ဒေါ်မေစပယ်ဖြူ
အမျိုးသမီးအခွင့်အရေးနဲ့ ဂျဲန်ဒါတန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး
တက်ကြွလှုပ်ရှားသူ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“နွေဦးတော်လှန်ရေးပြီးတဲ့အခါမှာလည်း အမျိုးသမီးတွေရဲ့ တော်လှန်ရေးမှာ ပါဝင်ခဲ့မှုတွေ၊ စွမ်းဆောင်ခဲ့မှုတွေကို လျစ်လျူရှုမထားဘဲနဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းတွေမှာ ဒီလို အမျိုးသမီးတွေရဲ့ လက်ရှိပါဝင်ဦးဆောင်မှုကို အဓိပ္ပာယ်ပြည့်ဝစွာ ဆက်လက်ပါဝင်နိုင်ဖို့ ပြည်သူတွေအနေနဲ့ ဆက်ပြီးတော့လိုလားဆန္ဒရှိဖို့၊ ထောက်ခံအားပေး အသိအမှတ်ပြုဖို့ မျှော်လင့်ပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
လက်ရှိကျွန်မတို့အားလုံးပါဝင်ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးက စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်မှာ အဓိက အုပ်ချုပ်နေတဲ့လူတွေပြောင်းသွားဖို့ပဲ ကျွန်မတို့ရည်ရွယ်ပြီးတော့ ဆင်နွှဲနေတဲ့တော်လှန်ရေး မဟုတ်ဘူးလို့ ပထမဦးဆုံးပြောချင်ပါတယ်။ နိုင်ငံကို ကာလရှည်ကြာ အဆိုးရွားဆုံး၊ အဆင်းရဲဆုံး၊ အစုတ်ပြတ်ဆုံး၊ အနေအထားတွေကိုဖြစ်စေတဲ့ တစ်ပါတီစနစ်၊ စစ်အာဏာရှင်စနစ်အပါအဝင် ဘယ်လိုအာဏာရှင်မျိုးကိုမဆို ပြောင်းလဲချင်တဲ့တော်လှန်ရေးဖြစ်တယ်။
အဆုံးသတ်မှာဒီတော်လှန်ရေးကို အောင်မြင်နိုင်တဲ့ တစ်ခုတည်း သောအင်အားကတော့ ပြည်သူပဲ ဖြစ်ပါတယ်။ တော်လှန်ရေးဟာ ပြည်သူ့ကို မျက်နှာမူတဲ့တော်လှန်ရေးပဲ ဖြစ်ရမယ်။ ပြည်သူ့အသံကို နားထောင်ပြီးတော့ ပြည်သူ့ဘက်က ရပ်တည်တဲ့တော်လှန်ရေးဖြစ်မှသာ ပြည်သူ ကလည်း အဆုံးထိဒီတော်လှန်ရေးကို အောင်တဲ့အထိ၊ နိုင်တဲ့အထိ ရပ်တည်ပြီးတာ့ ကြိုးစားအားထုတ်မှသာ ကျွန်မတို့လိုချင်တဲ့ မူပြောင်း၊ စနစ်ပြောင်းဖို့ ဒီနွေဦးတော်လှန်ရေးဟာ အောင်မြင်နိုင်မယ်လို့ ကျွန်မထင်တယ်။
ဒီတော်လှန်ရေးကို ဦးဆောင်နေတဲ့ အစုအဖွဲ့တွေဟာ သူတို့ကိုယ်စားပြုနေရတဲ့ ပါတီကိုပဲဖြစ်ဖြစ်၊ နိုင်ငံရေး အစုအဖွဲ့ကိုပဲဖြစ်ဖြစ် အဲ့ဒါတွေကိုဦးစားပေးကြည့်မယ့်အစား ဒီတော်လှန်ရေးတစ်လျှောက်လုံးမှာ အနစ်နာခံ ပြီးတော့ ပါဝင်နေကြတဲ့ ပြည်သူ့မျက်နှာကိုပဲ ကြည့်ဖို့လိုတယ်။ ကိုယ့်ရဲ့တစ်သီးပုဂ္ဂလစိတ်ခံစားမှုတွေ၊ ဆန္ဒ တွေ ကိုယ်ပါဝင်ကိုယ်စားပြုနေရတဲ့နိုင်ငံရေးအစုအဖွဲ့တွေရဲ့အတ္တတွေ၊ ရယူလိုမှုတွေကိုဘေးဖယ်ပြီးတော့ ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းနဲ့ပဲ ပြည်သူနဲ့အတူ ဒီနွေဦးတော်လှန်ရေးကိုအောင်နိုင်ဖို့ မျှော်လင့်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်အနေနဲ့ နိုင်ငံတစ်ခုကိုတည်ဆောက်တဲ့နေရာမှာ လူအခွင့် အရေး၊ တန်းတူညီမျှရေး၊ ခွဲခြားဆက်ဆံမှုမပြုရေးဟာ အလေးထားရမယ့် အခြေခံမူ၊ စံတန်ဖိုးတွေဖြစ်တယ်လို့ ဒီနေရာကနေပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ကတန်းတူညီမျှမှုလို့ပြောရင် သမားရိုးကျဖြစ်တဲ့ ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်၊ ဗမာတစ်ကျပ်၊ ကရင်တစ်ကျပ် အဲ့လိုတန်းတူညီမျှမှုမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။
Equality လို့ပြောရင် တစ်ညီမျှခြင်းတစ်လို့ သမားရိုးကျဆန်တဲ့တန်းတူညီမျှမှုထက် Equity လို့ခေါ်တဲ့ မျှတမှုရဲ့ဆိုလိုချက်က ရမှတ်တူရင် ရလာဒ်လည်း တူရမယ်ဆိုတာထက် ရှိနေတဲ့ မတူကွဲပြားတဲ့ အစုအဖွဲ့တွေ မတူကွဲပြားတဲ့နောက်ခံ background နဲ့ ခြားနားနေမှုတွေကို ထည့်သွင်းစဉ်းစားပြီးတော့ ရလာဒ် ကိုတူညီအောင် စဥ်းစားပေးတဲ့ တန်းတူညီမျှမှုမျိုးကို ဆိုလိုတယ်။ Substantive equality လို့သုံးနှုန်းတယ်။
ဒီ Substantive equality လိုမျိုး လိင်၊ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ အသက်အရွယ်၊ မသန်စွမ်းဖြစ်မှု၊ လိင်စိတ်ခံယူမှု အစရှိတဲ့ မတူကွဲပြားမှုတွေကိုအခြေခံပြီးတော့ ခွဲခြားဆက်ဆံမှုတွေမရှိအောင် အလေးထား စဥ်းစားခြင်းကို စံတန်ဖိုးအနေနဲ့ တည်ဆောက်ဖို့ လိုပါတယ်။ အခြေခံမှုအနေနဲ့ ကျွန်မတို့ပြည်သူတွေက တောင်းဆိုနေတာ၊ လိုလားတောင်းတနေကြတာက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ အခွင့်အရေးတွေ၊ အခွင့်လမ်းတွေကို ဗဟိုကပဲ ချုပ်ကိုင်ထားမှုမရှိတဲ့ ဖက်ဒရယ်မူဖြစ်တယ်။ အာဏာပါ၀ါနဲ့ အရင်းအမြစ်တွေကို တန်းတူညီမျှ ခွဲဝေအသုံးချနိုင်တဲ့မူဝါဒနဲ့ ဒီမိုကရေစီစံချိန်စံနှုန်းတွေကို ဆိုလိုပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါ သလဲ။
မတူကွဲပြားမှုတွေကို ညှိနှိုင်းပေါင်းစပ်အဖြေရှာမှုမှာ အားနည်းခဲ့တဲ့အတွက်ကြောင့် ကျွန်မတို့နိုင်ငံက ဒီနေ့ ဒီအချိန်ထိ ပြည်တွင်းစစ်ပဋိပက္ခတွေ၊ မငြိမ်သက်မှုတွေနဲ့ မငြိမ်းချမ်းမှုတွေရဲ့ဆိုးကျိုးကို ခံနေရတာဖြစ်တယ်။ တန်းတူညီမျှမှုမရှိသရွေ့ လူအုပ်စုတစ်စုကပဲဖြစ်ဖြစ် လူမျိုးစုတစ်စုကပဲဖြစ်ဖြစ် ဒေသတစ်ခုမှာပဲဖြစ်ဖြစ်၊ ဘာသာတစ်ခုခုကပဲဖြစ်ဖြစ် သူတို့အပေါ်မှာ ညီမျှမှုမရှိဘူး၊ သူတို့ဟာ ခွဲခြားဆက်ဆံခံနေရတယ်၊ သူတို့ရသင့် ရထိုက်တဲ့အခွင့်အရေးတွေကို မျှတစွာမရနေဘူးလို့ မြင်နေသရွေ့ကာလပတ်လုံး၊ ခံစားနေသရွေ့ကာလ ပတ်လုံး ကျွန်မတို့နိုင်ငံဟာ မငြိမ်းချမ်းပဲနဲ့ ပဋိပက္ခတွေကြားထဲမှာ အသက်ရှင်နေရဦးမှာပဲ။
