- Published on
နော်စူစန်နာလှလှစိုး
- Published on
ဒေါ်မျိုးမျိုးအေး
သမဂ္ဂခေါင်းဆောင်
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးတွေ ဘယ်မှာမဆို ပါဝင်ခွင့်ရှိပေမယ့် တကယ်တမ်း ခေါင်းဆောင်မှုပိုင်း၊ ဆုံးဖြတ်ပိုင်ခွင့််နေရာတွေကို ထည့်သွင်းစဉ်းစားတဲ့အခါကျရင် အမျိုးသားတွေက အုပ်စုဖွဲ့ပြီးတော့ တိုက်ခိုက်တယ်။ ဒီလိုနေရာမျိုးကို အမျိုးသားတွေပဲ ရဖို့အတွက်ကို ဖန်တီးတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက ဒီမိုကရေစီယဉ်ကျေးမှုမဟုတ်ဘူး။ ဒါက အာဏာရှင်ရဲ့ အငွေ့သက်သက်ပဲ”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
အမျိုးသမီးတွေရဲ့ခေါင်းဆောင်မှု၊ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်၊ အမျိုးသမီးတွေရဲ့လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ခံထားရတာတွေကြောင့် ဟိုးလွန်ခဲ့တဲ့ ၂၀၁၅ လောက်ထဲက ကျွန်မက STUM ကို အထည်ချုပ် သမဂ္ဂတွေ၊ ရေလုပ်သားသမဂ္ဂတွေ၊ တောင်သူလယ်သမားသမဂ္ဂတွေ၊ စက်မှုကဏ္ဍမှာရှိတဲ့တခြားသော ကျွန်မတို့နဲ့ ရင်ဘက်ချင်းတူပြီး ရပ်တည်ချက်ချင်း၊ ယုံကြည်ချက်ချင်းတူတယ်ဆိုတဲ့ လူတွေနဲ့ ခွဲထွက်ပြီးတော့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအရ အမျိုးသမီးရဲ့ခေါင်းဆောင်မှုကို လက်ခံဖို့ အတွက် ခက်ခဲပါတယ်။ စာရွက်ပေါ်မှာတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အပြည့်အဝပေးထားတယ်။ ဘယ်နေရာမှာမဆိုကြည့်လိုက်ရင် အမျိုးသမီးတွေရဲ့အခွင့်အရေးကို ပိတ်ပင်တာ ဘာမှမရှိဘူး။ အမျိုးသမီးမို့လို့ ဒါတွေမလုပ်ရဘူးလို့ အမျိုးသမီးမို့လို့ ဒီနေရာကို ရွေးချယ်ခံခွင့်မရှိဘူးလို့ မရှိဘူး။ Union မှာလည်း ဒီလိုမျိုးပဲ အရမ်းကို လွတ်လပ်ပြီးတော့ ဘယ်မှာမဆို လုပ်ခွင့်ရှိတယ်။
အမျိုးသမီးတွေ ဘယ်မှာမဆို ပါဝင်ခွင့်ရှိပေမယ့် တကယ်တမ်း ခေါင်းဆောင်မှုပိုင်း၊ ဆုံးဖြတ်ပိုင်ခွင့်နေရာတွေ ကို ထည့်သွင်းစဉ်းစားတဲ့အခါကျရင် အမျိုးသားတွေက အုပ်စုဖွဲ့ ပြီးတော့ တိုက်ခိုက်တယ်။ ဒီလိုနေရာမျိုးကို အမျိုးသားတွေပဲ ရဖို့အတွက်ကို ဖန်တီးတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ဒီမိုကရေစီယဉ်ကျေးမှု မဟုတ်ဘူး။ ဒါက အာဏာရှင်ရဲ့အငွေ့အသက်ပဲ။ အမျိုးသားကြီးစိုးရေးဝါဒ လွှမ်းမိုးတယ်။
ကျွန်မတို့ အာဏာရှင်ကို တော်လှန်တယ်ဆိုတာ အခုမှတော်လှန်တာ မဟုတ်ဘူး။ မိသားစုမှာ၊ အိမ်မှာ၊ ကိုယ့်ရဲ့ Union မှာ ဒါတွေကို ဒီအလေ့အကျင့်တွေကို ပြုစုပျိုးထောင်ပေးတယ်။ မွေးဖွားပေးတယ်။ အမျိုးသမီးတွေ ရှေ့တန်း ရောက်ဖို့ အမျိုးသမီးတွေ ဆုံးဖြတ်ခွင့်ရတဲ့နေရာရောက်ဖို့ ပေါ်လစီချမှတ်တယ်။ ရွေးကောက်တင်မြောက်တဲ့ နေရာတိုင်းမှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့နေရာကို ပါလာဖို့အတွက် လုပ်ဆောင်ပါတယ်။
သို့ပေမဲ့ လက်ရှိအချိန်အထိ ကျွန်မတို့ ချန်ထားခံရမှုတွေအတွက် ကျွန်မတို့ ဖြတ်ကျော်နေတုန်းပဲ။ ဒါတွေကို ကျွန်မ တို့က ရုန်းကန်ကျော်လွှားရင်းနဲ့ ဒီစနစ်တွေကို အမြစ်ပြတ်အောင် တိုက်ထုတ်မယ်။ ကျွန်မတို့ရဲ့ခေါင်းထဲမှာ အတွေးထဲမှာ ဒါတွေမရှိဖို့ ကျွန်မတို့မျိုးဆက်ကိုလည်း ဒါတွေမမွေးဖို့ ကျွန်မတို့လက်ထက်မှာလည်း ဒါတွေလက်မခံဖို့ တိုက်ခိုင်တွန်းလှန်နေဆဲကာလ ဖြစ်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိတည်ဆောက်သင့်ပါသလဲ။
နိုင်ငံသူနိုင်ငံသားတွေထားတဲ့ စံတန်ဖိုးတွေ မတူကြဘူး။ တခါတလေကျရင် ကျွန်မတို့ထားတဲ့ စံတန်ဖိုးတွေက သပ်သပ်၊ နိုင်ငံသူနိုင်ငံသားတွေက သပ်သပ်ဖြစ်နေတတ်ပါတယ်။ ပြည်နယ်၊ ပြည်မ တိုင်းရင်းသားတွေ ထားတဲ့စံတန်ဖိုးတွေ မတူကြတဲ့အခါမှာ ဘယ်လိုတူအောင်သွားပြီးညှိကြမလဲ။ အဲ့တော့ ပြည်မမှာနေတဲ့သူတွေ က ပြည်နယ်မှာနေတဲ့သူတွေကို အရမ်းကိုအကဲဆတ်တယ်။ Sensitive ဖြစ်တယ်။ အထိမခံဘူးလို့ ထင်ကောင်း ထင်လိမ့်မယ်။
အဲ့ဒါက တဖက်မှာက အရမ်းကို တန်ဖိုးထားတဲ့အရာ ဖြစ်နေတယ်။ စကားပုံတောင် ရှိတယ်။ ဆင်ကတော့ သေးပေါက်လိုက်တာပဲ ပုရွက်ဆိတ်မှာတော့ သောကပင်လယ်တွေ ဝေပြီးတော့ ဖြစ်သွားတယ်။ အဲ့လိုမျိုးပေါ့။ တခုနဲ့တခုစံတန်ဖိုးတွေကို ဘယ်လိုညှိကြမလဲ။ နိုင်ငံတော်သစ်လို့ ပြောတဲ့အခါ ပြည်မမှာ နေတဲ့လူတွေရဲ့ နိုင်ငံတော်သစ်နဲ့ ပြည်နယ်မှာနေတဲ့လူတွေရဲ့ နိုင်ငံတော်သစ်က တူနိုင်ပါ့မလား။
အဲ့လိုပဲ တိုင်းရင်းသားတွေ အချင်းချင်းကြားမှာရော အတူတူ ဖြစ်ပါ့မလား။ ပြီးတော့ အမျိုးသား၊ အမျိုးသမီး ဂျဲန်ဒါ မတူတဲ့ကြားမှာ မျှော်မှန်းတဲ့နိုင်ငံတော်သစ်ကရော တူပါ့မလား။ ကျွန်မတို့တွေ အဲ့ဒါတွေ ထပ်တူရဖို့ ဘယ် လောက်အထိ အချိန်စောင့်ဖို့ လိုမလဲ။
တစ်ယောက်အသံကို တစ်ယောက် ဘယ်လောက် နားထောင်ကြမလဲ။ အခုချိန်မှာ တစ်ယောက်အသံ၊ တစ်ယောက် နားမထောင်ဘူး။ တယောက်ကိုတစ်ယောက် ဖယ်ထုတ်တဲ့လမ်းကို ရွေးကြတယ်။ ငါနဲ့မတူ ငါ့ရန်သူပဲ လာပြီးမဆွေးနွေးနဲ့၊ စကားမပြောနဲ့ပေါ့။ အဲ့လိုတွေနဲ့ ဘယ်လောက်ကြာကြာ ဖြုတ်ထုတ်သတ် သွားကြမလဲ။ အတူတူနေနိုင်ဖို့အတွက်ကို ဘယ်လိုစဉ်းစားကြမလဲ။ စံတန်ဖိုးတွေ ရင်ဘတ်ချင်းတူတယ်တို့ ပြောရင်တော့အချိန်တွေ တော်တော်ယူရဦးမယ်။
