မဖူးသိမ့်သိမ့်တုန်
နိုင်ငံရေးအကျဉ်းသူဟောင်း
ဦးဆောင်သူ (The Helpers for Spring)
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“တော်လှန်နေရင်း တစ်ဖက်ကအရည်အချင်းရှိတဲ့သူတွေဖြစ်အောင် နိုင်ငံရေးဝမ်းစာဖြည့်နေဖို့ လိုပါတယ်။ ဒါမှသာ စနစ်သစ်တည်ဆောက်တဲ့အခါမှာ အရည်အချင်းရှိသူတွေက အဆင်သင့်ရှိနေမှာ ဖြစ်တယ်”
 

 
မဖူးသိမ့်သိမ့်တုန်ကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ၁၉၉၆ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ သာမာန်မိသားစုမှာ မွေးဖွားခဲ့ပြီး မွေးချင်း (၆) ယောက်ရှိတဲ့အနက် ဒုတိယမြောက်သမီး ဖြစ်ပါတယ်။ ပရဟိတလုပ်ရခြင်းကို ဝါသနာပါခဲ့သလို၊ လူမှုအကျိုးပြုလုပ်ငန်းဦးဆောင်သူဖြစ်လာဖို့ အိမ်မက်ရှိခဲ့သူပါ။

၂၀၁၂ ခုနှစ်မှာ လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းအတွက် မတရားသိမ်းယူခံရတဲ့ လယ်ယာ မြေတွေကို ပြန်လည်ပေးအပ်ရေးအတွက် ဆန္ဒပြတောင်းဆိုမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဗကသများအဖွဲ့ချုပ် (မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ) မှာ ဘဏ္ဍာရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူပါ။

၂၀၁၆ ခုနှစ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ပရဟိတလုပ်ငန်းများစွာကိုလည်း တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အကြင်နာအားမာန် တက္ကသိုလ်​ကျောင်းသား ပရဟိတလူငယ်များအသင်းသို့  ဝင်ရောက်ခဲ့ပြီး ဘဏ္ဍာရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၆ မှာ ဥက္ကဋ္ဌအဖြစ် အဖွဲ့လုပ်ငန်းစဥ်များကို ဦးဆောင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ The Helpers For Perfect Democracy (HPD) အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ် Covid-19 ကာလမှာ အခြေခံလူတန်းစားများအားဟင်းသီးဟင်းရွက်များ အိမ်အရောက်ဝေသည့်အစီအစဥ် Green Sharing Campaign ကို ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ထို့ပြင် ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းများကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့ပါတယ်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးကာလတွင် ဆန္ဒပြပွဲများ၊လူထုသပိတ်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး CDM ထောက်ပံ့မှုလုပ်ငန်းများမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၂၁ မတ်လ၂၂ ရက်မှာ ဖမ်းဝရမ်းထုတ်ခံရပြီး ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာ အဖမ်းခံခဲ့ရပါတယ်။ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရပြီး မေလ၂၄ ရက်၊ ၂၀၂၂ ခုနှစ် မှာ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၂) နှစ် ချမှတ်ခံရသည်။ ဧပြီ (၇) ရက်၊ ၂၀၂၂ ခုနှစ် တွင် မုံရွာထောင်မှ မြင်းခြံထောင်သို့ပြောင်းရွှေ့ခံခဲ့ရသည်။

နိုဝင်ဘာ ၁၇ရက်၊ ၂၀၂၂ ခုနှစ် မှာ မြင်းခြံထောင်မှ လွတ်မြောက်ခဲ့သည်။ ထောင်မှ လွတ်မြောက်ပြီး နောက်ပိုင်း The Helpers for Spring အဖွဲ့မှာ ဦးဆောင်သူအနေဖြင့် ပါဝင်ပြီး စစ်ဘေးရှောင်၊ မီးဘေးသင့် ပြည်သူများကို ကူညီဆောင်ရွက်ခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါတယ်။


မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

ဖြေ။      ။ မြန်မာနိုင်ငံရေးအစဥ်အဆက်မှာ ၁၉၅၈ မှာ တစ်ကြိမ်၊ ၁၈၆၂မှာ တစ်ကြိမ် ၊ ၁၉၈၈ မှာ တစ်ကြိမ် စစ်တပ်ကအာဏာသိမ်းမှုတွေ တွေ့ကြုံခဲ့ရတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့အုပ်ချုပ်မှု​​​အောက်မှာ ပြည်သူတစ်ရပ်လုံးဟာ စီးပွားရေး၊ ပညာရေး၊ လူနေမှုအဆင့်အတန်း အဘက်ဘက်က ချွတ်ခြုံကျနိမ့်ပါးခဲ့ပြီး နိုင်ငံဟာလည်း လူတောမတိုးနိုင်အောင် ဖြစ်ခဲ့ရတယ်။ လူ့အခွင့်အရေးတွေဆုံးရှုံးခဲ့ပြီး ပြည်သူ့ဆန္ဒကလည်း  အရေးမပါ ဖြစ်ခဲ့တယ်။

