မတင်ဇာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
နိုင်ငံရေးအကျဉ်းသားမိသားစုဝင်
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးတွေက အရမ်းသန်မာကြတယ်။ အရမ်းလည်း ကြိုးစားကြတယ်။ အဲ့အတွက်ကြောင့် နေရာပေးမယ်ဆို အမျိုးသမီးတွေက အများကြီးလုပ်ဆောင်နိုင်တယ်။ သူတို့ကို နေရာပေးမယ်ဆို အမျိုးသမီးခေါင်းဆောင်တွေ ပေါ်လာပြီး ကောင်းမွန်တဲ့နိုင်ငံတခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။”
မတင်ဇာဟာ ပဲခူး ဇာတိဖြစ်ပြီး သာမာန်မိသားစုကနေ မွေးဖွားလာသူတစ်ယောက် ဖြစ်ပါတယ်။ မွေးချင်း နှစ်ဦးအနက် သမီးကြီး ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ၈၈ တုန်းက တက်ကြွလှုပ်ရှားသူ ဖြစ်တာ ကြောင့် နိုင်ငံရေးနဲ့မစိမ်းခဲ့သူ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို နဂိုကတည်းက မကြိုက်ခဲ့သူ ဖြစ်တယ်။ ငယ်ဘဝအိပ်မက်က သူနာပြုဖြစ်ချင်သူ ဖြစ်ပြီး ခရီးသွားရတာ ဝါသနာပါသူပါ။ ၂၀၁၅ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး သားတစ်ယောက်အမေဖြစ်ပါတယ်။
တော်လှန်ရေးကာလမတိုင်ခင်က အေးအေးချမ်းချမ်းနဲ့ အလှပြုပြင်ရေးဆိုင်နဲ့ အလှကုန်ပစ္စည်း ဆိုင်လေးဖွင့်ကာ နေထိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန် သပိတ်မှောက်ဆန္ဒပြရာမှာလည်း ပါဝင်ခဲ့သလို၊ CDM ထောက်ပံ့မှုအတွက် ကြိုးပမ်းအားစိုက်ခဲ့ပါတယ်။ ထိုမှတဆင့် စစ်ကောင်စီမှ ပစ်ခတ်နှိမ်နှင်းမှုများ စတင်လာချိန်မှာတော့ အခြား ထောက်ပံ့မှုများကိုပါ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူမှာ လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၂၁ခုနှစ် မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူ၏ အခြေခံလိုအပ်ချက်ကို ထောက်ပံ့ပေးနိုင်ရန် အပတ်တကုတ် ကြိုးပမ်းလျက် ရှိပါတယ်။ အမျိုးသားအဖမ်းခံရပြီးနောက်မှာတော့ လွတ်မြောက်ရာနေရာကို ပြောင်းရွေ့ခဲ့ပြီး တစ်နိုင်တစ်ပိုင် နိုင်ကျဉ်းများကို ကူညီထောက်ပံ့ခြင်းနှင့် တော်လှန်ရေးကဏ္ဍအသီးသီးကို ပါဝင်လျက် ရှိပါတယ်။
လက်ရှိမှာတော့ ရွေ့ပြောင်းကလေးများအား လုပ်အားပေး စာသင်ပေးနေသလို၊ အမျိုးသမီးအဖွဲ့အစည်းတခုမှာလည်း လုပ်ကိုင်နေပြီး ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး လုပ်ကိုင်တဲ့အဖွဲ့အစည်းမှာလည်း လုပ်ကိုင်နေပါတယ်။
