Elsa
(စေတနာ့ဝန်ထမ်း)
(၁) စစ်အာဏာသိမ်းမှုအစောပိုင်းကာလက တော်လှန်ရေးမှာ ပါဝင်လာတဲ့ အမျိုးသမီးထုပါဝင်မှုအပေါ် ဘယ်လိုမြင်ပါသလဲ။
ကနဦးအနေနဲ့ကတော့ CDM ပေါ့၊ အမျိုးသမီး CDM ဝန်ထမ်းတွေအနေနဲ့ အမျိုးမျိုးကြောက်စရာတွေ၊ ခြိမ်းခြောက်မှုတွေကြားကနေ သတ္တိရှိရှိနဲ့ ပါဝင်ခဲ့ကြပါတယ်။ ပြီးနောက်မှာတော့ သပိတ်တွေမှာ ကိုယ်တိုင် ဆန္ဒပြခဲ့ကြရင်း စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းလာလို့ အကုန်လုံးထွက်ဖို့ မဖြစ်နိုင်တော့တဲ့ အချိန်မှာတောင် ထောက်ပို့တွေ၊ တက်ကြွလှုပ်ရှားသူတွေအဖြစ် ကဏ္ဍမျိုးစုံကနေ တာဝန်ယူဆောင်ရွက်ခဲ့ ကြတာဟာ ၆၀ - ၇၀ ရာခိုင်နှုန်းအောက် မလျော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။
(၂) လက်ရှိနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုအပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။ အပြောင်းအလဲ ဘာတွေရှိပါသလဲ။
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး ရဲရင့်ထက်မြက်တဲ့အမျိုးသမီးတွေ၊ အာဂအမျိုးသမီးတွေအများကြီး ပေါ်ထွက် လာတယ်လို့ မှတ်ချက်ပြုချင်ပါတယ်။ တော်လှန်ရေးအစမှာ ထင်ထားခဲ့တာက တော်လှန်ရေးကာလ ကြာလေ အမျိုးသမီးတွေအနေနဲ့ ပါဝင်မှုပိုနည်းသွားမယ်လို့ ထင်ခဲ့တာပါ။ နွေဦးတော်လှန်ရေးဟာ တကယ်လည်း ကြမ်းတမ်းတဲ့ခရီးလမ်း ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့အာဏာလုတာကို မကျေနပ်လို့ ဒီတော်လှန်ရေးထဲကို နိုင်ငံရေးဆိုတဲ့အဓိပ္ပာယ်မသိဘဲ ရောက်လာခဲ့တဲ့အမျိုးသမီးအများစုက ခုဆို တော်လှန်ရေး ၃နှစ်ကျော်ကာလ ဖြတ်သန်းပြီးချိန်မှာ အများကြီးသင်ယူပြီးသူတွေ သင်ယူရကောင်းမှန်းသိတဲ့ ရင့်ကျက်သူတွေ ဖြစ်လာခဲ့ပါပြီ။
ရှေ့တန်းစစ်မျက်နှာမှာလည်း အမျိုးသမီးတွေကဏ္ဍက ပိုမိုအရေးပါလာသလို နောက်တန်းမှာလည်း နေရာစုံမှာ ပါဝင်နေကြတာကို မြင်ရပါတယ်။ ပုံမှန်ကာလမှာဆို မိန်းကလေးနဲ့ စစ်ပညာ ဘာဆိုင်လဲဆိုပြီး ထေ့လေ့ရှိတဲ့ အသိုင်းအဝိုင်းမှာ ဒါက အပြောင်းအလဲကြီးလို့ ပြောရမှာပါ။ ဒါကတော့ စစ်ဘက်ဆိုင်ရာအနေနဲ့ ပြောတာပါ။ တခြားသော နယ်ပယ်တွေဖြစ်တဲ့ နိုင်ငံတကာရေးရာ၊ စီးပွားရေးရာ၊ ဥပဒေရေးရာနဲ့ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေးတွေမှာပါ ရှေ့တန်းကို ရောက်လာနေတဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ လေးစားရတဲ့ စံနမူနာတွေပါပဲ။
