နန့်မေသဉ္ဇာ ပူးတွဲတည်ထောင်သူ (BPLA)
အမှုဆောင်ဒါရိုက်တာ (The Space)
 
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“အမျိုးသမီးတွေ နိုင်ငံရေး၊ စစ်ရေးပါဝင်ခွင့် ပိုပြီးရှိဖို့ လိုတယ်။ မြန်မာနိုင်ငံမှာက နိုင်ငံရေးပါဝင်ခွင့် တခုထဲကိုပဲ ပြောလို့ မရတော့ဘူး။ စစ်ရေးပါဝင်ခွင့်ဟာလည်း နိုင်ငံရဲ့အပြောင်းအလဲနဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်နေတယ်ဆိုတာကို ကျွန်မတို့ သိဖို့ လိုအပ်တယ်”
 

            ဧရာဝတီတိုင်း၊ ပန်းတနော် ဇာတိဖွား အသက် (၃၁) နှစ် ရှိသူ နန့်မေသဥ္ဇာသည် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကို စတင်တည်ထောင်ခဲ့သူ ခေါင်းဆောင် (၁၇) ဦးအနက် တစ်ဦး ဖြစ်ပါတယ်။ BPLA ရဲ့ တပ်သားသစ်စုဆောင်းရေးနှင့် စိစစ်ရေးဌာနမှူးအဖြစ် တာဝန်ယူထားသလို၊ BPLA ၏ အရပ်သားဌာနဖြစ်တဲ့ The Space ရဲ့ အမှုဆောင်ဒါရိုက်တာလည်း ဖြစ်ပါတယ်။

            ၂၀၁၀ - ၂၀၁၂ ခုနှစ်မှာ ဓန နေ့စဉ်သတင်းစာတွင် သတင်းထောက် အဖြစ် စတင်လုပ်ခဲ့ပြီး တစ်ချိန်တည်းတွင် KWEG မှာ စေတနာ့ဝန်ထမ်း လုပ်ခဲ့ပါတယ်။  ၂၀၁၂ - ၂၀၁၆ ကာလမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာကမ့်တွေမှာ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးအတွက် အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၁၆ - ၂၀၁၉ မှာ Action Aid Myanmar အဖွဲ့ Women Right department မှာ အလုပ်လုပ်ခဲ့ပြီး၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွေမှာ Colorful Girl အဖွဲ့မှာ Trainer အနေနဲ့ လုပ်ခဲ့ပါတယ်။ ၂၀၁၁ မှ ၂၀၂၁ အထိ KNU လူငယ်နည်းပညာ အထောက်အကူပြုသူအနေနဲ့ လူမျိုးစုနိုင်ငံရေးကို လေ့လာခဲ့ပါတယ်။

            ၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း GSCN ကိုစတင်တည်ထောင်သူထဲမှာ ပါဝင်ခဲ့ပြီး ယခုအချိန်အထိ ကရင်လူမျိုးစု ကိုယ်စားပြုအနေဖြင့် ပါဝင်နေပါတယ်။ ၂၀၂၁ မတ်လ ၈ ရက်နေ့မှာ “ငါတို့ထဘီ ငါတို့အလံ ငါတို့အောင်ပွဲ” ကမ်ပိန်းကို တနိုင်ငံလုံးအနေဖြင့် ပါဝင်လာနိုင်စေရန် ဦးဆောင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

            ၂၀၂၁ မတ်လမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ပြီး ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကို စတင်တည်ထောင်ခဲ့သူများတွင် ပါဝင်ခဲ့ပြီး အပတ်စဉ်(၁) သင်တန်းကို တက်ရောက်ခဲ့ပြီး လက်ရှိမှာ စုဆောင်းရေးနှင့် စိစစ်ရေးဌာနမှူးအဖြစ် တာဝန်ယူထားပါတယ်။  ၂၀၂၂ ဒီဇင်ဘာလမှာ The Space အဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ အမှူဆောင်ဒါရိုက်တာ အနေနဲ့ လုပ်ကိုင်လျက် ရှိပါတယ်။


မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆရာမ အမြင်ကို ပြောပြပေးပါရှင့်။

ဖြေ။      ။ အခုဆို နွေဦးတော်လှန်ရေးက လေးနှစ်ပတ်ဝန်းကျင် ဖြစ်လာပြီ။ အစပိုင်း တစ်နှစ် နှစ်နှစ်ကတော့ ဒီတော်လှန်ရေးအပေါ်မှာ မခံချင်စိတ်တွေ၊ ပြောင်းလဲချင်စိတ်တွေ အရမ်းပြင်းကြတယ်။ နောက်ပိုင်းမှာ နည်းနည်းတော့ အားလျော့သွားတယ်။ ကျွန်မအနေနဲ့ အဲ့ဒီအားလျော့သွားမှုကို ကောင်းတဲ့ဘက်က ပိုရှုမြင် ရမယ်ဆိုရင် အဖွဲ့တွေက ပိုပြီးကျစ်လျစ်သွားတယ်။