ဒါကြောင့် အမြင် စုံလင်ကွဲပြားမှုကို ထည့်သွင်းစဉ်းစားမှသာ တကယ်ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ အေးချမ်းမှုနဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်တယ်။ အဲ့တော့ ဒီလိုနိုင်ငံတော်သစ်ကို တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ မဖြစ်မနေပါဝင်ဖို့ လိုတယ်ဆိုတာကို အမျိုးသမီးအဖွဲ့တွေ၊ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက စဉ်ဆက်မပြတ် ပြောလာခဲ့တယ်။
လူ့အဖွဲအစည်းမှာ နိုင်ငံတစ်နိုင်ငံ မှာ၊ ရပ်ရွာတစ်ခုမှာနေထိုင်တဲ့အခါမှာ အမျိုးသားရော၊ အမျိုးသမီးရော လိင်စိတ်ခံယူမှုကွဲပြားတဲ့သူရော လူတိုင်းလူတိုင်းရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ နိုင်ငံ့အရေးဖြစ်တဲ့ နိုင်ငံရေးမှာ သူတို့အားလုံးရဲ့ပါဝင်မှု၊ သူတို့ရဲ့ အမြင်သဘောထားတွေ၊ သူတို့ရဲ့အတွေ့အကြုံတွေနဲ့ အသံ၊ သူတို့ရဲ့လိုအပ်ချက်တွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
ကျွန်မတို့ နိုင်ငံသမိုင်းမှာ တကယ်တော့ အမျိုးသမီးတွေဟာ နိုင်ငံရေးမှာ ခေတ်အဆက်ဆက်က ပါဝင်ခဲ့ ပါတယ်။ အခုမှ ပါလာတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်ခေတ်ကစလို့ လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့ကြတဲ့ သမိုင်းကာလတလျှောက်လုံးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုတွေ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေကို အသိအမှတ်ပြုခြင်း၊ သမိုင်းထက်အက္ခရာတင်ခြင်း မခံခဲ့ရပါဘူး။
ဒါပေမယ့် ဒီကနေ့နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ဦးဆောင်မှုဟာ ဘယ်လိုမှဖုံးကွယ်ချန်လှပ် ထားလို့ မရလောက်အောင်ကို သိသာမြင်သာပါတယ်။ အကြမ်းဖက်စစ်ကောင်စီက မအောင်မြင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ စက်ရုံ၊ အလုပ်ရုံအလုပ်သမားတွေ၊ အလုပ်သမတွေနဲ့အတူတူ ပထမဦးဆုံးလမ်း ပေါ်ကို ဦးဆောင်ပြီးထွက်ခဲ့တာ အိသဥ္ဖာမောင်တို့ အက်စတာဇေနောတို့လို ကမ္ဘာကတောင်အသိအမှတ်ပြု ရတဲ့ အမျိုးသမီးလူငယ်ခေါင်းဆောင်တွေ ဖြစ်ပါတယ်။
အာဏာဖီဆန်တဲ့အကြမ်းမဖက်လှုပ်ရှားမှုတွေနဲ့ CDM လှုပ်ရှားမှုမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုဟာ သိသာထင်ရှားစွာပဲ ကျွန်မတို့မြင်နိုင်တွေ့နိုင်တယ်။ နွေဦး တော်လှန်ရေးမှာ ပထမဦးဆုံးသွေးမြေခပြီး အသက်ပေးခဲ့ရတာဆိုရင်လည်း အမျိုးသမီးငယ်လေး မြသွဲ့သွဲ့ခိုင် ဖြစ်တယ်။ ဒီတော်လှန်ရေးမှာ အသက်စတေးပြီးတော့ ပါဝင်ခဲ့တဲ့အမျိုးသမီးသူရဲကောင်းတွေဟာ အသက် (၇) နှစ် အရွယ်ကနေ အသက် (၇၇) နှစ်အရွယ် အဖွားအိုအထိ ပါတယ်။
