• Published on

    ဂျဲန်ဒါတန်းတူရေးရပ်တည်ချက်စာတမ်းအကျဉ်းချုပ်

    ရေးသားသူ- မိုခါး


    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 


    “ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်း"သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ဂျဲန်ဒါမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မ တီ (JCC-Gender Policy) က ပြုစုပြီး NUCC က အတည်ပြုပြီး ဇူလိုင် ၇ ရက်နေ့က ဖြန့်ဝေခဲ့ပါတယ်။ ဒီရပ်တည်ချက်စာတမ်းကို JCC-Gender Policy မှာပါဝင်တဲ့ (အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် ကိုယ်စားလှယ်များအပါအဝင် အဖွဲ့ဝင်အဖွဲ့အစည်းတွေက ရေးသားပြုစုခဲ့ကြတာ ဖြစ်တယ်။

    ဒီစာတမ်းမှာ အခန်း (၆)ခန်း ပါဝင်ပါတယ်။ နိဒါန်းနဲ့နောက်ခံအကျဉ်း၊ ဂျဲန်ဒါတန်းတူရေးနဲ့မြန်မာနိုင်ငံ၊ နိုင်ငံတော်ရဲ့အပြည်ပြည်ဆိုင်ရာကတိကဝတ်များ၊ ဂျဲန်ဒါတန်းတူရေးလုပ်ဆောင်ချက်များ၊ စံတန်းဖိုးနဲ့ရပ်တည် ချက်များ၊ ဂျဲန်ဒါတန်းတူရေးအတွက်ရပ်တည်ချက် စတာတွေ ဖြစ်ပါတယ်။

    ဂျဲန်ဒါတန်းတူရေးနဲ့ အမျိုးသမီးအခွင့်အ‌ရေးတို့ဟာ လူ့အခွင့်အရေးရဲ့မရှိမဖြစ်ခွဲမရတဲ့ အစိတ်အပိုင်း တွေဖြစ်ပြီး၊ ဂျဲန်ဒါတန်းတူတဲ့လူ့အဖွဲ့အစည်းဟာ ပျော်ရွှင်မှု၊ ကျန်းမာမှု၊ ကြွယ်ဝမှု၊ ဘေးကင်းပြီး တရားမျှတမှု တွေကို ဆောင်ကျဉ်းကြောင်းနဲ့ ဂျဲန်ဒါတန်းတူရေးဆိုတာ ဒီမိုကရေစီရဲ့အခြေခံတစ်ရပ်ဖြစ်တယ်လို့ စာတမ်းက ဆိုထားပါတယ်။ ဂျဲန်ဒါတန်းတူရေးရပ်တည်ချက်စာတမ်းဟာ အာဏာရှင်စနစ်တိုက်ဖျက်ရေးသာမက အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ ဂျဲန်ဒါတန်းတူရေးအတွက် အခွင့်အလမ်းတွေ ဖြစ်ထွန်းလာစေဖို့ လမ်းညွှန်မှုတစ်ရပ်အဖြစ် ရည်ရွယ်ထားပါတယ်။

    ၂၀၀၉ ခုနှစ်မြန်မာနိုင်ငံရဲ့ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ လူဦးရေ (၅၁.၁)သန်းမှာ အမျိုးသမီး (၅၃.၂)ရာခိုင်နှုန်း၊ အမျိုးသား (၄၆.၈)ရာခိုင်နှုန်းရှိကြပြီး၊ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် စာတတ်မြောက်မှုနှုန်း၊ လုပ်သားအင်အားပါဝင်မှုနှုန်း ပိုများပါတယ်။

    ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်အသီးသီးမှာ ရွေးကောက်ခံအမျိုးသမီးကိုယ်စားလှယ် (၁၈)ရာခိုင်နှုန်းဖြစ်ပြီး ဆုံးဖြတ်ချက်ချမှတ်တဲ့ရာထူးမှာ အမျိုးသမီးပါဝင်မှု (၃၀) ရာခိုင်နှုန်းထက်နည်းပါးပြီး  ရပ်ကွက်နဲ့ကျေးရွာအုပ်စု စုစုပေါင်း (၁၆,၇၈၅) မှာ အုပ်ချုပ်ရေးမှာ အမျိုးသမီးကိုယ်စားပြုမှု (၀.၆၀) ရာခိုင်နှုန်းရှိတယ်လို့ စာတမ်းမှာဖော်ပြထားတယ်။

    ဘွဲ့ကြိုသင်တန်းအဆင့်ပညာတတ်မြောက်သူ ဦးရေရဲ့ ၆၅.၂ ရာခိုင်နှုန်း၊ မဟာဘွဲ့အဆင့်စုစုပေါင်းရဲ့ ၈၀.၅ ရာခိုင်နှုန်း၊ ပါရဂူဘွဲ့အဆင့် စုစုပေါင်းရဲ့ ၈၀.၈ ရာခိုင်နှုန်းတို့ဟာ အမျိုးသမီးတွေဖြစ်ကြတယ်လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနည်းပညာနဲ့ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (ယူနက်စကို) ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

    ပညာအရည်အချင်းမြင့်မားမှု ရာခိုင်နှုန်းမှာ အမျိုးသမီးတွေဖြစ်ကြပေမယ့် နိုင်ငံရေးနဲ့ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာတွေမှာ အမျိုးသမီးပါဝင်မှုနှုန်း နည်းပါးနေခြင်းဟာ သမိုင်းစဉ်ဆက်က ရိုးရာအစဉ်အလာ၊ ယဥ်ကျေးမှုဓလေ့ထုံးတမ်းတွေအရ အမျိုးသမီးတွေကိုဖယ်ကျဉ်ထားခဲ့တဲ့အတွက် ဖြစ်တယ်လို့ ဆိုတယ်။ ဖိုဝါဒ ကြီးစိုးတဲ့ တန်ဖိုးထားမှု၊ယုံကြည်မှုတွေဟာ မြန်မာနိုင်ငံအတွင်းရှိ မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ယဉ်ကျေးမှုတွေ ပျံ့နှံနေပြီး အဲ့ဒီယုံကြည်ချက်တွေကို မကြာခဏအသုံးပြုကာ နိုင်ငံရေး၊ လူမှုစီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းတွေမှာ အမျိုးသားတွေကိုလွှမ်းမိုးခွင့်ပေးထားတာ ဖြစ်ပါတယ်။

    ၁၉၄၈ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့တယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပဋိညာဥ်စာချုပ်မှာ အမျိုးသမီးနဲ့အမျိုးသား တန်းတူအခွင့်အရေးတွေရှိခြင်းကို သက်ဝင် ယုံကြည်ပြီး အလေးအနက်ပြုဖို့ ပြဌာန်းထားပါတယ်။ လူ့အခွင့်အရေးကြေညာစာတမ်းအရ အမျိုးသမီး၊ အမျိုးသားခွဲခြားမှုမရှိစေဘဲ ကြေညာစာတမ်းမှာပါရှိတဲ့ အခွင့်‌အရေးနဲ့ လွတ်လပ်ခွင့်အားလုံး ခံစားခွင့်ရှိတယ်လို့ ဖော်ပြထားတယ်။

    မြန်မာနိုင်ငံဟာ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွေဖြစ်တဲ့ အမျိုးသမီးတွေ အပေါ် နည်းမျိုးစုံနဲ့ခွဲခြားမှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (စီဒေါ)နဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်၊ ကလေးသူငယ်တွေရဲ့အခွင့်အရေးများဆိုင်ရာ စာချုပ်တို့ကို လက်မှတ်ရေးထိုးထားပါတယ်။

    မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေဖြစ်တဲ့ ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေ သုံးရပ် လုံးမှာ လူမျိုးစုအရေး၊ ဂျဲန်ဒ်တန်းတူညီမျှမှု ဖြစ်ပေါ်လာစေဖို့အတွက် လုပ်ဆောင်သင့်တဲ့အချက်တွေကို ထည့်သွင်းရေးဆွဲထားတာမရှိတဲ့အပြင် အမျိုးသမီးတွေအပေါ်တိုက်ရိုက်၊ သွယ်ဝိုက်နည်းနဲ့ ခွဲခြားဆက်ဆံမှုတွေ ကိုဖြစ်စေအောင် ပြဌာန်းရေးဆွဲထားတဲ့ ဥပဒေအချက်အလက်တွေပါဝင်နေတယ်လို့ စာတမ်းမှာဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးအခွင့်အရေးတွေမြှင့်တင်ဖို့ အတွက် နိုင်ငံတော်အဆင့်လုပ်ငန်းတွေ၊ ဥပဒေတွေ၊ ကော်မတီတွေဖွဲ့စည်းခဲ့ပေမယ့် နိုင်ငံ‌တော်ရဲ့ ကတိကဝတ်တွေဟာ စာရွက်ပေါ်မှာသာရှိနေခဲ့ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်စရာ ဘာရလဒ်မှထွက်ပေါ်ခဲ့ခြင်းမရှိဘူးလို့ စာတမ်းကဆိုထားပါတယ်။ ဒ့ါအပြင် စစ်အာဏာသိမ်းမှုကြောင့် အရင်အစိုးရလက်ထက်တွေက အကောင်အထည်ဖော်ဖို့ကြိုးစားခဲ့တဲ့ မူဝါဒတွေနဲ့ မဟာဗျူဟာတွေဟာလည်း လက်ရှိအခြေအနေမှာ ထိရောက်မှုမရှိတော့တဲ့အပြင် ကိုက်ညီမှုလည်း မရှိတော့ ဘူးလို့ စာတမ်းကအတိအလင်းဆိုထားတယ်။

    အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် အဖွဲ့အစည်းတွေရဲ့လုပ်ဆောင်မှုတွေဟာ ခွဲခြားမှု မရှိခြင်း၊ ဂျဲန်ဒါသာတူညီမျှခြင်း၊ ပြီးပြည့်စုံတဲ့တန်းတူညီမျှခြင်း၊ အကျိုးရလဒ်အပေါ်အခြေခံတဲ့ တန်းတူရေး၊ မတူကွဲပြားခြင်း၊ အားလုံးပါဝင်ခြင်း၊ အထူးစီမံဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေးများ စတဲ့အချက်တွေကို စံတန်ဖိုးတွေအဖြစ် သတ်မှတ်ထားပါတယ်။

    ဖိုဝါဒကြီးစိုးမှုအဆုံးသတ်ရေး၊ ဂျဲန်ဒါခွဲခြားမှု၊ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုနဲ့ တန်းတူညီမျှမှုမရှိခြင်းတွေအပေါ် လုံးဝလက်သင့်မခံတဲ့မူကို လက်ကိုင်ကျင့်သုံးသွားရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် အ‌လေ့အထအဆုံးသတ်ရေး၊ တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိရေး၊ ခေါင်းဆောင်မှုနဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ဖြစ်ဉ်တွေမှာ အမျိုးသမီးများကိုယ်စားပြုပါဝင်လာရေး၊ ဂျဲန်ဒါအမြင်ဖြင့် တုံ့ပြန် ဆောင်ရွက်ရေးနဲ့ ဂျဲန်ဒါတန်းတူရေးအတွက်ပြောင်းလဲမှုများဖော်ဆောင်ရာမှာ ထည့်သွင်းစဉ်းစားရေးတို့ကို ရပ်တည်ချက်တွေအဖြစ်သတ်မှတ်ထားပါတယ်။

    ခွဲခြားဆက်ဆံတဲ့ပုံစံအားလုံးအဆုံးသတ်ရေး၊ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုများတိုက်ချက်ရေး၊ အမျိုး သမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှုသေချာစေရေး၊ ဂျဲန်ဒါတန်းတူရေးကို အစဉ်တစိုက် အလေးထားတဲ့အလေ့အထများ တည်ဆောက်ခြင်းနဲ့ ဘဏ္ဍာရေးမူဝါဒများချမှတ်ရာမှာ ဂျဲန်ဒါတန်းတူရေးကို ထည့်သွင်းစဉ်းစားခြင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဂျဲန်ဒါတန်းတူရေး ယန္တရားတည်ဆောက်ရေး တို့ဖြစ်ပါတယ်။

    ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခွဲခြားတဲ့ပုံစံတွေကို တားမြစ်တဲ့အချက်ကို ထည့်သွင်း ဖို့ တစိုက်မတ်မတ် လုပ်ဆောင်သွားမယ်။ ဂျဲန်ဒါတန်းတူမညီမျှခြင်းကို ဖြစ်စေတဲ့ ဂျဲန်ဒါပုံသေကားချက် ယူဆချက်တွေ၊ ဂျဲန်ဒါတရားသေအယူအဆတွေဖြစ်တဲ့  ယဥ်ကျေးမှုစံနှုန်းတွေ၊ လူမှုအလေ့အထတွေ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စီမံအုပ်ချုပ်ရေး၊ နိုင်ငံရေး အစရှိတဲ့ အများပြည်သူနယ်ပယ်တွေမှာ လိင်နဲ့ လိင်စိတ်ခံယူမှုကွဲပြားခြင်းကို အခြေခံတဲ့ခွဲခြားမှုတွေအပါအဝင်ထိခိုက်စေတဲ့ ဂျဲန်ဒါတရားသေအယူအဆတွေနဲ့ ခွဲခြားတဲ့စံနှုန်းတွေကို ထုတ်ဖော်၊ ကိုင်တွယ်တဲ့ အစီအမံတွေလုပ်ဆောင်ကာ မတူကွဲပြားမှုတွေအကြား တန်းတူညီမျှတဲ့ အခွင့်အရေးနဲ့ အခွင့်အလမ်းတွေကို သေချာအောင်ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

    ဒီလိုမျိုး ဂျဲန်ဒါတရားသေအယူအဆတွေနဲ့ ခွဲခြားတဲ့စံနှုန်းတွေကို အဆုံးသတ်စေဖို့အတွက် မူဝါဒတွေ၊ စီမံချက်၊ စီမံကိန်း၊ သုတေသနဲ့ ဆန်းစစ်ချက်တွေ၊ လှုပ်ရှားမှုတွေကို လုပ်ဆောင်မှုအဆင့် အသီးသီးမှာ အထူးစီမံ ဆောင်ရွက်မှုတွေနဲ့ တန်းတူရေးကိုဖော်ဆောင်ခြင်းကို ထည့်သွင်းခြင်းမှတဆင့် ဝန်ဆောင်မှုတွေလက်လှမ်းမှီ ရေး၊ အသက်အရွယ်နဲ့သင့်တော်တဲ့ လိင်မှုဆိုင်ရာပညာ‌ရေး၊ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုကာကွယ်တားဆီး ရေးနဲ့ အချိုးကျပါဝင်မှုနဲ့ကိုယ်စားပြုမှုတို့ကို ကြိုးပမ်းသွားမယ်လို့ စာတမ်းမှာဖော်ပြပါတယ်။

    ဂျဲန်ဒါတရားသေအယူအဆတွေ၊ အကြမ်းဖက်မှုကျူးလွန်ခံရသူကို အပြစ်တင်တာ၊ အမုန်းစကား ပြောဆိုတာတွေကို မီဒီယာတွေမှာ ထည့်သွင်းခြင်းမှရှောင်ရှားဖို့နဲ့ ဂျဲန်ဒါတန်းတူရေးကို ဖော်ဆောင်တဲ့ အမျိုး သမီးတွေရဲ့ခေါင်းဆောင်မှုနဲ့ နိုင်ငံရေးမှာ ပါဝင်ကိုယ်စားပြုမှုကို အလေးပေးခြင်း၊ အိမ်မှုကိစ္စတာဝန်ခွဲဝေယူခြင်း နဲ့ ဖခင်ပြုစုစောင့်ရှောက်တဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးတဲ့ ပုံဖော်မှုတို့ကို လုပ်ဆောင်ဖို့ တိုက်တွန်းသွား မယ်လို့ ဆိုထားတယ်။

    အမျိုးသမီးနဲ့မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေအပါအဝင် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု တွေကို လုံးဝလက်သင့်မခံရေးမူ ကျင့်သုံးမှာဖြစ်ပြီး ကျူးလွန်သူဘယ်သူမဆို ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထအဆုံးသတ်ရေးအတွက် ကာကွယ်၊ တားဆီး၊ တုံ့ပြန်တာတွေ၊ အဲ့ဒီအတွက် ဥပဒေအကာအကွယ် လုပ်ဆောင်ခြင်း၊ မူဝါဒချမှတ်ခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်မှုယန္တရားတည်ဆောက်ခြင်းတို့ကို အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် အဖွဲ့အစည်းတွေအနေနဲ့ အကောင်အထည်ဖော်သွားမယ်လို့ဆိုထားတယ်။

