ဒေါ်ခင်စိုးလွင် CDM ဆရာမ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“ကျွန်မတို့အမျိုးသမီးတွေကလည်း ကျား၊မ တန်းတူအခွင့်အရေးလို့ ပါးစပ်ကနေအော်မနေဘဲနဲ့ ကိုယ်တိုင်ကလည်း လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ လိုသလို၊ ကိုယ့်ရဲ့အိမ်မှာကစပြီး မှီခိုအနေနဲ့မဟုတ်ဘဲနဲ့ တတပ်တအားနဲ့ ပါဝင်လုပ်ဆောင်တဲ့သူဖြစ်အောင် လုပ်ဖို့ တောင်းဆိုချင်ပါတယ်”
ဒေါ်ခင်စိုးလွင်သည် မကွေးတိုင်း၊ မြိုင်မြို့နယ် ဇာတိဖြစ်ပြီး ငယ်စဉ်ကတည်းက တက္ကသိုလ် ဆရာမတစ်ဦး ဖြစ်ချင်ခဲ့တယ်။ ဆယ်တန်းအောင်မြင်ခဲ့ပြီးနောက် အလုပ်လုပ်ရန်အတွက် ထိုင်းကို ရောက်တဲ့အခါ ငယ်ငယ်ကဖတ်စာအုပ်ထဲမှာသင်ခဲ့ရသည့် ယိုးဒယားအကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ကွာခြားမှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်။
ကိုယ့်နိုင်ငံက အများကြီးနောက်ကျကျန်နေတာကို တွေ့ရတဲ့အတွက် ကိုယ့်နိုင်ငံအတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုပြီးစဉ်းစားကာ ကိုယ်ဝါသနာပါတဲ့ စာသင်ကြားသည့်အလုပ်အတွက် မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ ထိုနောက် ပညာရေးကို ဆက်လက် လေ့လာခဲ့ပြီး ကျောင်းဆရာမအလုပ်ကို လုပ်ခဲ့ပါတယ်။
အာဏာသိမ်းတာကိုလက်မခံနိုင်တဲ့အတွက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သလို၊ သပိတ်မှောက် ဆန္ဒပြပွဲတွေကို မနားတမ်းပါဝင်ခဲ့ပါတယ်။ ပညာရေးကတဆင့် စနစ်သစ်ကို တည်ဆောက်နိုင်ရန်အတွက် မိမိကိုယ်ကို ပြန်လည်သင်ယူလေ့လာရင်း အတွေးသစ်၊ အမြင်သစ်တွေကို ဖြန့်ဝေနိုင်ဖို့အတွက် စစ်ရှောင်ဒေသ၊ မြေပြင်မှာ ဖက်ဒရယ်ကျောင်းတွေ ဖွင့်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ အရင်ထက်စာရင်တော့ ကျွန်မတို့မှာ မျှော်လင့်ချက်တွေ ပိုပြီးရှိလာတယ်။ အားရစရာ ဖြစ်လာတယ်။ ၂၀၂၂မှာ သိပ်ပြီးအားရစရာမရှိဘူး။ စုဖွဲ့မှုတွေလည်း အားမကောင်းသေးဘူး။ အခုကတော့ ကျွန်မတို့မြို့နယ်က ကျွန်မတို့မြင်ရတဲ့ အင်အားစုတွေအကုန်လုံးက စည်းလုံးနိုင်တယ်။ စုစည်းနိုင်တယ်လို့မြင်တဲ့အတွက် လေးနှစ်ပြည့်မှာတော့ အရင်ကထက် ပိုပြီးအင်အားကောင်းလာတယ်။
