ရွှေနွယ် သတင်းထောက်
မဇ္ဈိမသတင်းဌာန
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“ကိုယ့်အခွင့်အ‌ရေးမှန်းမသိဘဲနဲ့ အိမ်ထဲမှာပဲနေနေကြရတဲ့ မိန်းကလေးတွေလည်း ရှိနေသေးတယ်။ ဒါက သူ့အခွင့်အရေးဖြစ်တယ်။ မိသားစုပဲဖြစ်ဖြစ် အသိုင်းအဝိုင်းကပဲဖြစ်ဖြစ် တားလို့မရဘူး။ ဒါကို သူကိုယ်တိုင် သိရမယ်။ သိမှလည်း တိုက်ပွဲဝင်နိုင်မယ်။ ဒီလိုအခြေအနေတွေကနေတဆင့်မှ ခွဲခြားမှုမရှိတဲ့နိုင်ငံဖြစ်အောင်လို့ တူတူဝိုင်းပြီးတော့ လုပ်ကြရလိမ့်မယ်လို့ မြင်ပါတယ်”


            မရွှေနွယ်ဟာ ပဲခူးတိုင်းဇာတိဖြစ်ပြီး ငယ်ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းခဲ့ပါတယ်။ နိုင်ငံရေးစိတ်အားထက်သန်တဲ့ မိသားစုကနေ ဖွားမြင်ခဲ့ပြီး မွေးချင်း နှစ်ယောက် ရှိတဲ့အနက် သမီးငယ် ဖြစ်ပါတယ်။ ဇာတိမြို့ကကျောင်းမှာပဲ အထက်တန်းအောင်ခဲ့ပြီး ပြည်နည်းပညာတက္ကသိုလ်မှာ ပညာ သင်ကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ လျှပ်စစ်ဆက်သွယ်ရေးဘာသာရပ်နဲ့ဘွဲ့ရပြီး နည်းပညာကုမ္ပဏီမှာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။  လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီက အစိုးရဝန်ကြီးဌာနတွေနဲ့ ဆက်စပ် လုပ်ကိုင်ရတဲ့ ကုမ္ပဏီဖြစ်တာကြောင့် အာဏာသိမ်းပြီးနောက်မှာ အလုပ်ထွက်ခဲ့ပါတယ်။ မိသားစု လေးယောက်လုံးက အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေဖြစ်ပြီး CDM ဝန်ထမ်းနှစ်ဦးလည်း ပါဝင်တယ်။

            အာဏာမသိမ်းခင်ကာလတုန်းက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်မပါဝင်ခဲ့ပေမယ့် မိသားစု ကတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်ကြကာ ၈၈၈၈ လှုပ်ရှားမှုမှာပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။ အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့အတွက် တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။

            နေအိမ်ချိပ်ပိတ်ခံရသလို၊ မိသားစုဝင်တွေထဲမှာလည်း ဖမ်းဝရမ်းထုတ်ခံရသူတွေ ရှိနေတာကြောင့် ၂၀၂၁ ခုနှစ် ဧပြီလမှာ လွတ်မြောက်နယ်မြေကို တိမ်းရှောင်အခြေချခဲ့ပြီး တော်လှန်ရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်ပါခဲ့တယ်။ နောက်ပိုင်း ထိုင်းနိုင်ငံ နယ်စပ်ဒေသကို ထွက်လာခဲ့ပါတယ်။

            ၂၀၂၂ ခုနှစ်မှာတော့ မဇ္ဈိမသတင်းဌာနမှာ သတင်းထောက်နဲ့ သတင်းတင်ဆက်သူအဖြစ် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ မဇ္ဈိမသတင်းဌာနဟာ ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်သော မီဒီယာအဖြစ် ရပ်တည်ခဲ့သည်မှာ ယခု ၂၀၂၅ ခုနှစ်တွင် နှစ်ပေါင်း ၂၇ နှစ်ရှိပြီ ဖြစ်ပါတယ်။  


မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်ပြီးဆရာမ အမြင်ကို ပြောပြပေးပါရှင့်။

