ဒေါ်ခင်လေး တည်ထောင်သူ၊ ဒါရိုက်တာ (TWO)
ပူးတွဲတည်ထောင်သူ (WAC-M)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးတွေဟာ တော်လှန်ရေးမှာပဲဖြစ်ဖြစ်၊ လူမှုဘဝမှာဘဲဖြစ်ဖြစ် အနစ်နာခံနိုင်တယ်၊ စွမ်းဆောင်နိုင်တယ်ဆိုတာ မှတ်ကျောက်တင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသမီးတွေအပေါ် ရင်ထဲကလာတဲ့ နှစ်နှစ်ကာကာ လေးစားတန်ဖိုးထားမှုကို တော်လှန်ရေးအလွန်ကာလအထိ ဆက်ပြီး သယ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်”
အသက် (၅၄) နှစ်အရွယ် ဒေါ်ခင်လေးဟာ ရန်ကုန်ဇာတိဖြစ်ပြီး ရူပဗေဒ မဟာသိပ္ပံဘွဲ့ကို ရန်ကုန်တက္ကသိုလ်ကနေ ရရှိခဲ့ပြီး တက္ကသိုလ်ပါမောက္ခ ဖြစ်ချင်ခဲ့သူတစ်ယောက်ပါ။ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဦးဇော်မင်းကျော်နဲ့ ၂၀၀၆ခုနှစ်မှာ အိမ်ထောင်ကျပြီး သမီးတစ်ယောက်၊ သားတစ်ယောက် ရရှိခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အသိပညာပေးရတာ၊ စည်းရုံးဟောပြောတာတွေကို စိတ်အား ထက်သန်ခဲ့သူ ဖြစ်ပါတယ်။
၁၉၉၆ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဟောပြောပွဲတွေကို သွားရောက်နားထောင်ရာကနေ နိုင်ငံရေးကို ပါဝင်ဖို့ အကြောင်းအရင်း ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုလုပ်ရင်း ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် လေးလအကြာမှာ ပြစ်ဒဏ်မကျခံရဘဲ ပြန်လည် လွတ်မြောက်လာခဲ့တယ်။
၂၀၀၇ ခုနှစ်အထိ NLD ပါတီမှာ မြို့နယ်လူငယ်အဖွဲ့ဝင်၊ ဗဟိုလူငယ် (အထောက်အကူပြု) အဖွဲ့ဝင်၊ မြို့နယ်အမျိုးသမီးအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်ရင်း ကျူရှင်ဆရာမအဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့သလို၊ တဖက်မှာလည်း မိဘမဲ့ကလေးများနဲ့ နွမ်းပါးသောကလေးများကို အခမဲ့စာသင်ကြားပေးခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ Triangle Women Organization (TWO) အမျိုးသမီးအဖွဲ့ကို တည်ထောင်ပြီး အမျိုးသမီးအရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ Women Advocacy Coalition - Myanmar (WAC-M) ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ TWO အဖွဲ့သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးနှင့် အမျိုးသမီးများ ခေါင်းဆောင်မှု မှာ ပိုမိုပါဝင်နိုင်ရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်သလို၊ WAC-M သည် အာဏာရှင်စနစ် ပပျောက်ရေးနှင့် ကျား-မတန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး အတွက် စည်းရုံးလှုံံ့ဆော်မှုနှင့် နည်းပညာအကူအညီပံ့ပိုးပေးသော အမျိုးသမီးအစုအဖွဲ့ တစ်ခု ဖြစ်ပါတယ်။
