နန်းဖော့‌ဂေ
အယ်ဒီတာချုပ် (KIC)
ဗဟိုအမြဲတမ်းကော်မတီဝင် (KWO)


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“ဆန္ဒပြမှုတွေကို ဖြိုခွင်းတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကိုတောင် မတွန့်ဆုတ်သွားဘဲနဲ့ နည်းလမ်းသစ်မျိုးစုံကို သုံးပြီး တော်လှန်ခဲ့ကြတယ်။  ထဘီကိုအလံလိုမျိုး သဘောထားပြီး လုပ်ခဲ့တဲ့လှုပ်ရှားမှုက စနစ်တခုကို ပြောင်းလဲသွားစေခဲ့တယ်”
 
 
ဆရာမနန်းဖော့ဂေဟာ ကရင်ပြည်နယ်၊ ဖားအံမြို့မှာ မွေးဖွားခဲ့သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ KIC (Karen Information Center) မှာ အယ်ဒီတာချုပ်နှင့် ဒါရိုက်တာ တာဝန်ကို ပူးတွဲထမ်းဆောင်နေသူ ဖြစ်ပါတယ်။ လက်ရှိမှာ အသက်(၅၄)နှစ်အရွယ်ရှိပြီဖြစ်ပြီး ငယ်ဘဝမှာတုန်းကတော့ ကြက်တောင် ရိုက်တာ၊ သီချင်းဆိုတာတွေကို ဝါသနာထုံခဲ့သူပါ။ အသက်(၃၁) နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။

၁၉၈၈ခုနှစ်မှာ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ပြီးနောက် ၈လေးလုံး ကျောင်းသား အရေးအခင်းအပြီး ကောလိပ်-တက္ကသိုလ် မဖွင့်သေးချိန် ဇာတိမြို့ ဖားအံက ငယ်စဉ်ကျောင်းနေခဲ့တဲ့ မူကြိုကျောင်းမှာ စေတနာ့ဝန်ထမ်းဆရာမအဖြစ် ကူညီလုပ်ကိုင်ခဲ့ပါတယ်။ ၁၉၉၁ခုနှစ်မှာ ဖားအံ ဒေသ ကောလိပ်မှာ ဓာတုဗေဒအထူးပြု ဘာသာရပ်နဲ့ ဒုတိယနှစ်အထိ တက်ရောက်ခဲ့ပြီး ၁၉၉၃မှာ မော်လမြိုင်တက္ကသိုလ်ကို ဆက်လက် ပညာဆည်းပူးခဲ့ပါတယ်။

၁၉၉၅ ခုနှစ်မှာ B.Sc (Chemistry) ဘွဲ့ရခဲ့ပြီးတဲ့နောက် ရန်ကုန်မြို့က ကွန်ပြူတာသင်တန်းမှာ တက်ရောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ‌ ရွှေ့ပြောင်းလုပ်သားအနေနဲ့ လုပ်ကိုင်ခဲ့ဖူးပါတယ်။ ၁၉၉၉ခု နှစ်မှာ ရန်ကုန်မြို့က ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

၂၀၀၀ ခုနှစ်မှာတော့ ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိလာခဲ့ပြီး သတင်းမီဒီယာအလုပ်ကို စတင် လုပ်ကိုင်ခဲ့ပါတယ်။ KIC သတင်းဌာနရဲ့ သတင်းထောက်အဖြစ်သာမက၊ လစဉ်ထုတ်စာစောင်အတွက် လေးအောက်ဒီဇိုင်း တာဝန်တွေနဲ့အတူ မြန်မာပိုင်းသတင်းအယ်ဒီတာအဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကစပြီး အယ်ဒီတာချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။

