ဂျာမုန်း သတင်းတင်ဆက်သူ
People's Spring
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“အမျိုးသမီးတွေအပါအဝင် ဖိနှိပ်ခံလူနည်းစု အစုအဖွဲ့တွေဟာ ခေတ်ရေစီးကြောင်းပြောင်းလဲမှုအရ အပြင်ပန်းအပြလှဖို့ ဟန်ပြနေရာပေးရမယ့် အိမ်ဖြည့်တွေ၊ ထမင်းသိုးဟင်းသိုးတွေ မဟုတ်ဘူး။ အမှန်တကယ်ပဲ ပြောဆိုခွင့်၊ ဖန်တီးခွင့်၊ တွေးတောခွင့် တန်းတူညီမျှပေးကြဖို့ လိုပါတယ်”
 

            ဂျာမုန်းဟာ မန္တလေးဇာတိဖြစ်ပြီး မွေးချင်း ၄ ယောက်ရှိတဲ့ထဲက ဒုတိယမြောက်ဖြစ်ပါတယ်။ ၂၀၁၈ မှာ တက္ကသိုလ်ပြီးနောက် ဝါသနာပါရာ အိပ်မက်ကို စတင်အကောင်အထည်ဖော်ဖို့ မရင်းနှီးတဲ့ မီဒီယာနယ်ပယ်ကို ၂၀၁၉ ခုနစ်မှာ သတင်းတင်ဆက်သူအဖြစ်နဲ့ ရောက်လာခဲ့ပါတယ်။

            အာဏာမသိမ်းခင်ကာလတုန်းက သာမာန်မြို့နေလူတန်းစား လူငယ်ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့သူပါ။ ဒါပေမယ့် သတင်းတင်ဆက်သူအလုပ်ကတဆင့် သတင်းတွေဖတ်မိ သိလာရင်း အုပ်ချုပ်သူ အာဏာရှင်အဆက်ဆက်ရဲ့ ဆုံးဖြတ်ချက်လုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ထိခိုက်နစ်နာခဲ့ရမှု တွေ ခံစားသိရှိလာတဲ့အချိန် အဲဒီတုန်းကအခိုက်အတန့်တွေမှာ မသိလိုက်မသိဘာသာနဲ့ နေခဲ့မိတာတွေ ပြန်တွေးရင်း အပြစ်ရှိစိတ်တွေဖြစ်ခဲ့မိတယ်။

            ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာ ဒီတစ်ခါမှာတော့ ကိုယ်က သေချာလည်းသိတယ်၊ ပါဝင်နိုင်မယ့် အခန်းကဏ္ဍ၊ အခွင့်အရေးလည်းရှိတယ်ဆိုတော့ ဒီတစ်ကြိမ်မှာ မသိကျိုးကျွံပြုမိရင် ဒီနောင်တတွေနဲ့ တစ်သက်လုံးနေပျော်မယ် မထင်ဘူးဆိုတဲ့အတွေးနဲ့ လုပ်နိုင်စွမ်းရှိသ၍ ပြောင်းလဲနိုင်စွမ်းရှိသမျှ အရွေ့တွေမှာ ပါဝင်မယ်ဆိုတဲ့အတွေးနဲ့ တော်လှန်ရေးကို ထဲထဲဝင်ဝင်ပါဝင်ခဲ့သူပါ။

            တော်လှန်ရေးနယ်မြေတစ်နေရာမှာ သတင်းတင်ဆက်သူ၊ သတင်းထောက်အဖြစ် စတင် လုပ်ကိုင်ရင်း နေရာပြောင်းရွှေ့ရင်း အတွေ့အကြုံတွေယူရင်း အရွေ့တွေမှာပါဝင်ရင်းနဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး People's Spring သတင်းဌာနမှာ သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်နေပါတယ်။ People's Spring ကတော့ အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံတစ်ဝန်းအပြင် ကမ္ဘာတလွှားကသတင်းတွေကိုပါ လူမှုကွန်ယက် မီဒီယာပလက်ဖောင်းတွေကတဆင့် တင်ဆက်ပေးနေတဲ့ လွတ်လပ်သောသတင်းဌာနတစ်ခု ဖြစ်ပါတယ်။
 

မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ်ခွဲခြားတဲ့အယူအဆတွေ ပြောင်းလဲ သွားတယ်လို့ ထင်လား။ ဘာတွေပြောင်းလဲသွားတယ်လို့ မြင်တွေ့ရလဲ။