ဖြေ။      ။ မြန်မာနိုင်ငံကအာဏာရှင်ရဲ့အုပ်ချုပ်မှုက အရမ်းသက်ဆိုးရှည်လွန်းတယ်။ ကြားထဲမှာ တဖြတ် လောက်ပဲ ဒီမိုကရေစီအရသာ နည်းနည်းလောက် ခံစားခဲ့ရတာရှိတယ်။ တတိုင်းပြည်လုံးက ဖိနှိပ်မှုအောက်မှာ နှစ်ပေါင်းကြာရှည်စွာနေခဲ့ရတာကို အားလုံးညီညီညွတ်ညွတ်နဲ့ မြန်မာပြည် အထက်ဖျားပိုင်းကနေ အောက်ဖျား ပိုင်းအထိ တွန်းလှန်ကြတယ်။ ကိုယ်ကျရာကဏ္ဍကနေ အတန်းအစားမျိုးစုံက တွန်းလှန်ခဲ့ကြတယ်။

ဒီလောက်အချိန်ကာလတခုမှာ ဒီလောက်ဖြစ်လာမယ်လို့ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၂၂ အချိန်တုန်းက မထင်ထားဘူး။ ၂၀၂၃ နှစ်စပိုင်းအထိလည်း အခြေအနေတော့ကောင်းတယ်ဆိုတာမျိုးတွေ့ရပေမယ့် ၁၀၂၇ စစ်ဆေးရေးနောက်ပိုင်းမှာ ၁၀၂၇ တိုက်တဲ့အဖွဲ့တွေရော၊ ရခိုင်ဘက်ကတိုက်ပွဲတွေ၊ KIA ဘက်က တိုက်ပွဲတွေ၊ မြန်မာနိုင်ငံအလယ်ပိုင်းမှာဆိုလည်း မန္တလေး PDF တို့၊ စစ်ကိုင်းဒေသ PDF တွေ အားလုံးတညီတညွတ်ထဲ အားကောင်းလာတော့ ၂၀၂၃ အကုန်ကနေ ၂၀၂၄ အကုန်အထိ တစ်နှစ်လောက်အတွင်းအရွေ့က အရမ်းအကြီးကြီး ဖြစ်သွားတယ်။ ဒါကစစ်ရေးအခြေအနေပေါ့။

နိုင်ငံရေးအရပြောမယ်ဆို မူဝါဒချမှတ်ဖို့ပဲဖြစ်ဖြစ် ကြားကာလအုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့အစီအမံတွေပဲ ဖြစ်ဖြစ် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက် ဖွဲ့စည်းပုံပဲဖြစ်ဖြစ် ဒါတွေနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေ ရှိနေကြသေးတယ်။ နယ်မြေသိမ်းယူနေကြတဲ့ အဖွဲ့အချင်းချင်းကြားထဲမှာ မဟာမိတ်ဆက်ဆံရေး ခိုင်ခိုင်မာမာတည်ဆောက်နိုင်ဖို့ လိုအပ်ချက်တချို့ ရှိနေလိမ့်ဦးမယ်လို့ မြင်တယ်။ဒါပေမယ့် ၂၀၂၅ ထဲမှာတော့ စစ်ရေးနဲ့တပြိုင်နက် နိုင်ငံရေးကို ဒီအဖွဲ့တွေအားလုံးက တညီတညွတ်ထဲ လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ရတယ်။

နိုင်ငံရေးဖြစ်စဉ်အနေနဲ့ စစ်အာဏာရှင်က ၂၀၂၅ထဲမှာ ပြုတ်ကျသွားမလားဆိုတာ အတိအကျပြောလို့ ရတဲ့အခြေအနေမျိုး မဟုတ်ပေမယ့် အခြေအနေအကြောင်းတရားတွေ အများကြီးရှိနေသေးတယ်လို့ ထင်တယ်။ ပြုတ်ကျသွားဖို့ တခြားသောဖိအားထပ်ရှိလာနိုင်တယ်ဆိုရင်တော့ ပြုတ်ကျသွားတဲ့အခြေအနေမျိုး ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ပြုတ်ကျသွားတဲ့အခြေအနေကျရင် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့ အတွက် အဖွဲ့အသီးသီးက အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။