ဒါတွေကိုကျော်လွှားဖို့ ကျွန်မတို့ပြည်သူတွေ ခေတ်အဆက်ဆက် တော်လှန်ခဲ့ကြတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ နွေဦးတော်လှန်ရေးမတိုင်ခင်ကာလမှာလည်း စေ့စပ် ညှိနှိုင်းရေးလမ်းကြောင်းကတဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းမှုထင်သလောက် မရခဲ့ဘူး။ ပြည်သူတွေအနေနဲ့လည်း ဒီမိုကရေစီရဲ့အရသာအသီးအပွင့်ကို မခံစားခဲ့ကြရဘူး။

၂၀၂၁မှာ စစ်တပ်က အာဏာထပ်သိမ်းတယ်။ သမိုင်းနဲ့ယှဥ်ပြောရရင် ဒီ​နေ့နွေဦးတော်လှန်ရေးဟာ ကာလ ကြာရှည်ပြီး အခိုင်အမာရှိနေဆဲ ဖြစ်တယ်။ နောက်ပြီး သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူးလို့ ပြည်သူတွေ လက်ခံလာကြပြီး စစ်အာဏာရှင် အမြစ်ပြတ်ခြေမှုန်းရေးဆိုတဲ့ လမ်းကြောင်းကို ပြည်သူလူထုဆန္ဒနဲ့ လျှောက်နေကြတာ ဖြစ်ပါတယ်။

တော်လှန်ရေးရဲ့ အမြင့်ဆုံးပုံသဏ္ဍန်ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေး မှာလည်း ထဲထဲဝင်ဝင် ပါဝင်နေကြတယ်။ ဒီနေရာမှာ အမျိုးသမီးရော၊ အမျိုးသားရော၊ LGBTs စတဲ့ လူတန်းစား မရွေး၊ ဘာသာမရွေး ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်နေကြတာ တွေ့ရတယ်။ ဒါပေမယ့် မြေပြင်ရဲ့ ပကတိအခြေအနေမှာ ခံယူချက်အမှားမဟုတ်ပဲ နည်းနာအမှားလေးတွေနဲ့ ဆောင်ရွက်မိနေကြတဲ့ အဖွဲ့တွေ လည်း ရှိတယ်။

အချိန်ကြာလာတာနဲ့အမျှ ဆုံးရှုံးမှုတွေများလာတော့ စိတ်ခံစားချက် အမုန်းတရားတွေကို ​ရှေ့တန်းတင်လာ ကြတာကြောင့် မူရင်းပန်းတိုင်ဖြစ်တဲ့စနစ်သစ် တည်ဆောက်ရေးကို မေ့နေကြတာမျိုးလည်း ရှိတယ်။ ကျွန်မတို့ကတော်လှန်ရေးလုပ်နေတာ လုပ်ကြံရေးလုပ်နေတာ မဟုတ်ဘူး။ စနစ်ဟောင်းကိုဖြိုချပြီး စနစ်သစ် တည်ဆောက်ရမှာ ဖြစ်တယ်။

ကျင့်ဝတ်အရ မတရားမှုကိုဆန့်ကျင်ပြီး တရားနည်းလမ်းကျကျ တိုက်ပွဲဝင်ရမှာ ဖြစ်တယ်။ ဒီတော့ ကျွန်မတို့အနေနဲ့ တော်လှန်ရင်း တည်ဆောက်ရေးပါ တွဲမှရမယ်။ တဖက်က တော်လှန် နေရင်း တစ်ဖက်က အရည်အချင်းရှိတဲ့သူတွေဖြစ်အောင် နိုင်ငံရေးဝမ်းစာဖြည့်နေဖို့ လိုပါတယ်။ ဒါမှသာ စနစ်သစ်တည်ဆောက်တဲ့အခါမှာ အရည်အချင်းရှိသူတွေ အဆင်သင့်ရှိနေမှာ ဖြစ်တယ်။

