ရေးသားသူ- ယုဂန်(မြန်မာစာ)


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 
 

         နိုင်ငံတစ်နိုင်ငံဖြစ်‌စေ၊ အဖွဲ့အစည်းတစ်ခုကိုဖြစ်‌စေ ကောင်းမွန်တိုးတက်စေရန်အတွက် ဘုံကောင်းကျိုး (မည်သူမျှချန်မထားကျန်မသွားရန်) ကို‌ ရှေးရှုရန် လိုအပ်ပါသည်။ ဘုံကောင်းကျိုးကို ဖော်ဆောင်နိုင်ရန် အသံစုံကို နားစွင့်၊ အသံစုံကို လိုက်ရှာ၊ အသံတွေကိုကြားတတ်ရုံမျှမက ကြည့်တတ် မြင်တတ်ရန်လည်း လိုအပ်ပါသည်။ လူမျိုး၊ အသားအရောင်၊ လိင်၊ ကွဲပြားနေခြင်းမှာ လွဲမှားနေခြင်း မဟုတ်ပေ။ ကွဲပြားနေခြင်းကို လွဲမှားနေသည်၊ ငါနှင့်မတူ ငါရန်သူ ငါကဲ့သို့ အခွင့်အလမ်းမရသင့်ဟူသော အတ္တဗဟိုပြု စဉ်းစားချက်များကို ပယ်ဖျက်သင့်ပြီ ဖြစ်သည်။ ယနေ့အထိ လူ့အသိုင်းအဝိုင်းတိုးတက်ရေးတွင် ချန်ထား ကျန်သွားသည့် များစွာသော ကဏ္ဍများနှင့် အသံများစွာ ရှိနေကြသည်။

များစွာသောချန်လှပ်ခံရမှုများအနက် အမျိုးသမီးများ၏ကဏ္ဍနှင့် အမျိုးသမီးများ၏အသံသည်လည်း‌ ခေတ်အဆက်ဆက်ကပင် ဖြစ်သည်။ တချို့က အသံများမထွက်၍၊ တချို့က ထွက်ရမှန်းမသိ၍၊ တချို့က မထွက်ဝံ့၍၊ တချို့ကျ ထွက်ပေးနေပါသော်လည်း နားမထောင်၍၊ နားမလည်ချင်ယောင်ဆောင်ခံရ၍ စသဖြင့် ပုံစံမျိုးစုံဖြင့် ချန်လှပ်ခံနေရသည်။ ထိုသို့မဖြစ်ကြရန်အတွက် အသံများကို ကဏ္ဍအစုံထွက်ကြမည်၊ အသံများကို ကဏ္ဍအစုံကကြားအောင် နားထောင်ကြရမည်၊ နားလည်အောင်ကြိုးစားကြပြီး အကောင်အထည်ဖော်မှုအဆင့် အထိ ဆက်လက်သွားကြရမည်။

အကောင်အထည်ဖော်မှုဟု ဆိုလိုက်သောအခါ "အမျိုးသမီးတွေပါဝင်နေတာပဲလေ၊ ပါလည်း ပါဝင်ခွင့်ပြုနေတာပဲ" စသဖြင့် အလွယ်တကူ တုံံ့ပြန်တတ်ကြသည်။ ပါဝင်နေရသည့် အနေအထားနှင့် ပါဝင်ခွင့် ရသည့် ကဏ္ဍနေရာများကို ပြန်လည်စိစစ်ကြည့်ခြင်းကိုမူ ဂရုတစိုက်မလုပ်မိကြပေ။ ယခုတော်လှန်ရေးကာလ ကြားကာလအစိုးရဟုခေါ်သော NUG တွင်လည်းကောင်း၊ မြေပြင်၊ အွန်လိုင်း၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေး ကဏ္ဍအစုံတွင်လည်းကောင်း ဆုံးဖြတ်ပိုင်ခွင့်နှင့်ဦးဆောင်ဦးရွက်ပြုရသောနေရာ၌ အမျိုးသမီးများ လွန်စွာ နည်းပါးလျက်ရှိသည်။