    စီဒေါကော်မတီရဲ့ အကြံပြချုက်တွေအပါအဝင် ကော်မတီရဲ့ အနှစ်ချုပ်သုံးသပ်ချက် (၂၀၁၆) ပါ အကြံပြုချက်တွေအတိုင်း ကွန်ဗင်းရှင်းပါ ပြဌာန်းချက်တွေနဲ့ လိုက်လျောညီထွေမှုရှိစေတဲ့ ပြည်တွင်းဥပဒေတွေ ဖြစ်စေဖို့ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ပြဌာန်းခြင်းတို့ လုပ်ဆောင်သွားမယ်။ မုဒိန်းမှုနဲ့ အိမ်ထောင်ဖက်က ကျူးလွန်တဲ့ မုဒိန်းမှုအဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ကွန်ဗင်းရှင်းနဲ့အညီ ပြင်ဆင်တာ၊ အမျိူးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေမူကြမ်းကို ကွန်ဗင်းရှင်းနဲ့အညီပြဌာန်းတာ၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို အရေးယူမှုကင်းလွတ်စေတဲ့ ဥပဒေတွေကို ပယ်ဖျက်တာတွေ ပြုလုပ် သွားမယ်။

    မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာကျန်းမာ‌ရေးစောင့်ရှောက်မှုဥပဒေ၊ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတို့ကိုဖျက်သိမ်းခြင်းနဲ့ စစ်တပ်နဲ့လက်နက်ကိုင်တပ်ဖွဲ့တွေက ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးမှု၊ တရားစွဲဆိုမှုတို့ကို အရှိန်မြှင့်လုပ်ဆောင် သွားမှာဖြစ်ပါတယ်။အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ လမ်းညွှန်မူဘောင်တွေဖြစ်တဲ့ ကာကွယ်ခြင်း၊ တားဆီးခြင်း၊ ပါဝင်ဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတို့ကို အကောင်အထည် ဖော်‌ဆောင်ရွက်သွားမယ်။

    ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ခြင်း၊ ကိုတာစနစ်ကဲ့သို့ အထူးစီမံဆောင်ရွက်ချက်တွေ ပြဌာန်းအကောင်အထည်ဖော်ခြင်း၊ အချိုးကျကိုယ်စားပြုတဲ့ ရွေးကောက်ပွဲစနစ်၊ မဲများသူနိုင်စနစ်တို့ကို ပူးတွဲကျင့်သုံးခြင်း၊ အခြားသောအစိုးရယန္တရားများဖြစ်တဲ့ ဘဏ္ဍာရေးမူဝါဒ ချမှတ်ရာမှာ ဂျဲန်ဒါတန်းတူရေးကို ထည့်သွင်းစဉ်းစားခြင်းတို့ကို ကျင့်သုံးခြင်းနဲ့ ဂျဲန်ဒါတန်းတူရေးကိုအစဉ်တစိုက် အလေးထားတဲ့အလေ့အထတွေ တည်ဆောက်ခြင်းတို့ အပါအဝင် အထောက်အပံ့ဖြစ်မယ့် တခြားအစီအမံတွေ ချမှတ်လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်းမှာပြဌာန်းထားတဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ အခန်း ကဏ္ဍအဆင့်ဆင့်မှာ  အမျိုးသမီးအနည်းဆုံး (၃၀) ရာခိုင်နှုန်းပါဝင်ရေးမူကို အသွင်ကူးပြောင်းရေးကာလ အစီအမံတွေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ စီမံဆောင်ရွက်ချက်တွေမှာ ထည့်သွင်းသွားမယ်လို့ ဆိုထား တယ်။

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ ဂျဲန်ဒါတန်းတူရေးနဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွေ ပိုမိုထိရောက်ရေးအတွက် ပြည်ထောင်စုနဲ့ပြည်နယ်၊ ဖက်ဒရယ် ယူနစ်တွေရဲ့ ဂျဲန်ဒါဘတ်ဂျက်ရေးဆွဲခြင်းနဲ့ သက်ဆိုင်တဲ့ နည်းပညာဆိုင်ရာ စွမ်းရည်တွေကို ဆက်စပ်အဖွဲ့ဝင်အဖွဲ့အစည်းတွေအတွင်း တည်ဆောက်သွား ဖို့ ဖြစ်ပါတယ်။

    ဘဏ္ဍာရေးမူဝါဒတွေချမှတ်ရာမှာ လိုအပ်ချက်တွေအပေါ် မူတည်ပြီးသီးခြားလုပ်ငန်းစဉ်တွေအတွက် အသုံးစရိတ်နဲ့ လုပ်ထုံးလုပ်နည်း အလေ့အထတွေတည်ဆောက်ရန်၊ အသုံးစရိတ်တို့နဲ့ အမျိုးသမီးတွေရဲ့ လတ်တလောအခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက် တိုက်တွန်းလုပ်ဆောင်သွားမယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်မှုတွေမှာ ဂျဲန်ဒါတန်းတူရေးနဲ့ အမျိူးသမီးနဲ့ မိန်းက‌လေးငယ်တွေ လုပ်နိုင်စွမ်းရည်မြှင့်တင်ရေးရည်မှန်းချက်တွေ ထားရှိဖို့ အမျိုးသားအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် အစုအဖွဲ့တွေအနေနဲ့ ကတိပြုထားပါတယ်။

    လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ဖို့ ကြိုတင်ပြင်ဆင်ခြင်း၊ လိုအပ်ချက်တွေ ကောက်ယူခြင်းနဲ့ ဆန်းစစ်ခြင်း၊ အစီအစဉ်ရေးဆွဲခြင်း၊ အစီရင်ခံခြင်းနဲ့ စောင့်ကြည့်အကဲဖြတ်ခြင်းတွေ လုပ်ဆောင်ရာမှာ ဂျန်ဒါ၊ အသက်၊ မသန်စွမ်း အချက်အလက်တွေကို ထည့်သွင်းစုဆောင်းကောက်ယူ တင်ပြခြင်းကို ဆောင်ရွက်သွားမှာဖြစ်တယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်တဲ့ လုပ်ငန်းစဉ်တလျှောက်မှာ ပါဝင်လုပ်ဆောင်သူတွေအားလုံးကို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ အကြမ်းဖက်ခြင်း (PSHEA) ကို လုံးဝလက်သင့်မခံတဲ့မူကို သဘောတူလိုက်နာစေမယ့် အပြင် တာဝန်ရှိမှု၊ တာဝန်ခံမှုတွေ သေချာစေဖို့လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို ချိတ်ဆက်လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

    ဖက်ဒရယ်စနစ်ဟာ နိုင်ငံရေးနဲ့ ခေါင်းဆောင်မှုမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာစေခြင်း၊ ဂျဲန်ဒါ တန်းတူရေးဖော်ဆောင်ရာမှာ အ‌ထောက်အကူပြုတဲ့ အားသာချက်များစွာရှိပေမယ့် အမျိုးသမီး၊ ဂျဲန်ဒါအရေးနဲ့ ပတ်သက်တဲ့မူဝါဒတွေကို တစ်နိုင်ငံလုံးမှာတပြေးညီ ချမှတ်အကောင်အထည်ဖော်ဖို့ ခက်ခဲတာ၊ ပြည်နယ်၊ ဖက်ဒရယ်ယူနစ် အစိုးရအဆင့်ဆင့်တို့ကို စည်းရုံးလှုံ့ဆော်ရမှာဖြစ်ပြီး ဂျဲန်ဒါတန်းတူရေး လှုပ်ရှားမှုတွေကို အားနည်းစေနိုင်တဲ့ အားနည်းချက်တချို့လည်း ရှိတယ်လို့ ဆိုတယ်။ ဒါကြောင့် ဂျဲန်ဒါတန်းတူရေးကို မြှင့်တင် ဖော်ဆောင်ပေးတဲ့ အခြားသောမူဝါဒတွေ၊ စနစ်တွေကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့အတူ ပူးတွဲကျင့်သုံး ခြင်းဖြင့် ဂျဲန်ဒါတန်းတူရေးကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထား တယ်။

    ဤစာတမ်းမှာ လတ်တလောအရေးပေါ်လိုအပ်ချက်တွေ၊ ရေရှည်ဆောင်ရွက်ရမယ့်အချက်တွေနဲ့ ဒီအချက်တွေကို ဆောင်ရွက်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကို ဖော်ပြထားတာတွေ့ရပါတယ်။ ပြစ်ဒဏ်ကင်းလွှတ်ခွင့်အလေ့အထကို အမြစ်ပြတ်ဖို့အတွက်ကိုလည်း အဓိကဆောင်ရွက်ရမယ့် အချက်အနေနဲ့ ထည့်သွင်းထားသလို ဖိုဝါဒအမြစ်ဖြတ်ရေးဆိုတာကိုလည်း စာတမ်းမှာ ဖော်ပြထားပါတယ်။

    စာတမ်းက ဆိုထားတဲ့ အချက်တွေထဲမှာ သိသာထင်ရှားတာကတော့ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ် ခြင်းနဲ့ အကြမ်းဖက်ခြင်း (PSHEA) ကို ရေးဆွဲနိုင်ခဲ့တာကတော့ ထင်ရှားတဲ့ လုပ်ဆောင်ချက်တခု ဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက် လိုအပ်တဲ့စီမံချက်တွေကို ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်နိုင်ပြီလဲ ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

    “အမျိုးသမီးတွေအတွက် လိုအပ်တဲ့စီမံချက်တွေကို ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်နိုင်ပြီလဲ ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်”


    ​အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
    https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media
  • Published on

    ကျန်မသွားဖို့ ချန်မထားစို့

    ရေးသားသူ- ယုဂန်(မြန်မာစာ)


    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 
     

             နိုင်ငံတစ်နိုင်ငံဖြစ်‌စေ၊ အဖွဲ့အစည်းတစ်ခုကိုဖြစ်‌စေ ကောင်းမွန်တိုးတက်စေရန်အတွက် ဘုံကောင်းကျိုး (မည်သူမျှချန်မထားကျန်မသွားရန်) ကို‌ ရှေးရှုရန် လိုအပ်ပါသည်။ ဘုံကောင်းကျိုးကို ဖော်ဆောင်နိုင်ရန် အသံစုံကို နားစွင့်၊ အသံစုံကို လိုက်ရှာ၊ အသံတွေကိုကြားတတ်ရုံမျှမက ကြည့်တတ် မြင်တတ်ရန်လည်း လိုအပ်ပါသည်။ လူမျိုး၊ အသားအရောင်၊ လိင်၊ ကွဲပြားနေခြင်းမှာ လွဲမှားနေခြင်း မဟုတ်ပေ။ ကွဲပြားနေခြင်းကို လွဲမှားနေသည်၊ ငါနှင့်မတူ ငါရန်သူ ငါကဲ့သို့ အခွင့်အလမ်းမရသင့်ဟူသော အတ္တဗဟိုပြု စဉ်းစားချက်များကို ပယ်ဖျက်သင့်ပြီ ဖြစ်သည်။ ယနေ့အထိ လူ့အသိုင်းအဝိုင်းတိုးတက်ရေးတွင် ချန်ထား ကျန်သွားသည့် များစွာသော ကဏ္ဍများနှင့် အသံများစွာ ရှိနေကြသည်။

    များစွာသောချန်လှပ်ခံရမှုများအနက် အမျိုးသမီးများ၏ကဏ္ဍနှင့် အမျိုးသမီးများ၏အသံသည်လည်း‌ ခေတ်အဆက်ဆက်ကပင် ဖြစ်သည်။ တချို့က အသံများမထွက်၍၊ တချို့က ထွက်ရမှန်းမသိ၍၊ တချို့က မထွက်ဝံ့၍၊ တချို့ကျ ထွက်ပေးနေပါသော်လည်း နားမထောင်၍၊ နားမလည်ချင်ယောင်ဆောင်ခံရ၍ စသဖြင့် ပုံစံမျိုးစုံဖြင့် ချန်လှပ်ခံနေရသည်။ ထိုသို့မဖြစ်ကြရန်အတွက် အသံများကို ကဏ္ဍအစုံထွက်ကြမည်၊ အသံများကို ကဏ္ဍအစုံကကြားအောင် နားထောင်ကြရမည်၊ နားလည်အောင်ကြိုးစားကြပြီး အကောင်အထည်ဖော်မှုအဆင့် အထိ ဆက်လက်သွားကြရမည်။

    အကောင်အထည်ဖော်မှုဟု ဆိုလိုက်သောအခါ "အမျိုးသမီးတွေပါဝင်နေတာပဲလေ၊ ပါလည်း ပါဝင်ခွင့်ပြုနေတာပဲ" စသဖြင့် အလွယ်တကူ တုံံ့ပြန်တတ်ကြသည်။ ပါဝင်နေရသည့် အနေအထားနှင့် ပါဝင်ခွင့် ရသည့် ကဏ္ဍနေရာများကို ပြန်လည်စိစစ်ကြည့်ခြင်းကိုမူ ဂရုတစိုက်မလုပ်မိကြပေ။ ယခုတော်လှန်ရေးကာလ ကြားကာလအစိုးရဟုခေါ်သော NUG တွင်လည်းကောင်း၊ မြေပြင်၊ အွန်လိုင်း၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေး ကဏ္ဍအစုံတွင်လည်းကောင်း ဆုံးဖြတ်ပိုင်ခွင့်နှင့်ဦးဆောင်ဦးရွက်ပြုရသောနေရာ၌ အမျိုးသမီးများ လွန်စွာ နည်းပါးလျက်ရှိသည်။

    နိုင်ငံရေးကဏ္ဍမှသည် မိသားစုအရေးအထိ ကြည့်မည်ဆိုလျှင် မြန်မာအမျိုးသမီးထု၏ ရာခိုင်နှုန်း အများစုမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ၊ ကိုယ်ပိုင်ဘဝရပ်တည်မှုများမရှိဘဲ ဖြစ်နေကြသည်။ အစည်းအဝေး တစ်ခုဖိတ်ကြားခြင်းတွင် ဖိတ်ကြားစဉ်ကတည်းက အိမ်ထောင်ဦးစီးအမျိုးသားကိုယ်တိုင် တက်ရောက်ရမည်။ တစုံတခုဆုံးဖြတ်လျှင်လည်း အမျိုးသားဖြစ်သူသဘောတူ၊ မတူစသဖြင့် မိန်းမသားတို့၏ ဆုံးဖြတ်ခွင့် ပါဝင်ခွင့် ဝေးကွာနေကြသည်။ထိုသို့ ဝေးကွာမှန်းသိသောအခါ အမျိုးသမီးများမှာ အိမ်ထောင်မှုထိန်းသိမ်းရေးသည်သာ မိမိနယ်ပယ်၊ မိမိဘဝအစစ်အမှန်အဖြစ် များစွာသောအချိန်များကို အိမ်တွင်သာ ကုန်ဆုံးကြကုန်သည်။

    တရားမျှတခြင်း၊ မမျှတခြင်း၊ အခွင့်အရေးများကို မသက်ဆိုင်သောအရာအဖြစ် ရှုမြင်လက်ခံလာကြသည်။ အမျိုးသားနှင့် မိမိပြိုင်တူနေမကောင်းလျှင်ပင် အမျိုးသားကအားရှိရမည်ဖြစ်သည်။ အမြန်နေကောင်းမှ ဖြစ်မည်ဆိုကာ အာဟာရရှိသောအစာ၊ ဆေးဝါးများ တိုက်ကျွေးခြင်း၊ ဆေးခန်းပို့ခြင်းများကို အမြန်လုပ်ဆောင် ပြီး၊ သူတို့ကိုယ်တိုင်မှာမူ အိမ်ရှိအိမ်တွင်းဆေးဝါးလေးဖြင့်သာ နေတတ်ကြသည်။

