ဒေါ်ယုမိစံ နိုင်ငံရေးအကျဉ်းသူဟောင်း
ခရိုင်တာဝန်ခံ (PPNM)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“ ပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေကို မနင်းချေဘဲနဲ့ လွတ်လွတ်လပ်လပ် နေလို့ရတဲ့တိုင်းပြည်၊ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်ကို တည်ဆောက်ချင်ပါတယ်။ အဲအတွက် လူအချင်းအချင်း ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာ၊ အထင်သေးတာတွေ၊ အမြတ်ထုတ်တာ၊ Brain Wash လုပ်တာတွေ၊ ချန်လှပ်ဖယ်ကြဉ်ထားတာတွေ ထပ်မဖြစ်လာနိုင်တော့မယ့် အခြေအနေကို သွားချင်ပါတယ်”
ဒေါ်ယုမိစံကို ၁၉၇၆ ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး ဧရာဝတီတိုင်း ဇာတိဖြစ်ပါတယ်။ မိသားစုမှာ ကြီးပြင်း ခဲ့တဲ့ သူမဟာ မွေးချင်းလေးယောက်မှာ အကြီးဆုံးသမီး ဖြစ်ပါတယ်။ ၁၉၉၆ မှာ ဆယ်တန်းအောင်မြင်ခဲ့ပြီး ပုသိမ်တက္ကသိုလ်ကနေ ဓာတုဗေဒဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ သားတစ်ယောက်၊ သမီးတယောက်ရဲ့ မိခင်လည်း ဖြစ်ပါတယ်။ စာဖတ်ခြင်းကို ဝါသနာထုံပြီး ငယ်စဉ်ကတည်းက အေးအေးချမ်းချမ်းလေးနဲ့ ဘဝကိုဖြတ်သန်းချင်ခဲ့သူ ဖြစ်ပါတယ်။
၁၉၉၆ မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ စာရေးအလုပ် စတင်လုပ်ခဲ့ပါတယ်။ ဝန်ထမ်း ဖြစ်နေပေမဲ့ မတရားမှုကို လက်ပိုက်ကြည့်မနေတတ်တဲ့ ဒေါ်ယုမိစံဟာ အမျိုးသမီးတွေအပေါ် ကျူးလွန် နေတဲ့ အကြမ်းဖက်မှုတွေကို စံပြအနေနဲ့ မားမားမတ်မတ်ရပ်တည်ပြီး ဖြေရှင်းပေးချင်တာကြောင့် မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တွေမှာ ပါဝင်ခဲ့ပါတယ်။ သို့ပေမဲ့ တဖြေးဖြေးချင်း ကိုယ်လုပ်နေတဲ့အဖွဲ့အစည်းရဲ့ မမှန်ကန်မှုတွေကို သိလာပြီး ၂၀၀၁ ခုနှစ်မှာ အစိုးရဝန်ထမ်းအလုပ်ကနေ ထွက်ခဲ့ပါတယ်။
၂၀၀၁ ခုနှစ်မှာ NLD ပါတီ၊ တိုက်နယ်ကော်မတီဝင်အနေနဲ့ စတင်ပြီး နိုင်ငံရေးကို ဝင်ရောက် ခဲ့ပါတယ်။ နွေဦးတော်လှန်ရေးမတိုင်ခင်အထိ ပါတီအလုပ်ကို အားစိုက်လုပ်ဆောင်ခဲ့ပါတယ်။ မတရား အာဏာသိမ်းမှုကို လက်မခံနိုင်တာကြောင့် သပိတ်ခေါင်းဆောင်အနေနဲ့ ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့ပြီး စစ်အာဏာရှင်ကို နည်းမျိုးစုံ တွန်းလှန်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ၅၀၅ (က) အမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး မအူပင်အကျဉ်းထောင်မှာ (၂) နှစ် အကျဉ်းကျခဲ့ပါတယ်။ ၂၀၂၃ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တယ်။ ထောင်ကလွတ်မြောက်လာပြီး နောက်ပိုင်းမှာ ထပ်မံစောင့်ကြည့်မှုတွေ ရှိတဲ့အတွက် ထိုင်းနိုင်ငံနယ်စပ်ဒေသကို ရှောင်တိမ်းလာပြီး တော်လှန်ရေးအတွက် တက်နိုင်တဲ့ဘက်ကနေ လက်ရှိအချိန်အထိ တက်တက်ကြွကြွပါဝင်နေဆဲဖြစ်ပါတယ်။
