မဝေဝေနု
တည်ထောင်သူ
အမျိုးသမီးငြိမ်းချမ်းရေးကွန်ရက်

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“အခုအချိန် တော်လှန်ရေးကာလမှာ ကျွန်မတို့ဘာလုပ်နိုင်မလဲ။ အသွင်ကူးပြောင်းရေးကာလမှာ ဘယ်သူတွေက ဘယ်ဟာတွေကို တာဝန်ယူပြီးတော့ ဆက်လုပ်သွားမလဲ။ တကယ့်ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ပြီးတဲ့အခါမှာ ဒီမှာရှိတဲ့စံတန်ဖိုးတွေနဲ့ အခွင့်အရေးတွေကို အာမခံချက် ပေးဖို့အတွက် ဘယ်သူတွေက ကတိတည်ပြီး လုပ်ဆောင်မလဲဆိုတဲ့အချက်တွေကလည်း အ‌ရေးကြီးပါတယ်။ ဒါမှသာလျှင် နိုင်ငံတော်အသစ် အနာဂတ်အသစ်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်”
 

၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

နွေဦးတော်လှန်ရေးကတော့ ကျွန်မတို့မြန်မာပြည်ရဲ့သမိုင်းမှာ အင်မတန်ထူးခြားတဲ့တော်လှန်ရေးလို့ ပြောလို့ ရပါတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ပါဝင်မှု အမျိုးသမီးတွေရဲ့ပါဝင်မှု ကျွန်မတို့လူ့အဖွဲ့အစည်း အယုတ် အလတ်အမြတ်မရွေးပါဝင်မှုနဲ့ စိတ်ဓာတ်ကြံခိုင်မှု အကုန်လုံးဟာ အင်မတန်ထူးခြားတဲ့ သွင်ပြင်လက္ခဏာတွေ ဖြစ်ပါတယ်။

ဒါ့ပြင် လူမျိုးတွေ၊ ဘာသာတွေ၊ လူနည်းစုတွေနဲ့ ဗမာလူမျိုးတွေကြားထဲမှာ  ပေါင်းစည်းပေးတဲ့ တံတားတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အရင်ခေတ်ကာလတွေနဲ့မတူတဲ့ ဘုံရန်သူကိုတိုက်ခိုက်မှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ အများကြီးရှိလာတာကို တွေ့ရတယ်။ နောက်တစ်ချက်ကတော့ အခုတော်လှန်ရေးဟာ ဆိုရင် လူကြီးတွေဖြစ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေက လက်ခံပြီးတော့မှ တော်လှန်ရေးကို လုပ်‌ဆောင်နေ ကြတာကလည်း ထူးခြားတဲ့သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်တစ်ခုထဲ မဟုတ်ဘဲ အာဏာရှင်စနစ်မှန်သမျှကို တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။ လူမျိုး ကြီးဝါဒတွေကို တွန်းလှန်တယ်။ ဖိုဝါဒတွေကို တွန်းလှန်တယ်။ စစ်တပ်မဟုတ်ပေမယ့် အချင်းချင်းကြားထဲမှာ ဒီမိုကရေစီအမည်ခံပြီးတော့ အာဏာရှင်စနစ် ကို သုံးချင်တဲ့ သုံးလိုတဲ့အလားအလာတွေကိုပါ တွန်းလှန်နေတဲ့ တော်လှန်ရေးဖြစ်တယ်။ အယူဝါဒဆိုင်ရာ တော်လှန်ရေးဖြစ်တာကို တွေ့ရတယ်။

