Ja Seng Ing
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“အာဏာရှင်မရှိဖို့ဆို တရားမျှတရေး၊ တရားဥပဒေစိုးမိုးရေး အပါအဝင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ဖြစ်နေတဲ့အနေအထားတွေ ထပ်မရှိဖို့ လိုပါတယ်”
 
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။

နွေဦးတော်လှန်ရေးအရွေ့ကတော့ နေရာစုံ၊ လူစုံကနေရွေ့တဲ့ နိုင်ငံရေးအရွေ့တစ်ခုလို့ မြင်ပါတယ်။ သို့ပေမဲ့  ပါဝင်နေကြတဲ့အဖွဲ့အစည်းတွေအနေနဲ့ တစုတစည်းတည်း ရွေ့နေကြတာလား။ ကိုယ့်ရဲ့ဦးတည်ရာနဲ့ ကိုယ့် ဟာကိုယ်ရွေ့သွားမှာလားဆိုတဲ့ လားရာကတော့ သဲသဲကွဲကွဲမမြင်ရဘူးဆိုတာ တွေ့ရတယ်။

တော်လှန် ရေးပန်းတိုင်နဲ့ နိုင်ငံရေးအောင်မြင်မှုကို အခုလက်ရှိကာလမှာ စဉ်းစားကြည့်မယ်ဆိုရင် အာဏာရှင်ပြုတ် ကျရေးကိုပဲ သွားနေတာလား။ အာဏာရှင်ပြုတ်ကျရေးအလွန်မှာ ဘာဆက်ဖြစ်မှာလဲဆိုတာကို ကျွန်မတို့က သဲသဲကွဲကွဲမမြင်ရေသေးဘူးလို့တော့ မြင်ပါတယ်။
 
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

နိုင်ငံတစ်ခု တည်ဆောက်မယ်လို့ ပြောတဲ့အခါမှာ နိုင်ငံဆိုတာဘာလဲ ကစပြီး စဉ်းစားမိပါတယ်။ နိုင်ငံတစ်ခု ဖြစ်လာတယ်ဆိုတာက သဘောတရားချင်း၊ လိုချင်တဲ့ပန်းတိုင်ချင်း၊ ရည်ရွယ်ချက်ချင်း၊ စိတ်ဆန္ဒချင်း တူညီတဲ့ လူတွေ စုထားတဲ့ အစုအဝေးတစ်ခု ဖြစ်ပါတယ်။ ဒီအစုအဝေးထဲမှာ များသောအားဖြင့် ဖြစ်တည်မှု ဝိသေသ လက္ခဏာတွေ တူကြပါတယ်။     

အားလုံးမတူရင်တောင်မှ အနည်းဆုံးအခြေခံတူညီချက်က နိုင်ငံသားဖြစ်ခြင်း ဖြစ်ပါတယ်။ လက်ရှိ Nation Building ဆိုတဲ့အခါမှာ  rebuild ပြန်လုပ်ရတဲ့အနေအထား ဖြစ်နေပါတယ်။ ပြသနာပေါင်းမျိုးစုံရှိနေတဲ့ကြားထဲက  အဲ့ဒီပြသနာတွေကို ကျော်လွန်ပြီးတော့မှ အာဏာရှင်ပြုတ်ကျရေး အတွက် လုပ်နေကြတယ်။

ဖက်ဒရယ်ဒီမိုကရေစီအတွက်ကို သွားနေကြတယ်လို့ သတ်မှတ်ထားတယ်ဆိုတော့ အရင်ဆုံးတော့ အာဏာရှင်မရှိဖို့ဆို တရားမျှတရေး၊ တရားဥပဒေစိုးမိုးရေး အပါအဝင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ဖြစ်နေတဲ့အနေအထားတွေ ထပ်မရှိဖို့ လိုပါတယ်။  တစ်ယောက်နဲ့တစ်ယောက်ရဲ့စံတန်ဖိုးက သူလည်းလူပဲ ကိုယ်လည်းလူပဲဆိုတဲ့ လူဖြစ်ခြင်းဆိုတဲ့ အပေါ်မှာပဲ အခြေခံပြီးမှ အခွင့်အရေးတန်းတူညီမျှမှုရှိဖို့ လိုပါတယ်။  

