မချောစုဟန်
အဖွဲ့ဝင်
အမျိုးသမီးမဟာမိတ်အင်အားစု (WAB)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီး ပိုမိုပါဝင်လာတာနဲ့အမျှ အမျိုးသမီးအခွင့်အလမ်းတွေ၊ အကာအကွယ်ပေးမှုတွေ ပိုရလာမယ့် နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်။ မုဒိမ်းမှုတွေ လျော့နည်းပပျောက်လာမယ်။ လုံခြုံမှုအပြည့်နဲ့ ခေါင်းမော့ရင်ကော့ပြီးတော့ လျှောက်လှမ်းနိုင်မယ့်နိုင်ငံဖြစ်လာမယ်”
မချောစုဟန်ကား အညာသူဖြစ်ပြီး ကုန်သည်မိသားစုမှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း မောင်နှမ (၃) ဦးအနက် သမီးအကြီးဆုံးလည်း ဖြစ်ပါတယ်။ ပညာရေးကို အလေးထားတဲ့ မိသားစုရဲ့ထိန်းကျောင်းမှုကြောင့် ပညာထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ မြန်မာစာကထိက ဖြစ်ချင်သူပါ။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ပြီးနောက် မြန်မာစာအထူးပြုနဲ့ မုံရွာတက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ ထို့နောက် မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂထဲ ဝင်ရောက်ခဲ့ပြီး နိုင်ငံရေးကို စိတ်ဝင်စားခဲ့ပါတယ်။
နိုင်ငံ့အရေးကို ကျွန်တော်တို့လုပ်မှရမယ် ကျွန်တော်တို့ပါဝင်မှရမယ်ဆိုပြီး ပါဝင်ဖြစ်ခဲ့သူပါ။ လူထုသပိတ်ကို ဦးဆောင်ရာကနေ တော်လှန်ရေးကို ပါဝင်ခဲ့ပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်ရန် စစ်ရေးသင်တန်းကို တက်ရောက်ခဲ့ပါတယ်။ အမျိုးသမီးတိုင်း တွေးခေါ်လာနိုင်ဖို့ လိုသလို၊ အမျိုးသမီးပါဝါကို တည်ဆောက်ပြီး တော်လှန်ရေးမှာ ဦးဆောင်ပြီး အာဏာရှင်ကို တွန်းလှန်ရမယ်လို့ အမြင်ရှိသူတစ်ဦးပါ။ အမျိုးသမီးမပါဝင်ရင် ဒီပွဲနိုင်မှာမဟုတ်ဘူး လို့ ယုံကြည်ထားသူပါ။
ထို့ပြင် မြေပြင်သပိတ်အင်အားစုအသီးသီးတွင် ပါဝင်လှုပ်ရှားနေကြတဲ့ လူငယ်အမျိုးသမီး များဖြင့် ဖွဲ့စည်းထားတဲ့ အမျိုးသမီးမဟာမိတ်အင်အားစုရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန် အထိ လူထုသပိတ်များ၊ ပြောက်ကျားသပိတ်များကို ဦးဆောင်နေဆဲ၊ အသိပညာပေးနေဆဲ ဖြစ်ပါတယ်။
အမျိုးသမီးမဟာမိတ်အင်အားစုကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး (၁)မြေပြင်အမျိုးသမီးသပိတ်များ အားကောင်းလာစေရန်နှင့် အခြားသောတော်လှန်ရေး ကဏ္ဍအသီးသီးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရေး၊ (၂)စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက် လာရေး၊ (၃) အနာဂတ် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ ဦးဆောင် ပါဝင်မှုကဏ္ဍ တိုးမြင့်လာစေရေးအတွက် ကြိုးပမ်းနေသော အင်အားစု ဖြစ်ပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