ဒီတော်လှန်‌ရေးဟာ နည်းပေါင်းစုံကနေ အင်မတန်မှ ထူးခြားတယ်လို့ ပြောလို့ရတယ်။ ကျွန်မတို့မိဘမောင်နှမတွေ မိသားစုတွေ မိတ်ဆွေတွေ အများကြီးပေးဆပ်ရတယ်ဆိုပေမယ့် အခုချိန်မှာကျွန်မတို့က မလုပ်ရင် ဘယ်သူလုပ်မလဲ။ ကိုယ်စီလုပ်နိုင်တဲ့ အခန်းကဏ္ဍကနေပြီးတော့မှ ပါဝင်လုပ်ဆောင်နိုင်နေတဲ့အတွက်လည်း ပါဝင်နေတဲ့ ပြည်သူတွေအားလုံးအတွက် ဂုဏ်ယူတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်မတို့ပြည်သူလူထုရဲ့ နိုင်ငံရေးစံချိန်မြင့်တင်လာမှု၊ အသိအမြင်ဖွံ့ဖြိုးလာမှုနဲ့ ကိုယ်တိုင်ကိုယ်ကျတော်လှန်ရေးမှာ ပါဝင်လာမှုနဲ့ အယူဝါဒဆိုင်ရာအမြင်ပွင့်လင်းလာမှုတွေဟာ အင်မတန် အားရစရာကောင်းပြီး ကျွန်မတို့အနေနဲ့ကလည်း ဒီလိုပါဝင်ရတာ ပိုပြီးတော့မှ အားရှိလာတယ်။ ပိုပြီးတော့မှာ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်တဲ့အတွက်မို့လို့ ဘယ်လောက်ပဲပင်ပန်းပင်ပန်း တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရတာကို ဂုဏ်ယူမိပါတယ်။
 

၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိတည်ဆောက်သင့်ပါသလဲ။

ကျွန်မတို့လိုချင်တဲ့အနာဂတ်က ဘယ်သူ့အတွက်လဲ ဆိုတာကို ကျွန်မတို့က အဓိပ္ပာယ်ဖွင့်ဆိုရမှာ ဖြစ်ပါတယ်။ ကျွန်မတို့တိုင်းပြည်ထဲမှာ ရှိနေတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အယုတ်အလတ်မရွေး အမျိုးသမီး၊ အမျိုးသား၊  လိင်မတူကွဲပြားသူတွေအားလုံးအတွက် အနာဂတ်ဖြစ်ဖို့လိုပါတယ်။ အားလုံးအတွက် နေရာရှိတဲ့ အနာဂတ်ဖြစ်ဖို့ လိုတယ်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာလည်း နိုင်ငံတော်ရဲ့စံတန်ဖိုးတွေနဲ့ ပတ်သက်ပြီး တော်တော်များများ ဆွေးနွေးပြီးသား ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက်ပါ အာမခံချက်ပေးနိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို မျှမျှတတနဲ့ ခွဲဝေပြီး‌တော့မှ အာဏာမျှဝေမှုတွေလုပ်နိုင်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ် ဆိုပြီး တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးကို အာမခံချက်ပေးတဲ့ တရားဥပဒေစိုးမိုးရေး၊ ခွဲခြားဆက်ဆံမှုမရှိတဲ့ လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာရေးက အခြေခံမူတွေ ဖြစ်ပါတယ်။

ဒါတွေကို တကယ့်လက်တွေ့မှာ အကောင်အထည်ဖော်နိုင်တဲ့အနာဂတ်ကို ဖန်တီးဖို့ လိုပါတယ်။ အကောင် အထည်ဖော်နိုင်တဲ့ မူဝါဒတွေနဲ့ အကောင်အထည်ဖော်နိုင်တဲ့လမ်းစဉ်တွေကို ချမှတ်သွားဖို့လိုသလို အကောင် အထည်ဖော်နိုင်တဲ့သူတွေကို တာဝန်ခွဲဝေပေးသွားဖို့ လိုပါတယ်။ အခုအချိန် တော်လှန်ရေးကာလမှာ ကျွန်မတို့ ဘာလုပ်နိုင်မလဲ။

​တော်လှန်ရေးပြီးသွားရင် အသွင်ကူးပြောင်းရေးကာလမှာ ဘယ်သူတွေက ဘယ်ဟာတွေကို တာဝန်ယူပြီးတော့ ဆက်လုပ်သွားမလဲ။ တကယ်ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ပြီးတဲ့အခါမှာ ဒီမှာရှိတဲ့ စံတန်ဖိုးတွေနဲ့ အခွင့်အရေးတွေကို အာမခချက်ပေးဖို့အတွက် ဘယ်သူတွေက ကတိတည်ပြီး လုပ်ဆောင်မလဲ ဆိုတဲ့အချက်တွေကလည်း အ‌ရေးကြီးပါတယ်။ ဒါမှသာလျှင် နိုင်ငံတော်အသစ် အနာဂတ်အသစ်ကို ဖန်တီးနိုင် မှာ ဖြစ်ပါတယ်။
 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