နောက်ပညာရေးကဏ္ဍမှာဆိုရင်လည်း သင်ကြားသူ ဆရာမတွေ ကိုယ်တိုင်ကိုက ကိုယ့်ရဲ့ ခေတ်ဟောင်းက တရားသေအတွေးအခေါ်တွေကို စွန့်ပစ်ပြီး တော်လှန်ရေးအတွင်း သင်ယူသူတွေရဲ့ စိန်ခေါ်မှု လို့ ထင်မြင်နိုင်တဲ့ အတွေးအခေါ်တွေကို နားထောင်ပေးနိုင်လာတာနဲ့ ပြန်လည် ဆွေးနွေးပေးနိုင်လာတာကို မြင်ရတာ၊ စကစလက်အောက်ခံရဲ့ ဒါကျက်ဒါဖြေ ပညာရေးကနေ ဖောက်ထွက်လာနိုင်တဲ့ အောင်မြင်မှုတွေကို တွေ့ရတာ အတော်အားရဖို့ကောင်းပါတယ်။ ပုံမှန်ဆိုရင် ပညာရေးအပြောင်းအလဲကို မြင်ရဖို့က ဆယ်စုနှစ်နဲ့ချီပြီးကို ကြာတဲ့အနေအထားကနေ ခုကာလအတိုင်းအတာလောက်မှာ ဒီလိုအသီးအပွင့်တွေကို မြင်ရတာက အတော်လေး အားရမိပါတယ်။
(၃) ဒီတော်လှန်ရေးအရွေ့မှာပါဝင်နေတဲ့ အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ဘယ်လောက် အထိ ရှိနေပြီလို့ မြင်ပါသလဲ။ ဆုံးဖြတ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ရရှိနေကြပြီလဲ။
ကိုယ်တိုင်ပါဝင်နေတဲ့အဖွဲ့အစည်းပေါ်နဲ့ ကိုယ်ရောက်ရှိနေတဲ့နေရာက အများကြီးသက်ရောက်မယ်လို့ ယူဆပါတယ်။ အထူးသဖြင့် တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ငွေကြေးပံ့ပိုးပေးသူတွေအနေနဲ့ ပါဝင်နေသူ တွေက အတော်အတန်ဆုံးဖြတ်နိုင်တဲ့ပါဝါကို ရတာ မြင်ရပါတယ်။ အခုနောက်ပိုင်းမှာ ထောက်ပို့တွေက အမျိုးသမီးတွေ အများစုဖြစ်ကြတော့ အဲ့လိုပါဝါမျိုးကို ရရှိနေတာလည်း မြင်ရပါတယ်။
တချို့အဖွဲ့တွေမှာက အမျိုးသမီးတွေကို decision making level မှာ ပါဖို့လိုအပ်တယ်ဆိုပြီး ခြယ်လှယ်လို့ရမယ့် သူမျိုး/ ကြိုးဆွဲရာကနိုင်မယ့်သူမျိုးကို ဆွဲထည့်လိုက်တာ။ အဲဒိအခါ တွေ့ရတာက ဆုံးဖြတ်ချက်ချနိုင်တဲ့အလွှာမှာ ရောက်နေတဲ့ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေက gender lens နဲ့ ပြန်ကြည့်ရင် အရင်မပါဝင်ခင်ကာလနဲ့ အထူးတလည် ကွာခြားမှုမရှိနေတာကိုလည်း တွေ့ရတတ်ပါတယ်။
တနည်းပြောရရင် ဂျန်ဒါရေးရာ ထည့်သွင်းစဉ်းစားမှု မရှိတာမျိုး၊ မရှိသလောက်နည်းနေသေးတာမျိုးကို ဆိုလိုတာပါ။
