မထိပ်ထား ဥက္ကဌ (ရှိ/ Sheild)
စုံစမ်းဖော်ထုတ်ရေး သတင်းထောက်


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“မီဒီယာလက်နက်က တိုင်းပြည်တောင်ပျက်နိုင်တယ် ဆိုလောက်တဲ့အထိ အဆိပ်ပြင်းတဲ့အရာပါ။ ဒီမီဒီယာတွေ ကိုယ်တိုင်ကအစ အမျိုးသမီးတွေအပေါ် သုံးနှုန်းတဲ့အသုံးအနှုန်းတွေ ထားသိုတဲ့နေရာတွေ အမျိုးသမီးတွေအပေါ်လေးစားတန်ဖိုးထားမှုတွေ မြှင့်တက်လာအောင် လုပ်ဆောင်နိုင်တယ်”


            မထိပ်ထားသည် ပဲခူးတိုင်းဇာတိဖြစ်ပြီး ဝန်ထမ်းမိသားစုကနေ ကြီးပြင်းလာသူပါ။ ၁၉၈၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၄ ယောက် ရှိတဲ့အနက် တတိယသမီးဖြစ်ပြီး ငယ်စဉ်ကတည်းက သတင်းထောက် ဖြစ်ချင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ပြီး ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကို တက်ရောက် ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်က စတင်ပြီးတော့ သတင်းထောက်အဖြစ် စတင်လုပ်ကိုင်ခဲ့တယ်။ အဲဒီကမှတဆင့် အကြီးတန်းသတင်းထောက်၊ အယ်ဒီတာ၊ အယ်ဒီတာချုပ် စသဖြင့် ပုံနှိပ်မီဒီယာများစွာမှာ လုပ်ကိုင်ခဲ့ပါ တယ်။  သတင်းထောက်စတင်လုပ်ကိုင်ချိန်ကလည်း အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်တဲ့ သတင်းတွေကို အထူးပြုလုပ်ဆောင်ခဲ့သူပါ။

“မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့" မှာ အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သလို “သတင်းသမားများကာကွယ်ရေးကော်မတီ" မှာလည်း အလုပ်အမှုဆောင်အဖြစ် ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ Myanmar Press Freedom Center ကို ပူးတွဲတည်ထောင်သူဖြစ်ပြီး လူတိုင်း လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်အတွက် ကြိုးပမ်းခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ ဖားကန့်မြေပြိုမှုကြောင့် ခင်ပွန်းသည်သေဆုံးခဲ့ရသူအမျိုးသမီးများနဲ့ မူးယစ်ကျေးကျွန်ဖြစ်နေတဲ့ အမျိုးသမီးများအကြောင်းကို ဖားကန့်မြို့က မူးယစ်ဆေးရောင်းချနေတဲ့ နေရာတွေအထိ စွန့်စွန့်စားစားသွားရောက်ရိုက်ကူးခဲ့တဲ့ “သတင်းထောက်တစ်ယောက်ရဲ့ဒိုင်ယာရီ" ဆိုတဲ့ ဇာတ်လမ်းတိုနဲ့ People’s Choice ဆုကို ရရှိခဲ့ပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးမှာ Live သတင်းတင်ဆက်သူအဖြစ်နဲ့ စတင်ပါဝင်ခဲ့ပါတယ်။ ထို့နောက် ပြည်တွင်းမှာ တစ်နှစ်ကာလလောက်ကို ပုန်းလျှိုပြီး သတင်းကိစ္စနဲ့ပတ်သက်တဲ့ အလုပ်တွေ ဆက်လက် လုပ်ဆောင်နေခဲ့သေးပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ထိုင်းမြန်မာနယ်စပ်ကို တိမ်းရှောင်ခဲ့ပြီး “The Red” ဆိုတဲ့ စစ်ကြောရေးငရဲခန်းထဲက အမျိုးသမီးတွေအကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုနဲ့ ပထမဆုကို ရရှိခဲ့ပါတယ်။

ဆုရရှိပြီးနောက်မှာတော့ Women In Myanmar Spring Revolution ဆိုတဲ့ အစီအစဉ်ကို စတင်ဖော်ဆောင်ခဲ့ပြီး တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ အသံကို သမိုင်းမှတ်တမ်းကျန်ရစ်စေဖို့ ရိုက်ကူးပုံဖော်နေခဲ့ပါတယ်။ ထို့ပြင် မတရားမှုတွေအတွက် စုံစမ်းဖော်ထုတ်သူ သတင်းသမားအဖြစ် ၂၀၂၄ ခုနှစ်မှာ စတင်ပြီးလုပ်ကိုင်ခဲ့ပါတယ်။

