လွန်းအိမ် အယ်ဒီတာ
အမျိုးသမီးအသံ၊အမျိုးသမီးအားမာန်စာစဉ်
Politics For Women Myanmar
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“အမျိုးသမီးတွေ နိုင်ငံရေးမှာ အပြည့်အဝပါဝင်လာနိုင်မယ်ဆိုရင် ဖိုဝါဒကြီးစိုးမှုတွေ ပပျောက်အောင် ဆောင်ရွက်နိုင်မယ်၊ ဒုတိလလိင်အဖြစ်က လွတ်မြောက်နိုင်မယ်”
 
 
            လွန်းအိမ်ဟာ မွန်ပြည်နယ် ဇာတိဖြစ်ပြီး သာမာန်မိသားစုကနေ မွေးဖွားခဲ့သူပါ။ မွေးချင်း (၂) ယောက်အနက် သမီးကြီး ဖြစ်ပါတယ်။ လက်ရှိမှာ  အသက် (၃၀)အရွယ်ရှိပြီ ဖြစ်ပြီး ငယ်စဉ်ကတည်းက စာရေးသားခြင်းကို ဝါသနာပါခဲ့ပြီး ငယ်ဘဝအိပ်မက်ကတော့ စာရေးဆရာမတစ်ဦး ဖြစ်ချင်ခဲ့တယ်။

            ၂၀၁၂ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီး မော်လမြိုင်တက္ကသိုလ်ကနေ မြန်မာစာ ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စာရေးဆရာမဖြစ်ချင်တဲ့အတွက် စာပေအဝန်းအဝိုင်းနဲ့ နီးစပ်တဲ့ သတင်းထောက်အလုပ်ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။ သတင်းသမားအဖြစ် လက်တွေ့လုပ်ကိုင် ကြည့်တဲ့အခါ ခေတ်ရဲ့ဖြစ်စဉ်တွေကို ရေးသားရတဲ့ သတင်းရေးသားခြင်းကို ပိုပြီးနှစ်သက်ခဲ့တယ်။ သတင်းရေးသားခြင်းအပြင် အတွေးအမြင် ဆောင်းပါးများ၊ ကဗျာများ၊ အက်ဆေးများကိုလည်း ရေးသားခဲ့ပါ တယ်။ တဖက်မှာလည်း အမျိုးသမီးအရေးကို စိတ်ဝင်စားသူ ဖြစ်တယ်။

            အာဏာသိမ်းတဲ့အခါမှာလည်း မီဒီယာအလုပ်ကို စွဲစွဲမြဲမြဲ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ကလောင် ကနေတဆင့် စစ်အာဏာရှင်စနစ်၊ ဖိုဝါဒနှင့် လူမျိုးကြီးဝါဒတွေကို တော်လှန်လိုသူတစ်ယောက် ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ Politics For Women Myanmar မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး  အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ်ကို စတင်လုပ်ဆောင်ရာမှာ ပါဝင်ခဲ့ပါတယ်။  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ တွေမှာ အမျိုးသမီးတွေ အနှစ်သာရ ပြည့်ဝစွာ ပါဝင်ခွင့်ရရှိပြီး ဆုံးဖြတ်မှုများပြုလုပ်လာနိုင်စေဖို့နဲ့ အမျိုးသမီးတွေရဲ့ တောင်းဆိုချက်၊ လိုလားချက်နဲ့ လိုအပ်မှုတွေကို ဖော်ပြလာနိုင်ဖို့အတွက် စာစဉ်ကို နှစ်လတစ်ကြိမ် ထုတ်ဝေလျက်ရှိပါတယ်။
 

မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးဆရာမ အမြင်ကို ပြောပြပေးပါ။

ဖြေ။      ။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက နှစ်ပေါင်း (၇၀) ကြာ ပဋိပက္ခတွေ စစ်ပွဲတွေနဲ့ ယှဉ်တွဲနေတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ပြောလို့ရမယ်။ ဗမာစစ်တပ်ရဲ့ သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသားတွေ လိုချင်တဲ့အရာတွေ၊ သူတို့တောင်းဆိုတဲ့အရာတွေကို လျစ်လျူရှုခဲ့ပြီးတော့၊ သမိုင်းအမှန်ကို မသိ‌‌အောင် နိုင်ငံရေးစိတ်မဝင်စားအောင်လုပ်ခဲ့တဲ့ စစ်တပ်ကြောင့်ပဲ မြို့ပေါ်လူတန်းစားတွေ၊ ဗမာလူမျိုးစု တွေက တခြားလူမျိုးစုတွေအပေါ် နားလည်မှုမရှိခဲ့တာ ခွဲခြားဆက်ဆံခဲ့တဲ့ အပြုအမူတွေနဲ့ နှစ်ပေါင်း ကြာရှည်အောင် နေလာခဲ့ကြတယ်။