သတင်းမီဒီယာမှာ အချိန်ပြည့် လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် (၈) နှစ် တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ KWO ရွေးကောက်ခံရပြီး ဗဟိုအမြဲတမ်းကော်မတီဝင်အနေနဲ့ တက်ကြွစွာ ဆက်လက်ပါဝင်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့အခါမှာတော့ ပြည်တွင်းကရုံးကိုပိတ်သိမ်းပြီး ဝန်ထမ်းတွေ ဘေးကင်း လုံခြုံဖို့၊ သတင်းခန်းပုံမှန်လည်ပတ်နိုင်ဖို့အတွက် အခက်အခဲတွေကြားက ဦးဆောင်ရုန်းကန်ခဲ့ပါတယ်။ KIC သတင်းဌာနကို  ကိုယ်တိုင်စီမံမှု မလုပ်နိုင်တော့တဲ့အချိန်မှာတောင် မိမိရဲ့သတင်းဌာနကို ရေရှည် လည်ပတ် ရှင်သန်သွားစေချင်သူပါ။ ဒါ့အပြင် အမျိုးသမီးတွေကိုလည်း မည်သည့်အခန်းကဏ္ဍမှာမဆို ခေါင်းဆောင်မှု နေရာတွေမှာ ပိုမိုရောက်လာနိုင်ဖို့ ဆန္ဒပြင်းပြသူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဘာသာ စကားနဲ့ တင်ဆက်တဲ့ သတင်းဌာနတွေ၊ တိုင်းရင်းသားသတင်းထောက်တွေ အများကြီး ပေါ်ထွက်လာအောင် အတတ်နိုင်ဆုံး ဆောင်ရွက်သွားဖို့လည်း ရည်မှန်းချက်ထားသူတစ်ယောက် ဖြစ်ပါတယ်။

နန်းဖော့ဂေဟာ နိုင်ငံတကာမြန်မာ့သတင်း (BNI)မှာ Development Officer, Executive Director နဲ့ Policy Affair Committee ဥက္ကဌအဖြစ် တာဝန်ယူခဲ့သလို လက်ရှိအချိန်မှာလည်း အယ်ဒီတာဘုတ် (Board of Editor) အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ ၂၀၂၃၊ ဒီဇင်ဘာလမှာ စတင်ဖွဲ့စည်းတည်ထောင်တဲ့ လွတ်လပ်သောမြန်မာ သတင်းမီဒီယာကောင်စီ (IPCM) ရဲ့ ဥက္ကဌအဖြစ်လည်း ရွေးကောက်ခံခဲ့ရပါတယ်။

သူမဟာ ၂၀၁၈ နဲ့ ၂၀၂၂ခုနှစ် တွေမှာ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ နှစ်ရှည်သက်တမ်းအလိုက် ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူတွေထဲက တစ်ဦးဖြစ်သလို ၂၀၂၄ ခုနှစ်၊ မေလမှာ World Association of News Publisher (WAN-IFRA) က ရွေးချယ်ပေးအပ်တဲ့ Women in News Editorial Leadership Award ကို အရှေ့တောင်အာရှကိုယ်စားပြုဆုရှင်အဖြစ် ရရှိခဲ့ပါတယ်။ ဒီဆုဟာ သတင်းမီဒီယာလောကမှာ အဓိက ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေကို အာရပ်၊ အာဖရိကနဲ့ အရှေ့တောင်အာရှ နယ်ပယ်သုံးခုကို နှစ်စဉ် ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။

 
မေး။     ။ လက်ရှိနွေဦးတော်လှန်ရေး အပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆရာမအမြင်ကို သိပါရစေရှင်။

ဖြေ။      ။ နွေဦးတော်လှန်ရေးလို့ခေါ်နေကြတဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်လာတဲ့ တော်လှန်ရေးကြီးရဲ့ထူးခြားတာတခုက တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တိုင်းရင်းသား နယ်မြေဒေသတွေမှမဟုတ်ဘူး၊ ပြည်နယ်ပြည်မ တဝန်းလုံးကနေပြီးတော့ အမျိုးသမီးတွေရော အမျိုးသားတွေ ရော အထူးသဖြင့် လူငယ်ပိုင်းတွေ ပါဝင်ပြီးတော့ တော်လှန်ရေးမှာ ကဏ္ဍအသီးသီးက ထမ်းဆောင်ကြတယ်။ စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်တွေကို ဖြုတ်ချဖို့ အလွှာအသီးသီးက တနိုင်ငံလုံးပါဝင်တဲ့ ပြည်သူ့တော်လှန်ရေးကြီးတခုလို့ ယူဆမိတယ်။
 

