အမရာမှ ရေးသားပြုစုသည်။
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၇) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးအများဆုံးရှိနေတဲ့လုပ်ငန်းခွင်အသီးသီးကအမျိုးသမီးတွေမလွတ်မြောက်သေးသ၍အမျိုးသမီးထုလွတ်မြောက်နိုင်မှာမဟုတ်ဘူး” လို့ခံယူထားသူကတော့ အလုပ်သမားထုအရေးအတွက် တက်ကြွသူတစ်ဦးဖြစ်တဲ့ မခင်သန္တာမိုးပါ။
မခင်သန္တာမိုးဟာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM ရဲ့ ဗဟိုအလုပ်အမှုဆောင် တယောက်ဖြစ်သလို women’s committee – FGWM ရဲ့ တာဝန်ခံတယောက် အဖြစ်လည်း တာဝန်ယူဆောင်ရွက်နေပါတယ်။ ဧရာဝတီတိုင်းဇာတိကဖြစ်ပြီး တောင်သူလယ်သမား မိဘနှစ်ပါးက မွေးဖွားခဲ့သူ ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်လောက်မှာ ရန်ကုန်အထည်ချုပ်စက်ရုံမှာ စတင်အလုပ်လုပ်ကိုင်ခဲ့တယ်။ ဝါသနာကတော့ ကျောင်းဆရာမ ဖြစ်ချင်ခဲ့တာပါ။ တခြားသူတွေကို နားမလည်တာပြောပြ၊ သင်ပြရတာ သဘောကျပြီး၊ မတရားမှုတွေကို လက်မခံဘဲ အမှန်တရား ပေါ်ပေါက်အောင် လေ့လာစူးစမ်းရတာတွေကို ဝါသနာပါခဲ့သူဖြစ်တယ်။
ဒီလို မတရားမှုကိုလက်မခံနိုင်တဲ့ စိတ်အရင်းခံတွေကြောင့်ပဲ သမဂ္ဂမှာပါဝင်လှုပ်ရှားဖို့ အကြောင်းဖန် လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က လုပ်ငန်းခွင်အတွင်းဖိနှိပ်မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ ၊ မတရားမှုတွေ များလာတာကြောင့် စုပေါင်းတောင်းဆိုဖို့လုပ်ငန်းခွင်အတွင်း ဘဝတူအလုပ်သမားတွေကိုစည်းရုံး လှုံဆော်ရင်း လက်ရှိအချိန်အထိ သမဂ္ဂမှာပါဝင်လှုပ်ရှားဆောင်ရွက်နေပါတယ်။
စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဖို့ ဘယ်လိုပုံစံမျိုးနဲ့ လှုပ်ရှားမှုတွေပြုလုပ်မလဲဆိုတာ အစည်းအဝေးတွေထိုင်ကြတယ်၊အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ခေါင်းဆောင်တွေနဲ့တိုင်ပင်ကြတယ်။ အလုပ်သမားထုဆိုတာ မတရားမှုတွေနဲ့ နေ့စဉ်ယဉ်ပါးနေကြတဲ့သူတွေဖြစ်တဲ့အတွက် မတရားမှုကို ဆန့်ကျင်ဖို့လက်တွန့်ကြသူတွေ မဟုတ်ပါဘူး။