ကျွန်မတို့မြန်မာနိုင်ငံလိုမျိုးအခြေအနေက တကယ့်ကိုစုံလင်ကွဲပြားတဲ့လူမျိုးစုတွေ၊ မတူညီတဲ့သမိုင်းကြောင်း က လာတဲ့အတွေးအခေါ်တွေက စုပေါင်းထားတာဖြစ်တဲ့အတွက် မှန်ကန်တဲ့သမိုင်းကြောင်းကို ပြန်ပြီးတော့ ချည်းကပ်ဖို့လိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောတဲ့အတွက်ကြောင့် ဒီမိုကရေစီစံတန်ဖိုးတွေကိုလည်း အလေးထားဖို့ လိုပါတယ်။

လက်ရှိအချိန်အထိ နိုင်ငံရေးပဋိပက္ခကြီးတဲ့နိုင်ငံဖြစ်တဲ့အတွက်     တစ်ယာက်နဲ့ တစ်ယောက် ဘယ်လိုဆက်ဆံမလဲ။ ဘယ်လိုမျိုး ယုံကြည်မှုတည်ဆောက်မလဲ။ ပြီးတော့ တကယ့်ကို တန်ဖိုးရှိတဲ့ မိတ်ဆွေရင်းချာ၊ partnership လို့ မပြောရင်တောင် မဟာမိတ်တည်ဆောက်မှုကို ဘယ်လို သွားမလဲဆိုတာကို အများကြီးစဉ်းစားဖို့ လိုပါတယ်။

နှစ် ၇၀ လောက် တင်ခဲ့တဲ့ တယောက်နဲ့တယောက်ရဲ့ နားမလည်မှုကို ချက်ချင်းလက်ငင်း သုံးရက်နဲ့ တစ်နှစ် ထဲနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ဘယ်လိုသွားနေတာလဲဆိုတာကို တစ်ထပ်တည်းမြင်နိုင်အောင် ပြနိုင်ဖို့ ဆိုတာ ကျွန်မတို့ကသေးငယ်တဲ့ ပြဿနာလေးကနေ စပြီးဖြေရှင်းပေးလို့ ရပါတယ်။

အာဏာရှင်ပြုတ်ကြပြီး တဲ့အခါမှာ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတစ်ခုကို ဘယ်လိုတည်ဆောက်မလဲ။ အဲ့ဒါကို ဘယ်လို အဓွန့်ရှည်အောင် လုပ်မလဲဆိုတဲ့ ဆိုတာကို ရေရှည်အစီအမံတွေအပြင် ရေတိုမှာ ရလဒ်ထွက်မဲ့အစီအမံတွေကို ချပြနိုင်မှသာ အချင်းချင်းကြား၊ ပြည်သူနဲ့ အစိုးရကြား ဆက်ဆံရေးကောင်းမှာ ဖြစ်ပါတယ်။  

အကောင်အဖော် တဲ့အခါမှာ စံတန်ဖိုးထားမှုတွေအကြောင်း ပြောနေရုံနဲ့မပြီးဘူး။  လူတိုင်းသည် ပါဝင်ခွင့်ရှိတယ် ဆိုတာကို ပြသ နိုင်ရမယ်။ ဒါက အရေးအကြီးဆုံး အပိုင်းဖြစ်ပါတယ်။
 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