မေး။     ။ အာဏာသိမ်းပြီး‌နောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် ခွဲခြားတဲ့အယူအဆတွေ ပြောင်းလဲသွား တယ်လို့ ထင်ပါသလား။ ဘာတွေက ပြောင်းလဲသွားတယ်လို့ မြင်တွေ့ရလဲ။

ဖြေ။      ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် ခွဲခြားတဲ့အယူအဆက အရမ်းကြီး ပြောင်းလဲ သွားတယ်လို့တော့ မမြင်ဘူး။ အသိအမှတ်ပြုမှု တစုံတရာတော့ ရှိလာကြတယ်။ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ် အပြီး ရက်ပိုင်းမှာပဲ စပြီးတော့ ငြိမ်းချမ်းစွာဆန္ဒပြမှု၊ လမ်းလျှောက်ဆန္ဒပြမှုမှာလည်း အမျိုးသမီးလူငယ်ပိုင်းတွေ ခေါင်းဆောင်ပြီးတော့ ဦးဆောင်ခဲ့တာတွေကို မြင်ကြရတယ်။ တာထွက်ခဲ့တဲ့ပုံစံမျိုးတွေရှိတဲ့အတွက် ဒါကြီးက မေ့ဖျောက်လို့မရတဲ့၊ ချန်ထားလို့မရတဲ့ သမိုင်းတခုလည်း ဖြစ်ခဲ့တယ်။ မှတ်တိုင်တခုလည်း ဖြစ်တယ်။

နောက်တခုက အဲ့နောက်ပိုင်း ဖြစ်လာတဲ့ ၂၂၂၂ နဲ့ မတ်လအထိက တောက်လျှောက်က ဆန္ဒထုတ်ဖော်မှုတွေ အကုန်လုံးက အမျိုးသမီးတွေက သူ့အခန်းကဏ္ဍနဲ့သူ သူ့နည်းလမ်းနဲ့သူ ဦးဆောင်ခဲ့ကြပါဝင်ခဲ့ကြတယ်။ ဆန္ဒပြမှုတွေကို ဖြိုခွင်းတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကိုတောင် မတွန့်ဆုတ်သွားဘဲနဲ့ နည်းလမ်းသစ်မျိုးစုံကို သုံးပြီး တော်လှန်ခဲ့ကြတယ်။  ထဘီကိုအလံလိုမျိုး သဘောထားပြီး လုပ်တဲ့အပိုင်းလေးတွေကအစ ဒီလှုပ်ရှားမှုက စနစ်တခုကို ပြောင်းလဲသွားစေခဲ့တယ်။

နိုင်ငံရေးပါတီတွေကအစ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတွေ၊  အရပ်ဘက်အဖွဲ့အစည်းတွေအဆုံး အမျိုးသမီးတွေရဲ့ပါဝင်မှုဆိုတာ တော်တော်အရေးကြီးတဲ့ အခန်းကဏ္ဍဆိုတာမျိုးကိုတော့ အသိအမှတ်ပြုတဲ့ အပိုင်းကိုတော့ တွေ့ရတယ်။ သို့သော်လည်း ဓလေ့ထုံးစံအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ ရှိနေဆဲ၊ အရိုးစွဲဖြစ်နေဆဲဖြစ်တော့ ချက်ချင်းကြီးကို ခွဲခြားတဲ့အယူအဆ နှစ်မြုပ်နေတဲ့အရာကို ပြောင်းလဲသွားဖို့ တော်တော်ကြီးတော့ လုပ်ဆောင်ရဦးမယ်။ အများကြီးတော့ ပြောင်းလဲသွားတယ်လို့ မမြင်ရသေးဘူး။

နိုင်ငံရေးပါတီတွေကအစ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတွေ၊  အရပ်ဘက်အဖွဲ့အစည်းတွေအဆုံး အမျိုးသမီးတွေရဲ့ပါဝင်မှုဆိုတာ တော်တော်အရေးကြီးတဲ့ အခန်းကဏ္ဍဆိုတာမျိုးကိုတော့ အသိအမှတ်ပြုလာကြတယ်”