မေး။ ။လက်ရှိ နွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဆရာမအမြင်ကို ပြောပြပေးပါဦးရှင့် ။
ဖြေ။ ။ နွေဦးတော်လှန်ရေးက မြန်မာပြည်ရဲ့ တော်လှန်ရေးသမိုင်းမှာ အရမ်းထူးခြားပါတယ်။ အရင် ဒီ ၂၀၁၅ -၂၀၂၀ကြားမှာ ဆိုရင် ဒီမိုကရေစီအသေးစားလေး ရခဲ့ဖူးတော့ ဒါအပေါ် အရမ်းမက်မောသွားကြတာ။ တကယ်လို့သာ ဒီမိုကရေစီအကြီးကြီးရလိုက်ရင် ငါတို့တွေ ဒီထပ်ပိုပြီး အခွင့်အရေး အများကြီးရမယ်ဆိုပြီး အရမ်းကို အင်တိုက်အားတိုက် လုပ်တဲ့တော်လှန်ရေးတစ်ခုလို့လည်း မြင်တယ်။ ပြီးတော့ အခု ဒီတော်လှန်ရေး မှာ အမျိုးသမီးတွေရော လူငယ်လူရွယ်တွေ အများကြီးပါဝင်လာကြတယ်။
ဒီစစ်အစိုးရအာဏာရှင် တစ်ခုတည်းကိုဘဲ တော်လှန်နေကြတာ မဟုတ်ပဲနဲ့ ဘယ်အာဏာရှင်စနစ်ကိုမဆို အကုန်လုံးတိုက်ဖျက် နေတာကို တွေ့ခဲ့ရတယ်။ နောက်တစ်ခုကကျတော့ အမျိုးသမီးတွေပဲဖြစ်ဖြစ် လူငယ်တွေပဲဖြစ်ဖြစ် နိုင်ငံရေးကို အရမ်းကိုစိတ်ဝင်စားလာကြတယ်။ နိုင်ငံရေးအသိအမြင်တွေလည်း တိုးလာကြတယ်ဆိုတော့ အရမ်းထူးခြားတဲ့ တော်လှန်ရေး တစ်ခုလို့ မြင်ပါတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်မှာရော အမျိုးသမီးတွေအပေါ် မှာ ခွဲခြားဆက်ဆံတတ်တဲ့ အယူအဆ တွေ ယဉ်ကျေးမှုတွေ ဘယ်လောက်ထိပြောင်းလဲသွားပါလဲ။
ဖြေ။ ။ ပထမအစောပိုင်းတွေမှာတော့ အမျိုးသမီးတွေကို နေရာပေးတာ တော်တော်နည်းတယ်ပေါ့နော်။ ဒါပေမယ့် အခုဒီနောက်ပိုင်းရောက်လာတဲ့အခါမှာကျတော့ အမျိုးသမီးတွေကို ရာထူးကြီးကြီးတွေ ပေးလာတာ ကို တွေ့လာရတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကြီးကြီးတွေ ချခွင့်ပေးနေတယ်လို့ မမြင်ရသေးပါဘူး။ စစ်အာဏာရှင် ကို တိုက်ရတာ ခက်ခဲနေသလိုဘဲ၊ လူအချင်းချင်းကြားက ခွဲခြားမှုတွေ၊ ဖိနှိပ်မှုတွေကို တိုက်ရတာ ခက်ခဲ ပါတယ်။ အာဏာရှင်ကို တော်လှန်နေတာချင်းအတူတူ တန်းတူဆက်ဆံပေးကြဖို့ ခက်နေကြတုန်းဘဲ။
မေး။ ။ ဆရာမအနေနဲ့ ဘယ်လိုနိုင်ငံအသစ်မျိုး တည်ဆောက်ချင်ပါသလဲ။
ဖြေ။ ။ နိုင်ငံအသစ်တည်ဆောက်မယ်ဆိုရင် ဒီနိုင်ငံရေးရာ ဆုံးဖြတ်ချက်ချနေတဲ့နေရာတွေမှာ အမျိုးသမီး တွေရဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့် အခန်းကဏ္ဍကို ထည့်သွင်းလိုက်မယ်ဆိုရင် ပိုကောင်းမယ်ပေါ့နော်။ အခုက အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချပိုင်ခွင့် ပေးလိုက်တယ်။ ဒါပေမယ့်လည်း တကယ်တမ်းအရေးကြီးတဲ့ အခြေအနေတွေကျလို့ရှိရင် လျစ်လျူရှုထားကြတယ်။ အဲ့ဒါတွေကို ပထမဦးဆုံး ပပျောက်သွားအောင် လုပ်သင့်ပါတယ်။
ဒီနွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်တွေကို တိုက်ထုတ်သလို ဒီအမျိုးသမီး ၊ အမျိုးသား ခွဲခြားထားတာတွေ၊ အမျိုးသမီးတွေအပေါ်ကို အယူအဆလွဲတာတွေကို ပပျောက်အောင် အရင်ဆုံး တိုက်ထုတ်ရမယ်။ အဲ့ဒါမှ အမျိုးသမီးတွေရှေ့ကို ရောက်လာပြီးတော့ အမျိုးသမီးခေါင်းဆောင်တွေ အများကြီးပေါ်လာမယ်။ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် လူတွေအားလုံးကို တန်းတူသတ်မှတ်ပြီး ဆက်ဆံကြရင် သူတို့ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမယ်လို့ ထင်ပါတယ်။
မေး။ ။ ဒီနိုင်ငံသစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုတာ ပပျောက်သွားဖို့၊ ပြည့်ပြည့်ဝဝပါဝင်နိုင်ဖို့အတွက် ဘာတွေလုပ်ဆောင်သွားသင့်လဲ ဆရာမ။
ဖြေ။ ။ အမျိုးသမီးလေးတွေ ရှေ့ထွက်လာဖို့လည်း လိုပါတယ်။ ပြီးတော့ အဲ့လိုရှေ့ထွက်လာပြီဆိုရင်လည်း အရင်နေရာရောက်ပြီးသား အမျိုးသမီးတွေက တွဲခေါ်ဖို့ လိုပါတယ်။ ပြီးတော့ အမျိုးသမီးလေးတွေကိုလည်း အမျိုးသမီးအချင်းချင်းကို ချစ်ပေးဖို့ လိုပါတယ်။ အမျိုးသမီးလေးတွေကို အမျိုးသမီးတွေက ချစ်ပေး၊ ဖေးမပေးတတ်တဲ့အလေ့အထတွေ အားကောင်းလာမှလည်း အမျိုးသားတွေက အတွေးအမြင် ပြောင်းလဲလာ မယ်လို့ မြင်ပါတယ်။
နွေဦးတော်လှန်ရေးမှာ နိုင်ငံရေးကို စိတ်ဝင်စားပြီး ဒီအဝန်းအဝိုင်းထဲကို ရောက်လာကြတဲ့ အမျိုးသမီးတွေ၊ လူငယ်တွေ အများကြီးပဲ။ အဲတာကို ကရုမစိုက်ဘဲနဲ့ အရင်အတိုင်းဘဲ အမျိုးသားတွေ၊ အသက်ကြီးတွေနဲ့ပဲ နိုင်ငံရေးကို ဆက်လုပ်နေမယ်၊ ဆက်သွားနေမယ်ဆိုရင် တော်လှန်ရေးအင်အားစု အချင်းချင်းကြားမှာ နားလည်မှုလွဲတာတွေ၊ မသင့်မြတ်တာတွေ အများကြီး ဖြစ်လာလိမ့်မယ်။
ဒါကြောင့် တော်လှန်ရေးကို လုပ်နေတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပေးဖို့ လိုသလို၊ ဆုံးဖြတ်ခွင့်လည်း ပေးရမှာပါ။ ဒါမှ တော်လှန်ရေးက အောင်အောင်မြင်မြင်နဲ့ ပြီးမှာပါ။
“သံတိုင်ကြားကနေ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို မိသားစုဝင်တွေကနေတဆင့် ပြည်သူလူထုတွေနဲ့ မီဒီယာအကုန်လုံးကို အသံထုတ်ပေးဖို့ လုပ်နိုင်တယ်။ ပြင်ပနဲ့ သံတိုင်ကြားဆက်သွယ်ဖို့ဆို ဒီမိသားစုတွေက အရမ်းအရေးကြီးတယ်”