ဒီလိုခွဲခြားဆက်ဆံတဲ့အပြုအမူတွေလို့ ပြောတဲ့အခါမှာလည်း ဗမာလူမျိုး ပြည်သူတွေကို အပြစ်လုံးလုံးကြီး တင်လို့တော့ မရဘူးပေါ့။ စစ်တပ်ကပေးတဲ့ ပညာရေး ဝါဒဖြန့်မှုတွေ အောက်မှာ  ကြီးပြင်းလာကြရတာ ဖြစ်တဲ့အတွက်လည်း အမှန်တရားကိုမသိလို့ ပြုမူမိခဲ့ကြတာလို့ ပြောရမယ် ထင်တယ်။

ဒါပေမယ့် အရပ်သားအစိုးရတက်လာတဲ့အချိန်မှာ တိုင်းရင်းသားတွေအတွက် ထင်သလောက် မျှော်လင့်ချက် မထားနိုင်ခဲ့ဘူး။ NLD အစိုးရလက်ထက်မှာ ဖြစ်ခဲ့တဲ့ ချောင်းဆုံက ဗိုလ်ချုပ်အောင်ဆန်းတံတားကိစ္စတို့ ကရင်နီက ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဒါတွေက အကျဉ်းတန်တဲ့ဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်။ နောက်တခုက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်တဲ့ ကိစ္စတုန်းကဆိုရင်လည်း  မီဒီယာတွေက အရှိတရားကို ဖော်ထုတ်ရေးသား တဲ့အတွက် ဖမ်းဆီးထောင်ချခံရတဲ့ ကိစ္စတွေလည်း ရှိခဲ့တယ်ပေါ့နော်။ အဲ့တုန်းကဆိုလည်း မီဒီယာသမားတွေ ကို ဆဲဆိုဝေဖန်ကြတာတွေ အများကြီးရှိခဲ့တယ်။

အခုတော့ ဒီဆဲဆိုဝေဖန်ခဲ့ကြတဲ့ သူတွေက အမှန်တရားကို တန်ဖိုးကြီးကြီးပေးပြီး သိလာခဲ့ရပြီလို့ ထင်ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တော့ ဒီလိုဖြစ်ရပ်တွေက တကယ်ပါလားဆိုတာကို မျက်ဝါးထင်ထင် သိလာ ကြတယ်။ ဒါက အဆိုးထဲက အကောင်းလို့ ပြောလို့ရမယ်ထင်တယ်။ တိုင်းရင်းသားတွေ၊ လူနည်းစုတွေအပေါ် စစ်တပ်က ဖိနှိပ်မှုတွေကို အာဏာသိမ်းမှုကြောင့်ပဲ ကောင်းကောင်းသိလာကြတယ်။ အော်ဒီလိုပါလား။

အရင်က စစ်တပ်မကောင်းဘူးလို့ ပြောခဲ့ကြပေမယ့် ဟုတ်ပါ့မလား ဆိုတဲ့ သံသယစိတ်နဲ့သူတွေ ကိုယ်တိုင် အမြင်တွေ ပြောင်းလဲကြတယ်။ အာဏာသိမ်းမှုကတော့ အဆိုးဝါးဆုံးဖြစ်တယ်။ ဒါပေမယ့် ဒီအာဏာသိမ်းမှု ကြောင့်ပဲ မြန်မာ့နိုင်ငံရေးကို အသစ်ပြန်စဖို့ အခွင့်အရေးတခုလို့ ပြောလို့ရမယ် ထင်ပါတယ်။
 

မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ်မှာခွဲခြားတဲ့အယူအဆတွေ ပြောင်းလဲ သွားတယ်လို့ ထင်လား။ ဘာတွေပြောင်းလဲသွားတယ်လို့ မြင်တွေ့ရလဲ။

