နန်းဖြူဖြူလင်း နည်းပညာအကြံပေးဆွေးနွေးသူ
ဂျန်ဒါ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့အတွက်ဆိုရင် အမျိုးသမီးတွေကကဏ္ဍစုံမှာ ပါဝင်ရုံတင်မကဘူး၊ အမျိုးသမီးရော အမျိုးသားရောရဲ့ အတွေးအခေါ်ပွင့်လင်းလာဖို့ ကျား၊မတန်းတူရေးအသိအမြင်ရှိဖို့ လူ့အခွင့်အရေးအကြောင်း သိနားလည်ဖို့ အဓိကကျပါတယ်”
နန်းဖြူဖြူလင်းဟာ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့နှင့် ဂျန်ဒါနှင့်ဖွံ့ဖြိုးရေးမဟာသိပ္ပံဘွဲ့ကို ရရှိထားသူ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့တစ်ခုမှာ ကျား - မ ရေးရာ (ဂျန်ဒါ) နည်းပညာအကြံပေးအဖြစ် (၁၀)နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသမီးအဖွဲ့များ၊ ငြိမ်းချမ်းရေးနှင့် ကျား၊မတန်းတူညီမျှရေး ကွန်ရက်များမှာလည်း အချိန်ပိုင်း နည်းပညာ အကြံပေးအနေနဲ့ ပါ၀င်နေသူတစ်ဦး ဖြစ်ပါသည်။
သူမဟာ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်မှာ ကျား-မတန်းတူရေး ပါ၀င်လာစေရန် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီခြင်း၊ ငြိမ်းချမ်းရေးမှာ ပါဝင်နေတဲ့ ခေါင်းဆောင်များအား ကျား-မ တန်းတူညီမျှရေးအပါအဝင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရှုထာင့်မှ ကိုယ်စားပြုအရေးဆိုခြင်း များကို တိုက်တွန်းအကြံပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိမှာ အမျိုးသမီးကွန်ရက်များနဲ့ အတူပူးပေါင်းကာ စစ်အာဏာရှင်အပါ၀င် အာဏာရှင်စနစ် မှန်သမျှ ဆန့်ကျင်ရေး၊ အမျိုးသမီးများ၏ အခွင့်အရေး၊ ကျား-မ တန်းတူညီမျှရေးနှင့် ငြိမ်းချမ်းရေး၊ တရားမျှတရေးအတွက် အရေးဆိုလှုပ်ရှားနေသူလည်း တစ်ဦးဖြစ်ပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို သုံးသပ်ပေးပါရှင့်။
ဖြေ။ ။ ကျွန်မကိုယ်တိုင်ကလည်း အမျိုးသမီးအခွင့်အရေးလှုပ်ရှားတဲ့သူ ဖြစ်တယ်။ အမျိုးသမီး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး အဓိကလုပ်နေတဲ့သူဖြစ်တဲ့အတွက် လက်ရှိနွေဦးတော်လှန်ရေးနဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ကျားမတန်းတူညီမျှရေးရှုထောင့်၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ရှုထောင့်ကနေ သုံးသပ်တာကို လုပ်ချင်ပါတယ်။ ကျား၊မတန်းတူညီမျှရေး ရှုထောင့်နဲ့ ပြောမယ်ဆိုရင် ကိုလိုနီကိုတော်လှန်ကတည်းက အမျိုးသမီးတွေကပါဝင်လာခဲ့ကြတယ်၊ ကိုယ့်ဒေသကို စောင့်ရှောက်တဲ့ နေရာမှာလည်း ပါဝင်လာခဲ့တယ်။
နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး၊ ၆၂ ခုနှစ် စစ်အာဏာရှင်ကို တော်လှန်ကြတဲ့အခါမှာ အမျိုးသမီးတွေ နည်းမျိုးစုံနဲ့ပါတယ်။ ၈၈ မှာလည်း ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးမှာလည်း ပါတယ်။ဒါပေမယ့် သူတို့ရဲ့ပါဝင်မှုကို စနစ်တကျမှတ်တမ်းတင်ထားခြင်း မရှိဘူး။ နည်းပါးခဲ့တယ်။ နည်းပါးခဲ့တဲ့အတွက် အမျိုးသမီးတွေက နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်လာမှုတွေကြည့်ရင် ဘယ်နားက reference ယူရမှန်းမသိလောက်အောင် ဖြစ်တယ်။
ဒါပေမယ့် နွေဦးတော်လှန်ရေးမှာတော့ အမျိုးသမီးအသံအမျိုးသမီးအားမာန်စာစဉ်တို့၊ နောက်ထပ် နိုင်ငံရေးနဲ့တော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးအစုအဖွဲ့တွေက စပြီးတော့ documentation တွေ လုပ်လာခဲ့တယ်။ လုပ်လာခဲ့တဲ့အခါမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုက ပိုပြီးတော့ မှတ်တမ်းမှတ်ရာကျန်ပြီးတော့ ပိုပါဝင်လာ သယောင် တွေ့နေရပါတယ်။ တကယ်တမ်းက ခေတ်အဆက်ဆက်က ပါဝင်လာခဲ့ကြတာပါ။
နွေဦးတော်လှန်ရေး နိုင်ငံရေးဖြစ်စဉ်မှာ အမျိုးသမီးပါဝင်မှုလို့ ပြောတဲ့အခါမှာ သူတို့တွေကို ဘယ်လောက်အထိ လူမှုအသိုင်းအဝိုင်းက လေးစားသလဲ၊ ဘယ်လောက်အထိ နေရာပေးသလဲ၊ သူတို့ကိုယ်တိုင်ကရော လုံခြုံမှု ဘယ်လောက်အထိခံစားရသလဲဆိုတာနဲ့ အများကြီး ဆက်စပ်နေပါတယ်။ လူတယောက်က လုံခြုံမှုမရှိဘူးလို့ ခံစားရရင် သူ့ရဲ့နေ့စဉ်ဘဝပါဝင်မှုတွေကိုတောင် သူက ပြန်ကန့်သတ်တတ်ကြတယ်။
အဲ့တော့ အမျိုးသမီးတွေ များများပါဝင်လာစေချင်သလား၊ သူတို့ရဲ့စိတ်ပိုင်းခန္ဓာပိုင်းပြီးတော့၊ သူတို့ရဲ့ပတ်ဝန်းကျင်ရော လုံခြုံမှုရှိအောင် လုပ်ပေးဖို့ လိုပါတယ်။ ဒီမှာ security နဲ့ပတ်သက်ရင် စစ်ကောင်စီဘက်က အကြမ်းဖက်တာ အရမ်းများတယ်။ မတရားဖမ်းဆီးတာတွေလည်း အရမ်းများတယ်။ မလုံခြုံတဲ့ကြားထဲကကို မတရားမှုကို တော်လှန်ချင်တဲ့လူတွေက အမျိုးသမီးရော အမျိုးသားရော၊ နောက်ထပ်လိင်စိတ်ခံယူမှု ကွဲပြားတဲ့သူတွေရာ မသန်စွမ်းတွေရော အများကြီး ပါဝင်လာကြတယ်။
အဲ့ဒါတွေကို အချင်းချင်းလေးစားမှုရှိပြီးတော့ အချင်းချင်း အကြမ်းမဖက်ဖို့ ကလည်း လိုတယ်။ Safe space လေးတွေရအောင် လုပ်ဖို့လိုပါတယ်။ အရင်တုန်းကဆို နိုင်ငံရေးလား အမျိုးသားတွေက ပိုသိတယ်။ အမျိုးသားတွေက ပြောကြလိမ့်မယ်ဆိုတာကနေ အခုဆိုရင် နိုင်ငံရဲ့အရေး ဖြစ်တဲ့အတွက် နိုင်ငံသူ နိုင်ငံသားတိုင်းက ပါဝင်ပတ်သက်ခွင့်ရှိတယ်ဆိုတဲ့ အမြင်နဲ့ရလာပြီလို့ မြင်ပါတယ်။