မေး။ ။ စနစ်ပြောင်းတော်လှန်ရေးတစ်ခုဖြစ်လာဖို့ အတွက် နိုင်ငံရေးကျဉ်းသူ /ကျဉ်းသား တွေရဲ့ မိသားစုဝင်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိအရေးကြီးသလဲ ဆရာမ။
ဖြေ။ ။ နိုင်ကျဉ်းမိသားစုဝင်တယောက်ဆိုတာ တော်လှန်ရေးအပြောင်းအလဲရဲ့ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။ သံတိုင်ကြားကနေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို မိသားစုဝင်တွေကနေ တဆင့် ပြည်သူလူထုတွေနဲ့ မီဒီယာအကုန်လုံးကို အသံထုတ်ပေးဖို့ လုပ်နိုင်တယ်။ ပြင်ပနဲ့ သံတိုင်ကြား ဆက်သွယ်ဖို့ဆို ဒီမိသားစုတွေက အရမ်းအရေးကြီးတယ်။
အဲ့ဒါမှသာ စနစ်ပြောင်းတော်လှန်ရေးမှာ ဒီနိုင်ကျဉ်း တွေရဲ့အသံကို ပြင်ပကသူတွေ ကြားနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင် တော်လှန်ရေးအရွေ့ကို သွားနေတဲ့အချိန်မှာ တိုက်ပွဲတွေ၊ တခြားစစ်ဆင်ရေးတွေကို ပိုပြီး အာရုံစိုက်နေတဲ့အချိန်မှာ နိုင်ကျဉ်းတွေက အမေ့လျော့ခံ ဖြစ်နေကြတယ်။ အဲ့ဒါတွေကိုလည်း မမေ့လျော့ဖို့ဆို မိသားစုဝင်တွေကပဲ အသံထွက်ပေးဖို့ လုပ်ရပါတယ်။
မေး။ ။ တော်လှန်ရေးကာလမှာ နိုင်ကျဉ်းမိသားစုဝင်တွေရဲ့ အခက်အခဲက ဘာတွေလဲ။
ဖြေ။ ။ ထောင်တွင်းမှာ ကိုယ့်မိသားစုဝင်တစ်ယောက်က ရောက်နေတဲ့အချိန်မှာ ခံစားရတဲ့ ဝေဒနာက တော်တော်ကြီးတယ်။ ရန်သူလက်ထဲမှာ ရှိနေတဲ့အချိန် အားလုံးဖြစ်သွားနိုင်တော့ စိတ်သောကရောက်ရတယ်။ ကိုယ့်လူ သူ့လက်ထဲမှာ ရှိနေတော့ သူတို့ကို မဆက်ဆံချင်ရင်တောင် ရင်တမမနဲ့ အဆက်အဆံလုပ်ရတယ်။ ကြားထဲမှာ တော်လှန်ရေးက အချိန်ကာလတစ်ခုကို ရောက်လာပြီဆိုတော့ ဘာမှမကျန်တော့ဘူး။ ကျန်တဲ့ပစ္စည်းတွေကလည်း ထိလို့မရတာတွေ ရောင်းလို့မရတာတွေနဲ့ဆိုတော့ အရမ်းကျပ်တည်းပါတယ်။
အခုအချိန်မှာ နိုင်ကျဉ်းတွေက အမေ့လျော့ခံဖြစ်နေပါပြီ။ မိသားစုဝင်တွေဆို ပိုပြီးဆိုးတယ်။ အဲ့ထဲမှာမှ အမျိုးသမီးတွေက ငြိမ်ငြိမ်လေးနေမယ်။ တိတ်တိတ်လေးနေမယ်ဆို ပိုပြီးအမေ့လျော့ခံဖြစ်သွားတယ်။ ခွဲခြားဆက်ဆံခံရတာထက် မေ့လျော့နေကြတယ်လို့ မြင်ပါတယ်။ တခုခုဆိုရင် နိုင်ကျဉ်းမိသားစုဝင်တွေ အတွက် စဉ်းစားပေးစရာအများကြီးမလုပ်ပေးရင်တောင်မှ အရေးပေါ် ထောက်ပံ့မှုတွေ၊ Safe House တွေကို ရှိစေချင်ပါတယ်။ နိုင်ကျဉ်းမိသားစုဝင်အမျိုးသမီးတွေအတွက် ရှေ့ဆက်နိုင်တဲ့နည်းလမ်းတွေ၊ လုပ်ပေးနိုင်တဲ့ ဟာတွေ မတွေ့ရဘူး။ သူတို့ တကြိမ်တခါ ထောက်ပံ့တယ်။ အဲဒီလောက်ပဲ ရှိနေသေးတယ်။