စနစ်သစ်တည်ဆောက်ဖို့ဆိုရင် သွေးစည်းညီညွတ်ရေးက အရေးကြီးပါတယ်။ NUG အနေနဲ့ တိုင်းရင်းသားတွေ၊ တခြားဒီမိုကရေစီအင်အားစုတွေနဲ့အတူ စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီညီ လှုပ်ရှားနိုင်ရင် အရွေ့တစ်ခု အမြန် ရောက်မယ်လို့ ထင်တယ်။ တပ်ပေါင်းစုတည်ဆောက်နိုင်ဖို့ အဓိကလိုအပ်ပါတယ်။ တပ်ပေါင်းစုတည်ဆောက်ဖို့ နေရာမှာ လူမျိုးကြီးဝါဒတွေ၊ စစ်ဘုရင်ဝါဒတွေ၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲတွေ ချန်ထားခဲ့ပြီး ညီညွတ်ရေးအတွက် သဘောထားကြီးကြီးလုပ်ဆောင်နိုင်မှသာ အဆင်ပြေမယ်။

လက်ရှိ မြေပြင်မှာ မိတ်ဖက်ပဋိပက္ခလို့ခေါ်လို့ရတဲ့ နယ်မြေစိုးမိုးမှု၊ လက်နက်အင်အားပြိုင်ဆိုင်မှု၊ အဖွဲ့များစွာ ပြန့်ကျဲနေမှုတွေ ရှိတယ်။ ဒီလိုစုံလင်များပြားနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး တပ်ပေါင်းစုညီညွတ်ရေးဖော်ဆောင်နိုင်ပြီဆိုရင် ခိုင်မာ ကျစ်လစ်အားကောင်းတဲ့ တော်လှန်ရေးတစ်ရပ် ဖြစ်လာမယ်လို့ ကျွန်မအနေနဲ့ ယုံကြည်တယ်။

ခေါင်းဆောင်ပိုင်းမှာ တာဝန်ယူထားတဲ့ သူတွေအနေနဲ့လည်း အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက် တွေကို လက်ခံနားထောင်ပြီး မြေပြင်ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့စနစ်ကို ပြုပြင်ထိန်းညှိသင့်ပြီလို့ မြင်တယ်။ မြေပြင်ကလိုအပ်ချက်များကို အမြန်ဆုံး ထိန်းညှိပြီး ဆောင်ရွက်နိုင်မှသာ အားလုံးလိုလား တောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်လမ်းကြောင်းကို အမြန်ဆုံး သွားနိုင်မယ်လို့ ယူဆပါတယ်။
 

မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် ခွဲခြားတဲ့အယူအဆတွေ ပြောင်းလဲသွား တယ်လို့ ထင်လား။ ဘာတွေ ပြောင်းလဲသွားတယ်လို့ မြင်တွေ့ရလဲ။

ဖြေ။      ။ တော်လှန်ရေးမှာ ပြည်သူပါဝင်မှုက အရမ်းအရေးကြီးပါတယ်။ ဒီနေရာမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ပြောချင်တယ်။ ဘာကြောင့်ပြောရလဲဆိုရင် တော်လှန်ရေးဘက်တော်သား အချင်းချင်းမှာကို ခွဲခြား ဆက်ဆံ​တာတွေ ရှိနေလို့ပါ။ အမျိုးသမီးတွေဟာ ကိုယ်နိုင်ရာတာဝန်တွေနဲ့ တော်လှန်ရေးကဏ္ဍတိုင်းမှာ နှစ်မြုပ်​ထားကြတာ အများကြီးပါပဲ။

ဒါပေမယ့် နိုင်ငံရေးဟာ အမျိုးသမီးတွေနဲ့မဆိုင်ဘူးဆိုတဲ့ ခပ်နိမ့်နိမ့် အတွေးအခေါ်တွေလည်း ရှိနေကြဆဲ၊ အမျိုးသမီးပါဝင်မှုကို ကန့်သတ်ဆဲ အမျိုးသမီးတွေရဲ့ ဆွေးနွေးချက် တွေကို မလေးစားဆဲတွေလည်း မြေပြင်မှာ ကြုံရပါတယ်။ တော်လှန်ရေးလုပ်တဲ့နေရာမှာ အမျိုးသမီးပဲဖြစ်ဖြစ်၊ LGBTs ပဲဖြစ်ဖြစ် ဘုံရည်မှန်းချက်အတူတူပဲမို့ ပန်းတိုင်တူတဲ့သူအချင်းချင်း ညီညီညွတ်ညွတ်သွားနိုင်မှသာ အရွေ့တစ်ခုရောက်မှာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်မတစ်ဦးထဲအမြင်အရတော့ အမျိုးသမီးတွေအပေါ် ခွဲခြားမှုက အရင်ကထက်နည်းပေမယ့် ကြီးကြီးမားမား ပြောင်းလဲတာမျိုးတော့ မတွေ့မိသေးပါဘူး။
 

