ဒေါ်ခင်နှင်းဖြူစိုး
အယ်ဒီတာ
Honest Information (HI Media)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“မီဒီယာအနေနဲ့ အမျိုးသမီးဆိုရင် ကလေးမွေးဖို့နဲ့ ထမင်းဟင်းချက်ဖို့လောက်ပဲ မဟုတ်ဘူး။ နိုင်ငံရေး၊ စစ်ရေးမှာလည်း ပါဝင်နိုင်တယ်။ ကဏ္ဍအသီးသီးမှာ သူတို့ လုပ်ကိုင်နိုင်စွမ်းရှိတယ်။ လုပ်လည်းလုပ်တယ် ဆိုတာ ထောက်ပြရေးသားဖို့ လိုပါတယ်”
ဒေါ်ခင်နှင်းဖြူစိုးဟာ ရန်ကုန်ဇာတိဖြစ်ပါတယ်။ စိတ်ပညာဘာသာရပ်နဲ့ ဘွဲ့ရရှိထားပြီး စာရေး ရတာ၊ လူတွေနဲ့ ပြောဆိုဆက်ဆံရတာ၊ စကားပြောရတာတွေ၊ နေရာအသစ် သွားရတာမျိုးတွေ၊ အတွေ့အကြုံသစ်တွေ လေ့လာရတာမျိုးတွေကို နှစ်သက်သူပါ။
၂၀၀၉ ခုနှစ်၊ အသက်(၁၉)နှစ်မှာ ဂျာနယ်တခုမှာ စတင်လုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်ထိ မီဒီယာကို တစိုက်မတ်မတ် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဂျာနယ်သတင်းထောက်ဘဝကနေ၊ ရုပ်သံသတင်းထောက် အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာလည်း ဆန္ဒပြပွဲတွေပါဝင်ခဲ့တယ်။
၂၀၂၀ ရွေးကောက်ပွဲကာလမှာလည်း ဆိုရှယ်မီဒီယာစောင့်ကြည့်လေ့လာရေးအဖွဲ့တခုမှာ လုပ်ကိုင်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်မှာလည်း သတင်းမီဒီယာအလုပ်ကိုဆက်လက်လုပ်ကိုင်ခဲ့တယ်။ မိသားစုတစုလုံးက တော်လှန်ရေးမှာ ပါဝင်ခဲ့သလို၊ မောင်ဖြစ်သူက ပြည်သူ့ကာကွယ်ရေး တပ်မတော်အဖြစ် ပါဝင်ခဲ့ကာ တိုက်ပွဲမှာကျဆုံးခဲ့ပြီးနောက်ပိုင်းမှာ မိသားစုလိုက် လွတ်မြောက်ဒေသကို ရှောင်တိမ်းနေထိုင် ခဲ့ရပါတယ်။
၂၀၂၂ ဇန်နဝါရီမှာ မဲဆောက်ကို ရွေ့ပြောင်းခဲ့ပြီး မီဒီယာအလုပ်အပြင် ထောက်ပို့လုပ်ငန်းတွေမှာ ပါဝင်ခဲ့ပါတယ်။ တော်လှန်ရေးမပြီးမချင်း မီဒီယာအပြင် တော်လှန်ရေးနဲ့ပတ်သက်တဲ့ နေရာတိုင်းမှာ ရရာနေရာကနေ ပါဝင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ အမျိုးသမီးတွေရဲ့ပါဝင်မှုနဲ့ အမျိုးသမီးတွေ အခန်းကဏ္ဍက တော်လှန်ရေးအောင်မြင်မှုအတွက် အရမ်းအရေးကြီးတယ်လို့ ယုံကြည်သူပါ။