လုပ်ငန်းရှင်တွေရဲ့ မတရားဖိနှိပ်မှုတွေ၊ ဂုတ်သွေးစုပ်မှုတွေကို နေ့စဉ်နဲ့အမျှ တိုက်ပွဲဝင်နေကြတဲ့သူတွေဖြစ်တဲ့အတွက် အလုပ်သမားလူတန်းစားတွေအတွက် ဆန္ဒပြပွဲတွေ သပိတ်တိုက်ပွဲတွေဟာ ရင်းနှီးအသားကျပြီးသား ဖြစ်တယ်။ ဒါကြောင့် စစ်အာဏာသိမ်းမှုမှာလည်း အလုပ်သမားထုကြီးဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့နေရာမှာ ပါဝင်ခဲ့ကြတယ်။ သို့သော် ဒီတခါ ရင်ဆိုင်ရာမှာက လုပ်ငန်းရှင်မဟုတ်ဘဲ စစ်အာဏာရှင်ဖြစ်တဲ့အတွက် ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ဖို့ အဆင့်ပြင်ထားခဲ့ကြတယ်။
ဒီလိုနဲ့အလုပ်သမားထုဟာ ဖေဖော်ဝါရီလ (၆)ရက်နေ့မှာလမ်းပေါ်ထွက်လာခဲ့ကြတယ်။ ကိုယ်ရဲ့ သက်ဆိုင်ရာစက်ရုံက အလုပ်သမားတွေကို စည်းရုံးပြီး အခုရင်ဆိုင်ရမှာက လက်နက်ပါတဲ့အာဏာရှင် ဖြစ်တဲ့အတွက် အိမ်ပြန်လမ်းကမသေချာကြောင်း၊အဖမ်းခံရနိုင်တာလည်းဖြစ်နိုင်ပြီး မိသားစုကိုအသိပေးခဲ့ဖို့ ဆုံးဖြတ်ချက်သေချာချပြီး လိုက်ခဲ့ဖို့ မခင်သန္တာမိုးအပါအဝင် ခေါင်းဆောင်တွေက ပြောဆိုခဲ့တယ်။
“ရင်ဘက်ခြင်းတူတဲ့လူတွေလိုက်ခဲ့ပါ။ မလိုက်လည်းဘာမှမဖြစ်ဘူး ဒီပွဲကအားလုံးနှင့် ဆိုင်တယ်။ နိုင်ငံရဲ့အရေးက ငါတို့ရဲ့အရေးလည်းဖြစ်တယ်။ အစိုးရကောင်းမှ ငါတို့အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင် စားသောက်လို့ ရမယ်ဆိုတာ သိထားရမှာလည်းဖြစ်တယ်” လို့ အလုပ်သမားထုကြီးကို ပြောဆို စည်းရုံးခဲ့တယ်။
မခင်သန္တာမိုးကိုယ်တိုင်လည်း ဖေဖော်ဝါရီ (၆) ရက်နေ့ကစလို့ နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်။ အာဏာရှင်ပြုတ်ကျဖို့အတွက်ဆို ကျရာနေရာကပါဝင်မယ်လို့ဆုံးဖြတ်ထားပြီး နောက်ဆုံး ထွက်သက်အထိ လုပ်နိုင်တာအကုန်လုပ်ဖို့၊ စစ်အာဏာရှင်ပြုတ်ကျဖို့အတွက်ဆို အသက်ပေးရရင်တောင် တန်တယ်လို့ ခံယူထားပါတယ်။
“ကျွန်မတို့လက်ထက်မှာ အာဏာရှင်ရဲ့လက်အောက်မှာ နေရမယ့်နောက်ဆုံးမျိုးဆက် ဖြစ်ရမယ်။ ကျွန်မတို့သားသမီးတွေအပါအဝင် နောက်လာနောင်သားနဲ့ မျိုးဆက်လက်ထက်မှာ အာဏာရှင် လုံးဝမရှိစေချင်ပါဘူး” လို့ ဆိုပါတယ်။
