မနှင်းသက်မှူးခင် Executive Member (Sisters to Sisters)
Project Manager (Frontline Ethics)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“လူသားတယောက်အနေနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး နေရာပေးတယ်၊ ဆုံးဖြတ်ချက်တွေ လေးစားတယ်ဆိုတာက ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ကောင်းတဲ့စံတန်ဖိုးတွေကို ဆုပ်ကိုင်တဲ့သဘောပဲ။ အဲ့လိုအားဖြင့်လည်း ကိုယ့်ရဲ့လူသားဆန်မှုတွေ၊ ကိုယ်ချင်းစာစိတ်ရှိမှုတွေကို လူ့အဖွဲ့အစည်းထဲမှာ ပြသလို့ရပါတယ်”
မနှင်းသက်မှူးခင်ဟာ ရန်ကုန်ဇာတိဖြစ်ပြီး ငယ်စဉ်ကတည်းက လူတွေကို ကူညီကယ်တင် ပေးချင်သူ ဖြစ်ချင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆေးဝါးတက္ကသိုလ်ကို တက်ရောက်ခဲ့ပြီးနောက် လူမှုရေးပညာ မဟာဘွဲ့ နှင့် လူ့အခွင့်အရေးဥပဒေမဟာဘွဲ့ကို အမေရိကန်ပြည်ထောင်စုနှင့် ဩစတေးလျ နိုင်ငံအသီးသီး မှာ ဆက်လက်သင်ယူခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မှာ ရိုဟင်ဂျာအရေး၊ လူနည်းစုအရေးနဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့ပါတယ်။ အမျိုးသမီး အခွင့်အရေးကိစ္စတွေကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို လုံးဝလက်မခံနိုင်တဲ့ သူမဟာ သပိတ်မှောက်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် လုံခြုံရေးအရ ထိုင်းနိုင်ငံကို ရွေ့ပြောင်းလာပြီး တော်လှန်ရေး ကိစ္စတွေ၊ အမျိုးသမီးအရေးနှင့် လူ့အခွင့်အရေးကိစ္စတွေကို စိတ်အားထက်သန်စွာ လုပ်ဆောင်လျက် ရှိပါတယ်။ လက်ရှိမှာ Sisters to Sisters နဲ့ Frontline Ethics အဖွဲ့အစည်းတွေမှာ ဦးဆောင်လုပ်ကိုင်လျက် ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင်မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ တော်လှန်ရေးက လေးနှစ်ကျော်ကာလမှာ စစ်ရေးအရအခြေအနေတွေ ကောင်းနေတဲ့နေရာတွေ ရှိသလို၊ စစ်ရေးအရ အရမ်းကြီးအရေးမသာသေးတဲ့ နေရာတွေလည်း ရှိတယ်။ နွေဦးတော်လှန်ရေးက နိုင်ငံရေးအဖြေမထွက်သေးဘူးဆိုရင်တောင် အနည်းဆုံးတော့ လူတွေရဲ့အမြင်က အတိုင်းအတာတခုထိ ပွင့်လာတယ်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးရေးတို့ တိုင်းရင်းသားအမြင်တွေ ပွင့်လာတယ်။ နောက်ပြီး ကျားမတန်းတူညီမျှမှုတွေ ဂျဲန်ဒါအရေးတွေ ပွင့်လာတယ်။