“လူတယောက်က လုံခြုံမှုမရှိဘူးလို့ ခံစားရရင် သူ့ရဲ့နေ့စဉ်ဘဝပါဝင်မှုတွေကိုတောင် ပြန်ပြီး ကန့်သတ်တတ်ကြတယ်။ အဲ့တော့ အမျိုးသမီးတွေ များများပါဝင်လာစေချင်သလား၊ သူတို့ရဲ့စိတ်ပိုင်းခန္ဓာပိုင်းပြီးတော့၊ သူတို့ရဲ့ပတ်ဝန်းကျင်ရော လုံခြုံမှုရှိအောင် လုပ်ပေးဖို့ လိုပါတယ်”
မေး။ ။ နိုင်ငံသစ်တစ်ခု တည်ဆောက်တဲ့အခါမှာ ဘယ်လိုအခြေခံမူတွေ၊ စံတန်ဖိုးတွေနဲ့ တည်ဆောက် ချင်ပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့တန်းတူညီမျှရေးက မရရှိနေဘူး။ အဲ့ဒါကြောင့် စစ်မှန်တဲ့တန်းတူညီမျှရေး ရရှိဖို့လိုတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) ထဲမှာတော့ စံတန်ဖိုးတွေက ပါပြီးသားပဲ။ အဲ့မှာလည်း တန်းတူညီမျှရေးကို တွေ့ရတယ်။ ပြီးတော့ မခွဲခြားဖို့လည်း လိုတယ်။ နောက်ခံ background ဘယ်လိုပဲဖြစ်ဖြစ် ခွဲခြားဖို့ မလိုဘူး။ တဦးနဲ့တဦး လေးစားတန်ဖိုးထားတက်ဖို့လည်း လိုလိမ့်မယ်။
ငြိမ်းချမ်းရေး ဆိုတာ လက်နက်ကိုင် ပဋိပက္ခတွေမရှိတိုင်း ငြိမ်းချမ်းတယ်လို့ ပြောလို့မရဘူး။ နည်းမျိုးစုံနဲ့ အကြမ်းဖက်တာ၊ နည်းမျိုးစုံနဲ့ ခွဲခြားတာတွေ နည်းမျိုးစုံနဲ့တန်းတူညီမျှမှု မရှိတာတွေ အဲ့ဒါတွေအကုန်လုံးကို ပပျောက်အောင် လုပ်နိုင်တဲ့စံတန်ဖိုးကို ထားမှရမှာ အဲ့ဒီအခြေခံမူတွေပေါ်မှာပဲ မူတည်ပြီး နိုင်ငံကိုတည်ဆောက်ရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး ဘာတွေပြောင်းလဲသွားတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ဘယ်လောက်အထိ ပြောင်းလဲသွားလဲက လူအမျိုးမျိုး ရှိပါတယ်။ တော်လှန်ရေးမှာ စိတ်ရော လူရော ပါဝင်လာတဲ့သူတွေ ကျရင်တော့ ကိုယ့်အတွေးအခေါ်ကိုကအစ စိန်ပြန်ခေါ်ပြီး အပြောင်းအလဲလုပ်တယ်။ အရင်တုန်းကဆိုရင် လူမျိုးကြီးဝါဒကို သေချာသဘောမပေါက်တဲ့သူတွေက အခုတော့သဘောပေါက်လာပြီ။ အရင်တုန်းကဆိုရင် စစ်တပ်မှိုင်းမိနေတာ။ တိုင်းရင်းသားလက်နက်ကိုင်တွေက သူပုန်တွေ မိုင်းထောင်ပြီးတော့ တံတားတွေဖျက်တဲ့သူတွေဆိုပြီး ဂျင်းထည့်ခံထားရတဲ့သူတွေကလည်း တကယ်တမ်း ကိုယ်တိုင်တောခို ရတဲ့အခါမှာ မဟုတ်ဘူးဆိုတာ သိလာကြတယ်။
ဒီလိုမျိုး လူတွေကို နှိပ်စက်နေတာက အဓိကတရားခံက ဘယ်သူလဲဆိုတာကို မြင်လာတယ်။ ကိုယ့်အခွင့်အရေးမဆုံးရှုံးအောင်လို့ ပြန်လည်တွန်းလှန်တိုက်ခိုက်နေရတဲ့ သူတွေပါလားဆိုတဲ့ အမြင်ရှုထောင့်တွေ ပြောင်းလဲသွားတာ အများကြီးတွေ့လာရတယ်။ ပညာရေးဆိုရင် လည်း ဒါကျက်၊ ဒါသင် ဆိုတာမဟုတ်တော့ဘဲနဲ့ ကျောင်းသားတွေကို discussion တွေ များများလုပ်ခိုင်းတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့တခါမှ အဘွားကြီးတွေ မတွေးဖူးတဲ့ click to donate တို့ ဒစ်ဂျစ်တယ် နည်းပညာတွေကိုရအောင်အသုံးပြုပြီးတော့ အလှူငွေတွေရအောင်၊ ဝင်ငွေတွေရအောင် လုပ်နိုင်တယ်။
