Published on

မထိပ်ထား ဥက္ကဌ (ရှိ/ Sheild)
စုံစမ်းဖော်ထုတ်ရေး သတင်းထောက်


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“မီဒီယာလက်နက်က တိုင်းပြည်တောင်ပျက်နိုင်တယ် ဆိုလောက်တဲ့အထိ အဆိပ်ပြင်းတဲ့အရာပါ။ ဒီမီဒီယာတွေ ကိုယ်တိုင်ကအစ အမျိုးသမီးတွေအပေါ် သုံးနှုန်းတဲ့အသုံးအနှုန်းတွေ ထားသိုတဲ့နေရာတွေ အမျိုးသမီးတွေအပေါ်လေးစားတန်ဖိုးထားမှုတွေ မြှင့်တက်လာအောင် လုပ်ဆောင်နိုင်တယ်”


            မထိပ်ထားသည် ပဲခူးတိုင်းဇာတိဖြစ်ပြီး ဝန်ထမ်းမိသားစုကနေ ကြီးပြင်းလာသူပါ။ ၁၉၈၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၄ ယောက် ရှိတဲ့အနက် တတိယသမီးဖြစ်ပြီး ငယ်စဉ်ကတည်းက သတင်းထောက် ဖြစ်ချင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ပြီး ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကို တက်ရောက် ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်က စတင်ပြီးတော့ သတင်းထောက်အဖြစ် စတင်လုပ်ကိုင်ခဲ့တယ်။ အဲဒီကမှတဆင့် အကြီးတန်းသတင်းထောက်၊ အယ်ဒီတာ၊ အယ်ဒီတာချုပ် စသဖြင့် ပုံနှိပ်မီဒီယာများစွာမှာ လုပ်ကိုင်ခဲ့ပါ တယ်။  သတင်းထောက်စတင်လုပ်ကိုင်ချိန်ကလည်း အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်တဲ့ သတင်းတွေကို အထူးပြုလုပ်ဆောင်ခဲ့သူပါ။

“မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့" မှာ အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သလို “သတင်းသမားများကာကွယ်ရေးကော်မတီ" မှာလည်း အလုပ်အမှုဆောင်အဖြစ် ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ Myanmar Press Freedom Center ကို ပူးတွဲတည်ထောင်သူဖြစ်ပြီး လူတိုင်း လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်အတွက် ကြိုးပမ်းခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ ဖားကန့်မြေပြိုမှုကြောင့် ခင်ပွန်းသည်သေဆုံးခဲ့ရသူအမျိုးသမီးများနဲ့ မူးယစ်ကျေးကျွန်ဖြစ်နေတဲ့ အမျိုးသမီးများအကြောင်းကို ဖားကန့်မြို့က မူးယစ်ဆေးရောင်းချနေတဲ့ နေရာတွေအထိ စွန့်စွန့်စားစားသွားရောက်ရိုက်ကူးခဲ့တဲ့ “သတင်းထောက်တစ်ယောက်ရဲ့ဒိုင်ယာရီ" ဆိုတဲ့ ဇာတ်လမ်းတိုနဲ့ People’s Choice ဆုကို ရရှိခဲ့ပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးမှာ Live သတင်းတင်ဆက်သူအဖြစ်နဲ့ စတင်ပါဝင်ခဲ့ပါတယ်။ ထို့နောက် ပြည်တွင်းမှာ တစ်နှစ်ကာလလောက်ကို ပုန်းလျှိုပြီး သတင်းကိစ္စနဲ့ပတ်သက်တဲ့ အလုပ်တွေ ဆက်လက် လုပ်ဆောင်နေခဲ့သေးပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ထိုင်းမြန်မာနယ်စပ်ကို တိမ်းရှောင်ခဲ့ပြီး “The Red” ဆိုတဲ့ စစ်ကြောရေးငရဲခန်းထဲက အမျိုးသမီးတွေအကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုနဲ့ ပထမဆုကို ရရှိခဲ့ပါတယ်။

ဆုရရှိပြီးနောက်မှာတော့ Women In Myanmar Spring Revolution ဆိုတဲ့ အစီအစဉ်ကို စတင်ဖော်ဆောင်ခဲ့ပြီး တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ အသံကို သမိုင်းမှတ်တမ်းကျန်ရစ်စေဖို့ ရိုက်ကူးပုံဖော်နေခဲ့ပါတယ်။ ထို့ပြင် မတရားမှုတွေအတွက် စုံစမ်းဖော်ထုတ်သူ သတင်းသမားအဖြစ် ၂၀၂၄ ခုနှစ်မှာ စတင်ပြီးလုပ်ကိုင်ခဲ့ပါတယ်။

"မဲဆောက်ဆေးရုံရေခဲတိုက်ထဲက ပိုင်ရှင်မဲ့ အလောင်း” ဆိုတဲ့ စုံစမ်းဖော်ထုတ်မှုကြောင့် NUG အစိုးရရဲ့ မှတ်တမ်းတင်ဂုဏ်ပြုခြင်းကိုလည်း ခံခဲ့ရပါတယ်။ အဲဒီကမှတဆင့် တော်လှန်ရေးထဲက မတရားမှုတွေကို ဆက်လက်စုံစမ်းဖော်ထုတ်ပြီး တော်လှန်ရေးအသိုင်းအဝိုင်းထဲက မတရားမှုများကို အသံပိုမိုကျယ်လောင်နိုင်ရန် လုပ်ဆောင်နိုင်ရန်အတွက်  ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ရှိ/Shiled ဆိုတဲ့ အမျိုးသမီးအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ပြီး ဥက္ကဌအဖြစ် ရွေးချယ်တာဝန်ပေးခံခဲ့ရပါတယ်။  

"ရှိ/ Shield အဖွဲ့အစည်းသည် လူ့အခွင့်အရေးကို မြှင့်တင်ခြင်း၊ ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ခြင်း၊ တန်းတူညီမျှမှုကို မြှင့်တင်ခြင်း၊ ကျားမရေးရာမတူကွဲပြားသည့် အတွေ့အကြုံများအပေါ် လက်ခံသိမြင်မှု အား မြှင့်တင်ခြင်း၊ လူ့အဖွဲ့အစည်းနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ခြင်း၊ စာနာမှုနှင့် မေတ္တာတရားဖြင့် ဆောင်ရွက်ခြင်း၊ တရားမျှတမှုပုံစံအားလုံးအတွက် အတူတကွရပ်တည်ခြင်း စသည့် စံတန်ဖိုးတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ကတိကဝတ်ပြုထားသော အဖွဲ့အစည်းဖြစ်ပါတယ်။

 
မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆရာမ အမြင်ကို ပြောပြပေးပါဦးရှင်။

ဖြေ။      ။ နွေဦးတော်လှန်ရေးကိုပဲ နဖူးတွေ့ဒူးတွေ့ကြုံခဲ့ဖူးတာပါ။ ရွှေဝါရောင်တော်လှန်ရေးကလည်း အရင် က အဲ့လောက်ကြီး သိခဲ့တာ မဟုတ်ဘူး။ နိုင်ငံရေးသည် လောကကြီးမှာ ပါဝင်ပတ်သက်နေသော မတူညီတဲ့ ကွဲပြားမှုတွေ အများကြီးပေါင်းစုထားတဲ့အရာကို နိုင်ငံရေးဖြစ်စဉ်တခုလို့ပဲ ကျွန်တော် ခိုင်းနှိုင်းချင်တယ်။ လက်ရှိနွေဦးတော်လှန်ရေးက အခုချိန်ထိ အရှိန်မကျသွားသေးပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ပင်ရင် အင်တိုက်အားတိုက်နဲ့ ဆက်လက်ပြီးတိုက်ပွဲဝင်နေရဆဲ ရုန်းကန်နေရဆဲ၊ ခုတ်မောင်းနေရဆဲ လှေတစ်စင်း၊ ရထားတစ်စင်း၊ ကားတစ်စင်းလို့ သုံးသပ်ချင်ပါတယ်။

“ကျွန်တော်တို့သိထားခဲ့တဲ့ အကြောက်တရားနဲ့ ရှိနေခဲ့တဲ့နိုင်ငံရေးဟာ တကယ့်တကယ်မှာ အကြောက်တရားဆိုတဲ့ အကာအရံကြီးနဲ့ ထားရတဲ့ကိစ္စ၊ လူပိန်းနားမလည်တဲ့အရာ မဟုတ်ဘူး၊ လူတိုင်းလက်လှမ်းမမှီတဲ့အရာ မဟုတ်ဘူးဆိုတာကိုက ကျွန်တော်တို့ကို shock ဖြစ်စေတဲ့ အရာပါပဲ”
 

မေး။     ။ မြန်မာနိုင်ငံဟာ ဘယ်လိုနိုင်ငံရေးစနစ်တွေနဲ့ တည်ဆောက်ထားတဲ့နိုင်ငံလို့ ပြောလို့ရမလဲ။

ဖြေ။      ။ ကျွန်တော်တို့ စပြီးနားလည်ပြီဆိုတဲ့အချိန်က နိုင်ငံရေးဆိုတာ မပြောရ၊ မဆိုရ ကိစ္စလို့ သိခဲ့ရတယ်။ ကျွန်တော်တို့ အခုချိန်ထိအရိုးစွဲနေတဲ့အရာက အကြောက်တရားပဲ ရှိနေခဲ့တယ်။ နိုင်ငံရေးဆိုတာ မလုပ်နဲ့ မပြောနဲ့ဆိုတဲ့ဟာမျိုး။ အဲ့တော့နိုင်ငံရေးသည် လူတစ်ဦးတစ်ယောက်သော်လည်းကောင်း၊ အစုအဖွဲ့ကသော် လည်းကောင်း၊ သူတို့ကပဲ ကိုယ်စားပြုပြီး သူတို့ကပဲ လုပ်ချင်ရာလုပ်သွား တဲ့အရာတွေကို လိုက်လျှောက်ရတဲ့ အရာလို့ သိထားခဲ့တယ်။ ဗမာနိုင်ငံရဲ့ နိုင်ငံရေးကိုပြောပါဆိုရင် အဲ့အတိုင်းပဲ လက်ခံထားခဲ့တာ ကြာခဲ့ပါပြီ။
 

မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး၊ စီးပွား‌ရေး၊ လူမှုရေး အတွေးအမြင်လက်ခံမှုက ဘယ်လိုပြောင်းလဲသွားလဲ။

ဖြေ။      ။ ကျွန်တော်တို့သိထားခဲ့တဲ့ အကြောက်တရားနဲ့ ရှိနေခဲ့တဲ့နိုင်ငံရေးဟာ တကယ့်တကယ်မှာ အကြောက်တရားဆိုတဲ့ အကာအရံကြီးနဲ့ ထားရတဲ့ကိစ္စ၊ လူပိန်းနားမလည်တဲ့အရာ မဟုတ်ဘူးဆိုတာကို မြင်လိုက်တယ်။ လူတိုင်းနားလည်နိုင်တယ်၊ လူတိုင်းနားလည်ရမယ် သိရမယ်ဆိုတဲ့အရာဆိုတာကို မြင်လိုက်ရတယ်။

ဉာဏ်ရည်မမှီတဲ့ အရာကြီးတခုလိုမျိုး အကန့်အသတ်ကြီးနဲ့လုပ်ခဲ့ပေမယ့် တကယ့်တကယ်ကျတော့ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ၊ ညီလာခံတွေ၊ သတင်းတွေကို ကြည့်တဲ့အခါ နိုင်ငံရေးဆိုတာလည်း ကျွန်တော်တို့မိသားစုထဲမှာ ဒီနေ့ဘာဟင်းချက်လဲ၊ ဒီနေ့ လစာအခြေအနေဘယ်လိုရှိမလဲ၊ ကျောင်းမှာရော အဆင်ပြေရဲ့လားဆိုတဲ့ ကျွန်တော်တို့နေ့တဓူဝ မိသားစုထဲမှာ ပြောဆိုဆွေးနွေးနေကြတဲ့ ကိစ္စရပ်လိုအရာတွေ ဒါတွေပဲပေါ့။

တိုင်းပြည်ရဲ့လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ၊ စည်ပင်ဝပြောရေး၊ လုံခြုံရေးစတဲ့ ဒီအရာတွေပဲ ပါဝင်နေတဲ့အရာ ဆိုတာကို ကျွန်တော်တို့ ထဲထဲဝင်ဝင် သိလိုက်ရတယ်။ နိုင်ငံရေးက ကျွန်တော်တို့ လူတိုင်း လက်လှမ်းမမှီတဲ့အရာ မဟုတ်ဘူးဆိုတာကိုက ကျွန်တော်တို့ကို shock ဖြစ်စေတဲ့ အရာပါပဲ။
 

မေး။     ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံတဲ့အရာတွေ ဖိနှိပ်တဲ့အရာတွေ ဘယ်လောက်ထိ ပြောင်းလဲသွားတယ်လို့ မြင်လိုက်လဲ။

ဖြေ။      ။ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာလည်း ပြောင်းလဲလာတယ်လို့ မမြင်ဘူး။ အရင့်အရင်တွေ အတိုင်းပဲလို့ သုံးသပ်တယ်။ ဘာလို့လဲဆို အမျိုးသမီးတွေနေရာရဖို့အတွက် ကိုတာစနစ်ကို တောင်းဆိုနေရဆဲ ဖြစ်သလို ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာလည်း အမျိုးသမီးအသံတွေပါဝင်လာဖို့ အမျိုးသမီးတွေရဲ့ အတွေးအခေါ်တွေ အယူအဆတွေပါဝင်လာဖို့ တွန်းနေရဆဲဖြစ်တယ်။

ကျွန်တော်တို့ သတင်းတွေမှာဆို ပိုပြီးမြင်သာတယ်။ သတင်းတခုရဲ့ သတင်းအရင်းအမြစ်နေရာမှာ အမျိုးသမီးအသံ ဘယ်လောက်အသုံးပြုပြီး သတင်းထုတ်လဲဆိုတာ မူတည်ပြီး ကြည့်လို့ရတယ်။ ဥပမာ အဓိကရုန်းတွေ ဖြစ်တယ်။ မီးလောင်တာတို့ စစ်ဖြစ်တာတို့ ဗုံးကြဲတာတို့ဆိုတဲ့ ကြေကွဲဖွယ်ရာနေရာတွေဆို အမျိုးသမီး source တွေ အများကြီးသုံးတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေ လူတွေကို အသိပညာပေးတာပဲ ဖြစ်ဖြစ်၊ လှုံ့ဆော်တာပဲဖြစ်ဖြစ် သတင်းတခုခုကို မှန်သလား ပြန်စစ်ဆေးတော့မယ့်နေရာဆို အမျိုးသားတွေပဲ ထုတ်သုံးတယ်။

ကျွန်တော်တို့ ထင်သာမြင်သာ ရှိတဲ့နေရာတခုကိုပြောတာပါ။ ဘာပြောင်းလဲသွားလဲဆို ဘာမှမပြောင်းလဲနေဘူး။ တချို့နေရာတွေမှာ ပိုတောင်ဆိုးလာတယ်လို့တောင် မြင်တယ်။ အမျိုးသမီးအရေး ဆိုတဲ့ အမျိုးသမီးအသံထွက်မယ်ဆိုရင် အမျိုးသမီးတွေခဏနေဦး တော်လှန်ရေးသတင်းက ပိုအရေးကြီးတယ်။ စစ်ဖြစ်နေတယ်လေ။ နင်တို့အမျိုးသမီးတွေအကြောင်းက ဘယ်လောက်အရေးကြီးမှာလဲဆိုတဲ့ ကန့်သတ်မှု တွေက ဒီတော်လှန်ရေးမှာ ပိုပြီးတွင်တွင်ကျယ်ကျယ် သုံးလာတာ။

အရင်တုန်းက တော်လှန်ရေးမဖြစ်ခင် အချိန်တုန်းက တန်းတူညီမျှရေးတွေ၊ အမျိုးသမီးအခွင့်အရေးတို့ဘာတို့ ဒါတွေပြောနေတဲ့အချိန်တုန်းက ကျတော့ ပြောလို့တော်တော်ရနေပြီဆိုတဲ့ အခြေအနေကနေ အရေးအခင်းလည်း ဖြစ်သွားရော အဲ့အခြေအနေက တော်တော်ပျောက်ထွက်သွားတယ်။ အခုက အမျိုးသမီးအရေးနဲ့ ပတ်သက်ရင် ကျွန်တာ်တို့ အမကြီးတွေ၊ အဒေါ်ကြီးတွေ တိုက်ပြီးခဲ့တဲ့တိုက်ပွဲတွေ ကျွန်တော်တို့ ပြန်တိုက်နေရသလို ဖြစ်နေတယ်။

“တော်လှန်ရေးမဖြစ်ခင်အချိန်တုန်းက တန်းတူညီမျှရေးတွေ၊ အမျိုးသမီးအခွင့်အရေးတွေကို ပြောလို့တော်တော်ရနေပြီ။ အခုက အမျိုးသမီးအရေးနဲ့ ပတ်သက်ရင် ကျွန်တာ်တို့ အမကြီးတွေ၊ အဒေါ်ကြီးတွေ တိုက်ပြီးခဲ့တဲ့တိုက်ပွဲတွေ ကျွန်တော်တို့ ပြန်တိုက်နေရသလို ဖြစ်နေတယ်”
 

မေး။     ။ နွေဦးတော်လှန်ရေးမှာ မီဒီယာရဲ့အခန်းကဏ္ဍကဘယ်လိုပုံစံနဲ့တည်ရှိနေလဲ။

ဖြေ။      ။ မီဒီယာရဲ့သတင်းတွေကြောင့် ဒီတော်လှန်ရေးက ကမ္ဘာက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေဆဲ ဖြစ်တယ်။ မီဒီယာတွေမှာ သတင်းတွေပုံစံမျိုးစုံနဲ့ စီးဆင်းနေဆဲ ဖြစ်တယ်။ လက်ရှိအချိန်အထိ မီဒီယာရဲ့ အခန်းကဏ္ဍသည် တော်လှန်‌ရေးအတွက် တာဝန်ကျေနေဆဲလို့တောင် ပြောလို့ရတယ်။ မီဒီယာသမားတွေ အနေနဲ့ သူတို့တာဝန်ကို အပြည့်အဝထမ်းဆောင်နေဆဲ ဖြစ်တယ်။

သတင်းစီးဆင်းမှုက ပြည်သူတွေဆီ သတင်းရောက်ဖို့ပဲဖြစ်စေ သတင်းစီးဆင်းမှုအားကောင်းဖို့ပဲဖြစ်စေ ရတဲ့နည်းနဲ့ အခက်အခဲတွေကြားထဲက တင်ဆက်နိုင်ဆဲဖြစ်တဲ့အတွက် မီဒီယာရဲ့အခန်းကဏ္ဍက အားကောင်းဆဲ မောင်းနှင်နေဆဲ၊ လက်ရှိအခြေအနေ မှာ စတုတ္ထမဏ္ဍိုင်ရဲ့ တာဝန်ဝတ္တရားအတိုင်း တိုင်းပြည်တာဝန်ကိုထမ်းဆောင်နေဆဲ၊ တာဝန်ကျေနေဆဲလို့ မြင်ပါတယ်။
 

မေး။     ။ တန်းတူညီမျှမှု လွတ်လပ်မှုနဲ့ တရားမျှတမှုမြင့်တက်လာဖို့ မီဒီယာအနေနဲ့ ဘယ်လို လုပ်ဆောင် ပေးနိုင်လဲ။

ဖြေ။      ။ မီဒီယာအနေနဲ့ ဆောင်ရွက်မှုမှာ source တွေ အသုံးပြုတာကအစ ဟိုးအရင်ထဲက source တွေ အသုံးပြုတဲ့နေရာမှာ victim တို့ survivor တို့နေရာမျိုးတွေမှာ အမျိုးသမီးတွေကို ထားတာများတယ်။ သတင်းတစ်ခုရဲ့ lead လုပ်တဲ့နေရာမှာ အမျိုးသားတွေကို ထားကြတာများတယ်။ တကယ့် lead လုပ်တဲ့နေရာတွေမှာ အမျိုးသမီးတွေရှိနေဖို့ လိုတယ်။ကျွန်တော်တို့ကလည်း အမျိုးသမီးတွေရဲ့အသံကို မြှင့်တင်ဖို့လုပ်လို့ရမှာ တန်းတူညီမျှရေးလို့ ပြောလိုက်ရင်၊ မီဒီယာက လုပ်ချင်သော်ငြားတောင်မှ ဦးဆောင်မှု နေရာတွေမှာ အမျိုးသမီးတွေရောက်နေမှ လုပ်လို့ရမယ့် အခြေအနေတွေ ရှိနေတယ်။

အဲ့တော့ တန်းတူညီမျှမှု တွေ၊ လွတ်လပ်မှုတွေ၊ တရားမျှတမှုတွေဆိုတာကို ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ ရှိနေပြီးသား အခုလက်ရှိသွားနေတဲ့ structure ကို ပြောင်းလိုက်မှပဲ အမျိုးသမီးတွေဆိုတာ ရှေးရိုးစွဲသိလာကြတဲ့ အိမ်ထောင်ရှင်မတွေဖြစ်တယ်တို့၊ နောက်လိုက်ဖြစ်တယ်ဆိုတာကနေ၊  အမြင်တွေကို အရင်ပြောင်းဖို့အတွက် ခေါင်းဆောင်မှုနေရာမှာ အမျိုးသမီးတွေ‌ ရောက်လာဖို့လိုတယ်။ ရောက်လာရင်လည်း မီဒီယာက ထပ်ပြီး ပံ့ပိုးပေးရမယ်၊ အားမြှောက်ပေးရမယ်လို့ မြင်ပါတယ်။
 

မေး။     ။ ကိုယ်တိုင်ကရော အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံတာ ခံရဖူးလား။

ဖြေ။      ။ မှတ်မှတ်ရရပြောရမယ်ဆို တော်လှန်ရေးကားတစ်ကား ရိုက်ဖူးတယ်။ ကျွန်တော်က ကင်မရာမင်း အနေနဲ့ တစ်ကားလုံးကူညီပြီးတော့ ရိုက်ခဲ့ပေးတာ။ အဲ့ကားဆိုရင် နိုင်ငံတကာမှာပြတယ်။ ပစ္စည်းစုံစုံလင်လင်နဲ့ ရိုက်ခဲ့တဲ့ကားမဟုတ်ဘူး။ ကျွန်တော့်ကင်မရာလေးနဲ့ပဲ အဲ့ကားတကားလုံးကို ထိန်းပြီးတော့ ရိုက်သွားတယ်။

ဖြစ်ချင်တော့ ကျွန်တော်က ကင်မရာလေးကိုင်ပြီးသွားတယ်။ “အမျိုးသမီးတွေက ကင်မရာကိုင်တတ်တာ မဟုတ်ဘူး။ ငါတို့ခေတ် အဆက်ဆက်မှာ ဘယ်အမျိုးသမီးမှ ကင်မရာမကိုင်တက်ဘူး။ ဓာတ်ပုံရိုက်ဘဲ ရိုက်တတ်တဲ့ ကင်မရာမန်းမခေါ်လာနဲ့။ ဘယ်အမျိုးသမီးမှလည်း ဒါမျိုးမလုပ်နိုင်ဘူး” လို့ ကျွန်တော် ကင်မရာကြီးကိုင်ရင်းနဲ့ လူတွေအများကြီး ရှေ့မှာပြောခံရတာ။

လောလောဆယ် ငါကူနိုင်တာပဲလေဆိုပြီး စိတ်လျော့ပြီး ကိုယ်ပြောခဲ့တဲ့စကားကို ပြီးတဲ့အထိ တာဝန်ယူပေးပါမယ်ဆိုတဲ့စကားကို  ခေါင်းညိတ်ပြီး အဲ့လိုစော်ကားတဲ့လူရှေ့မှာ အလုပ်ပြန်လုပ်ခဲ့ရတယ်။ ကျွန်တော်တို့အမျိုးသမီးတွေကလည်း လုပ်ဆောင် နိုင်တယ် ဆိုတာကို အမြဲတမ်း သက်သေထူတယ်။ အမြဲတမ်း သက်သေပြတယ်။ အဲ့တော့ သူများထက် ကျွန်တော်တို့သည် နှလုံးသားပိုကြီးရတယ်။ မယုံကြည်မှုတွေကို ချိုးဖျက်ဖို့ ကြိုးစားရတယ်။ ပိုပြီး အလုပ်လုပ်နိုင်ရပါတယ်။
 

မေး။     ။ အမျိုးသမီးဖြစ်ခြင်းနဲ့ခွဲခြားဆက်ဆံမှုတွေမရှိတဲ့ နိုင်ငံသစ်ဖြစ်လာဖို့အတွက် မီဒီယာအနေနဲ့ ဘာတွေ လုပ်ဆောင်ပေးသင့်လဲ။

ဖြေ။      ။ တကယ်ဆို မီဒီယာလက်နက်က တိုင်းပြည်တောင်ပျက်နိုင်တယ် ဆိုလောက်တဲ့အထိ အဆိပ်ပြင်းတဲ့ အရာပါ။ ဒီမီဒီယာတွေ ကိုယ်တိုင်ကအစ အမျိုးသမီးတွေအပေါ် သုံးနှုန်းတဲ့အသုံးအနှုန်းတွေ ထားသိုတဲ့နေရာ တွေ အမျိုးသမီးတွေအပေါ်လေးစားတန်ဖိုးထားမှုတွေ မြှင့်တက်လာအောင် လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေ ရှိတယ်။ဒါပေမယ့် မီဒီယာလို့ပြောလိုက်ရင် သတင်းမီဒီယာတခုထဲ မဟုတ်ဘူး။ ကြော်ငြာတွေမှာဆိုရင် ကြည့်လိုက် ထမင်းချက်ဟင်းချက် ဆပ်ပြာဆီကြော်ငြာပြီဆိုရင် အမျိုးသမီးတွေနဲ့ပဲ ရိုက်နေဆဲပဲ။

နိုင်ငံတကာ ကြော်ငြာတွေမှာ ကြည့်လိုက်ရင်လည်း ချက်ပြုတ်လျှော်ဖွတ်တယ်ဆို အမျိုးသမီးတွေနဲ့ပဲရိုက်နေဆဲပဲ၊ အမျိုးသမီးတွေကိုစံတန်ဖိုးထားတဲ့ ခိုင်းနှုန်းထားပြီးတော့ ဖွဲ့နွဲ့ထားတဲ့အရာတွေ ဘောင်တွေကို ပြောင်းပစ်ရမှာပေါ့။ ဒါ ကျွန်မတို့နိုင်ငံတခုထဲနဲ့တောင် ပြောလို့မရဘူး။ကမ္ဘာလုံးနဲ့ ချီပြီးပြောရမှာ ဖြစ်တယ်။တကမ္ဘာလုံးမှာရှိနေတဲ့ အမျိုးသမီးအကုန်လုံးသည်  ကိုယ့် role ကို ကိုယ်အရင်ပြည့်အောင် ဖြည့်မှရမယ်။ ဦးနှောက်ကိုဘယ်လောက်အထိ အလှဆင်ကြမလဲပေါ့။ အမျိုးသမီးတိုင်းက အရင်ဖောက်ထွက်ရမယ့်အရာလို့ ထင်တယ်။

သူများကနေရာပေးပေမယ့်  ငြင်းဆန်ဖို့ လုံလောက်သော ဝမ်းစာနဲ့ လုံလောက်သော၊ ကျွန်တော်တို့ အပေါ် ကျွန်တော်တို့တန်ဖိုးထားမှုနဲ့ ဖြစ်တည်မှုကို ရှုထောင့်ပြောင်းပြီး မြင်တက်တဲ့အမြင်တွေက တဦး တယောက်ထဲက သွားလို့ရတဲ့အရာ မဟုတ်ဘူး။ တယောက်ချင်းတယောက်ချင်း တစစနဲ့ ပြောင်းလဲသွားဖို့ လိုတယ်။ နည်းနည်းတော့ အမုန်းခံရမှာပေါ့။ တိုက်ခိုက်လည်း ခံရမှာပေါ့။ ဒါတွေကတော့ ရင်ဆိုင်ဖို့ လိုပါတယ်။
 

မေး။     ။ ဘယ်လိုကဏ္ဍတွေမှာ အမျိုးသမီးပါဝင်မှုထင်ထင်ရှားရှားမြင်နေရပြီလို့သုံးသပ်လို့ရလဲ။

ဖြေ။      ။ အမျိုးသမီးရေးရာကိစ္စတွေမှာပဲလို့ ပြောရမယ်။ နိုင်ငံရေးတွေ၊ စစ်ရေးတွေ၊ ဥပဒေပြုရေးတွေ ဆိုတာထက် အမျိုးသမီးတွေသည် အမျိုးသမီးရေးရာဝန်ကြီးဌာနမှာပဲ လုပ်ပိုင်ခွင့်ပြောပိုင်ခွင့်ရှိတဲ့လူတွေ ဖြစ်နေတယ်လို့ ပြောရမယ်။ အမျိုးသမီးဝန်ကြီးဌာနပဲ ပြယုဂ်ပြစရာရှိမယ်။ ကျန်တာတွေသည် အခုချိန်ထိ ကြက်မတွန်လို့ မိုးမလင်းဘူးဆိုတဲ့အတိုင်း အခြေအနေရှိနေတုန်းဘဲ။ ခွဲခြားနိမ့်ချတဲ့ စကားတွေက ကျွန်တော်တို့လူအဖွဲ့အစည်းတွေ၊ မီဒီယာတွေကိုယ်တိုင်ကအစ တွင်တွင်သုံးနေဆဲပဲလေ။
 

မေး။     ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ ပိုပြီးထွက်လာဖို့ မီဒီယာတွေကနေ ဘယ်လို မွေးထုတ်ပေးနိုင်မလဲ။

ဖြေ။      ။ မီဒီယာတွေကတော့ အမျိုးသမီးတွေကို အခုဆိုရင် အမျိုးသမီးအရေးနဲ့ ပတ်သက်တဲ့မီဒီယာလေးတွေ ရှိတယ်။ အမျိုးသမီးအကြောင်းအရာနဲ့ပတ်သက်တဲ့ စတိုရီတွေထုတ်ရင်တောင်မှပဲ မီဒီယာတိုင်းက အဲ့လောက် အားပေးပြီး တင်ပေးတာ မဟုတ်ဘူးလေ။ တော်လှန်ရေးတွေထဲမှာ ပါဝင်တဲ့ အမျိုးသမီးတွေအကြောင်းကို ရိုက်ခဲ့ဖူးတယ်။

တကယ့်တကယ်တင်ပေးဖို့ မီဒီယာတွေလိုက်ချိတ်ဆက်တဲ့အခါ အမျိုးသမီးအရေးကို ဆောင်ရွက်ပါမယ်ဆိုတဲ့ ဘတ်ဂျက်ရထားတဲ့ မီဒီယာလောက်ပဲ ခွင့်ပြုတယ်။ ကျန်တဲ့တော်လှန်ရေးမီဒီယာ တွေက အမျိုးသမီးသတင်းဆို လက်ရှောင်လိုက်တယ်။ စိတ်မဝင်စားဘူး။အဲ့အခါကျတော့ မီဒီယာတွေကို ပြောချင်တာသည် အမျိုးသမီးတွေသည်လည်း အသုံးကျပါတယ်။ အသုံးဝင်ပါတယ်။ သိအောင် သူတို့မီဒီယာ တွေ ကိုယ်တိုင်က အမျိုးသမီးတွေကို နေရာလေးတွေပေးကြပါဦး။

အမျိုးသမီးတွေက ရှေ့ထွက်လာနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ တခုခုဆို မိသားစုက အရင်ပိတ်ပင်တယ်။ မိသားစုကနေ ဖောက်ထွက်လာနိုင်တဲ့သူကို လူ့အဖွဲ့အစည်းက ထပ်ပိတ်ပင်တယ်။ လူ့အဖွဲ့အစည်းက ထပ်ပိတ်ပင်လိုက်တော့ ကျွန်တော်တို့သည် ဘယ်ကို ဆက်ထွက်ကြမလဲ။ လူ့အဖွဲ့အစည်းကလည်း နေရာပေးဖို့လိုသလို ရှိနေပြီးသား ကဏ္ဍအသီးသီးမှာ ရှိနေတဲ့နေရာတွေမှာလည်း အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့လမ်းတွေကို ဖွင့်ပေးထားဖို့ လိုပါတယ်။
 

မေး။     ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လာနိုင်မယ်လို့ နိုင်ငံရေးက ဘယ်လိုပုံစံနဲ့ အပြောင်းအလဲ ဖြစ်နိုင်လဲ။

ဖြေ။      ။ သဘာဝတရားကြီးနဲ့ပဲ ပြန်ယှဉ်ပြီးပြောရမှာပေါ့။ လောကသဘာဝမှာလည်း ရေလေမြေမီး ဓာတ်ကြီးတွေရှိတယ် အဲ့သဘောပဲပေါ့။ ယောကျာ်းနဲ့ မိန်းမသည် မီးနဲ့ရေဓာတ်လိုဘဲ မျှချေညီနေဖို့ လိုတယ်။ ညီနေတဲ့ဖြစ်တည်မှုတိုင်းက လှပတယ်။ အမျိုးသားတွေက ပြောတတ်ကြတယ်။ ကြိုက်တဲ့အမျိုးသမီးတက်လာ ငါတို့နေရာပေးတာပဲ ငါတို့က မခွဲခြားဘူး။ ဒါပေမယ့် မခွဲခြားဘူးပြောပေမယ့် သူတို့အဲ့အမျိုးသမီးတယောက်ကို ပုတ်ထုတ်နေတာတွေ၊ ပညာပြနေတဲ့ဇာတ်လမ်းတွေကလည်း အများကြီးရှိတယ်။

အဲ့တော့ ကျွန်တော်တို့ နိုင်ငံသည် ဖိုဝါဒကြီးစိုးတယ်။ အမျိုးသားလွှမ်းမိုးမှု အရမ်းများတယ်ဆိုတဲ့ နိုင်ငံမျိုးတွေ ဖြစ်နေတာကိုး။ လူသားတယောက်အနေနဲ့ ကြည့်ပြီးလုပ်နိုင်တဲ့သူတွေက လုပ်နိုင်တဲ့နေရာရရင်တော့ ကိုတာခွဲဝေမှုတွေ ရာခိုင်နှုန်းခွဲဝေမှုတွေ ဘာမှရှိလာမှာမဟုတ်ဘူး။ အရှေ့ကဖြေထားတဲ့ဟာနဲ့ ပြန်ဆက်စပ်ရမယ်ဆိုရင်တော့ လူမှန်နေရာမှန်ပေးဖို့ စိတ်ရော၊ရုပ်ရောကနေပြီးတော့ နေရာလေးတွေ ဖွင့်ပေးဖို့ လိုပါတယ်။
 

မေး။     ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုမရှိတော့မယ့် အနာဂတ်နိုင်ငံအသစ်ကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။

ဖြေ။      ။ ကျွန်တော်အသက်မသေခင်အချိန်ထိ မြင်ရပါ့မလားလို့ ကျွန်တော်မသိဘူး။ အခုဆိုရင် အမျိုးသမီးအဖွဲ့တခု ထူထောင်တယ်။ ဒီဟာသည် ဘာလဲဆို အနာဂတ်မှာအမျိုးသမီးလေးတွေအတွက် ဘေးကင်းလုံခြုံတဲ့ လူ့ပတ်ဝန်းကျင် ပတ်ဝန်းကျင်တခု ရရှိလာဖို့ ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ ဘယ်နေရာသွားသွား စိတ်ချလုံခြုံရတဲ့ ပတ်ဝန်းကျင်တခုဖြစ်အောင် ရည်မှန်းတယ်။

ကျွန်တော်တို့ မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ မှီခဲ့သည်ဖြစ်စေ မမှီခဲ့သည်ဖြစ်စေ ဒီမျှော်လင့်ချက်အတိုင်း ဆက်သွားမယ်။ နောက်ထပ် လက်ဆင့်ကမ်းရင်းနဲ့ ထပ်ပြီး မျှော်လင့်ချက်ကြီးမယ့်လူတွေ ဆက်ပြီးမွေးမြူမယ်၊ မွေးမြူရင်းနဲ့ ဆက်မျှော်လင့်ကြမယ်။ တချိန်ချိန်တော့  ဘေးကင်းလုံခြုံသော ခွဲခြားဆက်ဆံမှုရှိသော တန်းတူညီမျှမှုရှိသော လူသားဖြစ်တည်မှုတိုင်းကို လေးစားတန်ဖိုးထားသော လူ့ပတ်ဝန်းကျင်ကို မြင်ရမယ်လို့ ထင်ပါတယ်။