ဖြေ။      ။ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကာလမှာတော့ အမျိုးသမီးတွေအပေါ် ခွဲခြားခြင်းမပြုဖို့၊ တန်းတူညီမျှအခွင့်အရေးပေးဖို့ အပိုင်းတွေမှာ အများစုက ပိုပြီးအမြင်ပွင့်လင်းလာကြတယ်။ နယ်ပယ်တချို့မှာ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်နိုင်ရေး မူဝါဒတွေချမှတ်ပြီး လုပ်ဆောင်လာကြတဲ့အခါ လုပ်ကိုင်နိုင်စွမ်း၊ အတွေးအမြင်၊ ခံစားချက်၊ ခံယူချက် မတူတာတွေထဲကမှ ပိုကောင်းမွန်တဲ့အရာတွေကို ရှာတွေ့လာကြတယ်၊ ပိုအလုပ်ဖြစ်လာကြတယ်။

နောက်ပြီး ပတ်ဝန်းကျင်က ကွဲပြားတဲ့အစုအဖွဲ့အသီးသီးကြားမှာလည်း ပေါင်းကူးတံတား သဖွယ်ဖြစ်ပြီး ပိုကောင်းတဲ့အဝန်းအဝိုင်း၊ ရလဒ်တွေကို ရရှိလာစေတယ်။ ဒါပေမယ့် ဒါက တချို့သောနယ်ပယ်တွေမှာပဲ ဖြစ်တယ်၊ နေရာအများစုမှာတော့ အသိပညာမျှဝေရေး အစီအစဉ်တွေ ပိုလုပ်ဆောင်ဖို့ လိုနေပါသေးတယ်။

အားလုံးပါဝင်ခွင့်ရှိတဲ့ inclusive policies ဆိုတာကို နည်းမှန်လမ်းမှန်အသုံးပြုတတ်မှ ပိုကောင်းတဲ့ အရွေ့တွေကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။ အမျိုးသမီးတွေအပါအဝင် ဖိနှိပ်ခံလူနည်းစု အစုအဖွဲ့တွေဟာ ခေတ်ရေစီးကြောင်းပြောင်းလဲမှုအရ အပြင်ပန်းအပြလှဖို့ ဟန်ပြနေရာပေးရမယ့် အိမ်ဖြည့်တွေ၊ ထမင်းသိုး ဟင်းသိုးတွေ မဟုတ်ဘူး။ အမှန်တကယ်ပဲ ပြောဆိုခွင့်၊ ဖန်တီးခွင့်၊ တွေးတောခွင့် တန်းတူညီမျှပေးကြဖို့ လိုတယ်။

ပြီးတော့ တန်းတူအခွင့်အရေး equality လို့ပြောတဲ့အခါလည်း equity ညီမျှမှုကို သတိထားဖို့ လိုပါတယ်။ တချို့သောသူတွေက တောက်လျှောက်ဖိနှိပ်ခံရ၊ အခွင့်အရေးဆုံးရှုံးခဲ့ရတဲ့အခါမှာ equality တန်းတူ အခွင့်အရေးပေးတဲ့အခါမှာတောင် အခြားသူတွေနဲ့ယှဉ်ရင် သူ့အတွက်က တန်းတူဖြစ်မနေတော့တဲ့ အခြေအနေမှာ equity ညီမျှမှုကို သတိချပ်ပြီး လိုအပ်တဲ့ပံ့ပိုးမှု၊ ထည့်သွင်းစဉ်းစားပေးမှုတွေ လုပ်ဆောင်ဖို့  လိုတယ်။ ဒါကို အဲ့လူက အခွင့်ထူးခံလုပ်နေတာပဲလို့ ခေါင်းစဉ်တပ်လို့ မရဘူးပေါ့၊ ပိုပြီးဖြန့်ကျက်မြင်နိုင်ဖို့ လိုပါတယ်။
 

မေး။     ။ နိုင်ငံသစ်တည်ဆောက်ရေးမှာ အမျိုးသမီးတွေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