နိုင်ငံရေးကဏ္ဍမှသည် မိသားစုအရေးအထိ ကြည့်မည်ဆိုလျှင် မြန်မာအမျိုးသမီးထု၏ ရာခိုင်နှုန်း အများစုမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ၊ ကိုယ်ပိုင်ဘဝရပ်တည်မှုများမရှိဘဲ ဖြစ်နေကြသည်။ အစည်းအဝေး တစ်ခုဖိတ်ကြားခြင်းတွင် ဖိတ်ကြားစဉ်ကတည်းက အိမ်ထောင်ဦးစီးအမျိုးသားကိုယ်တိုင် တက်ရောက်ရမည်။ တစုံတခုဆုံးဖြတ်လျှင်လည်း အမျိုးသားဖြစ်သူသဘောတူ၊ မတူစသဖြင့် မိန်းမသားတို့၏ ဆုံးဖြတ်ခွင့် ပါဝင်ခွင့် ဝေးကွာနေကြသည်။ထိုသို့ ဝေးကွာမှန်းသိသောအခါ အမျိုးသမီးများမှာ အိမ်ထောင်မှုထိန်းသိမ်းရေးသည်သာ မိမိနယ်ပယ်၊ မိမိဘဝအစစ်အမှန်အဖြစ် များစွာသောအချိန်များကို အိမ်တွင်သာ ကုန်ဆုံးကြကုန်သည်။

တရားမျှတခြင်း၊ မမျှတခြင်း၊ အခွင့်အရေးများကို မသက်ဆိုင်သောအရာအဖြစ် ရှုမြင်လက်ခံလာကြသည်။ အမျိုးသားနှင့် မိမိပြိုင်တူနေမကောင်းလျှင်ပင် အမျိုးသားကအားရှိရမည်ဖြစ်သည်။ အမြန်နေကောင်းမှ ဖြစ်မည်ဆိုကာ အာဟာရရှိသောအစာ၊ ဆေးဝါးများ တိုက်ကျွေးခြင်း၊ ဆေးခန်းပို့ခြင်းများကို အမြန်လုပ်ဆောင် ပြီး၊ သူတို့ကိုယ်တိုင်မှာမူ အိမ်ရှိအိမ်တွင်းဆေးဝါးလေးဖြင့်သာ နေတတ်ကြသည်။

အခွင့်အလမ်းမရခြင်းကို အနစ်နာခံမှုမေတ္တာတရားအဖြစ် ကျေနပ်နေလေ့ရှိကြသည်။     ဆိုလိုသည်မှာ အနစ်နာခံမှု၊ မေတ္တာတရားတို့ကို တားမြစ်နေခြင်းမဟုတ်ပေ။  မိမိတို့ရရှိသင့်သည့် အခွင့်အလမ်းဆုံးဖြတ်ပိုင် ခွင့်များကို မိမိကိုယ်တိုင်သိနားလည်ရန်လည်း လိုအပ်သည်ကို ဆိုလိုခြင်းဖြစ်သည်။ ထိုသို့သိရှိပါမှ အခွင့်အရေး ရပိုင်ခွင့်များ ဆုံးရှုံးနေလျှင်မည်သို့ရယူရမည်ဟူသော နည်းနာအဆင့်ကိုတက်လှမ်းနိုင်မည်။ အများစုက အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှုကို ခံပြင်းရမှန်းမေ့လျော့နေပြီး၊ ခံပြင်းရမှန်းသိသူများအနက်တချို့မှာလည်း ထိုအရာအတွက်နည်းလမ်းမရှာဘဲ ပြဿနာအဆင့်တွင်သာ ထားနေကြလေသည်။

ခွဲခြားဆက်ဆံခံရမှုအတွက် တိုက်ဖျက်နေသူများကိုပင် အပိုလုပ်နေသယောင်မြင်တတ်ကြသူများ မှာလည်း အမျိုးသမီးအများစုဖြစ်သည်မှာ ငြင်းမရသော လက်တွေ့မြင်ကြားသိနေရသောအရာ ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုခုတွင် အမျိုးသမီးတစ်ဦးက အမျိုးသားများနှင့် ရင်ပေါင်တန်းတန်း လုပ်ဆောင်နေလျှင်ပင် "ယောက်ျားတရုန်းရုန်းနဲ့ မရှက်ဘူးလားမသိ၊ သူနေရာထင်နေလားပဲ" ဆိုသည့် အမြင်ကျဉ်းမြောင်းစွာ ကဲ့ရဲ့ ဝေဖန်ကြသည်။ မိမိမစွမ်းဆောင်နိုင်သည်နှင့် အခြားသူက မသမာနည်းမရိုးသားနည်းဖြင့် ရရှိထားဟန် အမည်ဖျက်ထိုးချကြသည်။ အတ္တနှင့်မနာလိုဝန်တိုမှုသည် အလွန်ကြောက်စရာ ကောင်းလှပေသည်။ မုဒိတာပွါး ချီးမြှောက်ရမည့်အစား မည်သို့ထိုးချရမည်ကို ကြည့်နေတတ်ကြသည်။