“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

ဒေါ်ခင်စိုးလွင် CDM ဆရာမ

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“ကျွန်မတို့အမျိုးသမီးတွေကလည်း ကျား၊မ တန်းတူအခွင့်အ‌ရေးလို့ ပါးစပ်ကနေအော်မနေဘဲနဲ့ ကိုယ်တိုင်ကလည်း လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ လိုသလို၊ ကိုယ့်ရဲ့အိမ်မှာကစပြီး မှီခိုအနေနဲ့မဟုတ်ဘဲနဲ့ တတပ်တအားနဲ့ ပါဝင်လုပ်ဆောင်တဲ့သူဖြစ်အောင် လုပ်ဖို့ တောင်းဆိုချင်ပါတယ်”

 
           
            ဒေါ်ခင်စိုးလွင်သည် မကွေးတိုင်း၊ မြိုင်မြို့နယ် ဇာတိဖြစ်ပြီး ငယ်စဉ်ကတည်းက တက္ကသိုလ် ဆရာမတစ်ဦး ဖြစ်ချင်ခဲ့တယ်။ ဆယ်တန်းအောင်မြင်ခဲ့ပြီးနောက် အလုပ်လုပ်ရန်အတွက် ထိုင်းကို ရောက်တဲ့အခါ ငယ်ငယ်ကဖတ်စာအုပ်ထဲမှာသင်ခဲ့ရသည့် ယိုးဒယားအကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ကွာခြားမှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်။

ကိုယ့်နိုင်ငံက အများကြီးနောက်ကျကျန်နေတာကို တွေ့ရတဲ့အတွက် ကိုယ့်နိုင်ငံအတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုပြီးစဉ်းစားကာ ကိုယ်ဝါသနာပါတဲ့ စာသင်ကြားသည့်အလုပ်အတွက် မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ ထိုနောက် ပညာရေးကို ဆက်လက် လေ့လာခဲ့ပြီး ကျောင်းဆရာမအလုပ်ကို လုပ်ခဲ့ပါတယ်။

            အာဏာသိမ်းတာကိုလက်မခံနိုင်တဲ့အတွက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သလို၊ သပိတ်မှောက် ဆန္ဒပြပွဲတွေကို မနားတမ်းပါဝင်ခဲ့ပါတယ်။ ပညာရေးကတဆင့် စနစ်သစ်ကို တည်ဆောက်နိုင်ရန်အတွက် မိမိကိုယ်ကို ပြန်လည်သင်ယူလေ့လာရင်း အတွေးသစ်၊ အမြင်သစ်တွေကို ဖြန့်ဝေနိုင်ဖို့အတွက် စစ်ရှောင်ဒေသ၊ မြေပြင်မှာ ဖက်ဒရယ်ကျောင်းတွေ ဖွင့်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။

 
မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ။      ။ အရင်ထက်စာရင်တော့ ကျွန်မတို့မှာ မျှော်လင့်ချက်တွေ ပိုပြီးရှိလာတယ်။ အားရစရာ ဖြစ်လာတယ်။ ၂၀၂၂မှာ သိပ်ပြီးအားရစရာမရှိဘူး။ စုဖွဲ့မှုတွေလည်း အားမကောင်းသေးဘူး။ အခုကတော့ ကျွန်မတို့မြို့နယ်က ကျွန်မတို့မြင်ရတဲ့ အင်အားစုတွေအကုန်လုံးက စည်းလုံးနိုင်တယ်။ စုစည်းနိုင်တယ်လို့မြင်တဲ့အတွက် လေးနှစ်ပြည့်မှာတော့ အရင်ကထက် ပိုပြီးအင်အားကောင်းလာတယ်။

မျှော်လင့်ချက်တွေအများကြီး ရှိလာ ပါတယ်။ ဒီတော်လှန်ရေးကာလမှာ စနစ်သစ်တစ်ခု တည်ဆောက်နိုင်အောင် ဒေသအသီးသီက ကြိုးစားနေတယ်လို့ မြင်နေရတယ်။ စနစ်အသစ်ဆိုတော့ လုပ်ရတဲ့ လုပ်ငန်းစဉ်တွေကို မသိသေးတာတွေ ရှိပေမဲ့ လေ့လာရင်းတည်ဆောက်ရင်းနဲ့ သွားနေတယ်လို့ မြင်ပါတယ်။

“တာဝန်ယူတတ်ပြီးတော့ တကယ်အသိပညာရှိတဲ့ မျိုးဆက်တွေကို မွေးထုတ်ဖို့ လိုအပ်ပါတယ်။ ဒါမှ လက်ရှိမှာ ဖြစ်နေတဲ့ ပြဿနာတွေရော၊ ပြဿနာအသစ်တွေကိုပါ ဦးဆောင်ဖြေရှင်းနိုင်သူတွေ ဖြစ်လာမှာပါ”

 

မေး။     ။ နိုင်ငံတခုတည်ဆောက်တဲ့အခါမှာ ဘယ်အရာတွေကို စံတန်ဖိုးထားမှုတွေ၊ အခြေခံမူတွေနဲ့ တည်ဆောက်သင့်ပါသလဲ။

ဖြေ။      ။ နိုင်ငံတခုတည်ဆောက်မယ်ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေက အဓိကလိုအပ်တယ်လို့ ထင်ပါတယ်။ အဖွဲ့အစည်းတိုင်းမှာ ခိုင်မာ၊ မှန်ကန်ပြီး တရားမျှတတဲ့ မူဝါဒရှိရင် ဘယ်သူပဲခေါင်းဆောင်ဖြစ်လာပါစေ အဲဒီအဖွဲ့အစည်းဟာ ရေရှည်တည်တံ့ပြီး တိုးတက်အောင်မြင်တဲ့ အဖွဲ့တခု၊ နိုင်ငံတခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ အခြေခံဥပဒေမှာ ခွဲခြားဆက်ဆံမှုတွေ၊ ဖယ်ကြဉ်မှုတွေ ထပ်မဖြစ်အောင် သေသေချာချာ ပြဌာန်းဖို့ လိုသလို၊ ဥပဒေတွေကို လက်တလုံးခြားလုပ်တဲ့ အကျင့်ပျက်ခြစားမှုတွေ ထပ်မရှိအောင် လုပ်ဖို့ လိုပါတယ်။

ကျွန်မတို့နိုင်ငံဆင်းရဲပြီး ပျက်စီးတာ ဥပဒေအပေါ် မလေးမစား လုပ်လွန်းလို့ပါ။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးကို အလေးထားစေချင်ပါတယ်။ နောက်တစ်ခုက ကလေးတွေကို သေချာပျိုးထောင် နိုင်တဲ့လူ့အဖွဲ့အစည်း ဖြစ်လာစေချင်ပါတယ်။ တာဝန်ယူတတ်ပြီးတော့ တကယ်အသိပညာရှိတဲ့ မျိုးဆက်တွေ ကို မွေးထုတ်ဖို့ လိုအပ်ပါတယ်။ ဒါမှ လက်ရှိမှာ ဖြစ်နေတဲ့ပြဿနာတွေရော၊ ပြဿနာအသစ်တွေကိုပါ ဦးဆောင်ဖြေရှင်းနိုင်သူတွေ ဖြစ်လာမှာပါ။
 

မေး။     ။ အာဏာသိမ်းပြီးနောက်မှာ ဘာတွေအပြောင်းအလဲ ဖြစ်သွားတယ်လို့ မြင်ပါသလဲ

ဖြေ။      ။ သိသာလာတာက ကျွန်မတို့ကိုယ့်ဘေးမှာမြင်ရတာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ကျွန်မတို့ အကုန်လုံးက တော်တော်များများက လူတွေပဲလို့ ပြောင်းလဲပြီး မြင်တက်လာတယ်။ အရင်တုန်းကလိုမျိုး ခွဲခြားမှု မရှိတော့ဘူး။ ကျား၊မ သိပ်မခွဲခြားတော့ဘူး။ LGBT တွေလည်း သူ့နေရာနဲ့သူ လူတွေက လက်ခံစပြု လာတယ်။ အရင်တုန်းကဆို သူကတော့ဘာကြီး သူလာရင်ဘယ်လိုကြိုဆိုရတယ် ဆိုတာမျိုး အဲ့လိုမျိုးတွေ မရှိတော့ဘဲနဲ့ အလုပ်လုပ်နေတဲ့သူတွေအားလုံးနီးပါးက တန်းတူဖြစ်သွားတယ်လို့ မြင်ပါတယ်။
 

မေး။        ။ အမျိူးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ပြောင်းသွားလား။

ဖြေ။      ။ အမျိုးသမီးတွေကလည်း ကျွန်မတို့ရဲ့တော်လှန်ရေးအင်အားစုတွေထဲမှာ လက်နက်ကိုင်ပြီး‌ တော်လှန်တဲ့အဖွဲ့တွေမှာရော၊ လက်နက်မကိုင်ဘဲ တော်လှန်တဲ့အဖွဲ့တွေ အားလုံးထဲမှာရော အမျိုးသမီးတွေကို အရင်တုန်းကနဲ့စာရင် နေရာပေးလာတယ်။ အသိအမှတ်ပြုတယ်။ ဦးဆောင်မှုမဟုတ်တောင်မှ အမျိုးသမီးတွေ ရဲ့ လုပ်နိုင်စွမ်းတွေကို အရင်ထက် ပိုပြီးအသိအမှတ်ပြုလာတယ်လို့ မြင်ပါတယ်။
 

မေး။     ။ စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့ ဘယ်နေရာမှာပိုပြီး အမျိုးသမီးတွေပါဝင်လာဖို့ အရေးကြီးတယ်လို့ ထင်ပါသလဲ။

ဖြေ။      ။ အမျိုးသမီးတွေက နေရာတိုင်းမှာ ပါဝင်ဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်ရေးရော၊ ပညာရေးရော၊ ကျန်းမာရေးရော၊ စစ်ရေးရော တန်းတူ အရေးကြီးတယ်လို့ထင်တဲ့အတွက် အဲ့နေရာတွေအကုန်လုံးမှာ အမျိုးသမီးတွေပါဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ကျွန်မတို့အမျိုးသမီးတွေက အရင်တုန်းက အမျိုးသမီးဆိုတာ အိမ်မှာပဲနေမယ်၊ မှီခိုမယ်လို့ မတွေးဘဲနဲ့ အမျိုးသမီးတွေ အကုန်လုံးကလည်း ကိုယ့်ကိုကိုယ် အလုပ်လုပ်နိုင်တဲ့သူတွေ အလုပ်လုပ်ရမယ့်သူတွေလို့ မြင်ဖို့ လိုအပ်ပါတယ်။ ကျန်တဲ့သူတွေကလည်း အမျိုးသမီးတွေပါဝင်မှု အခန်းကဏ္ဍတွေကို မြှင့်တင်ပေးဖို့လိုအပ်နေပါသေးတယ်။
 

မေး။     ။ ကိုယ်တိုင်အနေနဲ့ အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ ခေါင်းစဉ်ကြောင့် ခွဲခြားဆက်ဆံခံရဖူးလား။

ဖြေ။      ။ တော်လှန်ရေးမတိုင်ခင်ကတော့ အမျိုးသမီးဆိုရင် အလုပ်ဝင်တဲ့အခါတွေ တက္ကသိုလ်ဝင်ခွင့် လျှောက်တဲ့အခါတွေ အမျိုးသားကအမှတ် ၅၀ နဲ့ ဒီဝင်ခွင့်ကိုရတယ်ဆိုရင် အမျိုးသမီးဆိုရင် ၈၀ ဖြစ်ဖို့ လိုပါတယ်။ အဲ့ဒါမျိုးတွေ လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း လုပ်ငန်းခွင်ဝင်ခွင့်မှာ အမျိုးသမီးတွေဆိုရင် ဘယ်လောက်မှရမယ်။အမျိုးသားဆိုရင် လျှောက်တာနဲ့ သူတို့နောက်မှာ ပညာအရည်အချင်းဆိုတာထက် အမျိုးသားတွေက ဒီလောက်မှာလိုအပ်တယ်ဆိုရင် ဒီလိုမျိုး အလုပ်ဝင်ခွင့်တွေ ရတယ်။

အဲ့လိုမျိုးတွေကစပြီး အများကြီးပါပဲ။ ကျွန်မတို့နိုင်ငံကကို ဖိုဝါဒကြီးစိုးတဲ့အထဲမှာ ပါဝင်တယ်။ ဖိုဝါဒဆိုတာ အခွင့်ထူးရထားတဲ့ သူတွေကို ထပ်ပြီး အခွင့်အရေးပေးကြတယ်။ ဦးစားပေးကြတယ်။ ဖိနှိပ်ခံထားရသူတွေအပေါ် ထပ်ပြီး ဖယ်ကြဉ်ကြတယ်၊ ထပ်ပြီး ဖိနှိပ်ကြတယ်။ ဒါတွေကို မြင်ပြီးတော့ တွန်းလှန်ဖို့ လိုပါတယ်။
 

မေး။     ။ အမျိုးသမီးတွေဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိရနေပြီလို့မြင်ပါသလဲ။

ဖြေ။      ။ လက်ရှိ ကျွန်မလုပ်နေတဲ့ အဖွဲ့အစည်းမှာဆိုရင်တော့ အခုလောလောဆယ် ကျွန်မတို့ မြို့နယ် ပညာရေးဘုတ်အဖွဲ့မှာဆိုရင် အမျိုးသမီး၊ အမျိုးသားမခွဲခြားဘဲနဲ့ ကျွန်မတို့အကုန်လုံးက ဆုံးဖြတ်ပိုင်ခွင့်တွေ ရှိတယ်။ ကျွန်မတို့အကုန်လုံးကလည်း တစ်ဦးတယောက်ထဲရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ မဟုတ်ဘဲနဲ့ အကုန်လုံး အဖွဲ့ဝင်တွေအကုန်လုံးရဲ့ အဆုံးအဖြတ်နဲ့ပဲ သွားကြတယ်။ ဒါပေမယ့် နေရာအားလုံးမှာတော့ အမျိုးသမီးတွေ က ၅၀ ရာခိုင်နှုန်းတောင် မရှိလောက်သေးဘူးလို့ ထင်ပါတယ်။ ဘာလို့လဲဆို အမျိုးသမီးတွေရဲ့ပါဝင်မှုက အားနည်းနေသေးတာ‌ကြောင့်လို့ ထင်ပါတယ်။
 
 
မေး။     ။ အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေပပျောက်သွားဖို့ ပြည့်ပြည့်ဝဝပါဝင်နိုင်ဖို့ ဘာတွေလုပ်သင့်လဲ။

ဖြေ။      ။  ကျွန်မတို့ကျောင်းတွေမှာတော့ အဓိကက နိုင်ငံတနိုင်ငံရဲ့အဆင့်အတန်းကိုပြောင်းလဲချင်တယ်ဆို ပညာရေးကို အရင် ပြောင်းလဲရတာကိုး။ ပညာရေးကနေတဆင့် အမျိုးသမီး၊ အမျိုးသားကြားက မတူညီတဲ့ လုပ်နိုင်စွမ်းတွေအကြောင်း ပြောပြဖို့ လိုသလို၊ ကွဲပြားတဲ့အာဏာဖွဲ့စည်းပုံကနေ အချင်းချင်းကြား မဖိနှိပ်ဖို့ ငယ်ငယ်ကတည်းက သိအောင်၊ အကျင့်ရအောင် သင်ကြားပေးရမှာပါ။

ကျွန်မတို့ကျောင်းတွေကနေ ကျောင်းသူကျောင်းသားတွေကို ကျားမတန်းတူအခွင့်အရေး၊ လူ့အခွင့်အရေးတွေ၊ ဖက်ဒရယ်အရေးကို ကြေကြေလည်လည်နဲ့ ကလေးတွေကို သင်ယူပို့ချပေးနိုင်မယ်ဆိုရင်တော့ အဲ့ကလေးတွေကနေပြီးတော့ ကျောင်းထဲကနေ သူ့ရဲ့မိသားစု အဲ့ကနေ သူ့ရပ်ရွာ သူတို့ရဲ့လူမှုအဖွဲ့အစည်းတွေအထိ ပြောင်းလဲနိုင်မယ်လို့ ထင်ပါတယ်။ အဲ့လိုလည်း ယုံကြည်ပါတယ်။


မေး။     ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ ပိုပြီးထွက်ပေါ်လာဖို့ ဘာတွေလုပ်သင့်လဲ။

ဖြေ။      ။ အမျိုးသမီးတွေက နေရာအများကြီးမှာ အမျိုးသမီးတွေ ကိုယ်တိုင်ပါဝင်ဖို့ လိုအပ်ပါတယ်။ အဲလိုပါဝင်နိုင်ဖို့ ကျွန်မတို့ ကိုယ်တိုင်ကလည်း လုပ်ဆောင်ပေးရမှာ ဖြစ်သလို၊ အမျိုးသမီးတွေအတွက် လုပ်ကိုင်ဖို့ အခွင့်အရေးတွေလည်း ပေးရမယ်၊ အဓိကတော့ အလုပ်လုပ်ပြခွင့်နဲ့ လုပ်ခွင့်ရဖို့ အတွက် အမျိုးသမီးတွေကို ပါဝင်ခွင့်ပေးဖို့ လိုအပ်ပါတယ်။

အမျိုးသမီးတွေကလည်း ပါဝင်နေတဲ့နေရာရဲ့ တန်ဖိုးကို သေချာအသုံးပြုပြီးတော့ ယန္တရားထဲမှာ ရှိတဲ့ ဖိနှိပ်နေတဲ့အရာတွေကို ပြောင်းလဲဖို့ လိုပါတယ်။ဥပမာ - နိုင်ငံရေးမှာ ပါတဲ့အမျိုးသမီးတွေက နိုင်ငံရေးထဲက အမျိုးသမီးတွေကို ဖိနှိပ်မှုကို ဖယ်ရှားနိုင်ဖို့ ကြိုးစားဖို့ လိုသလို၊ ဥပဒေမှာရှိနေတဲ့ အမျိုးသမီးတွေကလည်း ဥပဒေတွင်းမှာ ရှိတဲ့ ခွဲခြားမှုတွေ၊ ဥပဒေကို အသုံးချပြီး ခွဲခြားမှုတွေ မရှိအောင် လုပ်ဖို့ လိုပါတယ်။

ပညာရေးမှာ ရှိတဲ့အမျိုးသမီးတွေကိုလည်း ပညာရေးအသိုင်းအဝန်း ကို ဖိုဝါဒ၊ လူမျိုးကြီးဝါဒတွေ ထပ်မဖြစ်အောင်၊ ရှိနေတာတွေကို ပပျောက်သွားအောင် အပြောင်းအလဲလုပ်ရမှာ ဖြစ်သလို၊ ကလေးတွေကိုလည်း လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုကို ချစ်တတ်အောင် သင်ပေးမယ်ဆိုရင် မျိုးဆက်သစ်တွေမှာ အမျိုးသမီးခေါင်းဆောင်တွေ အများကြီး ထွက်လာမယ်။ ထွက်လာတဲ့ အမျိုးသမီးခေါင်းဆောင်တွေအတွက်လည်း လက်ခံတဲ့အသိုင်းအဝိုင်းပိုကြီးပြီး၊ ပိုရပ်တည်နိုင်မယ်လို့ မြင်ပါ တယ်။ မိခင်တွေကလည်း သားသမီးတွေကို ခေါင်းဆောင်ကောင်းတွေ ဖြစ်လာအောင် လုပ်ပေးနိုင်ပါတယ်။
 

မေး။     ။ အမျိုးသမီးတွေသာ နိုင်ငံရေးထဲမှာ တင်းပြည့်ကျပ်ပြည့်ပါလာမယ်ဆိုရင် အနာဂတ်နိုင်ငံရေးက ဘယ်လိုအပြောင်းအလဲဖြစ်နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။      ။ အရင်ထက်စာရင်တော့ အပြောင်းအလဲက ဖြစ်လာမှာပေါ့။ လူဦးရေကလည်း အမျိုးသမီးတွေက များတာကိုး။ အဲ့တာ့ ကျွန်မတို့အမျိုးသမီးတွေကလည်း ပညာတက်ပြီးပါဝင်နိုင်တဲ့ အခန်းကဏ္ဍ ပိုပြီးများ လာမယ်ဆိုရင် ကောင်းသောပြောင်းလဲခြင်း ပိုပြီးဖြစ်လာမယ်။ အင်အားတွေ အများကြီးပိုစုနိုင်ပြီးတော့ ပိုပြီးကောင်းလာမယ်လို့ ယုံကြည်ပါတယ်။

အမျိုးသမီးတွေကို ဖိနှိပ်တာတွေအပေါ်မှာလည်း ပိုပြီး ထုတ်ဖော် ပြောဆိုတာ အားကောင်းလာပြီးတော့ ဖိနှိပ်မှုတွေ လျော့လာမယ်လို့ မြင်ပါတယ်။ အမျိုးသမီးတွေကို ဖယ်ချန်တဲ့ လူ့အသိုင်းအဝန်းတွေ နည်းလာတာနဲ့အမျှ အမျိုးသမီးတွေကိုယ်တိုင်မှာ ပိုပြီး မျှောလင့်ချက်၊ ရည်မှန်းချက်တွေ အားကောင်းလာတယ်။ လူ့ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုလာနိုင်မယ်လို့ ထင်ပါတယ်။
 

မေး။     ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားမှုတွေမရှိတဲ့နိုင်ငံရေးစနစ်တခု တည်ဆောက်နိုင်မယ်လို့ ဘယ်လောက်အထိ မျှော်လင့်ထားပါသလဲ။

ဖြေ။      ။  အနာဂတ်မှာ အမျိူးသမီးတွေပါဝင်ခွင့်ရမယ်လို့ ယုံပါတယ်။ ကျွန်မတို့အမျိုးသမီးတွေကလည်း ကျား၊မ တန်းတူအခွင့်အ‌ရေးလို့ ပါးစပ်ကနေအော်မနေဘဲနဲ့ ကိုယ်တိုင်ကလည်း လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ကျွန်မတို့အမျိုးသမီးတွေကိုယ်တိုင်ကလည်း ကိုယ့်ရဲ့အိမ်မှာကစပြီး မှီခိုအနေနဲ့မဟုတ်ဘဲနဲ့ တတပ်တအားနဲ့ ပါဝင်လုပ်ဆောင်တဲ့သူဖြစ်ဖို့ အမျိုးသမီးတွေကိုယ်တိုင်က ပါဝင်ကြဖို့ တောင်းဆိုချင်ပါတယ်။

အပြောင်းအလဲ ကို လုပ်ရတဲ့သူတိုင်းက အခြားသူတွေထက် ပိုပင်ပန်းပါတယ်။ ကျွန်မတို့က စစ်အာဏာရှင်ကိုလည်း တော်လှန် နေသလို၊ ဖိုဝါဒကိုလည်း တော်လှန်ရတယ်။ အမျိုးသမီးတွေအပေါ် ဖိနှိပ်နေမှုကိုလည်း တော်လှန်ရတယ်။ ဒါကြောင့် အမျိုးသမီးတွေ စိတ်ရော၊ ကိုယ်ပါ ကြံ့ကြံ့ခိုင်ဖို့ လိုပါတယ်။ ကျွန်မတို့ဟာ ခေတ်ကို ပြောင်းလဲနေတဲ့ အမျိုးသမီးမျိုးဆက်တွေ ဖြစ်ပါတယ်။

“ကျွန်မတို့က စစ်အာဏာရှင်ကိုလည်း တော်လှန်နေသလို၊ ဖိုဝါဒကိုလည်း တော်လှန်ရတယ်။ အမျိုးသမီးတွေအပေါ် ဖိနှိပ်နေမှုကိုလည်း တော်လှန်ရတယ်။ ဒါကြောင့် အမျိုးသမီးတွေ စိတ်ရော၊ ကိုယ်ပါ ကြံ့ကြံ့ခိုင်ဖို့ လိုပါတယ်။ ကျွန်မတို့ဟာ ခေတ်ကို ပြောင်းလဲနေတဲ့ အမျိုးသမီးမျိုးဆက်တွေ ဖြစ်ပါတယ်”


 
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

ဒေါ်ခင်နှင်းဖြူစိုး
အယ်ဒီတာ
Honest Information (HI Media)

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“မီဒီယာအနေနဲ့ အမျိုးသမီးဆိုရင် ကလေးမွေးဖို့နဲ့ ထမင်းဟင်းချက်ဖို့လောက်ပဲ မဟုတ်ဘူး။ နိုင်ငံ‌ရေး၊ စစ်ရေးမှာလည်း ပါဝင်နိုင်တယ်။ ကဏ္ဍအသီးသီးမှာ သူတို့ လုပ်ကိုင်နိုင်စွမ်းရှိတယ်။ လုပ်လည်းလုပ်တယ် ဆိုတာ ထောက်ပြရေးသားဖို့ လိုပါတယ်”

           

            ဒေါ်ခင်နှင်းဖြူစိုးဟာ ရန်ကုန်ဇာတိဖြစ်ပါတယ်။ စိတ်ပညာဘာသာရပ်နဲ့ ဘွဲ့ရရှိထားပြီး စာရေး ရတာ၊ လူတွေနဲ့ ပြောဆိုဆက်ဆံရတာ၊ စကားပြောရတာတွေ၊ နေရာအသစ် သွားရတာမျိုးတွေ၊ အတွေ့အကြုံသစ်တွေ လေ့လာရတာမျိုးတွေကို နှစ်သက်သူပါ။
            ၂၀၀၉ ခုနှစ်၊ အသက်(၁၉)နှစ်မှာ ဂျာနယ်တခုမှာ စတင်လုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်ထိ မီဒီယာကို တစိုက်မတ်မတ် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဂျာနယ်သတင်းထောက်ဘဝကနေ၊ ရုပ်သံသတင်းထောက် အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာလည်း ဆန္ဒပြပွဲတွေပါဝင်ခဲ့တယ်။

‌‌            ၂၀၂၀ ရွေးကောက်ပွဲကာလမှာလည်း ဆိုရှယ်မီဒီယာစောင့်ကြည့်လေ့လာရေးအဖွဲ့တခုမှာ လုပ်ကိုင်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်မှာလည်း သတင်းမီဒီယာအလုပ်ကိုဆက်လက်လုပ်ကိုင်ခဲ့တယ်။ မိသားစုတစုလုံးက တော်လှန်ရေးမှာ ပါဝင်ခဲ့သလို၊ မောင်ဖြစ်သူက ပြည်သူ့ကာကွယ်ရေး တပ်မတော်အဖြစ် ပါဝင်ခဲ့ကာ တိုက်ပွဲမှာကျဆုံးခဲ့ပြီးနောက်ပိုင်းမှာ မိသားစုလိုက် လွတ်မြောက်ဒေသကို ရှောင်တိမ်းနေထိုင် ခဲ့ရပါတယ်။

၂၀၂၂ ဇန်နဝါရီမှာ မဲဆောက်ကို ရွေ့ပြောင်းခဲ့ပြီး မီဒီယာအလုပ်အပြင် ထောက်ပို့လုပ်ငန်းတွေမှာ ပါဝင်ခဲ့ပါတယ်။ တော်လှန်ရေးမပြီးမချင်း မီဒီယာအပြင် တော်လှန်ရေးနဲ့ပတ်သက်တဲ့ နေရာတိုင်းမှာ ရရာနေရာကနေ ပါဝင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ အမျိုးသမီးတွေရဲ့ပါဝင်မှုနဲ့ အမျိုးသမီးတွေ အခန်းကဏ္ဍက တော်လှန်ရေးအောင်မြင်မှုအတွက် အရမ်းအရေးကြီးတယ်လို့ ယုံကြည်သူပါ။

            လက်ရှိမှာ HI မီဒီယာရဲ့ အယ်ဒီတာအဖြစ် တာဝန်ယူနေပါတယ်။ အမျိုးသမီးတွေရဲ့ အကြမ်းဖက် ခံရမှု၊ ခွဲခြားဆက်ဆံမှု၊ တရားမျှတမှု စတဲ့ လက်ရှိအခြေအနေ၊ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုများနဲ့ ဦးဆောင်ပါဝင်မှုအခန်းကဏ္ဍအခြေအနေတွေကို စာဖတ်သူပရိသတ်များ မှန်ကန်တိကျစွာ သိရှိနိုင်စေရန်နှင့် အမျိုးသမီးများသည်လည်း စွမ်းဆောင်ရည်ရှိပြီး အပြောင်းအလဲကို လုပ်ဆောင်နိုင်စွမ်းသော ခေါင်းဆောင် များဖြစ်သည်ကို မြန်မာ့လူမှုအသိုင်းအဝိုင်းအတွင်း အသိအမှတ်ပြုလုပ်စေရန် ထိုမှတဆင့် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုအမျိုးမျိုးနဲ့ ကျား-မ အပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုများ ပပျောက် လာစေရန်လည်း ရည်ရွယ်ပါတယ်။


 မေး။    ။ လက်ရှိ နွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တခုလုံးကို ခြုံပြီးတော့ ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ။      ။ လက်ရှိနွေဦးတော်လှန်ရေး လေးနှစ်အတိုင်းအတာအတွင်းမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာကတွေ့ဆုံမှုတွေ၊ ဆွေးနွေးပွဲတွေ၊ နိုင်ငံတကာနဲ့ အမျိုးသမီးအဖွဲ့အစည်း၊ NUG အစိုးရက အမျိုးမျိုးလုပ်နေပေမယ့် သိသာတဲ့ရလဒ်က အခုချိန်ထိ ထွက်မလာ သေးတာကိုလည်း တွေ့နေရတယ်။

လေးနှစ်အတိုင်းအတာတွင်းမှာ တော်လှန်ရေးက သပွတ်အူလိုမျိုး ဖြစ်နေ တယ်။ တော်လှန်ရေးအပေါ် ယုံကြည်မှုကလည်း ပိုပြီးတောင် ကျလာတာကို မြင်ရတယ်။ နိုင်ငံတကာကလည်း အာဆီယံကိုပဲခေါင်းလွှဲပြီးတော့ လုပ်နေတဲ့အခြေအနေမှာ အာဆီယံရဲ့ ကြိုးစားကိုင်တွယ်မှုကလည်း အကျိုးဆက်ရောက်မှု မရှိနေတာကို တွေ့ရတယ်။ တစ်ဦးထဲအမြင်နဲ့ ပြောရမယ်ဆို ဒီပုံစံအတိုင်းဆက်သွားပြီး ဒီလိုပဲကြာနေဦးမယ်ဆို မြန်မာနိုင်ငံက ကျဆုံးနိုင်ငံဘက်ကို ဦးတည်နေတယ်လို့ သုံးသပ်ချင်ပါတယ်။
 

မေး။     ။ မြန်မာနိုင်ငံက ဘယ်လိုစနစ်မျိုးတွေနဲ့ တည်ဆောက်ခဲ့တဲ့နိုင်ငံလို့ ပြောလို့ရပါသလဲ။

ဖြေ။      ။ ၁၉၄၈ ခုနှစ်ကနေစပြီး စစ်အာဏာရဲ့အောက်ကနေ လုံးဝဥဿုံလွတ်မြောက်တာမျိုး မရှိခဲ့ဘူး။ ကြားထဲမှာခဏတာ အရပ်သားအစိုးရဖြစ်လာတဲ့အခြေအနေလေးမှာ လူတွေက စနစ်အပြောင်းအလဲအပေါ် လူမှုစီးပွားအပြောင်းအလဲကိုမြင်ပြီးတော့ အရမ်းတိုးတက်တော့မယ်ဆိုပြီး မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာတယ်။ တကယ့်တကယ် အဲ့အချိန်မှာတောင် အမှန်တကယ်ဒီမိုကရေစီရနေတာ မဟုတ်သေးဘူး။ တိုင်းပြည်ကောင်းလာတော့မယ့် အချိန်မှာ စစ်အာဏာသိမ်းမှုဝဲဂယက်ထဲကို ပြန်ရောက်သွားပြီးတော့ သပွတ်အူလည်နေတဲ့အခြေအနေထဲ ပြန်ရောက်သွားတယ်။

“လူငယ်တွေက အမြင်တွေ ပွင့်လာတယ်။ အမှား၊ အမှန်တွေကို သူတို့ကိုယ်တိုင် ခွဲခြားလာနိုင်ပြီးတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရှိလာတယ်။ အရင်အချိန်တုန်းက  လုပ်ခဲ့တဲ့ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်း၊ ဝါဒမှိုင်းတွေက ဒီအချိန်မှာ လုံးဝအလုပ်မဖြစ်တော့ဘူး”


မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံ‌ရေး၊ စီးပွားရေး၊ လူမှုရေး အတွေးအမြင်လက်ခံမှုတွေ ဘာတွေပြောင်းလဲသွားလဲ။

ဖြေ။      ။ အာဏာသိမ်းပြီးနောက်ပိုင်း အပြောင်းအလဲပြောရမယ်ဆို အကုန်လုံး ဆိုးသွားတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အရာအားလုံးက ထိုးကျသွားတယ်။ ခေတ်နောက်ပြန်ရောက်သွားသလို ကုန်ဈေးမြင့်ပြီး ဆန်မရှိတော့တာ၊ ဆီမရှိတော့တာ လျှပ်စစ်မီးမရှိတာတွေ ကြုံနေရတယ်။ အားလုံးက ရှေ့ကိုသွားနေတဲ့ အချိန်မှာ မြန်မာနိုင်ငံနောက်ကို ပြန်သွားသလို ဖြစ်နေတယ်။

အဲ့အဆိုးတွေထဲမှာ အကောင်းကို ရွေးထုတ်ပြီး ပြောရမယ်ဆိုရင် လူငယ်တွေက အမြင်တွေ ပွင့်လာတယ်။ သူတို့တွေရဲ့ အမှားတွေ အမှန်တွေကို သူတို့ ကိုယ်တိုင် ခွဲခြားလာနိုင်ပြီးတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရှိလာတယ်။ အရင်အချိန်တုန်းက  လုပ်ခဲ့တဲ့ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်း၊ ဝါဒမှိုင်းတွေက ဒီအချိန်မှာ လုံးဝအလုပ်မဖြစ်တော့ဘူး။
 

မေး။     ။အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပေါ် ခွဲခြားမှုတွေနဲ့ ပတ်သက်ပြီး ဘာတွေ ပြောင်းလဲသွားလဲ။

ဖြေ။      ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ်ခွဲခြားမှုဆိုရင် စစ်ကောင်စီဘက် ခွဲခြားမှုက ပိုပြီးဆိုးလာတယ်။ သူတို့ဘက်အခြေအနေမှာဆို ဖိုဝါဒကြီးစိုးမှုတွေ ပိုမြင့်လာတယ်။ လက်ရှိနိုင်ငံ‌ရေး အခြေအနေအရ အစစအရာရာကျဆင်းနေတဲ့အခြေအနေမှာ အမျိုးသမီးတွေက မြေဇာပင်လို ဖြစ်လာတယ်။ အားလုံးကျဆင်းမှုအခြေအနေမှာ အမျိုးသမီးတွေအိမ်တွင်းအကြမ်းဖက်မှု မြင့်တက်လာတာတွေ လိင်ပိုင်း ဆိုင်ရာ စော်ကားမှုတွေ၊ စစ်မြေပြင်တွေမှာ မုဒိမ်းကျင့်တာတွေ မြင့်တက်လာတယ်။

စစ်ကောင်စီတပ်တွေ ဆိုရင် အမျိုးသမီးရဲ့ ဖြစ်တည်မှုကို စစ်ရေးပစ်မှတ်တစ်ခုအနေနဲ့ အသုံးချပြီး မုဒိမ်းမှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုတွေက ပိုပြီးတော့ သိသိသာသာ မြင့်တက်လာပါတယ်။ တဖက်က တော်လှန်ရေးအသိုင်းအဝိုင်း ထဲမှာဆိုရင်လည်း လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ခပ်စိပ်စိပ် ကြားလာရတယ်။  တော်လှန်ရေး အသိုင်းအဝိုင်းမှာဆို ပြောနေကြ၊ သုံးနေကြစကားရှိတယ်၊ တော်လှန်ရေးကို အရင်လုပ် ဂျဲန်ဒါကိစ္စနောက်မှ ပြောမယ်တဲ့။

