Summer
တရားရေး၊ပညာရေး တက်ကြွလှုပ်ရှားသူ
တမူးမြို့နယ်၊စစ်ကိုင်းတိုင်း

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“အမျိုးသမီးတွေသာ ခေါင်းဆောင်နေရာမှာ ပိုများလာမယ်ဆိုရင်  စံပြအနေနဲ့ ဒီအမျိုးသမီး တောင်မှလုပ်နိုင်တာ ငါတို့လည်း တချိန်ချိန်မှာ လုပ်လို့ရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ရလာနိုင်တယ်။ တချိန်တည်းမှာ အမျိုးသမီးတွေကို တကယ်သင့်လျော်တဲ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ နေရာတွေမှာ တကယ်နေရာပေးလာပြီဆိုရင် အမျိုးသမီးတွေလည်း တဖြည်းဖြည်းချင်း ကြိုးစားလာမှာ ဖြစ်ပါတယ်”
 

၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။

အခုနွေဦးတော်လှန်‌ရေးကတော့ပြောရမယ်ဆိုရင် ဒီဂျစ်တယ်ကာလမှာ ဖြစ်သွားတာဖြစ်တဲ့အတွက် တော် တော်လေးကို ထိထိရောက်ရောက်နဲ့ အရင်ကတော်လှန်ရေးတွေထက် ပိုအားကောင်းတယ်ဆိုတဲ့ပုံစံ မြင်ရ ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကနေလည်း ‌တော်တော်လေးကို ကောင်းတဲ့ ရလဒ်တွေအတွက် အားတက်ရသလို၊ တခြားဘက်မှာလည်း အားတက်စရာတွေ အများကြီးရှိခဲ့ပါတယ်။

အခု လက်ရှိမှာကျတော့ စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တော်တော်များများ ကလည်း စိတ်ညစ်နေသလို၊ ပြည်သူလူထုကလည်း စိတ်ညစ်နေတာတွေ ရှိပါတယ်။ တဖက်မှာကလည်း ပြန်ပြီးအားကောင်းလာတာက  ငါတို့ရေရှည် ဒီတိုင်းပဲသွားနေမယ်ဆိုရင် မဟုတ်တော့ဘူး။ ပြန်တော်လှန်မှ ရမယ်ဆိုပြီး တော်လှန်ရေးဘက်ထဲကို ဝင်လာကြတဲ့သူတွေလည်း တွေ့နေရပြီ ဒါကလည်းတဖက်ကတော့ စိတ်ညစ်စရာဆိုပေမယ့် တော်လှန်‌ရေးအတွက်လည်း တကျော့ပြန်အားကောင်းစရာလည်း ဖြစ်နိုင်တယ်လို့ မြင်ပါတယ်။

 

၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည် ဆောက်သင့်ပါသလဲ။

တန်းတူညီမျှမှုရှိရေးကို အခြေခံတည်ဆောက်သင့်ပါတယ်။ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်မှု၊ လိင်စိတ်ခံယူမှု၊ ကျား၊ မဖြစ်တည်မှု စတာတွေမှာ တန်းတူညီမျှမှုရှိဖို့ လိုနေတယ်လို့ မြင်ပါတယ်။ နိုင်ငံတစ်ခုတည်ဆောက်တဲ့ အခါမှာ အရင်တုန်းက တန်းတူညီမျှမှုတွေ မရှိခဲ့လို့လည်း အချင်းချင်းပြသနာတွေနဲ့ မယုံကြည်မှုတွေရှိခဲ့ ဖြစ်ပါတယ်။

နောက်တခုက လွတ်လပ်ပြီး၊ တရားမျှတမှုရှိဖို့ လိုပါတယ်။ တရားမျှတမှုကို လိုချင်လို့လည်း ကျွန်မတို့ တော်လှန် နေကြတာဖြစ်ပါတယ်။ နိုင်ငံတစ်ခုတည်ထောင်တဲ့နေရာမှာလည်း ဒီလွတ်လပ်မှု၊ တရားမျှတမှုရှိမှ ဒီလိုမျိုးအာဏာရှင်တွေ ထပ်ပြီး မတက်နိုင်အောင် ကျွန်မတို့ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

