Z Nang Raw အကြံပေး
WAC -M

 
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“အမျိုးသမီးတွေက မိမိမှာရှိနေသည့်အရည်အသွေးများကို လျှော့မတွက်ဘဲ ယုံကြည်မှုရှိရှိနဲ့ လူမှုအသိုက်အဝန်းမှာ ရဲရဲဝံ့ဝံ့ ဦးဆောင်ပါဝင်ရင်းနှင့် မိမိတာဝန်ယူရတဲ့တာဝန်တွေအတွက် အရည်အချင်း ပိုမိုမြှင့်တင်ဖို့၊  စဥ်ဆက်မပြတ် ကြိုးစားနေဖို့ လိုသလို အမျိုးသမီးငယ်တွေကိုလည်း အားပေးလက်တွဲ ခေါ်ဖို့ လိုပါတယ်”


            Z Nang Raw ဟာ ကချင်အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ သမီးတယောက်၊ သားတယောက်ရဲ့ မိခင် ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်မှာ စိုက်ပျိုးရေးပညာဘွဲ့ကို ရရှိခဲ့ပြီး၊ ၂၀၀၅ ခုနှစ်မှာ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ ပြည်တွင်းမှာ‌ လေ့လာခဲ့ပါတယ်။ ဒါ့ပြင် ၂၀၀၉ ခုနှစ်မှာ နိုင်ငံတကာဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာ မဟာဘွဲ့ (ပဋိပက္ခဖြေရှင်းခြင်း အထူးပြု) နဲ့ နိုင်ငံတကာပဋိပက္ခစီမံခန့်ခွဲဆိုင်ရာဘွဲ့လွန်သင်ကြားမှုလက်မှတ် တို့ကို အမေရိကန်နိုင်ငံတွင် Fubright Scholarship နှင့် သွားရောက်သင်ယူခဲ့ပါတယ်။

              လူမှုဝန်ထမ်းအလုပ်များကို အချိန်ပိုင်းလုပ်ဆောင်နေခဲ့ရာမှ ၂၀၀၁ ခုနှစ်က ငြိမ်းဖောင်ဒေးရှင်းမှာ အစီအစဥ်ညှိနှိုင်းရေးမှူးအနေဖြင့်စတင်လုပ်ကိုင်ခဲ့ပြီး၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ဆိုင်ရာလုပ်ငန်းများ ကို ရာထူးအဆင့်ဆင့်ထမ်းဆောင်ခဲ့ရာ  ဒါရိုက်တာ (မဟာဗျူဟာ နှင့် အစီအစဥ်) တာဝန်အထိ ထမ်းဆောင်ခဲ့ပြီး  ၂၀၂၂ ခုနှစ်မှာ နွေဦးတော်လှန်ရေးကို အချိန်ပြည့်ပါဝင်အားစိုက်နိုင်ရန် ငြိမ်းဖောင်ဒေးရှင်း ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ပါတယ်။

              ငြိမ်းဖောင်ဒေးရှင်းမှာ လုပ်ကိုင်စဥ်က ‘ရေရှည်တည့်တံ့သည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး’ ကို ရည်မျှော်လျက် လူထုအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ အမျိုးသမီး အဖွဲ့များ၊ လူငယ်အဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အချို့သောပြည်နယ်/ တိုင်းဒေသကြီးလွှတ်တော်များနှင့် အစိုးရများ နှင့် သုတေသနအခြေပြု ပြည်သူ့ရေးရာမူဝါဒ ရေးဆွဲရေး ဆိုင်ရာစီမံကိန်းများ၊ သုတေသနများ၊ ဘာသာပေါင်းစုံလူငယ်များအစီအစဥ်၊ ပဋိပက္ခဖြေရှင်းရေးနှင့် ပဋိပက္ခစီမံခန့်ခွဲခြင်းဆိုင်ရာသင်တန်းများ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံသားအသိပညာပေးရေးသင်တန်းများ ကို ဦးဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်မှ လက်ရှိအချိန်အထိ အရပ်သားလူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ် (CSFoP) ၏ လုပ်ငန်းကော်မတီဝင်အဖြစ် ပါဝင်လုပ်ဆောင်နေသည်။

              ၂၀၂၁ ခုနှစ် မတ်လမှာ လူမှုအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် အပြီးသတ်ရေးဆွဲရာတွင်ပါဝင်ခဲ့ရာမှ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် အဖြစ် ဆက်လက်ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာ ‘အမျိုးသမီး မဟာမိတ်အဖွဲ့ - မြန်မာ’ ၏ ကိုယ်စားလှယ် အဖြစ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှာ လုပ်ကိုင်လျက်ရှိပါတယ်။

              အမျိုးသမီးမဟာမိတ်အဖွဲ့ -မြန်မာ (WAC Myanmar) ကို မြန်မာနိုင်ငံမှ အမျိုးသမီးအခွင့်အ‌ရေး လှုပ်ရှားသူများ၊ ငြိမ်းချမ်းရေး တည်ဆောက်သူ အမျိုးသမီးများနှင့် အမျိုးသမီး အခွင့်အရေး လုပ်ဆောာင်နေသော အဖွဲ့များ၊ ကွန်ရက်များဖြင့် စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ WAC-M ၏ ရည်မှန်းချက် ပန်းတိုင်မှာ စစ်အာဏာရှင်စနစ်အားလုံး အဆုံးသတ်ရေးနှင့် ဂျဲန်ဒါကို အလေးပေးတုံ့ပြန်မှု ရှိသော ဖယ်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နိုင်ရေး ဖြစ်ပါသည်။ 

မဟာမိတ် အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော အမျိုးသမီးနှင့် ဂျဲန်ဒါတန်းတူညီမျှရေး အခြေအနေများနှင့် ပတ်သက်ပြီး အချိန်နှင့် တပြေးညီ နှိုးဆော်တိုက်တွန်းရန် ဖြစ်နိုင်သည့် နေရာအားလုံးတွင် ဆက်လက်ပါဝင် ဆောင်ရွက်လျက် ရှိပါသည်။ 
 

မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တခုလုံးကို ဘယ်လိုသုံးသပ်ချင် ပါသလဲ။

ဖြေ။      ။ ကိုယ်ဖြတ်သန်းခဲ့တဲ့ ခေတ်စနစ်တွေဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နဝတ၊ နအဖ၊ နောက်တခါ၊ စစ်အုပ်ချုပ်ရေး ဒီဟာတွေကိုကြည့်လိုက်တဲ့အခါမှာ ပြည်သူတွေက စစ်အာဏာရှင်တွေကို ပုံစံအမျိုးမျိုးနဲ့တော့ တိုက်ဖျက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ဒီတခေါက်ကတော့ အပြုတ်တိုက် တော်လှန်ဖို့အတွက် ရတောင့်ရခဲအခွင့်အရေး ဖြစ်တယ်။ တကယ်တမ်းကတော့ လက်ရှိနွေဦးတော်လှန်ရေးက မြန်မာနိုင်ငံရဲ့ အဓိကပြသနာအရင်းခံက အဲ့ဒီလက်နက်ကိုင်တော်လှန်ရေးပဲ မဟုတ်ဘူး။

ငါတို့ဆီမှာ ခြစားနေတဲ့ကိစ္စတွေ အုံနဲ့ကျင်းနဲ့ရှိတယ်၊ အမြစ်ကိုလှန်ရမယ့်ဟာတွေ အများကြီးဆိုတာ၊ ပြောင်းလဲရမယ့် စနစ်တွေ အများကြီးရှိတယ်ဆိုတာကို ဖော်ပြလိုက်တယ်။ အခုအချိန်အထိကတော့ ကြည့်လိုက်ရင် စစ်ရေးကတော့ အရှေ့ကို တအား‌ရောက်တယ်။ ဒါပေမယ့်လည်း တနိုင်ငံလုံး မဟုတ်နေသေးဘူး။ တဖက်မှာ လည်း နိုင်ငံရေးက စုစည်းမှု အားနည်းတယ်။ အားမရဘူး။ ကိုယ့်ကိုကိုလည်း အားမရသလို ဒီမှာပါဝင်နေတဲ့ နိုင်ငံရေးဘက်ကို ဦးဆောင်နေတဲ့သူတွေကိုလည်း အားမရဘူးလို့ပဲ ပြောချင်တယ်။

နောက်တခုက နွေဦးတော်လှန်ရေးမှာ မြေပြင်ဘက်မှာလွှမ်းမိုးမှုတွေရပြီးတော့ အုပ်ချုပ်ရေးတွေ ထူထောင် လာတဲ့အခါမှာလည်း အားလျော့စရာတွေကဘာတွေလဲဆိုတော့ ကျဉ်းမြောင်းတဲ့အမြင်တွေ ရှိတယ်။  ငါတို့ပါတီမှ၊ ငါတို့အဖွဲ့မှ၊ ငါတို့လူမျိုးမှ ဆိုတာတွေလည်း တွေ့ရတယ်။ နောက်ပြီး လောဘဇော မသတ်နိုင်တာ၊ ငွေမြင်တဲ့အခါကျရင် စာရိတ္တတွေယိုင်လာတာ၊ ကိုယ့်ရဲ့ပန်းတိုင်ကပျောက်လာတာတွေ၊ လက်နက်အားကိုးပြီး မိုက်ကန်းချင်တဲ့သူတွေကလည်း ဒီထဲမှာပါလာတယ်။

အဲ့အခါကျတော့ နောက်ဆက်တွဲက အကြမ်းဖက်မှု အမျိုးမျိုးကို ကြားလာရတယ်။ အမျိုးသမီးတွေနဲ့ပတ်သက်တာ၊ ဖမ်းမိထားတဲ့ရန်သူတွေကို ကလဲ့စားချေချင် တာ၊ ရက်ရက်စက်စက် သတ်ဖြတ်ချင်တဲ့ကိစ္စတွေ၊ အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဒါတွေက ကျယ်ကျယ်လောင်လောင်နဲ့ တဖြေးဖြေးကြားလာတယ်။ မထိန်းနိုင်ဘူး ဖြစ်လာတယ်။ ဒါတွေက ဒီထက်ကြီးထွားလာတယ်ဆိုရင်  ကျွန်မတို့ရဲ့ နိုင်ခြေရှိနေတဲ့ တော်လှန်ရေးက ပြောင်းပြန်လှန်သွားမယ်၊ နိုင်ရင်တောင်မှ ဖြေရှင်းစရာပြသနာတွေတပုံကြီးနဲ့  နိုင်မယ်ဆိုတာမျိုး ဖြစ်မှာကို တွေးပြီးတော့ ပူပါတယ်။

တဖက်မှာဆိုလည်း ဒီကာလအတွင်း နှစ်လ သုံးလအတွင်းမှာ ဆွေးနွေးရေးအတွက် ပြည်တွင်းထဲက နိုင်ငံရေးပါတီတွေက အများကြီး ပိုပြီးကြိုးစားလာတာတွေ့ရတယ်။ အာဆီယံဘက်ကလည်း နိုင်ငံကို ကြည့်ပြီးတော့ သူတို့ပါဝင်နိုင်တာက ဆွေးနွေးရေးဖြစ်တဲ့အတွက် ဘယ်သူနဲ့ပဲဖြစ်ဖြစ် ဆွေးနွေးကြပါ ဆိုပြီး ဆွေးနွေးရေးဘက်ကို အားသန်လာတဲ့အခါမှာ ကျွန်မတို့တော်လှန်ရေးမှာပါတဲ့သူတွေဘက်က အဆင်သင့်ဖြစ်ဖို့ လိုတယ်။ ကိုယ်ချင်းကိုယ်ချင်းထဲမှာ တကယ့်ကိုစည်းလုံးနေဖို့လိုတယ်။

အားရတဲ့အပိုင်းရှိသလို အားမရတဲ့ အပိုင်းလည်း ရှိပါတယ်။ လူငယ်တွေ ရဲ့ပါဝင်ပတ်သက်မှုကိုတော့ အထူးတောင်ပြောစရာမလိုဘူး။ ကျွန်မက လူငယ်တွေကို အားနာတယ်။ ခေတ်ဝန်ကို ထမ်းကြတာပဲ လူငယ်လည်း လူငယ်အလျောက် ထမ်းတယ်၊ လူကြီးလည်း လူကြီးအလျောက်၊ အမျိုးသမီးလည်း အမျိုးသမီးအအလျောက် ကိုယ့်ရှေ့ကို ရောက်လာတဲ့ တာဝန်ကို ထမ်းကြရတာပဲ၊ မျက်နှာမလွှဲပဲနဲ့ ထမ်းနေကြတယ်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဒီထက်ကြီးထွားလာတယ်ဆိုရင်  ကျွန်မတို့ရဲ့ နိုင်ခြေရှိနေတဲ့ တော်လှန်ရေးက ပြောင်းပြန်လှန်သွားမယ်၊ နိုင်ရင်တောင်မှ ဖြေရှင်းစရာပြသနာတွေတပုံကြီးနဲ့  နိုင်မယ်ဆိုတာမျိုး ဖြစ်မှာကို တွေးပြီးတော့ ပူပါတယ်”
 

မေး။     ။ နိုင်ငံသစ်တခုပြန်တည်ဆောက်မယ်ဆို ဘယ်လိုအခြေခံမူ ဘယ်လိုစံနှုန်းတွေနဲ့ တည်ဆောက် ချင်ပါသလဲ။

ဖြေ။      ။ အခုကျွန်မတို့သွားချင်တဲ့နိုင်ငံက ဖက်ဒရယ်ပါ။ တကယ့်အခြေခံကတော့ လူမှုတရားမျှတရေးနဲ့ စီးပွားရေးတရားမျှတရေး။ ဒါကတော့ အခြေခံပဲ။ မရှိရင်မရဘူး။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ထောင် ကြမယ်ဟေ့ ဆိုပြီးတော့ ကြေညာစာတမ်းနဲ့ ဒီတော်လှန်ရေးကို စလာကြတယ်။ ဒီအထဲမှာ စံတန်ဖိုးတွေ အများကြီးပါလာတယ်။ အဲ့စံတန်ဖိုးတွေက အခု ကျွန်မတို့တည်ဆောက်ချင်တဲ့ နိုင်ငံမှာ ဒါတွေ မရှိလို့ကတော့ မဖြစ်ဘူး။ ချက်ချင်းရနိုင်လား ဆိုတော့ ချက်ချင်းရဖို့တော့ခက်လိမ့်မယ်။

ဒါပေမယ့် မူဝါဒတိုင်းမှာ ဥပဒေတွေ ရေးတဲ့အခါမှာ ဒီစံတန်ဖိုးတွေက မလွဲသွားရဘူး။ ဒီမိုကရေစီဆိုရင် အခြေခံလူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ ကလည်း ကျွန်မတို့လွဲလို့မရဘူး။ လူ့ဂုဏ်သိက္ခာကို အသိအမှတ်ပြုရမယ်၊ တခါတလေကျရင် respect ထားရမယ်လို့ ပြောပေမယ့် respect မထားနိုင်ဘူး။ ရာဇဝတ်သား တယောက်ကိုတောင် လူ့ဂုဏ်သိက္ခာနဲ့အညီ ပြစ်ဒဏ်ချမှတ်ရမယ်။

ဖက်ဒရယ်ပြည်ထောင်စု လို့ပြောတဲ့အခါ ပြည်သူကိုအခြေပြု တည်ဆောက်တာ ဖြစ်တယ်။ ပြည်သူဆိုတာ လက်တွေ့သဘောအရ ပြည်နယ်မှာပဲရှိတာ ဆိုတော့ ပြည်ထောင်စုထဲမှာရှိနေတာ မဟုတ်ဘူးလို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့် bottom up  ပဲ။ ပြည်သူတွေရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ကျွန်မတို့က လုံးဝအလေးထားရမယ် သူတို့ကမူရင်းပိုင်ရှင်ပဲဆိုတာ ကျွန်မတို့က သိထားရမယ်။

 
 
မေး။     ။ နိုင်ငံရေး၊စီးပွား‌ရေး ၊လူမှုရေးအတွေးအမြင်တွေဘယ်လောက်အထိပြောင်းလဲနေပြီလဲ။

ဖြေ။      ။ အရင်ကတော့ brain wash လုပ်ထားခံကြရတာကိုး။ အရင်တုန်းက မစဉ်းစားမိတဲ့ကိစ္စတွေ စ စဉ်းစားပြီ ဆိုကတည်းက စပြီးပြောင်းလဲနေပြီ။ ဒါပေမယ့် လူ့ဘောင်အသိုင်းအဝိုင်းတခုက စဉ်းစားပုံ စဉ်းစားနည်း၊ အမြင်တခုကနေ နောက်ထပ်အမြင်တခု၊ နောက်ထပ်စနစ်တခုကို သွားဖို့ဆိုတာ အချိန်တခု လိုတယ်။ ဒီအပြောင်းအလဲက ဘယ်လောက်မြန်မလဲဆိုတာ သူတို့ကိုယ်တိုင်ရဲ့ ဘယ်လောက်အထိ ပြောင်းလဲဖို့ motivation နဲ့ တွန်းအားရှိသလဲအပေါ် မူတည်ပါတယ်။ 