"မဲဆောက်ဆေးရုံရေခဲတိုက်ထဲက ပိုင်ရှင်မဲ့ အလောင်း” ဆိုတဲ့ စုံစမ်းဖော်ထုတ်မှုကြောင့် NUG အစိုးရရဲ့ မှတ်တမ်းတင်ဂုဏ်ပြုခြင်းကိုလည်း ခံခဲ့ရပါတယ်။ အဲဒီကမှတဆင့် တော်လှန်ရေးထဲက မတရားမှုတွေကို ဆက်လက်စုံစမ်းဖော်ထုတ်ပြီး တော်လှန်ရေးအသိုင်းအဝိုင်းထဲက မတရားမှုများကို အသံပိုမိုကျယ်လောင်နိုင်ရန် လုပ်ဆောင်နိုင်ရန်အတွက်  ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ရှိ/Shiled ဆိုတဲ့ အမျိုးသမီးအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ပြီး ဥက္ကဌအဖြစ် ရွေးချယ်တာဝန်ပေးခံခဲ့ရပါတယ်။  

"ရှိ/ Shield အဖွဲ့အစည်းသည် လူ့အခွင့်အရေးကို မြှင့်တင်ခြင်း၊ ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ခြင်း၊ တန်းတူညီမျှမှုကို မြှင့်တင်ခြင်း၊ ကျားမရေးရာမတူကွဲပြားသည့် အတွေ့အကြုံများအပေါ် လက်ခံသိမြင်မှု အား မြှင့်တင်ခြင်း၊ လူ့အဖွဲ့အစည်းနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ခြင်း၊ စာနာမှုနှင့် မေတ္တာတရားဖြင့် ဆောင်ရွက်ခြင်း၊ တရားမျှတမှုပုံစံအားလုံးအတွက် အတူတကွရပ်တည်ခြင်း စသည့် စံတန်ဖိုးတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ကတိကဝတ်ပြုထားသော အဖွဲ့အစည်းဖြစ်ပါတယ်။

 
မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆရာမ အမြင်ကို ပြောပြပေးပါဦးရှင်။

ဖြေ။      ။ နွေဦးတော်လှန်ရေးကိုပဲ နဖူးတွေ့ဒူးတွေ့ကြုံခဲ့ဖူးတာပါ။ ရွှေဝါရောင်တော်လှန်ရေးကလည်း အရင် က အဲ့လောက်ကြီး သိခဲ့တာ မဟုတ်ဘူး။ နိုင်ငံရေးသည် လောကကြီးမှာ ပါဝင်ပတ်သက်နေသော မတူညီတဲ့ ကွဲပြားမှုတွေ အများကြီးပေါင်းစုထားတဲ့အရာကို နိုင်ငံရေးဖြစ်စဉ်တခုလို့ပဲ ကျွန်တော် ခိုင်းနှိုင်းချင်တယ်။ လက်ရှိနွေဦးတော်လှန်ရေးက အခုချိန်ထိ အရှိန်မကျသွားသေးပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ပင်ရင် အင်တိုက်အားတိုက်နဲ့ ဆက်လက်ပြီးတိုက်ပွဲဝင်နေရဆဲ ရုန်းကန်နေရဆဲ၊ ခုတ်မောင်းနေရဆဲ လှေတစ်စင်း၊ ရထားတစ်စင်း၊ ကားတစ်စင်းလို့ သုံးသပ်ချင်ပါတယ်။

“ကျွန်တော်တို့သိထားခဲ့တဲ့ အကြောက်တရားနဲ့ ရှိနေခဲ့တဲ့နိုင်ငံရေးဟာ တကယ့်တကယ်မှာ အကြောက်တရားဆိုတဲ့ အကာအရံကြီးနဲ့ ထားရတဲ့ကိစ္စ၊ လူပိန်းနားမလည်တဲ့အရာ မဟုတ်ဘူး၊ လူတိုင်းလက်လှမ်းမမှီတဲ့အရာ မဟုတ်ဘူးဆိုတာကိုက ကျွန်တော်တို့ကို shock ဖြစ်စေတဲ့ အရာပါပဲ”
 

မေး။     ။ မြန်မာနိုင်ငံဟာ ဘယ်လိုနိုင်ငံရေးစနစ်တွေနဲ့ တည်ဆောက်ထားတဲ့နိုင်ငံလို့ ပြောလို့ရမလဲ။