လက်ရှိမှာ တနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) မှာ ခရိုင်တာဝန်ခံအဖြစ် ထမ်းဆောင်နေပါတယ်။ PPNM အဖွဲ့သည် မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများကို ထုတ်ဖော်ပြောကြားကာကွယ်ပေးနိုင်ရေးနှင့် အခြေခံလိုအပ်ချက်များ ကို ထောက်ပံ့ပေးနိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်ပြီးဆရာမ အမြင်ကို ပြောပြပေးပါရှင့်။
ဖြေ။ ။ မြန်မာ့နိုင်ငံရေးက လွတ်လပ်ရေးရပြီး နောက်ပိုင်းကတည်းက တိုင်းရင်းသားတွေနဲ့ သဘောထား ကွဲလွဲမှုတွေကတဆင့် လက်နက်ကိုင်တော်လှန်ရေးဆီကို ဦးတည်သွားလိုက်တာ ၁၉၆၂ နောက်ပိုင်းမှာ ပိုပြီးဆိုးဆိုးရွားရွား ဖြစ်လာခဲ့တယ်။ အဲ့ကနေပြီး ယနေ့အချိန်အထိ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးလည်း မလုပ်နိုင်ခဲ့ သေးဘူး။ တိုးတက်ရေးကိုလည်း ဦးမတည်နိုင်ဘဲနဲ့ လက်နက်ကိုင် တိုက်ပွဲတွေကြားမှာ ပိတ်မိနေတယ်လို့ ကျွန်မကယူဆတယ်။ စစ်အာဏာရှင်တွေက ခေတ်အဆက်ဆက် ကြီးစိုးနေတယ်လို့ မြင်ပါတယ်။
နွေဦးတော်လှန်ရေးက ဒီမိုကရေစီတကယ်ရတော့မယ်လို့ ပြည်သူအားလုံးက ယုံတဲ့အချိန်မှာ စစ်တပ်က အငိုက်ဖမ်းပြီး အာဏာသိမ်းတာ ခံလိုက်ရတာပေါ့နော်။ ဖွံ့ဖြိုးရေးအတွက် တာစူနေကြတဲ့ သူတွေရော၊ တိုင်းပြည်ရောက ပြန်ပြီး ချာချာလည်အောင် အခြေပျက်သွားပြီးတော့ လုံးဝပျက်စီးသွားတဲ့ အခြေနေကို ရောက်သွားတယ်လို့ မြင်ပါတယ်။
အရင်က ပြည်တွင်းမှာ ရှိနေတဲ့ လက်နက်ကိုင်တော်လှန်ရေးတွေကို ထာဝရသေနတ်သံတိတ်အောင် လုပ်နေရာကနေ တနိုင်ငံလုံးမှာ တခါမှာ မစဉ်းစားဖူးတဲ့ အသေအပျောက် များတဲ့တိုက်ပွဲတွေ၊ ဗုံးကြဲတာတွေကို ကြုံလိုက်ရတယ်။ လက်ရှိအချိန်အထိ နေ့တိုင်းမှာ စစ်ကောင်စီလက်ချက် ကြောင့် သေဆုံးနေတဲ့ ပြည်သူတွေက ရေတွက်လို့ မရအောင် မြင့်တက်နေဆဲ ဖြစ်ပါတယ်။
မေး။ ။ အမျိုးသမီးတွေအပေါ် ခွဲခြားတဲ့အတွေးအမြင်တွေ ဘယ်လောက်အထိ ပြောင်းလဲသွားလဲ။ ဘယ်နေရာတွေမှာ ပြောင်းလဲသွားလဲ။
ဖြေ။ ။ အာဏာသိမ်းပြီးတော့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာ ပိုဆိုးလာတယ်လို့ ကျွန်မသုံးသပ်တယ်။ ပိုပြီးနှိပ်ကွပ်လာတယ်လို့ မြင်တယ်။ စစ်တပ်ဘက်က ပါတီဝင်နိုင်ငံရေးလုပ်တဲ့ အမျိုးသမီးတွေ တက်ကြွလှုပ်ရှားတဲ့အမျိုးသမီးတွေ အကြောင်းမဲ့ ပုဒ်မအမျိုးမျိုး တပ်ပြီးဖမ်းဆီးတာထိန်းသိမ်းရုံသာမကဘဲနဲ့ စစ်ကြောရေးမှာ နှိပ်စက်တာ၊ မုဒိမ်းကျင့်တာ၊ အသက်မပြည့်တဲ့ မိန်းကလေးတွေကို မုဒိမ်းကျင့်တာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်။