မြန်မာနိုင်ငံဟာ အရမ်းကို စုံလင်ကွဲပြားတဲ့ နိုင်ငံ ဖြစ်တယ်။ စုံလင်ကွဲပြားတဲ့အပေါ်မှာ ခေတ်အဆက်ဆက်မှာ Divide and rule လို့ခေါ်တဲ့ ခွဲခြားပြီးအုပ်ချုပ်ခဲ့တယ်။ ကျွန်မတို့ရဲ့ဖြစ်တည်မှုတွေ ဝိသေသလက္ခဏာတွေ ဖြစ်တဲ့ လူမျိုး၊ အသားအရောင်၊ ဘာသာ ဆိုတဲ့ သုံးခုနဲ့ပဲ သူတို့ကအမြဲတမ်းနိုင်ငံရေးမှာ မရိုးနိုင်တဲ့လှည့်ကွက် အနေနဲ့သုံးပြီး အမြဲတမ်း အုပ်ချုပ်ခဲ့တာ။

နိုင်ငံတစ်နိုင်ငံမှာ တူနေတဲ့သဘောဆန္ဒရှိတဲ့ လူအုပ်စုအစုအဝေး တစ်ခုကို နိုင်ငံလို့ သတ်မှတ်လိုက်မယ်ဆိုရင် သူတို့ရဲ့ဖြစ်တည်မှုကို နိုင်ငံနဲ့ဘယ်လိုချိတ်ဆက်မလဲလို့ စဉ်းစားတဲ့အခါမှာ ခုနကပြောတဲ့ diversity က အရမ်းအရေးကြီးပါတယ်။ ငါတို့နဲ့တူတဲ့သူပဲ ငါ့နိုင်ငံမှာလာနေ။      ငါနဲ့မတူတဲ့သူတွေက တခြားနိုင်ငံထောင်နေဆိုတဲ့ပြီးတော့မှနေဆိုတဲ့ဟာက ဒါကလက်တွေ့မကြဘူး။

ဘာဖြစ် လို့လဲဆိုတော့ တောက်လျှောက်ကျွန်မတို့ကမ္ဘာမှာ ဖြစ်လာတဲ့ပုံစံအဆင့်ဆင့်အရဆို လူတွေကရွေ့ပြောင်းသွား လာတဲ့ သတ္တဝါတွေဖြစ်တဲ့အတွက်ကြောင့် အမြဲတမ်း၊ တသမတ်တည်း တူညီနေတဲ့လူစုတွေဖြစ်နေမှာ မဟုတ်ဘူး။ နိုင်ငံသားဖြစ်ခြင်းကို လူမျိုး၊ ဘာသာ၊ အသားအရောင် နဲ့လုပ်တယ်ဆိုရင် အရင်တုန်းက အဲ့ဂျင်းကတော့ တော်တော်လေးတော့ ထိဦးမှာပဲ။

လက်ရှိကျွန်မတို့နိုင်ငံမှာ ethnic nationalism ကြီးက အရမ်းကို အင်အားကောင်းလာတယ်။ ethnic nationalism ကို တအားအခြေပြုမယ်ဆိုရင်တော့ ပြဿနာတွေ အများကြီးပေါ်လာနိုင်မယ်လို့ ကြိုတင်မှန်းဆပြီး‌တော့ တွေးမြင်နိုင်တဲ့ ကောင်းမွန်တဲ့ ဦးဆောင်မှု၊ အစိုးရပုံစံကို စဉ်းစားဖို့လိုပါတယ်။  နောက်တခုကတော့ အမျိုးသမီးတွေရဲ့ ကဏ္ဍပေါ့။ အမျိုးသမီးတွေ မရှိမဖြစ်ကိုလိုတဲ့ ကဏ္ဍလို့ပြောမယ်ဆို ပထမဆုံးစတွေးရမှာက အမျိုးသမီးသည် လူဖြစ်တယ်။