နောက်တခုက အသက်အရွယ်ပေါ့၊ မြန်မာ လူမှုအဖွဲ့အစည်းက ပုံမှန်ဆိုရင် အသက်ကြီးကြီးယောကျာ်း ဒီလိုလူကို ဉာဏ်ပညာရှိတယ်၊ အမျှော်အမြင် ရှိတယ်လို့ တွေးခေါ်လာတဲ့နေရာကနေ အခုချိန်မှာဆိုရင် အမျိုးသမီးငယ်ငယ်လေးတွေကလည်း ဦးဆောင်နိုင် တယ်၊ ယောကျာ်းလေး ငယ်ငယ်လေးတွေ၊ LGBT ငယ်ငယ်လေးတွေက ဦးဆောင်နိုင်တယ်ဆိုတာကို လက်ခံ လာတယ်လို့ ပြောလို့ရတယ်။
တကယ်လည်း ယုံကြည်လာတယ်။ အဲ့ဟာတွေကတော့ ကောင်းလာတယ်လို့ ထင်တယ်။ အဲ့နောက်ပိုင်းမှာ မေးစရာရှိတာက ဒီလိုမျိုးလက်ခံလာတယ်ဆိုတာက တကယ်ရော ဦးဆောင်မှု နေရာတွေကို လူမျိုးစုတွေ လူနည်းစုတွေ အမျိုးသမီးတွေ LGBT တွေ သူတို့တွေက တကယ်ရော ရောက်နေလားဆိုတာ မေးခွန်းထုတ်စရာ ရှိနေတုန်းပါ။
မေး။ ။ မြန်မာနိုင်ငံက ဘယ်လိုနိုင်ငံရေးစနစ်မျိုးနဲ့ တည်ရှိနေတဲ့နိုင်ငံလို့ မြင်ပါသလဲ။ နိုင်ငံသစ်ကို ဘယ်လိုစံနှုန်းတွေနဲ့ တည်ဆောက်သင့်လဲ။
ဖြေ။ ။ တလျှောက်လုံးကတော့ ဗမာ ဗုဒ္ဓဘာသာကိုပဲ အရမ်းကိုဇောင်းတင်ပြီးတော့ ယဉ်ကျေးမှုကို ကာကွယ်ရမယ် ဘာသာတရားကို ကာကွယ်ရတယ်။ မြေမြိုတာထက် လူမြိုတာ ပိုဆိုးတယ်။ ဒါတွေကိုပဲ ထပ်ခါထပ်ခါ ထပ်ဖန်တလဲလဲ ကြားခဲ့ရတယ်။ ကိုယ်နဲ့မတူတဲ့သူတွေကို ဒီလူတွေက မကောင်းတဲ့သူတွေ ဒီလူတွေကို အဝင်မခံနဲ့ဆိုတဲ့ အဲ့ဟာကိုပဲ ထပ်ခါထပ်ခါ ရလာခဲ့တယ်။ ပြီးရင် ပြည်တွင်းထဲမှာတင် မဟုတ်ဘူး။
ပြည်ပဆိုလည်း နိုင်ငံခြားက အနှောင့်အယှက်တွေ၊ နိုင်ငံခြားက လွှမ်းမိုးမှုတွေ၊ နိုင်ငံခြားက ဝင်လာတဲ့ စိုးမိုးချုပ်ကိုင်မှုတွေဆိုပြီး အဲ့လိုမြင်လာခဲ့ကြတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ စံတန်ဖိုးတွေက ပြောင်းလဲလာတယ်။ ပြောင်းလဲလာပြီးတော့ (ကျွန်မတစ်ဦးတယောက်ထဲအမြင်နဲ့ ပြောရမယ်ဆိုရင်) တန်းတူညီမျှမှုတွေ ငြိမ်းချမ်းရေးတွေ လက်ကိုင်ထားသင့်တယ်။ ဒီလိုအရာတွေကို စပြီး တည်ဆောက် သင့်တယ်လို့ ထင်တယ်။