“စစ်အာဏာရှင်က ၂၀၂၅ထဲမှာ ပြုတ်ကျသွားမလားဆိုတာ အတိအကျ ပြောလို့ရတဲ့အခြေအနေမျိုး မဟုတ်ပေမယ့် အခြေအနေ၊ အကြောင်းတရားတွေ အများကြီးရှိနေသေးတယ်လို့ ထင်တယ်။ ပြုတ်ကျသွားတဲ့အခြေအနေကျရင် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့ အဖွဲ့အသီးသီးက အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်”
 

မေး။     ။မြန်မာ့နိုင်ငံရေးက ဘယ်လိုနိုင်ငံအမျိုးအစား ဖြစ်ပါသလဲ။

‌ဖြေ။      ။ မြန်မာနိုင်ငံက လူမျိုးစုအရမ်းများတဲ့နိုင်ငံ ဖြစ်တယ်။ လူမျိုးစုတခုချင်းစီကြားထဲမှာ သွေးကွဲအောင်၊ စည်းလုံးညီညွတ်မှု ခိုင်ခိုင်မာမာမရှိအောင်လည်း ခေတ်အဆက်ဆက်မှာ အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုတွေ ကြောင့် စုစည်းလို့မရတဲ့အနေအထားတခု ရှိခဲ့တယ်။ လက်ရှိမှာတော့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးရဲ့ မူရင်းစိတ်ထားမှာ သူတို့ထုတ်ပြောနေတဲ့ အခြေအနေ အရ ကြည့်မယ်ဆိုရင်လည်း ပြိုကွဲချင်တဲ့စိတ်‌တော့မရှိဘူး။

အားလုံးဟာ စုစည်းချင်တဲ့စိတ်ဘဲ ရှိကြတယ်။ တန်းတူညီမျှရေး ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေး မျိုးရှိလာမယ့် ဖွဲ့စည်းပုံတခု၊ အားလုံးပါဝင်ပြီးတော့ တည်ထောင်နိုင်မယ့် နိုင်ငံတခုဖြစ်လာနိုင်ဖို့ စည်းလုံးညီညွတ်မှုနဲ့ မဟာမိတ်ဆက်ဆံရေးကောင်းကောင်းနဲ့ ဆက်လုပ်ဖို့ လိုနေလိမ့်မယ်လို့ ထင်ပါတယ်။
 

မေး။     ။အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လူထုရဲ့အတွေးအမြင်၊ လက်ခံမှုမှာ ဘာတွေပြောင်းလဲသွားလဲ။

ဖြေ။      ။အာဏာမသိမ်းခင်အခြေအနေက ကျွန်တော် (သတင်းထောက်မဖြစ်သေး) တို့ရောအပါအဝင်  လူတွေအားလုံးက သတင်းကို ဖတ်ရမယ်ဆိုတဲ့ အသိနည်းကြတယ်။ နေ့စဉ်သတင်း မဖတ်ဖြစ်ကြဘူး။ တပတ်နေလို့ တခါလည်းဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်မယ်။ အရမ်း hit ဖြစ်လာတဲ့သတင်းမျိုးတွေရှိမှသာ လိုက်ကြည့် တာမျိုးရှိတယ်။

ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာလည်း အား‌ကောင်းလာတဲ့ခေတ် ဖြစ်လာတဲ့အတွက် လူတန်းစားမ‌ရွေး သတင်းကိုအလွယ်တကူဖတ်လို့ရတဲ့ အခြေအနေဖြစ်လာတယ်။ သတင်း ဌာနတွေလည်း အများကြီးရှိလာတယ်။ သတင်းစားသုံးသူလည်း အရမ်းများလာတယ်။ သတင်းနဲ့ပတ်သက်ရင် ငါဖတ်ရမယ်ဆိုတဲ့အသိလည်း အများကြီးရှိလာတယ်။
 

မေး။     ။ အမျိုးသမီးတွေအပေါ် ခွဲခြားတဲ့အတွေးအမြင်တွေ ဘယ်လောက်အထိပြောင်းလဲသွားလဲ။