ကျွန်မတို့လိုချင်တဲ့ အနာဂတ်အိပ်မက်၊ ပြည်နယ်တွေက မက်ထားတဲ့ အနာဂတ်အိပ်မက် တူချင်မှ တူပါလိမ့်မယ်။ ကျွန်မတို့ ရန်ကုန်မှာနေပြီးတော့ ရွှန်းရွှန်းဝေအောင် ပြောနေတဲ့အချိန်မှာ ပြည်နယ်တွေမှာ ကျောင်းလုံးဝမတက်ရတဲ့ ထမင်းပုံမှန်စားမနေရတဲ့စစ်ဘေးရှောင် နေရတဲ့ တိုင်းရင်းသားကလေးတွေပေါ့။ သူတို့တွေရဲ့ အနာဂတ်အိပ်မက်နဲ့ ကျွန်မတို့အိပ်မက်နဲ့အရမ်းကို ကွာသွားပြီ။ ဒါတွေကိုတန်းတူညှိဖို့က ခက်ပါလိမ့်မယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
အမျိုးသမီးကိုဖယ်ထားမယ်။ အမျိုးသားချည်းပဲ ဆုံးဖြတ်ချက်ချပြီးတော့ နိုင်ငံကို တည်ဆောက်သွားမယ် ဆိုပါစို့။ ဒါဆိုရင်ကျွန်မတို့က အသံမစုံတော့ဘူး။ အမျိုးသမီးအသံ မကြားရတော့ဘူး။ အမျိုးသမီးအသံ မကြားရတဲ့အတွက်ကြောင့် အမျိုးသမီးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာ ကျန်နေခဲ့မယ်။ အဲ့အခါကျရင် နိုင်ငံရေး မျှခြေ မညီတော့ဘူး။ အမျိုးသမီးတွေလည်း လုပ်နိုင်စွမ်းရှိတယ်။ သူတို့လုပ်နိုင်စွမ်းတွေက တခါတလေ အမျိုးသားထက် သာကောင်းသာနေမယ်။ အဲ့တော့ လူမှန်နေရာမှန်ရှိဖို့ လိုပါတယ်။
နောက်တခုက အမျိုးသမီး ဆိုတာ ကျွန်မထင်တာက အမျိုးသားတွေထက် ခံနိုင်ရည်ပိုအားရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေး မီးဖွားတယ်ဆိုတဲ့ကိစ္စဆိုတာ ကလေးလေးတစ်ယောက်ကို ဗိုက်ထဲမှာ ဆယ်လလုံးလုံး လွယ်ထားရတယ်။ ကလေးအမေတွေဟာ အင်မတန်မှကို ဂုဏ်ပြုထိုက်တယ်။ ကလေးမွေးရင်း သေနိုင်တယ်ဆိုတာ သိလည်း မွေးတာပဲ။ အမျိုးသမီးတစ်ယောက်ရဲ့ ခံနိုင်ရည်က အမျိုးသားတစ်ယောက်ရဲ့ ခံနိုင်ရည်ထက် သာပါတယ်။
နောက်တခုက အရာရာကိုကြည့်တဲ့အခါမှာ မေတ္တာတရားတို့ နှလုံးရည်တွေကို တိုင်းတာဖို့လိုတယ်။ ဒါဟာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ဘယ်လိုမှ စံသွားညှိလို့မရဘူး။
ကိုယ့်ရဲ့လှပမှုတွေ၊ နုပျိုမှုတွေ၊ ကိုယ်လုပ်ချင်ပါတယ်ဆိုတဲ့ အရာအားလုံးကို သားသမီးအတွက် အနစ်နာခံခဲ့ရတယ်။ သားသမီး ကိုပဲ အချိန်အကြာကြီးပေးခဲ့ရတော့ ကျွန်မတို့ဆိုရင် အသက် (၄၅) - (၅၀) လောက်ကို ရောက်တော့မှ ကိုယ်ဖြစ်ချင်တဲ့ဟာကို ဆက်လုပ်နိုင်တယ်။ အမျိုးသမီးတွေဟာ အချိန်တွေပေးနေတဲ့ကြားက သူတို့ဘဝ တိုးတက်ရေးကို သူတို့ထူထောင်ပြီးတော့ လုပ်ကြရတာ။
လုပ်ငန်းခွင့်ထဲမှာလည်း ဘယ်နေရာမှာပဲကြည့်ကြည့် အမျိုးသမီးတွေက သုံးပုံနှစ်ပုံ လောက်ကို လွှမ်းမိုးထားတယ်။ ဒါပေမယ့် ထိပ်ပိုင်းနေရာလောက်ကိုပဲ အမျိုးသားက ယူထားပြီးတော့ အရာရာကိုဆုံးဖြတ်သွားမယ်ဆိုရင်တော့ ဘယ်အရာကမှ ပုံမှန်အတိုင်း ဖွံ့ဖြိုးလာမယ်လို့ မထင်ဘူး။
အမျိုးသမီးနဲ့ပတ်သက်တဲ့ကိစ္စကို စဉ်းစားရင် ဘယ်အမျိုးသားက ဒီအမျိုးသမီးတွေလောက် သိနိုင်ပါ့မလဲ။ နိုင်ငံရဲ့လူဦးရေတစ်ဝက်ကျော်ကို အမျိုးသမီးက နေပြီးတော့ လွှမ်းမိုးထားတယ်။ လုပ်ငန်းခွင့်ထဲမှာလည်း ဘယ်နေရာမှာပဲကြည့်ကြည့် အမျိုးသမီးတွေက သုံးပုံ နှစ်ပုံလောက်ကို လွှမ်းမိုးထားတယ်။ ဒါပေမယ့် ထိပ်ပိုင်းနေရာလောက်ကိုပဲ အမျိုးသားက ယူထားပြီးတော့ အရာရာကိုဆုံးဖြတ်သွားမယ်ဆိုရင်တော့ ဘယ်အရာကမှ ပုံမှန်အတိုင်း ဖွံ့ဖြိုးလာမယ်လို့ မထင်ဘူး။
ဒါကြောင့်လည်း ကျွန်မတို့က အမျိုးသမီး ခေါင်းဆောင်မှုတို့၊ အမျိုးသမီးတွေပါဝင်ခွင့်တို့ကို ထပ်တလဲလဲပြောတယ်။ တစိုက်မတ်မတ် ပြောတယ်။ ကိုယ်တိုင်လည်း ကျင့်တယ်။ ကိုယ့်အဖွဲ့ဝင်တွေကိုလည်း ဒါမျိုးတွေဖြစ်အောင် အမြဲတမ်း လုပ်ပေးနေတယ်။ နမူနာကောင်းအနေနဲ့ Union မှာဆိုရင်လည်း ဒီမိုကရေစီ ယဉ်ကျေးမှုတွေကို ကျင့်သုံးပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
ကျွန်မအနေနဲ့ကတော့ အမျိုးသမီးတွေက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အရမ်းကြီး မရောက်လာသေးဘူးလို့ မြင်တယ်။ အမျိုးသမီးတွေကို ဝန်ကြီးရာထူးတွေပေးတာတွေ ရှိပေမယ့် အမျိုးသားတွေက အဲ့ဒီနေရာတွေကို လုပြီးတော့ ယူထားတုန်းပဲ။ အမျိုးသမီးတွေက ဒီထက်လုပ်နိုင်စွမ်းတွေ ရှိတယ်။ လုပ်နိုင်နေတာ ကိုလည်း အားလုံးမြင်နေရတယ်။ ဒါပေမယ့် တကယ်ဆုံးဖြတ်ချက်ချတဲ့နေရာမျိုးမှာ အမျိုးသမီးတွေ သိပ်မရှိနေဘူး။ အမျိုးသားတွေ လွှမ်းမိုးနေတုန်းပဲ။
လက်ရှိမှာတော့ အရပ်ဖက်အဖွဲ့အစည်း တော်တော်များများမှာ အမျိုးသမီး တွေ အသံပိုပြီးကျယ်ကျယ်ထုတ်လာနိုင်တယ်။ ဒီလိုနေရာတွေမှာ အမျိုးသမီးတွေဟာ ကိုယ်ဘာလုပ်ရမလဲ ဆိုတာကို အချိန်နဲ့တပြေးညီဆုံးဖြတ်ပြီးတော့ လုပ်နေလာနိုင်တယ်။ အစိုးရပိုင်းမှာတော့ သိပ်ပြီး အားရ ကျေနပ်လောက်တဲ့ အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနေတာ မတွေ့ရသေးပါဘူး။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
