မကြန်
ဦးဆောင်ကော်မတီဝင်
PPNM
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးတိုင်းက ယုံကြည်ချက်မြင့်မြင့်မားမားရှိနေဖို့က အရေးကြီးတယ်။ ငါက အားနည်းတယ်။ ငါတော့ ဒါသိပ်မလုပ်နိုင်ဘူးဆိုတဲ့ အထင်တခုကနေ ကိုယ့်ရဲ့ ယုံကြည်ချက်တွေ ရည်ရွယ်ချက်တွေက လက်လွတ်လိုက်ရနိုင်တယ်”
မကြန်သည် မန္တလေးဇာတိဖြစ်ပြီး သာမာန်မိသားစုကနေ ကြီးပြင်းလာသူပါ။ ၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၃ ယောက် ရှိတဲ့အနက် အကြီးဆုံးသမီး ဖြစ်ပါတယ်။ ၂၀၁၅ မှာ ၁၀ တန်းအောင်ခဲ့ပြီး ရတနာပုံတက္ကသိုလ်မှာ အင်္ဂလိပ်အထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ကျောင်းနေအရွယ်ကနေ တက္ကသိုလ်အထိ ပတ်ဝန်းကျင်လွှမ်းမိုးမှုတွေကို မကြိုက်ဘဲ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့် တွေကို တန်ဖိုးထားသူတစ်ယောက်ပါ။
၂၀၂၁ခုနှစ်မှာ Nursing Training School မှာ ပထမနှစ်သင်ယူတက်ရောက်နေဆဲ ကိုဗစ်ကာလ ကျောင်း (၆) လပိတ်ချိန်ကာလမှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အာဏာသိမ်းခြင်းခံခဲ့ရပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ ၇ ရက်နေ့ မှ စတင်ကာ ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း စသည့် လူထုလှုပ်ရှားမှုတိုအပြင် သူနာပြုကျောင်းသားများသမဂ္ဂထံသို့ CDM ကျောင်သားစာရင်း ပေးပိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် ပြည်ကြီးတံခွန်မြိုနယ် တပ်ပေါင်းစုသပိတ်မှာ ရိုက်နှက်ဖမ်းဆီးခံ ခဲ့ရပါတယ်။ ရဲစခန်းမှာ ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး နေ့ချင်းစစ်ကြောရေးကို ပိုခံခဲ့ရပါတယ်။ စစ်ကြောရေးမှာ (၉) ရက် တိုက်ထဲမှာနေခဲ့ရပြီး အိုးဘိုအကျဉ်းထောင်သို့ ပိုဆောင်ခံခဲ့ရပါတယ်။ အိုးဘိုအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြခြင်း၊ ကြွေးကြော်ခြင်း၊ ပန်းသပိတ်လုပ်ခြင်းများ ပြုလုပ်ခဲ့သလို၊ နိုင်ငံရေးအကျဉ်းသား များကို မတရားခိုင်းစေသောကြောင့် နိုင်ငံရေးအကျဉ်းသားများကို အလုပ်မလုပ်ရဟူ၍ စည်းရုံးပြီး အလုပ်မလုပ် လျှော့ရက်မယူ ဆိုပြီး ထောင်တွင်းလက်မှတ်ထိုးမှုကြောင့် မြင်းခြံထောင်သို ပြောင်းရွှေ့ခံခဲ့ ရပါသည်။ မြင်းခြံထောင်တွင်လည်း ထောင်တွင်းတိုက်ပွဲများ ဆက်လက်ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မေလ ၃ရက်နေ့မှာ ခံဝန်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လ ၁ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကို တည်ထောင်ခဲ့ပါတယ်။ ဦးဆောင်ကော်မတီဝင်အဖြစ် ထမ်းဆောင်နေစဥ် စောင့်ကြည့်ခံရမှု များကြောင့် လွတ်မြောက်နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ယခုလက်ရှိမှာ PPNM ၏ ဦးဆောင် ကော်မတီဝင်၊ ရုံးမှူး၊ ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ Molecules Team Drone အဖွဲ့၏ စာကြည့်တိုက်မှူးအဖြစ်လည်း တာဝန်ယူလျက်ရှိပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)သည် မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသားများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းထုတ်ပြန်နေပြီး ကူညီထောက်ပံ့ ရေး၊ မှတ်တမ်းတင်နိုင်ရေးတို့ကို လုပ်ဆောင်လျက် ရှိပါတယ်။
မေး။ ။လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အခုဆိုရင်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက ရက်စက်မှုတွေ ကျူးလွန်ခဲ့တာ လေးနှစ် ကြာခဲ့ပြီ ဖြစ်တယ်။ ဒီလေးနှစ်အတွင်းမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေဟာ ယိမ်းယိုင် နေခဲ့တာ ပြည်သူတွေအမြင်ပဲ ဖြစ်တယ်။ အခုလက်ရှိမှာ NUG အစိုးရ ရှိပါတယ်။ NUG အစိုးရနဲ့အတူ တစ်ဦး တယောက်ချင်းစီကနေ ပြန်ပြီးတည်ဆောက်ရမှာ ဖြစ်ပါတယ်။
အခု နွေဦးတော်လှန်ရေးကာလမှာလည်း တည်ဆောက်နေဆဲ ဖြစ်တယ်။ တည်ဆောက်နေဆဲကာလဖြစ်လို့ ယိုယွင်းချက်လေးတွေတော့ ရှိတယ်။ ဒီယိုယွင်းချက်လေးတွေကို ဖာထေးပြီးတော့ မြန်မာ့နိုင်ငံရဲ့တော်လှန်ရေးကို တော်လှန်ပြည်သူတွေနဲ့အတူတူ ရေးရပါမယ်။ ဒါမှပဲ ကျွန်တော်တို့လိုချင်တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ စည်းကမ်းရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရောက်ရှိမှာ ဖြစ်ပါတယ်။
မေး။ ။အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးဆိုင်ရာအတွေးအမြင် လက်ခံမှုတွေက ဘယ်လောက်အထိပြောင်းလဲသွားလဲ။
ဖြေ။ ။ နိုင်ငံရေးအခြေအနေ တော်တော်လေး ဆုတ်ယုတ်လာတယ်။ အဲ့ဒါကြောင့် စီးပွားရေးတွေလည်း ကျဆင်းလာတယ်။ လူတစုအတွက်ကြောင့်နဲ့ မြန်မာငွေကြေးဟာလည်း တရှိန်ထိုး တန်ဖိုးကျလာရတယ်။ အဲ့ဒီမှာ ရိုးရိုးသားသား ရှာဖွေစားသောက်နေတဲ့ လူတွေကတော့ မိသားစုစီးပွားရေးကို လောက်ငှရုံလောက်ပဲ တက်နိုင်သလောက် ဖြစ်နေကြတယ်။ လခစား ဝန်ထမ်းတွေဆိုရင်လည်း အတော်လေး အဆင်မပြေကြဘူး။ နိုင်ငံရေး၊ လုံခြုံရေးကလည်း မကောင်းဘူး။ သူ့ကိုလည်း မယုံကြည်ရ ကိုယ့်ကိုလည်း မယုံကြည်ရနဲ့ ဖြတ်သန်းနေရတယ်။ ဒီနေ့စဉ်ဘဝကို ဒီအစိုးရအနေနဲ့ ထည့်သွင်းစဉ်းစားနေလိမ့်မယ်လို့ မထင်ပါဘူး။
