မပြေသွယ်CDM တက္ကသိုလ်ကျောင်းသူ
သတင်းထောက်
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အခုအချိန်က စစ်ပဲတိုက်နေရမယ့် အချိန်မဟုတ်ဘဲ နိုင်ငံရေးနှင့် စစ်ရေးကို တန်းတူသွားဖို့ ကြိုးစားရမယ့်အချိန် ဖြစ်နေပြီ။ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ မူဝါဒတွေ စပြီးချမှတ်ရမယ့် အချိန်ကို ရောက်လာပြီ။ အဲဒီအချိန်မှာ မီဒီယာရဲ့အခန်းကဏ္ဍက ပိုအရေးပါလာပြီ”
မပြေသွယ်ဟာ စစ်ကျွန်ပညာရေးစနစ်အောက်မှာ ပညာမသင်ကြားလိုတဲ့ CDMကျောင်းသူ တစ်ယောက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက စာဖတ်ရတာကို နှစ်သက်သဘောကျခဲ့ပြီး စာရေးဆရာမ ဖြစ်ချင်ခဲ့သူတစ်ယောက်ပါ။ ၂၀၁၇ခုနှစ်တွင် နည်းပညာတက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားခဲ့ပြီး ပထမနှစ်မှာပဲ ကျောင်းသားသမဂ္ဂရဲ့အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ကျောင်းသားထုအခွင့်အရေးကို ကျောင်းသားတိုင်းရရှိရမယ်ဆိုတဲ့အတိုင်း သူမပညာသင်ကြားခဲ့တဲ့ လေးနှစ်လုံး ကျောင်းသားအခွင့်အရေး အတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်ခဲ့ချိန်မှာတော့ အာဏာရှင်စနစ်ကိုလက်မခံတဲ့သူမဟာ ဆန္ဒပြသပိတ်တွေမှာ ပါဝင်ပြီး အာဏာရှင်ကိုတော်လှန်ခဲ့ပါတယ်။ အာဏာရှင်ကိုတော်လှန်ရင်းနဲ့ နိုင်ငံမှထွက်ပြေးတိမ်းရှောင် လာခဲ့ရပြီး နယ်စပ်တစ်နေရာမှာ သတင်းစာပညာကိုလေ့လာဆည်းပူးခဲ့ပြီး အာဏာရှင်ကို မီဒီယာကနေ တဆင့် တော်လှန်မယ်ဆိုတဲ့ ယုံကြည်ချက်နှင့် သတင်းမီဒီယာတိုက်တစ်ခုမှာ သတင်းထောက် အနေနှင့် ဝင်ရောက်လုပ်ကိုင်နေပါသည်။
လက်ရှိမှာတော့ ကျောင်းသားအခန်းကဏ္ဍကနေ အာဏာရှင်ကို ရသမျှတော်လှန်နေပြီး၊ သတင်းမီဒီယာကနေလည်း အာဏာရှင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေကို ပြည်သူလူထုဆီ မျှဝေမှတ်တမ်းတင်လျက် ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဥ်နဲ့ပတ်သက်ပြီး ဆရာမရဲ့အမြင်ကို ပြောပြပေးပါဦးရှင့်။
ဖြေ။ ။ နွေဦးတော်လှန်ရေးမတိုင်ခင် မြန်မာပြည်ရဲ့နိုင်ငံရေးဖြစ်စဥ်ကိုပြောရမယ်ဆိုရင် နှစ်ပေါင်း၇၀ကျော် ကြာခဲ့တဲ့ ပြည်တွင်းစစ်ကနေစပြီး ပြောရမယ်။ ၁၉၄၈ မှာ လွတ်လပ်ရေးရပြီးတော့ ပင်လုံစာချုပ်ကနေ ဖြစ်လာတဲ့ ပြည်တွင်းစစ်က အခုချိန်ထိကို မပြီးနိုင်သေးဘူး။ အခုလက်ရှိနွေဦးတော်လှန်ရေးကို ဘယ်လို မြင်လဲဆိုရင် နိုင်ငံရေးက အချိုးအဆစ်တစ်ခုကို ရောက်နေပြီလို့ မြင်တယ်။