နံပါတ်တစ်က အမျိုးသမီးတွေကိုယ်တိုင်က အမျိုးသမီးမပါဝင်နေတာကို လက်ခံနေတာကြောင့်ပါ။ နံပါတ်နှစ် ကတော့ အမျိုးသမီးတွေ မပါဝင်နိုင်အောင် စည်းမျဥ်းစည်းကမ်းတွေကလည်း ဟန့်တားထားတာကြောင့်ပါ။ ဥပမာအနေနဲ့ ဝန်ကြီးရာထူးရွေးတဲ့အခါမျိုးမှာ ဒီလိုရာထူးမျိုးနဲ့ ကိုက်တဲ့အမျိုးသမီးတွေ ရှိတယ်။
ဒါပေမယ့် အမျိုးသမီးတွေကို ဒုဝန်ကြီးလိုနေရာမျိုးမှာထားပြီး အမျိုးသားတွေက ဝန်ကြီးတက်ယူတာမျိုး မြင်နေရပါ တယ်။ အမျိုးသမီးတွေ ဝန်ကြီးမဖြစ်ထိုက်ဘူးလားဆိုတဲ့ မေးခွန်းမျိုးကို အမျိုးသမီးတွေကိုယ်တိုင် မေးခွန်း ထုတ်စေချင်တယ်။ ဒီအချိန်မှာ သွေးစည်းညီညွတ်မှုပျက်ပြားတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မဝေဖန်ဘဲ နေလိုက်မယ်ဆို ဘယ်အချိန်မှာ ကျွန်မတို့ပြောကြမလဲ။
ကျွန်မတို့တုန်းကကျတော့ မသိခဲ့ဘူး။ သိတယ်ဆိုတဲ့အချိန်ကစပြီးတော့ တွန်းလှန်ဖို့လိုပါတယ်။ နောက်တခု က ရာထူးချင်းတူကြတယ်ဆိုကြပါစို့။ ဘာကြောင့် ဒီအမျိုးသမီးဝန်ကြီးတွေကို ဝန်ကြီးယောကျာ်းတွေက ဆရာ လာလုပ်တာလဲ။ ကိုယ်နဲ့မဆိုင်တဲ့နေရာတွေမှာ ဆရာဝင်လုပ်တာတို့ ဝင်ပြောတာတို့ကို မြင်နေရတဲ့အခါ မခံစားနိုင်ဘူး။ အမျိုးသမီးတွေက ဒီထက်ပိုပြီး လုပ်နိုင်ရက်နဲ့ ဘာဖြစ်လို့ ဒီလူတွေက အဲ့လိုမျိုးလာပြီးတော့ အမိန့်ပေနေရတာလဲပေါ့။ အမျိုးသမီးတွေ ကိုယ်တိုင်က ဒါကိုလက်မခံဖို့ လိုပါတယ်။
ကျွန်မတို့အခုပြန်လည် တည်ဆောက်တယ်လို့ သတ်မှတ်ကြတယ်ဆိုရင် အခုထဲကစပြီးတော့ ဒါတွေကိုအသစ်အနေနဲ့ မွေးဖွားပြီး တော့ သွားစေချင်ပါတယ်။ အားလုံးနိုင်ငံတော်သစ်အတွက် ပြောနေကြတာ ဆွေးနွေးကြတာ ဖြစ်တဲ့အတွက် ကြောင့် အမြင်မတော်တာတွေ မလုပ်သင့်တာတွေကို ကျွန်မတို့က အားမနာတမ်း ပြောဖို့လိုပါတယ်။ ကျွန်မတို့ တွေလည်း ပြောဖို့လိုသလို ကာယကံရှင် အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အားနာနာနဲ့ နောက်မဆုတ်ပေးဖို့ လိုပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက် ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
အမျိုးသမီးခေါင်းဆောင်တွေကို အများကြီးမွေးထုတ်ပေးဖို့လိုသလို နေရာပေးဖို့လည်း လိုပါတယ်။ အဲ့နေရာနဲ့ မထိုက်တန်တဲ့သူတွေ ယူထားတယ်ဆို နေရာဖယ်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် အားလုံး စွမ်းဆောင်ရည် ပြည့်ပြည့်နဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အခု လူငယ်တွေအများကြီး အလုပ်လုပ်လာကြတယ်။ သူတို့ကို နေရာပေးဖို့ လိုပါတယ်။ ငါတို့နောက်မျိုးဆက်ကို ဘယ်လောက်မွေးမြူထားတယ်၊ နောက်မျိုးဆက်ကို ဘယ် လောက်ပြင်ဆင်ထားတယ်လို့ ပြောကြတယ်ဆိုရင် အခုထဲက နောက်မျိုးဆက်အတွက် ရာထူးတွေ ထားပြီး တော့၊ နေရာပေးသင့်ပြီ။ အဲ့လိုနေရာမျိုးမှာ အမျိုးသမီးတွေ ဘယ်လောက်ပါလာလဲ။
အမျိုးသမီးတွေက နိုင်ငံရေးနဲ့ မဆိုင်ဘူးဆိုပြီးတော့ ဘေးဖယ်နေမယ်ဆိုရင် နိုင်ငံရေးထဲမှာ အမျိုးသမီးပါဝင်မှုက အလုပ်နိုင်ငံရေးမဟုတ်ပဲနဲ့ အပြနိုင်ငံရေးပဲ ဖြစ်လာမှာပါ။
နောက်တချက်က နောက်မျိုးဆက်အတွက် ခေါင်းဆောင် (၁၀၀) မွေးထားတယ်ဆိုရင် အမျိုးသမီး (၅၀) ပါပြီလား။ SDG အရဆို ၂၀၃၀ ကြရင် အမျိုးသမီးနဲ့အမျိုးသားက ၅၀/၅၀ ဖြစ်ရမယ်လို့ပြောထားတဲ့အတွက် ready ဖြစ်ပြီလား။ နေရင်းထိုင်ရင်း ဒီလိုစွမ်းရည်တွေက ပြည့်လာမှာ မဟုတ်ဘူး။
တကယ့်မူဝါဒတွေချမှတ်ပြီး ဖြည့်ကျင့်ပေးထားမှ တကယ်တမ်း အဆင်သင့်ဆိုတဲ့အချိန်ကျရင် သူတို့ကအဲ့နေရာကို တိုးဝင်သွားနိုင်မှာ ဖြစ်ပါတယ်။ လာကြ ဒီနေရာအတွက် ဖွင့်လိုက်ပြီလို့ပြောရင် ၂၀၃၀ ကျရင် အမျိုးသားနဲ့အမျိုးသမီးတန်းတူပဲ ဘယ်နေရာမှာမဆို အမျိုးသမီး ၅၀၊ အမျိုးသား ၅၀ ပြောပေမယ့် အမျိုးသမီးတွေအားလုံးက မီးဖိုချောင်ထဲက မထွက်ကြရဘူး။
ပညာသင်မှု အခွင့်အရေးတွေက အမျိုးသားတွေကပဲ သာနေတယ်။ နေရာဌာနတွေ အကုန် လုံး အခွင့်အရေးတွေအားလုံးကို အမျိုးသားတွေကပဲ လက်ဝါးကြီးအုပ်ပြီး ယူထားတယ်ဆို အဲ့အချိန်ကျရင် ဘယ်မှာစွမ်းရည်ရှိတဲ့အမျိုးသမီးတွေ ရှိလာနိုင်မလဲ။ ဒါကြောင့် မူဝါဒတွေ သေသေချာချာရေးပြီး အမျိုးသမီး တွေကို ဆွဲတင်မှ ၂၀၃၀ ခုနှစ်ကျရင် အဆင့်တူ၊ တန်းတူဖြစ်မှာ ဖြစ်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေ တော်တော်များများက နိုင်ငံရေးထဲမှာ ဝင်ပါလာဖို့လိုပါတယ်။ အမျိုးသမီးတွေက နိုင်ငံရေးနဲ့ မဆိုင်ဘူးဆိုပြီးတော့ ဘေးဖယ်နေမယ်ဆိုရင် နိုင်ငံရေးထဲမှာ အမျိုးသမီးပါဝင်မှုက အလုပ်နိုင်ငံရေးမဟုတ်ပဲနဲ့ အပြနိုင်ငံရေးပဲ ဖြစ်လာမှာပါ။ ငါတို့ပါတီထဲမှာ အမျိုးသမီးဘယ်နှယောက်ရှိနေတယ်။ ငါတို့ထဲမှာ လွှတ်တော် အမတ်က ဘယ်နှယောက်ရှိနေတယ်။ ငါတို့ထဲမှာ ဝန်ကြီးဘယ်နှယောက်ရှိနေတယ်။ ဒီလိုမျိုး အပြအမည်ခံ သက်သက် မဖြစ်ဖို့လိုပါတယ်။