အာဏာသိမ်းမှုဖြစ်တဲ့အခါမှာ စစ်အာဏာရှင်ကို တော်လှန်ရင်းနဲ့ CDM တွေကို ထောက်ပို့ လုပ်ခဲ့ပါတယ်။ လုပ်ကိုင်ရင်းနဲ့ အိမ်ဝင်စီးခံရတာ၊ ရုံးခန်းဝင်စီးခံရတာတွေကြောင့် လွတ်မြောက်နယ်မြေကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အမေရိကန်နိုင်ငံမှာ သွားရောက်ခိုလှုံခဲ့ပါတယ်။ လွတ်လပ်တဲ့နေရာကနေ ထိထိရောက်ရောက်ပါဝင်နိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ လက်ရှိအချိန်မှာ တော်လှန်ရေးတပ်ဦးအစိုးရ ဖြစ်တဲ့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနမှာ အကြံပေးလုပ်ကိုင်နေသလို၊ တော်လှန်ရေးအတွက် လိုအပ်သော ကဏ္ဍများမှာလည်း နည်းပညာ၊ ငွေကြေးပံ့ပိုးမှုနှင့် အကြံပေးမှုများကို လုပ်ကိုင်လျက်ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဥ်တခုလုံးကို ဘယ်လို သုံးသပ်ချင် ပါသလဲ။
ဖြေ။ ။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်ကစစ်အာဏာသိမ်းလိုက်တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပယ်ဖျက်ပြီးသား ဖြစ်သွားတယ်။ ဗမာဖြစ်ခြင်း၊ တခြားလူမျိုးစု လူနည်းစုဖြစ်ခြင်းတွေ အောက်မှာမရှိဘဲ ကျွန်မတို့ အားလုံးဟာ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်အောက်မှာ အတူတကွတော်လှန်ရမယ်ဆိုပြီး တသားတည်း ဖြစ်သွားကြတယ်။ ကျွန်မတို့မှာ နိုင်ငံရေးခံယူချက်အမြင်မတူပေမယ့် ကျွန်မတို့ဘုံရန်သူ တူတဲ့အတွက် အတူတူတိုက်ဖို့ အခွင့်အလမ်းရှိနေတဲ့အချိန်အခါလို့ သုံးသပ်ချင်ပါတယ်။
တဖက်မှာလည်း နိုင်ငံရေးအရမတူကွဲပြားတဲ့ လူတွေနဲ့ စုပေါင်းပြီးလုပ်ဆောင်တာဖြစ်တဲ့အတွက် ထင်သလောက် ခရီးမရောက်တာတွေလည်း ရှိတယ်။ ယုံကြည်မှုတည်ဆောက်တာပဲဖြစ်ဖြစ် အခြားကိစ္စတွေမှာပဲဖြစ်ဖြစ် အချိန်ယူရတယ်။ ဒါပေမယ့် တော်လှန်ရေး၊ နိုင်ငံရေးဖြစ်စဉ်တခုကို ပြန်တည်ဆောက်တဲ့အခါမှာ လေးနှစ်ဆိုတဲ့ အချိန်က အရမ်းတိုပါတယ်။
ဒါပေမယ့် ကျွန်မတို့မျှော်လင့်ချက်တွေ၊ ပြည်သူတွေ၊ မြေပြင်မှာရှိတဲ့ လူငယ်တွေရဲ့ ဘဝတွေ၊ အသက်တွေ ပေးထားတာဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှဗုံးကြဲတာတွေ အသက်ပေးရတာတွေ ဖြစ်နေတဲ့အတွက် ဒီသေကြေပျက်စီးမှုတွေဟာ အချိန်တိုတိုနဲ့ အောင်မြင်ကို သွားနိုင်ရင် ထိခိုက်နစ်နာမှု နည်းမယ်။ ဒီအတွက်တော့ စိတ်ပျက်ခြင်းမရှိဘဲနဲ့ ကျွန်မတို့ပန်းတိုင်ကို ဆက်ပြီး ကြိုးစားသွားရင် အမြန်ဆုံး ရောက်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံက ဘယ်လိုနိုင်ငံမျိုးလို့ မြင်ပါသလဲ။
