်။ ဘယ်လောက်ပဲ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်ချင်းစားတယ်၊ သူတို့ရဲ့ဖိနှိပ်ခံရမှုတွေကို စာနာပါတယ် ပြောပေမယ့် ကျွန်မတို့ကိုယ်တိုင် ခံစားရတာ မဟုတ်ဘူး။ စာနာတယ် ဆိုတာ လက်တွေ့ခံစားရတဲ့လူတွေနဲ့တော့ မတူနိုင်ဘူး။
မတူညီတဲ့ပုံစံနဲ့ ဖိနှိပ်ခံထားရတဲ့အတွက် ကျွန်မတို့ အချင်းချင်းကြားထဲမှာ လူမျိုးအားဖြင့်ဖြစ်စေ၊ ဘာသာအားဖြင့်ဖြစ်စေ အခြားသော နိုင်ငံရေးအမြင်မတူ ကွဲပြားမှု အပေါ်မှာဖြစ်စေ အလွယ်တကူ ကွဲလွယ်၊ ထိလွယ်ရှလွယ်တဲ့ အနေအထားမျိုးမှာ ရှိနေတဲ့ နိုင်ငံတခုလို့ မြင်တယ်။ လူတွေရဲ့နေ့စဉ်ဘဝမှာ သူတို့ခံယူကျင့်သုံးနေတာ သူတို့ပြောဆိုနေတာကိုကြည့်ပြီး ယဉ်ကျေးမှု အရ၊ ဓလေ့ထုံးစံအရ၊ ဘာသာရေးအရ အရမ်းရင့်ကျက်တယ်လို့ မမြင်ဘူး။ နိုင်ငံရေးအရတော့ ပါးနပ်ပြီး တာဝန်ကျေတယ်လို့ မြင်ပါတယ်။
“မတူညီတဲ့ပုံစံနဲ့ ဖိနှိပ်ခံထားရတဲ့အတွက် အချင်းချင်းကြားထဲမှာ လူမျိုးအားဖြင့်ဖြစ်စေ၊ ဘာသာအားဖြင့်ဖြစ်စေ အခြားသော နိုင်ငံရေးအမြင် မတူကွဲပြားမှုပေါ်မှာဖြစ်စေ အလွယ်တကူ ကွဲလွယ်၊ ထိလွယ်ရှလွယ်တဲ့ အနေအထားမျိုးမှာ ရှိနေတဲ့ နိုင်ငံတခုလို့ မြင်တယ်”
မေး။ ။ နိုင်ငံတခုကိုတည်ဆောက်တဲ့အချိန်မှာ ဘယ်လိုအရာတွေကို စံတန်ဖိုးတွေအခြေခံမူတွေနဲ့ တည်ဆောက်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကျွန်မက အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဖြစ်တယ်။ လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားသူ ဖြစ်တဲ့အတွက် လူအချင်းချင်း လေးစားတန်ဖိုးထားမှုကို စံတန်ဖိုးအနေနဲ့ ထားချင်တယ်။ လူဆိုတဲ့အခါမှာ လိင်စိတ်ခံယူမှုကွဲပြားတာဖြစ်ဖြစ် ကလေးဖြစ်ဖြစ် မသန်စွမ်းပဲဖြစ်ဖြစ်၊ ဘာသာ၊ လူမျိုးစတဲ့ ကွဲပြားမှုအပေါ်မှာ ခွဲခြားဆက်ဆံတာတွေကို မဖြစ်စေမဲ့ စံတန်ဖိုးတွေ ထားစေချင်တယ်။အစထဲက ကိုယ့်အခွင့်အရေးကို လက်ခံသလို၊ တခြားလူအခွင့်အရေးကို လေးစားတယ်ဆိုရင် တခြားလူရဲ့ဆန္ဒကိုလည်း လေးစားရမယ်၊ ဒါက ဒီမိုကရေစီပဲ။ အဲ့ဒီမိုကရေစီမှာမှ မတူကွဲပြားမှုတွေနဲ့ စုပေါင်းပြီး အလုပ်လုပ်ကြမယ်ဆိုရင် ဖက်ဒရယ်ကို ရောက်မယ်လို့ ယုံကြည်တယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အတွေးအမြင်တွေက ဘာတွေပြောင်းလဲသွားလဲ။
ဖြေ။ ။ တိုင်းရင်းသား၊ လူနည်းစုတွေအပေါ်မှာ စစ်တပ်ရဲ့ အစဉ်တစိုက် ဖိနှိပ်မှု၊ ရက်စက်မှုတွေကို မြေပြန့်ကလူတွေက ပိုပြီးတော့ ကိုယ်ချင်းစာလာနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ ခေါင်းဆောင်မှုကို ချစ်ခင်လေးစားတန်ဖိုးထားသလို၊ နွေဦးတော်လှန်ရေးမှာပါဝင်လာတဲ့ လူငယ်တွေရဲ့ ဦးဆောင်မှုနဲ့ စိတ်ပိုင်းဖြတ်မှုနောက်မှာလည်း ပြည်သူတွေက တသားတည်း ပါဝင်လာကြတယ်။ စစ်အာဏာရှင်ရှိနေသ၍၊ စစ်တပ်ဟာ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေသမျှ ကာလပတ်လုံး တိုင်းပြည်က ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ဘူးဆိုတာကို ယုံကြည်လာကြတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့အယူအဆတွေ ပြောင်းလဲသွားတယ်လို့ မြင်ပါသလား။
ဖြေ။ ။ အရမ်းရှေးရိုးစွဲတဲ့ ဟိုဘက်အစွန်းကနေ အရမ်းကောင်းလာတဲ့ဒီဘက်အစွန်းကို ပြောင်းလဲလာတယ် လို့ မမြင်ဘူး။ ရှေးရိုးစွဲအယူအဆတွေအရဖြစ်စေ၊ ယဥ်ကျေးမှုဓလေ့ထုံးစံအရဖြစ်စေ၊ ကျွန်မတို့ကို နူးညံ့တယ်၊ သိမ်မွေ့တယ်လို့ မြင်ပြီး ကာကွယ်ပေးတတ်ကြတယ်။ အမျိုးသားတွေက အကာအကွယ်ပေးရမယ်ဆိုတဲ့စိတ်နဲ့ ဖိုဝါဒကြီးစိုးတဲ့အောက်မှာ နေခဲ့ကြရတဲ့အခါကျတော့ အမျိုးသမီးဆိုရင် ဒါတွေတော့ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါတွေတော့ သူတို့မှာအကန့်အသတ်ရှိတယ်ဆိုပြီး စနစ်ကလည်း ခွဲခြားထားတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ကလည်း ခွဲခြားထားတယ်။
ခွဲခြားမှုနဲ့ အသားကျရာကနေ စစ်အာဏာသိမ်းပြီးတဲ့အခါမှာ ကျွန်မတို့ အမျိုးသမီးငယ်တွေကလမ်းပေါ်မှာ တော်လှန်ရေးထဲမှာ စစ်တိုက်တဲ့နေရာမှာ နည်းပေါင်းစုံနဲ့ ထဲထဲဝင်ဝင်နဲ့ ရှေ့တန်းကပါဝင်ကြတယ်။ အထူးသဖြင့် ပြည်သူတွေ ၇၂ နာရီ ဂျင်းမိပြီး NLD က ဘာလုပ်မှာလဲ၊ နိုင်ငံရေးသမားတွေ ရွေးကောက်ခံတွေ ဘာလုပ်မှာလဲဆိုတာကို စောင့်နေတဲ့အချိန်မှာ အမျိုးသမီးငယ်တွေနဲ့ စက်ရုံအလုပ်သမားတွေက ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ချီတက်ဆန္ဒပြခဲ့တယ်။
အဲ့ဒါက ကျွန်မတို့ရဲ့သမိုင်းပဲ။ အမျိုးသမီးတွေရဲ့သမိုင်းပဲ။ အဲ့အချိန်က စပြီးတော့ နည်းနည်းလေး ပြောင်းလဲမှုတွေ ရှိလာတယ်။ သို့ပေမယ့် အမျိုးသားအများစုနဲ့ အမျိုးသမီးတချို့ရဲ့ အမြင်က လုံးဝပြောင်းလဲသွားတယ်လို့ မဆိုလိုဘူး။ ကျွန်မတို့အမျိုးသမီးတွေက ရှေးရိုးစွဲသာမန်ရိုးကျ အမြင်တွေကိုတော့ ပြောင်းလဲအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။
မေး။ ။ နိုင်ငံရေးစနစ်တခုပြောင်းလဲဖို့ အမျိုးသမီးတွေကဏ္ဍက ဘယ်နေရာမှာ ပိုပြီးပါဝင်ဖို့ အရေးကြီးလာလဲ။
ဖြေ။ ။ ဘက်ပေါင်းစုံလို့ပဲ ပြောချင်ပါတယ်။ ကျွန်မရဲ့တန်ဖိုးထားမှုက လူကိုလူလို တန်ဖိုးထားတာ လိုချင်တယ်။ စက်ရုံအလုပ်ရုံတွေမှာပဲကြည့်ကြည့် တခြားနေရာတွေမှာပဲ ကြည့်ကြည့် အမျိုးသမီးက ထုနဲ့ထည်နဲ့ ရှိတယ်။ ဒါပေမယ့် ဦးဆောင်တဲ့အပိုင်းမှာ အရေအတွက်အားဖြင့် နည်းသလို၊ သူတို့ရဲ့ပါဝင်မှု သူတို့ရဲ့အကြံဉာဏ်ကို အလေးထားတန်ဖိုးထားမှုမှာလည်း နည်းတယ်လို့ မြင်တယ်။
ဘာပဲပြောပြော ၂၀၁၅ ကစလို့ အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်မှု၊ လွှတ်တော်ထဲမှာ အစိုးရအဖွဲ့ထဲမှာ အရင်ကထက် အများကြီးများလာတယ်။ လွှတ်တော်ကိုယ်စားလှယ် တာဝန်စယူတဲ့အချိန်နဲ့ တချိန်ကာလတခုအကြာ တာဝန်ထမ်းဆောင်ပြီးချိန်မှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေအပေါ် မြင်တဲ့အမြင်တွေက တော်တော်လေး ပြောင်းလဲသွားကြတယ်။
အမျိုးသမီးတွေက လူနည်းစုဖြစ်နေတဲ့အခါမှာ အမျိုးသားတွေနဲ့ တန်းတူလိုက်နိုင်ဖို့အတွက် သုံးလေးဆ ပိုကြိုးစားရတယ်ဆိုတာလည်း တွေ့ရတယ်။အကယ်၍သာ အမျိုးသားတွေကလည်း အမျိုးသမီးတွေကို လက်တွဲခေါ်မယ်၊ အမျိုးသမီးတွေအတွက် ဖြည့်ဆည်းပေးမယ့် ယန္တရားတွေက အဆင်သင့်ရှိနေမယ်ဆိုရင် ဒီလောက်ဝန်ထုပ်ဝန်ပိုးမဖြစ်ဘူးလို့ မြင်တယ်။
