မိချယ်ရီစိုးမွန် ကောင်စီဝင်
မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“လက်နက်ကိုင်တိုက်ခိုက်တွေ၊ နိုင်ငံရေးဦးဆောင်တာတွေကို အမျိုးသမီးအလုပ်မဟုတ်လို့ မြင်ထားတဲ့အချိန်မှာ ပိုပြီးမှ ကြိုးစားရတယ်။ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေးကို ဘယ်လိုမျိုး သွားနေသလဲကို ထဲထဲဝင်ဝင်သိအောင် လုပ်ဖို့လိုသလို၊ စီမံကွပ်ကဲတဲ့အပိုင်းတွေမှာလည်း ကျွန်မတို့အမျိုးသမီးတွေက အင်အားရှိသင့်တယ် မြင်ပါတယ်”
 
မွန်ပြည်နယ်မှာ မွေးဖွားခဲ့တဲ့ မိချယ်ရီစိုးမွန်ဟာ တော်လှန်ရေးနယ်မြေထဲက တော်လှန်ရေး မိသားစုကနေ ကြီးပြင်းလာသူ တစ်ယောက်ပါ။ ငယ်ဘဝမှာ တခြားကလေးတွေနည်းတူ  ဆရာဝန်၊ အင်ဂျင်နီယာ စတာတွေဖြစ်ချင်ခဲ့ပေမယ့် အသက်အရွယ်တခုရောက်လာတဲ့အခါ မူဝါဒပိုင်းတွေ စီးပွားရေးနဲ့ ပတ်သက်တာတွေကို စိတ်ဝင်စားခဲ့ပါတယ်။

၂၀၀၁ ခုနှစ်မှာ ၁၀တန်းအောင်ပြီး‌နောက် မော်လမြိုင်တက္ကသိုလ်ကနေ စီးပွားစီမံဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။  ထို့နောက် ကျေးလက်ဒေသစီမံဖွံ့ဖြိုးရေးမဟာဘွဲ့ကို ထိုင်းနိုင်ငံ၊ ခွန်ကန်တက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။ ၂၀၁၀ကနေ ၂၀၂၀ ခုနှစ်အထိ နိုင်ငံပြန်လည်တည်ဆောက်ရေးထဲမှာ အမျိုးသမီးနှင့် ကလေးအခွင့်အရေး ဆိုင်ရာကိစ္စတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပါတယ်။ အမျိုးသမီးတွေ တရားမျှတမှုရရှိဖို့ လူသားချင်းစာနာထောက်ထားမှုအပိုင်းတွေ၊ အမျိုးသမီးခေါင်းဆောင်မှုအပိုင်းတွေ စတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကို လက်ပိုက်မကြည့်နိုင်တဲ့ သူမဟာ MSFC ဦးဆောင်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့သလို၊ မွန်ပြည်နယ်အတွင်း‌ တော်လှန်ရေးအားကောင်းအောင် ချိတ်ဆက်ဆောင်ရွက်ရာမှာ အဓိက တာဝန်ယူခဲ့တဲ့ အမျိုးသမီးခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ MSFC မှာ လူသားချင်းစာနာဌာနမှူး အနေနဲ့ တာဝန်ယူထားပြီး တရားရေးပိုင်းဆိုင်ရာမှာလည်း ကူညီဆောင်ရွက်ပေးနေပါတယ်။

