- Published on
-
မလွင်လွင် (စက်ရုံအလုပ်သမ)
-
- Published on
အမရာမှ ရေးသားပြုစုသည်။
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၇) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးအများဆုံးရှိနေတဲ့လုပ်ငန်းခွင်အသီးသီးကအမျိုးသမီးတွေမလွတ်မြောက်သေးသ၍အမျိုးသမီးထုလွတ်မြောက်နိုင်မှာမဟုတ်ဘူး” လို့ခံယူထားသူကတော့ အလုပ်သမားထုအရေးအတွက် တက်ကြွသူတစ်ဦးဖြစ်တဲ့ မခင်သန္တာမိုးပါ။
မခင်သန္တာမိုးဟာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM ရဲ့ ဗဟိုအလုပ်အမှုဆောင် တယောက်ဖြစ်သလို women’s committee – FGWM ရဲ့ တာဝန်ခံတယောက် အဖြစ်လည်း တာဝန်ယူဆောင်ရွက်နေပါတယ်။ ဧရာဝတီတိုင်းဇာတိကဖြစ်ပြီး တောင်သူလယ်သမား မိဘနှစ်ပါးက မွေးဖွားခဲ့သူ ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်လောက်မှာ ရန်ကုန်အထည်ချုပ်စက်ရုံမှာ စတင်အလုပ်လုပ်ကိုင်ခဲ့တယ်။ ဝါသနာကတော့ ကျောင်းဆရာမ ဖြစ်ချင်ခဲ့တာပါ။ တခြားသူတွေကို နားမလည်တာပြောပြ၊ သင်ပြရတာ သဘောကျပြီး၊ မတရားမှုတွေကို လက်မခံဘဲ အမှန်တရား ပေါ်ပေါက်အောင် လေ့လာစူးစမ်းရတာတွေကို ဝါသနာပါခဲ့သူဖြစ်တယ်။
ဒီလို မတရားမှုကိုလက်မခံနိုင်တဲ့ စိတ်အရင်းခံတွေကြောင့်ပဲ သမဂ္ဂမှာပါဝင်လှုပ်ရှားဖို့ အကြောင်းဖန် လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က လုပ်ငန်းခွင်အတွင်းဖိနှိပ်မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ ၊ မတရားမှုတွေ များလာတာကြောင့် စုပေါင်းတောင်းဆိုဖို့လုပ်ငန်းခွင်အတွင်း ဘဝတူအလုပ်သမားတွေကိုစည်းရုံး လှုံဆော်ရင်း လက်ရှိအချိန်အထိ သမဂ္ဂမှာပါဝင်လှုပ်ရှားဆောင်ရွက်နေပါတယ်။
စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဖို့ ဘယ်လိုပုံစံမျိုးနဲ့ လှုပ်ရှားမှုတွေပြုလုပ်မလဲဆိုတာ အစည်းအဝေးတွေထိုင်ကြတယ်၊အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ခေါင်းဆောင်တွေနဲ့တိုင်ပင်ကြတယ်။ အလုပ်သမားထုဆိုတာ မတရားမှုတွေနဲ့ နေ့စဉ်ယဉ်ပါးနေကြတဲ့သူတွေဖြစ်တဲ့အတွက် မတရားမှုကို ဆန့်ကျင်ဖို့လက်တွန့်ကြသူတွေ မဟုတ်ပါဘူး။
လုပ်ငန်းရှင်တွေရဲ့ မတရားဖိနှိပ်မှုတွေ၊ ဂုတ်သွေးစုပ်မှုတွေကို နေ့စဉ်နဲ့အမျှ တိုက်ပွဲဝင်နေကြတဲ့သူတွေဖြစ်တဲ့အတွက် အလုပ်သမားလူတန်းစားတွေအတွက် ဆန္ဒပြပွဲတွေ သပိတ်တိုက်ပွဲတွေဟာ ရင်းနှီးအသားကျပြီးသား ဖြစ်တယ်။ ဒါကြောင့် စစ်အာဏာသိမ်းမှုမှာလည်း အလုပ်သမားထုကြီးဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့နေရာမှာ ပါဝင်ခဲ့ကြတယ်။ သို့သော် ဒီတခါ ရင်ဆိုင်ရာမှာက လုပ်ငန်းရှင်မဟုတ်ဘဲ စစ်အာဏာရှင်ဖြစ်တဲ့အတွက် ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ဖို့ အဆင့်ပြင်ထားခဲ့ကြတယ်။
ဒီလိုနဲ့အလုပ်သမားထုဟာ ဖေဖော်ဝါရီလ (၆)ရက်နေ့မှာလမ်းပေါ်ထွက်လာခဲ့ကြတယ်။ ကိုယ်ရဲ့ သက်ဆိုင်ရာစက်ရုံက အလုပ်သမားတွေကို စည်းရုံးပြီး အခုရင်ဆိုင်ရမှာက လက်နက်ပါတဲ့အာဏာရှင် ဖြစ်တဲ့အတွက် အိမ်ပြန်လမ်းကမသေချာကြောင်း၊အဖမ်းခံရနိုင်တာလည်းဖြစ်နိုင်ပြီး မိသားစုကိုအသိပေးခဲ့ဖို့ ဆုံးဖြတ်ချက်သေချာချပြီး လိုက်ခဲ့ဖို့ မခင်သန္တာမိုးအပါအဝင် ခေါင်းဆောင်တွေက ပြောဆိုခဲ့တယ်။
“ရင်ဘက်ခြင်းတူတဲ့လူတွေလိုက်ခဲ့ပါ။ မလိုက်လည်းဘာမှမဖြစ်ဘူး ဒီပွဲကအားလုံးနှင့် ဆိုင်တယ်။ နိုင်ငံရဲ့အရေးက ငါတို့ရဲ့အရေးလည်းဖြစ်တယ်။ အစိုးရကောင်းမှ ငါတို့အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင် စားသောက်လို့ ရမယ်ဆိုတာ သိထားရမှာလည်းဖြစ်တယ်” လို့ အလုပ်သမားထုကြီးကို ပြောဆို စည်းရုံးခဲ့တယ်။
မခင်သန္တာမိုးကိုယ်တိုင်လည်း ဖေဖော်ဝါရီ (၆) ရက်နေ့ကစလို့ နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်။ အာဏာရှင်ပြုတ်ကျဖို့အတွက်ဆို ကျရာနေရာကပါဝင်မယ်လို့ဆုံးဖြတ်ထားပြီး နောက်ဆုံး ထွက်သက်အထိ လုပ်နိုင်တာအကုန်လုပ်ဖို့၊ စစ်အာဏာရှင်ပြုတ်ကျဖို့အတွက်ဆို အသက်ပေးရရင်တောင် တန်တယ်လို့ ခံယူထားပါတယ်။
“ကျွန်မတို့လက်ထက်မှာ အာဏာရှင်ရဲ့လက်အောက်မှာ နေရမယ့်နောက်ဆုံးမျိုးဆက် ဖြစ်ရမယ်။ ကျွန်မတို့သားသမီးတွေအပါအဝင် နောက်လာနောင်သားနဲ့ မျိုးဆက်လက်ထက်မှာ အာဏာရှင် လုံးဝမရှိစေချင်ပါဘူး” လို့ ဆိုပါတယ်။
ဒီလိုခံယူချက်တွေပြင်းပြလှတဲ့ မခင်သန္တာမိုးဟာ သပိတ်တွေမှာတောက်လျှောက်ပါဝင်ခဲ့ပြီး ပြောက်ကျားသပိတ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ၂၀၂၁ ခုနှစ်ဩဂုတ်လမှာ စက်ရုံလုပ်ငန်းခွင်ထဲအထိ ဝင်ရောက်ဖမ်းဆီးခံခဲ့ရတယ်။ ပုဒ်မ ၅၀၅ (က) ၁၂၄/၁၇ စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ်သုံးနှစ်ကျခံခဲ့ရတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တယ်။ ပြန်လွတ်တဲ့အခါမှာလည်း ထပ်မံနိုင်ငံရေးမလုပ်ဖို့ ခံဝန်ထိုးခဲ့ရတယ်။နောက်ထပ်နိုင်ငံရေးလုပ်လို့ အဖမ်းခံရရင် ကျန်နဲ့ပြစ်ဒဏ်နဲ့ အခုပြစ်ဒဏ်ပေါင်းပြီး ခံရမယ်ဆိုတဲ့အကြောင်း ခံဝန်ကတိထိုးခဲ့ရတယ်။ အကျဉ်းထောင်ကလွတ်မြောက်ပြီးနောက်ပိုင်းမှာလည်း စစ်တပ်ဘော်ဘီ ဟန်ငြိမ်းဦးရဲ့ telegram channel ဖမ်းဆီးဖို့ လှုံ့ဆော်တာတွေခံခဲ့ရတယ်။ ပြည်တွင်းထဲမှာ မလုံခြုံတော့တဲ့အတွက် တဖက်နိုင်ငံကို ၂၀၂၂ခုနှစ် ဇွန်လမှာရောက်ရှိခဲ့တယ်။
တဖက်နိုင်ငံမှာ အထောက်အထားစာရွက်စာတမ်းတွေနဲ့နေထိုင်နေပေမယ့်လည်း စိတ်မလုံခြုံနဲ့ နေ့ရက်တွေနဲ့ရင်ဆိုင်ရပါတယ်။ အစစ်အဆေးတွေရှိလာတယ်ကြားတာနဲ့ အိမ်ပြင်တောင်မထွက်ရဲတဲ့အထိ ဖြတ်သန်းနေထိုင်ရပါတယ် ။တဖက်နိုင်ငံကိုရောက်ရှိလာပြီးနောက်မှာလည်း ပြည်တွင်းက အလုပ်သမားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီးဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
ပြည်တွင်းကအလုပ်သမားတွေရဲ့ အခက်အခဲတွေ၊ကြပ်တည်းမှုတွေ၊ ဖိနှိပ်ခံရမှုတွေကို ကူညီဖြေရှင်း ပေးနေပါတယ်။ ဒါ့အပြင် ရွေ့ပြောင်းအလုပ်သမားတွေရဲ့အရေးကိစ္စတွေကိုလည်း ကူညီဆောင်ရွက်ပေးနေပါတယ်။
“ရွေ့ပြောင်းအလုပ်သမား ဆိုတဲ့နေရာမှာ လက်ရှိရောက်နေတဲ့နေရာမှာဆို မြန်မာလူမျိုးတွေ အများဆုံးဖြစ်တယ် ၊ အခြေအနေ အရပ်ရပ်ကြောင့် နေရပ်စွန့်ခွာထွက်လာပြီး ရွေ့ပြောင်းအလုပ်သမားတွေ ဖြစ်လာတယ်၊ အိမ်ရှင်နိုင်ငံသားတွေ မလုပ်ချင်တဲ့အလုပ်တွေလုပ်ရတယ် လုပ်ခလစာအနှိမ်ခံရတယ် ဒီပြဿနာတွေနဲ့ ပတ်သက်ပြီးလည်း ကူညီဖြေရှင်းဆောင်ရွက်ဖို့ ကြိုးစားနေတာတွေရှိပါတယ်” လို့ မခင်သန္တာမိုးက ပြောပါတယ်။
လုပ်ငန်းခွင်ထဲက အမျိုးသမီးအလုပ်သမတွေအရေးနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်ချက်တွေကို အတက်နိုင်ဆုံးဆောင်ရွက်တောင်းဆိုတာတွေ ပြုလုပ်ပါတယ်။ လုပ်ငန်းခွင်ထဲက အမျိုးသမီး အလုပ်သမား ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး လိုအပ်ချက်တွေကို အလုပ်ရှင်သိအောင် တောင်းဆိုတာ၊ အလုပ်သမားတွေ တောင်းဆိုချက်ကို သက်ဆိုင်ရာကုန်အမှတ်တံဆိပ်တွေ သိအောင် အီးမေးလ်တွေပို့ပြီး တောင်းဆိုမှုကို လေးစားလိုက်နာပြီး လိုက်ပါဆောင်ရွက်ပေးဖို့တိုက်တွန်းတာတွေ ပြုလုပ်ခဲ့တယ်။ ဒီလိုတောင်းဆိုချက်တွေ ကြောင့်ပဲ တချို့စက်ရုံတွေမှာ ပြောင်းလဲသွားတာတွေလည်းရှိခဲ့တယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် အိမ်သာကအစသက်သောင့်သက်သာဖြစ်စေဖို့ ဗိုလ်ထိုင် အိမ်သာ လုပ်ပေးတာမျိုး ၊ စက်ရုံကဆေးပေးခန်းတွေမှာ ဆေးဝါးလုံလုံလောက်လောက် ထားပေးတာမျိုး ၊ pad ထုပ်တွေ ဆေးပေးခန်းမှာ ထားပေး လာတာတွေ ၊ အိမ်သာတွေ သန့်ရှင်းအောင် လုပ်ပေးတာမျိုး ၊ ကလေးမွေးပြီးကာစ မိခင်တွေအတွက် နို့ညှစ်ပြီးအအေးခန်းထဲထားနိုင်အောင် စီစဥ်ပေးတာမျိုး နောက်ပြီး ကိုယ်ဝန်ဆောင်တွေအတွက် ဖယ်ရီကား သီးသန့်စီစဥ်ပေးတာမျိုး တချို့တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ကုန်အမှတ်တံဆိပ်တွေချုပ်တဲ့ စက်ရုံတွေ မှာလုပ်ပေးလာတာတွေ့ရပါတယ်။