ဖြေ။      ။ ကျွန်တော်တို့ စပြီးနားလည်ပြီဆိုတဲ့အချိန်က နိုင်ငံရေးဆိုတာ မပြောရ၊ မဆိုရ ကိစ္စလို့ သိခဲ့ရတယ်။ ကျွန်တော်တို့ အခုချိန်ထိအရိုးစွဲနေတဲ့အရာက အကြောက်တရားပဲ ရှိနေခဲ့တယ်။ နိုင်ငံရေးဆိုတာ မလုပ်နဲ့ မပြောနဲ့ဆိုတဲ့ဟာမျိုး။ အဲ့တော့နိုင်ငံရေးသည် လူတစ်ဦးတစ်ယောက်သော်လည်းကောင်း၊ အစုအဖွဲ့ကသော် လည်းကောင်း၊ သူတို့ကပဲ ကိုယ်စားပြုပြီး သူတို့ကပဲ လုပ်ချင်ရာလုပ်သွား တဲ့အရာတွေကို လိုက်လျှောက်ရတဲ့ အရာလို့ သိထားခဲ့တယ်။ ဗမာနိုင်ငံရဲ့ နိုင်ငံရေးကိုပြောပါဆိုရင် အဲ့အတိုင်းပဲ လက်ခံထားခဲ့တာ ကြာခဲ့ပါပြီ။
 

မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး၊ စီးပွား‌ရေး၊ လူမှုရေး အတွေးအမြင်လက်ခံမှုက ဘယ်လိုပြောင်းလဲသွားလဲ။

ဖြေ။      ။ ကျွန်တော်တို့သိထားခဲ့တဲ့ အကြောက်တရားနဲ့ ရှိနေခဲ့တဲ့နိုင်ငံရေးဟာ တကယ့်တကယ်မှာ အကြောက်တရားဆိုတဲ့ အကာအရံကြီးနဲ့ ထားရတဲ့ကိစ္စ၊ လူပိန်းနားမလည်တဲ့အရာ မဟုတ်ဘူးဆိုတာကို မြင်လိုက်တယ်။ လူတိုင်းနားလည်နိုင်တယ်၊ လူတိုင်းနားလည်ရမယ် သိရမယ်ဆိုတဲ့အရာဆိုတာကို မြင်လိုက်ရတယ်။

ဉာဏ်ရည်မမှီတဲ့ အရာကြီးတခုလိုမျိုး အကန့်အသတ်ကြီးနဲ့လုပ်ခဲ့ပေမယ့် တကယ့်တကယ်ကျတော့ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ၊ ညီလာခံတွေ၊ သတင်းတွေကို ကြည့်တဲ့အခါ နိုင်ငံရေးဆိုတာလည်း ကျွန်တော်တို့မိသားစုထဲမှာ ဒီနေ့ဘာဟင်းချက်လဲ၊ ဒီနေ့ လစာအခြေအနေဘယ်လိုရှိမလဲ၊ ကျောင်းမှာရော အဆင်ပြေရဲ့လားဆိုတဲ့ ကျွန်တော်တို့နေ့တဓူဝ မိသားစုထဲမှာ ပြောဆိုဆွေးနွေးနေကြတဲ့ ကိစ္စရပ်လိုအရာတွေ ဒါတွေပဲပေါ့။

တိုင်းပြည်ရဲ့လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ၊ စည်ပင်ဝပြောရေး၊ လုံခြုံရေးစတဲ့ ဒီအရာတွေပဲ ပါဝင်နေတဲ့အရာ ဆိုတာကို ကျွန်တော်တို့ ထဲထဲဝင်ဝင် သိလိုက်ရတယ်။ နိုင်ငံရေးက ကျွန်တော်တို့ လူတိုင်း လက်လှမ်းမမှီတဲ့အရာ မဟုတ်ဘူးဆိုတာကိုက ကျွန်တော်တို့ကို shock ဖြစ်စေတဲ့ အရာပါပဲ။
 

မေး။     ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံတဲ့အရာတွေ ဖိနှိပ်တဲ့အရာတွေ ဘယ်လောက်ထိ ပြောင်းလဲသွားတယ်လို့ မြင်လိုက်လဲ။

ဖြေ။      ။ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာလည်း ပြောင်းလဲလာတယ်လို့ မမြင်ဘူး။ အရင့်အရင်တွေ အတိုင်းပဲလို့ သုံးသပ်တယ်။ ဘာလို့လဲဆို အမျိုးသမီးတွေနေရာရဖို့အတွက် ကိုတာစနစ်ကို တောင်းဆိုနေရဆဲ ဖြစ်သလို ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာလည်း အမျိုးသမီးအသံတွေပါဝင်လာဖို့ အမျိုးသမီးတွေရဲ့ အတွေးအခေါ်တွေ အယူအဆတွေပါဝင်လာဖို့ တွန်းနေရဆဲဖြစ်တယ်။