“အမျိုးသမီးတွေဟာ ကိုယ်နိုင်ရာတာဝန်တွေနဲ့ တော်လှန်ရေးကဏ္ဍတိုင်းမှာ နှစ်မြှုပ်​ထားကြတယ်။ ဒါပေမယ့် နိုင်ငံရေးဟာ အမျိုးသမီးတွေနဲ့မဆိုင်ဘူးဆိုတဲ့ ခပ်နိမ့်နိမ့်အတွေးအခေါ်တွေလည်း ရှိနေကြဆဲ၊ အမျိုးသမီးပါဝင်မှုကို ကန့်သတ်ဆဲ၊ အမျိုးသမီးတွေရဲ့ ဆွေးနွေးချက်တွေကို မလေးစားဆဲတွေလည်း မြေပြင်မှာ ကြုံနေရပါတယ်”


မေး။     ။ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု မြင့်တက်လာဖို့အတွက် နိုင်ကျဉ်းတွေအနေနဲ့ ဘယ်လို လုပ်ဆောင်ပေးနိုင်ပါသလဲ။

ဖြေ။      ။ အဓိကကတော့ လူတစ်ဦးချင်းစီရဲ့နားလည်မှုစွမ်းအားနဲ့ပဲ ဆိုင်မယ်ထင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ အစဥ်အဆက် ဖိုဝါဒကြီးစိုးမှုအောက်မှာပဲ ရှိခဲ့တာဆိုတော့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍဟာ အဖြည့်ခံမျိုးပဲ ဆက်ဆံခံခဲ့ရတယ်။ ထက်မြက်ပြီး တော်တဲ့အမျိုးသမီးတွေဆိုရင် ဝိုင်းပြီးရှုံ့ချကြတယ်၊ နေရာမပေးချင်ကြဘူး။ အမျိုးသမီးဦးဆောင်မှုကို လက်မခံနိုင်ကြဘူး။ ဒါဟာ ဒီနေ့အထိရှိနေတဲ့ အမှန်တရားပဲ။ အမျိုးသမီးဖြစ်ခြင်း အတွက် ငယ်စဥ်ထဲက ခွဲခြားဆက်ဆံခံရတယ်။ အမျိုးသမီးဆိုရင် ဘယ်လိုဖြစ်ရမယ် နေထိုင်ရမယ်ဆိုတဲ့ စံတန်ဖိုးတွေဟာလည်း အမျိုးသားတွေနဲ့ယှဥ်ရင် အများကြီးပါပဲ။

လုပ်ငန်းခွင်ဝင်တဲ့ အရွယ်မှာလည်း ခေါင်းဆောင်ပိုင်းမှာ နေရာမရဘူး၊ ရခဲ့ရင်လည်း မကျေနပ်ကြတာ၊ မနာခံလိုကြတာ၊ အပုပ်ချခံကြရတာ များပါတယ်။ ဒီ​နေ့ခေတ်မှာတောင်ပဲ အမျိုးသမီးတွေရဲ့စွမ်းဆောင်နိုင်စွမ်းကို လေးစားတန်ဖိုးထားတဲ့သူဟာ နိုင်ငံလူဦးရေနဲ့ ယှဥ်ရင် နည်းနေပါသေးတယ်။ ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် များပါတယ်။

ဒါပေမယ့်ဆုံးဖြတ်ချက်ချရမယ့်နေရာတွေ၊ ဦးဆောင်တဲ့နေရာတွေမှာ အမျိုးသမီးတွေ သိပ်တွေ့ရလေ့မရှိပါဘူး။ ကျွန်မတို့အမျိုးသမီးတွေ လုပ်ချင်စိတ်ရှိနေရင်တောင် လူ့အဖွဲ့အစည်း​က တားမြစ် ကန့်သတ်တာတွေကြောင့် လုပ်ခွင့်မရတာမျိုးပေါ့။

ဒီအခြေအနေကိုကျော်လွှားဖို့ဆိုရင် လက်ရှိမှာ စွမ်းရည်မြှင့်သင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို တွင်တွင် ကျယ်ကျယ် လုပ်ဆောင်ဖို့ လိုတယ်။ အနာဂတ်အတွက်ဆိုရင်လည်း အခြေခံကျောင်းတွေ မှာကတည်းက ကျား-မတန်းတူဖြစ်မှု​အတွက် စနစ်တကျပြုစုပျိုးထောင်သင့်တယ်လို့ မြင်တယ်။ အမျိုးသမီးတွေ ပါဝင်မှုကို မူအရ စည်းမျဥ်းအရသာ လက်ခံလိုက်ရတာမဟုတ်ပဲ စွမ်းဆောင်နိုင်မှုကို လေးစားတန်ဖိုးထားပြီး လက်ခံ လာအောင် ကျွန်မတို့အနေနဲ့လည်း ကြိုးစားသင့်ပါတယ်။