            MSFC ဟာ မွန်ပြည်ကိုယ်စားပြု ဖက်ဒရယ်ယူနစ်တခု ဖြစ်ပြီး အနာဂတ်မွန်ပြည်တည်ဆောက်ရေး အကောင်အထည်ဖော်ရန်ဆန္ဒရှိသူအစုအဖွဲ့များ၊ သက်ဆိုင်ရာ အာဏာပိုင်တာဝန်ယူထားသူများ၊ ရွေးကောက်ခံထားဖူးသော မွန်ပြည်ကိုယ်စားလှယ်အစုအဖွဲ့များနှင့်လည်း အစဉ်တစိုက် ညှိနှိုင်းဆောင်ရွက် နေပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့အညီ မွန်ပြည်အတွက် လိုအပ်တဲ့ ယန္တရားတည်ဆောက်မှု၊ အကောင်အထည်ဖော်မှုများကို လုပ်ဆောင်နေတဲ့ မွန်ပြည်တော်လှန်ရေးအစုအဖွဲ့ ဖြစ်ပါတယ်။

 
မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဆရာမ အမြင်ဘယ်လိုရှိလဲဆိုတာ ပြောပေးပါဦးရှင့်။

ဖြေ။      ။ ကျွန်မတို့နိုင်ငံက တော်လှန်ရေးအကြောင်းပြောရတာက တော်တော်လေးအီလာပြီပေါ့နော်။ ဒါပေမယ့် ဒါက နောက်ဆုံးတော်လှန်ရေးဖြစ်မယ်လို့လည်း ယုံကြည်တယ်။  အဲ့ဒါအတွက်ကြောင့်မို့လို့လည်း ဒီတော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်ပါဝင်ပြီးမှ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားဆောင်ရွက်နေပါတယ်။
 

မေး။     ။ နိုင်ငံတစ်ခုတည်ဆောက်တဲ့အချိန်မှာ ဘယ်အရာတွေကို စံတန်ဖိုးထားမှုတွေ၊ အခြေခံမူတွေနဲ့ ထားရှိတည်ဆောက်သင့်တယ်လို့ ဆရာမထင်ပါသလဲ။

ဖြေ။      ။ ကျွန်မမြင်တာက နိုင်ငံလို့ ပြောလိုက်လို့ရှိရင်တော့ လူတွေရဲ့ ကောင်းကျိုးချမ်းသာကို အခြေတည်ပြီး တည်ဆောက်သင့်ပါတယ်။ နိုင်ငံသူ၊ နိုင်ငံသား၊ ဒေသခံတွေရဲ့ အခြေခံလူ့အခွင့်အရေးအပေါ် မူတည်ပြီး တည်ဆောက်ဖို့ လိုပါတယ်။ ကျား၊ မ၊ ကလေး၊ သက်ကြီးရွယ်အိုတွေရဲ့  လူတစ်ဦးချင်းစီသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း သူတို့ရဲ့ လိုအပ်မှု၊ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှု အဲ့ဒါတွေက နိုင်ငံတစ်နိုင်ငံ တည်ဆောက်တဲ့နေရာမှာ ထည့်သွင်းစဥ်းစားရမယ့် ပထမဦးစားပေးဆုံးအရာလို့ ကျွန်မ အနေဖြင့် မြင်ပါတယ်။

လူလို့ပြောလိုက်လို့ရှိရင်တော့ သူတို့ရဲ့ တန်ဖိုးထားတဲ့အရာတွေမှာ သူရဲ့နေထိုင်ရာ ပတ်ဝန်းကျင်၊ လူမျိုး၊ ဘာသာ၊ ယှဉ်တွဲနေထိုင်တဲ့ သဘာဝတရား၊ အစားအစားတွေကလည်း ယှဥ်တွဲပါဝင်ရတာ ပေါ့နော်။ အတိုချုပ်ပြောလိုက်လို့ရှိရင်တော့ နိုင်ငံသူ၊ နိုင်ငံသား၊ ဒေသခံတွေရဲ့  အခြေခံလူ့အခွင့်အရေး၊ အခြေခံလိုအပ်မှုကို လုပ်ဆောင်ဖြည့်ဆည်းဖို့ သူတို့ရဲ့အခွင့်ရေး၊ ဂုဏ်သိက္ခာတွေကို  ပြည့်မှီအောင် လုပ်ဆောင်ပေးနိုင်မှုက နိုင်ငံတည်ဆောက်တဲ့နေရာမှာ အရေးကြီးဆုံးလို့ မြင်တယ်။