ပြီးတော့ ကိုယ့်ရဲ့ပြောင်းလဲလိုစိတ်နဲ့ ပြောင်းလဲဖို့ လိုအပ်ချက်က ဘယ်လောက်ကြီးသလဲဆိုတာလည်း လိုအပ်ပါတယ်။   ပြောင်းလဲတဲ့နေရာမှာ နည်းနာပိုင်း မှန်ကန်ဖို့ လိုတယ်။ ကောင်းတဲ့ပတ်ဝန်းကျင်တခု လိုတယ်။ အားလုံးမှာ အသိတွေတူဖို့ လိုတယ်လို့ပဲ ပြောရမှာပေါ့။ တချိန်ထဲမှာ စဉ်ဆက်မပြတ်သင်ယူပြီးတော့ စဉ်ဆက်မပြတ်လုပ်ဆောင်နေတဲ့ အဝန်းအဝိုင်း ဖြစ်မှပဲ ကျွန်မတို့ရဲ့ စနစ်ပြောင်းလဲတာက အရှိန်က ဆက်ရှိနေမယ်။

တခုတော့ရှိတယ်၊ တော်လှန်ရေး အလွန်ကာလ ပညာရေးနဲ့ စီးပွားရေးကို ဘယ်သူတွေက ဘယ်လိုဦးဆောင်ပြီး ပြုပြင်ပြောင်းလဲကြမလဲဆိုတာ ကိုတော့ လက်ရှိမှာ ပြင်ဆင်ကြ၊ ဆွေးနွေးကြတာ အားနည်းနေသေးတယ်လို့ မြင်မိတယ်။ စစ်အာဏာရှင်စနစ် အောက်က အတွေးအခေါ်တွေ အထူးသဖြင့် ဖိုဝါဒကြီးစိုးမှုနဲ့ အထက်ဖားအောက်ဖိတတ်တဲ့ လူကြီးကြောက် ရောဂါတွေကို ဖယ်ရှားပေးပြီး ဒီမိုကရက်တစ် တန်ဖိုးထားမှုတွေ စံချိန်စံညွှန်းတွေကို ပညာရေးကဏ္ဍ ဆရာအတတ်သင်သိပ္ပံနဲ့ ကျောင်းသင်ရိုးမှာသွားပြီး ထည့်သွင်းဖို့နဲ့ လက်ရှိဆရာ/ဆရာမတွေကို သင်ကြားပေးဖို့ ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။

 

မေး။     ။ အာဏာသိမ်းပြီးနောက်မှာ အမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံမှုတွေက ဘာတွေပြောင်းလဲ သွားလဲ။

ဖြေ။      ။ နွေဦးတော်လှန်ရေး အစကတည်းက စစ်အာဏာရှင်ကိုပဲ တော်လှန်တာ မဟုတ်ဘူး။ အတွေးအခေါ်တော်လှန်ရေးလို့လည်း ကျွန်မတို့ ပြောကြတယ်။ အတွေးအခေါ်တော်လှန်ရေးဆိုတဲ့နေရာမှာ လူမှုအတွေးအခေါ်လို့ ပြောချင်တယ်။ စံတန်ဖိုးတွေ ပြောင်းရမယ်၊ နောက်ဆုံးမှာ လူအချင်းချင်းကို အသိမှတ်မပြုနိုင်ပဲနဲ့ လူမျိုးတမျိုးက မရှိနေဘူးဆိုပြီးတော့ လူစုတစုရဲ့ဂုဏ်သိက္ခာကို ကျွန်မတို့ကိုယ်တိုင်ကိုက အသိအမှတ်မပြု ညှိုးနွမ်းစေခဲ့တာ၊ ဖြစ်နေခဲ့ပါလားဆိုတာ ကျွန်မတို့ တော်လှန်လူမှုအသိုင်းအဝိုင်းက မြင်လာတယ်။

မြင်လာပြီးတဲ့နောက်ပိုင်းမှာ NUCC မှာဆိုရင် ရိုဟင်ဂျာအတွက် မူဝါဒရေးဖို့ လုပ်တယ်။ အများကြီးလည်း ဆွေးနွေးတယ်။ အာဏာသိမ်းမှုမတိုင်ခင်အထိ ကျွန်မပါဝင်နေတဲ့ AGIPP  က  အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး WPS  framework တခုကို ရေးဖို့ ကျွန်မတို့ နှစ်နှစ်ကြိုးစားရေးခဲ့တယ်။ ကျွန်မတို့ ဆွေးနွေးရင်းနဲ့ ညှိနှိုင်းတာအဆင်မပြေတော့ တန်းလန်းဖြစ်နေတဲ့ကာလမှာ အာဏာသိမ်းတယ်။

ဘာ ပြောင်းလဲသွားလဲဆို ကျွန်မတို့ရဲ့မပြီးဆုံးသေးသော ပန်းချီကားတွေ အဲ့တုန်းက women peace and security framework က အခုတော်လှန်ရေးကာလမှာ NUG ရဲ့အမျိုးသမီးဝန်ကြီးဌာန ဆရာမ ‌နော်စူဇန်နာလှလှစိုးနဲ့ WLB ကျွန်မကိုယ်တိုင်ပါဝင်နေတဲ့ WAC နောက် WPN အမျိုးသမီးကွန်ရက်ကြီးတွေ သုံးခုက အခု ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရေးနိုင်ပြီ။ ဒါကို NUCC မှာလည်း  အတည်ပြုပြီးတော့ UN Security Council အထိငါတို့ဆီမှာ WPS Framework ရှိပြီဆိုတာကို ပြောနိုင်နေပြီ ဖြစ်ပါတယ်။  



“အမျိုးသမီးအချင်းချင်း ပံ့ပိုးပေးဖို့ လိုတယ်။ အမျိုးသမီးခေါင်းဆောင်တွေ တော်တော်များများက အမျိုးသမီးတွေကို မယုံကြည်ကြဘူး”