ဖြေ။      ။ အရင်တုန်းကလောက်တော့ ဆိုးဆိုးဝါးဝါးမဟုတ်တော့ဘူးလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုရင် လူမှုကွန်ရက်သုံးစွဲသူတွေ၊ လူမှုကွန်ရက်မှာ တက်လာတဲ့အကြောင်းအရာတွေကို အရင်ကြည့်မယ်ဆို အိမ်တွင်း အကြမ်းဖက်မှုလိုမျိုး၊ အမျိုးသမီးတွေကိုခွဲခြားတဲ့အသုံးအနှုန်းနဲ့ပြောတာမျိုးတွေ ဒါတွေကိုဆို ဆန့်ကျင်လာတာ တွေ့ရတယ်။

နောက်ထဘီအလံထူသပိတ်တွေလည်း ပေါ်လာတယ်။ အရင်တုန်းကဆို အမျိုးသမီးဝတ် ထဘီတို့၊ အဝတ်စတို့ဆို ဘုန်းနိမ့်တယ်လို့ ယူဆကြတဲ့မြန်မာနိုင်ငံမှာ ဒီလိုမျိုး ထဘီကိုအလံအဖြစ် အသုံးပြုတဲ့ ကိစ္စတွေက အာဏာသိမ်းနောက်မှာ ထူးခြားတဲ့ပြောင်းလဲမှုလို့ ပြောလို့ရတယ်။ လူမှုပတ်ဝန်းကျင်က အမျိုးသမီးတွေကို အကြမ်းဖက်တာမျိုးဆိုရင် လူထုက ထောက်ပြနေတတ်ကြပြီ။ အညာက အမျိုးသမီး ဦးဆောင်တဲ့သပိတ်တွေကို ကြည့်မယ်ဆိုရင်လည်း ရှေးရိုးစွဲမှုများတဲ့ ဒေသတွေမှာတောင် ဒီလိုပြောင်းလဲမှုတွေ ဖြစ်နေတာကို တွေ့နေရပြီပေါ့နော်။

နောက်မီဒီယာတွေမှာဆိုလည်း အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာ တွေကို ထောက်ပြရေးသားလာကြတာ တွေ့ရတယ်။ ဖိုဝါဒီကြီးစိုးမှုတွေကို သိလာကြတယ်။ လက်မခံကြ တော့ဘူး။ ဒါပေမယ့် အများကြီးပြောင်းလဲသွားတာတော့ မဟုတ်သေးဘူး။ တော်လှန်ရေးအသိုင်းအဝိုင်းက သူတွေထဲမှာတင် ဖိုဝါဒကြီးစိုးမှုတွေ အများကြီးကျန်နေသေးတာကို မြင်ရပါတယ်။
 

မေး။     ။ စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့အတွက် မီဒီယာရဲ့အခန်းကဏ္ဍက ဘယ်လောက် အရေးကြီးပါသလဲ။

ဖြေ။     ။ အရမ်းအရေးကြီးပါတယ်။ ကျွန်မတို့ လူထုဒေါ်အမာတို့၊ ဒေါ်ခင်မျိုးချစ်တို့၊ ဂျာနယ်ကျော်မမလေးတို့ ခေတ်တုန်းကဆိုလည်း သတင်းစာရဲ့အခန်းကဏ္ဍက နိုင်ငံရေးအပြောင်းအလဲတွေကို ဖော်ဆောင်ခဲ့ကြတယ်။ အာဏာသိမ်းစတုန်းကဆိုလည်း လူထုကမီဒီယာကို တအားအားကိုးတာကို တွေ့ရတယ်။ တခုခုဆိုတာနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြစေချင်တယ်။ မီဒီယာကိုလည်း သတင်းတွေပို့ကြတယ်။ နောက် CJ တွေလည်း ပေါ်လာတယ်။ တော်လှန်ရေးမှ မဟုတ်ဘူးပေါ့။ မီဒီယာက နိုင်ငံတခုရဲ့ အသက်သွေးကြောလို့တောင် ပြောလို့ရပါမယ်။