“အလုပ်သမားအမျိုးသမီးတွေရဲ့ဘဝက ကံတရားအတိုင်းလို့ သတ်မှတ်ခံထား ရတဲ့အခြေအနေ ဖြစ်တယ်။ ကံတရားအတိုင်းမဟုတ်ဘူး လုပ်ငန်းခွင်ထဲဖိနှိပ်ခံနေရဝာာ ဒါက ငါတို့ရဲ့အခွင့်အရေးတွေ ဖြစ်တယ်ဆိုတာရဲရဲတင်းတင်းပြောဖို့ သတ္တိတွေမွေးပေးရတာပေါ့” လို့ မခင်သန္တာမိုးကပြောပါတယ်။
မခင်သန္တာမိုးအနေနဲ့ သမဂ္ဂထဲမှာဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံ ရတာတော့ မရှိပေမယ့် လူမှုအသိုင်းအဝိုင်းမှာတော့ ခွဲခြားမှုတွေနဲ့ကြုံတွေ့ရပါတယ်။
“မိန်းကလေးဖြစ်ပြီး နိုင်ငံရေးလုပ်နေတာ စိတ်ဝင်စားနေတာ ဒါနင်တို့မိန်းမတွေရဲ့အလုပ်လားဆိုပြီး ကျွန်မနိုင်ငံရေးမှုနဲ့ထောင်ကျပြီးပြန်လွတ်လာတော့ ကျွန်မတို့မိသားစုဝင်တွေထဲကရော ပတ်ဝန်းကျင်ကရော ပြောကျတဲ့စကားတွေပါ။ မိန်းကလေးဖြစ်ပြီးအေးဆေးမနေဘူး ကျွန်မစဥ်းစားတယ်မိန်းကလေးဖြစ်တာနဲ့ ကျွန်မတို့ကိုဘာမှစိတ်မဝင်စားနဲ့ လင်ယူသားမွေး အိမ်ထောင်ထိန်းသိမ်း ကျန်တာနင်တို့နဲ့ဘာမှမဆိုင်ဘူးဆိုပြီး ခွဲခြားလိုက်တာပါပဲ” လို့ မခင်သန္တာမိုးကပြောပါတယ်။
ကိုယ်တိုင်လည်း ရှေးရိုးစွဲအယူအဆတွေနဲ့ပတ်သက်ပြီး တွန်းလှန်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ကိုယ်နဲ့သိတဲ့အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရတာ၊ အိမ်ထောင်ရေး အဆင်မပြေ တာတွေ ကြုံတွေ့ရတဲ့အခါ ခွန်အားပေးတာ၊ ပြောင်းလဲနိုင်ဖို့ ကူညီပေးတာ၊ အတွေးအခေါ် ပြောင်းလဲပေးတာ စတာတွေလည်း ဆောင်ရွက်ခဲ့တယ်။ ဒီလိုကူညီတဲ့အခါမှာလည်း မိသားစုက ကိုယ်နဲ့မဆိုင်တာဝင်မပါဖို့ တားလေ့ရှိတယ်။
“အဲဒီအချိန်မှာ ကျွန်မအမြဲပြောလေ့ရှိတာကတော့ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးနှု တ်ဆိတ်နေရင် မတရားမှုကိုလက်ပိုက်ကြည့်နေတာ ဖြစ်တယ်။ အဲတာဆို ကိုယ့်မှာရောအပြစ်ကင်းတယ်လို့ မခံစားရဘူး အပြစ်ရှိတယ်လို့ ခံစားရတယ်။ ဒီပြစ်မှုကို ကိုယ်တိုင်ပါဝင် ပတ်သက်ကျူးလွန်နေတာပဲ” လို့မခင်သန္တာမိုးက ခံယူထားတယ်။
လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရစေချင်တယ်အမျိုးသမီးတွေအကုန်လုံး အမျိုးသမီးဆိုတာ အားနည်းသူမဟုတ်ဘူး ခွန်အားကြီးသူတွေဖြစ်တယ်။အခွင့်အရေး၊ အခွင့်အလမ်း တန်းတူရစေချင်တာက မခင်သန္တာမိုးရဲ့ဆန္ဒပါပဲ။
ရှေ့ဆက်ပြီး လုပ်ငန်းခွင်ထဲကအမျိုးသမီးတွေလွတ်မြောက်ရေးကို အလေးထားကာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
“နောက်ပြီးတော်လှန်ရေးကြီးပြီးရင် ကျွန်မတို့မဖွံဖြိုးသေးတဲ့ နေရာဒေသ ကျွန်မဇာတိမြေအပါပေါ့ အဲလိုနေရာတွေကိုသွားပြီး ကိုယ်တက်နိုင်သ၍ တက်စွမ်းသ၍ကိုယ်လေ့လာသင်ယူထားတဲ့ အတွေးအခေါ်တွေ အသိပညာတွေ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်တာတွေဝေမျှတာတွေ အသိပညာပေးတာ သူတို့ခံစားချက်တွေကို နားထောင်ချင်တယ်။ ရှေးရိုးစွဲအယူအဆတွေကြားကနေလွတ်မြောက်အောင် လုပ်ပေးချင်တယ် စရှိသဖြင့် လုပ်ဖို့စိတ်ကူးထားတယ် ။ တော်လှန်ရေးကြီးအမြန်ပြီးချင်ပါပီ ကျွန်မ စိတ်ကူးတွေ အကောင်အထည်အမြန်ဖော်ချင်လို့ပါ” လို့ မခင်သန္တာမိုးကဆိုပါတယ်။
အမျိုးသမီးအသံအမျိုးသမီးအားမာန် စာစဉ် အမှတ်(၇) ကို အပြည့်အစုံ ဖတ်ရှုနိုင်ပါပြီရှင်။
https://drive.google.com/file/d/1bYrwUV79wkNmbMY61EmLFSUt3BuPl0Kn/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
မနွေဦးကံကော်
CDM
(စေတနာ့ဝန်ထမ်း၊ တယ်လီကျန်းမာ)
၁။ စစ်အာဏာသိမ်းမှုအစောပိုင်းကာလက တော်လှန်ရေးမှာအမျိုးသမီးထုပါဝင်မှုအပေါ် ဘယ်လိုမြင်ပါသလဲ။
တော်လှန်ရေးအစောပိုင်းကာလတွေမှာ အမျိုးသမီးတွေပါဝင်မှုအင်မတန်အားကောင်းတာတွေ့ရတယ်။ အစော ပိုင်းမှာ သံပုံးတွေတီးကြတယ်ဆိုတဲ့အချိန်ကတည်းက အိမ်ရှေ့မှာသံပုံးတီးကြတယ်ဆိုရင် အမျိုးသမီးတွေ များတယ်။ အသက်ကြီးတဲ့ အဖွားကြီးတွေကနေ ကလေးတွေအထိ ပါလာကြတယ်။နောက်တခါ CDM လုပ်တဲ့ အချိန်၊ ဆန္ဒပြတဲ့အချိန်မှာလည်း အမျိုးသမီးတွေများတယ်။ ဆန္ဒပြမယ်ဆိုလည်း အမျိုးသမီးတွေများတယ်။ လက်နက်ကိုင်တော်လှန်ရေးမှာလည်း အဓိကပံ့ပိုးသူတွေအဖြစ်နဲ့ ပါဝင်ကြတယ်။
အဲ့ကာလမှာ စက်မှုဇုန်တွေကဆို အမျိုးသမီးအင်အား အင်မတန်ကောင်းတယ်။ သူတို့တွေက ဆန္ဒပြပွဲတွေမှာဆိုလည်း ရှေ့ဆုံးက အားတက်သရော ပါကြတယ်။ လှိုင်သာယာဖြိုခွင်းမှုဆိုလည်း အမျိုးသမီးတွေ တော်တော်များများပါတယ်။ နွေဦးတော်လှန်ရေးစပြီး အာဏာသိမ်းတယ်ဆိုကတည်းက ပထမဦးဆုံးဒေါသထွက်တဲ့လူထုကြီးကို ကြည့်မယ် ဆိုရင် အမျိုးသမီးကပိုများ တယ် အဲ့လိုမျိုးတောင်ခံစားမိပါတယ်။
၂။ လက်ရှိနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုအပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။ အပြောင်းအလဲ ဘာတွေရှိပါသလဲ။
လက်ရှိကာလမှာကို ကြည့်ရင့် CDM မှာ အမျိုးသမီးအင်အား အများကြီးကောင်းတယ်။ ကျောင်းဆရာမတွေ ဆိုရင် ပိုသိသာတယ်။ စစ်ရေးဘက်မှာလည်း လူငယ်အမျိုးသမီးတွေက တော်တော်ပါတယ်။ ပြောက်ကျား သပိတ်တွေ အထိ အမျိုးသမီးတွေ ဦးဆောင်တာကို တွေ့ရပါတယ်။ တော်လှန်ရေးမှာ သတ္တိကောင်းကြတယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘဝမှာနိုင်ငံရေးထဲကို သတ္တိရှိရှိနဲ့ပါဝင်လာရလိမ့်မယ်လို့ မထင်ဘဲနဲ့ပါဝင်တယ်။ ပါဝင်ရင်းနဲ့ သတ္တိတွေက အလိုလိုရှိသွားတယ်။ အမျိုးသမီးအချင်းချင်းလည်း ပြန်ကြည့်တယ်။
ကိုယ်က PDF ထဲမှာ ပါနေတဲ့အမျိုးသမီးတွေ တပ်ဦးမှာပါနေတဲ့အမျိုးသမီးတွေကိုကြည့်ရင် သူတို့ကို ပြန်ပြီး moti ယူရတယ်။ သူတို့ကလည်း ပြောတယ်။ သက်ကြီးပိုင်းမှာရှိနေတဲ့ အမတို့လိုမျိုး လူတွေတောင်မှ ပါလာတယ်ဆိုတဲ့အပေါ်မှာ သူတို့က ပြန်ပြီးခွန်အားဖြစ်တယ်။ အပြန်အလှန်ခွန်အားယူကြတာပေါ့။ နောက်ပြီး တော့လည်း ရှေ့တန်းမှာ မျက်နှာသစ်အမျိုးသမီးတွေ တော်တော်လေးတွေ့လာရတယ်။ အရမ်းအားရစရာ ကောင်းပါတယ်။
၃။ ဒီတော်လှန်ရေးအရွေ့မှာပါဝင်နေတဲ့ အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ဘယ်လောက်အထိ ရှိနေပြီလို မြင်ပါသလဲ။ ဆုံးဖြတ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ရရှိနေကြပြီလဲ။
အမျိုးသမီးတွေကဆုံးဖြတ်ပိုင်ခွင့်နဲ့ပတ်သက်ရင်တော့ အများကြီးမရသေးဘူး။ အခုလေ့လာကြည့်သလောက် NUCCထဲမှာလည်း အမျိုးသမီးအင်အား နည်းတယ်။ NUG အစိုးရအဖွဲ့ထဲမှာဆိုလည်းဝန်ကြီးနေရာမှာ အမျိုးသမီး (၃) ယောက် ရှိတယ်။ ဒုဝန်ကြီးနေရာမှာ အမျိုးသမီး (၃) ယောက်ရှိတယ်။ သို့သော် သူတို့ရဲ့ ကဏ္ဍတွေဖော်ပြမှုက အရမ်းအားနည်းသလိုပဲ။
မီဒီယာပိုင်းတွေကလည်း သူတို့သတင်းတွေနဲ့ပတ်သက်ပြီး အရမ်းဖော်ပြတာမရှိသလို သူတို့ကိုယ်တိုင်ကလည်း အများကြီးလူရှေ့ကိုတအားကိုထွက်မလာသလို ခံစားနေမိတယ်။ အင်တာဗျူးတွေ ဆိုရင်လည်း တကယ့်သတင်းဌာနကြီးတွေပဲ ဒေါ်ဇင်မာအောင်လောက်ကို ဗျူးတာ တွေ့တယ်။ ကျန်တဲ့အမျိုးသမီးဝန်ကြီးတွေက မှေးမှိန်နေတယ်လို ခံစားမိတယ်။ EROs တွေဘက်မှာဆိုလည်း ပိုသိသာတယ်။ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အခုချိန်ထိ အမျိုးသမီးတွေပါဝင်လာတာကို မတွေ့လာဘူး။