ဖြေ။      ။ တနိုင်ငံလုံးမှာရှိတဲ့လူတွေအနေနဲ့ အနည်းနဲ့အများတော့ အမြင်တွေ ကျယ်လာကြတယ်။ ၂၀၁၀ လောက်ကိုပဲ ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေနဲ့ပတ်သက်လို့ ကျား၊ မတန်းတူရေးတို့ လူ့အခွင့်အရေးတို့ ဆိုတာဘာလဲလို့ အများကြီးနားမလည်ကြဘူး။ သိတဲ့လူ မများကြဘူး။ ဒီနောက်ပိုင်းခေတ်တွေမှာတော့ ဘယ်နိုင်ငံက ယဉ်ကျေးမှုကို ကြည့်ချင်တာပဲဖြစ်ဖြစ် အလွယ်တကူ မြင်နေတွေ့နေရတဲ့အချိန်မှာ အသိဉာဏ် လည်း ကျယ်လာကြတယ်။

အမျိုးသမီးတွေကို ဒီလိုဖိနှိပ်နေတာ မဖြစ်သင့်ဘူး။ အမျိုးသမီးတွေကို အိမ်ထဲမှာပဲ နေရမယ်ဆိုတဲ့အခြေအနေမျိုး မဟုတ်တော့ဘူးဆိုတဲ့ အခြေအနေမျိုးတော့ ဖြစ်လာတယ်။ အထိုက်အလျောက် တော့ ကျား၊မတန်းတူရေးမှာ အရွေ့တခုတော့ ရှိနေတယ်လို့ မြင်တယ်။ ဒါပေမယ့် ရာနှုန်းပြည့်တော့ ဖြစ်မလာသေးဘူး။

မေး။     ။  နွေဦးတော်လှန်ရေးမှာ မီဒီယာရဲ့ကဏ္ဍက ဘယ်လောက်အထိ၊ဘယ်လိုပုံစံမျိုးနဲ့တည်ရှိနေလဲ။

ဖြေ။      ။မီဒီယာဆိုတာက နိုင်ငံတည်ဆောက်ရေးမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တယ်လို့တော့ နားလည်တယ်။ မီဒီယာဆိုတဲ့နေရာမှာ လက်ရှိက စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ရေးနေတဲ့ မီဒီယာတွေက တော်လှန်ရေး အတွက် လုပ်နေတယ်လို့ အများက မြင်ကြတယ်။ မီဒီယာက ဘက်လိုက်တယ်ဆိုတာမျိုး မြင်ကြတယ်။ အမှန်တော့ မီဒီယာက စစ်ကောင်စီက ဒါမျိုးတွေကျူးလွန်တယ်။

ဒါမျိုးတွေလုပ်နေတယ်ဆိုတာ နိုင်ငံတကာ ကလည်း သိရအောင် နိုင်ငံတွင်းမှာရှိနေတဲ့ ဒေသတခုနဲ့တခုကြားမှာ ဆက်သွယ်ရေး အခက်အခဲကြောင့် မသိလိုက်ရတဲ့အခြေနေမျိုးမှာ ဒါတွေကိုသိရအောင် သတင်းစီးဆင်းမှုအတွက် မီဒီယာကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍအနေနဲ့ ပါဝင်နေတယ်လို့ မြင်တယ်။

ရှေ့လာမယ့်နိုင်ငံထူထောင်ရေးကာလပဲဖြစ်ဖြစ် ကြားကာလ မှာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးဖြစ်လာပြီဆိုရင် စစ်ကောင်စီရဲ့ အခန်းကဏ္ဍကလည်းတဖက်၊ ကြားကာလမှာ အရှေ့မှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြန်လည်အရေးယူနိုင်ရေး၊ ကြားကာလအခြေအနေမှာ အုပ်ချုပ်မှုအခြေအနေ အုပ်ချုပ်နေတဲ့သူတွေရဲ့ ကောင်းခြင်းမကောင်းခြင်း ဒါတွေကို ထောက်ပြရမှာလည်း မီဒီယာရဲ့အခန်းကဏ္ဍ ဖြစ်တယ်။ နိုင်ငံထူထောင်ရေးမှာပဲဖြစ်ဖြစ် နိုင်ငံလည်ပတ်ရေးမှာဖြစ်ဖြစ် မီဒီယာက တိမ်းစောင်းမသွားအောင် ပြန်မှန်လာနိုင်အောင် ထောက်ပေးထားတဲ့ ထောက်တခုလို့ မြင်တယ်။
 
