- Published on
Z Nang Raw အကြံပေး
- Published on
နန်းဖော့ဂေ
အယ်ဒီတာချုပ် (KIC)
ဗဟိုအမြဲတမ်းကော်မတီဝင် (KWO)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“ဆန္ဒပြမှုတွေကို ဖြိုခွင်းတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကိုတောင် မတွန့်ဆုတ်သွားဘဲနဲ့ နည်းလမ်းသစ်မျိုးစုံကို သုံးပြီး တော်လှန်ခဲ့ကြတယ်။ ထဘီကိုအလံလိုမျိုး သဘောထားပြီး လုပ်ခဲ့တဲ့လှုပ်ရှားမှုက စနစ်တခုကို ပြောင်းလဲသွားစေခဲ့တယ်”
ဆရာမနန်းဖော့ဂေဟာ ကရင်ပြည်နယ်၊ ဖားအံမြို့မှာ မွေးဖွားခဲ့သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ KIC (Karen Information Center) မှာ အယ်ဒီတာချုပ်နှင့် ဒါရိုက်တာ တာဝန်ကို ပူးတွဲထမ်းဆောင်နေသူ ဖြစ်ပါတယ်။ လက်ရှိမှာ အသက်(၅၄)နှစ်အရွယ်ရှိပြီဖြစ်ပြီး ငယ်ဘဝမှာတုန်းကတော့ ကြက်တောင် ရိုက်တာ၊ သီချင်းဆိုတာတွေကို ဝါသနာထုံခဲ့သူပါ။ အသက်(၃၁) နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။
၁၉၈၈ခုနှစ်မှာ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ပြီးနောက် ၈လေးလုံး ကျောင်းသား အရေးအခင်းအပြီး ကောလိပ်-တက္ကသိုလ် မဖွင့်သေးချိန် ဇာတိမြို့ ဖားအံက ငယ်စဉ်ကျောင်းနေခဲ့တဲ့ မူကြိုကျောင်းမှာ စေတနာ့ဝန်ထမ်းဆရာမအဖြစ် ကူညီလုပ်ကိုင်ခဲ့ပါတယ်။ ၁၉၉၁ခုနှစ်မှာ ဖားအံ ဒေသ ကောလိပ်မှာ ဓာတုဗေဒအထူးပြု ဘာသာရပ်နဲ့ ဒုတိယနှစ်အထိ တက်ရောက်ခဲ့ပြီး ၁၉၉၃မှာ မော်လမြိုင်တက္ကသိုလ်ကို ဆက်လက် ပညာဆည်းပူးခဲ့ပါတယ်။
၁၉၉၅ ခုနှစ်မှာ B.Sc (Chemistry) ဘွဲ့ရခဲ့ပြီးတဲ့နောက် ရန်ကုန်မြို့က ကွန်ပြူတာသင်တန်းမှာ တက်ရောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရွှေ့ပြောင်းလုပ်သားအနေနဲ့ လုပ်ကိုင်ခဲ့ဖူးပါတယ်။ ၁၉၉၉ခု နှစ်မှာ ရန်ကုန်မြို့က ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
၂၀၀၀ ခုနှစ်မှာတော့ ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိလာခဲ့ပြီး သတင်းမီဒီယာအလုပ်ကို စတင် လုပ်ကိုင်ခဲ့ပါတယ်။ KIC သတင်းဌာနရဲ့ သတင်းထောက်အဖြစ်သာမက၊ လစဉ်ထုတ်စာစောင်အတွက် လေးအောက်ဒီဇိုင်း တာဝန်တွေနဲ့အတူ မြန်မာပိုင်းသတင်းအယ်ဒီတာအဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကစပြီး အယ်ဒီတာချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။
သတင်းမီဒီယာမှာ အချိန်ပြည့် လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် (၈) နှစ် တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ KWO ရွေးကောက်ခံရပြီး ဗဟိုအမြဲတမ်းကော်မတီဝင်အနေနဲ့ တက်ကြွစွာ ဆက်လက်ပါဝင်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့အခါမှာတော့ ပြည်တွင်းကရုံးကိုပိတ်သိမ်းပြီး ဝန်ထမ်းတွေ ဘေးကင်း လုံခြုံဖို့၊ သတင်းခန်းပုံမှန်လည်ပတ်နိုင်ဖို့အတွက် အခက်အခဲတွေကြားက ဦးဆောင်ရုန်းကန်ခဲ့ပါတယ်။ KIC သတင်းဌာနကို ကိုယ်တိုင်စီမံမှု မလုပ်နိုင်တော့တဲ့အချိန်မှာတောင် မိမိရဲ့သတင်းဌာနကို ရေရှည် လည်ပတ် ရှင်သန်သွားစေချင်သူပါ။ ဒါ့အပြင် အမျိုးသမီးတွေကိုလည်း မည်သည့်အခန်းကဏ္ဍမှာမဆို ခေါင်းဆောင်မှု နေရာတွေမှာ ပိုမိုရောက်လာနိုင်ဖို့ ဆန္ဒပြင်းပြသူတစ်ယောက်လည်း ဖြစ်ပါတယ်။
သူမဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဘာသာ စကားနဲ့ တင်ဆက်တဲ့ သတင်းဌာနတွေ၊ တိုင်းရင်းသားသတင်းထောက်တွေ အများကြီး ပေါ်ထွက်လာအောင် အတတ်နိုင်ဆုံး ဆောင်ရွက်သွားဖို့လည်း ရည်မှန်းချက်ထားသူတစ်ယောက် ဖြစ်ပါတယ်။
နန်းဖော့ဂေဟာ နိုင်ငံတကာမြန်မာ့သတင်း (BNI)မှာ Development Officer, Executive Director နဲ့ Policy Affair Committee ဥက္ကဌအဖြစ် တာဝန်ယူခဲ့သလို လက်ရှိအချိန်မှာလည်း အယ်ဒီတာဘုတ် (Board of Editor) အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ ၂၀၂၃၊ ဒီဇင်ဘာလမှာ စတင်ဖွဲ့စည်းတည်ထောင်တဲ့ လွတ်လပ်သောမြန်မာ သတင်းမီဒီယာကောင်စီ (IPCM) ရဲ့ ဥက္ကဌအဖြစ်လည်း ရွေးကောက်ခံခဲ့ရပါတယ်။
သူမဟာ ၂၀၁၈ နဲ့ ၂၀၂၂ခုနှစ် တွေမှာ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ နှစ်ရှည်သက်တမ်းအလိုက် ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူတွေထဲက တစ်ဦးဖြစ်သလို ၂၀၂၄ ခုနှစ်၊ မေလမှာ World Association of News Publisher (WAN-IFRA) က ရွေးချယ်ပေးအပ်တဲ့ Women in News Editorial Leadership Award ကို အရှေ့တောင်အာရှကိုယ်စားပြုဆုရှင်အဖြစ် ရရှိခဲ့ပါတယ်။ ဒီဆုဟာ သတင်းမီဒီယာလောကမှာ အဓိက ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေကို အာရပ်၊ အာဖရိကနဲ့ အရှေ့တောင်အာရှ နယ်ပယ်သုံးခုကို နှစ်စဉ် ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေး အပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆရာမအမြင်ကို သိပါရစေရှင်။
ဖြေ။ ။ နွေဦးတော်လှန်ရေးလို့ခေါ်နေကြတဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်လာတဲ့ တော်လှန်ရေးကြီးရဲ့ထူးခြားတာတခုက တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တိုင်းရင်းသား နယ်မြေဒေသတွေမှမဟုတ်ဘူး၊ ပြည်နယ်ပြည်မ တဝန်းလုံးကနေပြီးတော့ အမျိုးသမီးတွေရော အမျိုးသားတွေ ရော အထူးသဖြင့် လူငယ်ပိုင်းတွေ ပါဝင်ပြီးတော့ တော်လှန်ရေးမှာ ကဏ္ဍအသီးသီးက ထမ်းဆောင်ကြတယ်။ စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်တွေကို ဖြုတ်ချဖို့ အလွှာအသီးသီးက တနိုင်ငံလုံးပါဝင်တဲ့ ပြည်သူ့တော်လှန်ရေးကြီးတခုလို့ ယူဆမိတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် ခွဲခြားတဲ့အယူအဆတွေ ပြောင်းလဲသွား တယ်လို့ ထင်ပါသလား။ ဘာတွေက ပြောင်းလဲသွားတယ်လို့ မြင်တွေ့ရလဲ။
ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် ခွဲခြားတဲ့အယူအဆက အရမ်းကြီး ပြောင်းလဲ သွားတယ်လို့တော့ မမြင်ဘူး။ အသိအမှတ်ပြုမှု တစုံတရာတော့ ရှိလာကြတယ်။ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ် အပြီး ရက်ပိုင်းမှာပဲ စပြီးတော့ ငြိမ်းချမ်းစွာဆန္ဒပြမှု၊ လမ်းလျှောက်ဆန္ဒပြမှုမှာလည်း အမျိုးသမီးလူငယ်ပိုင်းတွေ ခေါင်းဆောင်ပြီးတော့ ဦးဆောင်ခဲ့တာတွေကို မြင်ကြရတယ်။ တာထွက်ခဲ့တဲ့ပုံစံမျိုးတွေရှိတဲ့အတွက် ဒါကြီးက မေ့ဖျောက်လို့မရတဲ့၊ ချန်ထားလို့မရတဲ့ သမိုင်းတခုလည်း ဖြစ်ခဲ့တယ်။ မှတ်တိုင်တခုလည်း ဖြစ်တယ်။
နောက်တခုက အဲ့နောက်ပိုင်း ဖြစ်လာတဲ့ ၂၂၂၂ နဲ့ မတ်လအထိက တောက်လျှောက်က ဆန္ဒထုတ်ဖော်မှုတွေ အကုန်လုံးက အမျိုးသမီးတွေက သူ့အခန်းကဏ္ဍနဲ့သူ သူ့နည်းလမ်းနဲ့သူ ဦးဆောင်ခဲ့ကြပါဝင်ခဲ့ကြတယ်။ ဆန္ဒပြမှုတွေကို ဖြိုခွင်းတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကိုတောင် မတွန့်ဆုတ်သွားဘဲနဲ့ နည်းလမ်းသစ်မျိုးစုံကို သုံးပြီး တော်လှန်ခဲ့ကြတယ်။ ထဘီကိုအလံလိုမျိုး သဘောထားပြီး လုပ်တဲ့အပိုင်းလေးတွေကအစ ဒီလှုပ်ရှားမှုက စနစ်တခုကို ပြောင်းလဲသွားစေခဲ့တယ်။
နိုင်ငံရေးပါတီတွေကအစ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအဆုံး အမျိုးသမီးတွေရဲ့ပါဝင်မှုဆိုတာ တော်တော်အရေးကြီးတဲ့ အခန်းကဏ္ဍဆိုတာမျိုးကိုတော့ အသိအမှတ်ပြုတဲ့ အပိုင်းကိုတော့ တွေ့ရတယ်။ သို့သော်လည်း ဓလေ့ထုံးစံအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ ရှိနေဆဲ၊ အရိုးစွဲဖြစ်နေဆဲဖြစ်တော့ ချက်ချင်းကြီးကို ခွဲခြားတဲ့အယူအဆ နှစ်မြုပ်နေတဲ့အရာကို ပြောင်းလဲသွားဖို့ တော်တော်ကြီးတော့ လုပ်ဆောင်ရဦးမယ်။ အများကြီးတော့ ပြောင်းလဲသွားတယ်လို့ မမြင်ရသေးဘူး။
နိုင်ငံရေးပါတီတွေကအစ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအဆုံး အမျိုးသမီးတွေရဲ့ပါဝင်မှုဆိုတာ တော်တော်အရေးကြီးတဲ့ အခန်းကဏ္ဍဆိုတာမျိုးကိုတော့ အသိအမှတ်ပြုလာကြတယ်”
မေး။ ။နိုင်ငံသစ်တည်ဆောက်ရေးမှာ အမျိုးသမီးတွေနဲ့ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကိုလုပ်ဆောင်သင့်ပါသလဲ။
ဖြေ။ ။ နိုင်ငံသူတစ်ဦးအနေနဲ့ အမျိုးသမီးတဦးအနေနဲ့ မြင်ကြည့်မယ်ဆိုရင် နိုင်ငံသစ်တခုကို တည်ဆောက်ဖို့ အရေးမှာဆိုရင်တော့ အပြန်အလှန် စာနာမှုတရားနဲ့ လေးစားမှု ရှိကြရပါမယ်။ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ တိုးတက်ဖို့အတွက် မျှတမှု၊ တရားမျှတမှုတွေနဲ့ အပြန်အလှန် လေးလေးစားစား တည်ဆောက်သွားမယ်ဆိုရင်တော့ ဒီရလဒ်ကို ခံစားရရှိမယ်လို့ မြင်ပါတယ်။
ဒီအပိုင်းမှာကျတော့ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကလည်း အရေးကြီး ပါတယ်။ ဘာလို့လဲဆို မိသားစုတစုမှာတောင်မှ အမျိုးသမီး၊ အမျိုးသား၊ အဖေအမေ၊ အစ်ကိုအစ်မ ဒွန်တွဲနေတယ်။ ဘယ်အရာမဆို ဆုံးဖြတ်ပိုင်ခွင့်ကတော့ သူ့ကဏ္ဍအလိုက် လုပ်နိုင်စွမ်းအပေါ်မှာ မူတည်ပြီးတော့ အမျိုးသမီးမို့လို့ဆိုတဲ့ သတ်မှတ်ချက်ထက် ကိုယ့်ရဲ့ပင်ကိုယ် စွမ်းဆောင်ရည်အပေါ်မှာ ထားပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်ကို လမ်းဖွင့်ပေးဖို့ လိုအပ်တယ်။
ရှေးရိုးစွဲနဲ့ လျစ်လျူရှုမှုတွေကို ပပျောက်စေချင်တယ်။ ပြည့်ပြည့်ဝဝ ပါဝင်နိုင်ဖို့က ကမ်ပိန်းတွေပဲ လုပ်နေတာနဲ့ မပြီးဘူး။ သက်ဆိုင်ရာအစုအဖွဲ့တခုစီကလည်း အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့် ဦးဆောင်ပိုင်ခွင့်တွေ အပြည့်အဝ ရရှိဖို့အတွက်က အမျိုးသမီးတွေကို ပါဝင်မှု၊ လက်တွဲခေါ်ဆောင်မှုနဲ့ ဂျန်ဒါ-ကျားမတန်းတူရေး မူဝါဒတွေ ချမှတ်ပြီးတော့ လိုက်နာကျင့်သုံး အကောင်အထည်ဖော်သင့်တယ်။
ပါးစပ်နဲ့ဆုံးဖြတ်ချက်ဆိုတာ လေထဲမှာ ပျောက်သွားနိုင်တယ်။ တခါတလေကျရင်တော့ မူဝါဒတွေချမှတ်ပြီးတော့ ဘာမှလည်း မကျင့်သုံးဘူးဆို ဘာမှမဖြစ်လာဘူးလေ။ အဆင့်ဆင့် အများကြီးလုပ်ဖို့ လိုတယ်လို့ မြင်တယ်။
မေး။ ။ စနစ်ပြောင်းတော်လှန်ရေး အောင်မြင်ဖို့အတွက် မီဒီယာရဲ့အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးကြီးပါသလဲ။
ဖြေ။ ။ မီဒီယာရဲ့အခန်းကဏ္ဍက အရမ်းအရေးကြီးတယ်လို့ မြင်တယ်။ ဘာလို့လဲဆို သတင်းအချက်အလက် ဆိုတာ အဆိုးတွေ ရှိတယ်။ အကောင်းတွေ ရှိတယ်။ စနစ်ပြောင်းတဲ့တော်လှန်ရေးတရပ် အောင်မြင်သွားဖို့၊ စစ်အာဏာရှင်စနစ် ဖြိုချဖို့ဆိုတာ မီဒီယာရဲ့အခန်းကဏ္ဍအနေနဲ့ ပြည်သူလူထုကို မှန်ကန်တဲ့ သတင်းအချက်အ လက်တွေ ဖော်ပြပေးဖို့ရုံတင်မကပဲနဲ့ ဘယ်လိုသတင်းအချက်အလက်တွေက မှားယွင်းနေတယ်၊ ဘယ်လိုက ဝါဒဖြန့်တဲ့သတင်းတွေဖြစ်တယ် ဆိုတာမျိုးကိုလည်း ပညာပေးမှုအပိုင်းမှာ လုပ်ရမယ့်ဟာမျိုးလည်း ရှိတယ်။
သတင်းမီဒီယာအပိုင်းမှာက အသိပေးမှုတခုထဲမဟုတ်ဘဲနဲ့ ပညာပေးမှုအပိုင်းပါ လုပ်ရမယ့်အနေအထား ဖြစ်တယ်။ တဖက်မှာလည်း တော်လှန်ရေးမှာ တအားပင်ပမ်းနစ်မွန်းနေတဲ့ ပါဝင်သူတွေ အသီးသီးကိုလည်း ဖျော်ဖြေမှုအပိုင်းပါ လုပ်သွားလို့ ရနိုင်တယ်။ မီဒီယာအခန်းကဏ္ဍက အသိပေးမှု၊ ပညာပေးမှု၊ ဖျော်ဖြေမှုပါ လုပ်သွားနိုင်တယ်ဆိုတော့ စနစ်ပြောင်းစေဖို့ အထောက်အပံ့ တွန်းအားဖြစ်စေပါတယ်။ အုတ်တချပ် သဲတပွင့်အနေနဲ့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။
“မီဒီယာအခန်းကဏ္ဍက အသိပေးမှု၊ ပညာပေးမှု၊ ဖျော်ဖြေမှုပါ လုပ်သွားနိုင်တယ်ဆိုတော့ စနစ်ပြောင်းစေဖို့ အထောက်အပံ့ တွန်းအားဖြစ်စေပါတယ်။ အုတ်တချပ် သဲတပွင့်အနေနဲ့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်”
မေး။ ။ ကိုယ်တိုင်အနေနဲ့ မီဒီယာလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံ ခံရတာတွေ ကြုံတွေ့ရဖူးပါသလား။
ဖြေ။ ။ အမျိုးသမီးဖြစ်လို့ ခွဲခြားဆက်ဆံခံရတာ သိသိသာသာတော့ မရှိဘူး။ ခွဲခြားမှုဆိုတာက ရုပ်ပိုင်းဆိုင်ရာနဲ့ပဲ သွားပြီးတော့ ကြုံဆုံရတာ မဟုတ်ဘူး။ တခါတလေ စိတ်ပိုင်းဆိုင်ရာအရ ခွဲခြားမှုတွေ ရှိပါတယ်။ ကိုယ့်ကို လုပ်နိုင်ပါ့မလား။ လုပ်လို့တတ်ပါ့မလား ဆိုပြီး မြင်တာရှိပါတယ်။ အဲ့လိုမျိုး ယုံကြည်မှု မရတာတွေလည်း တခါတလေရှိတယ်။
ယုံကြည်မှုဆိုတာ ကိုယ့်ရဲ့မိသားစုဆွေမျိုးအသိုင်းအဝိုင်းထဲမှာ၊ ကိုယ့်ရဲ့ နီးစပ်ရာပတ်ဝန်းကျင်မှာဖြစ်စေ ဒါမျိုးလေးတွေက ကြုံရတာတော့ ရှိတယ်။ ဒီအပေါ် အရမ်းကြီး ခံစားရပြီး တော့ စိတ်ဓာတ်ကျသွားလို့တော့ မရဘူး။ အဓိကက အလုပ်တခုလုပ်ပြီဆို အခက်အခဲတော့ ကြုံရမယ်။
ကိုယ့်နိုင်ငံအတိုင်းအတာနဲ့ ကိုယ့်လူမှုအဖွဲ့အစည်း အတိုင်းအတာကလည်း အမျိုးသမီးတွေဆို အိမ်မှာနေရမဲ့သူ ဆိုတာမျိုး ယူဆနေကြတာမျိုးတဲ့အတွက် ဒါကခံရတာပဲ။ ကျွန်မရဲ့ ကိုယ်ပိုင်ပုံစံကလည်း အေးဆေးပဲနေတယ် ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာ ခွဲခြားသလိုကြုံရရင်တော့ နည်းနည်း အဲ့ဒါကို တန်ပြန်ချင်တဲ့စိတ်က ရှိတယ်။
ပြန်လုပ်ပြချင်တဲ့စိတ်က ရှိတယ်။ သို့ပေမယ့် မပြောဘူး။ မပြောဘဲနဲ့ သက်သေပြသွားတဲ့ဟာ ရှိတယ်။ ကိုယ့်လိုပဲ လုပ်ဖော်ကိုင်ဖက်တွေ၊ ဂျူနီယာဝန်ထမ်းလေးတွေ ရှိတယ်ဆိုတော့ ကိုယ့်လောက်မကြုံရအောင် အရှေ့ကနေ ကာထား လမ်းဖောက်ထားတာမျိုးလေးတွေ လုပ်ရတာပေါ့။
မေး။ ။ ဂျဲန်ဒါတန်းတူညီမျှရေး အပါအဝင် တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု မြင့်တက်လာဖို့ အတွက် မီဒီယာတွေအနေနဲ့ ဘယ်လိုလုပ်ပေးနိုင်ပါသလဲ။
ဖြေ။ ။ ဂျဲန်ဒါတန်းတူညီမျှရေးနဲ့ပတ်သက်ပြီး အခုလည်း တော်တော်များများက လူသားတွေရဲ့ အခွင့်အရေး ပေါ်မှာ မူတည်ပြီးတော့ ရေးသားဖော်ပြနေတာပဲ။ သတင်းမီဒီယာဆိုတာလည်း လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့်ကို အခြေခံတာဆိုတော့ ကျန်တဲ့တန်းတူညီမျှမှုတွေက တစ်ပါတည်း ပါလာတယ်။ “လွတ်လပ်စွာ” ဆိုတဲ့နေရာမှာ ပရမ်းပတာ လွတ်လပ်စွာတော့ မဟုတ်ဘူး။
လူသားတွေမှာလည်း သူ့ရဲ့သီလတွေ ရှိတယ်။ သတင်းမီဒီယာမှာလည်း ကျင့်ဝတ် ဆိုတာရှိတယ်။ ကျင့်ဝတ်ကို ခိုင်ခိုင်မာမာနဲ့ ရေးသားဖော်ထုတ်သွားမယ် ဆိုရင် ကောင်းကျိုး၊ တိုးတက်မှုအတွက် လူမှုအဖွဲ့အစည်းတွေ၊ ကိုယ့်ရဲ့ရပ်ရွာ၊ ကိုယ့်နိုင်ငံ၊ တဦးတယောက် ချင်းစီရဲ့ ကောင်းမွန်တဲ့ ပြောင်းလဲမှုကို ဖြစ်စေတဲ့အရာ ဖြစ်တယ်။
သတင်းဆောင်းပါးတပုဒ်ဟာ လူအများကြီးဆီကို ရောက်တဲ့အထိ တာသွားတယ်။ တန်းတူညီမျှရေးဖြစ်စေ၊ တရားမျှတမှုဖြစ်စေ မြှင့်တက်လာဖို့က မီဒီယာကနေ ပညာပေးမှုတွေ သာဓကပေးပြီး ရေးသားမှုတွေကို ရေးသားဖော်ပြခြင်းအားဖြင့် တယောက်ချင်းလိုက်ပြောလိုက်တာထက်စာရင် လူပေါင်းရာနဲ့ချီက ဒီထုတ်လုပ်မှု တွေကို ကြည့်ရ၊ ဖတ်ရ၊ နားထောင်ရတယ်။ ဒါတွေက မီဒီယာတွေက လုပ်ဆောင်ပေးနိုင်တဲ့အရာလို့ ပြောလို့ ရတာပေါ့နော်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်တွေ ပိုမိုထွက်ပေါ်လာဖို့အတွက် မီဒီယာကနေ ဘယ်လိုလုပ်ဆောင် ပေးနိုင်ပါသလဲ။
ဖြေ။ ။ ပညာရေး၊ ကျန်းမာရေးဆိုလည်း မွေးထုတ်ရတာပါပဲ။ မွေးထုတ်ပြီးတော့ ပျိုးထောင်ဖို့ လိုတယ်။ တဖက်မှာလည်း လက်တွဲခေါ်ဆောင်ဖို့ လိုတယ်။ တစ်တချက်ကတော့ ကျွန်မတို့အမျိုးသမီးတွေအနေနဲ့က ခေါင်းဆောင်မှု အပိုင်းရောက်ဖို့အတွက် နောက်လိုက်ကောင်းတွေ အရင်ဖြစ်ရသေးတာကို။ ကိုယ်တိုင်က ပါဝင်လုပ်ဆောင်မှု အားကောင်းဖို့ လိုတယ်။
တဖက်မှာလည်း မိမိကိုယ်ကို ငါလုပ်နိုင်တယ်၊ တခြားသူ လုပ်နိုင်တယ်ဆိုရင် ငါလည်းလုပ် နိုင်တယ်ဆိုတဲ့ self- confident က အားကောင်းဖို့ လိုတယ်။ နောက်တခုက ခံနိုင်ရည်ရှိဖို့လိုတယ်လို့ မြင်တယ်။ သက်ဆိုင်ရာ သတင်းမီဒီယာတွေမှာလည်း သတင်းခန်းတွေမှာ အမျိုးသမီး သတင်းထောက်တွေရဲ့ ပါဝင်မှုကနေတစ်ဆင့် ဦးဆောင်မှုအပိုင်းအထိ လက်တွဲခေါ်ဆောင်ဖို့အတွက် အရမ်း အရေးကြီးတယ်။ ထိုကမှတဆင့် အမျိုးသမီးခေါင်းဆောင်တွေကို အများကြီး ထွက်ပေါ်လာအောင် ပံ့ပိုးပေးနိုင်မယ်လို့ မြင်ပါတယ်။
မေး။ ။ တော်လှန်ရေး ၄ နှစ်ကာလမှာ အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုကဏ္ဍတွေမှာ ထင်ထင် ရှားရှားမြင်တွေ့နေရပြီလို့ သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ အမှန်တော့လည်း မြန်မာနိုင်ငံမှာ တော်လှန်ရေးက တော်တော်တော့ကြာခဲ့ပြီ။ စစ်အစိုးရ အဆက်ဆက်ကို တော်လှန်ခဲ့တဲ့ကာလတွေက အရှည်ကြီးရှိခဲ့တယ်။ ဒါပေမယ့် တနိုင်ငံလုံးပါလာခဲ့တဲ့ တော်လှန်ရေးက ဒီ (၄) နှစ် တာပေါ့။ အမျိုးသမီးတွေအတွက် ဆုံးဖြတ်ပိုင်ခွင့်က အခုမှာတော့ တော်တော် များများ ရလာတာ မြင်ရပါတယ်။ သက်ဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့တွေ၊ အထူးသဖြင့် အမျိုးသမီးအရပ်ဘက် အဖွဲ့အစည်းတွေမှာ အရမ်းအားကောင်းတယ်။ နဂိုကထက် အခုက ပိုပြီး စုစည်းကြတယ်။ ညီညွတ်ကြတယ်။
အမျိုးသမီးအဖွဲ့အစည်းမဟုတ်တဲ့ တခြားသက်ဆိုင်ရာနိုင်ငံရေးအဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်း တွေ ယုတ်စွအဆုံး လက်နက်ကိုင်ပြီး တိုက်တဲ့အခန်းကဏ္ဍမှာလည်း အမျိုးသမီးနဲ့ အမျိုးသား အပြန်အလှန် လေးစားမှုနဲ့ ရိုင်းပင်းဝန်းရံမှုတွေက ပိုပြီး ပေါ်လွင်လာတယ်လို့ သုံးသပ်မိတယ်။
မေး။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုအပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။
ဖြေ။ ။ အမျိုးသမီးတွေနိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်၊ ပြည့်ပြည့်ဝဝ ပါဝင်နိုင်မယ်ဆိုရင် မျှတတဲ့ တွေးခေါ်မှုတွေ၊ မျှတတဲ့စီမံအုပ်ချုပ်မှုတွေ၊ မျှတတဲ့ဥပဒေတွေ၊ ပြည့်စုံတဲ့ဥပဒေတွေ အများကြီး အကောင်အထည်ဖော်နိုင်မယ်လို့ မြင်တယ်။ တင်းပြည့်ကျပ်ပြည့် ပါဝင်နိုင်ပြီဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေမှာ ကျား၊မတန်းတူမှု၊ သာတူညီမှုတွေနဲ့ နိုင်ငံကို ရေရှည်တိုးတက်အောင် သယ်ဆောင်သွားနိုင်မဲ့ အပြောင်းအလဲကို မြင်တွေ့ရမယ်လို့ ယူဆမိပါတယ်။
မေး။ ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့ အနာဂတ်နိုင်ငံသစ်ကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့ အနာဂတ်နိုင်ငံသစ်ကတော့ မျှော်လင့်ထားတယ်ဆိုပေမယ့် တော်တော်လေးတော့ လုပ်ဆောင်ရဦးမယ်။ တဦးတယောက်ချင်းစီ မိသားစုတစုက စပြီးတော့ ကိုယ့်ရဲ့ရပ်ရွာ၊ နိုင်ငံတခုလုံးအဆုံး ခွဲခြားမှုမရှိအောင် လုပ်ရမယ်။ ခွဲခြားမှုမရှိအောင် တိုက်ရိုက်မလုပ်နိုင်ရင်တောင် အပြန်အလှန် နားလည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန်ရိုင်းင်းမှုတွေ ရှိတဲ့အခြေအနေကို ရောက်ဖို့ အတွက် မိမိတဦးချင်းစီရဲ့စိတ်နေစိတ်ထားကစပြီး ပြုပြင်သွားရမယ်လို့ ထင်တယ်။