AA လိုအဖွဲ့မျိုး အမျိုးသမီးမရှိဘူး။ KIA လိုအဖွဲ့မျိုးသူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူနေရာမှာ အမျိုးသမီးတွေ တယောက် မှ မရှိဘူး။ CNF လိုမျိုးအဖွဲ့မျိုးတွေ ဦးဆောင်တဲ့နေရာမှာ၊ ပြောရေးဆိုခွင့်နေရာမှာ အမျိုးသမီးတယောက်မှ မရှိဘူး။ KNU မှာမှ တယောက်တလေ တွေ့မိတာကိုတွေ့တယ်။ မွန်နဲ့ပတ်သက်ရင်လည်း အမျိုးသမီး တယောက်လောက်ဘဲ တွေ့မိတယ်။ နောက်ပြီးတော့ ကျွန်မတို့သိသလောက်ဆိုရင်လည်း PDF ထဲမှာ အမျိုးသမီးတွေအများကြီးပါတယ်။
ဒါပေမယ့် သူတို့တာဝန်ယူရတဲ့ အပိုင်းတွေကို မေးကြည့်တဲ့အခါ တချို့ တလေအနည်းငယ်သော လူတွေကသာ ရှေ့ကို ရောက်နေတယ်။ စနိုက်ဘာ တွေထဲမှာရှိတာမျိုးတွေ ကွန်မန်ဒိုထဲမှာဆိုလည်းသူတို့သင်တန်းတွေတတ်ခဲ့တယ်။ ဒါပေမယ့် တကယ့်တကယ် ကွန်မန်ဒိုအနေနဲ့ရွေးရင် အမျိုးသမီးတွေကိုမရွေးချယ်ဘူး အဲ့လိုတွေကြားရတယ်။ မြင်ရတယ်။
အများစုက ဆေးတပ်ထဲတွေမှာ နောက်ချက်ရေးပြုတ်ရေးတွေ အဲ့လိုနေရာတွေမှာ တာဝန်ယူနေရတဲ့အတွက်ကြောင့် မိန်းကလေးတွေ ကိုယ်တိုင်က အားမရတာတွေရှိနေတယ်။ သူတို့ခံစားချက်တွေ မြင်မိတယ်။ အဲ့တော့ နိုင်ငံရေးမှာ ပြောမယ်ဆို ပါဝင်မှုတော့မြင်နေရတယ်။ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာတွေမှာတော့ တွေ့မလာဘူး။အဲ့ဒါတော့ စိတ်ထဲမှာ အားမရစရာတော့ ဖြစ်မိတယ်။
၄။ ဆရာမနဲ့ ထိစပ်နေတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေရဲ့နိုင်ငံရေးမှာပါဝင်မှု အခန်းကဏ္ဍက ဘယ်လိုရှိပါသလဲ။
နိုင်ငံရေးလို့ပြောရင်တော့ ကိုယ့်ရဲ့အမြင်ပြောရရင် ဒီတော်လှန်ရေးမှာပါလာတဲ့သူတွေအားလုံးက နိုင်ငံရေး အကြောင်းကိုနားမလည်ပေမယ့် နိုင်ငံရေးမှာပါဝင်လာတာပဲလို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ အာဏာရှင်ကို မတရားတာကိုတော်လှန်တယ်ဆိုကတည်းက နိုင်ငံရေးပဲ၊ နိုင်ငံရေးအကြောင်းနားလည်နေလို့မဟုတ်ပေမယ့် နိုင်ငံရေးမှာပါလာတယ်။ အခုထိ ကိုယ့်ပတ်ဝန်းကျင်မှာ အမျိုးသမီးတွေနိုင်ငံရေးမှာပါဝင်လာမှုက အားကောင်းတယ်။
မဲဆောက်ဘက်မှာဆိုရင် အမျိုးသမီးတွေတော်တော်များများက နိုင်ငံရေးနဲ့ပတ်သက်တဲ့သင်တန်းတွေကို တတ်ရကောင်းမှန်းသိလာတယ်။ တတ်လည်းတတ်ကြတယ်။ အရင်တုန်းက အိမ်ထဲမှာပဲဘယ်မှ မထွက်ရဲဘူးဆိုတဲ့ အမျိုးသမီးတွေတောင်မှ အွန်လိုင်းကနေတက်ကြည့်လိုက်တယ်။ ဒီဘက်မှာထူးထူးခြားခြား တွေ့လာတာက လူနည်းစုမွတ်စလင်သမီးတွေတောင် ဒီလိုနိုင်ငံရေးကို လေ့လာနေတာကို တွေ့ရတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာတော့ အမျိုးသမီးတော်တော်များများက နိုင်ငံရေးဆိုတာကိုလေ့လာရကောင်းမှန်း သိလာကြပြီ။ အမျိုးသမီးတွေ အခုဆို အများကြီး တိုးတက်တဲ့အမြင်တွေရှိလာသလို ရေရှည်မှာ သူတို့က ပိုကြံခိုင်လာတာ မြင်ရတယ်။ ပတ်ဝန်းကျင်ကအမျိုးသမီးတွေအားလုံးကတော့ တတ်ကြွတဲ့သူ နိုင်ငံရေးကို မျက်ခြေမပြတ်သူတွေ ချည်းပဲ။
၅။ အမျိုးသမီးတွေကို နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်နေရာတွေအထိ မရောက်စေတာ ဘယ်လိုအတားအဆီးတွေ ကြောင့်လို့ ထင်ပါသလဲ။
နံပါတ် (၁) ကတော့ ယုံကြည်မှုလို့ ထင်တယ်။ အမျိုးသမီးတွေက ဦးဆောင်တဲ့နေရာကိုလုပ်နိုင်ပါ့မလားဆိုတဲ့ ယုံကြည်မှုနည်းတာက အမျိုးသားတွေမှာလည်း ရှိတယ်။ ဓလေ့ထုံးစံတွေ ဆိုတာထားပေါ့။ ဟိုးအရင်ထဲလည်း ဘာသာရေးတို့ ဓလေ့ထုံးစံတို့က အကန့်အသတ်ရှိတယ်။ နင်တို့ကအတွေ့အကြုံမရှိဘူး။ အားနည်းတယ်။ အမျိုးသမီးတွေဦးဆောင်မှုက အောင်မြင်လိမ့်မယ်လို့ မယုံကြည်တာပေါ့။
တချို့အမျိုးသမီးတွေကိုယ်တိုင်ကိုက မယုံကြည်နေတာရှိပါတယ်။ သူလုပ်နိုင်စွမ်းရှိပါ့မလား။ အမျိုးသားတယောက်နဲ့ အမျိုးသမီးနှစ်ယောက် ယှဉ်တဲ့ အခါမှာ တသက်လုံးမှာက သူတို့မြင်ခဲ့တဲ့ဦးဆောင်မှုတွေက အမျိုးသားတွေ ဖြစ်တယ်။ ကမ္ဘာကြီးမှာလည်း အခုချိန်ထိတော့ အမျိုးသမီးတွေနေရာရမှု တော်တော်နည်းပါတယ်။ တကယ့်ဒီမိုကရေစီနိုင်ငံတွေမှာတောင် ဦးဆောင်မှုက အမျိုးသားတွေ ဖြစ်နေတယ်။
၆။ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်နေရာတွေမှာ ပိုမိုပါဝင်လာဖို ဘာတွေလုပ်ဆောင်သင့်တယ် လို အကြံပြုချင်ပါသလဲ။
အမျိုးသမီးတွေကိုယ်တိုင်ပဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့လိုအပ်တယ်။ ငါလည်းလုပ်နိုင်တယ်။ အကယ်၍ လုပ်ခွင့် မပေးရင်တောင် လုပ်ကြည့်မယ်ဆိုတဲ့ သတ္တိမျိုး စိန်ခေါ်ရဲမှုမျိုး။ အဲ့အတွက် အမျိုးသမီးတွေကလည်း ပြည့်ဝဖို့ လိုတယ်။ ကိုယ့်ကိုကိုယ် အရင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိရှိနဲ့ တာဝန်ယူစိတ်ရှိရှိနဲ့ အမျိုးသားတွေကိုပဲဖြစ်ဖြစ် အမျိုးသမီးကိုပဲဖြစ်ဖြစ် စိန်ခေါ်ရဲရမယ်။
အဲ့အတွက်လည်း အရည်အချင်းပြည့်ဝဖို့ ကြိုးစားသင့်တယ်။ ပြီးတော့ လက်တွဲခေါ်သင့်တယ်။ အကယ်၍ ကိုယ့်ပတ်ဝန်းကျင်မှာ ယုံကြည်လောက်စရာ အမျိုးသမီးတွေ့ခဲ့တယ်ဆိုရင် ကိုယ်ကသတ္တိရှိရှိနဲ့ သူ့ရဲ့ဦးဆောင်မှုနောက်ကို လိုက်သင့် တယ်။ အမျိုးသမီး ခေါင်းဆောင်ရဲ့နောက်ကိုလိုက်ဖို့ကို အမျိုးသမီးကိုယ်တိုင်သတ္တိမရှိနေတာလည်း ဒါလည်း မဖြစ်သင့်တဲ့အထဲမှာ ပါတယ်။
အချုပ်အနေနဲ့ဆိုရင် အမျိုးသမီးတွေကိုယ်တိုင်ကြိုးစားရမယ်၊ အရည်အချင်း ရှိအောင်လည်းဖြည့်ရမယ်၊ လက်တွဲခေါ်ရမယ်၊ အမြင်ကျယ်ဖို့လည်း လိုတယ်၊ အတွေးအခေါ်ဟောင်းတွေ စွန့်ပစ်ရမယ်၊ သတ္တိရှိရမယ်၊ အမျိုးသားတွေကို စည်းရုံးနိုင်ရမယ်။ ဒါလည်း သိပ်ကိုအရေးကြီးတယ်။ ငါတို့ဟာ ယုံကြည်လို့ရသူတွေဆိုတာ အမျိုးသားတွေ သိဖို့ လိုပါတယ်။
၇။ တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ကျား၊မတန်းတူရေးလို့ပြောတဲ့အခါ အများစုကအထင်အမြင်လွဲတာလေးတွေရှိတယ်။ တချို့သော အမျိုးသား တွေရော၊ အမျိုးသမီးတွေရောက ဒီလိုတန်းတူရေးလို့ ပြောတဲ့အခါကျရင် သူတို့ကငါ့တို့ကိုကျောသွားချင်တာ လားဆိုတဲ့ အတွေးရှိနေတဲ့အမျိုးသားတွေလည်း ရှိတယ်။ တချို့အမျိုးသမီးတွေကလည်း ငါတို့က အမျိုးသား တွေထက် ပိုသာလွန်ဖို့ ဒီအရေးကိုလုပ်တယ်လို့ မှားယွင်းတဲ့အစွဲတွေ ရှိကြတယ်။ အမှန်တော့ အမျိုးသမီးတွေ က အခြေအနေအရ အဆက်ဆက်မှာ တဆင့်နိမ့် ဆက်ဆံခံခဲ့ရတဲ့အပေါ်မှာ တန်းတူရပ်တည်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ သူတို့အပေါ်ကနေ ကျောပြီးရပ်ဖို့မဟုတ်ဘူးဆိုတာကို သေသေချာချာ နားလည်သင့်ပါတယ်။ နားလည်မှုမလွဲဖို့လည်း လိုအပ်တယ်။
အမျိုးသားတွေကိုလည်း စည်းရုံးဖို့ လိုအပ်တယ်။ သူတို့က ကိုယ့်ကို လက်တွဲခေါ်ဖို့ ပြောတာမဟုတ်ဘူး။ သူတို့ကို ပါဝါတဆင့်မြှင့်ပေးတာ မဟုတ်ဘူး။ ငါတို့က level တန်းတူသွား ချင်တာ ဘာကြောင့်ဆိုတာကို သူတို့ကိုနားလည်အောင်စည်းရုံးနိုင်ရမယ်။ အဲ့ဒီစွမ်းရှည်လည်း အမျိုးသမီးမှာ ရှိသင့်ပါတယ်။ ငါတို့ပိုသာသွားအောင် လုပ်မယ်ဆိုတဲ့ဟာမျိုးတော့ မဖြစ်သင့်ပါဘူး။
“အမျိုးသားတွေကိုလည်း စည်းရုံးဖို့ လိုအပ်တယ်။ ငါတို့က level တန်းတူသွား ချင်တာ ဘာကြောင့်ဆိုတာကို သူတို့ကိုနားလည်အောင်စည်းရုံးနိုင်ရမယ်”
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
Elsa
(စေတနာ့ဝန်ထမ်း)