နိုင်ငံရေးထဲမှာတော့ အမျိုးသမီးတွေ အများကြီးရှိနေကြတယ်။ နိုင်ငံရေး လှုပ်ရှားမှုမှာ အမျိုးသမီးတွေအများကြီးရှိနေကြတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မရှိနေဘူး ဆိုရင်လည်း မဟုတ်သေးပါဘူး။ တကယ့်နာမည်ကြီးအဖွဲ့အစည်းတွေမှာဆိုရင်လည်း တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်နေတဲ့ အမျိုးသမီးတွေက အများကြီးရှိပေမဲ့ တကယ်တမ်း ဆွေးနွေးကြမယ်ဟေ့၊ သွားကြမယ်ဟေ့ဆို အဲ့အမျိုးသမီးတွေက ကျန်နေခဲ့တယ်။ ဒါမျိုးတွေတော့ အနာဂတ်မြန်မာနိုင်ငံတော်မှာ မဖြစ်စေချင်တော့ဘူး။
အမျိုးသမီးတွေကလည်း သွားကြပြီဆိုရင် ပါဝါလေးခြုံ၊ ဆံထုံးလေးထုံး ဓာတ်ပုံပဲ အရိုက်ခံပြီးတော့ ပြန်လာလို့မရဘူး။ နိုင်ငံရဲ့အပြောင်းအလဲ၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ အပြောင်းအလဲ တကယ် ပြောဖို့လိုတယ်။ ပြောမှလည်း ပြင်ကြမှာ၊ မပြောရင် ပြင်မှာမဟုတ်ဘူး။ လုပ်မှာလည်း ရမှာပေါ့။ အဲ့တော့ ဓာတ်ပုံအရိုက်ခံပြီးပြန်မလာနဲ့ showcase ထဲမှာထည့်ထားတဲ့ အလှပြအရုပ်အဖြစ်မနေနဲ့။ တကယ့်မြေပြင်မှာ လုပ်နေကြတဲ့ အမျိုးသမီးတွေအဖြစ် မြင်ချင်ပါတယ်။ တွေ့ချင်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
ရဲဘော် Kharu
အဖွဲ့ဝင်
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“ တိုင်းပြည်ရဲ့စနစ်ကို ပြောင်းလဲဖို့အတွက် အခြေခံပြည်သူလူထုကလည်း အရေးကြီးပါတယ်။ လူထုရဲ့နိုင်ငံအာဏာကို အခြေတည်ပြီး တည်ဆောက်မှသာ ကိုယ်လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်တစ်ခု ရောက်လိမ့်မယ်လို့ မြင်ပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါ ရှင့်။
ကျွန်မတို့မြန်မာပြည်ရဲ့သမိုင်းဖြစ်စဉ်ကိုပြောရမယ်ဆိုရင် ၁၉၄၈မှာ လွတ်လပ်ရေးရခဲ့တယ်။ သို့ပေမဲ့ ၁၉၄၇ ပင်လုံစာချုပ်ထဲကအတိုင်း ပြည်ထောင်စုစနစ်ကို အကောင်အထည်မဖော်နိုင်ခဲ့တော့ တိုင်းရင်းသားတွေက လက်နက်ကိုင်တော်လှန်ခဲ့ကြရတယ်။ အဲ့ဒီချိန်ကစပြီး ပြည်တွင်းစစ်မီးကလည်း တောက်လောင်နေခဲ့တာ ဒီနေ့ ဒီအချိန်အထိလို့ ပြောလို့ရပါတယ်။အခုနွေဦးတော်လှန်ရေးမှာလည်း တော်လှန်ရေးရဲ့ လိုအပ်ချက်အရ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ကြတယ်။
သို့ပေမဲ့ လက်နက်ကိုင်တော်လှန်ရေးကိုပဲ အမြဲတမ်းလိုအပ်နေ သေးတယ်ဆိုရင် တိုင်းပြည်ကတော့ ပြန်ကောင်းလာနိုင်တဲ့ အလားအလာမရှိဘူး။ တိုင်းပြည်ကလည်း အစိတ်စိတ်အမွှာမွှာဖြစ်နေပြီးတော့ ဒီတိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုတွေအနေနဲ့ကလည်း စီးပွားရေး၊ လူမှုရေး၊ အဘက်ဘက်ကနေပြီးတော့ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
လက်ရှိမှာ စစ်ကောင်စီကတော့ စစ်ရေးအရရော၊ နိုင်ငံရေးအရပါ တော်လှန်ရေးအင်အားစုတွေကပေးတဲ့ ဖိအားတွေ၊ ဒဏ်တွေကို ရင်ဆိုင်နေကြရတယ်။ စစ်တပ်ကို နိုင်ငံရေးအရ ထွက်ပေါက်ပိတ်တယ်ဆိုရင် ကျွန်မ တို့တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးထွက်ပေါက်ကရော ဘာလဲ။ စစ်နိုင်တိုက်ရေးကို ရွေးချယ်ကြမယ် ဆိုရင် တော်လှန်ရေးက တော်တော်လေးကို ကြန့်ကြာနေဦးမယ်လို့လည်း ယူဆမိတယ်။
တစ်ဖက်နဲ့တစ်ဖက် အပြီးအပြတ် မရှင်းလင်းနိုင်ခဲ့လို့ ဒီနေ့ဒီအချိန်ထိ နှစ်ပေါင်း (၇၀) ကျော်က ပြည်တွင်းစစ်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့စနစ်ကို ပြောင်းလဲဖို့က အခြေခံပြည်သူလူထုကလည်း အရေးကြီးတယ်။ လူထုရဲ့ နိုင်ငံရေးအာဏာကို အခြေတည်ပြီးတည်ဆောက်မှသာ ကိုယ်လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်တစ်ခုကို ရောက်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိတည်ဆောက် သင့်ပါသလဲ။
လက်ရှိတိုင်းရင်းသားပြည်သူလူထု ပြောနေကြတဲ့ နိုင်ငံရေးအိပ်မက်က ဖက်ဒရယ်ဒီမိုကရေစီစနစ်ပဲ ဖြစ်ပါတယ်။ ဒီစုစနစ်ကိုတည်ဆောက်တဲ့အခါမှာ ဒီမိုကရေစီရဲ့စံတန်ဖိုး၊ အနှစ်သာရကို အခြေခံရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရလို့ပြောလိုက်တာနဲ့ လူ့အခွင့်အရေး၊ ကျား၊ မတန်းတူရေး၊ လူမှုတရား မျှတမှု၊ လွတ်လပ်မှုတွေ ပါဝင်တယ်။ ဒါက ပြည်သူလူထုရဲ့ဆန္ဒပဲ ဖြစ်တယ်။
ပြည်သူလူထုရဲ့ဆန္ဒအတိုင်း တိုင်းပြည်ရဲ့စနစ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ရတာ ဖြစ်ပါတယ်။ တိုင်းပြည်တည်ဆောက်ဖို့အတွက် တိုင်းရင်းသားတွေ လိုချင်တဲ့နိုင်ငံရေးစံတန်ဖိုးတွေ အခြေမခံနိုင်တဲ့ကာလပတ်လုံး ကျွန်မတို့တိုင်းပြည်ဟာ ဘယ်တော့မှာငြိမ်းချမ်းမှာ မဟုတ်ပါဘူး။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
စုံလင်ကွဲပြားတယ်ဆိုတာ အရေးကြီးတယ်ဆိုတာထက် ပိုပါတယ်။ လူ့အဖွဲ့အစည်းဆိုတာ ဘယ်တော့မှ ထပ်တူကျမနေပါဘူး။ အမြဲတမ်း စုံလင်ကွဲပြားနေပါလိမ့်မယ်။ စုံလင်ကွဲပြားနေခြင်းအပေါ် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ဒီမိုကရေစီစနစ်က အရေးကြီးပါတယ်။ တော်လှန်ရေးနဲ့ နိုင်ငံရေးတည်ဆောက်တဲ့အချိန်မှာလည်း အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့အခြေအနေတွေမှာ ပါဝင်ခွင့်ရှိကိုရှိရပါမယ်။