လူသားတိုင်း လူသားဖြစ်နေသည့်အတွက် လူ့အခွင့်အရေးကိုရသင့်သည် ဟူသောအချက်ကို စာအုပ်များ၊ စာချုပ်များထဲတွင်သာထားပြီး ရှေးရိုးအစဉ်အလာများ စွဲကိုင်ကာ အမျိုးသမီးများသည် အမျိုးသား များထက် နိမ့်ကျသယောင် အယူအဆများကို လက်ခံနေကြသည်။ ဘာသာရေး အယူအဆများဖြင့် အမျိုးသမီး များကို ဖယ်ကြဉ်ထားကြသည်။ ဘုန်းနိမ့်ကံနိမ့်ခြင်း အယူအဆကို ယူချင်သလို ယူတတ်ကြပြီး အခြား ဘာသာရေးအဆုံးအမကို လိုက်နာချင်မှ လိုက်နာသည်။ သြချလောက်သော လိုက်နာမှုကြီးပင် ဖြစ်လေသည်။

ယခုတော်လှန်ရေးကာလအတွင်း အချို့နေရာများ၌ အမျိုးသမီးပါဝင်လုပ်ဆောင်လာကြသည်။ ထိုအခါတွင်လည်း ဆုံးဖြတ်ပိုင်ခွင့်‌ပေးသည်ဆိုခြင်းထက် “မင်းတို့မိန်းမတွေ ဘယ်လောက်များလုပ်နိုင်မှာမို့လဲ” ဟူသော ပုံစံဖြင့် အာဂအမျိုးသားများက တွဲမခေါ်ဘဲ ကြည့်ကောင်းကောင်းဖြင့် ကြည့်နေတတ်ကြသေးသည်။ မြေပြင်ပညာရေးနှင့် ပြန်လည်‌ထူထောင်ရေးတွင် ပါဝင်နေသော ဆရာမတစ်ဦး၏ အတွေ့အကြုံကိုလည်း ဤသို့ ကြားသိရသည်။

" အခုကျွန်မတို့ကျေးရွာတွေမှာ တစ်ရွာလုံးမီးရှို့ပြာကျသွားတော့ ငါတို့လည်း နိုင်ရာဝန်ထမ်းမယ်ဆိုပြီး ပြန်လည်ထူထောင်ရေးဆိုပြီးဖွဲ့လိုက်တာ မိန်းကလေးတွေချည်း၊ မိန်းကလေးတွေ လည်း ဦးဆောင်ပြီးလုပ်နိုင်စွမ်းရှိတယ်ဆိုတာကို လုပ်ပြတာ၊ ဝါးတွေတိုင်တွေထန်းရွက်တွေ ဝေနိုင်ဖို့ ကြိုးစားတဲ့အခါမှာ တိုင်တွေ မနိုင်မနင်းမကြရတယ် ယောကျ်ားထုကြီးကတော့ ကြည့်ကောင်းကောင်းနဲ့ကြည့် နေကြလေရဲ့ တော်လှန်ရေးကာလမှာ ရှိသမျှအစွမ်းအစတွေ အကုန်ထုတ်သုံးပြီး နည်းမျိုးစုံနဲ့ရန်ပုံငွေတွေ ရှာခဲ့ကြတယ်။ လေဘေးအင်္ကျီတွေရောင်းရတဲ့အမြတ်ငွေလှူ၊ လုပ်နိုင်စွမ်းရှိသမျှ ဒီနေ့ထိလုပ်ဆောင်နေ ကြတယ်" ဟုရင်ဖွင့်ပြောလာခြင်းကိုကြားသိရသည်။

ထိုအကြောင်းကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးများကို ပါဝင်ခွင့်ဦးဆောင်ခွင့်ပေးခြင်းဟု ခေါင်းစဉ်တပ်ချင် တပ်ကြလိမ့်မည်။ ကျွန်တော့်အနေဖြင့် ဤအရာကို ဦးဆောင်ခွင့် ပေးနေသည်ဟုမမြင်မိပေ။