ဖြေ။ ။ ခေတ်အဆက်ဆက်မှာလည်း စစ်အာဏာရှင်တော်လှန်ခဲ့ကြရတယ်။ (၂၀၂၁) ကလည်း စစ်အာဏာရှင်ကို တော်လှန်ကြတာပဲ။ အရင်တုန်းက တော်လှန်ရေးတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ ၂၀၂၁ နွေဦးတော်လှန်ရေးက ပိုအောင်မြင်တာကို တွေ့ရတယ်။ ဘာလို့အောင်မြင်မှုရှိလဲ။ လူထုမှာရော တော်လှန်နေတဲ့ လူငယ်တွေမှာရော အကုန်လုံးမှာ နိုင်ငံရေးအသိအမြင်နဲ့ လက်ရှိအခင်းအကျင်း အကုန်လုံးကို သိလာမှုတွေ ပိုကျယ်လာတာကြောင့်ပါ။
စစ်ကောင်စီရဲ့ သွေးခွဲမှုတွေကို လူငယ်တွေ ယုံလားလို့မေးရင် မယုံဘူး။ ဘယ်သူကိုသွားပြီးတော့ ဘာတွေပြောပြနေ ပြောပြနေ အချိန်တန်တော့လည်း အကုန်လုံး စစ်အာဏာရှင်ကိုတိုက်ရမှာပဲဆိုတဲ့ ဘုံရန်သူကို သိတဲ့အသိပျောက်မသွားအောင် ထိန်းကွပ်မှုရှိကြတယ်။ အတွေးအမြင် တွန်းတိုက်တိုင်း သွေးကွဲမသွားကြဘူး။ ရှူးတိုက်တိုင်း မကိုက်တော့ဘူး။ အဲလိုမျိုး အနေအထားကို ရောက်လာတာဖြစ်တဲ့အတွက် (၂၀၂၁) နွေဦးတော်လှန်ရေးမှာက ပိုပြီး အားကောင်းလာတယ် လို့ ဆိုချင်ပါတယ်။
“လူထုမှာရော တော်လှန်နေတဲ့လူငယ်တွေမှာရော အကုန်လုံးမှာ နိုင်ငံရေးအသိအမြင်နဲ့ သိလာမှုတွေ ပိုကျယ်လာတယ်။ စစ်အာဏာရှင်ကို တိုက်ရမှာပဲဆိုတဲ့ ဘုံရန်သူကို သိတဲ့အသိ ပျောက်မသွားအောင် ထိန်းကွပ်မှုရှိကြတယ်။ အတွေးအမြင် တွန်းတိုက်တိုင်း သွေးကွဲမသွားကြဘူး။ ရှူးတိုက်တိုင်း မကိုက်တော့ဘူး”
မေး။ ။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ အခြေတည်ပြီး တည်ဆောက်သင့်ပါသလဲ။
ဖြေ။ ။ နိုင်ငံတစ်ခုတည်ဆောက်တဲ့နေရာမှာ ရှိသင့်တဲ့အရာက နိုင်ငံလို့ ပြဖို့အတွက်က မြေရှိရမယ်။ ကျွန်တော်တို့မြေပြင်မှာ အစိုးရရှိပြီ။ တချို့ကပြောကြတယ် မင်းတို့အစိုးရဘယ်မှာလဲ။ မင်းတို့အစိုးရက လေလှိုင်းအစိုးရပါကွာဆိုပြီး ပြောကြတယ်။ NUG အစိုးရကနေ ပေါက်ပွားလာတဲ့ "ပ" သုံးလုံးယန္တရားကလည်း မြေပြင်အစိုးရတစ်ရပ်၊ မြေပြင်မှာရှိတဲ့ လက်ရှိယန္တရားကြီးတစ်ခုအဖြစ် ကျွန်တော်တို့လက်ခံတယ်။NUG ရဲ့ ဝန်ကြီးတွေ၊ သမ္မတကြီးတွေ အကုန်လုံးမြေပြင်မှာရှိမှ နိုင်ငံတစ်ခုတည်ဆောက်လို့ရတာမှ မဟုတ်တာ။ အခု ဒေသအသီးသီးမှာ ပသုံးလုံးယန္တရားတွေရှိတယ်၊ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေ ရှိတယ်။ ဒါဟာ နိုင်ငံတစ်ခု တည်ဆောက်နိုင်တဲ့ အပြင်အဆင်တွေပဲ။