သူပုန်တို့၊ နောက် The Way တို့၊ အတူတကွတို့ တော်လှန်ရေးထုတ်ကုန်တွေကို ပြည်တွင်းမှာတင် မဟုတ်ဘူး။ ပြည်ပအထိရောက်အောင် ဈေးကွက်တွေလည်း လုပ်နိုင်တယ်။ နောက် ဘဏ်တွေ၊ NUG Pay တို့ အဲ့ဒါတွေ ကလည်း အတွေးသစ်အမြင်သစ်နဲ့ ခေတ်နဲ့လိုက်ပြီး တော်လှန်ရေးဘက်က စီးပွားရေးတွေ ဈေးကွက်ချဲ့ တာတွေ တွေ့ရပါတယ်။ ဒါက တော်လှန်ရေးနဲ့ဆက်စပ်နေတဲ့ဟာတွေ ပြောတာဖြစ်တယ်။
ပြည်တွင်းမှာက ဝမ်းနည်းစရာကောင်းလောက်အောင် ကုန်ဈေးနှုန်းကလည်း မတရားကြီးလာတော့ လူလတ် တန်းစားနဲ့အောက်ခြေလူတန်းစားတွေ ကျောကော့အောင် ခံနေရတယ်။ စီးပွားရေးရော၊ ကျန်းမာရေးရော၊ အတွေးအခေါ်ရော အကုန်လုံးက လူတစုလေးပဲ ကောင်းစားနေပြီးတော့ တကယ့် လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားကတော့ ကျောကော့နေအောင်ခံရတဲ့ ပြောင်းလဲမှုတွေ ရှိနေပါတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်မှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ဘယ်လောက်အထိ အပြောင်းအလဲ ဖြစ်သွားသလဲ။
ဖြေ။ ။ စစ်မှန်တဲ့ပြောင်းလဲမှု ဟုတ်ရဲ့လားလို့ ကျွန်မက သံသယရှိတယ်။ ဘာလို့လဲဆို ကြားဖန်များရင် စကားလုံးတွေ သုံးတတ်တယ်လေ။ ဆိုလိုတာက တော်လှန်ရေးဘက်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက လူတွေက ကျားမတန်းတူ ညီမျှရေးတို့၊ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့၊ GBV တို့၊ ခွဲခြားဆက်ဆံမှုတို့၊ equality တို့ကို အမျိုးသမီးအဖွဲ့တွေကလည်း တောက်လျှောက်ပြောနေကြတယ်။ အဲ့ဒါတွေက ရင်ထဲက လာတဲ့ပြောင်းလဲမှုဟုတ်လား မဟုတ်လား ကျွန်မမသိဘူး။
အဲလိုပြောလာတိုင်း အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင် ခွင့်ကို လျစ်လျူမရှုဘူးလို့ ပြောလို့မရဘူး။ ကျွန်တော်တို့ကတော့ နေရာပေးပါတယ်။ အမျိုးသမီးတွေ ကိုယ်တိုင် က နေရာမယူတာ၊ လုံခြုံရေးအကြောင်းပြပြီးတော့ သူတို့ မလုပ်နိုင်တာ ဆိုတာလည်း ကြားနေရတုန်းပဲ။ NUG ကို မြန်မာပြန်ထားတာပဲကြည့် ပြည်သူ့အစိုးရလို့ ပြောလို့မရဘူးလား၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ national ဆိုတာကို အမျိုးသားလို့သုံးရမယ်၊ ပြုပြင်ပြောင်းလဲလို့မရဘူးလို့ ဘယ်ဘုရားကဟောခဲ့တာလဲ။
ဘယ်ကျမ်းဂန် က ပါတာလဲ၊ အခုဆိုရင် တန်းတူညီမျှရေးအတွက် လုပ်လာပြီဆိုရင် ဒါတွေကို ထည့်သွင်း စဉ်းစားလို့ မရဘူးလား။ Neutral ဖြစ်တဲ့အသုံးတွေကို သုံးလို့မရဘူးလား။ အဲ့ဒါတွေကို တဖြေးဖြေးနဲ့ နားလည် လာတော့မှပဲ ကျားမတန်းတူညီမျှရေးကို ပိုပြီးလုပ်ဆောင်နိုင်မယ်လို့ ကျွန်မထင်ပါတယ်။