 
မေး။     ။နိုင်ငံသစ်တည်ဆောက်ရေးမှာ အမျိုးသမီးတွေနဲ့ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကိုလုပ်ဆောင်သင့်ပါသလဲ။

ဖြေ။      ။ နိုင်ငံသူတစ်ဦးအနေနဲ့ အမျိုးသမီးတဦးအနေနဲ့ မြင်ကြည့်မယ်ဆိုရင် နိုင်ငံသစ်တခုကို တည်‌ဆောက်ဖို့ အရေးမှာဆိုရင်တော့ အပြန်အလှန် စာနာမှုတရားနဲ့ လေးစားမှု ရှိကြရပါမယ်။ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ တိုးတက်ဖို့အတွက် မျှတမှု၊ တရားမျှတမှုတွေနဲ့ အပြန်အလှန် လေးလေးစားစား တည်ဆောက်သွားမယ်ဆိုရင်တော့ ဒီရလဒ်ကို ခံစားရရှိမယ်လို့ မြင်ပါတယ်။

ဒီအပိုင်းမှာကျတော့ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကလည်း အရေးကြီး ပါတယ်။ ဘာလို့လဲဆို မိသားစုတစုမှာတောင်မှ အမျိုးသမီး၊ အမျိုးသား၊ အဖေအမေ၊ အစ်ကိုအစ်မ ဒွန်တွဲနေတယ်။ ဘယ်အရာမဆို ဆုံးဖြတ်ပိုင်ခွင့်ကတော့ သူ့ကဏ္ဍအလိုက် လုပ်နိုင်စွမ်းအပေါ်မှာ မူတည်ပြီးတော့ အမျိုးသမီးမို့လို့ဆိုတဲ့ သတ်မှတ်ချက်ထက် ကိုယ့်ရဲ့ပင်ကိုယ် စွမ်းဆောင်ရည်အပေါ်မှာ ထားပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်ကို  လမ်းဖွင့်ပေးဖို့ လိုအပ်တယ်။

ရှေးရိုးစွဲနဲ့ လျစ်လျူရှုမှုတွေကို ပပျောက်စေချင်တယ်။ ပြည့်ပြည့်ဝဝ ပါဝင်နိုင်ဖို့က ကမ်ပိန်းတွေပဲ လုပ်နေတာနဲ့ မပြီးဘူး။ သက်ဆိုင်ရာအစုအဖွဲ့တခုစီကလည်း အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့် ဦးဆောင်ပိုင်ခွင့်တွေ အပြည့်အဝ ရရှိဖို့အတွက်က အမျိုးသမီးတွေကို ပါဝင်မှု၊ လက်တွဲခေါ်ဆောင်မှုနဲ့ ဂျန်ဒါ-ကျားမတန်းတူ‌ရေး မူဝါဒတွေ ချမှတ်ပြီးတော့ လိုက်နာကျင့်သုံး အကောင်အထည်ဖော်သင့်တယ်။

ပါးစပ်နဲ့ဆုံးဖြတ်ချက်ဆိုတာ လေထဲမှာ ပျောက်သွားနိုင်တယ်။ တခါတလေကျရင်တော့ မူဝါဒတွေချမှတ်ပြီး‌တော့ ဘာမှလည်း မကျင့်သုံးဘူးဆို ဘာမှမဖြစ်လာဘူးလေ။ အဆင့်ဆင့် အများကြီးလုပ်ဖို့ လိုတယ်လို့ မြင်တယ်။
 

မေး။     ။ စနစ်ပြောင်းတော်လှန်ရေး အောင်မြင်ဖို့အတွက် မီဒီယာရဲ့အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးကြီးပါသလဲ။