ဘာတွေ အဓိကလိုအပ်လဲဆိုတာ သူတို့ ကောင်းကောင်း သိသွားတယ်။ ပထမနှစ်ပိုင်းလောက်မှာဆိုရင် ပုံစံမျိုးစုံနဲ့ ကွဲပြားနေတယ်။ အခြေအနေမျိုးစုံနဲ့ ကွဲပြားနေတယ်။ စနစ်တကျ စုဖွဲ့ရမယ်ဆိုတဲ့သိမှုမျိုး မရှိကြဘူး။ ဒါပေမယ့် ဒီနှစ်ပိုင်းမှာ အထိအခိုက်လည်း တော်တော်လေး  ရှိလာခဲ့ကြတယ်။ ပြည်သူလူထုနဲ့လည်း တိုက်ရိုက်ဆက်ဆံလာခဲ့ကြရပြီဆိုတော့ လူထုက ဘာကိုကြိုက်လဲ ဘာကိုမကြိုက်ဘူးလဲဆိုတာ ကောင်းကောင်းသိလာတယ်။ ပြည်သူလူထုအပေါ်မှာ သူတို့ဆက်ဆံမိတဲ့ အပြုအမူတွေဟာ ပြည်သူလူထုက ပြန်ပြီးတုန့်ပြန်လာကြပြီ။

အပြန်အလှန်အခြေအနေကို ရောက်လာချိန်မှာ  တော်လှန်ရေးက အပြုသဘော ပိုဆောင်လာတယ်လို့ သုံးသပ်လို့ရတယ်။ ဒီလေးနှစ်ကာလမှာ ဇကာတင်ပြီး စစ်ချလိုက်တယ်လို့ မြင်တယ်။ သေချာပြီး စစ်မှန်တဲ့အုပ်စုတွေက ကျန်ခဲ့ပြီးတော့ မစစ်မှန်တဲ့ အုပ်စုတွေက ဇကာအပေါက်ထဲကို ကျသွားတယ်လို့ မြင်တယ်။

နိုင်ငံရေးအစုအဖွဲ့မှာဆိုရင် လူငယ်တွေနဲ့ စုဖွဲ့ထားတဲ့ အစုအဖွဲ့တွေက potential ရှိလာတယ်လို့ တဖက်မှာ မြင်ရတယ်။ အဲ့လိုအခြေအနေတခုကို လေးနှစ်မှာ တည်ဆောက်နိုင်ခဲ့တယ်လို့ ကျွန်မ ယူဆတယ်။ လူငယ်တွေနဲ့စုဖွဲ့ထားတဲ့ နိုင်ငံရေးအစုအဖွဲ့တွေသည် Potential နိုင်ငံရေးအဖွဲ့တွေအဖြစ် ပစ်ပယ်လို့မရဘူး။  innovative ဖြစ်တဲ့ အတွေးအမြင်တွေကို နိုင်ငံရေးအစုအဖွဲ့ဟောင်းတွေက ကျော်လွန်လို့ မရတော့ဘူး။

နိုင်ငံရေးအစုအဖွဲ့တွေကြားထဲမှာ အပြုသဘောဆန်တဲ့အပြောင်းအလဲ ဖြစ်သွားဖို့အတွက် လုံလောက်တဲ့ အင်နဲ့အားနဲ့ ဖြစ်လာပြီ။ ဒီလေးနှစ်အတွင်းထဲမှာ အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပြီ ဖြစ်တဲ့အတွက် ဒီ‌လေးနှစ်အတွင်းထဲမှာ အင်နဲ့အားနဲ့ဖြစ်လာခဲ့တယ်လို့ ပြောလို့ရတယ်။
နောက်တခုက ဗမာတွေက ဗမာမဟုတ်တဲ့လူမျိုးစုတွေအပေါ် အပြုသဘောဆောင်တဲ့အမြင်တွေ ဖြစ်လာတယ်။ ဗမာနိုင်ငံရေးသမားတွေရဲ့ practice နဲ့ တခြားဗမာလူမျိုးမဟုတ်တဲ့ လူမျိုးစုတွေရဲ့ practice က ဒီလို ကွဲပြားပါလား ဆိုတာကို သူတို့စပြီး သင်ယူလာတယ်။

သင်ယူလာတာက နားလည်ပေးတယ်လို့ ကျွန်မအနေနဲ့ မယူဆဘူး။ ဘာလို့ဆို တခြားနယ်မြေတွေကို သွားပြီးတော့မှ စိုးမိုးချင်တာ၊ ဗမာအင်အားစုများတဲ့ပါတီက ဒီနိုင်ငံရေးအစုအဖွဲ့မှာ majority ဖြစ်တာ၊ ဗဟိုအာဏာကိုယူထားချင်တာ စသဖြင့် ဒါတွေက ရှိတော့ရှိသေးတယ်။ ဒါပေမယ့်လို့ သူတို့ကျော်လို့ မရဘူးဆိုတာ သိလာကြပြီ။