အကုန်လုံးပြောနေကြတဲ့ ဖက်ဒရယ်က အရေးကြီးလာပြီဆိုတာ ဒီအခြေအနေမှာ ဘာမှငြင်းလို့ မရတော့ဘူး။ တခြား ရွေးစရာမရှိတော့ဘူး။ ဒီလမ်းကို သွားမှ ဖြစ်မယ်။ ဒါမှ တိုင်းပြည်က တိုးတက်မယ်ဆိုတဲ့ အခြေအနေ မျိုးကို ရောက်လာပြီဆိုတော့ အားလုံးက အတူတူ အလုပ်လုပ်ကြတယ်။ တဖက်ထဲမှာပဲ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှုက အရေးကြီးဆုံးလို့ ထင်တယ်။ အစိုးရတွေအဆက်ဆက် လက်ထက်မှာဆိုရင် လူ့အခွင့်အရေး သမားတွေဆို မကောင်းတဲ့သူတွေ၊ တက်ကြွလှုပ်ရှားသူတွေဆို မကောင်းတဲ့သူတွေ ဒီလိုမြင်ခဲ့တယ်။
ဒါပေမယ့် ငါတို့အခွင့်အရေးတွေက နှစ်ပေါင်းများစွာဘယ်လောက်ထိတောင် ဖျက်စီးခံထားရတာလဲ ချိုးဖောက်ခံထားရ တာလဲဆိုတာ အခုချိန်မှာ မြင်လာတယ်။ လူ့အခွင့်အရေးကို ထိပ်ဆုံးထားဖို့ လိုတယ်။ တန်းတူညီမျှမှု ဘယ်ဘာသာ၊ ဘယ်လူမျိုး ဘယ်ဘာသာစကားပြောသည်ဖြစ်စေ သန်စွမ်းတာ၊ မသန်စွမ်းတာ ဘယ်လိုပဲ ရှိနေရှိနေ ဒီလူတွေအကုန်လုံးက လူ့အခွင့်အရေး ရရမယ်။ သူတို့တွေအကုန်လုံးက တန်းတူညီမျှမှု ရှိရမယ် ဆိုတာကို မြင်ဖို့လိုလာတယ်လို့ ထင်တယ်။
နောက်တခုက လူမှုအသိုင်းအဝိုင်းမှာ ကိုယ့်မှာ ဘယ်လိုမျိုး အခွင့်ထူးခံ အခြေအနေတွေရှိနေလဲ၊ တချို့လူတွေ မှာ ဘယ်လိုမျိုးအခွင့်ထူးခံ အခြေအနေတွေမရှိဘဲနဲ့ အခက်အခဲတွေ အတားအဆီးတွေ ကြုံနေရသလဲ ဆိုတာကိုလည်း မြင်အောင်ကြည့်ဖို့ လိုတယ်။ တန်းတူညီမျှရေးလို့ပြောတဲ့အချိန်မှာ တယောက်နဲ့တယောက်က စမှတ်တွေမတူဘူး။
မတူတဲ့ဟာကိုမြင်ပြီးတော့ အဲ့စမှတ်ကို တူအောင်လုပ်ဖို့ သူတို့မှာရှိတဲ့ အတားအဆီးတွေကို ဖယ်ပြီးတော့ ရှေ့ဆက်နိုင်ဖို့ ဒါတွေကိုလည်း ကြည့်ဖို့လိုပါတယ်။ နောက်တခုက အခုအချိန်မှာ တိုင်းပြည်က လုံးဝစစ်ဖြစ်နေတဲ့ကာလ ဖြစ်နေတယ်။ ဒါပေမယ့် ဒီတော်လှန်ရေးနိုင်သွားပြီဆိုတဲ့အချိန်မှာ ငြိမ်းချမ်းရေး ကိုလည်း ရှေ့ဆက်ပြီးဦးတည်ဖို့ လိုတယ်လို့ ထင်တယ်။
စစ်ပွဲပြီးသွားတဲ့အချိန်မှာ ရှိခဲ့တဲ့ ဒဏ်ရာတွေ နစ်နာခဲ့တဲ့အရာတွေ ဆုံးရှုံးခဲ့တဲ့အရာတွေကို တရားမျှတမှု ပြန်ရှာပေးဖို့ လိုတယ်။ တရားမျှတမှုတွေရှာပြီးတော့ ထပ်ပြီးစစ်ပွဲတွေမဖြစ်အောင် နောက်ထပ် နိုင်ငံသစ်တစ်ခုကို အေးအေးဆေးဆေးနဲ့သွားလို့ရအောင် ငြိမ်းချမ်းရေးက အများကြီးအရေးကြီးတယ်လို့ ထင်ပါတယ်။