ဖြေ။      ။ မီဒီယာရဲ့အခန်းကဏ္ဍက အရမ်းအရေးကြီးတယ်လို့ မြင်တယ်။ ဘာလို့လဲဆို သတင်းအချက်အလက် ဆိုတာ အဆိုးတွေ ရှိတယ်။ အကောင်းတွေ ရှိတယ်။ စနစ်ပြောင်းတဲ့တော်လှန်ရေးတရပ် ‌အောင်မြင်သွားဖို့၊ စစ်အာဏာရှင်စနစ် ဖြိုချဖို့ဆိုတာ မီဒီယာရဲ့အခန်းကဏ္ဍအနေနဲ့ ပြည်သူလူထုကို မှန်ကန်တဲ့ သတင်းအချက်အ လက်တွေ ဖော်ပြပေးဖို့ရုံတင်မကပဲနဲ့ ဘယ်လိုသတင်းအချက်အလက်တွေက မှားယွင်းနေတယ်၊ ဘယ်လိုက ဝါဒဖြန့်တဲ့သတင်းတွေဖြစ်တယ် ဆိုတာမျိုးကိုလည်း ပညာပေးမှုအပိုင်းမှာ လုပ်ရမယ့်ဟာမျိုးလည်း ရှိတယ်။

သတင်းမီဒီယာအပိုင်းမှာက အသိပေးမှုတခုထဲမဟုတ်ဘဲနဲ့ ပညာပေးမှုအပိုင်းပါ လုပ်ရမယ့်အနေအထား ဖြစ်တယ်။ တဖက်မှာလည်း တော်လှန်ရေးမှာ တအားပင်ပမ်းနစ်မွန်းနေတဲ့ ပါဝင်သူတွေ အသီးသီးကိုလည်း ဖျော်ဖြေမှုအပိုင်းပါ လုပ်သွားလို့ ရနိုင်တယ်။ မီဒီယာအခန်းကဏ္ဍက အသိပေးမှု၊ ပညာပေးမှု၊ ဖျော်ဖြေမှုပါ လုပ်သွားနိုင်တယ်ဆိုတော့ စနစ်ပြောင်းစေဖို့ အထောက်အပံ့ တွန်းအားဖြစ်စေပါတယ်။ အုတ်တချပ် သဲတပွင့်အနေနဲ့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။

“မီဒီယာအခန်းကဏ္ဍက အသိပေးမှု၊ ပညာပေးမှု၊ ဖျော်ဖြေမှုပါ လုပ်သွားနိုင်တယ်ဆိုတော့ စနစ်ပြောင်းစေဖို့ အထောက်အပံ့ တွန်းအားဖြစ်စေပါတယ်။ အုတ်တချပ် သဲတပွင့်အနေနဲ့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်”
 

မေး။     ။ ကိုယ်တိုင်အနေနဲ့ မီဒီယာလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံ ခံရတာတွေ ကြုံတွေ့ရဖူးပါသလား။

ဖြေ။      ။ အမျိုးသမီးဖြစ်လို့ ခွဲခြားဆက်ဆံခံရတာ သိသိသာသာတော့ မရှိဘူး။ ခွဲခြားမှုဆိုတာက ရုပ်ပိုင်းဆိုင်ရာနဲ့ပဲ သွားပြီးတော့ ကြုံဆုံရတာ မဟုတ်ဘူး။ တခါတလေ စိတ်ပိုင်းဆိုင်ရာအရ ခွဲခြားမှုတွေ ရှိပါတယ်။ ကိုယ့်ကို လုပ်နိုင်ပါ့မလား။ လုပ်လို့တတ်ပါ့မလား ဆိုပြီး မြင်တာရှိပါတယ်။ အဲ့လိုမျိုး ယုံကြည်မှု မရတာတွေလည်း တခါတလေရှိတယ်။

ယုံကြည်မှုဆိုတာ ကိုယ့်ရဲ့မိသားစုဆွေမျိုးအသိုင်းအဝိုင်းထဲမှာ၊ ကိုယ့်ရဲ့ နီးစပ်ရာပတ်ဝန်းကျင်မှာဖြစ်စေ ဒါမျိုးလေးတွေက ကြုံရတာတော့ ရှိတယ်။ ဒီအပေါ် အရမ်းကြီး ခံစားရပြီး တော့ စိတ်ဓာတ်ကျသွားလို့တော့ မရဘူး။ အဓိကက အလုပ်တခုလုပ်ပြီဆို အခက်အခဲတော့ ကြုံရမယ်။