နွေဦးတော်လှန်ရေးဆိုတာ စစ်အာဏာရှင်တော်လှန်ရေးနဲ့အတူ အတွေးအခေါ်တော်လှန်ရေး ကိုပါ တခါထဲလုပ်ရမယ့် အခြေအနေ ဖြစ်တယ်။ တကယ်တော့ အဲလို အတွေးအခေါ်ကြီးက အရမ်းလွဲနေတယ်။ အခြေအနေက စစ်ကောင်စီဘက်မှာဆိုလည်း အမျိုးသမီးတွေကို ထိခိုက်နေသလို တော်လှန်ရေးအဝန်းအဝိုင်း ထဲမှာလည်း အမျိုးသမီးတွေအပေါ် စော်ကားမှုတွေ ရှိနေသေးတယ်။

“မီဒီယာရဲ့အခန်းကဏ္ဍက စတုတ္ထမဏ္ဍိုင်ဆိုပြီး ပြောကြတယ်။ တကယ်တမ်းလည်း မြန်မာပြည်အခြေအနေအရ အဲဒီနေရာမပေးကြပဘူး။ ထောက်ပြရေးသားတဲ့အပေါ်မှာ အများကြီး အတိုက်အခိုက်တွေ ရှိသေးတယ်”

 

မေး။     ။ နွေဦးတော်လှန်ရေးမှာ မီဒီယာရဲ့အခန်းကဏ္ဍက ဘယ်လိုပုံစံမျိုးနဲ့ တည်ရှိနေလဲ။

ဖြေ။      ။ လက်ရှိမှာ သတင်းမီဒီယာတွေအနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခံ နေရပါတယ်။ သတင်းထောက်တွေရဲ့ အခြေအနေက ပြည်တွင်းမှာဘယ်လိုမှ ရပ်တည်နေထိုင်ဖို့ ဘယ်လိုမှ မဖြစ်တဲ့ အခြေအနေ ဖြစ်တယ်။ သတင်းတခုခုရေးနေတယ်ဆိုရင်ကို ပုဒ်မမျိုးစုံ နိုင်ငံတော်သစ္စာဖောက်မှု နိုင်ငံတော်ပုန်ကန်မှု ပုဒ်မမျိုးစုံတက်ပြီး အချိန်မရွေး ဖမ်းနိုင်တယ်။ လက်ရှိမှာဆိုရင်လည်း သေဆုံးသွားတဲ့ သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေ ဝရမ်းထုတ်ခံထားရတဲ့ သတင်းသမားတွေ အများကြီး ရှိနေတယ်။
 

မေး။     ။  တန်းတူညီမျှမှု၊ လွတ်လပ်မှု၊တရားမျှတမှုရှိတဲ့ နိုင်ငံတခုဖြစ်လာဖို့ မီဒီယာအနေနဲ့ဘယ်လို လုပ်ဆောင်ပေးနိုင်လဲ။

ဖြေ။ ။ မီဒီယာရဲ့အခန်းကဏ္ဍက စတုတ္ထမဏ္ဍိုင်ဆိုပြီး ပြောကြတယ်။ တကယ်တမ်းလည်း မြန်မာပြည် အခြေအနေအရ အဲဒီနေရာမပေးကြပါဘူး။ ထောက်ပြရေးသားတဲ့အပေါ်မှာ အများကြီး အတိုက်အခိုက်တွေ ရှိသေးတယ်။ လက်ရှိမှာ အမျိုးသမီးအရေး၊ ဂျဲန်ဒါအရေးနဲ့ပတ်သက်ပြီး ထောက်ပြရေးသားတယ်။ ပြီးတော့ မတူကွဲပြားမှုတွေ ပုံစံခွက်ထဲက အပြင်ထွက်ဖို့တွေ ရေးသားတဲ့အချိန်မှာ ဝေဖန်မှုတွေ အများကြီးရှိတယ်။

အမတို့သတင်းဌာနသည် အမျိုးသမီးအကြောင်းအရာတွေပဲ ဘာကြောင့်ရေးတာလဲဆိုတာမျိုး၊ ဘက်လိုက်ရေး တယ် ဆိုတဲ့ဟာမျိုးတွေ ဖော်ပြမှုတွေက လွဲနေတယ်ဆိုတာမျိုးတွေ အတိုက်အခိုက်တွေက အများကြီးရှိတယ်။  အခုချိန်ထိမှာလည်း နွေဦးတော်လှန်ရေးမှာ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှုတွေ ဖြစ်လာဖို့အတွက်  ဘယ်လိုအတိုက်အခိုက်တွေပဲရှိရှိ မီဒီယာတွေအနေနဲ့က ထောက်ပြရေးသားဖို့ လိုအပ်တယ်။

စစ်ကောင်စီမှ မဟုတ်ဘူး၊ တော်လှန်ရေးအဝန်းအဝိုင်းမှာ လွဲနေတာတွေမှားနေတာတွေရှိရင် ငါတို့တော်လှန်ရေး ဘက်တော်သားမို့လို့ ဆိုပြီးတော့ မရေးတာမျိုး မထောက်ပြတာမျိုးမဟုတ်ဘဲနဲ့ ဘယ်လိုလူမျိုးပဲဖြစ်နေဖြစ်နေ ဒီလိုအချိန်မှာက ထောက်ပြရေးသားသင့်တယ်လို့ မြင်တယ်။
 

မေး။     ။ ကိုယ်တိုင်အနေနဲ့ အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေ ခွဲခြားဆက်ဆံခံရတာတွေ ကြုံဖူးလား။

ဖြေ။      ။ အခုဆိုရင်သတင်းလောကထဲရောက်နေတာ ၁၀နှစ်ကျော် ၁၅ နှစ်ဝန်းကျင်လောက်တောင်ရှိလာပြီ သတင်းထောက် ဝင်ခါစအချိန်မှာဆို အမျိုးသမီးလည်း ဖြစ်တယ်၊ လူငယ်လည်းဖြစ်တဲ့ အခြေအနေမှာ သတင်းခန်းတွေမှာ ခွဲခြားဆက်ဆံခံရတယ်။ ဥပမာ ခရီးသွားဖို့အရေးအကြောင်းပေါ်လာတယ်ဆို ကိုယ်ပိုင် နိုင်တဲ့ကိစ္စဖြစ်နေရင်တောင် အမျိုးသမီးဖြစ်လို့ ချန်ခဲ့ခံရတာမျိုးတွေ ရှိတယ်။

ပြီးရင် အမျိုးသားတွေကို နေရာပို ပေးတာမျိုးတွေ၊ အမျိုးသမီးအချင်းချင်းထဲမှာမှ ကိုယ်တွေထက်ကြီးတဲ့အမျိုးသမီးတွေရဲ့ အတိုက်အခိုက် ခံရတာမျိုးတွေ၊ အလုပ်ကြောင့် အလုပ်နေရာရရင်တောင် တခုခုကြောင့်ဆိုပြီး အတိုက်အခိုက်တွေ အများကြီး ကြုံတွေ့ရတယ်။ ဂျူနီယာကနေ စီနီယာဖြစ်လာတယ်။ Video journalist ဖြစ်လာတယ်။

အဲ့မှာလည်း ပွဲတွေမှာ ယောကျာ်းလေး Video journalist တွေကို နေရာပေးတာ၊ မိန်းကလေးတွေဆိုရင် နင်တို့က ကင်မရာထမ်းနိုင် လို့လား ဆိုတာမျိုးတွေ ခနဲ့သလို မေးကြတယ်။ အမျိုးမျိုးတွေ အမျိုးသမီးဖြစ်ခြင်းကို မြန်မာ့အသိုင်းအဝိုင်း အနေနဲ့ ပြောရမယ်ဆို အမျိုးသမီးဖြစ်ရင်ကိုပဲ ယောကျာ်းလေးထက် တခုခုနိမ့်ကျတယ်ဆိုတဲ့ အတွေးအခေါ် ရှိနေတာပေါ့။ အဲ့ဒါမျိုးတွေ အစဉ်တစိုက်ရှိလာခဲ့ကြတယ်လို့ မြင်ပါတယ်။

 
မေး။     ။ နိုင်ငံတည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေက လက်ရှိအချိန်အထိ ရှိနေသေးလား။ ပြည့်ပြည့်ဝဝပိုပါဝင်လာဖို့ မီဒီယာအနေနဲ့ ဘယ်လိုလုပ်သင့်လဲ။

ဖြေ။      ။ ဒီနွေဦးတော်လှန်ရေးနောက်ပိုင်းမှာ အရင်ထက်စာရင် ပိုပြီးများလာတယ်ဆိုတာမျိုးတော့ တွေ့နိုင်ပေမယ့် တကယ့်တကယ် ယှဉ်ကြည့်မယ်ဆိုရင် နိုင်ငံရေးအ‌ပေါ်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာတွေ ဝန်ကြီးတို့  စစ်ရေး၊ နိုင်ငံရေးမှာ အရမ်းကိုနည်းနေသေးတာ တွေ့နိုင်တယ်။ အမျိုးသမီးတွေမလုပ်နိုင်ဘူးဆိုတဲ့ လျစ်လျူရှုမှုတွေ၊ တကယ့်တကယ်တမ်း ဆုံးဖြတ်ချချက်တဲ့နေရာတွေမှာ အမျိုးသမီးတွေ ရှိမနေတာကို ထောက်ပြရေးသားဖို့ လိုပါတယ်။

HI အနေနဲ့ဆိုလည်း အဲ့ဒါတွေကို အဓိကထောက်ပြရေးသားနေတယ်။ တကယ်တမ်းအမျိုးသမီးတွေ အများကြီးလုပ်နိုင်တယ်။ ဒီထက်အများကြီးပိုပြီးပါဝင်ဖို့အတွက် ထောက်ပြပြီး မီဒီယာတွေကနေ support ပေးပြီးတော့ ရေးသားပေးသင့်တယ်။ ကျွန်မတို့ မီဒီယာကဏ္ဍကနေ အမျိုးသမီး ဆိုရင် ကလေးမွေးဖို့နဲ့ ထမင်းဟင်းချက်ဖို့လောက်ပဲ မဟုတ်ဘူး။

ဒီထက်ပိုပြီး အများကြီးလုပ်နိုင်တယ်။ အမျိုးသမီးတွေက နိုင်ငံ‌ရေးမှာလည်း ပါဝင်နိုင်သလို စစ်ရေးမှာလည်း ပါဝင်နိုင်တယ်။ ကဏ္ဍအသီးသီးမှာ သူတို့ လုပ်ကိုင်နိုင်စွမ်းရှိတယ်။ လုပ်လည်းလုပ်တယ်ဆိုတာကို ထောက်ပြရေးသားဖို့ လိုပါတယ်။

“အားလုံးကို စွန့်လွတ်ပြီးတော့ ပြတ်ပြတ်သားသားနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်လာတာကို ထင်ထင်ရှားရှား တွေ့မြင်ရတယ်။ အဲ့ဒီအတွက်လည်း အမျိုးသမီးတွေကို တကယ်လည်း လေးစားတယ်”
 

မေး။     ။ တော်လှန်ရေးလေးနှစ်ကာလအတွင်းမှာ အမျိုးသမီးတွေအနေနဲ့ဆုံးဖြတ်ပိုင်ခွင့်တွေ ဘယ်လို ကဏ္ဍတွေမှာ ထင်ထင်ရှားရှားမြင်နေရပြီလဲ။

ဖြေ။      ။ ထင်ထင်ရှားရှားမြင်ရတယ်ဆိုရင် လက်ရှိ ပြည်သူလက်ခံတဲ့ အစိုးရပိုင်းပေါ့။ NUG အစိုးရပိုင်း မှာဆိုရင် အများကြီးပဲ အရင်နဲ့မတူဘဲတွေ့လာရတာတော့ အမျိုးသမီးဝန်ကြီးတွေရှိလာတယ်။ စစ်ရေးတွေမှာ အမျိုးသမီးတွေ ပါဝင်လက်ခံလာတာတွေ၊ နေရာပေးလာတာတွေ တွေ့လာရတယ်။ တွေ့လာရတယ်ဆိုပေမယ့် ရာခိုင်နှုန်းအရဆိုရင် နည်းပါသေးတယ်။

အဲ့ဒီအမျိုးသမီးတွေအပြင် low profile နဲ့လုပ်နေတဲ့ အမျိုးသမီးတွေလည်း အများကြီးပါ။ လေးနှစ်တာကာလအတွင်းမှာ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်၊ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက အရင်ထက်အများကြီးကိုပိုပြီးတော့ တိုးတက်လာတယ်။ အများကြီး ပိုပြီးလုပ်နိုင်လာတယ်။ အားလုံးကို စွန့်လွတ်ပြီးတော့ ပြတ်ပြတ်သားသားနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်လာတာကို ထင်ထင်ရှားရှားတွေ့မြင်ရတယ်။ အဲ့ဒီအတွက်လည်း အမျိုးသမီးတွေကို တကယ်လည်း လေးစားတယ်။

အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ ဒီထက်ပိုပြီး ပါဝင်လာအောင်လည်း HI အနေနဲ့ဆို ဒီလို အမျိုးသမီးတွေကိုဆွဲထုတ်ပြီးတော့ “သူတို့ ဘာတွေလုပ်နေတယ်။ သူတို့ခံယူချက်တွေက ဘာတွေဖြစ်တယ်။ သူတို့ရဲ့ နောက်ကြောင်းတွေက ဘယ်လိုမျိုးတွေဖြစ်တယ်။ ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေကြားထဲမှာ ဒီလေးနှစ်လုံးလုံး တောင့်ခံနေတယ်” ဆိုတာကို ထင်ထင်ရှားရှားသိအောင်တော့ ကျွန်မတို့ ကြိုးစားနေပါတယ်။
 

မေး။     ။ အမျိုးသမီးခေါင်း‌ဆောင်အသစ်တွေပေါ်ထွက်လာဖို့ မီဒီယာအနေနဲ့ ဘယ်လိုပုံစံနဲ့ ပံ့ပိုးမှုတွေ လုပ်နိုင်မလဲ။

ဖြေ။      ။ မီဒီယာသမားကျ‌တော့  မီဒီယာသမားလုပ်နိုင်တဲ့အတိုင်းအတာ ရှိပါတယ်။ သတင်းတွေ ရေးသားနိုင် မယ်၊ ကလောင်နဲ့လုပ်ပေးနိုင်မယ့် အတိုင်းအတာရှိတယ်။ မီဒီယာသမားရဲ့ အတိုင်းအတာအထဲကနေ လက်ရှိ အမျိုးသမီးခေါင်းဆောင်၊ အမျိုးသမီးအခြေအနေ၊ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေရဲ့ အခြေအနေတွေကို အမှန်အတိုင်းရေးသားတာမျိုး၊ သူတို့ရဲ့ လွဲမှားမှုတွေ၊ သူတို့ရဲ့မှန်ကန်မှုတွေ၊ သူတို့ရဲ့ခံယူချက်တွေ အဲ့ဒါတွေကို ဘက်မလိုက်ဘဲနဲ့ လူတွေ အကောင်းဆုံးသိအောင် လုပ်ပေးတာမျိုးပါ။

ရေရှည်နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့အတွက် မီဒီယာအခန်းကဏ္ဍကနေ ဘယ်လို Support ပေးနိုင်မလဲဆိုတာမျိုးလည်း တွေးပေးဖို့ လိုပါတယ်။ အများကြီးလုပ်နေပေမယ့် လူမသိတာမျိုးတွေ အများကြီး ရှိနေပါသေးတယ်။
 

မေး။     ။ အမျိုးသမီးတွေနိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လာမယ်ဆို အနာဂတ်နိုင်ငံရေးက ဘယ်လို အပြောင်းအလဲအချိုးအကွေ့ ဖြစ်သွားမလဲ။

ဖြေ။      ။ အမျိုးသမီးတွေ ကဏ္ဍအသီးသီးမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်နိုင်ဖို့ အမျိုးသားတွေရဲ့ ပူးပေါင်း ပါဝင်နိုင်မှုကလည်း အရေးကြီးတယ်။ တချို့အိမ်ထောင်သည်အမျိုးသမီးတွေ၊ မိခင်တွေဆိုရင် သူတို့ရဲ့ ရပ်တည်ချက်တွေ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေ အများကြီးရှိနေပေမယ့် မပါဝင်နိုင်တာမျိုးတွေ ရှိတယ်။ ပြီးတော့ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းတွေကို ဒီထက်မက အသိအမှတ်ပြုဖို့လည်း အရေးကြီးတယ်။

မိန်းမဆိုရင် နေရာမပေးချင်တဲ့ အတွေးအခေါ်တွေပြောင်းလဲဖို့ လိုအပ်တယ်။ အမျိုးသမီးတွေကို အုပ်ချုပ်ခိုင်းရင် ဘယ်လိုဖြစ်မှာလဲဆိုတာ သိနိုင်လားလို့ လူတွေက စသလိုနောက်သလို ပြောကြတယ်။ ကျွန်မအနေနဲ့ ပြောချင်တာက အမျိုးသမီးတွေအုပ်ချုပ်ရင်ဘယ်လိုဖြစ်မလဲဆိုတာ သိဖို့အတွက် အမျိုးသမီးတွေကို နေရာပေးပြီး လုပ်ခိုင်းလိုက်ပါ၊ လုပ်ခိုင်းလိုက်တဲ့အခါကျရင် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်မလဲဆိုတာ မြင်တွေ့လာနိုင်မှာပါ။

“နွေဦးတော်လှန်ရေးမှာ စစ်တပ်တမျိုးထဲကို တော်လှန်ရုံနဲ့ မပြီးဘူး။ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီနဲ့အတူ ပုံစံခွက်သတ်မှတ်ချက်တွေ၊ ဖိုဝါဒကြီးစိုးမှုတွေ၊ ဂျဲန်ဒါခွဲခြားမှုတွေ၊ ဘာသာရေး၊ လူမှုရေးဝါဒမှိုင်း၊ အတွေးအခေါ်တွေကိုပါ တပါတည်းတော်လှန်သင့်တယ်လို့ မြင်တယ်”


မေး။     ။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုမရှိတဲ့ အနာဂတ်နိုင်ငံသစ်ကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။

ဖြေ။      ။ နွေဦးတော်လှန်ရေးမှာ စစ်တပ်တမျိုးထဲကို တော်လှန်ရုံနဲ့ မပြီးဘူး။ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီနဲ့အတူ ပုံစံခွက်သတ်မှတ်ချက်တွေ၊ ဖိုဝါဒကြီးစိုးမှုတွေ၊ ဂျဲန်ဒါခွဲခြားမှုတွေ၊ ဘာသာရေး၊ လူမှုရေးဝါဒမှိုင်း၊ အတွေးအခေါ်တွေကိုပါ တပါတည်းတော်လှန်သင့်တယ်လို့ မြင်တယ်။

ဘယ်လို ခွဲခြားမှုမှမရှိတဲ့ အနာဂတ်နိုင်ငံတော်ဖြစ်လာရင် အဲ့ဒီနိုင်ငံမှာ မတူကွဲပြားမှုတွေအားလုံးကို မေ့ထားပြီးတော့ အားလုံးတူတူလက်တွဲနိုင်မယ့် ဖက်ဒရယ်နိုင်ငံကို မျှော်လည်းမျှော်လင့်ပါတယ်။ မျှော်လင့်ချက်နဲ့အတူတူ အခုဆိုလေးနှစ်လုံး တောင့်ခံပြီးတော့ ကျရာကဏ္ဍကနေ တဖြေးဖြေးနဲ့ လုပ်ဆောင်နေပါတယ်။ ပြည့်ဖို့လည်း ယုံကြည်ပါတယ်။
 
 
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

ဒေါ်ကြည်ပြာချစ်စော
မူဝါဒရေးရာအကြံပေး
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“ကျွန်မတို့တိုင်းပြည်က တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်းထားတဲ့တိုင်းပြည်ဖြစ်ပေမဲ့ တိုင်းရင်းသားတွေလိုချင်တဲ့ ကိုယ့် ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုယ့်ပြည်နယ် ကိုယ်ထူထောင်ရေး ဆိုတဲ့ အခြေအနေကို မရောက်ခဲ့ဘူး။ အာဏာရှင်က အကုန်လုံးကို ချုပ်ကိုင်ထားတဲ့ အခြေအနေမှာပဲ ရှိခဲ့တယ်။ နောက်တခါ လိုအပ်ချက်က institution တွေ အားနည်းခဲ့တာ ဖြစ်တယ်။ အာဏာရှင်က သူ့ရဲ့စစ်တပ် institution ကိုပဲ အားကောင်းအောင် လုပ်ခဲ့တာပါ”


            ဒေါ်ကြည်ပြာချစ်စောဟာ ရန်ကုန်မြို့မှာ မွေးဖွားသူ ဖြစ်ပြီး၊  တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ အထိ ငယ်ဘဝအိပ်မက်က ဆရာဝန် ဖြစ်ချင်ခဲ့သူ တစ်ယောက်ပါ။ သို့ပေမဲ့ နိုင်ငံတကာပညာရေးကို တက်ရောက်ချင်သူဖြစ်တဲ့အတွက်  ဆေးတက္ကသိုလ်တက်ရန် အမှတ်မှီခဲ့ပေမဲ့ ကွန်ပျူတာတက္ကသိုလ် တက်ရောက်ခဲ့ပါတယ်။

            ၂၀၀၇ ခုနှစ်မှာ NLD ပါတီရဲ့ HIV လူနာစောင့်ရှောက်ရေးစင်တာမှာ လုပ်အားပေးရင်း နိုင်ငံရေးကို စတင်စိတ်ဝင်စားလာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ HIV အမျိုးသမီးတွေအတွက် အဖွဲ့တခု စတင်ဖွဲ့စည်း ခဲ့ပါတယ်။ ၂၀၁၀ ကနေ ၂၀၁၂ မှာ ပညာသင်ဆုရတဲ့အတွက် အမေရိကန်နိုင်ငံမှာ Executive Master of Public Administration ဘာသာရပ်ကို သွားရောက်သင်ယူခဲ့ပါတယ်။ ပြန်လာတဲ့အခါမှာ ၂၀၁၂ ကနေ ၂၀၁၅ မှာ  MDRI/CESD မှာ လုပ်ကိုင်ခဲ့တယ်။ ၂၀၁၅ ကနေ ၂၀၂၀ အထိ ကမ္ဘာဘဏ်မှာ အကြံပေး လုပ်ကိုင်ခဲ့ပါတယ်။

            တလျှောက်လုံးမှာလည်း နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်ခဲ့ပါတယ်။ ထိုအလုပ်ဟာ အစိုးရဌာနတွေနဲ့ ဆက်စပ်လုပ်ကိုင်ရတာ ဖြစ်တဲ့အတွက် ဝန်ထမ်းတွေရဲ့အခြေအနေကို မြင်တွေ့ခဲ့ရတယ်။ တခြားနိုင်ငံက အစိုးရဝန်ထမ်းတွေနဲ့ ယှဥ်ရင် မြန်မာနိုင်ငံကဝန်ထမ်းတွေရဲ့ဘဝကို စာနာမိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် သပိတ်မှောက်တဲ့ ဝန်ထမ်းတွေကို ကူညီရင်းနဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ အခုလက်ရှိမှာ မူဝါဒပိုင်းဆိုင်ရာ အကြံပေးခြင်း၊ စွမ်းရည်မြှင့်သင်တန်းများပို့ချခြင်းကို အဓိကလုပ်ကိုင်လျက်နေပါတယ်။


မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်လိုမြင် ပါသလဲ။

ဖြေ။      ။ နွေဦးတော်လှန်ရေးကမြန်မာ့သမိုင်းမှာဆိုရင် အကြီးမားဆုံး အပြောင်းအလဲ ဖြစ်တယ်။ သမိုင်း တလျှောက်လုံးမှာ ပြန်ကြည့်လိုက်ရင် လူထုအင်အားအများဆုံးဖြစ်သလို၊ လူထု သိန်းနဲ့ချီ၊ သန်းနဲ့ချီတဲ့အထိ ပါဝင်တဲ့ တော်လှန်ရေးဖြစ်တယ်။ မြို့တိုင်းနီးပါးမှာ တော်လှန်ရေးဖြစ်ပွားနေတယ်။

အခုခေတ်ကျတော့ ဆိုရှယ်မီဒီယာတွေ အားကောင်းတာရော၊ အကုန်လုံးဘက်စုံက အားကောင်းလာတဲ့အတွက်ကြောင့် သမိုင်း တလျှောက် မကြုံဖူးသေးတဲ့ တော်လှန်ရေးကို ဖြတ်သန်းနေရတာ ဖြစ်တယ်။ မြန်မာ့တော်လှန်ရေးက စစ်အာဏာရှင်ကို ဖြုတ်ချနိုင်မလား မဖြုတ်ချဘူးလားဆိုတာကို တကမ္ဘာလုံးက အာရုံစိုက်တယ်။ ပြည်သူ တရပ်လုံးကလည်း အာဏာရှင်ကို ဖြုတ်ချဖို့ သန္နိဌာန် အခိုင်မာဆုံးအခြေအနေ ရောက်နေတဲ့ တော်လှန်ရေး ဖြစ်တယ်လို့ ယုံကြည်ပါတယ်။
 

မေး။      ။မြန်မာနိုင်ငံ ဘယ်လိုနိုင်ငံရေးစနစ်မျိုးနဲ့ တည်ဆောက်ထားပါသလဲ။

ဖြေ။      ။ ခေတ်အဆက်ဆက်ကို ကြည့်လိုက်မယ်ဆိုရင် စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အောက်မှာပဲ အများဆုံး နေခဲ့ရတယ်။ ကိုလိုနီခေတ်ပြီးတော့ လွတ်လပ်ရေးရပြီးခါစမှာ ကျွန်မတို့ နည်းနည်းလေး ဒီမိုကရေစီ ခေတ်ကို ရောက်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒါက ပြန်ပြီးပျက်သွားပြီးတော့ ၁၉၆၂ မှာ ပြန်ပြီးအာဏာသိမ်းတဲ့အခါ တောက်လျှောက် အာဏာရှင်စနစ်အောက်၊ စစ်အုပ်ချုပ်ရေးအောက်မှာ နေခဲ့ရတယ်။ ၂၀၁၀ ကနေ ၂၀၂၀ ကတော့ ဒီမိုကရေစီကာလကို ဖြတ်ခဲ့တယ်။

ပြီးတော့ အခုတခါ ၂၀၂၁ မှာ အာဏာပြန်သိမ်းတဲ့အတွက်ကြောင့် ကျွန်မတို့က သက်တမ်းတလျှောက်လုံးမှာ ကိုလိုနီခေတ်ပြီးရင် စစ်အုပ်ချုပ်ရေးကို အများဆုံး ရင်ဆိုင်နေရတဲ့ အခြေအနေ ရှိပါတယ်။ အများဆုံး စစ်အာဏာရှင်စနစ်အောက်မှာ နေရတဲ့အတွက်ကြောင့် အာဏာရှင်စနစ်ရဲ့ အဓိကဆိုးရွားတာက ကျွန်မတို့သွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ၊ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့အစိုးရ မဟုတ်ဘူး။

ကျွန်မတို့တိုင်းပြည်က တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းပြည်ဖြစ်ပေမဲ့ တိုင်းရင်းသားတွေလိုချင်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုယ့်ပြည်နယ်ကိုယ်ထူထောင် ရေး ဆိုတဲ့ အခြေအနေကိုလည်း မရောက်ခဲ့ဘူး။ အာဏာရှင်က အကုန်လုံးကို ချုပ်ကိုင်ထားတဲ့အခြေအနေမှာပဲ ရှိခဲ့တယ်။ နောက်တခါ လိုအပ်ချက်က institution တွေ အားနည်းခဲ့တာဖြစ်ပါတယ်။ အာဏာရှင်က သူ့ရဲ့ စစ်တပ် institution ကိုပဲ အားကောင်းအောင်လုပ်ခဲ့တဲ့အတွက် တိုင်းရင်းသားတွေမှာလည်း တိုင်းရင်းသားတွေ institution တွေ အားနည်းခဲ့တယ်။

ပြည်မက လူတွေကလည်း အကုန်လုံးက institution တွေ အားနည်းခဲ့တယ်။ အဘက်ဘက်က နိမ့်ကျတယ်။ အချင်းချင်းတွေ့ဆုံဆွေးနွေးမှုတွေ အားနည်းခဲ့တယ်။ ဒါတွေအကုန်လုံးရဲ့ အကျိုးဆက်တွေကို ကျွန်မတို့ ခံစားရတာပေါ့။ ဒီတော်လှန်ရေးမှာ institution အားနည်းချက်တွေ၊ တွေ့ဆုံညှိနှိုင်းမှု အားနည်းချက်တွေကို ကျွန်မတို့ရင်ဆိုင်ရတဲ့အတွက်ကြောင့် ဒါက စိန်ခေါ်မှုအရမ်းများတဲ့ တော်လှန်ရေးလည်း ဖြစ်ပါတယ်။ ဒါက ကျွန်မတို့ခေတ်အဆက်ဆက် ကြုံတွေ့ ခဲ့ရတဲ့အခြေအနေ ဖြစ်ပါတယ်။


မေး။     ။ နိုင်ငံတခုကို ဘယ်လိုစံတန်ဖိုးတွေ၊အခြေခံမူတွေနဲ့တည်ဆောက်သင့်လဲ။

ဖြေ။      ။ နိုင်ငံသစ်ကိုတည်ဆောက်တဲ့အခါမှာ ဒီမိုကရေစီတန်ဖိုး၊ လူသားအားလုံးပါဝင်ခွင့်၊ မဲပေးခွင့်၊ အစိုးရကို ရွေးချယ်တင်မြှောက်ခွင့်စတဲ့ စံတန်ဖိုးတွေကို အဓိကထားရမယ်။ တိုင်းရင်းသားတွေအားလုံးလည်း တန်းတူအခွင့်အရေးနဲ့ သာတူညီမျှအကုန်လုံးရှိမယ်။ တဖက်မှာလည်း အဖွဲ့အစည်းတွေ အားကောင်းရေး၊ လူမျိုးရေး၊ စွမ်းရည်မြင့်တက်လာရေးအတွက် လုပ်ဆောင်ရမယ်။ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် institution တွေ အားကောင်းဖို့ကလည်း အရေးကြီးတယ်။ စံတန်ဖိုးနဲ့ တိုင်းပြည်တည်ဆောက်တဲ့အုတ်မြစ်တွေ ခိုင်မာဖို့က တပြိုင်နက်တည်း ဖြစ်ဖို့လိုပါတယ်။
 

မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ပတ်သက်ပြီး ဘာတွေ ပြောင်းလဲသွားလဲ။

ဖြေ။      ။ နိုင်ငံရေးအသိအမြင်နိုးကြားမှုကတော့ နံပတ် (၁) ပေါ့။ အထူးသဖြင့်က ဖက်ဒရယ်အကြောင်းကို အကုန်လုံးနီးပါးလောက် ပြောလာကြတယ်။ ဆွေးနွေးလာကြတယ်။ အထူးသဖြင့် လူငယ်တွေပါ။ သူတို့က ၂၀၁၀ နဲ့ ၂၀၂၀ ကြားမှာက ဒီမိုကရေစီအရသာကို ရသွားတယ်။ ဒါပေမယ့် သူတို့ နိုင်ငံရေး သိပ်သိတာ မဟုတ်ဘူး။ သူတို့က တက္ကသိုလ်တက်မယ်။ နည်းပညာလေ့လာမယ်။ နိုင်ငံခြားသွားမယ်။ နိုင်ငံရေးဘက်ကို မလာကြဘူး။ ၂၁ ဖြစ်သွားတဲ့အခါ သူတို့က ထိပ်ဆုံးထွက်လာကြ၊ လုပ်လာကြတယ်။ 

နောက်တခါ ပြည်နယ်/ တိုင်းတွေထဲမှာ ယှဉ်ကြည့်လိုက်ရင် ချင်းဆိုလည်း ချင်းအလျောက် ချင်းရဲ့နိုင်ငံရေးအမြင်ပွင့်မှုက အရမ်းများ သွားတယ်။ စစ်ကိုင်းက အရင်တုန်းက တွေ့ရသလောက်က institution အားနည်းသလို၊ လူထုရဲ့အသိအမြင် ကလည်း တခြားပြည်နယ်တိုင်းတွေထက် နောက်ကျတယ်လို့ ကျွန်မတို့သုံးသပ်လို့ရတယ်။  ဒါပေမယ့် အခုကတော့ စစ်ကိုင်းက တော်လှန်ရေးမှာ ရှေ့ပြေးပေါ့နော်။ စစ်ကိုင်းလူထုရဲ့ နိုင်ငံရေးအသိအမြင် နိုးကြားမှု ကလည်း ထိပ်ဆုံးမှာ ရှိတယ်။

တော်လှန်ရေးမှာတော့ နိုင်ငံရေးအသိအမြင်နိုးကြားမှုက ပြောင်းလဲမှုကြီးလို့ ထင်ပါတယ်။  နောက် ဆိုရှယ်မီဒီယာ အားကောင်းတဲ့အတွက်ကြောင့် နည်းပညာပိုင်းအရ အဆင့်မြင့်လာတာ ရှိတယ်။ လူငယ်တွေ PDF တွေဆိုလည်း ဒရုန်းတွေကအစ လုပ်လာနိုင်တယ်။ Skill တွေ တက်လာတာပေါ့။ အခက်အခဲကြားကနေ ရှင်သန်ရတဲ့အခါ survival skill က တော်တော်မြင့်တက်လာတယ်။
 

မေး။     ။  အမျိုးသမီးတွေအပေါ်မှာ ခွဲခြားတဲ့အယူအဆတွေက ဘယ်လောက်အထိ ပြောင်းလဲလာပါ သလဲ။

ဖြေ။      ။ အခုက အမျိုးသမီးအသံတွေ ပိုကြားလာရတယ်။ ကျွန်မတို့တော်လှန်ရေးမှာလည်း အမျိုးသမီး ပါဝင်မှုက အများဆုံးဖြစ်တယ်။ အမျိုးသမီးပါဝင်မှုကအများဆုံးဖြစ်တော့ အမျိုးသမီးတွေကလည်း အမြင်ပွင့်ပြီး တော့ ပိုပြီးတော့ ပြောနိုင်ဆိုလာနိုင်တာရှိတယ်။ တဖက်မှာလည်း အမျိုးသမီးတွေ တော်လှန်ရေးမှာ ခွဲခြားဆက်ဆံမှုက အများကြီးရှိသေးတယ်။

rape case တွေ၊ sexual harassment တွေ ပိုပြီး ကြုံတွေ့ လာရတယ်။ ဒါကို ကိုင်တွယ်ရမယ်။ legal framework ကလည်း အားကောင်းဖို့လိုတယ်။ ဒါကို ဘယ်သူက ကိုင်တွယ်ဖြေရှင်းမလဲ။ ယန္တရားတွေကို သေချာတည်ဆောက်ဖို့ လိုတယ်။ အဲ့ဒါတွေကို မီဒီယာတွေ၊ advocacy team တွေက သေသေချာချာပြင်ဆင်ပေးဖို့ လိုပါတယ်။

“တော်လှန်ရေးအင်အားစုအချင်းချင်း တဖွဲ့နဲ့တဖွဲ့ တွေ့ဆုံရတော့မယ်။ တခြားလူရဲ့စကားကို နားထောင်တတ်တဲ့အလေ့အကျင့် မရှိဘူး။ မရှိတဲ့အခါ ကိုယ်ပြောချင်တာပဲပြောပြီး၊ ကိုယ်သွားချင်တာပဲ သွားနေတယ်ဆို တော်လှန်‌ရေးက မြန်မြန်ပြီးရမယ့်နေရာမှာ ပိုပိုပြီးကြာနေတာမျိုးတွေ ရှိလာမယ်”


မေး။     ။ စနစ်ပြောင်းတော်လှန်ရေး တခုအောင်မြင်ဖို့အတွက် ဘာတွေကို အရေးတကြီးနဲ့လုပ်ဆောင်ဖို့ လိုအပ်သလဲ။

