မွန်းနေလီ
တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)
အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“အမျိုးသမီးတွေအချင်းချင်းရဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အချင်းချင်းအားပေးမှုတွေက အင်မတန်မှ အရေးကြီး ပါတယ်။ ပိုပြီးတော့ အားတွေတိုးပွားပြီးတော့ စွမ်းဆောင်နိုင်တဲ့စွမ်းရည်တွေ ပိုပြီးမြင့်တက်လာစေပါတယ်”
 

၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံဆိုပြီး မဖြစ်ခင်မှာဆိုရင် ဗမာပြည်မ၊ ကချင်တောင်တန်းဒေသ၊ ဖက်ဒရိတ် တက်ရှမ်းပြည်ထောင်စု၊ ချင်းတောင်တန်းဒေသ၊ စတဲ့ဒေသတွေရှိပါတယ်။ အဲဒေသတွေက စုပေါင်းပြီးတော့ လွတ်လပ်ရေးအတူယူဖို့အတွက် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။ ပင်လုံစာချုပ်အနှစ်သာရက တိုင်းရင်းသား အားလုံး တန်းတူရေးကို အခြေခံပြီး နိုင်ငံတစ်နိုင်ငံ ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။

သို့ပေမဲ့ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေကို ဖိနှိပ်တဲ့ဗမာကြီးစိုးတဲ့ တပြည်ထောင်နိုင်ငံစနစ် ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ ဗမာ ကြီးစိုးတဲ့ စစ်အာဏာရှင်စနစ် ဖြစ်လာပါတယ်။ လူအချင်းချင်း ပိုပြီးနားမလည်အောင်၊ ပြည်ထောင်စု မြန်မာနိုင်ငံမှာ ဗမာတွေပဲ အရေးပါတဲ့ လူမျိုးတစ်မျိုးဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ရေးရာ၊ အမြင်တွေအားလုံး ရိုက်သွင်း ခံခဲ့ကြရတယ်။ ဆိုတော့ ဒီလိုမျိုးမညီမျှမှုတွေက အဓိကစစ်ပဋိပက္ခဖြစ်ဖို့ အရင်းခံ ဖြစ်လာပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ်ဖြစ်တွေ ဆယ်စုနှစ်ပေါင်းများစွာကြုံခဲ့ရတယ်။ အခုနွေဦးတော်လှန် ရေး ဖြစ်လာတာက တရားမျှတမှုမရှိတဲ့အပေါ်မှာ အခြေခံတယ်။ နွေဦးတော်လှန်ရေးရဲ့ အားသာချက်က ပြည် သူတွေရဲ့ခံစားချက်တွေက တသားထဲဖြစ်သွားအောင် စုစည်းပေးနိုင်ခဲ့တယ်။  နွေဦးတော်လှန်ရေးရဲ့ လမ်းစက တိုင်းပြည်ကိုတကယ်ပဲပြည်သူတွေအတွက် တရားမျှတပြီးတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖက်ဒရယ်ဒီမိုကရေစီ ကို သွားနိုင်တဲ့တော်လှန်ရေးတစ်ခုဖြစ်လာတယ်ဆိုတာကို ပိုပြီးရှင်းရှင်လင်းလင်း မြင်လာရပါတယ်။
 

၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

မတူညီတဲ့လူမျိုးတွေစုစည်းတဲ့ နိုင်ငံဖြစ်တဲ့အတွက် မတူကွဲပြားတဲ့လူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စုစည်းနေထိုင် နိုင်တဲ့ စံတန်ဖိုးထားမှုတွေ လိုပါတယ်။ မတူကွဲပြားတဲ့အချက်တွေကို တန်ဖိုးထားပြီး အပြန်အလှန် လေးစားမှု တွေ နားလည်မှုတွေက အရေးကြီးဆုံးဖြစ်ပါတယ်။ လူ့အခွင့်အရေးအပါအဝင်၊ နိုင်ငံရေးအရ ရှိသင့်တဲ့ ရှိနေတဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့လိုပါတယ်။