တဦးတယောက်ချင်းစီ ပြုပြင်သွားဖို့ဆိုတာကလည်း တော်တော်လေးတော့ အချိန်ယူရဦးမယ်။ ဘာလို့လဲဆိုတော့ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ယူရတာက ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ရတာထက် ပိုခက်ခဲတယ်။ ဒါကြောင့် သူ့အခန်းကဏ္ဍအလိုက်၊ သူ့အစုအဖွဲ့အလိုက် တည်ဆောက်သွားမှသာရင် ခွဲခြားမှုမရှိတဲ့ အနာဂတ်နိုင်ငံကို မြန်မြန်မြင်တွေ့ရမယ်လို့ မျှော်လင့်မိပါတယ်။
“တဦးတယောက်ချင်းစီ မိသားစုတစုက စပြီးတော့ ကိုယ့်ရဲ့ရပ်ရွာ၊ နိုင်ငံ တခုလုံးအဆုံး ခွဲခြားမှုမရှိအောင် လုပ်ရမယ်။ ခွဲခြားမှုမရှိအောင် တိုက်ရိုက် မလုပ်နိုင်ရင်တောင် အပြန်အလှန် နားလည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန်ယိုင်းပင်းမှုတွေ ရှိတဲ့အခြေအနေကို ရောက်ဖို့အတွက် မိမိတဦးချင်းစီရဲ့ စိတ်နေစိတ်ထားက စပြီး ပြုပြင်သွားရမယ်”
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
နန့်မေသဉ္ဇာ ပူးတွဲတည်ထောင်သူ (BPLA)
အမှုဆောင်ဒါရိုက်တာ (The Space)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးတွေ နိုင်ငံရေး၊ စစ်ရေးပါဝင်ခွင့် ပိုပြီးရှိဖို့ လိုတယ်။ မြန်မာနိုင်ငံမှာက နိုင်ငံရေးပါဝင်ခွင့် တခုထဲကိုပဲ ပြောလို့ မရတော့ဘူး။ စစ်ရေးပါဝင်ခွင့်ဟာလည်း နိုင်ငံရဲ့အပြောင်းအလဲနဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်နေတယ်ဆိုတာကို ကျွန်မတို့ သိဖို့ လိုအပ်တယ်”
ဧရာဝတီတိုင်း၊ ပန်းတနော် ဇာတိဖွား အသက် (၃၁) နှစ် ရှိသူ နန့်မေသဥ္ဇာသည် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကို စတင်တည်ထောင်ခဲ့သူ ခေါင်းဆောင် (၁၇) ဦးအနက် တစ်ဦး ဖြစ်ပါတယ်။ BPLA ရဲ့ တပ်သားသစ်စုဆောင်းရေးနှင့် စိစစ်ရေးဌာနမှူးအဖြစ် တာဝန်ယူထားသလို၊ BPLA ၏ အရပ်သားဌာနဖြစ်တဲ့ The Space ရဲ့ အမှုဆောင်ဒါရိုက်တာလည်း ဖြစ်ပါတယ်။
၂၀၁၀ - ၂၀၁၂ ခုနှစ်မှာ ဓန နေ့စဉ်သတင်းစာတွင် သတင်းထောက် အဖြစ် စတင်လုပ်ခဲ့ပြီး တစ်ချိန်တည်းတွင် KWEG မှာ စေတနာ့ဝန်ထမ်း လုပ်ခဲ့ပါတယ်။ ၂၀၁၂ - ၂၀၁၆ ကာလမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာကမ့်တွေမှာ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးအတွက် အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၁၆ - ၂၀၁၉ မှာ Action Aid Myanmar အဖွဲ့ Women Right department မှာ အလုပ်လုပ်ခဲ့ပြီး၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွေမှာ Colorful Girl အဖွဲ့မှာ Trainer အနေနဲ့ လုပ်ခဲ့ပါတယ်။ ၂၀၁၁ မှ ၂၀၂၁ အထိ KNU လူငယ်နည်းပညာ အထောက်အကူပြုသူအနေနဲ့ လူမျိုးစုနိုင်ငံရေးကို လေ့လာခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း GSCN ကိုစတင်တည်ထောင်သူထဲမှာ ပါဝင်ခဲ့ပြီး ယခုအချိန်အထိ ကရင်လူမျိုးစု ကိုယ်စားပြုအနေဖြင့် ပါဝင်နေပါတယ်။ ၂၀၂၁ မတ်လ ၈ ရက်နေ့မှာ “ငါတို့ထဘီ ငါတို့အလံ ငါတို့အောင်ပွဲ” ကမ်ပိန်းကို တနိုင်ငံလုံးအနေဖြင့် ပါဝင်လာနိုင်စေရန် ဦးဆောင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
၂၀၂၁ မတ်လမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ပြီး ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကို စတင်တည်ထောင်ခဲ့သူများတွင် ပါဝင်ခဲ့ပြီး အပတ်စဉ်(၁) သင်တန်းကို တက်ရောက်ခဲ့ပြီး လက်ရှိမှာ စုဆောင်းရေးနှင့် စိစစ်ရေးဌာနမှူးအဖြစ် တာဝန်ယူထားပါတယ်။ ၂၀၂၂ ဒီဇင်ဘာလမှာ The Space အဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ အမှူဆောင်ဒါရိုက်တာ အနေနဲ့ လုပ်ကိုင်လျက် ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆရာမ အမြင်ကို ပြောပြပေးပါရှင့်။
ဖြေ။ ။ အခုဆို နွေဦးတော်လှန်ရေးက လေးနှစ်ပတ်ဝန်းကျင် ဖြစ်လာပြီ။ အစပိုင်း တစ်နှစ် နှစ်နှစ်ကတော့ ဒီတော်လှန်ရေးအပေါ်မှာ မခံချင်စိတ်တွေ၊ ပြောင်းလဲချင်စိတ်တွေ အရမ်းပြင်းကြတယ်။ နောက်ပိုင်းမှာ နည်းနည်းတော့ အားလျော့သွားတယ်။ ကျွန်မအနေနဲ့ အဲ့ဒီအားလျော့သွားမှုကို ကောင်းတဲ့ဘက်က ပိုရှုမြင် ရမယ်ဆိုရင် အဖွဲ့တွေက ပိုပြီးကျစ်လျစ်သွားတယ်။
ဘာတွေ အဓိကလိုအပ်လဲဆိုတာ သူတို့ ကောင်းကောင်း သိသွားတယ်။ ပထမနှစ်ပိုင်းလောက်မှာဆိုရင် ပုံစံမျိုးစုံနဲ့ ကွဲပြားနေတယ်။ အခြေအနေမျိုးစုံနဲ့ ကွဲပြားနေတယ်။ စနစ်တကျ စုဖွဲ့ရမယ်ဆိုတဲ့သိမှုမျိုး မရှိကြဘူး။ ဒါပေမယ့် ဒီနှစ်ပိုင်းမှာ အထိအခိုက်လည်း တော်တော်လေး ရှိလာခဲ့ကြတယ်။ ပြည်သူလူထုနဲ့လည်း တိုက်ရိုက်ဆက်ဆံလာခဲ့ကြရပြီဆိုတော့ လူထုက ဘာကိုကြိုက်လဲ ဘာကိုမကြိုက်ဘူးလဲဆိုတာ ကောင်းကောင်းသိလာတယ်။ ပြည်သူလူထုအပေါ်မှာ သူတို့ဆက်ဆံမိတဲ့ အပြုအမူတွေဟာ ပြည်သူလူထုက ပြန်ပြီးတုန့်ပြန်လာကြပြီ။
အပြန်အလှန်အခြေအနေကို ရောက်လာချိန်မှာ တော်လှန်ရေးက အပြုသဘော ပိုဆောင်လာတယ်လို့ သုံးသပ်လို့ရတယ်။ ဒီလေးနှစ်ကာလမှာ ဇကာတင်ပြီး စစ်ချလိုက်တယ်လို့ မြင်တယ်။ သေချာပြီး စစ်မှန်တဲ့အုပ်စုတွေက ကျန်ခဲ့ပြီးတော့ မစစ်မှန်တဲ့ အုပ်စုတွေက ဇကာအပေါက်ထဲကို ကျသွားတယ်လို့ မြင်တယ်။
နိုင်ငံရေးအစုအဖွဲ့မှာဆိုရင် လူငယ်တွေနဲ့ စုဖွဲ့ထားတဲ့ အစုအဖွဲ့တွေက potential ရှိလာတယ်လို့ တဖက်မှာ မြင်ရတယ်။ အဲ့လိုအခြေအနေတခုကို လေးနှစ်မှာ တည်ဆောက်နိုင်ခဲ့တယ်လို့ ကျွန်မ ယူဆတယ်။ လူငယ်တွေနဲ့စုဖွဲ့ထားတဲ့ နိုင်ငံရေးအစုအဖွဲ့တွေသည် Potential နိုင်ငံရေးအဖွဲ့တွေအဖြစ် ပစ်ပယ်လို့မရဘူး။ innovative ဖြစ်တဲ့ အတွေးအမြင်တွေကို နိုင်ငံရေးအစုအဖွဲ့ဟောင်းတွေက ကျော်လွန်လို့ မရတော့ဘူး။
နိုင်ငံရေးအစုအဖွဲ့တွေကြားထဲမှာ အပြုသဘောဆန်တဲ့အပြောင်းအလဲ ဖြစ်သွားဖို့အတွက် လုံလောက်တဲ့ အင်နဲ့အားနဲ့ ဖြစ်လာပြီ။ ဒီလေးနှစ်အတွင်းထဲမှာ အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပြီ ဖြစ်တဲ့အတွက် ဒီလေးနှစ်အတွင်းထဲမှာ အင်နဲ့အားနဲ့ဖြစ်လာခဲ့တယ်လို့ ပြောလို့ရတယ်။
နောက်တခုက ဗမာတွေက ဗမာမဟုတ်တဲ့လူမျိုးစုတွေအပေါ် အပြုသဘောဆောင်တဲ့အမြင်တွေ ဖြစ်လာတယ်။ ဗမာနိုင်ငံရေးသမားတွေရဲ့ practice နဲ့ တခြားဗမာလူမျိုးမဟုတ်တဲ့ လူမျိုးစုတွေရဲ့ practice က ဒီလို ကွဲပြားပါလား ဆိုတာကို သူတို့စပြီး သင်ယူလာတယ်။
သင်ယူလာတာက နားလည်ပေးတယ်လို့ ကျွန်မအနေနဲ့ မယူဆဘူး။ ဘာလို့ဆို တခြားနယ်မြေတွေကို သွားပြီးတော့မှ စိုးမိုးချင်တာ၊ ဗမာအင်အားစုများတဲ့ပါတီက ဒီနိုင်ငံရေးအစုအဖွဲ့မှာ majority ဖြစ်တာ၊ ဗဟိုအာဏာကိုယူထားချင်တာ စသဖြင့် ဒါတွေက ရှိတော့ရှိသေးတယ်။ ဒါပေမယ့်လို့ သူတို့ကျော်လို့ မရဘူးဆိုတာ သိလာကြပြီ။
ဘယ်သူ့ကိုဆိုရင် နိုင်ငံရေးအရ၊ စစ်ရေးအရ ကျော်လို့ မရဘူးလဲ၊ ဘယ်နေရာမှာဆိုရင် ဘယ်သူက ဘာလဲဆိုတာကို သူတို့ စပြီးသိမြင်လာဖို့ စနေကြပြီလို့ ပြောလို့ရတယ်။ အိုအိုမင်းမင်းတော့ ဖြစ်နေကြပြီ။ Innovative လည်း တော်တော်မဖြစ်ဘူး။ NUG အစုအဖွဲ့ကို ကြည့်ရမယ်ဆိုရင် လူငယ်တွေ၊ innovative ဖြစ်တဲ့လူတွေကို ကောင်းကောင်းကြိုဆိုမယ့်လူမရှိသလို ထောက်ပံ့မှုအားလည်း မကောင်းဘူး။ ဒါကတော့ လောလောဆယ် နိုင်ငံရေးအစုအဖွဲ့တွေ ကြားထဲက အခြေအနေကို ရှုမြင်တဲ့အခြေအနေ ဖြစ်ပါတယ်။
“လက်ရှိအာဏာရှင်စနစ်က ကျွန်မတို့ရွေးချယ်ခွင့်မရဘဲနဲ့ ကျွန်မတို့ဆီရောက်လာတဲ့စနစ် ဖြစ်တယ်။ သို့ပေသော်ငြားလည်း ကျွန်မတို့က နှစ်ပေါင်းများစွာ အဲ့ဒါကို practice လုပ်ခဲ့ရတာမျိုးဖြစ်တဲ့အတွက် အဲ့စနစ်နဲ့ ကျွန်မတို့တွေက တံပိုးသေကြိုးသေဖြစ်လာတယ်”
မေး။ ။ နိုင်ငံရေးအရဆို မြန်မာနိုင်ငံဟာ ဘယ်လိုနိုင်ငံရေးစနစ်မျိုးနဲ့ အသားကျခဲ့တဲ့နိုင်ငံလို့ ပြောလို့ရပါသလဲ။
ဖြေ။ ။ လက်ရှိအာဏာရှင်စနစ်က ကျွန်မတို့ရွေးချယ်ခွင့်မရဘဲနဲ့ ကျွန်မတို့ဆီရောက်လာတဲ့စနစ် ဖြစ်တယ်။ သို့ပေသော်ငြားလည်း ကျွန်မတို့က နှစ်ပေါင်းများစွာ အဲ့ဒါကို practice လုပ်ခဲ့ရတာမျိုးဖြစ်တဲ့အတွက် အဲ့စနစ်နဲ့ ကျွန်မတို့တွေက တံပိုးသေကြိုးသေဖြစ်လာတယ်။ တခြားစနစ်တွေကို အပြင်ကနေရှုမြင်ဖို့ အခွင့်အလမ်းလည်း အရမ်းနည်းခဲ့ကြတာကိုး။ အဲ့လိုအခြေအနေမျိုးဖြစ်ခဲ့ကြတယ်လို့ ကျွန်မက ပိုပြီးသုံးသပ်တယ်။
နောက်တခုက နိုင်ငံရဲ့အခြေအနေသည် တလျှောက်လုံး စစ်ရေးပိုကဲတဲ့ နိုင်ငံရေး ဖြစ်ခဲ့တယ်။ နိုင်ငံရေးအခင်းအကျင်းကို တည်ဆောက်ခဲ့တဲ့အချိန်သည်ပင် စစ်ရေးပိုကဲခဲ့တယ်။ အဲ့အချိန်တုန်းကလည်း အားလုံးကို စုစည်းမရခဲ့တဲ့ အခြေအနေ ရှိခဲ့တယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးက အသစ်ကနေပြန်စဖို့ အခွင့်အရေးတခုဖြစ်သွားခဲ့တယ် လို့ တဖက်ကနေ ရှုမြင်ပါတယ်။
မေး။ ။ နိုင်ငံအသစ်တခုတည်ဆောက်ဖို့အတွက် ဘယ်လိုအခြေခံမူတွေ စံနှုန်းတွေနဲ့အခြေတည်ပြီး တည်ဆောက်သင့်ပါသလဲ။
ဖြေ။ ။ ကျွန်မအနေနဲ့မြင်တာတော့ မြန်မာနိုင်ငံရဲ့အခြေအနေအရ နိုင်ငံတခုတည်းအနေနဲ့ ဆက်ရှိမှာလား၊ တခုထက်ပိုမှာလားဆိုတာ သေသေချာချာ သိနိုင်တဲ့ကိစ္စ မဟုတ်သေးဘူး။ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်တွေအရပဲဖြစ်ဖြစ် ပုံစံအရပဲဖြစ်ဖြစ် ကွဲပြားမှုတွေအရပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံက တစ်နိုင်ငံလား၊ တစ်နိုင်ငံထက်ပိုပြီးတော့ ဖြစ်နိုင်မလား မသိနိုင်ဘူး။
သို့ပေသော်ငြားလည်း နိုင်ငံတစ်နိုင်ငံရဲ့ အင်္ဂါရပ်လို့ ပြောတဲ့အခါမှာ တန်းတူညီမျှရေးက အရေးကြီးတဲ့အခန်းကဏ္ဍ ဖြစ်တယ်။ မြန်မာနိုင်ငံမှာက လူမျိုးစု အရမ်း များတယ်။ လူမျိုးစုအရမ်းများတဲ့ နိုင်ငံဖြစ်တဲ့အခါမှာ တန်းတူညီမျှရေးကို ရှေးရှုတဲ့နိုင်ငံရေးစနစ် ဖြစ်လာတယ် ဆိုရင်တော့ နိုင်ငံကပိုပြီးတော့ ဖွံ့ဖြိုးမှုမြန်တဲ့နိုင်ငံလို့ ဆိုရမှာပါ။
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အတွေးအမြင်တွေမှာ ဘာတွေပြောင်းလဲသွားလဲ။
ဖြေ။ ။ ပထမတုန်းကတော့ ဒီစစ်ကောင်စီကို ပြိုဖို့အတွက်ကိုပဲ အင်နဲ့အားနဲ့ အကုန်လုံးလည်း ရုန်းကြတာ ဆိုတော့ ဘာလေးပဲ လုပ်လိုက်လုပ်လိုက် အားလုံးက ဝန်းရံချင်ကြတဲ့အခြေအနေရှိတယ်။ ဒါပေမယ့် သုံးနှစ်လောက်မှာ အဟတွေကို စပြီးမြင်လာရတယ်။ အဲ့အချိန်မှာ ကျွန်မတို့အရင်တုန်းက ထင်ထားသလို တန်ဖိုးထားမှုအသစ်တွေအနောက်မှာ ကျွန်မတို့ဆန္ဒပြတုန်းကလို လူအုပ်ကြီးရှိနေသလို မရှိဘူးဆိုတာ မြင်လာရတယ်။
ကျွန်မတို့နိုင်ငံရေးစနစ်အရ ကျွန်မတို့အများကြီး မသင်ယူခဲ့ရဘူး။ စံနှုန်းအသစ်တွေပေါ်မှာ ကျွန်မတို့ လိုက်မှီဖို့အတွက်ပဲဖြစ်ဖြစ် စံနှုန်းအသစ်တွေနဲ့ အသားကျဖို့ပဲဖြစ်ဖြစ် အချိန်ယူရဦးမယ်။ ဒီစံနှုန်းအသစ်တွေ အပေါ်မှာ လူတွေရဲ့ပြောင်းလဲနိုင်စွမ်းနဲ့ လက်ခံနိုင်စွမ်းက အများကြီး ရှိမနေသေးဘူး။ ဒီဟာကို ဆင့်ပွား ရောက်ရှိတဲ့ အခြေအနေတခုမှာပဲ ရောက်နေသေးတယ်လို့ ပိုပြီးစဉ်းစားမိပါတယ်။
“ကျွန်မတို့နိုင်ငံရေးစနစ်အရ ကျွန်မတို့အများကြီး မသင်ယူခဲ့ရဘူး။ စံနှုန်းအသစ်တွေပေါ်မှာ ကျွန်မတို့လိုက်မှီဖို့အတွက်ပဲဖြစ်ဖြစ် စံနှုန်းအသစ်တွေနဲ့ အသားကျဖို့ပဲဖြစ်ဖြစ် အချိန်ယူရဦးမယ်။ ဒီစံနှုန်းအသစ်တွေအပေါ်မှာ လူတွေရဲ့ပြောင်းလဲနိုင်စွမ်းနဲ့ လက်ခံနိုင်စွမ်းက အများကြီး ရှိမနေသေးဘူး
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံတဲ့အယူအဆတွေ ဘယ်လောက်အထိ ပြောင်းလဲသွားပြီလဲ။
ဖြေ။ ။ အမျိုးသမီးတွေအပေါ်မှာ ဆက်ဆံတဲ့အမြင်တွေက ကျွန်မအနေနဲ့မြင်ရင် မပြောင်းလဲဘူး။ ဖိုဝါဒက သန်မာနေသေးတယ်လို့ ယူဆတယ်။ အရပ်ဘက် စစ်ဘက် နိုင်ငံရေးဖက်တွေမှာ အမျိုးသမီးတွေအပေါ် မြင်တဲ့အမြင်က အရင်အတိုင်းပဲ။ ဖိုဝါဒက ပိုပြီးတောင် သန်မာလာတယ်။ ပိုပြီးတောင် မှန်ကန်သယောင်တောင် ဖြစ်လာတယ်။ တချို့အရာတွေက prove that လုပ်ပေးနေတယ်။
စစ်သားအဖြစ် အမျိုးသမီးတွေကို မရွေးချယ် ၏ဘူး။ ဘာလို့လဲဆို အမျိုးသမီးတွေက အားနည်းလို့ အမျိုးသမီးတွေက လုံခြုံရေးအရ ပိုပြီးခက်ခဲလို့၊ အဲ့လို အထင်တွေက မှန်သယောင်ယောင် ပိုလုပ်လာတယ်။ မိန်းမတွေဆို ဘယ်လိုဖြစ်တယ်၊ ဒီလိုနေရာတွေနဲ့ဆို ဘယ်လိုတောင်ဖြစ်နိုင်တယ်ဆိုတဲ့ အခြေအနေတွေက ရှိနေသေးတယ်။
နိုင်ငံရေးအစုအဖွဲ့တွေမှာဆိုရင်လည်း အမျိုးသမီးတွေက အိမ်ဖြည့်ဝိုင်းဖြည့်လောက်ကနေပြီးတော့မှ ပိုလွန် ပြီးတော့ ရှိမနေကြသေးဘူး။ နိုင်ငံရေး strong ဖြစ်တဲ့ WLB လို အမျိုးသမီးအင်အားစုတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဖိုဝါဒစနစ်က သူတို့ကတဖွဲ့ရှိတယ်ဆို ဟိုဘက်က ဆယ်ဖွဲ့ရှိတဲ့အခါမှာ သူတို့ကို လွှမ်းမိုးနိုင်တယ်။ ဖောက်ထွက်နိုင်တဲ့အသံက ထင်သလောက်ကြီး များများစားစား မရောက်ဘူး။ အမျိုးသမီးတွေအပေါ်မှာ ထားတဲ့ ပတ်ဝန်းကျင်ရဲ့အမြင်က ဒီနွေဦးတော်လှန်ရေးနောက်ပိုင်းမှာလည်း မပြောင်းလဲဘဲ ရှိနေတုန်းပဲ၊ ရှိနေလတ္တံ့ပဲ ဖြစ်တယ်။
မေး။ ။ တော်လှန်ရေးမှာ အမျိုးသမီးတွေက ဘယ်ကဏ္ဍတွေမှာ ထင်ထင်ရှားရှားပါလာဖို့ လိုအပ်လဲ။
ဖြေ။ ။ အမျိုးသမီးတွေအနေနဲ့ ပါဝင်လာကြတာဟုတ်လားလို့ မေးရင် ဟုတ်တယ်။ အမျိုးသမီးတွေ အင်နဲ့အားနဲ့ ပါဝင်လာကြတယ်။ ဒါပေမယ့် ပါဝင်တယ်လို့ ပြောတဲ့အခါမှာ ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်နေတာလဲ။ ဘယ် level မှာပါဝင်နေတာလဲဆိုတာကို ပြန်ဆန်းစစ်ကြည့်တဲ့အခါမှာ တကယ့်နိုင်ငံရေးရဲ့အပိုင်းတွေမှာ မပါဝင်နေတာမျိုး မြင်ရတယ်။ တကယ့် change ဖြစ်သွားနိုင်လောက်တဲ့ decision making အပိုင်းကို အများကြီးမပါနေတာကို မြင်နေရပါတယ်။
မေး။ ။ ကိုယ်တိုင်အနေနဲ့ အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေ ခွဲခြားဆက်ဆံခံရတာ တွေကြုံတွေ့ဖူးလား။
ဖြေ။ ။ ကျွန်မကိုယ်တိုင် sexual harassment ကိုကြုံရတယ်။ ခြောက်လလောက် ဖင်ထိုင်လျှက် ပြုတ်ကျသွားတယ်။ ကျွန်မတောထဲကနေပြီးတော့မှ စစ်သင်တန်းတွေတက်ပြီး လုံးဝအရပ်ဘက်-စစ်ဘက်ရဲ့ ဆက်ဆံရေးကို ရုန်းကန်တော့မယ်ဆိုပြီးတော့ လက်သီးလက်မောင်းတန်းပြီး ထွက်လာတဲ့အချိန်မှာ harassment ခံလိုက်ရတဲ့အချိန်မှာ ၆ လလောက်ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။
အမျိုးသမီးဖြစ်ခြင်းကြောင့် ဒီနေရာမှာမပါပါနဲ့လို့တော့ မပြောဘူး။ သို့ပေသော်ငြားလည်း ဒီနေရာကို မစဉ်းစားတာမျိုးပေါ့။ ဒီလိုအခြေအနေမျိုးတွေ အများကြီး။ ကျွန်မတို့ဆိုရင် ခေါင်းဆောင်မှုအပိုင်းမှာ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုအပိုင်းထိ ချည်းကပ်နိုင်တဲ့လူငယ်အမျိုးသမီးတွေထဲမှာ ပါဝင်တယ်။ သို့ပေမယ့် အဲ့လောက်ကြီးထိ မလွယ်ကူနေဘူး။ အမျိုးသားတယောက်ကို တည်ဆောက်ပေးထား သလောက်တော့ မလွယ်ကူနေဘူး။
နိုင်ငံရေးမှာ သူကလည်းအဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်အနေနဲ့ကိုယ်စားပြုတာပဲ ကျွန်မတို့ကလည်း ကိုယ့်ရဲ့အဖွဲ့အစည်းခေါင်းဆောင်အနေနဲ့ ကိုယ်စားပြုတာပဲ။ သို့ပေသော်ငြားလည်း ကိုယ်ကလူငယ်ဖြစ်တယ်၊ အမျိုးသမီးဖြစ်တဲ့အခါမှာ အမျိုးသားတစ်ယောက်ယောက်ကြောင့် ဒီနေရာမှာ ပါဝင်နေရတာလား ဆိုတဲ့အမြင် နောက်တခုက ဘယ်သူ့အကပ်ရှိလို့ ပါနေတာလဲဆိုတာ မြင်တတ်ကြတယ်။
ဒါမှမဟုတ်ရင် ဒီလူကြီးတယောက် ယောက်နဲ့ အတူတူအိပ်နေပြီးတော့ ဒီနေရာမှာ ဒီအခွင့်အရေးကို ရလာတာလားဆိုပြီး အဲ့လိုမေးခံရတယ်။ အဲ့ဒါဘာလဲဆိုရင် နိုင်ငံရေးအစုအဖွဲ့တွေ ကြားထဲမှာ သူ့အဖွဲ့ကိုယ့်အဖွဲ့ ကိုယ်စားပြုပြောကြတဲ့ အစည်းအဝေး ကနေ ပြန်တဲ့အချိန်မှာ ဒီလူကြီးတယောက် အနောက်ကို လိုက်သွားပြီးအိပ်မှာလားဆိုပြီးမေးတာကို ခံရတယ်။ ဒါဟာ အမျိုးသမီး ဖြစ်နေတဲ့အပေါ်မှာ သူတို့တွေရဲ့အမြင်၊ ကျွန်မရဲ့ နေပုံထိုင်ပုံနဲ့ ပြောပုံဆိုပုံ ဝတ်ပုံစားပုံ ကိုလည်း သူတို့ judge လုပ်ပါလိမ့်မယ်။
နိုင်ငံရေးအစုအဖွဲ့တွေသည် အရမ်း narrow mind ဖြစ်သေးတယ်။ ဒီလိုမျိုး တော်လော်ကန့်လန့်ဝတ်တက်တဲ့ အမျိုးသမီးတယောက်ဟာ နိုင်ငံရေးပါဝင်မှုမှာ ပါလို့မရဘူးလား။ နိုင်ငံရေးပါဝင်မှုက ဦးနှောက်နဲ့ အလုပ်လုပ်တာလေ။ ကျွန်မတို့ရဲ့ပါးစပ်နဲ့ စကားပြောတာလေ။ လူတွေနဲ့ ထိတွေ့တာလေ။ အဲ့ဒါဟာ ကျွန်မတို့ personality နဲ့အများကြီးမဆိုင်ဘူး။ လူငယ်ဖြစ်မှုနဲ့ အများကြီးမဆိုင်သလို အမျိုးသမီးဖြစ်မှုနဲ့လည်း မဆိုင်ဘူး။ ဝတ်ပုံစားပုံနဲ့လည်း မဆိုင်ဘူး။ ဒါပေမယ့် အဲ့ဒါကိုအရမ်း judged လုပ်နေသေးတယ်။
စစ်ရေးဘက်မှာဆို အမျိုးသမီးနဲ့ အမျိုးသားကို သင်တန်းထဲမှာအတူတူပဲဖြစ်တယ်ဆိုရင်တောင်မှ သင်တန်းပြီးသွားတဲ့အချိန်ကျရင် ခွဲပြီးတော့ အမျိုးသားဆိုရင် တပ်မှူးကြီးတွေ ဖြစ်ဖို့အတွက် ထပ်ပြီးလေ့ကျင့်ပေးကြတယ်။ အမျိုးသမီးကို တပ်မှူးကြီးဖြစ်ဖို့အတွက် အရမ်းမျှော်လင့်ချက်ထားပြီး လေ့ကျင့်ပေးတာမျိုးမရှိဘူး။ ကျွန်မတို့မှာ ရှိနေတဲ့ capacity ကို ညှစ်ထုတ်ပြီးသုံးစွဲနေရတယ်။ တော်လှန်ရေးနယ်ပယ်ထဲမှာ ရှိနေတဲ့အမျိုးသမီးတွေက capacity ထပ်ဖြည့်ပေးခြင်း မခံရဘူး။ ပါဝင်ဖို့ဆိုရင်လည်း အတင်းကို အင်တိုက်အားတိုက်ပါရဖို့ ကြိုးစားနေရတာမျိုး ဖြစ်နေပါတယ်။
မေး။ ။ တော်လှန်ရေးလေးနှစ်တာကာလမှာ အမျိုးသမီးတွေဆုံးဖြတ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဘယ်နေရာတွေမှာ ထင်ထင်ရှားရှားရနေပြီလို့ မြင်ရပါလဲ။
ဖြေ။ ။ အများကြီးမပြောင်းလဲဘူး။ အိမ်ထောင်ရေးနယ်ပယ်မှာဆိုလည်း အရင်တုန်းကထက် အများကြီး ပြောင်းလဲသွားတာမရှိဘူး။ ရပ်ကွက်အဆင့်မှာဆိုလည်း အများကြီးပြောင်းလဲမှုမရှိသလို နိုင်ငံအထိကို ဘာမှ အများကြီးပြောင်းလဲတယ်လို့ မမြင်ဘူး။ အခု ခေါင်းဆောင်နေတဲ့ အမျိုးသမီးတွေက အရင်ကတည်းက ဒီနေရာ တွေမှာ တည်ရှိနေကြပြီးတော့ ကြိုးစားနေကြတဲ့အမျိုးသမီးတွေ ပိုများတယ်။
ဒီနိုင်ငံရေးနယ်ပယ်မှာ ဦးဆောင် တဲ့သူတွေမှာ ဘယ်သူတွေရှိနေကြလဲ၊ ဒီဘက်စစ်ရေးနယ်ပယ်မှာလည်း ဘယ်သူတွေရှိနေကြလဲ၊ စစ်ရေး- နိုင်ငံရေး အကူးအသန်းမှာရော ဘယ်သူတွေရှိနေကြလဲဆိုတာကို အရင်ထဲက နည်းနည်း ကျက်စားမိတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် အခုအချိန် ပြန်ကြည့်လိုက်တော့ ဒီလူတွေအပြင် အရမ်းကြီးအသစ်တွေနဲ့ ထိတွေ့ ရတယ်လို့ မခံစားရဘူး။ ကျွန်မအနေနဲ့ဆို အများကြီးပြောင်းလဲတယ်လို့ မခံစားရပါဘူး။