ဒါ့ကြောင့်မို့ ကျမအနေနဲ့ကတော့ ဆုံးဖြတ်ချက်တွေက ဂျန်ဒါရေးရာထည့်သွင်းစဉ်းစားထားမှုကို ဘယ်လိုပိုပြီး သေချာအောင်လုပ်နေလဲ ဆိုတဲ့ စီမံဆောင်ရွက်မှုမျိုးကိုပိုပြီး ကြည့်ဖြစ်ပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ရာထူးမှာ ရောက်နေတာ တစ်ခုထဲနဲ့ သတ်မှတ်ရင်တော့ အရေအတွက်နဲ့ပဲ တိုင်းတာတာမျိုးပေါ့။ ဒါက ကျမတို့ တကယ် လိုလားတဲ့ ပါဝင်မှုတို့၊ ဆုံးဖြတ်ပိုင်ခွင့်တို့ကို ထင်ဟပ်သလား ဆိုတာကို ပြန်ဆန်းစစ်ဖို့တော့ လိုပါမယ်။
(၄) ဆရာမနဲ့ ထိစပ်နေတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေရဲ့နိုင်ငံရေးမှာပါဝင်မှု အခန်းကဏ္ဍ က ဘယ်လိုရှိပါသလဲ။
နိုင်ငံရေးလို့ပြောရင် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ဥပဒေရေးရာတွေက မပါမဖြစ်တွေလို့ ယူဆပါတယ်။ ရှေ့မှာလည်း ပြောခဲ့တဲ့အတိုင်း ဒီကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေက သိသိသာသာကို ထိုးတက်လာတာပါ။ အရင်က အဲ့ဒိအပိုင်းတွေက မြန်မာနိုင်ငံမှာ လက်တစ်ဆုပ်စာပဲ သင်ယူခွင့်ရှိတဲ့ ပညာရပ်တွေဖြစ်ပြီး ပါဝင်မှုကလည်း လက်တစ်ဆုပ်စာ လူတန်းစားလက်ထဲမှာပဲ ရှိခဲ့တာပါ။
အခုကာလမှာတော့ NUG မှာသာမက တနိုင်ငံလုံးနဲ့ ကမ္ဘာ့နေရာအနှံ့မှာရောက်ရှိနေတဲ့ မြန်မာ့နွေဦး တော်လှန်ရေးမှာ ပါဝင်နေတဲ့ သူရဲကောင်းအမျိုးသမီးတွေက ဒါတွေကို လက်လှမ်းမီနေ ကြပါပြီ။ အင်တာနက်အခက်အခဲရှိတဲ့ ဒေသတွေက သူရဲကောင်းအမျိုးသမီးတွေနဲ့ တခြားသော ပြည်သူ အမျိုးသမီးတွေကိုလည်း ဒီလိုပညာရပ်တွေကို လက်လှမ်းမီသင်ယူနိုင်ဖို့ လက်ဆင့်ကမ်းကူညီပေးဖို့က ကျမတို့ ဆက်လက်လုပ်ဆောင်ရမယ့် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်တွေဖြစ်ပါတယ်။
(၅) အမျိုးသမီးတွေကို နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်နေရာတွေအထိ မရောက်စေတာ ဘယ်လိုအတားအဆီးတွေ ကြောင့်လို့ ထင်ပါသလဲ။
ခေတ်ဟောင်းလူမှုစံနှုန်းတွေကြောင့်လို့ အဓိကပြောချင်ပါတယ်။ တချို့သူတွေက တော်လှန်ရေးမှာ စစ်အာဏာ ရှင်ကို မခံချင်လို့ ပါဝင်လာသည့်တိုင်အောင် ဘက်လိုက်မှုအမြင်တွေကို ခုထိလက်မလွှတ်နိုင်သေးတာကို တွေ့နေရပါတယ်။ အမျိုးသမီးဆိုရင် ခံစားချက်များတယ်ဆိုတဲ့ တရားသေဝါဒတွေ ကိုင်စွဲထားတာမြင်ရတယ်၊ အမျိုးသမီးရဲ့ နားလည်စာနာတတ်မှုကို ခံစားချက်များတယ်လို့သတ်မှတ်ပြီး အမျိုးသားရဲ့ စာနာနားလည် တတ်မှုကို EQ မြင့်တာလို့ ခွဲခြားခွဲခြား ပြောတာတွေလည်း တွေ့ဖူးပါတယ်။