ဖမ်းဆီးထိမ်းသိန်းခံရတာ၊ မတရားသဖြင့်စစ်ကြောရေးမှာ နှိပ်စက်ခံရတဲ့အတွက် သေဆုံးရတာ၊ မန္တလေးအိုးဘိုထောင်တို့ဘာတို့မှာ အစာငတ်ခံဆန္ဒပြပြီးတော့ အကျဉ်းထောင်ထဲအာဏာဖီဆန်ရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေအများကြီးပဲ ပါဝင်တယ်ဆိုတာကို တွေ့ရမှာဖြစ်တယ်။ ဒီကနေ့ထိလည်းပဲအကျဉ်းထောင်ထဲမှာ လွတ်မြောက်ခြင်း မရှိသေး ဘဲနဲ့ အကျဥ်းကျခံနေရတဲ့ အမျိုးသမီးငါးထောင်ကျော်တောင် ရှိပါတယ်။ အဲ့တော့ ဒါတွေဟာ ဖျောက်ဖျက်လို့ မရတဲ့သမိုင်း ဖြစ်တယ်။ အမျိုးသမီးတွေရဲ့ နွေဦးတော်လှန်ရေးမှာပါဝင်မှုဟာ တကယ့်ကို ထင်ထင်ရှားရှားပဲ ဖြစ်ပါတယ်။
အဲ့လိုပဲတဖက်မှာ ပြည်သူ့အစိုးရ NUG မှာဆိုလဲ အမျိုးသမီးတွေဝန်ကြီး၊ ဒုဝန်ကြီးအနေနဲ့ ပါဝင် နေတာ ၁၈ ရာခိုင်နှုန်း ရှိပါတယ်။ ဒါဟာ အုပ်ချုပ်ရေးအခန်းကဏ္ဍမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ရာခိုင်နှုန်း အားဖြင့် ကြည့်မယ်ဆိုရင် ကျွန်မတို့သမိုင်းမှာ အမြင့်ဆုံးလို့ပြောလို့ရပါတယ်။ NUG ဝန်ကြီးဌာနတွေမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ဝန်ကြီးဌာနတွေထဲမှာ ပါဝါအမြင့်ဆုံးဖြစ်တယ်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ သူကလည်း အမျိုးသမီးပဲဖြစ်တယ်။ ပြည်နယ်အတိုင်ပင်ခံကောင်စီတွေမှာ ကြည့်မယ်ဆိုရင် အမျိုးသမီးပါဝင်မှု ဟာ တချို့သောတိုင်းရင်းသားပြည်နယ်တွေမှာ ၃၆ ရာခိုင်နှုန်းနဲ့ တချို့နေရာတွေမှာ ၄၃ ရာခိုင်နှုန်းအထိတောင် အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချနိုင်ဖို့အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်နေတယ်ဆိုတာကို တွေ့ရတယ်။
ပြည်သူ့ရင်ခွင်အစီအစဥ်အားဖြင့် တဖက်က ပြည်သူ့စစ်သားတွေ၊ တပ်မတော်သားတွေ ပြည်သူ့ရင်ခွင် ကို ပြန်ခိုလှုံဖို့အတွက် ကိုယ့်ရဲ့ခင်ပွန်းသည်တွေ၊ ကိုယ့်ရဲ့တူ/သားတွေ၊ အစ်ကိုတွေ၊ မောင်တွေ၊ အဖေတွေကို တိုက်တွန်းအားပေးစည်းရုံးတဲ့နေရာမှာ ပြည်သူ့စစ်သားဇနီးများရဲ့ အခန်းကဏ္ဍပေါ့။ ဒါမျိုးကျွန်မတို့သမိုင်းမှာ မရှိခဲ့ဖူးဘူး။ ဒါဟာလည်းကျွန်မတို့ရဲ့ တော်လှန်ရေးမှာ တကယ်ပဲထူးခြားတဲ့ဟာဖြစ်တယ်။
ဒီလောက် အကြမ်းဖက်စစ်ကောင်စီက မြေပြင်မှာရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းနေတာတောင်မှ မြေပြင်သပိတ် တွေမှာ အမျိုးသမီးတွေဦးဆောင်မှုဟာ အံ့သြစရာကောင်းလောက်အောင် တွေ့ရတယ်။ မြေပြင်သပိတ်တွေ အပါအ၀င်၊ အာဏာရှင်ကိုဆန့်ကျင်တော်လှန်တဲ့လုပ်ငန်းတွေကို ဒီနေ့ဒီအချိန်အထိ သုံးနှစ်ကျော်ကြာတဲ့အထိ အသက်အန္တရာယ်ထိခိုက်နိုင်တယ်ဆိုတာကိုသိသိကြီးနဲ့ အာဏာဖီဆန်မှုတွေ၊ တော်လှန်မှုတွေကို ဖော်ဆောင် နေတုန်းပဲ။
နောက်တခုကတော့ လက်နက်ကိုင်တော်လှန်ရေးမှာလည်း အမျိုးသမီးစစ်မေတွေ၊ စစ်သည်တွေ ဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီးတော့ လက်နက်ကိုင်တော်လှန်ရေးမှာလည်း ပါဝင်နေကြတယ်။ ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေမပါဝင်တဲ့ အခန်းကဏ္ဍရယ်လို့ ဘာရှိသေးလဲပေါ့။ အမျိုးသမီးတွေဟာ လက်နက်ကိုင်ပြီးတော်လှန်တာကစလို့ ထဘီအလံလွှင့်ထူပြီးတော့ အာဏာရှင်ကို ဖီဆန်တာ၊ အကြမ်းမဖက် တဲ့နည်းနဲ့တော်လှန်တဲ့ နည်းလမ်းတွေကို ဦးဆောင်နေကြတာဟာလည်း အမျိုးသမီးတွေပဲ ဖြစ်တယ်။