    အခွင့်အလမ်းမရခြင်းကို အနစ်နာခံမှုမေတ္တာတရားအဖြစ် ကျေနပ်နေလေ့ရှိကြသည်။     ဆိုလိုသည်မှာ အနစ်နာခံမှု၊ မေတ္တာတရားတို့ကို တားမြစ်နေခြင်းမဟုတ်ပေ။  မိမိတို့ရရှိသင့်သည့် အခွင့်အလမ်းဆုံးဖြတ်ပိုင် ခွင့်များကို မိမိကိုယ်တိုင်သိနားလည်ရန်လည်း လိုအပ်သည်ကို ဆိုလိုခြင်းဖြစ်သည်။ ထိုသို့သိရှိပါမှ အခွင့်အရေး ရပိုင်ခွင့်များ ဆုံးရှုံးနေလျှင်မည်သို့ရယူရမည်ဟူသော နည်းနာအဆင့်ကိုတက်လှမ်းနိုင်မည်။ အများစုက အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှုကို ခံပြင်းရမှန်းမေ့လျော့နေပြီး၊ ခံပြင်းရမှန်းသိသူများအနက်တချို့မှာလည်း ထိုအရာအတွက်နည်းလမ်းမရှာဘဲ ပြဿနာအဆင့်တွင်သာ ထားနေကြလေသည်။

    ခွဲခြားဆက်ဆံခံရမှုအတွက် တိုက်ဖျက်နေသူများကိုပင် အပိုလုပ်နေသယောင်မြင်တတ်ကြသူများ မှာလည်း အမျိုးသမီးအများစုဖြစ်သည်မှာ ငြင်းမရသော လက်တွေ့မြင်ကြားသိနေရသောအရာ ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုခုတွင် အမျိုးသမီးတစ်ဦးက အမျိုးသားများနှင့် ရင်ပေါင်တန်းတန်း လုပ်ဆောင်နေလျှင်ပင် "ယောက်ျားတရုန်းရုန်းနဲ့ မရှက်ဘူးလားမသိ၊ သူနေရာထင်နေလားပဲ" ဆိုသည့် အမြင်ကျဉ်းမြောင်းစွာ ကဲ့ရဲ့ ဝေဖန်ကြသည်။ မိမိမစွမ်းဆောင်နိုင်သည်နှင့် အခြားသူက မသမာနည်းမရိုးသားနည်းဖြင့် ရရှိထားဟန် အမည်ဖျက်ထိုးချကြသည်။ အတ္တနှင့်မနာလိုဝန်တိုမှုသည် အလွန်ကြောက်စရာ ကောင်းလှပေသည်။ မုဒိတာပွါး ချီးမြှောက်ရမည့်အစား မည်သို့ထိုးချရမည်ကို ကြည့်နေတတ်ကြသည်။

    လူသားတိုင်း လူသားဖြစ်နေသည့်အတွက် လူ့အခွင့်အရေးကိုရသင့်သည် ဟူသောအချက်ကို စာအုပ်များ၊ စာချုပ်များထဲတွင်သာထားပြီး ရှေးရိုးအစဉ်အလာများ စွဲကိုင်ကာ အမျိုးသမီးများသည် အမျိုးသား များထက် နိမ့်ကျသယောင် အယူအဆများကို လက်ခံနေကြသည်။ ဘာသာရေး အယူအဆများဖြင့် အမျိုးသမီး များကို ဖယ်ကြဉ်ထားကြသည်။ ဘုန်းနိမ့်ကံနိမ့်ခြင်း အယူအဆကို ယူချင်သလို ယူတတ်ကြပြီး အခြား ဘာသာရေးအဆုံးအမကို လိုက်နာချင်မှ လိုက်နာသည်။ သြချလောက်သော လိုက်နာမှုကြီးပင် ဖြစ်လေသည်။

    ယခုတော်လှန်ရေးကာလအတွင်း အချို့နေရာများ၌ အမျိုးသမီးပါဝင်လုပ်ဆောင်လာကြသည်။ ထိုအခါတွင်လည်း ဆုံးဖြတ်ပိုင်ခွင့်‌ပေးသည်ဆိုခြင်းထက် “မင်းတို့မိန်းမတွေ ဘယ်လောက်များလုပ်နိုင်မှာမို့လဲ” ဟူသော ပုံစံဖြင့် အာဂအမျိုးသားများက တွဲမခေါ်ဘဲ ကြည့်ကောင်းကောင်းဖြင့် ကြည့်နေတတ်ကြသေးသည်။ မြေပြင်ပညာရေးနှင့် ပြန်လည်‌ထူထောင်ရေးတွင် ပါဝင်နေသော ဆရာမတစ်ဦး၏ အတွေ့အကြုံကိုလည်း ဤသို့ ကြားသိရသည်။

    " အခုကျွန်မတို့ကျေးရွာတွေမှာ တစ်ရွာလုံးမီးရှို့ပြာကျသွားတော့ ငါတို့လည်း နိုင်ရာဝန်ထမ်းမယ်ဆိုပြီး ပြန်လည်ထူထောင်ရေးဆိုပြီးဖွဲ့လိုက်တာ မိန်းကလေးတွေချည်း၊ မိန်းကလေးတွေ လည်း ဦးဆောင်ပြီးလုပ်နိုင်စွမ်းရှိတယ်ဆိုတာကို လုပ်ပြတာ၊ ဝါးတွေတိုင်တွေထန်းရွက်တွေ ဝေနိုင်ဖို့ ကြိုးစားတဲ့အခါမှာ တိုင်တွေ မနိုင်မနင်းမကြရတယ် ယောကျ်ားထုကြီးကတော့ ကြည့်ကောင်းကောင်းနဲ့ကြည့် နေကြလေရဲ့ တော်လှန်ရေးကာလမှာ ရှိသမျှအစွမ်းအစတွေ အကုန်ထုတ်သုံးပြီး နည်းမျိုးစုံနဲ့ရန်ပုံငွေတွေ ရှာခဲ့ကြတယ်။ လေဘေးအင်္ကျီတွေရောင်းရတဲ့အမြတ်ငွေလှူ၊ လုပ်နိုင်စွမ်းရှိသမျှ ဒီနေ့ထိလုပ်ဆောင်နေ ကြတယ်" ဟုရင်ဖွင့်ပြောလာခြင်းကိုကြားသိရသည်။

    ထိုအကြောင်းကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးများကို ပါဝင်ခွင့်ဦးဆောင်ခွင့်ပေးခြင်းဟု ခေါင်းစဉ်တပ်ချင် တပ်ကြလိမ့်မည်။ ကျွန်တော့်အနေဖြင့် ဤအရာကို ဦးဆောင်ခွင့် ပေးနေသည်ဟုမမြင်မိပေ။

    ကျွန်တော်တို့၏ ယခုကာလဖြတ်သန်းနေမှုသည် တော်လှန်ခြင်းနှင့်ယုံကြည်မှုတည်ဆောက်ခြင်းကို တပြိုင်နက်လုပ်ဆောင်နေရသည့်ကာလ ဖြစ်သည်။ ယုံကြည်မှုများ မြင့်မားလာရန် လိုသည်။ လိင်ကွဲပြားမှု အပေါ်ကြည့်ပြီး "ကြက်မတွန်လို့မိုးမလင်းပါဘူး" လုပ်နေရမည့်အချိန်မဟုတ်တော့ပေ။ ကျွန်တော်တို့ နိုင်ငံကြီး ဖက်ဒရယ်နိုင်ငံသစ်သို့ ဦးတည်လိုပါလျှင် ဂျန်ဒါတိုင်း၏အသံကို နားစွင့်ထားရမည်။ သူတို့အမြင်ကိုလည်း ဖွင့်ပေးရန်လိုအပ်သည်။ မသိလို့၊ နားမလည်လို့၊ မတတ်လို့ ချန်ထားခဲ့ရမည်မဟုတ်ဘဲ မတူကွဲပြားသော ဂျန်ဒါအစုံကြား မသိသည့်အရာကို သိလာစေရန်၊ နားမလည်သည့်အရာ နားလည်စေရန်နှင့် မတတ်သည့် အရာများကို တတ်လာအောင် အတူယှဉ်တွဲ လေ့လာကြရမည်။

    လမ်းလျှောက်စအရွယ်ကလေးကို လမ်းဖြောင့်ဖြောင့်လျှောက် တတ်အောင်ဝါးတန်းဖြစ်စေ တွန်းလှည်းဖြစ်စေ ခဏကူရသကဲ့သို့ အဖွဲ့အစည်းကို ဦးဆောင်ဦးရွက်ပြုရေးကို မြို့နယ်၊ ရပ်ကွက်ရှိ အဖွဲ့အစည်းများက လက်တွဲခေါ်ရမည်။ လုပ်ဆောင်နိုင်စွမ်းကို အသိအမှတ်ပြုကာ ထိုထက်စွမ်းဆောင်နိုင်အောင် အရည်အသွေးများမြင့်မားအောင် ကြံဆောင်ကြရမည် ဖြစ်သည်။ အသိအမှတ်ပြုခြင်းကို ကျား၊ မ ဂျန်ဒါမရွေး အရွယ်သုံးပါးမရွေး ရလိုကြသည်ချည်း ဖြစ်သည်။ ထိုအရာကို သိထားပါလျက် စွမ်းဆောင်ရည်ရှိသည့်အရာများကို မြင်ပါလျက် မမြင်ဟန်မကြားဟန် အမှားကွက် သာ ရှာနေခြင်းဖြင့် အမျိုးသမီးများပါဝင်မှုကို အားလျော့စိတ်ပျက်အောင် မလုပ်သင့်ပေ။

    မိန်းမသားများကို အိမ်နှင့်မီးဖိုချောင်တွင် ထိုးထည့်ထားခြင်း ချန်လှပ်ထားခြင်းသည် တိုးတက်သော လူအဖွဲ့အစည်းထူထောင်ရေးတွင် မရှိသင့်၊ မရှိအပ်သောအရာ ဖြစ်သည်။ အိမ်ထောင်မှုထိန်းသိမ်းခြင်းကို အမျိုးသမီး၏အခန်းကဏ္ဍဟု ပုံသေသတ်မှတ်သော ရှေးရိုးအယူကိုလည်း စွန့်လွှတ်သင့်ပြီဖြစ်သည်။ လူမှန်လျှင် မိမိတဝမ်းတခါးအတွက် ချက်ပြုတ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် လျှော်ဖွတ်ခြင်းစသဖြင့် ကိုယ်တိုင် ရပ်တည်‌နိုင်ရေးသည် ကျားတာဝန်၊ မတာဝန်ဟု ပိုင်းခြားသတ်မှတ်မနေသင့်ပေ။ လူမှန်လျှင် လူ့တာဝန် ဝတ္တရားများကို ထမ်းဆောင်နိုင်မည်သာ ဖြစ်သည်။

    တော်လှန်ရေးတစ်ခု၊ တပ်ရင်းတစ်ခု မပြိုကွဲဖို့ ရေရှည်တည်တံ့ဖို့က အမျိုးသားတင်မဟုတ်ဘူး အမျိုးသမီးတွေလည်း ကျရာကဏ္ဍကနေပါဝင်အားဖြည့်ပါမှ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။ ပြောချင်တာက အမျိုးသားတွေ လက်နက်ကိုင်ပြီးတိုက်ပွဲဝင်နေချိန်မှာ နောက်ကနေထောက်ပို့လုပ်ပေးနိုင်မယ့် အမျိုးသမီးတွေ ရဲ့ အခန်းကဏ္ဍကလည်း အရေးပါသည်။ အမျိုးသမီးများသည် ချန်ထားရမည့်အရာမဟုတ်၊ အမျိုးသမီးသည် အားလျော့အားပျော့ ရှောင်ပြေးနေကြမည့်သူများ မဟုတ်ပေ။ ကျရာကဏ္ဍမှာတာဝန်သိစိတ်ဖြင့် တာဝန်ယူ၊ တာဝန်ခံကာ လုပ်ဆောင်ပေးနေကြသည်။

    မိန်းမသားများသည်လည်း ဦးဆောင်နိုင်စွမ်း၊ ပါဝင်နိုင်စွမ်း ရှိကြပါသည်။ ယောက်ျားသားများ ဦးဆောင်မှုကို သာမန်ဖြစ်ရိုးဖြစ်စဉ်သဖွယ် တင်ပြကြပြီးအမျိုးသမီးများထဲမှ  ထူးချွန်လွန်းမက ထူးချွန်မှ ထို အမျိုးသမီးများအားနေရာပေးခြင်း ဖော်ထုတ်တင်ပြကြခြင်းကလည်း မလျော်ကန်ပေ။ မိန်းမသားဟု ပြောလျှင် အားနွဲ့ခြင်း၊ အားကိုးအားထားရှိရန် လိုအပ်သူများအဖြစ် တွဲမြင်နေသည်ကို ပယ်ဖျောက်သင့်သည်မှာ ကြာပြီ ဖြစ်သည်။

    သမိုင်းအစဉ်အလာကတည်းက လျစ်လျူရှုလာခဲ့ကြသော အမျိုးသမီးတို့၏အသံကို ယနေ့ခေတ် အထိ နားမစွင့်ဘဲ၊ အရေးတယူမပြုဘဲနေနေလျှင် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်၊ ဂျန်ဒါ တန်းတူညီမျှရေး မည်မျှအော်အော် မည်မျှရေးရေး၊ စာချုပ်မည်မျှပင် ချုပ်စေဦး အလကားဖြစ်နေမည်။ စာရွက်ပေါ်က စာသားများအဖြစ်မှ လက်တွေ့လိုက်နာမှုကျင့်သုံးမှုအဖြစ် ဂျန်ဒါအစုံကြား ကျင့်သုံးကြရမည် ဖြစ်သည်။ ဤသို့ရေးဖော်ပြောဆိုနေခြင်းသည် အထူးတလည်အခွင့်အရေးကို တောင်းဆိုနေခြင်းမဟုတ်ပေ။ မူလကတည်းက ရရှိရမည့် ရပိုင်ခွင့်အတွက် ဖော်ထုတ်သတိပေးနေရခြင်းဖြစ်သည်။ 

    ဤသို့ဆိုလျှင် ကျားမဂျန်ဒါမရွေး အမျိုးသမီးများ၏အခန်းကဏ္ဍ၊ အမျိုးသမီးများ၏အသံကို ကြားအောင် နားစွင့်၊‌ နားထောင်၊ နားလည်၊ အားပေးဖော်ဆောင်ကြရင်း အသံများကျန်မသွားရန် ချန်မထားဘဲ လူ့အဖွဲ့အစည်းတခုလုံး၏ ဘုံကောင်းကျိုးကို ဖြည့်တင်းကြပါရန် တိုက်တွန်းလိုက်ရပေသည်။

    “ယောက်ျားသားများ ဦးဆောင်မှုကို သာမန်ဖြစ်ရိုးဖြစ်စဉ်သဖွယ် တင်ပြကြပြီး အမျိုးသမီးများထဲမှ  ထူးချွန်လွန်းမက ထူးချွန်မှ ထို အမျိုးသမီးများအားနေရာပေးခြင်း ဖော်ထုတ်တင်ပြကြခြင်းကလည်း မလျော်ကန်ပေ”

     

    https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media
  • Published on

    နွေဦးတော်လှန်ရေးနှင့်အတူ အကျည်းတန်လိင်အကြမ်းဖက်မှုများ

    ရေးသားသူ- အမရာဟိန်း
     

    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 


    ၂၀၂၂ခုနှစ်မှ ၂၀၂၄ခုနှစ် ဩဂုတ်လအထိ အမျိုးသားညီညွှတ်ရေးအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိသော မြို့နယ်တရားရုံး(၂၆)ရုံး တွင် စစ်ဆေးစီရင်ခံသော  မုဒိန်းမှုမှာ ၁၉၆ မှု ရှိသည်။ လက်တွေ့ မြေပြင်တွင် တရားရုံးအထိရောက်ရှိခြင်းမရှိသော အမှုများစွာလည်း ရှိနိုင်သည်။ မုဒိန်းမှုအထိ မရောက်ရှိသော  အခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အမြောက်အမြား ရှိနိုင်ပါသည်။  စကစ စိုးမိုးသော မြို့ကြီးများတွင်လည်း ယနေ့ ခေတ်အခြေအနေအရ ကျူးလွန်ခံရသူအမြောက်အများ ရှိနိုင်ပါသည်။

                မြန်မာနိုင်ငံတွင် အာဏာမသိမ်းခင်ကာလကတည်းက အမျိုးသမီးများအကြမ်းဖက်ခံရခြင်းနှင့် ပတ် သက်၍ အောက်ပါ ဥပဒေများပြဌာန်းထားပေးသည်-
     
    အမျိုးသမီးများအကြမ်းဖက်မှုအပေါ် ကာကွယ်ပေးသာ ဥပဒေပုဒ်မများ

    ညစ်ညမ်းသောစကားဆိုခြင်း၊ဆဲဆိုခြင်း      
    ပုဒ်မ ၂၉၄    
    ထောင်ဒဏ် ၃ လအထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
     