ခေတ်ကလည်း ပြောင်းလာတယ်။ မီဒီယာတွေကလည်း အားကောင်းလာတဲ့အခါကျတော့ အမျိုးသမီးပါဝင်မှုကို မြှင့်တင်ပါမယ်လို့ ပြောနေကြပေမယ့် လူရိုသေအောင်လို့ ခေတ်နဲ့အညီလုပ်တယ်ဆိုတာ ပြချင်လို့ လုပ်နေတဲ့အပိုင်းတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ တကယ့်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကျားမတန်းတူညီမျှမှုကို လေးစားတန်ဖိုး ထားတဲ့စိတ်နဲ့ သွားဖို့၊ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။
“မီဒီယာတွေကလည်း အားကောင်းလာတဲ့အခါကျတော့ အမျိုးသမီးပါဝင်မှုကို မြှင့်တင်ပါမယ်လို့ ပြောနေကြပေမယ့် လူရိုသေအောင်လို့ ခေတ်နဲ့အညီ လုပ်တယ်ဆိုတာ ပြချင်လို့ လုပ်နေတဲ့အပိုင်းတွေလည်း ရှိမယ်လို့ ထင်ပါတယ်”
မေး။ ။ အမျိုးသမီးခေါင်းဆောင်သစ်တွေ ပိုထွက်လာအောင် ဘယ်လိုလုပ်ကြမလဲ။
ဖြေ။ ။အဲ့ ကျွန်မတို့ကိုယ်တိုင်အတွက် မေးခွန်းထုတ်စရာ၊ စဉ်းစားစရာပေါ့။ ကျွန်မရဲ့အတွေ့အကြုံ၊ ဖြတ်သန်းမှုနဲ့ ပြောရရင် ကျွန်မတို့လို အဖွဲ့အစည်းတွေက သင်တန်းတွေပေးတယ်ဆိုတာ မီးခဲပြာဖုံး ဖြစ်နေတာကို ယပ်ခပ်ပေးတာပါ။ အန်တီဒေါ်အောင်ဆန်းစုကြည်ဆိုလည်း “ခေါင်းဆောင်မှုသင်တန်းရှိတယ်။ နောက်လိုက်သင်တန်း မရှိဘူးလား” ဆိုပြီး ခေါင်းဆောင်မှုသင်တန်းတွေ ပွထနေတဲ့အပေါ်မှာလည်း မှတ်ချက်ပေးခဲ့တာရှိတယ်။
ကျွန်မအမြင်အရပြောရရင် ခေါင်းဆောင်မှုသင်တန်းတက်ပြီးတိုင်းလည်း၊ မြေတောင်မြှောက်ပေးတိုင်းလည်း ခေါင်းဆောင်ဖြစ်ချင်မှ ဖြစ်တာ။ ဒါပေမယ့် အခုလိုတော်လှန်ရေးကာလ အခက်အခဲ၊ အကျပ်အတည်းကြားထဲမှာ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီးတော့၊ ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်တည်မယ့် ခေါင်းဆောင်တွေ လိုအပ်နေတဲ့အချိန်မှာတော့ သူ့ဟာသူ အလိုအလျောက်ပဲ အမျိုးသမီးခေါင်းဆောင်သစ်တွေ ပေါ်ထွက်လာတယ်။
သူတို့ရဲ့နဂိုခံယူချက်တွေ၊ သူတို့ဘယ်လောက်အထိ အများပြည်သူအတွက် အကျိုးပြုချင်သလဲကနေ ခေတ်ရဲ့လိုအပ်ချက်အရ ခေါင်းဆောင်တွေ ဖြစ်လာကြတယ်။ တချိန်တည်းမှာ အခွင့်အလမ်း ရှိရမယ်။ Space ရှိရမယ်။ အကယ်၍ အဖွဲ့အစည်းတွေ၊ တော်လှန်ရေး ကဏ္ဍတွေမှာ ပါဝင်နေပြီဆိုရင် သူ့ပတ်ဝန်းကျင်ကရော ဒီအမျိုးသမီးတယောက်ကို ခေါင်းဆောင်မှု အခွင့်အရေး ဘယ်လောက်ပေးနေသလဲအပေါ် အများကြီး မူတည်မယ်လို့ ထင်ပါတယ်။
“အခုလိုတော်လှန်ရေးကာလ အခက်အခဲ၊ အကျပ်အတည်းကြားထဲမှာ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီးတော့၊ ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်တည်မယ့် ခေါင်းဆောင်တွေ လိုအပ်နေတဲ့အချိန်မှာ အလိုအလျောက် အမျိုးသမီးခေါင်းဆောင်သစ်တွေ ပေါ်ထွက်လာကြတယ်”
မေး။ ။ နိုင်ငံတည်ဆောက်တဲ့အခါမှာ အမျိုးသမီးတွေပါဝင်မှုကို လျစ်လျူရှုမှုပပျောက်သွားဖို့ ပိုပြီးထင်ထင်ရှားရှား ပြည့်ပြည့်ဝဝပါဝင်လာနိုင်ဖို့အတွက် ဘာတွေလုပ်ဖို့လိုလဲ။
ဖြေ။ ။ ကျွန်မတို့ အမျိုသမီးအများစုက “နိုင်ငံရေး သိပ်နားမလည်ဘူး၊ သတင်းတွေ နားမထောင်ဖြစ်ဘူး။ အိမ်မှာ ကလေးထိန်းရလို့၊ အလုပ်တွေလုပ်ရလို့” ဆိုပြီး ပြောလေ့ရှိတယ်။ ကျွန်မကိုယ်တိုင်လည်း မိုးကြိုးပစ်တာကို ထန်းရွက်နဲ့ ကာတာတွေကို ရပ်သင့်တယ်။ ကိုယ်ပေါင်ကိုယ်လှံထောင်းပြီး ပြောရမယ်ဆိုရင် ကျွန်မတို့အမျိုးသမီးတွေလည်း လေ့လာသင်ယူမှုတွေကို အဆက်မပြတ်လုပ်ဖို့ လိုတယ်။ ခေတ်နဲ့ မျက်ခြေမပြတ်ဖို့ လိုတယ်။
ကျွန်မတို့အမျိုးသမီးတွေ သိတာပဲ၊ တက်တာပဲ ဆိုပေမယ့် နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုပုံစံတွေက အမျိုးသားတွေနဲ့ မတူဘူး။ အမျိုးသားတွေက နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ ဘောလုံးပွဲကို စိတ်ဝင်စားတယ်ဆိုရင် လက်လှမ်းမှီအောင် ကြိုးစားတယ်။ လက်လှမ်းလည်း မှီနိုင်တဲ့ အခြေအနေကလည်း ပေးတယ်။
ကျွန်မတို့ကလည်း အမျိုးသားတွေနဲ့အတူတူ တိုင်းပြည်တည်ဆောက်ရေးမှာ ပါနိုင်ဖို့ဆိုရင် လိုအပ်တဲ့ အရာမှန်သမျှကို လက်လှမ်းမှီအောင် ကြိုးစားရမယ်။ အဲ့လို ကြိုးစားနိုင်ဖို့အတွက် ကျွန်မတို့အပါအဝင် အမျိုးသမီးအစုအဖွဲ့တွေက ဦးဆောင်ဖန်တီးပေးဖို့ လိုမယ်လို့ထင်တယ်။အခွင့်အရေးတွေ၊ လေ့လာသင်ယူမှုတွေ လုပ်နိုင်တဲ့ အခင်းအကျင်းကို ဖန်တီးပေးရင်းနဲ့ အမျိုးသမီးအချင်းချင်း သွေးစည်း ညီညွတ်မှုကိုလည်း တည်ဆောက်ထားဖို့ လိုမယ်လို့ ထင်တယ်။
“အမျိုးသမီးအချင်းချင်းတောင်မှ မညီညွတ်ပဲနဲ့ ငါတို့ယောကျာ်းတွေကိုတန်းတူတို့၊ ဘာတို့ လာမပြောနဲ့” ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေတာဖြစ်တဲ့အတွက် ကျွန်မတို့အချင်းချင်းကြားမှာ ပိုပြီးသွေးစည်းညီညွတ်ရမယ်။ အခက်အခဲ၊ အတားအဆီးမှန်သမျှကို ကျွန်မတို့ အမျိုးသမီးအချင်းချင်း လက်တွဲညီညီနဲ့ ရင်ဆိုင်ကျော်လွှားကြရမယ်လို့ မြင်ပါတယ်။
မေး။ ။ အနာဂတ်နိုင်ငံရေးမှာ အမျိုးသမီးတွေ တင်းပြည့်ကျပ်ပြည့်ပါဝင်လာမယ်ဆိုရင် ဘာတွေ ပြောင်းလဲသွားမလဲ။
ဖြေ။ ။ နိုင်ငံရေးမှာအမျိုးသမီးတွေပါဝင်ခွင့်ဆိုတာ ပြည်သူနဲ့ တိုက်ရိုက်အချိုးညီပါတယ်။ ပြည်သူတွေက လက်ခံမှ အမျိုးသမီးတွေက ခေါင်းဆောင်နေရာမှာနေလို့ရမှာ ဖြစ်တယ်။ အမျိုးသမီးတွေ၊ မတူကွဲပြားသူတွေ ကို လက်ခံလာနိုင်အောင် ပြည်သူလူထုကို အသိပညာပေး အမြင်ဖွင့်ရင်းနဲ့ တဖက်မှာလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ပိုများလာအောင် ကြိုးစားရပါမယ်။ အမျိုးသမီးတွေ ပါဝင်မှုပိုတိုးလာရင် ပိုပြီးကောင်းတဲ့အရွေ့ ရောက်မယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။