ဒီလိုမျိုးဆုံးဖြတ်ချက်ချနိုင်တဲ့နေရာတွေနဲ့ ဒီလိုမျိုးဦးဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေဟာ လွယ်လွယ်ကူကူနဲ့ သူ့အလိုလိုရလာတာတော့ မဟုတ်ဘူး။ အဲ့လိုနေရာတွေမှာအမျိုးသမီးတွေ မားမား မတ်မတ်နဲ့ရပ်နိုင်ဖို့အတွက် သူတို့ရဲ့အစွမ်းသတ္တိတွေ လုပ်ကိုင်နိုင်စွမ်းတွေကို သူတို့အများကြီးဖော်ပြနိုင်ခဲ့တဲ့ အတွက် သူတို့ရဲ့ပါ၀င်မှုဟာ ဘယ်လိုမှ ဖုံးကွယ်ချိုးနှိမ်ထားဖို့မဖြစ်လို့သာ ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအသီးသီးမှာပါဝင်မှုဟာ ဒီလိုထင်ထင်ရှားရှားနဲ့ မြင်တွေ့လာရတာဖြစ်တယ်။
နွေဦးတော်လှန်ရေးပြီးတဲ့အခါမှာလည်း အမျိုးသမီးတွေရဲ့ တော်လှန်ရေးမှာ ပါဝင်ခဲ့မှုတွေ၊ စွမ်းဆောင်ခဲ့မှု တွေကို လျစ်လျူရှုမထားဘဲနဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းတွေမှာ ဒီလို အမျိုးသမီးတွေရဲ့ လက်ရှိပါဝင်ဦးဆောင်မှုကို အဓိပ္ပာယ်ပြည့်ဝစွာ ဆက်လက်ပါဝင်နိုင်ဖို့ ပြည်သူတွေအနေနဲ့ ဆက်ပြီးတော့လိုလားဆန္ဒရှိဖို့၊ ထောက်ခံအားပေး အသိအမှတ်ပြုဖို့တော့ ကျွန်မမျှော်လင့်ပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
တကယ့်တကယ်တမ်းမှာ ဖိုဝါဒီ၊ ပတ်ထရီအာခီလို့ခေါ်တဲ့ အမျိုးသားကြီးစိုးတဲ့ဝါဒ ပေါ့နော်။ ၀မ်းနည်းစရာက အဲ့ဒါကို အခုလက်ရှိနွေဦးတော်လှန်ရေးထဲမှာပါဝင်နေတဲ့ အစုအဖွဲ့အသီးသီးမှာ တွေ့နေရတုန်းပဲ။ တစ်ခုခု လုပ်မယ်ဆို အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ဦးဆောင်မှုအခန်းကဏ္ဍကို အလေးထားမစဉ်းစားချင်တဲ့ သဘောတရား တွေကတော့ ရှိနေတုန်းပဲ။
အရင်ခေတ်တုန်းကလောက် မဆိုးတော့ပေမယ့် အမျိုးသားကြီးစိုးတဲ့ဝါဒက လုံးဝ မရှိတော့တာ၊ ပျောက်သွားတာတော့ မဟုတ်သေးဘူး။ ပြီးတော့ ကျွန်မတို့နိုင်ငံမှာ အဆိုးဝါးဆုံးကဘာလဲ ဆိုတော့ လက်နက်ရှိတဲ့သူ၊ လက်နက်ကိုင်ထားတဲ့ရာထူးအဆင့်ရှိတဲ့သူတွေကိုမှ အာဏာနဲ့နေရာပေးချင်တဲ့ အလေ့အထကိုလည်း ဒီနွေဦးတော်လှန်ရေးမှာ အာဏာရှင်စနစ်နဲ့အတူ အပြီးတိုင်ပျောက်ပျက်အောင် ကျွန်မ တို့ အမျိုးသမီးတွေက တိုက်ဖျက်ရမှာ ဖြစ်တယ်။
လက်နက်ကိုင်တဲ့သူ အာဏာရှိတဲ့သူကပဲ အရာအားလုံးကို တစ်သွေးတစ်သံတစ်မိန့်နဲ့ ဆုံးဖြတ်စီမံချင်တဲ့ အကျင့်ဓလေ့ဆိုးဟာ ကျွန်မတို့ရဲ့လူထုထဲမှာ ကျွန်မတို့ရဲ့ တော်လှန်ရေးအင်အားစုတွေမှာပါ တကယ်တော့အမြစ်တွယ်နေတာဖြစ်တယ်။ လက်နက်ကိုင်တော်လှန်နိုင်ဖို့ အတွက် သူတို့ရဲ့အမေတွေ၊ ညီမတွေ၊ အစ်မတွေ၊ သူတို့ရဲ့ဇနီးသည်တွေက အိမ်ထောင့်တာဝန်တွေ၊ သားသမီးတာဝန်တွေ၊ စား၀တ်နေရေး တာ၀န်အားလုံးကို အမျိုးသားတွေရဲ့ကိုယ်စား ထမ်းထားရတယ် ဆိုတာကို မမေ့သင့်ပါဘူး။