    အပြင်းအထန်နာကျင်စေခြင်း
    ပုဒ်မ ၃၂၄
    ထောင်ဒဏ်၃ နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
     

    ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း
    ပုဒ်မ၃၅၄
    ထောင်ဒဏ်၂ နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
     

    မုဒိမ်းမှု
    ပုဒ်မ ၃၇၆
    ထောင်ဒဏ်၂၀ နှစ်အထိ / ထောင်ဒဏ်+ငွေဒဏ်
     

    လက်နက်ကိရိယာဖြင့်နာကျင်စေမှု
    ပုဒ်မ၃၂၄
    ထောင်ဒဏ်၃နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
     

    လူခိုးမှု
    ပုဒ်မ ၃၆၃
    ထောင်ဒဏ်၇ နှစ်အထိ / ထောင်ဒဏ်+ငွေဒဏ်
     

    ကာယိန္ဒြေထိခိုက်အောင်ပြုခြင်း
    ပုဒ်မ ၅၀၉
    ထောင်ဒဏ်၂၁နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
     

    အသ‌ရေဖျက်ခြင်း
    ပုဒ်မ ၅၀၀
    ထောင်ဒဏ်၁၀ နှစ်အထိ / ထောင်ဒဏ်+ငွေဒဏ်
     

    အတင်းအဓမ္မခိုးယူပေါင်းသင်းမှု
    ပုဒ်မ ၃၆၆
    ထောင်ဒဏ်၂ နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
     

    ပြစ်မှုမကင်းသော ခြောက်လန့်မှု
    ပုဒ်မ ၅၀၆
    ထောင်ဒဏ်၂ နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
     

    ကာမလိမ်လည်ခြင်း
    ပုဒ်မ ၄၁၇
    ထောင်ဒဏ်၃ နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
     

    နာကျင်အောင်ကိုယ်ထိလက်ရောက်ပြုမူခြင်း
    ပုဒ်မ ၃၂၃
    ထောင်ဒဏ်၁နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
     

    အတင်းအဓမ္မစေခိုင်းမှု
    ပုဒ်မ ၃၇၄
    ထောင်ဒဏ်၁နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး

    အဆိုပါ ပြဋ္ဌာန်းထားသော ဥပဒေများသည် အာဏာမသိမ်းခင်ကာလတွင်ပင် တရားစီရင်ရေး အခန်းကဏ္ဍ၏ အားနည်းချက်များကြောင့် ထိရောက်စွာကာကွယ်ပေးနိုင်ခြင်း မရှိခဲ့ပေ။ ကျူးလွန်ခံရမှုအများစုသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာပင် ပြေလည်ကျေအေးလိုက်ကြသည်။ မုဒိန်းမှုအချို့တွင်ပင် နစ်နာကြေး အနည်းငယ်ပေး၍ ဖြေရှင်းဆောင်ရွက်တတ်ကြသည်။ အမျိုးသမီးတစ်ဦးအား အလိုမတူဘဲ ကားတင်ပြေး၍ ခိုးယူပေါင်းသင်းမှုသည် ပြစ်မှုမြောက်သောအမှုတစ်ခုဖြစ်သော်လည်း အများစုမှာ ထိုကဲ့သို့ ဖြစ်ပါက လက်ထပ်ထိမ်းမြားယူလိုက်လျှင် ကျေအေးပေးတတ်ကြပါသည်။

    NGOs, INGOs အဖွဲ့များအပြင် အစိုးရမှ ဖွဲ့စည်းထားသော မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တို့ထံလည်း တိုင်ကြားနိုင်သော်လည်း ထိရောက်သော ဖြေရှင်းဆောင်ရွက်မှုမျိုး အနည်းငယ်သာရရှိကြသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှုမရှိသည့်အချိန်တွင် ပြည်သူများအနေဖြင့် အားကိုးရာမဲ့သည့် အခြေအနေတစ်ခု ဖြစ်လာကြသည်။

    EROs အဖွဲ့အစည်းများ စိုးမိုးနယ်မြေများတွင် သူတို့ချမှတ်ထားသော ဥပဒေ၊ ဒေသဆိုင်ရာဓလေ့ထုံတမ်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ကြပါသည်။ ထိုနေရာတွင် အခြားဒေသမှ လာရောက်ခိုလှုံကြသော အမျိုးသမီးနှင့်ကလေးငယ်များအတွက်လည်း အားကိုးတိုင်ကြားရာနေရာသည် လက်နက်ကိုင်တပ်ဖွဲ့ဝင်များထံပင် ဖြစ်ပါသည်။ ပြစ်မှုထက်ကြီးလေးသော ပြစ်ဒဏ်များရှိသလို လျော့နည်း ပေါ့လျော့သောပြစ်ဒဏ်များလည်း တွေ့ရသည်။  
       
    NUG စိုးမိုးနယ်မြေများတွင် GBV case များဖြစ်ပေါ်ပါက  နီးစပ်ရာ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များသို့ တိုင်ကြားနိုင်ပြီး MOJ, MOD, MOHR, MOHI, MOWYCA ဌာနများပေါင်းဖွဲ့ထားသော တိုင်ကြားရေး ယန္တရားဌာနသို့လည်း တိုင်ကြားနိုင်ပါသည်။ NUCCအဖွဲ့အဝင်/ အဖွဲ့အစည်းမှ GBV case အား ကျူးလွန်လျှင် PSHEA (Prevention of Sexual Harassment Exploitation and Abuse) Policy နှင့် ကိုင်တွယ်ဆောင်ရွက်ပါသည်။ ထိုနေရာများသို့ တိုင်၍ရသည်ဟုသာသိရှိရပြီး တရားမျှတမှု ရနိုင်ခြင်း/မရနိုင်ခြင်းနှင့် ပတ်သက်၍ ပြောဖို့ရန် ခက်ခဲပါသည်။

    နယ်မြေလုံခြုံမှုအားနည်းသော အချိန်ကာလတွင် ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ကြခြင်းမရှိကြပါ။ စိုးမိုးနယ်မြေများမဟုတ်သော အခြားဒေသများတွင် ပြစ်မှုကျူးလွန်သူများ ပိုမိုများပြားလာပြီး တိုင်ကြား ဖြေရှင်းပေးမည့် အဖွဲ့အစည်းများမရှိသလောက်ရှားသည်ကို တွေ့ရှိရမှာ ဖြစ်ပါသည်။ ရပ်ကွက်/မြို့နယ်တွင် လတ်တလော ဩဇာအာဏာရှိသူတစ်ဦးဦး၏ ဆုံးဖြတ်ချက်ကိုခံယူပြီးဖြေရှင်းဆောင်ရွက်တတ်ကြသည်။အိမ်တွင်းအကြမ်းဖက်မှုကဲ့သို့အမှုမျိုးတွင် နိုင်ငံရေးအခြေအနေများကြောင့် ကွာရှင်းခွင့်မရကြသူများပင် အများအပြားဖြစ်လာကြသည်။

    အခြားနိုင်ငံသို့ တရားမဝင်ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသမီးများ၊ ကလေးသူငယ်များသည်လည်း အဆိုပါနိုင်ငံ၏ဥပဒေအရ ကာကွယ်ပေးမှုအပြည့်အဝမရရှိကြပါ။ နယ်စပ်‌ ဒေသတွင် တရားမဝင် နေထိုင်ကြသူများအတွက်  ကူညီဆောင်ရွက်ပေးသော အဖွဲ့အစည်းများရှိကြပါသည်။ ထိုအဖွဲ့အစည်းများသည် ကျူးလွန်သူအား တရားဥပဒေအရ အပြစ်ပေးနိုင်ရန် ကောင်းစွာ မဆောင်ရွက်နိုင်ဘဲ နစ်နာသူအတွက် လုံခြုံရေးအရ ခေတ္တခိုလှုံနိုင်ရန် safe house များ စီစဉ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာ‌ရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းများသာ ဆောင်ရွက်ပေးနိုင်ကြသည်။  
     
    လက်ရှိကာလတွင် လွတ်မြောက်နယ်မြေအပါဝင် ပြည်တွင်းရှိ အမျိုးသမီးနှင့်ကလေးများအတွက် လိင်အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန်မှာ အလွန်အရေးကြီးသောအချက်ဖြစ်သည်။ အမျိုးသမီးများနှင့် ကလေး တစ်ဦးချင်းအတွက် လုံခြုံစိတ်ချရသော ခိုလှုံရာနေရာများ ထူထောင်ပေးနိုင်ရန် အရေးကြီးသည်။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များအား GBV ၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် လူ့အခွင့်ရေးအားလေးစားလိုက်နာမှုရှိရန် အသိပညာပေးသင်တန်းများ ပြုလုပ်ပေးရန်လိုပါသည်။

    EAOs/EROs တို့အားလည်း GBV, CRSV  အကြောင်းတရားများနှင့်ပတ်သက်၍ ထိ‌ရောက်စွာ အရေးယူပေးနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန် စည်းရုံးလှုံဆော်ခြင်းများ ဆောင်ရွက်ရန်လိုပါသည်။ Conflict Area ရှိ အမျိုးသမီး၊ကလေးငယ်များအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် အစားအစာ၊ သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုများအား အတတ်နိုင်ဆုံးဆောင်ရွက်ပေးရန်လိုအပ်သည်။

    အခက်အခဲများရှိနိုင်သော်လည်း ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်း၍ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ကာကွယ်ပေးနိုင်သော ဥပဒေစနစ်များ ခိုင်မာစေရန် ကြိုးပမ်းရမည်။  GBV မှ ကာကွယ် ပေးနိုင်ရန် နိုင်ငံတကာအကူညီများ ရရှိအောင်ဆောင်ရွက်ရမည်။ လိင်ပိုင်းဆိုင်ရာနှိပ်စက်မှုကြောင့် စိတ်ဒဏ်ရာရရှိသူအမျိုးသမီးများအတွက် နှစ်သိမ့်ဆွေးနွေးပေးနိုင်ရန် Hot Line များထားရှိဆောင်ရွက်ရမည်။

    မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ အာဏာပိုင်အဖွဲ့အစည်းများအား အားကိုး၍ မရနိုင်သော အခြေအနေဖြစ်သောကြောင့် အရပ်ဘက်အဖွဲ့အစည်းများ ဖွဲ့စည်း၍ ကူညီဆောင်ရွက်ပေးနိုင်သည်။ အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် Conflict Area များမှ အမျိုးသမီး ကလေးသူငယ်များအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်နိုင်ရန် မဟာဗျူဟာများ၊ စီမံချက်များချမှတ်၍ အရေးတကြီး လုပ်ဆောင်ရန် အရေးကြီးပါသည်။

    ထိုင်းနိုင်ငံတွင် တရားမဝင်ခိုလှုံနေထိုင်သော အမျိုးသမီး ကလေးသူငယ်များ၊ ရွှေ့ပြောင်းအလုပ်သမားအတွက် လိင်အကြမ်းဖက်ခံရမှုများကြုံတွေ့ရပါက ထိုင်းနိုင်ငံအနေဖြင့် လူသား ချင်းစာနာထောက်ထားသောအားဖြင့် ကူညီဆောင်ရွက်ပေးရန် NUG အပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်း များမှ စည်းရုံးလှုံဆော်ခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။ 

    “မြန်မာ့လူ့အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံရှိလူမျိုးစုအားလုံး၏ ဓလေ့ထုံးတမ်းအားလုံးသည် အမျိုးသားဦးစားပေးစနစ် ဖြစ်ကြသည်”

    မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ကျဆုံးသွားသည်နှင့် တပြိုင်နက်  အမျိုးသမီးများအား ခွဲခြား ဆက်ဆံမှုပါ တစ်ပါတည်း ပြီးဆုံးသွားရန် အရေးကြီးပါသည်။ မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအရ ခွဲခြားဆက်ဆံမှု အကြောင်းအရင်းသည် ပို၍နက်ရှိုင်းကျယ်ပြန့်သည်။ မြန်မာ့လူ့အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံရှိလူမျိုးစုအားလုံး၏ ဓလေ့ထုံးတမ်းအားလုံးသည် အမျိုးသားဦးစားပေးစနစ် ဖြစ်ကြသည်။ အမျိုးသမီးများအား တဆင့်နိမ့် ထားကြသည်။ အမျိုးသမီးများ၏အခြေခံအခွင့်ရေးများသည်ပင် ငြင်းပယ်ခံနေရခြင်း ဖြစ်ပါသည်။ အများပြည်သူဘဝများနှင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များတွင် စစ်တပ်မှ နှစ် (၇၀) ကျော်တိုင်အောင် လွှမ်းမိုးချုပ်ကိုင် ထားသည့်အတွက် အစိုးရအုပ်ချုပ်ရေး နေရာများတွင် အမျိုးသမီးများ ပါဝင်နိုင်ခြင်းသိပ်မရှိခဲ့ပေ။

    နိုင်ငံရေးအရ ခြိမ်းခြောက်ရန်နှင့် ယဉ်ကျေးမှုအရဖျက်ဆီးရန် စစ်တပ်မှ မုဒိန်းကျင့်ခြင်းအား လက်နက်သဖွယ် အသုံးပြုနေခြင်းသည် အမျိုးသမီးများအားထိခိုက်နစ်နာစေသော လူ့အခွင့်ရေးချိုးဖောက်မှုများဖြစ်သည်။လာမည့်အနာဂတ်တွင် နိုင်ငံသားအားလုံး၏ အခွင့်အရေးကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် တစ်ခုကို  အလေးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန် လိုအပ်ပါသည်။ 

    ဖွဲ့စည်းပုံအခြေခံဥပဒေသည်  လူမှုအသိုင်းအဝိုင်းတစ်ခု၏နိုင်ငံရေးနှင့် ဥပဒေရေးရာစနစ်များတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ် တစ်ခုဖြစ်သည်။ ကျား၊ မတန်းတူညီမျှမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံခြင်းမရှိပါက တရားဥပဒေရှေ့မှောက်တွင် လူတိုင်းတန်းတူညီမျှရှိသည်ဟူသောအချက်မှာ အဓိပ္ပာယ်ပြည့်ဝလိမ့်မည် မဟုတ် ပါ။
     
     
    စစ်အာဏာရှင်အား တော်လှန်ရင်းကျားမခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရန် တပြိုင်တည်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ ၏ဝန်ကြီးဌာနများ တွင် ဦးဆောင်သူအမျိုးသမီးများပါဝင်လာသည်မှာ ကောင်းမွန်သော လမ်းကြောင်းတစ်ခုအပေါ်သို့ ရောက်ရှိ နေသည်ဟုယုံကြည်မိပါသည်။ EROS အဖွဲ့အစည်းများတွင်တော့ အမျိုးသမီးဦးဆောင်မှုအား အနည်းငယ်မျှသာ တွေ့ရှိနိုင်ပါသည်။

    ဖက်ဒရယ်ဒီမိုကရေစနစ်ကိုသွားရာတွင် တိုင်းရင်းသားနယ်မြေဒေသများအတွက် အမျိုးသမီးခေါင်းဆောင်များ များစွာပေါ်ထွက်လာပြီး အမျိုးသမီး အခွင့်အရေးများအား အပြည့်အဝကာကွယ်နိုင်ကြရန် အ‌ရေးကြီးပါသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍများတွင်  အမျိုးသမီး ကိုယ်စားပြုကိုယ်စားလှယ်များ ပါဝင်သင့်သည်။ 

                ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် အကျဉ်းစခန်းနှင့် အခြားနေရာများတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်အစုအဖွဲ့များမှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများတွင်လည်း အမျိုးသမီးအများစု မှာ ထိခိုက်အနစ်နာရဆုံး ဖြစ်သည်။ CRSV အား တားဆီးရန်နှင့် တုံ့ပြန်ရန်အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်နေသော်လည်း မြေပြင်မှ သတင်းများ အားရယူသည့် နေရာတွင် အားနည်းချက်များစွာ ရှိနေသည်။ပဋိပက္ခကာလအတွင်း အကြမ်းဖက်မှုနှင့် ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်အများအပြားတို့မှာ ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာများအား ကြောက်ရွံ သဖြင့် ထုတ်ဖော်မပြောရဲကြပါ။

    ထို့ကြောင့် အမျိုးသားညီညွှတ်ရေး အစိုးရအပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနေဖြင့်လည်း အကြမ်းဖက်ခံရသောနစ်နာသူ အမျိုးသမီးများအား လူ့အခွင့်အရေးနှင့်အညီ အပြည့်အဝကာကွယ်ကူညီပေးရန် အရေးကြီးသည်။ ထို့အပြင် စနစ်တကျစစ်တမ်းကောက်ယူ၍   မှတ်တမ်း ပြုစုထားရှိရန်မှာလည်း အရေးကြီးပါသည်။

                အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင်ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသမီး၊ ကလေးသူငယ်များ အတွက်လည်း အကာကွယ်များဆောင်ရွက်ပေးရန် အ‌ရေးကြီးသည်။ CSO များ NGOs အဖွဲ့အစည်းများ အနေဖြင့် ပါဝင်ဆောင်ရွက်နေသော်လည်း ထိရောက်သော လုပ်ဆောင်မှုအား အားရဖွယ်မတွေ့ရပေ။

                ထိုင်းအစိုးရ အသိအမှတ်ပြု ထိုင်းအခြေစိုက်  NGOs အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် သင့်သည်။ ထို့အပြင်ထိုင်းလူမျိုးများအား စည်းရုံးသိမ်းသွင်းရေး လုပ်ငန်းစဉ်များလည်းဆောင်ရွက်သင့်သည်။ တပြိုင်နက်တည်းအနေဖြင့် ထိုင်းနိုင်ငံ၏ယဉ်ကျေးမှုနှင့်ဥပဒေများအား မြန်မာလူမျိုးများသိရှိနိုင်အောင် အသိပညာများမျှဝေပေးသည့်လုပ်ငန်းများ ဆောင်ရွက်သင့်ပါသည်။ အကြမ်းဖက်မှုတစ်မျိုးမျိုးခံရပါက  ဆက်သွယ်တိုင်ကြားနိုင်သော နေရာများအား တွင်တွင်ကျယ်ကျယ်သိရှိနိုင်အောင် ဆောင်ရွက်ကြရမည်။

                 အကြမ်းဖက်စစ်တပ်၏ မတရားအာဏာသိမ်းမှုအား ဆန့်ကျင်တော်လှန်နေသည်မှာ (၃) နှစ်ကျော် ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ မတွေးခဲ့ဖူးသောအခြေအနေ ဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်ပါသည်။ အကြမ်းဖက်စစ်တပ်ကို ခုခံတွန်းလှန်ရင်းဖြင့် တချိန်တည်းမှာပင် ကျား-မခွဲခြားမှုများနှင့် အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရန်ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားကြဖို့ပင် ဖြစ်ပါတော့သည်။



    အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
    https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media

  • Published on

    အမျိုးသမီးခေါင်းဆောင်သစ်များ မြှင့်တင်ရေး

    ရေးသားသူ- နံ့သာဖြူ

     
    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 


    နိဒါန်း
    -----


    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တွန်းလှန်ခဲ့သည့် နွေဦးတော်လှန်ရေးတွင် အမျိုးသမီးထု၏ ပါဝင်မှုသည် သမိုင်းတွင်လောက်အောင် အားကောင်းခဲ့ပြီး၊ တော်လှန်ရေး၏ အဓိကမောင်းနှင်အား တစ်ခုအဖြစ် တည်ရှိနေပါသည်။ အထူးသဖြင့် CDM လှုပ်ရှားမှု၊ သပိတ်စစ်ကြောင်းများ၊ ထောက်ပို့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများတွင် အမျိုးသမီးများ၏ပါဝင်မှုသည် သိသာထင်ရှား ပါသည်။ ထိုမျှသာမက လက်နက်ကိုင်တော်လှန်ရေးတွင်လည်း အမျိုးသမီးအင်အား မနည်းလှပေ။ ရှေ့တန်းစစ်မြေပြင်၊ နောက်တန်းဆေးမှူး၊ ဒရုန်းတပ်ဖွဲ့၊ စနိုက်ဘာ စသည့်တာဝန်များကို အမျိုးသမီးများလည်း ထမ်းဆောင်နေပါသည်။

    သို့သော် ထိုသို့တက်ကြွစွာပါဝင်နေသော်လည်း အဓိကဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် အမျိုးသမီးများ၏ ကိုယ်စားပြုပါဝင်မှုမှာ လိုအပ်ချက်များစွာ ရှိနေပါသည်။ ဥပမာအားဖြင့် NUG အစိုးရ၏ ဝန်ကြီးနေရာများ၊ PDF နှင့် EAO များ၏ ထိပ်ပိုင်းခေါင်းဆောင်များတွင် အမျိုးသမီးပါဝင်မှု အချိုးအစားမှာ ၃၀% ကိုပင် မပြည့်မီသေးပေ။ ထို့အပြင် ဒေသန္တရအုပ်ချုပ်ရေးပိုင်းတွင်လည်း အမျိုးသမီးခေါင်းဆောင်များပါဝင်မှု နည်းပါးနေဆဲ ဖြစ်သည်။

    လက်ရှိနွေဦးတော်လှန်ရေးနှင့် အသွင်ကူးပြောင်းမှုကာလတွင် အမျိုးသမီးခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အထူးအရေးပါလာပါသည်။ အဘယ်ကြောင့်ဆိုသော် -

    ၁။ ပဋိပက္ခဖြေရှင်းရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် အမျိုးသမီးများ၏ပါဝင်မှုသည် ရေရှည် တည်တံ့သော အဖြေရှာမှုကို ဖော်ဆောင်နိုင်သည်ဟု နိုင်ငံတကာ လေ့လာမှုများက ညွှန်ပြနေခြင်း။

    ၂။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများ ခိုင်မာစေရန် အမျိုးသမီးများ၏ ထူးခြားသော ရှုထောင့်နှင့် အတွေ့အကြုံများ လိုအပ်ခြင်း။

    ၃။ လူမှုစီးပွားရေး ပြန်လည်ထူထောင်ရာတွင် အမျိုးသမီးများ၏ စီမံခန့်ခွဲမှုစွမ်းရည်နှင့် ဆန်းသစ် တီထွင်မှုများ အရေးပါခြင်း။

    ၄။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် အမျိုးသမီး ခေါင်းဆောင်များ၏ ညှိနှိုင်းဆောင်ရွက်နိုင်မှု စွမ်းရည်များ လိုအပ်ခြင်းတို့ကြောင့် ဖြစ်သည်။

    သို့သော် လက်ရှိတွင် အမျိုးသမီးခေါင်းဆောင်သစ်များ ပေါ်ထွက်လာရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေပါသည်။ ရိုးရာဓလေ့ထုံးတမ်းများ၏ ကန့်သတ်မှု၊ ပညာရေးနှင့် စီးပွားရေး အခွင့်အလမ်းများ ကန့်သတ် ခံရမှု၊ လိင်ဖြစ်တည်မှုအပေါ် ခွဲခြားမှု၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက် များက အဟန့်အတားများ ဖြစ်နေပါသည်။

    ထင်သာမြင်သာရှိသော စိန်ခေါ်ချက်များမှာ - မိသားစုရှုထောင့်အရ (၁) အမျိုးသမီးများသည် အိမ်ထောင်ရေးနှင့် မိသားစုတာဝန်ကိုသာ ဦးစားပေးသင့်သည်ဟူသော အမြင်များ၊ (၂) အများပြည်သူရေးရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်ရန် မိသားစု၏ သဘောတူမှုခွင့်ပြုချက် လိုအပ်ခြင်း၊ (၃) အိမ်ထောင်ရေးနှင့် ခေါင်းဆောင်မှုကို တွဲဖက်လုပ်ဆောင်ရန် အခက်အခဲရှိသည်ဟု ယူဆခြင်း တို့ဖြစ်သည်။

    ဘာသာရေးဆိုင်ရာ သက်ရောက်မှုများမှာ - အချို့သော ဘာသာရေးအယူအဆများက အမျိုးသမီးများ ၏ခေါင်းဆောင်မှုကို ကန့်သတ်ခြင်း၊ ရိုးရာဓလေ့အရ အမျိုးသမီးများ မပါဝင်သင့်သော နယ်ပယ်များ သတ်မှတ် ထားခြင်း၊ ဘာသာရေးခေါင်းဆောင်များ၏ပံ့ပိုးမှု မရရှိခြင်း၊ မိရိုးဖလာ  ကန့်သတ်မှုများရှိခြင်း တို့ဖြစ်သည်။

    လူမှုရေးဆိုင်ရာ စံသတ်မှတ်ချက်များအရ - (၁) အမျိုးသမီးများ၏ အပြောအဆို၊ အနေအထိုင်၊ အပြုအမူများအပေါ် တင်းကျပ်သော စံနှုန်းများ ထားရှိခြင်း၊ (၂) အိမ်ပြင်ထွက်၍ လှုပ်ရှားမှုများကို လူမှု အသိုင်းအဝိုင်းက မလိုလားခြင်း၊ (၃) ညအချိန် အစည်းအဝေးများ၊ ခရီးသွားလာခြင်းများကို ကန့်သတ်ခြင်း၊ ပုဂ္ဂိုလ်ရေးဝေဖန်တိုက်ခိုက်မှုများရှိခြင်း တို့လည်း ရှိသည်။

    ခေါင်းဆောင်မှုသည် အမျိုးသားများနှင့်သာ သင့်တော်သည်ဟု ယူဆခြင်း၊ အမျိုးသမီးများသည် ခံစားချက်အလိုက် ဆုံးဖြတ်တတ်သည်ဟု မှတ်ယူခြင်း၊ အမျိုးသမီးများသည် ခက်ခဲသော ဆုံးဖြတ်ချက်များ မချနိုင်ဟု ယူဆခြင်း၊ အမျိုးသမီးများသည် တွေဝေပျော့ညံ့တတ်သည်ဟု ယူဆခြင်း စသည့် ခေါင်းဆောင်မှုနှင့် ပတ်သက်သည့် ကျားမခွဲခြားသော အမြင်များလည်း လက်ရှိအချိန်အထိ လွှမ်းမိုးလျက်ရှိသည်။

    လုပ်ငန်းခွင်တွင်လည်း အရေးကြီးသော တာဝန်များကို အမျိုးသားများကိုသာ ပေးအပ်ခြင်း၊ အမျိုးသမီး ခေါင်းဆောင်များအား လစာနှင့် အခွင့်အလမ်းများတွင် ခွဲခြားဆက်ဆံခြင်း၊ အမျိုးသမီးများ၏ အရည်အချင်းကို အမြဲတမ်း သံသယဖြင့် ကြည့်ခြင်း၊ အမျိုးသမီးများကို ယုံကြည်စွာတာဝန်ပေးအပ်မှုမရှိခြင်း၊ အိမ်ထောင်ရှင် အမျိုးသမီးနှင့် တကိုယ်ရည်အမျိုးသမီး ခွဲခြားခြင်း စသည်တို့ကိုလည်း ကြုံတွေ့ရသည်။

    မီဒီယာတွင် အမျိုးသမီးဦးဆောင်မှုနှင့် ပတ်သက်၍ ဖော်ပြမှုနည်းခြင်း၊ အမျိုးသမီးခေါင်းဆောင်များ အကြောင်း တင်ပြရာတွင် ပုဂ္ဂိုလ်ရေးဘဝကိုသာ အလေးပေးခြင်း၊ အမျိုးသမီးများ၏  အားနွဲ့မှု၊ အားနည်းချက် များကိုသာ မီးမောင်းထိုးဖော်ပြခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်အပေါ် အလွန်အမင်း အာရုံစိုက်ခြင်း၊ အိမ်တွင်းမှုလက်မှုပညာတို့နှင့် အမျိုးသမီးများကို တွဲမြင်စေခြင်းတို့ကို မြင်တွေ့ရတတ်သည်။

    နိုင်ငံရေးရာကိစ္စများတွင် လက်ရှိအချိန်အထိ ထည့်သွင်းစဉ်းစားခံရမှု နည်းပါးခြင်း၊ ပါတီခေါင်းဆောင် နေရာများတွင် ရွေးချယ်ခံရန် အခွင့်အလမ်း နည်းပါးခြင်း၊ မဲဆန္ဒရှင်များ၏ ယုံကြည်မှု ရယူရန် ပိုမိုကြိုးစား ရခြင်းများကို ကြုံတွေ့နေရဆဲဖြစ်သည်။ အထင်ရှားဆုံးစိန်ခေါ်ချက်မှာ အမျိုးသမီးနှင့် နိုင်ငံရေးသည် ဝေးကွာ နေဆဲဖြစ်သည်။ အမျိုးသမီးများ၏ ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုခံနေရဆဲ ဖြစ်သည်။ လူဦးရေအချိုးအစား အများဆုံးဖြစ်သော အမျိုးသမီးများ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ရွေးချယ်ခွင့်၊ ကိုယ်စားပြုခွင့်သည် လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲပင်။

    လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် အသွင်ကူးပြောင်းရေးကာလနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက်ရေးကာလများတွင် နိုင်ငံရေးကဏ္ဍအပါအဝင် ကဏ္ဍအသီးသီးတွင် အမျိုးသမီးခေါင်းဆောင်သစ်များ ပေါ်ထွက်လာရေးအတွက် အားစိုက်လုပ်ဆောင်ရန် အရေးကြီးသည့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးခေါင်းဆောင်သစ်များ ပေါ်ထွက်လာရေးအတွက် စနစ်တကျ လုပ်ဆောင်ရန် လိုအပ် လျက်ရှိပါသည်။

    အမျိုးသမီးခေါင်းဆောင်သစ်များ လုံလောက်အောင်ထွက်ပေါ်လာရေးအတွက် စနစ်တကျ လုပ်ဆောင် သင့်သည်။ လက်ရှိတော်လှန်ရေးတွင် တက်ကြွစွာပါဝင်နေသည့် မတူကွဲပြားသော နယ်ပယ်အသီးသီးမှ အမျိုးသမီးများ၊ ကျေးရွာအသီးသီးမှ ဦးဆောင်နိုင်စွမ်းရှိသူများကို ဖော်ထုတ်စုစည်းကာ နိုင်ငံရေးသင်တန်းများ၊ ခေါင်းဆောင်မှုဆိုင်ရာ အခြေခံသင်တန်းများပေးခြင်း၊ နိုင်ငံရေးအသိပညာနှင့် ဗဟုသုတများ မျှဝေခြင်း၊ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိအောင် စီစဉ်ပေးခြင်း၊ ယုံကြည်မှုရရှိအောင် စိတ်ခွန်အားပေးခြင်း တို့ကို လုပ်ဆောင်ပေးရန် လိုအပ်သည်။

    ထို့ပြင် အမျိုးသမီးခေါင်းဆောင်အချင်းချင်း တွေ့ဆုံဆွေးနွေးခွင့်များ ဖန်တီးပေးခြင်း၊ အတွေ့အကြုံ ရှိသော နယ်ပယ်အသီးသီးမှ အမျိုးသမီးခေါင်းဆောင်များနှင့် ချိတ်ဆက်ပေးခြင်း၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများနှင့် ပေါင်းကူးပေးခြင်း၊ သမိုင်းမှ အမျိုးသမီးခေါင်းဆောင်များအကြောင်းကိုမိတ်ဆက်ပေးခြင်း တို့ကိုလည်း လုပ်ဆောင်ပေးရန် လိုသည်။

    အမျိုးသမီးခေါင်းဆောင်သစ်များကို လူထုအကျိုးပြု စီမံကိန်းများကို ရေးဆွဲစေကာ ဦးဆောင်မှုအခန်း ကဏ္ဍများတွင် ပါဝင်ခွင့်ရရှိလာရန် အခွင့်အလမ်းများကို ဖန်တီးပေးရန်လည်း လိုအပ်သည်။ လုပ်ငန်းအတွေ့ အကြုံများမှ ရရှိလာသော အတွေးအမြင်သစ်များနှင့် အမျိုးသမီးများ၏ ဦးဆောင်မှုအသစ်သစ်ကို ဖန်တီး လုပ်ဆောင်သွားကြရမည်ဖြစ်သည်။ အမျိုုးသမီးခေါင်းဆောင်သစ်များ၏ ဦးဆောင်မှုရလဒ်များကို အမြဲတစေ ပြန်လည်သုံးသပ်ပေးခြင်းဖြင့် လိုအပ်ချက်များကို ဝိုင်းဝန်းအားဖြည့်ပေးသွားရမည် ဖြစ်သည်။ အမျိုးသမီး များကိုယုံကြည်စွာ တာဝန်ပေးအပ်ခြင်း၊ အောင်မြင်မှုများကိုအသိအမှတ်ပြုပေးခြင်း၊ နောက်ထပ် တာဝန်များ ပေးအပ်ခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ပေးရပါမည်။