 
မေး။     ။ နိုင်ငံတည်ဆောက်ရေးရဲ့အုတ်မြစ်ဖြစ်တဲ့ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု မြင့်တက်လာဖို့အတွက် မီဒီယာတွေအနေနဲ့ ဘယ်လိုလုပ်ပေးနိုင်ပါသလဲ။

ဖြေ။      ။ ဒေသအသီးသီးမှာရှိနေတဲ့ လူမျိုးပေါင်းစုံအနေနဲ့ ဖက်ဒရယ်ဆိုတာဘာလဲ၊ ဖက်ဒရယ်ရဲ့အနှစ်သာရ ကဘာလဲ၊ တန်းတူညီမျှမှုဆိုတာဘာလဲ ဆိုတာကို တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေ နိုင်ငံရေးနဲ့ပတ်သက်ပြီး မစိမ်းတဲ့သူတွေကတော့ ဒါကို နားလည်ကြတယ်။ ဒါပေမယ့် ကိုယ့်တစ်ဝမ်းတခါးကိုတောင် မနည်းရုန်းကန် နေရတဲ့ အခြေခံလူတန်းစားတွေက ဒါတွေကို သူတို့ မလေ့လာခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ လေ့လာ ဖို့အတွက် အခွင့်အရေးမရှိခဲ့တာလည်း ဖြစ်‌ကောင်းဖြစ်နိုင်တယ်။

အဲ့အတွက် သူတို့ရသင့်တဲ့ အခွင့်အရေးတရပ်ဆိုတာ ဘာလဲ၊ အစိုးရတရပ်ဆိုတာ ဘာလဲဆိုတာတွေ၊ ပြည်သူ့ဆန္ဒဆိုတာတွေ၊  နိုင်ငံကို ဘယ်လိုပုံတည်ဆောက်ချင်နေသလဲ ဆိုတာအပေါ် မီးမောင်းထိုးပြလို့ ရတယ်။ ဖက်ဒရယ်ရဲ့အနှစ်သာရဖြစ်တဲ့ တန်းတူညီမျှမှုကဘာလဲ လူ့အခွင့်အရေးကဘာလဲ၊ ကျား၊မတန်းတူညီမျှမှုက ဘာလဲဆိုတာကို မသိသေးတဲ့ သူတွေအားလုံးကိုလည်း သိသွားအောင်လည်း မီဒီယာတွေကတဆင့် ပညာပေးလို့ရတယ်။ ဒီလို ပညာ‌ပေးမှလည်း အသိဉာဏ်ကျယ်လာမယ် အဲ့တော့မှ အုပ်ချုပ်ချင်တိုင်း အုပ်ချုပ်လို့မရတဲ့ အခြေအနေ ဖြစ်လာမယ်လို့ မြင်ပါတယ်။

“ပြည်သူတွေ ရသင့်တဲ့အခွင့်အရေးတရပ်ဆိုတာ ဘာလဲ၊ အစိုးရတရပ်ဆိုတာ ဘာလဲ၊ ပြည်သူ့ဆန္ဒဆိုတာ ဘာလဲ၊  နိုင်ငံကို ဘယ်လို ပုံတည်ဆောက်ချင်နေသလဲ ဆိုတာအပေါ် မီးမောင်းထိုးပြလို့ ရတယ်။ ဒါမှ အုပ်ချုပ်ချင်တိုင်း အုပ်ချုပ်လို့မရတဲ့ အခြေအနေ ဖြစ်လာမယ်လို့ မြင်ပါတယ်”
 

မေး။     ။ကိုယ်တိုင်အနေနဲ့ မီဒီယာလုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရတာတွေ ကြုံရလား။ဘယ်လိုပုံစံနဲ့ခွဲခြားဆက်ဆံခံခဲ့ရလဲ။