အဲ့ဒီလက်နက်ကိုင်ထားတဲ့သူတွေ၊ ထိုင်ခုံမှာအာဏာရပြီးထိုင်နေတဲ့သူတွေဟာ အမျိုးသမီးတွေရဲ့ပေးဆပ်မှုနဲ့ပါဝင်မှုကို အသိအမှတ်ပြုကိုပြုရမှာ ဖြစ်တယ်။ ဘယ်သူမှ မြေကြီးထဲက ပေါက်လာတာမဟုတ်သလို မိုးပေါ်ကကျလာတာလည်းမဟုတ်ဘူး။ အားလုံးဟာ အမေကမွေးပေးခဲ့လို့ လူရယ်လို့ဖြစ်လာတဲ့သူတွေကြီးပါပဲ။
ဆိုလိုတာက အမျိုးသမီးတွေရဲ့အထောက်အပံ့မပါပဲနဲ့ ဘယ်သူမှ လူမဖြစ် လာဘူးလို့ပြောချင်တာ။ အဲ့အတွက်ကြောင့် အခုတော်လှန်ရေးမှာ အမျိုးသားပဲတတ်နိုင်တယ်၊ အမျိုးသား တွေပဲ ဆုံးဖြတ်တတ်တယ်၊ အမျိုးသားတွေပဲ ဦးဆောင်နေရာယူရမယ်ဆိုတဲ့ အတွေးအခေါ်ဟောင်းတွေကို လည်း ပြောင်းလဲအောင် တော်လှန်ရမှာဖြစ်တယ်။
အမျိုးသားတွေသာ ခေါင်းဆောင်နေရာယူကြေး၊ အာဏာရ ကြေး၊ လူ့အဖွဲအစည်းတစ်ခုလုံးမှာ အမြစ်တွယ်နေတဲ့ စစ်ဝါဒစနစ်တစ်ခုလုံးကို ကျွန်မတို့က ပြောင်းလဲချင်တာ ဖြစ်တယ်။ အမျိုးသားတွအတွက် ကလေးမွေးပေးဖို့နဲ့ အိမ်မှုကိစ္စလုပ်ဖို့၊ ထမင်းဟင်းချက်လျှော်ဖွတ်ပေးဖို့ သက်သက်၊ ကန့်လန့်ကာနောက်ကွယ်ကနေပြီး သူတို့အာဏာယစ်မူးနိုင်ဖို့၊ သူတို့လက်နက်ကိုင်နိုင်ဖို့အတွက် အမျိုးသမီးတွေက ပံ့ပိုးသူနေရာကပဲနေရမယ်ဆိုတဲ့ အတွေးအခေါ်စနစ်ဟောင်းတွေဟာ အမျိုးသမီးတွေ နိုင်ငံရေးနဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာတွေမှာ ပါ၀င်နိုင်ဖို့ အကြီးမားဆုံးရှိနေသေးတဲ့ အဟန့်အတားတွေ ဖြစ်ပါ တယ်။
အဲ့ဒီလိုအတွေးအခေါ်တွေက အကြမ်းဖက်စစ်ကောင်စီမှာပဲ ရှိနေတာမဟုတ်ဘူး။ ကျွန်မတို့ရဲ့ တော် လှန်ရေးအင်အားစုတွေမှာလည်း အဲ့လိုခံယူချက်ကရှိနေတုန်းပဲ။ ဒါကြောင့်လည်းအမျိုးသမီးအဖွဲ့တွေ အမျိုး သမီးအခွင့်အရေး၊ ဂျဲန်ဒါတန်းတူညီမျှရေးအတွက် တက်ကြွလှုပ်ရှားသူတွေက အဲ့ဒါကို စဥ်ဆက်မပြတ် ထောက်ပြဝေဖန်နေရတာ ဖြစ်တယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
အမျိုးသမီးတွေ ပိုမိုပါ၀င်နိုင်ဖို့အတွက် လာကြပါ၊ ပါကြပါလို့ ပါးစပ်ဖျားလေးနဲ့ပဲ ဖိတ်ခေါ်နေရုံနဲ့ မလုံလောက် ပါဘူး။ ကျွန်မတို့ အမျိုးသမီးအဖွဲ့တွေက ဂျဲန်ဒါပေါ်လစီတို့ အမျိုးသမီးတွေပိုမိုပါဝင်နိုင်ဖို့အတွက် အထောက် အကူဖြစ်စေမယ့်မူဝါဒတွေ၊ frame-work တွေ အမျိုးမျိုးကို ရေးဆွဲဖို့အတွက် အကြံပြုတိုက်တွန်းတယ် ဆိုပေမယ့်လည်း ရှိတဲ့မူ၀ါဒတွေကို ထိထိရောက်ရောက်နဲ့အလေးထား အကောင်အထည်ဖော်မှုရှိမှပဲ အမျိုး သမီးတွေ တန်းတူညီမျှပါဝင်မှုဆိုတာကလည်း ဖြစ်လာမှာ ဖြစ်တယ်။