ကျွန်တော်တို့ သတင်းတွေမှာဆို ပိုပြီးမြင်သာတယ်။ သတင်းတခုရဲ့ သတင်းအရင်းအမြစ်နေရာမှာ အမျိုးသမီးအသံ ဘယ်လောက်အသုံးပြုပြီး သတင်းထုတ်လဲဆိုတာ မူတည်ပြီး ကြည့်လို့ရတယ်။ ဥပမာ အဓိကရုန်းတွေ ဖြစ်တယ်။ မီးလောင်တာတို့ စစ်ဖြစ်တာတို့ ဗုံးကြဲတာတို့ဆိုတဲ့ ကြေကွဲဖွယ်ရာနေရာတွေဆို အမျိုးသမီး source တွေ အများကြီးသုံးတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေ လူတွေကို အသိပညာပေးတာပဲ ဖြစ်ဖြစ်၊ လှုံ့ဆော်တာပဲဖြစ်ဖြစ် သတင်းတခုခုကို မှန်သလား ပြန်စစ်ဆေးတော့မယ့်နေရာဆို အမျိုးသားတွေပဲ ထုတ်သုံးတယ်။

ကျွန်တော်တို့ ထင်သာမြင်သာ ရှိတဲ့နေရာတခုကိုပြောတာပါ။ ဘာပြောင်းလဲသွားလဲဆို ဘာမှမပြောင်းလဲနေဘူး။ တချို့နေရာတွေမှာ ပိုတောင်ဆိုးလာတယ်လို့တောင် မြင်တယ်။ အမျိုးသမီးအရေး ဆိုတဲ့ အမျိုးသမီးအသံထွက်မယ်ဆိုရင် အမျိုးသမီးတွေခဏနေဦး တော်လှန်ရေးသတင်းက ပိုအရေးကြီးတယ်။ စစ်ဖြစ်နေတယ်လေ။ နင်တို့အမျိုးသမီးတွေအကြောင်းက ဘယ်လောက်အရေးကြီးမှာလဲဆိုတဲ့ ကန့်သတ်မှု တွေက ဒီတော်လှန်ရေးမှာ ပိုပြီးတွင်တွင်ကျယ်ကျယ် သုံးလာတာ။

အရင်တုန်းက တော်လှန်ရေးမဖြစ်ခင် အချိန်တုန်းက တန်းတူညီမျှရေးတွေ၊ အမျိုးသမီးအခွင့်အရေးတို့ဘာတို့ ဒါတွေပြောနေတဲ့အချိန်တုန်းက ကျတော့ ပြောလို့တော်တော်ရနေပြီဆိုတဲ့ အခြေအနေကနေ အရေးအခင်းလည်း ဖြစ်သွားရော အဲ့အခြေအနေက တော်တော်ပျောက်ထွက်သွားတယ်။ အခုက အမျိုးသမီးအရေးနဲ့ ပတ်သက်ရင် ကျွန်တာ်တို့ အမကြီးတွေ၊ အဒေါ်ကြီးတွေ တိုက်ပြီးခဲ့တဲ့တိုက်ပွဲတွေ ကျွန်တော်တို့ ပြန်တိုက်နေရသလို ဖြစ်နေတယ်။

“တော်လှန်ရေးမဖြစ်ခင်အချိန်တုန်းက တန်းတူညီမျှရေးတွေ၊ အမျိုးသမီးအခွင့်အရေးတွေကို ပြောလို့တော်တော်ရနေပြီ။ အခုက အမျိုးသမီးအရေးနဲ့ ပတ်သက်ရင် ကျွန်တာ်တို့ အမကြီးတွေ၊ အဒေါ်ကြီးတွေ တိုက်ပြီးခဲ့တဲ့တိုက်ပွဲတွေ ကျွန်တော်တို့ ပြန်တိုက်နေရသလို ဖြစ်နေတယ်”
 

မေး။     ။ နွေဦးတော်လှန်ရေးမှာ မီဒီယာရဲ့အခန်းကဏ္ဍကဘယ်လိုပုံစံနဲ့တည်ရှိနေလဲ။

ဖြေ။      ။ မီဒီယာရဲ့သတင်းတွေကြောင့် ဒီတော်လှန်ရေးက ကမ္ဘာက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေဆဲ ဖြစ်တယ်။ မီဒီယာတွေမှာ သတင်းတွေပုံစံမျိုးစုံနဲ့ စီးဆင်းနေဆဲ ဖြစ်တယ်။ လက်ရှိအချိန်အထိ မီဒီယာရဲ့ အခန်းကဏ္ဍသည် တော်လှန်‌ရေးအတွက် တာဝန်ကျေနေဆဲလို့တောင် ပြောလို့ရတယ်။ မီဒီယာသမားတွေ အနေနဲ့ သူတို့တာဝန်ကို အပြည့်အဝထမ်းဆောင်နေဆဲ ဖြစ်တယ်။