မေး။     ။ စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့အမျိုးသမီးတွေက ဘယ်နေရာတွေမှာ အားစိုက်ပါဝင်ဖို့ လိုပါသလဲ။

ဖြေ။      ။ ကာယပိုင်းကတော့ ကျွန်မတို့အမျိုးသမီးတွေရဲ့ ဇီဝဖြစ်စဉ်အရတော့ အားနည်းချက်တွေ ရှိတယ်။ ဒါပေမယ့် ဦးနှောက်သုံးပြီး လုပ်ရမယ်။ ခုနပြောသလို က‌လောင်တံနဲ့ လုပ်ရမယ်ဆို အမျိုးသားနဲ့ အမျိုးသမီးတွေက တန်းတူတောင် မဟုတ်ဘူး။ ကျော်လွန်ပြီးတော့ ဦးဆောင်တဲ့အခန်းကဏ္ဍမှာ လုပ်နိုင်တယ်။ အဲ့ဒါကြောင့် ကျွန်မကတော့ ကိုယ့်ကိုကိုယ် နေရာတကာမှာ မကန့်သတ်ထားသင့်ဘူး။ လူမှုပတ်ဝန်းကျင်က ကန့်ထားတဲ့ အရာတွေနဲ့လည်း ပိတ်မနေသင့်ဘူး။ နောက်တခုက အရေးကြီးတာက ကိုယ့်ကိုကိုယ် လျော့မတွက်ဖို့ လိုတယ်။

အမျိုးသမီးတွေက ကိုယ့်ကိုကိုယ်တအားလျော့တွက်တယ်။ ငါလုပ်မှလုပ်နိုင်ပါ့မလား ဆိုပြီးတော့  ရာထူးပေးတာတောင်မှ ငြင်းပယ်တဲ့သူတွေ ကျွန်မမြင်ဘူးတယ်။ ယောကျာ်းတွေဆိုရင် ငြင်းဖို့ နေနေသာသာ သူတို့ အဲ့ဒါရဖို့ကြိုးစားနေတာ။ သူတို့မှာအရည်အချင်းရှိရှိ မရှိရှိ ခန့်တဲ့လူလည်းခန့်တယ်။ ယူတဲ့ လူလည်း ယူတယ်။

အမျိုးသမီးတွေကျတော့ အဲ့လိုမျိုး ကိုယ့်ကိုတယောက်ယောက်က၊ ကိုယ်ပါဝင်နေတဲ့ အဖွဲ့အစည်းက ဒါတာဝန်ယူလို့ ပြောလာတယ်ဆိုရင် ကိုယ်မမြင်ပေမယ့် ကိုယ့်မှာစွမ်းရည်ရှိတယ်ဆိုတာ သူတို့မြင်နေလို့ပေးတာ၊ ယူသာယူလိုက် မငြင်းနဲ့။ ဒါပေမယ့် ဒီတာဝန်ကိုယူပြီဆိုရင် ငါဘာလုပ်တတ်ဖို့လိုလဲ ဘယ်နေရာမှာကျွမ်းကျင်ဖို့လိုလဲ၊ ကိုယ်ပြန်ကြိုးစားယူလို့ရတယ်။


နောက်ပြီးတော့ affirmative action ဒါမှမဟုတ် positive discrimination လို့လည်း ခေါ်တာပေါ့။ ဒီနေရာမှာ အမျိုးသမီးတွေ ရှိဖို့လိုတယ်၊ များများရှိဖို့လိုတာဖြစ်တဲ့အတွက် အမျိုးသမီးတွေကို ဦးစားပေးပြီးခန့်မယ်၊ အရေအတွက် များများခန့်မယ်၊ ယောကျာ်းတွေကိုတော့ ခွဲခြားတာ နည်းနည်းလုပ်မယ်၊ ယောကျာ်းကို နည်းနည်းခန့်မယ်ဆိုတာမျိုး လုပ်သင့်တယ်။

တချို့က ခွဲတမ်း/ကိုတာစနစ် (Quota) နဲ့ အလုပ်ခန့်ခံရရင် အရည်အချင်းမရှိဘဲနဲ့ ကိုတာကြောင့်အလုပ်ရတယ်ဆိုတာမျိုး အမျိုးသမီးတချို့က ခံရခက်ကြတယ်။ ဒါပေမယ့် ဒီနေရာမှာ အမျိုးသမီးမရှိလို့ကို မဖြစ်ဘူး။ ဒါပေမယ့် အရည်အချင်းလေးတော့ ပြည့်ဖို့နည်းနည်းလိုတယ်။ ဒါကြောင့် အနီးစပ်ဆုံးအမျိုးသမီးတွေကို ခန့်ပြီးတော့ လေ့ကျင့်သင်ကြားပေးလို့ ရတယ်။ ဘယ်သူမှ မွေးရာပါတတ်နေတာ မဟုတ်ဘူး။ ကိုယ့်ရဲ့အားနည်းချက်ကို ဘယ်လိုပြင်မလဲဆိုတဲ့အပိုင်းနဲ့ ခေါင်းဆောင် တယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ ကိုယ်တည်ဆောက်ရပါမယ်။  

အမျိုးသမီးအချင်းချင်း ပံ့ပိုးပေးဖို့ လိုတယ်။ အမျိုးသမီးခေါင်းဆောင်တွေ တော်တော်များများက အမျိုးသမီးတွေကို မယုံကြည်ကြဘူး။ ဒါ ကျွန်မမျက်စိရှေ့မှာကို ဖြစ်တယ်။ အမျိုးသားကိုခန့်ချင်တာ။ ဘာဖြစ်လို့လဲဆိုတော့လည်း အကြောင်းပြချက် မရှိဘူး။ ကျွန်မတို့ထဲမှာကိုက ကိုယ့်အမျိုးသမီး အချင်းချင်းယုံကြည်မှုက နည်းနေတယ်။ အဲ့ဒါကိုလည်း ကျွန်မတို့အမျိုးသမီးတွေ အထူးသဖြင့် သက်ကြီးပိုင်း သက်လတ်ပိုင်းတွေက အဲ့ဒါပိုပြီး သတိထားရမယ်၊ ကိုယ့်ရဲ့လူငယ်အမျိုးသမီး တက်သစ်စအမျိုးသမီးတွေ အရည်အချင်းရှိတယ်ဆိုတာကို ယုံကြည်မှု ပြရမယ်။