၂၀၁၅ ကနေ ၂၀၂၀ ကာလမှာ အရပ်သားအစိုးရခတ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနေရာမှာတောင် အမျိုးသမီးရပ်ကျေးဥက္ကဌတွေက အမျိုးသားတွေထက် သူ့ဒေသ အတွက် ပိုပြီးစွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တယ်၊ ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီးလုပ်နိုင်တယ်ဆိုတာ မြင်ခဲ့ရတယ်။ ဒါကြောင့် တော်လှန်ရေးအောင်မြင်ပြီး ကောင်းတဲ့အပြောင်းအလဲတခုသာ ဖြစ်သွားရင် လျင်လျင် မြန်မြန်နဲ့ အရင်ကထက် ပိုကောင်းတဲ့ အရွေ့တွေနဲ့ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုမရှိတဲ့နိုင်ငံတခု အနာဂတ်မှာဖြစ်လာမယ်လို့ ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ မျှော်လင့်ချက်က ၁၀၀ ရာခိုင်နှုန်းပေါ့။ ဒါပေမယ့် လက်တွေ့မှာတော့ ဖြေးဖြေးချင်းပဲ သွားရမယ်လို့ မျှော်လင့်တယ်။ တကယ့်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတောင် အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ အများကြီး ရှိနေသေးတာ တွေ့ရတယ်။ လက်တွေ့မှာ ခွဲခြားဆက်ဆံမှုကနေ အကြမ်းဖက်မှုအဆင့်ထိ ဖြစ်သွားကြတဲ့ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်မှာ အမျိုးသမီးတွေက နေထိုင်နေကြရတယ်။ အကြမ်းဖက်မှုတွေ မဖြစ်အောင် တားနိုင်သမျှ တားရမယ်။
လူတိုင်းအပေါ် တန်းတူအခွင့်အရေးနဲ့ လေးလေးစားစားဆက်ဆံတဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်ကြမယ်။ ကိုယ်တိုင်ကစပြီး လုပ်ကြရမယ်။ ကိုယ်တိုင်ကရော အခြားသူတွေကို လေးလေးစားစား ဆက်ဆံလား။ အမျိုးသမီးအချင်းချင်းမှာရော ခွဲခြားမှုမရှိဘဲ ဆက်ဆံလား၊ ကိုယ့်လုပ်ငန်းခွင်မှာ၊ ကိုယ့်မိသားစုမှာ တန်းတူညီတူ ဆက်ဆံရဲ့လား၊ အခွင့်အရေးပေးရဲ့လား။ ဒါတွေကို ကိုယ့်အိမ်အတွင်းမှာ ကိုယ်တိုင်က အစပြုပြီး တည်ဆောက်ကြရမှာ ဖြစ်သလို၊ ကိုယ့်အိမ်ကနေမှ ရပ်ရွာ၊ နိုင်ငံအဆင့်အထိ တဆင့်ချင်းသွားနိုင်မယ်လို့ ယူဆပါတယ်။ ကိုယ်ကိုယ်တိုင်က စပြီးပြောင်းလဲဖို့ အားပေးချင်ပါတယ်။
မေး။ ။ တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ဖြေ။ ။ အမျိုးသမီးတွေဟာ တော်လှန်ရေးမှာပဲဖြစ်ဖြစ်၊ လူမှုဘဝမှာဘဲဖြစ်ဖြစ် အနစ်နာခံနိုင်တယ်၊ စွမ်းဆောင်နိုင်တယ်ဆိုတာ မှတ်ကျောက်တင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသမီးတွေအပေါ် ရင်ထဲကလာတဲ့ နှစ်နှစ်ကာကာ လေးစားတန်ဖိုးထားမှုကို တော်လှန်ရေးအလွန်ကာလအထိ ဆက်ပြီး သယ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါမျိုးဟာ ပြယုဂ်အနေနဲ့မဟုတ်ဘဲ လေးလေးစားစားနဲ့ ရင်ထဲအသည်းထဲကလာတဲ့ လက်ခံယုံကြည်တဲ့ လေးစားတန်ဖိုးထားမှုမျိုးဖြစ်ဖို့ ကျွန်မတို့အားလုံး အတူတူကြိုးစားရမယ်လို့ ထင်ပါတယ်။
“လူတိုင်းအပေါ် တန်းတူအခွင့်အရေးနဲ့ လေးလေးစားစားဆက်ဆံတဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်ကြမယ်။ ဒါအတွက် ကိုယ်တိုင်ကစပြီး လုပ်ကြရမယ်”
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
မနှင်းသက်မှူးခင် Executive Member (Sisters to Sisters)
Project Manager (Frontline Ethics)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“လူသားတယောက်အနေနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး နေရာပေးတယ်၊ ဆုံးဖြတ်ချက်တွေ လေးစားတယ်ဆိုတာက ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ကောင်းတဲ့စံတန်ဖိုးတွေကို ဆုပ်ကိုင်တဲ့သဘောပဲ။ အဲ့လိုအားဖြင့်လည်း ကိုယ့်ရဲ့လူသားဆန်မှုတွေ၊ ကိုယ်ချင်းစာစိတ်ရှိမှုတွေကို လူ့အဖွဲ့အစည်းထဲမှာ ပြသလို့ရပါတယ်”
မနှင်းသက်မှူးခင်ဟာ ရန်ကုန်ဇာတိဖြစ်ပြီး ငယ်စဉ်ကတည်းက လူတွေကို ကူညီကယ်တင် ပေးချင်သူ ဖြစ်ချင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆေးဝါးတက္ကသိုလ်ကို တက်ရောက်ခဲ့ပြီးနောက် လူမှုရေးပညာ မဟာဘွဲ့ နှင့် လူ့အခွင့်အရေးဥပဒေမဟာဘွဲ့ကို အမေရိကန်ပြည်ထောင်စုနှင့် ဩစတေးလျ နိုင်ငံအသီးသီး မှာ ဆက်လက်သင်ယူခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မှာ ရိုဟင်ဂျာအရေး၊ လူနည်းစုအရေးနဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့ပါတယ်။ အမျိုးသမီး အခွင့်အရေးကိစ္စတွေကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို လုံးဝလက်မခံနိုင်တဲ့ သူမဟာ သပိတ်မှောက်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် လုံခြုံရေးအရ ထိုင်းနိုင်ငံကို ရွေ့ပြောင်းလာပြီး တော်လှန်ရေး ကိစ္စတွေ၊ အမျိုးသမီးအရေးနှင့် လူ့အခွင့်အရေးကိစ္စတွေကို စိတ်အားထက်သန်စွာ လုပ်ဆောင်လျက် ရှိပါတယ်။ လက်ရှိမှာ Sisters to Sisters နဲ့ Frontline Ethics အဖွဲ့အစည်းတွေမှာ ဦးဆောင်လုပ်ကိုင်လျက် ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင်မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ တော်လှန်ရေးက လေးနှစ်ကျော်ကာလမှာ စစ်ရေးအရအခြေအနေတွေ ကောင်းနေတဲ့နေရာတွေ ရှိသလို၊ စစ်ရေးအရ အရမ်းကြီးအရေးမသာသေးတဲ့ နေရာတွေလည်း ရှိတယ်။ နွေဦးတော်လှန်ရေးက နိုင်ငံရေးအဖြေမထွက်သေးဘူးဆိုရင်တောင် အနည်းဆုံးတော့ လူတွေရဲ့အမြင်က အတိုင်းအတာတခုထိ ပွင့်လာတယ်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးရေးတို့ တိုင်းရင်းသားအမြင်တွေ ပွင့်လာတယ်။ နောက်ပြီး ကျားမတန်းတူညီမျှမှုတွေ ဂျဲန်ဒါအရေးတွေ ပွင့်လာတယ်။
နောက်တခုက အသက်အရွယ်ပေါ့၊ မြန်မာ လူမှုအဖွဲ့အစည်းက ပုံမှန်ဆိုရင် အသက်ကြီးကြီးယောကျာ်း ဒီလိုလူကို ဉာဏ်ပညာရှိတယ်၊ အမျှော်အမြင် ရှိတယ်လို့ တွေးခေါ်လာတဲ့နေရာကနေ အခုချိန်မှာဆိုရင် အမျိုးသမီးငယ်ငယ်လေးတွေကလည်း ဦးဆောင်နိုင် တယ်၊ ယောကျာ်းလေး ငယ်ငယ်လေးတွေ၊ LGBT ငယ်ငယ်လေးတွေက ဦးဆောင်နိုင်တယ်ဆိုတာကို လက်ခံ လာတယ်လို့ ပြောလို့ရတယ်။
တကယ်လည်း ယုံကြည်လာတယ်။ အဲ့ဟာတွေကတော့ ကောင်းလာတယ်လို့ ထင်တယ်။ အဲ့နောက်ပိုင်းမှာ မေးစရာရှိတာက ဒီလိုမျိုးလက်ခံလာတယ်ဆိုတာက တကယ်ရော ဦးဆောင်မှု နေရာတွေကို လူမျိုးစုတွေ လူနည်းစုတွေ အမျိုးသမီးတွေ LGBT တွေ သူတို့တွေက တကယ်ရော ရောက်နေလားဆိုတာ မေးခွန်းထုတ်စရာ ရှိနေတုန်းပါ။
မေး။ ။ မြန်မာနိုင်ငံက ဘယ်လိုနိုင်ငံရေးစနစ်မျိုးနဲ့ တည်ရှိနေတဲ့နိုင်ငံလို့ မြင်ပါသလဲ။ နိုင်ငံသစ်ကို ဘယ်လိုစံနှုန်းတွေနဲ့ တည်ဆောက်သင့်လဲ။
ဖြေ။ ။ တလျှောက်လုံးကတော့ ဗမာ ဗုဒ္ဓဘာသာကိုပဲ အရမ်းကိုဇောင်းတင်ပြီးတော့ ယဉ်ကျေးမှုကို ကာကွယ်ရမယ် ဘာသာတရားကို ကာကွယ်ရတယ်။ မြေမြိုတာထက် လူမြိုတာ ပိုဆိုးတယ်။ ဒါတွေကိုပဲ ထပ်ခါထပ်ခါ ထပ်ဖန်တလဲလဲ ကြားခဲ့ရတယ်။ ကိုယ်နဲ့မတူတဲ့သူတွေကို ဒီလူတွေက မကောင်းတဲ့သူတွေ ဒီလူတွေကို အဝင်မခံနဲ့ဆိုတဲ့ အဲ့ဟာကိုပဲ ထပ်ခါထပ်ခါ ရလာခဲ့တယ်။ ပြီးရင် ပြည်တွင်းထဲမှာတင် မဟုတ်ဘူး။