သတင်းစီးဆင်းမှုက ပြည်သူတွေဆီ သတင်းရောက်ဖို့ပဲဖြစ်စေ သတင်းစီးဆင်းမှုအားကောင်းဖို့ပဲဖြစ်စေ ရတဲ့နည်းနဲ့ အခက်အခဲတွေကြားထဲက တင်ဆက်နိုင်ဆဲဖြစ်တဲ့အတွက် မီဒီယာရဲ့အခန်းကဏ္ဍက အားကောင်းဆဲ မောင်းနှင်နေဆဲ၊ လက်ရှိအခြေအနေ မှာ စတုတ္ထမဏ္ဍိုင်ရဲ့ တာဝန်ဝတ္တရားအတိုင်း တိုင်းပြည်တာဝန်ကိုထမ်းဆောင်နေဆဲ၊ တာဝန်ကျေနေဆဲလို့ မြင်ပါတယ်။
 

မေး။     ။ တန်းတူညီမျှမှု လွတ်လပ်မှုနဲ့ တရားမျှတမှုမြင့်တက်လာဖို့ မီဒီယာအနေနဲ့ ဘယ်လို လုပ်ဆောင် ပေးနိုင်လဲ။

ဖြေ။      ။ မီဒီယာအနေနဲ့ ဆောင်ရွက်မှုမှာ source တွေ အသုံးပြုတာကအစ ဟိုးအရင်ထဲက source တွေ အသုံးပြုတဲ့နေရာမှာ victim တို့ survivor တို့နေရာမျိုးတွေမှာ အမျိုးသမီးတွေကို ထားတာများတယ်။ သတင်းတစ်ခုရဲ့ lead လုပ်တဲ့နေရာမှာ အမျိုးသားတွေကို ထားကြတာများတယ်။ တကယ့် lead လုပ်တဲ့နေရာတွေမှာ အမျိုးသမီးတွေရှိနေဖို့ လိုတယ်။ကျွန်တော်တို့ကလည်း အမျိုးသမီးတွေရဲ့အသံကို မြှင့်တင်ဖို့လုပ်လို့ရမှာ တန်းတူညီမျှရေးလို့ ပြောလိုက်ရင်၊ မီဒီယာက လုပ်ချင်သော်ငြားတောင်မှ ဦးဆောင်မှု နေရာတွေမှာ အမျိုးသမီးတွေရောက်နေမှ လုပ်လို့ရမယ့် အခြေအနေတွေ ရှိနေတယ်။

အဲ့တော့ တန်းတူညီမျှမှု တွေ၊ လွတ်လပ်မှုတွေ၊ တရားမျှတမှုတွေဆိုတာကို ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ ရှိနေပြီးသား အခုလက်ရှိသွားနေတဲ့ structure ကို ပြောင်းလိုက်မှပဲ အမျိုးသမီးတွေဆိုတာ ရှေးရိုးစွဲသိလာကြတဲ့ အိမ်ထောင်ရှင်မတွေဖြစ်တယ်တို့၊ နောက်လိုက်ဖြစ်တယ်ဆိုတာကနေ၊  အမြင်တွေကို အရင်ပြောင်းဖို့အတွက် ခေါင်းဆောင်မှုနေရာမှာ အမျိုးသမီးတွေ‌ ရောက်လာဖို့လိုတယ်။ ရောက်လာရင်လည်း မီဒီယာက ထပ်ပြီး ပံ့ပိုးပေးရမယ်၊ အားမြှောက်ပေးရမယ်လို့ မြင်ပါတယ်။
 

မေး။     ။ ကိုယ်တိုင်ကရော အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံတာ ခံရဖူးလား။

ဖြေ။      ။ မှတ်မှတ်ရရပြောရမယ်ဆို တော်လှန်ရေးကားတစ်ကား ရိုက်ဖူးတယ်။ ကျွန်တော်က ကင်မရာမင်း အနေနဲ့ တစ်ကားလုံးကူညီပြီးတော့ ရိုက်ခဲ့ပေးတာ။ အဲ့ကားဆိုရင် နိုင်ငံတကာမှာပြတယ်။ ပစ္စည်းစုံစုံလင်လင်နဲ့ ရိုက်ခဲ့တဲ့ကားမဟုတ်ဘူး။ ကျွန်တော့်ကင်မရာလေးနဲ့ပဲ အဲ့ကားတကားလုံးကို ထိန်းပြီးတော့ ရိုက်သွားတယ်။

ဖြစ်ချင်တော့ ကျွန်တော်က ကင်မရာလေးကိုင်ပြီးသွားတယ်။ “အမျိုးသမီးတွေက ကင်မရာကိုင်တတ်တာ မဟုတ်ဘူး။ ငါတို့ခေတ် အဆက်ဆက်မှာ ဘယ်အမျိုးသမီးမှ ကင်မရာမကိုင်တက်ဘူး။ ဓာတ်ပုံရိုက်ဘဲ ရိုက်တတ်တဲ့ ကင်မရာမန်းမခေါ်လာနဲ့။ ဘယ်အမျိုးသမီးမှလည်း ဒါမျိုးမလုပ်နိုင်ဘူး” လို့ ကျွန်တော် ကင်မရာကြီးကိုင်ရင်းနဲ့ လူတွေအများကြီး ရှေ့မှာပြောခံရတာ။