အမျိုးသမီးတွေရဲ့ အခွင့်အရေး ခံစားမှုတွေကို အမျိုးသမီးတွေကိုယ်တိုင်ကပဲသိနိုင်ပါတယ်။အမျိုးသားတွေက အမျိုးသမီးတွေရဲ့ အခွင့်အရေးကို နားလည်ကောင်းနားလည်ပေမဲ့ ကျွန်မတို့အမျိုးသမီးတွေ ကိုယ်တိုင်လောက် နားလည်မှာ မဟုတ်ပါဘူး။ အမျိုးသမီးတွေကိုယ်တိုင်က ကိုယ့်ရဲ့အခွင့်အရေး၊ ကိုယ့်ရဲ့ခံစားချက် ကိုယ့်ရဲ့ရပ်တည်ချက် အကုန်လုံးကို သိနိုင်၊ ပြောနိုင်တဲ့အတွက်ကြောင့် နိုင်ငံရေးမှာဆုံးဖြတ်ချက်ချနိုင်တဲ့ကဏ္ဍတွေမှာ ပါဝင်ဖို့ တော်တော်လေးကို အရေးကြီးပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရကြည့်မယ်ဆိုရင် အမျိုးသမီးရာခိုင်နှုန်းက အမျိုးသားထက် ထက်ဝက်ကျော် ရှိပါတယ်။ အမျိုးသမီးတွေသာ မပါဝင်ခဲ့ရင် ဒီတော်လှန်ရေးကလည်း လူထုတော်လှန်ရေးဆိုပြီး ဖြစ်လာစရာအကြောင်း မရှိဘူး။ လက်ရှိနွေဦးတော်လှန်ရေးမှာလည်း အမျိုးသမီး တွေသာ မပါဝင်ခဲ့ရင် ဒီတော်လှန်ရေးက ဒီနေ့အချိန်ထိ အားကောင်းနေမှာ မဟုတ်ပါဘူး။ ကျွန်မတို့ အမျိုးသမီး တွေအနေနဲ့ တော်လှန်ရေးမှာပါဝင်ဖို့ အလွန်အရေးကြီးသလိုမျိုး တော်လှန်ရေးကိုမောင်းနှင်နေတဲ့ ဦးဆောင်တဲ့ အခန်းကဏ္ဍတွေမှာ ပိုပြီးပါဝင်လာဖို့လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။
“အမျိုးသမီးတွေသာ မပါဝင်ခဲ့ရင် ဒီတော်လှန်ရေးကလည်း လူထုတော်လှန်ရေး ဆိုပြီး ဖြစ်လာစရာအကြောင်း မရှိဘူး။ လက်ရှိနွေဦးတော်လှန်ရေးမှာလည်း အမျိုးသမီးတွေသာ မပါဝင်ခဲ့ရင် ဒီတော်လှန်ရေးက ဒီနေ့အချိန်ထိ အားကောင်းနေမှာ မဟုတ်ပါဘူး။”
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ် လောက်အထိ ရရှိနေပြီလဲ။
ကျွန်မတို့အမျိုးသမီးတွေက တော်လှန်ရေးကို ဦးဆောင်တဲ့အခန်းကဏ္ဍတွေမှာ ပါဝင်နှုန်းက ဒီကနေ့အချိန် အထိ တော်တော်လေးတော့ နည်းပါးနေသေးပါတယ်။ အခုလက်ရှိ နွေဦးတော်လှန်ရေးကို ကြည့်မယ်ဆိုရင် NUG အစိုးရဘက်မှာ အမျိုးသမီးတွေပါဝင်မှုက ရာခိုင်နှုန်းအားဖြင့်အရမ်းကိုနည်းနေသေးသလို၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တခြားတော်လှန်ရေးအင်အားစုတွေမှာလည်း အမျိုးသမီးပါဝင်မှုက အရမ်းကို နည်းပါးနေပါသေးတယ်။
အကြောင်းတရားကတော့ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာ စိတ်ဝင်စားမှုက အလွန်နည်းနေသေးပါတယ်။ ဒါက လက်ခံရမယ့်အရာတစ်ခုပဲ ဖြစ်တယ်။ တော်လှန်ရေးမှာ စိတ်ဝင်စားမှုက အမျိုးသားတွေထက်တောင် ပိုနည်းတယ်။ အဲ့တော့ ကျွန်မတို့အနေနဲ့ ဒါကိုကြိုးပမ်းဖို့ လိုပါတယ်။
တော်လှန်ရေးကာလမှာပဲဖြစ်ဖြစ်၊ တော်လှန်ရေးအလွန်ကာလမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေး မှာ စိတ်ပါဝင်စားလာအောင် တက်ကြွစွာပါဝင်လာနိုင်အောင် နိုင်ငံရေးအသိပညာတွေ ပိုကြွယ်ဝလာအောင် အမျိုးသမီးအစုအဖွဲ့အနေနဲ့ ပိုပြီးကြိုးစားဖို့ လိုအပ်တယ်။
အမျိုးသမီးတွေက အရည်အချင်းရှိလာမယ်ဆိုရင် ဦးဆောင်မှုအခန်းကဏ္ဍကို ရောက်ကိုရောက်လာကြပါလိမ့်မယ်။ နောက်ထပ်အကြောင်းအရာတစ်ခုက အရိုးစွဲ နေတဲ့ မဟာဖိုဝါဒကြီးစိုးမှု ကြောင့်ပါ။ ဒီနေ့ဒီအချိန်ထိ လူ့အဖွဲ့အစည်းက ဖိုဝါဒကို လက်ခံကျင့်သုံးနေကြဆဲ ဆိုတာကို လုံးဝငြင်းလို့ မရဘူး။
အဲ့ဒီအမြစ်တွယ်နေတဲ့ မဟာဖိုဝါဒကြီးစိုးနေတာတွေကိုပါ တော်လှန်ရေးမှာ တခါထဲ အာဏာရှင်စနစ်နဲ့အတူ တိုက်ဖျက်သွားဖို့လိုပါတယ်။ နောက်ဆုံးအနေနဲ့ လူ့အဖွဲ့အစည်းထဲမှာ အမျိုးသမီးတွေကို ဘာသာရေးအရ၊ နိုင်ငံရေးအရ ဖိနှိပ်နေတာတွေကို ပြောင်းလဲပေးဖို့ လိုအပ်သလိုမျိုးပဲ ကျွန်မတို့အမျိုးသမီးကိုယ်တိုင်ကလည်း ပိုပြီးကြိုးစားဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါ သလဲ။
အဟန့်အတားကတော့ နိုင်ငံရေးသမားတွေ ကိုယ်တိုင်ကိုက အမျိုးသမီးတွေအပေါ် ယုံကြည်မှု အားနည်းနေသေးတယ်လို့ပဲ မြင်တယ်။ နိုင်ငံရေးအဝန်းအဝိုင်းထဲမှာ ရှိနေတဲ့သူတွေကသာ အမျိုးသမီးတွေအပေါ်မှာ ပိုပြီးယုံကြည်မှုရှိလာမယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ ဦးဆောင်တဲ့အခန်းကဏ္ဍတွေမှာ ပိုပြီးပါဝင်လာနိုင်ပါ လိမ့်မယ်။ အမျိုးသမီးတွေအနေနဲ့ကလည်း နိုင်ငံရေးအရ ကိုယ့်ကိုကိုယ် ပိုပြီးတော့ ယုံကြည်မှု ရှိလာလိမ့်မယ်။ ကျွန်မတို့အမျိုးသမီးတွေထဲမှာလည်း နိုင်ငံရေးမှာ အမှန်တကယ် စိတ်ဝင်စားပြီး စိတ်အားထက်သန်တဲ့သူတွေ အများကြီးရှိပါတယ်။
နိုင်ငံတကာမှာ ကြည့်မယ်ဆို ကျွန်မတို့နိုင်ငံသား အမျိုးသမီးပညာရှင်တွေ အများကြီး ရှိပါတယ်။ ဘယ်လိုအရာမျိုးတွေက အဟန့်အတားသလဲဆိုတော့ ဘာသာရေးအရ ခွဲခြားတာတွေလည်း ရှိတယ်။ ဥပမာ မာဃဓသုတ်မှာပါတဲ့ ဇနီးကျင့်ဝတ်ထဲမှာဆိုရင် အမျိုးသမီးတွေဆိုရင် အိမ်ထောင်ပြုရမယ်။ ကလေးမွေးရမယ်။ ပစ္စည်းဥစ္စာထိန်းသိမ်းရမယ်။
အဲ့လိုမျိုးတွေကို အရင်ခေတ်ကတည်းကနေ လက်ရှိအချိန် အထိ လက်ခံကျင့်သုံးလာတာတွေကြောင့်ရယ်၊ အမျိုးသမီးတွေကိုယ်တိုင်ကလည်း နိုင်ငံရေးအပေါ်မှာ စိတ်ဝင်စားမှုအားနည်းနေတာတွေရယ်၊ နိုင်ငံရေးအဝန်းအဝိုင်းထဲမှာရှိနေတဲ့ နိုင်ငံရေးသမားတွေကိုယ်တိုင်က အမျိုးသမီးတွေအပေါ် ယုံကြည်မှုအားနည်းနေသေးတာစတဲ့ အဟန့်အတားတွေကြောင့်ပဲ ဖြစ်တယ်။ အမျိုးသမီးတွေကသာ နိုင်ငံရေးကို စိတ်အားထက်သန်စွာနဲ့လုပ်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်လှန်ရေးမှာ တော်တော်ကြီးမားလာလိမ့်မယ်လို့ ထင်ပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
