ဒေါ်သန္တာ
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် - ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်)
ဌာနမှူး၊ အမျိုးသမီးရေးရာဌာန
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။
မေး။ ။ နိုင်ငံရေး ဘယ်အချိန်မှာ စပြီး ထိတွေ့ခဲ့သလဲ။
ကျွန်မအဖေက နိုင်ငံရေးသမားတစ်ယောက်ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီဝင်တစ်ယောက်ဖြစ်ခဲ့သလို၊ ၈၈၈၈ အရေးတော်ပုံနောက်ပိုင်းမှာ NLD ပါတီဝင်တယောက်ဖြစ်လာခဲ့တယ်။ ပါတီကနေပြီးတော့ မြို့နယ် အလုပ်မှုဆောင် ဒုဥက္ကဌ ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးကို အမေနဲ့မတွေ့ခင်ထဲက လူပျိုဘဝထဲကလုပ်ခဲ့တာပါ။ သူ့ဘဝတောက်လျှောက်မှာ နိုင်ငံရေးလုပ်ခဲ့တဲ့သူပဲပေါ့။ ထောင်အခါခါကျခဲ့တယ်။ ကျွန်မက တစ်ဦးတည်းသော သမီး ဖြစ်တယ်။ ကျွန်မကလည်း နိုင်ငံရေးဆက်လုပ်တယ်။
အဲ့အတွက် မိသားစုတွေက စီးပွားရေးရော လူမှုရေး၊ လူမှုဆက်ဆံရေးမှာ ဆွေမျိုးတွေကိုယ်တိုင်က ဖယ်ကြဉ်တာမျိုး၊ အပေါင်းအသင်းတွေက ဖယ်ကြဉ်တာမျိုးတွေ တောက်လျှောက်ခံခဲ့ရတယ်။ “ထောင်ထွက်တွေ သွားမပြောနဲ့ မခေါ်နဲ့ မဆက်ဆံနဲ့” အဲ့လိုမျိုးတွေလည်း အများကြီးကြုံခဲ့ဖူးတယ်။ ဒါပေမယ့် ကိုယ်ယုံကြည်ရာပဲ လျှောက်လှမ်းခဲ့တယ်။ ဘာကြောင့်နဲ့မှတော့ သွေဖီ သွားတာမျိုး မရှိဘူး။ လက်လျော့လိုက်တာလည်း မရှိဘူး။
မေး။ ။ ဆရာမကိုယ်တိုင်ကိုက နိုင်ငံရေးကို လုပ်ချင်လာရတဲ့ အဓိက လှုံ့ဆော်မှုက ဘယ်ကရသလဲ။
ဖြေ။ ။ အမှန်တရားကို ကြိုက်လို့ပဲ ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားကိုပြောလို့မရတဲ့ အမှန်တရားကို သိခွင့်မရတဲ့စနစ်တခုအောက်မှာ ကြီးပြင်းခဲ့ရတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ မဆလ လက်ထက်က ကျွန်မငယ်ဘဝပေါ့။ အမှန်တရားကိုပြောချင်တယ်။ မြင်တဲ့အတိုင်းပဲ ပြောချင်တယ်။ ပြည်သူကို မြင်တဲ့အတိုင်း သိစေချင်တယ်။
နောက်ပြီးတော့ ဘာကိုမှမကြောက်ရတဲ့ ဘဝမျိုး ကိုယ်လည်းနေချင်တယ်။ ပြည်သူတွေကိုလည်း နေစေချင်တယ်။ အဲ့ဒီဟာက နိုင်ငံရေးလုပ်ဖို့ စေ့ဆော်တာ ဖြစ်ပါတယ်။အဖေ့ကြောင့် စေ့ဆော်တာလည်း တပိုင်းတစပါပါတယ်။ ငယ်ငယ်တုန်းကတော့ အဖေတို့က နိုင်ငံရေးစာအုပ်တွေ ဖတ်ကြ၊ ရေဒီယိုနားထောင်ကြတော့ ကိုယ်ကလည်း မိဘဘေးခေါင်းအုံးလေးနဲ့ လှဲပြီးနားထောင်တယ်။ ဒါတွေကလည်း စေ့ဆော်မှုတစိတ်တပိုင်းပါတာပေါ့။