(၁) စစ်အာဏာသိမ်းမှုအစောပိုင်းကာလက တော်လှန်ရေးမှာ ပါဝင်လာတဲ့ အမျိုးသမီးထုပါဝင်မှုအပေါ် ဘယ်လိုမြင်ပါသလဲ။
ကနဦးအနေနဲ့ကတော့ CDM ပေါ့၊ အမျိုးသမီး CDM ဝန်ထမ်းတွေအနေနဲ့ အမျိုးမျိုးကြောက်စရာတွေ၊ ခြိမ်းခြောက်မှုတွေကြားကနေ သတ္တိရှိရှိနဲ့ ပါဝင်ခဲ့ကြပါတယ်။ ပြီးနောက်မှာတော့ သပိတ်တွေမှာ ကိုယ်တိုင် ဆန္ဒပြခဲ့ကြရင်း စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းလာလို့ အကုန်လုံးထွက်ဖို့ မဖြစ်နိုင်တော့တဲ့ အချိန်မှာတောင် ထောက်ပို့တွေ၊ တက်ကြွလှုပ်ရှားသူတွေအဖြစ် ကဏ္ဍမျိုးစုံကနေ တာဝန်ယူဆောင်ရွက်ခဲ့ ကြတာဟာ ၆၀ - ၇၀ ရာခိုင်နှုန်းအောက် မလျော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။
(၂) လက်ရှိနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုအပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။ အပြောင်းအလဲ ဘာတွေရှိပါသလဲ။
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး ရဲရင့်ထက်မြက်တဲ့အမျိုးသမီးတွေ၊ အာဂအမျိုးသမီးတွေအများကြီး ပေါ်ထွက် လာတယ်လို့ မှတ်ချက်ပြုချင်ပါတယ်။ တော်လှန်ရေးအစမှာ ထင်ထားခဲ့တာက တော်လှန်ရေးကာလ ကြာလေ အမျိုးသမီးတွေအနေနဲ့ ပါဝင်မှုပိုနည်းသွားမယ်လို့ ထင်ခဲ့တာပါ။ နွေဦးတော်လှန်ရေးဟာ တကယ်လည်း ကြမ်းတမ်းတဲ့ခရီးလမ်း ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့အာဏာလုတာကို မကျေနပ်လို့ ဒီတော်လှန်ရေးထဲကို နိုင်ငံရေးဆိုတဲ့အဓိပ္ပာယ်မသိဘဲ ရောက်လာခဲ့တဲ့အမျိုးသမီးအများစုက ခုဆို တော်လှန်ရေး ၃နှစ်ကျော်ကာလ ဖြတ်သန်းပြီးချိန်မှာ အများကြီးသင်ယူပြီးသူတွေ သင်ယူရကောင်းမှန်းသိတဲ့ ရင့်ကျက်သူတွေ ဖြစ်လာခဲ့ပါပြီ။
ရှေ့တန်းစစ်မျက်နှာမှာလည်း အမျိုးသမီးတွေကဏ္ဍက ပိုမိုအရေးပါလာသလို နောက်တန်းမှာလည်း နေရာစုံမှာ ပါဝင်နေကြတာကို မြင်ရပါတယ်။ ပုံမှန်ကာလမှာဆို မိန်းကလေးနဲ့ စစ်ပညာ ဘာဆိုင်လဲဆိုပြီး ထေ့လေ့ရှိတဲ့ အသိုင်းအဝိုင်းမှာ ဒါက အပြောင်းအလဲကြီးလို့ ပြောရမှာပါ။ ဒါကတော့ စစ်ဘက်ဆိုင်ရာအနေနဲ့ ပြောတာပါ။ တခြားသော နယ်ပယ်တွေဖြစ်တဲ့ နိုင်ငံတကာရေးရာ၊ စီးပွားရေးရာ၊ ဥပဒေရေးရာနဲ့ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေးတွေမှာပါ ရှေ့တန်းကို ရောက်လာနေတဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ လေးစားရတဲ့ စံနမူနာတွေပါပဲ။
နောက်ပညာရေးကဏ္ဍမှာဆိုရင်လည်း သင်ကြားသူ ဆရာမတွေ ကိုယ်တိုင်ကိုက ကိုယ့်ရဲ့ ခေတ်ဟောင်းက တရားသေအတွေးအခေါ်တွေကို စွန့်ပစ်ပြီး တော်လှန်ရေးအတွင်း သင်ယူသူတွေရဲ့ စိန်ခေါ်မှု လို့ ထင်မြင်နိုင်တဲ့ အတွေးအခေါ်တွေကို နားထောင်ပေးနိုင်လာတာနဲ့ ပြန်လည် ဆွေးနွေးပေးနိုင်လာတာကို မြင်ရတာ၊ စကစလက်အောက်ခံရဲ့ ဒါကျက်ဒါဖြေ ပညာရေးကနေ ဖောက်ထွက်လာနိုင်တဲ့ အောင်မြင်မှုတွေကို တွေ့ရတာ အတော်အားရဖို့ကောင်းပါတယ်။ ပုံမှန်ဆိုရင် ပညာရေးအပြောင်းအလဲကို မြင်ရဖို့က ဆယ်စုနှစ်နဲ့ချီပြီးကို ကြာတဲ့အနေအထားကနေ ခုကာလအတိုင်းအတာလောက်မှာ ဒီလိုအသီးအပွင့်တွေကို မြင်ရတာက အတော်လေး အားရမိပါတယ်။
(၃) ဒီတော်လှန်ရေးအရွေ့မှာပါဝင်နေတဲ့ အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ဘယ်လောက် အထိ ရှိနေပြီလို့ မြင်ပါသလဲ။ ဆုံးဖြတ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ရရှိနေကြပြီလဲ။
ကိုယ်တိုင်ပါဝင်နေတဲ့အဖွဲ့အစည်းပေါ်နဲ့ ကိုယ်ရောက်ရှိနေတဲ့နေရာက အများကြီးသက်ရောက်မယ်လို့ ယူဆပါတယ်။ အထူးသဖြင့် တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ငွေကြေးပံ့ပိုးပေးသူတွေအနေနဲ့ ပါဝင်နေသူ တွေက အတော်အတန်ဆုံးဖြတ်နိုင်တဲ့ပါဝါကို ရတာ မြင်ရပါတယ်။ အခုနောက်ပိုင်းမှာ ထောက်ပို့တွေက အမျိုးသမီးတွေ အများစုဖြစ်ကြတော့ အဲ့လိုပါဝါမျိုးကို ရရှိနေတာလည်း မြင်ရပါတယ်။
တချို့အဖွဲ့တွေမှာက အမျိုးသမီးတွေကို decision making level မှာ ပါဖို့လိုအပ်တယ်ဆိုပြီး ခြယ်လှယ်လို့ရမယ့် သူမျိုး/ ကြိုးဆွဲရာကနိုင်မယ့်သူမျိုးကို ဆွဲထည့်လိုက်တာ။ အဲဒိအခါ တွေ့ရတာက ဆုံးဖြတ်ချက်ချနိုင်တဲ့အလွှာမှာ ရောက်နေတဲ့ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေက gender lens နဲ့ ပြန်ကြည့်ရင် အရင်မပါဝင်ခင်ကာလနဲ့ အထူးတလည် ကွာခြားမှုမရှိနေတာကိုလည်း တွေ့ရတတ်ပါတယ်။
တနည်းပြောရရင် ဂျန်ဒါရေးရာ ထည့်သွင်းစဉ်းစားမှု မရှိတာမျိုး၊ မရှိသလောက်နည်းနေသေးတာမျိုးကို ဆိုလိုတာပါ။
ဒါ့ကြောင့်မို့ ကျမအနေနဲ့ကတော့ ဆုံးဖြတ်ချက်တွေက ဂျန်ဒါရေးရာထည့်သွင်းစဉ်းစားထားမှုကို ဘယ်လိုပိုပြီး သေချာအောင်လုပ်နေလဲ ဆိုတဲ့ စီမံဆောင်ရွက်မှုမျိုးကိုပိုပြီး ကြည့်ဖြစ်ပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ရာထူးမှာ ရောက်နေတာ တစ်ခုထဲနဲ့ သတ်မှတ်ရင်တော့ အရေအတွက်နဲ့ပဲ တိုင်းတာတာမျိုးပေါ့။ ဒါက ကျမတို့ တကယ် လိုလားတဲ့ ပါဝင်မှုတို့၊ ဆုံးဖြတ်ပိုင်ခွင့်တို့ကို ထင်ဟပ်သလား ဆိုတာကို ပြန်ဆန်းစစ်ဖို့တော့ လိုပါမယ်။
(၄) ဆရာမနဲ့ ထိစပ်နေတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေရဲ့နိုင်ငံရေးမှာပါဝင်မှု အခန်းကဏ္ဍ က ဘယ်လိုရှိပါသလဲ။
နိုင်ငံရေးလို့ပြောရင် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ဥပဒေရေးရာတွေက မပါမဖြစ်တွေလို့ ယူဆပါတယ်။ ရှေ့မှာလည်း ပြောခဲ့တဲ့အတိုင်း ဒီကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေက သိသိသာသာကို ထိုးတက်လာတာပါ။ အရင်က အဲ့ဒိအပိုင်းတွေက မြန်မာနိုင်ငံမှာ လက်တစ်ဆုပ်စာပဲ သင်ယူခွင့်ရှိတဲ့ ပညာရပ်တွေဖြစ်ပြီး ပါဝင်မှုကလည်း လက်တစ်ဆုပ်စာ လူတန်းစားလက်ထဲမှာပဲ ရှိခဲ့တာပါ။
အခုကာလမှာတော့ NUG မှာသာမက တနိုင်ငံလုံးနဲ့ ကမ္ဘာ့နေရာအနှံ့မှာရောက်ရှိနေတဲ့ မြန်မာ့နွေဦး တော်လှန်ရေးမှာ ပါဝင်နေတဲ့ သူရဲကောင်းအမျိုးသမီးတွေက ဒါတွေကို လက်လှမ်းမီနေ ကြပါပြီ။ အင်တာနက်အခက်အခဲရှိတဲ့ ဒေသတွေက သူရဲကောင်းအမျိုးသမီးတွေနဲ့ တခြားသော ပြည်သူ အမျိုးသမီးတွေကိုလည်း ဒီလိုပညာရပ်တွေကို လက်လှမ်းမီသင်ယူနိုင်ဖို့ လက်ဆင့်ကမ်းကူညီပေးဖို့က ကျမတို့ ဆက်လက်လုပ်ဆောင်ရမယ့် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်တွေဖြစ်ပါတယ်။
(၅) အမျိုးသမီးတွေကို နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်နေရာတွေအထိ မရောက်စေတာ ဘယ်လိုအတားအဆီးတွေ ကြောင့်လို့ ထင်ပါသလဲ။
ခေတ်ဟောင်းလူမှုစံနှုန်းတွေကြောင့်လို့ အဓိကပြောချင်ပါတယ်။ တချို့သူတွေက တော်လှန်ရေးမှာ စစ်အာဏာ ရှင်ကို မခံချင်လို့ ပါဝင်လာသည့်တိုင်အောင် ဘက်လိုက်မှုအမြင်တွေကို ခုထိလက်မလွှတ်နိုင်သေးတာကို တွေ့နေရပါတယ်။ အမျိုးသမီးဆိုရင် ခံစားချက်များတယ်ဆိုတဲ့ တရားသေဝါဒတွေ ကိုင်စွဲထားတာမြင်ရတယ်၊ အမျိုးသမီးရဲ့ နားလည်စာနာတတ်မှုကို ခံစားချက်များတယ်လို့သတ်မှတ်ပြီး အမျိုးသားရဲ့ စာနာနားလည် တတ်မှုကို EQ မြင့်တာလို့ ခွဲခြားခွဲခြား ပြောတာတွေလည်း တွေ့ဖူးပါတယ်။
ပြီးတော့ အမျိုးသမီးတွေ ကိုယ်တိုင်လည်း အိမ်ဖြည့်အနေအထား၊ အိမ်ဦးနတ်ရဲ့ ပါရမီဖြည့်ဖက် ဆိုတဲ့အမြင်ကနေ ရုန်းထွက်ဖို့ လိုအပ်ပါတယ်။ အောင်မြင်တဲ့ယောက်ျား တစ်ယောက်ရဲ့နောက်ကွယ်မှာ ပါရမီဖြည့်ဖက်မိန်းမတစ်ယောက် ရှိတာကို လက်ခံတတ်ရင် အောင်မြင်တဲ့ မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာလည်း ပါရမီဖြည့်ဖက်ယောက်ျား တစ်ယောက် ဘာလို့မရှိနိုင်ရမှာလဲဆိုတာကို ရဲရဲကြီးမေးနိုင်၊ ဖြေနိုင်ဖို့ လိုအပ်ပါတယ်။