တန်းတူညီမျှ ဖြစ်ဖို့ဆိုရင် အမျိုးသမီးတွေသာ မဟုတ်ပဲ မတူကွဲပြားတဲ့ လူမျိုးစုတိုင်းရင်းသားတွေ၊ သာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံအတွက်ပါ ထည့်သွင်း စဥ်းစားရမှာ ဖြစ်ပါတယ်။ အနာဂတ်နိုင်ငံသစ်မှာ အားလုံးပါဝင်နိုင်ရေးအတွက် မတရားမှုတွေ၊ ခွဲခြားမှုတွေကို အကာအကွယ်ပေးနိုင်တဲ့ မူဘောင်၊ ဥ​ပဒေကို အခိုင်အမာ ထည့်သွင်းရေးဆွဲစေချင်ပါတယ်။
 

မေး။     ။ နိုင်ကျဉ်းသူတစ်ယောက် နိုင်ငံရေးမှာ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသူ မိသားစုဝင်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိအရေးကြီးပါသလဲ။

ဖြေ။      ။ နိုင်ငံရေးဟာ ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့အသိကို ငယ်ငယ်ထဲက မိသားစုက ထည့်ပေးခဲ့တယ်။ အခုလည်း မိသားစုဝင်တိုင်းကတော့ နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မပါဝင်နေမှုကို တန်ဖိုးထားကြတယ်။ အထောက်အပံ့ပေးပြီး အားပေးလက်ခံကြတယ်။ ကျွန်မ ထောင်ကျ တော့ ကျွန်မမိသားစုက ထောင်ဝင်စာ မပြတ်တမ်း ပို့တယ်။ အဲဒီလိုပဲ တခြားနိုင်ငံရေးအကျဥ်းသူ၊ သားတွေရဲ့ မိသားစုဝင်တွေကလည်း လိုလေသေးမရှိ ပို့ကြတယ်။ နိုင်ကျဥ်းမိသားစုတိုင်း ပြေလည်နေကြတာတော့ မဟုတ်ဘူး။ စားဝတ်နေရေးပြဿနာတွေ ရှိတဲ့မိသားစုက များတယ်။

ဒါပေမယ့် ငါတို့သားသမီးတွေက၊ ငါတို့ အမေအဖေက၊ ငါတို့မြေးက၊ ငါတို့တူ၊တူမက တော်လှန်ရေးအတွက် စတေးထားတာဆိုတဲ့စိတ်နဲ့ အပြင်မှာ ဘယ်လောက်ခက်ခဲခက်ခဲ ထောင်ထဲမှာရောက်နေတဲ့သူအတွက် မရှိရှိတာ ရှာကြံပို့ကြတယ်။ တချို့ဆိုအိမ်မှာ နိုင်ငံရေးနဲ့ ထောင်ကျတဲ့သူရှိနေရင် မိသားစုကို ပတ်ဝန်းကျင်က မဆက်ဆံရဲတာမျိုး ဖယ်ကြဉ်ခံရတာမျိုးတွေပါ ကြုံကြရတယ်။ ထောင်ကျတဲ့သူတွေရဲ့ မိသားစုတွေအချင်းချင်းပဲ ထောင်ဝင်စာပို့ရင်း ခင်မင်ရင်းနှီးကြ ဂုဏ်ယူကြ၊ အားပေးကြနဲ့ မလွတ်မချင်း စစ်ကောင်စီပေးတဲ့ဒုက္ခကို ခံကြရတာ။

ကိုယ့်မိသားစုက နိုင်ငံရေးနဲ့ ဖမ်းခံရပြီဆိုကတည်းက ရုံးကန္နား မရောက်ဖူးတာတွေလည်း သွားရ၊ နှိပ်စက်မှာစိုးကြတော့ တွေ့ရာလူ ဆရာခေါ်ရ စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ ကြိုးစားရတာ မိသားစုဝင်တွေပါပဲ။ အမှုတင်လို့ တရားရုံး ရောက်တော့လည်း ​ရှေ့နေငှားကြရ၊ ရုံးချိန်းတိုင်း မျက်နှာလေးမှမြင်ရမြင်ရဆိုပြီး နာရီနဲ့ချီစောင့်ကြနဲ့ အတော်လေး ပင်ပန်းကြပါတယ်။ ဒါကြောင့် နိုင်ကျဥ်းအားလုံးရဲ့ မိသားစုတိုင်းကို လေးစားတယ်။ ဒီတော့ နိုင်ကျဥ်းတွေရဲ့မိသားစုတွေကို တော်လှန်ရေးရဲ့ အဓိကထောက်တိုင်တွေထဲက တစ်ခုအဖြစ် တင်စား ချင်ပါတယ်။