လက်ရှိမှာ HI မီဒီယာရဲ့ အယ်ဒီတာအဖြစ် တာဝန်ယူနေပါတယ်။ အမျိုးသမီးတွေရဲ့ အကြမ်းဖက် ခံရမှု၊ ခွဲခြားဆက်ဆံမှု၊ တရားမျှတမှု စတဲ့ လက်ရှိအခြေအနေ၊ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုများနဲ့ ဦးဆောင်ပါဝင်မှုအခန်းကဏ္ဍအခြေအနေတွေကို စာဖတ်သူပရိသတ်များ မှန်ကန်တိကျစွာ သိရှိနိုင်စေရန်နှင့် အမျိုးသမီးများသည်လည်း စွမ်းဆောင်ရည်ရှိပြီး အပြောင်းအလဲကို လုပ်ဆောင်နိုင်စွမ်းသော ခေါင်းဆောင် များဖြစ်သည်ကို မြန်မာ့လူမှုအသိုင်းအဝိုင်းအတွင်း အသိအမှတ်ပြုလုပ်စေရန် ထိုမှတဆင့် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုအမျိုးမျိုးနဲ့ ကျား-မ အပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုများ ပပျောက် လာစေရန်လည်း ရည်ရွယ်ပါတယ်။
မေး။ ။ လက်ရှိ နွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တခုလုံးကို ခြုံပြီးတော့ ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ လက်ရှိနွေဦးတော်လှန်ရေး လေးနှစ်အတိုင်းအတာအတွင်းမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာကတွေ့ဆုံမှုတွေ၊ ဆွေးနွေးပွဲတွေ၊ နိုင်ငံတကာနဲ့ အမျိုးသမီးအဖွဲ့အစည်း၊ NUG အစိုးရက အမျိုးမျိုးလုပ်နေပေမယ့် သိသာတဲ့ရလဒ်က အခုချိန်ထိ ထွက်မလာ သေးတာကိုလည်း တွေ့နေရတယ်။
လေးနှစ်အတိုင်းအတာတွင်းမှာ တော်လှန်ရေးက သပွတ်အူလိုမျိုး ဖြစ်နေ တယ်။ တော်လှန်ရေးအပေါ် ယုံကြည်မှုကလည်း ပိုပြီးတောင် ကျလာတာကို မြင်ရတယ်။ နိုင်ငံတကာကလည်း အာဆီယံကိုပဲခေါင်းလွှဲပြီးတော့ လုပ်နေတဲ့အခြေအနေမှာ အာဆီယံရဲ့ ကြိုးစားကိုင်တွယ်မှုကလည်း အကျိုးဆက်ရောက်မှု မရှိနေတာကို တွေ့ရတယ်။ တစ်ဦးထဲအမြင်နဲ့ ပြောရမယ်ဆို ဒီပုံစံအတိုင်းဆက်သွားပြီး ဒီလိုပဲကြာနေဦးမယ်ဆို မြန်မာနိုင်ငံက ကျဆုံးနိုင်ငံဘက်ကို ဦးတည်နေတယ်လို့ သုံးသပ်ချင်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံက ဘယ်လိုစနစ်မျိုးတွေနဲ့ တည်ဆောက်ခဲ့တဲ့နိုင်ငံလို့ ပြောလို့ရပါသလဲ။
ဖြေ။ ။ ၁၉၄၈ ခုနှစ်ကနေစပြီး စစ်အာဏာရဲ့အောက်ကနေ လုံးဝဥဿုံလွတ်မြောက်တာမျိုး မရှိခဲ့ဘူး။ ကြားထဲမှာခဏတာ အရပ်သားအစိုးရဖြစ်လာတဲ့အခြေအနေလေးမှာ လူတွေက စနစ်အပြောင်းအလဲအပေါ် လူမှုစီးပွားအပြောင်းအလဲကိုမြင်ပြီးတော့ အရမ်းတိုးတက်တော့မယ်ဆိုပြီး မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာတယ်။ တကယ့်တကယ် အဲ့အချိန်မှာတောင် အမှန်တကယ်ဒီမိုကရေစီရနေတာ မဟုတ်သေးဘူး။ တိုင်းပြည်ကောင်းလာတော့မယ့် အချိန်မှာ စစ်အာဏာသိမ်းမှုဝဲဂယက်ထဲကို ပြန်ရောက်သွားပြီးတော့ သပွတ်အူလည်နေတဲ့အခြေအနေထဲ ပြန်ရောက်သွားတယ်။