“ကျား၊ မ၊ ကလေး၊ သက်ကြီးရွယ်အိုတွေရဲ့  လူတစ်ဦးချင်းစီသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း သူတို့ရဲ့ လိုအပ်မှု၊ ရှင်သန်ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေက နိုင်ငံတစ်နိုင်ငံ တည်ဆောက်တဲ့နေရာမှာ ထည့်သွင်းစဥ်းစားရမယ့် ပထမဦးစားပေးဆုံးအရာလို့ မြင်ပါတယ်”


မေး ။   ။ နိုင်ငံရေးစနစ်တစ်ခုတည်ဆောက်တဲ့အခါ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ အမျိုးသမီးတွေ ပါဝင်ဆုံးဖြတ်ခွင့် ပိုမိုရရှိဖို့  ဘာတွေလုပ်ဆောင်သင့်ပါသလဲ။

ဖြေ ။     ။ ကျွန်မတို့သွားချင်တဲ့စနစ်သည် လက်နက်မကိုင်ဆောင်သော  အရပ်သားအစိုးရရဲ့  ထိန်းချုပ်မှု အောက်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖြစ်လာရေး ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကလည်း လုံခြုံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို သိဖို့၊ ပါဝင်ဖို့ လိုအပ်ပါတယ်။ ဥပမာ- နိုင်ငံရေးအပြင်ကို လုံခြုံရေးနဲ့ပတ်သက်တဲ့ လက်နက်ထိန်းချုပ်ရမယ့်ကိစ္စတွေ၊ တိုက်ပွဲစစ်ဆင်ရေးတွေ၊ ပြည်သူ့လုံခြုံရေးတွေက ဘယ်လိုအခြေအနေမျိုး ရှိနေသလဲဆိုတာကိုလည်း သိအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။အမျိုးသမီးတွေက အဲလိုနေရာမျိုးမှာ အားနည်းတဲ့အတွက်ကြောင့်မလို့ ပိုပြီးမှ Highlight လုပ်ပြီး ပြောတာပေါ့နော်။

လက်နက်ကိုင်တိုက်ခိုက်တွေ၊ နိုင်ငံရေးဦးဆောင်တာတွေကို အမျိုးသမီးအလုပ်မဟုတ်လို့ မြင်ထားတဲ့အချိန်မှာ ပိုပြီးမှ ကြိုးစားရတယ်။ အဲ့ဒီအချိန်မှာ ကျွန်မတို့အမျိုးသမီးတွေ Generation အလိုက် သက်ကြီးတဲ့ဒီအမျိုးသမီး၊ အစ်မပဲဖြစ်ဖြစ်၊ အဒေါ်ပဲဖြစ်ဖြစ် လက်နက်ကို ထိန်းကျောင်းတဲ့နေရာမှာ၊ လက်နက်ကို စီမံကွပ်ကဲတဲ့နေရာမှာ စသည်ဖြင့် ဒီလုံခြုံရေးကို ဘယ်လိုမျိုး သွားနေသလဲကို ထဲထဲဝင်ဝင်သိအောင် လုပ်ဖို့လိုသလို၊ စီမံကွပ်ကဲတဲ့အပိုင်းတွေ မှာလည်း ကျွန်မတို့အမျိုးသမီးတွေရဲ့ အင်အားရှိသင့်တယ် မြင်ပါတယ်။