နိုင်ကျဥ်းတွေရဲ့မိသားစုတွေဟာ တော်လှန်ရေးရဲ့ အဓိကထောက်တိုင်တွေထဲက တစ်ခုပါ”


မေး။     ။ ကိုယ်တိုင်အနေနဲ့ ထောင်တွင်းကာလအတွင်းမှာ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံ ခံရတာ ကြုံရလား။ ဘယ်လိုပုံစံနဲ့ ခွဲခြားဆက်ဆံခံခဲ့ရလဲ။

ဖြေ။      ။ ရှိပါတယ်။ စစ်ကြောရေးကာလမှာကတည်းက မိန်းမတန်မဲ့ အသက်ငယ်ငယ်လေးနဲ့ ဘာလို့ နိုင်ငံရေးလုပ်တာလဲက စတာပဲ။ နိုင်ငံရေးကို ဘယ်လောက်နားလည်လို့ လုပ်ရတာလဲပေါ့။ ကျွန်မကို စောင့်တဲ့ အမျိုးသမီးတွေဆီက ကြားရတာပါ။ မျက်နှာကို အဝတ်စီးထားတော့ သူတို့အသံပဲကြားရတယ်။ ထောင်တွင်း မှာလည်း ရှိပါတယ်။ကျွန်မတို့မဆောင်က မိလ္လာစနစ်က ကန်နဲ့ဆိုတော့ ပြည့်ရင်အနံ့ဆိုးတာကြောင့် ပိုက်နဲ့ အပြင်ကို ထုတ်ရပါတယ်။ ဒီအခါမှာ ကျားဆောင်က တာဝန်ကျဝန်ထမ်းနဲ့ အကျဥ်းသားတစ်ဦးက လာထုတ် ပါတယ်။

အဲလိုအချိန်မျိုးဆိုရင် အမျိုးသမီးမှန်သမျှကို အဆောင်ထဲပြန်သွင်းပြီး တံခါးပိတ်ထားတယ်။ သူတို့ ပြန်သွားပြီဆိုမှ ပုံမှန်အတိုင်း လည်ပတ်ပါတယ်။ မသိရင် ကျွန်မတို့အမျိုးသမီးတွေကပဲ ဝင်လာတဲ့ အမျိုးသားတွေကို တစ်ခုခုလုပ်လိုက်မယ့်ပုံံပေါ့နော်။ နောက်လှမ်းထားတဲ့အဝတ်တွေ ရုတ်ရပါတယ်။ ဒါဟာ အမျိုးသမီး အဝတ်အစားဖြစ်တာမို့ အမျိုးသားတွေ ဝင်လာရင် မသင့်တော်ဘူး။ အမျိုးသားတွေဟာ မိန်းမ ဘော်လီတို့ အတွင်းခံတို့မမြင်သင့်ဘူးလို့ မအဆောင်ဝန်ထမ်းတွေက ယူဆပါတယ်။ မုံရွာထောင်မှာတော့ အဲ့အတိုင်း နေခဲ့ရပါတယ်။
 

မေး။    ။ နိုင်ငံသစ်တည်ဆောက်ရေးမှာ အမျိုးသမီးတွေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

ဖြေ။      ။ အဓိကကတော့အမျိုးသမီးတွေကိုယ်တိုင် ကိုယ့်မှာအရည်အချင်းတွေ စွမ်းဆောင်နိုင်စွမ်းရှိတယ် ဆိုတာ နားလည်လက်ခံနိုင်စွမ်းရှိဖို့နဲ့ အရည်အချင်းရှိသူ ရှေ့မှာဦးဆောင်နေတာကို ယုံကြည်ပေးဖို့ပါပဲ။ အမျိုးသားတွေအနေနဲ့လည်း လိင်ကွဲပြားမှုအပေါ်မှာအခြေမခံပဲ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ လုပ်ဆောင်နိုင်စွမ်း အပေါ်မှာပဲ မူတည်ပြီး လက်ခံယုံကြည်ပေးဖို့ လိုပါတယ်။