“လူငယ်တွေက အမြင်တွေ ပွင့်လာတယ်။ အမှား၊ အမှန်တွေကို သူတို့ကိုယ်တိုင် ခွဲခြားလာနိုင်ပြီးတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရှိလာတယ်။ အရင်အချိန်တုန်းက လုပ်ခဲ့တဲ့ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်း၊ ဝါဒမှိုင်းတွေက ဒီအချိန်မှာ လုံးဝအလုပ်မဖြစ်တော့ဘူး”
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အတွေးအမြင်လက်ခံမှုတွေ ဘာတွေပြောင်းလဲသွားလဲ။
ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်း အပြောင်းအလဲပြောရမယ်ဆို အကုန်လုံး ဆိုးသွားတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အရာအားလုံးက ထိုးကျသွားတယ်။ ခေတ်နောက်ပြန်ရောက်သွားသလို ကုန်ဈေးမြင့်ပြီး ဆန်မရှိတော့တာ၊ ဆီမရှိတော့တာ လျှပ်စစ်မီးမရှိတာတွေ ကြုံနေရတယ်။ အားလုံးက ရှေ့ကိုသွားနေတဲ့ အချိန်မှာ မြန်မာနိုင်ငံနောက်ကို ပြန်သွားသလို ဖြစ်နေတယ်။
အဲ့အဆိုးတွေထဲမှာ အကောင်းကို ရွေးထုတ်ပြီး ပြောရမယ်ဆိုရင် လူငယ်တွေက အမြင်တွေ ပွင့်လာတယ်။ သူတို့တွေရဲ့ အမှားတွေ အမှန်တွေကို သူတို့ ကိုယ်တိုင် ခွဲခြားလာနိုင်ပြီးတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရှိလာတယ်။ အရင်အချိန်တုန်းက လုပ်ခဲ့တဲ့ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်း၊ ဝါဒမှိုင်းတွေက ဒီအချိန်မှာ လုံးဝအလုပ်မဖြစ်တော့ဘူး။
မေး။ ။အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပေါ် ခွဲခြားမှုတွေနဲ့ ပတ်သက်ပြီး ဘာတွေ ပြောင်းလဲသွားလဲ။
ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ်ခွဲခြားမှုဆိုရင် စစ်ကောင်စီဘက် ခွဲခြားမှုက ပိုပြီးဆိုးလာတယ်။ သူတို့ဘက်အခြေအနေမှာဆို ဖိုဝါဒကြီးစိုးမှုတွေ ပိုမြင့်လာတယ်။ လက်ရှိနိုင်ငံရေး အခြေအနေအရ အစစအရာရာကျဆင်းနေတဲ့အခြေအနေမှာ အမျိုးသမီးတွေက မြေဇာပင်လို ဖြစ်လာတယ်။ အားလုံးကျဆင်းမှုအခြေအနေမှာ အမျိုးသမီးတွေအိမ်တွင်းအကြမ်းဖက်မှု မြင့်တက်လာတာတွေ လိင်ပိုင်း ဆိုင်ရာ စော်ကားမှုတွေ၊ စစ်မြေပြင်တွေမှာ မုဒိမ်းကျင့်တာတွေ မြင့်တက်လာတယ်။