ကိုယ့်နိုင်ငံအတိုင်းအတာနဲ့ ကိုယ့်လူမှုအဖွဲ့အစည်း အတိုင်းအတာကလည်း အမျိုးသမီးတွေဆို အိမ်မှာနေရမဲ့သူ ဆိုတာမျိုး ယူဆနေကြတာမျိုးတဲ့အတွက် ဒါကခံရတာပဲ။ ကျွန်မရဲ့ ကိုယ်ပိုင်ပုံစံကလည်း ‌အေးဆေးပဲနေတယ် ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာ ခွဲခြားသလိုကြုံရရင်တော့ နည်းနည်း အဲ့ဒါကို တန်ပြန်ချင်တဲ့စိတ်က ရှိတယ်။

ပြန်လုပ်ပြချင်တဲ့စိတ်က ရှိတယ်။ သို့ပေမယ့် မပြောဘူး။ မပြောဘဲနဲ့ သက်သေပြသွားတဲ့ဟာ ရှိတယ်။ ကိုယ့်လိုပဲ လုပ်ဖော်ကိုင်ဖက်တွေ၊ ဂျူနီယာဝန်ထမ်းလေးတွေ ရှိတယ်ဆိုတော့ ကိုယ့်လောက်မကြုံရအောင် အရှေ့ကနေ ကာထား လမ်းဖောက်ထားတာမျိုးလေးတွေ လုပ်ရတာပေါ့။
 

မေး။     ။ ဂျဲန်ဒါတန်းတူညီမျှရေး အပါအဝင် တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု မြင့်တက်လာဖို့ အတွက် မီဒီယာတွေအနေနဲ့ ဘယ်လိုလုပ်ပေးနိုင်ပါသလဲ။

ဖြေ။      ။ ဂျဲန်ဒါတန်းတူညီမျှရေးနဲ့ပတ်သက်ပြီး အခုလည်း တော်တော်များများက  လူသားတွေရဲ့ အခွင့်အရေး ပေါ်မှာ မူတည်ပြီးတော့ ရေးသားဖော်ပြနေတာပဲ။ သတင်းမီဒီယာဆိုတာလည်း လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့်ကို အခြေခံတာဆိုတော့ ကျန်တဲ့တန်းတူညီမျှမှုတွေက တစ်ပါတည်း ပါလာတယ်။ “လွတ်လပ်စွာ” ဆိုတဲ့နေရာမှာ ပရမ်းပတာ လွတ်လပ်စွာတော့ မဟုတ်ဘူး။

လူသားတွေမှာလည်း သူ့ရဲ့သီလတွေ ရှိတယ်။ သတင်းမီဒီယာမှာလည်း ကျင့်ဝတ် ဆိုတာရှိတယ်။ ကျင့်ဝတ်ကို ခိုင်ခိုင်မာမာနဲ့ ရေးသားဖော်ထုတ်သွားမယ် ဆိုရင် ကောင်းကျိုး၊ တိုးတက်မှုအတွက် လူမှုအဖွဲ့အစည်းတွေ၊ ကိုယ့်ရဲ့ရပ်ရွာ၊ ကိုယ့်နိုင်ငံ၊ တဦးတယောက် ချင်းစီရဲ့ ကောင်းမွန်တဲ့ ပြောင်းလဲမှုကို ဖြစ်စေတဲ့အရာ ဖြစ်တယ်။

သတင်းဆောင်းပါးတပုဒ်ဟာ လူအများကြီးဆီကို ရောက်တဲ့အထိ တာသွားတယ်။ တန်းတူညီမျှရေးဖြစ်စေ၊ တရားမျှတမှုဖြစ်စေ မြှင့်တက်လာဖို့က မီဒီယာကနေ ပညာပေးမှုတွေ သာဓကပေးပြီး ရေးသားမှုတွေကို ရေးသားဖော်ပြခြင်းအားဖြင့် တယောက်ချင်းလိုက်ပြောလိုက်တာထက်စာရင် လူပေါင်းရာနဲ့ချီက ဒီထုတ်လုပ်မှု တွေကို ကြည့်ရ၊ ဖတ်ရ၊ နားထောင်ရတယ်။ ဒါတွေက မီဒီယာတွေက လုပ်ဆောင်ပေးနိုင်တဲ့အရာလို့ ပြောလို့ ရတာပေါ့‌နော်။