ဖြေ။      ။ တော်လှန်ရေးမှာပါတဲ့သူတွေရဲ့အဓိက  mindset ပေါ့။ တော်လှန်ရေးအင်အားစုအချင်းချင်း တဖွဲ့နဲ့ တဖွဲ့ တွေ့ဆုံရတော့မယ်။ တခြားလူရဲ့စကားကို နားထောင်တတ်တဲ့အလေ့အကျင့် မရှိဘူး။ မရှိတဲ့အခါ ကိုယ်ပြောချင်တာပဲ ပြောပြီး၊ ကိုယ်သွားချင်တာပဲ သွားနေတယ်ဆို တော်လှန်‌ရေးက မြန်မြန်ပြီးရမယ့်နေရာမှာ ပိုပိုပြီးကြာနေတာမျိုးတွေ ရှိလာမယ်။ အဲ့အခါကျတော့ ကိုယ့်ရဲ့တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်း ကြားထဲမှာ ပိုပြီးစည်းလုံးဖို့၊ အဓိက dialogue   တွေနဲ့ ပိုပြီး share လုပ်ဖို့၊ ပိုပြီး ယုံကြည်မှုတည်ဆောက်ဖို့ ဒါတွေအများကြီးထပ်ထပ်ပြီးတော့ လုပ်ဖို့ လိုမယ်ထင်ပါတယ်။
 

မေး။     ။ စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့ အမျိုးသမီးတွေက ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်လာဖို့ အရေးကြီးလဲ။

ဖြေ။      ။ အမျိုးသမီးတွေကတော့ အခန်းကဏ္ဍအကုန်လုံးမှာ ပါနေပါပြီ။ PDF ထဲမှာအစ အမျိုးသမီး ရဲမေတွေလည်း ရှိတယ်။ ဒီထက်ထပ်ပြီး အကုန်ပါနိုင်ဖို့အတွက် ပိုပြီးတော့ အမျိုးသမီးတွေက စိတ်ဓာတ်ကြံခိုင်ဖို့ လိုမယ်။ နောက်တခါ အမျိုးသမီးတွေက ဒဏ်တွေကို ပိုခံစားရတယ်။ trauma ဖြစ်တဲ့ အမျိုးသမီးတွေ အများကြီးတွေ့တယ်။ CDM လုပ်တာဖြစ်ဖြစ် PDF ထဲရောက်သွားတာဖြစ်ဖြစ် သူတို့က  ကလေးတွေရဲ့ဒဏ်၊ ကလေးတွေနဲ့မိသားစုပြိုကွဲသွားတဲ့ဒဏ်၊ အဲ့ဒဏ်ကို ခံရတဲ့အခါမှာ အမျိုးသမီးတွေက ပိုပြီးတော့ ဒဏ်ရာရတယ်။

ဒါကြောင့် ကျွန်မက အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာအရလည်း ခံနိုင်ရည် အားကောင်းစေချင်တယ်။ အချင်းချင်းဖေးမဖို့ အချင်းချင်းကူညီပြီး မျှဝေကြဖို့ အရေးကြီးမယ် ထင်တယ်။ အမျိုးသမီးတွေပါဝင်မှုကတော့ တော်လှန်ရေးမှာ ရာနှုန်းပြည့်ပါနေပြီ ဖြစ်ပေမယ့် ဒီလမ်းကိုလျှောက်တဲ့အခါ ခါးသည်းမှုဒဏ်ကို အမျိုးသမီးတွေလည်း ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ လိုအပ်မယ် ထင်ပါတယ်။


မေး။     ။ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရမှုတွေ ကြုံရဖူးလား။

ဖြေ။      ။ အမျိုးသမီးဖြစ်ခြင်းကြောင့်ဆိုပြီးတော့ခွဲခြားတာမျိုးတော့ မကြုံရဘူး။ ကျွန်မပါဝင်နေတဲ့ပုံစံက မူဝါဒသမားဆိုတော့ များသောအားဖြင့် ဒေတာတွေ၊ အချက်အလက်တွေနဲ့ လုပ်ရတာ။ ဒီအလုပ်တွေက အမျိုးသားတွေနဲ့ တန်းတူလုပ်လို့ရတဲ့ အခြေအနေဆိုတော့ သိပ်ပြီးတော့ မခံစားရဘူး။ ဒါပေမယ့် တောထဲမှာ ရဲဘော်တွေနဲ့နေရတဲ့အခါမှာတော့ အမျိုးသမီးဖြစ်လို့ ယောကျာ်လေးတွေနဲ့ တန်းတူမလုပ်နိုင်တဲ့ကိစ္စတွေ ရှိတာပေါ့။ တောထဲမှာကျတော့လေ အဲ့ဒါမျိုးတွေ အခက်အခဲတွေရှိတယ်။


“နိုင်ငံရေးနိုးကြားမှုလည်း အမြင့်ဆုံးမှာဆိုတော့ အမျိုးသမီးပါဝင်မှုကလည်း အမြင့်ဆုံးအခြေအနေကို ရောက်နေတယ်။ ဒါပေမဲ့ အမျိုးသားတွေနဲ့ ယှဥ်ရင်တော့ အောက်မှာ ရှိတုန်းပဲ”


မေး။     ။ အမျိုးသမီးတွေဆုံးဖြတ်ပိုင်ခွင့်က လေးနှစ်တာကာလအတွင်းမှာ ဘယ်လောက်အထိ မြင့်တက် လာပြီလို့ မြင်ပါသလဲ။

ဖြေ။      ။ အမျိုးသားတွေလောက်တော့ မများဘူး။ ဒါပေမယ့် အရင်ခေတ်တွေကထက်တော့ ပိုများလာတယ်လို့ ထင်တယ်။ ၂၀၂၀ လောက်အထိပေါ့။ နိုင်ငံရေးနိုးကြားမှုလည်း အမြင့်ဆုံးမှာဆိုတော့ အမျိုးသမီး ပါဝင်မှုကလည်း အမြင့်ဆုံးအခြေအနေကို ရောက်နေတယ်။ ဒါပေမဲ့ အမျိုးသားတွေနဲ့ ယှဥ်ရင်တော့ အောက်မှာ ရှိတုန်းပဲ။ လူသားစာနာတွေ၊ ပညာရေး၊ ကျန်းမာရေး အဲ့ဒီမှာလည်း အမျိုးသမီးတွေ အများကြီးပဲ။
 

မေး။     ။ အမျိုးသမီးတွေ နိုင်ငံရေးထဲမှာ ပိုမိုပါဝင်လာနိုင်ဖို့ ဘာတွေလုပ်ဆောင်သင့်လဲ။

ဖြေ။      ။ အမျိုးသမီးတွေတစ်ဦးချင်းစီက capacity ကို ဖြည့်ဖို့လိုမယ်။ အမျိုးသားတွေကလည်း နားလည် ပေးပြီးတော့ အမျိုးသမီးတွေနဲ့အတူတူ အလုပ်လုပ်ဖို့လိုမယ်။ အမျိုးသမီးတွေကို အားပေးတဲ့ အဖွဲ့အစည်းတွေ ပိုပြီးပေါ်ပေါက်လာဖို့ လိုတယ်။ မြို့နယ်မှာဆို အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့တယ်ဆို အမျိုးသမီးကို ဦးစားပေးပြီး ခေါ်ရမယ်ဆိုတာတွေကို ပါဝင်ပြဌာန်းပေးဖို့ လိုပါတယ်။ NUG တို့လို အစိုးရပိုင်းတွေ ခေါင်းဆောင်ပိုင်းတွေက အစ သိပြီးတော့အမျိုးသမီးတွေကဏ္ဍ မြင့်တက်လာဖို့ အဆက်မပြတ် ပြောနေဖို့ လိုပါတယ်။
 

မေး။     ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ ပိုပြီး ထွက်ပေါ်လာနိုင်အောင် ဘာတွေလုပ်ဆောင်လို့ ရနိုင်မလဲ။

ဖြေ။         ။ ကိုယ်စိတ်ဝင်စားတဲ့အလုပ်တွေကို လုပ်ကိုင်နိုင်တဲ့ capacity ရှိဖို့ လိုမယ်။ မူဝါဒကို စိတ်ဝင်စားမှုရှိဖို့ လိုမယ်။ ခံနိုင်ရည်ရှိဖို့လည်း လိုမယ်။ နိုင်ငံရေးမှာ ပါဝင်တဲ့အခါ political pressure လည်း ခံနိုင်ရည် ရှိရတယ်။ ကိုယ့်ရဲ့ technical knowledge လည်း ရှိရတယ်။ ကိုယ့်ကိုကိုယ် အဆက်မပြတ်ဖြည့်ဆည်းဖို့ လိုမယ်။ အဖွဲ့အစည်းပေါင်းစုံ နဲ့ stakeholder ပေါင်းစုံရဲ့ အခြေအနေတွေ၊ သဘောထားတွေ နားလည်ဖို့ ဒါတွေက စဉ်ဆက်မပြတ်ဆည်းပူးဖို့ လိုမယ်ထင်ပါတယ်။
 

မေး။     ။ အမျိုးသမီးတွေ နိုင်ငံရေးထဲမှာတင်းပြည့်ကျပ်ပြည့်‌ပါဝင်လာနိုင်ပြီဆိုရင် အနာဂတ်နိုင်ငံရေးက ဘယ်လိုအပြောင်းအလဲတွေကို မြင်တွေ့ရမလဲ။

ဖြေ။      ။ အဲ့ဒါကတော့ တအားကောင်းတာပေါ့။ ကျွန်မတို့အမျိုးသမီးတွေလည်း နိုင်ငံရေးထဲမှာ ပါဝင်လာတယ်ဆို အထူးသဖြင့်ကတော့ အမျိုးသမီးနဲ့ပတ်သက်တဲ့ ဥပဒေတွေနည်းဥပဒေတွေ အမျိုးသမီးတွေ ကာကွယ်ပေးတဲ့ကိစ္စတွေက ပိုပြီးတော့ ထင်ထင်ရှားရှား ဖြစ်လာမယ်။ အမျိုးသမီးတွေ ပိုပြီး လွှတ်တော်ထဲ ရောက်လေ အမျိုးသမီးအရေးကို လုပ်နိုင်လေဆိုတော့ ဥပဒေပြဌာန်းနိုင်မယ်။ နိုင်ငံရေးကိစ္စတွေ ရှိလာမယ် ဆိုရင် အမျိုးသမီးတွေအ‌ရေးအရ မီဒီယာမှာ highlight လုပ်လို့ရမယ်။ ဥပဒေတွေပြဌာန်းနိုင်မယ်ဆို အမျိုးသမီး အရေးတွေ ပိုပြီးလုပ်နိုင်မယ်ထင်ပါတယ်။
 

မေး။     ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုမရှိတဲ့ နိုင်ငံသစ်ဖြစ်လာမယ်လို့ ဘယ်လောက်အထိ မျှော်လင့်ချက်ရှိပါသလဲ။

ဖြေ။      ။ ကျွန်မကတော့ အကောင်းမြင်ပါတယ်။ အကောင်းဘက်ကို ကျွန်မတို့ဦးတည်သွားနေတယ်။ ဒါပေမယ့် ကျွန်မတို့ ၁၀၀ ရာခိုင်နှုန်းတော့ ဖြစ်ချင်မှဖြစ်လိမ့်မယ်။ နွေဦးတော်လှန်ရေးဆိုရင် နိုင်မှာတော့ သေချာတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ဘယ်အဆင့်လောက်အထိ နိုင်မလဲဆိုတာ ကျွန်မတို့လည်း အသေအချာ မပြောနိုင်ဘူး။ အဲ့လိုပဲ အမျိုးသမီးပါဝင်မှုကလည်း အဲ့အတိုင်းပဲ။ အမျိုးသမီးတွေပါဝင်မှုက ပိုပြီးတိုးလာမှာ သေချာတယ်။ စစ်ကောင်စီ ပြုတ်ကျသွားတာနဲ့ တိုင်းပြည်အသစ်မှာဆိုရင် အမျိုးသမီးတွေကို ပိုပြီးအခွင့်အရေးပေးလာမယ်လို့ ယုံကြည်တယ်။
 
 

“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

မကြန်
ဦးဆောင်ကော်မတီဝင်
PPNM


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“အမျိုးသမီးတိုင်းက ယုံကြည်ချက်မြင့်မြင့်မားမားရှိနေဖို့က အရေးကြီးတယ်။ ငါက အားနည်းတယ်။ ငါတော့ ဒါသိပ်မလုပ်နိုင်ဘူးဆိုတဲ့ အထင်တခုကနေ ကိုယ့်ရဲ့ ယုံကြည်ချက်တွေ ရည်ရွယ်ချက်တွေက လက်လွတ်လိုက်ရနိုင်တယ်”
 
            မကြန်သည် မန္တလေးဇာတိဖြစ်ပြီး သာမာန်မိသားစုကနေ ကြီးပြင်းလာသူပါ။ ၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၃ ယောက် ရှိတဲ့အနက် အကြီးဆုံးသမီး ဖြစ်ပါတယ်။ ၂၀၁၅ မှာ ၁၀ တန်းအောင်ခဲ့ပြီး ရတနာပုံတက္ကသိုလ်မှာ အင်္ဂလိပ်အထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ကျောင်းနေအရွယ်ကနေ တက္ကသိုလ်အထိ ပတ်ဝန်းကျင်လွှမ်းမိုးမှုတွေကို မကြိုက်ဘဲ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့် တွေကို တန်ဖိုးထားသူတစ်ယောက်ပါ။

            ၂၀၂၁ခုနှစ်မှာ Nursing Training School မှာ ပထမနှစ်သင်ယူတက်ရောက်နေဆဲ ကိုဗစ်ကာလ ကျောင်း (၆) လပိတ်ချိန်ကာလမှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အာဏာသိမ်းခြင်းခံခဲ့ရပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ ၇ ရက်နေ့ မှ စတင်ကာ ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း စသည့် လူထုလှုပ်ရှားမှုတိုအပြင် သူနာပြုကျောင်းသားများသမဂ္ဂထံသို့ CDM  ကျောင်သားစာရင်း ပေးပိုခဲ့ပါတယ်။

            ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် ပြည်ကြီးတံခွန်မြိုနယ် တပ်ပေါင်းစုသပိတ်မှာ ရိုက်နှက်ဖမ်းဆီးခံ ခဲ့ရပါတယ်။ ရဲစခန်းမှာ ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး နေ့ချင်းစစ်ကြောရေးကို ပိုခံခဲ့ရပါတယ်။ စစ်ကြောရေးမှာ (၉) ရက် တိုက်ထဲမှာနေခဲ့ရပြီး အိုးဘိုအကျဉ်းထောင်သို့ ပိုဆောင်ခံခဲ့ရပါတယ်။ အိုးဘိုအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြခြင်း၊ ကြွေးကြော်ခြင်း၊ ပန်းသပိတ်လုပ်ခြင်းများ ပြုလုပ်ခဲ့သလို၊ နိုင်ငံရေးအကျဉ်းသား  များကို မတရားခိုင်းစေသောကြောင့် နိုင်ငံရေးအကျဉ်းသားများကို အလုပ်မလုပ်ရဟူ၍ စည်းရုံးပြီး အလုပ်မလုပ် လျှော့ရက်မယူ ဆိုပြီး ထောင်တွင်းလက်မှတ်ထိုးမှုကြောင့် မြင်းခြံထောင်သို ပြောင်းရွှေ့ခံခဲ့ ရပါသည်။ မြင်းခြံထောင်တွင်လည်း ထောင်တွင်းတိုက်ပွဲများ ဆက်လက်ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မေလ ၃ရက်နေ့မှာ ခံဝန်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

            ၂၀၂၃ ခုနှစ် ဇွန်လ ၁ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကို တည်ထောင်ခဲ့ပါတယ်။ ဦးဆောင်ကော်မတီဝင်အဖြစ် ထမ်းဆောင်နေစဥ်‌ စောင့်ကြည့်ခံရမှု‌ များ‌ကြောင့် လွတ်မြောက်နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ယခုလက်ရှိမှာ PPNM ၏ ဦးဆောင် ကော်မတီဝင်၊ ရုံးမှူး၊ ဘဏ္ဍာရေးမှူးအဖြစ် တာဝန်‌ထမ်းဆောင်နေပါတယ်။ Molecules Team Drone အဖွဲ့၏ စာကြည့်တိုက်မှူးအဖြစ်လည်း တာဝန်ယူလျက်ရှိပါတယ်။

            မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)သည် မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသားများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းထုတ်ပြန်နေပြီး ကူညီထောက်ပံ့ ရေး၊ မှတ်တမ်းတင်နိုင်ရေးတို့ကို လုပ်ဆောင်လျက် ရှိပါတယ်။
 
မေး။    ။လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။      ။ အခုဆိုရင်အာဏာသိမ်းမှုနောက်ပိုင်း  စစ်ကောင်စီက ရက်စက်မှုတွေ ကျူးလွန်ခဲ့တာ လေးနှစ် ကြာခဲ့ပြီ ဖြစ်တယ်။ ဒီလေးနှစ်အတွင်းမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေဟာ ယိမ်းယိုင် နေခဲ့တာ ပြည်သူတွေအမြင်ပဲ ဖြစ်တယ်။ အခုလက်ရှိမှာ NUG အစိုးရ ရှိပါတယ်။ NUG အစိုးရနဲ့အတူ တစ်ဦး တယောက်ချင်းစီကနေ ပြန်ပြီးတည်ဆောက်ရမှာ ဖြစ်ပါတယ်။

အခု နွေဦးတော်လှန်ရေးကာလမှာလည်း တည်ဆောက်နေဆဲ ဖြစ်တယ်။ တည်ဆောက်နေဆဲကာလဖြစ်လို့ ယိုယွင်းချက်လေးတွေတော့ ရှိတယ်။ ဒီယိုယွင်းချက်လေးတွေကို ဖာထေးပြီးတော့  မြန်မာ့နိုင်ငံရဲ့တော်လှန်ရေးကို တော်လှန်ပြည်သူတွေနဲ့အတူတူ ရေးရပါမယ်။ ဒါမှပဲ ကျွန်တော်တို့လိုချင်တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ စည်းကမ်းရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရောက်ရှိမှာ ဖြစ်ပါတယ်။
 

မေး။     ။အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးဆိုင်ရာအတွေးအမြင် လက်ခံမှုတွေက ဘယ်လောက်အထိပြောင်းလဲသွားလဲ။

ဖြေ။      ။ နိုင်ငံရေးအခြေအနေ တော်တော်လေး ဆုတ်ယုတ်လာတယ်။ အဲ့ဒါကြောင့် စီးပွားရေးတွေလည်း ကျဆင်းလာတယ်။ လူတစုအတွက်ကြောင့်နဲ့ မြန်မာငွေကြေးဟာလည်း တရှိန်ထိုး တန်ဖိုးကျလာရတယ်။ အဲ့ဒီမှာ  ရိုးရိုးသားသား ရှာဖွေစားသောက်နေတဲ့ လူတွေကတော့ မိသားစုစီးပွားရေးကို လောက်ငှရုံလောက်ပဲ တက်နိုင်သလောက် ဖြစ်နေကြတယ်။ လခစား ဝန်ထမ်းတွေဆိုရင်လည်း အတော်လေး အဆင်မပြေကြဘူး။ နိုင်ငံရေး၊ လုံခြုံရေးကလည်း မကောင်းဘူး။ သူ့ကိုလည်း မယုံကြည်ရ ကိုယ့်ကိုလည်း မယုံကြည်ရနဲ့  ဖြတ်သန်းနေရတယ်။ ဒီနေ့စဉ်ဘဝကို  ဒီအစိုးရအနေနဲ့ ထည့်သွင်းစဉ်းစားနေလိမ့်မယ်လို့ မထင်ပါဘူး။
 

မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာရော အမျိုးသမီးတွေအပေါ်မှာခွဲခြားဆက်ဆံတဲ့ အယူအဆတွေ ဘယ်လောက်အထိ ပြောင်းလဲသွားလဲ။

ဖြေ။      ။ အစထဲက ကျွန်တော်တို့ဗမာတွေမှာလည်း အစွဲတွေရှိခဲ့ကြတယ်။ အမျိုးသားနဲ့ အမျိုးသမီး ဆိုတာကို ရိုက်သွင်းခံခဲ့ရတယ်။ တန်းတူညီမှုမရှိဘူးဆိုတာ ဟိုးငယ်ငယ်လေးထဲက ကြုံတွေ့လာခဲ့ရတယ်။ ဒီထဲကနေ ဖောက်မထွက်နိုင်ကြဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ ဦးဆောင်သူ အမျိုးသမီးတယောက် ဦးဆောင်နေမှု အပေါ်မှာ မခံမရပ်နိုင်တွေ ဖြစ်တယ်။ ဒါကြောင့် မလုပ်သင့်ဘူးဆိုတဲ့ အရာတွေကို လုပ်ခဲ့တယ်လို့ မြင်ပါတယ်။
 

မေး။     ။ နိုင်ငံတခုကို ဘယ်လိုစံတန်ဖိုးထားမှုတွေနဲ့ တည်ဆောက်သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ ။     ။ အခြေခံအကျဆုံးကတော့ တရားမျှတမှု၊ လွတ်လပ်မှု စည်းကမ်းရှိမှုနဲ့ တည်ဆောက်ရမယ်။ ကျွန်တော့အနေနဲ့ကတော့ စည်းကမ်းကိုပါ ထည့်သွင်းပြီး ထားချင်တယ်။ စည်းကမ်းချက်တွေနဲ့ ကိုယ်စီရှိ ကြမယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကိုလည်းရနိုင်မယ်လို့ မြင်ပါတယ်။
 

မေး။     ။ နိုင်ငံအသစ်တည်ဖောက်ဖို့ နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ ဘယ်လိုကဏ္ဍကနေပါဝင်နေလဲ။

“နိုင်ကျဉ်းဟောင်းတွေက အကျဉ်းထောင်ထဲက လွတ်မြောက်လာပြီးတဲ့ နောက်မှာလည်း အကျယ်ထောင်မှာ နေကြရတယ်။ လုံခြုံ‌ရေးတွေ တင်းကြပ်လာတာနဲ့အမျှ ကိုယ်ကလည်း အသက်ရှူကြပ်တယ်။ ဒါတွေကတော့ နိုင်ငံရေးအကျဉ်းသူတွေတင် မဟုတ်ပါဘူး။ တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်”

ဖြေ။      ။ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေက တရားမျှတမှုကို လိုချင်လို့ ထောင်ထဲကိုဝင်ခဲ့ရတာ ဖြစ်တယ်။ အဲ့မှာ တန်းတူညီမျှမှုတွေ၊ လွတ်လပ်မှုတွေ တရားမျှတမှုတွေကို အကျဉ်းထောင်တွေထဲမှာလည်း အသီးသီး ပုံဖော်ခဲ့ကြတယ်။ ပါဝင်ခဲ့ကြတယ်။ ဥပမာပြောရရင် သပိတ်မှောက်တာကအစ ကြွေးကြော်တာက အစ၊ အခုလက်ရှိမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်လုပ်ဆောင်နေတာ ရှိပါတယ်။

လွတ်လပ်မှုရှိမှသာ ညီမျှခြင်းတွေ၊ တရားမျှတမှုရှိခြင်းတွေ ဖန်တီးနိုင်မှာ၊ တရားမျှတမှုမရှိရင် တန်းတူညီမျှမှုမရှိရင် တရားမျှတမှုကင်းမဲ့တဲ့ လွတ်လပ်ရေးဆိုတာတွေကလည်း ကြာရှည်ခံမှာမဟုတ်ဘူး။ ညီညွတ်မှုကို အခြေခံ ပြီးတော့ တည်ဆောက်ကြရတယ်။ နိုင်ငံရေးအကျဉ်းသူတွေကတော့ တက်အားသရွေ့ တက်နိုင်တဲ့ဘက် လုပ်ဆောင်သွားပါမယ်။

 
မေး။     ။ နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေကြုံရလဲ၊ ဘာတွေကို ရင်ဆိုင် ကျော်လွှားနေကြရလဲ။

ဖြေ။      ။ နိုင်ငံရေးအကျဉ်းသားအဖြစ်ကနေပြန်ပြီး လွတ်မြောက်လာတယ်။ ကိုယ်တွေတန်းတူပဲ တခြား နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေဆိုလည်း အကျဉ်းထောင်ထဲက လွတ်မြောက်လာပြီးတဲ့ နောက်မှာလည်း အကျယ်ထောင်မှာ နေကြရတယ်။ ကျွန်တော်တို့လုပ်ချင်တာ လုပ်ခွင့်မရှိဘူး။ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရတာတော့ အာဏာသိမ်းပြီးကတည်းက ဖြစ်တယ်။

ကိုယ်ပြောချင်တာ ကိုယ့်ရဲ့ဆန္ဒတွေ ထုတ်ဖော်လို့ မရဘူး။ အဲ့အခါကျတော့ တနေရာနဲ့တနေရာ ပြောင်းရွေ့နေရတာတွေ ရှိတယ်။  လုံခြုံရေးကြောင့် ရုပ်ဖျက်ပြီး သွားနေကြရတာ ရှိတယ်။ ကိုယ့်နာမည်အရင်းတောင် ကိုယ်ထုတ်ဖော်ပြောလို့မရနိုင်တဲ့ အခြေအနေတွေမှာ ရောက်နေတယ်။ ကိုယ့်ရဲ့နိုင်ငံထဲကိုမှ ဒီနေရာလေးကတော့ ငါတို့လွတ်မြောက်နိုင်ပါတယ်လို့ ယူဆတဲ့နေရာ မှာ လာနေရတယ်။

တကယ့်တကယ်ကတော့ ဒီနေရာက လွတ်မြောက်လားဆိုတော့ လွတ်မြောက်တဲ့နေရာ တခုထဲမှာတော့ မပါဘူး။ လူချင်းလည်း ထိတွေ့မှုတွေ နည်းလာရတယ်။ လုံခြုံရေးအခြေအနေကြောင့် အွန်လိုင်းကနေပဲ လုပ်နေကြရတယ်။ ဒါတွေကတော့ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ကြီးမားတဲ့အခက်အခဲလို့ ပြောလို့ရတယ်။ လုံခြုံ‌ရေးတွေ တင်းကြပ်လာတာနဲ့အမျှ ကိုယ်ကလည်း အသက်ရှူကြပ်တယ်။ ဒါတွေကတော့ နိုင်ငံရေးအကျဉ်းသူတွေတင် မဟုတ်ပါဘူး။ တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
 

မေး။       ။အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရတာ၊ ဖိနှိပ်ခံရတာတွေကြုံဖူးလား။

ဖြေ။      ။ စစ်ကောင်စီတင်မှမဟုတ်ဘူး၊ နေရာတကာမှာ မျက်နှာသာပေးမှုတွေ လေးစားမခံရမှုတွေကတော့ သူ့နေရာနဲ့သူ ရှိကြတယ်။ ဒီအရာဆိုရင် ဒီမိန်းကလေးက လုပ်နိုင်ပါ့မလားဆိုတဲ့ ပြောသံတွေအမြင်တွေက အသက်ကြီးပိုင်းတွေမှာ ပိုများတာ တွေ့ရတယ်။  ဒါက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်တယ်။ ဘယ်လိုတွေလုပ်ရမလဲဆို အမျိုးသမီးတွေ တန်းတူညီတူဆက်ဆံဖို့ မျက်နှာသာပေးခံရဖို့ အလေးစားခံရဖို့၊ မိန်းကလေးတွေကလည်း ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်တယ်ဆိုတာ  ကျွန်တော်တို့မိန်းကလေးတွေက ပြရမယ်။

တခုခုဆိုရင် အားနည်းတယ်ဆိုတာ အမြင်မခံရနိုင်တဲ့အမျိုးသမီးတွေ ဖြစ်ဖို့လည်း အရေးကြီးတယ်။ အဓိကကတော့ ကျွန်တော်တို့ကိုယ်တိုင်တည်ဆောက်မှ တဖက်သားကလည်း လက်ခံယုံကြည်လာမှာ ဖြစ်တယ်။ ကျွန်တောအနေနဲ့ကလည်း ငါအမျိုးသမီးဖြစ်တယ်။ အမျိုးသမီးတွေကပဲ ဦးဆောင်ရမယ်။ အဲ့လိုမျိုးအမြင်ထက်ကို တန်းတူဦး‌ဆောင်နိုင်တဲ့သူတွေ ဖြစ်ရမယ်။ ကိုယ့်ရဲ့အမျိုးသမီးတွေဘက်က တည်ဆောက်ရမှာ ဖြစ်တယ်လို့ မြင်ပါတယ်။
 

မေး။     ။ အမျိုးသမီးတွေဆုံးဖြတ်ပိုင်ခွင့်နဲ့ပတ်သက်ပြီးဘယ်နေရာမှာထင်ထင်ရှားရှားမြင်နေရလဲ။

ဖြေ။      ။ အခုဒီနောက်ပိုင်းတွေမှာတော့ ဝန်ကြီးဖြစ်သွားတဲ့ အမျိုးသမီးတွေ မြင်ရတယ်။ လွှတ်တော်ဘက် တွေမှာ မြင်နေရတယ်။ ကျွန်တော့အနေနဲ့ကတော့ ပါဝင်မှုအားနည်းနေသေးတယ်လို့ ထင်တယ်။ ကျွန်တော့် အနေနဲ့ ပြောရမယ်ဆိုရင် အမျိုးသား ၅၀ ရာခိုင်နှုန်းဆို အမျိုးသမီးလည်း ၅၀ ရာခိုင်နှုန်း ဖြစ်သင့်တယ်။ ဒါဆိုရင်တော့ မျှတတဲ့တန်းတူညီမှုတွေ ဖြစ်လာမယ်လို့ ထင်တယ်။ အမျိုးသမီးတွေလည်း ပြောဆိုပိုင်ခွင့်တွေ ဆုံးဖြတ်ခွင့်တွေ ကောက်ချက်ချပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေ ရှိလာမယ်ဆို ကောင်းတာ‌ပေါ့။

 
မေး။        ။ အမျိုးသမီးတွေ ခေါင်းဆောင်အသစ်တွေပိုထွက်လာဖို့ဘာတွေလုပ်ကြမလဲ။

ဖြေ။       ။ မိမိကိုယ်ကို အရင်တည်ဆောက်ရတယ်။ မိမိကိုယ်ကိုကနေမှ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့နိုင်ငံ ဒီလိုမျိုးတဆင့်ချင်း သွားမယ်ဆို ဖြစ်နိုင်တယ်။ အမျိုးသမီးတိုင်းက ယုံကြည်ချက်မြင့်မြင့်မားမားရှိနေဖို့က အရေးကြီးတယ်။ ငါက အားနည်းတယ်။ ငါတော့ ဒါသိပ်မလုပ်နိုင်ဘူးဆိုတဲ့ အထင်တခုကနေ ကိုယ့်ရဲ့ ယုံကြည်ချက်တွေ ရည်ရွယ်ချက်တွေက လက်လွှတ်လိုက်ရနိုင်တယ်။

မိမိကိုယ်ကို မိသားစု၊ မိမိပတ်ဝန်းကျင် မိမိနိုင်ငံအတွက် အလုပ်လုပ်တော့မယ်လို့ဆန္ဒရှိရင် အဲ့ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ရမယ်။ ယောကျာ်းလေးပဲ နင်တို့ဦးဆောင်ရမှာပေါ့ ဆိုတဲ့အစွဲတွေက မိန်းကလေးတွေကလည်း ရှိတယ်။ ဒါတွေက အတွေးမှားတွေ ဖြစ်တယ်။ ကိုယ်ကိုတိုင်က ဒါကြီးကို လက်ခံထားရင်  ဒါက မှားနေသေးတယ်။ ကိုယ့်ကိုကိုယ် ပြန်တည်ဆောက်ဖို့ လိုနေသေးတယ်လို့ ထင်တယ်။ ကိုယ်ကိုတိုင်က ခိုင်မာရမယ်။ ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်ယုံကြည်မှုရှိရမယ်။

အလုပ်တခုကိုလုပ်တဲ့အခါမှာ ယောကျာ်းလေး မိန်းကလေးနှစ်ဖက်လုံးမှာ ဖိအားတွေ ရှိတယ်။ အဲ့ဒဏ်ကို ကိုယ်ကလည်းခံနိုင်ရည်ရှိအောင် လုပ်ရမယ်၊ ခံနိုင်ရည်လည်း ရှိရမယ်။ အနစ်နာခံနိုင်မှု၊ စိတ်ရှည်မှု၊ သည်းခံဇွဲရှိမှုကနေ အကျိုးအမြတ်တွေ ရလာနိုင်မယ်။ ကိုယ်က ဘာတွေကို လုပ်ပေးနိုင်မလဲဆိုတာ ကြည့်ရမယ်။ ဒီလိုစိတ်တွေရှိနေမှ လူဆိုတာတိုးတက်တာ။ ကျန်တာတွေက တဖြေးဖြေးချင်းနဲ့ အလုပ်လုပ်ရင်း သင်သွားရတာတွေ ဖြစ်တယ်။
 

မေး။     ။  အမျိုးသမီးတွေသာ နိုင်ငံရေးထဲမှာတင်းပြည့်ကျပ်ပြည့်ပါဝင်လာမယ်ဆို နိုင်ငံရေးက ဘာတွေ ပြောင်းလဲသွားနိုင်လဲ။

ဖြေ။      ။ အမျိုးသမီးတွေက အခြေခံအားဖြင့် ဂရုဏာတရားလည်း ကြီးမားတယ်။ အနစ်နာခံတတ်တယ်။ ဒီတိုင်းပြည်က သေးသေးလေးတွေက အစပြုလို့ အခြေခံ အမျိုးသမီးကိစ္စတွေ အမျိုးသားကိစ္စတွေ ကျေးလက်နဲ့ ဆိုင်တဲ့ ရပ်ရွာကိစ္စတွေပါ တိုးတက်ကောင်းမွန်လာတာကို တွေ့ရလိမ့်မယ်။ ကဏ္ဍအသီးသီးမှာ အမျိုးသား တွေရဲ့ လုပ်ဆောင်နိုင်မှုနဲ့ အမျိုးသမီးတွေရဲ့လုပ်ဆောင်နိုင်မှု ဒီလိုမျိုးတန်းတူ ညီသွားတယ်ဆိုရင် တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ ထင်ပါတယ်။
 

မေး။     ။ ခွဲခြားဆက်ဆံမှုမရှိတဲ့အနာဂတ်နိုင်ငံသစ်တည်ဆောက်နိုင်မယ်လို့ ဘယ်လောက်အထိ ယုံကြည်ပါသလဲ။

ဖြေ။      ။ တည်ဆောက်နိုင်မယ်လို့ ထင်ပါတယ်။ ကိုယ့်ရဲ့အင်အားနဲ့တော့ ကိုယ့်ရဲ့အဖွဲ့အစည်းမှာ‌ရော ကိုယ့်ရဲ့ မိခင်အဖွဲ့အစည်းမှာရော ဦးဆောင်သူတယောက်အနေနဲ့တော့ ရပ်တည်နေနိုင်ပြီ။ တခြားပိုပြီးကျယ်ပြန့်တဲ့ ပိုပြီးတော့ အတွေးအခေါ်များတဲ့ နယ်ပယ်တွေကိုလှမ်းနိုင်ဖို့အတွက် ကြိုးစားနေရတယ်။ ခုနပြောတဲ့ အခြေခံစိတ်ဓာတ်လေးတွေ ထားပြီးသွားမယ်ဆိုရင် ယုံကြည်တဲ့ ရည်ရွယ်ထားတဲ့အရာတွေလုပ်နိုင်မယ်လို့ မြင်ပါတယ်။ တခြားအမျိုးသမီးတွေကိုလည်း ဖြစ်စေချင်ပါတယ်။
 