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာရော အမျိုးသမီးတွေအပေါ်မှာခွဲခြားဆက်ဆံတဲ့ အယူအဆတွေ ဘယ်လောက်အထိ ပြောင်းလဲသွားလဲ။
ဖြေ။ ။ အစထဲက ကျွန်တော်တို့ဗမာတွေမှာလည်း အစွဲတွေရှိခဲ့ကြတယ်။ အမျိုးသားနဲ့ အမျိုးသမီး ဆိုတာကို ရိုက်သွင်းခံခဲ့ရတယ်။ တန်းတူညီမှုမရှိဘူးဆိုတာ ဟိုးငယ်ငယ်လေးထဲက ကြုံတွေ့လာခဲ့ရတယ်။ ဒီထဲကနေ ဖောက်မထွက်နိုင်ကြဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ ဦးဆောင်သူ အမျိုးသမီးတယောက် ဦးဆောင်နေမှု အပေါ်မှာ မခံမရပ်နိုင်တွေ ဖြစ်တယ်။ ဒါကြောင့် မလုပ်သင့်ဘူးဆိုတဲ့ အရာတွေကို လုပ်ခဲ့တယ်လို့ မြင်ပါတယ်။
မေး။ ။ နိုင်ငံတခုကို ဘယ်လိုစံတန်ဖိုးထားမှုတွေနဲ့ တည်ဆောက်သင့်တယ်လို့ မြင်ပါသလဲ။
ဖြေ ။ ။ အခြေခံအကျဆုံးကတော့ တရားမျှတမှု၊ လွတ်လပ်မှု စည်းကမ်းရှိမှုနဲ့ တည်ဆောက်ရမယ်။ ကျွန်တော့အနေနဲ့ကတော့ စည်းကမ်းကိုပါ ထည့်သွင်းပြီး ထားချင်တယ်။ စည်းကမ်းချက်တွေနဲ့ ကိုယ်စီရှိ ကြမယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကိုလည်းရနိုင်မယ်လို့ မြင်ပါတယ်။
မေး။ ။ နိုင်ငံအသစ်တည်ဖောက်ဖို့ နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ ဘယ်လိုကဏ္ဍကနေပါဝင်နေလဲ။
“နိုင်ကျဉ်းဟောင်းတွေက အကျဉ်းထောင်ထဲက လွတ်မြောက်လာပြီးတဲ့ နောက်မှာလည်း အကျယ်ထောင်မှာ နေကြရတယ်။ လုံခြုံရေးတွေ တင်းကြပ်လာတာနဲ့အမျှ ကိုယ်ကလည်း အသက်ရှူကြပ်တယ်။ ဒါတွေကတော့ နိုင်ငံရေးအကျဉ်းသူတွေတင် မဟုတ်ပါဘူး။ တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်”
ဖြေ။ ။ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေက တရားမျှတမှုကို လိုချင်လို့ ထောင်ထဲကိုဝင်ခဲ့ရတာ ဖြစ်တယ်။ အဲ့မှာ တန်းတူညီမျှမှုတွေ၊ လွတ်လပ်မှုတွေ တရားမျှတမှုတွေကို အကျဉ်းထောင်တွေထဲမှာလည်း အသီးသီး ပုံဖော်ခဲ့ကြတယ်။ ပါဝင်ခဲ့ကြတယ်။ ဥပမာပြောရရင် သပိတ်မှောက်တာကအစ ကြွေးကြော်တာက အစ၊ အခုလက်ရှိမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်လုပ်ဆောင်နေတာ ရှိပါတယ်။
လွတ်လပ်မှုရှိမှသာ ညီမျှခြင်းတွေ၊ တရားမျှတမှုရှိခြင်းတွေ ဖန်တီးနိုင်မှာ၊ တရားမျှတမှုမရှိရင် တန်းတူညီမျှမှုမရှိရင် တရားမျှတမှုကင်းမဲ့တဲ့ လွတ်လပ်ရေးဆိုတာတွေကလည်း ကြာရှည်ခံမှာမဟုတ်ဘူး။ ညီညွတ်မှုကို အခြေခံ ပြီးတော့ တည်ဆောက်ကြရတယ်။ နိုင်ငံရေးအကျဉ်းသူတွေကတော့ တက်အားသရွေ့ တက်နိုင်တဲ့ဘက် လုပ်ဆောင်သွားပါမယ်။
