မစုသစ္စာဇော် Executive Director
ပိတောက်ဖူး
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“ရှေ့မထွက်ရဲတဲ့အမျိုးသမီးတွေ အများကြီးရှိတယ်။ အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ပတ်သက်ပြီး ဒီနိုင်ငံရေးမှာ တိုက်ရိုက်ပါလိုက်ပါလို့ ပြောတက်ထက်စာရင် ဒီ network ကို လာခဲ့ပါ။ ဒီမှာပါဝင်ပါဆိုတာကနေစပြီး ပါဝင်စေဖို့၊ လမ်းကြောင်းအစပျိုးပေးဖို့ လိုပါတယ်”
၁၉၈၇ ခုနှစ်၊ ရန်ကုန်မြို့မှာ မစုသစ္စာဇော်ကို မွေးဖွားခဲ့ပါတယ်။ မွေးချင်းမောင်နှမ သုံးယောက်အနက် ဒုတိယမြောက်သမီး ဖြစ်ပါတယ်။ အေးအေးချမ်းချမ်းနဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့တဲ့ သူမဟာ စွန့်ဦးတီထွင်ရတာကို ဝါသနာပါခဲ့ပြီး ဆရာဝန်ဖြစ်ချင်ခဲ့သူတစ်ယောက်ပါ။ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီးနောက် ဆေးဝါးတက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။
၂၀၁၈ မှာ ဗိုလ်ကြီး ထက်မြတ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဟိုတယ်လုပ်ငန်းခွင်မှာ sale and marketing manger အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့ပါတယ်။ အဘိုးနဲ့အဖေဖြစ်သူထံက နိုင်ငံရေးနဲ့ပတ်သက်တာတွေ အမြဲတမ်းကြားသိခဲ့ရတဲ့ သူမရဲ့ အတွင်းစိတ်ကနေ နိုင်ငံရေးနိုးကြားမှု တိမ်းအောင်းနေခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို လုံးဝလက်မခံနိုင်တဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ သပိတ်မှောက်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သလို ဗိုလ်ကြီးဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူကို CDM လုပ်ဖို့ အဓိကတိုက်တွန်းခဲ့သူလည်း ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူမရဲ့ ဇွဲကြီးစွာ နားချမှုနဲ့ စစ်အာဏာရှင်ရဲ့ ခေါင်းပုံဖြတ်မှုတွေ၊ မတရားအမိန့်ပေးမှုတွေကို ထင်ထင်ရှားရှားမြင်လာရတဲ့အချိန်မှာ ခင်ပွန်းသည်က စစ်တပ်ကနေ CDM လုပ်ကာ လွတ်မြောက်နယ်မြေကို ထွက်လာခဲ့ကြပါတယ်။
လွတ်မြောက်နယ်မြေကနေ ရောက်ရှိချိန်မှာတော့ နောက်ထပ် စစ်သားတွေအနေနဲ့ ထပ်ပြီး CDM လုပ်လာဖို့အတွက် ဇနီးသည်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးကြောင်းသိတဲ့ သူမက ပြည်သူ့စစ်သားဇနီးများ အဖွဲ့ကို တည်ထောင်ခဲ့ပြီး ပြည်သူ့ဘက်ကိုရပ်တည်လာတဲ့စစ်သားဇနီးတွေကို advocacy လုပ်စေတာ၊ နိုင်ငံရေးနဲ့ လက်ရှိအခြေအနေတွေကို ထင်ဟပ်စေမဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ပိထောက်ဖူးအဖွဲ့ကို ထပ်မံတည်ထောင်ပြီး နယ်ပယ်အသီးသီးက CDM အမျိုးသမီးတွေကို အသက်မွေးဝမ်းကြောင်း ပညာသင်ပေးပြီး ဘဝကိုပြန်လည်ထူထောင်နိုင်အောင် ပံ့ပိုးပေးနိုင်မဲ့ အသိုင်းအဝိုင်းအသစ်တစ်ခု တည်ဆောင်ပြီး လုပ်ဆောင်ပေးလျက် ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တခုလုံးကို ဘယ်လိုသုံးသပ်ချင် ပါသလဲ။
ဖြေ။ ။ နွေဦးတော်လှန်ရေးက ထူးခြားပါတယ်။ နောက်ပြီးတော့ ကျွန်မတို့လေးနှစ်ကာလ ရောက်လာ ပေမယ့် သွေးအေးသွားတာမျိုး မရှိဘူး။ လုပ်ရမယ့်အလုပ်ကို တစိုက်မတ်မတ် ဆက်ပြီးလုပ်နေတယ်။ ပါဝင်သူတွေထဲက ဆုတ်ခွာသွားကြတဲ့သူတွေ ရှိပေမယ့်လည်း တစိုက်မတ်မတ် လုပ်တဲ့သူတွေက ဆက်လုပ်နေသေးတယ်။ sector ပေါင်းစုံမှာ နောက်တန်းမှာ ရှေ့တန်းမှာ အဲ့လိုလုပ်နေတဲ့သူတွေကတော့ အားသွန်ခွန်စိုက်လုပ်နေတုန်းပဲ အခုလိုကြိုးစားပုံမျိုးနဲ့ဆို ကျွန်မတို့ ၁၀ တန်းက လိုပါဘဲ၊ ပုံမှန်လေးကျက်သွားရင် ပုံမှန်အောင်တယ်။ များများကျက်ရင် ဂုဏ်ထူးထွက်မယ်။ အဲ့လိုသဘောမျိုးတော့ သက်ရောက်မယ် ထင်ပါတယ်။
မေး။ ။ မြန်မာ့နိုင်ငံရေးတခုလုံးကိုခြုံကြည့်မယ်ဆိုရင် မြန်မာနိုင်ငံကဘယ်လိုနိုင်ငံရေးပုံစံမျိုးလဲ။
ဖြေ။ ။ နိုင်ငံရေးကတော့ အစောကတည်းက ဖဆပလခေတ်တို့ ဗိုလ်ချုပ်အောင်ဆန်းခေတ်တို့ အစုံပဲပေါ့နော်။ အခုချိန်ထိလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးက ရှိနေတုန်းပါ။ အရင်တုန်းက တိုင်းရင်းသား လက်နက်ကိုင်အရေးကို အမေစုတက်လာရင် ပြေလည်သွားမယ်လို့ မျှော်လင့်ခဲ့ကြတာပေါ့။ ဒါပေမယ့်လည်း မပြေလည်ခဲ့ဘူး။ ညှိနှိုင်းရုံအဆင့်သာ ရှိခဲ့တယ်။
တခြားတိုင်းပြည်တွေမှာဆို ဒီမိုကရေစီ ထွန်းကားပြီးတော့ ကောင်းကောင်းမွန်မွန်ဖြစ်နေပြီ။ ကိုယ်တွေနိုင်ငံကတော့ လက်နက်အရေးနဲ့ပဲ ရှုပ်ထွေးနေရ တယ်။ စစ်တပ်ကို အခုချိန်မှာ အပြီးတိုင် ဖြုတ်ချနေကြတယ်။ အဲ့ဒါပြီးတဲ့နောက်ကွယ်မှာလည်း မြန်မာနိုင်ငံ အရေးက ဆက်ပြီးတော့ နည်းနည်းတော့ ရှုပ်ထွေးနေဦးမယ်၊ ကိုင်တွယ်ရ ခက်နေဦးမယ်လို့ ထင်တယ်။
မေး။ ။ စနစ်ပြောင်းတော်လှန်ရေးမှာ ပြန်ပြီး တည်ဆောက်ချင်တဲ့ နိုင်ငံရေးစနစ်အသစ်က ဘယ်လိုပုံစံမျိုး ဖြစ်ပါသလဲ။