မေး။     ။ တခြားဖြည့်စွက် ပြောချင်တာရှိရင် ပြောပေးပါဦး။

ဖြေ။      ။ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသမီးတွေအပေါ် လူ့အသိုင်းအဝိုင်းက မလေးစားဘူးလို့ပဲ ပြောရမလား။ အစွဲတွေအပေါ်မူတည်ပြီးတော့မျက်နှာသာမပေးတာတွေ အမြစ်တွယ်နေတာ အခုချိန်ထိ အားကောင်းနေဆဲလို့ မြင်တယ်။ ခေါင်းဆောင်ပိုင်းနေရာတွေမှာဆိုလည်း ခွဲခြားမှုတွေက ရှိနေသေးတယ်လို့ မြင်ပါတယ်။ 

“အလုပ်တခုကိုလုပ်တဲ့အခါမှာ ယောကျာ်းလေး မိန်းကလေးနှစ်ဖက်လုံးမှာ ဖိအားတွေ ရှိတယ်။ အဲ့ဒဏ်ကို ကိုယ်ကလည်းခံနိုင်ရည်ရှိအောင် လုပ်ရမယ်၊ ခံနိုင်ရည်လည်း ရှိရမယ်။ အနစ်နာခံနိုင်မှု၊ စိတ်ရှည်မှု၊ သည်းခံဇွဲရှိမှုကနေ အကျိုးအမြတ်တွေ ရလာနိုင်မယ်”


 
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

မနီကိုးလ် CDMer
Communication Coordinator (Frontline Ethics)
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“အရင်ရှိခဲ့တဲ့ ဓလေ့ထုံးတမ်းတွေကို မသိစိတ်ကနေမှ မကျော်လွှားနိုင်ပဲနဲ့ စစ်ကောင်စီ လက်အောက်မှာ လုပ်ခဲ့တဲ့အကျင့်တွေ ကျွန်မတို့က ပြန်လုပ်မိနေသေးလား။ ဒါမျိုးတွေ ပြန်ဆန်းစစ်ဖို့ လိုတယ်။ ကိုယ်တွင်းတော်လှန်ရေးကို မဆုတ်မနစ်နဲ့ ကြံ့ကြံ့ခံသွားဖို့ လိုတယ်”
 
           
            မနီကိုးလ်ဟာ ရန်ကုန်ဇာတိဖြစ်ပြီး သာမန်ဝန်ထမ်း မိသားစုမှာ ကြီးပြင်းခဲ့ရသူပါ။ ငယ်စဉ် ကတည်းက ခွဲခြားဖိနှိပ်မှုတွေ၊ အပြစ်တင်မှုတွေ ကြားမှာ ကြီးပြင်းလာခဲ့ရပြီး အားငယ်စွာ နေထိုင်ခဲ့ ရပါတယ်။ ပန်းချီဆွဲခြင်းနဲ့ စာဖတ်ရတာ၊ ခရီးသွားရတာကို ဝါသနာပါခဲ့ပြီး စစ်သတင်းထောက် ဖြစ်ချင်ခဲ့ သူပါ။ UN ရဲ့အဖွဲ့အစည်းတွေမှာလုပ်ကိုင်ပြီး ခက်ခဲတဲ့ကလေးတွေကို ကူညီတဲ့ လုပ်ငန်းမျိုးကို လုပ်ကိုင် ချင်ခဲ့သူပါ။ ၂၀၀၀ ပြည့်နောက်ပိုင်း ကာလမှာ တက္ကသိုလ်ဝင်တန်း အောင်ခဲ့ပြီး ဝိဇ္ဇာသိပ္ပံတက္ကသိုလ် တက်ရောက်ကာ မဟာဝိဇ္ဇာ ဘွဲ့ရရှိခဲ့သူပါ။

            ဘွဲ့ရပြီးမကြာခင်မှာပဲ ဝန်ထမ်းအလုပ်တစ်ခုကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ လုပ်ငန်းခွင်မှာလည်း ကိုယ်က အလုပ်ပိုလုပ်နိုင်ခဲ့တာတောင် မိန်းကလေးမို့လို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ချန်ထားခံခဲ့ရတယ်။ ဒီလိုခွဲခြားမှုတွေခံရတဲ့အတွက် ပိုပြီးကြိုးစားခဲ့ရပါတယ်။

            အာဏာစသိမ်းလိုက်တဲ့အခါမှာတော့ စိတ်အားဖြင့် တော်လှန်ရေးကို အားပေးခဲ့ပေမယ့် ကိုယ့်ရဲ့ဘဝ တခုလုံးကို ပစ်ချပြီး ပါဝင်ဖို့ ချက်ချင်း မဆုံးဖြတ်နိုင်ခဲ့ပါဘူး။ နှစ်နှစ်ကျော်လာတဲ့အချိန်မှာတော့ အားလုံးကို လွှတ်ချခဲ့ကာ တော်လှန်ရေးမှာအပြည့်အဝပါဝင်ခဲ့ပါတယ်။

            လက်ရှိမှာ တော်လှန်ရေးနဲ့ဆက်စပ်ပြီး အရပ်သားပြည်သူတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို Awareness ပေးနေတဲ့ Frontline Ethics မှာ အလုပ်လုပ်ကိုင်နေပါတယ်။ Frontline Ethics ဟာ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ အရပ်သားပြည်သူတွေအနေနဲ့ အထိခိုက်အသေအပျောက်နည်းအောင် ဘယ်လိုစဉ်းစားမလဲဆိုတာ စဉ်းစားလုပ်ကိုင်နေတဲ့ အဖွဲ့တခုဖြစ်ပြီး  CRSV နဲ့ပတ်သက်တာတွေ၊ စစ်မက်ပဋိပက္ခအတွင်း အရပ်သားပြည်သူနဲ့ အမျိုးသမီး၊ ကလေးသူငယ်တွေ စစ်ရေးပစ်မှတ်မဖြစ်စေဖို့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒီအဖွဲ့အစည်းအတွင်းကနေ လုပ်ကိုင်နေတာဖြစ်ပါတယ်။
 

မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံ နိုင်ငံရေးဖြစ်စဉ်တခုလုံးကို ခြုံပြီးတော့ ကြည့်မယ်ဆို  ဘယ်လိုမှတ်ချက် ပြုချင်သလဲရှင့်။

ဖြေ။      ။ နွေဦးတော်လှန်ရေးကို အရှိန်အဟုန်အရမ်းကောင်းတယ်လို့ မြင်တယ်။ အစကနေ   အခုလေးနှစ် ကျော်ကာလအထိ အမြဲတမ်း အရှိန်ကောင်းနေတာမျိုးတော့ မရှိဘူး။ ဇာတ်လမ်းတခုရဲ့ crisis ကာလ ရှိတယ်။ ပြန်ကျသွားတာ ရှိတယ်။ အဲ့မှာမှ တောက်လျှောက်တွေ့ရတာတော့ resilience ပါ။ လေးနှစ်ပေမယ့် တောင့်ခံနိုင်တဲ့ ပြည်သူရော ၊  တော်လှန်ရေးအဖွဲ့တွေရော၊ ထောက်ပို့ရော သူ့ကဏ္ဍ အစုံမှာ ဆက်သွားနေကြ သေးတာကို ချီးကျူးရမယ်။
 
မေး။     ။ ဘယ်လိုစံတန်ဖိုးတွေ၊ အခြေခံမူတွေကိုအခြေခံပြီးတော့ တိုင်းပြည်ကို ပြန်ပြီး တည်ဆောက် သင့်တယ်လို့ ထင်လဲရှင့်။

ဖြေ။      ။ စံတန်ဖိုးတွေကတော့ အများကြီး ချမှတ်ဖို့ လိုသလို၊ တကယ်လည်း လိုက်နာနိုင်ဖို့ လိုတယ်။ ပြီးရင် message ပေးနိုင်ဖို့လည်း လိုတယ်။ ကမ္ဘာ့နိုင်ငံတွေကနေ ကြည့်မယ်ဆို မြန်မာအကြောင်းကို မသိတာ များတယ်။ ပြည်တွင်းမှာစစ်ပွဲတွေ ဖြစ်နေတယ်။ ရိုဟင်ဂျာအရေးအခင်း ဖြစ်ထားတယ်။ အဲလိုမျိုး သိထားကြတယ်။ ကမ္ဘာရဲ့ လက်ရှိအခြေအနေအရဆို ကိုယ့်အား ကိုယ်ကိုးရဖို့ကလည်း များတယ်။

ဒါပေမယ့်လို့ advocacy တွေ၊ diplomacy တွေ လုပ်ဖို့က မေ့ထားလို့မရဘူး။ လက်ရှိမှာ စစ်ကောင်စီသည် ပြည်သူတွေကို နေ့စဉ်နဲ့အမျှ IHL ကို ချိုးဖောက်တာတွေကို ချပြနိုင်ဖို့ လိုတယ်။ တချိန်တည်းမှာ ကျွန်မတို့က ပိုကောင်းတဲ့ နိုင်ငံကို တည်ဆောက်နေတယ်ဆိုတာနဲ့ ဘယ်လို စံနှုန်းတွေနဲ့ တည်ဆောက်နေတယ်ဆိုတာကို ပြောနေဖို့ လိုပါတယ်။

ကျွန်မတို့နိုင်ငံမှာ ဥပဒေက အဓိက အရေးကြီးတယ်။ ဥပဒေမှာ ဘက်လိုက်မှုမရှိ၊ တရားမျှတမှုရှိတဲ့၊ နိုင်ငံသားတွေကိုလည်း အကာအကွယ်ပေးနိုင်ဖို့၊ လုံခြုံမှုလည်း ပေးနိုင်ဖို့ ရေးဆွဲ အကောင်အထည်ဖော်ရမယ်။ အသွင်ကူးပြောင်းရေးကာလအတွက်ဘဲဖြစ်ဖြစ်၊ တည်ဆောက်ရေးကာလ အတွက်ပဲဖြစ်ဖြစ် အဲ့ဟာတွေကို အရင်လုပ်သင့်တယ်လို့ ထင်ပါတယ်။
 

မေး။     ။ နွေဦးတော်လှန်ရေးမှာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး ဘာတွေပြောင်းလဲသွားလဲ။

ဖြေ။      ။ ပြည်တွင်းကို အရင်ကြည့်မယ်ဆို ပြည်တွင်းမှာကျတော့ အနှုတ်ဘက်ကို အများကြီးသွားတာပေါ့။ ပြည်သူတွေကအစ အများကြီးကြပ်တည်းသွားပြီ။ စစ်ကောင်စီက ပြည်သူတွေကို တရစ်ပြီးတရစ် လည်ပင်းကို ညှစ်သလိုလုပ်တာဆိုတော့ သူတို့ရဲ့  survive ကိုကခက်သွားပြီ၊ ကုန်ဈေးနှုန်းတွေတက်လာတယ်။ စက်သုံးဆီ တွေ ခက်လာတယ်။  လျှပ်စစ်မီး မရဘူး။ အင်တာနက် အဖြတ်ခံရတယ်။ နယ်ကတက်လာတဲ့ လူငယ်တွေ ဆိုရင်လည်း ပေါ်တာဆွဲခံရတယ်။ အဓမ္မစစ်သား စုဆောင်းခံရတယ်။ ခရီးသွားရတာ မလုံခြုံတော့ဘူး။ ဒါမျိုးတွေဖြစ်တော့ ပြည်တွင်းကလူတွေကိုကြည့်မယ်ဆို နေရေးထိုင်ရေးမှာ သူတို့ရဲ့ well being တွေမှာပါ အများကြီးကို ကျဆင်းသွားတယ်။

စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကလည်း အများကြီး ကျဆင်းသွားတယ်။ နောက်တပိုင်းကကျတော့ တော်လှန်ရေးဘက်ကို ခိုလှုံလာတဲ့ဘက်မှာဆိုရင်တော့ လူတွေရဲ့ကြပ်တည်းမှု ကတော့ အကုန်အတူတူပါပဲ၊ မိသားစုတွေ ထားခဲ့ရတာ၊ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ ထားခဲ့ရတာရှိတယ်။ ပုံမှန်ဝင်ငွေမရဘဲနဲ့ volunteer ပုံစံမျိုးနဲ့ လုပ်နေရတာဆိုတော့ စီးပွားရေးအရဆိုရင်တော့ ရုန်းကန်နေရဆဲကာလပေါ့။ ပြီးရင်ပြည်ပရောက်တဲ့ အလုပ်သမားတွေဆိုလည်း စစ်ကောင်စီ ကနေ လှမ်းပြီးကြပ်တာမျိုးတွေရှိတာဆိုတော့ စီးပွားရေးအရဆို ကြပ်တည်းနေကြတုန်းပဲ။

ကောင်းလာတဲ့အပိုင်းက ပွင့်လင်းလာတယ်။ ကိုယ်ချင်းစာတတ် လာတယ်။ အဆိုးဆုံးအရာကို ရင်ဆိုင်လိုက်ရတဲ့အချိန်မှာ အရင်က အမြင်ကျဉ်းခဲ့တဲ့အရာတွေက ပွင့်သွားတာမျိုးတွေ ရှိတယ်။ LGBT တွေဆိုလည်း လေးစားရကောင်းမှန်း သိလာတာမျိုးတွေ ရှိတယ်။ sexual violence တွေကို awareness တွေ ဖြစ်လာတယ်။ ပြီးရင် တော်လှန်ရေးဘက်ကိုရောက်လာတဲ့အခါ အဓိကကြားရမယ့်အသံက human rights လို့ ထင်ပါတယ်။

“တော်လှန်ရေးရဲ့ sector အားလုံးမှာ အမျိုးသမီးမပါဘူးဆိုတာ မရှိသ‌လောက်ပဲ။ ဘက်ပေါင်းစုံမှာ အမျိုးသားတွေနည်းတူ အမျိုးသမီးတွေလည်း ပါနေတာဆိုတော့ အမျိုးသမီးတွေရဲ့ လူမှုအဖွဲ့အစည်းအပေါ် တာဝန်ယူတတ်တဲ့စိတ်ကို သွားတွေ့တယ်”


မေး။     ။ အမျိုးသမီးတွေအပေါ် မြင်တဲ့အမြင်တွေ၊ အမျိုးသမီးတွေဦးဆောင်မှုကို လက်ခံတာတွေ ဘယ်လောက်အထိ ပြောင်းသွားလဲ။

ဖြေ။      ။ တော်လှန်ရေးရဲ့ sector အားလုံးမှာ အမျိုးသမီးမပါဘူးဆိုတာ မရှိသ‌လောက်ပဲ။ ဘက်ပေါင်းစုံမှာ အမျိုးသားတွေနည်းတူ အမျိုးသမီးတွေလည်း ပါနေတာဆိုတော့ အမျိုးသမီးတွေရဲ့ လူမှုအဖွဲ့အစည်းအပေါ် တာဝန်ယူတတ်တဲ့စိတ်ကို သွားတွေ့တယ်။ တော်လှန်ရေးမှာ ယောကျာ်းတွေမှ မဟုတ်ဘူး၊ မိန်းမတွေလည်း လုပ်နေတယ်ဆိုတာ အထင်အရှားပဲ။

အဲ့လိုပါလာတဲ့ အမျိုးသမီးတွေကို community က ပြန်ပြီး အသိအမှတ်ပြုတယ်။ လက်ခံတဲ့အပိုင်းမှာလည်း တွေ့ရတယ်။  ဒါပေမယ့် အဲ့လိုပါဝင်လာလို့ ခွဲခြားဆက်ဆံမှု တွေ sexual harassment တွေ sexual violence တွေပျောက်သွားပြီလားဆို မဟုတ်သေးဘူး။  ကြားနေရဆဲပဲ။ အရင်ကထက်စာရင် လက်မခံကြောင်း ပိုပြီးပြသလာကြတယ်။ awareness တွေ တက်လာတယ်။  ဒါတွေကိုပိုပြီး လုပ်ရမယ်ဆိုတဲ့အမြင်တွေ ရှိလာတယ်။
 

မေး။     ။ အမျိုးသမီးတွေ ဘယ်နေရာမှာ မဖြစ်မနေ ပါဖို့လိုတယ်လို့ ထင်ပါသလဲ။

ဖြေ။      ။ အမျိုးသမီးတွေ ပါဝင်တယ်ဆိုတာလောက်ပဲ ရှိမယ်။ အထူးသဖြင့် တိုက်ခိုက်ရေးမှာ PDF တွေမှာ မိန်းကလေးတွေလည်း ပါတယ်ဆိုပေမဲ့ တပ်ရင်းမှူးတို့ ခေါင်းဆောင်လိုနေရာမျိုးမှာ သွားမျှော်လင့်လို့ မရသေးဘူး။ ဒါပေမယ့် လူသားချင်းစာနာထောက်ထားမှုကိစ္စတွေမှာပဲဖြစ်ဖြစ် အဲ့လိုကိစ္စတွေဆိုရင် အမျိုးသမီး တွေကို leader role နဲ့ မျှော်လင့်လို့ရတယ်။ နောက်ပိုင်း အမျိုးသမီးအချင်းချင်းကို ပြန်စောင့်ရှောက်မှုပေးတဲ့ နေရာမျိုးတွေမှာ အမျိုးသမီးတွေ ပိုပြီးပါသင့်တယ်လို့ ထင်ပါတယ်။
 

မေး။        ။ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံမှုတွေကြုံဖူးလား။

ဖြေ။      ။ကျွန်မတော်လှန်ရေးဘက်ကိုထွက်မလာခင်မှာဆိုရင်တော့  ကြုံခဲ့ရတယ်။  မိန်းကလေးမို့လို့ကို ခွဲခြားဆက်ဆံခံရတာမျိုးတွေ၊ နေရာမပေးတာ၊ မသိမသာ ယောကျာ်းဝါဒနဲ့ လက်မခံချင်တာမျိုးတွေ ရှိတယ်။ ပိုလုပ်နိုင်တဲ့ကဏ္ဍမှာ လုပ်နိုင်လို့ နေရာရတဲ့အပေါ်မှာ  ငါတို့ပေးလို့ ဒီလောက်ပဲ လုပ်ခွင့်ရှိတာပါဆိုတဲ့ ပုံစံမျိုးခံခဲ့ရတာမျိုး ကြုံခဲ့ဖူးတယ်။ ဒီဘက်ရောက်တဲ့အခါမှာ ကျွန်မကိုယ်တိုင်ကလည်း အမျိုးသမီးတွေရဲ့ကဏ္ဍ မြှင့်တင်တဲ့နေရာမှာ ဝင်လုပ်တာမျိုးဆိုတော့ ဒါမျိုးတော့ ဒီဘက်မှာ မကြုံရပါဘူး။
 

မေး။     ။  နိုင်ငံသစ်တည်ဆောက်တဲ့အချိန်မှာ အမျိုးသမီးတွေဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူမရှုအောင် ပြည့်ပြည့်ဝဝ ပါဝင်မှုတွေ ဖြစ်လာအောင် ဘာတွေလုပ်သင့်လဲ။

ဖြေ။      ။ နိုင်ငံပြန်တည်ဆောက်တယ်ဆိုတာ တော်လှန်ရေးပြီးမှလား၊ အခုကတည်းကလား၊ တည်ဆောက်ရေးကာလက ဘယ်လောက်ကြာမလဲ ကျွန်မတို့မသိဘူး။ ဒါပေမယ့် ပြင်ဆင်မယ်ဆိုရင် အခုကတည်းက အမျိုးသမီးတွေက ပြင်ဆင်ထားသင့်ပြီ။ ဒီလေးနှစ်ကာလမှာ ဖြတ်သန်းခဲ့ရတာတွေက ကိုယ်စီ ရှိကြတယ်။ upgrading ဖြစ်သွားတာ ရှိချင်ရှိမယ်၊ စိတ်ဓာတ်ကျသွားတာ ရှိချင်ရှိမယ်။ အရင်ရှိခဲ့တဲ့ ဓလေ့ထုံးတမ်းတွေကို မသိစိတ်ကနေမှ မကျော်လွှားနိုင်ပဲနဲ့ စစ်ကောင်စီလက်အောက်မှာ လုပ်ခဲ့တဲ့အကျင့်တွေ ကျွန်မတို့က ပြန်လုပ်မိနေသေးလား။ ဒါမျိုးတွေ ပြန်ဆန်းစစ်ဖို့ လိုတယ်။

ကိုယ့်ရဲ့အတွင်း revolution ကို မဆုတ်မနစ်နဲ့ ကြံ့ကြံ့ခံသွားဖို့ လိုတယ်။ ဒါကို ကြိုတင်ပြင်ထားဖို့ လိုတယ်။ အဲ့တော့ ကျွန်မတို့သိရမှာက equality ကို သွားပြီဆိုရင် ကိုယ်ကမသိလိုက်မသိဘာသာနဲ့ ကိုယ်နဲ့မထိုက်တန်သော မှန်မှန်ကန်ကန် မဟုတ်သော ပစားပေးခံရမှုတွေကိုလည်း ကျွန်မတို့ သိမြင်ရမယ်။ တချို့ဟာတွေကို ရှောင်နိုင်ရမယ်။ အဲ့လိုမျိုးအမြင်နဲ့ပဲ သွားမယ်ဆိုရင် ပိုပြီး rehabilitation ပဲဖြစ်ဖြစ် ပြန်ပြီး rebuilding ပဲဖြစ်ဖြစ် အဲ့ကာလမှာ ကျွန်မတို့သည် ခေါင်း‌ဆောင်ရမယ့်နေရာမျိုးပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ချမယ့်နေရာမျိုးပဲဖြစ်ဖြစ် ပိုပြီးတော့ အရည်အချင်းကိုက်ညီလာမယ်လို့ ထင်ပါတယ်။
 

မေး။     ။ အမျိုးသမီးခေါင်းဆောင်သစ်တွေအများကြီးပေါ်ထွက်လာဖို့ဘာတွေလုပ်သင့်လဲ။

ဖြေ။      ။ အမျိုးသမီးခေါင်းဆောင်တွေဖြစ်လာဖို့ဆိုရင် လက်ခံပေးဖို့ လုပ်ပိုင်ခွင့်ပေးဖို့ပါ။ လုပ်ပိုင်ခွင့်ပေးတဲ့ နေရာမှာ ဒီအတိုင်း လွှတ်ပေးလိုက်တာမျိုးမဟုတ်ဘဲနဲ့ ပြည့်ဝအောင် ဖြည့်တဲ့အခါမှာ အမျိုးသားရော အမျိုးသမီးရော ကူညီပေးဖို့ လိုတယ်။ chance‌ တွေ option တွေပေါ်လာတဲ့အချိန်မှာ အမျိုးသမီးတွေက ပိုသင့်တော်နေတယ်ဆိုရင် ကျွန်မတို့က သဘောထားကြီးစွာနဲ့ အမျိုးသမီးတွေကို ယူပိုင်ခွင့်ပေးလိုက်ဖို့ လိုပါတယ်။ အဲ့ role ကို ယူပိုင်ခွင့်ကို အားလုံးက လက်ခံ‌ပေးလိုက်တဲ့ဟာမျိုးက ပိုပြီးတော့ လက်တွေ့ ကျမယ်လို့ ကျွန်မထင်ပါတယ်။

“လက်ရှိမှာ အမျိုးသမီးခေါင်းဆောင်တွေက သိသိသာသာကြီး နည်းနေသေးတယ်။ မိန်းကလေးတွေရဲ့ လုပ်တဲ့ ဦးဆောင်တဲ့နေရာမှာ အမျိုးသားတွေ ကိုယ်တိုင်ပါဝင်လာမယ်၊ အမျိုးသားတွေ ဦးဆောင်တဲ့နေရာမှာလည်း အမျိုးသမီးတွေ အားဖြည့်ပြီးတော့ ကျရာကဏ္ဍကနေပါမယ်ဆို မတူတဲ့အပြောင်းအလဲလေးတွေ မြင်လာရမယ်လို့ ထင်ပါတယ်”


မေး။     ။ အမျိုးသမီးတွေကို နိုင်ငံရေးထဲမှာတင်းပြည့်ကျပ်ပြည့်ပါဝင်ခွင့်ပေးမယ်ဆို နိုင်ငံရေးအရ ဘာတွေပြောင်းလဲသွားမယ်လို့ ထင်လဲ။

ဖြေ။        ။ အမျိုးသမီးရဲ့ စွမ်းရည်မြင့်ရင်မြင့်သလို အဲ့အမျိုးသမီးရဲ့ performance ကောင်းရင်ကောင်းသလို လက်ခံပေးမယ်၊ ကြိုဆိုမယ်ဆိုရင် နိုင်ငံရေးမှာပဲဖြစ်ဖြစ် ပညာရေးမှာပဲဖြစ်ဖြစ် တခြားဘယ်မှာပဲဖြစ်ဖြစ် တိုးတက်မှုတွေ မြင်ရမှာပါ။ လက်ရှိမှာ အမျိုးသမီးခေါင်းဆောင်တွေက သိသိသာသာကြီး နည်းနေသေးတယ်။ အမျိုးသမီးတွေက ဘာလုပ်နိုင်မလဲ။ အမျိုးသမီးတွေက ဘယ်လောက်အထိ   changes လုပ်နိုင်မလဲ။ကျွန်မတို့ မြင်နေခဲ့တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ ဘယ်လိုဟာတွေ စေ့စေ့စပ်စပ်နဲ့ လုပ်နိုင်မလဲ ဆိုတာ မြင်ရနိုင်ဖို့အတွက် ပါဝင်မှုနဲ့ ဦးဆောင်မှုကို ဘောင်ကျယ်ကျယ်ဖွင့်ပေးဖို့ လိုပါတယ်။

လူလူချင်းအမြင်နဲ့ သွားမယ်ဆို ပိုပြီး positive result တွေ ထွက်လာမယ်။ မိန်းကလေးတွေရဲ့ လုပ်တဲ့ ဦးဆောင်တဲ့နေရာမှာ အမျိုးသားတွေ ကိုယ်တိုင်ပါဝင်လာမယ်၊ အမျိုးသားတွေဦးဆောင်တဲ့နေရာမှာလည်း အမျိုးသမီးတွေ အားဖြည့်ပြီးတော့ ကျရာကဏ္ဍကနေပါမယ်ဆို မတူတဲ့အပြောင်းအလဲလေးတွေ မြင်လာရမယ်လို့ ထင်ပါတယ်။
 

မေး။     ။ တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။

ဖြေ။      ။ အမျိုးသမီးကိစ္စဖြစ်ပြီဆိုရင် အရမ်းအရေးမကြီးတဲ့ဟာမျိုးလို နောက်ပို့လိုက်တာမျိုး ရှိတတ်တယ်။ လောလောဆယ် တော်လှန်ရေးက အရေးကြီးတယ်။ အမျိုးသမီးကဏ္ဍကို ဒီမိုကရေစီအပြည့်အဝ ထွန်းကားမှ လုပ်လို့ ပြောတတ်ကြတယ်။ အဲ့လိုမျိုးမတွေးပဲနဲ့ အမျိုးသမီးတွေလည်း တော်လှန်ရေးမှာ သွားနေတယ်။

ပါဝင် သူတွေတိုင်းက အရွေ့ရဲ့စက်သွားစိတ်လေးတွေ ဖြစ်တဲ့အတွက် စက်သွားစိတ်လေးတွေရဲ့ လုံခြုံမှုနဲ့ သူတို့ရဲ့ ကဏ္ဍကို မြှင့်တင်ရမယ်၊ တန်ဖိုးထားရမယ်။ ဒါမှသာ  တော်လှန်ရေးကို သွားနေတဲ့ operation ကြီးကလည်း ပိုပြီးကောင်းလာမယ်၊ ပျက်နေတဲ့ရပ်နေတဲ့ စက်သွားစိတ်လေးက မရှိတော့ဘဲနဲ့ အားလုံးက ပိုပြီးတော့ ကောင်းကောင်းမွန်မွန်သွားမယ်ဆို တော်လှန်ရေးကို အပြည့်အဝအားစိုက်ရာကျတယ်လို့ မြင်ပါတယ်။ 



“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

မဇင်မေသက် နိုင်ငံရေးအကျဉ်းသူဟောင်း
အမျိုးသမီးအရေး ဦးဆောင်သူ

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“တိုင်းပြည်ကို မကောင်းတဲ့စနစ်၊ မကောင်းတဲ့သူတွေက အုပ်ချုပ်နေတဲ့အချိန်မှာ ပြည်သူတွေက ထောင်ထဲသွားနေရတယ်။ ဒါကြောင့် တိုင်းပြည်ကို တည်ဆောက်ရာမှာ လိုအပ်တဲ့တန်ဖိုးတွေ၊ ကျင့်ဝတ်တွေကို လွယ်လွယ်နဲ့မလွတ်ချရအောင် နိုင်ကျဉ်းတွေက စံနမူနာပြသူတွေ ဖြစ်ပါတယ်”
 
 
            မဇင်မေသက်ဟာ ရန်ကုန်မြို့ဇာတိဖြစ်ပါတယ်။ မွေးချင်း (၃) ယောက်အနက် သမီးအငယ်ဆုံး ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ခရီးသွားရတာ ကြိုက်နှစ်သက်သလို၊ အောင်မြင်တဲ့ လုပ်ငန်းရှင် တစ်ယောက်လည်း ဖြစ်ချင်ခဲ့သူပါ။ ၂၀၁၂ ခုနှစ်မှာ အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် မွေးဖွားခဲ့ ပါတယ်။

            စစ်အာဏာသိမ်းမှုကို လုံံးဝလက်မခံနိုင်တဲ့သူမဟာ သပိတ်မှောက်ဆန္ဒပြခဲ့သလို၊ မြေအောက် ရဲဘော်အဖြစ်နဲ့လည်း တော်လှန်ရေးကို အပြည့်အဝပါဝင်ခဲ့သူပါ။ ၂၀၂၂ ခုနှစ် ဧပြီလမှာ ဖမ်းဆီးခံခဲ့ရပြီး၊ ၅၀၅ (က) နဲ့ အမှုရင်ဆိုင်ခဲ့ရပြီး အင်စိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

            လွတ်မြောက်ပြီးနောက်ပိုင်းမှာ ပြည်တွင်းထဲမှာ ဆက်လက်စောင့်ကြည့်ခဲ့တာကြောင့် လွတ်မြောက် နယ်မြေကို တိမ်းရှောင်ခဲ့ပြီး ထိုင်းနိုင်ငံနယ်စပ်ဒေသကို ပြောင်းရွေ့ခဲ့ပါတယ်။ နိုင်ကျဉ်းသူအချင်းချင်း ပြန်လည်စောင့်ရှောက်နိုင်ရေးနှင့် ထုတ်ဖော်ပြောဆိုနိုင်ရန် လုပ်ဆောင်ခဲ့ပါတယ်။ မိမိဘဝရပ်တည်ရေး ကိုလည်း အကျပ်အတည်းများစွာကြားကနေ ရုန်းကန်နေပြီး တဖက်မှာလည်း အမျိုးသမီးအရေးကို တက်ကြွစွာ လှုပ်ရှားဆောင်ရွက်လျက်ရှိပါတယ်။  

 
မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမ အမြင်ကို ပြောပြပေးပါရှင့်။

ဖြေ။      ။ လက်ရှိမြန်မာနိုင်ငံဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ ပြောလို့ရပါတယ်။ လက်သည်တရားခံက စစ်ကောင်စီ ဖြစ်ပါတယ်။ ပြည်သူတွေက အချိန်ကာလကြာလာတာနဲ့အမျှ ‌အသေကြပ်၊ အနေကြပ် ဖြစ်လာတယ်။ သူတို့တွေ အဲ့လိုမျိုးဖန်တီးလေ သူတို့ကို ရွံမုန်းတဲ့စိတ်တွေနဲ့ ပြည်သူတွေက ဒီတော်လှန်ရေးကိုပိုပြီးတော့  အားစိုက်လာကြတယ်။

တော်လှန်ရေးအရှိန်အဟုန်နဲ့ အားကောင်းလာတယ်။ မကြာတော့သောအချိန်မှာလည်း အောင်မြင်ခြင်းတွေနဲ့ စစ်ကောင်စီကိုအမြစ်ပြတ်အောင် တိုက်ထုတ်နိုင်မယ် လို့ မြင်တယ်။ အခုချိန်မှာတော့ မြန်မာနိုင်ငံက ဟိုးအချိန်က အီသီယိုးပီးယားထက်တောင် ပိုပြီးနှိမ့်ကျတဲ့ အခြေအနေမျိုးတွေကို ရင်ဆိုင်နေရတယ်။ တော်တော်ဆိုးရွားတဲ့အခြေအနေမျိုး ဖြစ်လာပါတယ်။
 

မေး။     ။အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လူထုရဲ့အတွေးအမြင် လက်ခံမှုမှာ ဘာတွေပြောင်းလဲသွားလဲ။

ဖြေ။      ။ ‌ကောင်းကောင်းမွန်မွန်နေခဲ့တဲ့ ငါးနှစ်နဲ့ယှဥ်ရင်တောင် မိုးနဲ့မြေလောက်ကွာခြားသွားတယ်။ ကျွန်မတို့ ကိုယ်တိုင်တောင် အရင်နဲ့မတူညီတော့တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတာဆိုတော့လေ တော်တော်လေးတော့ ကျဆင်းပြီး၊ ကွာခြားသွားတယ်။ ဒါဟိုးအရင်ကာလတွေနဲ့တောင် မပြောသေးဘူး။ ကျွန်မတို့ လူလိုသူလို နေခဲ့ရတဲ့ ငါးနှစ်နဲ့ယှဉ်ရင်တောင်  ဘာမှမဆိုင်တော့တဲ့ အခြေနေဖြစ်နေပြီး အခြေခံလူတန်းစားတွေအတွက် လည်း ရပ်တည်ရတာ မလွယ်ကူတော့ဘူး။ ဒါကြောင့်လည်း ပြည်သူလူထုတရပ်လုံးက ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးလာခဲ့တာ အခုဆိုရင်တော့ ပြောစရာစကားတောင် ရှာမရလောက်အောင် အာဏာရှင်ကို စက်ဆုပ်ရွံရှာလာကြတယ်။
 

မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့အယူအဆတွေ ဘယ်လောက်အထိ ပြောင်းသွားလဲ။

ဖြေ။      ။ အမျိူးသမီးတွေအ‌ပေါ် ခွဲခြားဆက်ဆံတဲ့ အယူအဆတွေက တဖြေးဖြေးချင်း ပပျောက်လာတယ်ပဲ ပြောရမယ်။ ဘာတွေပြောင်းလဲသွားလဲဆိုတာထက် အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်မှုတွေကြောင့်ပဲ ပြောင်းလဲ လာတယ်လို့ မြင်ရတယ်။ အပြည့်အဝတော့ မဟုတ်သေးဘူး။ ပြောင်းလဲသွားတယ်ဆိုတာလည်း အနည်းအကျဉ်းပေါ့။
 

မေး။     ။နိုင်ငံရေးစနစ်သစ်ကို ဘယ်လိုစံနှုန်း၊ ဘယ်လိုတန်ဖိုးထားမှုတွေနဲ့ နိုင်ငံသစ်ကို ပြန်တည်ဆောက်ချင်လဲ။

ဖြေ။      ။ စနစ်တခုကို အပြောင်းအလဲလုပ်မယ်ဆိုရင် အမျိုးသမီးခေါင်းဆောင်ကောင်းတွေ ပေါ်ထွက် လာဖို့လည်း အရေးကြီးတယ်။ အမျိုးသမီးတွေကိုနေရာပေးနိုင်တဲ့ လက်ခံနိုင်တဲ့ အသိုင်းအဝိုင်းတခုဖြစ်ဖို့ ပိုပြီးတော့ အဓိကကျတယ်။ အခုဆိုရင် အမျိုးသမီးတွေက နေရာပေးမခံရတာတွေ၊ ဟိုးအရင်ထဲက မြန်မာ့ ယဉ်ကျေးမှုအရ အမျိုးသမီးဆိုရင် ထမင်းချက်ဟင်းချက်လောက်ဘဲ သတ်မှတ်ထားကြတုန်းပဲ။

မိသားစု အသိုင်းအဝိုင်းတွေမှာ ပြောတာတောင် ကြားဖူးပါတယ်၊ အချိန်တန်ရင် ယောကျာ်းက လုပ်ကျွေးမှာ အမျိုးသမီး ဆိုရင် အရည်အချင်းမရှိဘူးလို့ သတ်မှတ်ခံထားရတာ။ အဲ့လိုမျိုးနေရာပေးနိုင်တဲ့ အသိုင်းအဝိုင်းလည်း လိုတယ်။ လက်ရှိမှာလည်း အမျိုးသားတွေ အုပ်စိုးတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေတုန်းပါ။ ဖိုဝါဒကြီးစိုးတဲ့ စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ထုတ်ဖို့လိုသလို၊ ဖိုဝါဒအားကြီးတဲ့ လူ့အဖွဲ့အစည်းရဲ့ အကျင့်စရိုက်တွေကို ပြန်ပြီး အမြစ်လှန်ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ ပြီးတဲ့အခါ အမျိုးသမီးအင်အားစုတွေ ပိုပြီး အားကောင်း လာအောင် ကြိုးစားရမယ်။