လူတိုင်းရဲ့  အခွင့်အ‌ရေးသည် တန်းတူညီတူရှိတယ်လို့ ကျွန်မတို့စဉ်းစားလိုက်မယ်ဆိုရင် အဲ့လူတစ်ယောက်နဲ့သက်ဆိုင် လာတဲ့ကိစ္စရပ်တိုင်း မှန်သမျှသည် အမျိုးသမီးဆိုတဲ့ လူတစ်ယောက်သည်လည်း ပါဝင်ခွင့်ရှိတယ်။ ပါလဲပါဝင် သင့်တယ်လို့ ကျွန်မတို့က တွေးမြင်တယ်။ နောက်တပိုင်းအနေနဲ့ပြောရမယ်ဆို ဘယ်လိုနေရာတွေမှာ ပိုပြီး‌တော့မှ မပါမဖြစ်လဲလို့ ပြောရမယ်ဆိုရင် အခုလက်ရှိအခင်းအကျင်းမှာဆိုရင် လူမျိုးစုလက်နက်ကိုင်တွေရဲ့ နေရာ ဒေသအသီးသီးနဲ့ မြန်မာနိုင်ငံရဲ့ political representation လို့ ပြောလိုက်ပြီဆို NUG ၊ NUCC ၊ CRPH အမျိုးသမီးတွေ seat နေရာရခြင်းကတော့ ကောင်းလာတယ်။  

ဒါပေမယ့် တချိန်ထဲမှာ တကယ့်တကယ် ဆုံးဖြတ်ချက်ချတဲ့နေရာလို့ ပြောလိုက်မယ်ဆိုရင် အမျိုးသမီးပါဝင်မှုက တအားနည်းတယ်။      နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ကိစ္စ ပြီးသွားတဲ့အခါမှာ  PDF မှာ army system group တွေမှာ ကြည့်လိုက်မယ် ဆိုရင် အရင်ကလည်းပြောတယ်။ လက်နက်ကိုင်တော်လှန်ရေးမှာ အမျိုးသမီးတွေ role က     ဘဏ္ဍာထိန်းတို့၊ operation နဲ့ဆက်စပ်တဲ့အပိုင်းတွေ admin တို့ အဲ့လိုမျိုးအပိုင်းတွေမှာ ပိုပြီးထားတယ်။ 

ရည်ရွယ်ချက်က အစဉ်အဆက်ကဖြစ်လာတဲ့ အမျိုးသမီးဆိုက ကာကွယ်ပေးရမယ်။ ကာကွယ်ဖို့ လိုအပ်တဲ့သတ္တဝါတွေ ဖြစ်တယ်။ လက်ရှိအချိန်အထိ တကယ့်စစ်ရေးဘက်မှာ ပါဝင်နိုင်မှုကလည်း အတိုင်းအတာတစ်ခုထိ အကန့် အသတ်တွေ ရှိနေတယ်။ ကျန်တဲ့ဟာတွေက အရေးမကြီးတာတော့ မဟုတ်ဘူး။ ကျွန်မပြောသလို အကုန်လုံး နေရာတိုင်းမှာ အမျိုးသမီးပါဝင်ဖို့အရေးကြီးပေမယ့် ဒီနေရာတွေကကြတော့ Nation building ဖြစ်ဖို့ဆို အခုထဲကစပြီးတော့မှ နေရာယူထားဖို့ လိုအပ်ပါတယ်။
 

၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

ကျွန်မတစ်ဦးထဲအမြင်နဲ့ စဉ်းစားကြည့်မယ်ဆို အမျိုးသမီးတွေရဲ့အခန်းကဏ္ဍပါဝင်မှုက တကယ့်ကို ထိရောက် တဲ့ပါဝင်မှုတစ်ခုအနေနဲ့ အများကြီးတော့ မမြင်ရသေးပါဘူး။ NUG မှာ ပြန်ကြည့်မယ်ဆိုရင်တောင် အမျိုးသမီးနဲ့ကလေးသူငယ်ဆိုတာကို တခါထဲတွဲထားတယ်။ အမျိုးသမီးနဲ့ကလေးသူငယ်လို့ စပြီးစဉ်းစားလိုက် ကတည်းက အမျိုးသမီးတွေသည် အမေပေါ့။