နိုင်ငံတစ်နိုင်ငံကို တစ်သွေးတစ်သံတစ်မိန့်နဲ့ တည်ဆောက်တယ်ဆိုရင် အဲ့နိုင်ငံရဲ့ ဖွံ့ဖြိုးမှု၊ ကြီးထွားမှု၊ ကြွယ်ဝချမ်းသာမှုတွေက နှောင့်နှေးတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လည်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေရတာ ဖြစ်ပါတယ်။ အဲ့လိုမဖြစ်အောင်လို့ အသံပေါင်းစုံ၊ ဘက်ပေါင်းစုံရဲ့ ပါဝင်မှုတွေက အင်မတန်အရေးကြီးတယ်။

မယုံကြည်မှုတွေ၊ မမျှတမှုတွေ ခံစားနေခဲ့ရတဲ့သမိုင်းကြောင်းရှိတဲ့ တိုင်းပြည်မှာ ဆိုရင် ယုံကြည်မှုတွေတည်ဆောက်လာနိုင်ဖို့ တိုင်းပြည်ထဲမှာ အကုန်လုံးဟာ ပါဝင်နေတယ် ဆိုတဲ့ စိတ်ဓာတ်တွေဖြစ်ဖို့ အခုချိန်မှာ  လုံးဝမပါဝင်သေးတဲ့လူမျိုးစုတွေ၊ အစုအဖွဲ့တွေအကုန်လုံးကို  မဖြစ်မနေ ပါဝင်အောင် လုပ်ပေးနိုင်ဖို့ လိုပါတယ်။

ဒါမှသာလျှင် တိုင်းပြည်မှာရှိနေတဲ့ အခြေခံပဋိပက္ခတွေ ပြသနာတွေ ကလည်း နိုင်ငံတော်သစ်တည်ဆောက်တာနဲ့ တပါတည်းပြေလည်သွားမှာ ဖြစ်ပါတယ်။ မဟုတ်ရင် ပြည်တွင်း ထဲမှာပဋိပက္ခတွေကဆက်လက်ပြီးရှိနေပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးမှုတွေနောက်ကျမှာ ဖြစ်ပါတယ်။ မြန်မာ့ နိုင်ငံရေးတခုလုံးဟာ အမျိုးသားတွေ အများစုဦးဆောင်တဲ့ ဖိုဝါဒကိုလွှမ်းမိုးတဲ့ နိုင်ငံရေးစနစ် ဖြစ်တယ်။ အာဏာရှင်စနစ်တစ်ခု ဖြစ်တယ်။

ဒီလိုအာဏာရှင်ရဲ့အောက်မှာ အမျိုးသမီးတွေရဲ့ အသံတွေမရှိခဲ့တဲ့အခါ ကျတော့ ကျွန်မတို့လူ့အဖွဲ့အစည်းမှာလည်း ပဋိပက္ခတွေ အများကြီး ဖြစ်လာခဲ့တယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှု နှောင့်နှေးတာကို တွေ့ရတယ်။ ဒါဖွံ့ဖြိုးရေးရှုထောင့်၊ စီးပွားရေးရှုထောင့်ကနေ ကြည့်တာပေါ့။ တချိန်ထဲမှာပဲ ကျွန်မတို့က လူမှုရေးရှုထောင့်ကနေပြီးတော့ ကြည့်မယ်ဆိုရင်လည်း အိမ်တွင်းအကြမ်းဖက်ခံရတာတွေ၊  အမျိုးသားတွေ မရှိတော့ရင် ဒုက္ခရောက်တာတို့ ကလေးတွေထိန်းကျောင်းတဲ့အခါမှာ ကျွေးမွေးပြုစုတဲ့အခါမှာ အခက်အခဲဖြစ်တာကို ကြုံရတယ်။