ပြီးခဲ့တဲ့ ၂၀၂၄ လပိုင်းလောက် ကနေစပြီး လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်ကနေ ၂၀၂၅ ခုနှစ်အစကို ရောက်လာပြီ။ လက်နက်ကိုင်တော်လှန်ခဲ့တာလည်း သုံးနှစ်ကျော်တဲ့အနေအထားရှိလာပြီ။ တရုတ်နိုင်ငံရေးဝန်ကြီးဌာနက ထုတ်တဲ့ ကိုးကန့်နဲ့စစ်တပ်က အပစ်ခတ်ရပ်ပြီး ခက်ခက်ခဲခဲသိမ်းယူခဲ့ရတဲ့လားရှိုးကိုပြန်ပြီးပေးရတော့မယ့် အနေအထားကို တွေ့ရတယ်။ ပြီးတော့ တအာင်းနဲ့လည်းအပစ်ခတ်ရပ်တော့မယ့် သတင်းတွေကြားနေရတယ်။
မေး။ ။ နွေဦးတော်လှန်ရေးက စနစ်ပြောင်းတော်လှန်ရေးဖြစ်တဲ့အတွက် နိုင်ငံအသစ်တည်ဆောက် တဲ့အခါ ဘယ်လိုစံနှုန်းအသစ်တွေ ၊ မူဝါဒတွေ၊ အခြေခံမူတွေနဲ့ တည်ဆောက်သင့်ပါသလဲ။
ဖြေ။ ။ အခြေခံစံနှုန်းတွေ ၊ မူဝါဒတွေဆိုတဲ့နေရာမှာ ယခုတိုင်းရင်းသားလက်နက်ကိုင်တွေသွားချင်နေတဲ့ သူတို့က ဘယ်လိုနိုင်ငံမျိုးကို သွားချင်လဲ၊ ဗမာလူမျိုးစုတွေဘက်ကရော ဘယ်လိုမျိုးသွားချင်တာလဲ၊ ပြန်တည်ဆောက်ချင်တဲ့ နိုင်ငံတော်က ဘယ်လိုမျိုးလဲဆိုတာကို စဥ်းစားရမယ်။ အာရက္ခတပ်တော် (AA) ဆိုရင် ရှင်းတယ်၊ ရခိုင့်နိုင်ငံတော်ဖြစ်ရမယ်ဆိုတဲ့ နိုင်ငံရေးဦးတည်ချက်နဲ့ ကြိုးပမ်းမှုတွေ ရှိတယ်။ စစ်ရေးအရ အားသာမှုတွေ ရှိလာတယ်။ စစ်ရေးအရတင်မဟုတ်ဘဲ နိုင်ငံရေး အပိုင်းမှာလည်း ဘယ်လိုနိုင်ငံတစ်ခုကို အုပ်ချုပ်မလဲဆိုတာမှာ စဥ်းစားချက်တွေ ရှိလာတယ်။
အခုဆိုရင် ကရင် ၊ ကရင်နီတို့မှာဆို ကောင်စီတွေရှိလာတယ်။ ဗမာတွေဘက်ကရော ဘယ်လိုမျိုးစဥ်းစားချက်တွေ ရှိမလဲ။ ကိုယ့်အသက်နဲ့တွက်ရင် ဆယ်စုနှစ်တစ်ခုစာက စစ်အစိုးရရဲ့ဖိနှိပ်မှုအောက်မှာ နေခဲ့ရတယ်။ စစ်အုပ်စုရဲ့အုပ်ချုပ်မှုတွေက နိုင်ငံရဲ့ အရေးကြီးတဲ့ မဏ္ဍိုင်တွေဖြစ်တဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေမှာ ချုပ်ကိုင်ထားတယ်။ အခုနိုင်ငံအသစ်ကို တည်ဆောက်တဲ့အချိန်မှာ ကျွန်မအနေနဲ့ ဥပဒေပြုရေးကို ခိုင်မာတဲ့ ဥပဒေတွေနဲ့ အကောင်းမွန်ဆုံး နိုင်ငံတစ်ခုကို တည်ဆောက်ချင်တယ်။ အဓိကအရေးကြီးတာက နိုင်ငံတစ်ခုကို စီမံအုပ်ချုပ်ရတာက ဖွဲ့စည်းပုံလို့ မြင်တယ်။