“တန်းတူညီမျှရေးလို့ပြောတဲ့အချိန်မှာ တယောက်နဲ့တယောက်က စမှတ်တွေမတူဘူး။အမျိုးသမီးတွေမှာ ပိုပြီးတော့ ဝန်တွေ ထမ်းထားရတာ ရှိတယ်။ နည်းလမ်းတွေကိုစဉ်းစားပြီးတော့ ဝန်တွေ၊ အတားအဆီးတွေကို လျှော့ပေးဖို့ လိုတယ်။ စမှတ်ကို တက်နိုင်သမျှ တူအောင်ညှိဖို့ လိုတယ်။ စမှတ်တူသွားပြီ ဆိုတော့မှ အမျိုးသမီးတွေက သူတို့ရဲ့အရည်အချင်းတွေကို ထုတ်ပြလို့ရမှာ ဖြစ်တယ်”
မေး။ ။ အာဏာသိမ်းမှုနောက်ပိုင်းမှာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး ဘယ်လောက်အထိ အတွေးအမြင် ပြောင်းလဲမှုတွေ ဖြစ်နိုင်သလဲ။
ဖြေ။ ။ ပြောင်းလဲတာတော့ ပြောင်းလဲတယ်။ ဒါပေမယ့် ဘယ်လောက်အတိုင်းအတာအထိ ပြောင်းလဲ သလဲဆိုတာ သေချာပြန်စဉ်းစားဖို့ လိုလိမ့်မယ်။ ဘာကြောင့်လဲဆို လူတွေကအမြင်ပွင့်တဲ့ အတိုင်းအတာပဲ ရှိသေးတယ်။ လုံးဝကြီး ပြောင်းလဲတဲ့အခြေအနေအထိ မရောက်သေးဘူးလို့ ထင်တယ်။ လူငယ်တွေကို နေရာပေးတယ်။ Gen Z တွေ လုပ်လို့ ပြောကြတယ်။ ဒါပေမယ့် တကယ်တမ်း Gen Z တွေကို ယုံကြည်ရဲ့လား ဆိုတဲ့ဟာက ပြန်ပြီး တာသွားတယ်။
အမျိုးသမီးကိစ္စဆိုရင် အွန်လိုင်းမှာ အကုန်လုံးတွေ့နေရတယ်။ CDM အမျိုးသမီးတွေ ရှိတယ်။ စစ်ဘက်ဆိုင်ရာအမျိုးသမီးတွေ ရှိတယ်။ စနိုက်ဘာ အမျိုးသမီးတွေရှိတယ်။ အများကြီးပဲ အမျိုးသမီးတွေ ပါဝင်နေတာ။ ဒါပေမယ့် အဲ့ဒါက အပေါ်ယံနေရာမှာဘဲ ရှိတာလား။ တကယ်ရော သူတို့ရဲ့ပါဝင်မှုက ခေါင်းဆောင်မှုနေရာ ရောက်ရဲ့လားဆိုတဲ့ဟာ မေးခွန်းထုတ်စရာ ရှိတယ်။ သူတို့ကို ပေးထားတဲ့ရာထူးတွေ သူတို့ကိုပေးထားတဲ့နေရာတွေက ကျားမ ပုံသေကားချပ်အနောက်ကို ပြန်ရောက် သွားတယ်။
ဥပမာဆိုရင် အမျိုးသမီးဆိုရင် ဆေးအကူ ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် ဘဏ္ဍရေး ဖြစ်ရင် ဖြစ်မယ်၊ admin ဖြစ်ရင်ဖြစ်မယ် ဟင်းချက်တဲ့နေရာတွေ ဖြစ်ရင်ဖြစ်မယ်။ ဒီလိုနေရာတွေကို ပြန်ရောက် ပြီးတော့ တကယ်စစ်တိုက်တဲ့နေရာမှာ အမျိုးသားတွေ ပြန်ရောက်တယ်။ တကယ်တမ်းတော့ meaningful participation ရတယ်လို့ သိပ်ပြီးတော့ မခံစားရဘူး။
မေး။ ။ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရတာတွေ ဖိနှိပ်ခံရတာတွေ ကြုံဖူးလား။