မေး။ ။အမျိုးသမီးတွေအပေါ် လျစ်လျူရှုမှုတွေပပျောက်ဖို့ ပြည့်ပြည့်ဝဝပါဝင်လာဖို့အတွက်ဆို ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ Political change ကလည်း အရေးကြီးသလို social change ကလည်း ကျွန်မတို့ရဲ့ မျိုးဆက် တခုလုံးစာအတွက် အရေးကြီးတယ်ဆိုတာကို နိုင်ငံကို ပြောင်းလဲအောင်ဦးဆောင်နေတဲ့သူတွေက သေသေ ချာချာသိဖို့ လိုအပ်တယ်။ သိတော့မှပဲ ဒါဟာ policy တွေထဲမှာ ပါဝင်လာမယ်။ ဒါတွေကို သေသေချာချာ လုပ်နိုင်ရမယ့်အချိန် ဖြစ်တယ်။ အမျိုးသမီးတွေ ပါဝင်တဲ့နိုင်ငံရေးအခင်းအကျင်းသည် ဘယ်လောက် positive ဖြစ်လဲဆိုတာ မြင်ဖို့လိုအပ်တယ်။
အမျိုးသမီးတွေ မပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းကရော နိုင်ငံရေး တည်ဆောက်လို့မရဘူးလားဆိုရင် တည်ဆောက်လို့ရတယ်။ ဒါပေမယ့် စစ်မှန်တဲ့နိုင်ငံတည်ဆောက်မှု ဖြစ်နိုင်မယ်မဟုတ်ဘူးလို့ ပိုမြင်တယ်။ ကျွန်မကတော့ အမျိုးသမီး၊ အမျိုးသားမှ မဟုတ်ဘူး။ LGBT တွေရော၊ မတူကွဲပြားတဲ့အုပ်စုတွေကိုရော ထည့်သွင်းစဉ်းစားတဲ့ သာတူညီမျှရှိဖို့အတွက် အရေးကြီးတဲ့နိုင်ငံရေးစနစ်တခု ပေါ်ထွက်လာဖို့ လိုအပ်တယ်လို့ မြင်တယ်။
နောက်တခုက အပြန်အလှန်လေးစားတဲ့ကျင့်ဝတ်က အရမ်း အရေးကြီးတယ်။ ဗမာလူမျိုးကြီးဝါဒက အရမ်းအားကောင်းတဲ့အခါကျတော့ ဗမာတွေက ဗမာမဟုတ်တဲ့ တခြားလူမျိုးစုတွေကို ဆက်ဆံတဲ့အခါမှာ သူတို့က ပိုပြီးအဆင့်မြင့်နေတဲ့သူတွေလို ဆက်ဆံတယ်။ အရင်တုန်းကဆို အရိုင်းအစိုင်းလိုတောင် ဆက်ဆံကြတယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ ပိုထွက်လာဖို့ ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ နိုင်ငံရေး၊ စစ်ရေးပါဝင်ခွင့် ပိုပြီးရှိဖို့ လိုပါတယ်။ ဘာလို့ဆို မြန်မာနိုင်ငံက နိုင်ငံရေးပါဝင်ခွင့် တခုထဲကိုပဲ ပြောလို့ မရတော့ဘူး။ စစ်ရေးပါဝင်ခွင့်ဟာလည်း နိုင်ငံရဲ့အပြောင်းအလဲနဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်နေတယ်ဆိုတာကို ကျွန်မတို့က သိဖို့ လိုအပ်တယ်။ တချိန်ကျရင်တော့ နိုင်ငံရေးကိုပဲသွားရမှာ ဟုတ်တယ်။ အခု နိုင်ငံရဲ့အခြေအနေသည် စစ်ရေးနိုင်ငံရေးနှစ်ဖက်စလုံးမှာ အမျိုးသမီးတွေရဲ့ ပါဝင်ခွင့်ကို သေသေချာချာလေးကိုမှ နေရာပေးရမှာ ဖြစ်တယ်။ လုပ်နိုင်တဲ့သူတွေလည်း အများကြီး ရှိတယ်။
မိန်းမတွေလာလုပ်နေပြန်ပြီတို့၊ မိန်းမတွေလုပ်ရင်တော့ပျက်မှာပဲတို့၊ ပျော့လိုက်တာတို့ ဆိုပြီး အခုချိန်အထိ ဘေးထိုင်ပြီး ဘုပြောနေကြတုန်းပဲ။ ဒီနေရာမှာ ဒီမိန်းမက တာဝန်ရှိပြီဆို ဒီမိန်းမရဲ့အောက်မှာရှိတဲ့သူတွေက လေးစားဖို့ လိုအပ်တယ်။ ဘာလို့ဆို စစ်တပ်မှာလည်း အပေါ်ဆုံးမှာ မိန်းမရောက်သွားပြီဆို အောက်က လူတွေက သိပ်ပြီးတော့မှ မလေးစားချင်ကြဘူး။ ဒီမိန်းမကို လေးစားဖို့ ခက်ခဲကြတယ်။
ဒီမိန်းမကို ဘာလို့ အလေးပြုရမလဲ ဆိုတဲ့စိတ်ရှိကြတယ်။ နိုင်ငံရေးမှာလည်း အဲ့လိုမျိုးပဲ။ ဒေါ်အောင်ဆန်းစုကြည်က တော်တော် ထူးခြားတဲ့သူလို့ ပြောလို့ရတယ်။ သူ့ကိုပဲ အကုန်လုံးက မိန်းမနိုင်ငံရေးသမားထဲမှာ ဘုရားတဆူလို ထားတာ။ ဒါကတော့ သူ့ရဲ့ နိုင်ငံရေး success story လို့ ပြောရမလား။ တခြားသူတွေကို အဲ့လိုမြင်ကြတဲ့ အမျိုးသမီး နိုင်ငံရေးသမားတွေ ခေတ်ပြိုင်ကာလမှာ မရှိနေသေးဘူး။
မေး။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်လာမယ်ဆိုရင် အနာဂတ်နိုင်ငံရေးက ဘာတွေ အပြောင်းအလဲ ဖြစ်နိုင်မလဲ။
ဖြေ။ ။ မြန်မာနိုင်ငံအခြေအနေနဲ့ဆိုရင် positive change ကို သွားဖို့လိုအပ်တာ ဖြစ်တဲ့အခါ အမျိုးသမီးမှ မဟုတ်ဘူး၊ လူနည်းစုအကုန်လုံး၊ အရင်တုန်းက ခွဲခြားခံအုပ်စုတွေအားလုံး ပြိုင်တူတက်ညီလက်ညီ ဒီအခင်းအကျင်းပေါ်မှာ တက်လာဖို့ လိုအပ်တယ်။ အဲ့လိုမျိုးမဟုတ်ဘူးဆို နိုင်ငံတည်ဆောက်လိုက်လည်း မပြည့်စုံဘူး။ ဒီလူတွေရဲ့ပါဝင်မှုနဲ့ ကိုယ်စားပြုမှုကို မယူဘူးဆို ပြည့်စုံတဲ့ကိုယ်စားပြုမှု၊ နိုင်ငံရေးစုဖွဲ့မှု ပြန်လည် ထူထောင်မှု လုပ်နေတယ်လို့ မမြင်ဘူး။
“အမျိုးသမီးတွေ မပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းကရော နိုင်ငံရေးတည်ဆောက်လို့ မရဘူးလားဆိုရင် တည်ဆောက်လို့ရတယ်။ ဒါပေမယ့် စစ်မှန်တဲ့နိုင်ငံတည်ဆောက်မှု ဖြစ်နိုင်မယ်မဟုတ်ဘူးလို့ ပိုမြင်တယ်”
မေး။ ။ ခွဲခြားဆက်ဆံမှုတွေ မရှိတဲ့နိုင်ငံသစ်တခုဖြစ်လာလိမ့်မယ်လို့ အနာဂတ်မှာ ဘယ်လောက်အထိ မျှော်လင့်ပါသလဲ။
ဖြေ။ ။ အများကြီး မမျှော်လင့်ဘူး။ ဒါပေမယ့် တဖြေးဖြေးစီ ဖြစ်လာဖို့ လိုအပ်တယ်။ အများကြီး မမျှော်လင့်ဘူးဆိုတာက ကျွန်မတို့ တံပိုးသေကျိုးသေနဲ့ အရမ်းအသားကျလာပြီ။ တော်လှန်ရေးကို အနှစ် ၅၀ လောက်မှ မအောင်ချင်ဘူး။ ၁၀ နှစ်လောက်နဲ့ အောင်ချင်တယ်။ တည်ဆောက်ရင်းနဲ့ သွားမယ်။
တဖြေးဖြေး positive change ကို သွားနိုင်ဖို့ မျှော်လင့်တယ်။ ချက်ချင်း တော်လှန်ရေးအောင်တာနဲ့ စံချိန်စံနှုန်းအသစ်တွေ ကလည်း ပါဝင်လာပြီးတော့ ဒီနိုင်ငံကြီးက ခေတ်မှီဖွံ့ဖြိုးတိုးတက်သွားမယ်လို့ မယုံကြည်ဘူး။ သို့ပေသော်ငြားလည်း မပြောင်းလဲလာရင်တော့ ပြသနာရှိတယ်။ ပြောင်းကို ပြောင်းလဲလာရမယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
မဖူးသိမ့်သိမ့်တုန်
နိုင်ငံရေးအကျဉ်းသူဟောင်း
ဦးဆောင်သူ (The Helpers for Spring)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“တော်လှန်နေရင်း တစ်ဖက်ကအရည်အချင်းရှိတဲ့သူတွေဖြစ်အောင် နိုင်ငံရေးဝမ်းစာဖြည့်နေဖို့ လိုပါတယ်။ ဒါမှသာ စနစ်သစ်တည်ဆောက်တဲ့အခါမှာ အရည်အချင်းရှိသူတွေက အဆင်သင့်ရှိနေမှာ ဖြစ်တယ်”
မဖူးသိမ့်သိမ့်တုန်ကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ၁၉၉၆ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ သာမာန်မိသားစုမှာ မွေးဖွားခဲ့ပြီး မွေးချင်း (၆) ယောက်ရှိတဲ့အနက် ဒုတိယမြောက်သမီး ဖြစ်ပါတယ်။ ပရဟိတလုပ်ရခြင်းကို ဝါသနာပါခဲ့သလို၊ လူမှုအကျိုးပြုလုပ်ငန်းဦးဆောင်သူဖြစ်လာဖို့ အိမ်မက်ရှိခဲ့သူပါ။
၂၀၁၂ ခုနှစ်မှာ လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းအတွက် မတရားသိမ်းယူခံရတဲ့ လယ်ယာ မြေတွေကို ပြန်လည်ပေးအပ်ရေးအတွက် ဆန္ဒပြတောင်းဆိုမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဗကသများအဖွဲ့ချုပ် (မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ) မှာ ဘဏ္ဍာရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူပါ။
၂၀၁၆ ခုနှစ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
ပရဟိတလုပ်ငန်းများစွာကိုလည်း တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အကြင်နာအားမာန် တက္ကသိုလ်ကျောင်းသား ပရဟိတလူငယ်များအသင်းသို့ ဝင်ရောက်ခဲ့ပြီး ဘဏ္ဍာရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၆ မှာ ဥက္ကဋ္ဌအဖြစ် အဖွဲ့လုပ်ငန်းစဥ်များကို ဦးဆောင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ The Helpers For Perfect Democracy (HPD) အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ် Covid-19 ကာလမှာ အခြေခံလူတန်းစားများအားဟင်းသီးဟင်းရွက်များ အိမ်အရောက်ဝေသည့်အစီအစဥ် Green Sharing Campaign ကို ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ထို့ပြင် ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းများကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့ပါတယ်။
၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးကာလတွင် ဆန္ဒပြပွဲများ၊လူထုသပိတ်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး CDM ထောက်ပံ့မှုလုပ်ငန်းများမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၂၁ မတ်လ၂၂ ရက်မှာ ဖမ်းဝရမ်းထုတ်ခံရပြီး ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာ အဖမ်းခံခဲ့ရပါတယ်။ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရပြီး မေလ၂၄ ရက်၊ ၂၀၂၂ ခုနှစ် မှာ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၂) နှစ် ချမှတ်ခံရသည်။ ဧပြီ (၇) ရက်၊ ၂၀၂၂ ခုနှစ် တွင် မုံရွာထောင်မှ မြင်းခြံထောင်သို့ပြောင်းရွှေ့ခံခဲ့ရသည်။
နိုဝင်ဘာ ၁၇ရက်၊ ၂၀၂၂ ခုနှစ် မှာ မြင်းခြံထောင်မှ လွတ်မြောက်ခဲ့သည်။ ထောင်မှ လွတ်မြောက်ပြီး နောက်ပိုင်း The Helpers for Spring အဖွဲ့မှာ ဦးဆောင်သူအနေဖြင့် ပါဝင်ပြီး စစ်ဘေးရှောင်၊ မီးဘေးသင့် ပြည်သူများကို ကူညီဆောင်ရွက်ခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
ဖြေ။ ။ မြန်မာနိုင်ငံရေးအစဥ်အဆက်မှာ ၁၉၅၈ မှာ တစ်ကြိမ်၊ ၁၈၆၂မှာ တစ်ကြိမ် ၊ ၁၉၈၈ မှာ တစ်ကြိမ် စစ်တပ်ကအာဏာသိမ်းမှုတွေ တွေ့ကြုံခဲ့ရတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့အုပ်ချုပ်မှုအောက်မှာ ပြည်သူတစ်ရပ်လုံးဟာ စီးပွားရေး၊ ပညာရေး၊ လူနေမှုအဆင့်အတန်း အဘက်ဘက်က ချွတ်ခြုံကျနိမ့်ပါးခဲ့ပြီး နိုင်ငံဟာလည်း လူတောမတိုးနိုင်အောင် ဖြစ်ခဲ့ရတယ်။ လူ့အခွင့်အရေးတွေဆုံးရှုံးခဲ့ပြီး ပြည်သူ့ဆန္ဒကလည်း အရေးမပါ ဖြစ်ခဲ့တယ်။
ဒါတွေကိုကျော်လွှားဖို့ ကျွန်မတို့ပြည်သူတွေ ခေတ်အဆက်ဆက် တော်လှန်ခဲ့ကြတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ နွေဦးတော်လှန်ရေးမတိုင်ခင်ကာလမှာလည်း စေ့စပ် ညှိနှိုင်းရေးလမ်းကြောင်းကတဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းမှုထင်သလောက် မရခဲ့ဘူး။ ပြည်သူတွေအနေနဲ့လည်း ဒီမိုကရေစီရဲ့အရသာအသီးအပွင့်ကို မခံစားခဲ့ကြရဘူး။
၂၀၂၁မှာ စစ်တပ်က အာဏာထပ်သိမ်းတယ်။ သမိုင်းနဲ့ယှဥ်ပြောရရင် ဒီနေ့နွေဦးတော်လှန်ရေးဟာ ကာလ ကြာရှည်ပြီး အခိုင်အမာရှိနေဆဲ ဖြစ်တယ်။ နောက်ပြီး သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူးလို့ ပြည်သူတွေ လက်ခံလာကြပြီး စစ်အာဏာရှင် အမြစ်ပြတ်ခြေမှုန်းရေးဆိုတဲ့ လမ်းကြောင်းကို ပြည်သူလူထုဆန္ဒနဲ့ လျှောက်နေကြတာ ဖြစ်ပါတယ်။
တော်လှန်ရေးရဲ့ အမြင့်ဆုံးပုံသဏ္ဍန်ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေး မှာလည်း ထဲထဲဝင်ဝင် ပါဝင်နေကြတယ်။ ဒီနေရာမှာ အမျိုးသမီးရော၊ အမျိုးသားရော၊ LGBTs စတဲ့ လူတန်းစား မရွေး၊ ဘာသာမရွေး ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်နေကြတာ တွေ့ရတယ်။ ဒါပေမယ့် မြေပြင်ရဲ့ ပကတိအခြေအနေမှာ ခံယူချက်အမှားမဟုတ်ပဲ နည်းနာအမှားလေးတွေနဲ့ ဆောင်ရွက်မိနေကြတဲ့ အဖွဲ့တွေ လည်း ရှိတယ်။
အချိန်ကြာလာတာနဲ့အမျှ ဆုံးရှုံးမှုတွေများလာတော့ စိတ်ခံစားချက် အမုန်းတရားတွေကို ရှေ့တန်းတင်လာ ကြတာကြောင့် မူရင်းပန်းတိုင်ဖြစ်တဲ့စနစ်သစ် တည်ဆောက်ရေးကို မေ့နေကြတာမျိုးလည်း ရှိတယ်။ ကျွန်မတို့ကတော်လှန်ရေးလုပ်နေတာ လုပ်ကြံရေးလုပ်နေတာ မဟုတ်ဘူး။ စနစ်ဟောင်းကိုဖြိုချပြီး စနစ်သစ် တည်ဆောက်ရမှာ ဖြစ်တယ်။
ကျင့်ဝတ်အရ မတရားမှုကိုဆန့်ကျင်ပြီး တရားနည်းလမ်းကျကျ တိုက်ပွဲဝင်ရမှာ ဖြစ်တယ်။ ဒီတော့ ကျွန်မတို့အနေနဲ့ တော်လှန်ရင်း တည်ဆောက်ရေးပါ တွဲမှရမယ်။ တဖက်က တော်လှန် နေရင်း တစ်ဖက်က အရည်အချင်းရှိတဲ့သူတွေဖြစ်အောင် နိုင်ငံရေးဝမ်းစာဖြည့်နေဖို့ လိုပါတယ်။ ဒါမှသာ စနစ်သစ်တည်ဆောက်တဲ့အခါမှာ အရည်အချင်းရှိသူတွေ အဆင်သင့်ရှိနေမှာ ဖြစ်တယ်။
စနစ်သစ်တည်ဆောက်ဖို့ဆိုရင် သွေးစည်းညီညွတ်ရေးက အရေးကြီးပါတယ်။ NUG အနေနဲ့ တိုင်းရင်းသားတွေ၊ တခြားဒီမိုကရေစီအင်အားစုတွေနဲ့အတူ စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီညီ လှုပ်ရှားနိုင်ရင် အရွေ့တစ်ခု အမြန် ရောက်မယ်လို့ ထင်တယ်။ တပ်ပေါင်းစုတည်ဆောက်နိုင်ဖို့ အဓိကလိုအပ်ပါတယ်။ တပ်ပေါင်းစုတည်ဆောက်ဖို့ နေရာမှာ လူမျိုးကြီးဝါဒတွေ၊ စစ်ဘုရင်ဝါဒတွေ၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲတွေ ချန်ထားခဲ့ပြီး ညီညွတ်ရေးအတွက် သဘောထားကြီးကြီးလုပ်ဆောင်နိုင်မှသာ အဆင်ပြေမယ်။
လက်ရှိ မြေပြင်မှာ မိတ်ဖက်ပဋိပက္ခလို့ခေါ်လို့ရတဲ့ နယ်မြေစိုးမိုးမှု၊ လက်နက်အင်အားပြိုင်ဆိုင်မှု၊ အဖွဲ့များစွာ ပြန့်ကျဲနေမှုတွေ ရှိတယ်။ ဒီလိုစုံလင်များပြားနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး တပ်ပေါင်းစုညီညွတ်ရေးဖော်ဆောင်နိုင်ပြီဆိုရင် ခိုင်မာ ကျစ်လစ်အားကောင်းတဲ့ တော်လှန်ရေးတစ်ရပ် ဖြစ်လာမယ်လို့ ကျွန်မအနေနဲ့ ယုံကြည်တယ်။
ခေါင်းဆောင်ပိုင်းမှာ တာဝန်ယူထားတဲ့ သူတွေအနေနဲ့လည်း အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက် တွေကို လက်ခံနားထောင်ပြီး မြေပြင်ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့စနစ်ကို ပြုပြင်ထိန်းညှိသင့်ပြီလို့ မြင်တယ်။ မြေပြင်ကလိုအပ်ချက်များကို အမြန်ဆုံး ထိန်းညှိပြီး ဆောင်ရွက်နိုင်မှသာ အားလုံးလိုလား တောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်လမ်းကြောင်းကို အမြန်ဆုံး သွားနိုင်မယ်လို့ ယူဆပါတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် ခွဲခြားတဲ့အယူအဆတွေ ပြောင်းလဲသွား တယ်လို့ ထင်လား။ ဘာတွေ ပြောင်းလဲသွားတယ်လို့ မြင်တွေ့ရလဲ။
ဖြေ။ ။ တော်လှန်ရေးမှာ ပြည်သူပါဝင်မှုက အရမ်းအရေးကြီးပါတယ်။ ဒီနေရာမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ပြောချင်တယ်။ ဘာကြောင့်ပြောရလဲဆိုရင် တော်လှန်ရေးဘက်တော်သား အချင်းချင်းမှာကို ခွဲခြား ဆက်ဆံတာတွေ ရှိနေလို့ပါ။ အမျိုးသမီးတွေဟာ ကိုယ်နိုင်ရာတာဝန်တွေနဲ့ တော်လှန်ရေးကဏ္ဍတိုင်းမှာ နှစ်မြုပ်ထားကြတာ အများကြီးပါပဲ။
ဒါပေမယ့် နိုင်ငံရေးဟာ အမျိုးသမီးတွေနဲ့မဆိုင်ဘူးဆိုတဲ့ ခပ်နိမ့်နိမ့် အတွေးအခေါ်တွေလည်း ရှိနေကြဆဲ၊ အမျိုးသမီးပါဝင်မှုကို ကန့်သတ်ဆဲ အမျိုးသမီးတွေရဲ့ ဆွေးနွေးချက် တွေကို မလေးစားဆဲတွေလည်း မြေပြင်မှာ ကြုံရပါတယ်။ တော်လှန်ရေးလုပ်တဲ့နေရာမှာ အမျိုးသမီးပဲဖြစ်ဖြစ်၊ LGBTs ပဲဖြစ်ဖြစ် ဘုံရည်မှန်းချက်အတူတူပဲမို့ ပန်းတိုင်တူတဲ့သူအချင်းချင်း ညီညီညွတ်ညွတ်သွားနိုင်မှသာ အရွေ့တစ်ခုရောက်မှာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်မတစ်ဦးထဲအမြင်အရတော့ အမျိုးသမီးတွေအပေါ် ခွဲခြားမှုက အရင်ကထက်နည်းပေမယ့် ကြီးကြီးမားမား ပြောင်းလဲတာမျိုးတော့ မတွေ့မိသေးပါဘူး။
“အမျိုးသမီးတွေဟာ ကိုယ်နိုင်ရာတာဝန်တွေနဲ့ တော်လှန်ရေးကဏ္ဍတိုင်းမှာ နှစ်မြှုပ်ထားကြတယ်။ ဒါပေမယ့် နိုင်ငံရေးဟာ အမျိုးသမီးတွေနဲ့မဆိုင်ဘူးဆိုတဲ့ ခပ်နိမ့်နိမ့်အတွေးအခေါ်တွေလည်း ရှိနေကြဆဲ၊ အမျိုးသမီးပါဝင်မှုကို ကန့်သတ်ဆဲ၊ အမျိုးသမီးတွေရဲ့ ဆွေးနွေးချက်တွေကို မလေးစားဆဲတွေလည်း မြေပြင်မှာ ကြုံနေရပါတယ်”
မေး။ ။ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု မြင့်တက်လာဖို့အတွက် နိုင်ကျဉ်းတွေအနေနဲ့ ဘယ်လို လုပ်ဆောင်ပေးနိုင်ပါသလဲ။
ဖြေ။ ။ အဓိကကတော့ လူတစ်ဦးချင်းစီရဲ့နားလည်မှုစွမ်းအားနဲ့ပဲ ဆိုင်မယ်ထင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ အစဥ်အဆက် ဖိုဝါဒကြီးစိုးမှုအောက်မှာပဲ ရှိခဲ့တာဆိုတော့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍဟာ အဖြည့်ခံမျိုးပဲ ဆက်ဆံခံခဲ့ရတယ်။ ထက်မြက်ပြီး တော်တဲ့အမျိုးသမီးတွေဆိုရင် ဝိုင်းပြီးရှုံ့ချကြတယ်၊ နေရာမပေးချင်ကြဘူး။ အမျိုးသမီးဦးဆောင်မှုကို လက်မခံနိုင်ကြဘူး။ ဒါဟာ ဒီနေ့အထိရှိနေတဲ့ အမှန်တရားပဲ။ အမျိုးသမီးဖြစ်ခြင်း အတွက် ငယ်စဥ်ထဲက ခွဲခြားဆက်ဆံခံရတယ်။ အမျိုးသမီးဆိုရင် ဘယ်လိုဖြစ်ရမယ် နေထိုင်ရမယ်ဆိုတဲ့ စံတန်ဖိုးတွေဟာလည်း အမျိုးသားတွေနဲ့ယှဥ်ရင် အများကြီးပါပဲ။
လုပ်ငန်းခွင်ဝင်တဲ့ အရွယ်မှာလည်း ခေါင်းဆောင်ပိုင်းမှာ နေရာမရဘူး၊ ရခဲ့ရင်လည်း မကျေနပ်ကြတာ၊ မနာခံလိုကြတာ၊ အပုပ်ချခံကြရတာ များပါတယ်။ ဒီနေ့ခေတ်မှာတောင်ပဲ အမျိုးသမီးတွေရဲ့စွမ်းဆောင်နိုင်စွမ်းကို လေးစားတန်ဖိုးထားတဲ့သူဟာ နိုင်ငံလူဦးရေနဲ့ ယှဥ်ရင် နည်းနေပါသေးတယ်။ ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် များပါတယ်။
ဒါပေမယ့်ဆုံးဖြတ်ချက်ချရမယ့်နေရာတွေ၊ ဦးဆောင်တဲ့နေရာတွေမှာ အမျိုးသမီးတွေ သိပ်တွေ့ရလေ့မရှိပါဘူး။ ကျွန်မတို့အမျိုးသမီးတွေ လုပ်ချင်စိတ်ရှိနေရင်တောင် လူ့အဖွဲ့အစည်းက တားမြစ် ကန့်သတ်တာတွေကြောင့် လုပ်ခွင့်မရတာမျိုးပေါ့။
ဒီအခြေအနေကိုကျော်လွှားဖို့ဆိုရင် လက်ရှိမှာ စွမ်းရည်မြှင့်သင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို တွင်တွင် ကျယ်ကျယ် လုပ်ဆောင်ဖို့ လိုတယ်။ အနာဂတ်အတွက်ဆိုရင်လည်း အခြေခံကျောင်းတွေ မှာကတည်းက ကျား-မတန်းတူဖြစ်မှုအတွက် စနစ်တကျပြုစုပျိုးထောင်သင့်တယ်လို့ မြင်တယ်။ အမျိုးသမီးတွေ ပါဝင်မှုကို မူအရ စည်းမျဥ်းအရသာ လက်ခံလိုက်ရတာမဟုတ်ပဲ စွမ်းဆောင်နိုင်မှုကို လေးစားတန်ဖိုးထားပြီး လက်ခံ လာအောင် ကျွန်မတို့အနေနဲ့လည်း ကြိုးစားသင့်ပါတယ်။
တန်းတူညီမျှ ဖြစ်ဖို့ဆိုရင် အမျိုးသမီးတွေသာ မဟုတ်ပဲ မတူကွဲပြားတဲ့ လူမျိုးစုတိုင်းရင်းသားတွေ၊ သာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံအတွက်ပါ ထည့်သွင်း စဥ်းစားရမှာ ဖြစ်ပါတယ်။ အနာဂတ်နိုင်ငံသစ်မှာ အားလုံးပါဝင်နိုင်ရေးအတွက် မတရားမှုတွေ၊ ခွဲခြားမှုတွေကို အကာအကွယ်ပေးနိုင်တဲ့ မူဘောင်၊ ဥပဒေကို အခိုင်အမာ ထည့်သွင်းရေးဆွဲစေချင်ပါတယ်။
မေး။ ။ နိုင်ကျဉ်းသူတစ်ယောက် နိုင်ငံရေးမှာ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသူ မိသားစုဝင်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိအရေးကြီးပါသလဲ။
ဖြေ။ ။ နိုင်ငံရေးဟာ ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့အသိကို ငယ်ငယ်ထဲက မိသားစုက ထည့်ပေးခဲ့တယ်။ အခုလည်း မိသားစုဝင်တိုင်းကတော့ နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မပါဝင်နေမှုကို တန်ဖိုးထားကြတယ်။ အထောက်အပံ့ပေးပြီး အားပေးလက်ခံကြတယ်။ ကျွန်မ ထောင်ကျ တော့ ကျွန်မမိသားစုက ထောင်ဝင်စာ မပြတ်တမ်း ပို့တယ်။ အဲဒီလိုပဲ တခြားနိုင်ငံရေးအကျဥ်းသူ၊ သားတွေရဲ့ မိသားစုဝင်တွေကလည်း လိုလေသေးမရှိ ပို့ကြတယ်။ နိုင်ကျဥ်းမိသားစုတိုင်း ပြေလည်နေကြတာတော့ မဟုတ်ဘူး။ စားဝတ်နေရေးပြဿနာတွေ ရှိတဲ့မိသားစုက များတယ်။