လူ့အဖွဲ့ အစည်းထဲမှာ အမျိုးသမီးတွေကို ဘာသာရေးအရ၊ နိုင်ငံရေးအရ ဖိနှိပ်နေတာတွေကို ပြောင်းလဲပေးဖို့ လိုအပ်သလိုမျိုးပဲ ကျွန်မတို့အမျိုးသမီးကိုယ်တိုင်ကလည်း ပိုပြီးကြိုးစားဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။
တချို့နိုင်ငံတွေရဲ့နိုင်ငံရေးဖြစ်စဉ်တွေမှာဆိုရင် အမျိုးသမီးတွေကအနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရမယ်လို့ သတ်မှတ်ချက်တွေရှိတယ်။ ကျွန်မတို့တိုင်းပြည်တည်ဆောက်ရေးမှာလည်း အမျိုးသမီးတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်လာဖို့ ကြိုးပမ်းသင့်တယ်။ ကျွန်မတို့လုပ်ရမှာက အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားလာအောင် နိုင်ငံရေးအသိပညာတွေ ကြွယ်ဝလာအောင် လုပ်ရလိမ့်မယ်။
အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာစိတ်ဝင်စားလာပြီဆိုရင် တိုင်းပြည်တည်ဆောက်ရေးမှာလည်း ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာကို ရောက်လာဖို့အတွက် အမျိုးသားတွေနဲ့တန်းတူ အမျိုးသမီးနိုင်ငံရေးသမားတွေလည်း ရွေးကောက်ပွဲကို ဝင်ရလိမ့်မယ်။ ရွေးကောက်ပွဲဝင်ပြီးသွားရင် အမျိုးသမီးတွေကို လူ့အဖွဲ့အစည်းက ရွေးချယ်လာအောင် ယုံကြည် လာအောင် ကျွန်မတို့ ကြိုးစားရလိမ့်မယ်။
ရှေးယခင်ကတည်းက ခွဲခြားဆက်ဆံခဲ့တာတွေကို မသိကျိုးကျွံ ပြုပြီး အခုချိန်မှာမှ အမျိုးသမီးတွေသာ အရည်အချင်းရှိရင် စင်ပေါ်ရောက်လာလိမ့်မယ်လို့ လက်လွတ်စပယ် ပြောလို့မရဘူး။ အဲ့လိုပြောရင် ခြေထောက်တစ်ဖက်ကို ရိုက်ချိုးပြီးတော့ လာအတူတူ အပြေးပြိုင်ကြမယ်လို့ ပြောနေတာမျိုးဖြစ်နေမှာပေါ့။ နိုင်ငံရေးသမားတွေအနေနဲ့ အမျိုးသမီးအခွင့်အရေးတွေကို အလေးထားပေးပြီးတော့ ဆွဲခေါ်သင့်တယ်။
ဒါမှပဲ အမျိုးသမီးတွေက နိုင်ငံရေးမှာ ရာခိုင်နှုန်းအားဖြင့် ပိုပြီးတော့ ပါဝင် လာနိုင်လိမ့်မယ်။ ဒါမှမဟုတ်ပဲ နင်တို့အရည်အချင်းရှိရင် ပါဝင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆတွေနဲ့ပဲ ဆက်ပြီး ဖိနှိပ်နေမယ်ဆိုရင် ကျွန်မတို့အမျိုးသမီးတွေက မမျှတဲ့အပြေးပြိုင်ပွဲတစ်ခုမှာ ပြေးနေရတဲ့ပုံစံမျိုးဖြစ်နေမှာ ဖြစ်ပါတယ်။
၇။ လူ့အခွင့်အရေးရှုထောင့်အရ တော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးတွေ ဘယ်လိုပုံစံနဲ့ ချိုးဖောက် ခံနေရတာတွေ ရှိပါသလဲ။
ဒီတော်လှန်ရေးမှာ စစ်ကောင်စီ သာမက တချို့တော်လှန်ရေးအင်အားစုတွေကပါ ကျွန်မတို့အမျိုးသမီးတွေ အပေါ် လိင်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပြင်၊ မုဒိန်းမှု စတာတွေကို ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့ ရင်ဆိုင်ခံစားနေကြရပါတယ်။ စစ်ကောင်စီတပ်ကပဲဖြစ်ဖြစ် တော်လှန်ရေးအင်အားစု ကပဲဖြစ်ဖြစ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အမျိုးသမီးတွေ ရှိပါတယ်။
အမျိုးသမီးတွေ အနေနဲ့ အခွင့်အရေးချိုးဖောက်ခံလာရပြီဆိုရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးနိုင်တဲ့ ဥပဒေ တစုံတရာ မရှိသလို၊ ဘယ်အဖွဲ့အစည်းကို သွားပြီးတော့ တိုင်ကြားရမလဲ၊ အကူအညီတောင်းခံရမလဲ ဆိုတာတွေက ခုလက်ရှိမြေပြင်မှာ ရှိမနေပါဘူး။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ကျွန်မတို့ အဖွဲ့အစည်းကို လာရောက်ဆက်သွယ်ပြီး ရင်ဖွင့်တိုင်ကြားခဲ့တာတွေရှိခဲ့တယ်။ကျွန်မတို့အနေနဲ့လည်း NUG ရဲ့ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို တိုင်ကြားခဲ့ပေမဲ့ ထိထိရောက်ရောက် အပြစ်ပေး အရေးယူဆောင်ရွက်တာမျိုး မတွေ့ရပါဘူး။
ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်ကင်းလွတ်ခွင့်လုံးဝမရှိစေရ ဆိုတဲ့အတိုင်း ထိထိရောက်ရောက်အပြစ်ပေးအရေး ယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လိုပါတယ်။ ဒါမှမဟုတ်ပဲ ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်တစုံတရာ အရေးယူမှု မရှိပဲ လွှတ်ထားလိုက်ရင် ကျူးလွန်သူကို နောက်တစ်ကြိမ် ကျူးလွန်ဖို့ အခွင့်အရေးပေးလိုက်သလိုမျိုး ဖြစ်သွားပါလိမ့်မယ်။အာဏာမသိမ်းခင်ကာလမှာတုန်းကလည်း ကျွန်မတို့အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးက စိတ်ချတဲ့ အနေအထားတခုမှာ ရှိမနေခဲ့တဲ့အပြင် ယခုအာဏာသိမ်းပြီးနောက်ပိုင်းမှာဆိုရင် ပိုမိုဆိုးရွားလာပါတယ်။
ဒါကြောင့် ကျွန်မတို့အမျိုးသမီးတွေအတွက် လာမဲ့အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ လူ့အခွင့်အရေးခံစားမှုတွေ ရရှိလာဖို့အတွက် တော်လှန်ရေးကာလမှာရော၊ တော်လှန်ရေးအလွန်ကာလမှာရော ဘယ်လိုအစီအမံတွေချပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ NUGက သက်ဆိုင်ရာဌာနတွေအပြင် အမျိုးသမီး အဖွဲ့အစည်းတွေအနေနဲ့လည်း ဆွေးနွေးဆောင်ရွက်ကြဖို့လိုပါတယ်။