တန်းတူရေးလို့ပြောရင် တိုင်းရင်းသားတူရေးဆိုတာလည်း အဓိကထားရမယ့်အချက်ဖြစ်သလို ကျား၊ မ တန်းတူရေး လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင် ဒီမိုကရေစီနည်းလမ်းအတိုင်း အားလုံးရဲ့အခွင့်အရေးကို လေးစားလိုက်နာမှုကို ပိုပြီးမြှင့်တင်ဖို့လိုပါတယ်။ လူ့အခွင့်အရေးလို့ဆိုရင် အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေးအပြင် ဌာနေတိုင်းရင်းသားတွေ၊ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကိုလည်း တချိန်ထဲမှာမြှင့်တင်ဖို့အတွက် လုပ်ဖို့ လိုပါတယ်။
 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

မတူညီတဲ့လူမျိုးတွေရဲ့နောက်ခံသမိုင်းကြောင်း၊ ယဥ်ကျေးမှုတွေထုံးတမ်းအစဉ်အလာတွေ၊ ကိုးကွယ်ယုံကြည် မှုတွေ မတူကြပါဘူး။ မတူညီတဲ့ကြားထဲမှာ ပိုပြီးတော့ ဘုံစံတန်ဖိုးအနေနဲ့ အတူတကွသွားနိုင်ဖို့အတွက် အရေးကြီးပါတယ်။ ကျွန်မတို့နိုင်ငံက အမြင်မတူရင် ကိုယ့်ရဲ့ရန်သူဆိုတဲ့ ပုံစံနဲ့နေလာကြတယ်။ အာဏာရှင် စနစ်မှာ အမြင်မတူတဲ့သူက ကိုယ့်ရဲ့ရန်သူဆိုတဲ့ ခံယူချက်နဲ့ အထူးသဖြင့် ရပ်တည်ကြတယ်။ 

ကိုယ်နဲ့မတူဘူး ဆို နေရာမပေးတာတို့ ကိုယ့်စကားနားမထောင်တော့ဘူးဆိုရင် ဘေးဖယ်၊ ကျဥ်လိုက်တာတို့၊ တခုခုလွဲမှားတာ တွေ၊ လုပ်မိတယ်ဆိုရင် ‌တော်တော်လေးကြီးလေးတဲ့ အပြစ်လိုမျိုး ပြန်ပြီးအပြစ်ပေးမှုတွေ  လုပ်ကြတဲ့ အကျင့် စရိုက်တွေ ဓလေ့ထုံးတမ်းလို ဖြစ်နေပါတယ်။ တခြားနိုင်ငံကိုကြည့်မယ်ဆိုရင်  အမြင်မတူဘူး၊ မတူညီတဲ့လူ တွေလည်း အတူတူပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်ကြတယ်။

အမြင်မတူကြသူတွေအနေနဲ့ ဒါတွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းလဲဆိုတာကို ဆွေးနွေးကြ၊ အပြန်အလှန်ငြင်းခုံကြ၊ ပိုပြီးတော့ အကောင်းဆုံး ဆိုတဲ့အမြင်ကိုစုစည်းပြီးတော့ ဆုံးဖြတ်ကြပါတယ်။ တယောက်နဲ့တယောက် အမြင်ကို လေးစား မှုရှိကြတယ်။ အမြင်မတူလေ၊ အမြင်စုံလင်လေ ပိုပြီးတော့ အားကောင်းတဲ့ ဆုံးဖြတ်ချက်ချနိုင် လေလေ ဆိုတဲ့ ဆောင်ပုဒ်အနေနဲ့ သွားကြတယ်။ စုံလင်ကွဲပြားမှုက ပိုပြီးခိုင်မာရှင်သန်နိုင်တယ်ဆိုတာ မြင်ရတယ်။ ကျွန်မတို့ လည်း ဒါတွေကို လက်တွေ့လုပ်နိုင်ဖို့အတွက် အရေးကြီးပါတယ်။
 

၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

နွေဦးတော်လှန်ရေးရဲ့အခင်းအကျင်းမှာ တကယ့်ရှေ့တန်းမှာ ရွံရွံချွန်ချွန်နဲ့ ရှေ့ထွက်ပြီးတော့ လူထုတိုက်ပွဲ ဝင်နေတဲ့ အမျိုးသမီးလူငယ်ခေါင်းဆောင်တွေ အများကြီး  တွေ့ခဲ့တယ်။ တချို့ဆိုရင် ကိုယ့်ရဲ့အသက်ကိုပါ စတေးပြီး ပေးဆပ်လိုက်ရတဲ့ လူငယ်အမျိုးသမီးခေါင်းဆောင်တွေ အများကြီးရှိပါတယ်။

အမျိုးသမီးတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ နိုင်ငံကိုချစ်တဲ့စိတ် ဦးဆောင်နိုင်တဲ့စိတ်ဓာတ်ကတော့ ဒီနွေဦးတော်လှန်ရေးမှာ အများကြီး ပေါ်ပေါက်နေပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးဖြစ်စဉ်ရဲ့နောက်မှာဖြစ်လာတဲ့ Institution ယန္တရားတွေ၊ အဖွဲ့အစည်းတွေရဲ့ဆုံးဖြတ်မှုအပိုင်းမှာ အမျိုးသမီးရဲ့ပါဝင်မှုအခန်းကဏ္ဍက အင်မတန်မှနည်း တယ်ဆိုတာ မြင်ရတယ်။

ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးက ပြန်ရှာမတွေ့တော့ဘူး။ ဥပမာ - CRPH ကိုကြည့်ရင် ဦးဆောင်ပြီးတော့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ အမျိုးသမီးရဲ့ပါဝင်မှုဆိုတာ သိပ်မပေါ်လွင် ပါဘူး။ NUG ထဲမှာဆိုလည်း     အမျိုးသမီးရဲ့ပါဝင်မှုက ‌တော်တော်နည်းတာပါတယ်။  ဒါပေမယ့်ထူးဆန်းတာ ကတော့ အမျိုးသမီးလူငယ်နဲ့ကလေးဝန်ကြီးကတော့ အမျိုးသမီးဖြစ်တယ်။ ဒုတိယဝန်ကြီးလည်း အမျိုးသမီး ဖြစ်တယ်။ ပြောချင်တာက အမျိုးသမီး၊ လူငယ်၊ ကလေး နဲ့ပတ်သက်ရင် အမျိုးသမီးဖြစ်ရမယ်ဆိုတဲ့ အတွေး အခေါ်ပေါ့လေ။

ဒါတွေကတော့ နွေဦးတော်လှန်ရေးမှာ လက်တွေ့မြင်နေရတဲ့ အမျိုးသမီးရဲ့ပါဝင်မှု အခြေ အနေ၊ အမျိုးသမီးတွေအပေါ် ရှိတဲ့ အမြင်တွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို နေရာပေးမှုမှာတော့ တော်တော်လေး အားနည်းနေသေးပါတယ်။ ဒါကြောင့် အမျိုးသမီးရဲ့ပါဝင်မှုနဲ့ဆုံးဖြတ်ပိုင်ခွင့်ကို ပြည့်ပြည့်ဝဝ ပေးဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို မြင်ရပါတယ်။
 

၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

အဟန့်အတားလို့ပြောရင် ဖခင်ကြီးစိုးတဲ့ခေတ်ကနေ ဆင်းသက်လာတဲ့လူတွေရဲ့ mindset က အာရှနိုင်ငံ တွေမှာ ပိုပြီးတော့ အရိုးစွဲနေသေးပါတယ်။ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အများကြီး တိုက်ပွဲဝင် နေကြသေးတယ်။ အမျိုးသမီးအချင်းချင်းက အမျိုးသမီးတွေကို အယုံအကြည်မရှိခြင်းက ကိုယ့်ရဲ့လူမှု အသိုင်းအဝိုင်းတွေမှာ တကယ်ဖြစ်နေတာဖြစ်ပါတယ်။