မတူကွဲပြားမှု၊ စုံလင်ကွဲပြားမှုက တကယ်ကို အရေးကြီးပါတယ်။ ကျွန်မတို့နိုင်ငံထဲကိုကြည့်မယ်ဆိုရင်ကို နိုင်ငံထဲမှာ စုံလင်ကွဲပြားမှုတွေ အများကြီးပဲ။ မတူညီတဲ့ နောက်ခံသမိုင်းကြောင်းတွေ၊ အတွေ့အကြုံတွေ၊ အမြင်တွေ၊ ခံယူချက်၊ စိတ်ခံစားမှုတွေ အများကြီးရှိတယ်။ ဒီလိုမတူကွဲပြားတဲ့လူတွေ နိုင်ငံရေးထဲမှာ ပါဝင်လာမှ၊ မတူကွဲပြားတဲ့နိုင်ငံကို အုပ်ချုပ်တဲ့အခါမှာ၊ ပြသနာတွေဖြေရှင်းတဲ့အခါမှာ၊ အလုပ်လုပ်တဲ့အခါမှာ အမြင်ကျယ်ကျယ်နဲ့ ပိုပြီးလုပ်နိုင်မှာ ဖြစ်ပါတယ်။

ရေရှည်အနေနဲ့ အရှေ့ကို ဆက်လက်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေက အရေးကြီးပါတယ်။ ကျွန်မတို့ နိုင်ငံမှာခုနပြောတဲ့ proportion နဲ့ပဲ ပြန်ပြော မယ်ဆိုရင် နိုင်ငံထဲမှာ အမျိုးသမီးက (၅၀) ရာခိုင်နှုန်းကျော် ရှိတယ်။ (၅၀) ရာခိုင်နှုန်းကျော်ရှိတဲ့ ပြည်သူတွေကို အုပ်ချုပ်တဲ့လူတွေထဲမှာလည်း ဒီဟာတွေကို နားလည်စီမံခန့်ခွဲနိုင်တဲ့လူတွေ  ဒီလို(၅၀) ရာခိုင်နှုန်းကျော် နီးပါး ထိကို ပါသင့်တယ်လို့ မြင်တယ်။အချိုးကျအနေနဲ့ တွက်မယ်ဆိုရင်တောင်မှ အမျိုးသမီးတွေက အခုချိန်မှာ နေရာတိုင်း ကဏ္ဍတိုင်းမှာ ပါဝင်ဖို့လိုအပ်ပါတယ်။

ဘာလို့လဲဆို အမျိုးသမီးတိုင်းမှာကိုက မတူကွဲပြားတဲ့ ခံယူချက်တွေ ရှိနိုင်တယ်။ သူတို့နိုင်ရာနိုင်ရာ တာဝန်ကဏ္ဍပေါင်းစုံမှာ ကျွမ်းကျင်မှုတွေ ရှိနိုင်တယ်။ ဒီလိုပဲ ကဏ္ဍပေါင်းစုံ ဆုံးဖြတ်တဲ့နေရာမှာ ခေါင်းဆောင်နေရာ ဘယ်နေရာမဆို အမျိုးသမီးတွေက ပါဝင်ဖို့ လိုအပ် တယ်လို့ ကျွန်မမြင်ပါတယ်။

 

၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လို ကဏ္ဍတွေမှာ ထင်ထင် ရှားရှား မြင်တွေ့နေရပြီလဲ။

အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာက‌   ‌တော်တော်လေးကို ရှားတယ်လို့ ပြောရမယ်။ အခုချိန် နိုင်ငံရေး အနေအထားကို ကြည့်မယ်ဆို စစ်ရေးက အဓိကဦးဆောင်နေတဲ့ အခန်းကဏ္ဍမှာ ရှိတယ်။ အဲ့ဒီစစ်ရေးထဲမှာ ရှိတဲ့ ခေါင်းဆောင်ထိပ်သီးပိုင်းမှာ ကျွန်မတို့အမျိုးသမီးတွေ တော်တော်လေးကိုနည်းတဲ့ ရာခိုင်နှုန်းနဲ့ပဲ ပါဝင် နေတာကိုတွေ့ရတယ်။