ပြည်ပဆိုလည်း နိုင်ငံခြားက အနှောင့်အယှက်တွေ၊ နိုင်ငံခြားက လွှမ်းမိုးမှုတွေ၊ နိုင်ငံခြားက ဝင်လာတဲ့ စိုးမိုးချုပ်ကိုင်မှုတွေဆိုပြီး အဲ့လိုမြင်လာခဲ့ကြတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ စံတန်ဖိုးတွေက ပြောင်းလဲလာတယ်။ ပြောင်းလဲလာပြီးတော့ (ကျွန်မတစ်ဦးတယောက်ထဲအမြင်နဲ့ ပြောရမယ်ဆိုရင်) တန်းတူညီမျှမှုတွေ ငြိမ်းချမ်းရေးတွေ လက်ကိုင်ထားသင့်တယ်။ ဒီလိုအရာတွေကို စပြီး တည်ဆောက် သင့်တယ်လို့ ထင်တယ်။
အကုန်လုံးပြောနေကြတဲ့ ဖက်ဒရယ်က အရေးကြီးလာပြီဆိုတာ ဒီအခြေအနေမှာ ဘာမှငြင်းလို့ မရတော့ဘူး။ တခြား ရွေးစရာမရှိတော့ဘူး။ ဒီလမ်းကို သွားမှ ဖြစ်မယ်။ ဒါမှ တိုင်းပြည်က တိုးတက်မယ်ဆိုတဲ့ အခြေအနေ မျိုးကို ရောက်လာပြီဆိုတော့ အားလုံးက အတူတူ အလုပ်လုပ်ကြတယ်။ တဖက်ထဲမှာပဲ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှုက အရေးကြီးဆုံးလို့ ထင်တယ်။ အစိုးရတွေအဆက်ဆက် လက်ထက်မှာဆိုရင် လူ့အခွင့်အရေး သမားတွေဆို မကောင်းတဲ့သူတွေ၊ တက်ကြွလှုပ်ရှားသူတွေဆို မကောင်းတဲ့သူတွေ ဒီလိုမြင်ခဲ့တယ်။
ဒါပေမယ့် ငါတို့အခွင့်အရေးတွေက နှစ်ပေါင်းများစွာဘယ်လောက်ထိတောင် ဖျက်စီးခံထားရတာလဲ ချိုးဖောက်ခံထားရ တာလဲဆိုတာ အခုချိန်မှာ မြင်လာတယ်။ လူ့အခွင့်အရေးကို ထိပ်ဆုံးထားဖို့ လိုတယ်။ တန်းတူညီမျှမှု ဘယ်ဘာသာ၊ ဘယ်လူမျိုး ဘယ်ဘာသာစကားပြောသည်ဖြစ်စေ သန်စွမ်းတာ၊ မသန်စွမ်းတာ ဘယ်လိုပဲ ရှိနေရှိနေ ဒီလူတွေအကုန်လုံးက လူ့အခွင့်အရေး ရရမယ်။ သူတို့တွေအကုန်လုံးက တန်းတူညီမျှမှု ရှိရမယ် ဆိုတာကို မြင်ဖို့လိုလာတယ်လို့ ထင်တယ်။
နောက်တခုက လူမှုအသိုင်းအဝိုင်းမှာ ကိုယ့်မှာ ဘယ်လိုမျိုး အခွင့်ထူးခံ အခြေအနေတွေရှိနေလဲ၊ တချို့လူတွေ မှာ ဘယ်လိုမျိုးအခွင့်ထူးခံ အခြေအနေတွေမရှိဘဲနဲ့ အခက်အခဲတွေ အတားအဆီးတွေ ကြုံနေရသလဲ ဆိုတာကိုလည်း မြင်အောင်ကြည့်ဖို့ လိုတယ်။ တန်းတူညီမျှရေးလို့ပြောတဲ့အချိန်မှာ တယောက်နဲ့တယောက်က စမှတ်တွေမတူဘူး။
မတူတဲ့ဟာကိုမြင်ပြီးတော့ အဲ့စမှတ်ကို တူအောင်လုပ်ဖို့ သူတို့မှာရှိတဲ့ အတားအဆီးတွေကို ဖယ်ပြီးတော့ ရှေ့ဆက်နိုင်ဖို့ ဒါတွေကိုလည်း ကြည့်ဖို့လိုပါတယ်။ နောက်တခုက အခုအချိန်မှာ တိုင်းပြည်က လုံးဝစစ်ဖြစ်နေတဲ့ကာလ ဖြစ်နေတယ်။ ဒါပေမယ့် ဒီတော်လှန်ရေးနိုင်သွားပြီဆိုတဲ့အချိန်မှာ ငြိမ်းချမ်းရေး ကိုလည်း ရှေ့ဆက်ပြီးဦးတည်ဖို့ လိုတယ်လို့ ထင်တယ်။
စစ်ပွဲပြီးသွားတဲ့အချိန်မှာ ရှိခဲ့တဲ့ ဒဏ်ရာတွေ နစ်နာခဲ့တဲ့အရာတွေ ဆုံးရှုံးခဲ့တဲ့အရာတွေကို တရားမျှတမှု ပြန်ရှာပေးဖို့ လိုတယ်။ တရားမျှတမှုတွေရှာပြီးတော့ ထပ်ပြီးစစ်ပွဲတွေမဖြစ်အောင် နောက်ထပ် နိုင်ငံသစ်တစ်ခုကို အေးအေးဆေးဆေးနဲ့သွားလို့ရအောင် ငြိမ်းချမ်းရေးက အများကြီးအရေးကြီးတယ်လို့ ထင်ပါတယ်။
“တန်းတူညီမျှရေးလို့ပြောတဲ့အချိန်မှာ တယောက်နဲ့တယောက်က စမှတ်တွေမတူဘူး။အမျိုးသမီးတွေမှာ ပိုပြီးတော့ ဝန်တွေ ထမ်းထားရတာ ရှိတယ်။ နည်းလမ်းတွေကိုစဉ်းစားပြီးတော့ ဝန်တွေ၊ အတားအဆီးတွေကို လျှော့ပေးဖို့ လိုတယ်။ စမှတ်ကို တက်နိုင်သမျှ တူအောင်ညှိဖို့ လိုတယ်။ စမှတ်တူသွားပြီ ဆိုတော့မှ အမျိုးသမီးတွေက သူတို့ရဲ့အရည်အချင်းတွေကို ထုတ်ပြလို့ရမှာ ဖြစ်တယ်”
မေး။ ။ အာဏာသိမ်းမှုနောက်ပိုင်းမှာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး ဘယ်လောက်အထိ အတွေးအမြင် ပြောင်းလဲမှုတွေ ဖြစ်နိုင်သလဲ။
ဖြေ။ ။ ပြောင်းလဲတာတော့ ပြောင်းလဲတယ်။ ဒါပေမယ့် ဘယ်လောက်အတိုင်းအတာအထိ ပြောင်းလဲ သလဲဆိုတာ သေချာပြန်စဉ်းစားဖို့ လိုလိမ့်မယ်။ ဘာကြောင့်လဲဆို လူတွေကအမြင်ပွင့်တဲ့ အတိုင်းအတာပဲ ရှိသေးတယ်။ လုံးဝကြီး ပြောင်းလဲတဲ့အခြေအနေအထိ မရောက်သေးဘူးလို့ ထင်တယ်။ လူငယ်တွေကို နေရာပေးတယ်။ Gen Z တွေ လုပ်လို့ ပြောကြတယ်။ ဒါပေမယ့် တကယ်တမ်း Gen Z တွေကို ယုံကြည်ရဲ့လား ဆိုတဲ့ဟာက ပြန်ပြီး တာသွားတယ်။
အမျိုးသမီးကိစ္စဆိုရင် အွန်လိုင်းမှာ အကုန်လုံးတွေ့နေရတယ်။ CDM အမျိုးသမီးတွေ ရှိတယ်။ စစ်ဘက်ဆိုင်ရာအမျိုးသမီးတွေ ရှိတယ်။ စနိုက်ဘာ အမျိုးသမီးတွေရှိတယ်။ အများကြီးပဲ အမျိုးသမီးတွေ ပါဝင်နေတာ။ ဒါပေမယ့် အဲ့ဒါက အပေါ်ယံနေရာမှာဘဲ ရှိတာလား။ တကယ်ရော သူတို့ရဲ့ပါဝင်မှုက ခေါင်းဆောင်မှုနေရာ ရောက်ရဲ့လားဆိုတဲ့ဟာ မေးခွန်းထုတ်စရာ ရှိတယ်။ သူတို့ကို ပေးထားတဲ့ရာထူးတွေ သူတို့ကိုပေးထားတဲ့နေရာတွေက ကျားမ ပုံသေကားချပ်အနောက်ကို ပြန်ရောက် သွားတယ်။
ဥပမာဆိုရင် အမျိုးသမီးဆိုရင် ဆေးအကူ ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် ဘဏ္ဍရေး ဖြစ်ရင် ဖြစ်မယ်၊ admin ဖြစ်ရင်ဖြစ်မယ် ဟင်းချက်တဲ့နေရာတွေ ဖြစ်ရင်ဖြစ်မယ်။ ဒီလိုနေရာတွေကို ပြန်ရောက် ပြီးတော့ တကယ်စစ်တိုက်တဲ့နေရာမှာ အမျိုးသားတွေ ပြန်ရောက်တယ်။ တကယ်တမ်းတော့ meaningful participation ရတယ်လို့ သိပ်ပြီးတော့ မခံစားရဘူး။
မေး။ ။ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရတာတွေ ဖိနှိပ်ခံရတာတွေ ကြုံဖူးလား။
ဖြေ။ ။ ၂၀၂၁ မတိုင်ခင်ကတည်းက ကြုံဖူးတဲ့ဟာတွေ အများကြီးရှိတယ်။ မွေးကတည်းက မိသားစုထဲမှာ လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးမို့ဆိုပြီး ခွဲခြားဆက်ဆံခံရတာတွေက တောက်လျှောက်ကို ကြုံခဲ့တယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတဲ့ဟာတွေ လမ်းသွားရင် ကျွတ်ကျွတ်…ကျွတ်…နဲ့ လိုက်ခေါ်တယ်။ မျိုးစုံတွေပေါ့။ ဘက်စ်ကားစီးရင် အန္တရာယ်ရှိတဲ့ကိစ္စတွေ အများကြီးကြုံခဲ့တယ်။
ပြီးတော့ ၂၀၂၁ မတိုင်ခင်မှာ ရိုဟင်ဂျာအရေးတွေ လုပ်တဲ့အချိန်မှာ အပြောခံရတယ်။ နင်က မိန်းကလေး နိုင်ငံရေးဘယ်လောက်သိမှာလဲ။ မိန်းကလေးဆိုရင် နိုင်ငံရေးမသိဘူးဆိုတဲ့ အဲ့လိုမျိုးညီမျှခြင်းချပြီး သူတို့က စဉ်းစားတာပေါ့။ အဲ့လိုပုံစံတွေ တောက်လျှောက်ကြုံခဲ့တယ်။ ၂၀၂၁ နောက်ပိုင်းမှာလည်း အဲ့လိုမျိုးတွေကြုံတယ်။
ခွဲခြားဆက်ဆံခံရတာ တွေကြုံတယ်။ ဖိနှိပ်ခံရတာတွေ ကြုံတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ဟာတွေရှိတယ်။ ကျွန်မဆိုရင် အွန်လိုင်းကနေ နှောက်ယှက်တဲ့ဟာ ခဏခဏကြုံတယ်။ ဖုန်းဆက်တယ်။ ကိုယ့်ကို ခြိမ်းခြောက်တယ်။ အသက်အန္တရာယ်ရော နောက် rape လုပ်မယ်လို့ရော အမျိုးစုံတွေ ခြိမ်းခြောက်တယ်။ အဲ့ဟာတွေ ခဏခဏကြုံရတယ်။