ဒါပေမယ့် ငါတို့သားသမီးတွေက၊ ငါတို့ အမေအဖေက၊ ငါတို့မြေးက၊ ငါတို့တူ၊တူမက တော်လှန်ရေးအတွက် စတေးထားတာဆိုတဲ့စိတ်နဲ့ အပြင်မှာ ဘယ်လောက်ခက်ခဲခက်ခဲ ထောင်ထဲမှာရောက်နေတဲ့သူအတွက် မရှိရှိတာ ရှာကြံပို့ကြတယ်။ တချို့ဆိုအိမ်မှာ နိုင်ငံရေးနဲ့ ထောင်ကျတဲ့သူရှိနေရင် မိသားစုကို ပတ်ဝန်းကျင်က မဆက်ဆံရဲတာမျိုး ဖယ်ကြဉ်ခံရတာမျိုးတွေပါ ကြုံကြရတယ်။ ထောင်ကျတဲ့သူတွေရဲ့ မိသားစုတွေအချင်းချင်းပဲ ထောင်ဝင်စာပို့ရင်း ခင်မင်ရင်းနှီးကြ ဂုဏ်ယူကြ၊ အားပေးကြနဲ့ မလွတ်မချင်း စစ်ကောင်စီပေးတဲ့ဒုက္ခကို ခံကြရတာ။
ကိုယ့်မိသားစုက နိုင်ငံရေးနဲ့ ဖမ်းခံရပြီဆိုကတည်းက ရုံးကန္နား မရောက်ဖူးတာတွေလည်း သွားရ၊ နှိပ်စက်မှာစိုးကြတော့ တွေ့ရာလူ ဆရာခေါ်ရ စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ ကြိုးစားရတာ မိသားစုဝင်တွေပါပဲ။ အမှုတင်လို့ တရားရုံး ရောက်တော့လည်း ရှေ့နေငှားကြရ၊ ရုံးချိန်းတိုင်း မျက်နှာလေးမှမြင်ရမြင်ရဆိုပြီး နာရီနဲ့ချီစောင့်ကြနဲ့ အတော်လေး ပင်ပန်းကြပါတယ်။ ဒါကြောင့် နိုင်ကျဥ်းအားလုံးရဲ့ မိသားစုတိုင်းကို လေးစားတယ်။ ဒီတော့ နိုင်ကျဥ်းတွေရဲ့မိသားစုတွေကို တော်လှန်ရေးရဲ့ အဓိကထောက်တိုင်တွေထဲက တစ်ခုအဖြစ် တင်စား ချင်ပါတယ်။
“နိုင်ကျဥ်းတွေရဲ့မိသားစုတွေဟာ တော်လှန်ရေးရဲ့ အဓိကထောက်တိုင်တွေထဲက တစ်ခုပါ”
မေး။ ။ ကိုယ်တိုင်အနေနဲ့ ထောင်တွင်းကာလအတွင်းမှာ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံ ခံရတာ ကြုံရလား။ ဘယ်လိုပုံစံနဲ့ ခွဲခြားဆက်ဆံခံခဲ့ရလဲ။
ဖြေ။ ။ ရှိပါတယ်။ စစ်ကြောရေးကာလမှာကတည်းက မိန်းမတန်မဲ့ အသက်ငယ်ငယ်လေးနဲ့ ဘာလို့ နိုင်ငံရေးလုပ်တာလဲက စတာပဲ။ နိုင်ငံရေးကို ဘယ်လောက်နားလည်လို့ လုပ်ရတာလဲပေါ့။ ကျွန်မကို စောင့်တဲ့ အမျိုးသမီးတွေဆီက ကြားရတာပါ။ မျက်နှာကို အဝတ်စီးထားတော့ သူတို့အသံပဲကြားရတယ်။ ထောင်တွင်း မှာလည်း ရှိပါတယ်။ကျွန်မတို့မဆောင်က မိလ္လာစနစ်က ကန်နဲ့ဆိုတော့ ပြည့်ရင်အနံ့ဆိုးတာကြောင့် ပိုက်နဲ့ အပြင်ကို ထုတ်ရပါတယ်။ ဒီအခါမှာ ကျားဆောင်က တာဝန်ကျဝန်ထမ်းနဲ့ အကျဥ်းသားတစ်ဦးက လာထုတ် ပါတယ်။
အဲလိုအချိန်မျိုးဆိုရင် အမျိုးသမီးမှန်သမျှကို အဆောင်ထဲပြန်သွင်းပြီး တံခါးပိတ်ထားတယ်။ သူတို့ ပြန်သွားပြီဆိုမှ ပုံမှန်အတိုင်း လည်ပတ်ပါတယ်။ မသိရင် ကျွန်မတို့အမျိုးသမီးတွေကပဲ ဝင်လာတဲ့ အမျိုးသားတွေကို တစ်ခုခုလုပ်လိုက်မယ့်ပုံံပေါ့နော်။ နောက်လှမ်းထားတဲ့အဝတ်တွေ ရုတ်ရပါတယ်။ ဒါဟာ အမျိုးသမီး အဝတ်အစားဖြစ်တာမို့ အမျိုးသားတွေ ဝင်လာရင် မသင့်တော်ဘူး။ အမျိုးသားတွေဟာ မိန်းမ ဘော်လီတို့ အတွင်းခံတို့မမြင်သင့်ဘူးလို့ မအဆောင်ဝန်ထမ်းတွေက ယူဆပါတယ်။ မုံရွာထောင်မှာတော့ အဲ့အတိုင်း နေခဲ့ရပါတယ်။
မေး။ ။ နိုင်ငံသစ်တည်ဆောက်ရေးမှာ အမျိုးသမီးတွေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
ဖြေ။ ။ အဓိကကတော့အမျိုးသမီးတွေကိုယ်တိုင် ကိုယ့်မှာအရည်အချင်းတွေ စွမ်းဆောင်နိုင်စွမ်းရှိတယ် ဆိုတာ နားလည်လက်ခံနိုင်စွမ်းရှိဖို့နဲ့ အရည်အချင်းရှိသူ ရှေ့မှာဦးဆောင်နေတာကို ယုံကြည်ပေးဖို့ပါပဲ။ အမျိုးသားတွေအနေနဲ့လည်း လိင်ကွဲပြားမှုအပေါ်မှာအခြေမခံပဲ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ လုပ်ဆောင်နိုင်စွမ်း အပေါ်မှာပဲ မူတည်ပြီး လက်ခံယုံကြည်ပေးဖို့ လိုပါတယ်။
နိုင်ငံအနေနဲ့လည်း အမျိုးသမီးဦးရေက ပိုများတာမို့ အမျိုးသမီးတွေရဲ့ ပါဝင်မှုစွမ်းဆောင်မှုတွေက ပိုပြီးများလာမယ်ဆိုရင် ပိုပြီးတိုးတက်လာမယ်လို့ မြင်ပါတယ်။ အမျိုးသမီးတွေဟာ အမြဲနောက်မှာပဲ ရှိခဲ့တာကြောင့် လူစွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနေတယ်လို့လည်း ခံစားရပါတယ်။ ဆွေးနွေးပွဲတွေ၊ စွမ်းဆောင်ရည်မြင့်သင်တန်းတွေ အများကြီးကနေတစ်ဆင့် အသက်ကြီး၊ငယ် မရွေး အမျိုးသမီးတိုင်းဟာ စွမ်းဆောင်နိုင်စွမ်းရှိသူတွေဖြစ်တယ်ဆိုတဲ့အသိ လူထုထဲမှာစွဲသွားအောင် လုပ်ဖို့ လိုပါတယ်။
ဥပမာ - ငယ်ရွယ်တဲ့အမျိုးသမီးတစ်ဦး ထက်မြက်ပြီး ဦးဆောင်နိုင်စွမ်းရှိနေတယ်ဆိုရင် လူငယ်တွေပဲ လက်ခံနေလို့မရပါဘူး အားလုံးလက်ခံမှ အဆင်ပြေတာပါ။ ဆိုလိုတာက အိမ်က အမေတို့၊ အဘွားတို့က လက်မခံကြဘူး မယုံံကြည်ကြဘူး၊ ဦးဆောင်နိုင်မယ်မထင်ဘူး။ အဲ့အလုပ်ကို မလုပ်စေချင်ဘူး ဆိုပြီး အတိုက်အခံလုပ် တားမယ်ဆိုရင် လူ့စွမ်းအားတစ်ခု လျော့သွားတာမျိုးပေါ့။
ကျွန်မတို့နိုင်ငံမှာ အဲလို ကြုံတွေ့ခံစားရတဲ့ အမျိုးသမီးတွေ အများကြီးပါ။ ရုပ်သံသတင်းမီဒီယာတွေကတဆင့်လည်း အမျိုးသမီး ကဏ္ဍတွေ ပိုမိုတင်ပြပေးဖို့ လိုပါတယ်။ မြေပြင်မှာလည်းအားလုံးပါဝင်ဆွေးနွေးနိုင်တဲ့ အဝန်းအဝိုင်းတွေ မကြာခဏဖန်တီးပေးဖို့ လိုပါတယ်။ အဲလိုကနေမှတဆင့် အမျိုးသမီးတွေလည်း ကိုယ့်ကိုကိုယ်ယုံကြည်မှု ပိုတိုးလာမယ်၊ အမျိုးသမီးပါဝင်မှုကိုလည်း အားလုံးလက်ခံနိုင်လာကြမယ်လို့ မြင်ပါတယ်။
မေး။ ။ တော်လှန်ရေး လေးနှစ်ကာလမှာ အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လို ကဏ္ဍတွေမှာ ထင်ထင်ရှားရှား မြင်တွေ့နေရပြီလို့သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ သိသာထင်ရှားတာကတော့ လူသားခြင်းစာနာထောက်ထားခြင်းကဏ္ဍမှာ အမျိုးသမီးအများစု ဦးဆောင်လှုပ်ရှားနေတာတွေ့ရပါတယ်။ NUG မှာဆိုရင်တော့ အမျိုးသမီးတွေဦးဆောင်မှုနေရာမှာ ရှိနေတာဆိုပေမယ့် အရေအတွက်အရ နည်းနေပါသေးတယ်။ နောက်ပြီး ဆုံးဖြတ်ပိုင်ခွင့်မှာ ဘယ်လောက်အကျိုးသက်ရောက်မှုရှိလဲဆိုတာလည်း ကျွန်မတစ်ဦးထဲအမြင်အရတော့သိရဖို့ ခက်ခဲပါတယ်။
ပသုံးလုံးယန္တရားထဲက ပအဖကဏ္ဍမှာတော့ အမျိုးသမီးတွေဦးဆောင်ပါဝင်နေတာတွေရှိပေမယ့် ကျန်တဲ့ပလဖ၊ ပကဖမှာတော့ အမျိုးသမီးဦးဆောင်မှုက မတွေ့ရသလောက်ပါပဲ။ စစ်ရေးကဏ္ဍနဲ့ ပတ်သက်ရင်လည်း တပ်ရင်းတွေမှာ အမျိုးသမီးပါဝင်မှုရှိပေမယ့် ဆေးတပ်သား၊ စားဖိုဆောင်နဲ့ ရုံးပိုင်းဆိုင်ရာမှာပဲ အများစုက ပါဝင်နေကြရတာ ဖြစ်ပါတယ်။
မေး။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လို အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။
ဖြေ။ ။ အမျိုးသမီးတွေပါဝင်မှုကို အိမ်ဖြည့်သဘောမျိုး စည်းမျဥ်းအရ ဘယ်နှဦး မဖြစ်မနေပါရမယ် ဆိုတာမျိုးမဟုတ်ပဲ အမျိုးသမီးတွေရဲ့အရည်အချင်းအလိုက် စွမ်းဆောင်မှုအလိုက် ပါဝင်နိုင်မယ့် အခွင့်အလမ်း တွေသာရမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့အရွေ့တစ်ခုရမယ်လို့ မြင်ပါတယ်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေ ကြည့်မယ် ဆိုရင်လည်း အမျိုးသမီးတွေရဲ့ဦးဆောင်မှုဟာ ကဏ္ဍတိုင်းမှာ ရှိနေတာကို တွေ့ရတာပဲ ဖြစ်ပါတယ်။
ကျွန်မတို့ နိုင်ငံမှာလည်း အမျိုးသမီးတွေဦးဆောင်ပါဝင်မှုများလာမယ်ဆိုရင် ငြိမ်းချမ်းရေး၊ နိုင်ငံသစ်တည်ဆောက်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးရေးမှာ ပိုမိုအားကောင်းလာမယ်လို့ မြင်တယ်။ အဘက်ဘက်က နောက်မှာရောက်နေတဲ့ နိုင်ငံအတွက် အမျိုးသမီးတွေရဲ့ပါဝင်မှုက မဖြစ်မနေ လိုအပ်ပါတယ်။
နိုင်ငံရေးမှာ အမျိုးသမီးဦးဆောင်ခြင်းက စေ့စပ်သေချာမှုနဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ ပိုမိုကောင်းမွန်မယ်လို့ ထင်တယ်။ အမျိုးသမီးတွေ ဦးဆောင် ပါဝင်လာခြင်းကနေ အမျိုးသမီးအများစု ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခံရ တာတွေ လိင်ပိုင်းဆိုင်ရာထိခိုက်စော်ကားမှုတွေကို ကာကွယ်ပေးနိုင်တဲ့ အဝန်းအဝိုင်း ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။
မေး။ ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့ အနာဂတ်နိုင်ငံသစ်ကို ရောက်နိုင်မယ်လို့ ဘယ်လောက် အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ ဒါကတော့ ကျွန်မတို့အနေနဲ့ ချက်ချင်းဥုံဖွဆိုပြီး ပြောင်းလိုက်လို့မရဘူး။ ဘာကြောင့်ပြောရလဲဆိုရင် အရိုးစွဲနေတဲ့ဖိုဝါဒအစွဲတွေကို ဖြည်းဖြည်းချင်း တိုက်စားပြီး ချွတ်ရအုံးမှာ ဖြစ်တယ်။ လာမယ့်နိုင်ငံတော်သစ်မှာ အမျိုးသမီးတွေကို ကန့်သတ်မထားတဲ့၊ ခွဲခြားမထားတဲ့ ဥပဒေနည်းဥပဒေတွေ ချမှတ်နိုင်အုံးတောင်မှ လက်တွေ့ကျင့်သုံးဖို့က လိုအပ်ပါတယ်။
ဥပဒေဟာ စာအုပ်ထဲမှာပဲရှိပြီး မြေပြင်မှာ လက်တွေ့ အကောင်အထည် မဖော်နိုင်ဘူး၊ အသက်မဝင်ဘူးဆိုရင် အလကားပဲလေ။ လူတစ်ဦးချင်းစီတိုင်းမှာ အမျိုးသမီး၊ အမျိုးသား၊ လိင်စိတ်ခံယူမှု ကွဲပြားသူအားလုံးဟာ ခွဲခြားနေဖို့ မလိုဘူး။ အားလုံးမှာ စွမ်းဆောင်နိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်း ရှိကြတယ်လို့ မြင်လာပြီဆိုတဲ့အချိန်ထိ ကျွန်မတို့ ကြိုးစားရအုံးမယ်။ ဒါမှသာ ကျွန်မတို့ပြည့်ဝတဲ့ စိတ်ဓာတ်တွေနဲ့ နိုင်ငံသစ်တည်ဆောက်ရေးဟာ များစွာအကျိုးရှိမယ်လို့ ထင်ပါတယ်။
“ချက်ချင်းဥုံဖွဆိုပြီး ပြောင်းလိုက်လို့မရဘူး။ အရိုးစွဲနေတဲ့ဖိုဝါဒအစွဲတွေကို ဖြည်းဖြည်းချင်း တိုက်စားပြီး ချွတ်ရအုံးမှာ ဖြစ်တယ်”
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
မွန်းနေလီ
တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)
အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးတွေအချင်းချင်းရဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အချင်းချင်းအားပေးမှုတွေက အင်မတန်မှ အရေးကြီး ပါတယ်။ ပိုပြီးတော့ အားတွေတိုးပွားပြီးတော့ စွမ်းဆောင်နိုင်တဲ့စွမ်းရည်တွေ ပိုပြီးမြင့်တက်လာစေပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံဆိုပြီး မဖြစ်ခင်မှာဆိုရင် ဗမာပြည်မ၊ ကချင်တောင်တန်းဒေသ၊ ဖက်ဒရိတ် တက်ရှမ်းပြည်ထောင်စု၊ ချင်းတောင်တန်းဒေသ၊ စတဲ့ဒေသတွေရှိပါတယ်။ အဲဒေသတွေက စုပေါင်းပြီးတော့ လွတ်လပ်ရေးအတူယူဖို့အတွက် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။ ပင်လုံစာချုပ်အနှစ်သာရက တိုင်းရင်းသား အားလုံး တန်းတူရေးကို အခြေခံပြီး နိုင်ငံတစ်နိုင်ငံ ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။
သို့ပေမဲ့ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေကို ဖိနှိပ်တဲ့ဗမာကြီးစိုးတဲ့ တပြည်ထောင်နိုင်ငံစနစ် ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ ဗမာ ကြီးစိုးတဲ့ စစ်အာဏာရှင်စနစ် ဖြစ်လာပါတယ်။ လူအချင်းချင်း ပိုပြီးနားမလည်အောင်၊ ပြည်ထောင်စု မြန်မာနိုင်ငံမှာ ဗမာတွေပဲ အရေးပါတဲ့ လူမျိုးတစ်မျိုးဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ရေးရာ၊ အမြင်တွေအားလုံး ရိုက်သွင်း ခံခဲ့ကြရတယ်။ ဆိုတော့ ဒီလိုမျိုးမညီမျှမှုတွေက အဓိကစစ်ပဋိပက္ခဖြစ်ဖို့ အရင်းခံ ဖြစ်လာပါတယ်။
တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ်ဖြစ်တွေ ဆယ်စုနှစ်ပေါင်းများစွာကြုံခဲ့ရတယ်။ အခုနွေဦးတော်လှန် ရေး ဖြစ်လာတာက တရားမျှတမှုမရှိတဲ့အပေါ်မှာ အခြေခံတယ်။ နွေဦးတော်လှန်ရေးရဲ့ အားသာချက်က ပြည် သူတွေရဲ့ခံစားချက်တွေက တသားထဲဖြစ်သွားအောင် စုစည်းပေးနိုင်ခဲ့တယ်။ နွေဦးတော်လှန်ရေးရဲ့ လမ်းစက တိုင်းပြည်ကိုတကယ်ပဲပြည်သူတွေအတွက် တရားမျှတပြီးတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖက်ဒရယ်ဒီမိုကရေစီ ကို သွားနိုင်တဲ့တော်လှန်ရေးတစ်ခုဖြစ်လာတယ်ဆိုတာကို ပိုပြီးရှင်းရှင်လင်းလင်း မြင်လာရပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
မတူညီတဲ့လူမျိုးတွေစုစည်းတဲ့ နိုင်ငံဖြစ်တဲ့အတွက် မတူကွဲပြားတဲ့လူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စုစည်းနေထိုင် နိုင်တဲ့ စံတန်ဖိုးထားမှုတွေ လိုပါတယ်။ မတူကွဲပြားတဲ့အချက်တွေကို တန်ဖိုးထားပြီး အပြန်အလှန် လေးစားမှု တွေ နားလည်မှုတွေက အရေးကြီးဆုံးဖြစ်ပါတယ်။ လူ့အခွင့်အရေးအပါအဝင်၊ နိုင်ငံရေးအရ ရှိသင့်တဲ့ ရှိနေတဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့လိုပါတယ်။
တန်းတူရေးလို့ပြောရင် တိုင်းရင်းသားတူရေးဆိုတာလည်း အဓိကထားရမယ့်အချက်ဖြစ်သလို ကျား၊ မ တန်းတူရေး လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင် ဒီမိုကရေစီနည်းလမ်းအတိုင်း အားလုံးရဲ့အခွင့်အရေးကို လေးစားလိုက်နာမှုကို ပိုပြီးမြှင့်တင်ဖို့လိုပါတယ်။ လူ့အခွင့်အရေးလို့ဆိုရင် အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေးအပြင် ဌာနေတိုင်းရင်းသားတွေ၊ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကိုလည်း တချိန်ထဲမှာမြှင့်တင်ဖို့အတွက် လုပ်ဖို့ လိုပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
မတူညီတဲ့လူမျိုးတွေရဲ့နောက်ခံသမိုင်းကြောင်း၊ ယဥ်ကျေးမှုတွေထုံးတမ်းအစဉ်အလာတွေ၊ ကိုးကွယ်ယုံကြည် မှုတွေ မတူကြပါဘူး။ မတူညီတဲ့ကြားထဲမှာ ပိုပြီးတော့ ဘုံစံတန်ဖိုးအနေနဲ့ အတူတကွသွားနိုင်ဖို့အတွက် အရေးကြီးပါတယ်။ ကျွန်မတို့နိုင်ငံက အမြင်မတူရင် ကိုယ့်ရဲ့ရန်သူဆိုတဲ့ ပုံစံနဲ့နေလာကြတယ်။ အာဏာရှင် စနစ်မှာ အမြင်မတူတဲ့သူက ကိုယ့်ရဲ့ရန်သူဆိုတဲ့ ခံယူချက်နဲ့ အထူးသဖြင့် ရပ်တည်ကြတယ်။
ကိုယ်နဲ့မတူဘူး ဆို နေရာမပေးတာတို့ ကိုယ့်စကားနားမထောင်တော့ဘူးဆိုရင် ဘေးဖယ်၊ ကျဥ်လိုက်တာတို့၊ တခုခုလွဲမှားတာ တွေ၊ လုပ်မိတယ်ဆိုရင် တော်တော်လေးကြီးလေးတဲ့ အပြစ်လိုမျိုး ပြန်ပြီးအပြစ်ပေးမှုတွေ လုပ်ကြတဲ့ အကျင့် စရိုက်တွေ ဓလေ့ထုံးတမ်းလို ဖြစ်နေပါတယ်။ တခြားနိုင်ငံကိုကြည့်မယ်ဆိုရင် အမြင်မတူဘူး၊ မတူညီတဲ့လူ တွေလည်း အတူတူပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်ကြတယ်။
အမြင်မတူကြသူတွေအနေနဲ့ ဒါတွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းလဲဆိုတာကို ဆွေးနွေးကြ၊ အပြန်အလှန်ငြင်းခုံကြ၊ ပိုပြီးတော့ အကောင်းဆုံး ဆိုတဲ့အမြင်ကိုစုစည်းပြီးတော့ ဆုံးဖြတ်ကြပါတယ်။ တယောက်နဲ့တယောက် အမြင်ကို လေးစား မှုရှိကြတယ်။ အမြင်မတူလေ၊ အမြင်စုံလင်လေ ပိုပြီးတော့ အားကောင်းတဲ့ ဆုံးဖြတ်ချက်ချနိုင် လေလေ ဆိုတဲ့ ဆောင်ပုဒ်အနေနဲ့ သွားကြတယ်။ စုံလင်ကွဲပြားမှုက ပိုပြီးခိုင်မာရှင်သန်နိုင်တယ်ဆိုတာ မြင်ရတယ်။ ကျွန်မတို့ လည်း ဒါတွေကို လက်တွေ့လုပ်နိုင်ဖို့အတွက် အရေးကြီးပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
နွေဦးတော်လှန်ရေးရဲ့အခင်းအကျင်းမှာ တကယ့်ရှေ့တန်းမှာ ရွံရွံချွန်ချွန်နဲ့ ရှေ့ထွက်ပြီးတော့ လူထုတိုက်ပွဲ ဝင်နေတဲ့ အမျိုးသမီးလူငယ်ခေါင်းဆောင်တွေ အများကြီး တွေ့ခဲ့တယ်။ တချို့ဆိုရင် ကိုယ့်ရဲ့အသက်ကိုပါ စတေးပြီး ပေးဆပ်လိုက်ရတဲ့ လူငယ်အမျိုးသမီးခေါင်းဆောင်တွေ အများကြီးရှိပါတယ်။
အမျိုးသမီးတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ နိုင်ငံကိုချစ်တဲ့စိတ် ဦးဆောင်နိုင်တဲ့စိတ်ဓာတ်ကတော့ ဒီနွေဦးတော်လှန်ရေးမှာ အများကြီး ပေါ်ပေါက်နေပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးဖြစ်စဉ်ရဲ့နောက်မှာဖြစ်လာတဲ့ Institution ယန္တရားတွေ၊ အဖွဲ့အစည်းတွေရဲ့ဆုံးဖြတ်မှုအပိုင်းမှာ အမျိုးသမီးရဲ့ပါဝင်မှုအခန်းကဏ္ဍက အင်မတန်မှနည်း တယ်ဆိုတာ မြင်ရတယ်။
ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးက ပြန်ရှာမတွေ့တော့ဘူး။ ဥပမာ - CRPH ကိုကြည့်ရင် ဦးဆောင်ပြီးတော့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ အမျိုးသမီးရဲ့ပါဝင်မှုဆိုတာ သိပ်မပေါ်လွင် ပါဘူး။ NUG ထဲမှာဆိုလည်း အမျိုးသမီးရဲ့ပါဝင်မှုက တော်တော်နည်းတာပါတယ်။ ဒါပေမယ့်ထူးဆန်းတာ ကတော့ အမျိုးသမီးလူငယ်နဲ့ကလေးဝန်ကြီးကတော့ အမျိုးသမီးဖြစ်တယ်။ ဒုတိယဝန်ကြီးလည်း အမျိုးသမီး ဖြစ်တယ်။ ပြောချင်တာက အမျိုးသမီး၊ လူငယ်၊ ကလေး နဲ့ပတ်သက်ရင် အမျိုးသမီးဖြစ်ရမယ်ဆိုတဲ့ အတွေး အခေါ်ပေါ့လေ။
ဒါတွေကတော့ နွေဦးတော်လှန်ရေးမှာ လက်တွေ့မြင်နေရတဲ့ အမျိုးသမီးရဲ့ပါဝင်မှု အခြေ အနေ၊ အမျိုးသမီးတွေအပေါ် ရှိတဲ့ အမြင်တွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို နေရာပေးမှုမှာတော့ တော်တော်လေး အားနည်းနေသေးပါတယ်။ ဒါကြောင့် အမျိုးသမီးရဲ့ပါဝင်မှုနဲ့ဆုံးဖြတ်ပိုင်ခွင့်ကို ပြည့်ပြည့်ဝဝ ပေးဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို မြင်ရပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
အဟန့်အတားလို့ပြောရင် ဖခင်ကြီးစိုးတဲ့ခေတ်ကနေ ဆင်းသက်လာတဲ့လူတွေရဲ့ mindset က အာရှနိုင်ငံ တွေမှာ ပိုပြီးတော့ အရိုးစွဲနေသေးပါတယ်။ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အများကြီး တိုက်ပွဲဝင် နေကြသေးတယ်။ အမျိုးသမီးအချင်းချင်းက အမျိုးသမီးတွေကို အယုံအကြည်မရှိခြင်းက ကိုယ့်ရဲ့လူမှု အသိုင်းအဝိုင်းတွေမှာ တကယ်ဖြစ်နေတာဖြစ်ပါတယ်။
နောက်တခုက အာဏာရှင်လို့ပြောတဲ့အထဲမှာ စစ်အာဏာရှင်ကို ကြည့်မယ်ဆိုရင်လည်း လက်နက်ကိုင်ပြီးတော့ဖြစ်လာတဲ့ အာဏာရှင်ပေါ့လေ။ လက်နက်ကိုင်တဲ့ သူတွေအားလုံးကို ကြည့်မယ်ဆိုလည်း အမျိုးသားတွေဖြစ်တယ်။ အမျိုးသားတွေကပဲ လက်နက်ကြောင့် ဖြစ်လာတဲ့ အာဏာတွေကိုအလွဲသုံးစားလုပ်ပြီးတော့ ဖြစ်လာတဲ့အာဏာရှင်စနစ်တွေ ဖြစ်ပါတယ်။ လက်တွေ့ မှာ အာဏာရှင်တွေအများစုက အမျိုးသားတွေ ဖြစ်နေတယ်။ အမျိုးသားတွေကပဲ အာဏာရှင်စနစ်အောက်မှာ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ထိုင်ကြတယ်။
တကယ်တမ်း အမျိုးသမီးပါဝင်ရေးဆိုပြီး ပြောလာတဲ့အခါမှာ အာဏာရှင်စိတ်ဝင်နေတဲ့ အမျိုးသားတွေက အရေးမကြီးတဲ့ကိစ္စလို ပြောဆိုနေပြီးတော့ ကူညီထောက်ပံ့ ချင်တဲ့ စိတ်ရင်းစေတနာ မရှိကြဘူး။ ပြီးတော့ အမျိုးသမီးတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေဆိုလည်း အမျိုးသားတွေရဲ့အသုံးအဆောင်ပစ္စည်းထက် တစ်ဆင့်နိမ့်တယ်ဆိုတဲ့အတွေးအခေါ်တွေ ဒီအတွေးအခေါ် တွေက ကျွန်မတို့မြန်မာနိုင်ငံမှာ အများကြီး ရှိနေသေးပါတယ်။
ဘာသာရေးအရမှာ ကြည့်မယ်ဆိုလည်း အမျိုးသမီးတွေကို မြင်တာက တမျိုးတွေ ဖြစ်နေတယ်။ စစ်အာဏာရှင်၊ ပတ်ထရီအာခီ၊ ဖခင်ကြီးစိုးတဲ့ခေတ်၊ အာဏာရှင်စနစ်တွေက အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို ဟန့်တားနေတာ ဖြစ်ပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက် ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