စစ်ကောင်စီတပ်တွေ ဆိုရင် အမျိုးသမီးရဲ့ ဖြစ်တည်မှုကို စစ်ရေးပစ်မှတ်တစ်ခုအနေနဲ့ အသုံးချပြီး မုဒိမ်းမှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုတွေက ပိုပြီးတော့ သိသိသာသာ မြင့်တက်လာပါတယ်။ တဖက်က တော်လှန်ရေးအသိုင်းအဝိုင်း ထဲမှာဆိုရင်လည်း လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ခပ်စိပ်စိပ် ကြားလာရတယ်။ တော်လှန်ရေး အသိုင်းအဝိုင်းမှာဆို ပြောနေကြ၊ သုံးနေကြစကားရှိတယ်၊ တော်လှန်ရေးကို အရင်လုပ် ဂျဲန်ဒါကိစ္စနောက်မှ ပြောမယ်တဲ့။
နွေဦးတော်လှန်ရေးဆိုတာ စစ်အာဏာရှင်တော်လှန်ရေးနဲ့အတူ အတွေးအခေါ်တော်လှန်ရေး ကိုပါ တခါထဲလုပ်ရမယ့် အခြေအနေ ဖြစ်တယ်။ တကယ်တော့ အဲလို အတွေးအခေါ်ကြီးက အရမ်းလွဲနေတယ်။ အခြေအနေက စစ်ကောင်စီဘက်မှာဆိုလည်း အမျိုးသမီးတွေကို ထိခိုက်နေသလို တော်လှန်ရေးအဝန်းအဝိုင်း ထဲမှာလည်း အမျိုးသမီးတွေအပေါ် စော်ကားမှုတွေ ရှိနေသေးတယ်။
“မီဒီယာရဲ့အခန်းကဏ္ဍက စတုတ္ထမဏ္ဍိုင်ဆိုပြီး ပြောကြတယ်။ တကယ်တမ်းလည်း မြန်မာပြည်အခြေအနေအရ အဲဒီနေရာမပေးကြပဘူး။ ထောက်ပြရေးသားတဲ့အပေါ်မှာ အများကြီး အတိုက်အခိုက်တွေ ရှိသေးတယ်”
မေး။ ။ နွေဦးတော်လှန်ရေးမှာ မီဒီယာရဲ့အခန်းကဏ္ဍက ဘယ်လိုပုံစံမျိုးနဲ့ တည်ရှိနေလဲ။
ဖြေ။ ။ လက်ရှိမှာ သတင်းမီဒီယာတွေအနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခံ နေရပါတယ်။ သတင်းထောက်တွေရဲ့ အခြေအနေက ပြည်တွင်းမှာဘယ်လိုမှ ရပ်တည်နေထိုင်ဖို့ ဘယ်လိုမှ မဖြစ်တဲ့ အခြေအနေ ဖြစ်တယ်။ သတင်းတခုခုရေးနေတယ်ဆိုရင်ကို ပုဒ်မမျိုးစုံ နိုင်ငံတော်သစ္စာဖောက်မှု နိုင်ငံတော်ပုန်ကန်မှု ပုဒ်မမျိုးစုံတက်ပြီး အချိန်မရွေး ဖမ်းနိုင်တယ်။ လက်ရှိမှာဆိုရင်လည်း သေဆုံးသွားတဲ့ သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေ ဝရမ်းထုတ်ခံထားရတဲ့ သတင်းသမားတွေ အများကြီး ရှိနေတယ်။
မေး။ ။ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊တရားမျှတမှုရှိတဲ့ နိုင်ငံတခုဖြစ်လာဖို့ မီဒီယာအနေနဲ့ဘယ်လို လုပ်ဆောင်ပေးနိုင်လဲ။
ဖြေ။ ။ မီဒီယာရဲ့အခန်းကဏ္ဍက စတုတ္ထမဏ္ဍိုင်ဆိုပြီး ပြောကြတယ်။ တကယ်တမ်းလည်း မြန်မာပြည် အခြေအနေအရ အဲဒီနေရာမပေးကြပါဘူး။ ထောက်ပြရေးသားတဲ့အပေါ်မှာ အများကြီး အတိုက်အခိုက်တွေ ရှိသေးတယ်။ လက်ရှိမှာ အမျိုးသမီးအရေး၊ ဂျဲန်ဒါအရေးနဲ့ပတ်သက်ပြီး ထောက်ပြရေးသားတယ်။ ပြီးတော့ မတူကွဲပြားမှုတွေ ပုံစံခွက်ထဲက အပြင်ထွက်ဖို့တွေ ရေးသားတဲ့အချိန်မှာ ဝေဖန်မှုတွေ အများကြီးရှိတယ်။