မေး။ ။ အမျိုးသမီးတွေ ဆုံးဖြတ်ပိုင်ခွင့်တွေ ရနေပြီလား။
ဖြေ။ ။ အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့် မရသေးဘူး။ သူတို့တွေပါဝင်မှုများလာတယ်ဆိုတာ အရေအတွက်အားဖြင့် အတိုင်းအတာတခုအထိ မှန်ကောင်းမှန်မယ်။ ကွာလတီအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ဦးဆောင်ဦးရွက်ပြုတဲ့နေရာတွေမှာ အမျိုးသမီးတွေက အများကြီး မရောက်သေးဘူး။ဥပမာ NUG ကိုပဲ ကြည့်လိုက် အမျိုးသမီးဝန်ကြီးတွေဒုဝန်ကြီးတွေ ထားတဲ့နေရာတွေက များသောအားဖြင့် အမျိုးသမီးတွေရဲ့ ကျား၊မ ပုံသေကားချပ်တွေနဲ့ ပြန်ပြီး ဆက်စပ်တဲ့ဟာတွေဖြစ်နေတယ်။
ဥပမာ အမျိုးသမီးဝန်ကြီးဌာန အဲ့လိုနေရာတွေ ကျန်းမာရေး ပညာရေး အဲ့လိုနေရာတွေကို အမျိုးသမီးတွေထားပြီးတော့ စစ်ရေးနဲ့ဆိုင်တာတို့ လျှပ်စစ်တို့ ဒီလိုမျိုးဟာတွေမှာကျတော့ အမျိုးသားတွေပြန်ဖြစ်နေပြန်ရော။ဒါက NUG တခုထဲကို ပြောသေးတာပေါ့။ တခြားအဖွဲ့တွေ အစုအဖွဲ့တွေ လက်နက်ကိုင်တပ်ဖွဲ့တွေပဲဖြစ်ဖြစ် လက်နက်ကိုင်မဟုတ်တဲ့ အစုအဖွဲ့တွေပဲဖြစ်ဖြစ် တူတူပဲပေါ့။
အမျိုးသမီးတွေက ဆုံးဖြတ်ပိုင်ခွင့်ရတယ်ဆို နောက်ဆုံးမှာ ဒီဆုံးဖြတ်ပိုင်ခွင့်က ရှင်းရှင်းလင်းလင်းရနေတာ မဟုတ်ဘူး။ ပြန်ပြီးတော့ ခြယ်လှယ်တဲ့ဟာမျိုး ပြန်ပြီး လွှမ်းမိုးတဲ့ဟာမျိုးကို သိသိသာသာမြင်ရတယ်။
မေး။ ။ အမျိုးသမီးတွေအပေါ်လျစ်လျူရှုမှုတွေပပျောက်အောင် ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ ပြောပြောနေတဲ့ စကားပေါ့။ ဒီနေရာကို အမျိုးသမီးထားချင်ပေမယ့် ရှာမရလို့ ဆိုတဲ့ စကားတွေ အတွက် ပြန်ပြီး မေးခွန်းထုတ်ချင်တာက အဲ့နေရာကို လုပ်နိုင်တဲ့အမျိုးသမီးမရှိဘူးဆိုတာ တကယ် သေချာလား။ အဲ့မေးခွန်းကို ကိုယ့်ဟာကို ပြန်မေးစေချင်တယ်။ ပွဲစီစဉ်တဲ့သူတွေပဲဖြစ်ဖြစ် ရာထူးတခုခု ခန့်အပ်တဲ့သူတွေပဲဖြစ်ဖြစ် ဦးဆောင်ဦးရွက်ပြုတဲ့နေရာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာ အဲ့နေရာကိုရောက်နေတဲ့ သူတွေက ဒီမေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မေးသင့်တယ်။
ငါတို့ဝန်းကျင်လေးက ငါတို့လက်လှမ်းမှီတဲ့ သူတွေကြားထဲမှာပဲ လိုက်ရှာနေတာလား။ ငါတို့အဝန်းအဝိုင်းကနေ ကျော်ထွက်ပြီးတော့ အားစိုက်ထုတ်နိုင်တဲ့ အရည်အချင်းရှိတဲ့ အမျိုးသမီး၊ အရည်အချင်းရှိတဲ့ LGBT တွေကို လိုက်ရှာနေလားဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးဖို့လိုတယ်။ ကျွန်မတို့ကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ် မညာဖို့လိုတယ်။
အခုကြည့်လိုက် အင်တာဗျူး တွေပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်က ဒီလူတွေပဲ ထပ်ခါထပ်ခါထပ်နေတယ်။ အရည်အချင်းရှိတဲ့အမျိုးသမီးတွေ တကယ်လုပ်နိုင်တဲ့အမျိုးသမီးတွေကို ရှာဖို့လိုတယ်။ အဲ့ဒါ အရေးကြီးဆုံးအချက်လို့ ဆိုချင်တယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ ပိုထွက်လာဖို့ ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ နောက်တခုက ရှေ့မှာပြောခဲ့သလိုပဲလူတွေက စမှတ်တွေမတူကြဘူး။ အမျိုးသမီးတွေမှာကျ သူတို့တွေမှာ ပိုပြီးတော့ဝန်တွေ ထမ်းထားရတာတွေ ရှိတယ်။ နည်းလမ်းတွေကိုစဉ်းစားပြီးတော့ ဝန်တွေ၊ အတားအဆီးတွေကို လျှော့ပေးဖို့ လိုတယ်။ စမှတ်ကို တက်နိုင်သမျှ တူအောင်ညှိဖို့ လိုတယ်။ စမှတ်တူသွားပြီ ဆိုတော့မှ အမျိုးသမီးတွေက သူတို့ရဲ့အရည်အချင်းတွေကို ထုတ်ပြလို့ရမှာ။
ဒီလိုမျိုး ရှေ့မှာအတားအဆီးတွေ၊ နောက်ကဆွဲထားတဲ့အရာတွေ ရှိနေသရွေ့က သူတို့ရဲ့လုပ်နိုင်စွမ်းတွေ အပြည့်အဝဖော်ပြနိုင်လို့ရမှာ မဟုတ်ဘူး။ ဒုတိယတချက်က ပိုပြီးရှာရမယ် ပိုပြီးအားစိုက်ထုတ်ရမယ်။ တွေ့ပြီဆိုရင်လည်း အဲ့လို အရည်အချင်းရှိတဲ့အမျိုးသမီးတွေကို တက်နိုင်သမျှ သူတို့နေရာရအောင် ကိုယ်တွေ ပံ့ပိုးပေးရမယ်။ကိုယ်က နေရာရပြီးသားသူတယောက်ဆိုရင် နေရာမရသေးတဲ့အမျိုးသမီးကို ထောက်ခံပေးတာမျိုးတွေ နဲ့ ညွှန်းပေးတာ မျိုး အများကြီးလုပ်ပေးလို့ ရတယ်။ အဲ့တော့မှ ခေါင်းဆောင်နိုင်တဲ့သူတွေ ပိုပြီးထွက်လာမှာလို့ မြင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေသာ နိုင်ငံရေးမှာတင်းပြည့်ကျပ်ပြည့်ပါဝင်မယ်ဆို အနာဂတ်နိုင်ငံရေးမှာ ဘာတွေ အပြောင်းအလဲ ဖြစ်နိုင်သလဲ။
ဖြေ။ ။ အပြောင်းအလဲ အများကြီးဖြစ်နိုင်တယ်။ မြန်မာနိုင်ငံရဲ့လူဦးရေကိုကြည့်မယ်ဆို အမျိုးသမီးက ထက်ဝက်ကျော်တယ်။ ထက်ဝက်ကျော်တဲ့အမျိုးသမီးတွေရဲ့ အားကိုသုံးနိုင်မယ်ဆိုရင် အခုရှိနေတဲ့ အရွေ့ထက် ပိုရွေ့မယ်ဆိုတာ အသေအချာပဲ။ အဲ့ဒါမှလည်း တော်လှန်ရေးက ပိုပြီးမြန်မြန်ရောက်လာမယ်။ ဒီအမျိုးသမီးတွေ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေ၊ သူတို့ရဲ့အခြေအနေတွေ၊ သူတို့ကြုံခဲ့တဲ့ဟာတွေ ဒါတွေကို နားထောင် ပေးတယ်၊ နေရာပေးတယ်၊ သူတို့ဆွေးနွေးခွင့်ပေးတယ်ဆို သူတို့အသိအမြင်တွေရလာမှာပဲ။
လူတယောက်က ဖြတ်သန်းလာတဲ့ အတွေ့အကြုံချင်း မတူဘူး။ ဒီလိုမျိုး ရှိပြီးသားလူတွေနဲ့ ရှိပြီးသားနေရာတွေအတိုင်းပဲ လုပ်မယ်ဆို ကျွန်မတို့ အဲ့ဘောင်ထဲမှာ ပိတ်မိနေမှာပဲ။ နောက်တခုက အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် သူတို့တွေက လူသားတွေဖြစ်တယ်။ လူသားဖြစ်တဲ့အတွက် လူသားတယောက်အနေနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး နေရာပေးတယ်၊ သူတို့ဆုံးဖြတ်ချက်တွေ လေးစားတယ်ဆိုတာက ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ကောင်းတဲ့စံတန်ဖိုးတွေကို ဆုပ်ကိုင်တဲ့သဘောပဲ။ အဲ့လိုအားဖြင့်လည်း ကိုယ့်ရဲ့လူသားဆန်မှုတွေ ကိုယ့်ရဲ့ ကိုယ်ချင်းစာစိတ်ရှိမှုတွေကို ပြသလို့ရပါတယ်။
မေး။ ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုမရှိတဲ့ နိုင်ငံသစ်တည်ဆောက်နိုင်မယ်လို့ အနာဂတ်မှာ ဘယ်လောက်အထိ မျှော်လင့်ချက်ရှိလဲ။