ကျွန်တော်တို့၏ ယခုကာလဖြတ်သန်းနေမှုသည် တော်လှန်ခြင်းနှင့်ယုံကြည်မှုတည်ဆောက်ခြင်းကို တပြိုင်နက်လုပ်ဆောင်နေရသည့်ကာလ ဖြစ်သည်။ ယုံကြည်မှုများ မြင့်မားလာရန် လိုသည်။ လိင်ကွဲပြားမှု အပေါ်ကြည့်ပြီး "ကြက်မတွန်လို့မိုးမလင်းပါဘူး" လုပ်နေရမည့်အချိန်မဟုတ်တော့ပေ။ ကျွန်တော်တို့ နိုင်ငံကြီး ဖက်ဒရယ်နိုင်ငံသစ်သို့ ဦးတည်လိုပါလျှင် ဂျန်ဒါတိုင်း၏အသံကို နားစွင့်ထားရမည်။ သူတို့အမြင်ကိုလည်း ဖွင့်ပေးရန်လိုအပ်သည်။ မသိလို့၊ နားမလည်လို့၊ မတတ်လို့ ချန်ထားခဲ့ရမည်မဟုတ်ဘဲ မတူကွဲပြားသော ဂျန်ဒါအစုံကြား မသိသည့်အရာကို သိလာစေရန်၊ နားမလည်သည့်အရာ နားလည်စေရန်နှင့် မတတ်သည့် အရာများကို တတ်လာအောင် အတူယှဉ်တွဲ လေ့လာကြရမည်။

လမ်းလျှောက်စအရွယ်ကလေးကို လမ်းဖြောင့်ဖြောင့်လျှောက် တတ်အောင်ဝါးတန်းဖြစ်စေ တွန်းလှည်းဖြစ်စေ ခဏကူရသကဲ့သို့ အဖွဲ့အစည်းကို ဦးဆောင်ဦးရွက်ပြုရေးကို မြို့နယ်၊ ရပ်ကွက်ရှိ အဖွဲ့အစည်းများက လက်တွဲခေါ်ရမည်။ လုပ်ဆောင်နိုင်စွမ်းကို အသိအမှတ်ပြုကာ ထိုထက်စွမ်းဆောင်နိုင်အောင် အရည်အသွေးများမြင့်မားအောင် ကြံဆောင်ကြရမည် ဖြစ်သည်။ အသိအမှတ်ပြုခြင်းကို ကျား၊ မ ဂျန်ဒါမရွေး အရွယ်သုံးပါးမရွေး ရလိုကြသည်ချည်း ဖြစ်သည်။ ထိုအရာကို သိထားပါလျက် စွမ်းဆောင်ရည်ရှိသည့်အရာများကို မြင်ပါလျက် မမြင်ဟန်မကြားဟန် အမှားကွက် သာ ရှာနေခြင်းဖြင့် အမျိုးသမီးများပါဝင်မှုကို အားလျော့စိတ်ပျက်အောင် မလုပ်သင့်ပေ။

မိန်းမသားများကို အိမ်နှင့်မီးဖိုချောင်တွင် ထိုးထည့်ထားခြင်း ချန်လှပ်ထားခြင်းသည် တိုးတက်သော လူအဖွဲ့အစည်းထူထောင်ရေးတွင် မရှိသင့်၊ မရှိအပ်သောအရာ ဖြစ်သည်။ အိမ်ထောင်မှုထိန်းသိမ်းခြင်းကို အမျိုးသမီး၏အခန်းကဏ္ဍဟု ပုံသေသတ်မှတ်သော ရှေးရိုးအယူကိုလည်း စွန့်လွှတ်သင့်ပြီဖြစ်သည်။ လူမှန်လျှင် မိမိတဝမ်းတခါးအတွက် ချက်ပြုတ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် လျှော်ဖွတ်ခြင်းစသဖြင့် ကိုယ်တိုင် ရပ်တည်‌နိုင်ရေးသည် ကျားတာဝန်၊ မတာဝန်ဟု ပိုင်းခြားသတ်မှတ်မနေသင့်ပေ။ လူမှန်လျှင် လူ့တာဝန် ဝတ္တရားများကို ထမ်းဆောင်နိုင်မည်သာ ဖြစ်သည်။