နောက်တခုက အာဏာရှင်လို့ပြောတဲ့အထဲမှာ စစ်အာဏာရှင်ကို ကြည့်မယ်ဆိုရင်လည်း လက်နက်ကိုင်ပြီးတော့ဖြစ်လာတဲ့ အာဏာရှင်ပေါ့‌လေ။ လက်နက်ကိုင်တဲ့ သူတွေအားလုံးကို ကြည့်မယ်ဆိုလည်း အမျိုးသားတွေဖြစ်တယ်။ အမျိုးသားတွေကပဲ လက်နက်ကြောင့် ဖြစ်လာတဲ့ အာဏာတွေကိုအလွဲသုံးစားလုပ်ပြီးတော့ ဖြစ်လာတဲ့အာဏာရှင်စနစ်တွေ ဖြစ်ပါတယ်။ လက်တွေ့ မှာ အာဏာရှင်တွေအများစုက အမျိုးသားတွေ ဖြစ်နေတယ်။ အမျိုးသားတွေကပဲ အာဏာရှင်စနစ်အောက်မှာ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ထိုင်ကြတယ်။

တကယ်တမ်း အမျိုးသမီးပါဝင်ရေးဆိုပြီး ပြောလာတဲ့အခါမှာ အာဏာရှင်စိတ်ဝင်နေတဲ့ အမျိုးသားတွေက အရေးမကြီးတဲ့ကိစ္စလို ပြောဆိုနေပြီးတော့  ကူညီထောက်ပံ့ ချင်တဲ့ စိတ်ရင်းစေတနာ မရှိကြဘူး။ ပြီးတော့ အမျိုးသမီးတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေဆိုလည်း အမျိုးသားတွေရဲ့အသုံးအဆောင်ပစ္စည်းထက် တစ်ဆင့်နိမ့်တယ်ဆိုတဲ့အတွေးအခေါ်တွေ ဒီအတွေးအခေါ် တွေက ကျွန်မတို့မြန်မာနိုင်ငံမှာ အများကြီး ရှိနေသေးပါတယ်။

ဘာသာရေးအရမှာ ကြည့်မယ်ဆိုလည်း အမျိုးသမီးတွေကို  မြင်တာက တမျိုးတွေ ဖြစ်နေတယ်။ စစ်အာဏာရှင်၊ ပတ်ထရီအာခီ၊ ဖခင်ကြီးစိုးတဲ့ခေတ်၊  အာဏာရှင်စနစ်တွေက အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို ဟန့်တားနေတာ ဖြစ်ပါတယ်။
 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက် ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

ကျွန်မတို့ WLB ဆိုရင် အာဏာရှင်စနစ် အားလုံးကို တိုက်နေတဲ့အဖွဲ့ချုပ် ဖြစ်တယ်။ စစ်အာဏာရှင်တခုပဲ မဟုတ်ဘူး။ ပတ်ထရီအာခီ၊ အပါအဝင် အာဏာရှင်စနစ်တွေ လုံးဝပပျောက်သွားတဲ့အချိန်ကျမှ တကယ့်လူမှု အသိုင်းအဝိုင်းက ကိုယ်တွေ လိုချင်တဲ့စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်‌ဆောင်နိုင်တဲ့ လူမှုအသိုင်းအဝိုင်း ဖြစ်မယ်ဆိုတာကို ယုံကြည်ထားပါတယ်။ ဒါအတွက် ဘာလုပ်ရမလဲဆိုရင် နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေ ရှိတယ်။ နိုင်ငံတကာကနေ အစိုးရတွေအလိုက်လုပ်ရမယ့် လုပ်ငန်းတွေ ရှိတယ်။

ဥပမာဆိုရင် အမျိုးသမီးနဲ့ ပတ်သက်တဲ့အရာတွေဆိုရင် စီဒေါပေါ့။ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာရဲ့စာချုပ် စာတမ်းတွေ ရှိတယ်။ ဒီစာချုပ်စာတမ်းတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံဆိုရင် လိုက်နာကျင့်သုံးပြီးတော့ တိုးတက်အောင်လုပ်မယ်ဆိုတဲ့ ကတိကဝတ်ရှိထားတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တယ်။