    ထို့ပြင် အမျိုးသမီးခေါင်းဆောင်များ အမြဲဆက်လက်ပေါ်ထွက်လာရေးအတွက် စနစ်တကျ စီမံကိန်း ရေးဆွဲကာ လိုအပ်သော အရင်းအမြစ်များ လက်လှမ်းမီအောင် အစဉ်တစိုက်ဆောင်ရွက်ပေးရန်လည်း လိုသည်။ ထို့ပြင် နောက်ပြန်မလှန်ကျစေရန် ရေရှည်ထိန်းသိမ်းနိုင်မည့် ယန္တရားများကို တည်ဆောက်ထားရန်လည်း လိုအပ်သည်။ လူမှုအသိုင်းအဝိုင်း၏ တရားသေသတ်မှတ်ချက်အမြင်များကိုလည်း ပြောင်းလဲပေးရန် လိုအပ်သည်။  ဦးဆောင်မှုတွင် ပါဝင်လာသော အမျိုးသမီးများအနေဖြင့် ကြုံတွေ့ရနိုင်မည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ အပါအဝင် လိင်ပိုင်းဆိုင်ရာအနှောက်အယှက်ပေးမှုများ၊ အကြမ်းဖက်မှုများကို ကိုယ်တွယ် ဖြေရှင်းနိုင်ရန် စီမံမှုများ လိုအပ်သည်။စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများလည်းဆောင်ရွက်ပေးသင့်သည်။

    အမျိုးသမီးခေါင်းဆောင်သစ်များ မြှင့်တင်ရေးသည် ရိုးရှင်းသော လုပ်ငန်းစဉ်တစ်ခု မဟုတ်ပေ။ စနစ်တကျ စီမံချက်ရေးဆွဲခြင်း၊ လိုအပ်သော အရင်းအမြစ်များ စုစည်းခြင်း၊ စဉ်ဆက်မပြတ် အကောင်အထည် ဖော်ခြင်းတို့ဖြင့်သာ အောင်မြင်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွ တည်ဆောက်ကြရမည် ဖြစ်ပါသည်။

    “လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် အသွင်ကူးပြောင်းရေးကာလနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက်ရေးကာလများတွင် နိုင်ငံရေးကဏ္ဍအပါအဝင် ကဏ္ဍအသီးသီးတွင် အမျိုးသမီးခေါင်းဆောင်သစ်များ ပေါ်ထွက်လာရေးအတွက် အားစိုက်လုပ်ဆောင်ရန် အရေးကြီးသည့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်သည်”


    အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
    https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media

  • Published on

    အမျိုးသမီးတွေအတွက် နိုင်ငံရေးက ဘာကြောင့် စိမ်းသက်နေသလဲ

    ရေးသားသူ- ပျိုး


    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 


    နိဒါန်း
    -----


    မြန်မာ့သမိုင်းကိုပြန်ကြည့်လျှင် အမျိုးသမီးများနိုင်ငံရေးတွင် ပါဝင်မှုအပေါ် အတားအဆီးများ ရှိခဲ့သည်ကို ငြင်းစရာမရှိပေ။ ၁၉၂၀ ဝန်းကျင်လောက်တွင် အမျိုးသမီးများအနေဖြင့် နိုင်ငံရေးဆိုင်ရာ အတွေးအမြင် ဆောင်းပါးများကို ထိုခေတ်က သတင်းစာများတွင် ဖော်ပြသည့်အခါ အမျိုးသားကလောင်ကို သုံးစွဲခဲ့ကြပါသည်။ နိုင်ငံရေးအကြောင်းပြောလျှင်  အမျိုးသားနှင့်သာဆိုင်သည်၊ အမျိုးသားပြောသည်က ပို၍ မှန်ကန်သည်ဆိုသည့် တွေးတောချက်များကြောင့်ပင် ဖြစ်သည်။ ထိုအချက်ကိုကြည့်ခြင်းဖြင့် အမျိုးသမီးများကို နိုင်ငံရေးတွင်ပါဝင်ရန် မည်မျှအထိ စည်းတားထားသည်ကို သိနိုင်သည်။

    ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကျား/မ တန်းတူညီမျှမှု အညွှန်းကိန်း (Gender Equality Index) အရ နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှုသည် အခြားကဏ္ဍများထက် သိသိသာသာ နိမ့်ကျနေသေးသည်ကို တွေ့ရသည်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် နယ်ပယ်များတွင် တိုးတက်မှုရှိနေသော်လည်း၊ နိုင်ငံရေးတွင် အမျိုးသမီးများ၏ ပါဝင်မှုမှာ ၂၅% သာရှိပြီး မျှော်မှန်းထားသည့် တန်းတူညီမျှမှု ပန်းတိုင်နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။

    ဆွီဒင်ကဲ့သို့ ကျား/မ တန်းတူညီမျှမှု အများဆုံးနိုင်ငံများတွင်ပင် အမျိုးသမီးဝန်ကြီးချုပ် တစ်ဦးမျှ မရှိသေးခြင်းက ဤပြဿနာ၏ နက်ရှိုင်းမှုကို ပြသနေသည်။ အရှေ့ဥရောပနှင့် အာရှဒေသများတွင် ပို၍ ဆိုးရွားသည်။ မြန်မာနိုင်ငံတွင်လည်း အလားတူအခြေအနေကို ရင်ဆိုင်နေရပြီး၊ ၂၀၁၀, ၂၀၁၅, ၂၀၂၀ ခုနှစ် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များနှင့် အစိုးရအဖွဲ့များတွင် အမျိုးသမီးကိုယ်စားပြုမှုသည် ၃၀ % အောက်သာ ရှိခဲ့သည်။

    ခေတ်အဆက်ဆက်က နိုင်ငံရေးအခင်းအကျင်းနှင့် ရွေးကောက်ပွဲများတွင်လည်း အမျိုးသမီးပါဝင်မှုက လက်ချိုးရေလို့ရသည့် ကိန်းဂဏန်းသာရှိခဲ့သည်။ ၁၉၈၈နောက်ပိုင်း‌ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အနိုင်ရမှုမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် (၁၅)ဦး၊ ၂၀၁၀ ရွေးကောက်ပွဲတွင် (၄၅)ဦး၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ (၁၃)ဦး၊၂၀၁၅ ရွေးကောက်ပွဲတွင် (၁၅၁) ဦး၊၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်(၂) ဦး၊၂၀၂၀ ရွေးကောက်ပွဲတွင်(၁၉၄)ဦးအထိသာ ရှိခဲ့သည်။

    စစ်အာဏာသိမ်းမှုစတင်သည့် ဖေဖော်ဝါရီလအစောပိုင်းတွင် စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့သည့် လူထုထဲတွင် အမျိုးသမီးအများအပြား ပါဝင်ခဲ့သည်။ ဆန္ဒပြပွဲရှေ့တန်းခေါင်းဆောင်များ၏ (၆၀) ရာခိုင်နှုန်း ကျော်နှင့် CDM ခေါင်းဆောင်များ၏ (၇၀)မှ (၈၀)ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြသည်။လက်နက်ကိုင်ခုခံစစ်ဆင်နွှဲသည့် အခင်းအကျင်းတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီး အများအပြားပါဝင်လာခဲ့သည်။ စနိုက်ဘာ၊ ဒရုန်းတပ်ဖွဲ့၊ ထောက်ပို့ စသည့်နေရာများတွင် အမျိုးသမီးများ တာဝန်ထမ်းဆောင်နေကြသည်ကို လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် တွေ့မြင်နိုင်ပါသည်။

    ထို့အပြင် စစ်အာဏာသိမ်းမှုစတင်သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့အထိ ဖမ်းဆီးခံရသည့်အမျိုးသမီး ငါးထောင်ကျော်ရှိပြီး သေဆုံးခဲ့သည့် အမျိုး သမီး (၁,၂၀၀) ကျော်အထိ ရှိခဲ့ပါသည်။ လက်ရှိ ဒီမိုကရေစီ တော်လှန်ရေးတွင် အမျိုးသမီးများ တက်ကြွစွာ ပါဝင်နေကြသော်လည်း၊ အဓိက ဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် ကိုယ်စားပြုမှု နည်းပါးနေသည်ကို တွေ့ရသည်။ အမျိုးသား ညီညွတ်ရေးအစိုးရတွင် လက်ရှိအချိန်အထိ အမျိုးသမီးခေါင်းဆောင် ၃၀% မရှိသေးပေ။

    ဤသို့ နိုင်ငံရေးနှင့် အမျိုးသမီးများ စိမ်းကားနေရခြင်းသည် ရိုးရှင်းသော ပြဿနာတစ်ခု မဟုတ်ပေ။ လူမှုယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေး၊ အင်စတီကျူးရှင်းဆိုင်ရာ အတားအဆီးများနှင့် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ ရှုပ်ထွေးစွာ ဆက်စပ်နေပါသည်။ စီးပွားရေးနှင့် နိုင်ငံရေး ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များ အရ ဤပြဿနာကို ပုံစံနှစ်မျိုးဖြင့် ခွဲခြားလေ့လာနိုင်သည် -

    ၁) Supply-side Factors - အမျိုးသမီးများ၏ နိုင်ငံရေး စိတ်ဝင်စားမှု၊ ပါဝင်လိုမှုနှင့် စွမ်းဆောင်နိုင်မှုဆိုင်ရာ အချက်များ

    ၂) Demand-side Factors - မဲဆန္ဒရှင်များနှင့် ပါတီခေါင်းဆောင်များ၏ အမျိုးသမီးများအပေါ် သဘောထား ဆိုင်ရာ အချက်များ

    ဤစာတမ်းတွင် အဆိုပါအကြောင်းရင်းများကို အသေးစိတ် လေ့လာဆန်းစစ်ထားပြီး၊ ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုပါ အကြံပြုတင်ပြထားပါသည်။ အထူးသဖြင့် ပြဿနာ၏ အမြစ်များကို နားလည်ခြင်းဖြင့် ပိုမိုထိရောက်သော မူဝါဒများနှင့် လုပ်ဆောင်ချက်များ ချမှတ်နိုင်ရန် ရည်ရွယ်ပါသည်။

    လက်ရှိအချိန်အထိ ဖမ်းဆီးခံရသည့်အမျိုးသမီး (၅,၀၀၀) ကျော်ရှိပြီး၊ သေဆုံးခဲ့သည့် အမျိုးသမီး (၁,,၂၀၀) ကျော်အထိ ရှိခဲ့သည်။

    (၁) နိုင်ငံရေး ရည်မှန်းချက် ကွာဟမှု

    ဆန်းစစ်လေ့လာချက်များအရ အမျိုးသမီးများသည် ပညာအရည်အချင်း၊ အတွေ့အကြုံနှင့် စီးပွားရေး အခြေအနေအရ နိုင်ငံရေးတွင် ပါဝင်နိုင်စွမ်း ရှိသော်လည်း၊ အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် နိုင်ငံရေး ရည်မှန်းချက်များ နည်းပါးကြောင်း တွေ့ရှိရသည်။

    သုတေသနတွေ့ရှိချက်များအရ အလားတူအရည်အချင်းရှိသော အမျိုးသမီးများသည် အမျိုးသားများ ထက် မိမိကိုယ်ကို နိုင်ငံရေးရာထူးများအတွက် အရည်အချင်းပြည့်မီသည်ဟု ယုံကြည်မှု နည်းပါးကြသည်။ စမ်းသပ်လေ့လာမှုများအရ နိုင်ငံရေး၏ ပြင်းထန်သော ယှဉ်ပြိုင်မှု သဘောသဘာဝက အမျိုးသမီးများ၏ စိတ်ဝင်စားမှုကို လျော့ကျစေသည်ဟု တွေ့ရှိရသည်။ အရှုံးအနိုင် အခြေအနေများတွင် အမျိုးသမီးများသည် စိတ်ဖိစီးမှု ပို၍ခံစားရခြင်း၊ အများရှေ့တွင် ဝေဖန်ခံရမည်ကို ပို၍စိုးရိမ်ခြင်း အနိုင်မရနိုင်ဟု ကြိုတင်ယူဆခြင်း တို့ကြောင့် ဖြစ်သည်။

    ထို့အပြင်အမျိုးသမီး နိုင်ငံရေးသမားများသည် အဆင့်မြင့်ရာထူးများ ရရှိလာသောအခါ မိသားစုဘဝ ထိခိုက်မှုနှုန်း မြင့်မားကြောင်း တွေ့ရသည်။ ဥပမာအားဖြင့် (ဆွီဒင်နိုင်ငံတွင် မြို့တော်ဝန်ဖြစ်လာသော အမျိုးသမီးများ၌ ကွာရှင်းမှုနှုန်း သိသိသာသာ မြင့်တက်လာခြင်း၊ အမျိုးသမီးများ၏ အိမ်ထောင်ရေးနှင့် မိသားစုတာဝန်များသည် နိုင်ငံရေး တာဝန်များနှင့် ဟန်ချက်ညီရန် ခက်ခဲခြင်း၊ ကလေးပြုစုစောင့်ရှောက်ရေး တာဝန်များကြောင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် အချိန်ပေးရန် အခက်အခဲရှိခြင်း)  တို့ကို တွေ့ရှိရသည်။

    နိုင်ငံရေး ရည်မှန်းချက် ကွာဟမှုသည် ရိုးရှင်းသော ပြဿနာတစ်ခု မဟုတ်ဘဲ၊ လူမှုယဉ်ကျေးမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် လက်တွေ့ဘဝ အခက်အခဲများ ရှုပ်ထွေးစွာ ဆက်စပ်နေသော ပြဿနာတစ်ရပ် ဖြစ်သည်။ ဤကွာဟမှုကို လျှော့ချရန် ဘက်ပေါင်းစုံမှ ချဉ်းကပ်ဖြေရှင်းရန် လိုအပ်ပြီး၊ အထူးသဖြင့် လူငယ် အမျိုးသမီးများ ၏ နိုင်ငံရေး စိတ်ဝင်စားမှုနှင့် ယုံကြည်မှုကို မြှင့်တင်ပေးရန် အရေးကြီးပါသည်။

    မဲဆန္ဒရှင်များ၏ ဘက်လိုက်မှုနှင့် ရိုးရာအစဉ်အလာဓလေ့များ၏ လွှမ်းမိုးမှု၊  ကျားမအချိုးအစား သတ်မှတ်ချက်များ၏ အကျိုးသက်ရောက်မှု စသည့်အချက်များကလည်း နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှုနည်းပါးရခြင်းကို အထောက်အပံ့ပေးနေသည်။ ရိုးရာအစဉ်အလာအမြင်များ လွှမ်းမိုးသောဒေသများတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ အပေါ် သိသာသော ခွဲခြားဆက်ဆံမှုများ ရှိနေသည်။ ကမ္ဘာ့တန်ဖိုးထားမှု စစ်တမ်း (World Value Survey) အရ -အရှေ့ဥရောပနှင့် အာရှဒေသများတွင် "အမျိုးသားများသည် အမျိုးသမီးများထက် ပိုကောင်းသော နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်သည်" ဟူသော အဆိုကို ထောက်ခံသူ ၅၀% အထက် ရှိသည်။

    သို့သော် စပိန်နိုင်ငံနှင့် အခြားနိုင်ငံအချို့တွင် တွေ့ရှိရသော စိတ်ဝင်စားဖွယ် အချက်တစ်ခုမှာ ကျားမ အချိုးအစားသတ်မှတ်ချက်များ စတင်ကျင့်သုံးပြီးနောက် မဲဆန္ဒရှင်များ၏ ထောက်ခံမှု မကျဆင်းခြင်း၊ အမျိုးသမီးကိုယ်စားလှယ်လောင်း အရေအတွက် တိုးမြှင့်သော ပါတီများ၏ မဲရလဒ်များ မကျဆင်းခြင်း၊ အရည်အသွေးပိုင်းတွင်လည်း ဆုတ်ယုတ်မှု မရှိဘဲ၊ တချို့နိုင်ငံများတွင် တိုးတက်လာခြင်းတို့ကိုတွေ့ရသည်။
     