လောလောဆယ် ငါကူနိုင်တာပဲလေဆိုပြီး စိတ်လျော့ပြီး ကိုယ်ပြောခဲ့တဲ့စကားကို ပြီးတဲ့အထိ တာဝန်ယူပေးပါမယ်ဆိုတဲ့စကားကို  ခေါင်းညိတ်ပြီး အဲ့လိုစော်ကားတဲ့လူရှေ့မှာ အလုပ်ပြန်လုပ်ခဲ့ရတယ်။ ကျွန်တော်တို့အမျိုးသမီးတွေကလည်း လုပ်ဆောင် နိုင်တယ် ဆိုတာကို အမြဲတမ်း သက်သေထူတယ်။ အမြဲတမ်း သက်သေပြတယ်။ အဲ့တော့ သူများထက် ကျွန်တော်တို့သည် နှလုံးသားပိုကြီးရတယ်။ မယုံကြည်မှုတွေကို ချိုးဖျက်ဖို့ ကြိုးစားရတယ်။ ပိုပြီး အလုပ်လုပ်နိုင်ရပါတယ်။
 

မေး။     ။ အမျိုးသမီးဖြစ်ခြင်းနဲ့ခွဲခြားဆက်ဆံမှုတွေမရှိတဲ့ နိုင်ငံသစ်ဖြစ်လာဖို့အတွက် မီဒီယာအနေနဲ့ ဘာတွေ လုပ်ဆောင်ပေးသင့်လဲ။

ဖြေ။      ။ တကယ်ဆို မီဒီယာလက်နက်က တိုင်းပြည်တောင်ပျက်နိုင်တယ် ဆိုလောက်တဲ့အထိ အဆိပ်ပြင်းတဲ့ အရာပါ။ ဒီမီဒီယာတွေ ကိုယ်တိုင်ကအစ အမျိုးသမီးတွေအပေါ် သုံးနှုန်းတဲ့အသုံးအနှုန်းတွေ ထားသိုတဲ့နေရာ တွေ အမျိုးသမီးတွေအပေါ်လေးစားတန်ဖိုးထားမှုတွေ မြှင့်တက်လာအောင် လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေ ရှိတယ်။ဒါပေမယ့် မီဒီယာလို့ပြောလိုက်ရင် သတင်းမီဒီယာတခုထဲ မဟုတ်ဘူး။ ကြော်ငြာတွေမှာဆိုရင် ကြည့်လိုက် ထမင်းချက်ဟင်းချက် ဆပ်ပြာဆီကြော်ငြာပြီဆိုရင် အမျိုးသမီးတွေနဲ့ပဲ ရိုက်နေဆဲပဲ။

နိုင်ငံတကာ ကြော်ငြာတွေမှာ ကြည့်လိုက်ရင်လည်း ချက်ပြုတ်လျှော်ဖွတ်တယ်ဆို အမျိုးသမီးတွေနဲ့ပဲရိုက်နေဆဲပဲ၊ အမျိုးသမီးတွေကိုစံတန်ဖိုးထားတဲ့ ခိုင်းနှုန်းထားပြီးတော့ ဖွဲ့နွဲ့ထားတဲ့အရာတွေ ဘောင်တွေကို ပြောင်းပစ်ရမှာပေါ့။ ဒါ ကျွန်မတို့နိုင်ငံတခုထဲနဲ့တောင် ပြောလို့မရဘူး။ကမ္ဘာလုံးနဲ့ ချီပြီးပြောရမှာ ဖြစ်တယ်။တကမ္ဘာလုံးမှာရှိနေတဲ့ အမျိုးသမီးအကုန်လုံးသည်  ကိုယ့် role ကို ကိုယ်အရင်ပြည့်အောင် ဖြည့်မှရမယ်။ ဦးနှောက်ကိုဘယ်လောက်အထိ အလှဆင်ကြမလဲပေါ့။ အမျိုးသမီးတိုင်းက အရင်ဖောက်ထွက်ရမယ့်အရာလို့ ထင်တယ်။