“ဖိုဝါဒကြီးစိုးတဲ့စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ထုတ်ဖို့လိုသလို၊ ဖိုဝါဒအားကြီးတဲ့ လူ့အဖွဲ့အစည်းရဲ့ အကျင့်စရိုက်တွေကို ပြန်ပြီး အမြစ်လှန်ပြောင်းလဲနိုင်ဖို့ လိုပါတယ်”

 
မေး ။   ။ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် နိုင်ကျဉ်းတွေရဲ့အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးကြီးသလဲ။

ဖြေ။   ။ နိုင်ငံရေးဆိုတာထက် နိုင်ငံ့အရေးကို စိတ်ဝင်စားလို့ နိုင်ကျဉ်းဖြစ်ခဲ့ရတာဆိုတော့လေ။ ကျွန်မတို့ နိုင်ကျဉ်းတွေကလည်း နွေဦးတော်လှန်ရေးအောင်မြင်ဖို့ အခန်းကဏ္ဍတခုအနေနဲ့ အပြည့်အဝပါဝင်ဖို့ အရေးကြီးတာပေါ့။ နိုင်ငံရေးအကျဉ်းသူတွေဟာ နိုင်ငံရေး၊ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုကို တပါတည်း ခံခဲ့ရသူတွေပါ။ အမျိုးသမီးဖြစ်မှုအပေါ်မှာ အခြေခံပြီးတော့ အာဏာရှင်ရဲ့ ပစ်မှတ်ထားမှာကို ခံခဲ့ရတယ်။

စစ်ကြောရေးမှာဆိုရင် အမျိုးသားနိုင်ကျဉ်းတွေက စိတ်နဲ့ ကိုယ်ခန္ဓာကို နှိပ်စက်ခံရပေမဲ့ အမျိုးသမီးဖြစ်ရင် ထပ်ဆင့်ကြုံရတာက လိင်ပိုင်းဆိုင်ရာကို ခြိမ်းခြောက်တာ၊ အကြမ်းဖက်တာကို လုပ်ပြီး စစ်ဆေးခံရတယ်။ အမျိုးသားတွေက ဖြစ်တည်မှုကြောင့် ထပ်ဆင့်ဖိနှိပ်တာ မကြုံရတဲ့အချိန်မှာ အမျိုးသမီးတွေက အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ ခေါင်းစဉ်ကနေ အမြဲတမ်း၊ နေရာတိုင်းမှာ ဖိနှိပ်ခံရတယ်။ ဒါကြောင့် နိုင်ကျဉ်းသူ တွေက အမျိုးသမီးအခွင့်အရေးကို ပိုခံစားသိနိုင်ကြတဲ့သူတွေ ဖြစ်တယ်။ အဲအတွက် ပိုပြီး ရပ်တည်ပေးနိုင်တဲ့ သူတွေ ဖြစ်တယ်ဆိုတာ မြင်ရတယ်။
 

မေး။     ။ တန်းတူညီမျှမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုရှိတဲ့ တိုင်းပြည်တခုကို တည်ဆောက်တဲ့အခါမှာ အခြေခံအုတ်မြစ်အနေနဲ့ ထားရမယ့် စနစ်တွေ စံတန်းဖိုးတွေ မြင့်တက်လာဖို့အတွက် နိုင်ကျဉ်းတွေရဲ့ ကဏ္ဍကဘယ်လောက်အထိလုပ်ပေးနိုင်လဲ။

ဖြေ။      ။ နိုင်ကျဉ်းဆိုတာ တိုင်းပြည်ကို ပြန်ကောင်းအောင်လုပ်ဖို့ ကြိုးစားတဲ့အတွက် လူဆိုးအနေနဲ့ အာဏာရှင်တွေ သတ်မှတ်ပြီး ထောင်ထဲထည့်တာဖြစ်တယ်။ လူ့အခွင့်အရေးဆိုတာတောင် ပြောလို့မရတဲ့ ထောင်ထဲမှာ အာဏာရှင်တွေနဲ့ နဖူးတွေ့၊ ဒူးတွေ့ တွေ့ခဲ့ကြရ၊ အဖိနှိပ်ခံ၊ အနှိပ်စက်ခံခဲ့ကြရသူတွေ ဖြစ်တယ်။

အဲတာကြောင့် လူသားတစ်ယောက်အတွက် တန်းတူညီမျှမှု၊ လွတ်လပ်မှု နဲ့ တရားမျှတမှု ဘယ်လောက် လိုသလဲဆိုတာ ကောင်းကောင်းသိခဲ့ရသူတွေ ဖြစ်တယ်။ တိုင်းပြည်ကို မကောင်းတဲ့စနစ်၊ မကောင်းတဲ့သူ တွေက အုပ်ချုပ်နေတဲ့အချိန်မှာ ပြည်သူတွေက ထောင်ထဲသွားနေရတယ်။ ဒါကြောင့် တိုင်းပြည်ကို တည်ဆောက်ရာမှာ လိုအပ်တဲ့တန်ဖိုးတွေ၊ ကျင့်ဝတ်တွေကို လွယ်လွယ်နဲ့မလွှတ်ချရအောင် စံနမူနာပြ နေထိုင်ပြသူတွေလို့ မြင်ပါတယ်။  
 

မေး။     ။ ထောင်တွင်းထဲမှာ တော်လှန်ရေးမှာ ကိုယ်တိုင်အနေနဲ့အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြား ဆက်ဆံခံရတာ ကြုံရဖူးလား။ဘယ်လိုပုံစံနဲ့ ကြုံရဖူးလဲ။

ဖြေ။      ။ အမျိုးသမီးတွေဖြစ်နေပါလျက်နဲ့ ဒီနိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါစရာလား၊ နင်တို့တွေက အရမ်းကို သတ္တိကောင်းတဲ့လူပေါ့ဆိုပြီး ပြောပြီး စစ်တယ်။ သတ္တိကောင်းတယ်လို့တော့ သူတို့က မသတ်မှတ်ဘူး အကြောတင်းတယ်၊ ကိုယ့် အလုပ်ကိုကိုယ်မလုပ်ဘဲနဲ့ ဒီလိုမျိုးလုပ်ဆောင်ရမလားဆိုတဲ့ပုံစံမျိုးနဲ့ အထဲမှာ မျိုးစုံဖိနှိပ်ကြတယ်။

အထဲမှာ ထောင်ဝါဒါဝန်ထမ်းတွေကလည်း အမျိုးသမီးတွေ ဖြစ်တယ်။ လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခံရတယ်။ ဒါမျိုးတွေ ထပ်မဖြစ်အောင် ကျူးလွန်မခံရအောင် ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့လည်း ရရာနေရာကနေ တိုက်ထုတ်ဖို့ တော်လှန်ဖို့ လိုအပ်တယ်။ အမျိုးသမီး၊ အမျိုးသားရယ်လို့ ခွဲခြားမှု မရှိစေဘဲ အာဏာရှင်ကို တိုက်ထုတ်နိုင်တဲ့စိတ်၊ ရပ်တည်ချက်ကိုပဲ အသားပေး စေချင်ပါတယ်။
 

မေး။     ။ အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်တွေ ဘယ်နေရာမှာ မြင့်တက်လာတယ်လို့ မြင်ပါသလဲ။

ဖြေ။      ။ အမှန်တိုင်းပြောရရင်တော့ အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ရနေတယ်လို့ အတိအကျ မမြင်ရ သေးဘူး။ နောက်နောင်မှာတော့ ရှိလာနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အဲ့အတွက်လည်း ကြိုးစားနေကြတယ်။ အဓိကက တော်လှန်ရေးကာလမှာ ချောင်ထိုးခံထားရတဲ့ အမျိုးသမီးတွေရဲ့ ထက်မြက်မှုတွေ အရည်အချင်းတွေ အားလုံးကို ချပြခွင့်ရတယ်။ ဒါက အဆိုးထဲက အကောင်းတခုပေါ့။
 

မေး။     ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ ပိုပြီးထွက်လာအောင် ဘာတွေလုပ်ကြဖို့ လိုတယ်လို့ ထင်ပါသလဲ။
ဖြေ။      ။ အမျိုးသမီးခေါင်းဆောင်သစ်တွေ ပိုမိုပြီး ပေါ်ထွက်လာဖို့က အမျိုးသမီးတွေကို နေရာပေးနိုင်သော ယုံကြည်မှုပေးနိုင်သော အသိုင်းဝိုင်းတစ်ခု ရပ်ဝန်းတစ်ခု လိုအပ်ပါတယ်။ ဖိုဝါဒအခြေပြုထားတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဝန်းအဝိုင်းထဲမှာ အမျိုးသမီးခေါင်းဆောင်သစ်တစ်ယောက် ရှင်သန်နိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် အမျိုးသမီးတွေ ခေါင်းဆောင်ဖြစ်လာပြီး မကြာဘူး၊ ပြန်ပျောက်သွားကြတယ်။

ဒါကြောင့် ဖိုဝါဒလောကကြားထဲက လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ အရပ်အဝန်း အိုအေစစ်နေရာတွေ အများကြီး ပေါ်လာဖို့ လိုပါတယ်။ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းတွေ အရည်အချင်းတွေကို အသိအမှတ်ပြုပေးဖို့က အဓိကကျတယ်။ အမျိုးသမီးအချင်းချင်းကလည်း အသိအမှတ်ပြုပေးဖို့ လိုသလို၊ အမျိုးသားတွေကလည်း ထွက်ပေါ်လာတဲ့အမျိုးသမီးတွေကို ကြည်ကြည်ဖြူဖြူနဲ့ နေရာပေးပြီး အားပေးတာတွေ၊ အသိအမှတ် ပြုတာတွေ လုပ်ပေးရမယ်။

အခု အမျိုးသားအချင်းချင်းကြားမှာဆို အပြန်အလှန် အသိအမှတ်ပြုမှုက အရမ်း အားကောင်းတယ်။ ရှိနေပြီးသားအမျိုးသမီးခေါင်းဆောင်တွေက နောက်ထပ်ကိုယ့်နေရာကို ဝင်လာဖို့ အမျိုးသမီးခေါင်းဆောင်တွေကို ရည်ရွယ်ချက်ထားပြီး မွေးထုတ်ရမယ်။ မဟုတ်ရင် အခုမှာ အမျိုးသမီးတွေက နေရာတွေ ပိုပြီး ရလာကြပေမယ့် နောက်ပိုင်းမှာ အမျိုးသမီးတွေ ရှိနေပြီးသား နေရာတွေက နောက်ဆိုရင် အမျိုးသားတွေချည်း ရှိတဲ့အဝန်းအဝိုင်း ပြန်ဖြစ်သွားနိုင်တယ်။

“ဖိုဝါဒအခြေပြုထားတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဝန်းအဝိုင်းထဲမှာ အမျိုးသမီးခေါင်းဆောင်သစ်တစ်ယောက် ရှင်သန်နိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် အမျိုးသမီးတွေ ခေါင်းဆောင်ဖြစ်လာပြီး မကြာဘူး၊ ပြန်ပျောက်သွားကြတယ်။ ဒါကြောင့် ဖိုဝါဒလောကကြားထဲက လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ အရပ်အဝန်း အိုအေစစ်နေရာတွေ အများကြီး ပေါ်လာဖို့ လိုပါတယ်”


မေး။     ။ အမျိုးသမီးတွေသာ နိုင်ငံရေးထဲမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လို့ရတဲ့ အခြေအနေဖြစ်လာမယ် ဆိုရင် အနာဂတ်နိုင်ငံရေးကရော ဘယ်လောက်အထိ အပြောင်းအလဲတွေ ဖြစ်လာနိုင်သလဲ။

“လက်ရှိမြန်မာပြည်ပြဿနာအားလုံးက တန်းတူညီမျှမှု မရှိကြောင့်ပါ။ ကျား- မကြား တန်းတူညီမျှမှုကို လက်ခံတဲ့သူတွေဟာ လူမျိုး၊ ဘာသာကြားက တန်းတူညီမျှမှုကိုလည်း လေးစားတတ်တဲ့သူတွ ဖြစ်လာကြမယ်”

ဖြေ။    ။ လူမှုအပြောင်းလဲတွေ ဖြစ်နိုင်တယ်။ အမျိုးသမီးအနည်းစု အုပ်ချုပ်ခွင့်ရတဲ့ကာလ‌လေးမှာတောင် ဒီလောက်အထိ ပြောင်းလဲသွားတယ်ဆိုတော့  ကျွန်မတို့အမျိုးသမီးတွေ အများစုအုပ်ချုပ်လို့ရတဲ့အခါ ခွဲခြားမှု ကြောင့် ဖြစ်နေတဲ့ပြဿနာတွေ အများကြီး လျော့ကျသွားမယ်။ အမျိုးသမီးမို့လို့ အမျိုးသမီးဘက်ကို ကာကွယ်ပြီးတော့ ပြောတာမဟုတ်ဘူး၊ ကျွန်မတို့တွေက ဂျဲန်ဒါမခွဲခြားဘူး၊ ဖိုဝါဒအောက်မှာ အသုံးချခံပြီး လက်ဝေခံထားရတဲ့သူတွေ ဖြစ်ပေမဲ့၊ ဖိုဝါဒကို မကြိုက်ဘူး။

ကိုယ့်လုပ်ရပ်က ဖိုဝါဒမှန်းသိတာနဲ့ ပြင်ဆင်ဖို့ ဝန်မလေးဘူး။ ဒါကြောင့် တန်းတူညီမျှမှုကို ပိုအလေးထားတယ်။ လက်ရှိမြန်မာပြည်ပြဿနာအားလုံးက တန်းတူညီမျှမှု မရှိတာကြောင့်ပါ။ ကျားမ ကြား တန်းတူညီမျှမှုကို လက်ခံတဲ့သူတွေဟာ လူမျိုး၊ ဘာသာ ကြားက တန်းတူညီမျှမှုကိုလည်း လေးစားတတ်တဲ့သူတွ ဖြစ်လာကြမယ်။ အခုလက်ရှိမှာတောင် အမျိုးသမီး တွေ ဦးဆောင်နိုင်မှုကို မြင်ရတယ်။
 
 
မေး။   ။အမျိုးသမီးတွေအပေါ်ခွဲခြားမှုမရှိတဲ့အနာဂတ်နိုင်ငံသစ်ကိုဘယ်လောက်အထိမျှော်လင့်ထားလဲ။

ဖြေ။   ။အပြည့်အဝမျှော်လင့်တယ်။ ဖြစ်လာအောင်လည်း အမျိုးသမီးအင်အားစုတွေအနေနဲ့ အကောင်းဆုံး ပါဝင်နေကြတာဖြစ်တယ်။ ရှေ့ဆက်ပြီးလည်း အမျိုးသမီး ခေါင်းဆောင်တွေ ဖြစ်ပေါ်လာစေဖို့ အချင်းချင်း စည်းလုံးမှုနဲ့ အတူ ပါဝင်သွားကြမယ်လို့ပဲ ပြောချင်ပါတယ်ရှင့်။
 
 
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

မအတာ LGBT အရေး တက်ကြွလှုပ်ရှားသူ


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။

 
“လူအချင်းချင်းကြား ဖိနှိပ်နေတာကို ဘာလို့ဖျက်ဖို့ လိုအပ်သလဲဆိုတာ လုပ်ပေးဖို့ လိုတယ်။ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့ အမျိုးသမီးတွေနဲ့ LGBT တွေ ပူးပေါင်းပြီးလုပ်ရမယ်ဆိုတာ တဖြေးဖြေးနဲ့ သိလာကြတယ်”

 
 
            မအတာသည် အသက် (၃၂) နှစ်အရွယ် လိင်ပြောင်းအမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။  ငယ်စဉ်ကတည်းက မိမိရဲ့ ဖြစ်တည်မှုအပေါ် လက်ခံခဲ့ပြီး မော်ဒယ်တစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် သိတတ်စအရွယ်ကတည်းက LGBT တွေရဲ့အခွင့်အရေးကို စတင်လုပ်ကိုင်ခဲ့သူပါ။ ထိုနောက်ပိုင်းမှာ အမျိုးသမီးနဲ့ကလေးသူငယ်အခွင့်အရေးတွေကိုလည်း လှုပ်ရှားခဲ့ပါတယ်။ ၂၀၁၈ မှာ LGBT တွေက နတ်ကတော်၊ မိတ်ကပ်ဆရာဆိုတဲ့ တံဆိပ်ကပ်ထားတာတွေကို ချိုးဖျက်ချင်တဲ့အတွက် LGBT သတင်း တင်ဆက်သူ ဖြစ်အောင် လမ်းဖောက်လျှောက်လှမ်းခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

            စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ မအတာဟာ သပိတ်မှောက်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ရက်စက်စွာ ဖြိုခွင်းမှုတွေ ပြုလုပ်တာကို မြင်တွေ့ရအပြီးမှာ ခုခံတော်လှန်ရေးမှာ ပါဝင်ဖို့အတွက် ကချင်ပြည်နယ်မှာ အခြေခံစစ်သင်တန်းတက်ခဲ့တယ်။ ထို့နောက် အာဏာသိမ်းမှုအောက်က အမျိုးသမီးတွေ၊ LGBT တွေရဲ့ အခွင့်အရေးကို လုပ်ကိုင်ချင်တဲ့အတွက် နယ်စပ်ကိုရွေ့ပြောင်းခဲ့တယ်။

            လက်ရှိမှာ အမျိုးသမီးတွေ LGBT တွေရဲ့အခွင့်အရေးတွေ၊ သတင်းတင်ဆက်တာတွေကို လုပ်ကိုင်နေပါတယ်။ ၂၀၂၃ ခုနှစ်မှာ Women of the future south-east  Asia  2023 award ကို ရရှိထားသူ ဖြစ်ပြီး၊  လူ့အခွင့်အရေးတွေ LGBT အရေးတွေနဲ့ပတ်သက်ပြီး အသိပညာပေးတာ၊ သင်တန်းတွေပေးတာ တွေကို ဆောင်ရွက်ခဲ့ပါတယ်။

            လက်ရှိမှာတော့ ထောက်ပို့လုပ်ငန်းတွေ၊ LGBT တွေရဲ့အခွင့်အရေးတွေချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားစာပို့တဲ့လုပ်ငန်းတွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ ပူးတွဲဆောင်ရွက်တာတွေ ဆောင်ရွက် နေပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးလုပ်ငန်းများမှာလည်း တက်တက်ကြွကြွပါဝင်‌ ဆောင်ရွက်လျက် ရှိပါတယ်။


မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

ဖြေ။      ။ နွေဦးတော်လှန်ရေးက မကြာခင်ရက်ပိုင်းမှာ လေးနှစ်ပြည့်ခဲ့ပါပြီ။ အစဦးဆုံးမှာ သပိတ်တွေနဲ့ ကျွန်မတို့နိုင်ငံကို ပြန်ရဖို့ ကြိုးစားခဲ့ကြတယ်။ စစ်တပ်က အသားလွတ် ပစ်သတ်လို့ အသက်တွေ အများကြီးပေးလိုက်ရတဲ့အချိန်မှာ တော်တော်များများက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်။ ၂၀၂၂၊ ၂၃ လောက်မှာ လက်နက်ကိုင်လမ်းစဉ်ကို ပိုပြီးရွေးချယ်လာကြတယ်။ အဲ့နောက်ပိုင်းမှာ စစ်ကောင်စီ ဘက်က အတင်းအကြပ် လူငယ်တွေကို လူသားဒိုင်းအဖြစ်အသုံးပြုတဲ့ စစ်မှုထမ်းဥပဒေကို ထုတ်လာခဲ့တယ်။ နှစ်ဦးနှစ်ဖက် ထိပ်တိုက်တိုက်ခိုက်တဲ့တိုက်ပွဲတွေက အန္တရာယ်အရမ်းများလာတယ်။ အသက်တွေ ဆုံးရှုံးလာ တယ်။

လူသားအရင်းအမြစ်တွေ အများကြီးဆုံးရှုံးလာတဲ့အချိန်မှာ ဒီလေးနှစ်နီးပါးဖြစ်တဲ့ ဒီကာလမှာ စိတ်သဘောထားကွဲလွဲမှုတွေ ဖြစ်လာကြတယ်။ နင်တို့ နှစ်ဦးနှစ်ဘက်ဖြစ်နေတာ ငါတို့တွေနဲ့မဆိုင်ဘူးဆိုတဲ့ လူတစ်စု ထွက်ပေါ်လာတယ်။ third party တွေလည်း ထွက်ပေါ်လာကြတဲ့အချိန်မှာ  အမှန်တိုင်းပြောရင် လေးနှစ်အတိုင်းအတာက အချိန်အရမ်းများနေပြီ အမြန်ဆုံးရပ်တန့်ဖို့အတွက် ဖြစ်နိုင်မယ့်အဖြေတခုရှိဖို့ ရပ်တန့်ဖို့အချိန်ရောက်ပြီလို့ ကျွန်မမြင်တယ်။

ကျွန်မတို့နိုင်ငံက နှစ်ပေါင်း ၇၀ ကျော် တိုက်ခဲ့ကြတယ်။ နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ ရှိနေတဲ့ အခင်းအကျင်းတွေက တကယ့်တကယ် မှန်ကန်တဲ့အခင်းအကျင်းတွေ ဟုတ်မနေခဲ့ကြဘူး။ အခု နွေဦးတော်လှန်ရေးကျမှသာ တကယ့်စစ်မှန်တဲ့ အခင်းအကျင်းကို ခင်းလိုက်တယ်လို့ ကျွန်မကမြင်တယ်။ ဒါသည် အရှေ့မှာ တော်လှန်ရေးလုပ်တဲ့သူတွေကို မကောင်းပြောတာ မဟုတ်ဘူး။ အဲ့တုန်းက တချို့သော လူတစုသည်တော့ မှန်ကန်တဲ့လမ်းကြောင်းမှာ လျှောက်ကြတယ်။ တချို့ကျတော့ ဒီလမ်းစဉ်အပေါ်မှာပဲ သာယာပြီး ဒီလမ်းစဉ်အပေါ်မှာ စီးပွားအမြတ်ထုတ်ကြတဲ့လူတွေ ပေါ်လာပြီး ဒုက္ခတွေ များကြတယ်။

နွေဦးတော်လှန်ရေးမှာ တဖက်နဲ့တဖက် ယှဉ်ပြိုင်အလဲထိုးကြတဲ့ပွဲတွေဖြစ်တဲ့အတွက် တဖက်က မထင်မှတ် ထားတဲ့ တိုက်ကွက်တွေ ပေါ်လာတယ်။ ကျွန်မတို့ဘက်က အစပိုင်းမှာ တိုက်ကွက်တွေ အများကြီး ထုတ်နိုင်ပေမယ့် အခုနောက်ပိုင်းမှာ ကျွန်မအနေနဲ့ သုံးသပ်ရင် အထိနာလာတယ်။ ဘယ်မှာအထိနာလဲဆို လူငယ်တွေစစ်မှုထမ်းရတဲ့ကိစ္စမှာ သိပ်ကိုအထိနာတယ်။ မနေ့ကဆို ပိုစ့်တခုတွေ့တယ်။စစ်ကောင်စီရဲ့ အခြေခံစစ်သင်တန်းကို လူငယ်တွေပျော်ပါးအောင်လို့ အရက် မူးယစ်ဆေးဝါး အကုန်လုံးချပေးထားတယ်။ မူးယစ်ဆေးဝါးတွေက သူတို့ရဲ့အဓိက လက်နက်တခု ဖြစ်နေတယ်။

ပေါ်တာဆွဲခံရတဲ့လူငယ်တွေ  စစ်သင်တန်း ထဲကို ရောက်သွားတဲ့လူငယ်တွေရဲ့စိတ်တွေသည် မှန်တော့မှာ မဟုတ်ဘူး။ ဒါပေသိ ဒီဘက်က တော်လှန်ရေး အင်အားစုတွေရဲ့ ဆုံးဖြတ်ချက်တွေကလည်း သူတို့သည် စစ်ကောင်စီရဲ့တပ်အနေနဲ့ရောက်လာတာဆိုတော့ စစ်ကောင်စီအနေနဲ့ မြင်ရမယ်ဆိုတဲ့ ဖြစ်လာကြတဲ့အချိန်မှာ ဒီအခင်းအကျင်းက သိပ်ကိုရှုပ်ထွေးသွားပြီ။ စစ်ကောင်စီကလည်း ဒီအကွက်က သူတို့နိုင်ကွက်မှန်းသိတဲ့အတွက် ဒီရက်ပိုင်းမှာ အသက်မှီတဲ့သူအကုန်လုံး နိုင်ငံခြား ထွက်ခွင့်ပိတ်ချလိုက်ပြီး ဆင့်ခေါ်စာရရင် လာကိုလာရမယ်။ မဟုတ်ရင် ဖမ်းလို့ရတယ်ဆိုတဲ့ ဥပဒေပြဌာန်းလိုက်ပြီးနောက်မှာ လူမသိသူမသိ ဘာထပ်ဖြစ်လာမလဲဆိုတာ တွေးကြည့်ရင်တောင် ရင်လေးတယ်။

ဒီအချိန်မှာပဲ US  မှာ သမ္မတ ဒေါ်နယ်ထရန့် တက်လာတဲ့အခါ နိုင်ငံရေးခိုလှုံခွင့်တွေကို ရပ်ဆိုင်းတယ်။ Gender case တွေဆို ကျွန်မတို့ LGBT တွေအတွက် သိပ်ကိုအန္တရာယ်များတယ်။ သတင်းတွေမျိုးစုံထွက်တယ်။ ပြသနာတွေအရမ်းများလာတဲ့အချိန်မှာ ဒီအချိန်မှာ ပြေးစရာမြေမရှိဘူး။ ဒီနေရာကနေ တတိယနိုင်ငံကို ထွက်ပြေးကြရင်လည်း မလုံခြုံလို့ပြေးကြတယ်။

အဲ့ဒါကို လူမျိုးအချင်းချင်းတွေ ကလည်း ဒီအခင်းအကျင်းထဲမှာ တော်လှန်ရေးကို ထားခဲ့တယ်ဆိုတဲ့ mind set သွတ်သွင်းခံလိုက်ရတဲ့အချိန်မှာ တယောက်ယောက် တတိယနိုင်ငံကိုထွက်သွားရင်ဝိုင်းဆဲကြတယ်။ ပြောရရင်တော့ အခင်းအကျင်းက ရှုပ်ထွေး လာပြီ။ ဒီအခင်းအကျင်းကို ဖြေရှင်းပြီးတော့ အမြန်ဆုံး မရပ်တန့်တော့ဘူးဆိုရင် ဒီအခင်းအကျင်းကြားမှာ အကွက်ရွေ့မှားတာနဲ့ အစားခံရမယ်ဆိုတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ ကျွန်မအနေနဲ့ သုံးသပ်တယ်။
 

မေး။     ။နိုင်ငံတခုတည်ဆောက်တဲ့အချိန်မှာ ဘယ်လိုစံနှုန်းတွေ၊  တန်ဖိုးထားမှုတွေနဲ့ တည်ဆောက်ချင် ပါသလဲ။

“အားလုံးလုံခြုံပြီးတော့ အားလုံးအတွက် အခွင့်အလမ်းတွေ အများကြီးဖန်တီးပေးနိုင်တဲ့၊ ပြည်သူကိုအကျိုးပြုပြီး ပြည်သူကိုရှေးရှုတဲ့ နိုင်ငံတခုဖြစ်လာဖို့ မျှော်လင့်တယ်။ ဒါမှလည်း ကျွန်မတို့နိုင်ငံကြီးက ခေတ်အဆက်ဆက် နောက်ကျခဲ့တဲ့ဟာ ပြန်ပြီး အဆင်ပြေလာနိုင်မယ်လို့ ထင်တယ်”

ဖြေ။      ။ အစောပိုင်းကာလမှာတော့ ဒီမိုကရေစီလို့ ပြောကြတယ်။ လူအားလုံးကို မလွှမ်းခြုံတဲ့အချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီလို့ တောင်းဆိုကြတယ်။ ရှင်းတယ်။ ကျွန်မတို့လိုချင်တဲ့ပုံစံလို့ပဲ ထင်တယ်။ စိတ်ကူး ကြည့်တဲ့ ကျွန်မတို့နိုင်ငံက ယောကျာ်းသော မိန်းမသော ကျွန်မတို့ LGBT သော တခြားသော ခွဲခြားမှုတွေ မရှိဘူး။

အားလုံးအတွက် တိုင်းရင်းသားသော၊ လူမျိုးဘာသာကွဲပြားသော ဘာမှမရှိတော့ဘဲနဲ့ အားလုံးအတွက် တန်းတူညီမျှမှုတွေကို အဓိကအခြေခံထားတယ်။ အားလုံးလုံခြုံပြီးတော့ အားလုံးအတွက် အခွင့်အလမ်းတွေ အများကြီးဖန်တီးပေးနိုင်တဲ့ ပြည်သူကိုအကျိုးပြုပြီး ပြည်သူကိုရှေးရှုတဲ့ နိုင်ငံတခုဖြစ်လာဖို့ မျှော်လင့်တယ်။ ဒါမှလည်း ကျွန်မတို့နိုင်ငံကြီးက ခေတ်အဆက်ဆက် နောက်ကျခဲ့တဲ့ဟာ ပြန်ပြီး အဆင်ပြေလာနိုင်မယ်လို့ ထင်တယ်။

 
မေး။     ။ အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေး၊ စီးပွား‌ရေး၊ လူမှုရေး ဆိုင်ရာအတွေးအမြင်လက်ခံမှုတွေ ဘာတွေပြောင်းလဲသွားလဲ။

ဖြေ။      ။ အားလုံးက တန်းတူညီမျှမှုတွေကို အခြေခံမူအနေနဲ့ လက်ခံလာကြတယ်။ အမျိုးသမီးတယောက်ကို ခွဲခြားရင် မကောင်းဘူးဆိုတဲ့ mind set ကတော့ ရှိတယ်။ နောက်တစ်ခုက စစ်ကောင်စီကို တော်လှန်သူနဲ့ မတော်လှန်သူတွေကြားမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်နေကြတယ်။ တခြားအကြောင်းတွေကြောင့်လည်း ပြည်တွင်းမှာပဲ နေနေရတဲ့ပြည်သူလူထုတွေ ရှိတယ်။ ဒီလိုလူတွေကျ ကျွန်မတို့ ပစ်ပယ်လို့မရဘူး။ ဒါတွေ အားလုံးက ကျွန်မတို့နိုင်ငံသားတွေပဲ ဖြစ်တယ်။ သူတို့ကို နင်တို့အစပိုင်းထဲက ဒီဘက်ကို မပါလာရ ကောင်းလား ဆိုပြီး သူတို့ကိုရန်ပြု ရန်မူတာတွေ သိပ်တော့ သဘောမတွေ့ဘူး။

ကျွန်မပြောချင်တာ boycott  လုပ်ထားတဲ့လူတွေတို့ စစ်ကောင်စီလက်အောက်ကလူတွေ မဟုတ်ဘဲနဲ့ နှောင်ကြိုးတွေကြောင့် ကျန်ခဲ့ကြတဲ့ သာမာန်ပြည်သူလူထုတွေကိုတော့ ကြည့်ရှုစေချင်တယ်။  နင်တို့အစကမှမပါခဲ့တာ အခုကြခံလေ ထွက်မလာ ခဲ့နဲ့ဆိုတဲ့စိတ်က ကျွန်မတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ မဟုတ်ဘူး။ ဖက်ဒရယ်ဒီမိုက‌ရေစီက ခွဲခြားမှု မရှိရဘူး။ ကျွန်မတို့က အခုလောလောဆယ် စစ်ကောင်စီနဲ့ ရန်ဖြစ်နေကြတယ်။ စစ်မျက်နှာပြင်သည် ဦးတည်ချက်ပန်းတိုင်သည် တခုပဲဖြစ်ရမယ်။ စစ်မျက်နှာပြင်တွေ များလာတာနဲ့အမျှ ကျွန်မတို့အင်အားတွေက အောက်ကို ပြုတ်ကျလိမ့်မယ်။
 

မေး။     ။ လက်ရှိအချိန်မှာ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံတဲ့အမြင်တွေ၊ အယူအဆတွေ ပြောင်းလဲသွားပြီလား။

ဖြေ။      ။ ကျွန်မတို့တွေ နိုင်ငံရေးအခင်းအကျင်း မတိုင်ခင်မှာတုန်းကတော့ အမျိုးသမီးတွေရဲ့ပါဝင်မှုနှုန်းက အရမ်းနည်းတယ်။ NUG မှာတော့ အဲ့ထက်ပိုတဲ့ပမာဏကို သတ်မှတ်ထားတယ်လို့ ကြားတော့ကြားတယ်။ တခြားသောအပိုင်းတွေမှာဆိုရင် ပြည်သူလူထုတွေအနေနဲ့ရော တော်လှန်ရေးအင်အားစုတွေအနေနဲ့ရော အမျိုးသမီးဆိုတာ လှောင်စရာမဟုတ်ဘူး။ အမျိုးသမီးဆိုတာ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်စရာမဟုတ်ဘူး။ သူတို့သည်လည်း တန်းတူဆိုပြီးအားလုံး သိသင့်သလောက်တော့ မြင်လာကြတယ်။

ကျွန်မတို့နောက်ပိုင်း generation Z တွေ ရှင်းတယ်။ LGBT သော၊ အမျိုးသမီးသော generation Z တွေက အကုန်လုံး လူငယ်ဖြစ်တဲ့ သဘာဝမှာ ခွဲခြားဆက်ဆံမှု နည်းကြတယ်။ တချို့ကျတော့လည်း သူတို့အမြင်တွေကို လူရှေ့မှာတော့ လက်ခံကြတယ်။ ရုပ်ပြအနေနဲ့ လက်ခံတယ်။ ဒါကတော့ ကျွန်မတို့အနေနဲ့ advocate လုပ်လို့မရတော့ဘူး။ သူတို့က အရိုးစွဲလာတာ နှစ်တွေကြာခဲ့ပြီ။ မပြောင်းလဲနိုင်ကြတော့ဘူး။  

ကျွန်မတို့တွေ အချင်းချင်းကြား ဖိနှိပ်နေတာကို ဘာလို့ဖျက်ဖို့လိုအပ်သလဲဆိုတာ လုပ်ပေးဖို့ လိုတယ်။ ပြောင်းလဲဖို့ လိုတယ်။ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့ အမျိုးသမီးတွေနဲ့ LGBT တွေ ပူးပေါင်းပြီးလုပ်ရမယ်ဆိုတာ တဖြေးဖြေးနဲ့ သိလာကြမယ်။

ဥပမာတခုပြောပြချင်တယ်။လွန်ခဲ့တဲ့ လတုန်းက ကျွန်မတို့ generation Z ထဲက တော်လှန်ရေးဘက်တော်သား အဆိုတော်တယောက်ပဲ သူ့ရဲ့သီချင်းထဲမှာစကားလုံးတခုအနေနဲ့ ‌စောက်ခြောက်ဆိုပြီး ထည့်သုံးတယ်။ မင်းတို့ရဲတွေ စစ်ခွေးတွေ စောက်ခြောက်တွေပဲဆိုပြီး သုံံးတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံမှာ ဖိနှိပ်တဲ့အနေနဲ့ အခြောက်လို့သုံးတယ်။ စောက်ဆိုတဲ့စကားလုံးက အရမ်းရိုင်းတဲ့စကားလုံး အဲ့နှစ်ခုကိုတွဲပြီးတော့ ကျွန်မတို့ community ကို ဖိနှိပ်လိုက်တာကို ကျွန်မတို့လက်မခံပါဘူးလို့ ကျွန်မတို့ပြောကြတယ်။