ဆိုလိုတာက အပြန်အလှန်အမှီသဟဲပြုမှုကို မြင်တတ်ဖို့ပါပဲ။ မိခင်ဖြစ်လာရင် ကိုယ့်ရဲ့စိတ်ကူးတွေ၊ အိပ်မက်တွေ၊ ရပ်တည်ချက်တွေကို စွန့်လွှတ်သင့်တယ်လို့ ခံယူချက်ထားမယ့်အစား ကိုယ်ချန်ရစ်ခဲ့ရမယ့် နောင်မျိုးဆက်ကို ကိုယ့်ရဲ့အိပ်မက်တွေ၊ အောင်မြင်မှုတွေ၊ လူ့အသိုက်အဝန်း အတွက် အပြောင်းအလဲတွေကို ဖော်ဆောင်ပေးခဲ့တဲ့ မိခင်တစ်ဦးဖြစ်တာကလည်း ဂုဏ်ယူစရာဖြစ်တယ်ဆိုတဲ့ ခံယူချက်မျိုးရှိဖို့လည်း လိုအပ်ပါတယ်။
(၆) အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်နေရာတွေမှာ ပိုမိုပါဝင်လာဖို့ ဘာတွေလုပ်ဆောင် သင့်တယ်လို့ အကြံပြုချင်ပါသလဲ။
ဖြတ်လမ်းမရှိပါဘူးလို့ပဲ ပြောချင်ပါတယ်။ ကြိုးစားရပါမယ်၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ဥပဒေရေးရာဆိုင်ရာ သင်ယူမှုတွေကို လျစ်လျူရှုလို့မရသလို ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု ကိုလည်း လျှော့ဖို့ မသင့်ပါဘူး။ တစ်ချိန်တည်းမှာလည်း အသံတွေစုံအောင် နားထောင်နိုင်ဖို့ လိုပါတယ်။ identity ပေါင်းစုံနဲ့ အလွှာစုံရှိနေတာဖြစ်တဲ့အတွက် လက်တဆုပ်စာရဲ့အမြင်ကို နားထောင်တာထက် ဖြန့်ကျက်နားထောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကတော့ ကိုယ်တိုင်လုပ်ဆောင်ရမယ့် အရာတွေပါ။
ဆုံးဖြတ်ပိုင်ခွင့်ဆိုတာရဲ့နောက်ကွယ်မှာ တပါတည်းလိုက်လာတဲ့ တာဝန်ယူမှုကိုပါ တွဲမြင်ပြီး ဖြေရှင်းနိုင်မှ တာဝန်ယူတတ်တဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေ ဖြစ်လာမှာပါ။ ဒီလိုပြောရတာက အခုကာလရဲ့ ဆုံးဖြတ် ပိုင်ခွင့်နေရာမှာ ရောက်နေသူတွေမှာတောင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ ဆုံးဖြတ်ချက်ချတာတွေကိုလည်း မြင်နေကြားနေတာတွေ ရှိမှာပါ။ အဲ့လိုအမှားတွေကို ကျမတို့က သင်ခန်းစာယူတတ်ဖို့လိုပါတယ်။ နောက်တစ်ခုက ကျမတို့ ကျင်လည်နေတဲ့ လူ့အသိုက် အဝန်းရဲ့ အသုံးမဝင်တော့တဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်တွေကို စွန့်ပစ်ပြီး မိသားစုတာဝန်ကို မျှမျှတတ ယူနိုင်ဖို့ပါ။
ဘောလုံးအားကစားနဲ့ ဥပမာပေးရရင် တစ်ကွင်းလုံးပတ်ကန်နေသလို ရှေ့တန်းမှာရော၊ နောက်တန်းမှာရော၊ အလယ်တန်းမှာပါ ဒီလူပဲ ဆိုရင်တော့ ခြေစွမ်းပြနိုင်ဖို့ရာ အင်မတန်ခက်ခဲပါတယ်။ ဒါကို ပြောရတာက ကိုယ်ပါဝင်နေတဲ့ အသိုက်အဝန်းရဲ့ အမှီသဟဲဖြစ်ပေးနိုင်မှုကို မြင်သာစေဖို့ပါ။ ကျန်တာကတော့ အမြဲကြားနေရတဲ့ တရားသေသတ်မှတ်မှု စံနှုန်းတွေပါပဲ။ ဒါတွေကတော့ လူ့အသိုက်အဝန်းရဲ့ ရင့်ကျက်မှုနဲ့ စဉ်းစာတွေးခေါ်နိုင်လာမှုကြောင့်သာ ပြောင်းလဲနိုင်တာမျိုးတွေပါ။
၈) တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
တချို့သောအဖွဲ့တွေမှာ အမျိုးသမီးတွေ ဆုံးဖြတ်ခွင့်ရနေတယ်လို့ ဆိုသော်လည်း သူတို့ရဲ့အမြင်တွေကို နောက်ကွယ်က လွှမ်းမိုးနေတာ၊ ခြယ်လှယ်မှုတွေ ရှိနေတာလည်း အများကြီးပါပဲ။ အဲ့လိုအနေအထား လောက်နဲ့ပဲ ဆိုရင်တော့ ၃၀ ရာခိုင်နှုန်းမက ပါဝင်မှုရှိနေလည်း အကျိုးသက်ရောက်မှုအနေနဲ့ အများကြီး ပြောင်းလဲနိုင်ဖို့ မမြင်ပါဘူး။ အဲ့လိုပါဝင်နေမှုကနေ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်ချက် တွေကရော ဘယ်လောက်အထိ အမျိုးသမီးတွေအတွက် ထည့်သွင်းစဉ်းစားခဲ့လဲ။ အကျိုးပြုစေခဲ့ သလဲဆိုတာကို ပြန်ပြီး ဆန်းစစ်ဖို့လည်း လိုအပ်တာကို ထပ်ဆောင်း ပြောရင်းနဲ့ပဲ အဆုံးသတ်ပါရစေ။
“ဆုံးဖြတ်ပိုင်ခွင့်ဆိုတာရဲ့နောက်ကွယ်မှာ တပါတည်းလိုက်လာတဲ့ တာဝန်ယူမှုကိုပါ တွဲမြင်ပြီး ဖြေရှင်းနိုင်မှ တာဝန်ယူတတ်တဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေ ဖြစ်လာမှာပါ”
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
ဒေါ်သန္တာ
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် - ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်)
ဌာနမှူး၊ အမျိုးသမီးရေးရာဌာန
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။
မေး။ ။ နိုင်ငံရေး ဘယ်အချိန်မှာ စပြီး ထိတွေ့ခဲ့သလဲ။
ကျွန်မအဖေက နိုင်ငံရေးသမားတစ်ယောက်ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီဝင်တစ်ယောက်ဖြစ်ခဲ့သလို၊ ၈၈၈၈ အရေးတော်ပုံနောက်ပိုင်းမှာ NLD ပါတီဝင်တယောက်ဖြစ်လာခဲ့တယ်။ ပါတီကနေပြီးတော့ မြို့နယ် အလုပ်မှုဆောင် ဒုဥက္ကဌ ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးကို အမေနဲ့မတွေ့ခင်ထဲက လူပျိုဘဝထဲကလုပ်ခဲ့တာပါ။ သူ့ဘဝတောက်လျှောက်မှာ နိုင်ငံရေးလုပ်ခဲ့တဲ့သူပဲပေါ့။ ထောင်အခါခါကျခဲ့တယ်။ ကျွန်မက တစ်ဦးတည်းသော သမီး ဖြစ်တယ်။ ကျွန်မကလည်း နိုင်ငံရေးဆက်လုပ်တယ်။
အဲ့အတွက် မိသားစုတွေက စီးပွားရေးရော လူမှုရေး၊ လူမှုဆက်ဆံရေးမှာ ဆွေမျိုးတွေကိုယ်တိုင်က ဖယ်ကြဉ်တာမျိုး၊ အပေါင်းအသင်းတွေက ဖယ်ကြဉ်တာမျိုးတွေ တောက်လျှောက်ခံခဲ့ရတယ်။ “ထောင်ထွက်တွေ သွားမပြောနဲ့ မခေါ်နဲ့ မဆက်ဆံနဲ့” အဲ့လိုမျိုးတွေလည်း အများကြီးကြုံခဲ့ဖူးတယ်။ ဒါပေမယ့် ကိုယ်ယုံကြည်ရာပဲ လျှောက်လှမ်းခဲ့တယ်။ ဘာကြောင့်နဲ့မှတော့ သွေဖီ သွားတာမျိုး မရှိဘူး။ လက်လျော့လိုက်တာလည်း မရှိဘူး။
မေး။ ။ ဆရာမကိုယ်တိုင်ကိုက နိုင်ငံရေးကို လုပ်ချင်လာရတဲ့ အဓိက လှုံ့ဆော်မှုက ဘယ်ကရသလဲ။
ဖြေ။ ။ အမှန်တရားကို ကြိုက်လို့ပဲ ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားကိုပြောလို့မရတဲ့ အမှန်တရားကို သိခွင့်မရတဲ့စနစ်တခုအောက်မှာ ကြီးပြင်းခဲ့ရတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ မဆလ လက်ထက်က ကျွန်မငယ်ဘဝပေါ့။ အမှန်တရားကိုပြောချင်တယ်။ မြင်တဲ့အတိုင်းပဲ ပြောချင်တယ်။ ပြည်သူကို မြင်တဲ့အတိုင်း သိစေချင်တယ်။
နောက်ပြီးတော့ ဘာကိုမှမကြောက်ရတဲ့ ဘဝမျိုး ကိုယ်လည်းနေချင်တယ်။ ပြည်သူတွေကိုလည်း နေစေချင်တယ်။ အဲ့ဒီဟာက နိုင်ငံရေးလုပ်ဖို့ စေ့ဆော်တာ ဖြစ်ပါတယ်။အဖေ့ကြောင့် စေ့ဆော်တာလည်း တပိုင်းတစပါပါတယ်။ ငယ်ငယ်တုန်းကတော့ အဖေတို့က နိုင်ငံရေးစာအုပ်တွေ ဖတ်ကြ၊ ရေဒီယိုနားထောင်ကြတော့ ကိုယ်ကလည်း မိဘဘေးခေါင်းအုံးလေးနဲ့ လှဲပြီးနားထောင်တယ်။ ဒါတွေကလည်း စေ့ဆော်မှုတစိတ်တပိုင်းပါတာပေါ့။
မေး။ ။ နိုင်ငံရေးကို ဘယ်အချိန်က စပြီး ထဲထဲဝင်ဝင် လုပ်ဖြစ်ခဲ့သလဲ။
ဖြေ။ ။ ၁၉၈၈၊ အရေးတော်ပုံက လို့ ပြောလို့ရပါတယ်။ ဆိုတော့အသက်၂၀ပေါ့နော်။ ကျောင်းသူတစ်ယောက် ဖြစ်ခဲ့တယ်။ အဲ့တုန်းကတော့ သပိတ်ကို ခေါင်းဆောင်ခဲ့တယ်။ ကျောင်းတွေပိတ်တော့ ကိုယ့်မြို့ကိုယ်ပြန် တယ်။ ကိုယ့်မြို့မှာလည်း ပြန်ပြီးတော့ တစ်မြို့နယ်လုံးက ဒီသပိတ်ထဲပူးပေါင်းပါဝင်လာအောင် လှုံဆော် ရတယ်၊ ဟောပြောရတယ်ပေါ့။ အဲ့ဒီမှာပဲ စစ်တပ်က ဖမ်းဝရမ်းထုတ်တာပေါ့နော်။ အဲ့ထဲကထွက်ပြေးတယ် အစတုန်းကတော့ တောခိုဖို့စဥ်းစားသေးပေမယ့် နောက်တော့ NLD ပါတီကို ဝင်ခဲ့တယ်။
NLDပါတီမှာ ရန်ကုန်ရုံးချုပ်မှာပဲ လုပ်အားပေးအနေနဲ့ လုပ်ခဲ့တယ်။ ထောင်ကျတော့လည်း NLDပါတီဝင်အနေနဲ့ပဲ ထောင်ကျခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ထောင်ကျခဲ့တယ်။ ၁၂၄ ပုဒ်မ၊ နိုင်ငံတော်အကြည်ညိုပျက်မှု ထောင်တစ်သက်တစ်ကျွန်းကျခဲ့ပါတယ်။