တော်လှန်ရေးအင်အားစုတွေကြားမှာတော့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှုနဲ့ ဦးဆောင်မှုကို ပိုပြီး ဘောင်ချဲ့ပေးကြပေမဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ လိင်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကတော့ ရှိနေတုန်းပဲဆိုတာကို မြင်နေရပါတယ်။
“တော်လှန်ရေးအင်အားစုတွေကြားမှာတော့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှုနဲ့ ဦးဆောင်မှုကို ပိုပြီး ဘောင်ချဲ့ပေးကြပေမဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ လိင်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကတော့ ရှိနေတုန်းပါပဲ”
မေး။ ။ နိုင်ငံရေးစနစ်သစ်ကို ဘယ်လိုစံနှုန်း၊ ဘယ်လိုတန်ဖိုးထားမှုတွေနဲ့ နိုင်ငံသစ်ကို ပြန်တည်ဆောက် ချင်ပါသလဲ။
ဖြေ။ ။ ပြည်သူကို အလေးပေးတဲ့ ဦးစားပေးတဲ့အစိုးရမျိုး၊ ပြည်သူ့ရဲ့ဆန္ဒကိုမျက်ကွယ်မပြုတဲ့ အစိုးရမျိုးနဲ့ တည်ဆောက်တဲ့နိုင်ငံကို လိုချင်ပါတယ်။ ပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေကို မနင်းချေဘဲနဲ့ လွတ်လွတ် လပ်လပ် နေလို့ရတဲ့တိုင်းပြည်၊ ဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ကို တည်ဆောက်ချင်ပါတယ်။ အဲအတွက် လူအချင်းအချင်း ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာ၊ အထင်သေးတာတွေ၊ အမြတ်ထုတ်တာ၊ Brain Wash လုပ်တာတွေ၊ ချန်လှပ်ဖယ်ကြဉ်ထားတာတွေ ထပ်မဖြစ်လာနိုင်တော့တဲ့ အခြေအနေကို သွားချင်ပါတယ်။
မေး။ ။ စနစ်ပြောင်းတော်လှန်ရေးတခုမှာ အပြောင်းအလဲတွေဖြစ်လာဖို့ နိုင်ငံရေး အကျဉ်းသူဟောင်း တွေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိသလဲ။ ဘယ်လောက်ထိအရေးကြီးလဲ။
ဖြေ။ ။ နိုင်ငံရေးအကျဉ်းသူတွေဟာ အာဏာရှင်ကို လုံးဝလက်မခံဘဲ တွန်းလှန်ရာမှာ ကိုယ့်ရဲ့ လွတ်လပ်မှု တွေကို ထိပါးခံပြီး ထောင်တွင်းအကျဉ်းကျခံခဲ့သူတွေ ဖြစ်တယ်။ စစ်အာဏာရှင်လက်ထဲမှာ အားလုံး ဖြစ်နိုင်တဲ့ အခြေအနေကို အရဲစွန့်ပြီး ဒီမိုကရေတစ်စံနှုန်းကို ကာကွယ်ခဲ့တဲ့သူတွေ ဖြစ်တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေ မှာတော့ နိုင်ငံရေးအကျဉ်းသူဟောင်းတွေကို အများကြီး နေရာပေးကြတာတွေတော့ မရှိနေသေးပါဘူး။