မျှော်လင့်ချက်တွေအများကြီး ရှိလာ ပါတယ်။ ဒီတော်လှန်ရေးကာလမှာ စနစ်သစ်တစ်ခု တည်ဆောက်နိုင်အောင် ဒေသအသီးသီက ကြိုးစားနေတယ်လို့ မြင်နေရတယ်။ စနစ်အသစ်ဆိုတော့ လုပ်ရတဲ့ လုပ်ငန်းစဉ်တွေကို မသိသေးတာတွေ ရှိပေမဲ့ လေ့လာရင်းတည်ဆောက်ရင်းနဲ့ သွားနေတယ်လို့ မြင်ပါတယ်။
“တာဝန်ယူတတ်ပြီးတော့ တကယ်အသိပညာရှိတဲ့ မျိုးဆက်တွေကို မွေးထုတ်ဖို့ လိုအပ်ပါတယ်။ ဒါမှ လက်ရှိမှာ ဖြစ်နေတဲ့ ပြဿနာတွေရော၊ ပြဿနာအသစ်တွေကိုပါ ဦးဆောင်ဖြေရှင်းနိုင်သူတွေ ဖြစ်လာမှာပါ”
မေး။ ။ နိုင်ငံတခုတည်ဆောက်တဲ့အခါမှာ ဘယ်အရာတွေကို စံတန်ဖိုးထားမှုတွေ၊ အခြေခံမူတွေနဲ့ တည်ဆောက်သင့်ပါသလဲ။
ဖြေ။ ။ နိုင်ငံတခုတည်ဆောက်မယ်ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေက အဓိကလိုအပ်တယ်လို့ ထင်ပါတယ်။ အဖွဲ့အစည်းတိုင်းမှာ ခိုင်မာ၊ မှန်ကန်ပြီး တရားမျှတတဲ့ မူဝါဒရှိရင် ဘယ်သူပဲခေါင်းဆောင်ဖြစ်လာပါစေ အဲဒီအဖွဲ့အစည်းဟာ ရေရှည်တည်တံ့ပြီး တိုးတက်အောင်မြင်တဲ့ အဖွဲ့တခု၊ နိုင်ငံတခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ အခြေခံဥပဒေမှာ ခွဲခြားဆက်ဆံမှုတွေ၊ ဖယ်ကြဉ်မှုတွေ ထပ်မဖြစ်အောင် သေသေချာချာ ပြဌာန်းဖို့ လိုသလို၊ ဥပဒေတွေကို လက်တလုံးခြားလုပ်တဲ့ အကျင့်ပျက်ခြစားမှုတွေ ထပ်မရှိအောင် လုပ်ဖို့ လိုပါတယ်။
ကျွန်မတို့နိုင်ငံဆင်းရဲပြီး ပျက်စီးတာ ဥပဒေအပေါ် မလေးမစား လုပ်လွန်းလို့ပါ။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးကို အလေးထားစေချင်ပါတယ်။ နောက်တစ်ခုက ကလေးတွေကို သေချာပျိုးထောင် နိုင်တဲ့လူ့အဖွဲ့အစည်း ဖြစ်လာစေချင်ပါတယ်။ တာဝန်ယူတတ်ပြီးတော့ တကယ်အသိပညာရှိတဲ့ မျိုးဆက်တွေ ကို မွေးထုတ်ဖို့ လိုအပ်ပါတယ်။ ဒါမှ လက်ရှိမှာ ဖြစ်နေတဲ့ပြဿနာတွေရော၊ ပြဿနာအသစ်တွေကိုပါ ဦးဆောင်ဖြေရှင်းနိုင်သူတွေ ဖြစ်လာမှာပါ။
မေး။ ။ အာဏာသိမ်းပြီးနောက်မှာ ဘာတွေအပြောင်းအလဲ ဖြစ်သွားတယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ သိသာလာတာက ကျွန်မတို့ကိုယ့်ဘေးမှာမြင်ရတာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ကျွန်မတို့ အကုန်လုံးက တော်တော်များများက လူတွေပဲလို့ ပြောင်းလဲပြီး မြင်တက်လာတယ်။ အရင်တုန်းကလိုမျိုး ခွဲခြားမှု မရှိတော့ဘူး။ ကျား၊မ သိပ်မခွဲခြားတော့ဘူး။ LGBT တွေလည်း သူ့နေရာနဲ့သူ လူတွေက လက်ခံစပြု လာတယ်။ အရင်တုန်းကဆို သူကတော့ဘာကြီး သူလာရင်ဘယ်လိုကြိုဆိုရတယ် ဆိုတာမျိုး အဲ့လိုမျိုးတွေ မရှိတော့ဘဲနဲ့ အလုပ်လုပ်နေတဲ့သူတွေအားလုံးနီးပါးက တန်းတူဖြစ်သွားတယ်လို့ မြင်ပါတယ်။