မေး။ ။ နိုင်ငံရေးကို ဘယ်အချိန်က စပြီး ထဲထဲဝင်ဝင် လုပ်ဖြစ်ခဲ့သလဲ။
ဖြေ။ ။ ၁၉၈၈၊ အရေးတော်ပုံက လို့ ပြောလို့ရပါတယ်။ ဆိုတော့အသက်၂၀ပေါ့နော်။ ကျောင်းသူတစ်ယောက် ဖြစ်ခဲ့တယ်။ အဲ့တုန်းကတော့ သပိတ်ကို ခေါင်းဆောင်ခဲ့တယ်။ ကျောင်းတွေပိတ်တော့ ကိုယ့်မြို့ကိုယ်ပြန် တယ်။ ကိုယ့်မြို့မှာလည်း ပြန်ပြီးတော့ တစ်မြို့နယ်လုံးက ဒီသပိတ်ထဲပူးပေါင်းပါဝင်လာအောင် လှုံဆော် ရတယ်၊ ဟောပြောရတယ်ပေါ့။ အဲ့ဒီမှာပဲ စစ်တပ်က ဖမ်းဝရမ်းထုတ်တာပေါ့နော်။ အဲ့ထဲကထွက်ပြေးတယ် အစတုန်းကတော့ တောခိုဖို့စဥ်းစားသေးပေမယ့် နောက်တော့ NLD ပါတီကို ဝင်ခဲ့တယ်။
NLDပါတီမှာ ရန်ကုန်ရုံးချုပ်မှာပဲ လုပ်အားပေးအနေနဲ့ လုပ်ခဲ့တယ်။ ထောင်ကျတော့လည်း NLDပါတီဝင်အနေနဲ့ပဲ ထောင်ကျခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ထောင်ကျခဲ့တယ်။ ၁၂၄ ပုဒ်မ၊ နိုင်ငံတော်အကြည်ညိုပျက်မှု ထောင်တစ်သက်တစ်ကျွန်းကျခဲ့ပါတယ်။
အဲ့ဒီတုန်းကတော့ စစ်ခုံရုံးတွေနဲ့ ထောင်ထဲမှာပဲ ခုံရုံးဖွင့်ပြီးဆွဲတာဆိုတော့ တရားစီရင်ရေးစနစ် တိတိကျကျ မရှိဘူး။ ရှေ့နေလိုက်ခွင့်လည်း မရခဲ့ဘူး။ အကြောက်တရားလျော့ချရေးဟောပြောပွဲတွေ နယ်တွေမှာလိုက်ဟောလို့၊ လွတ်မြောက်နယ်မြေမှာရှိတဲ့မဂ္ဂဇင်း၊ ဂျာနယ်တွေကိုပို့ဖို့ ကိုယ်ကရေးထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကြောင့်ပေါ့နော်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်တွေကို သင်တဲ့သင်ခန်းစာတွေအကြောင်း ရေးထားတဲ့စာပါ။ သူတို့သင်တန်းမှာသင်တဲ့အကြောင်းအရာတွေက ဥပမာ လူစုလူဝေးဖြိုခွဲခြင်းတို့ တန်ပြန် နိုင်ငံရေး တန်ပြန်ထိုးနှက်ချက်တို့အကြောင်း ရေးထားတာတွေပါ။ နောက်တခုက ဒီအသင်းက မဆလပါတီလို၊ ပါတီတစ်ခု ရောမဖြစ်လာနိုင်ဘူးလားဆိုတဲ့ ရေးထားတာ note ကလေးတွေပေါ့။ ဒီစာလေးက တစ်သက် တစ်ကျွန်းကျဖို့အတွက် ဖြစ်လာတာပါ။
မေး ။ ။ဘယ်အချိန်မှာ ပြန်လွတ်လာတာလဲ။ ဘာတွေ ဆက်လုပ်ဖြစ်လဲ။
ဖြေ ။ ။ ၂၀၁၂ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဥ်း သားတွေအားလုံးလွှတ်ပေးဖို့ သဘောတူညီချက်ရတဲ့အချိန်မှာ အကုန်လွှတ်ပေးလိုက်တော့ လွတ်လာ တယ်။ ၂၀၁၃မှာ ကြေးနီစီမံကိန်းမှာ မီးလောင်ဗုံးပစ်မှုနဲ့ ဆန္ဒပြလို့ ၂၀၁၃မှာ ထောင်ပြန်ကျတယ်။ ၂၀၁၃ ထဲမှာဘဲ ပြန်လွတ်လာတယ်။ ၂၀၁၄ မှာကျတော့ အမျိုးသား သတင်းထောက် ကိုပါကြီး အသတ်ခံရတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတယ်။