အဲ့မှာ  ကျွန်မတို့ LGBT group နဲ့အဲ့အဆိုတော် ပွဲတွေဖြစ်တယ်။ ဒီခွေးတွေက ဒီအခြောက်တွေနဲ့ တန်းတူပြောတာက တော်လှန်ရေးမှာ ပါဝင်နေတဲ့ LGBT တွေကို စော်ကားရာ အရမ်းရောက်တယ်။ ဒီဟာတွေကိုပြုပြင်ရမယ်ဆိုတဲ့ဟာတွေ ပြောရရင်တော့ အွန်လိုင်းမှာရန်တွေဖြစ်ကြပြီး နောက်ပိုင်းမှာ သူ့အနေနဲ့တော့ အပြည့်အဝလက်ခံသွားတာ မဟုတ်ဘူး။ အားမတန်လို့မာန်လျော့သွားတာ။

ရလဒ်က နောက်ပိုင်းတော်လှန်ရေးအင်အားစု လူငယ်တွေက သူတို့ဗီဒီယိုလုပ်ရင်းနဲ့တို့၊ သူတို့ပြောကြဆိုကြရင်းနဲ့အခြောက်ဆိုတဲ့ စကားလုံးကို သူတို့သူငယ်ချင်းအချင်းချင်း ပြောကြမိကြတဲ့အချိန်မှာ ကျွန်မမမြင်သေးခင်မှာဘဲ သူတို့ရဲ့ဗီဒီယိုကို ကျွန်တော်တို့ မှားသွားပါတယ်။ ကျွန်တော်တို့ ပြန်ဖြုတ်ချပါတယ်။ ကျွန်တော်တို့ မသိလိုက်မသိဘာသာ ဖြစ်သွားပါတယ် ဆိုပြီး ပြောဆိုဝန်ခံကြတယ်။

အပြင်မှာလည်း စကားပြောနေရင် အခြောက်တွေကဘာဖြစ်တယ် ညာဖြစ်တယ်ဆိုရင် ကျွန်မနားမှာရှိနေရင် ကျွန်မမျက်နှာကိုကြည့်လိုက်ပြီး မပြောရဲကြတော့ဘူး။ မပြောရဲတာလို့ပဲပြောပြော ဒီစကားလုံးက ပပျောက်သွားဖို့လိုတယ်။ သူတို့ရဲ့ mind set  ထဲမှာ ဒါပြောရင် သူတို့တွေ ငါတို့ကို ဝိုင်းဆဲလိမ့်မယ်ဆိုတဲ့ mind set မြင်လာပြီဆိုရင် ဒါသေချာပေါက်သုံးလို့မရဘူး။ အန္တရာယ်ကြီးတယ်ဆိုတာ မြင်လာတယ်။

အဲ့လိုမျိုးပဲ အမျိုးသမီးတွေအနေနဲ့ဆိုလည်း ဓမ္မတာ လာမှုအပေါ်မှာ နိမ့်ကျတယ်ဆိုတာကို ပြောကြတာ ရှိတယ်။ တကယ့်တကယ် တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတွေလောက်ပဲ အထူးပြုပြီး တော်လှန်ကြတယ်။ ပုန်ကန်ကြတယ်။ တချို့နိုင်ငံရေးကြောင့် ရောက်လာတဲ့အမျိုးသမီးတွေဆို ဒါတွေပြောရင် သူတို့ စိတ်မဝင်စားကြဘူး။

အဲ့ဒါတွေကြောင့် အဲ့လိုအမျိုးသမီးတွေကြောင့် ဒီမှာရှိနေကြတဲ့ အိမ်ထောင်ရေးအတွင်းမှာ အကြမ်းဖက်မှုတွေ အများကြီးကြားနေရတာရှိတယ်။ အမျိုးသမီးတွေအနေနဲ့လည်း သတ္တိရှိဖို့လိုတယ်။ women power အားကောင်းအောင် အများကြီးပြန်လုပ်ပေးဖို့လည်း လိုသေးတယ်။ဒါတွေသည် နိုင်ငံရေးစနစ် မကောင်းခဲ့တဲ့ နောက်ဆက်တွဲအကျိုးရလဒ်တွေဆိုတာကို ပြည်သူကို ပြောဖို့ လိုအပ်တယ်။

အမျိုးသမီးတွေအပေါ်မှာ ရှိနေတဲ့ rape case တွေ  မလိုချင်ဘဲနဲ့ ကိုယ်ဝန်ရပြီး ဖြစ်လာတဲ့ single mom တွေဖြစ်ကြတဲ့ case တွေဆို အန္တရာယ်များတယ်။ ဒါတွေနဲ့ပတ်သက်ပြီး reproductive health နဲ့ Sex and Gender နဲ့ပတ်သက်တာ အမျိုးသမီးတွေကို အများကြီး advocacy လုပ်ရမယ်။ အများကြီး awareness ပေးရမယ်။ LGBTတွေက လိင်ပိုင်းဆိုင်ရာနည်းနည်းပွင့်လင်းတော့ ဒီအပြုအမူက ဘယ်လိုဆိုတာ တယောက်နဲ့ တယောက် မျှဝေသင်ကြားပေးကြတာ ရှိတယ်။ အမျိုးသမီးတွေမှာ အဲ့လို society သိပ်ပြီးမတွေ့ရဘူး။ ရှက်စရာလို့ သတ်မှတ်နေကြတုန်းပဲ။

နောက်ဆုံးမဖြစ်မနေမို့လို့ သမီးရည်းစားနဲ့ နေလိုက်ကြတယ်ဆို အကာအကွယ်ကို ဘယ်လိုကာကွယ်ကြလဲ ကျွန်မတို့ရဲ့ မျိုးဆက်မပွားအောင် ဘာဆေးဝါးတွေသုံးမလဲဆိုတာ လိုကိုလိုအပ်တယ်။ အမျိုးသမီးတွေကို အမျိုးသားတွေက target ထားပြီး ချစ်လို့ကြိုက်လို့ဆိုတဲ့ ကိစ္စရပ်မျိုးပဲ ဖြစ်ဖြစ် တခြားအကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် လိင်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျူးလွန်မှုတွေက ကျွန်မတို့ အခွင့်အရေးကို ထိပါးတယ်ဆိုတာကို မေ့မထားဖို့ လိုတယ်။ အမျိုးသမီးအရေးလှုပ်ရှားတဲ့သူတွေက ငါတို့ အမျိုးသမီးတွေ ရှေ့ရောက်ဖို့ပဲ တွေးနေကြပြီးတော့ အမျိုးသမီးတွေရဲ့ empowerment  ကို မေ့နေတတ် ကြတယ်။ ကျွန်မအနေနဲ့ ဒီဟာကွက်တွေကို အရမ်းမြင်ထားတဲ့အချက်ဖြစ်တော့ ပြုပြင်ပြောင်းလဲစေချင်တယ်။

“တချို့နေရာမှာ အမျိုးသမီးတွေပါဝင်ရင် သူတို့ရဲ့လုပ်ငန်းကိစ္စတွေ နှောင့်နှေးတယ်ဆိုတဲ့ အတွေးအမြင်တွေ ရှိနေကြတုန်းပဲ”
 

မေး။     ။ နွေဦးတော်လှန်ရေးက စနစ်ပြောင်းတော်လှန်ရေးဖြစ်လာဖို့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက ဘယ်လိုပါဝင်လာဖို့ အရေးကြီးပါသလဲ။

ဖြေ။      ။ စနစ်ပြောင်းဖို့ အမျိုးသမီးတွေ တန်းတူညီမျှပါဝင်တယ်လို့ ပြောတယ်။ တချိန်တည်းမှာ အမျိုးသမီးတွေပါဝင်မှု မြင့်တက်ဖို့ အကုန်လုံးပါဝင်ဖို့ အမျိုးသားတွေအနေနဲ့ အမျိုးသမီးလုပ်နိုင်မှုစွမ်းရည်မှာ လက်ခံဖို့ဆိုတဲ့အပိုင်းတွေကိုပါ အများကြီးမြင်ဖို့ လိုတယ်။ ထမင်းချက်ဟင်းချက်ပဲလို့ မတွေးဘဲနဲ့ ကိုယ်တတ်နိုင်တဲ့ ability ရှိတဲ့ဟာ လုပ်ဖို့တွေးဖို့ လိုအပ်တယ်။ တချို့နေရာမှာ အမျိုးသမီးတွေပါဝင်ရင် သူတို့ရဲ့လုပ်ငန်းကိစ္စတွေ နှောင့်နှေးတယ်ဆိုတဲ့ အတွေးအမြင်တွေ ရှိနေကြတုန်းပဲ။

အမျိုးသားတွေကို အဲ့အတွက် သင်တန်းတွေ awareness တွေ သွားလုပ်ဖို့ လိုတယ်။ ကျွန်မကိုယ်တိုင် လွန်ခဲ့တဲ့နှစ်လလောက်က မြေပြင်ဆင်းပြီးတော့ sex and gender issue သွားသင်တယ်။ အမျိုးသမီးတွေရဲ့ပါဝင်မှုနှုန်းကိုမြှင့်တင်ပေးဖို့ ဆိုတဲ့အချိန်မှာ တချို့တော်လှန်ရေးရဲဘော်တွေက လုံးဝလက်မခံဘူး။ ကျွန်မကို အရမ်းစိတ်ဆိုးကြတယ်။ ကျွန်မတို့ပါဝင်နိုင်တဲ့ အခွင့်အရေးတောင်းတဲ့အချိန်မှာ ကျွန်မတို့အမျိုးသမီးတွေဘက်က သန်မာနေဖို့ လိုတယ်။

ဟိုဘက်က ရာသီလာမှုအပေါ် ညည်းညူမှုကို ထောက်ပြတဲ့အချိန်မှာဆိုရင် ဟုတ်တယ်။ ကျွန်မ ကိုယ်တိုင် အဲ့လိုအမျိုးသမီးတချို့ကို တွေ့ရတဲ့အချိန်မှာ ဒါ သူတို့ပြောတာ မမှားဘူးဆိုတာ မြင်လာတယ်။ မဟုတ်ဘူးလို့ ကိုယ်က အကြောက်အကန်ငြင်းခဲ့ပေမယ့် တချို့သောအမျိုးသမီးတွေရဲ့ လုပ်ရက်က မှားနေသေးတယ်။ အဲ့လိုဟာတွေကို ဘယ်လိုပြန်ပြီး အမျိုးသမီးတွေ အချင်းချင်းပြန်  handle လုပ်ကြမလဲဆိုတာ အရေးကြီး ပါတယ်။
 

မေး။     ။ အမျိုးသမီးခေါင်းဆောင်သစ်တွေ များလာဖို့ ဘာတွေလုပ်သင့်လဲ။

ဖြေ။      ။ အမျိုးသမီးတွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ ဒီအမျိုးသမီးတွေပါဝင်ခွင့်အတွက် တောင်းဆို ဆွေးနွေးတာတွေ advocacy လုပ်ဖို့ လိုအပ်တယ်။ လုပ်နေကြတဲ့အဖွဲ့တွေလည်း တွေ့ပါတယ်။ Sisters to sisters တို့ BWU တို့ WLB တို့ အမျိုးသမီးအဖွဲ့တွေ အများကြီးရှိပါတယ်။ သူတို့တွေလည်း အဲ့အတွက်ကို အများကြီး ကြိုးစားနေကြတယ်။ ဒါပေမယ့် အများကြီးပါလာဖို့ တောင်းဆိုဖို့ လိုသေးတယ်။တောင်းဆိုတာ မအောင်မြင်ဘူးဆိုရင် ဘယ်လို နည်းလမ်းတွေနဲ့ ပါမလဲဆိုတာကိုလည်း ထပ်ဆင့်စဉ်းစားဖို့ လိုအပ်ပါတယ်။

လုပ်နိုင်စွမ်းရှိသူတွေနေရာ‌ပေးဖို့ လိုတယ်။ အဲ့အတွက်ကိုလည်း လက်ခံပေးဖို့ လိုတယ်။ အမျိုးသမီး အချင်းချင်းပဲဖြစ်ဖြစ် LGBT အချင်းချင်းပဲဖြစ်ဖြစ် တခြားသူတယောက်ကို ကိုယ့်နေရာကို ပေးလိုက်ရမှာ သိပ်ကို ဝန်လေးကြတယ်။ ကျွန်မတို့ အဲ့ mindset တွေကိုရအောင် ပြင်ရမယ်။ အဲ့ဒါတွေကြောင့် ကိုယ်က ဘယ်သူပဲဖြစ်ဖြစ် တကယ် ability ရှိတယ်ဆို သူသာတယ်။ ငါသာတယ် မလုပ်ရဘူး။ တင်ပေးဖို့ လိုတယ်။

“အမျိုးသမီးပါဝင်ခွင့်ကို အများကြီးပါလာဖို့ တောင်းဆိုဖို့ လိုသေးတယ်။ တောင်းဆိုတာ မအောင်မြင်ဘူးဆိုရင် ဘယ်လို နည်းလမ်းတွေနဲ့ ပါမလဲ ဆိုတာကိုလည်း ထပ်ဆင့်စဉ်းစားဖို့ လိုအပ်ပါတယ်”


မေး။     ။ အမျိုးသမီးတွေနိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လို့ရမယ့် အနာဂတ်နိုင်ငံရေးဖြစ်လာပြီ ဆိုရင် ဘယ်လိုအပြောင်းအလဲအချိုးအကွေ့တွေဖြစ်လာမယ်လို့ထင်လဲ။

ဖြေ။      ။ ကျွန်မတို့ ဖက်ဒရယ်ဒီမိုကရေစီမှာ အရောင်အသွေးစုံ၊ ပန်းပွင့်တွေစုံပြီးတော့ ပန်းခင်းတခုကိုသွားရင် အဖြူရောင်တခုထဲ ရှိတဲ့ပန်းခင်းက မလှဘူးမဟုတ်ဘူး လှပါတယ်။ ဒါပေမယ့် တမျိုးထဲဆို သီးသန့်ဆန်လွန်း အားကြီးတယ်။ မြက်ခင်းစိမ်းလေးပေါ်မှာ ရောင်စုံပန်းခင်းရှိတယ်ဆို သိပ်ကို မျက်စိပသာဒ ဖြစ်တဲ့အတွက် မျက်စိပိုအေးတယ်လို့ ကျွန်မအနေနဲ့ ယူဆတယ်။ အမျိုးသမီးတွေတင်မကဘဲ LGBT တွေကိုပါ တန်းတူ ညီတူဖြစ်တဲ့အချိန်မှာ ရောင်စုံပန်းခင်းကြီးဖြစ်လာပါလိမ့်မယ်။
 

မေး။     ။ ခွဲခြားဆက်ဆံမှုမရှိတဲ့ နိုင်ငံအသစ်တခုကို ရောက်နိုင်မယ်လို့ ဘယ်လောက်အထိ မျှော်လင့်ထားလဲ။

ဖြေ။      ။ ကျွန်မတို့တွေအကုန်လုံး အင်အားနဲ့ကြိုးစားနေကြတယ်ဆိုတော့ မရောက်ဘူးတော့ မရှိပါဘူး။ ဒါပေမယ့် အားမတန်ဘဲ မာန်လျော့လိုက်ကြတာ၊ ဒီအချိန်မှာ ရပ်နားသွားကြတဲ့သူတွေလည်း ရှိတယ်။ မဖြစ်ဘူးလို့ မထင်နဲ့။ ကျွန်မတို့  generation မှာက ဒီနေ့လုပ်ပြီး မနက်ဖြန်မြင်ရမယ်လို့ ထင်ကြတယ်။ အဲ့လို တွေးလို့မရဘူး။ generation အလိုက် mindset ချိန်းရတဲ့အလုပ်ဖြစ်တဲ့အတွက် generation ကြီးအလိုက် စောင့်ရမှာ ဖြစ်တယ်။ ကျွန်မတို့ အခုလုပ်တာသည် အခုအတွက် မဟုတ်ဘူး။ ကျွန်မတို့တိုင်းပြည် နောက် ကျွန်မတို့သားသမီးတွေ နောက်ထပ်ပေါ်လာမယ့်သူတွေအတွက် လုပ်တာဖြစ်တယ်လို့ သိဖို့ လိုအပ်ပါတယ်။
 
 
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

နန်းဖြူဖြူလင်း နည်းပညာအကြံပေးဆွေးနွေးသူ
ဂျန်ဒါ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့အတွက်ဆိုရင် အမျိုးသမီးတွေကကဏ္ဍစုံမှာ ပါဝင်ရုံတင်မကဘူး၊ အမျိုးသမီးရော အမျိုးသားရောရဲ့ အတွေးအခေါ်ပွင့်လင်းလာဖို့ ကျား၊မတန်းတူရေးအသိအမြင်ရှိဖို့ လူ့အခွင့်အရေးအကြောင်း သိနားလည်ဖို့ အဓိကကျပါတယ်”
 
            နန်းဖြူဖြူလင်းဟာ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့နှင့် ဂျန်ဒါနှင့်ဖွံ့ဖြိုးရေးမဟာသိပ္ပံဘွဲ့ကို ရရှိထားသူ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့တစ်ခုမှာ  ကျား - မ ရေးရာ (ဂျန်ဒါ) နည်းပညာအကြံပေးအဖြစ် (၁၀)နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသမီးအဖွဲ့များ၊ ငြိမ်းချမ်းရေးနှင့် ကျား၊မတန်းတူညီမျှရေး ကွန်ရက်များမှာလည်း အချိန်ပိုင်း နည်းပညာ အကြံပေးအနေနဲ့ ပါ၀င်နေသူတစ်ဦး ဖြစ်ပါသည်။

သူမဟာ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်မှာ ကျား-မတန်းတူရေး ပါ၀င်လာစေရန် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီခြင်း၊ ငြိမ်းချမ်းရေးမှာ ပါဝင်နေတဲ့ ခေါင်းဆောင်များအား ကျား-မ တန်းတူညီမျှရေးအပါအဝင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရှုထာင့်မှ ကိုယ်စားပြုအရေးဆိုခြင်း များကို တိုက်တွန်းအကြံပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာ အမျိုးသမီးကွန်ရက်များနဲ့ အတူပူးပေါင်းကာ  စစ်အာဏာရှင်အပါ၀င် အာဏာရှင်စနစ် မှန်သမျှ ဆန့်ကျင်ရေး၊ အမျိုးသမီးများ၏ အခွင့်အရေး၊ ကျား-မ တန်းတူညီမျှရေးနှင့် ငြိမ်းချမ်းရေး၊ တရားမျှတရေးအတွက် အရေးဆိုလှုပ်ရှားနေသူလည်း တစ်ဦးဖြစ်ပါတယ်။

 
မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံ‌ရေးဖြစ်စဉ်ကို သုံးသပ်ပေးပါရှင့်။

ဖြေ။      ။ ကျွန်မကိုယ်တိုင်ကလည်း အမျိုးသမီးအခွင့်အရေးလှုပ်ရှားတဲ့သူ ဖြစ်တယ်။ အမျိုးသမီး၊ ငြိမ်းချမ်းရေး၊ လုံခြုံ‌ရေးနဲ့ ပတ်သက်ပြီး အဓိကလုပ်နေတဲ့သူဖြစ်တဲ့အတွက် လက်ရှိနွေဦးတော်လှန်ရေးနဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ကျားမတန်းတူညီမျှရေးရှုထောင့်၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ရှုထောင့်ကနေ သုံးသပ်တာကို လုပ်ချင်ပါတယ်။ ကျား၊မတန်းတူညီမျှရေး ရှုထောင့်နဲ့ ပြောမယ်ဆိုရင် ကိုလိုနီကိုတော်လှန်ကတည်းက အမျိုးသမီးတွေကပါဝင်လာခဲ့ကြတယ်၊ ကိုယ့်ဒေသကို စောင့်ရှောက်တဲ့ နေရာမှာလည်း ပါဝင်လာခဲ့တယ်။‌

နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး၊ ၆၂ ခုနှစ် စစ်အာဏာရှင်ကို တော်လှန်ကြတဲ့အခါမှာ အမျိုးသမီးတွေ နည်းမျိုးစုံနဲ့ပါတယ်။ ၈၈ မှာလည်း ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးမှာလည်း ပါတယ်။ဒါပေမယ့် သူတို့ရဲ့ပါဝင်မှုကို စနစ်တကျမှတ်တမ်းတင်ထားခြင်း မရှိဘူး။ နည်းပါးခဲ့တယ်။ နည်းပါးခဲ့တဲ့အတွက် အမျိုးသမီးတွေက နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်လာမှုတွေကြည့်ရင်  ဘယ်နားက reference ယူရမှန်းမသိလောက်အောင် ဖြစ်တယ်။

ဒါပေမယ့် နွေဦးတော်လှန်ရေးမှာတော့ အမျိုးသမီးအသံအမျိုးသမီးအားမာန်စာစဉ်တို့၊ နောက်ထပ် နိုင်ငံရေးနဲ့တော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးအစုအဖွဲ့တွေက စပြီးတော့  documentation တွေ လုပ်လာခဲ့တယ်။ လုပ်လာခဲ့တဲ့အခါမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုက ပိုပြီးတော့ မှတ်တမ်းမှတ်ရာကျန်ပြီးတော့ ပိုပါဝင်လာ သယောင် တွေ့နေရပါတယ်။ တကယ်တမ်းက ခေတ်အဆက်ဆက်က ပါဝင်လာခဲ့ကြတာပါ။

နွေဦးတော်လှန်ရေး နိုင်ငံရေးဖြစ်စဉ်မှာ အမျိုးသမီးပါဝင်မှုလို့ ပြောတဲ့အခါမှာ သူတို့တွေကို ဘယ်လောက်အထိ လူမှုအသိုင်းအဝိုင်းက လေးစားသလဲ၊ ဘယ်လောက်အထိ နေရာပေးသလဲ၊ သူတို့ကိုယ်တိုင်ကရော လုံခြုံမှု ဘယ်လောက်အထိခံစားရသလဲဆိုတာနဲ့ အများကြီး ဆက်စပ်နေပါတယ်။ လူတယောက်က လုံခြုံမှုမရှိဘူးလို့ ခံစားရရင် သူ့ရဲ့နေ့စဉ်ဘဝပါဝင်မှုတွေကိုတောင် သူက ပြန်ကန့်သတ်တတ်ကြတယ်။

အဲ့တော့ အမျိုးသမီးတွေ များများပါဝင်လာစေချင်သလား၊ သူတို့ရဲ့စိတ်ပိုင်းခန္ဓာပိုင်းပြီးတော့၊ သူတို့ရဲ့ပတ်ဝန်းကျင်‌ရော လုံခြုံမှုရှိအောင် လုပ်ပေးဖို့ လိုပါတယ်။ ဒီမှာ security နဲ့ပတ်သက်ရင် စစ်ကောင်စီဘက်က အကြမ်းဖက်တာ အရမ်းများတယ်။ မတရားဖမ်းဆီးတာတွေလည်း အရမ်းများတယ်။ မလုံခြုံတဲ့ကြားထဲကကို မတရားမှုကို တော်လှန်ချင်တဲ့လူတွေက အမျိုးသမီးရော အမျိုးသားရော၊ နောက်ထပ်လိင်စိတ်ခံယူမှု ကွဲပြားတဲ့သူတွေရာ မသန်စွမ်းတွေရော အများကြီး ပါဝင်လာကြတယ်။

အဲ့ဒါတွေကို အချင်းချင်းလေးစားမှုရှိပြီးတော့ အချင်းချင်း အကြမ်းမဖက်ဖို့ ကလည်း လိုတယ်။ Safe space လေးတွေရအောင် လုပ်ဖို့လိုပါတယ်။ အရင်တုန်းကဆို နိုင်ငံရေးလား အမျိုးသားတွေက ပိုသိတယ်။ အမျိုးသားတွေက ပြောကြလိမ့်မယ်ဆိုတာကနေ အခုဆိုရင် နိုင်ငံရဲ့အရေး ဖြစ်တဲ့အတွက် နိုင်ငံသူ နိုင်ငံသားတိုင်းက ပါဝင်ပတ်သက်ခွင့်ရှိတယ်ဆိုတဲ့ အမြင်နဲ့ရလာပြီလို့ မြင်ပါတယ်။

“လူတယောက်က လုံခြုံမှုမရှိဘူးလို့ ခံစားရရင် သူ့ရဲ့နေ့စဉ်ဘဝပါဝင်မှုတွေကိုတောင် ပြန်ပြီး ကန့်သတ်တတ်ကြတယ်။ အဲ့တော့ အမျိုးသမီးတွေ များများပါဝင်လာစေချင်သလား၊ သူတို့ရဲ့စိတ်ပိုင်းခန္ဓာပိုင်းပြီးတော့၊ သူတို့ရဲ့ပတ်ဝန်းကျင်‌ရော လုံခြုံမှုရှိအောင် လုပ်ပေးဖို့ လိုပါတယ်”


မေး။     ။ နိုင်ငံသစ်တစ်ခု တည်ဆောက်တဲ့အခါမှာ ဘယ်လိုအခြေခံမူတွေ၊ စံတန်ဖိုးတွေနဲ့ တည်ဆောက် ချင်ပါသလဲ။

ဖြေ။      ။  မြန်မာနိုင်ငံမှာ စစ်မှန်တဲ့တန်းတူညီမျှရေးက မရရှိနေဘူး။ အဲ့ဒါကြောင့် စစ်မှန်တဲ့တန်းတူညီမျှ‌ရေး ရရှိဖို့လိုတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) ထဲမှာတော့ စံတန်ဖိုးတွေက ပါပြီးသားပဲ။ အဲ့မှာလည်း တန်းတူညီမျှရေးကို တွေ့ရတယ်။ ပြီးတော့ မခွဲခြားဖို့လည်း လိုတယ်။ နောက်ခံ background ဘယ်လိုပဲဖြစ်ဖြစ် ခွဲခြားဖို့ မလိုဘူး။ တဦးနဲ့တဦး လေးစားတန်ဖိုးထားတက်ဖို့လည်း လိုလိမ့်မယ်။

ငြိမ်းချမ်းရေး ဆိုတာ လက်နက်ကိုင် ပဋိပက္ခတွေမရှိတိုင်း ငြိမ်းချမ်းတယ်လို့ ပြောလို့မရဘူး။ နည်းမျိုးစုံနဲ့ အကြမ်းဖက်တာ၊ နည်းမျိုးစုံနဲ့ ခွဲခြားတာတွေ နည်းမျိုးစုံနဲ့တန်းတူညီမျှမှု မရှိတာတွေ အဲ့ဒါတွေအကုန်လုံးကို ပပျောက်အောင် လုပ်နိုင်တဲ့စံတန်ဖိုးကို ထားမှရမှာ အဲ့ဒီအခြေခံမူတွေ‌ပေါ်မှာပဲ မူတည်ပြီး နိုင်ငံကိုတည်ဆောက်ရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။
 

မေး။     ။ အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး ဘာတွေပြောင်းလဲသွားတယ်လို့ ထင်ပါသလဲ။

ဖြေ။      ။ ဘယ်လောက်အထိ ပြောင်းလဲသွားလဲက  လူအမျိုးမျိုး ရှိပါတယ်။ တော်လှန်ရေးမှာ စိတ်ရော လူရော ပါဝင်လာတဲ့သူတွေ ကျရင်တော့ ကိုယ့်အတွေးအခေါ်ကိုကအစ  စိန်ပြန်ခေါ်ပြီး အပြောင်းအလဲလုပ်တယ်။ အရင်တုန်းကဆိုရင် လူမျိုးကြီးဝါဒကို သေချာသဘောမပေါက်တဲ့သူတွေက အခုတော့သဘောပေါက်လာပြီ။ အရင်တုန်းကဆိုရင် စစ်တပ်မှိုင်းမိနေတာ။ တိုင်းရင်းသားလက်နက်ကိုင်တွေက သူပုန်တွေ မိုင်းထောင်ပြီးတော့ တံတားတွေဖျက်တဲ့သူတွေဆိုပြီး ဂျင်းထည့်ခံထားရတဲ့သူတွေကလည်း တကယ်တမ်း ကိုယ်တိုင်တောခို ရတဲ့အခါမှာ မဟုတ်ဘူးဆိုတာ သိလာကြတယ်။

ဒီလိုမျိုး လူတွေကို နှိပ်စက်နေတာက အဓိကတရားခံက ဘယ်သူလဲဆိုတာကို မြင်လာတယ်။ ကိုယ့်အခွင့်အရေးမဆုံးရှုံးအောင်လို့ ပြန်လည်တွန်းလှန်တိုက်ခိုက်နေရတဲ့ သူတွေပါလားဆိုတဲ့ အမြင်ရှုထောင့်တွေ ပြောင်းလဲသွားတာ အများကြီးတွေ့လာရတယ်။ ပညာရေးဆိုရင် လည်း ဒါကျက်၊ ဒါသင် ဆိုတာမဟုတ်တော့ဘဲနဲ့ ကျောင်းသားတွေကို discussion တွေ များများလုပ်ခိုင်းတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့တခါမှ အဘွားကြီးတွေ မတွေးဖူးတဲ့ click to donate တို့  ဒစ်ဂျစ်တယ် နည်းပညာတွေကိုရအောင်အသုံးပြုပြီးတော့ အလှူငွေတွေရအောင်၊ ဝင်ငွေတွေရအောင် လုပ်နိုင်တယ်။

သူပုန်တို့၊ နောက် The Way တို့၊ အတူတကွတို့ တော်လှန်ရေးထုတ်ကုန်တွေကို ပြည်တွင်းမှာတင် မဟုတ်ဘူး။ ပြည်ပအထိရောက်အောင်‌  ဈေးကွက်တွေလည်း လုပ်နိုင်တယ်။ နောက် ဘဏ်တွေ၊ NUG Pay တို့ အဲ့ဒါတွေ ကလည်း အတွေးသစ်အမြင်သစ်နဲ့ ခေတ်နဲ့လိုက်ပြီး တော်လှန်ရေးဘက်က စီးပွားရေးတွေ ဈေးကွက်ချဲ့ တာတွေ တွေ့ရပါတယ်။ ဒါက တော်လှန်ရေးနဲ့ဆက်စပ်နေတဲ့ဟာတွေ ပြောတာဖြစ်တယ်။

ပြည်တွင်းမှာက ဝမ်းနည်းစရာကောင်းလောက်အောင် ကုန်ဈေးနှုန်းကလည်း မတရားကြီးလာတော့ လူလတ် တန်းစားနဲ့အောက်ခြေလူတန်းစားတွေ ကျောကော့အောင် ခံနေရတယ်။ စီးပွားရေးရော၊ ကျန်းမာရေးရော၊ အတွေးအခေါ်ရော အကုန်လုံးက လူတစုလေးပဲ ကောင်းစားနေပြီးတော့ တကယ့် လူလတ်တန်းစားနဲ့‌ အခြေခံလူတန်းစားကတော့ ကျောကော့နေအောင်ခံရတဲ့ ပြောင်းလဲမှုတွေ ရှိနေပါတယ်။

မေး။     ။ အာဏာသိမ်းပြီးနောက်မှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ဘယ်လောက်အထိ အပြောင်းအလဲ ဖြစ်သွားသလဲ။

ဖြေ။      ။ စစ်မှန်တဲ့ပြောင်းလဲမှု ဟုတ်ရဲ့လားလို့ ကျွန်မက သံသယရှိတယ်။ ဘာလို့လဲဆို ကြားဖန်များရင် စကားလုံးတွေ သုံးတတ်တယ်လေ။ ဆိုလိုတာက တော်လှန်ရေးဘက်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက လူတွေက ကျားမတန်းတူ ညီမျှရေးတို့၊ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ  အကြမ်းဖက်မှုတို့၊ GBV တို့၊ ခွဲခြားဆက်ဆံမှုတို့၊  equality တို့ကို အမျိုးသမီးအဖွဲ့တွေကလည်း တောက်လျှောက်ပြောနေကြတယ်။  အဲ့ဒါတွေက ရင်ထဲက လာတဲ့ပြောင်းလဲမှုဟုတ်လား မဟုတ်လား ကျွန်မမသိဘူး။

အဲလိုပြောလာတိုင်း အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင် ခွင့်ကို လျစ်လျူမရှုဘူးလို့ ပြောလို့မရဘူး။ ကျွန်တော်တို့ကတော့ နေရာပေးပါတယ်။ အမျိုးသမီးတွေ ကိုယ်တိုင် က နေရာမယူတာ၊ လုံခြုံရေးအကြောင်းပြပြီးတော့ သူတို့ မလုပ်နိုင်တာ ဆိုတာလည်း ကြားနေရတုန်းပဲ။  NUG ကို မြန်မာပြန်ထားတာပဲကြည့် ပြည်သူ့အစိုးရလို့ ပြောလို့မရဘူးလား၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ national ဆိုတာကို အမျိုးသားလို့သုံးရမယ်၊ ပြုပြင်ပြောင်းလဲလို့မရဘူးလို့ ဘယ်ဘုရားကဟောခဲ့တာလဲ။

ဘယ်ကျမ်းဂန် က ပါတာလဲ၊ အခုဆိုရင် တန်းတူညီမျှရေးအတွက် လုပ်လာပြီဆိုရင် ဒါတွေကို ထည့်သွင်း စဉ်းစားလို့ မရဘူးလား။ Neutral ဖြစ်တဲ့အသုံးတွေကို သုံးလို့မရဘူးလား။ အဲ့ဒါတွေကို တဖြေးဖြေးနဲ့ နားလည် လာတော့မှပဲ ကျားမတန်းတူညီမျှရေးကို ပိုပြီးလုပ်ဆောင်နိုင်မယ်လို့ ကျွန်မထင်ပါတယ်။
 

မေး။     ။ စနစ်ပြောင်းတော်လှန်ရေးတခုအောင်မြင်ဖို့ အမျိုးသမီးတွေက  ဘယ်ကဏ္ဍမှာ ပိုပြီးပါဝင်လာဖို့ အရေးကြီးလဲ။

ဖြေ။      ။ ကဏ္ဍစုံပါဝင်ဖို့အရေးကြီးသလို အမျိုးသမီးတွေရဲ့ mindset ကလည်း ပြောင်းလဲဖို့ အရေးကြီးတယ်။ အမျိုးသမီးတိုင်းသည် အမျိုးသမီးအခွင့်အရေးကို မွေးရာပါစိတ်ဝင်စားနေတဲ့သူတွေ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ခေတ်အဆက်ဆက်က ထည့်လာတဲ့ ယဉ်ကျေးမှုစံနှုန်းတွေကြောင့်ပါ။ မိန်းမဆိုတာက နိမ့်ကျတယ်။ ယောကျာ်းက ပိုပြီးမြင့်မြတ်တယ်။

သူတို့က အဲ့ဒီသွန်သင်မှုအောက်မှာကြီးပြင်းလာရတဲ့အခါမှာ ဒါတွေဟာ သဘာဝပါပဲ၊ ဒါတွေဟာပုံမှန်ပါပဲ ဆိုတာလေးနဲ့ ငါတို့မိန်းမတွေ ဘုရားပေါ်မတက်ရဘူး။ ငါတို့မိန်းမတွေ ညစ်ပတ်တယ်၊ နိမ့်ကျတယ်ဆိုတဲ့ဟာကို ဒါဟုတ်တယ်ဆိုပြီး လက်ခံလိုက်တဲ့သူတွေက အများကြီး၊ အဲတော့ စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့အတွက်ဆိုရင် အမျိုးသမီးတွေကကဏ္ဍစုံမှာ ပါဝင်ရုံတင်မကဘူး။ အမျိုးသမီးရော အမျိုးသားရောရဲ့ အတွေးအခေါ်ပွင့်လင်းလာဖို့ ကျား၊မတန်းတူရေးအသိအမြင်ရှိဖို့ လူ့အခွင့်အရေးအကြောင်း သိနားလည်ဖို့ လိုပါတယ်။
 