သူများကနေရာပေးပေမယ့်  ငြင်းဆန်ဖို့ လုံလောက်သော ဝမ်းစာနဲ့ လုံလောက်သော၊ ကျွန်တော်တို့ အပေါ် ကျွန်တော်တို့တန်ဖိုးထားမှုနဲ့ ဖြစ်တည်မှုကို ရှုထောင့်ပြောင်းပြီး မြင်တက်တဲ့အမြင်တွေက တဦး တယောက်ထဲက သွားလို့ရတဲ့အရာ မဟုတ်ဘူး။ တယောက်ချင်းတယောက်ချင်း တစစနဲ့ ပြောင်းလဲသွားဖို့ လိုတယ်။ နည်းနည်းတော့ အမုန်းခံရမှာပေါ့။ တိုက်ခိုက်လည်း ခံရမှာပေါ့။ ဒါတွေကတော့ ရင်ဆိုင်ဖို့ လိုပါတယ်။
 

မေး။     ။ ဘယ်လိုကဏ္ဍတွေမှာ အမျိုးသမီးပါဝင်မှုထင်ထင်ရှားရှားမြင်နေရပြီလို့သုံးသပ်လို့ရလဲ။

ဖြေ။      ။ အမျိုးသမီးရေးရာကိစ္စတွေမှာပဲလို့ ပြောရမယ်။ နိုင်ငံရေးတွေ၊ စစ်ရေးတွေ၊ ဥပဒေပြုရေးတွေ ဆိုတာထက် အမျိုးသမီးတွေသည် အမျိုးသမီးရေးရာဝန်ကြီးဌာနမှာပဲ လုပ်ပိုင်ခွင့်ပြောပိုင်ခွင့်ရှိတဲ့လူတွေ ဖြစ်နေတယ်လို့ ပြောရမယ်။ အမျိုးသမီးဝန်ကြီးဌာနပဲ ပြယုဂ်ပြစရာရှိမယ်။ ကျန်တာတွေသည် အခုချိန်ထိ ကြက်မတွန်လို့ မိုးမလင်းဘူးဆိုတဲ့အတိုင်း အခြေအနေရှိနေတုန်းဘဲ။ ခွဲခြားနိမ့်ချတဲ့ စကားတွေက ကျွန်တော်တို့လူအဖွဲ့အစည်းတွေ၊ မီဒီယာတွေကိုယ်တိုင်ကအစ တွင်တွင်သုံးနေဆဲပဲလေ။
 

မေး။     ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ ပိုပြီးထွက်လာဖို့ မီဒီယာတွေကနေ ဘယ်လို မွေးထုတ်ပေးနိုင်မလဲ။

ဖြေ။      ။ မီဒီယာတွေကတော့ အမျိုးသမီးတွေကို အခုဆိုရင် အမျိုးသမီးအရေးနဲ့ ပတ်သက်တဲ့မီဒီယာလေးတွေ ရှိတယ်။ အမျိုးသမီးအကြောင်းအရာနဲ့ပတ်သက်တဲ့ စတိုရီတွေထုတ်ရင်တောင်မှပဲ မီဒီယာတိုင်းက အဲ့လောက် အားပေးပြီး တင်ပေးတာ မဟုတ်ဘူးလေ။ တော်လှန်ရေးတွေထဲမှာ ပါဝင်တဲ့ အမျိုးသမီးတွေအကြောင်းကို ရိုက်ခဲ့ဖူးတယ်။

တကယ့်တကယ်တင်ပေးဖို့ မီဒီယာတွေလိုက်ချိတ်ဆက်တဲ့အခါ အမျိုးသမီးအရေးကို ဆောင်ရွက်ပါမယ်ဆိုတဲ့ ဘတ်ဂျက်ရထားတဲ့ မီဒီယာလောက်ပဲ ခွင့်ပြုတယ်။ ကျန်တဲ့တော်လှန်ရေးမီဒီယာ တွေက အမျိုးသမီးသတင်းဆို လက်ရှောင်လိုက်တယ်။ စိတ်မဝင်စားဘူး။အဲ့အခါကျတော့ မီဒီယာတွေကို ပြောချင်တာသည် အမျိုးသမီးတွေသည်လည်း အသုံးကျပါတယ်။ အသုံးဝင်ပါတယ်။ သိအောင် သူတို့မီဒီယာ တွေ ကိုယ်တိုင်က အမျိုးသမီးတွေကို နေရာလေးတွေပေးကြပါဦး။

အမျိုးသမီးတွေက ရှေ့ထွက်လာနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ တခုခုဆို မိသားစုက အရင်ပိတ်ပင်တယ်။ မိသားစုကနေ ဖောက်ထွက်လာနိုင်တဲ့သူကို လူ့အဖွဲ့အစည်းက ထပ်ပိတ်ပင်တယ်။ လူ့အဖွဲ့အစည်းက ထပ်ပိတ်ပင်လိုက်တော့ ကျွန်တော်တို့သည် ဘယ်ကို ဆက်ထွက်ကြမလဲ။ လူ့အဖွဲ့အစည်းကလည်း နေရာပေးဖို့လိုသလို ရှိနေပြီးသား ကဏ္ဍအသီးသီးမှာ ရှိနေတဲ့နေရာတွေမှာလည်း အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့လမ်းတွေကို ဖွင့်ပေးထားဖို့ လိုပါတယ်။
 