မေး။ ။ ၂၀၁၅ ခုနှစ် အဲ့ဒီလွှတ်တော်ရဲ့အဝန်းအဝိုင်းကို ဆရာမကြည့်လိုက်တဲ့အခါကျတော့ ဆရာမ ဘယ်လိုခံစားရလဲ။ အမျိုးသမီးတွေအတွက် နိုင်ငံရေးဆွေးနွေးလို့ကောင်းတဲ့နေရာ ဖြစ်ခဲ့သလား။
ဖြေ။ ။ ကျွန်မကတော့လေ ဘယ်လိုခေါ်မလဲမသိဘူး။ ကျွန်မကိုယ့်ကိုကိုယ် ယုံကြည်တော့လေ ဘယ်လိုနေရာ ဖြစ်ဖြစ် အသစ်အဆန်းဖြစ်ဖြစ် ကျွန်မကသိပ်တော့ မစိုးရိမ်ဘူး။ ကိုယ်ပြောလို့ရပါ့မလား၊ ကိုယ်လုပ်လို့ ရပါ့မလား ဆိုတဲ့ စိုးရိမ်ကြောင့်ကျမှုမျိုးတော့ ဘာမှဘယ်တုန်းကမှမရှိခဲ့ဖူးဘူး။ ကျွန်မက လုပ်နိုင်သရွေ့ လုပ်မှာပဲ အဲ့ဒီအပေါ်မှာတော့ ဘယ်လိုမှမနေခဲ့ဘူး။
မေး။ ။ ဆရာမ ပြောသွားတဲ့အထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးက လူနည်းနည်းများများ တကယ်လုပ်လို့ ရတယ် ဆိုတဲ့ဟာ ဆရာမပြောသွားတယ်။ လက်ရှိအချိန်အထိ အမျိုးသမီးတွေ ဆုံးဖြတ်ပိုင်ခွင့်နေရာကို အပြည့်အဝမရှိနေသေးတာ ဘာကြောင့်လို့ မြင်လဲ။
ဖြေ။ ။ နည်းနေသေးတယ်ဆိုတာ NUGဝန်ကြီးဌာနထဲမှာတောင် အမျိုးသမီးဝန်ကြီးတွေက နည်းနေသေးတာ။ တကယ်ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့နေရာမှာတော့ လူဦးရေက နည်းနေသေးတယ်။ ဆိုတော့ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အဲ့ဒီအရှေ့ကိုရောက်အောင် ထိုးထွက်လာဖို့လိုတယ်ပေါ့နော်။ နောက်တစ်ခုကလည်း အမျိုးသမီးအချင်းချင်းရော၊ အမျိုးသားတွေကရော၊ LGBTQအသိုင်းအဝိုင်းရော အားလုံးပေါ့နော် Gender ပေါ်မှာ နားလည်ဖို့လည်း လိုတယ်။
တစ်ချို့တွေကျတော့ အမျိုးသမီးမို့လို့နေရာပေးဖို့အတွက် တွန့်ဆုတ်တာ မျိုးတွေရှိတယ်။ ဒါမြန်မာတစ်နိုင်ငံထဲမှမဟုတ်ဘူး။ တစ်ကမ္ဘာလုံးနဲ့ချီပြီးဖြစ်နေတဲ့ကိစ္စ ဒီအတွက်ကြောင့်တော့ အမျိုးသမီးတွေက ကြိုးစားဖို့အတွက်နှောင့်နှေးသွားစရာအကြောင်းမရှိဘူးပေါ့။ လုပ်ရမှာပဲ တိုးထွက်ရမှာပဲ။ ကျွန်မလည်း ဒီလိုပဲ တိုးထွက်ခဲ့ရတာ။
ကျွန်မအမျိုးသားအမှုတုန်းကဆိုလို့ရှိရင် လူတွေက ကျွန်မကို ပြောကြတယ် ကျွန်မ အဲ့ဒီချိန်မှာ ကျွန်မနောက်မှာ အသိုင်းအဝိုင်း မရှိဘူးလေ။ ကျွန်မနာမည်ကြီးလည်း မဟုတ်ဘူးလေ။ နိုင်ငံရေးမှာခေါင်းဆောင်နေရာရှိနေတဲ့ နာမည်ကြီးနိုင်ငံရေးခေါင်းဆောင်လည်း မဟုတ်နေဘူး။ အဲ့တော့ အုတ်နံရံကိုခေါင်းနဲ့တိုက်မလို့လားဆိုပြီး မေးတဲ့မေးခွန်းမျိုးတွေလည်း ကြုံခဲ့ရဖူးတယ်။ ဒါပေမယ့် ကျွန်မကလုပ်တာပဲ။ ဘာအကြောင်းကြောင့်နဲ့မှ ရပ်သွားတာမျိုးမရှိခဲ့ဘူး။ တစိုက်မတ်မတ်တော့ လုပ်ဖို့လိုတာပေါ့။