ကျွန်မကတော့ ယုံတယ်၊ တာဝန်ပေးတယ်၊ ဘာတာဝန်ပေးရမလဲ ဆိုတဲ့အခါ သူကျွမ်းကျင်တာလည်းရှိမယ်၊ ကိုယ်က ဘာကိုဖြည့်ပေးရမလဲ ကြည့်ပေးဖို့ လိုတယ်။ ကျွန်မတို့ တယောက်နဲ့တယောက် အပြန်အလှန် အရည်အချင်းတွေကို ကိုယ့်ရှိတာ သူ့ဆီကို ဖလှယ်ပေးတာတွေ ကိုယ်မြင်တာတွေ ဖလှယ်ပေးတာလုပ်ရင်းနဲ့ပဲ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို နေရာတိုင်းမှာ ဉာဏပဲဖြစ်ဖြစ် ကာယပဲဖြစ်ဖြစ် မြင့်တင်ပေးလို့ရပါတယ်။

 

မေး။      ။  ကိုယ်တိုင်ကရော အမျိုးသမီးဖြစ်ခြင်းကြောင့်ခွဲခြားဆက်ဆံခံရတာကြုံရဖူးလား။

‌ဖြေ။      ။ ကျွန်မတယောက်အနေနဲ့တော့မကြုံရဘူး၊ ဒါကတော့လည်း  ကျွန်မရဲ့ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံနဲ့ အသက်အရွယ်ကြောင့် ပါလိမ့်မယ်။ နောက်ပြီးတော့ ကိုယ် အလုပ်တခုလုပ်တယ်ဆိုရင် ကိုယ်လုပ်တဲ့အလုပ်မှာ ဘယ်လောက်ပိုင်နိုင်လဲ ကိုယ်ဘယ်လောက် ကျွမ်းကျင်လဲဆိုတာ ကျွန်မတို့က ပြဖို့လိုတယ်။ မဟုတ်ရင် တချို့ယောကျာ်းတွေက အထင်သေးတတ်တယ်။

ဥပမာ - အစည်းအဝေးတွေမှာ အမျိုးသမီးကိုယ်စားလှယ် တယောက်အနေနဲ့ ပါဝင်နေတယ်ဆိုရင် ကိုယ်ဘက်က “ငါဘာပြောနေလဲဆိုတာ ငါကောင်းကောင်းသိတယ်’ ဆိုတာကို ကျွန်မတို့အမျိုးသမီးတွေက အခုကာလမှာတော့ ကြွားတယ်လို့တောင် အထင်ခံရလောက်အောင် ကိုယ်ဘာလုပ်ခဲ့လဲ၊ ဘာတွေအောင်မြင်လဲ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ဖူး ဖြတ်သန်းဖူးလဲဆိုတာ ပြောပြဖို့လိုတယ်။ ကိုယ်သိတယ်ဆိုတာကို ကြွားသလိုလည်းမဖြစ်အောင် ပြောပြဖို့လိုတယ်။ ဒါ ကျွန်မတို့တာဝန် ဖြစ်တယ်။ အထူးသဖြင့် နိုင်ငံရေး ငြိမ်းချမ်းရေး အသိုင်းအဝိုင်းမှာက အလိုအလျောက်တော့ ကိုယ့်ကိုတော့  ဘယ်သူမှ ယုံကြည်မှုပေးမှာ မဟုတ်ဘူး။

 

မေး။     ။ အမျိုးသမီးတွေ ဆုံးဖြတ်ပိုင်ခွင့် ထင်ထင်ရှားရှားရနေတာ ဘယ်ကဏ္ဍတွေ ရှိမလဲ။

ဖြေ။      ။  အခုကတော့ NUG ကိုကြည့်မယ်ဆိုရင် တော်လှန်ရေး မတိုင်ခင်နဲ့စာရင်တော့ အမျိုးသမီးတွေကို ဝန်ကြီးတွေခန့်အပ်တာတို့၊ အမျိုးသမီးကဏ္ဍမဟုတ်ပေမယ့် နိုင်ငံခြားရေးတို့ စီးပွားကူးသန်းလိုမျိုး သူ့ရဲ့ကျွမ်းကျင်မှုအလိုက် ပါဝင်ပေးတာတွေလည်း တွေ့ရတယ်။ ဆုံးဖြတ်မှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့နေရာတွေမှာ တွေ့လာရတယ်။ နောက်ထူးခြားတာက အတွင်းဝန်တွေမှာလည်း အမျိုးသမီးတွေ တော်တော်များများ ပါဝင်လာတာ တွေ့ရတယ်။ နောက်တခုက ပါဝင်နေတဲ့အမျိုးသမီးတွေကလည်း စွမ်းစွမ်း တမံ လုပ်ပြနိုင်တယ်။

အမျိူးသမီးအဖွဲ့မဟုတ်သော လူထုအဖွဲ့အစည်းတွေမှာလည်း အမျိုးသမီးခေါင်း‌ဆောင် တွေ ပေါ်ထွက်လာတယ်။ ဒါပေမယ့် နည်းနေသေးတယ်။ လုပ်ရင်းကိုင်ရင်းနဲ့ ထိပ်မှာရောက်နေတဲ့ သူတွေကလည်း ဆွဲခေါ်၊ လုပ်နိုင်စွမ်းရည်ရှိနေတဲ့ လူငယ်အမျိုးသမီးတွေကို နေရာပေးခြင်း၊ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့နေရာ နေရာ‌ပေးခြင်းအားဖြင့်လည်း ကိုယ်က ချဲ့ယူဖို့ လိုပါတယ်။