အမျိုးသမီးပါဝင်ရေးနဲ့ ကမ္ဘာကုလသမဂ္ဂလုံခြုံရေး‌ကောင်စီကနေ ဆုံးဖြတ်ချက်ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ်  ၁၃၂၅ မှာဆိုရင် စစ်ပဋိပက္ခနဲ့ပတ်သက်တဲ့အရေးကိစ္စမှာ အမျိုးသမီးတွေကို ချန်လှပ်မထားဖို့ အမျိုးသမီးတွေကို ကာကွယ် စောင့်ရှောက်ဖို့၊ အမျိုးသမီးအရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုကြိုတင်တားဆီးကာကွယ်နိုင်မလဲ ဆိုတဲ့ အချက်တွေ၊ အမျိုးသမီးရဲ့ပါဝင်နိုင်တဲ့အခန်းကဏ္ဍတွေ အမျိုးသမီးတွေ လိုအပ်နေတဲ့ ပြန်လည်ပြုစု ပျိုးထောင် ပေးရေးအခန်းကဏ္ဍတွေ ပါဝင်ပါတယ်။ 

အမျိုးသမီးတွေ ရဲ့ပါဝင်မှုကိုမြှင့်တင်ဖို့ ဖြစ်တယ်။ အစိုးရလို့ ပြောတဲ့အချိန်မှာ အခုမြန်မာနိုင်ငံရဲ့အခြေအနေမှာဆိုရင် အစိုးရ ဆိုပြီးသတ်မှတ်ထားတဲ့ NUG၊ ERO အပါအဝင် ကိုယ်ရဲ့ပြည်သူတွေရှိနေတဲ့နေရာမှာ တာဝန်ရှိတဲ့အစုအဖွဲ့တွေအပါအဝင် စကစလည်း ပါတယ်။ ဒါတွေကို အခြေခံပြီးတော့ လုပ်ဆောင်ရမှာ ဖြစ်တယ်။ ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ အမြင်တွေပိုပြီး အမြင်ပွင့်လာအောင် သတင်းတွ များများကြည့်ရမယ်။ Information sharing တွေလုပ်ဖို့ လိုတယ်။ ပြည်သူတွေကြားထဲမှာ ပိုပြီးအမြင်ပွင့်နိုင်ဖို့ဆိုရင် အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍလည်း အရေးကြီးတယ်။ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့၊ CSO တွေ၊ NGO တွေအနေနဲ့ အမျိုးသမီးနဲ့ပတ်သက်ပြီး‌တော့ လှုပ်ရှားဆောင်ရွက်နေတဲ့သူတွေအားလုံး အမြင်ဖွင့်သင်တန်းတွေ လုပ်ရမယ်။

တဖက်မှာလည်း အစိုးရတွေ၊ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေလုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို လုပ်နေသလား မလုပ်နေဘူးလားဆိုတာ အမြဲတမ်း ကြီးကြပ်ရမယ်။ ထောက်ပြပြောဆိုရမယ်။  အမျိုးသမီး ပါဝင်ဆုံးဖြတ်နိုင်ရေးက ကိုယ့်ရဲ့အရေးကိစ္စ တွေ ဖြစ်တယ်၊ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စဖြစ်တယ် ဆိုတဲ့ဟာကိုလည်း အားလုံးပိုပြီးတော့မြင်လာအောင် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
 

၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

အမျိုးသမီးတွေက တကယ်ကို ရွံရွံချွန်ချွန်နဲ့ ဦးဆောင်နိုင်တဲ့လူတွေ ဖြစ်ပါတယ်။    ထောင့်စေ့အောင် မြင်ပြီး တော့ လုပ်ဆောင်နိုင်တဲ့သူတွေ ဖြစ်ကြတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ပါဝင်တဲ့ အခန်းကဏ္ဍကတော့ နိုင်ငံတစ်နိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုမှာပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးတိုးတက်ရေးမှာပဲဖြစ်ဖြစ် အရေးကြီးတယ်ဆိုတာ ကတော့ အထင်အရှားဖြစ်ပါတယ်။