နိုင်ငံရေးအကျဉ်းသူဟောင်းတွေက အမျိုးသမီးတွေ ဖြစ်ကြတဲ့အတွက် အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်၊ ဖြတ်ထိုးဉာဏ်တွေ၊ အတွေ့အကြုံတွေ၊ စဉ်းစားချက်တွေကို သုံးပြီး နိုင်ငံတစ်နိုင်ငံကို တည်ဆောက်တဲ့နေရာမှာ အများကြီးအသုံးဝင်ပါတယ်။ နိုင်ငံတကာမှာ lady first ဖြစ်ပေမယ့်၊ မြန်မာနိုင်ငံမှာ နောက်ထားတာမျိုး မဖြစ်စေချင်ဘူးပေါ့။ နိုင်ငံတကာရဲ့ အုပ်ချုပ်မှုပိုင်းတွေမှာ၊ စီးပွားရေး၊ လူမှုရေးပိုင်းတွေမှာ အမျိုးသားနဲ့ အမျိုးသမီးတန်းတူရင်ဘောင်တန်းနေတဲ့အချိန်မှာ မြန်မာ့အမျိုးသမီးတွေကိုလည်း တန်းတူ ရင်ဘောင်တန်း စေချင်ပါတယ်။
“နိုင်ငံရေးအကျဉ်းသူတွေဟာ အာဏာရှင်ကို လုံးဝလက်မခံဘဲ တွန်းလှန်ရာမှာ ကိုယ့်ရဲ့ လွတ်လပ်မှုတွေကို ထိပါးခံပြီး ထောင်တွင်းအကျဉ်းကျခံခဲ့သူတွေ ဖြစ်တယ်။ စစ်အာဏာရှင် လက်ထဲမှာ အားလုံး ဖြစ်သွားနိုင်တဲ့ အခြေအနေကို အရဲစွန့်ပြီး ဒီမိုကရေတစ်စံနှုန်းကို ကာကွယ်ခဲ့တဲ့သူတွေ ဖြစ်တယ်”
မေး။ ။နွေဦးတော်လှန်ရေးရဲ့ အခန်းကဏ္ဍတခုလုံးကို ခြုံကြည့်လိုက်တဲ့အခါ နိုင်ကျဉ်းတွေက ဘယ်လို ကဏ္ဍတွေကို တာဝန်ယူထားပါသလဲ။
ဖြေ။ ။ နိုင်ကျဉ်းအမျိုးသမီးတွေက ထောင်တွင်းမှာ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေ၊ နှိပ်စက်မှုတွေကို စိတ်ရော လူပါ ကြုံခဲ့ရတဲ့သူတွေဖြစ်တဲ့အတွက် ထောင်ပြင်ပြန်ရောက်လာချိန်မှာ သံတိုင်တွင်းမှာ ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုကို ပြည်တွင်း၊ပြည်ပ လူတွေ ပိုပြီး သိလာအောင် ထုတ်ဖော်ပြောပြတာတွေကို လုပ်ကြတယ်။ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အခြေခံလိုအပ်ချက် တွေကို ပြန်ပြီးထောက်ပံ့ပေးနိုင်ဖို့ လှုပ်ရှားဆောင်ရွက်ကြတယ်။
လက်ရှိ နိုင်ငံရေးမှာလည်း တက်စွမ်း သလောက် ပါဝင်နေကြတယ်။ နိုင်ငံတခုလုံးရဲ့အရေးမှာ ဘယ်နေရာကနေပါဝင်ရမလဲဆိုတဲ့ အတွေးမျိုးနဲ့ အမြဲတမ်းရှင်သန်နေကြတယ်။ ထောက်ပို့ဘက်က ပါဝင်ရမလား။ နိုင်ကျဉ်းအမျိုးသမီးတွေ အချင်းချင်း ပြန်လည်ဖေးမကူညီတဲ့နေရာမှာ ပါဝင်ရမလား။ စိတ်ဓာတ်ကျနေတဲ့၊ စိတ်ဒဏ်ရာရနေတဲ့ နိုင်ငံရေး အကျဉ်းသူတွေကို ဘယ်လိုစိတ်ဒဏ်ရာကုစားပေးရမလဲ ဆိုတဲ့အရေးတွေမှာ ကျွန်မတို့ တက်တက်ကြွကြွ ပါဝင်နေပါတယ်။
မေး။ ။ထောင်တွင်းထဲမှာ တော်လှန်ရေးမှာ ကိုယ်တိုင်အနေနဲ့အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြား ဆက်ဆံခံရတာ ကြုံရဖူးလား။ ဘယ်လိုပုံစံနဲ့ကြုံရဖူးလဲ။