ဖြေ။ ။ မျှော်လင့်ချက်ကတော့ အများကြီးရှိတယ်။ တကယ်လက်တွေ့လုပ်နိုင်မလုပ်နိုင်ကတော့ အချိန်ကြာဦးမယ်လို့ ထင်တယ်။ ဒီအမြင်သစ်တွေကို ဖွင့်လာပြီးတော့ အဖွင့်စိတ်နဲ့ကြည့်လာရုံဘဲ ရှိသေးတယ်။ မြင်ရုံနဲ့ အော်…ဟုတ်တယ်။ သူတို့လည်း သနားပါတယ်။ သူတို့လည်း နေရာပေးရမှာပေါ့ဆိုတဲ့နေရာမှာ ရပ်မသွားဘဲနဲ့ ငါတို့တကယ်ကို နေရာပေးမယ်။ တန်းတူထားမယ်။ သူတို့နေရာရသွားအောင် လုပ်မယ်ဆိုတဲ့ action ပါလာဖို့အထိကျတော့ အများကြီးလိုတယ်။ ကျွန်မတို့လည်း ပိုပြီးအလုပ်လုပ်ရဦးမယ်လို့ ထင်တယ်။
မေး။ ။ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ဖြေ။ ။ အရေးကြီးဆုံးက ကိုယ်ကဒီအတိုင်းပဲ ဆက်ပြီးတော်လှန်နေရမယ်။ တော်လှန်ရေး ပြီးသွားသည် ဖြစ်စေ မပြီးသွားသည်ဖြစ်စေ တန်းတူညီမျှရေးအတွက် တော်လှန်နေရမယ်။ လူမှုအသိုင်းအဝိုင်းမှာ ရှိနေသရွေ့ ကတော့ ကိုယ့်အသံတွေမပျောက်သွားဖို့ တအားအရေးကြီးတယ်။
ကိုယ်ကအသံ ထွက်နိုင်တဲ့နေရာ ရောက်နေ တယ်ဆိုရင် အသံထွက်ပါ။ သူများတွေကို အသံထွက်နိုင်အောင် ကူညီပေးပါ။တကယ်လို့ အသံမထွက်နိုင်ဘူး ဆိုရင်တောင် ကိုယ့်ရဲ့ဖြစ်တည်မှုတခုထဲနဲ့တင် ဆက်ပြီးတော်လှန်နေလို့ ရတယ်။ ကျွန်မတို့အမျိုးသမီးတွေက ဒီလောက်အထိ ဖိုဆန်တဲ့ကမ္ဘာကြီးထဲမှာ ရှင်သန်နေတယ်ဆိုကတည်းက ဒါကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ တော်လှန်နိုင်နေတုန်းဘဲဆိုတာ ပြသတာပါဘဲ။
“ကိုယ်ကအသံ ထွက်နိုင်တဲ့နေရာ ရောက်နေတယ်ဆိုရင် အသံထွက်ပါ။ သူများတွေကို အသံထွက်နိုင်အောင် ကူညီပေးပါ။ ကျွန်မတို့အမျိုးသမီးတွေက ဒီလောက်အထိ ဖိုဆန်တဲ့ကမ္ဘာကြီးထဲမှာ ရှင်သန်နေတယ်ဆိုကတည်းက ဒါကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ တော်လှန်နိုင်နေတုန်းဘဲဆိုတာ ပြသတာပါဘဲ”
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
လွန်းအိမ် အယ်ဒီတာ
အမျိုးသမီးအသံ၊အမျိုးသမီးအားမာန်စာစဉ်
Politics For Women Myanmar
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးတွေ နိုင်ငံရေးမှာ အပြည့်အဝပါဝင်လာနိုင်မယ်ဆိုရင် ဖိုဝါဒကြီးစိုးမှုတွေ ပပျောက်အောင် ဆောင်ရွက်နိုင်မယ်၊ ဒုတိလလိင်အဖြစ်က လွတ်မြောက်နိုင်မယ်”
လွန်းအိမ်ဟာ မွန်ပြည်နယ် ဇာတိဖြစ်ပြီး သာမာန်မိသားစုကနေ မွေးဖွားခဲ့သူပါ။ မွေးချင်း (၂) ယောက်အနက် သမီးကြီး ဖြစ်ပါတယ်။ လက်ရှိမှာ အသက် (၃၀)အရွယ်ရှိပြီ ဖြစ်ပြီး ငယ်စဉ်ကတည်းက စာရေးသားခြင်းကို ဝါသနာပါခဲ့ပြီး ငယ်ဘဝအိပ်မက်ကတော့ စာရေးဆရာမတစ်ဦး ဖြစ်ချင်ခဲ့တယ်။
၂၀၁၂ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီး မော်လမြိုင်တက္ကသိုလ်ကနေ မြန်မာစာ ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စာရေးဆရာမဖြစ်ချင်တဲ့အတွက် စာပေအဝန်းအဝိုင်းနဲ့ နီးစပ်တဲ့ သတင်းထောက်အလုပ်ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။ သတင်းသမားအဖြစ် လက်တွေ့လုပ်ကိုင် ကြည့်တဲ့အခါ ခေတ်ရဲ့ဖြစ်စဉ်တွေကို ရေးသားရတဲ့ သတင်းရေးသားခြင်းကို ပိုပြီးနှစ်သက်ခဲ့တယ်။ သတင်းရေးသားခြင်းအပြင် အတွေးအမြင် ဆောင်းပါးများ၊ ကဗျာများ၊ အက်ဆေးများကိုလည်း ရေးသားခဲ့ပါ တယ်။ တဖက်မှာလည်း အမျိုးသမီးအရေးကို စိတ်ဝင်စားသူ ဖြစ်တယ်။
အာဏာသိမ်းတဲ့အခါမှာလည်း မီဒီယာအလုပ်ကို စွဲစွဲမြဲမြဲ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ကလောင် ကနေတဆင့် စစ်အာဏာရှင်စနစ်၊ ဖိုဝါဒနှင့် လူမျိုးကြီးဝါဒတွေကို တော်လှန်လိုသူတစ်ယောက် ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ Politics For Women Myanmar မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ်ကို စတင်လုပ်ဆောင်ရာမှာ ပါဝင်ခဲ့ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ တွေမှာ အမျိုးသမီးတွေ အနှစ်သာရ ပြည့်ဝစွာ ပါဝင်ခွင့်ရရှိပြီး ဆုံးဖြတ်မှုများပြုလုပ်လာနိုင်စေဖို့နဲ့ အမျိုးသမီးတွေရဲ့ တောင်းဆိုချက်၊ လိုလားချက်နဲ့ လိုအပ်မှုတွေကို ဖော်ပြလာနိုင်ဖို့အတွက် စာစဉ်ကို နှစ်လတစ်ကြိမ် ထုတ်ဝေလျက်ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးဆရာမ အမြင်ကို ပြောပြပေးပါ။
ဖြေ။ ။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက နှစ်ပေါင်း (၇၀) ကြာ ပဋိပက္ခတွေ စစ်ပွဲတွေနဲ့ ယှဉ်တွဲနေတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ပြောလို့ရမယ်။ ဗမာစစ်တပ်ရဲ့ သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသားတွေ လိုချင်တဲ့အရာတွေ၊ သူတို့တောင်းဆိုတဲ့အရာတွေကို လျစ်လျူရှုခဲ့ပြီးတော့၊ သမိုင်းအမှန်ကို မသိအောင် နိုင်ငံရေးစိတ်မဝင်စားအောင်လုပ်ခဲ့တဲ့ စစ်တပ်ကြောင့်ပဲ မြို့ပေါ်လူတန်းစားတွေ၊ ဗမာလူမျိုးစု တွေက တခြားလူမျိုးစုတွေအပေါ် နားလည်မှုမရှိခဲ့တာ ခွဲခြားဆက်ဆံခဲ့တဲ့ အပြုအမူတွေနဲ့ နှစ်ပေါင်း ကြာရှည်အောင် နေလာခဲ့ကြတယ်။
ဒီလိုခွဲခြားဆက်ဆံတဲ့အပြုအမူတွေလို့ ပြောတဲ့အခါမှာလည်း ဗမာလူမျိုး ပြည်သူတွေကို အပြစ်လုံးလုံးကြီး တင်လို့တော့ မရဘူးပေါ့။ စစ်တပ်ကပေးတဲ့ ပညာရေး ဝါဒဖြန့်မှုတွေ အောက်မှာ ကြီးပြင်းလာကြရတာ ဖြစ်တဲ့အတွက်လည်း အမှန်တရားကိုမသိလို့ ပြုမူမိခဲ့ကြတာလို့ ပြောရမယ် ထင်တယ်။
ဒါပေမယ့် အရပ်သားအစိုးရတက်လာတဲ့အချိန်မှာ တိုင်းရင်းသားတွေအတွက် ထင်သလောက် မျှော်လင့်ချက် မထားနိုင်ခဲ့ဘူး။ NLD အစိုးရလက်ထက်မှာ ဖြစ်ခဲ့တဲ့ ချောင်းဆုံက ဗိုလ်ချုပ်အောင်ဆန်းတံတားကိစ္စတို့ ကရင်နီက ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဒါတွေက အကျဉ်းတန်တဲ့ဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်။ နောက်တခုက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်တဲ့ ကိစ္စတုန်းကဆိုရင်လည်း မီဒီယာတွေက အရှိတရားကို ဖော်ထုတ်ရေးသား တဲ့အတွက် ဖမ်းဆီးထောင်ချခံရတဲ့ ကိစ္စတွေလည်း ရှိခဲ့တယ်ပေါ့နော်။ အဲ့တုန်းကဆိုလည်း မီဒီယာသမားတွေ ကို ဆဲဆိုဝေဖန်ကြတာတွေ အများကြီးရှိခဲ့တယ်။
အခုတော့ ဒီဆဲဆိုဝေဖန်ခဲ့ကြတဲ့ သူတွေက အမှန်တရားကို တန်ဖိုးကြီးကြီးပေးပြီး သိလာခဲ့ရပြီလို့ ထင်ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တော့ ဒီလိုဖြစ်ရပ်တွေက တကယ်ပါလားဆိုတာကို မျက်ဝါးထင်ထင် သိလာ ကြတယ်။ ဒါက အဆိုးထဲက အကောင်းလို့ ပြောလို့ရမယ်ထင်တယ်။ တိုင်းရင်းသားတွေ၊ လူနည်းစုတွေအပေါ် စစ်တပ်က ဖိနှိပ်မှုတွေကို အာဏာသိမ်းမှုကြောင့်ပဲ ကောင်းကောင်းသိလာကြတယ်။ အော်ဒီလိုပါလား။