ဖြေ။      ။ သတင်းထောက်အနေနဲ့ လုပ်နေတဲ့ကာလတလျှောက်လုံးမှာရော ဆက်ဆံရတဲ့ သတင်းအရင်းအမြစ် အနေနဲ့ရော လုပ်ငန်းခွင်အတွင်းမှာပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံတာမျိုး မကြုံဖူးသေးဘူး။ ဒီလိုမျိုးကိုယ့်ကို လုပ်နေတာကိုမြင်ရင် ကိုယ်လည်းမခံဘူး။ ဒါပေမယ့် သတင်းလောကထဲမှာ လုပ်နေတဲ့ ခွဲခြားဆက်ဆံခံရမှု အခြေအနေတွေ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်မဟုတ်သည့်တိုင်အောင် ဖြစ်ပျက်ခဲ့တဲ့အခြေအနေ တွေကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း မြင်နေရဆဲပဲ။

မီဒီယာလောကဆိုတာ ကျား၊ မတန်းတူရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် အရမ်းကြီးမစိမ်းလွန်းတဲ့ နယ်ပယ်ပေါ့။ လိုက်နာကျင့်သုံးနေကြရမယ်ဆိုတဲ့အသိ ရှိနေကြတဲ့နယ်ပယ်ပေါ့နော်။ ဒီလိုနယ်ပယ်ထဲမှာ ဒီလိုမျိုးတွေရှိတယ်ဆိုတာကို ထွက်လာခဲ့တဲ့ဆောင်းပါးတွေ အရ၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေရဲ့ ပြောဆိုမှုအရ မြင်ရတယ်။
 

မေး။  ။ တော်လှန်ရေးလေးနှစ်ကာလမှာ အမျိုးသမီးတွေအနေနဲ့ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုကဏ္ဍတွေမှာ ထင်ထင်ရှားရှားမြင်တွေ့နေရပြီလို့သုံးသပ်ချင်ပါသလဲ။

ဖြေ။      ။ တစ်ဦးထဲအမြင်အရပြောရရင် အများကြီးတော့ မမြင်မိဘူး။ ဒါပေမယ့် ကဏ္ဍအသီးသီးမှာတော့ အမျိုးသမီးတွေက အများကြီးလုပ်နိုင်နေကြတယ်။ ထားပါတော့ မီဒီယာမှာပဲဖြစ်ဖြစ်၊ မြေပြင်တိုက်ပွဲတွေမှာပဲ ဖြစ်ဖြစ်၊ ထောက်ပို့အဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ် နေရာတိုင်းကဏ္ဍတိုင်းမှာ လုပ်နေနိုင်ကြတယ်။ ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေက ထိပ်ဆုံးနေရာကနေ တိုက်ပွဲဝင်ကြတယ်။ ပြောဆိုနေကြတယ်။ လုပ်ကိုင်နေကြတာကို မြင်ရပါတယ်။

“ငါလုပ်နိုင်ရဲ့သားနဲ့ ငါ့ကို ဒီနေရာမပေးတာဆိုရင်လည်း  ဘာကြောင့်မပေးတာလဲ ကိုယ့်ချို့ယွင်းချက်လား သူတို့က ကိုယ့်ကို ဖယ်နေတာလားဆိုတာကို မြင်အောင် ကြည့်တက်လာမယ်။ ကိုယ်ကိုတိုင်ကလည်း ဒီနေရာကို ကိုယ်ရသင့်တယ်လို့ထင်ရင် ရသင့်တဲ့အတိုင်းအတာအတွက် တိုက်ပွဲဝင်ပြီးတော့ ရအောင်ယူနိုင်ရမယ်”


မေး။   ။နိုင်ငံသစ်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေ ပပျောက်ဖို့ ပြည့်ပြည့်ဝဝနဲ့ ပါဝင်လာဖို့အတွက် မီဒီယာက ဘာတွေလုပ်သင့်လဲ။

ဖြေ။      ။ အမျိုးသမီးတွေက တကယ်တမ်းတော့ လုပ်နိုင်စွမ်းရှိတာ မှန်တယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် သံသယဝင်တယ်။ ငါလုပ်နိုင်ပါ့မလားဆိုတဲ့ မရဲတဲ့စိတ်မျိုး ရှိကြတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးတွေက နည်းနည်းကြောက်စိတ်ရှိတယ်လို့ ထင်တယ်။ ငါပြောလိုက်ရင် အမှားပါသွားမလား။ လွဲချော်သွားမလား ဆိုတာမျိုး ရှိတယ်။ အဲ့လိုအခြေအနေတွေမှာ ၁၀၀ ရာခိုင်နှုန်းလုပ်နိုင်သည့်တိုင်အောင် ကိုယ်က ၆၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းလောက်ပဲ ထုတ်ပြနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်။