ဖြေ။      ။ အဓိကကတော့ အစုအဖွဲ့အသီးသီးအတွက် တန်းတူညီမျှမှုရှိတဲ့စနစ်တစ်ခု ပီပီပြင်ပြင် အကောင်အထည်ပေါ်လာဖို့ လိုတာပေါ့။ မူဝါဒအရ မဖြစ်လို့သာ ပါဝင်ခွင့်ပေးထားတာမျိုးမဟုတ်ဘဲ အယောက်စီတိုင်းရဲ့ စိတ်ထဲမှာလည်း အသိပညာအမြင်ပွင့်လင်းပြီး ကျေလည်နေမှသာ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု၊ အမြတ်ထုတ်မှုတွေမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်တယ်။

ပြီးတော့ တဖက်မှာလည်း ကိုယ်က ဘယ်နယ်ပယ်ကပဲဖြစ်ပါစေ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ကိုယ်တတ်ကျွမ်းတဲ့အရာကိုသာမက ဆက်စပ်တဲ့ပညာရပ်တွေကိုပါ စဉ်ဆက်မပြတ်လေ့လာဖို့၊ ခေတ်ရေစီးကြောင်းမှာ ပြတ်ကျန်မနေရအောင် မျက်စိဖွင့် နားစွင့်ပြီး လိုက်လျောညီထွေရှိစေဖို့၊ မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ရဲရင့်ဖို့၊ ကိုယ်စွမ်းကိုယ်စတွေကို နည်းမှန်လမ်းမှန်နဲ့ ထုတ်ဖော်အသုံးပြုတတ်ဖို့၊ အမျိုးသမီးအချင်းချင်း ပိုပြီး လက်တွဲဖေးမစောင့်ရှောက်ဖို့ ဒီအချက်တွေ အဓိကလိုအပ်တယ်လို့ မြင်ပါတယ်။
 

မေး။     ။ စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့ မီဒီယာရဲ့အခန်းကဏ္ဍက ဘယ်လောက်အရေးကြီး ပါသလဲ။

“ညဘက်မှာ မှောင်ရိပ်ခိုပြီး ဒုစရိုက်မှုကျူးလွန်ကြသလိုပဲ သတင်းအမှောင်ချ ခံရရင် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာကိုတောင် မသိနိုင်တော့သလို ခုထက်ပိုဆိုးတဲ့အရာတွေ လုပ်နေရင်လည်း ဘာမှတ်တမ်းမှမကျန်တော့ဘူး။ အချင်းချင်းကြား ချိတ်ဆက်မှု ပြတ်တောက်ပြီး ကိုယ့်ကိုတိုက်ရိုက်မထိသ၍ နေသာသလို နေကြပြီးတော့ တော်လှန်ရေးအရွေ့မှာ အရေးကြီးဆုံးဖြစ်တဲ့ အချင်းချင်းကြား စုစည်းမှုလည်း ပြိုကွဲနိုင်ပါတယ်”

ဖြေ။      ။ မီဒီယာကတဆင့် ကမ္ဘာကြီးမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့အရာတွေကို မှတ်တမ်းတင် ဖော်ပြရသလို၊ တဖက်မှာလည်း ပြည်သူတွေ သိသင့်တဲ့အရာတွေကို အနုစိတ်တင်ပြရင်း အသိပညာပေးရတာမျိုးလည်း ရှိတယ်။ ဒါကြောင့် စာဖတ်သူတွေရဲ့ ခံယူချက် အတွေးအမြင်တွေကို အဆိပ်မခတ်မိဖို့လည်း သိပ်အရေးကြီး ပါတယ်။ လက်ရှိဒီတော်လှန်ရေးအခင်းအကျင်းမှာဆိုလည်း မီဒီယာရဲ့အခန်းကဏ္ဍက သက်ရောက်မှု သိပ်ကြီး ပါတယ်။

လွတ်လပ်တဲ့သတင်းမီဒီယာတွေမရှိရင် အပြန်အလှန်ဝါဒဖြန့်ချီကြရင်းနဲ့ပဲ အမှန်တရားတွေကို ဝေဝါး စေသလို သမိုင်းလည်း ပျောက်ပါလိမ့်မယ်။ ဒီကာလမှာ သတင်းအချက်အလက် မစီးဆင်းနိုင်အောင် စစ်ကောင်စီရဲ့ အင်တာနက်ပိတ်ဆို့ဖြတ်တောက်တာ ခံထားရတဲ့နယ်မြေတွေ အများကြီး ရှိပါတယ်။ ဒီလို ထုတ်ဖော်ပြောဆိုခွင့် စိန်ခေါ်မှုရှိတဲ့နေရာတွေက သတင်းဖြစ်ရပ်တွေကိုပါ မီဒီယာတွေက ရယူပြီးဖော်ပြပေး ရတယ်။