နိုင်ငံရေး၊ အုပ်ချုပ်ရေး ဝန်ဆောင်မှု တွေကကျတော့ ကျွန်မတို့အမျိုးသမီးတွေ ကျွမ်းကျင်နေပြီးသားလည်း ရှိတယ်၊ မကျွမ်းကျင်တဲ့အရာကိုလည်း ကျွန်မတို့ အားစိုက်ပြီးမှ ဝင်ရမယ်။ အရေအတွက်ပိုင်းဆိုင်ရာရော၊ အရည်အသွေးပိုင်းဆိုင်ရာရော ပြည့်မှီအောင် လုပ်ဆောင်ရမယ်။ ခေါင်းဆောင်တဲ့နေရာဆိုတာ ပြည်သူရဲ့ ဝန်ကိုထမ်းရွက်တာ၊ ကိုယ်စားပြုလုပ်ဆောင်တာ လို့ မြင်ပြီး လုပ်ဖို့ လိုအပ်ပါတယ်။
 

မေး။     ။ နိုင်ငံစနစ်အပြောင်းလဲအတွက် အမျိုးသမီးတွေရဲ့ကဏ္ဍက ဘယ်နေရာမှာ ပိုအရေးကြီးလဲ။

ဖြေ။      ။ ဆုံးဖြတ်ချက်ချတဲ့နေရာ၊ ဦးဆောင်တဲ့နေရာအပါအဝင် နေရာတိုင်းမှာ အမျိုးသမီးတွေ ပါဝင်နေဖို့ အရေးကြီးတယ်။  ဖွဲ့စည်းပုံရေးဆွဲရမယ့်အစုအဖွဲ့မှာလည်း အမျိုးသမီးပါရမယ်၊ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရမယ့် အစုအဖွဲ့မှာလည်း ပါရမယ်။ အရင်တုန်းက အမျိုးသမီး လုံးဝ မပါတဲ့နေရာတွေ ရှိတယ်။ အခုကတော့ အမည်ဖော်ပြီးတော့သော်လည်းကောင်း၊ မဖော်ပဲနဲ့သော်လည်းကောင်း အစုအဖွဲ့တိုင်းမှာ အမျိုးသမီးက ပါနေတယ်။ ဒါပေမယ့် နည်းပါသေးတယ်။

အရည်အသွေးပြည့်မှီပြီးသား အမျိုးသမီးတွေလည်းအများကြီး ရှိသလို၊ အရည်အချင်းပြည့်အောင် ကြိုးစားနေဆဲ အမျိုးသမီးတွေလည်း အများကြီးပါပဲ။ ဘာကြောင့်လဲ ဆိုရင်တော့ ဒီအဝန်းအဝိုင်းမှာ အမျိုးသမီးတွေမနိုင်ဘူး၊ အမျိုးသမီးတွေမပါရဘူးလို့ ခွဲခြားဖိနှိပ်ထားတာတွေ ရှိတဲ့အတွက် အခုမှ ပြန်လုပ်ရ၊ ပြန်ကြိုးစားနေရ၊ ပြန်လေ့လာနေရတာရှိတဲ့အတွက်  မကျွမ်းကျင်တာ ဖြစ်မယ်။ အမျိုးသားတွေမကျွမ်းကျင်တဲ့ လုပ်ငန်းတွေလည်း ရှိတာပဲလေ၊ အဲ့ဒီနေရာမှာလည်း အမျိုးသားတွေကို ထည့်ရမယ်။ အဲတော့မှ အမြင်စုံမှာဖြစ်ပါတယ်။
  

မေး။     ။ ကိုယ်တိုင်က အမျိုးသမီးဖြစ်ခြင်းကြောင့်ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ခွဲခြားဆက်ဆံခံရတာ ကြုံရဖူးပါသလား။ ကြုံရဖူးတယ်ဆိုရင် ဘယ်လိုပုံစံနဲ့ကြုံရဖူးတာရှိပါသလဲ။