မေး။
     ။ အမျိုးသမီးခေါင်းဆောင်တွေ ပိုမိုထွက်ပေါ်လာဖို့အတွက် မီဒီယာကနေ ဘယ်လိုလုပ်ဆောင် ပေးနိုင်ပါသလဲ။

ဖြေ။      ။ ပညာရေး၊ ကျန်းမာရေးဆိုလည်း မွေးထုတ်ရတာပါပဲ။ မွေးထုတ်ပြီးတော့ ပျိုးထောင်ဖို့ လိုတယ်။ တဖက်မှာလည်း လက်တွဲ‌ခေါ်ဆောင်ဖို့ လိုတယ်။ တစ်တချက်ကတော့ ကျွန်မတို့အမျိုးသမီးတွေအနေနဲ့က ခေါင်းဆောင်မှု အပိုင်းရောက်ဖို့အတွက် နောက်လိုက်ကောင်းတွေ အရင်ဖြစ်ရသေးတာကို။ ကိုယ်တိုင်က ပါဝင်လုပ်ဆောင်မှု အားကောင်းဖို့ လိုတယ်။

တဖက်မှာလည်း မိမိကိုယ်ကို ငါလုပ်နိုင်တယ်၊ တခြားသူ လုပ်နိုင်တယ်ဆိုရင် ငါလည်းလုပ် နိုင်တယ်ဆိုတဲ့ self- confident က အားကောင်းဖို့ လိုတယ်။ နောက်တခုက ခံနိုင်ရည်ရှိဖို့လိုတယ်လို့ မြင်တယ်။ သက်ဆိုင်ရာ  သတင်းမီဒီယာတွေမှာလည်း သတင်းခန်းတွေမှာ အမျိုးသမီး သတင်းထောက်တွေရဲ့ ပါဝင်မှုကနေတစ်ဆင့် ဦးဆောင်မှုအပိုင်းအထိ လက်တွဲခေါ်ဆောင်ဖို့အတွက် အရမ်း အရေးကြီးတယ်။ ထိုကမှတဆင့် အမျိုးသမီးခေါင်းဆောင်တွေကို အများကြီး ထွက်ပေါ်လာအောင် ပံ့ပိုးပေးနိုင်မယ်လို့ မြင်ပါတယ်။

 
မေး။     ။ တော်လှန်ရေး ၄ နှစ်ကာလမှာ အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုကဏ္ဍတွေမှာ ထင်ထင် ရှားရှားမြင်တွေ့နေရပြီလို့ သုံးသပ်ချင်ပါသလဲ။

ဖြေ။      ။ အမှန်တော့လည်း မြန်မာနိုင်ငံမှာ တော်လှန်ရေးက တော်တော်တော့ကြာခဲ့ပြီ။ စစ်အစိုးရ အဆက်ဆက်ကို‌ တော်လှန်ခဲ့တဲ့ကာလတွေက အရှည်ကြီးရှိခဲ့တယ်။ ဒါပေမယ့် တနိုင်ငံလုံးပါလာခဲ့တဲ့ တော်လှန်ရေးက ဒီ (၄) နှစ် တာပေါ့။ အမျိုးသမီးတွေအတွက် ဆုံးဖြတ်ပိုင်ခွင့်က အခုမှာတော့ တော်တော် များများ ရလာတာ မြင်ရပါတယ်။ သက်ဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့တွေ၊ အထူးသဖြင့် အမျိုးသမီးအရပ်ဘက် အဖွဲ့အစည်းတွေမှာ အရမ်းအားကောင်းတယ်။ နဂိုကထက် အခုက ပိုပြီး စုစည်းကြတယ်။ ညီညွတ်ကြတယ်။