နိုင်ငံအနေနဲ့လည်း အမျိုးသမီးဦးရေက ပိုများတာမို့ အမျိုးသမီးတွေရဲ့ ပါဝင်မှုစွမ်းဆောင်မှုတွေက ပိုပြီးများလာမယ်ဆိုရင် ပိုပြီးတိုးတက်လာမယ်လို့ မြင်ပါတယ်။ အမျိုးသမီးတွေဟာ အမြဲနောက်မှာပဲ ရှိခဲ့တာကြောင့် လူစွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနေတယ်လို့လည်း ခံစားရပါတယ်။ ဆွေးနွေးပွဲတွေ၊ စွမ်းဆောင်ရည်မြင့်သင်တန်းတွေ အများကြီးကနေတစ်ဆင့် အသက်ကြီး၊ငယ် မရွေး အမျိုးသမီးတိုင်းဟာ စွမ်းဆောင်နိုင်စွမ်းရှိသူတွေဖြစ်တယ်ဆိုတဲ့အသိ လူထုထဲမှာစွဲသွားအောင် လုပ်ဖို့ လိုပါတယ်။

ဥပမာ - ငယ်ရွယ်တဲ့အမျိုးသမီးတစ်ဦး ထက်မြက်ပြီး ဦးဆောင်နိုင်စွမ်းရှိနေတယ်ဆိုရင် လူငယ်တွေပဲ လက်ခံနေလို့မရပါဘူး အားလုံးလက်ခံမှ အဆင်ပြေတာပါ။ ဆိုလိုတာက အိမ်က အမေတို့၊ အဘွားတို့က လက်မခံကြဘူး မယုံံကြည်ကြဘူး၊ ဦးဆောင်နိုင်မယ်မထင်ဘူး။ အဲ့အလုပ်ကို မလုပ်စေချင်ဘူး ဆိုပြီး အတိုက်အခံလုပ် တားမယ်ဆိုရင် လူ့စွမ်းအားတစ်ခု လျော့သွားတာမျိုးပေါ့။

ကျွန်မတို့နိုင်ငံမှာ အဲလို ကြုံတွေ့ခံစားရတဲ့ အမျိုးသမီးတွေ အများကြီးပါ။ ရုပ်သံသတင်းမီဒီယာတွေကတဆင့်လည်း အမျိုးသမီး ကဏ္ဍတွေ ပိုမိုတင်ပြပေးဖို့ လိုပါတယ်။ မြေပြင်မှာလည်းအားလုံးပါဝင်ဆွေးနွေးနိုင်တဲ့ အဝန်းအဝိုင်းတွေ မကြာခဏဖန်တီးပေးဖို့ လိုပါတယ်။ အဲလိုကနေမှတဆင့် အမျိုးသမီးတွေလည်း ကိုယ့်ကိုကိုယ်ယုံကြည်မှု ပိုတိုးလာမယ်၊ အမျိုးသမီးပါဝင်မှုကိုလည်း အားလုံးလက်ခံနိုင်လာကြမယ်လို့ မြင်ပါတယ်။
 

မေး။     ။ တော်လှန်ရေး လေးနှစ်ကာလမှာ အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လို ကဏ္ဍတွေမှာ ထင်ထင်ရှားရှား မြင်တွေ့နေရပြီလို့သုံးသပ်ချင်ပါသလဲ။

ဖြေ။      ။ သိသာထင်ရှားတာကတော့ လူသားခြင်းစာနာထောက်ထားခြင်းကဏ္ဍမှာ​ အမျိုးသမီးအများစု ဦးဆောင်လှုပ်ရှားနေတာတွေ့ရပါတယ်။ NUG မှာဆိုရင်တော့ အမျိုးသမီးတွေဦးဆောင်မှုနေရာမှာ ရှိနေတာဆိုပေမယ့် အရေအတွက်အရ နည်းနေပါသေးတယ်။ နောက်ပြီး ဆုံးဖြတ်ပိုင်ခွင့်မှာ ဘယ်လောက်အကျိုးသက်ရောက်မှုရှိလဲဆိုတာလည်း ကျွန်မတစ်ဦးထဲအမြင်အရတော့သိရဖို့ ခက်ခဲပါတယ်။

ပသုံးလုံးယန္တရားထဲက ပအဖကဏ္ဍမှာတော့ အမျိုးသမီးတွေဦးဆောင်ပါဝင်နေတာတွေရှိပေမယ့် ကျန်တဲ့ပလဖ၊ ပကဖမှာတော့ အမျိုးသမီးဦးဆောင်မှုက မတွေ့ရသလောက်ပါပဲ။ စစ်ရေးကဏ္ဍနဲ့ ပတ်သက်ရင်လည်း တပ်ရင်းတွေမှာ အမျိုးသမီးပါဝင်မှုရှိပေမယ့် ဆေးတပ်သား၊ စားဖိုဆောင်နဲ့ ရုံးပိုင်းဆိုင်ရာမှာပဲ အများစုက ပါဝင်နေကြရတာ ဖြစ်ပါတယ်။
 

မေး။     ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လို အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။