အမျိုးသမီးတွေက ပိုပြီး‌တော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာအောင်လို့ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုတွေ၊ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုရနေတဲ့ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ဘဝဖြတ်သန်းပုံ၊ သူတို့ရဲ့ ပရိုဖိုင်တွေပဲဖြစ်ဖြစ် သူတို့လှုပ်ရှားနေတဲ့အကြောင်းအရာတွေပဲဖြစ်ဖြစ် အမျိုးသမီးတွေကို စိတ်အားဖြစ်စေမဲ့ အကြောင်းအရာတွေ ကို စဉ်ဆက်မပြတ်ထုတ်နေကြတာ ရှိတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ တိုက်ပွဲဝင်နိုင်မယ်။ ငါဒါလုပ်နိုင်ရဲ့သားနဲ့ ငါ့ကို ဒီနေရာမပေးတာဆိုရင်လည်း  ဘာကြောင့်မပေးတာလဲ ကိုယ့်ချို့ယွင်းချက်လား သူတို့က ကိုယ့်ကို ဖယ်နေတာလားဆိုတာကို မြင်အောင် ကြည့်တက်လာမယ်။ ကိုယ်ကိုတိုင်ကလည်း ဒီနေရာကို ကိုယ်ရသင့်တယ်လို့ထင်ရင် ရသင့်တဲ့အတိုင်းအတာအတွက် တိုက်ပွဲဝင် ပြီးတော့ ရအောင်ယူနိုင်ရမယ်။
 

မေး။     ။ အမျိုးသမီးခေါင်းဆောင်တွေ ပိုမိုထွက်ပေါ်လာဖို့အတွက် မီဒီယာကနေ ဘယ်လိုလုပ်ဆောင် ပေးနိုင်ပါသလဲ။

ဖြေ။      ။ လက်ရှိခေါင်းဆောင်မှုလုပ်နေတဲ့ အမျိုးသမီးတွေအကြောင်းကိုတဖက်က စိတ်ခွန်အားဖြစ်အောင် ထုတ်လွှင့်ပေးတာမျိုး ရှိတယ်။ တဖက်မှာလည်းအမျိုးသမီးတွေအနေနဲ့ ပညာသင်ကြားခွင့် အပြည့်အဝရရမယ်၊ အမျိုးသမီးအခွင့်အရေးဆိုတာဘာလဲ ကျား၊မတန်းတူရေးဆိုတာ ဘာလဲ ဆိုတာကိုလည်း အမျိုးသမီးတွေ အားလုံးက အခြေခံသိနေအောင် ပညာပေးရမယ်။

နောက်တခုက အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ပေးနေတဲ့ အခွင့်အလမ်းမျိုးစုံကိုလည်း မီဒီယာပလက်ဖောင်းကနေတဆင့် ကြော်ငြာပေးလို့ ရတယ်။ အသိပညာပေးလို့ ရနေတာမျိုးရှိတယ်။ ကိုယ့်အခွင့်အရေးဘာလဲဆိုတာကိုလည်း သိလာပြီးတော့ တကိုယ်ရည် အရည်အချင်း တိုးတက်အောင် လုပ်နိုင်မယ်။ လက်ရှိမှာ မီဒီယာတွေကလည်း အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန် လုပ်နေကြတာလည်း တွေ့ရပါတယ်။
 

မေး။     ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လိုအပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။

ဖြေ။      ။နိုင်ငံတည်ဆောက်ရေးမှာကျတော့ အရည်အချင်းပြည့်ဝသူတွေကို ခွဲခြားမှုမရှိဘဲနဲ့ ပါဝင်ဦးဆောင်ခွင့် ပေးရမယ်။ အမျိုးသမီးတွေကိုတော့ လုပ်နိုင်စွမ်းရှိလျက်နဲ့ ဖယ်ထားခံရတာမျိုးကတော့ မဖြစ်ဘူးပေါ့။ Politics for Women Myanmar ကထုတ်ထားတဲ့စစ်တမ်းတခုမှာတွေ့ရတာလည်း မြန်မာနိုင်ငံမှာ ရှိနေတာက အမျိုးသမီး ရာခိုင်နှုန်းက များတယ်။