ကျွန်မတို့ WLB ဆိုရင် အာဏာရှင်စနစ် အားလုံးကို တိုက်နေတဲ့အဖွဲ့ချုပ် ဖြစ်တယ်။ စစ်အာဏာရှင်တခုပဲ မဟုတ်ဘူး။ ပတ်ထရီအာခီ၊ အပါအဝင် အာဏာရှင်စနစ်တွေ လုံးဝပပျောက်သွားတဲ့အချိန်ကျမှ တကယ့်လူမှု အသိုင်းအဝိုင်းက ကိုယ်တွေ လိုချင်တဲ့စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ လူမှုအသိုင်းအဝိုင်း ဖြစ်မယ်ဆိုတာကို ယုံကြည်ထားပါတယ်။ ဒါအတွက် ဘာလုပ်ရမလဲဆိုရင် နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေ ရှိတယ်။ နိုင်ငံတကာကနေ အစိုးရတွေအလိုက်လုပ်ရမယ့် လုပ်ငန်းတွေ ရှိတယ်။
ဥပမာဆိုရင် အမျိုးသမီးနဲ့ ပတ်သက်တဲ့အရာတွေဆိုရင် စီဒေါပေါ့။ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာရဲ့စာချုပ် စာတမ်းတွေ ရှိတယ်။ ဒီစာချုပ်စာတမ်းတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံဆိုရင် လိုက်နာကျင့်သုံးပြီးတော့ တိုးတက်အောင်လုပ်မယ်ဆိုတဲ့ ကတိကဝတ်ရှိထားတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တယ်။
အမျိုးသမီးပါဝင်ရေးနဲ့ ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ မှာဆိုရင် စစ်ပဋိပက္ခနဲ့ပတ်သက်တဲ့အရေးကိစ္စမှာ အမျိုးသမီးတွေကို ချန်လှပ်မထားဖို့ အမျိုးသမီးတွေကို ကာကွယ် စောင့်ရှောက်ဖို့၊ အမျိုးသမီးအရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုကြိုတင်တားဆီးကာကွယ်နိုင်မလဲ ဆိုတဲ့ အချက်တွေ၊ အမျိုးသမီးရဲ့ပါဝင်နိုင်တဲ့အခန်းကဏ္ဍတွေ အမျိုးသမီးတွေ လိုအပ်နေတဲ့ ပြန်လည်ပြုစု ပျိုးထောင် ပေးရေးအခန်းကဏ္ဍတွေ ပါဝင်ပါတယ်။
အမျိုးသမီးတွေ ရဲ့ပါဝင်မှုကိုမြှင့်တင်ဖို့ ဖြစ်တယ်။ အစိုးရလို့ ပြောတဲ့အချိန်မှာ အခုမြန်မာနိုင်ငံရဲ့အခြေအနေမှာဆိုရင် အစိုးရ ဆိုပြီးသတ်မှတ်ထားတဲ့ NUG၊ ERO အပါအဝင် ကိုယ်ရဲ့ပြည်သူတွေရှိနေတဲ့နေရာမှာ တာဝန်ရှိတဲ့အစုအဖွဲ့တွေအပါအဝင် စကစလည်း ပါတယ်။ ဒါတွေကို အခြေခံပြီးတော့ လုပ်ဆောင်ရမှာ ဖြစ်တယ်။ ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ အမြင်တွေပိုပြီး အမြင်ပွင့်လာအောင် သတင်းတွ များများကြည့်ရမယ်။ Information sharing တွေလုပ်ဖို့ လိုတယ်။ ပြည်သူတွေကြားထဲမှာ ပိုပြီးအမြင်ပွင့်နိုင်ဖို့ဆိုရင် အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍလည်း အရေးကြီးတယ်။ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့၊ CSO တွေ၊ NGO တွေအနေနဲ့ အမျိုးသမီးနဲ့ပတ်သက်ပြီးတော့ လှုပ်ရှားဆောင်ရွက်နေတဲ့သူတွေအားလုံး အမြင်ဖွင့်သင်တန်းတွေ လုပ်ရမယ်။
တဖက်မှာလည်း အစိုးရတွေ၊ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေလုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို လုပ်နေသလား မလုပ်နေဘူးလားဆိုတာ အမြဲတမ်း ကြီးကြပ်ရမယ်။ ထောက်ပြပြောဆိုရမယ်။ အမျိုးသမီး ပါဝင်ဆုံးဖြတ်နိုင်ရေးက ကိုယ့်ရဲ့အရေးကိစ္စ တွေ ဖြစ်တယ်၊ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စဖြစ်တယ် ဆိုတဲ့ဟာကိုလည်း အားလုံးပိုပြီးတော့မြင်လာအောင် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေက တကယ်ကို ရွံရွံချွန်ချွန်နဲ့ ဦးဆောင်နိုင်တဲ့လူတွေ ဖြစ်ပါတယ်။ ထောင့်စေ့အောင် မြင်ပြီး တော့ လုပ်ဆောင်နိုင်တဲ့သူတွေ ဖြစ်ကြတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ပါဝင်တဲ့ အခန်းကဏ္ဍကတော့ နိုင်ငံတစ်နိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုမှာပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးတိုးတက်ရေးမှာပဲဖြစ်ဖြစ် အရေးကြီးတယ်ဆိုတာ ကတော့ အထင်အရှားဖြစ်ပါတယ်။
အမျိုးသမီးတွေပါဝင်လာပြီဆိုရင် စစ်ပဋိပက္ခတွေ ပိုပြီးချုပ်ငြိမ်းလာ နိုင်မယ်။ အာဏာရှင်စနစ်တွေ ချုပ်ငြိမ်းသွားနိုင်မယ်။ တကယ်ပြည်သူတွေရဲ့အကျိုးကို အဓိကစဥ်းစားပြီးတော့ လုပ်ဆောင်ပေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီသစ်ကို ခြေလှမ်းလှမ်းနိုင်မှာပေါ့လေ။ မဟုတ်ရင် ဖက်ဒရယ် ဒီမိုကရေစီကို ခြေလှမ်းလှမ်းနိုင်တာတောင်မှ အဲ့မှာပြန်ပြီးတော့ ရန်ဖြစ်ကြမယ်။ ငြင်းခုန်ကြမယ်။
အခုတောင် စဉ်းစားကြည့်ရင် စိုးရိမ်စရာတွေလည်း အများကြီးတွေ့နေရတယ်။ ဒါတွေကိုကျော်လွှားနိုင်ဖို့ဆို အမျိုးသမီး တွေ နိုင်ငံရေးဆွေးနွေးပွဲတွေမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ချတဲ့အခန်းကဏ္ဍတိုင်းမှာ ပါဝင်ဖို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
၈။ တခြားဖြည့်စွက်ချင်တာရှိရင်ပြောပေးပါဦး။
အမျိုးသမီးတွေအချင်းချင်းရဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အချင်းချင်းအားပေးမှုတွေက အင်မတန်မှ အရေးကြီး ပါတယ်။ ပိုပြီးတော့ အားတွေတိုးပွားပြီးတော့ စွမ်းဆောင်နိုင်တဲ့စွမ်းရည်တွေ ပိုပြီးမြင့်တက်လာစေတယ်။ အမျိုးသမီးခေါင်းဆောင်တွေဆိုရင်လည်း ဘက်ပေါင်းစုံကနေ အတိုက်အခိုက်တွေ ရှိမယ်။ ကိုယ်ဖြေရှင်းရတဲ့ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ကြည့်မယ်ဆိုရင် အမျိုးသမီးကကိုယ်ရဲ့တာဝန်အရ ခေါင်းဆောင်ရတဲ့လုပ်ငန်းတွေရှိတယ်။
တဖက်မှာကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေရဲ့ အရေးတွေကိုလည်း ဖြေရှင်းရတယ်။ ကိုယ့်ရဲ့အနောက်မှာမိသားစုအရေးတွေကို ဖြေရှင်းရတယ်။ ဒီလိုမျိုးဖြစ်တဲ့အချိန်မှာ စိတ်ဓာတ်ကျမှု တွေ ကိုယ့်ရဲ့အဆင်မပြေမှုတွေ အများကြီးရှိတယ်။ ဒီလိုမျိုးအခက်အခဲတွေကြုံတဲ့အခါမှာလည်း အားယူပြီး တော့ ကိုယ့်ရဲ့စိတ်တွေကိုတည်ငြိမ်အောင် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းပါ။ ရှေ့တလှမ်းတက်နိုင်ဖို့ အတွက် နောက်တလှမ်းဆုတ်ပြီးတော့ အားမွေးတာတွေ၊ ပြန်ပြီး အားယူဆက်လှမ်းဖို့ ကြိုးပမ်းပါ လို့ ပြောချင်ပါတယ်။
အမျိုးသမီးပါဝင်ရေးအကြောင်းပြောပြီဆိုရင် နေရာလုချင်လို့ မြင်တာမျိုး ရှိပါတယ်။ တကယ်တမ်း အမျိုးသားတွေ မစဉ်းစားနိုင်တဲ့အရာတွေကို အမျိုးသမီးတွေဘက်နေ အကောင်းဆုံးစဉ်းစား ပြီးတော့ နိုင်ငံတည်ဆောက်ရေးမှာ အကောင်းဆုံးဖြစ်အောင် မျှတအောင်ထမ်းဖို့ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အချင်းချင်း အမြဲတမ်းလက်တွဲပြီးတော့ လုပ်ဆောင်သွားဖို့အရေးကြီးပါတယ်။ အမျိုးသမီးတွေကို အားမငယ်ဖို့ ပြောချင်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
မဝေဝေနု
တည်ထောင်သူ
အမျိုးသမီးငြိမ်းချမ်းရေးကွန်ရက်
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“အခုအချိန် တော်လှန်ရေးကာလမှာ ကျွန်မတို့ဘာလုပ်နိုင်မလဲ။ အသွင်ကူးပြောင်းရေးကာလမှာ ဘယ်သူတွေက ဘယ်ဟာတွေကို တာဝန်ယူပြီးတော့ ဆက်လုပ်သွားမလဲ။ တကယ့်ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ပြီးတဲ့အခါမှာ ဒီမှာရှိတဲ့စံတန်ဖိုးတွေနဲ့ အခွင့်အရေးတွေကို အာမခံချက် ပေးဖို့အတွက် ဘယ်သူတွေက ကတိတည်ပြီး လုပ်ဆောင်မလဲဆိုတဲ့အချက်တွေကလည်း အရေးကြီးပါတယ်။ ဒါမှသာလျှင် နိုင်ငံတော်အသစ် အနာဂတ်အသစ်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
နွေဦးတော်လှန်ရေးကတော့ ကျွန်မတို့မြန်မာပြည်ရဲ့သမိုင်းမှာ အင်မတန်ထူးခြားတဲ့တော်လှန်ရေးလို့ ပြောလို့ ရပါတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ပါဝင်မှု အမျိုးသမီးတွေရဲ့ပါဝင်မှု ကျွန်မတို့လူ့အဖွဲ့အစည်း အယုတ် အလတ်အမြတ်မရွေးပါဝင်မှုနဲ့ စိတ်ဓာတ်ကြံခိုင်မှု အကုန်လုံးဟာ အင်မတန်ထူးခြားတဲ့ သွင်ပြင်လက္ခဏာတွေ ဖြစ်ပါတယ်။
ဒါ့ပြင် လူမျိုးတွေ၊ ဘာသာတွေ၊ လူနည်းစုတွေနဲ့ ဗမာလူမျိုးတွေကြားထဲမှာ ပေါင်းစည်းပေးတဲ့ တံတားတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အရင်ခေတ်ကာလတွေနဲ့မတူတဲ့ ဘုံရန်သူကိုတိုက်ခိုက်မှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ အများကြီးရှိလာတာကို တွေ့ရတယ်။ နောက်တစ်ချက်ကတော့ အခုတော်လှန်ရေးဟာ ဆိုရင် လူကြီးတွေဖြစ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေက လက်ခံပြီးတော့မှ တော်လှန်ရေးကို လုပ်ဆောင်နေ ကြတာကလည်း ထူးခြားတဲ့သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်တစ်ခုထဲ မဟုတ်ဘဲ အာဏာရှင်စနစ်မှန်သမျှကို တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။ လူမျိုး ကြီးဝါဒတွေကို တွန်းလှန်တယ်။ ဖိုဝါဒတွေကို တွန်းလှန်တယ်။ စစ်တပ်မဟုတ်ပေမယ့် အချင်းချင်းကြားထဲမှာ ဒီမိုကရေစီအမည်ခံပြီးတော့ အာဏာရှင်စနစ် ကို သုံးချင်တဲ့ သုံးလိုတဲ့အလားအလာတွေကိုပါ တွန်းလှန်နေတဲ့ တော်လှန်ရေးဖြစ်တယ်။ အယူဝါဒဆိုင်ရာ တော်လှန်ရေးဖြစ်တာကို တွေ့ရတယ်။
ဒီတော်လှန်ရေးဟာ နည်းပေါင်းစုံကနေ အင်မတန်မှ ထူးခြားတယ်လို့ ပြောလို့ရတယ်။ ကျွန်မတို့မိဘမောင်နှမတွေ မိသားစုတွေ မိတ်ဆွေတွေ အများကြီးပေးဆပ်ရတယ်ဆိုပေမယ့် အခုချိန်မှာကျွန်မတို့က မလုပ်ရင် ဘယ်သူလုပ်မလဲ။ ကိုယ်စီလုပ်နိုင်တဲ့ အခန်းကဏ္ဍကနေပြီးတော့မှ ပါဝင်လုပ်ဆောင်နိုင်နေတဲ့အတွက်လည်း ပါဝင်နေတဲ့ ပြည်သူတွေအားလုံးအတွက် ဂုဏ်ယူတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်မတို့ပြည်သူလူထုရဲ့ နိုင်ငံရေးစံချိန်မြင့်တင်လာမှု၊ အသိအမြင်ဖွံ့ဖြိုးလာမှုနဲ့ ကိုယ်တိုင်ကိုယ်ကျတော်လှန်ရေးမှာ ပါဝင်လာမှုနဲ့ အယူဝါဒဆိုင်ရာအမြင်ပွင့်လင်းလာမှုတွေဟာ အင်မတန် အားရစရာကောင်းပြီး ကျွန်မတို့အနေနဲ့ကလည်း ဒီလိုပါဝင်ရတာ ပိုပြီးတော့မှ အားရှိလာတယ်။ ပိုပြီးတော့မှာ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်တဲ့အတွက်မို့လို့ ဘယ်လောက်ပဲပင်ပန်းပင်ပန်း တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရတာကို ဂုဏ်ယူမိပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိတည်ဆောက်သင့်ပါသလဲ။
ကျွန်မတို့လိုချင်တဲ့အနာဂတ်က ဘယ်သူ့အတွက်လဲ ဆိုတာကို ကျွန်မတို့က အဓိပ္ပာယ်ဖွင့်ဆိုရမှာ ဖြစ်ပါတယ်။ ကျွန်မတို့တိုင်းပြည်ထဲမှာ ရှိနေတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အယုတ်အလတ်မရွေး အမျိုးသမီး၊ အမျိုးသား၊ လိင်မတူကွဲပြားသူတွေအားလုံးအတွက် အနာဂတ်ဖြစ်ဖို့လိုပါတယ်။ အားလုံးအတွက် နေရာရှိတဲ့ အနာဂတ်ဖြစ်ဖို့ လိုတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာလည်း နိုင်ငံတော်ရဲ့စံတန်ဖိုးတွေနဲ့ ပတ်သက်ပြီး တော်တော်များများ ဆွေးနွေးပြီးသား ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက်ပါ အာမခံချက်ပေးနိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို မျှမျှတတနဲ့ ခွဲဝေပြီးတော့မှ အာဏာမျှဝေမှုတွေလုပ်နိုင်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ် ဆိုပြီး တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးကို အာမခံချက်ပေးတဲ့ တရားဥပဒေစိုးမိုးရေး၊ ခွဲခြားဆက်ဆံမှုမရှိတဲ့ လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာရေးက အခြေခံမူတွေ ဖြစ်ပါတယ်။
ဒါတွေကို တကယ့်လက်တွေ့မှာ အကောင်အထည်ဖော်နိုင်တဲ့အနာဂတ်ကို ဖန်တီးဖို့ လိုပါတယ်။ အကောင် အထည်ဖော်နိုင်တဲ့ မူဝါဒတွေနဲ့ အကောင်အထည်ဖော်နိုင်တဲ့လမ်းစဉ်တွေကို ချမှတ်သွားဖို့လိုသလို အကောင် အထည်ဖော်နိုင်တဲ့သူတွေကို တာဝန်ခွဲဝေပေးသွားဖို့ လိုပါတယ်။ အခုအချိန် တော်လှန်ရေးကာလမှာ ကျွန်မတို့ ဘာလုပ်နိုင်မလဲ။
တော်လှန်ရေးပြီးသွားရင် အသွင်ကူးပြောင်းရေးကာလမှာ ဘယ်သူတွေက ဘယ်ဟာတွေကို တာဝန်ယူပြီးတော့ ဆက်လုပ်သွားမလဲ။ တကယ်ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ပြီးတဲ့အခါမှာ ဒီမှာရှိတဲ့ စံတန်ဖိုးတွေနဲ့ အခွင့်အရေးတွေကို အာမခချက်ပေးဖို့အတွက် ဘယ်သူတွေက ကတိတည်ပြီး လုပ်ဆောင်မလဲ ဆိုတဲ့အချက်တွေကလည်း အရေးကြီးပါတယ်။ ဒါမှသာလျှင် နိုင်ငံတော်အသစ် အနာဂတ်အသစ်ကို ဖန်တီးနိုင် မှာ ဖြစ်ပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
နိုင်ငံတစ်နိုင်ငံကို တစ်သွေးတစ်သံတစ်မိန့်နဲ့ တည်ဆောက်တယ်ဆိုရင် အဲ့နိုင်ငံရဲ့ ဖွံ့ဖြိုးမှု၊ ကြီးထွားမှု၊ ကြွယ်ဝချမ်းသာမှုတွေက နှောင့်နှေးတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လည်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေရတာ ဖြစ်ပါတယ်။ အဲ့လိုမဖြစ်အောင်လို့ အသံပေါင်းစုံ၊ ဘက်ပေါင်းစုံရဲ့ ပါဝင်မှုတွေက အင်မတန်အရေးကြီးတယ်။
မယုံကြည်မှုတွေ၊ မမျှတမှုတွေ ခံစားနေခဲ့ရတဲ့သမိုင်းကြောင်းရှိတဲ့ တိုင်းပြည်မှာ ဆိုရင် ယုံကြည်မှုတွေတည်ဆောက်လာနိုင်ဖို့ တိုင်းပြည်ထဲမှာ အကုန်လုံးဟာ ပါဝင်နေတယ် ဆိုတဲ့ စိတ်ဓာတ်တွေဖြစ်ဖို့ အခုချိန်မှာ လုံးဝမပါဝင်သေးတဲ့လူမျိုးစုတွေ၊ အစုအဖွဲ့တွေအကုန်လုံးကို မဖြစ်မနေ ပါဝင်အောင် လုပ်ပေးနိုင်ဖို့ လိုပါတယ်။
ဒါမှသာလျှင် တိုင်းပြည်မှာရှိနေတဲ့ အခြေခံပဋိပက္ခတွေ ပြသနာတွေ ကလည်း နိုင်ငံတော်သစ်တည်ဆောက်တာနဲ့ တပါတည်းပြေလည်သွားမှာ ဖြစ်ပါတယ်။ မဟုတ်ရင် ပြည်တွင်း ထဲမှာပဋိပက္ခတွေကဆက်လက်ပြီးရှိနေပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးမှုတွေနောက်ကျမှာ ဖြစ်ပါတယ်။ မြန်မာ့ နိုင်ငံရေးတခုလုံးဟာ အမျိုးသားတွေ အများစုဦးဆောင်တဲ့ ဖိုဝါဒကိုလွှမ်းမိုးတဲ့ နိုင်ငံရေးစနစ် ဖြစ်တယ်။ အာဏာရှင်စနစ်တစ်ခု ဖြစ်တယ်။
ဒီလိုအာဏာရှင်ရဲ့အောက်မှာ အမျိုးသမီးတွေရဲ့ အသံတွေမရှိခဲ့တဲ့အခါ ကျတော့ ကျွန်မတို့လူ့အဖွဲ့အစည်းမှာလည်း ပဋိပက္ခတွေ အများကြီး ဖြစ်လာခဲ့တယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှု နှောင့်နှေးတာကို တွေ့ရတယ်။ ဒါဖွံ့ဖြိုးရေးရှုထောင့်၊ စီးပွားရေးရှုထောင့်ကနေ ကြည့်တာပေါ့။ တချိန်ထဲမှာပဲ ကျွန်မတို့က လူမှုရေးရှုထောင့်ကနေပြီးတော့ ကြည့်မယ်ဆိုရင်လည်း အိမ်တွင်းအကြမ်းဖက်ခံရတာတွေ၊ အမျိုးသားတွေ မရှိတော့ရင် ဒုက္ခရောက်တာတို့ ကလေးတွေထိန်းကျောင်းတဲ့အခါမှာ ကျွေးမွေးပြုစုတဲ့အခါမှာ အခက်အခဲဖြစ်တာကို ကြုံရတယ်။
မိဘတွေက အမျိုးသမီးတွေကို တန်ဖိုးမထားတော့တဲ့အခါကျတော့ အားနည်းမှုတွေ အဖက်ဖက်ကဖြစ်လာပြီးတော့ နောက်ဆုံးမှာ လူကုန်ကူးခံရတာတွေဟာ အမျိုးသမီးတွေ အများဆုံးဖြစ်လာတာ တွေ့ရတယ်။
သို့သော်ငြားလည်း ကျွန်မတို့အမျိုးသမီးတွေဟာ တကယ်တမ်းကျတော့ နိုင်ငံရေးမှာပါဝင်မှုတွေ တောက်လျှောက် ရှိခဲ့ကြတယ်။ တကယ်တမ်း တော်လှန်ရေးတွေဖြစ်တဲ့ ဆန္ဒပြမှုတွေ လူထုလှုပ်ရှားမှုတွေကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ဦးဆောင်တဲ့အခန်းကဏ္ဍတွေက နေပြီးတော့ အမြဲတမ်းပါဝင်တယ်။ ရှေ့ဆုံးကနေ ထွက်တယ်။ အ ခုနွေဦးတော်လှန်ရေးမှာဆိုရင်လည်း ရှေ့ဆုံးကနေစထွက်တာ အမျိုးသမီးတွေပဲ ဖြစ်တယ်။
နောက်ပြီးတော့ သံပုံးခေါက်တဲ့ကမ်ပိန်းကနေ စပြီးတော့ အလံထူတဲ့ကမ်ပိန်းတွေအထိ အမျိုးသမီးတွေက စကြတာတွေချည်းပဲ။ ပြောမယ်ဆို အမျိုးသမီးတွေ ဘယ်လောက်ပဲ ဖယ်ကျဉ်ခံထားခံထား၊ လူ့အဖွဲ့အစည်းမှာ အခက်အခဲတွေဘယ်လောက်ရှိရှိ အမျိုးသမီးတွေရဲ့ နိုင်ငံရေးစံချိန်က နိုင်ငံရေးနားလည်မှု၊ တက်ကြွမှုစံချိန်က အင်မတန်မြင့်မားပါတယ်။
တကယ်တမ်းကျတော့ အမျိုးသမီးတွေအနေနဲ့ လူ့အဖွဲ့အစည်း မှာ အရည်အချင်းရှိတဲ့အမျိုးသမီးတွေ ဘက်ပေါင်းစုံမှာ သူ့အနေအထားနဲ့သူ သက်ရောက်နေတဲ့အမျိုးသမီး တွေ အများကြီးရှိပါတယ်။ အဲ့အမျိုးသမီးတွေရဲ့အရည်အသွေးတွေကိုပဲ အသိအမှတ်ပြုပြီးတော့ သင့်တော်တဲ့ နေရာ၊ ဦးဆောင်နိုင်တဲ့နေရာကို ပေးဖို့လိုပါတယ်။ အဲ့လိုမဟုတ်ပဲနဲ့ အမျိုးသမီးပါဝင်မှုဆိုပြီးတော့ ကိုယ့်အမျိုး၊ ကိုယ်နဲ့သိတဲ့အမျိုးသမီးတွေ၊ ထည့်လိုက်မယ်ဆိုတဲ့ဟာမျိုးတော့ မလုပ်ကြဖို့လိုတယ်။
စစ်တပ်က ဒီလိုမျိုး အလေ့အထတွေ လုပ်ခဲ့တာ ဖြစ်တယ်။ အမျိုးသမီးတွေရဲ့ ပါဝင်နိုင်မှုစွမ်းရည်၊ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ လွှမ်းမိုးနိုင်မှု၊ အမျိုးသမီးတွေရဲ့ ပါဝင်မှုအတွက် အားသာချက်၊ အရည်အသွေးတွေအပေါ်မှာ အရည်အချင်းတွေ အပေါ်မှာ အခြေခံပြီးတော့ သူ့နေရာနဲ့သူ ဦးဆောင်တဲ့နေရာမှာ ဆွဲခေါ်ဖို့တွန်းတင်ဖို့ လိုတယ်လို့ မြင်ပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
တကယ်တမ်း တော်လှန်ရေးမှာ ပါဝင်တဲ့အမျိုးသမီးတွေက တော်တော်များများရှိတယ်ဆိုပေမယ့် ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါဝင်နေတဲ့အမျိုးသမီးအရေအတွက်တွေက နည်းနေတာကို တွေ့ရပါတယ်။ ဥပမာ CRPH မှာပဲ ကြည့်ကြည့်၊ အမျိုးသားညီညွတ်ရေးအစိုးရမှာပဲကြည့်ကြည့်၊ အမျိုးသားအတိုင်ပင်ခံ ကောင်စီမှာပဲကြည့်ကြည့် တခြားသောနိုင်ငံရေးအဖွဲ့အစည်းတွေမှာပဲ ကြည့်ကြည့် အမျိုးသမီးတွေရဲ့ပါဝင်မှု တွေဟာ တကယ်တမ်းဆုံးဖြတ်ချက်ချလို့ရတဲ့နေရာတွေမှာ အင်မတန်နည်းနေသေးတာကို တွေ့ရတယ်။
(၁၀) ရာခိုင်းနှုန်းကနေ (၂၀) ရာခိုင်နှုန်းဝန်းကျင် ကြားထဲမှာပဲ ရှိနေတယ်။ အင်မတန်နည်းနေတာကို တွေ့ရတယ်။ အဲ့ဒါကိုအခုချိန်ကစပြီး ပြုပြင်ပြောင်းလဲပြီးတော့ တကယ်တမ်း နိုင်ငံရေးဦးဆောင်လှုပ်ရှားတဲ့အဖွဲ့အစည်းတွေ မှာ အမျိုးသမီးတွေပိုမိုပါဝင်လာအောင် အားထုတ်ကြဖို့လိုတယ်လို့ မြင်ပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
လူ့အဖွဲ့အစည်းရဲ့အမြင်မှာ အမျိုးသမီးတွေရဲ့ အားထုတ်မှု၊ ကြိုးပမ်းမှုတွေကို အလေးထားမှု အားနည်း ပါတယ်။ နောက်တစ်ခုက တချို့တချို့နေရာတွေမှာ အမျိုးသမီးတွေတော်လာပြီဆိုရင် ကျွန်မတို့ လူ့အဖွဲ့ အစည်းက သိပ်မကြိုက်ချင်ကြတော့ဘူး။ အထူးသဖြင့် အမျိုးသားတွေကိုယ်တိုင်ကိုကလည်း အရမ်းတော် လာတဲ့ အမျိုးသမီးတွေဆိုရင် သူတို့ရဲ့နေရာကို ခြိမ်းခြောက်သလို သူတို့ခံစားရတယ်။ တချို့အမျိုးသမီး ခေါင်းဆောင်တွေဟာလည်း ကိုယ့်ထက်တော်တဲ့အမျိုးသမီးဆို သိပ်မကြိုက်ချင်ကြတာမျိုးတွေ ရှိတယ်။
တကယ်တမ်းတော်တဲ့ အမျိုးသမီးတွေကို နေရာမပေးပဲ ဖယ်ကြဥ်ထားတာမျိုးတွေကို ကျွန်မတို့တွေ့ရတယ်။ နောက်တခါ လူမှုရေး၊ လူ့အဖွဲ့အစည်းမှာလည်း ကျွန်မတို့အမျိုးသမီးတွေက ပါဝင်လိုတဲ့စိတ်တွေ ရှိတယ်။ သို့သော် လက်လှမ်းမီမှု အားနည်းတယ်။ တွဲခေါ်နိုင်တဲ့နေရာ၊ အဖွဲ့အစည်းတွေကလည်း အားနည်းတယ်။