ဘယ်သူ့ကိုဆိုရင် နိုင်ငံရေးအရ၊ စစ်ရေးအရ ကျော်လို့ မရဘူးလဲ၊ ဘယ်နေရာမှာဆိုရင် ဘယ်သူက ဘာလဲဆိုတာကို သူတို့ စပြီးသိမြင်လာဖို့ စနေကြပြီလို့ ပြောလို့ရတယ်။ အိုအိုမင်းမင်းတော့ ဖြစ်နေကြပြီ။ Innovative လည်း တော်တော်မဖြစ်ဘူး။  NUG အစုအဖွဲ့ကို ကြည့်ရမယ်ဆိုရင် လူငယ်တွေ၊ innovative ဖြစ်တဲ့လူတွေကို‌ ကောင်းကောင်းကြိုဆိုမယ့်လူမရှိသလို ထောက်ပံ့မှုအားလည်း မကောင်းဘူး။ ဒါကတော့ လောလောဆယ် နိုင်ငံရေးအစုအဖွဲ့တွေ ကြားထဲက အခြေအနေကို ရှုမြင်တဲ့အခြေအနေ ဖြစ်ပါတယ်။

“လက်ရှိအာဏာရှင်စနစ်က ကျွန်မတို့ရွေးချယ်ခွင့်မရဘဲနဲ့ ကျွန်မတို့ဆီရောက်လာတဲ့စနစ် ဖြစ်တယ်။ သို့ပေသော်ငြားလည်း ကျွန်မတို့က နှစ်ပေါင်းများစွာ အဲ့ဒါကို practice လုပ်ခဲ့ရတာမျိုးဖြစ်တဲ့အတွက် အဲ့စနစ်နဲ့ ကျွန်မတို့တွေက တံပိုးသေကြိုးသေဖြစ်လာတယ်”
 

 မေး။    ။ နိုင်ငံရေးအရဆို မြန်မာနိုင်ငံဟာ ဘယ်လိုနိုင်ငံရေးစနစ်မျိုးနဲ့ အသားကျခဲ့တဲ့နိုင်ငံလို့ ပြောလို့ရပါသလဲ။

ဖြေ။      ။ လက်ရှိအာဏာရှင်စနစ်က ကျွန်မတို့ရွေးချယ်ခွင့်မရဘဲနဲ့ ကျွန်မတို့ဆီရောက်လာတဲ့စနစ် ဖြစ်တယ်။ သို့ပေသော်ငြားလည်း ကျွန်မတို့က နှစ်ပေါင်းများစွာ အဲ့ဒါကို practice လုပ်ခဲ့ရတာမျိုးဖြစ်တဲ့အတွက် အဲ့စနစ်နဲ့ ကျွန်မတို့တွေက တံပိုးသေကြိုးသေဖြစ်လာတယ်။ တခြားစနစ်တွေကို အပြင်ကနေရှုမြင်ဖို့ အခွင့်အလမ်းလည်း အရမ်းနည်းခဲ့ကြတာကိုး။ အဲ့လိုအခြေအနေမျိုးဖြစ်ခဲ့ကြတယ်လို့ ကျွန်မက ပိုပြီးသုံးသပ်တယ်။

နောက်တခုက နိုင်ငံရဲ့အခြေအနေသည် တလျှောက်လုံး စစ်ရေးပိုကဲတဲ့ နိုင်ငံရေး ဖြစ်ခဲ့တယ်။ နိုင်ငံရေးအခင်းအကျင်းကို တည်ဆောက်ခဲ့တဲ့အချိန်သည်ပင် စစ်ရေးပိုကဲခဲ့တယ်။ အဲ့အချိန်တုန်းကလည်း အားလုံးကို စုစည်းမရခဲ့တဲ့ အခြေအနေ ရှိခဲ့တယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးက အသစ်ကနေပြန်စဖို့ အခွင့်အရေးတခုဖြစ်သွားခဲ့တယ် လို့ တဖက်ကနေ ရှုမြင်ပါတယ်။

 
မေး။     ။ နိုင်ငံအသစ်တခုတည်ဆောက်ဖို့အတွက် ဘယ်လိုအခြေခံမူတွေ စံနှုန်းတွေနဲ့အခြေတည်ပြီး တည်ဆောက်သင့်ပါသလဲ။

ဖြေ။      ။ ကျွန်မအနေနဲ့မြင်တာတော့ မြန်မာနိုင်ငံရဲ့အခြေအနေအရ နိုင်ငံတခုတည်းအနေနဲ့ ဆက်ရှိမှာလား၊  တခုထက်ပိုမှာလားဆိုတာ သေသေချာချာ သိနိုင်တဲ့ကိစ္စ မဟုတ်သေးဘူး။ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်တွေအရပဲဖြစ်ဖြစ် ပုံစံအရပဲဖြစ်ဖြစ် ကွဲပြားမှုတွေအရပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံက တစ်နိုင်ငံလား၊ တစ်နိုင်ငံထက်ပိုပြီးတော့ ဖြစ်နိုင်မလား မသိနိုင်ဘူး။

သို့ပေသော်ငြားလည်း နိုင်ငံတစ်နိုင်ငံရဲ့ အင်္ဂါရပ်လို့ ပြောတဲ့အခါမှာ တန်းတူညီမျှရေးက အရေးကြီးတဲ့အခန်းကဏ္ဍ ဖြစ်တယ်။ မြန်မာနိုင်ငံမှာက လူမျိုးစု အရမ်း များတယ်။ လူမျိုးစုအရမ်းများတဲ့ နိုင်ငံဖြစ်တဲ့အခါမှာ တန်းတူညီမျှရေးကို ‌ရှေးရှုတဲ့နိုင်ငံရေးစနစ် ဖြစ်လာတယ် ဆိုရင်တော့ နိုင်ငံကပိုပြီးတော့ ဖွံ့ဖြိုးမှုမြန်တဲ့နိုင်ငံလို့ ဆိုရမှာပါ။
 

မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အတွေးအမြင်တွေမှာ ဘာတွေပြောင်းလဲသွားလဲ။

ဖြေ။      ။ ပထမတုန်းကတော့ ဒီစစ်ကောင်စီကို ပြိုဖို့အတွက်ကိုပဲ အင်နဲ့အားနဲ့ အကုန်လုံးလည်း ရုန်းကြတာ ဆိုတော့ ဘာလေးပဲ လုပ်လိုက်လုပ်လိုက် အားလုံးက ဝန်းရံချင်ကြတဲ့အခြေအနေရှိတယ်။ ဒါပေမယ့် သုံးနှစ်လောက်မှာ အဟတွေကို စပြီးမြင်လာရတယ်။ အဲ့အချိန်မှာ ကျွန်မတို့အရင်တုန်းက ထင်ထားသလို တန်ဖိုးထားမှုအသစ်တွေအနောက်မှာ ကျွန်မတို့ဆန္ဒပြတုန်းကလို လူအုပ်ကြီးရှိနေသလို မရှိဘူးဆိုတာ မြင်လာရတယ်။

ကျွန်မတို့နိုင်ငံရေးစနစ်အရ ကျွန်မတို့အများကြီး မသင်ယူခဲ့ရဘူး။ စံနှုန်းအသစ်တွေပေါ်မှာ ကျွန်မတို့ လိုက်မှီဖို့အတွက်ပဲဖြစ်ဖြစ် စံနှုန်းအသစ်တွေနဲ့ အသားကျဖို့ပဲဖြစ်ဖြစ် အချိန်ယူရဦးမယ်။ ဒီစံနှုန်းအသစ်တွေ အပေါ်မှာ လူတွေရဲ့ပြောင်းလဲနိုင်စွမ်းနဲ့ လက်ခံနိုင်စွမ်းက  အများကြီး ရှိမနေသေးဘူး။ ဒီဟာကို ဆင့်ပွား ရောက်ရှိတဲ့ အခြေအနေတခုမှာပဲ ရောက်နေသေးတယ်လို့  ပိုပြီးစဉ်းစားမိပါတယ်။


“ကျွန်မတို့နိုင်ငံရေးစနစ်အရ ကျွန်မတို့အများကြီး မသင်ယူခဲ့ရဘူး။ စံနှုန်းအသစ်တွေပေါ်မှာ ကျွန်မတို့လိုက်မှီဖို့အတွက်ပဲဖြစ်ဖြစ် စံနှုန်းအသစ်တွေနဲ့ အသားကျဖို့ပဲဖြစ်ဖြစ် အချိန်ယူရဦးမယ်။ ဒီစံနှုန်းအသစ်တွေအပေါ်မှာ လူတွေရဲ့ပြောင်းလဲနိုင်စွမ်းနဲ့ လက်ခံနိုင်စွမ်းက  အများကြီး ရှိမနေသေးဘူး


မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံတဲ့အယူအဆတွေ ဘယ်လောက်အထိ ပြောင်းလဲသွားပြီလဲ။

ဖြေ။         ။ အမျိုးသမီးတွေအ‌ပေါ်မှာ ဆက်ဆံတဲ့အမြင်တွေက ကျွန်မအနေနဲ့မြင်ရင် မပြောင်းလဲဘူး။ ဖိုဝါဒက သန်မာနေသေးတယ်လို့ ယူဆတယ်။ အရပ်ဘက် စစ်ဘက် နိုင်ငံရေးဖက်တွေမှာ အမျိုးသမီးတွေအပေါ် မြင်တဲ့အမြင်က အရင်အတိုင်းပဲ။ ဖိုဝါဒက ပိုပြီးတောင် သန်မာလာတယ်။ ပိုပြီးတောင် မှန်ကန်သယောင်တောင် ဖြစ်လာတယ်။ တချို့အရာတွေက  prove that လုပ်ပေးနေတယ်။

စစ်သားအဖြစ် အမျိုးသမီးတွေကို မရွေးချယ် ၏ဘူး။ ဘာလို့လဲဆို အမျိုးသမီးတွေက အားနည်းလို့ အမျိုးသမီးတွေက လုံခြုံရေးအရ ပိုပြီးခက်ခဲလို့၊ အဲ့လို အထင်တွေက မှန်သယောင်ယောင် ပိုလုပ်လာတယ်။ မိန်းမတွေဆို ဘယ်လိုဖြစ်တယ်၊ ဒီလိုနေရာတွေနဲ့ဆို ဘယ်လိုတောင်ဖြစ်နိုင်တယ်ဆိုတဲ့ အခြေအနေတွေက ရှိနေသေးတယ်။