ဖြေ။     ။ ကြုံရပါတယ်၊ အမြဲတမ်းလည်းဖြစ်တာပေါ့နော်။ ဒါက နိစ္စဓူဝကြုံရတဲ့အရာတွေ ဖြစ်ပါတယ်။  အမျိုးသမီးတွေအတွက်က အလုပ်ကလုပ်မယ်ဆိုရင်တော့ အရမ်းများတယ်။ အိမ်မှုကိစ္စသည်လည်း ကိုယ့်အလုပ်၊ သားသမီးကိစ္စသည်လည်း ကိုယ့်အလုပ်၊ သက်ကြီးရွယ်အိုသည်လည်း ကိုယ့်အလုပ်၊ ဝန်ဆောင်မှု ပေးရတဲ့အပိုင်းတွေမှာ အကုန်လုံးက အမျိုးသမီးတွေအလုပ်လို့ သတ်မှတ်ထားပြီးသားဆိုတော့ ဘယ်အချိန် အားမလဲဆို ဘယ်အချိန်မှမအားဘူး။

အဲ့လိုဖြစ်တဲ့အခါကျတော့ ဘေးဖယ်ချင်တဲ့အခါ သူရှုပ်နေပါတယ်၊ သူမအားဘူး၊ သူ့ကို သွားမလုပ်ခိုင်းနဲ့ဆိုပြီးတော့ ကိုယ့်ကိုပထုတ်ချင်တဲ့အခါကျတော့ အဲ့လိုလေးနဲ့ ပထုတ်ကြတယ်။ အဲ့ဒီ့အချိန်မှာ ကိုယ့်ကလည်း ကျွမ်းကျင်ရတာပေါ့နော်။  ကိုယ့်ကို မပထုတ်ရလေအောင် ကိုယ်က ကိုယ့်နေရာကို ကိုယ်သတ်မှတ်ပြီး ယူရတယ်။ အရေးကြီးဆုံးအရာကို တာဝန်ယူထားတယ်။

ဥပမာ- ဆန်ထောက်ပံ့ပေးတာကို တာဝန်ယူထားတယ်။ “တခြားအရာတွေမှာ ဆုံးဖြတ်ခွင့်ကို မေ့တယ်၊  စစ်ရေးကိစ္စတွေဆို မခေါ်ဘူး။ ရဲဘော်တွေအတွက် လိုတဲ့ဆန်ကိုတော့ တောင်းတယ်။ ဆန်လာမတောင်းကြ နဲ့လို့။ ဘာမှမရှိတော့ဘူး” လို့။ ဒါပေမယ့် ကိုယ်ကအဲ့လိုပြောလို့ရအောင်လည်း သူတို့တောင်းသမျှဆန်ကို ထောက်ပံ့နိုင်အောင် တာဝန်ယူရတဲ့အပိုင်းတွေ ရှိပါတယ်။ ဒါတကယ့်လက်တွေ့အတွေ့အကြုံပါပဲ။
 

မေး။     ။ လက်ရှိတော်လှန်ရေး ၄ နှစ်တာကာလမှာ အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ထင်ထင်ရှားရှားရနိုင်တဲ့ကဏ္ဍဆိုရင် ဘယ်နေရာမှတွေ့နေရပါသလဲ။

ဖြေ။      ။ အမျိုးသမီးတွေကို ထောက်ပို့နေရာမှာ အများဆုံးမြင်ရပါတယ်။ ဝန်ဆောင်မှုပေးတဲ့နေရာမှာ  အမျိုးသမီးဌာနလို့သတ်မှတ်ထားတဲ့နေရာမှာ အမျိုးသမီးတွေ ရှိကြတယ်။ နောက်ပြီးတော့လည်း စီမံကွပ်ကဲမှုအပိုင်းမှာ အမျိုးသမီးတွေ ရှိကြတာပေါ့နော်။ ဒါပေမယ့် informal က ပိုများတယ်၊ အတည်တကျ ရာထူးယူကြတာ နည်းတယ်။