မေး။ ။ နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေကြုံရလဲ၊ ဘာတွေကို ရင်ဆိုင် ကျော်လွှားနေကြရလဲ။
ဖြေ။ ။ နိုင်ငံရေးအကျဉ်းသားအဖြစ်ကနေပြန်ပြီး လွတ်မြောက်လာတယ်။ ကိုယ်တွေတန်းတူပဲ တခြား နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေဆိုလည်း အကျဉ်းထောင်ထဲက လွတ်မြောက်လာပြီးတဲ့ နောက်မှာလည်း အကျယ်ထောင်မှာ နေကြရတယ်။ ကျွန်တော်တို့လုပ်ချင်တာ လုပ်ခွင့်မရှိဘူး။ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရတာတော့ အာဏာသိမ်းပြီးကတည်းက ဖြစ်တယ်။
ကိုယ်ပြောချင်တာ ကိုယ့်ရဲ့ဆန္ဒတွေ ထုတ်ဖော်လို့ မရဘူး။ အဲ့အခါကျတော့ တနေရာနဲ့တနေရာ ပြောင်းရွေ့နေရတာတွေ ရှိတယ်။ လုံခြုံရေးကြောင့် ရုပ်ဖျက်ပြီး သွားနေကြရတာ ရှိတယ်။ ကိုယ့်နာမည်အရင်းတောင် ကိုယ်ထုတ်ဖော်ပြောလို့မရနိုင်တဲ့ အခြေအနေတွေမှာ ရောက်နေတယ်။ ကိုယ့်ရဲ့နိုင်ငံထဲကိုမှ ဒီနေရာလေးကတော့ ငါတို့လွတ်မြောက်နိုင်ပါတယ်လို့ ယူဆတဲ့နေရာ မှာ လာနေရတယ်။
တကယ့်တကယ်ကတော့ ဒီနေရာက လွတ်မြောက်လားဆိုတော့ လွတ်မြောက်တဲ့နေရာ တခုထဲမှာတော့ မပါဘူး။ လူချင်းလည်း ထိတွေ့မှုတွေ နည်းလာရတယ်။ လုံခြုံရေးအခြေအနေကြောင့် အွန်လိုင်းကနေပဲ လုပ်နေကြရတယ်။ ဒါတွေကတော့ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ကြီးမားတဲ့အခက်အခဲလို့ ပြောလို့ရတယ်။ လုံခြုံရေးတွေ တင်းကြပ်လာတာနဲ့အမျှ ကိုယ်ကလည်း အသက်ရှူကြပ်တယ်။ ဒါတွေကတော့ နိုင်ငံရေးအကျဉ်းသူတွေတင် မဟုတ်ပါဘူး။ တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
မေး။ ။အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရတာ၊ ဖိနှိပ်ခံရတာတွေကြုံဖူးလား။
ဖြေ။ ။ စစ်ကောင်စီတင်မှမဟုတ်ဘူး၊ နေရာတကာမှာ မျက်နှာသာပေးမှုတွေ လေးစားမခံရမှုတွေကတော့ သူ့နေရာနဲ့သူ ရှိကြတယ်။ ဒီအရာဆိုရင် ဒီမိန်းကလေးက လုပ်နိုင်ပါ့မလားဆိုတဲ့ ပြောသံတွေအမြင်တွေက အသက်ကြီးပိုင်းတွေမှာ ပိုများတာ တွေ့ရတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်တယ်။ ဘယ်လိုတွေလုပ်ရမလဲဆို အမျိုးသမီးတွေ တန်းတူညီတူဆက်ဆံဖို့ မျက်နှာသာပေးခံရဖို့ အလေးစားခံရဖို့၊ မိန်းကလေးတွေကလည်း ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့မိန်းကလေးတွေက ပြရမယ်။