၂၀၀၈ဖွဲ့စည်းပုံကို ဖျက်သိမ်းတယ်ပြောပေမယ့် ၂၀၀၈ ကိုပဲ အခြေခံပြီး လုပ်ထားတဲ့ ရွေးကောက်ပွဲရလဒ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကနေပဲ အခု NUG အစိုးရမှာ ပါဝင်လာတဲ့ အပိုင်းတွေရှိတယ်။ Constitution တစ်ခုကို ဖျက်လိုက်တယ်ဆိုပေမယ့် နောက်ထပ် အသစ်လုပ် ထားတဲ့ FDC ကရော အသက်ဝင်ပြီလား။ Constitution တစ်ခု မရှိဘဲနဲ့ အရှေ့တစ်ခုကိုဖျက်လိုက်တယ် ဆိုတာကို ကျွန်မတစ်ဦးတည်းအမြင်အရတော့ ခိုင်မာမှုမရှိဘူးလို့ မြင်တယ်။
NUCC ကဆွဲထားတဲ့ FDCမှာရော တိုင်းရင်းသားအဖွဲ့တွေရဲ့ လိုအပ်ချက်တွေရော အပြည့်အဝပါဝင်ရဲ့လား။ ဥပဒေတွေကို ခိုင်ခိုင်မာမာ ပြုရမယ်။ နိုင်ငံအသစ်ကို ထူထောင်ရာမှာ political ပိုင်းကိုသာမက ပညာရေးပိုင်းကိုလည်း မြှင့်တင်ရမယ်။ စီးပွားရေးပိုင်းကိုလည်း အစကနေပြန်ပြီး ဆွဲတင်ရမှာဖြစ်တယ်။
“စစ်သင်တန်းမှူးတွေက အမျိုးသမီးတွေဖြစ်နေတာကို တွေ့လိုက်ရတော့ ပျော်ရွှင်ရတယ်ဆိုတဲ့ ခံစားချက်ကို ရတယ်”
မေး။ ။ အာဏာသိမ်းပြီးနောက်မှာ အမျိုးသမီးတွေအပေါ်မှာခွဲခြားတဲ့ အယူဝါဒတွေ ၊ အယူအဆတွေ ဘယ်လောက်ထိအပြောင်းလဲသွားတယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ အာဏာသိမ်းပြီးနောက်မှာ ကျားမခွဲခြားမှုက အများကြီးပြောင်းလဲသွားတယ်။ ယဉ်ကျေးမှုက မြန်မာပြည်မှာ အမျိုးသမီးတွေကို အများကြီးဖိနှိပ်ခဲ့တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာဆိုရင် အမျိုးသမီး တွေ စစ်ရေးမှာ ပါဝင်လာတယ်။ MDY-PDF ရဲ့ စစ်သင်တန်းမှူးတွေက အမျိုးသမီးတွေဖြစ်နေတာကို တွေ့လိုက်ရတော့ ပျော်ရွှင်ရတယ်ဆိုတဲ့ ခံစားချက်ကိုရတယ်။
လက်နက်ကိုင်တော်လှန်ရေး စတဲ့အချိန်ကဆိုရင် အမျိုးသမီးတွေကိုအားနည်းလို့ သေနတ်မထမ်းနိုင်ပါဘူးဆိုပြီးတော့ ဆေးမှူးတွေပဲ လုပ်ခိုင်းခဲ့တယ်။ သေနတ်ကိုင်ပြီး ကင်းစောင့်ခိုင်းတယ်။ စခန်းမှာ အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံရတယ်။ နှစ်ပေါင်းဆယ်နဲ့ချီပြီးတော့ ခံခဲ့ရတာဖြစ်လို့ အပြစ်တင်လို့လည်း မရဘူး။ အခုဆိုရင် စစ်ရေးမှာ အမျိုးသမီးရဲ့ဆုံးဖြတ်မှုတွေ ပါလာတယ်။
ဝန်ကြီးဌာနတွေမှာဆိုရင်လည်း အမျိုးသမီးပါဝင်မှုက တိုးတက်လာ တာကို မြင်ရတယ်။ ဒီထက်ပိုပြီးတော့ အမျိုးသမီးတွေနိုင်ငံရေးမှာ ထပ်ပါဝင်ဖို့လည်း လိုအပ်သေးတယ်။ မီဒီယာပိုင်းမှာ အရင်ကထက်စာရင် အမျိုးသမီးသတင်းထောက်တွေ ပိုများလာတယ်။ ကျွန်မတို့ အရှေ့မျိုးဆက်ရဲ့ အမြင်တွေကို မပြောင်းလဲနိုင်သေးဘူး။ နောက်ထပ်မျိုးဆက်တစ်ခုမှာတော့ အမျိုးသမီးတွေအပေါ် ထားတဲ့ အမြင်က အတိုင်းအတာတစ်ခုထိပြောင်းလဲသွားတယ်လို့ ထင်တယ်။