ဖြေ။ ။ ၂၀၂၁ မတိုင်ခင်ကတည်းက ကြုံဖူးတဲ့ဟာတွေ အများကြီးရှိတယ်။ မွေးကတည်းက မိသားစုထဲမှာ လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးမို့ဆိုပြီး ခွဲခြားဆက်ဆံခံရတာတွေက တောက်လျှောက်ကို ကြုံခဲ့တယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတဲ့ဟာတွေ လမ်းသွားရင် ကျွတ်ကျွတ်…ကျွတ်…နဲ့ လိုက်ခေါ်တယ်။ မျိုးစုံတွေပေါ့။ ဘက်စ်ကားစီးရင် အန္တရာယ်ရှိတဲ့ကိစ္စတွေ အများကြီးကြုံခဲ့တယ်။
ပြီးတော့ ၂၀၂၁ မတိုင်ခင်မှာ ရိုဟင်ဂျာအရေးတွေ လုပ်တဲ့အချိန်မှာ အပြောခံရတယ်။ နင်က မိန်းကလေး နိုင်ငံရေးဘယ်လောက်သိမှာလဲ။ မိန်းကလေးဆိုရင် နိုင်ငံရေးမသိဘူးဆိုတဲ့ အဲ့လိုမျိုးညီမျှခြင်းချပြီး သူတို့က စဉ်းစားတာပေါ့။ အဲ့လိုပုံစံတွေ တောက်လျှောက်ကြုံခဲ့တယ်။ ၂၀၂၁ နောက်ပိုင်းမှာလည်း အဲ့လိုမျိုးတွေကြုံတယ်။
ခွဲခြားဆက်ဆံခံရတာ တွေကြုံတယ်။ ဖိနှိပ်ခံရတာတွေ ကြုံတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ဟာတွေရှိတယ်။ ကျွန်မဆိုရင် အွန်လိုင်းကနေ နှောက်ယှက်တဲ့ဟာ ခဏခဏကြုံတယ်။ ဖုန်းဆက်တယ်။ ကိုယ့်ကို ခြိမ်းခြောက်တယ်။ အသက်အန္တရာယ်ရော နောက် rape လုပ်မယ်လို့ရော အမျိုးစုံတွေ ခြိမ်းခြောက်တယ်။ အဲ့ဟာတွေ ခဏခဏကြုံရတယ်။
မေး။ ။ အမျိုးသမီးတွေ ဆုံးဖြတ်ပိုင်ခွင့်တွေ ရနေပြီလား။
ဖြေ။ ။ အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့် မရသေးဘူး။ သူတို့တွေပါဝင်မှုများလာတယ်ဆိုတာ အရေအတွက်အားဖြင့် အတိုင်းအတာတခုအထိ မှန်ကောင်းမှန်မယ်။ ကွာလတီအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ဦးဆောင်ဦးရွက်ပြုတဲ့နေရာတွေမှာ အမျိုးသမီးတွေက အများကြီး မရောက်သေးဘူး။ဥပမာ NUG ကိုပဲ ကြည့်လိုက် အမျိုးသမီးဝန်ကြီးတွေဒုဝန်ကြီးတွေ ထားတဲ့နေရာတွေက များသောအားဖြင့် အမျိုးသမီးတွေရဲ့ ကျား၊မ ပုံသေကားချပ်တွေနဲ့ ပြန်ပြီး ဆက်စပ်တဲ့ဟာတွေဖြစ်နေတယ်။
ဥပမာ အမျိုးသမီးဝန်ကြီးဌာန အဲ့လိုနေရာတွေ ကျန်းမာရေး ပညာရေး အဲ့လိုနေရာတွေကို အမျိုးသမီးတွေထားပြီးတော့ စစ်ရေးနဲ့ဆိုင်တာတို့ လျှပ်စစ်တို့ ဒီလိုမျိုးဟာတွေမှာကျတော့ အမျိုးသားတွေပြန်ဖြစ်နေပြန်ရော။ဒါက NUG တခုထဲကို ပြောသေးတာပေါ့။ တခြားအဖွဲ့တွေ အစုအဖွဲ့တွေ လက်နက်ကိုင်တပ်ဖွဲ့တွေပဲဖြစ်ဖြစ် လက်နက်ကိုင်မဟုတ်တဲ့ အစုအဖွဲ့တွေပဲဖြစ်ဖြစ် တူတူပဲပေါ့။