ဖြေ။ ။ နိုင်ငံရေးစနစ်ထဲမှာ အမေရိကားတို့၊ သြစတေးလျတို့ နိုင်ငံရေးစနစ်မျိုးကို သဘောကျတယ်။ စနစ်တခုတည်ဆောက်နိုင်ဖို့ဆိုတာ ဒီမှာရှိတဲ့လူအကုန်လုံးရဲ့ အတွေးအခေါ်တို့၊ အမူအကျင့်တို့ အဲ့ဒါတွေ အကုန်လုံးနဲ့လည်း သက်ဆိုင်တယ်။ ဒါတွေအကုန်လုံးရဖို့ဆို အောက်ခြေကစပြီး နိုင်ငံရေးစနစ် တည်ဆောက်ရေး လုပ်ရမယ်။ ကျွန်မဖြစ်စေချင်တဲ့ စနစ်က တိုးတက်နေတဲ့ နိုင်ငံကြီးတွေရဲ့စနစ်လိုမျိုး သွားစေချင်ပါတယ်။
မေး။ ။ နွေဦးတော်လှန်ရေးဖြစ်လာတဲ့နောက်မှာ ပြည်သူတွေရဲ့ အတွေးအခေါ်တွေက ဘာတွေ ပြောင်းလဲသွားလဲ။
ဖြေ။ ။ အတွေးအခေါ်ကတော့ တော်တော်ပြောင်းလဲသွားကြတယ်။ အရင်ကဆိုရင် ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေက အတ္တကြီးကြတယ်။ အဲလိုဖြစ်ဖို့လည်း အခြေခံသဘောတရားကလည်း ရှိနေတယ်။ ဥပမာ ကျွန်မတို့ဆို အလုပ်သွားတယ်။ ကားပိတ်နေတယ်။ ကိုယ့်ရဲ့ကားနေရာကို မပေးချင်ဘူး။ ဘာဖြစ်လို့လဲ ဆို ငါက အကြာကြီးတန်းစီထားရတာ သူကဝင်သွားရင် ငါနောက်ကျသွားမှာပေါ့ ဆိုတဲ့အတွေးတွေ ရှိခဲ့တယ်။
တကယ် လမ်းစနစ်တွေကြောင့် ဒီလို လမ်းပိတ်တာ၊ ကားပိတ်တာ ဖြစ်တာပေါ့နော်။ အဲတုန်းကတော့ အဲလိုမတွေးနိုင်ကြဘူးလောနော်။ နွေဦးတော်လှန်ရေးဖြစ်တဲ့အချိန်မှာတော့ နည်းနည်း ကိုယ်ချင်းစာတရား ရှိလာတယ်လို့ ထင်တယ်။ အဲ့ဒါလေးတွေကအစ နည်းနည်းတော့ ပြောင်းလဲသွားတယ်လို့ ထင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေကရော ဘာတွေ အပြောင်းအလဲ ဖြစ်လာသလဲ။
ဖြေ။ ။ အမျိုးသမီးအရေးဆိုရင် ကျွန်မတို့ကိုယ်တိုင်က ဂျဲန်ဒါတွေ ဘာတွေဆိုလည်း မသိခဲ့ဘူး။ ကျွန်မက ကုမ္ပဏီမှာ အလုပ်လုပ်တဲ့သူတွေ ဖြစ်တယ်။ ရပိုင်ခွင့်တွေ၊ human right တွေ၊ women right တွေ women leadership တွေလည်း အဲ့လောက်မသိဘူး။ နိုင်ငံရေးထဲမှာ အမျိုးသမီးတွေပါဝင်မှုတွေလည်း သိပ်မသိဘူး။ အာဏာသိမ်းပြီးတဲ့နောက်မှာ အဲ့ဒါတွေကို အရမ်းသိလာတယ်။ ဒါတွေက ဒီလိုလုပ်ရမှာပါလားဆိုတာ အရမ်းသိလာတယ်။
“နေရာအားလုံးမှာ အမျိုးသမီးတွေ ပါဝင်စေခြင်းကလည်း ပိုမိုထိရောက်တဲ့အရာတခုဖြစ်မယ်လို့ ထင်ပါတယ်။ တော်လှန်ရေးမဟာဗျူဟာကို ပိုပြီးအကျိုးဖြစ်စေမဲ့ နည်းဗျူဟာပေါင်းစုံကို ချဲ့နိုင်မယ်၊ လုပ်နိုင်မယ်လို့ မြင်ပါတယ်”
မေး ။ ။ အမျိုးသမီးတွေ တော်လှန်ရေးထဲမှာ ဘယ်လိုအခန်းကဏ္ဍကနေပါဝင်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးတွေ တချို့အခန်းကဏ္ဍတွေက မပါလည်းရတယ်လို့ ထင်တတ်ကြတယ်။ ဆရာမဒေါ်မီမီဝင်းဘတ်က ပြောဖူးတယ်ပေါ့နော်။ အမျိုးသမီးတွေကို စစ်ရေးထဲမှာ အဓိက အသုံးပြုလို့ ရတဲ့နေရာတွေ အများကြီး ရှိတယ်။ သုတေသနတွေအရ အမေရိကန်စစ်တပ်က အမျိုးသမီးစစ်ဗိုလ်တွေကို ဒေသခံတွေကနေ သတင်းယူတာ၊ စုဆောင်းတာ အဲလိုနေရမျိုးမှာ ပိုပြီးသုံးတယ်။