မီဒီယာရဲ့အားကောင်းလို့လည်း စစ်ကောင်စီက သတင်းဌာနတွေကို ပိတ်သိမ်းတာ၊ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်နေတာပေါ့နော်။ တော်လှန်ရေးအောင်မြင်ဖို့အတွက် ပြည်သူတွေက ကြိုးစားနေကြသလို မီဒီယာသမားတွေကလည်း ကြိုးစားနေကြပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ရှောင်တိမ်းဖို့အတွက် မီဒီယာအလုပ်ကို ဆက်ပြီးမလုပ်ရမှာစိုးတဲ့အတွက် တဖက်နိုင်ငံမှာ ခက်ခက်ခဲခဲနဲ့ ရုန်းကန်ပြီး ဒီအလုပ်ကို ဆက်လုပ်နေကြသူတွေလည်း ရှိကြတယ်‌။ တကယ် တိုက်ပွဲဖြစ်တဲ့ ဒေသတွေမှာ စစ်ဘေးရှောင်ရင်းနဲ့ ဒီအလုပ်ကို ဆက်လုပ်နေကြသူတွေလည်း ရှိပါတယ်။
 

မေး။     ။ ကိုယ်တိုင်အနေနဲ့ မီဒီယာလုပ်ငန်း‌တွေကိုဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရတာကြုံရလား။

“ဖိုဝါဒကို တိုက်ဖျက်ဖို့အတွက် မီဒီယာတွေကိုယ်တိုင်က အမျိုးသမီးတွေကို ခွဲခြားတဲ့အသုံးအနှုန်းတွေနဲ့ မဖော်ပြတာမျိုး၊ ဂျဲန်ဒါတန်းတူရေးအတွက် စဉ်းစားတဲ့ story idea တွေကို စဉ်းစားပြီးတော့ ရေးသားတာမျိုးတွေ လုပ်နိုင်တယ်”

ဖြေ။      ။ ခွဲခြားဆက်ဆံရတာတွေကတော့ နေရာတိုင်းမှာ ကြုံရတယ်ပေါ့နော်။ ဒါပေမယ့် သတင်းသမား အလုပ်ကကျတော့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီးလုပ်ရတာဖြစ်တဲ့အတွက် ဒီအလုပ်ကို စရွေးချယ် ကတည်းက ငါလည်းလုပ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့လုပ်ခဲ့တာ ဖြစ်တယ်။ လုပ်ဖော်ကိုင်ဖက်တွေ၊ စီနီယာတွေဆီက ခွဲခြားဆက်ဆံခံရတာမျိုး မကြုံရဘူး။ ဒါပေမယ့်  အလုပ်ခန့်ထားရေးနဲ့ပတ်သက်တဲ့ HR လိုမျိုး အယ်ဒီတာချုပ် လိုနေရာက လူကြီးတွေဆီကတော့ ခွဲခြားဆက်ဆံတာခံရတယ်။

တခါတုန်းက ကျွန်မက သတင်းဌာနတခုမှာ အလုပ်လျှောက်တယ်ပေါ့နော်။ သူတို့က ကျွန်မကိုတော့ ခန့်လိုက်တယ်။ ကျွန်မတို့ မီဒီယာမှာက ကဏ္ဍ အလိုက် ကိုယ်ကျွမ်းကျင်ရင်းနှီးတဲ့ သတင်းတွေကို တာဝန်ယူကြ၊ ရေးသားကြရတာဆိုတော့ ကျွန်မက နိုင်ငံရေးနဲ့ ပတ်သက်တဲ့သတင်းတွေ ရေးနေကြဖြစ်တယ်လို့ အင်တာဗျူးမှာ ဖြေခဲ့တယ်။

ကျွန်မကို သူတို့ အလုပ်ခန့်ပြီးနေရာချထားပေးတာက နိုင်ငံရေးသတင်းရေးတဲ့အပိုင်း မဟုတ်ဘူး။ တခြားအထွေထွေသတင်း ရေးတဲ့အပိုင်း ဖြစ်နေတယ်။ ကျွန်မကတော့ ဘာဖြစ်ဖြစ် အဆင်ပြေတယ်။ သတင်းသမားက ဘယ်သတင်း ဖြစ်ဖြစ် တာဝန်ပေးရင် လုပ်မှာပဲပေါ့။ ဖြစ်ချင်တော့ အဲ့တုန်းက ကျွန်မနဲ့အတူတူ အင်တာဗျူးဖြေတဲ့ အမျိုးသား တစ်ဦးလား နှစ်ဦးလား မသိဘူးရှိတယ်။ သူတို့ကို အဓိကခန့်ထားချင်တာက နိုင်ငံရေးသတင်းရေးတဲ့နေရာ အတွက် ခန့်ထားချင်တာပေါ့နော်။ ဖြစ်ချင်တော့ သူတို့က ဆေးစစ်ချက်ကျတယ်။