တချို့နေရာတွေမှာ အမျိုးသမီးတွေကို ဖြေဖျော်စရာအမျိုးသမီးတွေလို့ မြင်ပြီးတော့ လိင်ပိုင်းဆိုင်ရာ အနိုင်ယူမှုတွေ အသုံးချမှုတွေကအစ လုပ်လာတယ်။ အဲ့လိုမျိုးအသေးအဖွဲတွေ များများ များများလာတဲ့အခါ အမျိုးသမီးတွေက ဒီလိုပတ်ဝန်းကျင်မှာ ပါဝင်ရတာတွေကို မပျော်ရွှင်ကြတော့ဘူး။ ဆက်လက်ပြီး မပါချင်ကြ တော့ဘူး။ နောက်တစ်ခုက မြန်မာပြည်မှာ အမျိုးသမီးတွေရဲ့တာဝန်ဟာ အိမ်မှုရေးရာတာဝန်တွေ ဖြစ်တယ်။
ဒါတွေကို အမျိုးသမီးတစ်ယောက်ထဲ လုပ်ရတဲ့အခါကျတော့ တကယ်တမ်းနိုင်ငံရေးမှာ အချိန်ပေးဖို့အတွက်ကို အားနည်းသွားတာ၊ လုပ်ချင်လို့ လုပ်မယ်ဆိုရင်တောင် ရေရှည်လုပ်ဖို့ခက်ခဲတာမျိုး ကြုံရပါတယ်။ နောက်တခါ ကျတော့ တချို့ဒေသတွေမှာဆို အမျိုးသမီးတွေဟာ ပညာသင်ယူခွင့်တွေကို အမျိုးသားတွေလောက်မရကြဘူး။ ပညာမသင်ယူရပဲနဲ့လည်း ဦးဆောင်ပြီး လုပ်နေတဲ့ရဲရင့်တဲ့အမျိုးသမီးတွေ အများကြီး ဆိုပေမယ့် တော်တော် များများကတော့ အဲ့လိုနေရာမျိုးကို မရောက်နိုင်ကြဘူး။
အခက်အခဲကတော့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး ကနေစပြီးတော့ ကျွန်မတို့လူ့အဖွဲ့အစည်းထဲမှာ ရှိနေတဲ့အမျိုးသမီးတွေ အပေါ်မှာ မြင်တဲ့ အမြင် ဆက်ဆံတဲ့ဆက်ဆံရေး၊ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့ မြင်တဲ့အမြင်တွေ ဆက်ဆံပုံအခက်အခဲတွေစတဲ့ အိမ်ထဲက နေပြီးတော့မှ နိုင်ငံရေးစင်မြင့် အထိ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါတွေကို ကျွန်မတို့ နားလည်ပြီးတော့ တဖြေးဖြေးနဲ့လျော့သွား အောင် လုပ်ဆောင်နိုင်ဖို့လိုပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှာ ဆိုရင်လည်း ဂျဲန်ဒါပေါ်လစီတွေ ရှိလာပြီ ဖြစ်ပါတယ်။ ဒါတွေကို ဆက်ပြီး အကောင်အထည်ဖော်မှုတွေ ရှိဖို့လိုပါတယ်။ လူမျိုးစုဆိုင်ရာ အစုအဖွဲ့တွေ နိုင်ငံရေး အဖွဲ့အစည်းတွေမှာဆိုရင်လည်း အမျိုးသမီးတွေရဲ့ပါဝင်မှုအခန်းကဏ္ဍတွေ မြှင့်တင်လာဖို့အတွက် ပြောဆို ဆွေးနွေးသွားဖို့ လိုပါတယ်။ အမျိုးသမီးတွေကြုံတွေ့ရတဲ့ အခက်အခဲအကြပ်အတည်းတွေ၊ အဟန့်အတားတွေ ကို ဖြေရှင်းပေးဖို့လိုတယ်။
အထူးသဖြင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း တရားမျှတမှုတွေ တာဝန်ယူမှု၊ တာဝန်ခံမှုတွေရှိအောင် အခုထဲကစပြီး အလေ့အထယူပြီးတော့ ကျွန်မတို့ ဖြေရှင်းပေးသွားဖို့ လိုပါတယ်။ ဒါမှသာလျှင် အမျိုးသမီးတွေက ပိုပြီးတော့ပါဝင်မှုတွေဟာ ပိုပြီးတော့မှ လုံခြုံမှုရှိတယ်ဆိုတဲ့ စိတ်ဓာတ်ဖြစ်လာပြီး ပါဝင်ဖို့ အားရှိသွားမယ်လို့ မြင်ပါတယ်။
စစ်တပ်ကနေ ပစ်မှတ် ထားပြီးလုပ်တာမျိုး ကိုယ်အချင်းချင်းတွေကြားထဲမှာလည်း အမျိုးသမီးတွေကို ရရင်သလို လိင်ပိုင်းဆိုင်ရာ အနိုင်ယူလိုတဲ့ အမူအကျင့်တွေ တွေ့နေရပါတယ်။ ဒီလိုအကျင့်တွေကို ကျွန်မတို့က ကိုယ့်ရဲ့တော်လှန်ရေး အဖွဲ့အစည်းတွေကြားထဲမှာ ဖျောက်ဖျက်ဖို့ လိုတယ်။စစ်တပ်ကနေပြီးတော့ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပဲဖြစ်ဖြစ်၊ အချင်းချင်းကြားထဲမှာဖြစ်တဲ့ဟာပဲဖြစ်ဖြစ် ဒီဟာတွေနဲ့ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိနိုင်တဲ့ ယန္တရားတွေကို အခုထဲက ကျွန်မတို့က တည်ဆောက်သွားဖို့ လိုပါတယ်။ အကောင်အထည် ဖော်သွားဖို့လည်း လိုပါတယ်။
အမျိုးသမီးတွေရဲ့လုံခြုံမှုကို အာမခံချက်ပေးနိုင်တဲ့အခြေအနေကို ဖန်တီးပေးဖို့၊ ကျူးလွန်ခံခဲ့ရတဲ့စော်ကားမှုတွေအတွက်ကို တာဝန်ယူမှု၊ တာဝန်ခံမှုတွေ တစိုက်မက်မက် လုပ်ဆောင်သွားနိုင် မယ်ဆိုရင် နိုင်ငံရေးမှာ ပါဝင်လာမှုတွေ များလာမယ်လို့ ယုံကြည်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အနာဂတ်အသစ်မှာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံမှာ အမျိုးသမီးတွေပါဝင်မှု အားကောင်းလာတယ်ဆိုရင် ကျွန်မတို့တိုင်းပြည်မှာ ရှိနေတဲ့ အခြေခံပြသနာတွေကစပြီးတော့ ကြီးမားတဲ့ပဋိပက္ခတွေအထိ ဖြေရှင်းတဲ့ အခါမှာ အင်မတန်မှထိရောက်မှု ရှိလာနိုင်ပါတယ်။ တကယ်တမ်း ပဋိပက္ခတွေမှာလည်း တိုက်ရိုက်ကြုံတွေ့ ခံစားနေကြရသူတွေ ဖြစ်တဲ့အခါကျတော့ ပဋိပက္ခတွေရဲ့ dynamic ပေါင်းစုံကိုလည်း ကျွန်မတို့က နားလည်ပါတယ်။အမျိုးသားတွေ နားလည်တဲ့ ပဋိပက္ခတွေ တော်တော်များများရဲ့ dynamic ဆိုတာ ပါဝါယှဥ်ပြိုင်မှုကို နားလည်ကြတာပါ။
တကယ်တမ်း အမျိုးသမီးတွေ နားလည်တာက အတွင်းထဲမှာ ဘာတွေဖြစ်နေသလဲ။ ဘယ်လို dynamic တွေဖြစ်နေသလဲ။ ဘယ်လိုနစ်နာမှုတွေ သက်ရောက်မှုတွေက ဘယ်လို ရှုထောင့်ကနေ ဖြစ်နေသလဲဆိုတာ အမျိုးသမီးတွေက ထဲထဲဝင်ဝင်သိတဲ့အခါကျတော့ လူမှုရေး၊ စီးပွားရေး ပြသနာတွေကို ဖြေရှင်းရုံတင်မက တိုင်းပြည်မှာရှိနေတဲ့ အကြပ်အတည်းတွေကို ဖြေရှင်းတဲ့အခါမှာ ပိုမိုထိရောက်စွာဖြေရှင်းနိုင်ပြီးတော့ ရေရှည်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ဖြစ်သွားမှာ ဖြစ်ပါတယ်။
ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာဆိုရင် အမျိုးသမီးတွေကို အမျိုးသမီးတွေလို့မမြင်ပဲနဲ့ လူသားတစ်ယောက်အနေနဲ့ မြင်ပြီးတော့ အရည်အချင်းပေါ် မူတည်ပြီး ရပ်တည်ကြတာဖြစ်တယ်။ လူတိုင်းဟာ သူ့ရဲ့ စွမ်းရည်၊ ဉာဏ်ပညာ၊ အရည်အသွေး၊ အရည်အချင်းတွေကို လူ့အဖွဲ့အစည်းထဲမှာ ပြန်လည်ထည့်ဝင်ရင်းနှီးမှုလုပ်နေတဲ့အခါကျတော့ လူတိုင်းလူတိုင်းဟာ တန်ဖိုးရှိတဲ့လူတွေ ဖြစ်ပြီးတော့ လူ့အဖွဲ့အစည်းရဲ့ကြွယ်ဝချမ်းသာမှုတွေက လွယ်လွယ် ကူကူနဲ့ မြင့်တက်လာတာဖြစ်တယ်။
၈။ ဖြည့်စွက်ချက်။
ကျွန်မတို့အမျိုးသမီးတွေအနေနဲ့ အဟန့်အတားတွေကို နားလည်ပြီးတော့ ကျော်လွန်သွားနိုင်အောင် ကြိုးစား သွားမယ်ဆိုတဲ့ ဒီလိုစိတ်ဓာတ်မျိုးလည်း ရှိသင့်ပါတယ်။ နောက်တခုကကျတော့ အမျိုးသမီးဖြစ်တဲ့အတွက် အမျိုးသမီးကိစ္စပဲ လုပ်မယ်ဆိုတဲ့ဘောင်ခက်လိုက်တာမျိုးမလုပ်ပဲနဲ့ ကိုယ်ကိုကိုယ် လူသားအနေနဲ့ပဲ မြင်စေချင်တယ်။ ငါဟာ လူ့အဖွဲ့အစည်းရဲ့ပါဝင်တဲ့သူ တစ်ယောက်ဖြစ်တယ်။ လူသားတစ်ယောက်ဖြစ်တယ်။
ကျွန်မတို့ဟာ ဘယ်လိုလူမျိုးဖြစ်ချင်သလဲ ဆိုတာနဲ့ ကိုယ်ရဲ့ရည်မှန်းချက်တွေထားပြီးတော့မှ ကိုယ်ဖြစ်ချင်တဲ့ အနာဂတ် ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းချင်တယ်။ ကျွန်မတို့ နိုင်ငံရေး ခေါင်းဆောင် ဖြစ်ချင်လား။ ဖြစ်ခွင့်ရှိပါတယ်။ ကျွန်မတို့က စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်သလား ဖြစ်ခွင့် ရှိပါတယ်။
လူသားတစ်ယောက်လို့ ခံယူပြီး ကိုယ့်ရဲ့ရည်မှန်းချက်ကို ကိုယ့်အိပ်မက်ကို အကောင်အထည် ဖော်ကြပါ။ တစ်စိုက်မက်မက်နဲ့ အဟန့်အတားတွေကို ကျော်လွှားပြီးတော့ အကောင်အထည်ဖော်ကြပါ။ ကိုယ့်ကိုကိုယ် ပိတ်မထားကြပါနဲ့။ ကိုယ်ကိုကိုယ် ဘောင်ခတ်မထားပါနဲ့လို့ပဲ ကျွန်မကပြောချင်ပါတယ်။
မြန်မာ့ နိုင်ငံရေးတခုလုံးဟာ အမျိုးသားတွေ အများစုဦးဆောင်တဲ့ ဖိုဝါဒကိုလွှမ်းမိုးတဲ့ နိုင်ငံရေးစနစ် ဖြစ်တယ်။ အာဏာရှင်စနစ်တစ်ခု ဖြစ်တယ်။ ဒီလိုအာဏာရှင်ရဲ့အောက်မှာ အမျိုးသမီးတွေရဲ့ အသံတွေမရှိခဲ့တဲ့အခါ ကျတော့ ကျွန်မတို့လူ့အဖွဲ့အစည်းမှာလည်း ပဋိပက္ခတွေ အများကြီး ဖြစ်လာခဲ့တယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
Summer
တရားရေး၊ပညာရေး တက်ကြွလှုပ်ရှားသူ
တမူးမြို့နယ်၊စစ်ကိုင်းတိုင်း
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးတွေသာ ခေါင်းဆောင်နေရာမှာ ပိုများလာမယ်ဆိုရင် စံပြအနေနဲ့ ဒီအမျိုးသမီး တောင်မှလုပ်နိုင်တာ ငါတို့လည်း တချိန်ချိန်မှာ လုပ်လို့ရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ရလာနိုင်တယ်။ တချိန်တည်းမှာ အမျိုးသမီးတွေကို တကယ်သင့်လျော်တဲ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ နေရာတွေမှာ တကယ်နေရာပေးလာပြီဆိုရင် အမျိုးသမီးတွေလည်း တဖြည်းဖြည်းချင်း ကြိုးစားလာမှာ ဖြစ်ပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
အခုနွေဦးတော်လှန်ရေးကတော့ပြောရမယ်ဆိုရင် ဒီဂျစ်တယ်ကာလမှာ ဖြစ်သွားတာဖြစ်တဲ့အတွက် တော် တော်လေးကို ထိထိရောက်ရောက်နဲ့ အရင်ကတော်လှန်ရေးတွေထက် ပိုအားကောင်းတယ်ဆိုတဲ့ပုံစံ မြင်ရ ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကနေလည်း တော်တော်လေးကို ကောင်းတဲ့ ရလဒ်တွေအတွက် အားတက်ရသလို၊ တခြားဘက်မှာလည်း အားတက်စရာတွေ အများကြီးရှိခဲ့ပါတယ်။
အခု လက်ရှိမှာကျတော့ စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တော်တော်များများ ကလည်း စိတ်ညစ်နေသလို၊ ပြည်သူလူထုကလည်း စိတ်ညစ်နေတာတွေ ရှိပါတယ်။ တဖက်မှာကလည်း ပြန်ပြီးအားကောင်းလာတာက ငါတို့ရေရှည် ဒီတိုင်းပဲသွားနေမယ်ဆိုရင် မဟုတ်တော့ဘူး။ ပြန်တော်လှန်မှ ရမယ်ဆိုပြီး တော်လှန်ရေးဘက်ထဲကို ဝင်လာကြတဲ့သူတွေလည်း တွေ့နေရပြီ ဒါကလည်းတဖက်ကတော့ စိတ်ညစ်စရာဆိုပေမယ့် တော်လှန်ရေးအတွက်လည်း တကျော့ပြန်အားကောင်းစရာလည်း ဖြစ်နိုင်တယ်လို့ မြင်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည် ဆောက်သင့်ပါသလဲ။
တန်းတူညီမျှမှုရှိရေးကို အခြေခံတည်ဆောက်သင့်ပါတယ်။ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်မှု၊ လိင်စိတ်ခံယူမှု၊ ကျား၊ မဖြစ်တည်မှု စတာတွေမှာ တန်းတူညီမျှမှုရှိဖို့ လိုနေတယ်လို့ မြင်ပါတယ်။ နိုင်ငံတစ်ခုတည်ဆောက်တဲ့ အခါမှာ အရင်တုန်းက တန်းတူညီမျှမှုတွေ မရှိခဲ့လို့လည်း အချင်းချင်းပြသနာတွေနဲ့ မယုံကြည်မှုတွေရှိခဲ့ ဖြစ်ပါတယ်။
နောက်တခုက လွတ်လပ်ပြီး၊ တရားမျှတမှုရှိဖို့ လိုပါတယ်။ တရားမျှတမှုကို လိုချင်လို့လည်း ကျွန်မတို့ တော်လှန် နေကြတာဖြစ်ပါတယ်။ နိုင်ငံတစ်ခုတည်ထောင်တဲ့နေရာမှာလည်း ဒီလွတ်လပ်မှု၊ တရားမျှတမှုရှိမှ ဒီလိုမျိုးအာဏာရှင်တွေ ထပ်ပြီး မတက်နိုင်အောင် ကျွန်မတို့ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
မတူကွဲပြားမှု၊ စုံလင်ကွဲပြားမှုက တကယ်ကို အရေးကြီးပါတယ်။ ကျွန်မတို့နိုင်ငံထဲကိုကြည့်မယ်ဆိုရင်ကို နိုင်ငံထဲမှာ စုံလင်ကွဲပြားမှုတွေ အများကြီးပဲ။ မတူညီတဲ့ နောက်ခံသမိုင်းကြောင်းတွေ၊ အတွေ့အကြုံတွေ၊ အမြင်တွေ၊ ခံယူချက်၊ စိတ်ခံစားမှုတွေ အများကြီးရှိတယ်။ ဒီလိုမတူကွဲပြားတဲ့လူတွေ နိုင်ငံရေးထဲမှာ ပါဝင်လာမှ၊ မတူကွဲပြားတဲ့နိုင်ငံကို အုပ်ချုပ်တဲ့အခါမှာ၊ ပြသနာတွေဖြေရှင်းတဲ့အခါမှာ၊ အလုပ်လုပ်တဲ့အခါမှာ အမြင်ကျယ်ကျယ်နဲ့ ပိုပြီးလုပ်နိုင်မှာ ဖြစ်ပါတယ်။
ရေရှည်အနေနဲ့ အရှေ့ကို ဆက်လက်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေက အရေးကြီးပါတယ်။ ကျွန်မတို့ နိုင်ငံမှာခုနပြောတဲ့ proportion နဲ့ပဲ ပြန်ပြော မယ်ဆိုရင် နိုင်ငံထဲမှာ အမျိုးသမီးက (၅၀) ရာခိုင်နှုန်းကျော် ရှိတယ်။ (၅၀) ရာခိုင်နှုန်းကျော်ရှိတဲ့ ပြည်သူတွေကို အုပ်ချုပ်တဲ့လူတွေထဲမှာလည်း ဒီဟာတွေကို နားလည်စီမံခန့်ခွဲနိုင်တဲ့လူတွေ ဒီလို(၅၀) ရာခိုင်နှုန်းကျော် နီးပါး ထိကို ပါသင့်တယ်လို့ မြင်တယ်။အချိုးကျအနေနဲ့ တွက်မယ်ဆိုရင်တောင်မှ အမျိုးသမီးတွေက အခုချိန်မှာ နေရာတိုင်း ကဏ္ဍတိုင်းမှာ ပါဝင်ဖို့လိုအပ်ပါတယ်။
ဘာလို့လဲဆို အမျိုးသမီးတိုင်းမှာကိုက မတူကွဲပြားတဲ့ ခံယူချက်တွေ ရှိနိုင်တယ်။ သူတို့နိုင်ရာနိုင်ရာ တာဝန်ကဏ္ဍပေါင်းစုံမှာ ကျွမ်းကျင်မှုတွေ ရှိနိုင်တယ်။ ဒီလိုပဲ ကဏ္ဍပေါင်းစုံ ဆုံးဖြတ်တဲ့နေရာမှာ ခေါင်းဆောင်နေရာ ဘယ်နေရာမဆို အမျိုးသမီးတွေက ပါဝင်ဖို့ လိုအပ် တယ်လို့ ကျွန်မမြင်ပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လို ကဏ္ဍတွေမှာ ထင်ထင် ရှားရှား မြင်တွေ့နေရပြီလဲ။
အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာက တော်တော်လေးကို ရှားတယ်လို့ ပြောရမယ်။ အခုချိန် နိုင်ငံရေး အနေအထားကို ကြည့်မယ်ဆို စစ်ရေးက အဓိကဦးဆောင်နေတဲ့ အခန်းကဏ္ဍမှာ ရှိတယ်။ အဲ့ဒီစစ်ရေးထဲမှာ ရှိတဲ့ ခေါင်းဆောင်ထိပ်သီးပိုင်းမှာ ကျွန်မတို့အမျိုးသမီးတွေ တော်တော်လေးကိုနည်းတဲ့ ရာခိုင်နှုန်းနဲ့ပဲ ပါဝင် နေတာကိုတွေ့ရတယ်။
နောက်ဆုံး ကျွန်မတို့ မြို့နယ်ရဲ့ပညာရေးမှာလည်းထိပ်ပိုင်းမှာလည်း အမျိုးသားတွေ များတယ်။ ကျွန်မတို့တရားရေးမှာတောင်မှ အမျိုးသမီးပါတယ်ဆိုပေမယ့် ခေါင်းဆောင်က အမျိုးသား ဖြစ်နေတာပေါ့။ ပြောရမယ်ဆိုရင် ပါတယ်လို့ ပြောရုံလောက်ပဲ ရှိတယ်။ တကယ်တမ်း အဓိက ဆုံးဖြတ်ချက်ချ တဲ့နေရာမှာ မပါနေပြန်ဘူး။ ဒီလိုမျိုးအခြေအနေမျိုးတော့ ရှိနေပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
အခက်အခဲကတော့ အဓိကအမျိုးသမီးတွေကိုယ်တိုင်က ဒါကို လက်ခံကြတယ်။ ဥပမာ-ကျွန်မတရားရေး လုပ်တယ်ဆို တရားရေးမှာ ကျွန်မရဲ့အထက်စီနီယာအမျိုးသမီးက ပညာအရည်အချင်း၊ အတွေ့အကြုံ သူ့မှာ အများကြီး ရှိတယ်။ သူဒီဥက္ကဌရာထူးကို သူလက်ခံနိုင်တယ်။ ဒါပေမယ့် သူလက်မခံဘဲ တယောက်ထဲပါတဲ့ အမျိုးသားကို ပေးလိုက်ပါ။ သူကယောကျာ်လေးဆိုတော့ ပိုကောင်းတာပေါ့။ အဲ့လိုမျိုးတွေ သူတွေးတာပေါ့။
ကျွန်မအနီးကပ်ဆုံးအမြင်အရ အမျိုးသမီးတွေကိုယ်တိုင်က အမျိုးသားတွေကို ဦးစားပေးမယ်။ ဦးစားပေးဖို့ သင့်တော်တယ်ဆိုတာမျိုးတွေးကြတယ်။ ဒါတွေကို ပြောင်းလဲဖို့ လိုပါတယ်။ နောက်တခုက စစ်ရေးမှာလည်း အမျိုးသမီးတွေက ဒီနေရာမှာ မသင့်တော်ပါဘူးလေ။ အမျိုးသမီးတွေက အမျိုးသားအယောက် (၃၀)၊ (၄၀)ကို အုပ်ချုပ်ဖို့ သင့်တော်ပါ့မလားဆိုတဲ့ အတွေးအခေါ်တွေ ရှိတယ်။
ယောကျာ်းလေးတွေ ကိုယ်တိုင်က လည်း အမျိုးသမီးဆိုရင် နည်းနည်းခပ်တွန့်တွန့်ကလည်း ရှိနေပြန်ရော ဒီဟာတွေက အဟန့်အတားရှိတယ်။ နောက် တခု အမျိုးသမီးဖြစ်တဲ့အတွက် နိုင်ငံရေးမှာ အခက်အခဲရှိတယ်။ နိုင်ငံရေးအလုပ်က အမျိုးသားတွေနဲ့လည်း အများဆုံးဆက်ဆံရတယ်။
ကျွန်မကို ဘေးလူတွေက ဘယ်လိုမြင်လဲဆိုတော့ ဒီကောင်မလေးက နည်းနည်းရွ တယ်တို့ဘာတို့ အဲ့လိုမျိုးလေးတွေ စကားလေးတွေ ထိုးနှက်တာတွေ ရှိတယ်။ ဒါ အမျိုးသမီးဖြစ်နေတဲ့အတွက် ကြောင့်ဆိုပြီး ပြောတဲ့စကားလုံးတွေ အများကြီး ထိုးနှက်တာတွေရော တလျှောက်လုံးခံခဲ့ရတယ်။ ဒါတွေက လည်း အမျိုးသမီးတွေကို နေရာတစ်ခုရောက်စေဖို့ အဟန့်အတားဖြစ်နိုင်တယ်လို့ ကျွန်မထင်ပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက် ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
ပထမဦးဆုံးတစ်ချက်က အမျိုးသမီးတွေကိုယ်တိုင်ကကိုယ်က ဒီအရည်အချင်းနဲ့ သင့်တော်တယ်ဆိုရင် ငါက လုပ်နိုင်ပါတယ်ဆိုတာမျိုး၊ ငါယောကျာ်းလေးတွေနဲ့ရင်ဘောင်တန်း ယှဥ်လို့ရပါတယ်ဆိုတဲ့ အတွေးအခေါ်မျိုး၊ စပြီးပြောင်းလဲလာဖို့ လိုပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးထဲ ဝင်လာနိုင်ဖို့အတွက်လည်း စွမ်းရည်မြှင့် သင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို အမျိုးသမီးတွေတင်မကဘူး၊ အမျိုးသားတွေပါ လက်ခံလာဖို့အတွက် ဆွေးနွေးပြဖို့ လိုပါတယ်။
အမျိုးသမီးတွေရဲ့ ပညာရေးအရည်အချင်းက ပိုပြီးကောင်းလာလေလေ သူတို့ အနေနဲ့ ပြောရဲဆိုရဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ အခုမြန်မာနိုင်ငံမှာက ဖိုဝါဒကြီးစိုးတဲ့ ယဉ်ကျေးမှုက ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစဦးခြေလှမ်းတွေမှာ အမျိုးသမီးတွေကလည်း အားကောင်းပါတယ်ဆိုတာ၊ အမျိုးသမီးတွေက ဒီလိုမျိုးနေရာမှာ လုပ်ဆောင်နေတယ်၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်း တော်တယ် ဆိုတာကို ပြနိုင်တဲ့အရည်အချင်းမျိုး သွယ်ဝိုက်သောအားဖြင့် အမျိုးသားအပါအဝင် လူ့အဖွဲ့အစည်းကို ပြသဖို့၊ သတင်းစာပေးဖို့ လိုပါတယ်။ ဒီလိုနည်းနဲ့ပဲ ဖြည်းဖြည်းချင်း ပြောင်းလဲယူသွားရမှာ ဖြစ်ပါတယ်။
နောက်တခုက ဖက်ဒရယ်ဖြစ်လာပြီဆိုရင် ဒေသန္တရအုပ်ချုပ်ရေး ကနေတဆင့် တဖြည်းဖြည်းချင်းနဲ့ အမျိုး သမီးတွေရဲ့ခွန်အားကို ပြလို့ရပါတယ်။ နောက်တခုက အမျိုးသမီးတွေသာ ခေါင်းဆောင်နေရာမှာ ပိုများလာ မယ်ဆိုရင် စံပြအနေနဲ့ ဒီအမျိုးသမီးတောင်မှလုပ်နိုင်တာ ငါတို့လည်း တချိန်ချိန်မှာ လုပ်လို့ရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ရလာနိုင်တယ်။
တချိန်တည်းမှာ အမျိုးသမီးတွေကို တကယ်သင့်လျော် တဲ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ နေရာတွေမှာ တကယ်နေရာပေးလာနိုင်ပြီဆိုရင် အမျိုးသမီးတွေလည်းတဖြည်း ဖြည်းချင်း ကြိုးစားလာမှာ ဖြစ်ပါတယ်။ နောက်ထပ်အနေနဲ့ အမျိုးသမီးတွေပါဝင်မှုကို ဆွဲခေါ်၊ ဆွဲခေါ်ရာကနေ တဆင့် ထက်တဆင့် ပိုပြီးမြင့်တဲ့ ခေါင်းဆောင်မှုနေရာကို ရောက်လာကြမယ်ဆိုရင် ပြည့်ပြည့်စုံစုံနဲ့ အားလုံးပါဝင် နိုင်တဲ့ နိုင်ငံရေး ရပ်ဝန်းတစ်ရပ် ပေါ်လာနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေက ပိုပြီးတော့ စေ့စေ့စပ်စပ်သိတယ်၊ စေ့စေ့စပ်စပ်လည်း မြင်တယ်။ တွေးတယ်။ အကယ်၍ အဲ့လိုမျိုးအမျိုးသမီးတွေသာ ကဏ္ဍအစုံမှာပါလာနိုင်ခဲ့ပြီဆိုရင် အခုလုပ်ဆောင်နေတဲ့ ပေါ်လစီတွေ၊ အခုသွား နေတဲ့ အရှိန်နှုန်းထက် အများကြီးပိုကောင်းတဲ့နိုင်ငံတစ်ခု ဖြစ်လာနိုင်မှာ ဖြစ်သလို၊ အုပ်ချုပ်တဲ့အစီအမံတွေ ပိုပြီးချလာနိုင်မယ်လို့ ထင်ပါတယ်။
အရင်တုန်းကလို အမျိုးသားတစု ကြီးစိုးပြီးတော့ သွားနေတဲ့နိုင်ငံရေးဟာ အမျိုးသားတွေရဲ့ခံစားချက်နဲ့ အမျိုးသားတွေရဲ့အတွေ့အကြုံတွေပေါ် မူတည်မှုများမယ်ဆို တခြမ်းပဲ့ နိုင်ငံရေး သာ ဖြစ်ပါလိမ့်မယ်။ သူတို့ဘယ်လောက်ပဲ အမျိုးသမီးတွေကို နားလည်ပါတယ်ပြောပြော အမျိုးသမီးတွေက သူတို့အချင်းချင်းကသာ ပိုပြီးအနားလည်ဆုံး ဖြစ်မှာပါ။
အမျိုးသမီးတွေပါဝင်လာတဲ့ နိုင်ငံရေးဦးဆောင်မှု တစ်ခုသာ ရှိလာမယ်ဆိုရင် အမြင်တွေလည်း ပိုပြီးကျယ်လာမယ်။ လူအများကိုလည်း နားလည်မှုရှိလာနိုင် တယ်လို့ ပိုခံစားရပြီးတော့ အစိုးရကနေမှတဆင့် ပြည်သူလူထုကို အုပ်ချုပ်တဲ့နေရာ စီမံတဲ့နေရာမှာလည်း ပိုပြီးတော့ကောင်းမွန်လာမယ်လို့ ထင်တယ်။
၈။တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
တက်ကြွတဲ့အမျိုးသမီးတွေကို အမျိုးသားတွေက ထိုးနှက်ကြတယ်။ အဲ့လိုထိုးနှက်တဲ့အချိန်မှာ ကျွန်မ စိတ်မကောင်းတာတွေ ဝမ်းနည်းတာတွေရှိခဲ့တယ်။ ငါဆက်လုပ်သင့်ပါ့မလားဆိုပြီး တွေးမိတာတွေရှိတယ်။ ဒါပေမယ့် ကိုယ့်ယုံကြည်ချက်ကို မစွန့်လွှတ်ပဲနဲ့ ရှေ့ဆက်သွားတယ်ဆိုရင် တချိန်ချိန်မှာ ကိုယ်နဲ့သင့်တော်တဲ့ နေရာတစ်ခုကို ရောက်လာမှာပါ။ အားမငယ်ပါနဲ့။ ဒုက္ခတွေ အခက်အခဲတွေက အခုချိန်မှာ လူတိုင်းကြုံနေရ ပါတယ်။