 

မေး။     ။ အမျိုးသမီခေါင်းဆောင်အသစ်တွေ ပိုမိုထွက်လာဖို့ ဘာတွေလုပ်ကြမလဲ။

ဖြေ။      ။ အရည်အချင်းရှိရင်ရှိသလို သူတို့စိတ်ပါဝင်စားမှု ရှိရင်ရှိသလို ပညာရပ်ပိုင်းဆိုင်ရာမှာ မဟာဘွဲ့ တခုတော့ အနည်းဆုံး လေ့လာစေချင်ပါတယ်။ အဲ့လိုလုပ်ဖို့လည်း ဖန်တီးပေးဖို့ လိုတယ်။ စီမံခန့်ခွဲမှုစွမ်းရည် လည်း အများကြီး လိုတယ်။ နောက်တခုက ကိုယ်ရည်ကိုယ်သွေးပိုင်းမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို တက်အောင်လုပ်ရင်းနဲ့ တခြားလူကို ချနင်းတာမျိုး မဖြစ်အောင်လုပ်ဖို့လည်း လိုတယ်။

တချို့ကျတော့  ကိုယ့်ကိုကိုယ်တော့ empower  ဖြစ်တယ်။ ဒါပေမယ့် ကျွန်မတို့အမျိုးသမီးတွေရဲ့ အားနည်းချက်က မနာလို တတ်တယ်။ မနာလိုစိတ်က လူတိုင်းမှာရှိတယ် ဆိုပေမယ့် အမျိုးသမီးတွေမှာတော့ ပိုပြီးရှိတယ်လို့ သုတေသန ကလည်း ပြောတယ်။ ကျွန်မရဲ့ လေ့လာမှုအရလည်း အဲ့လိုပဲဖြစ်တယ်။ မုဒိတာစိတ် ကျွန်မတို့ထားတတ်ဖို့ လိုတယ်။

လူတိုင်းက အဲ့အတိုင်း မုဒိတာစိတ်ကြီးက အများကြီးရှိနေတဲ့လူတွေကို ကျွန်မ မတွေ့ဖူးဘူး။ ဒါပေမယ့် မွေးယူလို့ရတယ်။ နောက်တခုက သက်ကြွယ်နဲ့သက်ငယ်တွေကြားမှာ အတွေ့အကြုံအမြင်တွေကို ဖလှယ်တဲ့စကားဝိုင်းတွေ လုပ်သင့်တယ်။ အထူးသဖြင့် ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးတော့ လုပ်သင့်တယ်။


“ကိုယ်ရည်ကိုယ်သွေးပိုင်းမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို တက်အောင်လုပ်ရင်းနဲ့ တခြားလူကို ချနင်းတာမျိုး မဖြစ်အောင်လုပ်ဖို့လည်း လိုတယ်။ ကျွန်မတို့အမျိုးသမီးတွေရဲ့ အားနည်းချက်က မနာလိုတတ်တယ်


မေး။     ။ အမျိုးသမီးတွေနိုင်ငံရေးမှာ တင်းပြည့်ကြပ်ပြည့်ပါဝင်လာမယ်လို့ အနာဂတ်နိုင်ငံရေးက ဘယ်လောက်အထိ အပြောင်းလဲတွေ၊ အချိုးအကွေ့တွေ ဖြစ်လာနိုင်ပါသလဲ။

ဖြေ။      ။ အရမ်းလှပတဲ့ပန်းခင်းကြီးဖြစ်မှာပေါ့။ ရှုထောင့်တွေ၊ အမြင်တွေစုံတဲ့ ဆုံးဖြတ်ချက်တွေ ထွက်လာ မယ်။ အမျိုးသမီးတွေရဲ့ အားသာချက်တွေကို အပြည့်အဝသုံးချလာနိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ အနာဂတ်နိုင်ငံ‌ရေးမှာ ပိုပြီးတော့ ထိထိရောက်ရောက်လုပ်ဆောင်နိုင်မယ်၊ ထိထိရောက်ရောက်အောင်မြင်မယ်၊ နိုင်ငံရေးလို့ပြောရင် အစိုးရကို ပိုပြီးမြင်ယောင်တယ်၊ အမျိုးသမီးတွေမပါဝင်ရင်တော့ ‘မျက်စိတဖက်ကန်းတဲ့ အစိုးရ’ က ဦးဆောင်တာနဲ့ တူတယ်လို့ ကျွန်မပြောချင်တယ်။

အရင်အစိုးရတွေဆိုရင် ဝန်ကြီးတွေ၊ ညွှန်ကြားရေးမှူးချုပ်အဆင့်တွေမှာ အမျိုးသမီးတွေ မပါသလောက်ဖြစ်ခဲ့တယ်။ အခု NUG မှာက ပါတော့ပါနေတယ်။ နည်းနေသေးတယ်။  အဲ့တော့ တင်းပြည့်ကြပ်ပြည့် လုပ်နိုင်မယ်ဆိုရင်တော့ မျက်စိ နှစ်ဖက်စလုံး မြင်တဲ့ အစိုးရဖြစ်မယ်။ အရာရာတိုင်းမှာ အလစ်အဟာမရှိအောင်မြင်လာမယ်၊ ဝိုင်းပြီးတော့ စဉ်းစားနိုင်မယ်။ မူဝါဒတွေလုပ်တဲ့အခါ ပိုပြီးပြည့်စုံမယ်။