အမျိုးသမီးအဖွဲ့အစည်းမဟုတ်တဲ့ တခြားသက်ဆိုင်ရာနိုင်ငံရေးအဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်း တွေ ယုတ်စွအဆုံး လက်နက်ကိုင်ပြီး တိုက်တဲ့အခန်းကဏ္ဍမှာလည်း အမျိုးသမီးနဲ့ အမျိုးသား အပြန်အလှန် လေးစားမှုနဲ့ ရိုင်းပင်းဝန်းရံမှုတွေက ပိုပြီး ပေါ်လွင်လာတယ်လို့ သုံးသပ်မိတယ်။
 

မေး။     ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုအပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။

ဖြေ။      ။ အမျိုးသမီးတွေနိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်၊ ပြည့်ပြည့်ဝဝ ပါဝင်နိုင်မယ်ဆိုရင် မျှတတဲ့ တွေးခေါ်မှုတွေ၊ မျှတတဲ့စီမံအုပ်ချုပ်မှုတွေ၊ မျှတတဲ့ဥပဒေတွေ၊ ပြည့်စုံတဲ့ဥပဒေတွေ အများကြီး အကောင်အထည်ဖော်နိုင်မယ်လို့ မြင်တယ်။ တင်းပြည့်ကျပ်ပြည့် ပါဝင်နိုင်ပြီဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေမှာ ကျား၊မတန်းတူမှု၊ သာတူညီမှုတွေနဲ့ နိုင်ငံကို ရေရှည်တိုးတက်အောင် သယ်ဆောင်သွားနိုင်မဲ့ အပြောင်းအလဲကို မြင်တွေ့ရမယ်လို့ ယူဆမိပါတယ်။
 

မေး။     ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့ အနာဂတ်နိုင်ငံသစ်ကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။

ဖြေ။      ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့ အနာဂတ်နိုင်ငံသစ်ကတော့ မျှော်လင့်ထားတယ်ဆိုပေမယ့် တော်တော်လေးတော့ လုပ်ဆောင်ရဦးမယ်။ တဦးတယောက်ချင်းစီ မိသားစုတစုက စပြီးတော့ ကိုယ့်ရဲ့ရပ်ရွာ၊ နိုင်ငံတခုလုံးအဆုံး ခွဲခြားမှုမရှိအောင် လုပ်ရမယ်။ ခွဲခြားမှုမရှိအောင် တိုက်ရိုက်မလုပ်နိုင်ရင်တောင် အပြန်အလှန် နားလည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန်ရိုင်းင်းမှုတွေ ရှိတဲ့အခြေအနေကို ရောက်ဖို့ အတွက် မိမိတဦးချင်းစီရဲ့စိတ်နေစိတ်ထားကစပြီး  ပြုပြင်သွားရမယ်လို့ ထင်တယ်။

တဦးတယောက်ချင်းစီ ပြုပြင်သွားဖို့ဆိုတာကလည်း တော်တော်လေးတော့ အချိန်ယူရဦးမယ်။ ဘာလို့လဲဆိုတော့ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ယူရတာက ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ရတာထက် ပိုခက်ခဲတယ်။ ဒါကြောင့် သူ့အခန်းကဏ္ဍအလိုက်၊ သူ့အစုအဖွဲ့အလိုက် တည်ဆောက်သွားမှသာရင် ခွဲခြားမှုမရှိတဲ့ အနာဂတ်နိုင်ငံကို မြန်မြန်မြင်တွေ့ရမယ်လို့ မျှော်လင့်မိပါတယ်။


“တဦးတယောက်ချင်းစီ မိသားစုတစုက စပြီးတော့ ကိုယ့်ရဲ့ရပ်ရွာ၊ နိုင်ငံ တခုလုံးအဆုံး ခွဲခြားမှုမရှိအောင် လုပ်ရမယ်။ ခွဲခြားမှုမရှိအောင် တိုက်ရိုက် မလုပ်နိုင်ရင်တောင် အပြန်အလှန် နားလည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန်ယိုင်းပင်းမှုတွေ ရှိတဲ့အခြေအနေကို ရောက်ဖို့အတွက် မိမိတဦးချင်းစီရဲ့ စိတ်နေစိတ်ထားက စပြီး  ပြုပြင်သွားရမယ်”


“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media