မေး။ ။ အမျိူးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ပြောင်းသွားလား။
ဖြေ။ ။ အမျိုးသမီးတွေကလည်း ကျွန်မတို့ရဲ့တော်လှန်ရေးအင်အားစုတွေထဲမှာ လက်နက်ကိုင်ပြီး တော်လှန်တဲ့အဖွဲ့တွေမှာရော၊ လက်နက်မကိုင်ဘဲ တော်လှန်တဲ့အဖွဲ့တွေ အားလုံးထဲမှာရော အမျိုးသမီးတွေကို အရင်တုန်းကနဲ့စာရင် နေရာပေးလာတယ်။ အသိအမှတ်ပြုတယ်။ ဦးဆောင်မှုမဟုတ်တောင်မှ အမျိုးသမီးတွေ ရဲ့ လုပ်နိုင်စွမ်းတွေကို အရင်ထက် ပိုပြီးအသိအမှတ်ပြုလာတယ်လို့ မြင်ပါတယ်။
မေး။ ။ စနစ်ပြောင်းတော်လှန်ရေးအောင်မြင်ဖို့ ဘယ်နေရာမှာပိုပြီး အမျိုးသမီးတွေပါဝင်လာဖို့ အရေးကြီးတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးတွေက နေရာတိုင်းမှာ ပါဝင်ဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်ရေးရော၊ ပညာရေးရော၊ ကျန်းမာရေးရော၊ စစ်ရေးရော တန်းတူ အရေးကြီးတယ်လို့ထင်တဲ့အတွက် အဲ့နေရာတွေအကုန်လုံးမှာ အမျိုးသမီးတွေပါဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ကျွန်မတို့အမျိုးသမီးတွေက အရင်တုန်းက အမျိုးသမီးဆိုတာ အိမ်မှာပဲနေမယ်၊ မှီခိုမယ်လို့ မတွေးဘဲနဲ့ အမျိုးသမီးတွေ အကုန်လုံးကလည်း ကိုယ့်ကိုကိုယ် အလုပ်လုပ်နိုင်တဲ့သူတွေ အလုပ်လုပ်ရမယ့်သူတွေလို့ မြင်ဖို့ လိုအပ်ပါတယ်။ ကျန်တဲ့သူတွေကလည်း အမျိုးသမီးတွေပါဝင်မှု အခန်းကဏ္ဍတွေကို မြှင့်တင်ပေးဖို့လိုအပ်နေပါသေးတယ်။
မေး။ ။ ကိုယ်တိုင်အနေနဲ့ အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ ခေါင်းစဉ်ကြောင့် ခွဲခြားဆက်ဆံခံရဖူးလား။
ဖြေ။ ။ တော်လှန်ရေးမတိုင်ခင်ကတော့ အမျိုးသမီးဆိုရင် အလုပ်ဝင်တဲ့အခါတွေ တက္ကသိုလ်ဝင်ခွင့် လျှောက်တဲ့အခါတွေ အမျိုးသားကအမှတ် ၅၀ နဲ့ ဒီဝင်ခွင့်ကိုရတယ်ဆိုရင် အမျိုးသမီးဆိုရင် ၈၀ ဖြစ်ဖို့ လိုပါတယ်။ အဲ့ဒါမျိုးတွေ လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း လုပ်ငန်းခွင်ဝင်ခွင့်မှာ အမျိုးသမီးတွေဆိုရင် ဘယ်လောက်မှရမယ်။အမျိုးသားဆိုရင် လျှောက်တာနဲ့ သူတို့နောက်မှာ ပညာအရည်အချင်းဆိုတာထက် အမျိုးသားတွေက ဒီလောက်မှာလိုအပ်တယ်ဆိုရင် ဒီလိုမျိုး အလုပ်ဝင်ခွင့်တွေ ရတယ်။