ညဘက်မှာ မှောင်ရိပ်ခိုပြီး ဒုစရိုက်မှုကျူးလွန်ကြသလိုပဲ သတင်းအမှောင်ချခံရရင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကိုတောင် မသိနိုင်တော့သလို ခုထက်ပိုဆိုးတဲ့အရာတွေ လုပ်နေရင်လည်း ဘာမှတ်တမ်းမှ မကျန်တော့တာ၊ အချင်းချင်းကြား ချိတ်ဆက်မှု ပြတ်တောက်ပြီး ကိုယ့်ကိုတိုက်ရိုက်မထိသ၍ နေသာသလို နေကြပြီးတော့ တော်လှန်ရေးအရွေ့မှာအရေးကြီးဆုံးဖြစ်တဲ့ အချင်းချင်းကြား စုစည်းမှုလည်း ပြိုကွဲနိုင်ပါတယ်။
 

မေး။     ။ ကိုယ်တိုင်အနေနဲ့ မီဒီယာလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရတာတွေကြုံရလား။ ဘယ်လိုပုံစံနဲ့ ခွဲခြားဆက်ဆံခံခဲ့ရလဲ။

ဖြေ။      ။ ကိုယ်တိုင်မီဒီယာအလုပ်လုပ်တဲ့အခါ ခွဲခြားဆက်ဆံခံရဖူးလားဆိုရင်တော့ အလုပ်ဝင်စမှာ အသက်ငယ်တာ၊ မိန်းကလေးဖြစ်နေတာမျိုးကြောင့် သတင်းအင်တာဗျူးမေးရတဲ့အခါ အထင်သေးသလို မဖြေချင်သလိုနဲ့ အဖက်လုပ်မခံရသလိုမျိုး ကြုံဖူးတယ်။ ပြီးတော့ မြေပြင်သတင်းရိုက်ကူးရေး ကွင်းဆင်းဖို့မှာ အမျိုးသမီးဖြစ်တဲ့အတွက် ကရိကထများတာ၊ လုံခြုံရေးပိုစိတ်ပူရတာ၊ ပင်ပန်းမခံနိုင်တာ စတဲ့ အကြောင်း ပြချက်တွေပေးပြီး ကိုယ့်ထက် အခြားသော အမျိုးသားသတင်းထောက်တွေကို ရွေးချယ် စေလွှတ်တာမျိုး သတင်းဌာနတစ်ခုမှာတော့ ကြုံခဲ့ဖူးပါတယ်။ဒါပေမယ့် ကျွန်မကတော့ ကိုယ်ဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ၊ ဒါကို ဘယ်လိုရအောင်လုပ်ဆောင်မလဲ၊ ဒီအတွက် ဘာစိန်ခေါ်မှု တွေရှိလဲ၊ ကိုယ်ဘာတွေ ပြင်ဆင်ဖို့လိုလဲ ဒါတွေပဲ အဓိကထားတွေးပြီး ဖြစ်ချင်တာကိုဖြစ်အောင် လုပ်လေ့ ရှိပါတယ်။

အမျိုးသမီးဖြစ်လို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကန့်သတ်ခံရခြင်းတွေ၊ ချိုးနှိမ်လိုက်ရမှုတွေက ငယ်ဘဝမှာ မိသားစု၊ ကျောင်း စာသင်ခန်း ထဲကစလို့ ကြီးပြင်းလာတဲ့အခါ လူမှုအဝန်းအဝိုင်း၊ လုပ်ငန်းခွင်အားလုံးမှာ တောက်လျှောက် အနည်းနဲ့အများ ရင်ဆိုင်လာရတဲ့အခါ အမျိုးသမီးအများစုက မဝံ့မရဲ စိတ်အားငယ်မှု၊ တွေဝေမှု၊ မပြောရဲ မလုပ်ရဲတဲ့စိတ်တွေ ဖြစ်လေ့ရှိတယ်။ ဒါကို ကျွန်မတို့က ရဲရင့်စွာ ရင်ဆိုင်ကျော်ဖြတ်ဖို့လိုသလို ကျွန်မတို့ကို တန်းတူညီမျှတဲ့ အခွင့်အရေးတွေပေးမယ့် လူ့ပတ်ဝန်းကျင်ကောင်း တစ်ခုလည်း ကြိမ်းသေပေါက်လိုပါတယ်။