အဲ့ဒီတုန်းကတော့ စစ်ခုံရုံးတွေနဲ့ ထောင်ထဲမှာပဲ ခုံရုံးဖွင့်ပြီးဆွဲတာဆိုတော့ တရားစီရင်ရေးစနစ် တိတိကျကျ မရှိဘူး။ ရှေ့နေလိုက်ခွင့်လည်း မရခဲ့ဘူး။ အကြောက်တရားလျော့ချရေးဟောပြောပွဲတွေ နယ်တွေမှာလိုက်ဟောလို့၊ လွတ်မြောက်နယ်မြေမှာရှိတဲ့မဂ္ဂဇင်း၊ ဂျာနယ်တွေကိုပို့ဖို့ ကိုယ်ကရေးထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကြောင့်ပေါ့နော်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်တွေကို သင်တဲ့သင်ခန်းစာတွေအကြောင်း ရေးထားတဲ့စာပါ။ သူတို့သင်တန်းမှာသင်တဲ့အကြောင်းအရာတွေက ဥပမာ လူစုလူဝေးဖြိုခွဲခြင်းတို့ တန်ပြန် နိုင်ငံရေး တန်ပြန်ထိုးနှက်ချက်တို့အကြောင်း ရေးထားတာတွေပါ။ နောက်တခုက ဒီအသင်းက မဆလပါတီလို၊ ပါတီတစ်ခု ရောမဖြစ်လာနိုင်ဘူးလားဆိုတဲ့ ရေးထားတာ note ကလေးတွေပေါ့။ ဒီစာလေးက တစ်သက် တစ်ကျွန်းကျဖို့အတွက် ဖြစ်လာတာပါ။
မေး ။ ။ဘယ်အချိန်မှာ ပြန်လွတ်လာတာလဲ။ ဘာတွေ ဆက်လုပ်ဖြစ်လဲ။
ဖြေ ။ ။ ၂၀၁၂ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဥ်း သားတွေအားလုံးလွှတ်ပေးဖို့ သဘောတူညီချက်ရတဲ့အချိန်မှာ အကုန်လွှတ်ပေးလိုက်တော့ လွတ်လာ တယ်။ ၂၀၁၃မှာ ကြေးနီစီမံကိန်းမှာ မီးလောင်ဗုံးပစ်မှုနဲ့ ဆန္ဒပြလို့ ၂၀၁၃မှာ ထောင်ပြန်ကျတယ်။ ၂၀၁၃ ထဲမှာဘဲ ပြန်လွတ်လာတယ်။ ၂၀၁၄ မှာကျတော့ အမျိုးသား သတင်းထောက် ကိုပါကြီး အသတ်ခံရတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတယ်။
မေး။ ။ ၂၀၁၅ ခုနှစ် အဲ့ဒီလွှတ်တော်ရဲ့အဝန်းအဝိုင်းကို ဆရာမကြည့်လိုက်တဲ့အခါကျတော့ ဆရာမ ဘယ်လိုခံစားရလဲ။ အမျိုးသမီးတွေအတွက် နိုင်ငံရေးဆွေးနွေးလို့ကောင်းတဲ့နေရာ ဖြစ်ခဲ့သလား။
ဖြေ။ ။ ကျွန်မကတော့လေ ဘယ်လိုခေါ်မလဲမသိဘူး။ ကျွန်မကိုယ့်ကိုကိုယ် ယုံကြည်တော့လေ ဘယ်လိုနေရာ ဖြစ်ဖြစ် အသစ်အဆန်းဖြစ်ဖြစ် ကျွန်မကသိပ်တော့ မစိုးရိမ်ဘူး။ ကိုယ်ပြောလို့ရပါ့မလား၊ ကိုယ်လုပ်လို့ ရပါ့မလား ဆိုတဲ့ စိုးရိမ်ကြောင့်ကျမှုမျိုးတော့ ဘာမှဘယ်တုန်းကမှမရှိခဲ့ဖူးဘူး။ ကျွန်မက လုပ်နိုင်သရွေ့ လုပ်မှာပဲ အဲ့ဒီအပေါ်မှာတော့ ဘယ်လိုမှမနေခဲ့ဘူး။
မေး။ ။ ဆရာမ ပြောသွားတဲ့အထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးက လူနည်းနည်းများများ တကယ်လုပ်လို့ ရတယ် ဆိုတဲ့ဟာ ဆရာမပြောသွားတယ်။ လက်ရှိအချိန်အထိ အမျိုးသမီးတွေ ဆုံးဖြတ်ပိုင်ခွင့်နေရာကို အပြည့်အဝမရှိနေသေးတာ ဘာကြောင့်လို့ မြင်လဲ။
ဖြေ။ ။ နည်းနေသေးတယ်ဆိုတာ NUGဝန်ကြီးဌာနထဲမှာတောင် အမျိုးသမီးဝန်ကြီးတွေက နည်းနေသေးတာ။ တကယ်ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့နေရာမှာတော့ လူဦးရေက နည်းနေသေးတယ်။ ဆိုတော့ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အဲ့ဒီအရှေ့ကိုရောက်အောင် ထိုးထွက်လာဖို့လိုတယ်ပေါ့နော်။ နောက်တစ်ခုကလည်း အမျိုးသမီးအချင်းချင်းရော၊ အမျိုးသားတွေကရော၊ LGBTQအသိုင်းအဝိုင်းရော အားလုံးပေါ့နော် Gender ပေါ်မှာ နားလည်ဖို့လည်း လိုတယ်။
တစ်ချို့တွေကျတော့ အမျိုးသမီးမို့လို့နေရာပေးဖို့အတွက် တွန့်ဆုတ်တာ မျိုးတွေရှိတယ်။ ဒါမြန်မာတစ်နိုင်ငံထဲမှမဟုတ်ဘူး။ တစ်ကမ္ဘာလုံးနဲ့ချီပြီးဖြစ်နေတဲ့ကိစ္စ ဒီအတွက်ကြောင့်တော့ အမျိုးသမီးတွေက ကြိုးစားဖို့အတွက်နှောင့်နှေးသွားစရာအကြောင်းမရှိဘူးပေါ့။ လုပ်ရမှာပဲ တိုးထွက်ရမှာပဲ။ ကျွန်မလည်း ဒီလိုပဲ တိုးထွက်ခဲ့ရတာ။
ကျွန်မအမျိုးသားအမှုတုန်းကဆိုလို့ရှိရင် လူတွေက ကျွန်မကို ပြောကြတယ် ကျွန်မ အဲ့ဒီချိန်မှာ ကျွန်မနောက်မှာ အသိုင်းအဝိုင်း မရှိဘူးလေ။ ကျွန်မနာမည်ကြီးလည်း မဟုတ်ဘူးလေ။ နိုင်ငံရေးမှာခေါင်းဆောင်နေရာရှိနေတဲ့ နာမည်ကြီးနိုင်ငံရေးခေါင်းဆောင်လည်း မဟုတ်နေဘူး။ အဲ့တော့ အုတ်နံရံကိုခေါင်းနဲ့တိုက်မလို့လားဆိုပြီး မေးတဲ့မေးခွန်းမျိုးတွေလည်း ကြုံခဲ့ရဖူးတယ်။ ဒါပေမယ့် ကျွန်မကလုပ်တာပဲ။ ဘာအကြောင်းကြောင့်နဲ့မှ ရပ်သွားတာမျိုးမရှိခဲ့ဘူး။ တစိုက်မတ်မတ်တော့ လုပ်ဖို့လိုတာပေါ့။
ကိုယ်လုပ်တဲ့နယ်ပယ်ပေါ်မှာ ကိုယ်တကယ်စိတ်ဝင်စားကျွမ်းကျင်ဖို့ လိုတယ်။ယှဥ်ပြီးဆွေးနွေးတဲ့အခါ ဥပမာ ကျွန်မတို့လည်း ကြုံခဲ့ရဖူးတယ်။ လွှတ်တော်ထဲမှာအဆိုတွေဆွေးနွေးရင် လူကတအားများနေလို့ လူလျော့ရမယ်ဆို ဆရာမတို့ပဲဆွေးနွေးပါဆိုပြီးပေးခဲ့ကြတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးရှိတာပဲ။ လူတိုင်းဟုတ်မနေဘူး။ ယောက်ျားတိုင်းလည်း ဟုတ်မနေဘူး။ ကိုယ်တိုင်ကလည်း ကြိုးစားရမယ်။ Gender ပေါ်မှာ ခွဲခြားမြင်တာလည်း လျော့အောင်လုပ်ရမယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ အမျိုးသမီးနဲ့နိုင်ငံရေးကြားထဲက ချိတ်ဆတ်မှုပိုပြီးတော့ အားကောင်းလာဖို့ ဆရာမအနေနဲ့ ဖြည့်ပြောချင်တာ ရှိမလား။
ဖြေ ။ ။ တကယ်တော့ အမျိုးသမီးတွေကနိုင်ငံရေးလုပ်တဲ့အခါ ကျွန်မပြောသလို ပိုစေ့စပ်တယ်။ ပိုလေ့လာ တယ်။ လက်တွေ့ကျကျ သုံးတက်တယ်။ အဲ့ဒီအတွက်ကြောင့် တကယ်ကိုယ်သာယုံကြည် တယ်ဆိုရင် ကိုယ်လည်းတကယ်ဝါသနာပါတယ်ဆိုရင် တစိုက်မတ်မတ်သာလုပ်။ ကိုယ်လုပ်တဲ့ ကိုယ်ရှိတဲ့နယ်ပယ်မှာ ကိုယ်က နားလည်နေရင် ၊ ကျွမ်းကျင်နေရင် ဘယ်အရာကမှကိုယ့်ကို လာပြီးဟန့်တားလို့မရပါဘူး။ gender ကြောင့်ပဲဖြစ်ဖြစ်၊ ပါဝါအာဏာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုနှောင့်ယှက်မရပါဘူး။
ကိုယ်ကအဲ့အရာမှာ ကျွမ်းကျင်မှုအားနည်းတယ်ဆိုရင်၊ ကျွမ်းကျင်မှုခြင်းတူရင်တောင်မှ အမျိုးသားနဲ့အမျိုးသမီးဆိုရင် နောက်ခြေ တလှမ်းဆုတ်လိုက်ရတဲ့အနေအထား ရှိတယ်။ barrier ပေါ့နော်။ အဲ့တော့ သူတို့နဲ့မတူအောင် ခြေတလှမ်း ပိုနေအောင် ကိုယ်ကသူများထက်ပိုပြီး ပိုအားထုတ်ရလိမ့်မယ်။ ကိုယ့်နယ်ပယ်မှာ ကိုယ်လုပ်နေတဲ့ နယ်ပယ်မှာ ကျွမ်းကျင်နေဖို့လိုတယ်။ အဲ့ဒါက ကျွန်မအတွေ့အကြုံက ရတဲ့သင်ခန်းစာကောင်းပါပဲ။
“ခြေတလှမ်းပိုနေအောင် ကိုယ်ကသူများထက်ပိုပြီး ပိုအားထုတ်ရလိမ့်မယ်။ ကိုယ့်နယ်ပယ်မှာ ကိုယ်လုပ်နေတဲ့ နယ်ပယ်မှာ ကျွမ်းကျင်နေဖို့လိုတယ်။ အဲ့ဒါက ကျွန်မအတွေ့အကြုံက ရတဲ့သင်ခန်းစာကောင်းပါပဲ”
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
ဒေါ်အေးမြမြမျိုး
အဖွဲ့ဝင်
မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။
မေး။ ။ မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက်အကြောင်း မိတ်ဆက်ပေးပါဦးရှင့်။
ဖြေ။ ။ လူထုကိုယ်စားပြုမှုဆိုတဲ့ ဒီမိုကရေစီရဲ့အခြေခံစံတန်ဖိုးကို ကာကွယ်စောင့်ရှောက်လျက် ရှိကြတဲ့ ကျွန်မတို့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်ကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များပေးအပ်နိုင်ရေး၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ အမျိုးသမီးများအပါအဝင် မြန်မာနိုင်ငံသားအားလုံးရဲ့ အခွင့်အရေးများအတွက် ပြည်တွင်း၌သာမက ပြည်ပမှာ ပါ ကိုယ်စားပြုစည်းရုံးလှုံ့ဆော်ရေးတို့ကို ဆောင်ရွက်ဖို့ရည်ရွယ်ပြီးတော့ ၂၀၂၂ နိုဝင်ဘာလ ၂ ရက်နေ့မှာ နိုင်ငံတကာနဲ့ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေကို တရားဝင်ဖွဲ့စည်းကြောင်း ကြေညာမိတ်ဆက်နိုင်ခဲ့ပါတယ်။