အမျိုးသမီးတွေက ဆုံးဖြတ်ပိုင်ခွင့်ရတယ်ဆို နောက်ဆုံးမှာ ဒီဆုံးဖြတ်ပိုင်ခွင့်က ရှင်းရှင်းလင်းလင်းရနေတာ မဟုတ်ဘူး။ ပြန်ပြီးတော့ ခြယ်လှယ်တဲ့ဟာမျိုး ပြန်ပြီး လွှမ်းမိုးတဲ့ဟာမျိုးကို သိသိသာသာမြင်ရတယ်။
မေး။ ။ အမျိုးသမီးတွေအပေါ်လျစ်လျူရှုမှုတွေပပျောက်အောင် ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ ပြောပြောနေတဲ့ စကားပေါ့။ ဒီနေရာကို အမျိုးသမီးထားချင်ပေမယ့် ရှာမရလို့ ဆိုတဲ့ စကားတွေ အတွက် ပြန်ပြီး မေးခွန်းထုတ်ချင်တာက အဲ့နေရာကို လုပ်နိုင်တဲ့အမျိုးသမီးမရှိဘူးဆိုတာ တကယ် သေချာလား။ အဲ့မေးခွန်းကို ကိုယ့်ဟာကို ပြန်မေးစေချင်တယ်။ ပွဲစီစဉ်တဲ့သူတွေပဲဖြစ်ဖြစ် ရာထူးတခုခု ခန့်အပ်တဲ့သူတွေပဲဖြစ်ဖြစ် ဦးဆောင်ဦးရွက်ပြုတဲ့နေရာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာ အဲ့နေရာကိုရောက်နေတဲ့ သူတွေက ဒီမေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မေးသင့်တယ်။
ငါတို့ဝန်းကျင်လေးက ငါတို့လက်လှမ်းမှီတဲ့ သူတွေကြားထဲမှာပဲ လိုက်ရှာနေတာလား။ ငါတို့အဝန်းအဝိုင်းကနေ ကျော်ထွက်ပြီးတော့ အားစိုက်ထုတ်နိုင်တဲ့ အရည်အချင်းရှိတဲ့ အမျိုးသမီး၊ အရည်အချင်းရှိတဲ့ LGBT တွေကို လိုက်ရှာနေလားဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးဖို့လိုတယ်။ ကျွန်မတို့ကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ် မညာဖို့လိုတယ်။
အခုကြည့်လိုက် အင်တာဗျူး တွေပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်က ဒီလူတွေပဲ ထပ်ခါထပ်ခါထပ်နေတယ်။ အရည်အချင်းရှိတဲ့အမျိုးသမီးတွေ တကယ်လုပ်နိုင်တဲ့အမျိုးသမီးတွေကို ရှာဖို့လိုတယ်။ အဲ့ဒါ အရေးကြီးဆုံးအချက်လို့ ဆိုချင်တယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ ပိုထွက်လာဖို့ ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ နောက်တခုက ရှေ့မှာပြောခဲ့သလိုပဲလူတွေက စမှတ်တွေမတူကြဘူး။ အမျိုးသမီးတွေမှာကျ သူတို့တွေမှာ ပိုပြီးတော့ဝန်တွေ ထမ်းထားရတာတွေ ရှိတယ်။ နည်းလမ်းတွေကိုစဉ်းစားပြီးတော့ ဝန်တွေ၊ အတားအဆီးတွေကို လျှော့ပေးဖို့ လိုတယ်။ စမှတ်ကို တက်နိုင်သမျှ တူအောင်ညှိဖို့ လိုတယ်။ စမှတ်တူသွားပြီ ဆိုတော့မှ အမျိုးသမီးတွေက သူတို့ရဲ့အရည်အချင်းတွေကို ထုတ်ပြလို့ရမှာ။