မိဘတွေက အမျိုးသမီးတွေကို တန်ဖိုးမထားတော့တဲ့အခါကျတော့ အားနည်းမှုတွေ အဖက်ဖက်ကဖြစ်လာပြီးတော့ နောက်ဆုံးမှာ လူကုန်ကူးခံရတာတွေဟာ အမျိုးသမီးတွေ အများဆုံးဖြစ်လာတာ တွေ့ရတယ်။

သို့သော်ငြားလည်း ကျွန်မတို့အမျိုးသမီးတွေဟာ တကယ်တမ်းကျတော့ နိုင်ငံရေးမှာပါဝင်မှုတွေ တောက်လျှောက် ရှိခဲ့ကြတယ်။ တကယ်တမ်း တော်လှန်ရေးတွေဖြစ်တဲ့ ဆန္ဒပြမှုတွေ လူထုလှုပ်ရှားမှုတွေကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ဦးဆောင်တဲ့အခန်းကဏ္ဍတွေက နေပြီးတော့ အမြဲတမ်းပါဝင်တယ်။ ရှေ့ဆုံးကနေ ထွက်တယ်။ အ ခုနွေဦးတော်လှန်ရေးမှာဆိုရင်လည်း ရှေ့ဆုံးကနေစထွက်တာ အမျိုးသမီးတွေပဲ ဖြစ်တယ်။

နောက်ပြီးတော့ သံပုံးခေါက်တဲ့ကမ်ပိန်းကနေ စပြီးတော့ အလံထူတဲ့ကမ်ပိန်းတွေအထိ အမျိုးသမီးတွေက စကြတာတွေချည်းပဲ။ ပြောမယ်ဆို အမျိုးသမီးတွေ ဘယ်လောက်ပဲ ဖယ်ကျဉ်ခံထားခံထား၊ လူ့အဖွဲ့အစည်းမှာ အခက်အခဲတွေဘယ်လောက်ရှိရှိ အမျိုးသမီးတွေရဲ့ နိုင်ငံရေးစံချိန်က နိုင်ငံရေးနားလည်မှု၊ တက်ကြွမှုစံချိန်က အင်မတန်မြင့်မားပါတယ်။ 

တကယ်တမ်းကျတော့ အမျိုးသမီးတွေအနေနဲ့ လူ့အဖွဲ့အစည်း မှာ အရည်အချင်းရှိတဲ့အမျိုးသမီးတွေ ဘက်ပေါင်းစုံမှာ သူ့အနေအထားနဲ့သူ သက်ရောက်နေတဲ့အမျိုးသမီး တွေ အများကြီးရှိပါတယ်။ အဲ့အမျိုးသမီးတွေရဲ့အရည်အသွေးတွေကိုပဲ အသိအမှတ်ပြုပြီးတော့ သင့်တော်တဲ့ နေရာ၊ ဦးဆောင်နိုင်တဲ့နေရာကို ပေးဖို့လိုပါတယ်။ အဲ့လိုမဟုတ်ပဲနဲ့ အမျိုးသမီးပါဝင်မှုဆိုပြီးတော့ ကိုယ့်အမျိုး၊ ကိုယ်နဲ့သိတဲ့အမျိုးသမီးတွေ၊  ထည့်လိုက်မယ်ဆိုတဲ့ဟာမျိုးတော့ မလုပ်ကြဖို့လိုတယ်။

စစ်တပ်က ဒီလိုမျိုး အလေ့အထတွေ လုပ်ခဲ့တာ ဖြစ်တယ်။ အမျိုးသမီးတွေရဲ့ ပါဝင်နိုင်မှုစွမ်းရည်၊ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ လွှမ်းမိုးနိုင်မှု၊ အမျိုးသမီးတွေရဲ့ ပါဝင်မှုအတွက် အားသာချက်၊ အရည်အသွေးတွေအပေါ်မှာ အရည်အချင်းတွေ အ‌ပေါ်မှာ အခြေခံပြီးတော့ သူ့နေရာနဲ့သူ ဦး‌ဆောင်တဲ့နေရာမှာ ဆွဲခေါ်ဖို့တွန်းတင်ဖို့ လိုတယ်လို့ မြင်ပါတယ်။
 

၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

တကယ်တမ်း တော်လှန်ရေးမှာ ပါဝင်တဲ့အမျိုးသမီးတွေက တော်တော်များများရှိတယ်ဆိုပေမယ့် ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါဝင်နေတဲ့အမျိုးသမီးအရေအတွက်တွေက နည်းနေတာကို တွေ့ရပါတယ်။ ဥပမာ CRPH မှာပဲ ကြည့်ကြည့်၊ အမျိုးသားညီညွတ်ရေးအစိုးရမှာပဲကြည့်ကြည့်၊  အမျိုးသားအတိုင်ပင်ခံ ကောင်စီမှာပဲကြည့်ကြည့် တခြားသောနိုင်ငံရေးအဖွဲ့အစည်းတွေမှာပဲ ကြည့်ကြည့် အမျိုးသမီးတွေရဲ့ပါဝင်မှု တွေဟာ တကယ်တမ်းဆုံးဖြတ်ချက်ချလို့ရတဲ့နေရာတွေမှာ အင်မတန်နည်းနေသေးတာကို တွေ့ရတယ်။

(၁၀) ရာခိုင်းနှုန်းကနေ (၂၀) ရာခိုင်နှုန်းဝန်းကျင် ကြားထဲမှာပဲ ရှိနေတယ်။ အင်မတန်နည်းနေတာကို တွေ့ရတယ်။ အဲ့ဒါကိုအခုချိန်ကစပြီး ပြုပြင်ပြောင်းလဲပြီးတော့ တကယ်တမ်း နိုင်ငံရေးဦးဆောင်လှုပ်ရှားတဲ့အဖွဲ့အစည်းတွေ မှာ အမျိုးသမီးတွေပိုမိုပါဝင်လာအောင် အားထုတ်ကြဖို့လိုတယ်လို့ မြင်ပါတယ်။
 

၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

လူ့အဖွဲ့အစည်းရဲ့အမြင်မှာ အမျိုးသမီးတွေရဲ့ အားထုတ်မှု၊ ကြိုးပမ်းမှုတွေကို အလေးထားမှု အားနည်း ပါတယ်။ နောက်တစ်ခုက တချို့တချို့နေရာတွေမှာ အမျိုးသမီးတွေတော်လာပြီဆိုရင် ကျွန်မတို့ လူ့အဖွဲ့ အစည်းက သိပ်မကြိုက်ချင်ကြတော့ဘူး။ အထူးသဖြင့် အမျိုးသားတွေကိုယ်တိုင်ကိုကလည်း အရမ်းတော် လာတဲ့ အမျိုးသမီးတွေဆိုရင် သူတို့ရဲ့နေရာကို ခြိမ်းခြောက်သလို သူတို့ခံစားရတယ်။ တချို့အမျိုးသမီး ခေါင်းဆောင်တွေဟာလည်း ကိုယ့်ထက်တော်တဲ့အမျိုးသမီးဆို သိပ်မကြိုက်ချင်ကြတာမျိုးတွေ ရှိတယ်။

တကယ်တမ်းတော်တဲ့ အမျိုးသမီးတွေကို နေရာမပေးပဲ ဖယ်ကြဥ်ထားတာမျိုးတွေကို ကျွန်မတို့တွေ့ရတယ်။ နောက်တခါ လူမှုရေး၊ လူ့အဖွဲ့အစည်းမှာလည်း ကျွန်မတို့အမျိုးသမီးတွေက ပါဝင်လိုတဲ့စိတ်တွေ ရှိတယ်။ သို့သော် လက်လှမ်းမီမှု အားနည်းတယ်။ တွဲခေါ်နိုင်တဲ့နေရာ၊ အဖွဲ့အစည်းတွေကလည်း အားနည်းတယ်။

တချို့နေရာတွေမှာ အမျိုးသမီးတွေကို ဖြေဖျော်စရာအမျိုးသမီးတွေလို့ မြင်ပြီးတော့ လိင်ပိုင်းဆိုင်ရာ အနိုင်ယူမှုတွေ အသုံးချမှုတွေကအစ လုပ်လာတယ်။ အဲ့လိုမျိုးအသေးအဖွဲတွေ များများ များများလာတဲ့အခါ  အမျိုးသမီးတွေက ဒီလိုပတ်ဝန်းကျင်မှာ ပါဝင်ရတာတွေကို မပျော်ရွှင်ကြတော့ဘူး။ ဆက်လက်ပြီး မပါချင်ကြ တော့ဘူး။‌ နောက်တစ်ခုက မြန်မာပြည်မှာ အမျိုးသမီးတွေရဲ့တာဝန်ဟာ အိမ်မှုရေးရာတာဝန်တွေ ဖြစ်တယ်။