နောက်ကွယ်က လုပ်တာကတော့ အမျိုးသမီးတွေလည်း ကြိုက်ကြတယ်။ အဲ့ဒါတွေလည်း ပြောင်းဖို့လုပ်ရမဲ့အရာတွေ ဖြစ်တာပေါ့နော်။ အမျိုးသမီးတွေ ပိုလုပ်လာလို့ရှိရင်‌တော့ အားပို ဖြစ်လာမယ်၊ ကျွန်မတို့တော်လှန်ရေးလည်း ပိုမြန်လာမယ်။ တော်လှန်ရေးမှ မဟုတ်ဘူး ဘယ်ကဏ္ဍမှာပဲ ဖြစ်ဖြစ် အင်အားပိုတွေလာမယ်လို့ မြင်ပါတယ်။
 

မေး။     ။အမျိုးသမီးခေါင်းဆောင်အသစ်တွေ အများကြီးထွက်လာဖို့အတွက် ဘယ်လိုလုပ်ကြမလဲ။

ဖြေ။     ။ အမျိုးသမီးတွေ တွေးခေါ်ကောင်းလာအောင် အလေ့အကျင့်လုပ်ပြီး ကြိုးစားဖို့ လိုပါတယ်။ ကိုယ်ကိုတိုင်လည်း လုပ်ရ၊ role model ဖြစ်အောင် ပြတာတွေ ရှိတယ်။ နောက်ပြီးတော့ အမျိုးသမီးငယ်တွေ comfort zone မှာပဲ မနေကြနဲ့ပေါ့နော်။ ကလေးမွေးပါဆို တစ်သက်လုံး ကလေးမွေးနေတာ မဟုတ်ဘူး၊ အမျိုးသမီးတွေက ဒီအသက်ရွယ်မှာဘဲ အမြဲတမ်းရှိနေတာ မဟုတ်သလို၊ နောက်ပြီးတော့လည်း အလုပ်တစ်ခုကို တစ်သက်လုံးလုပ်ရတာ မဟုတ်ဘူး။ ကိုယ့်စွမ်းအားရှိသလောက် ကိုယ်ယုံကြည်ရာ၊ လုပ်နိုင်တာတွေကို လုပ်ဖို့လိုပါတယ်။

အမျိုးသမီးတွေလည်း ကိုယ်လုပ်နေကျ၊ သာမန်မြင်နေကျွန်မဟုတ်ပဲနဲ့ လက်ရှိမှာမလုပ်တဲ့အရာတွေ ဖြစ်နေရင်တောင် အမျိုးသမီးတွေကို လိုအပ်နေတဲ့အရာတွေမှာ၊ အဝန်းအဝိုင်းမှာ လုပ်ဆောင်မယ်ဆိုရင်တော့ ပိုပြီးမှလည်းထိရောက်မယ်လို့ မြင်တယ်။ ကျွန်မကပြောခွင့်ရှိတိုင်း၊ နှိုးဆော်ခွင့် ရှိတိုင်းကတော့ အမျိုးသမီးငယ်တွေကိုလည်း နှိုးဆော်တယ်။

အမျိုးသမီးကြီးတွေရောဆိုရင်တော့လည်း ခန္ဓာကိုယ်အားဖြင့် မသန်တော့ဘူး၊ မပြေးနိုင်တော့ဘူး၊ မလုပ်နိုင်တော့ဘူးဆိုပေမယ့် ဉာဏ်ရည်အားဖြင့်၊ အတွေ့အကြုံအားဖြင့် အကြံပေးတာ၊ ဆုံးဖြတ်ပေးတာ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဒီရဲ့နိုင်ငံရေးအစုအဖွဲ့ မှာသော်လည်းကောင်း၊ ဒါမှမဟုတ် စစ်ရေးကိုကွပ်ကဲတဲ့ ဦးဆောင်လုပ်ရတဲ့အရာတွေသော်လည်းကောင်း ဝင်လုပ်ဖို့ လိုအပ်ပါတယ်။