အရင်က စစ်တပ်မကောင်းဘူးလို့ ပြောခဲ့ကြပေမယ့် ဟုတ်ပါ့မလား ဆိုတဲ့ သံသယစိတ်နဲ့သူတွေ ကိုယ်တိုင် အမြင်တွေ ပြောင်းလဲကြတယ်။ အာဏာသိမ်းမှုကတော့ အဆိုးဝါးဆုံးဖြစ်တယ်။ ဒါပေမယ့် ဒီအာဏာသိမ်းမှု ကြောင့်ပဲ မြန်မာ့နိုင်ငံရေးကို အသစ်ပြန်စဖို့ အခွင့်အရေးတခုလို့ ပြောလို့ရမယ် ထင်ပါတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ်မှာခွဲခြားတဲ့အယူအဆတွေ ပြောင်းလဲ သွားတယ်လို့ ထင်လား။ ဘာတွေပြောင်းလဲသွားတယ်လို့ မြင်တွေ့ရလဲ။
ဖြေ။ ။ အရင်တုန်းကလောက်တော့ ဆိုးဆိုးဝါးဝါးမဟုတ်တော့ဘူးလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုရင် လူမှုကွန်ရက်သုံးစွဲသူတွေ၊ လူမှုကွန်ရက်မှာ တက်လာတဲ့အကြောင်းအရာတွေကို အရင်ကြည့်မယ်ဆို အိမ်တွင်း အကြမ်းဖက်မှုလိုမျိုး၊ အမျိုးသမီးတွေကိုခွဲခြားတဲ့အသုံးအနှုန်းနဲ့ပြောတာမျိုးတွေ ဒါတွေကိုဆို ဆန့်ကျင်လာတာ တွေ့ရတယ်။
နောက်ထဘီအလံထူသပိတ်တွေလည်း ပေါ်လာတယ်။ အရင်တုန်းကဆို အမျိုးသမီးဝတ် ထဘီတို့၊ အဝတ်စတို့ဆို ဘုန်းနိမ့်တယ်လို့ ယူဆကြတဲ့မြန်မာနိုင်ငံမှာ ဒီလိုမျိုး ထဘီကိုအလံအဖြစ် အသုံးပြုတဲ့ ကိစ္စတွေက အာဏာသိမ်းနောက်မှာ ထူးခြားတဲ့ပြောင်းလဲမှုလို့ ပြောလို့ရတယ်။ လူမှုပတ်ဝန်းကျင်က အမျိုးသမီးတွေကို အကြမ်းဖက်တာမျိုးဆိုရင် လူထုက ထောက်ပြနေတတ်ကြပြီ။ အညာက အမျိုးသမီး ဦးဆောင်တဲ့သပိတ်တွေကို ကြည့်မယ်ဆိုရင်လည်း ရှေးရိုးစွဲမှုများတဲ့ ဒေသတွေမှာတောင် ဒီလိုပြောင်းလဲမှုတွေ ဖြစ်နေတာကို တွေ့နေရပြီပေါ့နော်။
နောက်မီဒီယာတွေမှာဆိုလည်း အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာ တွေကို ထောက်ပြရေးသားလာကြတာ တွေ့ရတယ်။ ဖိုဝါဒီကြီးစိုးမှုတွေကို သိလာကြတယ်။ လက်မခံကြ တော့ဘူး။ ဒါပေမယ့် အများကြီးပြောင်းလဲသွားတာတော့ မဟုတ်သေးဘူး။ တော်လှန်ရေးအသိုင်းအဝိုင်းက သူတွေထဲမှာတင် ဖိုဝါဒကြီးစိုးမှုတွေ အများကြီးကျန်နေသေးတာကို မြင်ရပါတယ်။
မေး။ ။ စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့အတွက် မီဒီယာရဲ့အခန်းကဏ္ဍက ဘယ်လောက် အရေးကြီးပါသလဲ။
ဖြေ။ ။ အရမ်းအရေးကြီးပါတယ်။ ကျွန်မတို့ လူထုဒေါ်အမာတို့၊ ဒေါ်ခင်မျိုးချစ်တို့၊ ဂျာနယ်ကျော်မမလေးတို့ ခေတ်တုန်းကဆိုလည်း သတင်းစာရဲ့အခန်းကဏ္ဍက နိုင်ငံရေးအပြောင်းအလဲတွေကို ဖော်ဆောင်ခဲ့ကြတယ်။ အာဏာသိမ်းစတုန်းကဆိုလည်း လူထုကမီဒီယာကို တအားအားကိုးတာကို တွေ့ရတယ်။ တခုခုဆိုတာနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြစေချင်တယ်။ မီဒီယာကိုလည်း သတင်းတွေပို့ကြတယ်။ နောက် CJ တွေလည်း ပေါ်လာတယ်။ တော်လှန်ရေးမှ မဟုတ်ဘူးပေါ့။ မီဒီယာက နိုင်ငံတခုရဲ့ အသက်သွေးကြောလို့တောင် ပြောလို့ရပါမယ်။
မီဒီယာရဲ့အားကောင်းလို့လည်း စစ်ကောင်စီက သတင်းဌာနတွေကို ပိတ်သိမ်းတာ၊ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်နေတာပေါ့နော်။ တော်လှန်ရေးအောင်မြင်ဖို့အတွက် ပြည်သူတွေက ကြိုးစားနေကြသလို မီဒီယာသမားတွေကလည်း ကြိုးစားနေကြပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ရှောင်တိမ်းဖို့အတွက် မီဒီယာအလုပ်ကို ဆက်ပြီးမလုပ်ရမှာစိုးတဲ့အတွက် တဖက်နိုင်ငံမှာ ခက်ခက်ခဲခဲနဲ့ ရုန်းကန်ပြီး ဒီအလုပ်ကို ဆက်လုပ်နေကြသူတွေလည်း ရှိကြတယ်။ တကယ် တိုက်ပွဲဖြစ်တဲ့ ဒေသတွေမှာ စစ်ဘေးရှောင်ရင်းနဲ့ ဒီအလုပ်ကို ဆက်လုပ်နေကြသူတွေလည်း ရှိပါတယ်။
မေး။ ။ ကိုယ်တိုင်အနေနဲ့ မီဒီယာလုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရတာကြုံရလား။
“ဖိုဝါဒကို တိုက်ဖျက်ဖို့အတွက် မီဒီယာတွေကိုယ်တိုင်က အမျိုးသမီးတွေကို ခွဲခြားတဲ့အသုံးအနှုန်းတွေနဲ့ မဖော်ပြတာမျိုး၊ ဂျဲန်ဒါတန်းတူရေးအတွက် စဉ်းစားတဲ့ story idea တွေကို စဉ်းစားပြီးတော့ ရေးသားတာမျိုးတွေ လုပ်နိုင်တယ်”
ဖြေ။ ။ ခွဲခြားဆက်ဆံရတာတွေကတော့ နေရာတိုင်းမှာ ကြုံရတယ်ပေါ့နော်။ ဒါပေမယ့် သတင်းသမား အလုပ်ကကျတော့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီးလုပ်ရတာဖြစ်တဲ့အတွက် ဒီအလုပ်ကို စရွေးချယ် ကတည်းက ငါလည်းလုပ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့လုပ်ခဲ့တာ ဖြစ်တယ်။ လုပ်ဖော်ကိုင်ဖက်တွေ၊ စီနီယာတွေဆီက ခွဲခြားဆက်ဆံခံရတာမျိုး မကြုံရဘူး။ ဒါပေမယ့် အလုပ်ခန့်ထားရေးနဲ့ပတ်သက်တဲ့ HR လိုမျိုး အယ်ဒီတာချုပ် လိုနေရာက လူကြီးတွေဆီကတော့ ခွဲခြားဆက်ဆံတာခံရတယ်။
တခါတုန်းက ကျွန်မက သတင်းဌာနတခုမှာ အလုပ်လျှောက်တယ်ပေါ့နော်။ သူတို့က ကျွန်မကိုတော့ ခန့်လိုက်တယ်။ ကျွန်မတို့ မီဒီယာမှာက ကဏ္ဍ အလိုက် ကိုယ်ကျွမ်းကျင်ရင်းနှီးတဲ့ သတင်းတွေကို တာဝန်ယူကြ၊ ရေးသားကြရတာဆိုတော့ ကျွန်မက နိုင်ငံရေးနဲ့ ပတ်သက်တဲ့သတင်းတွေ ရေးနေကြဖြစ်တယ်လို့ အင်တာဗျူးမှာ ဖြေခဲ့တယ်။
ကျွန်မကို သူတို့ အလုပ်ခန့်ပြီးနေရာချထားပေးတာက နိုင်ငံရေးသတင်းရေးတဲ့အပိုင်း မဟုတ်ဘူး။ တခြားအထွေထွေသတင်း ရေးတဲ့အပိုင်း ဖြစ်နေတယ်။ ကျွန်မကတော့ ဘာဖြစ်ဖြစ် အဆင်ပြေတယ်။ သတင်းသမားက ဘယ်သတင်း ဖြစ်ဖြစ် တာဝန်ပေးရင် လုပ်မှာပဲပေါ့။ ဖြစ်ချင်တော့ အဲ့တုန်းက ကျွန်မနဲ့အတူတူ အင်တာဗျူးဖြေတဲ့ အမျိုးသား တစ်ဦးလား နှစ်ဦးလား မသိဘူးရှိတယ်။ သူတို့ကို အဓိကခန့်ထားချင်တာက နိုင်ငံရေးသတင်းရေးတဲ့နေရာ အတွက် ခန့်ထားချင်တာပေါ့နော်။ ဖြစ်ချင်တော့ သူတို့က ဆေးစစ်ချက်ကျတယ်။
အဲ့တော့ သူတို့ အလုပ်မဝင်ခဲ့ကြရဘူးပေါ့နော်။ အဲ့တော့မှ အဲ့အမျိုးသားတွေကို ခန့်မယ့်နေရာကို ကျွန်မကပြန်ပြောင်းပြီး တာဝန်ပေးအပ်တာမျိုးတွေ ကြုံရတယ်။ ခေါင်းဆောင်ပိုင်းတွေမှာ နေရာယူထားတဲ့သူတွေက အမျိုးသမီး ဖြစ်လို့ဆိုပြီး နေရာမပေးတာမျိုးတွေတော့ ကြုံခဲ့ဖူးပါတယ်။
“လွတ်လပ်တဲ့ မီဒီယာတွေရှိနေသရွေ့ကတော့ တရားမျှတမှုတွေကို ဆက်လက်ဖော်ဆောင်ပေးနေနိုင်ဦးမှာပဲ ဖြစ်တယ်”
မေး။ ။ ဂျဲန်ဒါတန်းတူညီမျှရေးအပါအဝင် တန်းတူညီမျှမှု၊လွပ်လပ်မှု၊ တရားမျှတမှု မြင့်တက်လာဖို့ မီဒီယာတွေအနေနဲ့ ဘယ်လိုလုပ်ဆောင်ပေးနိုင်ပါသလဲ။