မေး။ ။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်အပြည့်အဝရရှိဖို့ ၊ လျစ်လျူရှုမှုတွေ ပပျောက်ဖို့ ဘာတွေ လုပ်ဆောင်သင့်သလဲ။
ဖြေ။ ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ အမျိုးသမီးပါဝင်မှုက သိသိသာသာကိုလျော့နည်းတယ်။ အမျိုးသား ဆယ်ယောက်ဆို အမျိုးသမီးကတစ်ယောက်လောက်ပဲ၊ အဲလိုပါတဲ့အမျိုးသမီးတွေကလည်း ပတ်ဝန်းကျင်ရဲ့ အပြောအဆိုကို ခံရတယ်။ အမျိုးသမီးနဲ့ နိုင်ငံရေးလုံးဝမအပ်စပ်ဘူးဆိုတဲ့ community ကြီးထဲမှာ ကျွန်မတို့ ရှင်သန်ခဲ့ရတယ်။
အမျိုးသမီးတွေကို အိမ်ထောင်ပြုကလေးမွေးဆိုတဲ့ စံနှုန်းတစ်ခုအနေနဲ့ပဲ သတ်မှတ်ထား ကြတယ်။ အမျိုးသမီးတွေက ကိုယ့်ရဲ့ capacity မြှင့်တင်နိုင်ဖို့ ကိုယ်ကိုကိုယ်ကပဲ ကြိုးစားရမှာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးနိုင်ငံရေးတွေ အတိုင်းအတာတစ်ခုထိ ရှိလာကြတယ်၊ သူတို့ကိုယ်စီမှာ ဆုံးရှုံးမှုတွေလည်း ရှိကြတုန်းပဲ။ သူတို့ကို နောက်ကွယ်ကနေ support လုပ်ပေးနိုင်ဖို့ အမျိုးသမီးတွေ ရှိဖို့ လိုအပ်တယ်။
မေး။ ။ စနစ်ပြောင်းတော်လှန်ရေးမှာ မီဒီယာရဲ့အခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါလဲ။
ဖြေ။ ။ မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်ဖြစ်တယ် ၊ ၂၀၂၅ က နွေဦးတော်လှန်ရေးအတွက် အချိုးအကွေ့တစ်ခု ဖြစ်တယ်။ အခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ထိန်းချုပ်နယ်မြေတွေ ရလာကြပြီ။ ဗမာလူမျိုးစုတွေလည်း ထိန်းချုပ်နယ်မြေတွေ ရလာကြပြီ။ အခုအချိန်ကစစ်ပဲတိုက်နေရမယ့် အချိန်မဟုတ်ဘဲ နိုင်ငံရေးနှင့် စစ်ရေးကို တန်းတူသွားဖို့ကြိုးစားရမယ့်အချိန်ဖြစ်နေပြီ။
တိုင်းပြည်ကိုပြန်လည်ထူထောင်ဖို့ မူဝါဒတွေကို စပြီးချမှတ်ရမယ့်အချိန်ကိုရောက်လာပြီ။ အဲဒီအချိန်မှာ မီဒီယာရဲ့အခန်းကဏ္ဍကအရေးပါလာပြီ။ ရခိုင်ဆိုရင် ပြည်နယ်တစ်ခုလုံးနီးပါး သိမ်းယူနိုင်ပြီး ရခိုင့်နိုင်ငံတော်တည်ဆောက်ဖို့ စတင်နေပြီ။ဘယ်လိုမူဝါဒတွေချမှတ်ပြီး ရခိုင်ပြည်နယ်ကို အုပ်ချုပ်မှာလဲ ၊ အခြားဒေသတွေနဲ့ရော ဘယ်လို ချိတ်ဆက်မလဲ ဆိုတာကို မီဒီယာအနေနဲ့စောင့်ကြည့်ပြီး တိုက်တွန်းထောက်ပြဖို့လည်း လိုအပ်တယ်။
အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ရော စစ်တပ်ဘက်က ပြုလုပ်မယ့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးဘယ်လိုမျိုးစီစဥ်မှုတွေရှိလဲ ဆိုတာကိုလည်း မေးခွန်းထုတ်ရမှာ ဖြစ်တယ်။ ကျန်တဲ့တိုင်းရင်းသားလူမျိုးစုတွေလည်း သူတို့ရဲ့ဒေသတွေမှာ အုပ်ချုပ်မှုတွေကို ဘယ်လိုဖော်ဆောင်ဖို့လုပ်ဆောင်နေကြသလဲဆိုတာကိုလည်း မေးခွန်းထုတ်ရမှာဖြစ်တယ်။ အဲဒါကြောင့် ဒီစနစ် ပြောင်းတော်လှန်ရေးမှာ မီဒီယာရဲ့အခန်းကဏ္ဍကလည်း အရေးပါတဲ့နေရာတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။
မေး။ ။ ကိုယ်တိုင်ရောမီဒီယာမှာ လုပ်ကိုင်နေတာဆိုတော့ အမျိုးသမီးဆိုတဲ့ဖြစ်တည်မှုကြောင့် ခွဲခြားဆက်ဆံခံရတာ ၊ ဖိနှိပ်ခံရတာတွေကို ကြုံဖူးလား။
ဖြေ။ ။ ကျွန်မကမီဒီယာမှာလုပ်နေတာ အချိန်တစ်ခုပဲရှိသေးတာဆိုတော့ ကိုယ်တိုင်တော့ မကြုံဖူးသေးဘူး။ မီဒီယာလောကမှာတော့ ခွဲခြားဆက်ဆံခံရမှုကတော့ ရှိပါတယ်။ အချို့တွေဆို အမျိုးသမီးဖြစ်လို့ သတင်း လိုက်တာမှာ ကန့်သတ်ခံရတာတွေရှိတယ်။ သတင်းထောက်ဆိုတာ ဘယ်လိုသတင်းအမျိုးအစားဖြစ်ပါစေ၊ ပြည်သူကို ချပြရာမယ့် အရာတွေဆို ရေးရမှာပဲ။ လုပ်ခလစာဖိနှိပ်ခံတာတွေ ၊ ထိပါးနှောင့်ယှက်ပြောဆိုခံရတာ ရှိတယ်။ အမျိုးသမီးဖြစ်လို့ ခရီးသွားပြီးသတင်းယူရမယ့်အရာတွေမှာ ချန်ခဲ့တာတွေရှိတယ်။
ဒါကတော့ မီဒီယာလောကတစ်ခုတည်းမှ မဟုတ်ပါဘူး။ ကျန်တဲ့ကဏ္ဍတွေမှာလည်း အမျိုးသမီးဖြစ်လို့ ခွဲခြားခံရတာတွေ အများကြီးပါပဲ။ ကျွန်မတို့နိုင်ငံမှာ စာရင်းကိုင်၊ အတွင်းရေးမှူးရာထူးတွေဆို အမျိုးသမီးတွေကိုပဲ ခန့်ကြတာ များတယ်။ သတင်းတိုက်တွေမှာလည်း ရုံးမှာအထိုင်ချပြီးလုပ်ရမယ့်အလုပ်တွေကို အမျိုးသမီးတွေပဲလုပ်ကြ ရတာများတယ်။
ကျွန်မတို့နိုင်ငံရဲ့ပြသာနာက ကျားမတန်းတူညီမျှမှုကို နားမလည်ကြတာကြောင့်ပါ။ အခုနွေဦးတော်လှန်ရေး ကာလမှာ ထုတ်ဖော်ပြောဆိုဖို့ခက်ခဲတဲ့ အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေကြုံတွေ့ရတယ်။ ပဋိပက္ခဖြစ်တဲ့ ဒေသတွေက အမျိုးသမီးတွေဆို ထုတ်ဖော်ပြောဖို့ ပိုခက်ခဲတယ်။ Gender Based Violence ခံရတဲ့ အမျိုးသမီးတွေကို ထုတ်ဖော်ပြောဆိုနိုင်ဖို့ မီဒီယာရပ်ဝန်းတစ်ခုလုပ်ဖို့လိုအပ်တယ်။ကျူးလွန်ခံရတဲ့လူကို ထုတ်ဖော်နိုင်ဖို့ နစ်နာသူအမျိုးသမီးအတွက် လုံခြုံစိတ်ချရမယ့် နေရာတစ်ခုလည်း ဖန်တီးပေးရမယ်။ အဲလိုထုတ်ဖော်ပေးမှာသာ လွတ်လပ်မှု၊ တရားမျှတမှု ပိုမိုအားကောင်းလာပြီး၊ ကျူးလွန်တဲ့လူတွေကိုလည်း လူ့အသိုင်းအဝိုင်းက ဖယ်ကြဉ်နိုင်မှာ ဖြစ်တယ်။