အဲ့လိုမျိုးတွေကစပြီး အများကြီးပါပဲ။ ကျွန်မတို့နိုင်ငံကကို ဖိုဝါဒကြီးစိုးတဲ့အထဲမှာ ပါဝင်တယ်။ ဖိုဝါဒဆိုတာ အခွင့်ထူးရထားတဲ့ သူတွေကို ထပ်ပြီး အခွင့်အရေးပေးကြတယ်။ ဦးစားပေးကြတယ်။ ဖိနှိပ်ခံထားရသူတွေအပေါ် ထပ်ပြီး ဖယ်ကြဉ်ကြတယ်၊ ထပ်ပြီး ဖိနှိပ်ကြတယ်။ ဒါတွေကို မြင်ပြီးတော့ တွန်းလှန်ဖို့ လိုပါတယ်။
မေး။ ။ အမျိုးသမီးတွေဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိရနေပြီလို့မြင်ပါသလဲ။
ဖြေ။ ။ လက်ရှိ ကျွန်မလုပ်နေတဲ့ အဖွဲ့အစည်းမှာဆိုရင်တော့ အခုလောလောဆယ် ကျွန်မတို့ မြို့နယ် ပညာရေးဘုတ်အဖွဲ့မှာဆိုရင် အမျိုးသမီး၊ အမျိုးသားမခွဲခြားဘဲနဲ့ ကျွန်မတို့အကုန်လုံးက ဆုံးဖြတ်ပိုင်ခွင့်တွေ ရှိတယ်။ ကျွန်မတို့အကုန်လုံးကလည်း တစ်ဦးတယောက်ထဲရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ မဟုတ်ဘဲနဲ့ အကုန်လုံး အဖွဲ့ဝင်တွေအကုန်လုံးရဲ့ အဆုံးအဖြတ်နဲ့ပဲ သွားကြတယ်။ ဒါပေမယ့် နေရာအားလုံးမှာတော့ အမျိုးသမီးတွေ က ၅၀ ရာခိုင်နှုန်းတောင် မရှိလောက်သေးဘူးလို့ ထင်ပါတယ်။ ဘာလို့လဲဆို အမျိုးသမီးတွေရဲ့ပါဝင်မှုက အားနည်းနေသေးတာကြောင့်လို့ ထင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေပပျောက်သွားဖို့ ပြည့်ပြည့်ဝဝပါဝင်နိုင်ဖို့ ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ ကျွန်မတို့ကျောင်းတွေမှာတော့ အဓိကက နိုင်ငံတနိုင်ငံရဲ့အဆင့်အတန်းကိုပြောင်းလဲချင်တယ်ဆို ပညာရေးကို အရင် ပြောင်းလဲရတာကိုး။ ပညာရေးကနေတဆင့် အမျိုးသမီး၊ အမျိုးသားကြားက မတူညီတဲ့ လုပ်နိုင်စွမ်းတွေအကြောင်း ပြောပြဖို့ လိုသလို၊ ကွဲပြားတဲ့အာဏာဖွဲ့စည်းပုံကနေ အချင်းချင်းကြား မဖိနှိပ်ဖို့ ငယ်ငယ်ကတည်းက သိအောင်၊ အကျင့်ရအောင် သင်ကြားပေးရမှာပါ။