ဒီလိုမျိုး ရှေ့မှာအတားအဆီးတွေ၊ နောက်ကဆွဲထားတဲ့အရာတွေ ရှိနေသရွေ့က သူတို့ရဲ့လုပ်နိုင်စွမ်းတွေ အပြည့်အဝဖော်ပြနိုင်လို့ရမှာ မဟုတ်ဘူး။ ဒုတိယတချက်က ပိုပြီးရှာရမယ် ပိုပြီးအားစိုက်ထုတ်ရမယ်။ တွေ့ပြီဆိုရင်လည်း အဲ့လို အရည်အချင်းရှိတဲ့အမျိုးသမီးတွေကို တက်နိုင်သမျှ သူတို့နေရာရအောင် ကိုယ်တွေ ပံ့ပိုးပေးရမယ်။ကိုယ်က နေရာရပြီးသားသူတယောက်ဆိုရင် နေရာမရသေးတဲ့အမျိုးသမီးကို ထောက်ခံပေးတာမျိုးတွေ နဲ့ ညွှန်းပေးတာ မျိုး အများကြီးလုပ်ပေးလို့ ရတယ်။ အဲ့တော့မှ ခေါင်းဆောင်နိုင်တဲ့သူတွေ ပိုပြီးထွက်လာမှာလို့ မြင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေသာ နိုင်ငံရေးမှာတင်းပြည့်ကျပ်ပြည့်ပါဝင်မယ်ဆို အနာဂတ်နိုင်ငံရေးမှာ ဘာတွေ အပြောင်းအလဲ ဖြစ်နိုင်သလဲ။
ဖြေ။ ။ အပြောင်းအလဲ အများကြီးဖြစ်နိုင်တယ်။ မြန်မာနိုင်ငံရဲ့လူဦးရေကိုကြည့်မယ်ဆို အမျိုးသမီးက ထက်ဝက်ကျော်တယ်။ ထက်ဝက်ကျော်တဲ့အမျိုးသမီးတွေရဲ့ အားကိုသုံးနိုင်မယ်ဆိုရင် အခုရှိနေတဲ့ အရွေ့ထက် ပိုရွေ့မယ်ဆိုတာ အသေအချာပဲ။ အဲ့ဒါမှလည်း တော်လှန်ရေးက ပိုပြီးမြန်မြန်ရောက်လာမယ်။ ဒီအမျိုးသမီးတွေ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေ၊ သူတို့ရဲ့အခြေအနေတွေ၊ သူတို့ကြုံခဲ့တဲ့ဟာတွေ ဒါတွေကို နားထောင် ပေးတယ်၊ နေရာပေးတယ်၊ သူတို့ဆွေးနွေးခွင့်ပေးတယ်ဆို သူတို့အသိအမြင်တွေရလာမှာပဲ။
လူတယောက်က ဖြတ်သန်းလာတဲ့ အတွေ့အကြုံချင်း မတူဘူး။ ဒီလိုမျိုး ရှိပြီးသားလူတွေနဲ့ ရှိပြီးသားနေရာတွေအတိုင်းပဲ လုပ်မယ်ဆို ကျွန်မတို့ အဲ့ဘောင်ထဲမှာ ပိတ်မိနေမှာပဲ။ နောက်တခုက အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် သူတို့တွေက လူသားတွေဖြစ်တယ်။ လူသားဖြစ်တဲ့အတွက် လူသားတယောက်အနေနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး နေရာပေးတယ်၊ သူတို့ဆုံးဖြတ်ချက်တွေ လေးစားတယ်ဆိုတာက ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ကောင်းတဲ့စံတန်ဖိုးတွေကို ဆုပ်ကိုင်တဲ့သဘောပဲ။ အဲ့လိုအားဖြင့်လည်း ကိုယ့်ရဲ့လူသားဆန်မှုတွေ ကိုယ့်ရဲ့ ကိုယ်ချင်းစာစိတ်ရှိမှုတွေကို ပြသလို့ရပါတယ်။