တန်းတူညီမျှမှုလို့ပြောရင် အမျိုးသမီး တွေပါဝင်မှုအခန်းကဏ္ဍလည်းပါသလို မတူကွဲပြားတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ၊ မတူတဲ့ဘာသာ၊ လူမျိုး အားလုံးအတွက် ဆိုလိုတာဖြစ်တယ်။ အဲ့အတွက်ကြောင့် က မတူကွဲပြားစုံလင်မှုတွေကို ထည့်သွင်းစဥ်းစားပြီး လူတိုင်းအလုံးစုံပါဝင်ခွင့်ရဖို့အတွက် ဆောင်ရွက်ပေးတာတွေကို ကျွန်မတို့တွေ အလေးထားပြီးလုပ်မယ်ဆိုရင် အမျိုးသမီးတွေကိုလျစ်လျူရှုတာ၊ အမျိုးသမီးတွေအဓိပါယ်ပြည့်၀စွာပါဝင်ခွင့် မရတာတွေမရှိအောင် လုပ် ဆောင်နိုင်၊ ကျော်လွှားနိုင်မှာ ဖြစ်တယ်။ အဓိကက ဥပဒေတွေ မူဝါဒတွေ၊ မူဘောင်တွေရှိဖို့ လိုပါတယ်။
တချိန် တည်းမှာ (political will) လို့ခေါ်တဲ့ နိုင်ငံရေးစိတ်ဆန္ဒလိုအပ်ပါတယ်။ အမျိုးသမီးတွေကို ပါဝင်စေချင်တယ် ဆိုရင် အမျိုးသမီးတွေတကယ်ပဲပါ၀င်လာနိုင်ဖို့အတွက် (enabling environment) လို့ခေါ်တဲ့ အမျိုးသမီးတွေ ကို ပိုမိုပါဝင်ခွင့်ရလာအောင်ပံ့ပိုးပေးတဲ့ ပတ်ဝန်းကျင်၊ အစီအမံတွေကိုလည်းလုပ်ပေးဖို့လိုတယ်။ လိုအပ်မယ့် အရင်းအမြစ်တွေကိုလည်း ဖန်တီးမတည်ပေးဖို့ လိုတယ်။
အိမ်မှုကိစ္စနဲ့ သားသမီးကိစ္စတွေ၊ ရပ်ရွာအရေးကိစ္စ တွေကို အမျိုးသမီးတွေရဲ့ခေါင်းပေါ်၊ အမျိုးသမီးတွေရဲ့ ပုခုံးပေါ်မှာပဲ လုံးလုံးလျားလျားပုံချလွှဲထားတာမျိုး မဟုတ်ပဲ အိမ်ထောင်ဘက်နဲ့ အမျိုးသားမိသားစုဝင်တွေကလည်း ဒီတာဝန်တွေကို မျှဝေထမ်းဆောင်ခြင်း အားဖြင့်၊ ကူညီခြင်းအားဖြင့် အမျိုးသမီးတွေပိုပြီးတော့ နိုင်ငံရေးမှာ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ရပ်ရွာအရေးတွေမှာ အချိန်ပေးပါဝင်လာနိုင်အောင် ပံ့ပိုးပေးရာရောက်မှာဖြစ်တယ်။
၇။အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေပါပါဝင်မှ ရေရည်တည်တံ့တဲ့ငြိမ်းချမ်းရေးကိုရမယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မယ်။ ဒါက အမျိုး သမီးတွေပါဝင်ခြင်းဖြင့် ချက်ချင်းလက်ငင်းခံစားရမယ့် အကျိုးကျေးဇူးတွေ ဖြစ်တယ်။ ကမ္ဘာမှာ ကြည့်မယ် ဆိုရင်လည်း ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေ၊ ချမ်းသာနေတဲ့နိုင်ငံတွေအားလုံးဟာ ဂျဲန်ဒါတန်းတူညီမျှမှုကို အလေးထားတဲ့နိုင်ငံတွေဖြစ်တယ်။
အမျိုးသမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြု တန်ဖိုးထားတဲ့နိုင်ငံတွေ ဖြစ်တယ်။ ဘယ်လူ့အဖွဲ့အစည်း၊ ဘယ်နိုင်ငံကိုမှ အမျိုးသားချည်းသီးသန့်၊ အမျိုးသမီးချည်းသီးသန့် တည် ဆောက်လို့မရပါဘူး။ အမျိုးသားရော၊ အမျိုးသမီးရော၊ လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေရော ဒီနိုင်ငံ၊ ဒီလူ့ အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ လူတန်းစားအလွှာအသီးသီးက လူတွေကို အဓိပါယ်ပြည့်၀စွာ တန်းတူညီမျှ ပါဝင်ခွင့်ပေးမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာဖြစ်တယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကိုရမှာဖြစ်တယ်။