ဖြေ။ ။အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ အကျဉ်းထောင်ထဲမှာလည်း တွေ့ကြုံရတယ်။ ပြင်ပမှာလည်း တွေ့ကြုံရတယ်။ အကျဉ်းထောင်ထဲမှာ တွေ့ကြုံရတာက ပိုပြီးဆိုးရွားတယ်။ ဘယ်လိုတွေ့ကြုံရလဲဆိုရင် ၂၀၂၁ ခုနှစ် ၁၀ လပိုင်းမှာ စပြီးအဖမ်းခံရပြီးတော့ ကျွန်မတို့နှစ်ထပ်ဆောင်မှာ နေရတယ်။ ထောင်ပိုင်က တနင်္လာနဲ့ သောကြာကို စစ်တယ်။ စစ်တဲ့အခါကျတော့ နှစ်ထပ်ဆောင်ကို သူမဝင်ပါဘူးတဲ့၊ ဘာလို့ဆို သူဘုန်းနှိမ့်မှာစိုးလို့ပါတဲ့ အဲ့ဒါက လုံးဝဂျဲန်ဒါခွဲခြားတာပဲ။
အဲ့လို သူမဝင်ဘူးဆိုတော့ နိုင်ငံရေးအကျဉ်းသူတွေ၊ အခြားအမှုနဲ့ အကျဉ်းကျနေသူတွေအကုန်လုံးက အဆောင်ရဲ့ရှေ့သမံတလင်းပေါ်မှာ ထွက်ပြီးတော့ တန်းစီရတယ်။ တခြားအဆောင်တွေကိုလှည့်ပြီးတော့ နောက်ဆုံးကျမှ မဆောင်ကို ဝင်တော့ နေပူပူ၊ မိုးရွာရွာကြားမှာ တစ်နာရီကျော်ကြာအောင် တန်းစီနေရတယ်။ ဒီထဲကိုဝင်ရင် သူဘုန်းနိမ့်မှာစိုးလို့ဆိုတဲ့ စကားလုံးနဲ့ ကျွန်မတို့မှာကိုယ်ရော၊ စိတ်ပါ ဒုက္ခခံပြီး စောင့်ခဲ့ရတယ်။
ဒီကြားထဲမှာ ထောင်ဝါဒါတွေက တခြားအမှုတွေကပဲဖြစ်ဖြစ် နိုင်ကျဉ်းတွေထဲကပဲဖြစ်ဖြစ် တခုခုအမှားလုပ်မိရင် ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုတဲ့အခါ အမျိုးသမီးဖြစ်ရခြင်းအပေါ် ဇောင်းပေးပြီး ဆဲဆိုတာ၊ နင်တို့မိန်းမဖြစ်ရတဲ့အထဲ ဘယ်လို ယုတ်မာ တာ၊ နောက်ဘဝကျ မိန်းမတောင်ဖြစ်မှာမဟုတ်ဘူး ဆိုတာမျိုး ဂျဲန်ဒါခွဲခြားဆက်ဆံတာကို ကြုံခဲ့ရပါတယ်။
အဲ့ဒီပြဿနာတွေကို ကြုံခဲ့ရတာတွေကြောင့် ဖိအားတွေကအရမ်းများတယ်။ အဲ့ဖိအားတွေကို ပြေပျောက်စေဖို့ အမျိုးသမီးအချင်းချင်း တွေ့ဆုံဆွေးနွေးပွဲတွေ အားပေးနှစ်သိမ့်တာတွေနဲ့ စိတ်တွေကို မပြိုလဲအောင် ချိတ်ဆက်နိုင်အောင် ကူညီပံ့ပိုးစေချင်ပါတယ်။
မေး။ ။ နိုင်ငံသစ်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေ ပပျောက်အောင်၊ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပြည့်ပြည့်ဝဝပါဝင်လို့ရအောင် ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ နိုင်ငံရေးအကျဉ်းသူဟောင်းတွေမှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ အများကြီးရှိတဲ့အခါမှာ ထောင်က ထွက်လာပြီးနောက် တော်လှန်ရေးအသိုင်းအဝိုင်းထဲ ပြန်ရောက်လာတဲ့အချိန်မှာ တော်လှန်ရေးဖြစ်စဉ်တွေကို မျက်ခြေမပြတ်အောင် အများကြီး ပြန်လေ့လာရတယ်။ စိတ်ပိုင်းဆိုင်ရာ ကြောက်လန့်ထိတ်လန့်မှုတွေနဲ့ မလုံခြုံမှုတွေက အများကြီးပါလာတယ်ဆိုတော့ အဲအပေါ်မှာလည်း တော်လှန်ရေးအင်အားစုနဲ့ အမျိုးသမီး အဖွဲ့အစည်းတွေရဲ့ ကြိုဆိုမှုတွေ လိုအပ်တယ်။ ပြန်ပြီး ပေါင်းစည်းနိုင်မဲ့ အခြေအနေတခု ရှိနေဖို့ လိုအပ်ပါ တယ်။