    (၂) လူမှုရေးဆိုင်ရာအတားအဆီးများ

    အမျိုးသမီးများသည် နိုင်ငံရေးနှင့် မသင့်တော်ဟူသော အယူအဆများ၊ ခေါင်းဆောင်မှု အခန်းကဏ္ဍ တွင် အမျိုးသမီးများကို မြင်လေ့နည်းခြင်း၊ အမျိုးသမီးများ မလုပ်နိုင်ဟူသော စဉ်းစားချက်များရှိခြင်း၊ မိသားစုဘဝကိုသာ ဦးစားပေးရန် ငယ်စဉ်က သွတ်သွင်းခံရခြင်း၊ နိုင်ငံရေးတွင် ပါဝင်ပါက မိသားစုတာဝန် ကျေမည်မဟုတ်ဟုသတ်မှတ်ခြင်း၊ မိသားစုနှင့် အသိုင်းအဝိုင်း၏ ဝေဖန်မှုကို စိုးရိမ်ခြင်း၊ လူမှုကွန်ရက်များတွင် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ခြင်း၊ ရပ်ရွာအသိုင်းအဝိုင်း၏ အမြင်ကို ကြောက်ရွံ့ခြင်း၊ အများရှေ့တွင် ထုတ်ဖော် ပြောဆိုရန် ဝန်လေးခြင်း၊ အမျိုးသားနိုင်ငံရေးသမားများထက် အမျိုးသမီးနိုင်ငံရေးသမားများကို ပုဂ္ဂိုလိက ပိုင်းဆိုင်ရာပိုမိုတိုက်ခိုက်ခြင်း စသည့်လူမှုရေးဆိုင်ရာအခြေအနေများသည် အမျိုးသမီးများနိုင်ငံရေးတွင် ပါဝင်မှုနည်းပါးစေသည့် အကြောင်းအရင်းများဖြစ်သည်။


    (၃) အိမ်ထောင်ရေးနှင့် မိသားစု တာဝန်များကြောင့် အချိန်မပေးနိုင်ခြင်း

    အိမ်မှုကိစ္စများ ဆောင်ရွက်ရခြင်း၊ သက်ကြီးရွယ်အို မိဘများအား ပြုစုစောင့်ရှောက်ရခြင်း၊ မိသားစုဝင် များအား ကျန်းမာရေးစောင့်ရှောက်မှုပေးရခြင်း၊ ကလေးငယ်များအတွက် အချိန်ပေးရခြင်း၊ ကျောင်းနှင့် ပတ်သက်သော တာဝန်များ ယူရခြင်း၊ ကလေး၏ကျန်းမာရေး စောင့်ရှောက်မှု၊ ကလေးထိန်း ဝန်ဆောင်မှု ကုန်ကျစရိတ် မတတ်နိုင်ခြင်း၊ မိသားစုဝင်ငွေအတွက် အလုပ်လုပ်ရခြင်း၊ စီးပွားရေး ဖိအားများကြောင့် နိုင်ငံရေး ကို ဦးစားမပေးနိုင်ခြင်း၊ မိသားစုပြဿနာများဖြေရှင်းရခြင်း၊ ခင်ပွန်းသည်၏ဝေယျာဝေစ္စများ ဆောင်ရွက်ရခြင်း ဤတာဝန်များကြောင့် နိုင်ငံရေးအစည်းအဝေးများ၊ လှုပ်ရှားမှုများ၊ သင်တန်းများသို့ တက်ရောက်ရန် အခက်အခဲ ရှိလာသည်။


    (၄) နိုင်ငံရေးလှုပ်ရှားမှုများအတွက် ငွေကြေးအခက်အခဲများ

    နိုင်ငံရေးလှုပ်ရှားမှုအတွက် ငွေကြေးမတတ်နိုင်ခြင်း၊ အစည်းအဝေးများသို့ သွားလာရန် သယ်ယူပို့ ဆောင်ခ၊ သင်တန်းများ တက်ရောက်ရန် ကုန်ကျစရိတ်၊ နိုင်ငံရေးဆိုင်ရာ စာအုပ်စာပေများ ဝယ်ယူရန် ကုန်ကျစရိတ်၊ ကွန်ရက်ချဲ့ထွင်ရေးလှုပ်ရှားမှုများအတွက် ကုန်ကျစရိတ်များအပြင် ရွေးကောက်ပွဲဝင်ရန် လိုအပ်သော မဲဆွယ်စရိတ်များ၊ မဲရုံကိုယ်စားလှယ်များအတွက် ကုန်ကျစရိတ်၊   ရန်ပုံငွေ ရှာဖွေရန် အခက်အခဲ ရှိခြင်းတို့လည်းပါဝင်သည်။

    ထို့အပြင် ရန်ပုံ‌ငွေရှာဖွေရာတွင် စီးပွားရေး ကွန်ရက်များနှင့် ချိတ်ဆက်မှု အားနည်းခြင်း၊ အလှူရှင်များ၏ ယုံကြည်မှု နည်းပါးခြင်း၊ ရန်ပုံငွေ စုဆောင်းရေး အတွေ့အကြုံ နည်းပါးခြင်း၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းခြင်းတို့သည် အမျိုးသမီးများကို အတားအဆီးဖြစ်စေသည်။


    (၅) နိုင်ငံရေးပါတီများ၏ ခွဲခြားဆက်ဆံမှု

    ပါတီခေါင်းဆောင်များသည် အမျိုးသားများကိုသာ ဦးစားပေး ရွေးချယ်ခြင်းအပြင် ကိုယ်စားလှယ် လောင်းများ ရွေးချယ်ရာတွင် မိရိုးဖလာ အမြင်များ လွှမ်းမိုးနေခြင်း၊ "အနိုင်ရနိုင်ခြေ ရှိသူ" ဟူသည့် စံနှုန်းဖြင့် အမျိုးသားများကိုသာ ရွေးချယ်ခြင်း၊ ရှိပြီးသား ကျား/မ ဆက်ဆံရေး ပုံစံများကို ထိန်းသိမ်းလိုခြင်း၊ အမျိုးသမီး များအပေါ် သံသယဖြင့် ကြည့်ခြင်း၊ အမျိုးသမီးများကို အရေးမကြီးသော နေရာများတွင်သာ ထားရှိခြင်း၊ ပါတီ များအနေဖြင့်လည်း အနိုင်ရရန် ခက်ခဲသော မဲဆန္ဒနယ်များတွင် ထားရှိခြင်း၊ မဲစာရင်း၏ အောက်ဆုံးပိုင်းတွင် ထားရှိခြင်း၊ လက်ထောက်၊ အတွင်းရေးမှူး စသည့် နေရာများတွင်သာ ခန့်အပ်ခြင်း၊ အရေးကြီး ကော်မတီများမှ ချန်လှပ်ထားခြင်း၊ အမျိုးသမီး ကိုယ်စားလှယ်လောင်းများအပေါ် ယုံကြည်မှု နည်းပါးခြင်း၊ အခက်အခဲများကို ကိုင်တွယ်နိုင်စွမ်းမရှိဟု ယူဆခြင်း၊ ရန်ပုံငွေ စုဆောင်းနိုင်စွမ်းအပေါ် သံသယရှိခြင်း၊ ပါတီအတွက် မဲဆွယ်နိုင် စွမ်း နည်းမည်ဟု ယူဆခြင်း၊ ခိုင်မာသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်းကို သံသယရှိခြင်းတို့ဖြစ်သည်။

    အမျိုးသမီးများသည် ပါတီတွင်း ရာထူးတိုးမြှင့်ရေးတွင်လည်း  "မျက်နှာကျက် မှန်" (Glass Ceiling) ဟုခေါ်သော မမြင်နိုင်သည့်အတားအဆီးများ၊ အရေးကြီးတာဝန်များ ပေးအပ်မခံရခြင်း၊ ဆုံးဖြတ်ချက် ချမှတ်သည့် နေရာများမှ ဖယ်ကျဉ်ခံရခြင်း၊ အမျိုးသားများနှင့် တန်းတူစွမ်းဆောင်ရည် ရှိသော်လည်း တိုးမြှင့်ခန့်အပ်မခံရခြင်း တို့ဖြစ်သည်။


    အခြား ပြဿနာများ

    အမျိုးသမီးများသည် မိမိတို့၏ အရည်အချင်းနှင့် အတွေ့အကြုံများ ရှိသော်လည်း နိုင်ငံရေး ရာထူးများအတွက် အရည်အချင်း မပြည့်မီဟု ယူဆလေ့ရှိကြသည်။ ဤသို့ ယုံကြည်မှု နည်းပါးရခြင်း၏ အဓိက အကြောင်းရင်းများမှာ ခေါင်းဆောင်မှုအတွေ့အကြုံရယူရန် အခွင့်အလမ်း နည်းပါးခြင်း၊ အဆုံးအဖြတ် ပေးရသော နေရာများတွင် ပါဝင်ခွင့်နည်းပါးခြင်း၊ နိုင်ငံရေးကွန်ရက်များနှင့် ထိတွေ့မှု နည်းပါးခြင်း၊ ယှဉ်ပြိုင်မှုများတွင် ပါဝင်ရန် တွန့်ဆုတ်ခြင်း၊ အများရှေ့တွင် စကားပြောဆိုရန် လေ့ကျင့်မှု မလုံလောက်ခြင်း၊ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးရန် ယုံကြည်မှု မရှိခြင်း၊ မီဒီယာများနှင့် ထိတွေ့ဆက်ဆံရန် အတွေ့အကြုံ နည်းပါးခြင်း၊ အပြင်ပန်း အသွင်အပြင်အပေါ် ဝေဖန်ခံရမည်ကို စိုးရိမ်ခြင်း၊ အမှားအယွင်း ပြောမိမည်ကို ကြောက်ရွံ့ခြင်း၊ ကျား/မ ခွဲခြားဆက်ဆံမှုများကို ကြုံတွေ့ရမည်ကို စိုးရိမ်ခြင်း တို့အပြင် စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်သည့်အရှုံးအနိုင်ကို ရင်ဆိုင်ရန် စိတ်ဖိစီးခြင်း၊ အများရှေ့တွင် ရှုံးနိမ့်မည်ကို စိုးရိမ်ခြင်း၊ အပြစ်တင်ခံရမည်ကို ကြောက်ရွံ့ခြင်း စသည့်အချက်များသည်လည်း အတားအဆီးများဖြစ်သည်။


    ဖြေရှင်းရန် နည်းလမ်းများ

    စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များ၊ နိုင်ငံရေးခေါင်းဆောင်မှု သင်တန်းများ၊ အများရှေ့ ပြောဆိုခြင်းလေ့ကျင့်မှုများ၊ မီဒီယာနှင့် ဆက်ဆံရေးသင်တန်းများ၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး အစီအစဉ်များ၊ အောင်မြင်သော အမျိုးသမီးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်၊ အကြံပေး လမ်းညွှန်မှု အစီအစဉ်များ၊ အမျိုးသမီးအချင်းချင်း ပံ့ပိုးမှုကွန်ရက်များ စသည့်အချက်များဖြင့် အမျိုးသမီးများ၏ ကိုယ့်ကိုကိုယ်ယုံကြည်မှု အားနည်းခြင်းကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

    မိသားစုရေးရာပြဿနာများအတွက်လည်းကလေးထိန်းဝန်ဆောင်မှုများ စီစဉ်ပေးခြင်း၊ မိသားစု တာဝန်များ မျှဝေယူသည့်ယဉ်ကျေးမှုမြှင့်တင်ခြင်း၊ မိသားစုနှင့် နိုင်ငံရေး ဟန်ချက်ညီစေမည့် အစီအစဉ်များ ပြုလုပ်ပေးသင့်သည်။

    စီးပွားရေးဆိုင်ရာ ပံ့ပိုးမှုများအနေဖြင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများအတွက် ရန်ပုံငွေ ထူထောင်ခြင်း၊ မဲဆွယ်စရိတ် ကန့်သတ်ချက်များ သတ်မှတ်ခြင်း၊ အစိုးရမှ ထောက်ပံ့ကြေး စီစဉ်ပေးခြင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုသင်တန်းများ၊ ငွေကြေးဆိုင်ရာအကြံပေးဝန်ဆောင်မှုများ၊ အလှူရှင်များနှင့် ချိတ်ဆက် ပေးသော ပလက်ဖောင်းများ ဆောင်ရွက်ပေးသင့်သည်။

    ပါတီတွင်း အမျိုးသမီးကိုယ်စားပြုမှုအချိုးအစားသတ်မှတ်ခြင်း၊ ရွေးချယ်ရေး လုပ်ငန်းစဉ်များ ပွင့်လင်း မြင်သာစေခြင်း၊ တန်းတူအခွင့်အရေးမူဝါဒများချမှတ်ခြင်း၊ ပါတီတွင်းသင်တန်းများတိုးချဲ့ဖွင့်လှစ်ခြင်း၊ ရန်ပုံငွေ ခွဲဝေမှုမျှတစေခြင်း၊ ပါတီခေါင်းဆောင်များအတွက် ကျားမတန်းတူရေး သင်တန်းများ၊ ကျားမ ခွဲခြားဆက်ဆံမှု လျော့ချရေး လှုပ်ရှားမှုများ ဆောင်ရွက်သင့်သည်။၏

    မူဝါဒပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများအနေဖြင့် အမျိုးသမီးကိုယ်စားပြုမှု အချိုးအစားသတ်မှတ်ခြင်း (Gender Quota)၊ ပါတီတွင်း အမျိုးသမီးရေးရာ ကော်မတီများ ဖွဲ့စည်းခြင်းများ ပြုလုပ်သင့်သည်။

    လူမှုရေးဆိုင်ရာပြောင်းလဲမှုများအနေဖြင့် ကျားမသတ်မှတ်ချက်များအပေါ် သဘောထား ပြောင်းလဲ ရေး၊ အမျိုးသမီးခေါင်းဆောင်မှုကိုအားပေးသောယဉ်ကျေးမှု၊ မိသားစုတာဝန်များမျှဝေယူသည့် အလေ့အထများ ပြုလုပ်သင့်သည်။


    နိဂုံး
    ----

    မြန်မာနိုင်ငံသည် ရိုးရာအစဉ်အလာ အမြင်များ လွှမ်းမိုးမှု အားကောင်းသော နိုင်ငံတစ်ခု ဖြစ်သည့်အတွက် ဒေသအလိုက် သင့်လျော်သော နည်းဗျူဟာများ ချမှတ်ရန် လိုအပ်ခြင်း၊အမျိုးသမီး ကိုယ်စားလှယ်လောင်းများကို စနစ်တကျ မြှင့်တင်ရန် လိုအပ်ခြင်း၊ ရေရှည်တွင် လူမှုရေး သဘောထားများ ပြောင်းလဲရန် လိုအပ်ခြင်းတို့ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

    အမျိုးသမီးများ နိုင်ငံရေးနှင့် စိမ်းကားနေရခြင်းသည် ရှုပ်ထွေးသော ပြဿနာတစ်ရပ်ဖြစ်ပြီး၊ ရိုးရာယဉ်ကျေးမှု၊ လူမှုစီးပွားရေး အခြေအနေနှင့် နိုင်ငံရေးစနစ် စသည့် အကြောင်းရင်းပေါင်းစုံက လွှမ်းမိုးနေပါသည်။ အမျိုးသမီးများသည်နိုင်ငံရေးနှင့် စိမ်းသက်နေလို၍ မဟုတ်ဘဲ အခြေအနေများက တွန်းပို့သောကြောင့်သာ အလှမ်းဝေနေရခြင်းဖြစ်သည်။ သို့သော် သုတေသနများအရ ဤအခြေအနေကို ပြောင်းလဲ၍ ရနိုင်ပါသည်။

    အထူးသဖြင့် သင့်လျော်သော မူဝါဒများ ချမှတ်ခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် လူမှုရေး သဘောထားများ ပြောင်းလဲအောင် ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမိုပါဝင်လာစေရန် အားပေးနိုင်မည် ဖြစ်ပါသည်။ လူမှုအသိုင်းအဝိုင်းတခုလုံးက အရွေ့တခုကိုဖော်ဆောင်ကာ ပြောင်းလဲမည်ဆိုလျှင် အမျိုးသမီးများပါဝင်မှုအား ကောင်းသည့် နိုင်ငံရေးလမ်းကြောင်း အသစ်ပေါ်ထွက်လာ မည်မှာဧကန်ပင် ဖြစ်သည်။
     

    အမျိုးသမီးများသည်နိုင်ငံရေးနှင့် စိမ်းသက်နေလို၍ မဟုတ်ဘဲ အခြေအနေများက တွန်းပို့သောကြောင့်သာ အလှမ်းဝေးနေရခြင်း ဖြစ်သည်။


    အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
    https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media

  • Published on

    ​တခြမ်းပဲ့ဒီမိုကရေစီ (သို့မဟုတ်) ငါတို့အသံ ဘယ်မှာလဲ

    ရေးသားသူ- Liliane


    အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 


    “လွတ်လပ်ခြင်းရဲ့အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်”