၈။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
အမျိုးသမီးတွေနိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်လုပ်ဆောင်လို့ရမယ်ဆိုရင် တိုင်းပြည်အနေနဲ့ ပိုပြီးတော့ နိုင်ငံရေးအရင်းအမြစ်တွေ ကြွယ်ဝလာလိမ့်မယ်။ တိုင်းပြည်တစ်ခုမှာ အမျိုးသားရေးရာကိစ္စတွေဘဲ ရှိနေတာ မဟုတ်သလို အမျိုးသားတွေဘဲ ရေးရာကိစ္စတွေကို ဆောင်ရွက်နိုင်တာ မဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ လူတွေရဲ့အရေး ဖြစ်တယ်။ အဲ့ဒီလူတွေထဲမှာ အမျိုးသားရော၊ အမျိုးသမီးတွေကရော ပါဝင်နေပါတယ်။
အနည်းဆုံး အမျိုးသမီးတွေရဲ့ ရေးရာကိစ္စရပ်တွေကို နိုင်ငံရေးအရ မူဝါဒချမှတ်တဲ့အခါမှာ အမျိုးသမီးတွေ ပါဝင်ဖို့လိုပါတယ်။ဒါကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာမှပဲ နိုင်ငံရေးအလုပ်တွေကို ပိုမိုလုပ်ဆောင် လာနိုင်ပြီးတော့ လူ့စွမ်းအားအရင်းအမြစ်ကလည်း ပိုပြီးရရှိလာမှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေက နိုင်ငံရေး မှာ အမျိုးသားတွေနဲ့ တန်းတူရာခိုင်နှုန်းအားဖြင့် ပိုမိုပါဝင်လာနိုင်မှသာလျှင် အမျိုးသမီးတွေကို လူ့အဖွဲ့အစည်း ကလည်း ပိုပြီးတော့အသိအမှတ်ပြုလာနိုင်လိမ့်မယ်။ ဖိုဝါဒကြီးစိုးရေးအယူအဆတွေကလည်း ပိုပြီးပပျောက် လာလိမ့်မယ်။ တန်းတူညီမျှမှုတွေ၊ တရားမျှတမှုတွေ တိုးတက်ကောင်းမွန်လာမယ်လို့ ထင်မြင်မိပါတယ်။
၉။ ဖြည့်စွက်ချက်။
နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးပဲ ဖြစ်တယ်။ လူထုဆိုတဲ့အဝန်းအဝိုင်းထဲမှာ ကျွန်မတို့ အမျိုးသမီး တွေ ရာခိုင်နှုန်းကလည်း အများကြီး ပါဝင်နေကြတယ်။ အဲဒီတော့ လူထုတော်လှန်ရေးစစ်စစ်ဖြစ်ဖို့အတွက်၊ တော်လှန်ရေးအောင်မြင်ဖို့အတွက် ကျွန်မတို့အမျိုးသမီးတွေ အခန်းကဏ္ဍက တော်တော်လေးကြီးမားပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့လည်း နိုင်ငံရေးမှာ ပိုပြီးစိတ်ဝင်စားသင့်တယ်။
တော်လှန်ရေးမှာ အမျိုးသား တွေနဲ့တန်းတူပိုပြီး ကောင်းမွန်တဲ့အင်အားတွေနဲ့ ပါဝင်လာသင့်တယ်လို့ မြင်တယ်။ လက်ရှိတော်လှန်ရေးမှာ ဦးဆောင်ပါဝင်တဲ့သူတွေအနေနဲ့လည်း အမျိုးသမီးတွေကို ဒီထက်ပိုကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့ အခွင့်အရေးတွေ ပေးပြီးတော့ ဆွဲခေါ်သင့်ပါတယ်။ ဒီပတ်ဝန်းကျင် လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်း တစ်ခုလုံးကနေ ဝိုင်းဝန်းပြီး ထောက်ပံ့ပေးဖို့ အားပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
ဒေါ်ဇူးပဒုမ္မာ
အတွင်းရေးမှူး(၁)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
အမျိုးသမီးတွေအပေါ်မှာ အမျိုးသမီးအပါအဝင် တခြားသောအစုအဖွဲ့အားလုံး ခွဲခြားဆက်ဆံမှုမျိုး မဖြစ်အောင် ဖွဲ့စည်းပုံအရ အာမခံချက်ပေးရမှာ ဖြစ်ပါတယ်။
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။
လက်ရှိအခြေအနေအရကို ပြောရမယ်ဆိုရင် တော်လှန်ရေး ၃ နှစ်ဝန်းကျင် ရှိလာတဲ့အချိန်မှာ လူထုပါဝင်မှု အားကောင်းဆဲဖြစ်ခြင်းဟာ တော်လှန်ရေးရဲ့ အကြီးမားဆုံး အောင်မြင်မှုလို့ ပြောရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံပြီးတော့ ကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ (၁၀၀) ရာခိုင်နှုန်းကျဆုံးသွားခြင်း မရှိသေးတာက ဒီတော်လှန်ရေးရဲ့ အအောင်မြင်ဆုံးကိစ္စဖြစ်တယ်လို့ ပြောလို့ရနိုင်ပါတယ်။
နောက်တစ်ခုက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ကြည့်လိုက်တဲ့အခါမှာ နယ်မြေတွေထိန်းနိုင်တဲ့ အနေအထားမျိုးတွေ ကိုယ့်ရဲ့အုပ်ချုပ်ရေးယန္တရား တည်ဆောက်ထားနိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဒီထက်ပိုပြီး တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ပါဝင်လာနိုင်မယ် ဆိုရင် အောင်မြင်မှု ပိုရမယ်လို့ မျှော်လင့်ပါတယ်။
တဖက်မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်။ အမျိုးသမီးတွေ ပိုပြီးအကြမ်းဖက်ခံရတယ်။ ပိုပြီး မလုံခြုံတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်လာတယ်။ တရားဥပဒေစိုးမိုးရေးတွေ မရှိဘူး။ အထူးသဖြင့် စီးပွားရေးတွေ ချွတ်ခြုံကျပြီးတော့ အများစုက ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်နေရတယ်။ လူငယ်အမျိုးသမီးတွေ အများကြီး ဒုက္ခဆင်းရဲရောက်ကြရတယ်။
နောက်တချက်က နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် တော်လှန်ရေး ဘုံရည်မှန်းချက် ပျောက်နေတယ်လို့ မြင်မိတာရှိတယ်။ ဆိုလိုတဲ့သဘောက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်လို့ အကြမ်းအားဖြင့် ပြောပေမယ့် ဘယ်လိုမျိုး တည်ဆောက်မှာလဲ ဆိုတာကို ကျွန်မတို့ဆက်ပြီး ဆွေးနွေးနေရဆဲဖြစ်ပြီး ဒီဘုံအောက်မှာ ရည်မှန်းချက်တွေ မတူညီနေကြသေးဘူးလို့တော့ မြင်ပါတယ်။