မေး။ ။ စနစ်ပြောင်းတော်လှန်ရေးတခုအောင်မြင်ဖို့ အမျိုးသမီးတွေက ဘယ်ကဏ္ဍမှာ ပိုပြီးပါဝင်လာဖို့ အရေးကြီးလဲ။
ဖြေ။ ။ ကဏ္ဍစုံပါဝင်ဖို့အရေးကြီးသလို အမျိုးသမီးတွေရဲ့ mindset ကလည်း ပြောင်းလဲဖို့ အရေးကြီးတယ်။ အမျိုးသမီးတိုင်းသည် အမျိုးသမီးအခွင့်အရေးကို မွေးရာပါစိတ်ဝင်စားနေတဲ့သူတွေ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ခေတ်အဆက်ဆက်က ထည့်လာတဲ့ ယဉ်ကျေးမှုစံနှုန်းတွေကြောင့်ပါ။ မိန်းမဆိုတာက နိမ့်ကျတယ်။ ယောကျာ်းက ပိုပြီးမြင့်မြတ်တယ်။
သူတို့က အဲ့ဒီသွန်သင်မှုအောက်မှာကြီးပြင်းလာရတဲ့အခါမှာ ဒါတွေဟာ သဘာဝပါပဲ၊ ဒါတွေဟာပုံမှန်ပါပဲ ဆိုတာလေးနဲ့ ငါတို့မိန်းမတွေ ဘုရားပေါ်မတက်ရဘူး။ ငါတို့မိန်းမတွေ ညစ်ပတ်တယ်၊ နိမ့်ကျတယ်ဆိုတဲ့ဟာကို ဒါဟုတ်တယ်ဆိုပြီး လက်ခံလိုက်တဲ့သူတွေက အများကြီး၊ အဲတော့ စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့အတွက်ဆိုရင် အမျိုးသမီးတွေကကဏ္ဍစုံမှာ ပါဝင်ရုံတင်မကဘူး။ အမျိုးသမီးရော အမျိုးသားရောရဲ့ အတွေးအခေါ်ပွင့်လင်းလာဖို့ ကျား၊မတန်းတူရေးအသိအမြင်ရှိဖို့ လူ့အခွင့်အရေးအကြောင်း သိနားလည်ဖို့ လိုပါတယ်။
မေး။ ။ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံတာခံရဖူးလား။
ဖြေ။ ။ အမျိုးသမီးဆိုတာနဲ့ကို ခွဲခြားခံထိပြီ။ ၂၀၁၀ ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတခုမှာ အကျိုးဆောင်အနေနဲ့ ပါဝင်ပြီးတော့ လုပ်ရတယ်။ လုပ်ရတဲ့အခါမှာ documentation တွေကို ကွန်ပျူတာနဲ့ စာရိုက်နေတဲ့အချိန်မှာ တိုင်းရင်းသားခေါင်းဆောင်တွေဘက်က လူကြီးတွေရော တပ်မတော်ဘက်က အရာရှိကြီးတွေရော “ဟဲ့ကောင်မလေးတဲ့ ဒီ stick ထဲကို ထည့်ပေးတဲ့”။ အဲ့တော့ကျွန်မက ကောင်မလေးမဟုတ်ဘူး ကောင်မကြီး လို့ ပြန်ပြောလိုက်တာ သူတို့က အဲ့တော့ ဆရာမလို့ ပြန်ပြောင်းခေါ်တယ်။
ဆိုလိုတာက အဲ့နေရာမှာ အမျိုးသားတယောက်ဆိုရင် ဟဲ့ကောင်လေးလို့ မပြောဘူး။ faciliator တယောက်ကို အဲ့လိုပြောမှာ မဟုတ်ဘူး။ နောက်ပြီးရင် တခုခုပြောရင် ခင်ဗျားတို့တွေက ၃၀ ရာခိုင်နှုန်းတောင်းဆိုဖို့ပဲ သိတဲ့သူတွေ၊ တခြားဘာမှသိတဲ့သူတွေ မဟုတ်ဘူးဆိုတဲ့ အဲ့အမြင်လည်းရှိတယ်။ ကျွန်မတို့က ကျွန်မတို့တင်မကဘူး။ နိုင်ငံရေးမှာ ပါဝင်နေတဲ့အမျိုးသမီးတွေ၊ လွှတ်တော်အမတ် တွေပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှာဖြစ်ဖြစ် ပါတီနိုင်ငံရေးမှာ ပါဝင်နေတဲ့အမျိုးသမီးတွေ ဖြစ်ဖြစ် CSO မှာပါဝင်နေတဲ့အမျိုးသမီးတွေဖြစ်ဖြစ်၊ ငါတို့လည်းသိပါတယ်ဆိုပြီး သက်သေပြရတယ်။ စာတွေ အသားကုန် ဖတ်ရတယ်။ နားလည်အောင်လုပ်ရတယ်။