ဖြေ။      ။ အမျိုးသမီးတွေပါဝင်မှုကို အိမ်ဖြည့်သဘောမျိုး စည်းမျဥ်းအရ ဘယ်နှဦး မဖြစ်မနေပါရမယ် ဆိုတာမျိုးမဟုတ်ပဲ အမျိုးသမီးတွေရဲ့အရည်အချင်းအလိုက် စွမ်းဆောင်မှုအလိုက် ပါဝင်နိုင်မယ့် အခွင့်အလမ်း တွေသာရမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့အရွေ့တစ်ခုရမယ်လို့ မြင်ပါတယ်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေ ကြည့်မယ် ဆိုရင်လည်း အမျိုးသမီးတွေရဲ့ဦးဆောင်မှုဟာ ကဏ္ဍတိုင်းမှာ ရှိနေတာကို တွေ့ရတာပဲ ဖြစ်ပါတယ်။

ကျွန်မတို့ နိုင်ငံမှာလည်း အမျိုးသမီးတွေဦးဆောင်ပါဝင်မှုများလာမယ်ဆိုရင် ငြိမ်းချမ်းရေး၊ နိုင်ငံသစ်တည်ဆောက်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးရေးမှာ ပိုမို​အားကောင်းလာမယ်လို့ မြင်တယ်။ အဘက်ဘက်က နောက်မှာရောက်နေတဲ့ နိုင်ငံအတွက် အမျိုးသမီးတွေရဲ့ပါဝင်မှုက မဖြစ်မနေ လိုအပ်ပါတယ်။

နိုင်ငံရေးမှာ အမျိုးသမီးဦးဆောင်ခြင်းက စေ့စပ်သေချာမှုနဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ ပိုမိုကောင်းမွန်မယ်လို့ ထင်တယ်။​ အမျိုးသမီးတွေ ဦးဆောင် ပါဝင်လာခြင်းကနေ အမျိုးသမီးအများစု ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခံရ တာတွေ လိင်ပိုင်းဆိုင်ရာထိခိုက်စော်ကားမှုတွေကို ကာကွယ်ပေးနိုင်တဲ့ အဝန်းအဝိုင်း ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။


မေး။     ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့ အနာဂတ်နိုင်ငံသစ်ကို ရောက်နိုင်မယ်လို့ ဘယ်လောက် အထိ မျှော်လင့်ထားလဲ။

ဖြေ။      ။ ဒါကတော့ ကျွန်မတို့အနေနဲ့ ချက်ချင်းဥုံဖွဆိုပြီး ပြောင်းလိုက်လို့မရဘူး။ ဘာကြောင့်ပြောရလဲဆိုရင် အရိုးစွဲနေတဲ့ဖိုဝါဒအစွဲတွေကို ဖြည်းဖြည်းချင်း တိုက်စားပြီး ချွတ်ရအုံးမှာ ဖြစ်တယ်။ လာမယ့်နိုင်ငံတော်သစ်မှာ အမျိုးသမီးတွေကို ကန့်သတ်မထားတဲ့၊ ခွဲခြားမထားတဲ့ ဥပဒေနည်းဥပဒေတွေ ချမှတ်နိုင်​အုံးတောင်မှ လက်တွေ့ကျင့်သုံးဖို့က လိုအပ်ပါတယ်။

ဥပဒေဟာ စာအုပ်ထဲမှာပဲရှိပြီး မြေပြင်မှာ လက်တွေ့ အကောင်အထည် မဖော်နိုင်ဘူး၊ အသက်မဝင်ဘူးဆိုရင် အလကားပဲလေ။ လူတစ်ဦးချင်းစီတိုင်းမှာ အမျိုးသမီး၊ အမျိုးသား၊ လိင်စိတ်ခံယူမှု ကွဲပြားသူအားလုံးဟာ ခွဲခြားနေဖို့ မလိုဘူး။ အားလုံးမှာ စွမ်းဆောင်နိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်း ရှိကြတယ်လို့ မြင်လာပြီဆိုတဲ့အချိန်ထိ ကျွန်မတို့ ကြိုးစားရအုံးမယ်။ ဒါမှသာ ကျွန်မတို့ပြည့်ဝတဲ့ ​စိတ်ဓာတ်တွေနဲ့ နိုင်ငံသစ်တည်ဆောက်ရေးဟာ များစွာအကျိုးရှိမယ်လို့ ထင်ပါတယ်။

“ချက်ချင်းဥုံဖွဆိုပြီး ပြောင်းလိုက်လို့မရဘူး။ အရိုးစွဲနေတဲ့ဖိုဝါဒအစွဲတွေကို ဖြည်းဖြည်းချင်း တိုက်စားပြီး ချွတ်ရအုံးမှာ ဖြစ်တယ်”

 

“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media