နိုင်ငံကတော့ပေါ်ထွက်နေပြီ။ ကျွန်တော်တို့ ဘာတွေထပ်လုပ်ကြမလဲ။ နိုင်ငံနဲ့ညီမျှတဲ့ဥပဒေတွေ၊ လုံးဝ စံပြုလောက်တဲ့ လူသားဆန်မှုတွေ ချပြရမယ်။ ကျွန်တော်တို့ရဲ့တပ်က နိုင်ငံတကာစံနှုန်းနဲ့ ယှဉ်ရင် လုံးဝ အံဝင်ဂွင်ကျဖြစ်နေမယ့် စစ်တပ်ဖြစ်ဖို့လိုမယ်။ ဒါကြောင့်မလို့လည်း MOD က လက်နက်ကိုင်တပ်ရင်းတွေ လေးစားလိုက်နာဖို့ COC နှစ်ရပ်နှင့် စစ်သည်ကျင့်ဝတ်တွေ ချမှတ်တယ်။ ဒါတွေကို ဘာလို့လိုက်နာရမှာတုန်း မေးရင် ကျွန်တော်တို့က လူသားဆန်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ လိုတယ်။ အထူးသဖြင့် ကျွန်တော်တို့ တရားဥပဒေကို လေးစားလိုက်နာကြဖို့ လိုတယ်။
အခု အာဏာသိမ်းခံလိုက်ရတယ်။ ဘာကြောင့် တော်လှန်ခဲ့ တာလဲ။ ကျွန်တော်တို့နိုင်ငံရဲ့ အာဏာရှင်ကို မကြိုက်လို့တော်လှန်ခဲ့တာ။ အာဏာရှင်က ထုတ်ထားတဲ့ ဥပဒေတွေကို မကြိုက်လို့ တော်လှန်တယ်။ သူတို့ရဲ့စံတန်ဖိုးတွေကို သဘောမကျလို့ တော်လှန်ခဲ့တယ်။ ကျွန်တော်တို့ အခုသွားနေတဲ့နိုင်ငံကလည်း အဲလိုနိုင်ငံထပ်ဖြစ်လို့မရဘူး။
ကျွန်တော်တို့ ဘယ်လိုနိုင်ငံကို သွားမလဲ။ လားရာကိုသိရမယ်။ ဦးတည်ရာပေါ်လာတယ်။ ကျွန်တော်တို့ သွားမှာက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးမှာ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အကုန်လုံးဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေပဲ။ ကျွန်တော်လည်း လက်ခံယုံကြည် ထားတယ်။ မင်းတို့က ကချင်မို့လို့ ကချင်နယ်မှာနေ မဟုတ်ဘူး။ စစ်ကိုင်းတိုင်းထဲလည်း လာခဲ့၊ မကွေးတိုင်း ထဲလည်း လာခဲ့၊ ငါတို့အညာသားတွေက မင်းတို့တောင်တန်းဒေသဖက်ကိုလာမှာပဲ။ ဘာလို့ဆို တောင်တန်း ပြည်မ ခွဲခြားထားခြင်း မရှိတော့ဘူး။
မြန်မာနိုင်ငံသားအဖြစ်ခံယူရမယ့် စံတန်ဖိုးတွေ ပိုပြီးတော့လိုလာပြီ။ ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ ဘာသာရေးကအစ တန်းတူညီမျှမှု ရှိကိုရှိရမယ်။ လူမျိုးကြီး၊ ဘာသာကြီး ကြီးစိုးမှုမဟုတ်ဘဲ လူမျိုးအားလုံး ဘာသာအားလုံး ပါဝင်တဲ့ ပန်းပေါင်းစုံပွင့်လန်းနေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ပေါ့ဗျာ။ အလှပဆုံးနိုင်ငံကြီးအဖြစ် မြင်တွေ့ရမယ်လို့ မြင်ပါတယ်။
“ကျွန်တော်တို့က နိုင်ငံရဲ့အာဏာရှင်ကို မကြိုက်လို့ တော်လှန်ခဲ့တာ။ အာဏာရှင်က ထုတ်ထားတဲ့ ဥပဒေတွေကို မကြိုက်လို့ တော်လှန်တယ်။ သူတို့ရဲ့စံတန်ဖိုးတွေကို သဘောမကျလို့ တော်လှန်ခဲ့တယ်။ ကျွန်တော်တို့ အခုသွားနေတဲ့နိုင်ငံကလည်း အဲလိုနိုင်ငံထပ်ဖြစ်လို့မရဘူး”