ဖြေ။ ။ မီဒီယာတွေကိုယ်တိုင်က အမျိုးသမီးတွေကို ခွဲခြားတဲ့အသုံးအနှုန်းတွေနဲ့ မဖော်ပြတာမျိုး၊ ဂျဲန်ဒါ တန်းတူရေးအတွက် စဉ်းစားတဲ့ story idea တွေကို စဉ်းစားပြီးတော့ ရေးသားတာမျိုးတွေ လုပ်နိုင်မယ်။ တရားမျှတမှု မြင့်တက်လာဖို့ကတော့ အစောကတည်းက မီဒီယာဆိုတာက တရားမျှတမှုတွေကိုပဲ ဖော်ထုတ် ရေးသားနေကြတာ ဖြစ်တယ်။
လွတ်လပ်တဲ့ မီဒီယာတွေရှိနေသရွေ့ကတော့ တရားမျှတမှုတွေကို ဆက်လက် ဖော်ဆောင်ပေးနေနိုင်ဦးမှာပဲ ဖြစ်တယ်။ စစ်အာဏာသိမ်းမှုဖြစ်တယ်ဆိုပေမယ့် အခု နွေဦးတော်လှန်ရေးက ခေတ်နောက်ပြန်မသွားတော့ဘူး။ အရင်လို စစ်တပ်က သူတို့ဘာသူတို့ ဘယ်လိုပဲ ဝါဒဖြန့်ဖြန့် ပြည်သူရော စာဖတ်ပရိတ်သတ်ရောက ဘယ်မီဒီယာကအမှန်၊ ဘယ်မီဒီယာက ဝါဒဖြန့်နေတယ်ဆိုတာ ခွဲခြားတက်နေပြီ။
ဂျဲန်ဒါတန်းတူရေးဆိုလည်း အခုဆိုမီဒီယာတွေမှာဆို တော်လှန်ရေးအင်အားစုတွေက ပြုလုပ်တဲ့ အမျိုးသမီး တွေပါဝင်တဲ့ စကားဝိုင်းတွေကို မီဒီယာတွေကတဆင့် ထုတ်လွှင့်နေကြပြီ။ နောက်ပြီး တော်လှန်ရေး အင်အားစုတွေက ဦးဆောင်နေတဲ့ မီဒီယာအသစ်တွေလည်း အများကြီးရှိနေပြီ ဆိုတော့ တန်းတူညီမျှမှု၊ လွပ်လပ်မှု၊ တရားမျှတမှုကတော့ ရှေ့ဆက်ပြီး ပိုကောင်းလာဖို့ပဲ ရှိတယ်။ တော်လှန်ရေး အားကောင်း နေသမျှတော့ နောက်ပြန်သွားမှာမဟုတ်ဘူး။
မေး။ ။ အမျိုးသမီးခေါင်းဆောင်တွေ ပိုမိုထွက်ပေါ်လာဖို့အတွက် မီဒီယာကနေ ဘယ်လိုဆောင်ရွက် ပေးနိုင်ပါသလဲ။
ဖြေ။ ။ နိုင်ငံရေးမှာပါဝင်နေတဲ့ အမျိုးသမီးတွေအကြောင်း ရေးသားဖော်ထုတ်တာတွေ၊နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့အမျိုးသမီးတွေအကြောင်း ရေးသားဖော်ထုတ်တာတွေကို ဆောင်ရွက်ခြင်းအားဖြင့် အမျိုးသမီး ခေါင်းဆောင်တွေ ပိုထွက်လာစေမှာ ဖြစ်တယ်။ လက်ရှိ အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အမျိုးသမီးတွေကို အင်တာဗျူးတာမျိုး စကားဝိုင်းတွေပြုလုပ်တာမျိုး၊ သုံးသပ်ချက်တွေတောင်းတဲ့အခါ အမျိုးသား၊ အမျိုးသမီး မျှတအောင် မေးတာမျိုးတွေလည်း ဆောင်ရွက်လို့ ရပါတယ်။
အဓိကကတော့ အမျိုးသမီးတွေရဲ့အသံကို များများဖော်ထုတ်ရေးသားတာက အမျိုးသမီးခေါင်းဆောင်တွေပိုမိုပေါ်ထွက်လာဖို့ တွန်းအားဖြစ်စေမယ်။ နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့အမျိုးသမီးတွေအကြောင်းကို ဖော်ထုတ်လိုက်ခြင်း အားဖြင့် ဒီအမျိုးသမီးတွေ ကိုယ်တိုင်အနေနဲ့လည်း ကိုယ့်ကိုကို ယုံကြည်မှုတွေတိုးလာပြီးတော့ အလုပ်တွေအများကြီးပိုလုပ်ဖို့ တွန်းအားဖြစ်စေမယ်။ ဒီလိုအမျိုးသမီးတွေအကြောင်းကို ဖတ်ရှုရတဲ့ စာဖတ်ပရိတ်သတ်တွေအနေနဲ့လည်း အားကျစရာကောင်းပြီး motivation တွေရစေမှာ ဖြစ်ပါတယ်။
မေး။ ။ တော်လှန်ရေးလေးနှစ်တာ ကာလမှာ အမျိုးသမီးတွေအနေနဲ့ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လို ကဏ္ဍတွေမှာ ထင်ထင်ရှားရှားမြင်တွေ့နေရပြီလို့သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးအရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းအသစ်တွေပေါ်လာတာကို တွေ့ရတယ်။ သပိတ် အင်အားစုတွေမှာဆိုလည်း အမျိုးသမီးတွေ ဦးဆောင်ပြီးထွက်လာကြတာတွေ တွေ့ရတယ်။ ဒီလိုနေရာတွေမှာ အမျိုးသမီးတွေက သူတို့ဦးဆောင်နေတာဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာလည်း ပါဝင်နေကြ ရလိမ့်မယ်လို့ ထင်တယ်။
စစ်ရေးဘက်မှာတော့ အမျိုးသမီးတွေ နည်းနေသေးပေမယ့် ထောက်ပို့လိုနေရာတွေ၊ ရန်ပုံငွေရှာဖွေတဲ့ ကမ်ပိန်းတွေမှာဆို အမျိုးသမီးတွေလည်း တွေ့ရတော့ တပ်ဖွဲ့ရဲ့ခွင့်ပြုချက်လောက်သာ ယူရပြီး ကမ်ပိန်း idea တွေ fun raising မှာသုံးမယ် idea တွေ မဲဖောက်မယ့် ပစ္စည်းတွေ ဒါတွေကိုဆိုရင်တော့ ကမ်ပိန်းကိုဦးဆောင်နေတဲ့ အမျိုးသမီးတွေက ဆုံးဖြတ်ခွင့် ရမယ်လို့ ထင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ရမယ်ဆို အနာဂတ် နိုင်ငံရေးက ဘယ်လိုအပြောင်းအလဲတွေ မြင်တွေ့ကြရမလဲ။
ဖြေ။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လုပ်ဆောင်လို့ရမယ်ဆို အမျိုးသမီးတွေ ပါဝင်တဲ့အတွက် အမျိုးသမီးအရေးတွေ ပိုပြီးအားကောင်းလာမယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှု တွေ လျော့နည်းလာအောင် လုပ်လို့ရမယ်။ အမျိုးသမီးတွေ ပညာသင်ကြားမှုတွေ ပိုပြီးအားကောင်းလာမယ်။ အမျိုးသမီးတွေကို အပြည့်အဝအကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ပေါ်ပေါက်လာမယ်။
ဖိုဝါဒကြီးစိုးမှုတွေ ပပျောက်အောင် ဆောင်ရွက်နိုင်မယ်၊ ဒုတိယလိင်အဖြစ်က လွတ်မြောက်နိုင်မယ်။ အမြဲတမ်းဖိနှိပ်ခံရတဲ့ အခြေအနေ၊ ခွဲခြားဆက်ဆံခံရတဲ့ အခြေအနေတွေကနေ ပျောက်ကွယ်နိုင်မယ်။အမျိုးသမီးတွေကို လေးစားမှုရှိတဲ့ လူမှုအသိုင်းအဝိုင်းကို တည်ဆောက်လို့ရမယ်။ ဒီကနေတဆင့် တန်းတူညီမျှပြီး စိတ်ချမ်းသာ စရာကောင်းတဲ့ နိုင်ငံသစ်ကို မြင်တွေ့ကြရမယ်လို့ ထင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့ အနာဂတ်နိုင်ငံသစ်ကို ဘယ်လောက်အထိ မျှော်လင့်ထားပါသလဲ။
ဖြေ။ ။ အများကြီး မျှော်လင့်ထားပါတယ်။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတော့ဘူးဆိုရင် အမျိုးသမီး အယ်ဒီတာတွေ များများပေါ်ထွက်လာမယ်၊ အမျိုးသမီးသတင်းသမားတွေ အများကြီး ပေါ်ထွက်လာမယ်။ ရှုထောင့်ပေါင်းစုံက တန်းတူရေးတွေ ပိုပြီး ဖြစ်လာစေမယ်။ သတင်းသမားအလုပ်ကို အမျိုးသမီးတွေအနေနဲ့ ဝါသနာပါကြပေမယ့် ကလေးပြုစုစောင့်ရှောက်ရတာ၊ မိသားစုအတွက် အချိန်ပေးရတာ ဒါတွေနဲ့ယှဉ်လာရင် ဒီအလုပ်ကို လက်လျော့လိုက်ကြတဲ့ အမျိုးသမီးတွေလည်း ရှိတယ်ပေါ့နော်။
အနာဂတ်မှာ ဒီလိုမျိုး အမျိုးသမီး တွေအပေါ် ခွဲခြားမှုတွေ မရှိတော့ဘူး၊ အိမ်ထောင်မှုတာဝန်တွေကို အမျိုးသမီးတွေကချည်း မထမ်းရတော့ဘူး ဆိုရင် မီဒီယာလောကမှာလည်း တကယ်တော်တဲ့ အမျိုးသမီးအယ်ဒီတာတွေ၊ အမျိုးသမီးသတင်းသမားတွေ အများကြီး ရှိလာပါလိမ့်မယ်။
“အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတော့ဘူးဆိုရင် အမျိုးသမီးအယ်ဒီတာတွေ များများပေါ်ထွက်လာမယ်၊ အမျိုးသမီးသတင်းသမားတွေ အများကြီး ပေါ်ထွက်လာမယ်။ ရှုထောင့်ပေါင်းစုံက တန်းတူရေးတွေ ပိုပြီး ဖြစ်လာစေမယ်”
“ခေတ်ဝန်ကို ထမ်းသောအမျိုးသမီးများ” စာအုပ်ကို အောက်ပါလင့်ခ်တွင် ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on