ကျွန်မတို့ကွန်ရက်မှာ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၁၀၀) ကျော် ပါဝင်လှုပ်ရှားနေပါတယ်။ ပြန်လည်ရွေးကောက်ခံကိုယ်စားလှယ်တွေလည်း ပါဝင်ပြီး ၂၀၂၀ မှာမှ အသစ်ရွေးကောက်တင်မြှောက်ခံရသူတွေလည်း ပါဝင်တဲ့အတွက် လွှတ်တော်ရေးရာ လုပ်ငန်းတွေ ကို အကျွမ်းတဝင်ရှိသူတွေရော၊ မြေပြင်မှာ ပြည်သူလူထုနဲ့ အားကောင်းစွာ ချိတ်ဆက်နိုင်စွမ်းရှိသူများပါ ပါဝင်ပါတယ်။တိုင်းရင်းသားမျိုးနွယ်ပေါင်း ၁၃ ခုကို ကိုယ်စားပြုထားပြီး စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ ၂၀၂၀ အနိုင်ရပါတီတွေက အမျိုးသမီးကိုယ်စားလှယ်တွေကိုလည်း ဖိတ်ခေါ်ထားသလို ချိတ်ဆက်ဆောင်ရွက်မှု တွေလည်းရှိပါတယ်။
မေး။ ။ မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်ရဲ့ မျှော်မှန်းချက်နဲ့ ရည်မှန်းချက်တွေကို ပြောပြပေးပါဦး။
ဖြေ။ ။ ကွန်ရက်ရဲ့ မျှော်မှန်းချက်ကတော့ လူမျိုး၊ လိင်ခံယူမှု၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား မခွဲခြားဘဲ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှအခွင့်အရေးများခံစားနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်းလာရေးဖြစ်ပါတယ်။ ရည်မှန်းချက်ကတော့ ပြည်သူလူထုအပေါ် လူမဆန်တဲ့ နည်းလမ်းမျိုးစုံနဲ့ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ပြီး လူ့အခွင့်အရေးချိုးဖောက် နေတဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ တိုင်းရင်းသား ပြည်သူလူထုကြီးရဲ့ လိုလားချက်တွေကို ကိုယ်စားပြုသွားဖို့နဲ့ အစိုးရနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တည်ဆောက်ပုံတွေမှာ တိုင်းရင်းသားအသီးသီးပါဝင်တဲ့ ပြည်သူလူထုအားလုံးရဲ့ အခွင့်အရေးတွေကို ထင်ဟပ်စေရမယ်ဆိုတာ ဖြစ်ပါတယ်။
မေး ။ ။ မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက်အနေနဲ့ ဘယ်လိုအပိုင်းတွေ အဓိက လုပ်ဆောင်နေပါသလဲ။
ဖြေ ။ ။ ကျွန်မတို့ အဓိကလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကတော့ အရပ်ဖက်/ ပြည်သူ၊ အစိုးရနဲ့ လွှတ်တော် သုံးဦးသုံးဖလှယ် ညှိနှိုင်းအစည်းအဝေးတွေ ကျင်းပပြုလုပ်နေပါတယ်။ နောက်ထပ်တစ်ခုကတော့ Townhall Meeting လူထုတွေ့ဆုံပွဲတွေ စီစဉ်ကျင်းပတာပါ။ ကွန်ရက်အနေနဲ့ လူထုတွေ့ဆုံပွဲ (၆) ခု ကျင်းပထားနိုင်ခဲ့ပြီး ကရင်နီနဲ့ ချင်းမှာ လူတွေ့ - မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ မွန် မှာတော့ အွန်လိုင်းကနေတဆင့် ဆောင်ရွက်နိုင် ခဲ့ပါတယ်။
ရလဒ်တွေအနေနဲ့ကတော့ မဲဆန္ဒနယ်ကသူတွေနဲ့ ဆက်ဆံရေး ပိုမိုအားကောင်းလာတာ၊ အမျိုးသမီး တွေရဲ့ လိုအပ်တွေကို နက်နက်ရှိုင်းရှိုင်းနားလည်လာပြီး အမျိုးသမီးတွေပါဝင်မှုမြှင့်တင်နိုင်ရေး ဆက်လက် ဆောင်ရွက်ဖို့၊ အားလုံးပါဝင်နိုင်ရေးအတွက် မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်နိုင်ဖို့တွေကို လုပ်ဆောင် ခဲ့ပါတယ်။
နောက်တစ်ခုအနေနဲ့ နိုင်ငံတကာနဲ့ဒေသတွင်းနိုင်ငံရေး စကားဝိုင်းတွေ ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေရဲ့ တော်လှန်ရေးမှာ ဘက်ပေါင်းစုံကနေ ပါဝင်နေမှုကိုလည်း အမြဲ Highlight လုပ်ပြောလေ့ ရှိသလို အမျိုးသား ညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့ဆိုတာလည်း အစဉ်တစိုက်လှုံ့ဆော်ဆွေးနွေးခဲ့ပါတယ်။ မကြာသေးမီက ပြုစုနိုင်ခဲ့တဲ့ သုတေသနစာတမ်းမှာ အမျိုးသမီးနိုင်ငံရေးသမားတွေကနေ အာဏာသိမ်းပြီးနောက် သူတို့ရဲ့ ဖြတ်သန်းလာရတဲ့အတွေ့အကြုံတွေကို မျှဝေထားတာဖြစ်ပြီး မြန်မာအမျိုး သမီးတွေရဲ့ အခွင့်အရေးနဲ့ ဂျဲန်ဒါတန်းတူညီမျှရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြ၊ struggle လုပ်နေကြတာကို highlight လုပ်ထားပါတယ်။ နောက်ထပ်တေသနစာတမ်းတစ်ခုလည်း ထပ်မံပြုစုဖို့ စီစဉ်နေတာလည်းရှိပါတယ်။
နောက်တစ်ခုကတော့ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်ပါ။ WPS တို့နဲ့ဆက်စပ်တဲ့ ဆွေးနွေးပွဲတွေကို ပါတနာအဖွဲ့အစည်းတွေရဲ့ နည်းပညာအကူအညီနဲ့ ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်ပြီးလည်း ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် လူငယ်ခေါင်းဆောင်တွေ Human Rights Defenders တွေအတွက် negotiation skill, leadership သင်တန်းတွေကိုလည်း ဆောင်ရွက်သွားဖို့ရှိပါတယ် တဆက်တည်းမှာ MHPSS - Mental Health and Psychosocial Support သင်တန်းတွေကိုလည်း ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တွေကိုလည်း နိုင်သလောက် Document လုပ်နေတာတွေလည်း ရှိပါ တယ်။ စစ်ရှောင်တွေအတွက် အာဟာရကျွေးမွေးတာ နဲ့ ရဲဘော်တွေအတွက် ဆေးဝါးထောက်ပံ့တာ ရိက္ခာ ခြောက်ပံ့ပိုးတာတွေကိုတော့ ပြည်တွင်းပြည်ပအလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ရန်ပုံငွေရရင် ရသလို ဆောင်ရွက် ပေးနေပါတယ်။ ကျွန်မတို့ လတ်တလော မှာ ၂၀၂၅, ၂၀၂၆, ၂၀၂၇ အတွက် WPS Action Plan တစ်ခု ရေးဆွဲ နေတာရှိတယ်။
မေး။ ။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက်အဖွဲ့ဝင်တွေ၊ ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ဟောင်းတွေ အနေနဲ့ ဘယ်လိုအခက်အခဲနဲ့ စိန်ခေါ်မှုတွေကြုံတွေ့ခဲ့ကြရပါသလဲရှင့်။
ဖြေ။ ။ ပုံမှန်လွှတ်တော်တာဝန်တွေထမ်းဆောင်ရတာမဟုတ်ဘဲနဲ့ တစ်ခြားသောပုံစံမျိုးနဲ့ ဒီမိုကရေစီပြန်လည် ထွန်းကားရေးအတွက်ကို ကြိုးပမ်းနေကြပါတယ်။ အသက်အန္တရာယ် အခက်အခဲ၊ လုံခြုံရေးအခက်အခဲတွေ၊ ဒီလို ငွေရေးကြေးရေးအခက်အခဲတွေကြားထဲကနေ တာဝန်ထမ်းဆောင်တဲ့အခါကျတော့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာ အများကြီးကို ပုံမှန်အချိန်ထက် ကျော်လွှားအလုပ်လုပ်ရတယ်။ အရင်တုန်းက လွှတ်တော်ဆိုင်ရာ အခန်းကဏ္ဍကို သတ်သတ်မှတ်မှတ်လုပ်လို့ရပေမဲ့၊ ခုနေအချိန်ကျတော့ ဒီတစ်ခုတည်းကို လုပ်လို့ရမနေဘူးပေါ့နော်။
အရေးပေါ်ပေါ်လာတဲ့ ကိုယ်ကိုတိုင်က အခက်အခဲရှိပေမယ့်လို့လည်း ကိုယ့်ထက် အခက်အခဲရှိတဲ့သူတွေ အသက်အန္တရာယ်ရှိနေတဲ့သူတွေ ဒီတော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်နေတဲ့သူတွေကို ပံပိုးပေးဖို့ကိစ္စ စတဲ့ အခန်းကဏ္ဍမျိုးစုံက တာဝန်ထမ်းဆောင် နေရတဲ့အခါကျတော့ အချိန်ပေးရတဲ့အပေါ်မှာ ကိုယ်အဓိကလုပ်ရမယ့် ဒီလွှတ်တော်ဆိုင်ရာကိစ္စရပ်တွေမှာ လွတ်မသွားဖို့ စိန်ခေါ်မှု တော်တော်ကြီးပါတယ်။
မေး။ ။ အမျိုးသမီးတွေနိုင်ငံရေးအခန်းကဏ္ဍမှာ ပါဝင်မှုကို မြှင့်တင်ဖို့အတွက် မြန်မာအမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များကွန်ရက်အနေနဲ့ ဆောင်ရွက်နေတဲ့အပိုင်းတွေရှိရင် ပြောပြပေးပါဦးရှင့်။
ဖြေ။ ။ အမျိုးသမီးတွေနိုင်ငံရေးမှာ ပါဝင်ဖို့၊ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးတွေပိုမိုပါဝင်နိုင်ဖို့ ဆိုတဲ့ကိစ္စကတော့ ဒါတစိုက်မတ်မတ်လုပ်ရမယ့် ကိစ္စဖြစ်တယ်။ အထူးသဖြင့်တော့ လက်ရှိတော့ WPS issue တွေကို ရေတိုရေရှည်စီမံကိန်းတွေ သတ်မှတ်ပြီးတော့မှ လုပ်ဆောင်နေပါတယ်။ ဒီတော်လှန်ရေးမှာပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့အသံတွေကို မြှင့်တင်နိုင်ဖို့အတွက်ကို ဆွေးနွေးပွဲတွေ ဆောင်ရွက်တာမျိုးတွေလည်း ပြုလုပ်တယ်။
ကျွန်မတို့လက်ရှိပါဝင်နေတဲ့အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် ပိုမိုမြှင့်တင်ဖို့အတွက်ကို သင်တန်းလိုမျိုး ဆွေးနွေးပွဲလိုမျိုး ကိစ္စမျိုးတွေဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒီထက်တစ်ဆင့်တိုးပြီးတော့လည်း ကျွန်မတို့ mentorship လိုမျိုး တကယ်အလားအလာရှိပြီး မြေပြင်မှာ ဆောင်ရွက်နေတဲ့သူတွေကို ထောက်ပံ့ ကူညီပံ့ပိုးပေးနိုင်ဖို့ ကိစ္စမျိုးတွေ ကြိုးစားနေတာရှိပါတယ်။