ပညာသင်ကြားခွင့်နဲ့ အလုပ်အကိုင်အခွင့်အလမ်းမှာ အမျိုးသားတွေက ပိုရနေတာ တွေ့ရတယ်။ အမျိုးသမီးရာခိုင်နှုန်းက ပညာသင်ကြားခွင့်ရာခိုင်နှုန်းမှာ အမျိုးသမီးနည်းတာ မှန်ပေမယ့် အဆင့်မြင့် ပညာရေးလက်လှမ်းနိုင်တဲ့နေရာမှာ အမျိုးသမီးတွေက ပိုများနေတာ တွေ့ရပြန်တယ်။ အဲ့တော့ အမျိုးသမီးတွေက လုပ်နိုင်ကိုင်နိုင်တယ်။ တခုခုဆိုရင် ဇွဲနပန်းကြီးကြီး လုပ်ကြတယ်။

လုပ်နိုင်ကိုင်နိုင်ရဲ့သားနဲ့ အခွင့်အရေး အပြည့်အဝမရတဲ့အခါမှာ ဖြစ်သင့်သလောက် မဖြစ်ထွန်းခဲ့ကြတာတွေ ရှိခဲ့တယ်။ ဒီလိုအခြေအနေမျိုးတွေနဲ့ ပတ်သက်ပြီးတော့ ပိုပြီးအခွင့်အရေးရလာနိုင်အောင် လုပ်နိုင်လိမ့်မယ်လို့ မြင်တယ်။


မေး။     ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့အနာဂတ်နိုင်ငံသစ်ကို ဘယ်လောက်အထိ မျှော်လင့် ထားသလဲ။

ဖြေ။      ။ မျှော်လင့်ချက်ထားတယ်ဆိုတာထက် ဖြစ်လာအောင် အားလုံးအတူတူလုပ်ကြရလိမ့်မယ်လို့ ထင်ပါတယ်။ မိန်းမဖြစ်ခြင်း၊ ယောကျာ်းဖြစ်ခြင်းနဲ့ မဆိုင်ဘူး။ ပညာသင်ရမှာ ငါ့အခွင့်အရေးပဲဆိုတာ မျိုး‌ပေါ့။ အလုပ်အကိုင်မှာလည်း ငါလုပ်နိုင်တယ် ငါ့ကိုနေရာပေးရမယ်ဆိုတာမျိုးကတော့ ကျွန်မတို့ သိကြတယ်။ ဒါကို ကိုယ့်အခွင့်အ‌ရေးမှန်းမသိဘဲနဲ့ အိမ်ထဲမှာပဲနေနေကြရတဲ့ မိန်းကလေးတွေလည်း ရှိနေသေးတယ်။

ဒီလိုလူတွေကလည်း ဒါက သူ့အခွင့်အရေးဖြစ်တယ်။ မိသားစုပဲဖြစ်ဖြစ် အသိုင်းအဝိုင်းကပဲဖြစ်ဖြစ် တားလို့ မရဘူး။ ဒါကို သူကိုယ်တိုင် သိရမယ်။ သိမှလည်း တိုက်ပွဲဝင်နိုင်မယ်။ ဒီလိုအခြေအနေတွေကနေတဆင့်မှ ခွဲခြားမှုမရှိတဲ့နိုင်ငံဖြစ်အောင်လို့ တူတူဝိုင်းပြီးတော့ လုပ်ကြရလိမ့်မယ်လို့ မြင်တယ်။ မျှော်လင့်တယ် ဆိုတာထက် တူတူရောက်အောင် သွားကြရမယ်လို့ မြင်ပါတယ်။ ရှေ့လာမယ့် ကြားကာလအစီအမံတွေမှာ ဖွဲ့စည်းပုံဖြစ်လာမယ့်အခြေအနေတွေမှာဆို ကျား၊မတန်းတူရေးမူဝါဒတွေ ခိုင်ခိုင်မာမာပါလာဖို့ ထပ်ပြီး ပြောချင်ပါတယ်။
 

 
​“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media