နောက်ဆုံး ကျွန်မတို့ မြို့နယ်ရဲ့ပညာရေးမှာလည်းထိပ်ပိုင်းမှာလည်း   အမျိုးသားတွေ များတယ်။ ကျွန်မတို့တရားရေးမှာတောင်မှ အမျိုးသမီးပါတယ်ဆိုပေမယ့် ခေါင်းဆောင်က အမျိုးသား ဖြစ်နေတာပေါ့။  ပြောရမယ်ဆိုရင် ပါတယ်လို့ ပြောရုံလောက်ပဲ ရှိတယ်။ တကယ်တမ်း အဓိက ဆုံးဖြတ်ချက်ချ တဲ့နေရာမှာ မပါနေပြန်ဘူး။ ဒီလိုမျိုးအခြေအနေမျိုးတော့ ရှိနေပါတယ်။

 

၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

အခက်အခဲကတော့ အဓိကအမျိုးသမီးတွေကိုယ်တိုင်က ဒါကို လက်ခံကြတယ်။ ဥပမာ-ကျွန်မတရားရေး လုပ်တယ်ဆို တရားရေးမှာ ကျွန်မရဲ့အထက်စီနီယာအမျိုးသမီးက ပညာအရည်အချင်း၊ အတွေ့အကြုံ သူ့မှာ အများကြီး ရှိတယ်။ သူဒီဥက္ကဌရာထူးကို သူလက်ခံနိုင်တယ်။ ဒါပေမယ့် သူလက်မခံဘဲ တယောက်ထဲပါတဲ့ အမျိုးသားကို ပေးလိုက်ပါ။ သူကယောကျာ်လေးဆိုတော့ ပိုကောင်းတာပေါ့။ အဲ့လိုမျိုးတွေ သူတွေးတာပေါ့။

ကျွန်မအနီးကပ်ဆုံးအမြင်အရ အမျိုးသမီးတွေကိုယ်တိုင်က အမျိုးသားတွေကို ဦးစားပေးမယ်။ ဦးစားပေးဖို့ သင့်တော်တယ်ဆိုတာမျိုးတွေးကြတယ်။ ဒါတွေကို ပြောင်းလဲဖို့ လိုပါတယ်။ နောက်တခုက စစ်‌ရေးမှာလည်း အမျိုးသမီးတွေက ဒီနေရာမှာ မသင့်တော်ပါဘူးလေ။ အမျိုးသမီးတွေက အမျိုးသားအယောက် (၃၀)၊ (၄၀)ကို အုပ်ချုပ်ဖို့ သင့်တော်ပါ့မလားဆိုတဲ့ အတွေးအခေါ်တွေ ရှိတယ်။

ယောကျာ်းလေးတွေ ကိုယ်တိုင်က လည်း အမျိုးသမီးဆိုရင် နည်းနည်းခပ်တွန့်တွန့်ကလည်း ရှိနေပြန်ရော ဒီဟာတွေက အဟန့်အတားရှိတယ်။ နောက် တခု အမျိုးသမီးဖြစ်တဲ့အတွက် နိုင်ငံရေးမှာ အခက်အခဲရှိတယ်။ နိုင်ငံရေးအလုပ်က အမျိုးသားတွေနဲ့လည်း အများဆုံးဆက်ဆံရတယ်။

ကျွန်မကို ဘေးလူတွေက ဘယ်လိုမြင်လဲဆိုတော့ ဒီကောင်မလေးက နည်းနည်းရွ တယ်တို့ဘာတို့ အဲ့လိုမျိုးလေးတွေ စကားလေးတွေ ထိုးနှက်တာတွေ ရှိတယ်။ ဒါ အမျိုးသမီးဖြစ်နေတဲ့အတွက် ကြောင့်ဆိုပြီး ပြောတဲ့စကားလုံးတွေ    အများကြီး ထိုးနှက်တာတွေရော တလျှောက်လုံးခံခဲ့ရတယ်။ ဒါတွေက လည်း အမျိုးသမီးတွေကို နေရာတစ်ခုရောက်စေဖို့ အဟန့်အတားဖြစ်နိုင်တယ်လို့ ကျွန်မထင်ပါတယ်။