ဖြေ။ ။ ကျွန်မတို့က ရန်ကုန်မှာကြီးတယ်။ ဗုဒ္ဒဘာသာဖြစ်တယ်။ ကျွန်မတို့အမြင်က တိုင်းရင်းသား အင်အားစုတွေ အမြင်နဲ့ တူချင်မှတူမယ်။ ဘယ်လောက်ပဲ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်ချင်းစားတယ်၊ သူတို့ရဲ့ဖိနှိပ်ခံရမှုတွေကို စာနာပါတယ် ပြောပေမယ့် ကျွန်မတို့ကိုယ်တိုင် ခံစားရတာ မဟုတ်ဘူး။ စာနာတယ် ဆိုတာ လက်တွေ့ခံစားရတဲ့လူတွေနဲ့တော့ မတူနိုင်ဘူး။
မတူညီတဲ့ပုံစံနဲ့ ဖိနှိပ်ခံထားရတဲ့အတွက် ကျွန်မတို့ အချင်းချင်းကြားထဲမှာ လူမျိုးအားဖြင့်ဖြစ်စေ၊ ဘာသာအားဖြင့်ဖြစ်စေ အခြားသော နိုင်ငံရေးအမြင်မတူ ကွဲပြားမှု အပေါ်မှာဖြစ်စေ အလွယ်တကူ ကွဲလွယ်၊ ထိလွယ်ရှလွယ်တဲ့ အနေအထားမျိုးမှာ ရှိနေတဲ့ နိုင်ငံတခုလို့ မြင်တယ်။ လူတွေရဲ့နေ့စဉ်ဘဝမှာ သူတို့ခံယူကျင့်သုံးနေတာ သူတို့ပြောဆိုနေတာကိုကြည့်ပြီး ယဉ်ကျေးမှု အရ၊ ဓလေ့ထုံးစံအရ၊ ဘာသာရေးအရ အရမ်းရင့်ကျက်တယ်လို့ မမြင်ဘူး။ နိုင်ငံရေးအရတော့ ပါးနပ်ပြီး တာဝန်ကျေတယ်လို့ မြင်ပါတယ်။
“မတူညီတဲ့ပုံစံနဲ့ ဖိနှိပ်ခံထားရတဲ့အတွက် အချင်းချင်းကြားထဲမှာ လူမျိုးအားဖြင့်ဖြစ်စေ၊ ဘာသာအားဖြင့်ဖြစ်စေ အခြားသော နိုင်ငံရေးအမြင် မတူကွဲပြားမှုပေါ်မှာဖြစ်စေ အလွယ်တကူ ကွဲလွယ်၊ ထိလွယ်ရှလွယ်တဲ့ အနေအထားမျိုးမှာ ရှိနေတဲ့ နိုင်ငံတခုလို့ မြင်တယ်”
မေး။ ။ နိုင်ငံတခုကိုတည်ဆောက်တဲ့အချိန်မှာ ဘယ်လိုအရာတွေကို စံတန်ဖိုးတွေအခြေခံမူတွေနဲ့ တည်ဆောက်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကျွန်မက အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဖြစ်တယ်။ လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားသူ ဖြစ်တဲ့အတွက် လူအချင်းချင်း လေးစားတန်ဖိုးထားမှုကို စံတန်ဖိုးအနေနဲ့ ထားချင်တယ်။ လူဆိုတဲ့အခါမှာ လိင်စိတ်ခံယူမှုကွဲပြားတာဖြစ်ဖြစ် ကလေးဖြစ်ဖြစ် မသန်စွမ်းပဲဖြစ်ဖြစ်၊ ဘာသာ၊ လူမျိုးစတဲ့ ကွဲပြားမှုအပေါ်မှာ ခွဲခြားဆက်ဆံတာတွေကို မဖြစ်စေမဲ့ စံတန်ဖိုးတွေ ထားစေချင်တယ်။အစထဲက ကိုယ့်အခွင့်အရေးကို လက်ခံသလို၊ တခြားလူအခွင့်အရေးကို လေးစားတယ်ဆိုရင် တခြားလူရဲ့ဆန္ဒကိုလည်း လေးစားရမယ်၊ ဒါက ဒီမိုကရေစီပဲ။ အဲ့ဒီမိုကရေစီမှာမှ မတူကွဲပြားမှုတွေနဲ့ စုပေါင်းပြီး အလုပ်လုပ်ကြမယ်ဆိုရင် ဖက်ဒရယ်ကို ရောက်မယ်လို့ ယုံကြည်တယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အတွေးအမြင်တွေက ဘာတွေပြောင်းလဲသွားလဲ။