ကျွန်မတို့ကျောင်းတွေကနေ ကျောင်းသူကျောင်းသားတွေကို ကျားမတန်းတူအခွင့်အရေး၊ လူ့အခွင့်အရေးတွေ၊ ဖက်ဒရယ်အရေးကို ကြေကြေလည်လည်နဲ့ ကလေးတွေကို သင်ယူပို့ချပေးနိုင်မယ်ဆိုရင်တော့ အဲ့ကလေးတွေကနေပြီးတော့ ကျောင်းထဲကနေ သူ့ရဲ့မိသားစု အဲ့ကနေ သူ့ရပ်ရွာ သူတို့ရဲ့လူမှုအဖွဲ့အစည်းတွေအထိ ပြောင်းလဲနိုင်မယ်လို့ ထင်ပါတယ်။ အဲ့လိုလည်း ယုံကြည်ပါတယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ ပိုပြီးထွက်ပေါ်လာဖို့ ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ အမျိုးသမီးတွေက နေရာအများကြီးမှာ အမျိုးသမီးတွေ ကိုယ်တိုင်ပါဝင်ဖို့ လိုအပ်ပါတယ်။ အဲလိုပါဝင်နိုင်ဖို့ ကျွန်မတို့ ကိုယ်တိုင်ကလည်း လုပ်ဆောင်ပေးရမှာ ဖြစ်သလို၊ အမျိုးသမီးတွေအတွက် လုပ်ကိုင်ဖို့ အခွင့်အရေးတွေလည်း ပေးရမယ်၊ အဓိကတော့ အလုပ်လုပ်ပြခွင့်နဲ့ လုပ်ခွင့်ရဖို့ အတွက် အမျိုးသမီးတွေကို ပါဝင်ခွင့်ပေးဖို့ လိုအပ်ပါတယ်။
အမျိုးသမီးတွေကလည်း ပါဝင်နေတဲ့နေရာရဲ့ တန်ဖိုးကို သေချာအသုံးပြုပြီးတော့ ယန္တရားထဲမှာ ရှိတဲ့ ဖိနှိပ်နေတဲ့အရာတွေကို ပြောင်းလဲဖို့ လိုပါတယ်။ဥပမာ - နိုင်ငံရေးမှာ ပါတဲ့အမျိုးသမီးတွေက နိုင်ငံရေးထဲက အမျိုးသမီးတွေကို ဖိနှိပ်မှုကို ဖယ်ရှားနိုင်ဖို့ ကြိုးစားဖို့ လိုသလို၊ ဥပဒေမှာရှိနေတဲ့ အမျိုးသမီးတွေကလည်း ဥပဒေတွင်းမှာ ရှိတဲ့ ခွဲခြားမှုတွေ၊ ဥပဒေကို အသုံးချပြီး ခွဲခြားမှုတွေ မရှိအောင် လုပ်ဖို့ လိုပါတယ်။
ပညာရေးမှာ ရှိတဲ့အမျိုးသမီးတွေကိုလည်း ပညာရေးအသိုင်းအဝန်း ကို ဖိုဝါဒ၊ လူမျိုးကြီးဝါဒတွေ ထပ်မဖြစ်အောင်၊ ရှိနေတာတွေကို ပပျောက်သွားအောင် အပြောင်းအလဲလုပ်ရမှာ ဖြစ်သလို၊ ကလေးတွေကိုလည်း လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုကို ချစ်တတ်အောင် သင်ပေးမယ်ဆိုရင် မျိုးဆက်သစ်တွေမှာ အမျိုးသမီးခေါင်းဆောင်တွေ အများကြီး ထွက်လာမယ်။ ထွက်လာတဲ့ အမျိုးသမီးခေါင်းဆောင်တွေအတွက်လည်း လက်ခံတဲ့အသိုင်းအဝိုင်းပိုကြီးပြီး၊ ပိုရပ်တည်နိုင်မယ်လို့ မြင်ပါ တယ်။ မိခင်တွေကလည်း သားသမီးတွေကို ခေါင်းဆောင်ကောင်းတွေ ဖြစ်လာအောင် လုပ်ပေးနိုင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေသာ နိုင်ငံရေးထဲမှာ တင်းပြည့်ကျပ်ပြည့်ပါလာမယ်ဆိုရင် အနာဂတ်နိုင်ငံရေးက ဘယ်လိုအပြောင်းအလဲဖြစ်နိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အရင်ထက်စာရင်တော့ အပြောင်းအလဲက ဖြစ်လာမှာပေါ့။ လူဦးရေကလည်း အမျိုးသမီးတွေက များတာကိုး။ အဲ့တာ့ ကျွန်မတို့အမျိုးသမီးတွေကလည်း ပညာတက်ပြီးပါဝင်နိုင်တဲ့ အခန်းကဏ္ဍ ပိုပြီးများ လာမယ်ဆိုရင် ကောင်းသောပြောင်းလဲခြင်း ပိုပြီးဖြစ်လာမယ်။ အင်အားတွေ အများကြီးပိုစုနိုင်ပြီးတော့ ပိုပြီးကောင်းလာမယ်လို့ ယုံကြည်ပါတယ်။