အဲ့တော့ သူတို့ အလုပ်မဝင်ခဲ့ကြရဘူးပေါ့နော်။ အဲ့တော့မှ အဲ့အမျိုးသားတွေကို ခန့်မယ့်နေရာကို ကျွန်မကပြန်ပြောင်းပြီး တာဝန်ပေးအပ်တာမျိုးတွေ ကြုံရတယ်။ ခေါင်းဆောင်ပိုင်းတွေမှာ နေရာယူထားတဲ့သူတွေက အမျိုးသမီး ဖြစ်လို့ဆိုပြီး နေရာမပေးတာမျိုးတွေတော့ ကြုံခဲ့ဖူးပါတယ်။

“လွတ်လပ်တဲ့ မီဒီယာတွေရှိနေသရွေ့ကတော့ တရားမျှတမှုတွေကို ဆက်လက်ဖော်ဆောင်ပေးနေနိုင်ဦးမှာပဲ ဖြစ်တယ်”


မေး။     ။ ဂျဲန်ဒါတန်းတူညီမျှရေးအပါအဝင် တန်းတူညီမျှမှု၊လွပ်လပ်မှု၊ တရားမျှတမှု မြင့်တက်လာဖို့  မီဒီယာတွေအနေနဲ့ ဘယ်လိုလုပ်ဆောင်ပေးနိုင်ပါသလဲ။

ဖြေ။      ။ မီဒီယာတွေကိုယ်တိုင်က အမျိုးသမီးတွေကို ခွဲခြားတဲ့အသုံးအနှုန်းတွေနဲ့ မဖော်ပြတာမျိုး၊ ဂျဲန်ဒါ တန်းတူရေးအတွက် စဉ်းစားတဲ့ story idea တွေကို စဉ်းစားပြီးတော့ ရေးသားတာမျိုးတွေ လုပ်နိုင်မယ်။ တရားမျှတမှု မြင့်တက်လာဖို့ကတော့ အစောကတည်းက မီဒီယာဆိုတာက တရားမျှတမှုတွေကိုပဲ ဖော်ထုတ် ရေးသားနေကြတာ ဖြစ်တယ်။

လွတ်လပ်တဲ့ မီဒီယာတွေရှိနေသရွေ့ကတော့ တရားမျှတမှုတွေကို ဆက်လက် ဖော်ဆောင်ပေးနေနိုင်ဦးမှာပဲ ဖြစ်တယ်။ စစ်အာဏာသိမ်းမှုဖြစ်တယ်ဆိုပေမယ့် အခု နွေဦးတော်လှန်ရေးက ခေတ်နောက်ပြန်မသွားတော့ဘူး။ အရင်လို စစ်တပ်က သူတို့ဘာသူတို့ ဘယ်လိုပဲ ဝါဒဖြန့်ဖြန့် ပြည်သူရော စာဖတ်ပရိတ်သတ်ရောက ဘယ်မီဒီယာကအမှန်၊ ဘယ်မီဒီယာက ဝါဒဖြန့်နေတယ်ဆိုတာ ခွဲခြားတက်နေပြီ။

ဂျဲန်ဒါတန်းတူရေးဆိုလည်း အခုဆိုမီဒီယာတွေမှာဆို တော်လှန်ရေးအင်အားစုတွေက ပြုလုပ်တဲ့ အမျိုးသမီး တွေပါဝင်တဲ့ စကားဝိုင်းတွေကို မီဒီယာတွေကတဆင့် ထုတ်လွှင့်နေကြပြီ။ နောက်ပြီး တော်လှန်ရေး အင်အားစုတွေက ဦးဆောင်နေတဲ့ မီဒီယာအသစ်တွေလည်း အများကြီးရှိနေပြီ ဆိုတော့ တန်းတူညီမျှမှု၊ လွပ်လပ်မှု၊ တရားမျှတမှုကတော့ ရှေ့ဆက်ပြီး ပိုကောင်းလာဖို့ပဲ ရှိတယ်။ တော်လှန်ရေး အားကောင်း နေသမျှတော့ နောက်ပြန်သွားမှာမဟုတ်ဘူး။
 