ဖြေ။ ။ တိုင်းရင်းသား၊ လူနည်းစုတွေအပေါ်မှာ စစ်တပ်ရဲ့ အစဉ်တစိုက် ဖိနှိပ်မှု၊ ရက်စက်မှုတွေကို မြေပြန့်ကလူတွေက ပိုပြီးတော့ ကိုယ်ချင်းစာလာနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ ခေါင်းဆောင်မှုကို ချစ်ခင်လေးစားတန်ဖိုးထားသလို၊ နွေဦးတော်လှန်ရေးမှာပါဝင်လာတဲ့ လူငယ်တွေရဲ့ ဦးဆောင်မှုနဲ့ စိတ်ပိုင်းဖြတ်မှုနောက်မှာလည်း ပြည်သူတွေက တသားတည်း ပါဝင်လာကြတယ်။ စစ်အာဏာရှင်ရှိနေသ၍၊ စစ်တပ်ဟာ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေသမျှ ကာလပတ်လုံး တိုင်းပြည်က ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ဘူးဆိုတာကို ယုံကြည်လာကြတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့အယူအဆတွေ ပြောင်းလဲသွားတယ်လို့ မြင်ပါသလား။
ဖြေ။ ။ အရမ်းရှေးရိုးစွဲတဲ့ ဟိုဘက်အစွန်းကနေ အရမ်းကောင်းလာတဲ့ဒီဘက်အစွန်းကို ပြောင်းလဲလာတယ် လို့ မမြင်ဘူး။ ရှေးရိုးစွဲအယူအဆတွေအရဖြစ်စေ၊ ယဥ်ကျေးမှုဓလေ့ထုံးစံအရဖြစ်စေ၊ ကျွန်မတို့ကို နူးညံ့တယ်၊ သိမ်မွေ့တယ်လို့ မြင်ပြီး ကာကွယ်ပေးတတ်ကြတယ်။ အမျိုးသားတွေက အကာအကွယ်ပေးရမယ်ဆိုတဲ့စိတ်နဲ့ ဖိုဝါဒကြီးစိုးတဲ့အောက်မှာ နေခဲ့ကြရတဲ့အခါကျတော့ အမျိုးသမီးဆိုရင် ဒါတွေတော့ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါတွေတော့ သူတို့မှာအကန့်အသတ်ရှိတယ်ဆိုပြီး စနစ်ကလည်း ခွဲခြားထားတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ကလည်း ခွဲခြားထားတယ်။
ခွဲခြားမှုနဲ့ အသားကျရာကနေ စစ်အာဏာသိမ်းပြီးတဲ့အခါမှာ ကျွန်မတို့ အမျိုးသမီးငယ်တွေကလမ်းပေါ်မှာ တော်လှန်ရေးထဲမှာ စစ်တိုက်တဲ့နေရာမှာ နည်းပေါင်းစုံနဲ့ ထဲထဲဝင်ဝင်နဲ့ ရှေ့တန်းကပါဝင်ကြတယ်။ အထူးသဖြင့် ပြည်သူတွေ ၇၂ နာရီ ဂျင်းမိပြီး NLD က ဘာလုပ်မှာလဲ၊ နိုင်ငံရေးသမားတွေ ရွေးကောက်ခံတွေ ဘာလုပ်မှာလဲဆိုတာကို စောင့်နေတဲ့အချိန်မှာ အမျိုးသမီးငယ်တွေနဲ့ စက်ရုံအလုပ်သမားတွေက ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ချီတက်ဆန္ဒပြခဲ့တယ်။
အဲ့ဒါက ကျွန်မတို့ရဲ့သမိုင်းပဲ။ အမျိုးသမီးတွေရဲ့သမိုင်းပဲ။ အဲ့အချိန်က စပြီးတော့ နည်းနည်းလေး ပြောင်းလဲမှုတွေ ရှိလာတယ်။ သို့ပေမယ့် အမျိုးသားအများစုနဲ့ အမျိုးသမီးတချို့ရဲ့ အမြင်က လုံးဝပြောင်းလဲသွားတယ်လို့ မဆိုလိုဘူး။ ကျွန်မတို့အမျိုးသမီးတွေက ရှေးရိုးစွဲသာမန်ရိုးကျ အမြင်တွေကိုတော့ ပြောင်းလဲအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။