မေး။ ။ ကိုယ်တိုင်ကအမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံမှုတွေကြုံရဖူးလား။
ဖြေ။ ။ မိန်းမဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံမှုတွေ ကြုံရတယ်။ ဒီဘက် တော်လှန်ရေးကာလထဲမှာဆို ကိုယ့်ရဲ့လုပ်ဆောင်မှုတွေ ဘယ်လောက်ကောင်းနေပါစေ ဘယ်လောက်ထက်မြက်နေပါစေ အမျိုးသမီး ဖြစ်တယ် ဆိုတာတခုတည်းနဲ့တင် ရှေ့ကိုပေးမထွက်ဘူး။ ကိုယ်ဆိုအရမ်းထက်မြက်တဲ့အထဲမှာ ပါတယ်။ ကိုယ့်လုပ်ဆောင်ချက်တွေကို သက်စွန့်ဆံဖျားထိရောက်အောင် လုပ်နိုင်ခဲ့ပေမဲ့ တကယ်တမ်းကျ နေရာမပေး ချင်ကြဘူး။
နောက်တခုက အမျိုးသမီးဖြစ်တဲ့အပြင် ကလေးအမေဖြစ်တယ်ဆိုတဲ့ဟာ တခုထဲနဲ့တင် ကိုယ်က အနောက်ကိုရောက်သွားတယ်။ ရှေ့ကို ရောက်မနေဘူး။ အဲ့နှစ်ချက်ထဲနဲ့တင် ကိုယ်ကို နောက်မှာ ချန်ခဲ့ကြ တယ်။ အဲ့လိုခွဲခြားဆက်ဆံမှုတွေ ခံခဲ့ရတယ်။ ကိုယ်တိုင် မျက်ဝါးထင်ထင်ခံခဲ့ရပါတယ်။
မေး။ ။အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုကဏ္ဍတွေမှာ ထင်ထင်ရှားရှားရနေပြီလို့ မြင်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးဝန်ကြီးတွေလည်း တွေ့ရတယ်။ နိုင်ငံခြားရေးဝန်ကြီးဆို အားရစရာကောင်းတဲ့ အလုပ်တွေ အများကြီးလုပ်ပြနိုင်တယ်။ အမျိုးသမီးနဲ့ကလေးသူငယ်ဝန်ကြီးဌာနမှာဆိုလည်း တွေ့ရတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေ ချနေပေမယ့် အဲ့လောက်ကြီး မတွေ့ရဘူး။ နိုင်ငံရေးစစ်ရေး အဓိကနေရာတွေမှာ အမျိုးသားတွေကိုပဲ တွေ့ရတာများတယ်။ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချခွင့်ကတော့ နည်းနေသေးတယ်လို့ ထင်တယ်။ လက်ရှိအချိန်အထိ အမျိုးသမီးတွေ အားမာန်အပြည့်နဲ့ ပါဝင်နိုင်မဲ့ နည်းလမ်းကို မတွေ့နေသေးဘူး။ ထောက်ပံ့ရတဲ့ကဏ္ဍ၊ ပံ့ပိုးရတဲ့ကဏ္ဍမှာပဲ ရှိနေရတယ်။
“အမျိုးသမီးဖြစ်တယ်ဆိုပြီး ကန့်သတ်ချက်တွေ၊ ကလေးအမေဖြစ်နေလို့ မလုပ်နဲ့ဆိုတဲ့ ကန့်သတ်ချက်တွေကို ပယ်ချပေးဖို့ နိုင်ငံရေးပဲဖြစ်ဖြစ် လူမှုရေးအရပဲဖြစ်ဖြစ် လူတိုင်းလူတိုင်းက ကျား၊ မတန်းတူအခွင့်အရေး အကြောင်းကို သိဖို့လိုအပ်ပါတယ်”
မေး။ ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ ထပ်ထွက်လာဖို့ ဘာတွေလုပ်ဆောင်သင့်တယ်လို့ ထင်သလဲ။