ခေါင်းဆောင်တွေနေရာမှာ အမျိုးသမီးတွေရှိသွားရင် နိုင်ငံရေးကို လုံးဝစိတ်မဝင်စားသော အမျိုးသမီးတွေရဲ့ ဘဝတွေလည်း ခွဲခြားဆက်ဆံမှုဖိနှိပ်မှုတွေကနေ အများကြီးသက်သာမယ်။ ပိုပြီးငြိမ်းချမ်းတယ်၊ ပိုပြီး အလုပ်ဖြစ်တယ်ဆိုတာတွေလည်း စစ်တမ်းတွေရှိတယ်။ အဲ့တော့ အစိုးရရာထူးတွေမှာ ဟိုး..ထိပ်ဆုံးကနေ အောက်ဆုံးအထိ ရပ်/ကျေးအုပ်ချုပ်‌ရေးမှူးဆိုတဲ့ နေရာအထိ အမျိုးသမီးတွေ နေရာယူလာပြီဆိုရင် အမျိုးသမီးတွေရဲ့ဘဝ ပိုပြီးသာယာလှပလာမယ်လို့ မြင်ပါတယ်။

 

မေး။     ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုမရှိတဲ့နိုင်ငံအသစ်ဖြစ်လာမယ်လို့ ဘယ်လောက်အထိ ယုံကြည်ထားလဲ။

ဖြေ။      ။ ကျွန်မတို့စိတ်ချတာက  WPS framework ရှိပြီ၊ Gender equality framework ရှိပြီ။ အဲ့မှာ ဒါတွေ အားလုံးရေးထားတယ်။ ဒီအတိုင်း ကျွန်မတို့က အစိုးရတွေကို ဖွဲ့ကြမယ်၊ အသွင်ကူးပြောင်းရေးအစိုးရဘဲ ဖြစ်ဖြစ်၊ ဘာအစိုးရဘဲဖြစ်လာလာ ဒီ framework တွေကို လေ့လာတယ်ဆိုရင် တဖက်မှာ မူဝါဒပိုင်းဆိုင်ရာမှာ လုပ်သွားမယ်။ လူမှုအသိုင်းအဝိုင်းထဲမှာလည်း အမျိုးသမီးတွေကိုယ်တိုင်ကလည်း အားသွန်ခွန်စိုက်လုပ်မယ်ဆို အနည်းဆုံး ဆယ်စုနှစ် တခုမှာတော့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေက မရှိသလောက် တော်တော်လေးကို နည်းသွားမယ် လို့ မျှော်လင့်ပါတယ်။
 

မေး။        ။တခြားဖြည့်စွက်ပြောကြားချက်များ။

ဖြေ။        ။ဒီတော်လှန်ရေးက အမျိုးသမီးတွေပါလို့ အခုချိန်ထိအောင်မြင်တာ။ CDM တွေကိုပဲ ကြည့်လိုက်ပေါ့။ snow ball effect လို့ ပြောမှာပေါ့။ စီဒီအမ်မှာပါတဲ့ ဝန်ထမ်းတွေထဲက အမျိုးသမီးတွေ သူတို့ကတော့ တော်လှန်ရေးမှာ ကိုယ်ထိလက်ရောက် အများကြီးလုပ်နိုင်တာ ရှိချင်မှရှိမယ်။ ဒါပေမယ့် အမျိုးသမီးတွေတောင် လုပ်တယ်၊ ငါတို့ဘာလို့မလုပ်ရမှာလဲဆိုတာမျိုး ဖြစ်စေခဲ့တယ်။ ကျွန်မကိုယ်တိုင်လည်း အမြဲအားပေးတယ်။

တခုခုလုပ်ဖို့ဆို ‘ဆရာမ ဒါတာဝန်ယူပေးမလား’ ဆိုရင် တခါတလေ ငါဒီဘက်ကအလုပ်တွေနဲ့ လုပ်နိုင်ပါ့မလား လို့ စဥ်းစားမိပေမယ့် ကြည့်လိုက်တယ်။ ငါမလုပ်ရင် လုပ်မယ့်အမျိုးသားတွေက ငါ့ထက်ပိုလုပ်နိုင်မလား၊ ကိုယ်လုပ်တာထက်ပိုကောင်းနိုင်မလား လို့ ကျွန်မကြည့်လိုက်တယ်၊ မကောင်းနိုင်ဘူးဆိုရင် ကျွန်မ တာဝန်ယူလိုက်တယ်၊ နောက်ဆုံးအနေနဲ့ အဖွဲ့အစည်းထဲမှာ ရာထူးအနေနဲ့မဟုတ်ဘဲနဲ့ တာဝန်လေးတွေ ထပ်ပေးရင် ယူပါ။

ရာထူးမဟုတ်ဘူးဆိုပေမယ့် တာဝန်တခုခုကိုထပ်ပေးပြီဆိုရင် ယူပြီးတော့လုပ်ရင်းနဲ့ပဲ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို တက်စေတယ်၊ အမျိုးသမီးပေမယ့် လုပ်နိုင်တယ်ဆိုတာအဖွဲ့ထဲမှာ မြင်လာတယ်။ အဲ့ဒါနဲ့ပဲ ကျွန်မကတော့ တည်ဆောက်ယူရတာ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ဆိုတာ အလုပ်လုပ်ရင်းနဲ့ ရှိလာ၊ တက်လာတာမျိုးပါ။ ဘယ်သူကမှ လာလုပ်ပေးလို့မရဘူး လို့ပြောချင်ပါတယ်။


လက်ရှိနွေဦးတော်လှန်ရေးက မြန်မာနိုင်ငံရဲ့ အဓိကပြသနာအရင်းခံက အဲ့ဒီလက်နက်ကိုင်တော်လှန်ရေးပဲ မဟုတ်ဘူး။ ငါတို့ဆီမှာ ခြစားနေတဲ့ကိစ္စတွေ အုံနဲ့ကျင်းနဲ့ရှိတယ်၊ အမြစ်ကိုလှန်ရမယ့်ဟာတွေ အများကြီးဆိုတာ၊ ပြောင်းလဲရမယ့်စနစ်တွေ အများကြီးရှိတယ်ဆိုတာကို ဖော်ပြလိုက်တယ်”


 
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media