အမတို့သတင်းဌာနသည် အမျိုးသမီးအကြောင်းအရာတွေပဲ ဘာကြောင့်ရေးတာလဲဆိုတာမျိုး၊ ဘက်လိုက်ရေး တယ် ဆိုတဲ့ဟာမျိုးတွေ ဖော်ပြမှုတွေက လွဲနေတယ်ဆိုတာမျိုးတွေ အတိုက်အခိုက်တွေက အများကြီးရှိတယ်။ အခုချိန်ထိမှာလည်း နွေဦးတော်လှန်ရေးမှာ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှုတွေ ဖြစ်လာဖို့အတွက် ဘယ်လိုအတိုက်အခိုက်တွေပဲရှိရှိ မီဒီယာတွေအနေနဲ့က ထောက်ပြရေးသားဖို့ လိုအပ်တယ်။
စစ်ကောင်စီမှ မဟုတ်ဘူး၊ တော်လှန်ရေးအဝန်းအဝိုင်းမှာ လွဲနေတာတွေမှားနေတာတွေရှိရင် ငါတို့တော်လှန်ရေး ဘက်တော်သားမို့လို့ ဆိုပြီးတော့ မရေးတာမျိုး မထောက်ပြတာမျိုးမဟုတ်ဘဲနဲ့ ဘယ်လိုလူမျိုးပဲဖြစ်နေဖြစ်နေ ဒီလိုအချိန်မှာက ထောက်ပြရေးသားသင့်တယ်လို့ မြင်တယ်။
မေး။ ။ ကိုယ်တိုင်အနေနဲ့ အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေ ခွဲခြားဆက်ဆံခံရတာတွေ ကြုံဖူးလား။
ဖြေ။ ။ အခုဆိုရင်သတင်းလောကထဲရောက်နေတာ ၁၀နှစ်ကျော် ၁၅ နှစ်ဝန်းကျင်လောက်တောင်ရှိလာပြီ သတင်းထောက် ဝင်ခါစအချိန်မှာဆို အမျိုးသမီးလည်း ဖြစ်တယ်၊ လူငယ်လည်းဖြစ်တဲ့ အခြေအနေမှာ သတင်းခန်းတွေမှာ ခွဲခြားဆက်ဆံခံရတယ်။ ဥပမာ ခရီးသွားဖို့အရေးအကြောင်းပေါ်လာတယ်ဆို ကိုယ်ပိုင် နိုင်တဲ့ကိစ္စဖြစ်နေရင်တောင် အမျိုးသမီးဖြစ်လို့ ချန်ခဲ့ခံရတာမျိုးတွေ ရှိတယ်။
ပြီးရင် အမျိုးသားတွေကို နေရာပို ပေးတာမျိုးတွေ၊ အမျိုးသမီးအချင်းချင်းထဲမှာမှ ကိုယ်တွေထက်ကြီးတဲ့အမျိုးသမီးတွေရဲ့ အတိုက်အခိုက် ခံရတာမျိုးတွေ၊ အလုပ်ကြောင့် အလုပ်နေရာရရင်တောင် တခုခုကြောင့်ဆိုပြီး အတိုက်အခိုက်တွေ အများကြီး ကြုံတွေ့ရတယ်။ ဂျူနီယာကနေ စီနီယာဖြစ်လာတယ်။ Video journalist ဖြစ်လာတယ်။
အဲ့မှာလည်း ပွဲတွေမှာ ယောကျာ်းလေး Video journalist တွေကို နေရာပေးတာ၊ မိန်းကလေးတွေဆိုရင် နင်တို့က ကင်မရာထမ်းနိုင် လို့လား ဆိုတာမျိုးတွေ ခနဲ့သလို မေးကြတယ်။ အမျိုးမျိုးတွေ အမျိုးသမီးဖြစ်ခြင်းကို မြန်မာ့အသိုင်းအဝိုင်း အနေနဲ့ ပြောရမယ်ဆို အမျိုးသမီးဖြစ်ရင်ကိုပဲ ယောကျာ်းလေးထက် တခုခုနိမ့်ကျတယ်ဆိုတဲ့ အတွေးအခေါ် ရှိနေတာပေါ့။ အဲ့ဒါမျိုးတွေ အစဉ်တစိုက်ရှိလာခဲ့ကြတယ်လို့ မြင်ပါတယ်။