ပြီးတော့ အမျိုးသမီးတွေ ကိုယ်တိုင်လည်း အိမ်ဖြည့်အနေအထား၊ အိမ်ဦးနတ်ရဲ့ ပါရမီဖြည့်ဖက် ဆိုတဲ့အမြင်ကနေ ရုန်းထွက်ဖို့ လိုအပ်ပါတယ်။ အောင်မြင်တဲ့ယောက်ျား တစ်ယောက်ရဲ့နောက်ကွယ်မှာ ပါရမီဖြည့်ဖက်မိန်းမတစ်ယောက် ရှိတာကို လက်ခံတတ်ရင် အောင်မြင်တဲ့ မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာလည်း ပါရမီဖြည့်ဖက်ယောက်ျား တစ်ယောက် ဘာလို့မရှိနိုင်ရမှာလဲဆိုတာကို ရဲရဲကြီးမေးနိုင်၊ ဖြေနိုင်ဖို့ လိုအပ်ပါတယ်။
ဆိုလိုတာက အပြန်အလှန်အမှီသဟဲပြုမှုကို မြင်တတ်ဖို့ပါပဲ။ မိခင်ဖြစ်လာရင် ကိုယ့်ရဲ့စိတ်ကူးတွေ၊ အိပ်မက်တွေ၊ ရပ်တည်ချက်တွေကို စွန့်လွှတ်သင့်တယ်လို့ ခံယူချက်ထားမယ့်အစား ကိုယ်ချန်ရစ်ခဲ့ရမယ့် နောင်မျိုးဆက်ကို ကိုယ့်ရဲ့အိပ်မက်တွေ၊ အောင်မြင်မှုတွေ၊ လူ့အသိုက်အဝန်း အတွက် အပြောင်းအလဲတွေကို ဖော်ဆောင်ပေးခဲ့တဲ့ မိခင်တစ်ဦးဖြစ်တာကလည်း ဂုဏ်ယူစရာဖြစ်တယ်ဆိုတဲ့ ခံယူချက်မျိုးရှိဖို့လည်း လိုအပ်ပါတယ်။
(၆) အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်နေရာတွေမှာ ပိုမိုပါဝင်လာဖို့ ဘာတွေလုပ်ဆောင် သင့်တယ်လို့ အကြံပြုချင်ပါသလဲ။
ဖြတ်လမ်းမရှိပါဘူးလို့ပဲ ပြောချင်ပါတယ်။ ကြိုးစားရပါမယ်၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ဥပဒေရေးရာဆိုင်ရာ သင်ယူမှုတွေကို လျစ်လျူရှုလို့မရသလို ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု ကိုလည်း လျှော့ဖို့ မသင့်ပါဘူး။ တစ်ချိန်တည်းမှာလည်း အသံတွေစုံအောင် နားထောင်နိုင်ဖို့ လိုပါတယ်။ identity ပေါင်းစုံနဲ့ အလွှာစုံရှိနေတာဖြစ်တဲ့အတွက် လက်တဆုပ်စာရဲ့အမြင်ကို နားထောင်တာထက် ဖြန့်ကျက်နားထောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကတော့ ကိုယ်တိုင်လုပ်ဆောင်ရမယ့် အရာတွေပါ။