ဒီလိုခံယူချက်တွေပြင်းပြလှတဲ့ မခင်သန္တာမိုးဟာ သပိတ်တွေမှာတောက်လျှောက်ပါဝင်ခဲ့ပြီး ပြောက်ကျားသပိတ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ၂၀၂၁ ခုနှစ်ဩဂုတ်လမှာ စက်ရုံလုပ်ငန်းခွင်ထဲအထိ ဝင်ရောက်ဖမ်းဆီးခံခဲ့ရတယ်။ ပုဒ်မ ၅၀၅ (က) ၁၂၄/၁၇ စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ်သုံးနှစ်ကျခံခဲ့ရတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တယ်။ ပြန်လွတ်တဲ့အခါမှာလည်း ထပ်မံနိုင်ငံရေးမလုပ်ဖို့ ခံဝန်ထိုးခဲ့ရတယ်။နောက်ထပ်နိုင်ငံရေးလုပ်လို့ အဖမ်းခံရရင် ကျန်နဲ့ပြစ်ဒဏ်နဲ့ အခုပြစ်ဒဏ်ပေါင်းပြီး ခံရမယ်ဆိုတဲ့အကြောင်း ခံဝန်ကတိထိုးခဲ့ရတယ်။ အကျဉ်းထောင်ကလွတ်မြောက်ပြီးနောက်ပိုင်းမှာလည်း စစ်တပ်ဘော်ဘီ ဟန်ငြိမ်းဦးရဲ့ telegram channel ဖမ်းဆီးဖို့ လှုံ့ဆော်တာတွေခံခဲ့ရတယ်။ ပြည်တွင်းထဲမှာ မလုံခြုံတော့တဲ့အတွက် တဖက်နိုင်ငံကို ၂၀၂၂ခုနှစ် ဇွန်လမှာရောက်ရှိခဲ့တယ်။
တဖက်နိုင်ငံမှာ အထောက်အထားစာရွက်စာတမ်းတွေနဲ့နေထိုင်နေပေမယ့်လည်း စိတ်မလုံခြုံနဲ့ နေ့ရက်တွေနဲ့ရင်ဆိုင်ရပါတယ်။ အစစ်အဆေးတွေရှိလာတယ်ကြားတာနဲ့ အိမ်ပြင်တောင်မထွက်ရဲတဲ့အထိ ဖြတ်သန်းနေထိုင်ရပါတယ် ။တဖက်နိုင်ငံကိုရောက်ရှိလာပြီးနောက်မှာလည်း ပြည်တွင်းက အလုပ်သမားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီးဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
ပြည်တွင်းကအလုပ်သမားတွေရဲ့ အခက်အခဲတွေ၊ကြပ်တည်းမှုတွေ၊ ဖိနှိပ်ခံရမှုတွေကို ကူညီဖြေရှင်း ပေးနေပါတယ်။ ဒါ့အပြင် ရွေ့ပြောင်းအလုပ်သမားတွေရဲ့အရေးကိစ္စတွေကိုလည်း ကူညီဆောင်ရွက်ပေးနေပါတယ်။
“ရွေ့ပြောင်းအလုပ်သမား ဆိုတဲ့နေရာမှာ လက်ရှိရောက်နေတဲ့နေရာမှာဆို မြန်မာလူမျိုးတွေ အများဆုံးဖြစ်တယ် ၊ အခြေအနေ အရပ်ရပ်ကြောင့် နေရပ်စွန့်ခွာထွက်လာပြီး ရွေ့ပြောင်းအလုပ်သမားတွေ ဖြစ်လာတယ်၊ အိမ်ရှင်နိုင်ငံသားတွေ မလုပ်ချင်တဲ့အလုပ်တွေလုပ်ရတယ် လုပ်ခလစာအနှိမ်ခံရတယ် ဒီပြဿနာတွေနဲ့ ပတ်သက်ပြီးလည်း ကူညီဖြေရှင်းဆောင်ရွက်ဖို့ ကြိုးစားနေတာတွေရှိပါတယ်” လို့ မခင်သန္တာမိုးက ပြောပါတယ်။