ဖြေ။ ။ အမျိုးသမီးလေးတွေကအမျိုးသားတွေထက် နှစ်ဆမက အများကြီးကြိုးစားကြတယ်။ သူတို့ရဲ့ ကျရာတာဝန် ကျရာနေရာမှာ ပေးတဲ့တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ကြတယ်။ အမျိုးသမီး ခေါင်းဆောင်တွေ အများကြီးပေါ်ထွက်လာဖို့ဆို နေရာပေးဖို့လိုတယ်။ အမျိုးသားတွေထက် အမျိုးသမီး အချင်းချင်းက ရိုင်းပင်းကူညီကြမယ်။ တော်လှန်ရေးကာလအတွင်း နိုင်ငံရေးကို သွားတဲ့အချိန်မှာ ပိုပြီး နိုင်ငံရေးအကြောင်းကို လေ့လာသင်ယူရမယ်လို့လည်း ထင်တယ်။
အရင်ခေတ်ကဆို အမျိုးသမီးတွေက နိုင်ငံရေးနဲ့မဆိုင်ဘူး။ အမြဲတမ်း ပြောနေကြတယ်။ ရှေးရိုးစွဲကြတယ်။ အမျိုးသမီးဖြစ်တယ်ဆိုပြီး ကန့်သတ်ချက်တွေ၊ ကလေးအမေဖြစ်နေလို့ မလုပ်နဲ့ဆိုတဲ့ ကန့်သတ်ချက်တွေကို ပယ်ချပေးဖို့ နိုင်ငံရေးပဲ ဖြစ်ဖြစ် လူမှုရေးအရပဲဖြစ်ဖြစ် လူတိုင်းလူတိုင်းက ကျား၊ မတန်းတူအခွင့်အရေး အကြောင်းကို သိဖို့ လိုအပ်ပါတယ်။
မေး။ ။ အမျိုးသမီးတွေနိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်သာပါလာမယ်ဆိုရင် အနာဂတ်နိုင်ငံရေးက ဘယ်လိုအပြောင်းအလဲအချိုးအကွေ့တွေ ဖြစ်လာမယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးတွေ ကဏ္ဍပေါင်းစုံမှာပါဝင်လာမယ်ဆိုရင် အခုထက်ပိုကောင်းတဲ့နိုင်ငံတော်သစ် ဖြစ်လာမယ်လို့ ထင်ပါတယ်။ အမျိုးသားတွေပဲရှိနေတဲ့ နိုင်ငံရေးတခုမှာ အမျိုးသမီးတွေပါဝင်လာမယ်ဆို အမျိုးသမီးတွေဘဝ ဖွံ့ဖြိုးတိုးတက်ရေးကလည်း အခုထက်ပိုကောင်းလာမယ်။ အမျိုးသမီးတွေက ပိုနားလည် ပေးနိုင်ကြတယ်။ အမျိုးသမီးတွေကလည်း ငြိမ်းချမ်းရေးကို နှစ်သက်ကြတယ်။ ရှေးရှုကြတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်ပြီးတော့ ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖြစ်စေနိုင်တယ်။
မေး။ ။ အမျိုးသမီးတွေအပေါ်မှာခွဲခြားမှုမရှိတဲ့နိုင်ငံသစ်ကို ရနိုင်မယ်လို့ ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ နိုင်ငံတော်သစ်တခုမှာ ဥပဒေတခုရေးဆွဲတဲ့အခါမှာလည်း အမျိုးသမီးတွေအခွင့်အရေးကို ပါဝင် ရေးဆွဲစေချင်တယ်။ ရေးဆွဲမယ်လို့လည်း ယုံကြည်ထားတယ်။ အဲ့ဒါမှလည်း ပိုမိုပြည့်စုံမယ်။ အမျိုးသမီး ခေါင်းဆောင်တွေ အများကြီးပေါ်လာမယ်လို့ ယုံကြည်ထားတယ်။ အမျိုးသမီးတွေက အရမ်းသန်မာကြတယ်။ အရမ်းလည်း ကြိုးစားကြတယ်။ အဲ့အတွက်ကြောင့် နေရာပေးမယ်ဆို အမျိုးသမီးတွေက အများကြီး လုပ်ဆောင်နိုင်တယ်။ အဲ့အတွက်သူတို့ကို နေရာပေးမယ်ဆို အမျိုးသမီးခေါင်းဆောင်တွေ ပေါ်လာပြီး ကောင်းမွန်တဲ့နိုင်ငံတခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media