ဒါတွေကို အမျိုးသမီးတစ်ယောက်ထဲ လုပ်ရတဲ့အခါကျတော့ တကယ်တမ်းနိုင်ငံရေးမှာ အချိန်ပေးဖို့အတွက်ကို အားနည်းသွားတာ၊ လုပ်ချင်လို့ လုပ်မယ်ဆိုရင်တောင် ရေရှည်လုပ်ဖို့ခက်ခဲတာမျိုး ကြုံရပါတယ်။ နောက်တခါ ကျတော့ တချို့ဒေသတွေမှာဆို အမျိုးသမီးတွေဟာ ပညာသင်ယူခွင့်တွေကို အမျိုးသားတွေလောက်မရကြဘူး။ ပညာမသင်ယူရပဲနဲ့လည်း ဦးဆောင်ပြီး လုပ်နေတဲ့ရဲရင့်တဲ့အမျိုးသမီးတွေ အများကြီး ဆိုပေမယ့် တော်တော် များများကတော့ အဲ့လိုနေရာမျိုးကို မရောက်နိုင်ကြဘူး။

အခက်အခဲကတော့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး ကနေစပြီးတော့ ကျွန်မတို့လူ့အဖွဲ့အစည်းထဲမှာ ရှိနေတဲ့အမျိုးသမီးတွေ အပေါ်မှာ မြင်တဲ့ အမြင် ဆက်ဆံတဲ့ဆက်ဆံရေး၊ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့ မြင်တဲ့အမြင်တွေ ဆက်ဆံပုံအခက်အခဲတွေစတဲ့ အိမ်ထဲက နေပြီးတော့မှ နိုင်ငံရေးစင်မြင့် အထိ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါတွေကို ကျွန်မတို့ နားလည်ပြီးတော့ တဖြေးဖြေးနဲ့လျော့သွား အောင် လုပ်ဆောင်နိုင်ဖို့လိုပါတယ်။
 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှာ ဆိုရင်လည်း ဂျဲန်ဒါ‌ပေါ်လစီတွေ ရှိလာပြီ ဖြစ်ပါတယ်။ ဒါတွေကို ဆက်ပြီး အကောင်အထည်ဖော်မှုတွေ ရှိဖို့လိုပါတယ်။ လူမျိုးစုဆိုင်ရာ အစုအဖွဲ့တွေ နိုင်ငံရေး အဖွဲ့အစည်းတွေမှာဆိုရင်လည်း အမျိုးသမီးတွေရဲ့ပါဝင်မှုအခန်းကဏ္ဍတွေ မြှင့်တင်လာဖို့အတွက် ပြောဆို ဆွေးနွေးသွားဖို့ လိုပါတယ်။ အမျိုးသမီးတွေကြုံတွေ့ရတဲ့ အခက်အခဲအကြပ်အတည်းတွေ၊ အဟန့်အတားတွေ ကို ဖြေရှင်းပေးဖို့လိုတယ်။

အထူးသဖြင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း တရားမျှတမှုတွေ တာဝန်ယူမှု၊ တာဝန်ခံမှုတွေရှိအောင် အခုထဲကစပြီး အလေ့အထယူပြီးတော့ ကျွန်မတို့ ဖြေရှင်းပေးသွားဖို့ လိုပါတယ်။ ဒါမှသာလျှင် အမျိုးသမီးတွေက ပိုပြီးတော့ပါဝင်မှုတွေဟာ ပိုပြီးတော့မှ လုံခြုံမှုရှိတယ်ဆိုတဲ့ စိတ်ဓာတ်ဖြစ်လာပြီး ပါဝင်ဖို့ အားရှိသွားမယ်လို့ မြင်ပါတယ်။