မေး။     ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လာနိုင်မယ်လို့ နိုင်ငံရေးက ဘယ်လိုပုံစံနဲ့ အပြောင်းအလဲ ဖြစ်နိုင်လဲ။

ဖြေ။      ။ သဘာဝတရားကြီးနဲ့ပဲ ပြန်ယှဉ်ပြီးပြောရမှာပေါ့။ လောကသဘာဝမှာလည်း ရေလေမြေမီး ဓာတ်ကြီးတွေရှိတယ် အဲ့သဘောပဲပေါ့။ ယောကျာ်းနဲ့ မိန်းမသည် မီးနဲ့ရေဓာတ်လိုဘဲ မျှချေညီနေဖို့ လိုတယ်။ ညီနေတဲ့ဖြစ်တည်မှုတိုင်းက လှပတယ်။ အမျိုးသားတွေက ပြောတတ်ကြတယ်။ ကြိုက်တဲ့အမျိုးသမီးတက်လာ ငါတို့နေရာပေးတာပဲ ငါတို့က မခွဲခြားဘူး။ ဒါပေမယ့် မခွဲခြားဘူးပြောပေမယ့် သူတို့အဲ့အမျိုးသမီးတယောက်ကို ပုတ်ထုတ်နေတာတွေ၊ ပညာပြနေတဲ့ဇာတ်လမ်းတွေကလည်း အများကြီးရှိတယ်။

အဲ့တော့ ကျွန်တော်တို့ နိုင်ငံသည် ဖိုဝါဒကြီးစိုးတယ်။ အမျိုးသားလွှမ်းမိုးမှု အရမ်းများတယ်ဆိုတဲ့ နိုင်ငံမျိုးတွေ ဖြစ်နေတာကိုး။ လူသားတယောက်အနေနဲ့ ကြည့်ပြီးလုပ်နိုင်တဲ့သူတွေက လုပ်နိုင်တဲ့နေရာရရင်တော့ ကိုတာခွဲဝေမှုတွေ ရာခိုင်နှုန်းခွဲဝေမှုတွေ ဘာမှရှိလာမှာမဟုတ်ဘူး။ အရှေ့ကဖြေထားတဲ့ဟာနဲ့ ပြန်ဆက်စပ်ရမယ်ဆိုရင်တော့ လူမှန်နေရာမှန်ပေးဖို့ စိတ်ရော၊ရုပ်ရောကနေပြီးတော့ နေရာလေးတွေ ဖွင့်ပေးဖို့ လိုပါတယ်။
 

မေး။     ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုမရှိတော့မယ့် အနာဂတ်နိုင်ငံအသစ်ကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။

ဖြေ။      ။ ကျွန်တော်အသက်မသေခင်အချိန်ထိ မြင်ရပါ့မလားလို့ ကျွန်တော်မသိဘူး။ အခုဆိုရင် အမျိုးသမီးအဖွဲ့တခု ထူထောင်တယ်။ ဒီဟာသည် ဘာလဲဆို အနာဂတ်မှာအမျိုးသမီးလေးတွေအတွက် ဘေးကင်းလုံခြုံတဲ့ လူ့ပတ်ဝန်းကျင် ပတ်ဝန်းကျင်တခု ရရှိလာဖို့ ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ ဘယ်နေရာသွားသွား စိတ်ချလုံခြုံရတဲ့ ပတ်ဝန်းကျင်တခုဖြစ်အောင် ရည်မှန်းတယ်။

ကျွန်တော်တို့ မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ မှီခဲ့သည်ဖြစ်စေ မမှီခဲ့သည်ဖြစ်စေ ဒီမျှော်လင့်ချက်အတိုင်း ဆက်သွားမယ်။ နောက်ထပ် လက်ဆင့်ကမ်းရင်းနဲ့ ထပ်ပြီး မျှော်လင့်ချက်ကြီးမယ့်လူတွေ ဆက်ပြီးမွေးမြူမယ်၊ မွေးမြူရင်းနဲ့ ဆက်မျှော်လင့်ကြမယ်။ တချိန်ချိန်တော့  ဘေးကင်းလုံခြုံသော ခွဲခြားဆက်ဆံမှုရှိသော တန်းတူညီမျှမှုရှိသော လူသားဖြစ်တည်မှုတိုင်းကို လေးစားတန်ဖိုးထားသော လူ့ပတ်ဝန်းကျင်ကို မြင်ရမယ်လို့ ထင်ပါတယ်။


“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media