အမျိုးသမီးတွေကို ဖိနှိပ်တာတွေအပေါ်မှာလည်း ပိုပြီး ထုတ်ဖော် ပြောဆိုတာ အားကောင်းလာပြီးတော့ ဖိနှိပ်မှုတွေ လျော့လာမယ်လို့ မြင်ပါတယ်။ အမျိုးသမီးတွေကို ဖယ်ချန်တဲ့ လူ့အသိုင်းအဝန်းတွေ နည်းလာတာနဲ့အမျှ အမျိုးသမီးတွေကိုယ်တိုင်မှာ ပိုပြီး မျှောလင့်ချက်၊ ရည်မှန်းချက်တွေ အားကောင်းလာတယ်။ လူ့ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုလာနိုင်မယ်လို့ ထင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားမှုတွေမရှိတဲ့နိုင်ငံရေးစနစ်တခု တည်ဆောက်နိုင်မယ်လို့ ဘယ်လောက်အထိ မျှော်လင့်ထားပါသလဲ။
ဖြေ။ ။ အနာဂတ်မှာ အမျိူးသမီးတွေပါဝင်ခွင့်ရမယ်လို့ ယုံပါတယ်။ ကျွန်မတို့အမျိုးသမီးတွေကလည်း ကျား၊မ တန်းတူအခွင့်အရေးလို့ ပါးစပ်ကနေအော်မနေဘဲနဲ့ ကိုယ်တိုင်ကလည်း လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ကျွန်မတို့အမျိုးသမီးတွေကိုယ်တိုင်ကလည်း ကိုယ့်ရဲ့အိမ်မှာကစပြီး မှီခိုအနေနဲ့မဟုတ်ဘဲနဲ့ တတပ်တအားနဲ့ ပါဝင်လုပ်ဆောင်တဲ့သူဖြစ်ဖို့ အမျိုးသမီးတွေကိုယ်တိုင်က ပါဝင်ကြဖို့ တောင်းဆိုချင်ပါတယ်။
အပြောင်းအလဲ ကို လုပ်ရတဲ့သူတိုင်းက အခြားသူတွေထက် ပိုပင်ပန်းပါတယ်။ ကျွန်မတို့က စစ်အာဏာရှင်ကိုလည်း တော်လှန် နေသလို၊ ဖိုဝါဒကိုလည်း တော်လှန်ရတယ်။ အမျိုးသမီးတွေအပေါ် ဖိနှိပ်နေမှုကိုလည်း တော်လှန်ရတယ်။ ဒါကြောင့် အမျိုးသမီးတွေ စိတ်ရော၊ ကိုယ်ပါ ကြံ့ကြံ့ခိုင်ဖို့ လိုပါတယ်။ ကျွန်မတို့ဟာ ခေတ်ကို ပြောင်းလဲနေတဲ့ အမျိုးသမီးမျိုးဆက်တွေ ဖြစ်ပါတယ်။
“ကျွန်မတို့က စစ်အာဏာရှင်ကိုလည်း တော်လှန်နေသလို၊ ဖိုဝါဒကိုလည်း တော်လှန်ရတယ်။ အမျိုးသမီးတွေအပေါ် ဖိနှိပ်နေမှုကိုလည်း တော်လှန်ရတယ်။ ဒါကြောင့် အမျိုးသမီးတွေ စိတ်ရော၊ ကိုယ်ပါ ကြံ့ကြံ့ခိုင်ဖို့ လိုပါတယ်။ ကျွန်မတို့ဟာ ခေတ်ကို ပြောင်းလဲနေတဲ့ အမျိုးသမီးမျိုးဆက်တွေ ဖြစ်ပါတယ်”
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media