စစ်တပ်ကနေ ပစ်မှတ် ထားပြီးလုပ်တာမျိုး ကိုယ်အချင်းချင်းတွေကြားထဲမှာလည်း အမျိုးသမီးတွေကို ရရင်သလို  လိင်ပိုင်းဆိုင်ရာ အနိုင်ယူလိုတဲ့ အမူအကျင့်တွေ တွေ့နေရပါတယ်။ ဒီလိုအကျင့်တွေကို ကျွန်မတို့က ကိုယ့်ရဲ့တော်လှန်‌ရေး အဖွဲ့အစည်းတွေကြားထဲမှာ ဖျောက်ဖျက်ဖို့ လိုတယ်။စစ်တပ်ကနေပြီးတော့ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပဲဖြစ်ဖြစ်၊ အချင်းချင်းကြားထဲမှာဖြစ်တဲ့ဟာပဲဖြစ်ဖြစ် ဒီဟာတွေနဲ့ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိနိုင်တဲ့ ယန္တရားတွေကို အခုထဲက ကျွန်မတို့က တည်ဆောက်သွားဖို့ လိုပါတယ်။ အကောင်အထည် ဖော်သွားဖို့လည်း လိုပါတယ်။

အမျိုးသမီးတွေရဲ့လုံခြုံမှုကို အာမခံချက်ပေးနိုင်တဲ့အခြေအနေကို ဖန်တီးပေးဖို့၊ ကျူးလွန်ခံခဲ့ရတဲ့စော်ကားမှုတွေအတွက်ကို တာဝန်ယူမှု၊ တာဝန်ခံမှုတွေ တစိုက်မက်မက် လုပ်ဆောင်သွားနိုင် မယ်ဆိုရင် နိုင်ငံရေးမှာ ပါဝင်လာမှုတွေ များလာမယ်လို့ ယုံကြည်ပါတယ်။
 

၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

အနာဂတ်အသစ်မှာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံမှာ အမျိုးသမီးတွေပါဝင်မှု အားကောင်းလာတယ်ဆိုရင် ကျွန်မတို့တိုင်းပြည်မှာ ရှိနေတဲ့ အခြေခံပြသနာတွေကစပြီးတော့ ကြီးမားတဲ့ပဋိပက္ခတွေအထိ ဖြေရှင်းတဲ့ အခါမှာ အင်မတန်မှထိရောက်မှု ရှိလာနိုင်ပါတယ်။ တကယ်တမ်း ပဋိပက္ခတွေမှာလည်း တိုက်ရိုက်ကြုံတွေ့ ခံစားနေကြရသူတွေ ဖြစ်တဲ့အခါကျတော့ ပဋိပက္ခတွေရဲ့ dynamic ပေါင်းစုံကိုလည်း ကျွန်မတို့က နားလည်ပါတယ်။အမျိုးသားတွေ နားလည်တဲ့ ပဋိပက္ခတွေ တော်တော်များများရဲ့  dynamic  ဆိုတာ  ပါဝါယှဥ်ပြိုင်မှုကို နားလည်ကြတာပါ။

တကယ်တမ်း အမျိုးသမီးတွေ နားလည်တာက အတွင်းထဲမှာ ဘာတွေဖြစ်နေသလဲ။ ဘယ်လို dynamic  တွေဖြစ်နေသလဲ။  ဘယ်လိုနစ်နာမှုတွေ သက်ရောက်မှုတွေက ဘယ်လို ရှုထောင့်ကနေ ဖြစ်နေသလဲဆိုတာ အမျိုးသမီးတွေက ထဲထဲဝင်ဝင်သိတဲ့အခါကျတော့ လူမှုရေး၊ စီးပွားရေး ပြသနာတွေကို ဖြေရှင်းရုံတင်မက တိုင်းပြည်မှာရှိနေတဲ့ အကြပ်အတည်းတွေကို ဖြေရှင်းတဲ့အခါမှာ ပိုမိုထိရောက်စွာဖြေရှင်းနိုင်ပြီးတော့ ရေရှည်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ဖြစ်သွားမှာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာဆိုရင် အမျိုးသမီးတွေကို အမျိုးသမီးတွေလို့မမြင်ပဲနဲ့ လူသားတစ်ယောက်အနေနဲ့ မြင်ပြီးတော့ အရည်အချင်းပေါ် မူတည်ပြီး ရပ်တည်ကြတာဖြစ်တယ်။ လူတိုင်းဟာ သူ့ရဲ့ စွမ်းရည်၊ ဉာဏ်ပညာ၊ အရည်အသွေး၊ အရည်အချင်းတွေကို လူ့အဖွဲ့အစည်းထဲမှာ ပြန်လည်ထည့်ဝင်ရင်းနှီးမှုလုပ်နေတဲ့အခါကျတော့ လူတိုင်းလူတိုင်းဟာ တန်ဖိုးရှိတဲ့လူတွေ ဖြစ်ပြီးတော့ လူ့အဖွဲ့အစည်းရဲ့ကြွယ်ဝချမ်းသာမှုတွေက လွယ်လွယ် ကူကူနဲ့ မြင့်တက်လာတာဖြစ်တယ်။
 