ကိုယ့်စကားပြောတာကို အလေးမထားရင် လက်ကိုမရရအောင် ထောင်ပြီးတော့ ဆက်ပြောရတယ်။ အဲ့လိုခွဲခြားမှုက ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်း အရင်းခေါက်ခေါက်တွေ ဆီကလည်း လာတယ်။ အမျိုးသားခရီးထွက်မယ်ဆိုရင်တော့ ကလေးကို ဘယ်သူ ကြည့်မလဲဆိုတဲ့စကား ဘယ်သူမှ မမေးဘူး။ အမျိုးသမီး ခရီးထွက်မယ်ဆို ကလေးက ဘယ်နှနှစ်လဲ ထားခဲ့ရက်တယ်နော်။ အဲ့ဒါတွေက လူမှုစံနှုန်းအရ ပြောနေတယ်ဆိုပေမယ့် ခွဲခြားဆက်ဆံမှုပဲ။ stereotyping တွေက ခွဲခြားဆက်ဆံမှုကို ဦးတည်စေပါတယ်။
“ကျွန်မတို့က ကဏ္ဍတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး အမျိုးသမီးတိုင်းကို ရှိစေချင်တာပါလို့ ပြောရင်လည်း လွန်ရာကျွန်မလား မသိဘူး”
မေး။ ။ အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုကဏ္ဍတွေမှာ ရနေပြီလို့ ပြောချင်ပါသလဲ။
ဖြေ။ ။ NUG ကိုပဲ ကြည့်ကြည့် ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိတာက ဘယ်သူတွေလဲ။ ဒုသမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေထဲမှာ အမျိုးသမီးဘယ်နှယောက် ပါနေလဲ။ NUCC, JCC , PDF ခေါင်းဆောင်တွေကို ကြည့်လိုက်။ ဘယ်သူတွေက ဆုံးဖြတ်ချက်ကို တိုက်ရိုက်ချနေလဲ။ အဲ့တော့ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ position power တွေမှာ balance ဖြစ်နေရဲ့လား၊ အနည်းဆုံး ၃၀ ရာခိုင်နှုန်းတောင် မရှိနေသေးတဲ့ အနေအထားမှာ အမျိုးသမီးတွေ ခေါင်းဆောင်နေရာတွေ ရနေပါပြီ၊ အများကြီး တိုးတက်လာပြီလို့ ကျွန်မက သိပ်မပြောချင်ပါဘူး။
ဒါပေမယ့် ကိုယ့်ရဲ့ဆွေးနွေးချက်တွေကို အလေးထားလာအောင်တော့ အမျိုးသမီးတွေက ကြိုးစားပြီး လုပ်ကိုင်နေပါတယ်။ အမျိုးသမီးဝန်ကြီးဌာန ရှိတယ်ဆိုတာတခုထဲနဲ့ အမျိုးသမီးတွေလည်း ဆုံးဖြတ်ချက်ချရနေပြီလို့ပြောရင် ဟိုးအရင်တုန်းကလို နိုင်ငံရဲ့ခေါင်းဆောင်နေရာမှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်လုံးရှိနေတာပဲ ခင်ဗျားတို့က ဘာလုပ်ချင်သေးတာလဲ၊ ကျွန်မတို့က ကဏ္ဍတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး အမျိုးသမီးတိုင်းကို ရှိစေချင်တာပါလို့ ပြောရင်လည်း လွန်ရာကျမလား မသိဘူး။
မေး။ ။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လျစ်လျူရှုမှုတွေပပျောက်ဖို့ ဘာတွေလုပ်သင့်ပါသလဲ။