နိုင်ငံရေးအစုအဖွဲ့တွေမှာဆိုရင်လည်း အမျိုးသမီးတွေက အိမ်ဖြည့်ဝိုင်းဖြည့်လောက်ကနေပြီးတော့မှ ပိုလွန် ပြီးတော့ ရှိမနေကြသေးဘူး။ နိုင်ငံရေး strong ဖြစ်တဲ့ WLB လို အမျိုးသမီးအင်အားစုတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဖိုဝါဒစနစ်က သူတို့ကတဖွဲ့ရှိတယ်ဆို ဟိုဘက်က ဆယ်ဖွဲ့ရှိတဲ့အခါမှာ သူတို့ကို လွှမ်းမိုးနိုင်တယ်။ ဖောက်ထွက်နိုင်တဲ့အသံက ထင်သလောက်ကြီး များများစားစား မရောက်ဘူး။ အမျိုးသမီးတွေအပေါ်မှာ ထားတဲ့ ပတ်ဝန်းကျင်ရဲ့အမြင်က ဒီနွေဦးတော်လှန်ရေးနောက်ပိုင်းမှာလည်း မပြောင်းလဲဘဲ ရှိနေတုန်းပဲ၊ ရှိနေလတ္တံ့ပဲ ဖြစ်တယ်။
 

မေး။     ။ တော်လှန်ရေးမှာ အမျိုးသမီးတွေက ဘယ်ကဏ္ဍတွေမှာ ထင်ထင်ရှားရှားပါလာဖို့ လိုအပ်လဲ။

ဖြေ။      ။ အမျိုးသမီးတွေအနေနဲ့ ပါဝင်လာကြတာဟုတ်လားလို့ မေးရင် ဟုတ်တယ်။ အမျိုးသမီးတွေ အင်နဲ့အားနဲ့ ပါဝင်လာကြတယ်။‌ ဒါပေမယ့် ပါဝင်တယ်လို့ ပြောတဲ့အခါမှာ ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်နေတာလဲ။ ဘယ် level မှာပါဝင်နေတာလဲဆိုတာကို ပြန်ဆန်းစစ်ကြည့်တဲ့အခါမှာ တကယ့်နိုင်ငံရေးရဲ့အပိုင်းတွေမှာ မပါဝင်နေတာမျိုး မြင်ရတယ်။ တကယ့် change ဖြစ်သွားနိုင်လောက်တဲ့ decision making အပိုင်းကို အများကြီးမပါနေတာကို မြင်နေရပါတယ်။
 

မေး။     ။ ကိုယ်တိုင်အနေနဲ့ အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေ ခွဲခြားဆက်ဆံခံရတာ တွေကြုံတွေ့ဖူးလား။

ဖြေ။      ။ ကျွန်မကိုယ်တိုင် sexual harassment ကိုကြုံရတယ်။ ခြောက်လလောက် ဖင်ထိုင်လျှက် ပြုတ်ကျသွားတယ်။ ကျွန်မတောထဲကနေပြီးတော့မှ  စစ်သင်တန်းတွေတက်ပြီး လုံးဝအရပ်ဘက်-စစ်ဘက်ရဲ့ ဆက်ဆံရေးကို ရုန်းကန်တော့မယ်ဆိုပြီးတော့ လက်သီးလက်မောင်းတန်းပြီး ထွက်လာတဲ့အချိန်မှာ harassment  ခံလိုက်ရတဲ့အချိန်မှာ ၆ လလောက်ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။

အမျိုးသမီးဖြစ်ခြင်းကြောင့် ဒီနေရာမှာမပါပါနဲ့လို့တော့ မပြောဘူး။ သို့ပေသော်ငြားလည်း ဒီနေရာကို မစဉ်းစားတာမျိုးပေါ့။ ဒီလိုအခြေအနေမျိုးတွေ အများကြီး။ ကျွန်မတို့ဆိုရင် ခေါင်းဆောင်မှုအပိုင်းမှာ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုအပိုင်းထိ ချည်းကပ်နိုင်တဲ့လူငယ်အမျိုးသမီးတွေထဲမှာ ပါဝင်တယ်။ သို့ပေမယ့် အဲ့လောက်ကြီးထိ မလွယ်ကူနေဘူး။ အမျိုးသားတယောက်ကို တည်ဆောက်ပေးထား သလောက်တော့ မလွယ်ကူနေဘူး။

နိုင်ငံရေးမှာ သူကလည်းအဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်အနေနဲ့ကိုယ်စားပြုတာပဲ ကျွန်မတို့ကလည်း ကိုယ့်ရဲ့အဖွဲ့အစည်းခေါင်းဆောင်အနေနဲ့ ကိုယ်စားပြုတာပဲ။ သို့ပေသော်ငြားလည်း ကိုယ်ကလူငယ်ဖြစ်တယ်၊ အမျိုးသမီးဖြစ်တဲ့အခါမှာ အမျိုးသားတစ်ယောက်ယောက်ကြောင့် ဒီနေရာမှာ ပါဝင်နေရတာလား ဆိုတဲ့အမြင် နောက်တခုက ဘယ်သူ့အကပ်ရှိလို့ ပါနေတာလဲဆိုတာ မြင်တတ်ကြတယ်။