မေး။ ။ နိုင်ငံရေးစနစ်တခုပြောင်းလဲဖို့ အမျိုးသမီးတွေကဏ္ဍက ဘယ်နေရာမှာ ပိုပြီးပါဝင်ဖို့ အရေးကြီးလာလဲ။
ဖြေ။ ။ ဘက်ပေါင်းစုံလို့ပဲ ပြောချင်ပါတယ်။ ကျွန်မရဲ့တန်ဖိုးထားမှုက လူကိုလူလို တန်ဖိုးထားတာ လိုချင်တယ်။ စက်ရုံအလုပ်ရုံတွေမှာပဲကြည့်ကြည့် တခြားနေရာတွေမှာပဲ ကြည့်ကြည့် အမျိုးသမီးက ထုနဲ့ထည်နဲ့ ရှိတယ်။ ဒါပေမယ့် ဦးဆောင်တဲ့အပိုင်းမှာ အရေအတွက်အားဖြင့် နည်းသလို၊ သူတို့ရဲ့ပါဝင်မှု သူတို့ရဲ့အကြံဉာဏ်ကို အလေးထားတန်ဖိုးထားမှုမှာလည်း နည်းတယ်လို့ မြင်တယ်။
ဘာပဲပြောပြော ၂၀၁၅ ကစလို့ အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်မှု၊ လွှတ်တော်ထဲမှာ အစိုးရအဖွဲ့ထဲမှာ အရင်ကထက် အများကြီးများလာတယ်။ လွှတ်တော်ကိုယ်စားလှယ် တာဝန်စယူတဲ့အချိန်နဲ့ တချိန်ကာလတခုအကြာ တာဝန်ထမ်းဆောင်ပြီးချိန်မှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေအပေါ် မြင်တဲ့အမြင်တွေက တော်တော်လေး ပြောင်းလဲသွားကြတယ်။
အမျိုးသမီးတွေက လူနည်းစုဖြစ်နေတဲ့အခါမှာ အမျိုးသားတွေနဲ့ တန်းတူလိုက်နိုင်ဖို့အတွက် သုံးလေးဆ ပိုကြိုးစားရတယ်ဆိုတာလည်း တွေ့ရတယ်။အကယ်၍သာ အမျိုးသားတွေကလည်း အမျိုးသမီးတွေကို လက်တွဲခေါ်မယ်၊ အမျိုးသမီးတွေအတွက် ဖြည့်ဆည်းပေးမယ့် ယန္တရားတွေက အဆင်သင့်ရှိနေမယ်ဆိုရင် ဒီလောက်ဝန်ထုပ်ဝန်ပိုးမဖြစ်ဘူးလို့ မြင်တယ်။
ခေတ်ကလည်း ပြောင်းလာတယ်။ မီဒီယာတွေကလည်း အားကောင်းလာတဲ့အခါကျတော့ အမျိုးသမီးပါဝင်မှုကို မြှင့်တင်ပါမယ်လို့ ပြောနေကြပေမယ့် လူရိုသေအောင်လို့ ခေတ်နဲ့အညီလုပ်တယ်ဆိုတာ ပြချင်လို့ လုပ်နေတဲ့အပိုင်းတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ တကယ့်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကျားမတန်းတူညီမျှမှုကို လေးစားတန်ဖိုး ထားတဲ့စိတ်နဲ့ သွားဖို့၊ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။
“မီဒီယာတွေကလည်း အားကောင်းလာတဲ့အခါကျတော့ အမျိုးသမီးပါဝင်မှုကို မြှင့်တင်ပါမယ်လို့ ပြောနေကြပေမယ့် လူရိုသေအောင်လို့ ခေတ်နဲ့အညီ လုပ်တယ်ဆိုတာ ပြချင်လို့ လုပ်နေတဲ့အပိုင်းတွေလည်း ရှိမယ်လို့ ထင်ပါတယ်”
မေး။ ။ အမျိုးသမီးခေါင်းဆောင်သစ်တွေ ပိုထွက်လာအောင် ဘယ်လိုလုပ်ကြမလဲ။