တခုခုဆိုရင် အားနည်းတယ်ဆိုတာ အမြင်မခံရနိုင်တဲ့အမျိုးသမီးတွေ ဖြစ်ဖို့လည်း အရေးကြီးတယ်။ အဓိကကတော့ ကျွန်တော်တို့ကိုယ်တိုင်တည်ဆောက်မှ တဖက်သားကလည်း လက်ခံယုံကြည်လာမှာ ဖြစ်တယ်။ ကျွန်တောအနေနဲ့ကလည်း ငါအမျိုးသမီးဖြစ်တယ်။ အမျိုးသမီးတွေကပဲ ဦးဆောင်ရမယ်။ အဲ့လိုမျိုးအမြင်ထက်ကို တန်းတူဦးဆောင်နိုင်တဲ့သူတွေ ဖြစ်ရမယ်။ ကိုယ့်ရဲ့အမျိုးသမီးတွေဘက်က တည်ဆောက်ရမှာ ဖြစ်တယ်လို့ မြင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေဆုံးဖြတ်ပိုင်ခွင့်နဲ့ပတ်သက်ပြီးဘယ်နေရာမှာထင်ထင်ရှားရှားမြင်နေရလဲ။
ဖြေ။ ။ အခုဒီနောက်ပိုင်းတွေမှာတော့ ဝန်ကြီးဖြစ်သွားတဲ့ အမျိုးသမီးတွေ မြင်ရတယ်။ လွှတ်တော်ဘက် တွေမှာ မြင်နေရတယ်။ ကျွန်တော့အနေနဲ့ကတော့ ပါဝင်မှုအားနည်းနေသေးတယ်လို့ ထင်တယ်။ ကျွန်တော့် အနေနဲ့ ပြောရမယ်ဆိုရင် အမျိုးသား ၅၀ ရာခိုင်နှုန်းဆို အမျိုးသမီးလည်း ၅၀ ရာခိုင်နှုန်း ဖြစ်သင့်တယ်။ ဒါဆိုရင်တော့ မျှတတဲ့တန်းတူညီမှုတွေ ဖြစ်လာမယ်လို့ ထင်တယ်။ အမျိုးသမီးတွေလည်း ပြောဆိုပိုင်ခွင့်တွေ ဆုံးဖြတ်ခွင့်တွေ ကောက်ချက်ချပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေ ရှိလာမယ်ဆို ကောင်းတာပေါ့။
မေး။ ။ အမျိုးသမီးတွေ ခေါင်းဆောင်အသစ်တွေပိုထွက်လာဖို့ဘာတွေလုပ်ကြမလဲ။
ဖြေ။ ။ မိမိကိုယ်ကို အရင်တည်ဆောက်ရတယ်။ မိမိကိုယ်ကိုကနေမှ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့နိုင်ငံ ဒီလိုမျိုးတဆင့်ချင်း သွားမယ်ဆို ဖြစ်နိုင်တယ်။ အမျိုးသမီးတိုင်းက ယုံကြည်ချက်မြင့်မြင့်မားမားရှိနေဖို့က အရေးကြီးတယ်။ ငါက အားနည်းတယ်။ ငါတော့ ဒါသိပ်မလုပ်နိုင်ဘူးဆိုတဲ့ အထင်တခုကနေ ကိုယ့်ရဲ့ ယုံကြည်ချက်တွေ ရည်ရွယ်ချက်တွေက လက်လွှတ်လိုက်ရနိုင်တယ်။
မိမိကိုယ်ကို မိသားစု၊ မိမိပတ်ဝန်းကျင် မိမိနိုင်ငံအတွက် အလုပ်လုပ်တော့မယ်လို့ဆန္ဒရှိရင် အဲ့ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ရမယ်။ ယောကျာ်းလေးပဲ နင်တို့ဦးဆောင်ရမှာပေါ့ ဆိုတဲ့အစွဲတွေက မိန်းကလေးတွေကလည်း ရှိတယ်။ ဒါတွေက အတွေးမှားတွေ ဖြစ်တယ်။ ကိုယ်ကိုတိုင်က ဒါကြီးကို လက်ခံထားရင် ဒါက မှားနေသေးတယ်။ ကိုယ့်ကိုကိုယ် ပြန်တည်ဆောက်ဖို့ လိုနေသေးတယ်လို့ ထင်တယ်။ ကိုယ်ကိုတိုင်က ခိုင်မာရမယ်။ ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်ယုံကြည်မှုရှိရမယ်။