မေး။     ။ အမျိုးသမီးခေါင်းဆောင်တွေ ပိုမိုထွက်ပေါ်လာဖို့အတွက် မီဒီယာကနေ ဘယ်လိုဆောင်ရွက် ပေးနိုင်ပါသလဲ။

ဖြေ။      ။ နိုင်ငံရေးမှာပါဝင်နေတဲ့ အမျိုးသမီးတွေအကြောင်း ရေးသားဖော်ထုတ်တာတွေ၊နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့အမျိုးသမီးတွေအကြောင်း ရေးသားဖော်ထုတ်တာတွေကို ဆောင်ရွက်ခြင်းအားဖြင့် အမျိုးသမီး ခေါင်းဆောင်တွေ ပိုထွက်လာစေမှာ ဖြစ်တယ်။ လက်ရှိ အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အမျိုးသမီးတွေကို အင်တာဗျူးတာမျိုး စကားဝိုင်းတွေပြုလုပ်တာမျိုး၊ သုံးသပ်ချက်တွေတောင်းတဲ့အခါ အမျိုးသား၊ အမျိုးသမီး မျှတအောင် မေးတာမျိုးတွေလည်း ဆောင်ရွက်လို့ ရပါတယ်။

အဓိကကတော့ အမျိုးသမီးတွေရဲ့အသံကို များများဖော်ထုတ်ရေးသားတာက အမျိုးသမီးခေါင်းဆောင်တွေပိုမိုပေါ်ထွက်လာဖို့ တွန်းအားဖြစ်စေမယ်။ နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့အမျိုးသမီးတွေအကြောင်းကို ဖော်ထုတ်လိုက်ခြင်း အားဖြင့် ဒီအမျိုးသမီးတွေ ကိုယ်တိုင်အနေနဲ့လည်း ကိုယ့်ကိုကို ယုံကြည်မှုတွေတိုးလာပြီးတော့ အလုပ်တွေအများကြီးပိုလုပ်ဖို့ တွန်းအားဖြစ်စေမယ်။ ဒီလိုအမျိုးသမီးတွေအကြောင်းကို ဖတ်ရှုရတဲ့ စာဖတ်ပရိတ်သတ်တွေအနေနဲ့လည်း အားကျစရာကောင်းပြီး motivation တွေရစေမှာ ဖြစ်ပါတယ်။
 

မေး။     ။ တော်လှန်ရေးလေးနှစ်တာ ကာလမှာ အမျိုးသမီးတွေအနေနဲ့ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လို ကဏ္ဍတွေမှာ ထင်ထင်ရှားရှားမြင်တွေ့နေရပြီလို့သုံးသပ်ချင်ပါသလဲ။

ဖြေ။      ။  အမျိုးသမီးအရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းအသစ်တွေပေါ်လာတာကို တွေ့ရတယ်။ သပိတ် အင်အားစုတွေမှာဆိုလည်း အမျိုးသမီးတွေ ဦးဆောင်ပြီးထွက်လာကြတာတွေ တွေ့ရတယ်။ ဒီလိုနေရာတွေမှာ အမျိုးသမီးတွေက သူတို့ဦးဆောင်နေတာဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာလည်း ပါဝင်နေကြ ရလိမ့်မယ်လို့ ထင်တယ်။

စစ်ရေးဘက်မှာတော့ အမျိုးသမီးတွေ နည်းနေသေးပေမယ့် ထောက်ပို့လိုနေရာတွေ၊ ရန်ပုံငွေရှာဖွေတဲ့ ကမ်ပိန်းတွေမှာဆို အမျိုးသမီးတွေလည်း တွေ့ရတော့ တပ်ဖွဲ့ရဲ့ခွင့်ပြုချက်လောက်သာ ယူရပြီး ကမ်ပိန်း idea တွေ fun raising မှာသုံးမယ် idea တွေ မဲဖောက်မယ့် ပစ္စည်းတွေ ဒါတွေကိုဆိုရင်တော့ ကမ်ပိန်းကိုဦးဆောင်နေတဲ့ အမျိုးသမီးတွေက ဆုံးဖြတ်ခွင့် ရမယ်လို့ ထင်ပါတယ်။
 