အမျိုးသမီးတွေကို တသတ်မှတ်တည်း stereotypes  ထည့်ခြင်း အားဖြင့် အမျိုးသမီးထဲမှာ ဖြစ်နိုင်တဲ့     လုပ်နိုင်တဲ့ သူတို့ရဲ့စွမ်းအားနဲ့ potential agency ဖြစ်မှုကို အတိုင်း အတာတခုထိ limit လုပ်လိုက်သလို မြင်ရပါတယ်။ အမျိုးသမီးပါဝင်မှုက  နံပါတ်အားဖြင့်ကောင်းလာတယ် ဆိုတာကလွဲရင်ကျန်တာတွေ အရမ်းကြီးတော့ မတွေ့နေရဘူး။

နောက်ဆုံးထွက်လာတဲ့ transitional justice ပေါ်လစီတို့ဘာတို့မှာဆိုရင်လည်း ဂျဲန်ဒါနဲ့ပတ်သက်တဲ့ issue တွေမှာ အထူးသဖြင့် tranditional culture value နဲ့ပတ်သက်တဲ့ transitional Justice  system တွေက အဲ့မှာအမျိုးသမီးတွေ ပါဝင်ဖို့လိုတဲ့ဟာ အဲ့နေရာ မှာရှိတဲ့ gap တွေကို fill up လုပ်တာတွေ  မပါလာတာတွေ တွေ့ရတယ်။ ထပ်ပြီး တော့မှ အများကြီးလုပ်ဖို့ လိုဦးမယ်။ ဒါပေမယ့် အရွေ့တစ်ခုကတော့ ကောင်းတဲ့ဘက်ကို သွားတယ်လို့ မြင်ပါတယ်။
 

၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

ဘယ်ဟာတွေက အဟန့်အတားဖြစ်စေတာလဲဆိုတော့ အရိုးအရှင်းဆုံးကတော့ လူမျိုးစုဖြစ်ခြင်းဆိုတဲ့ identity တွေ၊  ဝိသေသလက္ခဏာတွေက စပြောရတော့မှာပဲ။ ဒီအစုအဖွဲ့တွေရဲ့ နှစ်ရှည်လများ ကျင့်သုံးလာတဲ့စနစ် တွေ အလေ့အကျင့်တွေက ကျွန်မတို့ရဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာဓလေ့ထုံးတမ်းတွေ ဖြစ်သွားပါတယ်။ အဲ့ဒီကျင့်သုံးမှုစနစ်တွေတော်တော်များများကကျတော့ အမျိုးသားတွေကဦးဆောင်လာတဲ့အမြင်တစ်ခု နောက်မှာ အမျိုးသမီးဆိုတာ ကာကွယ်ပေးရမယ့် သတ္တဝါဆိုတဲ့ စဉ်းစားလာတဲ့ stereotypes တွေအများကြီး ရှိခဲ့ပြီးသား ဖြစ်ပါတယ်။ဒါကတော့ မပြောမဖြစ် စဥ်းစားထားရတဲ့ အရာတွေ ဖြစ်ပါတယ်။

နောက်ဆုံး အမျိုးသားတစ်ယောက်နဲ့ ယှဥ်ပြီးစကားပြောရတယ်ဆိုရင် ဘယ်သူ့အသံကို ပိုပြီး နားထောင်မလဲ။ ဘယ်သူ့ ဆုံးဖြတ်ချက်ကို လိုက်လုပ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး အများကြီး ကွာခြားချက် ရှိပါတယ်။ အစွမ်းအစရှိရင် ပါလို့ရတာပဲလို့ပြောတဲ့အခါမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်ပိုင်ခွင့်ကို ဘယ်အချိန်အထိ ပိတ်ပင် ထားပြီးတော့  ဘယ်လောက်ကြာမှ ပါဝင်ခဲ့ရသလဲ။ အမျိုးသမီးတွေအတွက် နိုင်ငံရေး ပလက်ဖောင်းက အရမ်းကိုအကန့်အသတ်တွေ များနေတုန်းပါဘဲ။