ကျွန်မတို့ဟာ ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် လူဦးရေရဲ့ထက်ဝက်ကျော်ဖြစ်တဲ့ အမျိုးသမီးတွေ ရဲ့ပါဝင်မှု၊ ဒီအမျိုးသမီးတွေရဲ့လူ့စွမ်းအားအရင်းအမြစ်တွေကို ထိရောက်စွာအသုံးမပြုပဲနဲ့ နိုင်ငံကို တည် ဆောက်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြီးသူများတွေနဲ့ ရင်ဘောင်တန်းဖို့ဖြစ်နိုင်မှာလဲ။ သူများထက်သာလွန်ဖို့ နေနေသာသာ သူများနဲ့တန်းတူရင်ဘောင်တန်းနိုင်တဲ့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတစ်ခုရယ်လို့ ဖြစ်လာမှာ မဟုတ်ဘူး။ အခုတော့ကျွန်မတို့နိုင်ငံဟာ ကမ္ဘာနဲ့ချီပြီး မပြောသေးနဲ့ဦး။
ကိုယ့်ရဲ့ အရှေ့တောင်အာရှ ဒေသတွင်းက နိုင်ငံတွေကြားမှာတောင် ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးနဲ့ အဆင်းရဲဆုံးနိုင်ငံဖြစ်နေပြီ။ အဲ့လိုအခြေအနေကနေ ကိုယ့်နိုင်ငံပြန်လည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရေရှည်တည်တန့်မယ့် ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ အမျိုးသမီးတွေအဓိပါယ်ပြည့်၀စွာပါဝင်မှုနဲ့ အမျိုးသမီးတွေမှာရှိတဲ့စွမ်းအားတွေ၊ လူ့အရင်းအမြစ်တွေကိုအသုံးမပြုဘူးဆိုရင် နိုင်ငံက ဘယ်လိုကောင်းလာမှာလဲ၊ ပြန်လည်တည်ဆောက်ဖို့ ဖြစ်နိုင်မှာလဲ ဆိုတာကို လေးလေးနက်နက် ထည့်သွင်းစဉ်းစားစေချင်တယ်။ အမျိုးသမီးတွေ တန်းတူညီမျှ ပါဝင်ခြင်းအားဖြင့်ရမယ့် အကျိုးကျေးဇူးကတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်တယ်လို့ ကျွန်မဖြေချင်တယ်။
၈။ တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ကျွန်မအနေနဲ့ အမျိုးသမီးတွေကို ပြောချင်တာကတော့ ကျွန်မတို့မပါပဲ လူပြောင်း၊ စနစ်ပြောင်း၊ ခေတ်ပြောင်း ဖို့ လုပ်ဆောင်နေကြတဲ့ ဒီတော်လှန်ရေးကြီး မအောင်မြင်ဘူးဆိုတာပဲ။ ဒါကြောင့် တော်လှန်ရေးမှာစွမ်းစွမ်း တမံ ပါဝင်နေကြတဲ့ အမျိုးသမီးတစ်ယောက်ချင်းစီတိုင်းနဲ့ ကိုယ်ရှိနေတဲ့နေရာ၊ စွမ်းဆောင်နိုင်တဲ့အခန်းကဏ္ဍ အသီးသီးကနေ ဦးဆောင်မှုပေးနေကြတဲ့ အမျိုးသမီးတွေကို ကျေးဇူးအထူးတင်တယ်။
သူတို့တွေရဲ့ ရဲ၀ံ့ စွန့်စားမှုတွေအတွက် ကျေနပ်ဂုဏ်ယူတယ်။ ဂျဲန်ဒါတန်းတူညီမျှမှုကို အလေးထားပြီး အမျိုးသမီးတွေရဲ့ ဦးဆောင်ပါ၀င်မှုကို လေးစားအသိအမှတ်ပြုမှုရှိမှသာ ဒီတော်လှန်ရေးကြီး အောင်မြင်မယ်။ ကျွန်မတို့မြင်ချင်၊ လိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို အမျိုးသမီးတွေက နောက်ကျန်ရစ်မနေပဲ အမျိုးသားတွေနဲ့ တန်းတူကြိုးစားတိုက်ပွဲ၀င်သွားရမှာ ဖြစ်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media