တော်လှန်ရေးတစ်ခု၊ တပ်ရင်းတစ်ခု မပြိုကွဲဖို့ ရေရှည်တည်တံ့ဖို့က အမျိုးသားတင်မဟုတ်ဘူး အမျိုးသမီးတွေလည်း ကျရာကဏ္ဍကနေပါဝင်အားဖြည့်ပါမှ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။ ပြောချင်တာက အမျိုးသားတွေ လက်နက်ကိုင်ပြီးတိုက်ပွဲဝင်နေချိန်မှာ နောက်ကနေထောက်ပို့လုပ်ပေးနိုင်မယ့် အမျိုးသမီးတွေ ရဲ့ အခန်းကဏ္ဍကလည်း အရေးပါသည်။ အမျိုးသမီးများသည် ချန်ထားရမည့်အရာမဟုတ်၊ အမျိုးသမီးသည် အားလျော့အားပျော့ ရှောင်ပြေးနေကြမည့်သူများ မဟုတ်ပေ။ ကျရာကဏ္ဍမှာတာဝန်သိစိတ်ဖြင့် တာဝန်ယူ၊ တာဝန်ခံကာ လုပ်ဆောင်ပေးနေကြသည်။

မိန်းမသားများသည်လည်း ဦးဆောင်နိုင်စွမ်း၊ ပါဝင်နိုင်စွမ်း ရှိကြပါသည်။ ယောက်ျားသားများ ဦးဆောင်မှုကို သာမန်ဖြစ်ရိုးဖြစ်စဉ်သဖွယ် တင်ပြကြပြီးအမျိုးသမီးများထဲမှ  ထူးချွန်လွန်းမက ထူးချွန်မှ ထို အမျိုးသမီးများအားနေရာပေးခြင်း ဖော်ထုတ်တင်ပြကြခြင်းကလည်း မလျော်ကန်ပေ။ မိန်းမသားဟု ပြောလျှင် အားနွဲ့ခြင်း၊ အားကိုးအားထားရှိရန် လိုအပ်သူများအဖြစ် တွဲမြင်နေသည်ကို ပယ်ဖျောက်သင့်သည်မှာ ကြာပြီ ဖြစ်သည်။

သမိုင်းအစဉ်အလာကတည်းက လျစ်လျူရှုလာခဲ့ကြသော အမျိုးသမီးတို့၏အသံကို ယနေ့ခေတ် အထိ နားမစွင့်ဘဲ၊ အရေးတယူမပြုဘဲနေနေလျှင် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်၊ ဂျန်ဒါ တန်းတူညီမျှရေး မည်မျှအော်အော် မည်မျှရေးရေး၊ စာချုပ်မည်မျှပင် ချုပ်စေဦး အလကားဖြစ်နေမည်။ စာရွက်ပေါ်က စာသားများအဖြစ်မှ လက်တွေ့လိုက်နာမှုကျင့်သုံးမှုအဖြစ် ဂျန်ဒါအစုံကြား ကျင့်သုံးကြရမည် ဖြစ်သည်။ ဤသို့ရေးဖော်ပြောဆိုနေခြင်းသည် အထူးတလည်အခွင့်အရေးကို တောင်းဆိုနေခြင်းမဟုတ်ပေ။ မူလကတည်းက ရရှိရမည့် ရပိုင်ခွင့်အတွက် ဖော်ထုတ်သတိပေးနေရခြင်းဖြစ်သည်။ 

ဤသို့ဆိုလျှင် ကျားမဂျန်ဒါမရွေး အမျိုးသမီးများ၏အခန်းကဏ္ဍ၊ အမျိုးသမီးများ၏အသံကို ကြားအောင် နားစွင့်၊‌ နားထောင်၊ နားလည်၊ အားပေးဖော်ဆောင်ကြရင်း အသံများကျန်မသွားရန် ချန်မထားဘဲ လူ့အဖွဲ့အစည်းတခုလုံး၏ ဘုံကောင်းကျိုးကို ဖြည့်တင်းကြပါရန် တိုက်တွန်းလိုက်ရပေသည်။

“ယောက်ျားသားများ ဦးဆောင်မှုကို သာမန်ဖြစ်ရိုးဖြစ်စဉ်သဖွယ် တင်ပြကြပြီး အမျိုးသမီးများထဲမှ  ထူးချွန်လွန်းမက ထူးချွန်မှ ထို အမျိုးသမီးများအားနေရာပေးခြင်း ဖော်ထုတ်တင်ပြကြခြင်းကလည်း မလျော်ကန်ပေ”

 

https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media