မေး။     ။ ဂျန်ဒါတန်းတူညီမျှရေးအပါအဝင် တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု မြင့်တက်လာဖို့ အတွက် မီဒီယာတွေအနေနဲ့ ဘယ်လို လုပ်ဆောင်ပေးနိုင်ပါသလဲ။

ဖြေ။      ။ ဒီနောက်ပိုင်း မီဒီယာတွေလည်း ဂျန်ဒါတန်းတူညီမျှရေး၊ အစုအဖွဲ့အသီးသီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုနိုင်ဖို့အတွက် ပိုသတိထားအလေးပေးပြီး နေရာပေးလာကြတယ်။ သတင်းတွေမှာ များသောအားဖြင့် အမျိုးသားတွေရဲ့ ပြောဆိုသံတွေပဲ လွှမ်းမိုးလာရာကနေ အမျိုးသမီးတွေရဲ့ အမြင်၊ အတွေ့အကြုံ၊ ခံစားချက် တွေကိုလည်း ထုတ်ဖော်ပြောဆိုဖို့ အားပေးလာကြတယ်။ အမျိုးသမီးအစီအစဉ်မျိုးတွေပါ ထုတ်လုပ်လာပြီး ထုတ်ဖော်ပြောဆိုခွင့် ပေးလာကြတာတွေ့ရပါတယ်။

အဲလိုကနေမှ ထက်မြက်တဲ့၊ သန်မာတဲ့၊ နွေးထွေးကြင်နာ တတ်တဲ့၊ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ အမျိုးသမီးတွေအကြောင်း ပိုသိလာပြီး စိတ်ဓာတ်ခွန်အားတွေလည်း ပိုရလာကြတယ်။ ဒါကြောင့် ကျွန်မတို့အမျိုးသမီးတွေလည်း ရှေ့ထွက်လာဖို့ မကြောက်ပါနဲ့၊ အတွေးအမြင်တွေ ထုတ်ဖော်ဖို့လည်း မတွန့်ဆုတ်ပါနဲ့။ ကျွန်မတို့အားလုံးက လူ့အသိုင်းအဝိုင်းက အစဉ်အဆက် သတ်မှတ်လက်ခံ ထားခဲ့သလို အားနည်းတဲ့သူတွေကြီး မဟုတ်ကြပါဘူး။

“မီဒီတွေကနေ တင်ဆက်တဲ့ အမျိုးသမီးအစီအစဉ်တွေကနေတဆင့် ထက်မြက်တဲ့၊ သန်မာတဲ့၊ နွေးထွေးကြင်နာတတ်တဲ့၊ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ အမျိုးသမီးတွေအကြောင်း ပိုသိလာပြီး စိတ်ဓာတ်ခွန်အားတွေလည်း ပိုရလာကြတယ်”


မေး။     ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့ အနာဂတ်နိုင်ငံသစ်ကို ဘယ်လောက်အထိ မျှော်လင့် ထားသလဲ။

ဖြေ။      ။ အရင်ကထက်စာရင် ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေက လျော့ပါးလာပေမယ့် အများကြီးတော့ လိုနေပါသေးတယ်။ မတူတာတွေစုမှ အမြင်တွေဖလှယ် အဖြေအသစ်တွေရှာရင်း ပိုတိုးတက်တာဖြစ်လို့ ပိုကောင်းမွန်တဲ့ အနာဂတ်တွေဆီသွားဖို့ရာ အစုအဖွဲ့အသီးသီးရဲ့အသံတွေ လုပ်ကိုင်နိုင်စွမ်းတွေ လိုပါတယ်။ ကျွန်မကတော့ တနေ့ထပ်တနေ့ တစ်ယောက်ကိုတစ်ယောက် ပိုပြီး နားလည်မှု၊ စာနာဖေးမကူညီမှု၊ တန်းတူညီမျှမှုတွေ တင်းပြည့်ကျပ်ပြည့်ရှိတဲ့ အဝန်းအဝိုင်းမျိုးဖြစ်လာစေဖို့ အမြဲမျှော်လင့်မိပါတယ်။


 
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media