ကိုယ်လုပ်တဲ့နယ်ပယ်ပေါ်မှာ ကိုယ်တကယ်စိတ်ဝင်စားကျွမ်းကျင်ဖို့ လိုတယ်။ယှဥ်ပြီးဆွေးနွေးတဲ့အခါ ဥပမာ ကျွန်မတို့လည်း ကြုံခဲ့ရဖူးတယ်။ လွှတ်တော်ထဲမှာအဆိုတွေဆွေးနွေးရင် လူကတအားများနေလို့ လူလျော့ရမယ်ဆို ဆရာမတို့ပဲဆွေးနွေးပါဆိုပြီးပေးခဲ့ကြတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးရှိတာပဲ။ လူတိုင်းဟုတ်မနေဘူး။ ယောက်ျားတိုင်းလည်း ဟုတ်မနေဘူး။ ကိုယ်တိုင်ကလည်း ကြိုးစားရမယ်။ Gender ပေါ်မှာ ခွဲခြားမြင်တာလည်း လျော့အောင်လုပ်ရမယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ အမျိုးသမီးနဲ့နိုင်ငံရေးကြားထဲက ချိတ်ဆတ်မှုပိုပြီးတော့ အားကောင်းလာဖို့ ဆရာမအနေနဲ့ ဖြည့်ပြောချင်တာ ရှိမလား။
ဖြေ ။ ။ တကယ်တော့ အမျိုးသမီးတွေကနိုင်ငံရေးလုပ်တဲ့အခါ ကျွန်မပြောသလို ပိုစေ့စပ်တယ်။ ပိုလေ့လာ တယ်။ လက်တွေ့ကျကျ သုံးတက်တယ်။ အဲ့ဒီအတွက်ကြောင့် တကယ်ကိုယ်သာယုံကြည် တယ်ဆိုရင် ကိုယ်လည်းတကယ်ဝါသနာပါတယ်ဆိုရင် တစိုက်မတ်မတ်သာလုပ်။ ကိုယ်လုပ်တဲ့ ကိုယ်ရှိတဲ့နယ်ပယ်မှာ ကိုယ်က နားလည်နေရင် ၊ ကျွမ်းကျင်နေရင် ဘယ်အရာကမှကိုယ့်ကို လာပြီးဟန့်တားလို့မရပါဘူး။ gender ကြောင့်ပဲဖြစ်ဖြစ်၊ ပါဝါအာဏာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုနှောင့်ယှက်မရပါဘူး။
ကိုယ်ကအဲ့အရာမှာ ကျွမ်းကျင်မှုအားနည်းတယ်ဆိုရင်၊ ကျွမ်းကျင်မှုခြင်းတူရင်တောင်မှ အမျိုးသားနဲ့အမျိုးသမီးဆိုရင် နောက်ခြေ တလှမ်းဆုတ်လိုက်ရတဲ့အနေအထား ရှိတယ်။ barrier ပေါ့နော်။ အဲ့တော့ သူတို့နဲ့မတူအောင် ခြေတလှမ်း ပိုနေအောင် ကိုယ်ကသူများထက်ပိုပြီး ပိုအားထုတ်ရလိမ့်မယ်။ ကိုယ့်နယ်ပယ်မှာ ကိုယ်လုပ်နေတဲ့ နယ်ပယ်မှာ ကျွမ်းကျင်နေဖို့လိုတယ်။ အဲ့ဒါက ကျွန်မအတွေ့အကြုံက ရတဲ့သင်ခန်းစာကောင်းပါပဲ။
“ခြေတလှမ်းပိုနေအောင် ကိုယ်ကသူများထက်ပိုပြီး ပိုအားထုတ်ရလိမ့်မယ်။ ကိုယ့်နယ်ပယ်မှာ ကိုယ်လုပ်နေတဲ့ နယ်ပယ်မှာ ကျွမ်းကျင်နေဖို့လိုတယ်။ အဲ့ဒါက ကျွန်မအတွေ့အကြုံက ရတဲ့သင်ခန်းစာကောင်းပါပဲ”
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media