အထူးသဖြင့် မတူညီသော background၊   စုံလင်ကွဲပြားတဲ့ background ကလာတဲ့ သရုပ်သကန်ကလာတဲ့ အမျိုးသမီးတွေအတွက်ဆို ပိုတောင်ခက်ပါတယ်။ ဒီ အမျိုးသမီးက သူ့ရဲ့နေ့စဉ်ဘဝမှာ ဘယ်လိုမျိုး သူ့ရဲ့အသံနဲ့ ထုတ်ခွင့်မရှိမလဲဆိုတဲ့ ကျွန်မတို့က ပိုပြီးပြုစု ပျိုးထောင်ခြင်းအားဖြင့် အမျိုးသမီးခေါင်းဆောင်တွေကို ပိုပြီးစွမ်းရည်မြှင့်တင်ပေးရင်းနဲ့ political life မှာ ပိုပြီးတော့မှ ပါလာနိုင်ဖို့လုပ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်လိမ့်မယ်။
 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

ဂျဲန်ဒါ inclusive ဖြစ်ဖို့ လိုပါတယ်။ Inclusion လို့ပြောလိုက်ပြီဆို နံပါတ်လေးပဲ ထည့်လိုက်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ဘူး။ တကယ့်ကို ပေါ်လစီတွေချမှတ်တဲ့နေရာမျိုးတို့ ဥပဒေရေးဆွဲရေးတွေမှာ ကိုယ်စားပြုခြင်း အပြင် နေ့စဉ်ဘဝတွေမှာပါ ဘယ်လောက်အထိ gender inclusion ကိုလုပ်ပေးနိုင်မလဲ ဆိုတဲ့ကိစ္စပါ။ ပတ်ဝန်းကျင်မှာလည်း စုံလင်ကွဲပြားတဲ့အမျိုးသမီးတွေ အသံပါလာဖို့လိုပါတယ်။

ဆိုလိုချင်တာ လက်တစ်ဆုပ် စာ ခွင့်ထူးခံ လူအုပ်စုတစ်ခုကိုပဲ ပေးထားလို့လည်းမရဘူး။ ဖက်ဒရယ်ဒီမိုကရေစီကိုသွားမယ်ဆို ပဋိပက္ခ အလွန်ကာလကို တွေးကြည့်ရတော့မှာပေါ့။ transitional justice ကနေ transformative Justice  တစ်ခုကို သွားတဲ့အခါမှာ အမျိုးသမီးအခန်းကဏ္ဍကို ဘယ်ထဲမှာထည့်သွင်းမှာလဲ ဘယ်လောက်ထိသွားမှာလဲကလည်း   အများကြီး အရေးကြီးပါတယ်။ နောက်တခုအရေးကြီးဆုံးက နိုင်ငံရေးဦးဆောင်မှုပေါ့။   

တကယ့်ဆုံးဖြတ်ခွင့် အတွက် အစိုးရအဖွဲ့တွေမှာ နံပါတ်အားဖြင့်ပါဝင်တာမဟုတ်ပဲနဲ့ တကယ်ပါဝင်နိုင်တဲ့ အနေအထားတခုကို ရောက်လာအောင် ကျွန်မတို့ ဘယ်လိုလုပ်မလဲလို့ စဉ်းစားတဲ့အခါမှာ ဥပဒေနဲ့ပတ်သက်တဲ့အရာတွေရှိတယ်ဆို ကျွန်မတို့တွေ ဖြုတ်ချဖို့လိုတယ်။ အရင်ကဖြစ်ခဲ့တဲ့ tranditioanl value တွေနဲ့ conservative ဖြစ်နေတဲ့ လူထုတစ်ခုကို အခုခေတ်စနစ်နဲ့ ချိတ်ဆက်ပေးရမယ်။