လုပ်ငန်းခွင်ထဲက အမျိုးသမီးအလုပ်သမတွေအရေးနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်ချက်တွေကို အတက်နိုင်ဆုံးဆောင်ရွက်တောင်းဆိုတာတွေ ပြုလုပ်ပါတယ်။ လုပ်ငန်းခွင်ထဲက အမျိုးသမီး အလုပ်သမား ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး လိုအပ်ချက်တွေကို အလုပ်ရှင်သိအောင် တောင်းဆိုတာ၊ အလုပ်သမားတွေ တောင်းဆိုချက်ကို သက်ဆိုင်ရာကုန်အမှတ်တံဆိပ်တွေ သိအောင် အီးမေးလ်တွေပို့ပြီး တောင်းဆိုမှုကို လေးစားလိုက်နာပြီး လိုက်ပါဆောင်ရွက်ပေးဖို့တိုက်တွန်းတာတွေ ပြုလုပ်ခဲ့တယ်။ ဒီလိုတောင်းဆိုချက်တွေ ကြောင့်ပဲ တချို့စက်ရုံတွေမှာ ပြောင်းလဲသွားတာတွေလည်းရှိခဲ့တယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် အိမ်သာကအစသက်သောင့်သက်သာဖြစ်စေဖို့ ဗိုလ်ထိုင် အိမ်သာ လုပ်ပေးတာမျိုး ၊ စက်ရုံကဆေးပေးခန်းတွေမှာ ဆေးဝါးလုံလုံလောက်လောက် ထားပေးတာမျိုး ၊ pad ထုပ်တွေ ဆေးပေးခန်းမှာ ထားပေး လာတာတွေ ၊ အိမ်သာတွေ သန့်ရှင်းအောင် လုပ်ပေးတာမျိုး ၊ ကလေးမွေးပြီးကာစ မိခင်တွေအတွက် နို့ညှစ်ပြီးအအေးခန်းထဲထားနိုင်အောင် စီစဥ်ပေးတာမျိုး နောက်ပြီး ကိုယ်ဝန်ဆောင်တွေအတွက် ဖယ်ရီကား သီးသန့်စီစဥ်ပေးတာမျိုး တချို့တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ကုန်အမှတ်တံဆိပ်တွေချုပ်တဲ့ စက်ရုံတွေ မှာလုပ်ပေးလာတာတွေ့ရပါတယ်။
“အလုပ်သမားအမျိုးသမီးတွေရဲ့ဘဝက ကံတရားအတိုင်းလို့ သတ်မှတ်ခံထား ရတဲ့အခြေအနေ ဖြစ်တယ်။ ကံတရားအတိုင်းမဟုတ်ဘူး လုပ်ငန်းခွင်ထဲဖိနှိပ်ခံနေရဝာာ ဒါက ငါတို့ရဲ့အခွင့်အရေးတွေ ဖြစ်တယ်ဆိုတာရဲရဲတင်းတင်းပြောဖို့ သတ္တိတွေမွေးပေးရတာပေါ့” လို့ မခင်သန္တာမိုးကပြောပါတယ်။
မခင်သန္တာမိုးအနေနဲ့ သမဂ္ဂထဲမှာဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံ ရတာတော့ မရှိပေမယ့် လူမှုအသိုင်းအဝိုင်းမှာတော့ ခွဲခြားမှုတွေနဲ့ကြုံတွေ့ရပါတယ်။
“မိန်းကလေးဖြစ်ပြီး နိုင်ငံရေးလုပ်နေတာ စိတ်ဝင်စားနေတာ ဒါနင်တို့မိန်းမတွေရဲ့အလုပ်လားဆိုပြီး ကျွန်မနိုင်ငံရေးမှုနဲ့ထောင်ကျပြီးပြန်လွတ်လာတော့ ကျွန်မတို့မိသားစုဝင်တွေထဲကရော ပတ်ဝန်းကျင်ကရော ပြောကျတဲ့စကားတွေပါ။ မိန်းကလေးဖြစ်ပြီးအေးဆေးမနေဘူး ကျွန်မစဥ်းစားတယ်မိန်းကလေးဖြစ်တာနဲ့ ကျွန်မတို့ကိုဘာမှစိတ်မဝင်စားနဲ့ လင်ယူသားမွေး အိမ်ထောင်ထိန်းသိမ်း ကျန်တာနင်တို့နဲ့ဘာမှမဆိုင်ဘူးဆိုပြီး ခွဲခြားလိုက်တာပါပဲ” လို့ မခင်သန္တာမိုးကပြောပါတယ်။