မေး။     ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ရမယ်ဆို အနာဂတ် နိုင်ငံရေးက ဘယ်လိုအပြောင်းအလဲတွေ မြင်တွေ့ကြရမလဲ။

ဖြေ။      ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လုပ်ဆောင်လို့ရမယ်ဆို အမျိုးသမီးတွေ ပါဝင်တဲ့အတွက် အမျိုးသမီးအရေးတွေ ပိုပြီးအားကောင်းလာမယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှု တွေ လျော့နည်းလာအောင် လုပ်လို့ရမယ်။ အမျိုးသမီးတွေ ပညာသင်ကြားမှုတွေ ပိုပြီးအားကောင်းလာမယ်။ အမျိုးသမီးတွေကို အပြည့်အဝအကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ပေါ်‌ပေါက်လာမယ်။

ဖိုဝါဒကြီးစိုးမှုတွေ ပပျောက်အောင် ဆောင်ရွက်နိုင်မယ်၊ ဒုတိယလိင်အဖြစ်က လွတ်မြောက်နိုင်မယ်။ အမြဲတမ်းဖိနှိပ်ခံရတဲ့ အခြေအနေ၊ ခွဲခြားဆက်ဆံခံရတဲ့ အခြေအနေတွေကနေ ပျောက်ကွယ်နိုင်မယ်။အမျိုးသမီးတွေကို လေးစားမှုရှိတဲ့ လူမှုအသိုင်းအဝိုင်းကို တည်ဆောက်လို့ရမယ်။ ဒီကနေတဆင့် တန်းတူညီမျှပြီး စိတ်ချမ်းသာ စရာကောင်းတဲ့ နိုင်ငံသစ်ကို မြင်တွေ့ကြရမယ်လို့ ထင်ပါတယ်။


မေး။     ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့ အနာဂတ်နိုင်ငံသစ်ကို ဘယ်လောက်အထိ မျှော်လင့်ထားပါသလဲ။

ဖြေ။      ။ အများကြီး မျှော်လင့်ထားပါတယ်။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတော့ဘူးဆိုရင် အမျိုးသမီး အယ်ဒီတာတွေ များများပေါ်ထွက်လာမယ်၊ အမျိုးသမီးသတင်းသမားတွေ အများကြီး ပေါ်ထွက်လာမယ်။ ရှုထောင့်ပေါင်းစုံက တန်းတူရေးတွေ ပိုပြီး ဖြစ်လာစေမယ်။ သတင်းသမားအလုပ်ကို အမျိုးသမီးတွေအနေနဲ့ ဝါသနာပါကြပေမယ့် ကလေးပြုစုစောင့်ရှောက်ရတာ၊ မိသားစုအတွက် အချိန်ပေးရတာ ဒါတွေနဲ့ယှဉ်လာရင် ဒီအလုပ်ကို လက်လျော့လိုက်ကြတဲ့ အမျိုးသမီးတွေလည်း ရှိတယ်ပေါ့နော်။

အနာဂတ်မှာ ဒီလိုမျိုး အမျိုးသမီး တွေအပေါ်  ခွဲခြားမှုတွေ မရှိတော့ဘူး၊ အိမ်ထောင်မှုတာဝန်တွေကို အမျိုးသမီးတွေကချည်း မထမ်းရတော့ဘူး  ဆိုရင် မီဒီယာလောကမှာလည်း တကယ်တော်တဲ့ အမျိုးသမီးအယ်ဒီတာတွေ၊ အမျိုးသမီးသတင်းသမားတွေ အများကြီး ရှိလာပါလိမ့်မယ်။

“အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတော့ဘူးဆိုရင် အမျိုးသမီးအယ်ဒီတာတွေ များများပေါ်ထွက်လာမယ်၊ အမျိုးသမီးသတင်းသမားတွေ အများကြီး ပေါ်ထွက်လာမယ်။ ရှုထောင့်ပေါင်းစုံက တန်းတူရေးတွေ ပိုပြီး ဖြစ်လာစေမယ်”



“ခေတ်ဝန်ကို ထမ်းသောအမျိုးသမီးများ” စာအုပ်ကို အောက်ပါလင့်ခ်တွင် ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media