ဒါမှမဟုတ်ရင် ဒီလူကြီးတယောက် ယောက်နဲ့ အတူတူအိပ်နေပြီးတော့ ဒီနေရာမှာ ဒီအခွင့်အရေးကို ရလာတာလားဆိုပြီး အဲ့လိုမေးခံရတယ်။ အဲ့ဒါဘာလဲဆိုရင် နိုင်ငံရေးအစုအဖွဲ့တွေ ကြားထဲမှာ သူ့အဖွဲ့ကိုယ့်အဖွဲ့ ကိုယ်စားပြုပြောကြတဲ့ အစည်းအဝေး ကနေ ပြန်တဲ့အချိန်မှာ ဒီလူကြီးတယောက် အနောက်ကို လိုက်သွားပြီးအိပ်မှာလားဆိုပြီးမေးတာကို ခံရတယ်။ ဒါဟာ အမျိုးသမီး ဖြစ်နေတဲ့အပေါ်မှာ သူတို့တွေရဲ့အမြင်၊ ကျွန်မရဲ့ နေပုံထိုင်ပုံနဲ့ ပြောပုံဆိုပုံ ဝတ်ပုံစားပုံ ကိုလည်း သူတို့ judge လုပ်ပါလိမ့်မယ်။

နိုင်ငံရေးအစုအဖွဲ့တွေသည် အရမ်း narrow mind  ဖြစ်သေးတယ်။ ဒီလိုမျိုး တော်လော်ကန့်လန့်ဝတ်တက်တဲ့ အမျိုးသမီးတယောက်ဟာ နိုင်ငံရေးပါဝင်မှုမှာ ပါလို့မရဘူးလား။ နိုင်ငံရေးပါဝင်မှုက ဦးနှောက်နဲ့ အလုပ်လုပ်တာလေ။ ကျွန်မတို့ရဲ့ပါးစပ်နဲ့ စကားပြောတာလေ။ လူတွေနဲ့ ထိတွေ့တာလေ။ အဲ့ဒါဟာ ကျွန်မတို့ personality နဲ့အများကြီးမဆိုင်ဘူး။ လူငယ်ဖြစ်မှုနဲ့ အများကြီးမဆိုင်သလို အမျိုးသမီးဖြစ်မှုနဲ့လည်း မဆိုင်ဘူး။ ဝတ်ပုံစားပုံနဲ့လည်း မဆိုင်ဘူး။ ဒါပေမယ့် အဲ့ဒါကိုအရမ်း judged လုပ်နေသေးတယ်။

စစ်ရေးဘက်မှာဆို အမျိုးသမီးနဲ့ အမျိုးသားကို သင်တန်းထဲမှာအတူတူပဲဖြစ်တယ်ဆိုရင်တောင်မှ သင်တန်းပြီးသွားတဲ့အချိန်ကျရင် ခွဲပြီးတော့ အမျိုးသားဆိုရင် တပ်မှူးကြီးတွေ ဖြစ်ဖို့အတွက် ထပ်ပြီးလေ့ကျင့်ပေးကြတယ်။ အမျိုးသမီးကို တပ်မှူးကြီးဖြစ်ဖို့အတွက် အရမ်းမျှော်လင့်ချက်ထားပြီး လေ့ကျင့်ပေးတာမျိုးမရှိဘူး။ ကျွန်မတို့မှာ ရှိနေတဲ့ capacity ကို ညှစ်ထုတ်ပြီးသုံးစွဲနေရတယ်။ တော်လှန်ရေးနယ်ပယ်ထဲမှာ ရှိနေတဲ့အမျိုးသမီးတွေက capacity ထပ်ဖြည့်ပေးခြင်း မခံရဘူး။ ပါဝင်ဖို့ဆိုရင်လည်း အတင်းကို အင်တိုက်အားတိုက်ပါရဖို့ ကြိုးစားနေရတာမျိုး ဖြစ်နေပါတယ်။
 

မေး။     ။ တော်လှန်ရေးလေးနှစ်တာကာလမှာ အမျိုးသမီးတွေဆုံးဖြတ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဘယ်နေရာတွေမှာ ထင်ထင်ရှားရှားရနေပြီလို့ မြင်ရပါလဲ။

ဖြေ။      ။ အများကြီးမပြောင်းလဲဘူး။ အိမ်ထောင်ရေးနယ်ပယ်မှာဆိုလည်း အရင်တုန်းကထက် အများကြီး ပြောင်းလဲသွားတာမရှိဘူး။ ရပ်ကွက်အဆင့်မှာဆိုလည်း အများကြီးပြောင်းလဲမှုမရှိသလို နိုင်ငံအထိကို ဘာမှ အများကြီးပြောင်းလဲတယ်လို့ မမြင်ဘူး။ အခု ခေါင်းဆောင်နေတဲ့ အမျိုးသမီးတွေက အရင်ကတည်းက ဒီနေရာ တွေမှာ တည်ရှိနေကြပြီးတော့ ကြိုးစားနေကြတဲ့အမျိုးသမီးတွေ ပိုများတယ်။