မေး။ ။ နိုင်ငံတည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုမှုတွေက လက်ရှိအချိန်အထိ ရှိနေသေးလား။ ပြည့်ပြည့်ဝဝပိုပါဝင်လာဖို့ မီဒီယာအနေနဲ့ ဘယ်လိုလုပ်သင့်လဲ။
ဖြေ။ ။ ဒီနွေဦးတော်လှန်ရေးနောက်ပိုင်းမှာ အရင်ထက်စာရင် ပိုပြီးများလာတယ်ဆိုတာမျိုးတော့ တွေ့နိုင်ပေမယ့် တကယ့်တကယ် ယှဉ်ကြည့်မယ်ဆိုရင် နိုင်ငံရေးအပေါ်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာတွေ ဝန်ကြီးတို့ စစ်ရေး၊ နိုင်ငံရေးမှာ အရမ်းကိုနည်းနေသေးတာ တွေ့နိုင်တယ်။ အမျိုးသမီးတွေမလုပ်နိုင်ဘူးဆိုတဲ့ လျစ်လျူရှုမှုတွေ၊ တကယ့်တကယ်တမ်း ဆုံးဖြတ်ချချက်တဲ့နေရာတွေမှာ အမျိုးသမီးတွေ ရှိမနေတာကို ထောက်ပြရေးသားဖို့ လိုပါတယ်။
HI အနေနဲ့ဆိုလည်း အဲ့ဒါတွေကို အဓိကထောက်ပြရေးသားနေတယ်။ တကယ်တမ်းအမျိုးသမီးတွေ အများကြီးလုပ်နိုင်တယ်။ ဒီထက်အများကြီးပိုပြီးပါဝင်ဖို့အတွက် ထောက်ပြပြီး မီဒီယာတွေကနေ support ပေးပြီးတော့ ရေးသားပေးသင့်တယ်။ ကျွန်မတို့ မီဒီယာကဏ္ဍကနေ အမျိုးသမီး ဆိုရင် ကလေးမွေးဖို့နဲ့ ထမင်းဟင်းချက်ဖို့လောက်ပဲ မဟုတ်ဘူး။
ဒီထက်ပိုပြီး အများကြီးလုပ်နိုင်တယ်။ အမျိုးသမီးတွေက နိုင်ငံရေးမှာလည်း ပါဝင်နိုင်သလို စစ်ရေးမှာလည်း ပါဝင်နိုင်တယ်။ ကဏ္ဍအသီးသီးမှာ သူတို့ လုပ်ကိုင်နိုင်စွမ်းရှိတယ်။ လုပ်လည်းလုပ်တယ်ဆိုတာကို ထောက်ပြရေးသားဖို့ လိုပါတယ်။
“အားလုံးကို စွန့်လွတ်ပြီးတော့ ပြတ်ပြတ်သားသားနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်လာတာကို ထင်ထင်ရှားရှား တွေ့မြင်ရတယ်။ အဲ့ဒီအတွက်လည်း အမျိုးသမီးတွေကို တကယ်လည်း လေးစားတယ်”
မေး။ ။ တော်လှန်ရေးလေးနှစ်ကာလအတွင်းမှာ အမျိုးသမီးတွေအနေနဲ့ဆုံးဖြတ်ပိုင်ခွင့်တွေ ဘယ်လို ကဏ္ဍတွေမှာ ထင်ထင်ရှားရှားမြင်နေရပြီလဲ။
ဖြေ။ ။ ထင်ထင်ရှားရှားမြင်ရတယ်ဆိုရင် လက်ရှိ ပြည်သူလက်ခံတဲ့ အစိုးရပိုင်းပေါ့။ NUG အစိုးရပိုင်း မှာဆိုရင် အများကြီးပဲ အရင်နဲ့မတူဘဲတွေ့လာရတာတော့ အမျိုးသမီးဝန်ကြီးတွေရှိလာတယ်။ စစ်ရေးတွေမှာ အမျိုးသမီးတွေ ပါဝင်လက်ခံလာတာတွေ၊ နေရာပေးလာတာတွေ တွေ့လာရတယ်။ တွေ့လာရတယ်ဆိုပေမယ့် ရာခိုင်နှုန်းအရဆိုရင် နည်းပါသေးတယ်။