နိုင်ငံရေးသင်တန်းတွေ၊ အမျိုးသမီးတွေ့ဆုံပွဲတွေ၊ လက်တွဲခေါ်ဆောင်မှုတွေ အားပေးနှစ်သိမ့်မှုတွေ အဲ့ဒါတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ အဲ့ဒါဆိုရင် အမျိုးသမီးတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျောက်ဆုံးနေရာကနေ “ငါလည်း ဒီလိုလုပ်နိုင်တယ်၊ သူတို့လည်း ဖေးမနေတယ်” ဆိုတာမျိုးနဲ့ ကုစားနိုင်မယ်။ အမျိုးသမီးတွေကို အကောင်းဆုံးပံ့ပိုးနိုင်တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ ကူညီစောင့်ရှောက်ပေးနိုင်တာတွေ များများရှိရင်တော့ အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ထွက်လာမယ်လို့ ထင်ပါတယ်။
မေး။ ။လေးနှစ်တာကာလထဲမှာ အမျိုးသမီးတွေက ဆုံးဖြတ်ခွင့်အနေနဲ့ ဘယ်ကဏ္ဍတွေမှာ ပြည့်ပြည့်ဝဝ ရနေပြီလို့ မြင်ပါသလဲ။
ဖြေ။ ။ကျွန်မကတော့ ဘယ်ကဏ္ဍတွေမှာမှ အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့် ကြီးကြီးမားမားရတာ မတွေ့ရသေးပါဘူး။ ဘာလို့လဲဆိုတော့ ဖိုဝါဒကြီးစိုးမှုရဲ့အောက်မှာပဲ ရှင်သန်စေချင်တဲ့ ဝန်းကျင်တွေ ရှိနေတုန်းပါ။ အဲ့ဝန်းကျင်တွေကို အကုန်လုံးကို အဆုံးသတ်ရမယ်။ ကျွန်မတို့အမျိုးသမီးတွေကလည်း ကိုယ့်ကိုကိုယ်အရင်ဆုံး ကောင်းမွန်တဲ့စိတ်ဓာတ်တွေ၊ စွမ်းဆောင်ရည်၊ စွမ်းအားတွေကို မြင့်အောင် ဗဟုသုတပညာတွေ တိုးတက်အောင် အရင်ဆုံးလုပ်ကိုင်ရမယ်။ အဲ့လိုလုပ်တဲ့အခါမှာဆိုရင် အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြောဆိုနိုင်တဲ့အခါကျရင် ကျွန်မတို့အမျိုးသမီးတွေက အနှိမ့်ချခံလည်း မဖြစ်နေဘဲနဲ့ တန်းတူညီမျှစွာ ဆက်ဆံခွင့်ရမယ်လို့ ထင်ပါတယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ ပိုပြီးထွက်လာအောင် ဘာတွေလုပ်ကြဖို့ လိုတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အဓိကကတော့ စွမ်းဆောင်ရည်မြင့်မားစေချင်တာပေါ့။ ကျွန်မတို့မြန်မာအမျိုးသမီးတွေမှာက ရှိတယ်လေ။ အိမ်ထောင်သားမွေးပြုပြီးရင် အဆင်ပြေပြီလို့ တွေးကြတယ်။ အရင်ခေတ်ကဆို ပိုဆိုးတာပေါ့။ မိန်းကလေးဆိုတာက ပညာတက်ဖို့တောင် မလိုဘူးလို့တောင် ခံယူထားကြတာ။ အခုခေတ်မှာ ပညာတက် လူငယ်တွေ ဖွံဖြိုးတိုးတက်လာတာ အများကြီးပဲ။