တံတားကူးပေးရတယ်ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ အဲ့တံတားကူးတဲ့အခါမှာ လိုချင်တဲ့ ကမ်းဘက်ကိုကူးလာနိုင်အောင် တံတား အနှိမ့်တွေအမြင့်တွေ  အပေါက်ဖာစရာရှိတဲ့ နေရာတွေ အများကြီးရှိတယ်။ အဲ့တံတားကို လုပ်ချင်တဲ့လူတစ်စုကပဲ လုပ်ပေး နေတယ်လို့ ပြောနေလို့ အော်နေလို့ မရဘူး။ လူတိုင်းပါဝင်ပြီးတော့ ဆောက်တော့မှာပဲရမယ်။

အမျိုးသမီးအခွင့်အရေးသည် လူ့အခွင့်အရေးဖြစ်သည်လို့ ပြောတဲ့အခါမှာ လူ့အခွင့်အရေးသည် လူလို့သတ် မှတ်ထားတဲ့သတ္တဝါအားလုံးနဲ့ သက်ဆိုင်တဲ့အခွင့်အရေး ဖြစ်တယ်။ ဒီအမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးမှုသည် လူတွေရဲ့ အခွင့်အရေးဆုံးရှုံးမှု ဖြစ်တယ်ဆိုတာကို နားလည်လက်ခံလာဖို့ လိုတယ်လို့ စပြီး ပြောချင်ပါတယ်။ 

အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု ဆိုတဲ့နေရာမှာ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတခုထဲပဲ အမျိုးသမီးအခွင့်အရေး ချိုးဖောက်တာမဟုတ်ဘူး။ ဂျဲန်ဒါသည် women issue တစ်ခုထဲကို ပြောတာမဟုတ်ဘူး။ gender သည် beyond women issues ကိုပြောတာဖြစ်ပါတယ်။ အမျိုးသမီးအခွင့်အရေးဆုံးရှုံးမှုက ထင်သာမြင်သာရှိတဲ့အခွင့်အရေးတွေပဲ ဆုံးရှုံးတာမဟုတ်ပဲနဲ့ မမြင်သာတဲ့ အလွှာတွေ အများကြီးရှိတယ်။ အဲ့ အလွှာတွေ အကုန်လုံးကိုလည်း မြင်တက်ဖို့လိုတယ်။

တချို့ကိစ္စတွေမှာ ထောက်ပြပြောဆိုတာတွေ လိုတယ်။ ဒါပေမယ့် တချိန်ထဲမှာ ကျွန်မတို့ရဲ့ ချည်းကပ်တဲ့ လမ်းတွေက ထိခိုက်မှုဘက်ကို မသွားဖို့လိုတယ်။အပြောင်းအလဲက လူ့အဖွဲ့အစည်းကို ထိခိုက်တဲ့အမြင်တွေမဖြစ်သွားဖို့ ကျွန်မတို့ကပြန်ပြီးတော့ မျှခြေ ဖြစ်အောင် လုပ်ဖို့လိုတယ်။
 

၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

အမျိုးသမီးတွေ ပါလာခြင်းအားဖြင့်က များသောအားဖြင့် အမျိုးသမီးတွေသည် sexualize  objective အနေနဲ့မြင်ခံရတဲ့အခါမှာ conflict  ဖြစ်လာပြီဆိုရင် အမျိုးသမီးတွေ အမြဲ target လုပ်ခံရတယ်။ ဒါကြောင့် အမျိုးသမီးတွေကိုယ်တိုင် ပါဝင်ခြင်းအားဖြင့် သူတို့ကိုယ်တိုင် ဒီအရာကို မလုပ်နိုင်အောင် မဖြစ်အောင် ဆိုတဲ့အမြင်တွေနဲ့ သူတို့က ဝင်ပြောပါလိမ့်မယ်။