မေး။ ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုမရှိတဲ့ နိုင်ငံသစ်တည်ဆောက်နိုင်မယ်လို့ အနာဂတ်မှာ ဘယ်လောက်အထိ မျှော်လင့်ချက်ရှိလဲ။
ဖြေ။ ။ မျှော်လင့်ချက်ကတော့ အများကြီးရှိတယ်။ တကယ်လက်တွေ့လုပ်နိုင်မလုပ်နိုင်ကတော့ အချိန်ကြာဦးမယ်လို့ ထင်တယ်။ ဒီအမြင်သစ်တွေကို ဖွင့်လာပြီးတော့ အဖွင့်စိတ်နဲ့ကြည့်လာရုံဘဲ ရှိသေးတယ်။ မြင်ရုံနဲ့ အော်…ဟုတ်တယ်။ သူတို့လည်း သနားပါတယ်။ သူတို့လည်း နေရာပေးရမှာပေါ့ဆိုတဲ့နေရာမှာ ရပ်မသွားဘဲနဲ့ ငါတို့တကယ်ကို နေရာပေးမယ်။ တန်းတူထားမယ်။ သူတို့နေရာရသွားအောင် လုပ်မယ်ဆိုတဲ့ action ပါလာဖို့အထိကျတော့ အများကြီးလိုတယ်။ ကျွန်မတို့လည်း ပိုပြီးအလုပ်လုပ်ရဦးမယ်လို့ ထင်တယ်။
မေး။ ။ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ဖြေ။ ။ အရေးကြီးဆုံးက ကိုယ်ကဒီအတိုင်းပဲ ဆက်ပြီးတော်လှန်နေရမယ်။ တော်လှန်ရေး ပြီးသွားသည် ဖြစ်စေ မပြီးသွားသည်ဖြစ်စေ တန်းတူညီမျှရေးအတွက် တော်လှန်နေရမယ်။ လူမှုအသိုင်းအဝိုင်းမှာ ရှိနေသရွေ့ ကတော့ ကိုယ့်အသံတွေမပျောက်သွားဖို့ တအားအရေးကြီးတယ်။
ကိုယ်ကအသံ ထွက်နိုင်တဲ့နေရာ ရောက်နေ တယ်ဆိုရင် အသံထွက်ပါ။ သူများတွေကို အသံထွက်နိုင်အောင် ကူညီပေးပါ။တကယ်လို့ အသံမထွက်နိုင်ဘူး ဆိုရင်တောင် ကိုယ့်ရဲ့ဖြစ်တည်မှုတခုထဲနဲ့တင် ဆက်ပြီးတော်လှန်နေလို့ ရတယ်။ ကျွန်မတို့အမျိုးသမီးတွေက ဒီလောက်အထိ ဖိုဆန်တဲ့ကမ္ဘာကြီးထဲမှာ ရှင်သန်နေတယ်ဆိုကတည်းက ဒါကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ တော်လှန်နိုင်နေတုန်းဘဲဆိုတာ ပြသတာပါဘဲ။
“ကိုယ်ကအသံ ထွက်နိုင်တဲ့နေရာ ရောက်နေတယ်ဆိုရင် အသံထွက်ပါ။ သူများတွေကို အသံထွက်နိုင်အောင် ကူညီပေးပါ။ ကျွန်မတို့အမျိုးသမီးတွေက ဒီလောက်အထိ ဖိုဆန်တဲ့ကမ္ဘာကြီးထဲမှာ ရှင်သန်နေတယ်ဆိုကတည်းက ဒါကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ တော်လှန်နိုင်နေတုန်းဘဲဆိုတာ ပြသတာပါဘဲ”
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media