ဖြေ။ ။ ပေါ်လစီကတော့ လိုတယ်လို့ပြောပေမယ့် တကယ်တမ်းက လူတွေရဲ့နှလုံးသားထဲက လက်ခံလာနိုင်မှု၊ လူကိုလူလို မြင်တတ်ဖို့ အရမ်းအရေးကြီးတယ်။ လူကို ယောကျာ်းဖြစ်ခြင်း မိန်းမဖြစ်ခြင်းနဲ့ သွားမကြည့်ဘဲနဲ့ လူ့တန်ဖိုးကို မြင်တတ်ဖို့ လိုပါတယ်။ အဲ့လိုဖြစ်လာမှလည်း ပိုပြီးအဆင်ပြေတယ်။ လူမှုစံနှုန်းတွေ အလေ့အထတွေကလည်း လူ့တန်ဖိုးကို လေးစားပြီးတော့ လူသားတိုင်းကိုလူကိုလူလို့ပဲမြင်၊ ကျားဖြစ်ခြင်း မဖြစ်ခြင်း လူမျိုးနွယ်စု ဘာသာမတူခြင်း အသားရောင်ကွဲခြင်းတွေ တခုလပ်တို့ မုဆိုးမတို့ အပျိုကြီးတို့၊ လက်ရှိအိမ်ထောင်နဲ့တို့ အဲ့ဒါတွေကို ထည့်မတွက်ဘဲနဲ့ လူကိုလူလိုမြင်တတ်ဖို့က တော်တော်ကြီးကြိုးစားရဦးမယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်သစ်တွေ ပိုမိုထွက်လာဖို့ ဘာတွေလုပ်ရမလဲ။
ဖြေ။ ။ အမျိုးသမီးအချင်းချင်းလည်း နေရာပေးဖို့လိုတယ်။ အမျိုးသမီးခေါင်းဆောင်တွေက နှလုံးသား ကြီးကြီးလေး ကျယ်ကျယ်လေး ထားဖို့လိုမယ်။ တဆင့်ပြီးတဆင့် လက်တွဲခေါ်ယူတက်ဖို့ လိုမယ်။ တချို့ဆို ပြောတော့သာ women empowerment တို့ women leadership တို့ ပြောတယ်။ တကယ်တမ်း empower လည်း ဖြစ်လာရော generation gap ရဲ့ဒဏ်ကိုလူတွေက မခံနိုင်ဘူး။ ကြည့်စမ်း ပြန်ပြောနေလိုက်တာ တခွန်းမကျန် ငါတို့ကို မခန့်တာလား ဆိုတဲ့ဟာမျိုးတွေ။ ခေါင်းဆောင်သစ်တွေ မွေးထုတ်လာပြီဆို ခေါင်းဆောင်သစ်တွေ နေရာပေးတက်ဖို့လည်း လိုသေးတယ်။ အဲ့ဒါမှ ခေါင်းဆောင်အသစ် တွေ အများကြီးရှိလာမှာ။
“အမျိုးသမီးအချင်းချင်းလည်း နေရာပေးဖို့လိုတယ်။ အမျိုးသမီးခေါင်းဆောင်တွေက နှလုံးသားကြီးကြီးလေး ကျယ်ကျယ်လေး ထားဖို့လိုမယ်။ တဆင့်ပြီးတဆင့် လက်တွဲခေါ်ယူတက်ဖို့ လိုမယ်။ တချို့ဆို ပြောတော့သာ women empowerment တို့ women leadership တို့ ပြောတယ်။ တကယ်တမ်း empower လည်း ဖြစ်လာရော generation gap ရဲ့ဒဏ်ကို လူတွေက မခံနိုင်ဘူး”
မေး။ ။ အမျိုးသမီးတွေပါဝင်လာရင် အနာဂတ်နိုင်ငံရေးကို ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာနိုင် မလဲ။
ဖြေ။ ။ အနည်းဆုံးတော့ ဂုဏ်သိက္ခာရှိတဲ့လူ့အဖွဲ့အစည်း ဖြစ်လာလိမ့်မယ်၊ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးတွေးခေါ်မှုတွေ ရှိလိမ့်မယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် အမျိုးသမီးတွေက နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေကို လုံးဝမကြိုက်ဘူး။ အဲ့ဒါကို ကာကွယ်တားဆီးအောင်လည်း လုပ်တယ်။ အကြမ်းဖက်ခံ ရတဲ့သူတွေကို ပြန်ပြီးကုစားပေးတယ်။ အဲ့ဒါတွေလုပ်တဲ့အခါမှာ အကြမ်းဖက်တာ ကောင်းတာ မဟုတ်ဘူး။