မေး။     ။ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံတာခံရဖူးလား။

ဖြေ။      ။ အမျိုးသမီးဆိုတာနဲ့ကို ခွဲခြားခံထိပြီ။ ၂၀၁၀ ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတခုမှာ အကျိုးဆောင်အနေနဲ့ ပါဝင်ပြီးတော့ လုပ်ရတယ်။ လုပ်ရတဲ့အခါမှာ documentation တွေကို ကွန်ပျူတာနဲ့ စာရိုက်နေတဲ့အချိန်မှာ တိုင်းရင်းသားခေါင်းဆောင်တွေဘက်က လူကြီးတွေရော တပ်မတော်ဘက်က အရာရှိကြီးတွေရော “ဟဲ့ကောင်မလေးတဲ့ ဒီ stick ထဲကို ထည့်ပေးတဲ့”။ အဲ့တော့ကျွန်မက ကောင်မလေးမဟုတ်ဘူး ကောင်မကြီး လို့ ပြန်ပြောလိုက်တာ သူတို့က အဲ့တော့ ဆရာမလို့ ပြန်ပြောင်းခေါ်တယ်။

ဆိုလိုတာက အဲ့နေရာမှာ အမျိုးသားတယောက်ဆိုရင် ဟဲ့ကောင်လေးလို့ မပြောဘူး။ faciliator တယောက်ကို အဲ့လိုပြောမှာ မဟုတ်ဘူး။ နောက်ပြီးရင် တခုခုပြောရင် ခင်ဗျားတို့တွေက  ၃၀ ရာခိုင်နှုန်းတောင်းဆိုဖို့ပဲ သိတဲ့သူတွေ၊ တခြားဘာမှသိတဲ့သူတွေ မဟုတ်ဘူးဆိုတဲ့ အဲ့အမြင်လည်းရှိတယ်။ ကျွန်မတို့က ကျွန်မတို့တင်မကဘူး။ နိုင်ငံရေးမှာ ပါဝင်နေတဲ့အမျိုးသမီးတွေ၊ လွှတ်တော်အမတ် တွေပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှာဖြစ်ဖြစ် ပါတီနိုင်ငံရေးမှာ ပါဝင်နေတဲ့အမျိုးသမီးတွေ ဖြစ်ဖြစ်  CSO မှာပါဝင်နေတဲ့အမျိုးသမီးတွေဖြစ်ဖြစ်၊ ငါတို့လည်းသိပါတယ်ဆိုပြီး သက်သေပြရတယ်။ စာတွေ အသားကုန် ဖတ်ရတယ်။ နားလည်အောင်လုပ်ရတယ်။

ကိုယ့်စကားပြောတာကို အလေးမထားရင် လက်ကိုမရရအောင် ထောင်ပြီးတော့ ဆက်ပြောရတယ်။  အဲ့လိုခွဲခြားမှုက ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်း အရင်းခေါက်ခေါက်တွေ ဆီကလည်း လာတယ်။ အမျိုးသားခရီးထွက်မယ်ဆိုရင်တော့ ကလေးကို ဘယ်သူ ကြည့်မလဲဆိုတဲ့စကား ဘယ်သူမှ မမေးဘူး။ အမျိုးသမီး ခရီးထွက်မယ်ဆို ကလေးက ဘယ်နှနှစ်လဲ ထားခဲ့ရက်တယ်နော်။ အဲ့ဒါတွေက လူမှုစံနှုန်းအရ ပြောနေတယ်ဆိုပေမယ့် ခွဲခြားဆက်ဆံမှုပဲ။ stereotyping တွေက ခွဲခြားဆက်ဆံမှုကို ဦးတည်စေပါတယ်။

“ကျွန်မတို့က ကဏ္ဍတိုင်းမှာ ‌ဒေါ်အောင်ဆန်းစုကြည်လိုမျိုး အမျိုးသမီးတိုင်းကို ရှိစေချင်တာပါလို့ ပြောရင်လည်း လွန်ရာကျွန်မလား မသိဘူး”


မေး။     ။ အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုကဏ္ဍတွေမှာ ရနေပြီလို့ ပြောချင်ပါသလဲ။

ဖြေ။      ။ NUG ကိုပဲ ကြည့်ကြည့် ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိတာက ဘယ်သူတွေလဲ။ ဒုသမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေထဲမှာ အမျိုးသမီးဘယ်နှယောက် ပါနေလဲ။ NUCC, JCC , PDF ခေါင်းဆောင်တွေကို ကြည့်လိုက်။ ဘယ်သူတွေက ဆုံးဖြတ်ချက်ကို တိုက်ရိုက်ချနေလဲ။ အဲ့တော့ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ position power တွေမှာ balance ဖြစ်နေရဲ့လား၊ အနည်းဆုံး ၃၀ ရာခိုင်နှုန်းတောင် မရှိနေသေးတဲ့ အနေအထားမှာ အမျိုးသမီးတွေ ခေါင်းဆောင်နေရာတွေ ရနေပါပြီ၊ အများကြီး တိုးတက်လာပြီလို့ ကျွန်မက သိပ်မပြောချင်ပါဘူး။

ဒါပေမယ့် ကိုယ့်ရဲ့ဆွေးနွေးချက်တွေကို အလေးထားလာအောင်တော့ အမျိုးသမီးတွေက ကြိုးစားပြီး လုပ်ကိုင်နေပါတယ်။ အမျိုးသမီးဝန်ကြီးဌာန ရှိတယ်ဆိုတာတခုထဲနဲ့ အမျိုးသမီးတွေလည်း ဆုံးဖြတ်ချက်ချရနေပြီလို့ပြောရင် ဟိုးအရင်တုန်းကလို နိုင်ငံရဲ့ခေါင်းဆောင်နေရာမှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်လုံးရှိနေတာပဲ ခင်ဗျားတို့က ဘာလုပ်ချင်သေးတာလဲ၊ ကျွန်မတို့က ကဏ္ဍတိုင်းမှာ ‌ဒေါ်အောင်ဆန်းစုကြည်လိုမျိုး အမျိုးသမီးတိုင်းကို ရှိစေချင်တာပါလို့ ပြောရင်လည်း လွန်ရာကျမလား မသိဘူး။
 

မေး။     ။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လျစ်လျူရှုမှုတွေပပျောက်ဖို့ ဘာတွေလုပ်သင့်ပါသလဲ။

ဖြေ။      ။ ပေါ်လစီကတော့ လိုတယ်လို့ပြောပေမယ့် တကယ်တမ်းက လူတွေရဲ့နှလုံးသားထဲက လက်ခံလာနိုင်မှု၊ လူကိုလူလို မြင်တတ်ဖို့ အရမ်းအရေးကြီးတယ်။ လူကို ယောကျာ်းဖြစ်ခြင်း မိန်းမဖြစ်ခြင်းနဲ့ သွားမကြည့်ဘဲနဲ့ လူ့တန်ဖိုးကို မြင်တတ်ဖို့ လိုပါတယ်။ အဲ့လိုဖြစ်လာမှလည်း ပိုပြီးအဆင်ပြေတယ်။ လူမှုစံနှုန်းတွေ အလေ့အထတွေကလည်း လူ့တန်ဖိုးကို လေးစားပြီးတော့ လူသားတိုင်းကိုလူကိုလူလို့ပဲမြင်၊ ကျားဖြစ်ခြင်း မဖြစ်ခြင်း လူမျိုးနွယ်စု ဘာသာမတူခြင်း အသားရောင်ကွဲခြင်းတွေ တခုလပ်တို့ မုဆိုးမတို့ အပျိုကြီးတို့၊ လက်ရှိအိမ်ထောင်နဲ့တို့ အဲ့ဒါတွေကို ထည့်မတွက်ဘဲနဲ့ လူကိုလူလိုမြင်တတ်ဖို့က တော်တော်ကြီးကြိုးစားရဦးမယ်။
 

‌မေး။     ။ အမျိုးသမီးခေါင်းဆောင်သစ်တွေ ပိုမိုထွက်လာဖို့ ဘာတွေလုပ်ရမလဲ။

ဖြေ။      ။ အမျိုးသမီးအချင်းချင်းလည်း နေရာပေးဖို့လိုတယ်။ အမျိုးသမီးခေါင်းဆောင်တွေက နှလုံးသား ကြီးကြီးလေး ကျယ်ကျယ်လေး ထားဖို့လိုမယ်။ တဆင့်ပြီးတဆင့် လက်တွဲခေါ်ယူတက်ဖို့ လိုမယ်။ တချို့ဆို ပြောတော့သာ women empowerment တို့ women leadership တို့ ပြောတယ်။ တကယ်တမ်း empower လည်း ဖြစ်လာရော generation gap ရဲ့ဒဏ်ကိုလူတွေက မခံနိုင်ဘူး။ ကြည့်စမ်း ပြန်ပြောနေလိုက်တာ တခွန်းမကျန် ငါတို့ကို မခန့်တာလား ဆိုတဲ့ဟာမျိုးတွေ။ ခေါင်းဆောင်သစ်တွေ မွေးထုတ်လာပြီဆို ခေါင်းဆောင်သစ်တွေ နေရာ‌ပေးတက်ဖို့လည်း လိုသေးတယ်။ အဲ့ဒါမှ ခေါင်းဆောင်အသစ် တွေ အများကြီးရှိလာမှာ။

“အမျိုးသမီးအချင်းချင်းလည်း နေရာပေးဖို့လိုတယ်။ အမျိုးသမီးခေါင်းဆောင်တွေက နှလုံးသားကြီးကြီးလေး ကျယ်ကျယ်လေး ထားဖို့လိုမယ်။ တဆင့်ပြီးတဆင့် လက်တွဲခေါ်ယူတက်ဖို့ လိုမယ်။ တချို့ဆို ပြောတော့သာ women empowerment တို့ women leadership တို့ ပြောတယ်။ တကယ်တမ်း empower လည်း ဖြစ်လာရော generation gap ရဲ့ဒဏ်ကို လူတွေက မခံနိုင်ဘူး”


မေး။     ။ အမျိုးသမီးတွေပါဝင်လာရင် အနာဂတ်နိုင်ငံရေးကို ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာနိုင် မလဲ။

ဖြေ။      ။ အနည်းဆုံးတော့ ဂုဏ်သိက္ခာရှိတဲ့လူ့အဖွဲ့အစည်း ဖြစ်လာလိမ့်မယ်၊ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးတွေးခေါ်မှုတွေ ရှိလိမ့်မယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် အမျိုးသမီးတွေက နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေကို လုံးဝမကြိုက်ဘူး။ အဲ့ဒါကို ကာကွယ်တားဆီးအောင်လည်း လုပ်တယ်။ အကြမ်းဖက်ခံ ရတဲ့သူတွေကို ပြန်ပြီးကုစားပေးတယ်။ အဲ့ဒါတွေလုပ်တဲ့အခါမှာ အကြမ်းဖက်တာ ကောင်းတာ မဟုတ်ဘူး။

လူ့အခွင့်အရေးကို ချိုးဖောက်တာ လူ့အခွင့်အရေး ချိုးဖောက်မှုမရှိလာအောင်လို့  code of conduct ပဲပြောပြော ethical guide line ပဲပြောပြော  basic principle ပါလာအောင် နိုင်ငံရေးအစုအဖွဲ့ တိုင်းမှာ ဒီဟာလေးတွေကို စိမ့်ဝင်သွားအောင် စံတန်ဖိုးတွေ စိမ့်ဝင်သွားအောင် အသည်းအသန် အမျိုးသမီး အခွင့်အရေးကို လေးစားလိုက်နာအောင် အမျိုးသားတွေကပါ ကြိုးစားမယ်ဆိုရင် နိုင်ငံရေးက ကျွန်မတို့ရဲ့ နိုင်ငံကို ကြည့်လိုက်တဲ့အခါမှာ ဂုဏ်သိက္ခာရှိတဲ့နိုင်ငံ ဂုဏ်သိက္ခာရှိတဲ့နိုင်ငံရေး အနေနဲ့မြင်ရလိမ့်မယ်လို့ ကျွန်မ ရဲရဲကြီးအာမခံရဲတယ်။
 

မေး။     ။  အနာဂတ်နိုင်ငံသစ်မှာ အမျိုးသမီးပါဝင်မှု တန်းတူညီမျှရှိတဲ့ နိုင်ငံကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။

ဖြေ။      ။ လူငယ်တွေကိုပဲ မျှော်လင့်တော့တယ်။ လူကြီးတွေက အရိုးတွေဆွေးနေပြီ အမျိုးသမီးပါဝင်တွေသာ လျှောက်ပြောနေတာ။ တကယ်တမ်း နှလုံးသားထဲမှာ နေရာပေးနိုင်မှုက ခက်တယ်။ အဲ့တော့ လူငယ်တွေကို အတွေးအခေါ်ပြောင်းအောင်လို့ လုပ်မှရမယ်။ သူတို့လည်း ပြောင်းနေပြီလို့ ထင်တယ်။ လူငယ်တွေကတော့ သူတို့လက်ခံရင် လက်ခံတယ်။ သူတို့လက်မခံရင် လက်မခံဘူး။ အဲ့ဒီဟန်မဆောင်တဲ့ မျိုးဆက်သစ်တွေဆီမှာ တကယ့်ကိုစစ်မှန်တဲ့ သန္ဓေတည်ဖို့အတွက် လုပ်ရမယ်။

မတူကွဲပြားမှုကို လေးစားတက်ဖို့ တန်းတူ ညီမျှရေးကို အ‌လေးပေးတက်ဖို့ ဘယ်လိုမှ ခွဲခြားမှုကိုမလုပ်ဖို့ အကြမ်းဖက်ရင် အကြမ်းဖက်တဲ့လူကိုအရေးယူဖို့ အဲ့ဒါတွေကိုသာသူတို့ရဲ့ နှလုံးသားထဲမှာ တကယ်ပဲလက်ခံမယ်ဆိုရင် အရမ်းလှသွားမယ်။ အဲ့လိုလှသွားတဲ့အခါ အမျိုးသမီးတွေကိုဖြစ်စေ မတူကွဲပြားတဲ့သူတွေကိုဖြစ်စေ နေရာမပေးရင် နေရာ‌ပေးအောင် အဲ့လူငယ်ထု အဲ့လူထုက ပြန်တောင်းဆိုလိမ့်မယ် ကာကွယ်ပေးလိမ့်မယ်။
 
မေး။     ။ ဖြည့်စွက်ပြောကြားချက်။

ဖြေ။      ။ တကယ်တမ်းကအမျိုးသမီးတွေကလေ ခေတ်အဆက်ဆက်တာဝန်တွေကို ထမ်းလာတာ အဲ့ဒါက မိသားစုတခုနဲ့ပဲကြည့် တကယ်တမ်းနိုင်ငံတနိုင်ငံက မိသားစုတွေအများကြီးနဲ့ စုဖွဲ့ထားတာ။ မိသားစုတစုကိုပဲ ကြည့် အဖေတယောက်ထဲက တာဝန်ထမ်းရင် အဲ့အဖေဘယ်လောက်ပင်ပန်းလဲ၊ တုံးတုံးအအ ငါပြောသမျှကိုပဲ လုပ်ဆိုလုပ်တဲ့ အဲ့အမျိုးသမီးနဲ့ဆို အဲ့အမျိုးသားဘယ်လောက်ပင်ပန်းလဲ။

ဒိုးတူဘောင်ဘက် လုပ်တဲ့သူရှိရင် နှစ်ဦးနှစ်ဖက် ဝန်တွေမပေါ့ဘူးလား။ နှစ်ဦးနှစ်ဖက်ဝန်ပေါ့တဲ့အပြင် သားသမီးတွေကို ပြုစုထိန်းကျောင်းတဲ့အခါ နှစ်ဦးနှစ်ဖက် အတူတူထိန်းကျောင်းရင် အဲ့သားသမီးတွေက ပိုပြီးတော့ ထက်မြက်လာမှာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ်ဝန်လေးခံလဲဆိုတာ အမျိုးသားတွေကို မေးကြည့်ချင်ပါတယ်။ 


“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

ဂျာမုန်း သတင်းတင်ဆက်သူ
People's Spring
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“အမျိုးသမီးတွေအပါအဝင် ဖိနှိပ်ခံလူနည်းစု အစုအဖွဲ့တွေဟာ ခေတ်ရေစီးကြောင်းပြောင်းလဲမှုအရ အပြင်ပန်းအပြလှဖို့ ဟန်ပြနေရာပေးရမယ့် အိမ်ဖြည့်တွေ၊ ထမင်းသိုးဟင်းသိုးတွေ မဟုတ်ဘူး။ အမှန်တကယ်ပဲ ပြောဆိုခွင့်၊ ဖန်တီးခွင့်၊ တွေးတောခွင့် တန်းတူညီမျှပေးကြဖို့ လိုပါတယ်”
 

            ဂျာမုန်းဟာ မန္တလေးဇာတိဖြစ်ပြီး မွေးချင်း ၄ ယောက်ရှိတဲ့ထဲက ဒုတိယမြောက်ဖြစ်ပါတယ်။ ၂၀၁၈ မှာ တက္ကသိုလ်ပြီးနောက် ဝါသနာပါရာ အိပ်မက်ကို စတင်အကောင်အထည်ဖော်ဖို့ မရင်းနှီးတဲ့ မီဒီယာနယ်ပယ်ကို ၂၀၁၉ ခုနစ်မှာ သတင်းတင်ဆက်သူအဖြစ်နဲ့ ရောက်လာခဲ့ပါတယ်။

            အာဏာမသိမ်းခင်ကာလတုန်းက သာမာန်မြို့နေလူတန်းစား လူငယ်ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့သူပါ။ ဒါပေမယ့် သတင်းတင်ဆက်သူအလုပ်ကတဆင့် သတင်းတွေဖတ်မိ သိလာရင်း အုပ်ချုပ်သူ အာဏာရှင်အဆက်ဆက်ရဲ့ ဆုံးဖြတ်ချက်လုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ထိခိုက်နစ်နာခဲ့ရမှု တွေ ခံစားသိရှိလာတဲ့အချိန် အဲဒီတုန်းကအခိုက်အတန့်တွေမှာ မသိလိုက်မသိဘာသာနဲ့ နေခဲ့မိတာတွေ ပြန်တွေးရင်း အပြစ်ရှိစိတ်တွေဖြစ်ခဲ့မိတယ်။

            ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာ ဒီတစ်ခါမှာတော့ ကိုယ်က သေချာလည်းသိတယ်၊ ပါဝင်နိုင်မယ့် အခန်းကဏ္ဍ၊ အခွင့်အရေးလည်းရှိတယ်ဆိုတော့ ဒီတစ်ကြိမ်မှာ မသိကျိုးကျွံပြုမိရင် ဒီနောင်တတွေနဲ့ တစ်သက်လုံးနေပျော်မယ် မထင်ဘူးဆိုတဲ့အတွေးနဲ့ လုပ်နိုင်စွမ်းရှိသ၍ ပြောင်းလဲနိုင်စွမ်းရှိသမျှ အရွေ့တွေမှာ ပါဝင်မယ်ဆိုတဲ့အတွေးနဲ့ တော်လှန်ရေးကို ထဲထဲဝင်ဝင်ပါဝင်ခဲ့သူပါ။

            တော်လှန်ရေးနယ်မြေတစ်နေရာမှာ သတင်းတင်ဆက်သူ၊ သတင်းထောက်အဖြစ် စတင် လုပ်ကိုင်ရင်း နေရာပြောင်းရွှေ့ရင်း အတွေ့အကြုံတွေယူရင်း အရွေ့တွေမှာပါဝင်ရင်းနဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး People's Spring သတင်းဌာနမှာ သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်နေပါတယ်။ People's Spring ကတော့ အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံတစ်ဝန်းအပြင် ကမ္ဘာတလွှားကသတင်းတွေကိုပါ လူမှုကွန်ယက် မီဒီယာပလက်ဖောင်းတွေကတဆင့် တင်ဆက်ပေးနေတဲ့ လွတ်လပ်သောသတင်းဌာနတစ်ခု ဖြစ်ပါတယ်။
 

မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ်ခွဲခြားတဲ့အယူအဆတွေ ပြောင်းလဲ သွားတယ်လို့ ထင်လား။ ဘာတွေပြောင်းလဲသွားတယ်လို့ မြင်တွေ့ရလဲ။

ဖြေ။      ။ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကာလမှာတော့ အမျိုးသမီးတွေအပေါ် ခွဲခြားခြင်းမပြုဖို့၊ တန်းတူညီမျှအခွင့်အရေးပေးဖို့ အပိုင်းတွေမှာ အများစုက ပိုပြီးအမြင်ပွင့်လင်းလာကြတယ်။ နယ်ပယ်တချို့မှာ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်နိုင်ရေး မူဝါဒတွေချမှတ်ပြီး လုပ်ဆောင်လာကြတဲ့အခါ လုပ်ကိုင်နိုင်စွမ်း၊ အတွေးအမြင်၊ ခံစားချက်၊ ခံယူချက် မတူတာတွေထဲကမှ ပိုကောင်းမွန်တဲ့အရာတွေကို ရှာတွေ့လာကြတယ်၊ ပိုအလုပ်ဖြစ်လာကြတယ်။

နောက်ပြီး ပတ်ဝန်းကျင်က ကွဲပြားတဲ့အစုအဖွဲ့အသီးသီးကြားမှာလည်း ပေါင်းကူးတံတား သဖွယ်ဖြစ်ပြီး ပိုကောင်းတဲ့အဝန်းအဝိုင်း၊ ရလဒ်တွေကို ရရှိလာစေတယ်။ ဒါပေမယ့် ဒါက တချို့သောနယ်ပယ်တွေမှာပဲ ဖြစ်တယ်၊ နေရာအများစုမှာတော့ အသိပညာမျှဝေရေး အစီအစဉ်တွေ ပိုလုပ်ဆောင်ဖို့ လိုနေပါသေးတယ်။

အားလုံးပါဝင်ခွင့်ရှိတဲ့ inclusive policies ဆိုတာကို နည်းမှန်လမ်းမှန်အသုံးပြုတတ်မှ ပိုကောင်းတဲ့ အရွေ့တွေကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။ အမျိုးသမီးတွေအပါအဝင် ဖိနှိပ်ခံလူနည်းစု အစုအဖွဲ့တွေဟာ ခေတ်ရေစီးကြောင်းပြောင်းလဲမှုအရ အပြင်ပန်းအပြလှဖို့ ဟန်ပြနေရာပေးရမယ့် အိမ်ဖြည့်တွေ၊ ထမင်းသိုး ဟင်းသိုးတွေ မဟုတ်ဘူး။ အမှန်တကယ်ပဲ ပြောဆိုခွင့်၊ ဖန်တီးခွင့်၊ တွေးတောခွင့် တန်းတူညီမျှပေးကြဖို့ လိုတယ်။

ပြီးတော့ တန်းတူအခွင့်အရေး equality လို့ပြောတဲ့အခါလည်း equity ညီမျှမှုကို သတိထားဖို့ လိုပါတယ်။ တချို့သောသူတွေက တောက်လျှောက်ဖိနှိပ်ခံရ၊ အခွင့်အရေးဆုံးရှုံးခဲ့ရတဲ့အခါမှာ equality တန်းတူ အခွင့်အရေးပေးတဲ့အခါမှာတောင် အခြားသူတွေနဲ့ယှဉ်ရင် သူ့အတွက်က တန်းတူဖြစ်မနေတော့တဲ့ အခြေအနေမှာ equity ညီမျှမှုကို သတိချပ်ပြီး လိုအပ်တဲ့ပံ့ပိုးမှု၊ ထည့်သွင်းစဉ်းစားပေးမှုတွေ လုပ်ဆောင်ဖို့  လိုတယ်။ ဒါကို အဲ့လူက အခွင့်ထူးခံလုပ်နေတာပဲလို့ ခေါင်းစဉ်တပ်လို့ မရဘူးပေါ့၊ ပိုပြီးဖြန့်ကျက်မြင်နိုင်ဖို့ လိုပါတယ်။
 

မေး။     ။ နိုင်ငံသစ်တည်ဆောက်ရေးမှာ အမျိုးသမီးတွေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

ဖြေ။      ။ အဓိကကတော့ အစုအဖွဲ့အသီးသီးအတွက် တန်းတူညီမျှမှုရှိတဲ့စနစ်တစ်ခု ပီပီပြင်ပြင် အကောင်အထည်ပေါ်လာဖို့ လိုတာပေါ့။ မူဝါဒအရ မဖြစ်လို့သာ ပါဝင်ခွင့်ပေးထားတာမျိုးမဟုတ်ဘဲ အယောက်စီတိုင်းရဲ့ စိတ်ထဲမှာလည်း အသိပညာအမြင်ပွင့်လင်းပြီး ကျေလည်နေမှသာ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု၊ အမြတ်ထုတ်မှုတွေမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်တယ်။

ပြီးတော့ တဖက်မှာလည်း ကိုယ်က ဘယ်နယ်ပယ်ကပဲဖြစ်ပါစေ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ကိုယ်တတ်ကျွမ်းတဲ့အရာကိုသာမက ဆက်စပ်တဲ့ပညာရပ်တွေကိုပါ စဉ်ဆက်မပြတ်လေ့လာဖို့၊ ခေတ်ရေစီးကြောင်းမှာ ပြတ်ကျန်မနေရအောင် မျက်စိဖွင့် နားစွင့်ပြီး လိုက်လျောညီထွေရှိစေဖို့၊ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ရဲရင့်ဖို့၊ ကိုယ်စွမ်းကိုယ်စတွေကို နည်းမှန်လမ်းမှန်နဲ့ ထုတ်ဖော်အသုံးပြုတတ်ဖို့၊ အမျိုးသမီးအချင်းချင်း ပိုပြီး လက်တွဲဖေးမစောင့်ရှောက်ဖို့ ဒီအချက်တွေ အဓိကလိုအပ်တယ်လို့ မြင်ပါတယ်။
 

မေး။     ။ စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့ မီဒီယာရဲ့အခန်းကဏ္ဍက ဘယ်လောက်အရေးကြီး ပါသလဲ။

“ညဘက်မှာ မှောင်ရိပ်ခိုပြီး ဒုစရိုက်မှုကျူးလွန်ကြသလိုပဲ သတင်းအမှောင်ချ ခံရရင် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာကိုတောင် မသိနိုင်တော့သလို ခုထက်ပိုဆိုးတဲ့အရာတွေ လုပ်နေရင်လည်း ဘာမှတ်တမ်းမှမကျန်တော့ဘူး။ အချင်းချင်းကြား ချိတ်ဆက်မှု ပြတ်တောက်ပြီး ကိုယ့်ကိုတိုက်ရိုက်မထိသ၍ နေသာသလို နေကြပြီးတော့ တော်လှန်ရေးအရွေ့မှာ အရေးကြီးဆုံးဖြစ်တဲ့ အချင်းချင်းကြား စုစည်းမှုလည်း ပြိုကွဲနိုင်ပါတယ်”

ဖြေ။      ။ မီဒီယာကတဆင့် ကမ္ဘာကြီးမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့အရာတွေကို မှတ်တမ်းတင် ဖော်ပြရသလို၊ တဖက်မှာလည်း ပြည်သူတွေ သိသင့်တဲ့အရာတွေကို အနုစိတ်တင်ပြရင်း အသိပညာပေးရတာမျိုးလည်း ရှိတယ်။ ဒါကြောင့် စာဖတ်သူတွေရဲ့ ခံယူချက် အတွေးအမြင်တွေကို အဆိပ်မခတ်မိဖို့လည်း သိပ်အရေးကြီး ပါတယ်။ လက်ရှိဒီတော်လှန်ရေးအခင်းအကျင်းမှာဆိုလည်း မီဒီယာရဲ့အခန်းကဏ္ဍက သက်ရောက်မှု သိပ်ကြီး ပါတယ်။

လွတ်လပ်တဲ့သတင်းမီဒီယာတွေမရှိရင် အပြန်အလှန်ဝါဒဖြန့်ချီကြရင်းနဲ့ပဲ အမှန်တရားတွေကို ဝေဝါး စေသလို သမိုင်းလည်း ပျောက်ပါလိမ့်မယ်။ ဒီကာလမှာ သတင်းအချက်အလက် မစီးဆင်းနိုင်အောင် စစ်ကောင်စီရဲ့ အင်တာနက်ပိတ်ဆို့ဖြတ်တောက်တာ ခံထားရတဲ့နယ်မြေတွေ အများကြီး ရှိပါတယ်။ ဒီလို ထုတ်ဖော်ပြောဆိုခွင့် စိန်ခေါ်မှုရှိတဲ့နေရာတွေက သတင်းဖြစ်ရပ်တွေကိုပါ မီဒီယာတွေက ရယူပြီးဖော်ပြပေး ရတယ်။

ညဘက်မှာ မှောင်ရိပ်ခိုပြီး ဒုစရိုက်မှုကျူးလွန်ကြသလိုပဲ သတင်းအမှောင်ချခံရရင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကိုတောင် မသိနိုင်တော့သလို ခုထက်ပိုဆိုးတဲ့အရာတွေ လုပ်နေရင်လည်း ဘာမှတ်တမ်းမှ မကျန်တော့တာ၊ အချင်းချင်းကြား ချိတ်ဆက်မှု ပြတ်တောက်ပြီး ကိုယ့်ကိုတိုက်ရိုက်မထိသ၍ နေသာသလို နေကြပြီးတော့ တော်လှန်ရေးအရွေ့မှာအရေးကြီးဆုံးဖြစ်တဲ့ အချင်းချင်းကြား စုစည်းမှုလည်း ပြိုကွဲနိုင်ပါတယ်။
 

မေး။     ။ ကိုယ်တိုင်အနေနဲ့ မီဒီယာလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရတာတွေကြုံရလား။ ဘယ်လိုပုံစံနဲ့ ခွဲခြားဆက်ဆံခံခဲ့ရလဲ။

ဖြေ။      ။ ကိုယ်တိုင်မီဒီယာအလုပ်လုပ်တဲ့အခါ ခွဲခြားဆက်ဆံခံရဖူးလားဆိုရင်တော့ အလုပ်ဝင်စမှာ အသက်ငယ်တာ၊ မိန်းကလေးဖြစ်နေတာမျိုးကြောင့် သတင်းအင်တာဗျူးမေးရတဲ့အခါ အထင်သေးသလို မဖြေချင်သလိုနဲ့ အဖက်လုပ်မခံရသလိုမျိုး ကြုံဖူးတယ်။ ပြီးတော့ မြေပြင်သတင်းရိုက်ကူးရေး ကွင်းဆင်းဖို့မှာ အမျိုးသမီးဖြစ်တဲ့အတွက် ကရိကထများတာ၊ လုံခြုံရေးပိုစိတ်ပူရတာ၊ ပင်ပန်းမခံနိုင်တာ စတဲ့ အကြောင်း ပြချက်တွေပေးပြီး ကိုယ့်ထက် အခြားသော အမျိုးသားသတင်းထောက်တွေကို ရွေးချယ် စေလွှတ်တာမျိုး သတင်းဌာနတစ်ခုမှာတော့ ကြုံခဲ့ဖူးပါတယ်။ဒါပေမယ့် ကျွန်မကတော့ ကိုယ်ဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ၊ ဒါကို ဘယ်လိုရအောင်လုပ်ဆောင်မလဲ၊ ဒီအတွက် ဘာစိန်ခေါ်မှု တွေရှိလဲ၊ ကိုယ်ဘာတွေ ပြင်ဆင်ဖို့လိုလဲ ဒါတွေပဲ အဓိကထားတွေးပြီး ဖြစ်ချင်တာကိုဖြစ်အောင် လုပ်လေ့ ရှိပါတယ်။

အမျိုးသမီးဖြစ်လို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကန့်သတ်ခံရခြင်းတွေ၊ ချိုးနှိမ်လိုက်ရမှုတွေက ငယ်ဘဝမှာ မိသားစု၊ ကျောင်း စာသင်ခန်း ထဲကစလို့ ကြီးပြင်းလာတဲ့အခါ လူမှုအဝန်းအဝိုင်း၊ လုပ်ငန်းခွင်အားလုံးမှာ တောက်လျှောက် အနည်းနဲ့အများ ရင်ဆိုင်လာရတဲ့အခါ အမျိုးသမီးအများစုက မဝံ့မရဲ စိတ်အားငယ်မှု၊ တွေဝေမှု၊ မပြောရဲ မလုပ်ရဲတဲ့စိတ်တွေ ဖြစ်လေ့ရှိတယ်။ ဒါကို ကျွန်မတို့က ရဲရင့်စွာ ရင်ဆိုင်ကျော်ဖြတ်ဖို့လိုသလို ကျွန်မတို့ကို တန်းတူညီမျှတဲ့ အခွင့်အရေးတွေပေးမယ့် လူ့ပတ်ဝန်းကျင်ကောင်း တစ်ခုလည်း ကြိမ်းသေပေါက်လိုပါတယ်။


မေး။     ။ ဂျန်ဒါတန်းတူညီမျှရေးအပါအဝင် တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု မြင့်တက်လာဖို့ အတွက် မီဒီယာတွေအနေနဲ့ ဘယ်လို လုပ်ဆောင်ပေးနိုင်ပါသလဲ။

ဖြေ။      ။ ဒီနောက်ပိုင်း မီဒီယာတွေလည်း ဂျန်ဒါတန်းတူညီမျှရေး၊ အစုအဖွဲ့အသီးသီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုနိုင်ဖို့အတွက် ပိုသတိထားအလေးပေးပြီး နေရာပေးလာကြတယ်။ သတင်းတွေမှာ များသောအားဖြင့် အမျိုးသားတွေရဲ့ ပြောဆိုသံတွေပဲ လွှမ်းမိုးလာရာကနေ အမျိုးသမီးတွေရဲ့ အမြင်၊ အတွေ့အကြုံ၊ ခံစားချက် တွေကိုလည်း ထုတ်ဖော်ပြောဆိုဖို့ အားပေးလာကြတယ်။ အမျိုးသမီးအစီအစဉ်မျိုးတွေပါ ထုတ်လုပ်လာပြီး ထုတ်ဖော်ပြောဆိုခွင့် ပေးလာကြတာတွေ့ရပါတယ်။

အဲလိုကနေမှ ထက်မြက်တဲ့၊ သန်မာတဲ့၊ နွေးထွေးကြင်နာ တတ်တဲ့၊ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ အမျိုးသမီးတွေအကြောင်း ပိုသိလာပြီး စိတ်ဓာတ်ခွန်အားတွေလည်း ပိုရလာကြတယ်။ ဒါကြောင့် ကျွန်မတို့အမျိုးသမီးတွေလည်း ရှေ့ထွက်လာဖို့ မကြောက်ပါနဲ့၊ အတွေးအမြင်တွေ ထုတ်ဖော်ဖို့လည်း မတွန့်ဆုတ်ပါနဲ့။ ကျွန်မတို့အားလုံးက လူ့အသိုင်းအဝိုင်းက အစဉ်အဆက် သတ်မှတ်လက်ခံ ထားခဲ့သလို အားနည်းတဲ့သူတွေကြီး မဟုတ်ကြပါဘူး။

“မီဒီတွေကနေ တင်ဆက်တဲ့ အမျိုးသမီးအစီအစဉ်တွေကနေတဆင့် ထက်မြက်တဲ့၊ သန်မာတဲ့၊ နွေးထွေးကြင်နာတတ်တဲ့၊ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ အမျိုးသမီးတွေအကြောင်း ပိုသိလာပြီး စိတ်ဓာတ်ခွန်အားတွေလည်း ပိုရလာကြတယ်”


မေး။     ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့ အနာဂတ်နိုင်ငံသစ်ကို ဘယ်လောက်အထိ မျှော်လင့် ထားသလဲ။

ဖြေ။      ။ အရင်ကထက်စာရင် ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေက လျော့ပါးလာပေမယ့် အများကြီးတော့ လိုနေပါသေးတယ်။ မတူတာတွေစုမှ အမြင်တွေဖလှယ် အဖြေအသစ်တွေရှာရင်း ပိုတိုးတက်တာဖြစ်လို့ ပိုကောင်းမွန်တဲ့ အနာဂတ်တွေဆီသွားဖို့ရာ အစုအဖွဲ့အသီးသီးရဲ့အသံတွေ လုပ်ကိုင်နိုင်စွမ်းတွေ လိုပါတယ်။ ကျွန်မကတော့ တနေ့ထပ်တနေ့ တစ်ယောက်ကိုတစ်ယောက် ပိုပြီး နားလည်မှု၊ စာနာဖေးမကူညီမှု၊ တန်းတူညီမျှမှုတွေ တင်းပြည့်ကျပ်ပြည့်ရှိတဲ့ အဝန်းအဝိုင်းမျိုးဖြစ်လာစေဖို့ အမြဲမျှော်လင့်မိပါတယ်။


 
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media