ဒါကြောင့် နေရာအားလုံးမှာ အမျိုးသမီးတွေ ပါဝင်စေခြင်းကလည်း ပိုမိုထိရောက်တဲ့အရာတခုဖြစ်မယ်လို့ ထင်ပါတယ်။ တော်လှန်ရေး မဟာဗျူဟာကို ပိုပြီးအကျိုးဖြစ်စေမဲ့ နည်းဗျူဟာပေါင်းစုံကို ချဲ့နိုင်မယ်၊ လုပ်နိုင်မယ်လို့ မြင်ပါတယ်။
မေး။ ။ အမျိုးသမီးဖြစ်ခြင်းကြောင့် ကိုယ်တိုင်ခွဲခြားဆက်ဆံခံရတာ ကြုံရဖူးလား။
ဖြေ။ ။ ခွဲခြားဆက်ဆံမှုက ကြုံရတယ်။ ကျွန်မအမျိုးသားက စစ်တပ်က ထွက်လာတာလည်း တကြောင်းပေါ့နော်။ တချို့အရာတွေကို ကိုယ်က ပိုပြီးလုပ်နိုင်တယ်ဆို ခွဲခြားဆက်ဆံမှုတွေ ကြုံရတယ်။ အရင်တုန်းက မကြုံဖူးဘူး။ ဒါပေမယ့် ဒီဘက်ကို ရောက်လာတဲ့အခါမှာ ဒီနိုင်ငံရေးထဲမှာ တချို့ကလည်း ကြိုဆိုတယ်။ တချို့ကလည်း ခွဲခြားဆက်ဆံတယ်။
မေး ။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ဆုံးဖြတ်ပိုင်ခွင့်အပေါ် လျစ်လျူရှုမှုတွေ မရှိလာဖို့ ဘာတွေ လုပ်သင့်လဲ။
ဖြေ။ ။ အမျိုးသမီးတွေကို နေရာပေးရမယ်။ နောက်တခုက နေရာကြီးပဲ လိုချင်နေလို့ မရဘူး။ အရည်အချင်းကလည်း ပြည့်ဝမှရမယ်။ အခုဆိုရင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါရမယ်တို့ သတ်မှတ်ချက်တွေကို ပိုပြီး ပြောလာတယ်။ အဲ့ဒါမျိုးတွေကလည်း အမျိုးသမီးတွေ ပါဝင်ရမဲ့ နေရာတွေကို ပိုပြီး မြန်မြန်ရောက်နိုင် အောင် တွန်းပို့နိုင်မယ်လို့ ထင်ပါတယ်။
ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးတွေ ခေါင်းဆောင်တွေ မဖြစ်နေသေးတာ ကို ပုံမှန်ဘဲလို့ ထင်နေတုန်းဘဲ။ ဒီလိုအမြင်တွေကို ပြောင်းလဲပေးဖို့ လိုပါတယ်။ အမျိုးသမီးတွေ မရှိတဲ့နေရာတွေမြင်ရင် မေးခွန်းထုတ်လာဖို့၊ ရှိလာအောင် လုပ်လာဖို့ ကြိုးစားရပါတယ်။ လက်ရှိ နွေဦး တော်လှန်ရေး က အမြင်တွေကို အပြောင်းအလဲ လုပ်ဖို့ အခွင့်အခါ ပေးနေတယ်လို့ မြင်ပါတယ်။ ဒီအချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ အမျိုးသမီးခေါင်းဆောင်တွေကို နေရာပေးလာဖို့ နှိုးဆော်တိုက်တွန်းဖို့ လိုပါတယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်သစ်တွေ ပိုထွက်လာအောင် ဘယ်လိုလုပ်ကြမလဲ။
ဖြေ။ ။ အမျိုးသမီးခေါင်းဆောင်သစ်တွေထွက်လာအောင်ဆိုရင် ကျွန်မတို့ကမွေးထုတ်ရမှာပေါ့နော်။ အခုဆိုရင် ရှေ့မထွက်ရဲတဲ့သူတွေ အများကြီးရှိတယ်။ အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ပတ်သက်ပြီး ဒီနိုင်ငံရေးမှာ တိုက်ရိုက်ပါလိုက်ပါလို့ ပြောတက်ထက်စာရင် ဒီ network ကို လာခဲ့ပါ။ ဒီမှာပါဝင်ပါဆိုတာကနေစပြီး ပါဝင်စေဖို့၊ လမ်းကြောင်းအစပျိုးပေးဖို့ လိုပါတယ်။