အလုပ်တခုကိုလုပ်တဲ့အခါမှာ ယောကျာ်းလေး မိန်းကလေးနှစ်ဖက်လုံးမှာ ဖိအားတွေ ရှိတယ်။ အဲ့ဒဏ်ကို ကိုယ်ကလည်းခံနိုင်ရည်ရှိအောင် လုပ်ရမယ်၊ ခံနိုင်ရည်လည်း ရှိရမယ်။ အနစ်နာခံနိုင်မှု၊ စိတ်ရှည်မှု၊ သည်းခံဇွဲရှိမှုကနေ အကျိုးအမြတ်တွေ ရလာနိုင်မယ်။ ကိုယ်က ဘာတွေကို လုပ်ပေးနိုင်မလဲဆိုတာ ကြည့်ရမယ်။ ဒီလိုစိတ်တွေရှိနေမှ လူဆိုတာတိုးတက်တာ။ ကျန်တာတွေက တဖြေးဖြေးချင်းနဲ့ အလုပ်လုပ်ရင်း သင်သွားရတာတွေ ဖြစ်တယ်။
မေး။ ။ အမျိုးသမီးတွေသာ နိုင်ငံရေးထဲမှာတင်းပြည့်ကျပ်ပြည့်ပါဝင်လာမယ်ဆို နိုင်ငံရေးက ဘာတွေ ပြောင်းလဲသွားနိုင်လဲ။
ဖြေ။ ။ အမျိုးသမီးတွေက အခြေခံအားဖြင့် ဂရုဏာတရားလည်း ကြီးမားတယ်။ အနစ်နာခံတတ်တယ်။ ဒီတိုင်းပြည်က သေးသေးလေးတွေက အစပြုလို့ အခြေခံ အမျိုးသမီးကိစ္စတွေ အမျိုးသားကိစ္စတွေ ကျေးလက်နဲ့ ဆိုင်တဲ့ ရပ်ရွာကိစ္စတွေပါ တိုးတက်ကောင်းမွန်လာတာကို တွေ့ရလိမ့်မယ်။ ကဏ္ဍအသီးသီးမှာ အမျိုးသား တွေရဲ့ လုပ်ဆောင်နိုင်မှုနဲ့ အမျိုးသမီးတွေရဲ့လုပ်ဆောင်နိုင်မှု ဒီလိုမျိုးတန်းတူ ညီသွားတယ်ဆိုရင် တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ ထင်ပါတယ်။
မေး။ ။ ခွဲခြားဆက်ဆံမှုမရှိတဲ့အနာဂတ်နိုင်ငံသစ်တည်ဆောက်နိုင်မယ်လို့ ဘယ်လောက်အထိ ယုံကြည်ပါသလဲ။
ဖြေ။ ။ တည်ဆောက်နိုင်မယ်လို့ ထင်ပါတယ်။ ကိုယ့်ရဲ့အင်အားနဲ့တော့ ကိုယ့်ရဲ့အဖွဲ့အစည်းမှာရော ကိုယ့်ရဲ့ မိခင်အဖွဲ့အစည်းမှာရော ဦးဆောင်သူတယောက်အနေနဲ့တော့ ရပ်တည်နေနိုင်ပြီ။ တခြားပိုပြီးကျယ်ပြန့်တဲ့ ပိုပြီးတော့ အတွေးအခေါ်များတဲ့ နယ်ပယ်တွေကိုလှမ်းနိုင်ဖို့အတွက် ကြိုးစားနေရတယ်။ ခုနပြောတဲ့ အခြေခံစိတ်ဓာတ်လေးတွေ ထားပြီးသွားမယ်ဆိုရင် ယုံကြည်တဲ့ ရည်ရွယ်ထားတဲ့အရာတွေလုပ်နိုင်မယ်လို့ မြင်ပါတယ်။ တခြားအမျိုးသမီးတွေကိုလည်း ဖြစ်စေချင်ပါတယ်။
မေး။ ။ တခြားဖြည့်စွက် ပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ။ ။ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသမီးတွေအပေါ် လူ့အသိုင်းအဝိုင်းက မလေးစားဘူးလို့ပဲ ပြောရမလား။ အစွဲတွေအပေါ်မူတည်ပြီးတော့မျက်နှာသာမပေးတာတွေ အမြစ်တွယ်နေတာ အခုချိန်ထိ အားကောင်းနေဆဲလို့ မြင်တယ်။ ခေါင်းဆောင်ပိုင်းနေရာတွေမှာဆိုလည်း ခွဲခြားမှုတွေက ရှိနေသေးတယ်လို့ မြင်ပါတယ်။
“အလုပ်တခုကိုလုပ်တဲ့အခါမှာ ယောကျာ်းလေး မိန်းကလေးနှစ်ဖက်လုံးမှာ ဖိအားတွေ ရှိတယ်။ အဲ့ဒဏ်ကို ကိုယ်ကလည်းခံနိုင်ရည်ရှိအောင် လုပ်ရမယ်၊ ခံနိုင်ရည်လည်း ရှိရမယ်။ အနစ်နာခံနိုင်မှု၊ စိတ်ရှည်မှု၊ သည်းခံဇွဲရှိမှုကနေ အကျိုးအမြတ်တွေ ရလာနိုင်မယ်”
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media