မေး။ ။ အမျိုးသမီးတွေအပေါ် ခွဲခြားတဲ့အယူအဆတွေ ပြောင်းလဲသွားတယ်လို့ ထင်ပါသလား။ ဘာတွေ ပြောင်းလဲသွားတယ်လို့ မြင်တွေ့ရသလဲ။
ဖြေ။ ။ ကျွန်တော်တို့အညာကျေးလက်ဒေသဖက်တွေမှာ အမျိုးသမီးတွေဆိုရင် ရာထူးပေးတာနည်းတယ်။ အမျိုးသမီးတွေဆိုရင် ရုံးကူနောက်လိုက် ဒါမျိုးအဆင့်တွေနဲ့ပဲ ဆက်သွားကြရတာ။ ရှေ့ကနေ ဦးဆောင်ဦးရွက် ပြုနေတာက ယောက်ျားလေးတွေပဲ။ တိုင်းရင်းဒေသဖက်တွေမှာတော့ အမျိုးသမီးတွေ လက်နက်ကိုင် ဦးဆောင်တိုက်တာ၊ စနိုက်ဘာကိုင်တာ တွေ့ရလိမ့်မယ်။
ကျွန်တော်တို့ အညာဒေသဖက်မှာတော့ အမျိုးသမီး တွေဆို ဝင်လာရင် ထမင်းချက်၊ ဆေးဖက်၊ မင်းတို့အမျိုးသမီးတွေ သေနတ်မောင်းချိန်လောက်အောင် မသွက်လက်ဘူး၊ မသန်မာဘူးဆိုပြီး အညာမှာ အမျိုးသမီးတွေ ရှေ့တန်းဝင်ပြီး တိုက်တယ်ဆိုတာ အင်မတန်မှ နည်းတယ်။ လက်တစ်ဖက်စာတောင် မရှိလောက်ဘူး။ ကျွန်တော်တို့အညာမှာ အမျိုးသမီးတွေကို မြှင့်တင်နိုင်ဖို့ နေရာပေးဖို့က ယုံကြည်မှုတွေ ယဉ်ကျေးမှုတွေကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်။
ယဉ်ကျေးမှုတွေကို အခြေခံ ထားတဲ့ ကိုးကွယ်ယုံကြည်မှုတွေမှာ အမျိုးသမီးတွေက ဓားစာခံ၊ ပုန်းလျှိုးကွယ်လျှိုးနဲ့ ပျောက်ကွယ်နေကြရတယ်။ ဥပမာဗျာ အမျိုးသားက ဖောက်ပြန်တယ်ဆိုရင်တောင် ယောက်ျားကသူရှာကျွေးနိုင်လို့ သူရှာတာ၊ သူလုပ်ကျွေးနိုင်တာကို ယောက်ျားကောင်း မောင်းမတစ်ထောင် စကားပုံတွေနဲ့တောင် ခိုင်းနှိုင်းပြီးတော့ ကျွန်တော်တို့ အမျိုးသမီးတွေကိုဆို ချိုးနှိမ်ခွဲခြားနေတဲ့စကားပုံတွေ ဆိုရိုးတွေများတယ်။ ဒီလိုမျိုးအရာတွေကို ဆန့်ကျင်ဖို့ အများကြီးလိုတယ်။
မေး။ ။ နိုင်ငံသစ်တည်ဆောက်ရေးမှာ အမျိုးသမီးတွေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးအခွင့်အရေးတွေ ပိုပေးသင့်တယ်။ အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်မယ့်ဥပဒေတွေ ဒီထက်ပိုပြီးတော့ ပေါ်ထွက်လာဖို့ အရေးကြီးတယ်။ တကယ်လည်း အရေးယူတဲ့ဥပဒေတွေ ဖြစ်ရမယ်ပေါ့ဗျာ။ ဥပမာအားဖြင့် လတ်တလောမြေပြင်မှာ ဖြစ်ပျက်နေတဲ့အရာတွေအနေနဲ့ အမျိုးသမီးတွေကို ဖမ်းတယ်။ တခြားပြည်ပနိုင်ငံတွေမှာဆို မြင်ဖူးလိုက်မယ်။ အမျိုးသမီးတွေကိုဖမ်းရင် ရဲမေတွေကဖမ်းတယ်။