အတွေးအခေါ်ပိုင်းတွေ အယူအဆပိုင်းတွေကစပြီး ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအထိ အမျိုးသမီးတွေက ထဲထဲဝင်ဝင်ပါဝင်နိုင်ဖို့အတွက် အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း ဗဟုသုတရစေတာတွေ၊ ဉာဏ်ပညာရစေတဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆက်ဆံရမယ်၊ လူတောထဲ တိုးရဲရမယ်။ အဲ့လိုမျိုး ကိုယ်တိုင်က စွမ်းဆောင်ရည်မြင့်မားအောင် ကိုယ့်ကိုကိုယ်လုပ်မှသာရင် အနာဂတ်နိုင်ငံရေးမှာ လှပတဲ့အသိုင်းအဝိုင်းတခု တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ အမျိုးသမီးတွေသာ နိုင်ငံရေးထဲမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လို့ရတဲ့ အခြေအနေဖြစ်လာမယ် ဆိုရင် အနာဂတ်နိုင်ငံရေးကရော ဘယ်လောက်အထိ အပြောင်းအလဲတွေ ဖြစ်နိုင်သလဲ။
ဖြေ။ ။ လက်ရှိ တော်လှန်ရေးရဲ့ အခင်းအကျင်းအရ ကျွန်မတို့အမျိုးသမီးတွေက ဘယ်ထောင့်ဘယ်ကဏ္ဍမှာ ဖြစ်ဖြစ် အကုန်ပါဝင်နေတယ်။ ကာယနဲ့လုပ်နိုင်တဲ့သူတွေဆိုရင်လည်း ကာယနဲ့ပေါ့။ လက်ရှိအနေအထားအရ PDF တွေပဲ နမူနာကြည့်ပေါ့။ ယောကျာ်းလေးတွေနဲ့ တန်းတူ စစ်ပညာတွေ သင်ပြီးတော့ ဝင်ရောက်လုပ်ကိုင် နေကြတယ်။ ကာယနေရာမှာ တန်းတူမလုပ်နိုင်ဘူးဆို ဉာဏတွေမှာ တန်းတူလုပ်ဆောင်နေပါတယ်။
ကျွန်မတို့ အမျိုးသမီးတွေက အမျိုးသားတွေထက်တခုသာတာ ရှိတယ်။ ဖြတ်ထိုးဉာဏ်ကောင်းကောင်း နဲ့ လုပ်နိုင်တယ်။ နိုင်ငံရေးအခင်းအကျင်းမှာပဲဖြစ်ဖြစ် စီးပွားရေး၊ လူမှုရေးမှာပဲဖြစ်ဖြစ် ကျွန်မတို့အမျိုးသမီးတွေသာ နေရာရမယ် ဆိုရင် တစ်ဦးတစ်ယောက် အတွေးထက် အားလုံးက ဖြတ်ထိုးဉာဏ်ကောင်းကောင်းနဲ့ စဉ်းစားလိုက်ရင် ပိုတောက်ပတဲ့ အနာဂတ်သစ် တည်ဆောက်နိုင်မယ်လို့ ထင်ပါတယ်။
မေး။ ။အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့ အနာဂတ်နိုင်ငံသစ်ကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ ကျွန်မတို့မြန်မာနိုင်ငံမှာ ပံ့ပိုးကူညီနိုင်သလောက် တောက်ပမယ့်အမျိုးသမီးတွေရှိပေမယ့် ပံ့ပိုးမှု အားကောင်းတဲ့ အစိုးရလိုမျိုး၊ လုပ်ပိုင်ခွင့်ရတဲ့အဖွဲ့အစည်းတွေ၊ အသိုင်းအဝန်းတွေ အများကြီး လိုအပ်နေပါ သေးတယ်။ အဲ့ဒါတွေသာ ပြီးပြည့်စုံမယ်ဆိုရင် ကျွန်မတို့အမျိုးသမီးတွေက အစွမ်းကုန်တောက်ပနိုင်တဲ့ အရည်အချင်းရှိတဲ့ မညံ့တဲ့သူဖြစ်တယ်လို့ ပြောချင်ပါတယ်။
“ကျွန်မတို့မြန်မာနိုင်ငံမှာ ပံ့ပိုးကူညီနိုင်သလောက် တောက်ပမယ့်အမျိုးသမီးတွေရှိပေမယ့် ပံ့ပိုးမှု အားကောင်းတဲ့ အဖွဲ့အစည်းတွေ၊ အသိုင်းအဝန်းတွေ အများကြီး လိုအပ်နေပါသေးတယ်”
“ခေတ်ဝန်ကို ထမ်းသောအမျိုးသမီးများ” စာအုပ်ကို အောက်ပါလင့်ခ်တွင် ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media