အဲ့ဒီအမျိုးသမီးတွေအပြင် low profile နဲ့လုပ်နေတဲ့ အမျိုးသမီးတွေလည်း အများကြီးပါ။ လေးနှစ်တာကာလအတွင်းမှာ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်၊ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက အရင်ထက်အများကြီးကိုပိုပြီးတော့ တိုးတက်လာတယ်။ အများကြီး ပိုပြီးလုပ်နိုင်လာတယ်။ အားလုံးကို စွန့်လွတ်ပြီးတော့ ပြတ်ပြတ်သားသားနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်လာတာကို ထင်ထင်ရှားရှားတွေ့မြင်ရတယ်။ အဲ့ဒီအတွက်လည်း အမျိုးသမီးတွေကို တကယ်လည်း လေးစားတယ်။
အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ ဒီထက်ပိုပြီး ပါဝင်လာအောင်လည်း HI အနေနဲ့ဆို ဒီလို အမျိုးသမီးတွေကိုဆွဲထုတ်ပြီးတော့ “သူတို့ ဘာတွေလုပ်နေတယ်။ သူတို့ခံယူချက်တွေက ဘာတွေဖြစ်တယ်။ သူတို့ရဲ့ နောက်ကြောင်းတွေက ဘယ်လိုမျိုးတွေဖြစ်တယ်။ ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေကြားထဲမှာ ဒီလေးနှစ်လုံးလုံး တောင့်ခံနေတယ်” ဆိုတာကို ထင်ထင်ရှားရှားသိအောင်တော့ ကျွန်မတို့ ကြိုးစားနေပါတယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေပေါ်ထွက်လာဖို့ မီဒီယာအနေနဲ့ ဘယ်လိုပုံစံနဲ့ ပံ့ပိုးမှုတွေ လုပ်နိုင်မလဲ။
ဖြေ။ ။ မီဒီယာသမားကျတော့ မီဒီယာသမားလုပ်နိုင်တဲ့အတိုင်းအတာ ရှိပါတယ်။ သတင်းတွေ ရေးသားနိုင် မယ်၊ ကလောင်နဲ့လုပ်ပေးနိုင်မယ့် အတိုင်းအတာရှိတယ်။ မီဒီယာသမားရဲ့ အတိုင်းအတာအထဲကနေ လက်ရှိ အမျိုးသမီးခေါင်းဆောင်၊ အမျိုးသမီးအခြေအနေ၊ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေရဲ့ အခြေအနေတွေကို အမှန်အတိုင်းရေးသားတာမျိုး၊ သူတို့ရဲ့ လွဲမှားမှုတွေ၊ သူတို့ရဲ့မှန်ကန်မှုတွေ၊ သူတို့ရဲ့ခံယူချက်တွေ အဲ့ဒါတွေကို ဘက်မလိုက်ဘဲနဲ့ လူတွေ အကောင်းဆုံးသိအောင် လုပ်ပေးတာမျိုးပါ။
ရေရှည်နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့အတွက် မီဒီယာအခန်းကဏ္ဍကနေ ဘယ်လို Support ပေးနိုင်မလဲဆိုတာမျိုးလည်း တွေးပေးဖို့ လိုပါတယ်။ အများကြီးလုပ်နေပေမယ့် လူမသိတာမျိုးတွေ အများကြီး ရှိနေပါသေးတယ်။
မေး။ ။ အမျိုးသမီးတွေနိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လာမယ်ဆို အနာဂတ်နိုင်ငံရေးက ဘယ်လို အပြောင်းအလဲအချိုးအကွေ့ ဖြစ်သွားမလဲ။