နိုင်ငံရေးတွေထဲမှာ ပါချင်ပေမဲ့ ကိုယ့်ကိုကိုယ် မယုံကြည်ရဲသေးဘူးဆိုတဲ့အခါကျတော့ ဒီလိုအစပြုတဲ့အရာလေးတွေကနေ ပါဝင်စေချင်းအားဖြင့်တော့ သူတို့ပါဝင်ဖို့အတွက် လှုံ့ဆော်ရမှာလည်း ဖြစ်တယ်၊ သတ္တိနဲ့ အင်အားကိုလည်း ပိုရှိစေပါတယ်။
မေး။ ။ အမျိုးသမီးတွေသာ နိုင်ငံရေးထဲမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လို့ရမယ်ဆို ဘာတွေ ပြောင်းလဲ နိုင်မလဲ။
ဖြေ။ ။ တချို့သော ဖြတ်ထိုးဉာဏ်တွေက အမျိုးသမီးတွေဆီက လာတာ၊ ယောကျာ်းတွေကျတော့ တချို့ကိစ္စတွေဆိုရင် ဒါမရနိုင်တော့ဘူးဆိုရင် မရနိုင်တော့ဘူးဆိုပြီး ထားလိုက်ကြတယ်။ အမျိုးသမီး တယောက် ပါလာတယ်ဆိုရင် လွယ်လွယ်နဲ့ လက်မလျော့ဘဲနဲ့ နည်းလမ်းအသစ်တွေကို ထပ်ရှာတယ်။ ဖြတ်လမ်းတွေကို စဉ်းစားတတ်ကြတယ်။
လက်ရှိတော်လှန်ရေးမှာ အမျိုးသမီးတွေ အများကြီး ပါလာတာကြောင့် တော်လှန်ရေးက လွယ်လွယ်နဲ့ ပြန်ပြီး ရေချိန်မကျသွားတာ။ အမျိုးသမီးတွေရဲ့ ပါဝင်မှုအကျိုးဆက်ကို သေသေချာချာတွေးကြည့်ရင် အခြေမလှုပ်အောင် တောင့်ခံထားပေးတာကို မြင်ရပါတယ်။
“မိဘတွေ၊ ဆွေမျိုးတွေကအစ ပညာပေးတာတွေ လုပ်ရမှာပါ။ သူတို့ကလည်း ခွဲခြားဆက်ဆံတဲ့သူတွေထဲမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်တယ်”
မေး။ ။ အမျိုးသမီးတွေအပေါ်မှာခွဲခြားဆက်ဆံမှုမရှိတဲ့ နိုင်ငံသစ်တခုကို တည်ဆောက်နိုင်ဖို့ ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ မိဘတွေ၊ ဆွေမျိုးတွေကအစ ပညာပေးတာတွေ လုပ်ရမှာပါ။ သူတို့ကလည်း ခွဲခြားဆက်ဆံတဲ့သူတွေထဲမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်တယ်။ ဥပမာ နင့်အဖေသတ်လိမ့်မယ်၊ နင့်အဖေကို သွားပြော၊ ယောကျာ်းလေးကို ဦးစားပေးခိုင်းတာမျိုး၊ သူကတော့ ယောကျာ်းလေးမို့လို့ဆိုပြီး ပြောဆိုတတ်ကြတယ်။ အဲလိုမျိူးဟာတွေက သူတို့တွေကစပြီး ပြင်ရမှာဖြစ်တယ်။
ဒီမျိုးဆက်မှာ သေချာ advocate လုပ်ထားနိုင်ရင်တောင် မရဘူး။ ရှေ့ကတစ်ဆက်ကိုလည်း လိုက်လုပ်ရမှာ ဖြစ်တယ်။ ဘာလို့လဲဆို ဒီမိသားစုထဲမှာ မျိုးဆက်တွေက အမြဲတမ်းထိတွေ့နေတဲ့အခါကျတော့ ပြန်ပြီး နောက်ပြန်လည်သွားနိုင်တယ်။ အထူးသဖြင့် ဒီလိုမျိုးခွဲခြားဆက်ဆံအောင်လုပ်တာလည်း ဒီအမျိုးသမီးတွေပဲ ဖြစ်တယ်။ အမေတွေ အဘွားတွေပဲ ဖြစ်တယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media