အဲ့အခါမှာ violence ဖြစ်လာနိုင်တဲ့ human security ပတ်သက်တဲ့အပိုင်းတွေ၊ အ‌ရေးကြီးတဲ့ Justice ထဲမှာလည်း ပါလာခြင်းအားဖြင့် အမျိုးသမီးတွေ တကယ် လိုအပ်တဲ့ Justice ကို ရဖို့အတွက် ဘယ်လိုလမ်းကြောင်းနဲ့သွားသင့်တယ်။ ဘယ်လိုမျိုး အခက်အခဲတွေ သူတို့မှာကြုံတွေ့နေရတယ်ဆိုတာကို သူတို့လောက်ပြောပြနိုင်မှာ သူတို့ပဲရှိလိမ့်မယ်။

နောက်ထပ်ကဏ္ဍ တစ်ခုကတော့ စီးပွားရေးပါ။ အမျိုးသမီးတွေကိုယ်တိုင် အခြားသော နိုင်ငံတည်‌ပြန်လည်‌ဆောက်တဲ့အခါမှာ စီးပွားရေးနဲပတ်သက်တဲ့ ပေါ်လစီ၊ အမြင်တွေ ပါလာခြင်း အားဖြင့်လည်း ပိုပြီးတော့ ကောင်းမွန်တဲ့စီးပွားရေး အခွင့်အလမ်းနဲ့ စီးပွားရေးဆက်စပ်မှုတွေ ပိုစဉ်းစားနိုင်မယ်လို့ ထင်ပါတယ်။ ကမ္ဘာမှာဆိုရင်လည်း women partication ecomonic တို့ကို တအားပြောလာကြပါပြီ ဖြစ်ပါတယ်။

မတူညီတဲ့ကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့အသံတွေကို ယူဆောင်လာနိုင်ခြင်းအားဖြင့် ကျွန်မတို့ကပိုပြီးတော့မှ တည်ငြိမ်အေးချမ်းမယ်၊ စီးပွားရေးအားဖြင့်လည်း ပိုပြီးကောင်းလာမှာ ဖြစ်သလို၊  အနာဂတ်မှာဆိုရင် အမျိုးသမီးတွေကို sexualize  objective လုပ်တာတွေ ၊  violence ဖြစ်စေတဲ့ natureတစ်ခုကို အတက်နိုင်ဆုံး လျော့နိုင်လိမ့်မယ်လို့ မြင်ပါတယ်။


၈။ ဖြည့်စွက်ချက်။ 

အမျိုးသမီးတွေကလည်း လူထဲကလူတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့က လူသားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ လူ့အခွင့်အရေးဆိုတာ ကျွန်မတို့မှာ အကုန်ရှိတယ်။ အဲ့ရှိတဲ့ဟာကို ဘယ်လိုရအောင်ယူမလဲ ဘယ်လိုနည်းလမ်းနဲ့ ပိုတိုးချဲ့ပြီးတော့ ယူမလဲဆိုတာ ကျွန်မတို့ကိုယ်တိုင် အမျိုးသမီးဖြစ်ခြင်းသည် ဘာလဲဆိုတဲ့ဟာမျိုး ကိုယ့်ကိုကိုယ် define လုပ်ဖို့ အမြဲစဉ်းစားနေဖို့လိုပါတယ်။

​အဲ့ဟာတစ်ခုကိုအားလုံးကို message ပေးရင်းနဲ့ အမျိုးသမီးတွေအတွက် အမျိုးသမီးတွေလည်း ရှိတယ်။ အမျိုးသမီးတွေက ပိုပြီးတော့မှ လူတစ်ယောက်အနေနဲ့ နိုင်ငံတည်ဆောက်တဲ့နေရာမှာ ဘယ်လိုအခန်းကဏ္ဍကပါဝင်သွားနိုင်မလဲဆိုတာ ဒီထက်ပိုပြီးတော့မှ စဉ်းစားနိုင်ဖို့အတွက်လည်း ဆုတောင်းမေတ္တာပို့သပါတယ်။


"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media