မေး။ ။ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးခေါင်းဆောင်တွေအနေနဲ့ ဘယ်လိုကဏ္ဍမှာ အရေးတကြီး ပါဝင်ဖို့ လိုအပ်ပါသလဲ။
ဖြေ။ ။ နိုင်ငံရေးဆုံးဖြတ်ခွင့်ရနိုင်တဲ့အပိုင်းမှာ အမျိုးသမီးတွေ ပါဝင်ဖို့လိုအပ်နေတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရမှာဆိုရင်လည်း နိုင်ငံရေးဦးဆောင်မှုအပိုင်းမှာ အမျိုးသမီးပါဝင်မှု မရှိဘူးလို့ မြင်တယ်။ အုပ်ချုပ်ရေးနှင့် စစ်ရေးပိုင်းမှာလည်း အမျိုးသမီးတွေဆုံးဖြတ်ပိုင်ခွင့် ရှိမနေတာကို တွေ့ရတယ်။ အမျိုးသမီး တွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ထင်ထင်ရှားရှားမတွေ့ရဘူးလို့ ပြည်သူတစ်ယောက်အနေနဲ့ သုံးသပ်မိပါတယ်။
မေး။ ။ နိုင်ငံရေးမှာ အမျိုးသမီးတွေတင်းပြည့်ကျပ်ပြည့်ပါဝင်လာမယ်ဆိုရင် အနာဂတ်နိုင်ငံရေးက ဘယ်လိုမျိုးပြောင်းလဲမှုတွေ ရှိလာမလဲ။
ဖြေ။ ။ အမျိုးသမီးတွေ ပါဝင်လာမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ကျားမတန်းတူညီမျှမှုက မြင့်တက် လာမယ်လို့ မြင်တယ်။ ပြီးတော့ တရားမျှတမှုပိုင်းလည်း ပိုမိုအားကောင်းလာပြီး ဖိုဝါဒီကြီးစိုးမှုကလည်း အတိုင်းအတာတစ်ခုထိ လျော့ကျသွားမယ်လို့ ထင်တယ်။ အလုံးစုံလျော့ကျဖို့အတွက်တော့ ကျွန်မတို့ အချိန်ယူရမယ်။
မေး။ ။ အနာဂတ်မှာ အမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံမှုမရှိတဲ့နိုင်ငံဖြစ်လာဖို့ ဘယ်လောက် မျှော်လင့်ထားလဲ။
ဖြေ။ ။ စနစ်ပြောင်းတော်လှန်ရေး လုပ်နေပါတယ်ဆိုတဲ့ လူတွေမှာတောင် အမျိူးသမီးတွေအပေါ်မြင်တဲ့ အမြင်ကမပြောင်းလဲသေးဘူး။ယဉ်ကျေးမှုတော်လှန်ရေး လုပ်နေပါတယ် ဆိုတဲ့လူတွေကိုယ်တိုင်ကိုက အဲဒီ ယဉ်ကျေးမှုထဲမှာ ပိတ်မိနေကြတုန်းပဲ။ အမျိုးသမီးတွေက ဒီထက်ပိုစည်းလုံးပြီး နှစ်ပေါင်းများစွာ ဖိနှိပ်ထားတဲ့ ကျွန်မတို့နိုင်ငံ၊ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကို ပြောင်းလဲတော်လှန်ကြရမှာ ဖြစ်တယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media