ဒါပေမယ့် ဒီမှာကျ အမျိုးသမီးတွေကိုဖမ်းတာ အမျိုးသားရဲဘော်တွေကပဲ ဖမ်းတယ်။ အပေါ့အပါးသွားလည်း အမျိုးသားရဲဘော်တွေပဲ လိုက်ပို့တယ်။ ဒါတွေကအစ ကျွန်မတို့ဆန့်ကျင်ဖို့ လိုတယ်။ ဒါ့ပြင်အမျိုးသမီးတွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေတွေ သေချာရေးဆွဲဖို့လိုအပ်မယ်။ အားလုံးဟာ ဘုန်းကံနဲ့လူတွေချည်းပဲ။ အမျိုးသမီးအခွင့်အရေးအတွက် တိုက်တဲ့အခါ ယဉ်ကျေးမှုတွေ၊ ရှေးစကားပုံတွေ၊ ဘာသာရေးယုံကြည်မှုတွေ စတာတွေ ဘက်ပေါင်းစုံက တိုက်ခိုက်မှုနှိမ့်ချမှုတွေကို ကာကွယ်ပေးမယ့်မူတွေဘောင်တွေ ဥပဒေတွေကတော့ အများကြီးရှိဖို့လိုမယ်လို့ သုံးသပ်ပါတယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်သစ်တွေ ပိုမိုထွက်ပေါ်လာဖို့အတွက် ဘယ်လို လုပ်ဆောင်ကြမလဲ။
ဖြေ။ ။ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးအခွင့်အရေး ကာကွယ်နေသူတွေပေါ်ထွက်လာဖို့ သွေးပေးဖို့ လိုတယ်။ အားလုံးက အရိုင်းတုံးလေးတွေအဖြစ် ရှိနေပြီးသား။ စိန်ကောင်း ကျောက်ကောင်း ဟာလည်း သွေးယူရာက ဖြစ်လာတာပဲ။ အမျိုးသမီးခေါင်းဆောင်လုပ်တဲ့အခါ အတိုက်အခံတွေ အများကြီး ရှိမယ်။ သူတို့ကို ပတ်ဝန်းကျင်က တိုက်ခိုက်မှုတွေရှိလာရင် ခံနိုင်ရည် မရှိကြဘူး။ ပတ်ဝန်းကျင်က ရိုက်ခတ်မှုဟာ သူတို့မိဘတွေဆီအထိ သက်ရောက်မှုရှိသွားတဲ့အခါမျိုးတွေမှာ တောင့်မခံနိုင်ကြတော့ဘူး။
ကျွန်တော် သမီးမွေးထားတယ်။ ကျနော့်အမျိုးသားက သားလေးတစ်ယောက်တော့ ထပ်ယူအုံး၊ ယောက်ျားလေးမွေးမှ မိန်းမမြတ်တဲ့၊ သူကိုယ်တိုင် ဒီစကားပြောလာတယ်။ ကျွန်တော်သူ့ကို လစဉ်လစဉ် ပြောတယ်။ သူနောက်ပိုင်း နားရည်လည်လာတယ်။ အရင်ကဆိုသူ ဘုန်းကံနိမ့်မှာတွေ တအားကြောက်တယ်။ ကျွန်တော်သူ့ကို Pad ထုပ်တွေ အမျိုးသမီးအတွင်းခံတွေပါလာရင် တမင်သယ်ခိုင်းတယ်။ သူသယ်တယ်။ နောက်ပိုင်းမှာ သူ ကျား- မ ခွဲခြားတာတွေ မပြောတော့ဘူး။ ဘာလို့ဆို ကျွန်တော် တဖြည်းဖြည်းဆွဲခေါ်ခဲ့လို့။
အဲလိုပဲ အမျိုးသမီး ဦးဆောင်သူတွေအနေနဲ့ ပတ်ဝန်းကျင် မိသားစုဝင်တွေရဲ့ထိုးနှက်ချက်တွေကို ခံနိုင်ရည်ရှိပြီး ပြန်လည် တွန်းလှန်နိုင်စွမ်းရှိရမယ်။ သူတို့နားလည်လက်ခံလာအောင် အချိန်ပေးရမယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အသိတရားဝင်အောင် ပြောပြပေးနိုင်တဲ့ စွမ်းရည်ရှိဖို့ လိုတယ်။ မဟုတ်ရင် အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ပေါက်ဖို့ ကြာရှည်တည်မြဲဖို့ လွယ်မှာမဟုတ်ဘူး။
မေး။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လို အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။
ဖြေ။ ။ အမျိုးသမီး ပိုမိုပါဝင်လာတာနဲ့အမျှ အမျိုးသမီးအခွင့်အလမ်းတွေ လုံခြုံမှုအကာအကွယ်ပေးမှုတွေ ပိုရလာမယ့် နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်။ မုဒိမ်းမှုတွေ လျော့နည်းပပျောက်လာမယ်။ လုံခြုံမှုအပြည့်နဲ့ ခေါင်းမော့ရင်ကော့ပြီးတော့ လျှောက်လှမ်းနိုင်မယ့်နိုင်ငံဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
“အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံတာမျိုး၊ ခွဲခြားဆက်ဆံတာမျိုး၊ အမျိုးသမီးဖြစ်လို့ ချန်လျပ်ခံထားရတာမျိုး မဖြစ်စေချင်ဘူး။ အဲလိုနိုင်ငံမျိုးအဖြစ်လည်း ဆက်မသွားချင်ဘူး။ အမျိုးသမီးတွေလည်း တော်ရင်တော်သလို ခံစားခွင့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံလို ဖြစ်ချင်တယ်။ လတ်တလောကိစ္စတွေလို အမျိုးသမီးတွေကို အကာကွယ်မပေးနိုင်တဲ့အခြေအနေတွေ မဖြစ်ချင်တော့ဘူး”
မေး။ ။ အမျိုးသမီးတွေအပေါ် ခွဲခြားမှုမရှိတဲ့ နိုင်ငံသစ်ကို အနာဂတ်မှာ ဘယ်လောက်အထိ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါလဲ။ ယုံကြည်ချက်ရှိသလဲ။
ဖြေ။ ။ အများကြီးမျှော်မှန်းထားတယ်။ ကိုယ်တိုင်ကလည်း သမီးမိန်းကလေးနှစ်ယောက်ကို မွေးဖွားထားသူ ဖြစ်တာမို့ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံတာမျိုး၊ ခွဲခြားဆက်ဆံတာမျိုး၊ အမျိုးသမီးဖြစ်လို့ ချန်လှပ် ခံထားရတာမျိုး မဖြစ်စေချင်ဘူး။ အဲလိုနိုင်ငံမျိုးအဖြစ်လည်း ဆက်မသွားချင်ဘူး။ အမျိုးသမီးတွေ လည်း တော်ရင်တော်သလို ခံစားခွင့်ရှိတဲ့နိုင်ငံတစ်နိုင်ငံလို ဖြစ်ချင်တယ်။ လတ်တလောကိစ္စတွေလို အမျိုးသမီး တွေကို အကာကွယ်မပေးနိုင်တဲ့အခြေအနေတွေ မဖြစ်ချင်ဘူး။
အမျိုးသမီးတွေကို အစွမ်းကုန်ကာကွယ် ပေးနိုင်ပြီး သက်ငယ်မုဒိမ်း၊ မုဒိမ်းမှု၊ အကြမ်းဖက်မှုတွေကင်းပြီး အမျိုးသမီးတွေကို စနောက်ကျီစားစရာလို့ ထင်မြင်နေတာမျိုး မရှိစေချင်ဘူး။ အကြောင်းတစ်ခုခုကြောင့် မုဒိမ်းမှုဖြစ်ပွားခဲ့တောင် ကျူးလွန်ခံရသူကို လက်ညှိုးထိုးရှုတ်ချခံတာမဖြစ်ဘဲ အပြစ်ရှိသူသာပြစ်ဒဏ်ခံရပြီး စိတ်လုံခြုံမှုအပြည့်အဝပေးတဲ့ နိုင်ငံအဖြစ် မျှော်မှန်းထားပါတယ်။ ရှေးလူကြီးတွေက "ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့" ဆိုခဲ့ကြပေမယ့် ကျွန်တော်တို့ ယူသင့်တာယူမယ် ပယ်သင့်တာပယ်ကြရမယ်။
ကျွန်တော်တို့ နိုင်ငံသစ်အတွက် အယူအဆမှားတွေ အတွေးအခေါ်အမှားတွေဖြစ်စေမယ့် ရှေးထုံးတွေကိုတော့ ပယ်သင့်ပယ်ရမှာပါပဲ။ လေ့လာအတူယူစရာတွေ အကြံဉာဏ်ကောင်းတွေလည်းယူကြရမယ်။ အနှောက်အယှက်တွေကိုလည်း ဖယ်ထုတ်ကြရမယ်။ တန်းတူညီမျှမှုမရှိတဲ့အသုံးအနှုန်းတွေကအစ နိုင်ငံဟောင်းမှာထားခဲ့ပြီး လူငယ်တွေ ညီညွတ်ကြဖို့ လိုပါတယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media