မေး။ ။ နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့၊ တော်လှန်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ဖို့အတွက် အဓိကအတားအဆီး ဖြစ်စေတဲ့ အရာတွေက ဘာတွေဖြစ်မလဲရှင့်။
ဖြေ။ ။ကွန်ရက်မှာပါနေတဲ့ကိုယ်စားလှယ်တွေရဲ့တော်လှန်ရေးမှာ ပါဝင်ဖို့အတားအဆီးဖြစ်တဲ့အရာတွေက အဓိကကတော့ ရန်ပုံငွေအခက်အခဲပါပဲ။ ကျွန်မတို့က ကိုယ်ရဲ့နေထိုင်ရပ်တည်ရေးကိစ္စပေါ်မှာ စိတ်ပူပင်ရတာရှိတယ်။ နောက်ပြီးတော့ ကျန်းမာရေးပေါ့နော်။ များသောအားဖြင့်ကတော့ တာဝန်တွေအများကြီးကို ထမ်း ဆောင်ရတဲ့အခါမှာ စိတ်ဖိစီးမှုတွေ ရင်ဆိုင်ကျော်လွှားရတဲ့အခါမှာတော့လေ ကျန်းမာရေးမှာ ထိခိုက်လာတာ ရှိတယ်။ နံပါတ်တစ်ကတော့လုံခြုံရေး နံပါတ်နှစ်ကတော့ရန်ပုံငွေ အခက်အခဲလို့ ပြောရမှာ ဖြစ်ပါတယ်။
မေး။ ။ ကွန်ရက်မှာပါဝင်တဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေဟာ လက်ရှိကာလနိုင်ငံရေးလုပ်ငန်း တွေကို ဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံမှုတွေကို ကြုံတွေ့ခဲ့ကြရတာမျိုး ရှိပါ သလား။
ဖြေ။ ။ သိသာထင်ရှားတဲ့ခွဲခြားမှုရော သိသာထင်ရှားခြင်း မဟုတ်ဘဲနဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို့ လူတွေလက်ခံ ထားခဲ့ပေမယ့်လည်း ခွဲခြားဆက်ဆံမှုက အမြစ်တွယ်နေတာတွေအများကြီးရှိတယ်။ ဒါပေမယ့် အခု တော်လှန်ရေးမှာ အမျိုးသမီးတွေ အများကြီး ပါဝင်လာတယ်ဆိုတာက အသိအမှတ်မပြုဘဲကို မနေနိုင်ဘူး။ နှုတ်ကနေပြီး ထုတ်ဖော်ပြီးတော့မှ ချီးကျူးဂုဏ်ပြုတာမျိုးတွေ အများကြီးပဲရှိတယ်။
တော်လှန်ရေးမှာ နေရာစုံမှာ ပါဝင်နေတဲ့ အမျိုးသမီးအင်အားထုကိုက ဒီတော်လှန်ရေးအတွက် အများကြီးပဲ မောင်းတင်အားတွေ ဖြစ်တယ်။ တော်လှန်ရေးမှာ ဒီလောက်မောင်းနှင်အား ပိုအားကောင်းလာတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့်လည်း အမျိုးသမီးတွေကို ပံ့ပိုးတဲ့နေရာမှာနေရင် အသိအမှတ်ပြုကြတယ် ကြိုဆိုကြတယ်။ ဒါပေမယ့်လည်းဆုံးဖြတ်ချက်ချတဲ့နေရာကိုပါဝင်ဖို့ဆိုရင် အခုချိန်ထိအကန့်အသတ်တွေ ရှိတယ်ပေါ့နော်။
အထူးသဖြင့် အခုလို စစ်ဘောင်ကျယ်နေတဲ့ကာလမှာဆိုလို့ရှိရင်လည်း စစ်ရေးကသာဘဲ အရေးကြီးတယ် နိုင်ငံရေးကအရေးမကြီးသေးဘူးဆိုတဲ့ အတွေးတွေလည်း အများကြီးရှိနေကြတဲ့အခါကြတော့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေမှာ ပါဝင်ဖို့ကိစ္စကတော့ ရုန်းကန်နေရဆဲ ဖြစ်တယ်။ အဲ့ထက်ပိုပြီး အရေးကြီးတာက ကျွန်မတို့တိုင်းပြည် ပြန်လည်တည်ဆောက်တဲ့အခါကျတော့ ယခုလက်ရှိပံ့ပိုးပေးနေတဲ့ ပံ့ပိုးမှု အပိုင်းကနေ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတွေက တော်လှန်ရေးအောင်မြင်တဲ့အချိန်မှာ တာဝန်ယူတဲ့နေရာမှာ ဆက်မပါတော့ဘူးဆို တိုင်းပြည်မှာ အင်မတန်မှဆုံးရှုံးမှု ဖြစ်တယ်။
လက်ရှိတော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေ အခန်းကဏ္ဍစုံက တာဝန်ရှိတဲ့နေရာမှာ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရဖို့အတွက်ဆိုတဲ့ ကိစ္စက ကျွန်မတို့ စိန်ခေါ်မှုကြီးပေမယ့်လည်း အတတ်နိုင်ဆုံး ကြိုးစားရမယ့် ကိစ္စဖြစ်ပါတယ်။ ပြန်ခြုံငုံပြီး ဖြေရမယ်ဆိုရင် ခွဲခြားဆက်ဆံမှုကတော့ နည်းပေါင်းစုံ၊ နေရာပေါင်းစုံနဲ့ အတိုင်းအတာတစ်ခုထိ အနည်းအများ သာကွာမယ် ရှိနေဆဲဖြစ်တယ်။ ဒါကိုကျော်လွှားဖို့ကိစ္စဆိုတာကလည်း ကျွန်မတို့ စည်းလုံးညီညွတ်မှု အင်အားနဲ့ ပြီးတော့အသိအမြင်တွေဖွင့်ပေးခြင်းအားဖြင့်လည်း ကျော်ဖြတ်ရမယ့် စိန်ခေါ်မှုဖြစ်ပါတယ်။
မေး။ ။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကျားမခွဲခြားမှုတွေ၊ ရှေးရိုးစွဲ အယူအဆတွေကို တွန်းလှန်ရတာမျိုးတွေရှိပါသလား။ ဘယ်လိုပုံစံနဲ့တွန်းလှန်ခဲ့ကြတာပါလဲ။
ဖြေ။ ။ အမျိုးသမီးတွေက အတွေ့အကြုံမရှိလို့ လုပ်နိုင်မှာ မဟုတ်ဘူး။ တာဝန်ကြီးကြီး ထမ်းဆောင်ဖို့ဆိုတဲ့ အမြင်ကလည်း အများစုမှာရှိနေသေးတယ်။ ဆိုတဲ့အခါကျတော့ အဖွဲ့တွင်းရွေးချယ်တဲ့အခါမှာတော့ ပါတီမှာက အမျိုးသမီးလူငယ်တွေကိုဦးစားပေးရမယ်ဆိုတဲ့ မူဝါဒရှိတယ်ဆိုတော့ အတိုင်းအတာတစ်ခုထိ အဆင်ပြေ ပေမယ့်လည်း တကယ်လူထုနဲ့ရင်ဆိုင်တဲ့အခါမှာကျတော့ ဒီအမြင်တွေမှာ ပိုကျော်လွှားရတာပေါ့နော်။
ပြီးခဲ့တဲ့သက်တမ်းတုန်းကဆိုလို့ရှိရင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေဟာ အလုပ်ပိုလုပ်တယ်ဆိုတဲ့ ပိုပြီးထိရောက်တယ် ဆိုတဲ့အမြင်မျိုးတွေ ရလာတယ်ပေါ့နော်။ အဲလိုရဖို့အတွက်ဆိုတာက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေက တခြားသူတွေထက် ပိုပြီးတော့ရုန်းကန်ရတယ် ပိုပြီးတော့ကြိုးစားရတယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ မရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေကိုလည်း ရင်ဆိုင်ခဲ့ကြရတယ်။
ဥပမာ အုပ်ချုပ်ရေးပိုင်းနဲ့ဆက်ဆံရတဲ့အခါ အုပ်ချုပ်ရေးပိုင်းမှာလည်းများသောအားဖြင့် အမျိုးသားတွေဖြစ်တဲ့ အခါကျတော့ ပိုပြီးတော့ရင်းနှီးလွယ်ကြတယ် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ကျတော့ ဒီအပိုင်း တွေကို ပိုပြီးတော့ရင်ဆိုင်ကြတယ်။ များသောအားဖြင့် စစ်တပ်ဘက်ကလာတဲ့သူတွေ များတယ်။
အမျိုးသမီး တွေအပေါ်မှာလူငယ်တွေအပေါ်မှာ ပိုပြီးတော့မှအထင်အမြင်သေးတဲ့ အသိုင်းအဝိုင်း ဖြစ်တဲ့အတွက် ဒီလို အုပ်ချုပ်ရေးမှူးတွေ၊ အုပ်ချုပ်ရေးပိုင်းတွေနဲ့ဆက်ဆံရတဲ့အခါ ပိုမိုပြီးတော့ လုပ်နိုင်ကိုင်နိုင်ကြောင်း သက်သေ ပြရတာ ပိုပြီးအလုပ်ကြိုးစားရတာ ဆက်ဆံရေးတည်ဆောက်ဖို့ ပိုပြီးခက်ခဲတာမျိုးပေါ့နော် ဒါမျိုးတွေရင်ဆိုင် ခဲ့ရတာရှိပါတယ်။
မေး။ ။ အာဏာသိမ်းကာလမှာ လုံခြုံရေးအရအခက်အခဲတွေကြောင့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် တွေအနေနဲ့ တော်လှန်ရေးလုပ်ငန်းတွေကိုဘယ်လိုအပိုင်းတွေကနေ ဆောင်ရွက်ပေးနေရတယ်လို့ ပြည်သူ လူထုကိုအသိပေးချင်ပါသလဲ။
ဖြေ။ ။ ကျွန်မတို့တွေ တော်လှန်ရေးတာဝန်တွေကို ကဏ္ဍပေါင်းစုံကနေ ဆောင်ရွက်နေပါတယ်။ တကယ်တော့ စစ်ကောင်စီပြုတ်ကျသွားတာနဲ့လည်း မပြီးဘူး။ ဒီမိုကရေစီပြန်လည်ထွန်းကားဖို့ဆိုတာက ရေရှည်အနေနဲ့ ကြိုးပမ်းရမယ်။ ဒီနိုင်ငံသစ်မှာ ပြန်လည်ထူထောင်ရမယ့် ဥပဒေတွေမူဝါဒတွေ အတွေးအခေါ်တွေကလည်း အင်မတန်မှ အရေးကြီးတာ ဖြစ်တယ်။လက်ရှိ ဆွေးနွေးပွဲတွေ တွေ့ဆုံပွဲတွေကျင်းပတာတို့ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ အာဆီယံနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး ရေရှည်လုပ်ငန်းစဉ်တွေကို ဆွေးနွေးတာတွေကလည်း မဖြစ်မနေပြင်ဆင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒီအပိုင်းတွေကိုလည်း ကျွန်မတို့က တတ်စွမ်းသမျှ ဆောင်ရွက် နေပါတယ်။
“အမျိုးသမီးတွေအပေါ်မှာလူငယ်တွေအပေါ်မှာ ပိုပြီးတော့မှအထင်အမြင်သေးတဲ့ အသိုင်းအဝိုင်း ဖြစ်တဲ့အတွက် ဒီလိုအုပ်ချုပ်ရေးမှူးတွေ၊ အုပ်ချုပ်ရေးပိုင်းတွေနဲ့ ဆက်ဆံရတဲ့အခါ ပိုမိုပြီးတော့ လုပ်နိုင်ကိုင်နိုင်ကြောင်း သက်သေပြရတာ ပိုပြီးအလုပ်ကြိုးစားရတာ ဆက်ဆံရေးတည်ဆောက်ဖို့ ပိုပြီးခက်ခဲတာမျိုးပေါ့နော်”
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media