ဆုံးဖြတ်ပိုင်ခွင့်ဆိုတာရဲ့နောက်ကွယ်မှာ တပါတည်းလိုက်လာတဲ့ တာဝန်ယူမှုကိုပါ တွဲမြင်ပြီး ဖြေရှင်းနိုင်မှ တာဝန်ယူတတ်တဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေ ဖြစ်လာမှာပါ။ ဒီလိုပြောရတာက အခုကာလရဲ့ ဆုံးဖြတ် ပိုင်ခွင့်နေရာမှာ ရောက်နေသူတွေမှာတောင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ ဆုံးဖြတ်ချက်ချတာတွေကိုလည်း မြင်နေကြားနေတာတွေ ရှိမှာပါ။ အဲ့လိုအမှားတွေကို ကျမတို့က သင်ခန်းစာယူတတ်ဖို့လိုပါတယ်။ နောက်တစ်ခုက ကျမတို့ ကျင်လည်နေတဲ့ လူ့အသိုက် အဝန်းရဲ့ အသုံးမဝင်တော့တဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်တွေကို စွန့်ပစ်ပြီး မိသားစုတာဝန်ကို မျှမျှတတ ယူနိုင်ဖို့ပါ။
ဘောလုံးအားကစားနဲ့ ဥပမာပေးရရင် တစ်ကွင်းလုံးပတ်ကန်နေသလို ရှေ့တန်းမှာရော၊ နောက်တန်းမှာရော၊ အလယ်တန်းမှာပါ ဒီလူပဲ ဆိုရင်တော့ ခြေစွမ်းပြနိုင်ဖို့ရာ အင်မတန်ခက်ခဲပါတယ်။ ဒါကို ပြောရတာက ကိုယ်ပါဝင်နေတဲ့ အသိုက်အဝန်းရဲ့ အမှီသဟဲဖြစ်ပေးနိုင်မှုကို မြင်သာစေဖို့ပါ။ ကျန်တာကတော့ အမြဲကြားနေရတဲ့ တရားသေသတ်မှတ်မှု စံနှုန်းတွေပါပဲ။ ဒါတွေကတော့ လူ့အသိုက်အဝန်းရဲ့ ရင့်ကျက်မှုနဲ့ စဉ်းစာတွေးခေါ်နိုင်လာမှုကြောင့်သာ ပြောင်းလဲနိုင်တာမျိုးတွေပါ။
၈) တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
တချို့သောအဖွဲ့တွေမှာ အမျိုးသမီးတွေ ဆုံးဖြတ်ခွင့်ရနေတယ်လို့ ဆိုသော်လည်း သူတို့ရဲ့အမြင်တွေကို နောက်ကွယ်က လွှမ်းမိုးနေတာ၊ ခြယ်လှယ်မှုတွေ ရှိနေတာလည်း အများကြီးပါပဲ။ အဲ့လိုအနေအထား လောက်နဲ့ပဲ ဆိုရင်တော့ ၃၀ ရာခိုင်နှုန်းမက ပါဝင်မှုရှိနေလည်း အကျိုးသက်ရောက်မှုအနေနဲ့ အများကြီး ပြောင်းလဲနိုင်ဖို့ မမြင်ပါဘူး။ အဲ့လိုပါဝင်နေမှုကနေ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်ချက် တွေကရော ဘယ်လောက်အထိ အမျိုးသမီးတွေအတွက် ထည့်သွင်းစဉ်းစားခဲ့လဲ။ အကျိုးပြုစေခဲ့ သလဲဆိုတာကို ပြန်ပြီး ဆန်းစစ်ဖို့လည်း လိုအပ်တာကို ထပ်ဆောင်း ပြောရင်းနဲ့ပဲ အဆုံးသတ်ပါရစေ။
“ဆုံးဖြတ်ပိုင်ခွင့်ဆိုတာရဲ့နောက်ကွယ်မှာ တပါတည်းလိုက်လာတဲ့ တာဝန်ယူမှုကိုပါ တွဲမြင်ပြီး ဖြေရှင်းနိုင်မှ တာဝန်ယူတတ်တဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေ ဖြစ်လာမှာပါ”
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media