 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက် ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

ပထမဦးဆုံးတစ်ချက်က အမျိုးသမီးတွေကိုယ်တိုင်ကကိုယ်က ဒီအရည်အချင်းနဲ့ သင့်တော်တယ်ဆိုရင် ငါက လုပ်နိုင်ပါတယ်ဆိုတာမျိုး၊ ငါယောကျာ်းလေးတွေနဲ့ရင်ဘောင်တန်း ယှဥ်လို့ရပါတယ်ဆိုတဲ့ အတွေးအခေါ်မျိုး၊ စပြီးပြောင်းလဲလာဖို့ လိုပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးထဲ ဝင်လာနိုင်ဖို့အတွက်လည်း စွမ်းရည်မြှင့် သင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို အမျိုးသမီးတွေတင်မကဘူး၊ အမျိုးသားတွေပါ လက်ခံလာဖို့အတွက် ဆွေးနွေးပြဖို့ လိုပါတယ်။  

အမျိုးသမီးတွေရဲ့ ပညာရေးအရည်အချင်းက ပိုပြီးကောင်းလာလေလေ သူတို့ အနေနဲ့ ပြောရဲဆိုရဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ အခုမြန်မာနိုင်ငံမှာက ဖိုဝါဒကြီးစိုးတဲ့ ယဉ်ကျေးမှုက ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစဦးခြေလှမ်းတွေမှာ အမျိုးသမီးတွေကလည်း အားကောင်းပါတယ်ဆိုတာ၊ အမျိုးသမီးတွေက ဒီလိုမျိုးနေရာမှာ လုပ်‌ဆောင်နေတယ်၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်း တော်တယ် ဆိုတာကို ပြနိုင်တဲ့အရည်အချင်းမျိုး သွယ်ဝိုက်သောအားဖြင့် အမျိုးသားအပါအဝင် လူ့အဖွဲ့အစည်းကို ပြသဖို့၊ သတင်းစာပေးဖို့  လိုပါတယ်။ ဒီလိုနည်းနဲ့ပဲ ဖြည်းဖြည်းချင်း ပြောင်းလဲယူသွားရမှာ ဖြစ်ပါတယ်။

နောက်တခုက ဖက်ဒရယ်ဖြစ်လာပြီဆိုရင်  ဒေသန္တရအုပ်ချုပ်ရေး ကနေတဆင့် တဖြည်းဖြည်းချင်းနဲ့ အမျိုး သမီးတွေရဲ့ခွန်အားကို ပြလို့ရပါတယ်။ နောက်တခုက အမျိုးသမီးတွေသာ ခေါင်းဆောင်နေရာမှာ ပိုများလာ မယ်ဆိုရင်  စံပြအနေနဲ့ ဒီအမျိုးသမီးတောင်မှလုပ်နိုင်တာ ငါတို့လည်း တချိန်ချိန်မှာ လုပ်လို့ရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ရလာနိုင်တယ်။

တချိန်တည်းမှာ အမျိုးသမီးတွေကို တကယ်သင့်လျော် တဲ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ နေရာတွေမှာ တကယ်နေရာပေးလာနိုင်ပြီဆိုရင် အမျိုးသမီးတွေလည်းတဖြည်း ဖြည်းချင်း ကြိုးစားလာမှာ ဖြစ်ပါတယ်။ နောက်ထပ်အနေနဲ့ အမျိုးသမီးတွေပါဝင်မှုကို ဆွဲခေါ်၊ ဆွဲခေါ်ရာကနေ တဆင့် ထက်တဆင့် ပိုပြီးမြင့်တဲ့ ခေါင်းဆောင်မှုနေရာကို ရောက်လာကြမယ်ဆိုရင် ပြည့်ပြည့်စုံစုံနဲ့ အားလုံးပါဝင် နိုင်တဲ့ နိုင်ငံရေး ရပ်ဝန်းတစ်ရပ် ပေါ်လာနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။

 

၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

အမျိုးသမီးတွေက ပိုပြီးတော့ စေ့စေ့စပ်စပ်သိတယ်၊ စေ့စေ့စပ်စပ်လည်း မြင်တယ်။ တွေးတယ်။ အကယ်၍ အဲ့လိုမျိုးအမျိုးသမီးတွေသာ ကဏ္ဍအစုံမှာပါလာနိုင်ခဲ့ပြီဆိုရင် အခုလုပ်ဆောင်နေတဲ့ ပေါ်လစီတွေ၊ အခုသွား နေတဲ့ အရှိန်နှုန်းထက် အများကြီးပိုကောင်းတဲ့နိုင်ငံတစ်ခု ဖြစ်လာနိုင်မှာ ဖြစ်သလို၊ အုပ်ချုပ်တဲ့အစီအမံတွေ ပိုပြီးချလာနိုင်မယ်လို့ ထင်ပါတယ်။

အရင်တုန်းကလို အမျိုးသားတစု ကြီးစိုးပြီးတော့ သွားနေတဲ့နိုင်ငံရေးဟာ အမျိုးသားတွေရဲ့ခံစားချက်နဲ့ အမျိုးသားတွေရဲ့အတွေ့အကြုံတွေပေါ် မူတည်မှုများမယ်ဆို တခြမ်းပဲ့ နိုင်ငံရေး သာ ဖြစ်ပါလိမ့်မယ်။ သူတို့ဘယ်လောက်ပဲ အမျိုးသမီးတွေကို နားလည်ပါတယ်ပြောပြော အမျိုးသမီးတွေက သူတို့အချင်းချင်းကသာ ပိုပြီးအနားလည်ဆုံး ဖြစ်မှာပါ။

အမျိုးသမီးတွေပါဝင်လာတဲ့ နိုင်ငံရေးဦးဆောင်မှု တစ်ခုသာ ရှိလာမယ်ဆိုရင် အမြင်တွေလည်း ပိုပြီးကျယ်လာမယ်။ လူအများကိုလည်း နားလည်မှုရှိလာနိုင် တယ်လို့ ပိုခံစားရပြီးတော့ အစိုးရကနေမှတဆင့် ပြည်သူလူထုကို အုပ်ချုပ်တဲ့နေရာ စီမံတဲ့နေရာမှာလည်း ပိုပြီးတော့ကောင်းမွန်လာမယ်လို့ ထင်တယ်။

 

၈။တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။

တက်ကြွတဲ့အမျိုးသမီးတွေကို အမျိုးသားတွေက ထိုးနှက်ကြတယ်။ အဲ့လိုထိုးနှက်တဲ့အချိန်မှာ ကျွန်မ စိတ်မကောင်းတာတွေ ဝမ်းနည်းတာတွေရှိခဲ့တယ်။ ငါဆက်လုပ်သင့်ပါ့မလားဆိုပြီး တွေးမိတာတွေရှိတယ်။ ဒါပေမယ့် ကိုယ့်ယုံကြည်ချက်ကို မစွန့်လွှတ်ပဲနဲ့ ရှေ့ဆက်သွားတယ်ဆိုရင် တချိန်ချိန်မှာ ကိုယ်နဲ့သင့်တော်တဲ့ နေရာတစ်ခုကို ရောက်လာမှာပါ။ အားမငယ်ပါနဲ့။ ဒုက္ခတွေ အခက်အခဲတွေက အခုချိန်မှာ လူတိုင်းကြုံနေရ ပါတယ်။

အချင်းချင်းဖေးမပြီးတော့ စည်းလုံးတဲ့အင်အားနဲ့သွားတယ်ဆိုရင် ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ရောက်နိုင်မှာပါ။ ကျွန်မတို့ကလည်း အမျိုးသမီးအားလုံးကို နွေးနွေးထွေးထွေးနဲ့ အမြဲတမ်းလက်ကမ်းကြိုနေပါတယ်။ တခုခုအခက်အခဲတွေရှိတယ်ဆိုရင်လည်း ဒီလိုအဖွဲ့အစည်းနဲ့ မျှဝေပြီး တော့ ဖြေရှင်းပြီးသွားကြမယ်ဆိုရင် ပြဿနာတွေကို အများကြီး ဖြေရှင်းသွားနိုင်မှာပါ။


"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media