ဒီနိုင်ငံရေးနယ်ပယ်မှာ ဦးဆောင် တဲ့သူတွေမှာ ဘယ်သူတွေရှိနေကြလဲ၊ ဒီဘက်စစ်ရေးနယ်ပယ်မှာလည်း ဘယ်သူတွေရှိနေကြလဲ၊ စစ်ရေး- နိုင်ငံရေး အကူးအသန်းမှာရော ဘယ်သူတွေရှိနေကြလဲဆိုတာကို အရင်ထဲက နည်းနည်း ကျက်စားမိတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် အခုအချိန် ပြန်ကြည့်လိုက်တော့ ဒီလူတွေအပြင် အရမ်းကြီးအသစ်တွေနဲ့ ထိတွေ့ ရတယ်လို့ မခံစားရဘူး။ ကျွန်မအနေနဲ့ဆို အများကြီးပြောင်းလဲတယ်လို့ မခံစားရပါဘူး။


မေး။     ။အမျိုးသမီးတွေအပေါ် လျစ်လျူရှုမှုတွေပပျောက်ဖို့ ပြည့်ပြည့်ဝဝပါဝင်လာဖို့အတွက်ဆို ဘာတွေလုပ်သင့်လဲ။

ဖြေ။      ။ Political change ကလည်း အရေးကြီးသလို social change ကလည်း ကျွန်မတို့ရဲ့ မျိုးဆက် တခုလုံးစာအတွက် အရေးကြီးတယ်ဆိုတာကို နိုင်ငံကို ပြောင်းလဲအောင်ဦးဆောင်နေတဲ့သူတွေက သေသေ ချာချာသိဖို့ လိုအပ်တယ်။ သိတော့မှပဲ ဒါဟာ policy တွေထဲမှာ ပါဝင်လာမယ်။ ဒါတွေကို သေသေချာချာ လုပ်နိုင်ရမယ့်အချိန် ဖြစ်တယ်။ အမျိုးသမီးတွေ ပါဝင်တဲ့နိုင်ငံရေးအခင်းအကျင်းသည် ဘယ်လောက် positive ဖြစ်လဲဆိုတာ မြင်ဖို့လိုအပ်တယ်။

အမျိုးသမီးတွေ မပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းကရော နိုင်ငံရေး တည်ဆောက်လို့မရဘူးလားဆိုရင် တည်ဆောက်လို့ရတယ်။ ဒါပေမယ့် စစ်မှန်တဲ့နိုင်ငံတည်ဆောက်မှု ဖြစ်နိုင်မယ်မဟုတ်ဘူးလို့ ပိုမြင်တယ်။ ကျွန်မကတော့ အမျိုးသမီး၊ အမျိုးသားမှ မဟုတ်ဘူး။ LGBT တွေရော၊ မတူကွဲပြားတဲ့အုပ်စုတွေကိုရော ထည့်သွင်းစဉ်းစားတဲ့ သာတူညီမျှရှိဖို့အတွက် အရေးကြီးတဲ့နိုင်ငံရေးစနစ်တခု ပေါ်ထွက်လာဖို့ လိုအပ်တယ်လို့ မြင်တယ်။

နောက်တခုက အပြန်အလှန်လေးစားတဲ့ကျင့်ဝတ်က အရမ်း အရေးကြီးတယ်။ ဗမာလူမျိုးကြီးဝါဒက အရမ်းအားကောင်းတဲ့အခါကျတော့ ဗမာတွေက ဗမာမဟုတ်တဲ့ တခြားလူမျိုးစုတွေကို ဆက်ဆံတဲ့အခါမှာ သူတို့က ပိုပြီးအဆင့်မြင့်နေတဲ့သူတွေလို ဆက်ဆံတယ်။ အရင်တုန်းကဆို အရိုင်းအစိုင်းလိုတောင် ဆက်ဆံကြတယ်။
 

မေး။     ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ ပိုထွက်လာဖို့ ဘာတွေလုပ်သင့်လဲ။

ဖြေ။      ။ နိုင်ငံရေး၊ စစ်ရေးပါဝင်ခွင့် ပိုပြီးရှိဖို့ လိုပါတယ်။ ဘာလို့ဆို မြန်မာနိုင်ငံက နိုင်ငံရေးပါဝင်ခွင့် တခုထဲကိုပဲ ပြောလို့ မရတော့ဘူး။ စစ်ရေးပါဝင်ခွင့်ဟာလည်း နိုင်ငံရဲ့အပြောင်းအလဲနဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်နေတယ်ဆိုတာကို ကျွန်မတို့က သိဖို့ လိုအပ်တယ်။ တချိန်ကျရင်တော့ နိုင်ငံရေးကိုပဲသွားရမှာ ဟုတ်တယ်။ အခု နိုင်ငံရဲ့အခြေအနေသည် စစ်ရေးနိုင်ငံရေးနှစ်ဖက်စလုံးမှာ အမျိုးသမီးတွေရဲ့  ပါဝင်ခွင့်ကို သေသေချာချာလေးကိုမှ နေရာပေးရမှာ ဖြစ်တယ်။ လုပ်နိုင်တဲ့သူတွေလည်း အများကြီး ရှိတယ်။