အချင်းချင်းဖေးမပြီးတော့ စည်းလုံးတဲ့အင်အားနဲ့သွားတယ်ဆိုရင် ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ရောက်နိုင်မှာပါ။ ကျွန်မတို့ကလည်း အမျိုးသမီးအားလုံးကို နွေးနွေးထွေးထွေးနဲ့ အမြဲတမ်းလက်ကမ်းကြိုနေပါတယ်။ တခုခုအခက်အခဲတွေရှိတယ်ဆိုရင်လည်း ဒီလိုအဖွဲ့အစည်းနဲ့ မျှဝေပြီး တော့ ဖြေရှင်းပြီးသွားကြမယ်ဆိုရင် ပြဿနာတွေကို အများကြီး ဖြေရှင်းသွားနိုင်မှာပါ။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
ဒေါ်မေစပယ်ဖြူ
အမျိုးသမီးအခွင့်အရေးနဲ့ ဂျဲန်ဒါတန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး
တက်ကြွလှုပ်ရှားသူ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“နွေဦးတော်လှန်ရေးပြီးတဲ့အခါမှာလည်း အမျိုးသမီးတွေရဲ့ တော်လှန်ရေးမှာ ပါဝင်ခဲ့မှုတွေ၊ စွမ်းဆောင်ခဲ့မှုတွေကို လျစ်လျူရှုမထားဘဲနဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းတွေမှာ ဒီလို အမျိုးသမီးတွေရဲ့ လက်ရှိပါဝင်ဦးဆောင်မှုကို အဓိပ္ပာယ်ပြည့်ဝစွာ ဆက်လက်ပါဝင်နိုင်ဖို့ ပြည်သူတွေအနေနဲ့ ဆက်ပြီးတော့လိုလားဆန္ဒရှိဖို့၊ ထောက်ခံအားပေး အသိအမှတ်ပြုဖို့ မျှော်လင့်ပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
လက်ရှိကျွန်မတို့အားလုံးပါဝင်ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးက စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်မှာ အဓိက အုပ်ချုပ်နေတဲ့လူတွေပြောင်းသွားဖို့ပဲ ကျွန်မတို့ရည်ရွယ်ပြီးတော့ ဆင်နွှဲနေတဲ့တော်လှန်ရေး မဟုတ်ဘူးလို့ ပထမဦးဆုံးပြောချင်ပါတယ်။ နိုင်ငံကို ကာလရှည်ကြာ အဆိုးရွားဆုံး၊ အဆင်းရဲဆုံး၊ အစုတ်ပြတ်ဆုံး၊ အနေအထားတွေကိုဖြစ်စေတဲ့ တစ်ပါတီစနစ်၊ စစ်အာဏာရှင်စနစ်အပါအဝင် ဘယ်လိုအာဏာရှင်မျိုးကိုမဆို ပြောင်းလဲချင်တဲ့တော်လှန်ရေးဖြစ်တယ်။
အဆုံးသတ်မှာဒီတော်လှန်ရေးကို အောင်မြင်နိုင်တဲ့ တစ်ခုတည်း သောအင်အားကတော့ ပြည်သူပဲ ဖြစ်ပါတယ်။ တော်လှန်ရေးဟာ ပြည်သူ့ကို မျက်နှာမူတဲ့တော်လှန်ရေးပဲ ဖြစ်ရမယ်။ ပြည်သူ့အသံကို နားထောင်ပြီးတော့ ပြည်သူ့ဘက်က ရပ်တည်တဲ့တော်လှန်ရေးဖြစ်မှသာ ပြည်သူ ကလည်း အဆုံးထိဒီတော်လှန်ရေးကို အောင်တဲ့အထိ၊ နိုင်တဲ့အထိ ရပ်တည်ပြီးတာ့ ကြိုးစားအားထုတ်မှသာ ကျွန်မတို့လိုချင်တဲ့ မူပြောင်း၊ စနစ်ပြောင်းဖို့ ဒီနွေဦးတော်လှန်ရေးဟာ အောင်မြင်နိုင်မယ်လို့ ကျွန်မထင်တယ်။
ဒီတော်လှန်ရေးကို ဦးဆောင်နေတဲ့ အစုအဖွဲ့တွေဟာ သူတို့ကိုယ်စားပြုနေရတဲ့ ပါတီကိုပဲဖြစ်ဖြစ်၊ နိုင်ငံရေး အစုအဖွဲ့ကိုပဲဖြစ်ဖြစ် အဲ့ဒါတွေကိုဦးစားပေးကြည့်မယ့်အစား ဒီတော်လှန်ရေးတစ်လျှောက်လုံးမှာ အနစ်နာခံ ပြီးတော့ ပါဝင်နေကြတဲ့ ပြည်သူ့မျက်နှာကိုပဲ ကြည့်ဖို့လိုတယ်။ ကိုယ့်ရဲ့တစ်သီးပုဂ္ဂလစိတ်ခံစားမှုတွေ၊ ဆန္ဒ တွေ ကိုယ်ပါဝင်ကိုယ်စားပြုနေရတဲ့နိုင်ငံရေးအစုအဖွဲ့တွေရဲ့အတ္တတွေ၊ ရယူလိုမှုတွေကိုဘေးဖယ်ပြီးတော့ ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းနဲ့ပဲ ပြည်သူနဲ့အတူ ဒီနွေဦးတော်လှန်ရေးကိုအောင်နိုင်ဖို့ မျှော်လင့်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်အနေနဲ့ နိုင်ငံတစ်ခုကိုတည်ဆောက်တဲ့နေရာမှာ လူအခွင့် အရေး၊ တန်းတူညီမျှရေး၊ ခွဲခြားဆက်ဆံမှုမပြုရေးဟာ အလေးထားရမယ့် အခြေခံမူ၊ စံတန်ဖိုးတွေဖြစ်တယ်လို့ ဒီနေရာကနေပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ကတန်းတူညီမျှမှုလို့ပြောရင် သမားရိုးကျဖြစ်တဲ့ ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်၊ ဗမာတစ်ကျပ်၊ ကရင်တစ်ကျပ် အဲ့လိုတန်းတူညီမျှမှုမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။
Equality လို့ပြောရင် တစ်ညီမျှခြင်းတစ်လို့ သမားရိုးကျဆန်တဲ့တန်းတူညီမျှမှုထက် Equity လို့ခေါ်တဲ့ မျှတမှုရဲ့ဆိုလိုချက်က ရမှတ်တူရင် ရလာဒ်လည်း တူရမယ်ဆိုတာထက် ရှိနေတဲ့ မတူကွဲပြားတဲ့ အစုအဖွဲ့တွေ မတူကွဲပြားတဲ့နောက်ခံ background နဲ့ ခြားနားနေမှုတွေကို ထည့်သွင်းစဉ်းစားပြီးတော့ ရလာဒ် ကိုတူညီအောင် စဥ်းစားပေးတဲ့ တန်းတူညီမျှမှုမျိုးကို ဆိုလိုတယ်။ Substantive equality လို့သုံးနှုန်းတယ်။
ဒီ Substantive equality လိုမျိုး လိင်၊ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ အသက်အရွယ်၊ မသန်စွမ်းဖြစ်မှု၊ လိင်စိတ်ခံယူမှု အစရှိတဲ့ မတူကွဲပြားမှုတွေကိုအခြေခံပြီးတော့ ခွဲခြားဆက်ဆံမှုတွေမရှိအောင် အလေးထား စဥ်းစားခြင်းကို စံတန်ဖိုးအနေနဲ့ တည်ဆောက်ဖို့ လိုပါတယ်။ အခြေခံမှုအနေနဲ့ ကျွန်မတို့ပြည်သူတွေက တောင်းဆိုနေတာ၊ လိုလားတောင်းတနေကြတာက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ အခွင့်အရေးတွေ၊ အခွင့်လမ်းတွေကို ဗဟိုကပဲ ချုပ်ကိုင်ထားမှုမရှိတဲ့ ဖက်ဒရယ်မူဖြစ်တယ်။ အာဏာပါ၀ါနဲ့ အရင်းအမြစ်တွေကို တန်းတူညီမျှ ခွဲဝေအသုံးချနိုင်တဲ့မူဝါဒနဲ့ ဒီမိုကရေစီစံချိန်စံနှုန်းတွေကို ဆိုလိုပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါ သလဲ။
မတူကွဲပြားမှုတွေကို ညှိနှိုင်းပေါင်းစပ်အဖြေရှာမှုမှာ အားနည်းခဲ့တဲ့အတွက်ကြောင့် ကျွန်မတို့နိုင်ငံက ဒီနေ့ ဒီအချိန်ထိ ပြည်တွင်းစစ်ပဋိပက္ခတွေ၊ မငြိမ်သက်မှုတွေနဲ့ မငြိမ်းချမ်းမှုတွေရဲ့ဆိုးကျိုးကို ခံနေရတာဖြစ်တယ်။ တန်းတူညီမျှမှုမရှိသရွေ့ လူအုပ်စုတစ်စုကပဲဖြစ်ဖြစ် လူမျိုးစုတစ်စုကပဲဖြစ်ဖြစ် ဒေသတစ်ခုမှာပဲဖြစ်ဖြစ်၊ ဘာသာတစ်ခုခုကပဲဖြစ်ဖြစ် သူတို့အပေါ်မှာ ညီမျှမှုမရှိဘူး၊ သူတို့ဟာ ခွဲခြားဆက်ဆံခံနေရတယ်၊ သူတို့ရသင့် ရထိုက်တဲ့အခွင့်အရေးတွေကို မျှတစွာမရနေဘူးလို့ မြင်နေသရွေ့ကာလပတ်လုံး၊ ခံစားနေသရွေ့ကာလ ပတ်လုံး ကျွန်မတို့နိုင်ငံဟာ မငြိမ်းချမ်းပဲနဲ့ ပဋိပက္ခတွေကြားထဲမှာ အသက်ရှင်နေရဦးမှာပဲ။
ဒါကြောင့် အမြင် စုံလင်ကွဲပြားမှုကို ထည့်သွင်းစဉ်းစားမှသာ တကယ်ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ အေးချမ်းမှုနဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်တယ်။ အဲ့တော့ ဒီလိုနိုင်ငံတော်သစ်ကို တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ မဖြစ်မနေပါဝင်ဖို့ လိုတယ်ဆိုတာကို အမျိုးသမီးအဖွဲ့တွေ၊ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက စဉ်ဆက်မပြတ် ပြောလာခဲ့တယ်။
လူ့အဖွဲအစည်းမှာ နိုင်ငံတစ်နိုင်ငံ မှာ၊ ရပ်ရွာတစ်ခုမှာနေထိုင်တဲ့အခါမှာ အမျိုးသားရော၊ အမျိုးသမီးရော လိင်စိတ်ခံယူမှုကွဲပြားတဲ့သူရော လူတိုင်းလူတိုင်းရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ နိုင်ငံ့အရေးဖြစ်တဲ့ နိုင်ငံရေးမှာ သူတို့အားလုံးရဲ့ပါဝင်မှု၊ သူတို့ရဲ့ အမြင်သဘောထားတွေ၊ သူတို့ရဲ့အတွေ့အကြုံတွေနဲ့ အသံ၊ သူတို့ရဲ့လိုအပ်ချက်တွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
ကျွန်မတို့ နိုင်ငံသမိုင်းမှာ တကယ်တော့ အမျိုးသမီးတွေဟာ နိုင်ငံရေးမှာ ခေတ်အဆက်ဆက်က ပါဝင်ခဲ့ ပါတယ်။ အခုမှ ပါလာတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်ခေတ်ကစလို့ လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့ကြတဲ့ သမိုင်းကာလတလျှောက်လုံးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုတွေ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေကို အသိအမှတ်ပြုခြင်း၊ သမိုင်းထက်အက္ခရာတင်ခြင်း မခံခဲ့ရပါဘူး။
ဒါပေမယ့် ဒီကနေ့နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ဦးဆောင်မှုဟာ ဘယ်လိုမှဖုံးကွယ်ချန်လှပ် ထားလို့ မရလောက်အောင်ကို သိသာမြင်သာပါတယ်။ အကြမ်းဖက်စစ်ကောင်စီက မအောင်မြင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ စက်ရုံ၊ အလုပ်ရုံအလုပ်သမားတွေ၊ အလုပ်သမတွေနဲ့အတူတူ ပထမဦးဆုံးလမ်း ပေါ်ကို ဦးဆောင်ပြီးထွက်ခဲ့တာ အိသဥ္ဖာမောင်တို့ အက်စတာဇေနောတို့လို ကမ္ဘာကတောင်အသိအမှတ်ပြု ရတဲ့ အမျိုးသမီးလူငယ်ခေါင်းဆောင်တွေ ဖြစ်ပါတယ်။
အာဏာဖီဆန်တဲ့အကြမ်းမဖက်လှုပ်ရှားမှုတွေနဲ့ CDM လှုပ်ရှားမှုမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုဟာ သိသာထင်ရှားစွာပဲ ကျွန်မတို့မြင်နိုင်တွေ့နိုင်တယ်။ နွေဦး တော်လှန်ရေးမှာ ပထမဦးဆုံးသွေးမြေခပြီး အသက်ပေးခဲ့ရတာဆိုရင်လည်း အမျိုးသမီးငယ်လေး မြသွဲ့သွဲ့ခိုင် ဖြစ်တယ်။ ဒီတော်လှန်ရေးမှာ အသက်စတေးပြီးတော့ ပါဝင်ခဲ့တဲ့အမျိုးသမီးသူရဲကောင်းတွေဟာ အသက် (၇) နှစ် အရွယ်ကနေ အသက် (၇၇) နှစ်အရွယ် အဖွားအိုအထိ ပါတယ်။
ဖမ်းဆီးထိမ်းသိန်းခံရတာ၊ မတရားသဖြင့်စစ်ကြောရေးမှာ နှိပ်စက်ခံရတဲ့အတွက် သေဆုံးရတာ၊ မန္တလေးအိုးဘိုထောင်တို့ဘာတို့မှာ အစာငတ်ခံဆန္ဒပြပြီးတော့ အကျဉ်းထောင်ထဲအာဏာဖီဆန်ရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေအများကြီးပဲ ပါဝင်တယ်ဆိုတာကို တွေ့ရမှာဖြစ်တယ်။ ဒီကနေ့ထိလည်းပဲအကျဉ်းထောင်ထဲမှာ လွတ်မြောက်ခြင်း မရှိသေး ဘဲနဲ့ အကျဥ်းကျခံနေရတဲ့ အမျိုးသမီးငါးထောင်ကျော်တောင် ရှိပါတယ်။ အဲ့တော့ ဒါတွေဟာ ဖျောက်ဖျက်လို့ မရတဲ့သမိုင်း ဖြစ်တယ်။ အမျိုးသမီးတွေရဲ့ နွေဦးတော်လှန်ရေးမှာပါဝင်မှုဟာ တကယ့်ကို ထင်ထင်ရှားရှားပဲ ဖြစ်ပါတယ်။
အဲ့လိုပဲတဖက်မှာ ပြည်သူ့အစိုးရ NUG မှာဆိုလဲ အမျိုးသမီးတွေဝန်ကြီး၊ ဒုဝန်ကြီးအနေနဲ့ ပါဝင် နေတာ ၁၈ ရာခိုင်နှုန်း ရှိပါတယ်။ ဒါဟာ အုပ်ချုပ်ရေးအခန်းကဏ္ဍမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ရာခိုင်နှုန်း အားဖြင့် ကြည့်မယ်ဆိုရင် ကျွန်မတို့သမိုင်းမှာ အမြင့်ဆုံးလို့ပြောလို့ရပါတယ်။ NUG ဝန်ကြီးဌာနတွေမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ဝန်ကြီးဌာနတွေထဲမှာ ပါဝါအမြင့်ဆုံးဖြစ်တယ်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ သူကလည်း အမျိုးသမီးပဲဖြစ်တယ်။ ပြည်နယ်အတိုင်ပင်ခံကောင်စီတွေမှာ ကြည့်မယ်ဆိုရင် အမျိုးသမီးပါဝင်မှု ဟာ တချို့သောတိုင်းရင်းသားပြည်နယ်တွေမှာ ၃၆ ရာခိုင်နှုန်းနဲ့ တချို့နေရာတွေမှာ ၄၃ ရာခိုင်နှုန်းအထိတောင် အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချနိုင်ဖို့အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်နေတယ်ဆိုတာကို တွေ့ရတယ်။
ပြည်သူ့ရင်ခွင်အစီအစဥ်အားဖြင့် တဖက်က ပြည်သူ့စစ်သားတွေ၊ တပ်မတော်သားတွေ ပြည်သူ့ရင်ခွင် ကို ပြန်ခိုလှုံဖို့အတွက် ကိုယ့်ရဲ့ခင်ပွန်းသည်တွေ၊ ကိုယ့်ရဲ့တူ/သားတွေ၊ အစ်ကိုတွေ၊ မောင်တွေ၊ အဖေတွေကို တိုက်တွန်းအားပေးစည်းရုံးတဲ့နေရာမှာ ပြည်သူ့စစ်သားဇနီးများရဲ့ အခန်းကဏ္ဍပေါ့။ ဒါမျိုးကျွန်မတို့သမိုင်းမှာ မရှိခဲ့ဖူးဘူး။ ဒါဟာလည်းကျွန်မတို့ရဲ့ တော်လှန်ရေးမှာ တကယ်ပဲထူးခြားတဲ့ဟာဖြစ်တယ်။
ဒီလောက် အကြမ်းဖက်စစ်ကောင်စီက မြေပြင်မှာရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းနေတာတောင်မှ မြေပြင်သပိတ် တွေမှာ အမျိုးသမီးတွေဦးဆောင်မှုဟာ အံ့သြစရာကောင်းလောက်အောင် တွေ့ရတယ်။ မြေပြင်သပိတ်တွေ အပါအ၀င်၊ အာဏာရှင်ကိုဆန့်ကျင်တော်လှန်တဲ့လုပ်ငန်းတွေကို ဒီနေ့ဒီအချိန်အထိ သုံးနှစ်ကျော်ကြာတဲ့အထိ အသက်အန္တရာယ်ထိခိုက်နိုင်တယ်ဆိုတာကိုသိသိကြီးနဲ့ အာဏာဖီဆန်မှုတွေ၊ တော်လှန်မှုတွေကို ဖော်ဆောင် နေတုန်းပဲ။
နောက်တခုကတော့ လက်နက်ကိုင်တော်လှန်ရေးမှာလည်း အမျိုးသမီးစစ်မေတွေ၊ စစ်သည်တွေ ဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီးတော့ လက်နက်ကိုင်တော်လှန်ရေးမှာလည်း ပါဝင်နေကြတယ်။ ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေမပါဝင်တဲ့ အခန်းကဏ္ဍရယ်လို့ ဘာရှိသေးလဲပေါ့။ အမျိုးသမီးတွေဟာ လက်နက်ကိုင်ပြီးတော်လှန်တာကစလို့ ထဘီအလံလွှင့်ထူပြီးတော့ အာဏာရှင်ကို ဖီဆန်တာ၊ အကြမ်းမဖက် တဲ့နည်းနဲ့တော်လှန်တဲ့ နည်းလမ်းတွေကို ဦးဆောင်နေကြတာဟာလည်း အမျိုးသမီးတွေပဲ ဖြစ်တယ်။
ဒီလိုမျိုးဆုံးဖြတ်ချက်ချနိုင်တဲ့နေရာတွေနဲ့ ဒီလိုမျိုးဦးဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေဟာ လွယ်လွယ်ကူကူနဲ့ သူ့အလိုလိုရလာတာတော့ မဟုတ်ဘူး။ အဲ့လိုနေရာတွေမှာအမျိုးသမီးတွေ မားမား မတ်မတ်နဲ့ရပ်နိုင်ဖို့အတွက် သူတို့ရဲ့အစွမ်းသတ္တိတွေ လုပ်ကိုင်နိုင်စွမ်းတွေကို သူတို့အများကြီးဖော်ပြနိုင်ခဲ့တဲ့ အတွက် သူတို့ရဲ့ပါ၀င်မှုဟာ ဘယ်လိုမှ ဖုံးကွယ်ချိုးနှိမ်ထားဖို့မဖြစ်လို့သာ ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအသီးသီးမှာပါဝင်မှုဟာ ဒီလိုထင်ထင်ရှားရှားနဲ့ မြင်တွေ့လာရတာဖြစ်တယ်။
နွေဦးတော်လှန်ရေးပြီးတဲ့အခါမှာလည်း အမျိုးသမီးတွေရဲ့ တော်လှန်ရေးမှာ ပါဝင်ခဲ့မှုတွေ၊ စွမ်းဆောင်ခဲ့မှု တွေကို လျစ်လျူရှုမထားဘဲနဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းတွေမှာ ဒီလို အမျိုးသမီးတွေရဲ့ လက်ရှိပါဝင်ဦးဆောင်မှုကို အဓိပ္ပာယ်ပြည့်ဝစွာ ဆက်လက်ပါဝင်နိုင်ဖို့ ပြည်သူတွေအနေနဲ့ ဆက်ပြီးတော့လိုလားဆန္ဒရှိဖို့၊ ထောက်ခံအားပေး အသိအမှတ်ပြုဖို့တော့ ကျွန်မမျှော်လင့်ပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
တကယ့်တကယ်တမ်းမှာ ဖိုဝါဒီ၊ ပတ်ထရီအာခီလို့ခေါ်တဲ့ အမျိုးသားကြီးစိုးတဲ့ဝါဒ ပေါ့နော်။ ၀မ်းနည်းစရာက အဲ့ဒါကို အခုလက်ရှိနွေဦးတော်လှန်ရေးထဲမှာပါဝင်နေတဲ့ အစုအဖွဲ့အသီးသီးမှာ တွေ့နေရတုန်းပဲ။ တစ်ခုခု လုပ်မယ်ဆို အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ဦးဆောင်မှုအခန်းကဏ္ဍကို အလေးထားမစဉ်းစားချင်တဲ့ သဘောတရား တွေကတော့ ရှိနေတုန်းပဲ။
အရင်ခေတ်တုန်းကလောက် မဆိုးတော့ပေမယ့် အမျိုးသားကြီးစိုးတဲ့ဝါဒက လုံးဝ မရှိတော့တာ၊ ပျောက်သွားတာတော့ မဟုတ်သေးဘူး။ ပြီးတော့ ကျွန်မတို့နိုင်ငံမှာ အဆိုးဝါးဆုံးကဘာလဲ ဆိုတော့ လက်နက်ရှိတဲ့သူ၊ လက်နက်ကိုင်ထားတဲ့ရာထူးအဆင့်ရှိတဲ့သူတွေကိုမှ အာဏာနဲ့နေရာပေးချင်တဲ့ အလေ့အထကိုလည်း ဒီနွေဦးတော်လှန်ရေးမှာ အာဏာရှင်စနစ်နဲ့အတူ အပြီးတိုင်ပျောက်ပျက်အောင် ကျွန်မ တို့ အမျိုးသမီးတွေက တိုက်ဖျက်ရမှာ ဖြစ်တယ်။
လက်နက်ကိုင်တဲ့သူ အာဏာရှိတဲ့သူကပဲ အရာအားလုံးကို တစ်သွေးတစ်သံတစ်မိန့်နဲ့ ဆုံးဖြတ်စီမံချင်တဲ့ အကျင့်ဓလေ့ဆိုးဟာ ကျွန်မတို့ရဲ့လူထုထဲမှာ ကျွန်မတို့ရဲ့ တော်လှန်ရေးအင်အားစုတွေမှာပါ တကယ်တော့အမြစ်တွယ်နေတာဖြစ်တယ်။ လက်နက်ကိုင်တော်လှန်နိုင်ဖို့ အတွက် သူတို့ရဲ့အမေတွေ၊ ညီမတွေ၊ အစ်မတွေ၊ သူတို့ရဲ့ဇနီးသည်တွေက အိမ်ထောင့်တာဝန်တွေ၊ သားသမီးတာဝန်တွေ၊ စား၀တ်နေရေး တာ၀န်အားလုံးကို အမျိုးသားတွေရဲ့ကိုယ်စား ထမ်းထားရတယ် ဆိုတာကို မမေ့သင့်ပါဘူး။
အဲ့ဒီလက်နက်ကိုင်ထားတဲ့သူတွေ၊ ထိုင်ခုံမှာအာဏာရပြီးထိုင်နေတဲ့သူတွေဟာ အမျိုးသမီးတွေရဲ့ပေးဆပ်မှုနဲ့ပါဝင်မှုကို အသိအမှတ်ပြုကိုပြုရမှာ ဖြစ်တယ်။ ဘယ်သူမှ မြေကြီးထဲက ပေါက်လာတာမဟုတ်သလို မိုးပေါ်ကကျလာတာလည်းမဟုတ်ဘူး။ အားလုံးဟာ အမေကမွေးပေးခဲ့လို့ လူရယ်လို့ဖြစ်လာတဲ့သူတွေကြီးပါပဲ။
ဆိုလိုတာက အမျိုးသမီးတွေရဲ့အထောက်အပံ့မပါပဲနဲ့ ဘယ်သူမှ လူမဖြစ် လာဘူးလို့ပြောချင်တာ။ အဲ့အတွက်ကြောင့် အခုတော်လှန်ရေးမှာ အမျိုးသားပဲတတ်နိုင်တယ်၊ အမျိုးသား တွေပဲ ဆုံးဖြတ်တတ်တယ်၊ အမျိုးသားတွေပဲ ဦးဆောင်နေရာယူရမယ်ဆိုတဲ့ အတွေးအခေါ်ဟောင်းတွေကို လည်း ပြောင်းလဲအောင် တော်လှန်ရမှာဖြစ်တယ်။
အမျိုးသားတွေသာ ခေါင်းဆောင်နေရာယူကြေး၊ အာဏာရ ကြေး၊ လူ့အဖွဲအစည်းတစ်ခုလုံးမှာ အမြစ်တွယ်နေတဲ့ စစ်ဝါဒစနစ်တစ်ခုလုံးကို ကျွန်မတို့က ပြောင်းလဲချင်တာ ဖြစ်တယ်။ အမျိုးသားတွအတွက် ကလေးမွေးပေးဖို့နဲ့ အိမ်မှုကိစ္စလုပ်ဖို့၊ ထမင်းဟင်းချက်လျှော်ဖွတ်ပေးဖို့ သက်သက်၊ ကန့်လန့်ကာနောက်ကွယ်ကနေပြီး သူတို့အာဏာယစ်မူးနိုင်ဖို့၊ သူတို့လက်နက်ကိုင်နိုင်ဖို့အတွက် အမျိုးသမီးတွေက ပံ့ပိုးသူနေရာကပဲနေရမယ်ဆိုတဲ့ အတွေးအခေါ်စနစ်ဟောင်းတွေဟာ အမျိုးသမီးတွေ နိုင်ငံရေးနဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာတွေမှာ ပါ၀င်နိုင်ဖို့ အကြီးမားဆုံးရှိနေသေးတဲ့ အဟန့်အတားတွေ ဖြစ်ပါ တယ်။
အဲ့ဒီလိုအတွေးအခေါ်တွေက အကြမ်းဖက်စစ်ကောင်စီမှာပဲ ရှိနေတာမဟုတ်ဘူး။ ကျွန်မတို့ရဲ့ တော် လှန်ရေးအင်အားစုတွေမှာလည်း အဲ့လိုခံယူချက်ကရှိနေတုန်းပဲ။ ဒါကြောင့်လည်းအမျိုးသမီးအဖွဲ့တွေ အမျိုး သမီးအခွင့်အရေး၊ ဂျဲန်ဒါတန်းတူညီမျှရေးအတွက် တက်ကြွလှုပ်ရှားသူတွေက အဲ့ဒါကို စဥ်ဆက်မပြတ် ထောက်ပြဝေဖန်နေရတာ ဖြစ်တယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
အမျိုးသမီးတွေ ပိုမိုပါ၀င်နိုင်ဖို့အတွက် လာကြပါ၊ ပါကြပါလို့ ပါးစပ်ဖျားလေးနဲ့ပဲ ဖိတ်ခေါ်နေရုံနဲ့ မလုံလောက် ပါဘူး။ ကျွန်မတို့ အမျိုးသမီးအဖွဲ့တွေက ဂျဲန်ဒါပေါ်လစီတို့ အမျိုးသမီးတွေပိုမိုပါဝင်နိုင်ဖို့အတွက် အထောက် အကူဖြစ်စေမယ့်မူဝါဒတွေ၊ frame-work တွေ အမျိုးမျိုးကို ရေးဆွဲဖို့အတွက် အကြံပြုတိုက်တွန်းတယ် ဆိုပေမယ့်လည်း ရှိတဲ့မူ၀ါဒတွေကို ထိထိရောက်ရောက်နဲ့အလေးထား အကောင်အထည်ဖော်မှုရှိမှပဲ အမျိုး သမီးတွေ တန်းတူညီမျှပါဝင်မှုဆိုတာကလည်း ဖြစ်လာမှာ ဖြစ်တယ်။
တန်းတူညီမျှမှုလို့ပြောရင် အမျိုးသမီး တွေပါဝင်မှုအခန်းကဏ္ဍလည်းပါသလို မတူကွဲပြားတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ၊ မတူတဲ့ဘာသာ၊ လူမျိုး အားလုံးအတွက် ဆိုလိုတာဖြစ်တယ်။ အဲ့အတွက်ကြောင့် က မတူကွဲပြားစုံလင်မှုတွေကို ထည့်သွင်းစဥ်းစားပြီး လူတိုင်းအလုံးစုံပါဝင်ခွင့်ရဖို့အတွက် ဆောင်ရွက်ပေးတာတွေကို ကျွန်မတို့တွေ အလေးထားပြီးလုပ်မယ်ဆိုရင် အမျိုးသမီးတွေကိုလျစ်လျူရှုတာ၊ အမျိုးသမီးတွေအဓိပါယ်ပြည့်၀စွာပါဝင်ခွင့် မရတာတွေမရှိအောင် လုပ် ဆောင်နိုင်၊ ကျော်လွှားနိုင်မှာ ဖြစ်တယ်။ အဓိကက ဥပဒေတွေ မူဝါဒတွေ၊ မူဘောင်တွေရှိဖို့ လိုပါတယ်။
တချိန် တည်းမှာ (political will) လို့ခေါ်တဲ့ နိုင်ငံရေးစိတ်ဆန္ဒလိုအပ်ပါတယ်။ အမျိုးသမီးတွေကို ပါဝင်စေချင်တယ် ဆိုရင် အမျိုးသမီးတွေတကယ်ပဲပါ၀င်လာနိုင်ဖို့အတွက် (enabling environment) လို့ခေါ်တဲ့ အမျိုးသမီးတွေ ကို ပိုမိုပါဝင်ခွင့်ရလာအောင်ပံ့ပိုးပေးတဲ့ ပတ်ဝန်းကျင်၊ အစီအမံတွေကိုလည်းလုပ်ပေးဖို့လိုတယ်။ လိုအပ်မယ့် အရင်းအမြစ်တွေကိုလည်း ဖန်တီးမတည်ပေးဖို့ လိုတယ်။