မေး။     ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားမှုမရှိတဲ့အနာဂတ်တိုင်းပြည်တစ်ခု ဖြစ်လာဖို့အတွက် ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။      ။ မျှော်လင့်ရမှာပဲ။ ဒါဟာ ယုံကြည်ပြီးမှကိုလုပ်ရမှာ ဖြစ်တယ်။ ခွဲခြားမှု ရှိနေသရွေ့  ငြိမ်းချမ်းသော community၊ ငြိမ်းချမ်းသောအိမ် ဖြစ်မနေဘူး။ ဒီကွာဟနေမှုကို ကျွန်မတို့မပြင်ဘူး ဆိုရင်တော့ ပြဿနာက ဖြစ်မြဲပဲ။ ပြဿနာအသစ်သစ်တွေလည်း ပေါ်လာနိုင်တတ်တယ်။ မျှတမှုရှိမှ တရားမျှတမှုဘက်ကို ပိုပြီးသွားနိုင်မှာဖြစ်သလို အားလုံးအမြင်ကို ပိုပြီးမှ ရရှိနိုင်မယ်ဆိုရင်တော့ လုပ်ရင်‌တော့မခက်ဘူးလို့တော့ ကျွန်မမြင်တယ်၊ ဒါကတော့ လုပ်လို့မရတဲ့အရာမဟုတ်ဘူးပေါ့နော်။

လိင်ကိုတောင်မှာ အပြောင်းအလဲလုပ်လို့ ရနေတဲ့ခေတ်မှာ ကျွန်မတို့တွေးခေါ်ပုံကတော့ ပြောင်းလဲလို့မရတဲ့အရာတော့ မဟုတ်ဘူး။ တကယ် စိတ်ဆန္ဒရှိရှိနဲ့ လုပ်မယ်ဆိုလို့ရှိရင်တော့လည်း နောက်ကျွန်မတို့သွားချင်တဲ့စနစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုးစာစောင်တို့၊ မှတ်တမ်းတို့ကို ရေးထားခြင်းအားဖြင့် မမြင်ချင်ယောင်ဆောင်နေတဲ့ သူတွေအတွက် အမျိုးသမီးတွေ မရှိဘူး၊ အမျိုးသမီးတွေ အလုပ်ရှုပ်နေတယ်၊ မလုပ်နိုင်ဘူးဆိုတဲ့အပေါ်မှာ ထောက်ပြလို့ ရတာပေါ့နော်။

အချိန်တိုအတွင်းမှာ ထောက်ပြလိုက်နိုင်တယ် ဆိုရင်တော့ ဒီအမျိုးသမီးတွေကို နေရာပေးမှုတွေကို ပိုပြီးမှ အထောက်အကူ ဖြစ်စေတယ်လို့တော့ အစ်မကမြင်ပါတယ်။ နောက်ဆုံးအနေနဲ့  အမျိုးသမီးတွေ ကိုယ့်ကိုလိုအပ်သောနေရာတိုင်း၊ အမျိုးသမီးတွေ မရှိနေသေးတဲ့ကဏ္ဍတိုင်းမှာ ရှာကြည့်ပြီးမှ ဝင်ပြီးပါဝင်ယူကြဖို့ လိုပါတယ်။ ဒါက ဖြစ်တည်မှုစုံလင်ကွဲပြားတဲ့လူအားလုံးအတွက် ကောင်းစေဖို့ ဖြစ်တယ်လို့ ထပ်လောင်းပြောချင်ပါတယ်။

“ကျွန်မတို့သွားချင်တဲ့စနစ်သည် လက်နက်မကိုင်ဆောင်သော  အရပ်သားအစိုးရရဲ့  ထိန်းချုပ်မှုအောက်မှာရှိတဲ့ လက်နက်ကိုင်တပ် ဖြစ်လာရေးပဲ။ ဒါကြောင့် အမျိုးသမီးတွေကလည်း လုံခြုံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို သိဖို့၊ ပါဝင်ဖို့ လိုအပ်ပါတယ်”


 
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media