၈။ ဖြည့်စွက်ချက်။ 

ကျွန်မတို့အမျိုးသမီးတွေအနေနဲ့ အဟန့်အတားတွေကို နားလည်ပြီးတော့ ကျော်လွန်သွားနိုင်အောင် ကြိုးစား သွားမယ်ဆိုတဲ့ ဒီလိုစိတ်ဓာတ်မျိုးလည်း ရှိသင့်ပါတယ်။ နောက်တခုကကျတော့ အမျိုးသမီးဖြစ်တဲ့အတွက် အမျိုးသမီးကိစ္စပဲ‌ လုပ်မယ်ဆိုတဲ့ဘောင်ခက်လိုက်တာမျိုးမလုပ်ပဲနဲ့ ကိုယ်ကိုကိုယ် လူသားအနေနဲ့ပဲ မြင်စေချင်တယ်။ ငါဟာ လူ့အဖွဲ့အစည်းရဲ့ပါဝင်တဲ့သူ တစ်ယောက်ဖြစ်တယ်။ လူသားတစ်ယောက်ဖြစ်တယ်။

ကျွန်မတို့ဟာ ဘယ်လိုလူမျိုးဖြစ်ချင်သလဲ ဆိုတာနဲ့ ကိုယ်ရဲ့ရည်မှန်းချက်တွေထားပြီးတော့မှ ကိုယ်ဖြစ်ချင်တဲ့ အနာဂတ် ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းချင်တယ်။ ကျွန်မတို့ နိုင်ငံရေး ခေါင်းဆောင် ဖြစ်ချင်လား။ ဖြစ်ခွင့်ရှိပါတယ်။ ကျွန်မတို့က စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်သလား ဖြစ်ခွင့် ရှိပါတယ်။

လူသားတစ်ယောက်လို့ ခံယူပြီး ကိုယ့်ရဲ့ရည်မှန်းချက်ကို ကိုယ့်အိပ်မက်ကို အကောင်အထည် ဖော်ကြပါ။ တစ်စိုက်မက်မက်နဲ့ အဟန့်အတားတွေကို ကျော်လွှားပြီးတော့ အကောင်အထည်ဖော်ကြပါ။ ကိုယ့်ကိုကိုယ် ပိတ်မထားကြပါနဲ့။ ကိုယ်ကိုကိုယ် ဘောင်ခတ်မထားပါနဲ့လို့ပဲ ကျွန်မကပြောချင်ပါတယ်။

မြန်မာ့ နိုင်ငံရေးတခုလုံးဟာ အမျိုးသားတွေ အများစုဦးဆောင်တဲ့ ဖိုဝါဒကိုလွှမ်းမိုးတဲ့ နိုင်ငံရေးစနစ် ဖြစ်တယ်။ အာဏာရှင်စနစ်တစ်ခု ဖြစ်တယ်။ ဒီလိုအာဏာရှင်ရဲ့အောက်မှာ အမျိုးသမီးတွေရဲ့ အသံတွေမရှိခဲ့တဲ့အခါ ကျတော့ ကျွန်မတို့လူ့အဖွဲ့အစည်းမှာလည်း ပဋိပက္ခတွေ အများကြီး ဖြစ်လာခဲ့တယ်။

 
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media