အိမ်မှုကိစ္စနဲ့ သားသမီးကိစ္စတွေ၊ ရပ်ရွာအရေးကိစ္စ တွေကို အမျိုးသမီးတွေရဲ့ခေါင်းပေါ်၊ အမျိုးသမီးတွေရဲ့ ပုခုံးပေါ်မှာပဲ လုံးလုံးလျားလျားပုံချလွှဲထားတာမျိုး မဟုတ်ပဲ အိမ်ထောင်ဘက်နဲ့ အမျိုးသားမိသားစုဝင်တွေကလည်း ဒီတာဝန်တွေကို မျှဝေထမ်းဆောင်ခြင်း အားဖြင့်၊ ကူညီခြင်းအားဖြင့် အမျိုးသမီးတွေပိုပြီးတော့ နိုင်ငံရေးမှာ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ရပ်ရွာအရေးတွေမှာ အချိန်ပေးပါဝင်လာနိုင်အောင် ပံ့ပိုးပေးရာရောက်မှာဖြစ်တယ်။
၇။အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေပါပါဝင်မှ ရေရည်တည်တံ့တဲ့ငြိမ်းချမ်းရေးကိုရမယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မယ်။ ဒါက အမျိုး သမီးတွေပါဝင်ခြင်းဖြင့် ချက်ချင်းလက်ငင်းခံစားရမယ့် အကျိုးကျေးဇူးတွေ ဖြစ်တယ်။ ကမ္ဘာမှာ ကြည့်မယ် ဆိုရင်လည်း ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေ၊ ချမ်းသာနေတဲ့နိုင်ငံတွေအားလုံးဟာ ဂျဲန်ဒါတန်းတူညီမျှမှုကို အလေးထားတဲ့နိုင်ငံတွေဖြစ်တယ်။
အမျိုးသမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြု တန်ဖိုးထားတဲ့နိုင်ငံတွေ ဖြစ်တယ်။ ဘယ်လူ့အဖွဲ့အစည်း၊ ဘယ်နိုင်ငံကိုမှ အမျိုးသားချည်းသီးသန့်၊ အမျိုးသမီးချည်းသီးသန့် တည် ဆောက်လို့မရပါဘူး။ အမျိုးသားရော၊ အမျိုးသမီးရော၊ လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေရော ဒီနိုင်ငံ၊ ဒီလူ့ အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ လူတန်းစားအလွှာအသီးသီးက လူတွေကို အဓိပါယ်ပြည့်၀စွာ တန်းတူညီမျှ ပါဝင်ခွင့်ပေးမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာဖြစ်တယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကိုရမှာဖြစ်တယ်။
ကျွန်မတို့ဟာ ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် လူဦးရေရဲ့ထက်ဝက်ကျော်ဖြစ်တဲ့ အမျိုးသမီးတွေ ရဲ့ပါဝင်မှု၊ ဒီအမျိုးသမီးတွေရဲ့လူ့စွမ်းအားအရင်းအမြစ်တွေကို ထိရောက်စွာအသုံးမပြုပဲနဲ့ နိုင်ငံကို တည် ဆောက်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြီးသူများတွေနဲ့ ရင်ဘောင်တန်းဖို့ဖြစ်နိုင်မှာလဲ။ သူများထက်သာလွန်ဖို့ နေနေသာသာ သူများနဲ့တန်းတူရင်ဘောင်တန်းနိုင်တဲ့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတစ်ခုရယ်လို့ ဖြစ်လာမှာ မဟုတ်ဘူး။ အခုတော့ကျွန်မတို့နိုင်ငံဟာ ကမ္ဘာနဲ့ချီပြီး မပြောသေးနဲ့ဦး။
ကိုယ့်ရဲ့ အရှေ့တောင်အာရှ ဒေသတွင်းက နိုင်ငံတွေကြားမှာတောင် ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးနဲ့ အဆင်းရဲဆုံးနိုင်ငံဖြစ်နေပြီ။ အဲ့လိုအခြေအနေကနေ ကိုယ့်နိုင်ငံပြန်လည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရေရှည်တည်တန့်မယ့် ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ အမျိုးသမီးတွေအဓိပါယ်ပြည့်၀စွာပါဝင်မှုနဲ့ အမျိုးသမီးတွေမှာရှိတဲ့စွမ်းအားတွေ၊ လူ့အရင်းအမြစ်တွေကိုအသုံးမပြုဘူးဆိုရင် နိုင်ငံက ဘယ်လိုကောင်းလာမှာလဲ၊ ပြန်လည်တည်ဆောက်ဖို့ ဖြစ်နိုင်မှာလဲ ဆိုတာကို လေးလေးနက်နက် ထည့်သွင်းစဉ်းစားစေချင်တယ်။ အမျိုးသမီးတွေ တန်းတူညီမျှ ပါဝင်ခြင်းအားဖြင့်ရမယ့် အကျိုးကျေးဇူးကတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်တယ်လို့ ကျွန်မဖြေချင်တယ်။
၈။ တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ကျွန်မအနေနဲ့ အမျိုးသမီးတွေကို ပြောချင်တာကတော့ ကျွန်မတို့မပါပဲ လူပြောင်း၊ စနစ်ပြောင်း၊ ခေတ်ပြောင်း ဖို့ လုပ်ဆောင်နေကြတဲ့ ဒီတော်လှန်ရေးကြီး မအောင်မြင်ဘူးဆိုတာပဲ။ ဒါကြောင့် တော်လှန်ရေးမှာစွမ်းစွမ်း တမံ ပါဝင်နေကြတဲ့ အမျိုးသမီးတစ်ယောက်ချင်းစီတိုင်းနဲ့ ကိုယ်ရှိနေတဲ့နေရာ၊ စွမ်းဆောင်နိုင်တဲ့အခန်းကဏ္ဍ အသီးသီးကနေ ဦးဆောင်မှုပေးနေကြတဲ့ အမျိုးသမီးတွေကို ကျေးဇူးအထူးတင်တယ်။
သူတို့တွေရဲ့ ရဲ၀ံ့ စွန့်စားမှုတွေအတွက် ကျေနပ်ဂုဏ်ယူတယ်။ ဂျဲန်ဒါတန်းတူညီမျှမှုကို အလေးထားပြီး အမျိုးသမီးတွေရဲ့ ဦးဆောင်ပါ၀င်မှုကို လေးစားအသိအမှတ်ပြုမှုရှိမှသာ ဒီတော်လှန်ရေးကြီး အောင်မြင်မယ်။ ကျွန်မတို့မြင်ချင်၊ လိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို အမျိုးသမီးတွေက နောက်ကျန်ရစ်မနေပဲ အမျိုးသားတွေနဲ့ တန်းတူကြိုးစားတိုက်ပွဲ၀င်သွားရမှာ ဖြစ်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
မခိုင်လေး
ဘဏ္ဍာရေးတာဝန်ခံ (တမူးခရိုင်တပ်ရင်း)
တာဝန်ခံ- တမူးမြို့နယ်
အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဌာန
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့စတင်ဦးဆောင်တဲ့ အပြောင်းအလဲမှာပဲ အမျိုးသမီးတွေ တော်တော်များများက နိုင်ငံရေးကို စိတ်ဝင်စားလာကြတယ်။ နိုင်ငံရေးကို ပိုသဘောကျလာတယ်။ နိုင်ငံရေး မှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို အမျိုးသမီးအချင်းချင်း ပိုဖလှယ်လာကြတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
လက်ရှိနွေဦးတော်လှန်ရေးက ခါးဆစ်ချိုးတစ်ပတ်လည်ကို ရောက်လာပြီလို့ မြင်တယ်။ တချို့နေရာတွေမှာ ဆို အုပ်ချုပ်ရေတွေ စနေကြပြီ။ NUG အနေနဲ့လည်း အုပ်ချုပ်ရေးတွေ စနိုင်တဲ့ နေရာတွေ ရှိလာပြီ။ အဲဒီနေရာတွေကိုလည်း ကျွန်မတို့အနေနဲ့ အများကြီး ထောက်ပံ့ပေးဖို့ လိုပါတယ်။
တဆက်တည်းမှာလည်း အုပ်ချုပ်သူတွေအနေနဲ့ နိုင်ငံရေးနဲ့ပါတ်သက်တဲ့ အမြင်တွေကို ဆက်လက်လက်ခံဖို့ လိုပါတယ်။ တချို့သော ဘောင်တွေက အရမ်းကျဉ်းသွားတဲ့အခြေအနေတွေ ရှိသလို၊ တကယ့်မြေပြင်မှာ အလုပ်လုပ်နိုင်တဲ့ကဏ္ဍ တွေ ရှိတယ်။ နောက်ပြီး နိုင်ငံရေးကိုစိတ်ဝင်စားတဲ့လူငယ်တွေကို ဖိတ်ခေါ်ပြီးတော့မှ လုပ်ဆောင်ရမယ့် အပိုင်းတွေ ပိုရှိလာပြီလို့ မြင်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
နိုင်ငံတစ်နိုင်ငံရဲ့ စံတန်ဖိုးဆိုရင် စည်းကမ်းရှိတဲ့လူမှုအဖွဲ့အစည်း ဖြစ်ဖို့ လိုပါတယ်။ စစ်တပ်ဆိုလည်း စစ်စည်းကမ်းရှိမှ၊ နိုင်ငံရေးဆိုလည်း နိုင်ငံရေးရဲ့စည်းကမ်း၊ ဦးဆောင်တဲ့သူတွေမှာဆိုရင် သူတို့ အလုပ်လုပ်နေတဲ့ ဘောင်တွေရဲ့ စည်းကမ်း အသီးသီးရှိဖို့ လိုပါတယ်။ တရားဥပဒစိုးမိုးခြင်းကို အခြေခံမူအနေနဲ့ တည်ဆောက်ဖို့ လိုပါတယ်။
၄။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိ တော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေ ပါဝင်ဖို့ လိုပါသလဲ။
နိုင်ငံသစ်ကို ဖက်ဒရယ်စနစ်နဲ့ တည်ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဖက်ဒရယ်ဆိုတာ အလွယ်ကူဆုံး ပြောရ ရင် အတွေးအမြင်ပေါင်းစုံ၊ နေရာဒေသပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံမှာရှိတဲ့ လူပေါင်းစုံရဲ့ အမြင်တွေ ပါဝင်ပြီး နိုင်ငံတော်တည်ဆောက်ခြင်းဖြစ်ပါတယ်။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးသလဲဆိုရင် ကျွန်မရဲ့အမြင်ကတော့ နိုင်ငံရေးကို အဖွင့်သဘောဖြစ်ဖို့ လိုပါတယ်။ ဒါမှသာ နိုင်ငံရေး ကို လူတိုင်းက နားလည်မှ အခြေခံအဆင့် လူတန်းစားကအစ သူတို့ရဲ့နိုင်ငံရေးယူဆချက်တွေကို ပွင့်ပွင့် လင်းလင်း ချပြဆွေးနွေးလို့ ရမှာဖြစ်ပါတယ်။
ကျွန်မတို့ရှိမှာက နိုင်ငံရေးဆိုတာကို အမှောင်ချထားခံခဲ့ရတာ ဆိုတော့ ကျွန်မတို့ကိုယ်တိုင်တောင်မှ ဒီနွေဦးတော်လှန်ရေးကို နဖူးတွေ့ဒူးတွေ့ကြုံတွေ့လာရမှသာလျှင် နိုင်ငံရေးဆိုတာကို စိတ်ဝင်စားလာကြတာပါ။ အဲဒီတော့ နိုင်ငံရေးမှာ အရမ်းကြီးအမြင်စုံဖို့လိုတယ်၊ ဒါမှလည်း နိုင်ငံတစ်ခုတည်ဆောက်ဖို့ အုတ်မြစ်ချတဲ့အခါကြရင် အလွှာပေါင်းစုံက အမြင်တွေပါတော့ ပိုမိုထိရောက်တဲ့ နိုင်ငံရေးနဲ့ပါတ်သက်တဲ့မူဝါဒတွေ ချမှတ်နိုင်မယ်လို့ ထင်ပါတယ်။
နောက်ပြီး လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍက ပါဝင်သင့်လဲဆိုရင် ကျွန်မအမြင်ကတော့ အလွှာပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှာကို ပါဝင်သင့်တယ်လို့ ထင်တယ်။ တကယ်လည်း ထွန်းထွန်းပေါက်ပေါက် ပါဝင်နေတဲ့အမျိုးသမီးတွေ ရှိပါတယ်။ အမျိုးသမီးတွေ ထဲထဲဝင်ဝင် ပါဝင်ဖို့အတွက်လည်း အရမ်းအရေးကြီးပါတယ်။
အမျိုးသမီးတွေပိုများတဲ့ နေရာမှာ အမျိုးသားတွေကပဲ ဦးဆောင်နေတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဘယ်သူကဦးဆောင်မလဲပေါ့။ ဘယ်လိုပဲနေနေ ကိုယ်ကိုတိုင်ဖြစ်နေမှသာလျှင် တချို့ကိစ္စတွေက ပြောလို့ကောင်းတာပေါ့။ ကိုယ်ကိုတိုင်ခံစားကြည့်မှ ကိုယ်တိုင်သိမှ အဲဒီလိုကိစ္စတွေက ပြောလို့ကောင်းတာပေါ့။
အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အမျိုးသား တွေက တောင်းဆိုနေတယ်၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေကို အမျိုးသားတွေက လုပ်ပေးနေတဲ့ အနေ အထားမှာ ကဏ္ဍပေါင်းစုံလုံး အဆင်မပြေနိုင်ပါဘူး။ ဆိုတော့ အမျိုးသမီးတွေရဲ့ကိစ္စကို အမျိုးသမီး တွေကပဲ ဦးဆောင်သင့်ပါတယ်။
၅။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လို ကဏ္ဍတွေမှာ ထင်ထင် ရှားရှား မြင်တွေ့နေရပြီလဲ။
လက်ရှိနွေဦးတော်လှန်ရေးကာလမှာတော့ မြေပြင်အခြေအနေနဲ့ပဲ ဆုံးဖြတ်မယ်ဆိုရင် မြေပြင်မှာဆို အုပ်ချုပ်ရေးပိုင်းတွေလုပ်ကြတဲ့အခါမှာအမျိုးသမီးတွေက ၃၀ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုပေမဲ့ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ဆိုရင် လက်ရှိကျွန်မလုပ်နေတဲ့ အမျိုးသမီးကဏ္ဍမှာဆိုရင် အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်က ၁၀၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သို့ပေမဲ့ ထင်ထင်ရှားရှားပြရမယ့် ဥပမာဆိုရင်တော့ ကိုယ့်အရေးကိစ္စမှာဆိုရင် ကိုယ်ကိုတိုင် အော်ခွင့်ရှိတယ်၊ အဲဒါကတော့ အထင်ရှားဆုံးဥပမာပေါ့။
အရင်တုန်းကဆိုရင် အမျိုးသမီးတွေရဲ့ ကိစ္စတော်တော်များများကို အမျိုးသားတွေကပဲ ဦးဆောင်တယ်၊ အမျိုးသားတွေကပဲ ဆုံးဖြတ်ချက် ချလိုက်ကြတယ်ပေါ့။ မင်းတို့ကတော့ ဘာလုပ်၊ အိမ်မှုကိစ္စလုပ်ဆိုပြီး အဲဒီလိုပုံစံမျိုးဆုံးဖြတ်ချက်ချကြတယ်၊ အခုကျတော့ အဲဒီလိုမဟုတ်တော့ဘဲနဲ့ ဘာလုပ်ချင်သလဲဆိုတဲ့ အပြန်အလှန်ညှိနှိုင်းမှုမျိုးတွေ ဖြစ်လာပါတယ်။
၆။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
နိုင်ငံရေးမှာ အမျိုးသမီးတွေအဓိကဦးဆောင်လာတာကတော့ ၂၀၁၆ ခုနှစ် လောက်က စပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့စတင်ဦးဆောင်တဲ့ အပြောင်းအလဲမှာပဲ အမျိုးသမီးတွေ တော်တော်များများက နိုင်ငံရေးကို စိတ်ဝင်စားလာကြတယ်။ နိုင်ငံရေးကို ပိုသဘောကြလာတယ်။ နိုင်ငံရေးမှာပါဝင်ရတာ၊ နိုင်ငံရေး မှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို အမျိုးသမီးချင်း ဖလှယ်လာကြတယ်။ လူငယ်ကဏ္ဍတွေ ပိုပြီးတော့ ဖွံ့ဖြိုး တိုးတက်လာကြတယ်။
နောက်တော့ ဒီနွေဦးတော်လှန်ရေးဖြစ်လာတဲ့အချိန်မှာလည်း တချို့နေရာတွေမှာ ဆိုရင် ဆရာမအိသဥ္ဇာမောင်တို့လို တခြားတခြားသောဆရာမတွေလည်း အများကြီးပါဝင်လာကြတယ်။ ဒါပေမယ့် တကယ့်ကိုအရေးပါ အရာရောက်တဲ့ဆုံးဖြတ်ချက်တွေ၊ နိုင်ငံတစ်ခုရဲ့ အပြောင်းအလဲနဲ့ပတ်သက် တဲ့ဆုံးဖြတ်ချက်တွေကို ချတဲ့နေရာမှာတော့ အမျိုးသမီးတွေရဲ့ အဲဒီလောက်ကြီးထဲထဲဝင်ဝင် မဟုတ်သေးဘူး။ ဒါကတော့ လက်ရှိမှာလည်း ကြုံနေရတဲ့ကိစ္စပေါ့။
ဘယ်ကဏ္ဍမှာမဆို ကိစ္စတစ်ခုခုပြောလိုက်တယ်ဆိုရင် အမျိုးသားအင်အားက (၁၀၀) ဖြစ်နေပြီး အမျိုးသမီးအင်အားက (၁၀) ပဲ ဖြစ်နေသေးတယ်။ အမျိုးသမီးတွေရဲ့ အားစိုက်ထုတ်မှုက (၁၀၀) ဖြစ်နေတယ်ဆိုရင်တောင်မှ အင်အားကတော့ (၁၀) ပဲ။ ဆုံးဖြတ်ပိုင်ခွင့်တွေမှာ ဆိုရင်လည်း သိပ်ပြီးတော့ အဆင်မပြေသေးဘူးပေါ့နော်။
တချို့ကိစ္စတွေမှာဆိုရင် အဟန့်အတားတွေ ရှိနေသေးတယ်။ အဓိကကတော့ ရှေးရိုးစွဲ ဓလေ့ထုံးစံတွေပါ။ အမျိုးသားဆိုလို့ရှိရင် သူတို့စိတ်ထဲမှာ၊ ကျွန်မစိတ်ထဲမှာတော့ တစ်ခုခုလုပ်လိုက်မယ်ဆိုရင် ဘုန်းကံနိမ့်မယ် ဆိုတဲ့ ဟာမျိုးတွေ ရိုက်ထည့်ထားခံရတယ်။ ဘာကြောင့် ဒီကိစ္စတွေကို ထည့်ပြောရတာလည်းဆိုတော့ ဘာမှ မဟုတ်လောက်ဘူးထင်ထားပေမယ့် ကိုယ်တွေရဲ့မသိစိတ်မှာ ရိုက်သွင်းခံထားရတာဆိုတော့ အလုပ်ကိစ္စ တစ်ခုခုလုပ်တော့မယ်ဆိုရင်၊ အိမ်တစ်အိမ်မှာသန့်ရှင်းရေးလုပ်တော့မယ်ဆိုရင်တောင်မှ အမျိုးသားတွေဆီမှာ ခွင့်တောင်းနေရတဲ့ကိစ္စမျိုး ရှိပါတယ်။
စီးပွားရေးပဲဖြစ်ဖြစ် တစ်ခုခုလုပ်တော့မယ် ဆိုရင် ဆုံးဖြတ်ချက် ချတာက အမျိုးသားတွေပဲဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍတွေ၊ နိုင်ငံခြားရေးကဏ္ဍတွေစသဖြင့်အားလုံးမှာလည်း ကျွန်မတို့ကြည့်လိုက်မယ်ဆိုရင် Focal Person က အမျိုးသားတွေကိုပဲ ခန့်တာများတယ်။ အမျိုးသမီးတွေက ဘယ်လောက်ပဲကောင်းကောင်း၊ အမျိုးသမီးတွေက ဘယ်လောက်ပဲတော်နေ၊ တတ်နေပါစေ မိန်းကလေးမိုလို့ထားလိုက်ပါကွာဆိုတဲ့ကိစ္စတွေက သူတို့စိတ်ထဲမှာ တော့ အလျှော့ပေးတာလို့ ဖြစ်နေမှာပဲ။
ဒါပေမယ့် တကယ့်တကယ်မှာတော့ ကဏ္ဍတွေအကုန်လုံးကို ရိုက်ချိုး ထားလိုက်ပဲ။ ကိစ္စတစ်ခုခုသွားမယ်၊ လာမယ်ဆိုရင်တောင်မှ မိန်းကလေးမို့လို့ မသွားနဲ့ဆိုတဲ့ ကိစ္စတွေပေါ့။ ဒီကိစ္စတွေက တကယ့်တော့ ဘာမှမဟုတ်ပေမယ့် ရေရှည်မှာတော့ အဲဒီမိန်းကလေးရဲ့ စိတ်ထဲမှာ ငါမရပ်တည် နိုင်တော့ဘူးဆိုတဲ့ဟာမျိုးတွေ ထင်ရင်းထင်ရင်းနဲ့ပဲ ကျွန်မတို့ရဲ့ အဲဒီစိတ်တွေကပဲ အဟန့်အတား ဖြစ်သွား တယ်လို့ ကျွန်မတစ်ကိုယ်တည်းအရ မြင်မိပါတယ်။
၇။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေကို လုပ်ဆောင်မယ်ဆိုရင် အမျိုးသားတွေကကော၊ အမျိုးသမီးတွေ ကိုယ်တိုင်ကပါ သိပ်လက်မခံချင်ကြတာ ရှိပါတယ်။ အမျိုးသမီးတွေအတွက်ပဲ လုပ်ပေးမှာလား၊ အမျိုးသားတွေ ကကော အရေးမပါဘူးလားဆိုပြီး ပြောကြရင်းနဲ့ ပဋိပက္ခတွေဖြစ်ပြီး စကားမပြောကြတော့ တာမျိုးတွေလည်း ရှိတယ်။
ဆိုတော့ ကျွန်မအနေနဲ့ပြောရမယ်ဆိုရင် မြေပြင်မှာ ဘာတွေလုပ်ဆောင်ပေးသင့်သလဲဆိုတော့ မြေပြင်မှာအမျိုးသမီးတွေကို ခဏခဏစကားပြောပေးတာ၊ အမျိုးသမီးတွေ ဘာလိုအပ်နေသလဲဆိုတဲ့ စာစောင်လေးတွေ ထုတ်ပြီးတော့မှ ဒီဟာကတော့ လုပ်သင့်တယ် တစ်ကိုယ်ရည်သန့်ရှင်းရေး ကိစ္စတွေမျိုးမှ အစပေါ့။ စကားပြောပေးရင်းနဲ့ ယုံကြည်မှုတည်ဆောက်၊ ပြီးတော့မှ တခြားတခြားသော လုပ်ငန်းကိစ္စရပ်တွေ ကို ဆွဲခေါ်တာမျိုးတွေ လုပ်သင့်တယ်လို့ ထင်ပါတယ်။
အစိုးရဖက်ခြမ်းအနေနဲ့ပြောရမယ်ဆိုရင် အမျိုးသမီးတွေနဲ့ပါတ်သက်ပြီး စကားပြောကြတဲ့အခါမှာ အမျိုးသမီး တွေကို ဖိတ်ခေါ်ဖို့၊ အမျိုးသမီးထုတွေကို ကိုယ်စားပြုတဲ့အမျိုးသမီးတွေနဲ့ စကားပြောပြီး ခေါင်းဆောင်ပိုင်းမှာ လည်း အမျိုးသမီးတွေကို ထည့်သွင်းစဉ်းစားပေးဖို့ လိုပါတယ်။
ပုဂ္ဂိုလ်ရေးကိစ္စတွေ မပါဘဲနဲ့ တကယ်လုပ်နိုင် တဲ့အမျိုးသမီးတွေကို ရှေ့တန်းတင်ပြီးတော့မှ အလုပ်လုပ်ခွင့်ပေးတာမျိုးတွေ ပြီးတော့ အဲဒီအမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားတာမျိုးတွေလုပ်သင့်တယ်။ နိုင်ငံတော်သစ် တည်ဆောက်တဲ့နေရာမှာ အမျိုးသမီး အခွင့်အရေးတွေ၊ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးတွေ ဆိုတဲ့ကိစ္စရပ်မျိုးတွေ ထည့်သွင်းစဉ်းစား ပေးစေချင်ပါတယ်။
၈။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ လူငယ်တွေတိုးတက်လာမှာပေါ့။ နိုင်ငံရေးမှာလည်း အဲဒီလိုပဲ၊ ကျွန်မတို့မြင်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံ တစ်နိုင်ငံရဲ့လိုအပ်တဲ့ အစိတ်အပိုင်းတွေရဲ့ စီမံခန့်ခွဲရမယ့်အပိုင်းတွေမှာ အမျိုးသမီးတွေက ဦးဆောင်မယ် ဆိုရင် သေချာတယ် ဟာကွက်ဆိုတာ အရမ်းနည်းသွားလိမ့်မယ်။
အိမ်ထဲမှာပဲနေပြီး အိမ်ထောင်မှုကိုပဲ ထိန်းသိမ်းရတဲ့ အမျိုးသမီးတွေတောင်မှ ဒီလောက်ဒေါင့်စေ့နေတယ်ဆိုလို့ရှိရင် နိုင်ငံရေးမှာ တင်းပြည့် ကျပ်ပြည့် ပါဝင်လုပ်ဆောင်မယ့်အမျိုးသမီးတွေဆိုရင် ဒီထက်ပိုပြီးဉာဏ်ကောင်းမယ်။ နောက်ပြီး ဉာဏ်ကောင်းတဲ့အမျိုးသမီးတွေကနေ ဆင်းသက်လာမယ့် မျိုးဆက်သစ်တွေကလည်း သေချာပေါက် ကောင်းကောင်းမွန်မွန်လုပ်နိုင်တဲ့ စည်းကမ်းရှိတဲ့သူတွေ ဖြစ်လာမှာပေါ့နော်။
ဒါကြောင့် နိုင်ငံတော်အသစ်ပြန်လည်တည်ဆောက်ကြတော့မယ်ဆိုရင် အမျိုးသမီးအခန်းကဏ္ဍတွေကို အရင် တုန်းကအတိုင်းပဲ ထပ်ပြီးတော့ချိုးနှိမ်ထားအုံးမယ်ဆိုရင် အမျိုးသမီးအခွင့်အရေးတွေကို အရင်တုန်းက လိုပဲ မပေးဘူးဆိုရင် ဘာမှထူးမှာမဟုတ်တဲ့ နိုင်ငံ၊ ဘာမှပြောင်းလဲလာမှာမဟုတ်တဲ့နိုင်ငံကိုပဲ ရမှာပါ။ အဲဒီနေရာ မှာသာ အမျိုးသမီးတွေကို ထည့်သွင်းပေးခဲ့မယ်ဆိုရင်တော့ ကျွန်မတို့မျှော်လင့်ထားတာထက် ပိုကောင်းမွန်တဲ့ မူဝါဒတွေ၊ ဆုံးဖြတ်ချက်တွေချနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။
၉။ ဖြည့်စွက်ချက်။
အဓိကပြောချင်တာကတော့ ကျွန်မတို့အမျိုးသမီးအချင်းချင်းကိုယ်တိုင်လည်း တစ်နေရာရာမှာ ရှေ့ထွက်ပြီး အလုပ်လုပ်ရတော့မယ်ဆိုရင် ယောင်္ကျားလေးတွေကိုပဲ တွန်းတင်ပေးတာမျိုးတွေ၊ အမျိုးသမီးတွေ ဦးဆောင် တာထက် အမျိုးသားတွေဦးဆောင်တာက ပိုကောင်းတယ်လို့ လုံးဝကိုလက်ခံထားကြတဲ့ ရှေးရိုးစွဲအမြင်တွေ ကလည်း ဒီဖက်ခေတ်မှာကျန်နေသေးတယ်။
ဒါကြောင့် အမျိုးသမီးအချင်းချင်းပဲအားပေးရမယ်ဆိုရင်တော့ သွားပါ၊ လုပ်ကိုင်ကြပါ၊ ရဲတင်းတဲ့ ဆုံးဖြတ်ချက်မျိုးတွေကို ကိုယ်တိုင်ချကြပါ။ နိုင်ငံရေးလမ်းကြောင်း မှာပဲဖြစ်ဖြစ်၊ တော်လှန်ရေးလမ်းကြောင်းမှာပဲ ဖြစ်ဖြစ် ပါဝင်နေတဲ့အမျိုးသမီးတစ်ဦးရဲ့နောက်မှာ အမျိုးသမီး ထုတရပ်လုံး ရပ်တည်နေတယ်ပေါ့နော်။
ဆိုတော့ လုပ်ရမယ့်အလုပ်တွေ၊ လုပ်ဆောင်ချက်တွေကို ပြည့်ပြည့် ဝဝ လုပ်ဆောင်ကြပါ။ စိတ်အားငယ်တာ၊ စိတ်ဓာတ်ကျတာတွေကို အမျိုးသမီးတွေအချင်းချင်း အများကြီး ဆွေးနွေးလို့ ရတယ်၊ ဖလှယ်လို့ရတယ်။ လုံးဝကိုစိတ်ဓါတ်ကျနေတဲ့အချိန်တွေမှာဆိုရင် အမျိုးသမီး အချင်းချင်း က ပေးတဲ့အကြံဉာဏ်တွေက ပိုပြီးတော့ အထောက်အကူဖြစ်တယ်။ အဲဒါလေးကို အမျိုးသမီးတွေရဲ့ စိတ်ထဲမှာ ထည့်ထားပေးကြဖို့ပဲ ပြောချင်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on