    တော်လှန်ရေးဆိုတာ  နိုင်ငံရေးအာဏာရဲ့ လူမှုရေးဇစ်မြစ်နေရာ (Social Location of Political Power) ကို ရုတ်တရက် တဆစ်ချိုးအပြောင်းအလဲလုပ်ခြင်းကို ဆိုလိုပါတယ်။ တနည်းအားဖြင့် အုပ်ချုပ်မှုပုံသဏ္ဍာန်၊ အချုပ်အခြာအာဏာနှင့် တရားဝင်မှုဆိုင်ရာအုတ်မြစ်တွေ၊ လူမှုအစီအစဉ် ( Social Order) နားလည်မှတ်ယူခြင်းနှင့် ပတ်သက်၍ အမြစ်မြေလှန်အသွင်ပြောင်းခြင်းကို ဆိုလိုပါတယ်။ ပြုပြင်ပြောင်းလဲပစ်ဖို့ လိုအပ်တဲ့ လုပ်ရပ်တွေ၊ စနစ်တွေ၊ အတွေးတွေ၊ ယုံကြည်မှုတွေကို တိုက်ရိုက်စိန်ခေါ်ပြီး အသစ်သစ်သော လုပ်ရပ်တွေ၊ စနစ်တွေ၊ အတွေးတွေ၊ ယုံကြည်မှုတွေနဲ့ ပြောင်ပြောင်တင်းတင်း၊ ရဲရဲဝင့်ဝင့် အစားထိုးသုံံးစွဲခြင်းက တော်လှန်ရေး၏ အဓိက လုပ်ရပ်ဖြစ်ပါတယ်။

    မြန်မာ့နိုင်ငံရေးသမိုင်းဟာ တော်လှန်ရေးပေါင်းများစွာနဲ့ ပြည့်နှက်နေပါတယ်။ အုပ်ချုပ်ရေး ယန္တရားအပြောင်းအလဲ၊ နိုင်ငံရေးစနစ် အပြောင်းအလဲ၊ တန်းတူညီမျှရေး၊ လွတ်လပ်မှုစတဲ့ အကြောင်းအရာ များစွာအတွက် တော်လှန်ရေး ဆင်နွှဲနေကြပါတယ်။ လွတ်လပ်ရေးယူစဉ်ကတည်းက တအုံနွေးနွေးပါလာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မကျေနပ်မှုတွေဟာ ဆင့်ကဲပေါက်ကွဲမှုတွေနဲ့အတူ တဖြည်းဖြည်း ကြီးထွားလာပါတယ်။ အချိန်နှင့်အမျှ ထွက်ပေါ်လာတဲ့ ပဋိပက္ခအသစ်၊ အဟောင်းကြား ပိုမိုရှုပ်ထွေးတဲ့ ပဋိပက္ခ တွေ ထွက်လာပါတယ်။ အချိန်နှင့်အမျှ ပဋိပက္ခအသွင်ပြောင်းမှုများလည်း ဖြစ်ပေါ်နေတာကြောင့် ပိုမို နားလည်ရ၊ ဖြေရှင်းရ ခက်ခဲလာပါတယ်။

    လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တခုအတွင်းမှာပဲ တစစနဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ ပိုပြီး ပေါ်ပေါက်လာခဲ့ပါတယ်။ တော်လှန်ရေးတွေ ဖြစ်လာပေမဲ့ ပဋိပက္ခတွေဟာ ညှိနှိုင်းဖြေရှင်းမရဘဲ ပိုပြီး ဂလောင်ကျယ်တဲ့ သွေးစုနာလို ပိုမိုကြီးလာ၊ နက်လာ၊ ပုပ်လာပါတယ်။ နိုင်ငံနဲ့ တော်လှန်ရေးသက်တမ်းဟာ ထပ်တူညီပါးကျပေမဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာတွေအပေါ် နားလည်မှုနဲ့ စိတ်ဝင်စားမှုဟာ အလုံအလောက်မရှိခဲ့ပါဘူး။

    မြန်မာနိုင်ငံနဲ့ တော်လှန်ရေးဟာ ဖွားဖက်တော်လို တတွဲတွဲ ယှဉ်တွဲတွေ့လာရပါတယ်။ ပြည်သူတွေဟာ စစ်ပွဲတွေနဲ့ ပိုပြီး အသားတကျ ဖြစ်လာကြရပါတယ်။ တော်လှန်ရေး၊ ပဋိပက္ခ၊ ညှိနှိုင်းဆွေးနွေး၊ တဖန်တော်လှန်ရေး၊ အသစ်သစ်သောပဋိပက္ခ၊ စုစည်းဆွေးနွေးညှိနှိုင်း နဲ့ မြန်မာနိုင်ငံဟာ သက်တမ်းရင့် လာခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ယဉ်ပါး၊ အဂတိတရားနဲ့ယဉ်ပါး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ယဉ်ပါး၊ နောက်ဆုံး အင်မတန်မွန်းကျပ်လာတဲ့ပြည်သူတွေကနေ ထပ်ပြီးတွန်းလှန်တော်လှန်ရင်းနဲ့ တဖန် ပြန်ပြီး တော်လှန်ရေးက အင်အားကြီးလာခဲ့ပြန်နဲ့ သံသရာလည်နေပါတယ်။

    နွေဦးတော်လှန်ရေးဟာ ခေတ်အဆက်ဆက် ဖြစ်ခဲ့၊ ပျက်ခဲ့၊ ရပ်ခဲ့တဲ့ တော်လှန်ရေးပေါင်းစုံရဲ့ ဆုံချက် လို့ ပြောလို့ရနိုင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ကို ဖြုတ်ချချင်သူတွေ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ချင်သူတွေ၊ အာဏာရှင်စနစ်အားလုံးကို အမြစ်လှန်ချင်သူတွေ၊ စနစ်သစ်ကို ပြန်ပြီး တည်ဆောက် ချင်သူတွေ၊ လူ့အခွင့်အရေးကို ပိုအလေးထားကာကွယ်ချင်သူတွေ၊ ဖိနှိပ်ခွဲခြားတဲ့ယဉ်ကျေးမှုကို တွန်းလှန်ချင် သူတွေ၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်သူတွေ၊ တော်လှန်ရေးကို ပါဝင်ဖူးသူရော၊ မပါဝင်ဖူးသူ၊ ကြီးသူငယ်သူအားလုံးက ပါဝင်တဲ့တော်လှန်ရေးတစ်ခု ဖြစ်ပါတယ်။ မျှော်လင့်ချက်ပေါင်းစုံ အတွက် တော်လှန်ရေးတခု ဖြစ်ပါတယ်။

    နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ဖြိုချနိုင်ရုံနဲ့ သိမ်းမဲ့ ပွဲမဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်အနှစ်သာရရော၊ ဒီမိုကရေစီအနှစ်သာရပါရမှ သေနတ်သံတိတ်မဲ့ပွဲ ဖြစ်ပါတယ်။ အားလုံးက ပါဝင်တဲ့တော်လှန်ရေးကနေ အားလုံးအတွက်ဖြစ်စေမဲ့ စနစ်တခုကို တည်ဆောက်နိုင်မှာ ပြန်ပြီး အေးချမ်းနိုင်မဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဘက်စုံထောင့်စုံကနေ အနိုင်ယူနိုင်မဲ့ တော်လှန်ရေးတစ်ခု ဖြစ်လာဖို့ လိုပါတယ်။

    ကရင်အတွက် မြန်မာနိုင်ငံဖြစ်လာဖို့ လိုသလို၊ ဗမာအတွက် မြန်မာနိုင်ငံဖြစ်လာဖို့ လိုပါတယ်။ ဗုဒ္ဓဘာသာအတွက် ရှိနေမဲ့ မြန်မာနိုင်ငံဖြစ်ဖို့ လိုသလို၊ ခရစ်ယာန်၊ ဟိန္ဓူ၊ မွတ်စလင်နဲ့ အခြားယုံကြည်မှု အတွက် မြန်မာနိုင်ငံဖြစ်ဖို့ လိုပါတယ်။ အမျိုးသားတွေအတွက် မြန်မာနိုင်ငံဖြစ်နေသလိုမျိုး၊ အမျိုးသမီးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေအတွက် မြန်မာနိုင်ငံဖြစ်ဖို့ လိုပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင် ခွင့်ရှိတဲ့ တိုင်းပြည်ဖြစ်ဖို့ဆိုရင် အားလုံးအတွက် မြန်မာနိုင်ငံဟာ ကျောသားရင်သားခွဲခြားပြီး ရှိနေတဲ့ နိုင်ငံရေးစနစ်၊ လူမှုရေးစံနှုန်း၊ ဓလေ့ထုံးတမ်းတွေကို မေးခွန်းထုတ်ပြီး ပြောင်းလဲနိုင်ဖို့လိုပါတယ်။

    ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့တိုင်းပြည်ဖြစ်ဖို့ဆိုရင် အားလုံးအတွက် မြန်မာနိုင်ငံဟာ ကျောသားရင်သားခွဲခြားပြီး ရှိနေတဲ့ နိုင်ငံရေးစနစ်၊ လူမှုရေးစံနှုန်း၊ ဓလေ့ထုံးတမ်းတွေကို မေးခွန်းထုတ်ပြီး ပြောင်းလဲနိုင်ဖို့လိုပါတယ်။

    လက်ရှိအချိန်အထိ ဖက်ဒရယ်တန်ဖိုး၊ ဒီမိုကရေစီတန်ဖိုးနဲ့မညီတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေကို မပြုမူမိဖို့ သတိထားဖို့ လိုပါတယ်။ တော်လှန်ရေးဟာ အားလုံးပါဝင်နေတဲ့‌ တော်လှန်ရေးဖြစ်ပါတယ်။ လူမျိုးအသီးသီး၊ ဘာသာအသီးသီး၊ ကျား၊မ အသီးသီးက ပါဝင်နေတာပါ။ သို့ပေမဲ့ လက်ရှိအချိန်အထိ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ဟာ နေရာအသီးသီးရဲ့ ကဏ္ဍတိုင်းမှာ နောက်ကောက်ကျန်နေရဆဲပါ။ ဒါအတွက် မေးခွန်းထုတ်စရာကောင်းလှပါတယ်။

                အခုနွေဦးတော်လှန်ရေးဟာ တခြမ်းပဲ့ဒီမိုကရေစီကို သွားနေတာလား။ အားလုံးပါဝင်တဲ့ ဒီမိုကရေစီကို သွားနေတာလား။ အခုနွေဦးတော်လှန်ရေးဟာ အားလုံးအတွက် ကရုတစိုက်လုပ်ဆောင်နေတဲ့ တော်လှန်ရေး လား၊ လူတမျိုး၊ တစု၊ တခြမ်းပဲ့လိင်နဲ့ပဲ မောင်းနှင်နေတဲ့ တော်လှန်ရေးလား။ ကျွန်မတို့ လူ့အဖွဲ့အစည်း ကိုယ်တိုင်က လက်ရှိအချိန်အထိ တဖက်စောင်းနင်း ဦးဆောင်မှုနဲ့ အသားကျနေတုန်းလား။ လက်ခံနေတုန်း လား။ မေးခွန်းထုတ်ဖို့ ပြောင်းလဲဖို့ တုံ့ဆိုင်းနေတုန်းလား။

                “ ငါတို့အသံ ဘယ်မှာလဲ”။ တော်လှန်ရေးရဲ့ ပထမဆုံးအချိန်၊ ပထမဆုံးရက်၊ ထိပ်ဆုံးတပ်ဦးကနေ ပါလာခဲ့တဲ့အမျိုးသမီးတွေရဲ့အသံက ဘယ်မှာလဲ။ လက်ရှိအချိန်အထိ နောက်ဆုံးအချိန်တိုင်းအထိ ရှိနေခဲ့တဲ့ အမျိုးသမီးတွေရဲ့အသံ ဘယ်မှာလဲ။ အမျိုးသမီးတွေရဲ့အသံဆိုတာ ဘာလဲအထိကို မသိနိုင်တော့တဲ့ လူ့ အဖွဲ့အစည်းဖြစ်နေပြီလား။ တော်လှန်ရေးရဲ့ ဘယ်နေရာမှာ အမျိုးသမီးတွေကို ထားထားသလဲ။

    အဲလိုမေးတိုင်း ရေတွက်လို့ ရနိုင်တဲ့ပမာဏရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေရဲ့ အမည်ကို ရွတ်ပြဖို့ ကြိုးစားကြပါလိမ့်မယ်။ ကိန်းဂဏန်းမသိလောက်အောင်ထိ များပြားတဲ့ တဖက်စောင်းနင်းဖြစ်နေတဲ့ အမျိုးသားခေါင်းဆောင်တွေက “အမျိုးသမီးတွေကို နေရာပေးထားတာဘဲ တန်းတူဆက်ဆံနေတာဘဲ” လို့ ထပ်တလဲလဲ ပြောပါလိမ့်မယ်။ အဲလို ပြောနေခြင်းကိုက တခြမ်းပဲ့ဒီမိုကရေစီနဲ့ အသားကျဖို့ တိုက်တွန်း နေသလိုပင်။ ကျွန်မတို့အားလုံးကို တခြမ်းပဲ့ဒီမိုကရေစီနဲ့ ဆက်သွားဖို့ တွန်းအားပေးနေသလိုပင်။ အမျိုးသမီး ကို နိုင်ငံရေးမှာတောင် ဒုတိယတန်းစားအဖြစ် သတ်မှတ်ထားကြတာကို ထင်ထင်ရှားရှား မြင်နေရဆဲပင်။

    တော်လှန်ရေးဆိုတာ ပြောင်းလဲနိုင်တယ်ဆိုတဲ့စိတ်ဓာတ်ကနေ စတာပါ။ ကျွန်မတို့ ဘာကို ပြောင်းလဲ နိုင်မလဲဆိုတာအပေါ် မူတည်ပြီး နွေဦးတော်လှန်ရေးက ဘာကို မွေးထုတ်ပေးနိုင်မလဲဆိုတာ ဖြစ်လာမှာပါ။ နွေဦးတော်လှန်ရေးကနေ နောက်ထပ်အသစ်သစ်သော အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒ၊ ဖိုဝါဒ၊ လက်သစ် စစ်အာဏာရှင်ဝါဒကို မွေးထုတ်မလား။ အားလုံးအတွက် တန်းတူညီမျှပြီးတော့ သာတူညီမျှအခွင့်အရေးကို ဆောင်ကျဉ်းပေးနိုင်မလားဆိုတာ ကျွန်မတိုရဲ့ ပြောင်းလဲရဲတဲ့ သတ္တိနဲ့ ဝီရိယအပေါ် မူတည်ပါတယ်။

                နွေဦးတော်လှန်ရေးဟာ အားလုံးအတွက် မျှော်လင့်ချက်ဆုံရာနေရာဖြစ်သလို၊ နောက်ဆုံး မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ မရနိုင်တဲ့အရာတွေဟာ မြန်မာပြည်မှာ ဘယ်တော့မှ မရနိုင်တော့မဲ့ အရာတွေသာ ဖြစ်ပါတယ်။ နွေဦးမှာ အမျိုးသားလူထု တန်းတူရေးရနိုင်မလား၊ လူ့အခွင့်အရေးချိုးဖောက်မှုကို တားဆီးနိုင်မလား၊ ကျား၊မတန်းတူရေးကို ရနိုင်မလား၊ အရပ်သားအုပ်ချုပ်မှုကို ဖော်ဆောင်နိုင်မလား၊ ခွဲခြားဆက်ဆံမှုကို ရပ်တန့်နိုင်မလား၊ အခွင့်ထူးခံဖြစ်မှုကို ရပ်တန့်နိုင်မလား။ နောက်ဆုံးအနေနဲ့ နွေဦးတော်လှန်ရေးဟာ အားလုံးကို ဖြိုချပေးနိုင်မဲ့ တော်လှန်ရေးဖြစ်လာမလား။ အားလုံးအတွက် နောက်ဆုံးမျှော်လင့်ချက်တစ်ခုသာ။


    နွေဦးတော်လှန်ရေးဟာ အားလုံးအတွက် မျှော်လင့်ချက်ဆုံရာနေရာဖြစ်သလို၊ နောက်ဆုံးမျှော်လင့်ချက် လည်း ဖြစ်ပါတယ်

    “ လွတ်လပ်ခြင်းရဲ့အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်”

     
     
     
     အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
    https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



    #politicsforwomenmyanmar
    #whatishappeninginmyamar
    #Advocacy
    #politics
    #media