အမျိုးသမီးတွေပါဝင်လာပြီဆိုရင် စစ်ပဋိပက္ခတွေ ပိုပြီးချုပ်ငြိမ်းလာ နိုင်မယ်။ အာဏာရှင်စနစ်တွေ ချုပ်ငြိမ်းသွားနိုင်မယ်။ တကယ်ပြည်သူတွေရဲ့အကျိုးကို အဓိကစဥ်းစားပြီးတော့ လုပ်ဆောင်ပေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီသစ်ကို ခြေလှမ်းလှမ်းနိုင်မှာပေါ့လေ။ မဟုတ်ရင် ဖက်ဒရယ် ဒီမိုကရေစီကို ခြေလှမ်းလှမ်းနိုင်တာတောင်မှ အဲ့မှာပြန်ပြီးတော့ ရန်ဖြစ်ကြမယ်။ ငြင်းခုန်ကြမယ်။

အခုတောင် စဉ်းစားကြည့်ရင် စိုးရိမ်စရာတွေလည်း အများကြီးတွေ့နေရတယ်။ ဒါတွေကိုကျော်လွှားနိုင်ဖို့ဆို အမျိုးသမီး တွေ နိုင်ငံရေးဆွေးနွေးပွဲတွေမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ချတဲ့အခန်းကဏ္ဍတိုင်းမှာ ပါဝင်ဖို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
 

၈။ တခြားဖြည့်စွက်ချင်တာရှိရင်ပြောပေးပါဦး။ 

အမျိုးသမီးတွေအချင်းချင်းရဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အချင်းချင်းအားပေးမှုတွေက အင်မတန်မှ အရေးကြီး ပါတယ်။ ပိုပြီးတော့ အားတွေတိုးပွားပြီးတော့ စွမ်းဆောင်နိုင်တဲ့စွမ်းရည်တွေ ပိုပြီးမြင့်တက်လာစေတယ်။ အမျိုးသမီးခေါင်းဆောင်တွေဆိုရင်လည်း ဘက်ပေါင်းစုံကနေ အတိုက်အခိုက်တွေ ရှိမယ်။ ကိုယ်ဖြေရှင်းရတဲ့ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ကြည့်မယ်ဆိုရင် အမျိုးသမီးကကိုယ်ရဲ့တာဝန်အရ ခေါင်းဆောင်ရတဲ့လုပ်ငန်းတွေရှိတယ်။

တဖက်မှာကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေရဲ့ အရေးတွေကိုလည်း ဖြေရှင်းရတယ်။ ကိုယ့်ရဲ့အနောက်မှာမိသားစုအရေးတွေကို ဖြေရှင်းရတယ်။ ဒီလိုမျိုးဖြစ်တဲ့အချိန်မှာ စိတ်ဓာတ်ကျမှု တွေ ကိုယ့်ရဲ့အဆင်မပြေမှုတွေ အများကြီးရှိတယ်။ ဒီလိုမျိုးအခက်အခဲတွေကြုံတဲ့အခါမှာလည်း အားယူပြီး တော့ ကိုယ့်ရဲ့စိတ်တွေကိုတည်ငြိမ်အောင် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းပါ။ ရှေ့တလှမ်းတက်နိုင်ဖို့ အတွက် နောက်တလှမ်းဆုတ်ပြီးတော့ အားမွေးတာတွေ၊ ပြန်ပြီး အားယူဆက်လှမ်းဖို့ ကြိုးပမ်းပါ လို့ ပြောချင်ပါတယ်။

​အမျိုးသမီးပါဝင်ရေးအကြောင်းပြောပြီဆိုရင် နေရာလုချင်လို့ မြင်တာမျိုး ရှိပါတယ်။ တကယ်တမ်း အမျိုးသားတွေ မစဉ်းစားနိုင်တဲ့အရာတွေကို အမျိုးသမီးတွေဘက်နေ အကောင်းဆုံးစဉ်းစား ပြီးတော့ နိုင်ငံတည်ဆောက်ရေးမှာ အကောင်းဆုံးဖြစ်အောင် မျှတအောင်ထမ်းဖို့ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အချင်းချင်း အမြဲတမ်းလက်တွဲပြီးတော့ လုပ်ဆောင်သွားဖို့အရေးကြီးပါတယ်။ အမျိုးသမီးတွေကို အားမငယ်ဖို့ ပြောချင်ပါတယ်။


"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media