မိန်းမတွေလာလုပ်နေပြန်ပြီတို့၊ မိန်းမတွေလုပ်ရင်တော့ပျက်မှာပဲတို့၊ ပျော့လိုက်တာတို့ ဆိုပြီး အခုချိန်အထိ ဘေးထိုင်ပြီး ဘုပြောနေကြတုန်းပဲ။ ဒီနေရာမှာ ဒီမိန်းမက တာဝန်ရှိပြီဆို ဒီမိန်းမရဲ့အောက်မှာရှိတဲ့သူတွေက လေးစားဖို့ လိုအပ်တယ်။ ဘာလို့ဆို စစ်တပ်မှာလည်း အပေါ်ဆုံးမှာ မိန်းမရောက်သွားပြီဆို အောက်က လူတွေက သိပ်ပြီးတော့မှ မလေးစားချင်ကြဘူး။ ဒီမိန်းမကို လေးစားဖို့ ခက်ခဲကြတယ်။

ဒီမိန်းမကို ဘာလို့ အလေးပြုရမလဲ ဆိုတဲ့စိတ်ရှိကြတယ်။ နိုင်ငံရေးမှာလည်း အဲ့လိုမျိုးပဲ။ ဒေါ်အောင်ဆန်းစုကြည်က တော်တော် ထူးခြားတဲ့သူလို့ ပြောလို့ရတယ်။ သူ့ကိုပဲ အကုန်လုံးက မိန်းမနိုင်ငံရေးသမားထဲမှာ ဘုရားတဆူလို ထားတာ။ ဒါကတော့ သူ့ရဲ့ နိုင်ငံရေး success story လို့ ပြောရမလား။ တခြားသူတွေကို အဲ့လိုမြင်ကြတဲ့ အမျိုးသမီး နိုင်ငံရေးသမားတွေ ခေတ်ပြိုင်ကာလမှာ  မရှိနေသေးဘူး။
 

မေး။     ။ အမျိုးသမီးတွေ နိုင်ငံ‌ရေးမှာ ပိုမိုပါဝင်လာမယ်ဆိုရင် အနာဂတ်နိုင်ငံရေးက ဘာတွေ အပြောင်းအလဲ ဖြစ်နိုင်မလဲ။

ဖြေ။      ။ မြန်မာနိုင်ငံအခြေအနေနဲ့ဆိုရင် positive change ကို သွားဖို့လိုအပ်တာ ဖြစ်တဲ့အခါ အမျိုးသမီးမှ မဟုတ်ဘူး၊ လူနည်းစုအကုန်လုံး၊ အရင်တုန်းက ခွဲခြားခံအုပ်စုတွေအားလုံး ပြိုင်တူတက်ညီလက်ညီ ဒီအခင်းအကျင်းပေါ်မှာ တက်လာဖို့ လိုအပ်တယ်။ အဲ့လိုမျိုးမဟုတ်ဘူးဆို နိုင်ငံတည်ဆောက်လိုက်လည်း  မပြည့်စုံဘူး။ ဒီလူတွေရဲ့ပါဝင်မှုနဲ့ ကိုယ်စားပြုမှုကို မယူဘူးဆို ပြည့်စုံတဲ့ကိုယ်စားပြုမှု၊ နိုင်ငံရေးစုဖွဲ့မှု ပြန်လည် ထူထောင်မှု လုပ်နေတယ်လို့ မမြင်ဘူး။


“အမျိုးသမီးတွေ မပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းကရော နိုင်ငံရေးတည်ဆောက်လို့ မရဘူးလားဆိုရင် တည်ဆောက်လို့ရတယ်။ ဒါပေမယ့် စစ်မှန်တဲ့နိုင်ငံတည်ဆောက်မှု ဖြစ်နိုင်မယ်မဟုတ်ဘူးလို့ ပိုမြင်တယ်”


မေး။     ။ ခွဲခြားဆက်ဆံမှုတွေ မရှိတဲ့နိုင်ငံသစ်တခုဖြစ်လာလိမ့်မယ်လို့ အနာဂတ်မှာ ဘယ်လောက်အထိ မျှော်လင့်ပါသလဲ။

ဖြေ။      ။ အများကြီး မမျှော်လင့်ဘူး။ ဒါပေမယ့် တဖြေးဖြေးစီ ဖြစ်လာဖို့ လိုအပ်တယ်။ အများကြီး မမျှော်လင့်ဘူးဆိုတာက ကျွန်မတို့ တံပိုးသေကျိုးသေနဲ့ အရမ်းအသားကျလာပြီ။ တော်လှန်ရေးကို အနှစ် ၅၀ လောက်မှ မအောင်ချင်ဘူး။ ၁၀ နှစ်လောက်နဲ့ အောင်ချင်တယ်။ တည်ဆောက်ရင်းနဲ့ သွားမယ်။

တဖြေးဖြေး positive change ကို သွားနိုင်ဖို့ မျှော်လင့်တယ်။ ချက်ချင်း တော်လှန်ရေးအောင်တာနဲ့ စံချိန်စံနှုန်းအသစ်တွေ ကလည်း ပါဝင်လာပြီးတော့ ဒီနိုင်ငံကြီးက ခေတ်မှီဖွံ့ဖြိုးတိုးတက်သွားမယ်လို့ မယုံကြည်ဘူး။ သို့ပေသော်ငြားလည်း မပြောင်းလဲလာရင်တော့ ပြသနာရှိတယ်။ ပြောင်းကို ပြောင်းလဲလာရမယ်။
 

“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media