ဖြေ။ ။အဲ့ ကျွန်မတို့ကိုယ်တိုင်အတွက် မေးခွန်းထုတ်စရာ၊ စဉ်းစားစရာပေါ့။ ကျွန်မရဲ့အတွေ့အကြုံ၊ ဖြတ်သန်းမှုနဲ့ ပြောရရင် ကျွန်မတို့လို အဖွဲ့အစည်းတွေက သင်တန်းတွေပေးတယ်ဆိုတာ မီးခဲပြာဖုံး ဖြစ်နေတာကို ယပ်ခပ်ပေးတာပါ။ အန်တီဒေါ်အောင်ဆန်းစုကြည်ဆိုလည်း “ခေါင်းဆောင်မှုသင်တန်းရှိတယ်။ နောက်လိုက်သင်တန်း မရှိဘူးလား” ဆိုပြီး ခေါင်းဆောင်မှုသင်တန်းတွေ ပွထနေတဲ့အပေါ်မှာလည်း မှတ်ချက်ပေးခဲ့တာရှိတယ်။
ကျွန်မအမြင်အရပြောရရင် ခေါင်းဆောင်မှုသင်တန်းတက်ပြီးတိုင်းလည်း၊ မြေတောင်မြှောက်ပေးတိုင်းလည်း ခေါင်းဆောင်ဖြစ်ချင်မှ ဖြစ်တာ။ ဒါပေမယ့် အခုလိုတော်လှန်ရေးကာလ အခက်အခဲ၊ အကျပ်အတည်းကြားထဲမှာ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီးတော့၊ ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်တည်မယ့် ခေါင်းဆောင်တွေ လိုအပ်နေတဲ့အချိန်မှာတော့ သူ့ဟာသူ အလိုအလျောက်ပဲ အမျိုးသမီးခေါင်းဆောင်သစ်တွေ ပေါ်ထွက်လာတယ်။
သူတို့ရဲ့နဂိုခံယူချက်တွေ၊ သူတို့ဘယ်လောက်အထိ အများပြည်သူအတွက် အကျိုးပြုချင်သလဲကနေ ခေတ်ရဲ့လိုအပ်ချက်အရ ခေါင်းဆောင်တွေ ဖြစ်လာကြတယ်။ တချိန်တည်းမှာ အခွင့်အလမ်း ရှိရမယ်။ Space ရှိရမယ်။ အကယ်၍ အဖွဲ့အစည်းတွေ၊ တော်လှန်ရေး ကဏ္ဍတွေမှာ ပါဝင်နေပြီဆိုရင် သူ့ပတ်ဝန်းကျင်ကရော ဒီအမျိုးသမီးတယောက်ကို ခေါင်းဆောင်မှု အခွင့်အရေး ဘယ်လောက်ပေးနေသလဲအပေါ် အများကြီး မူတည်မယ်လို့ ထင်ပါတယ်။
“အခုလိုတော်လှန်ရေးကာလ အခက်အခဲ၊ အကျပ်အတည်းကြားထဲမှာ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီးတော့၊ ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်တည်မယ့် ခေါင်းဆောင်တွေ လိုအပ်နေတဲ့အချိန်မှာ အလိုအလျောက် အမျိုးသမီးခေါင်းဆောင်သစ်တွေ ပေါ်ထွက်လာကြတယ်”
မေး။ ။ နိုင်ငံတည်ဆောက်တဲ့အခါမှာ အမျိုးသမီးတွေပါဝင်မှုကို လျစ်လျူရှုမှုပပျောက်သွားဖို့ ပိုပြီးထင်ထင်ရှားရှား ပြည့်ပြည့်ဝဝပါဝင်လာနိုင်ဖို့အတွက် ဘာတွေလုပ်ဖို့လိုလဲ။
ဖြေ။ ။ ကျွန်မတို့ အမျိုသမီးအများစုက “နိုင်ငံရေး သိပ်နားမလည်ဘူး၊ သတင်းတွေ နားမထောင်ဖြစ်ဘူး။ အိမ်မှာ ကလေးထိန်းရလို့၊ အလုပ်တွေလုပ်ရလို့” ဆိုပြီး ပြောလေ့ရှိတယ်။ ကျွန်မကိုယ်တိုင်လည်း မိုးကြိုးပစ်တာကို ထန်းရွက်နဲ့ ကာတာတွေကို ရပ်သင့်တယ်။ ကိုယ်ပေါင်ကိုယ်လှံထောင်းပြီး ပြောရမယ်ဆိုရင် ကျွန်မတို့အမျိုးသမီးတွေလည်း လေ့လာသင်ယူမှုတွေကို အဆက်မပြတ်လုပ်ဖို့ လိုတယ်။ ခေတ်နဲ့ မျက်ခြေမပြတ်ဖို့ လိုတယ်။