ဖြေ။ ။ အမျိုးသမီးတွေ ကဏ္ဍအသီးသီးမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်နိုင်ဖို့ အမျိုးသားတွေရဲ့ ပူးပေါင်း ပါဝင်နိုင်မှုကလည်း အရေးကြီးတယ်။ တချို့အိမ်ထောင်သည်အမျိုးသမီးတွေ၊ မိခင်တွေဆိုရင် သူတို့ရဲ့ ရပ်တည်ချက်တွေ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေ အများကြီးရှိနေပေမယ့် မပါဝင်နိုင်တာမျိုးတွေ ရှိတယ်။ ပြီးတော့ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းတွေကို ဒီထက်မက အသိအမှတ်ပြုဖို့လည်း အရေးကြီးတယ်။
မိန်းမဆိုရင် နေရာမပေးချင်တဲ့ အတွေးအခေါ်တွေပြောင်းလဲဖို့ လိုအပ်တယ်။ အမျိုးသမီးတွေကို အုပ်ချုပ်ခိုင်းရင် ဘယ်လိုဖြစ်မှာလဲဆိုတာ သိနိုင်လားလို့ လူတွေက စသလိုနောက်သလို ပြောကြတယ်။ ကျွန်မအနေနဲ့ ပြောချင်တာက အမျိုးသမီးတွေအုပ်ချုပ်ရင်ဘယ်လိုဖြစ်မလဲဆိုတာ သိဖို့အတွက် အမျိုးသမီးတွေကို နေရာပေးပြီး လုပ်ခိုင်းလိုက်ပါ၊ လုပ်ခိုင်းလိုက်တဲ့အခါကျရင် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်မလဲဆိုတာ မြင်တွေ့လာနိုင်မှာပါ။
“နွေဦးတော်လှန်ရေးမှာ စစ်တပ်တမျိုးထဲကို တော်လှန်ရုံနဲ့ မပြီးဘူး။ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီနဲ့အတူ ပုံစံခွက်သတ်မှတ်ချက်တွေ၊ ဖိုဝါဒကြီးစိုးမှုတွေ၊ ဂျဲန်ဒါခွဲခြားမှုတွေ၊ ဘာသာရေး၊ လူမှုရေးဝါဒမှိုင်း၊ အတွေးအခေါ်တွေကိုပါ တပါတည်းတော်လှန်သင့်တယ်လို့ မြင်တယ်”
မေး။ ။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုမရှိတဲ့ အနာဂတ်နိုင်ငံသစ်ကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ နွေဦးတော်လှန်ရေးမှာ စစ်တပ်တမျိုးထဲကို တော်လှန်ရုံနဲ့ မပြီးဘူး။ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီနဲ့အတူ ပုံစံခွက်သတ်မှတ်ချက်တွေ၊ ဖိုဝါဒကြီးစိုးမှုတွေ၊ ဂျဲန်ဒါခွဲခြားမှုတွေ၊ ဘာသာရေး၊ လူမှုရေးဝါဒမှိုင်း၊ အတွေးအခေါ်တွေကိုပါ တပါတည်းတော်လှန်သင့်တယ်လို့ မြင်တယ်။
ဘယ်လို ခွဲခြားမှုမှမရှိတဲ့ အနာဂတ်နိုင်ငံတော်ဖြစ်လာရင် အဲ့ဒီနိုင်ငံမှာ မတူကွဲပြားမှုတွေအားလုံးကို မေ့ထားပြီးတော့ အားလုံးတူတူလက်တွဲနိုင်မယ့် ဖက်ဒရယ်နိုင်ငံကို မျှော်လည်းမျှော်လင့်ပါတယ်။ မျှော်လင့်ချက်နဲ့အတူတူ အခုဆိုလေးနှစ်လုံး တောင့်ခံပြီးတော့ ကျရာကဏ္ဍကနေ တဖြေးဖြေးနဲ့ လုပ်ဆောင်နေပါတယ်။ ပြည့်ဖို့လည်း ယုံကြည်ပါတယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media