ကိုယ်တိုင်လည်း ရှေးရိုးစွဲအယူအဆတွေနဲ့ပတ်သက်ပြီး တွန်းလှန်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ကိုယ်နဲ့သိတဲ့အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရတာ၊ အိမ်ထောင်ရေး အဆင်မပြေ တာတွေ ကြုံတွေ့ရတဲ့အခါ ခွန်အားပေးတာ၊ ပြောင်းလဲနိုင်ဖို့ ကူညီပေးတာ၊ အတွေးအခေါ် ပြောင်းလဲပေးတာ စတာတွေလည်း ဆောင်ရွက်ခဲ့တယ်။ ဒီလိုကူညီတဲ့အခါမှာလည်း မိသားစုက ကိုယ်နဲ့မဆိုင်တာဝင်မပါဖို့ တားလေ့ရှိတယ်။
“အဲဒီအချိန်မှာ ကျွန်မအမြဲပြောလေ့ရှိတာကတော့ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးနှု တ်ဆိတ်နေရင် မတရားမှုကိုလက်ပိုက်ကြည့်နေတာ ဖြစ်တယ်။ အဲတာဆို ကိုယ့်မှာရောအပြစ်ကင်းတယ်လို့ မခံစားရဘူး အပြစ်ရှိတယ်လို့ ခံစားရတယ်။ ဒီပြစ်မှုကို ကိုယ်တိုင်ပါဝင် ပတ်သက်ကျူးလွန်နေတာပဲ” လို့မခင်သန္တာမိုးက ခံယူထားတယ်။
လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရစေချင်တယ်အမျိုးသမီးတွေအကုန်လုံး အမျိုးသမီးဆိုတာ အားနည်းသူမဟုတ်ဘူး ခွန်အားကြီးသူတွေဖြစ်တယ်။အခွင့်အရေး၊ အခွင့်အလမ်း တန်းတူရစေချင်တာက မခင်သန္တာမိုးရဲ့ဆန္ဒပါပဲ။
ရှေ့ဆက်ပြီး လုပ်ငန်းခွင်ထဲကအမျိုးသမီးတွေလွတ်မြောက်ရေးကို အလေးထားကာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
“နောက်ပြီးတော်လှန်ရေးကြီးပြီးရင် ကျွန်မတို့မဖွံဖြိုးသေးတဲ့ နေရာဒေသ ကျွန်မဇာတိမြေအပါပေါ့ အဲလိုနေရာတွေကိုသွားပြီး ကိုယ်တက်နိုင်သ၍ တက်စွမ်းသ၍ကိုယ်လေ့လာသင်ယူထားတဲ့ အတွေးအခေါ်တွေ အသိပညာတွေ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်တာတွေဝေမျှတာတွေ အသိပညာပေးတာ သူတို့ခံစားချက်တွေကို နားထောင်ချင်တယ်။ ရှေးရိုးစွဲအယူအဆတွေကြားကနေလွတ်မြောက်အောင် လုပ်ပေးချင်တယ် စရှိသဖြင့် လုပ်ဖို့စိတ်ကူးထားတယ် ။ တော်လှန်ရေးကြီးအမြန်ပြီးချင်ပါပီ ကျွန်မ စိတ်ကူးတွေ အကောင်အထည်အမြန်ဖော်ချင်လို့ပါ” လို့ မခင်သန္တာမိုးကဆိုပါတယ်။
အမျိုးသမီးအသံအမျိုးသမီးအားမာန် စာစဉ် အမှတ်(၇) ကို အပြည့်အစုံ ဖတ်ရှုနိုင်ပါပြီရှင်။
https://drive.google.com/file/d/1bYrwUV79wkNmbMY61EmLFSUt3BuPl0Kn/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media