ကျွန်မတို့အမျိုးသမီးတွေ သိတာပဲ၊ တက်တာပဲ ဆိုပေမယ့် နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုပုံစံတွေက အမျိုးသားတွေနဲ့ မတူဘူး။ အမျိုးသားတွေက နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ ဘောလုံးပွဲကို စိတ်ဝင်စားတယ်ဆိုရင် လက်လှမ်းမှီအောင် ကြိုးစားတယ်။ လက်လှမ်းလည်း မှီနိုင်တဲ့ အခြေအနေကလည်း ပေးတယ်။
ကျွန်မတို့ကလည်း အမျိုးသားတွေနဲ့အတူတူ တိုင်းပြည်တည်ဆောက်ရေးမှာ ပါနိုင်ဖို့ဆိုရင် လိုအပ်တဲ့ အရာမှန်သမျှကို လက်လှမ်းမှီအောင် ကြိုးစားရမယ်။ အဲ့လို ကြိုးစားနိုင်ဖို့အတွက် ကျွန်မတို့အပါအဝင် အမျိုးသမီးအစုအဖွဲ့တွေက ဦးဆောင်ဖန်တီးပေးဖို့ လိုမယ်လို့ထင်တယ်။အခွင့်အရေးတွေ၊ လေ့လာသင်ယူမှုတွေ လုပ်နိုင်တဲ့ အခင်းအကျင်းကို ဖန်တီးပေးရင်းနဲ့ အမျိုးသမီးအချင်းချင်း သွေးစည်း ညီညွတ်မှုကိုလည်း တည်ဆောက်ထားဖို့ လိုမယ်လို့ ထင်တယ်။
“အမျိုးသမီးအချင်းချင်းတောင်မှ မညီညွတ်ပဲနဲ့ ငါတို့ယောကျာ်းတွေကိုတန်းတူတို့၊ ဘာတို့ လာမပြောနဲ့” ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေတာဖြစ်တဲ့အတွက် ကျွန်မတို့အချင်းချင်းကြားမှာ ပိုပြီးသွေးစည်းညီညွတ်ရမယ်။ အခက်အခဲ၊ အတားအဆီးမှန်သမျှကို ကျွန်မတို့ အမျိုးသမီးအချင်းချင်း လက်တွဲညီညီနဲ့ ရင်ဆိုင်ကျော်လွှားကြရမယ်လို့ မြင်ပါတယ်။
မေး။ ။ အနာဂတ်နိုင်ငံရေးမှာ အမျိုးသမီးတွေ တင်းပြည့်ကျပ်ပြည့်ပါဝင်လာမယ်ဆိုရင် ဘာတွေ ပြောင်းလဲသွားမလဲ။
ဖြေ။ ။ နိုင်ငံရေးမှာအမျိုးသမီးတွေပါဝင်ခွင့်ဆိုတာ ပြည်သူနဲ့ တိုက်ရိုက်အချိုးညီပါတယ်။ ပြည်သူတွေက လက်ခံမှ အမျိုးသမီးတွေက ခေါင်းဆောင်နေရာမှာနေလို့ရမှာ ဖြစ်တယ်။ အမျိုးသမီးတွေ၊ မတူကွဲပြားသူတွေ ကို လက်ခံလာနိုင်အောင် ပြည်သူလူထုကို အသိပညာပေး အမြင်ဖွင့်ရင်းနဲ့ တဖက်မှာလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ပိုများလာအောင် ကြိုးစားရပါမယ်။ အမျိုးသမီးတွေ ပါဝင်မှုပိုတိုးလာရင် ပိုပြီးကောင်းတဲ့အရွေ့ ရောက်မယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။
၂၀၁၅ ကနေ ၂၀၂၀ ကာလမှာ အရပ်သားအစိုးရခတ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနေရာမှာတောင် အမျိုးသမီးရပ်ကျေးဥက္ကဌတွေက အမျိုးသားတွေထက် သူ့ဒေသ အတွက် ပိုပြီးစွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တယ်၊ ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီးလုပ်နိုင်တယ်ဆိုတာ မြင်ခဲ့ရတယ်။ ဒါကြောင့် တော်လှန်ရေးအောင်မြင်ပြီး ကောင်းတဲ့အပြောင်းအလဲတခုသာ ဖြစ်သွားရင် လျင်လျင် မြန်မြန်နဲ့ အရင်ကထက် ပိုကောင်းတဲ့ အရွေ့တွေနဲ့ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုမရှိတဲ့နိုင်ငံတခု အနာဂတ်မှာဖြစ်လာမယ်လို့ ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ မျှော်လင့်ချက်က ၁၀၀ ရာခိုင်နှုန်းပေါ့။ ဒါပေမယ့် လက်တွေ့မှာတော့ ဖြေးဖြေးချင်းပဲ သွားရမယ်လို့ မျှော်လင့်တယ်။ တကယ့်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတောင် အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ အများကြီး ရှိနေသေးတာ တွေ့ရတယ်။ လက်တွေ့မှာ ခွဲခြားဆက်ဆံမှုကနေ အကြမ်းဖက်မှုအဆင့်ထိ ဖြစ်သွားကြတဲ့ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်မှာ အမျိုးသမီးတွေက နေထိုင်နေကြရတယ်။ အကြမ်းဖက်မှုတွေ မဖြစ်အောင် တားနိုင်သမျှ တားရမယ်။
လူတိုင်းအပေါ် တန်းတူအခွင့်အရေးနဲ့ လေးလေးစားစားဆက်ဆံတဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်ကြမယ်။ ကိုယ်တိုင်ကစပြီး လုပ်ကြရမယ်။ ကိုယ်တိုင်ကရော အခြားသူတွေကို လေးလေးစားစား ဆက်ဆံလား။ အမျိုးသမီးအချင်းချင်းမှာရော ခွဲခြားမှုမရှိဘဲ ဆက်ဆံလား၊ ကိုယ့်လုပ်ငန်းခွင်မှာ၊ ကိုယ့်မိသားစုမှာ တန်းတူညီတူ ဆက်ဆံရဲ့လား၊ အခွင့်အရေးပေးရဲ့လား။ ဒါတွေကို ကိုယ့်အိမ်အတွင်းမှာ ကိုယ်တိုင်က အစပြုပြီး တည်ဆောက်ကြရမှာ ဖြစ်သလို၊ ကိုယ့်အိမ်ကနေမှ ရပ်ရွာ၊ နိုင်ငံအဆင့်အထိ တဆင့်ချင်းသွားနိုင်မယ်လို့ ယူဆပါတယ်။ ကိုယ်ကိုယ်တိုင်က စပြီးပြောင်းလဲဖို့ အားပေးချင်ပါတယ်။
မေး။ ။ တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ဖြေ။ ။ အမျိုးသမီးတွေဟာ တော်လှန်ရေးမှာပဲဖြစ်ဖြစ်၊ လူမှုဘဝမှာဘဲဖြစ်ဖြစ် အနစ်နာခံနိုင်တယ်၊ စွမ်းဆောင်နိုင်တယ်ဆိုတာ မှတ်ကျောက်တင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသမီးတွေအပေါ် ရင်ထဲကလာတဲ့ နှစ်နှစ်ကာကာ လေးစားတန်ဖိုးထားမှုကို တော်လှန်ရေးအလွန်ကာလအထိ ဆက်ပြီး သယ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါမျိုးဟာ ပြယုဂ်အနေနဲ့မဟုတ်ဘဲ လေးလေးစားစားနဲ့ ရင်ထဲအသည်းထဲကလာတဲ့ လက်ခံယုံကြည်တဲ့ လေးစားတန်ဖိုးထားမှုမျိုးဖြစ်ဖို့ ကျွန်မတို့အားလုံး အတူတူကြိုးစားရမယ်လို့ ထင်ပါတယ်။
“လူတိုင်းအပေါ် တန်းတူအခွင့်အရေးနဲ့ လေးလေးစားစားဆက်ဆံတဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်ကြမယ်။ ဒါအတွက် ကိုယ်တိုင်ကစပြီး လုပ်ကြရမယ်”
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media