လူ့အခွင့်အရေးကို ချိုးဖောက်တာ လူ့အခွင့်အရေး ချိုးဖောက်မှုမရှိလာအောင်လို့ code of conduct ပဲပြောပြော ethical guide line ပဲပြောပြော basic principle ပါလာအောင် နိုင်ငံရေးအစုအဖွဲ့ တိုင်းမှာ ဒီဟာလေးတွေကို စိမ့်ဝင်သွားအောင် စံတန်ဖိုးတွေ စိမ့်ဝင်သွားအောင် အသည်းအသန် အမျိုးသမီး အခွင့်အရေးကို လေးစားလိုက်နာအောင် အမျိုးသားတွေကပါ ကြိုးစားမယ်ဆိုရင် နိုင်ငံရေးက ကျွန်မတို့ရဲ့ နိုင်ငံကို ကြည့်လိုက်တဲ့အခါမှာ ဂုဏ်သိက္ခာရှိတဲ့နိုင်ငံ ဂုဏ်သိက္ခာရှိတဲ့နိုင်ငံရေး အနေနဲ့မြင်ရလိမ့်မယ်လို့ ကျွန်မ ရဲရဲကြီးအာမခံရဲတယ်။
မေး။ ။ အနာဂတ်နိုင်ငံသစ်မှာ အမျိုးသမီးပါဝင်မှု တန်းတူညီမျှရှိတဲ့ နိုင်ငံကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ လူငယ်တွေကိုပဲ မျှော်လင့်တော့တယ်။ လူကြီးတွေက အရိုးတွေဆွေးနေပြီ အမျိုးသမီးပါဝင်တွေသာ လျှောက်ပြောနေတာ။ တကယ်တမ်း နှလုံးသားထဲမှာ နေရာပေးနိုင်မှုက ခက်တယ်။ အဲ့တော့ လူငယ်တွေကို အတွေးအခေါ်ပြောင်းအောင်လို့ လုပ်မှရမယ်။ သူတို့လည်း ပြောင်းနေပြီလို့ ထင်တယ်။ လူငယ်တွေကတော့ သူတို့လက်ခံရင် လက်ခံတယ်။ သူတို့လက်မခံရင် လက်မခံဘူး။ အဲ့ဒီဟန်မဆောင်တဲ့ မျိုးဆက်သစ်တွေဆီမှာ တကယ့်ကိုစစ်မှန်တဲ့ သန္ဓေတည်ဖို့အတွက် လုပ်ရမယ်။
မတူကွဲပြားမှုကို လေးစားတက်ဖို့ တန်းတူ ညီမျှရေးကို အလေးပေးတက်ဖို့ ဘယ်လိုမှ ခွဲခြားမှုကိုမလုပ်ဖို့ အကြမ်းဖက်ရင် အကြမ်းဖက်တဲ့လူကိုအရေးယူဖို့ အဲ့ဒါတွေကိုသာသူတို့ရဲ့ နှလုံးသားထဲမှာ တကယ်ပဲလက်ခံမယ်ဆိုရင် အရမ်းလှသွားမယ်။ အဲ့လိုလှသွားတဲ့အခါ အမျိုးသမီးတွေကိုဖြစ်စေ မတူကွဲပြားတဲ့သူတွေကိုဖြစ်စေ နေရာမပေးရင် နေရာပေးအောင် အဲ့လူငယ်ထု အဲ့လူထုက ပြန်တောင်းဆိုလိမ့်မယ် ကာကွယ်ပေးလိမ့်မယ်။
မေး။ ။ ဖြည့်စွက်ပြောကြားချက်။
ဖြေ။ ။ တကယ်တမ်းကအမျိုးသမီးတွေကလေ ခေတ်အဆက်ဆက်တာဝန်တွေကို ထမ်းလာတာ အဲ့ဒါက မိသားစုတခုနဲ့ပဲကြည့် တကယ်တမ်းနိုင်ငံတနိုင်ငံက မိသားစုတွေအများကြီးနဲ့ စုဖွဲ့ထားတာ။ မိသားစုတစုကိုပဲ ကြည့် အဖေတယောက်ထဲက တာဝန်ထမ်းရင် အဲ့အဖေဘယ်လောက်ပင်ပန်းလဲ၊ တုံးတုံးအအ ငါပြောသမျှကိုပဲ လုပ်ဆိုလုပ်တဲ့ အဲ့အမျိုးသမီးနဲ့ဆို အဲ့အမျိုးသားဘယ်လောက်ပင်ပန်းလဲ။
ဒိုးတူဘောင်ဘက် လုပ်တဲ့သူရှိရင် နှစ်ဦးနှစ်ဖက် ဝန်တွေမပေါ့ဘူးလား။ နှစ်ဦးနှစ်ဖက်ဝန်ပေါ့တဲ့အပြင် သားသမီးတွေကို ပြုစုထိန်းကျောင်းတဲ့အခါ နှစ်ဦးနှစ်ဖက် အတူတူထိန်းကျောင်းရင် အဲ့သားသမီးတွေက ပိုပြီးတော့ ထက်မြက်လာမှာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ်ဝန်လေးခံလဲဆိုတာ အမျိုးသားတွေကို မေးကြည့်ချင်ပါတယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media