ဒါကြောင့် တော်လှန်ရေး နည်းနည်း နှောင့်နှေးနေသလားလို့ မြင်မိတာ ရှိပါတယ်။ ဥပမာဆိုရင် ဘုံရည်မှန်းချက်လို့ပြောရင် ကျွန်မတို့က ရွေးကောက်ပွဲရလဒ်ကိုပဲ ပြန်ပြီး အသက်သွင်းမှာလား၊ စနစ်ပြောင်း တော်လှန်ရေးကို လုပ်မှာလားဆိုတဲ့ မေးခွန်းတွေ အများကြီးရှိတယ်။
ကျွန်မတစ်ယောက်ထဲအနေနဲ့ ပြောရမယ်ဆိုရင် ကျွန်မတို့က စနစ်ကိုပြောင်းလဲရမှာ ဖြစ်ပါတယ်။ ၂၀၀၈ အောက်ကနေ ဆက်သွားလို့မရဘူး။ ဖွဲ့စည်းပုံအသစ်၊ နိုင်ငံတော်အသစ် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါထက်အရေးကြီးတာက စစ်အာဏာရှင်၊ အာဏာရှင်တွေကို ပံ့ပိုးနေတဲ့ ဖိုဝါဒကြီးစိုးမှုကို တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။
ဒီလူမျိုးကြီးဝါဒတွေ၊ ဖိုဝါဒကြီးစိုးမှုတွေကို တပြိုင်နက်ထဲ မတိုက်ဖျက်နိုင်ရင် တော်လှန်ရေးက အဆုံးသတ်မှာ မဟုတ်ဘူး။ ဒါကြောင့် စနစ်ပြောင်းတော်လှန်ရေးအတွက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ကို အားပေးတဲ့လူမျိုးကြီးဝါဒ၊ ဖိုဝါဒတွေကို တိုက်ဖျက်ဖို့ အရေးတကြီးလိုအပ်တယ်လို့ ကျွန်မရဲ့အမြင်ကို ဖလှယ်ချင်ပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
ကျွန်မတို့တည်ဆောက်ချင်တာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်မတို့ချည်းကပ်ရမယ့် ဖက်ဒရယ် approach တွေ အများကြီးရှိတာပေါ့နော်။ ဥပမာဆိုရင် ကျွန်မတို့လက်ရှိ ကရင်နီမှာ အုပ်ချုပ်ရေးယန္တရားကို bottom up approach နဲ့ ချည်းကပ်ပါတယ်။ ဒါပေမယ့်လည်း အားလုံးကိုခြုံပြီး ပြောရမယ်ဆိုရင် လူထုကိုမျက်နှာမူတဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ လိုတယ်။ နိုင်ငံရေးမှာ လူထုသာလျှင် အမြင့်ဆုံး အာဏာရှိတဲ့သူဖြစ်ရမယ်။ လူထုကိုမျက်နှာမူတဲ့ နိုင်ငံရေးအဝန်းအဝိုင်းကိုသာ တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။
နောက်တခုက ကျွန်မတို့ လူမှုပတ်ဝန်းကျင်၊ အုပ်ချုပ်ရေးယန္တရားနဲ့ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်တဲ့အခါမှာ လူမှုတရားမျှတမှုကို အခြေတည်တဲ့ လုပ်ဆောင်မယ်ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး နိုင်ထက်စီးနင်းပြုတာတွေ၊ ခွဲခြားဆက်ဆံမှုတွေ လျော့နည်းပြီး နိုင်ငံကိုတည်ဆောက်မယ်ဆိုရင် အခြေခံ အုတ်မြစ် ကောင်းလိမ့်မယ်လို့ ကျွန်မက ယုံကြည်ပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန် ရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေ ပါဝင်ဖို့ လိုပါသလဲ။
ကျွန်မတို့က intersectional approach နဲ့ သွားရမှာ ဖြစ်တယ်။ နိုင်ငံတည်ဆောက်တဲ့အခါမှာ အခုလက်ရှိ နိုင်ငံရေးမှာရော ဟိုးအရင်တုန်းကရော တိုင်းရင်းသားတွေက အားလုံးပါဝင်ရေးကို အများကြီးပြောခဲ့ကြတယ်။ အားလုံးလို့ပြောတဲ့အခါမှာ နိုင်ငံရေးကိုယ်စားပြုခွင့်ကတော့ အားလုံးသာတူညီမျှ၊ တန်းတူညီမျှမှု ရရမှာ ဖြစ်ပါတယ်။
intersectional approach အနေနဲ့ အလွှာပေါင်းစုံက လူထုတွေပါဝင်တဲ့ ချည်းကပ်မှုမျိုး၊ အလွှာပေါင်းစုံက စုံလင်ကွဲပြားတဲ့လူတွေ ပါဝင်ရလို့ ရတဲ့အခင်းအကျင်းဖြစ်မှသာ အားလုံးပါဝင်ရေး ဖြစ်တယ် လို့ ပြောရမှာ ဖြစ်ပါတယ်။လူနည်းစု တိုင်းရင်းသားတွေ ပါရမယ်။ LGBT တွေပါရမယ်။ ပြီးတော့ အမျိုးသမီးတွေ ပါရမယ်ပေါ့။ ပြီးရင် တခြားနည်းနဲ့ သန်စွမ်းတဲ့သူတွေ ပါရမယ်။ စသဖြင့် အလွှာတိုင်းမှာ ကျွန်မတို့က တစ်လွှာချင်းစီကို ကြည့်ပြီးတော့ ပါဝင်မှုကို intersectional approach နဲ့လုပ်ရမှာ အရမ်းအရေးကြီးတယ်လို့ မြင်တယ်။
တပြိုင်နက်ထဲ အမျိုးသမီးတွေက ဘာကြောင့်နိုင်ငံရေးမှာ ပါဝင်ရမလဲဆိုတာကိုလည်း ဆက်စပ်ပြီးတော့ ပြောချင်ပါတယ်။ နံပါတ်တစ်က ဒီမိုကရေစီအရကြည့်မယ်ဆို လူဦးရေအများစု ဖြစ်ပါတယ်။ နံပါတ်နှစ် ကတော့ ကျွန်မတို့တိုင်းပြည် အပြောင်းအလဲဖြစ်တဲ့အခါတိုင်းမှာ အမြဲတမ်း ထိခိုက်နစ်နာမှုအများဆုံးအုပ်စုက အမျိုးသမီးတွေ ဖြစ်တယ်ဆိုတာ ခေတ်အဆက်ဆက်မှာ မြင်ရတယ်။လက်ရှိအခြေအနေမှာလည်း မြင်ရတာပေါ့နော်။ ဒီထိခိုက်နစ်နာမှု အများဆုံးဖြစ်ခဲ့တဲ့ အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့ပါဝင်မှု မရှိဘူးဆိုရင်တော့ အားလုံးပါဝင်တယ်လို့ ပြောလို့မရဘူး။ ဒါကြောင့်အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရမ်းအရေးကြီးတယ်လို့ ပြောချင်ပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
အာဏာသိမ်းပြီးနောက်ပိုင်းကို ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေးဦးဆောင်မှုအပိုင်းမှာတော့ အမျိုးသမီးပါဝင်မှု က အတိုင်းအတာတစ်ခုအထိ ပိုပြီးနေရာရလာတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ပါဝင်မှုရတာနဲ့ ဆုံးဖြတ်ချက် ချခွင့်နဲ့က အားလုံးကမတူနေဘူးဆိုတာ သတိချပ်ဖို့ လိုအပ်တယ်လို့ ကျွန်မကတော့ ထင်တယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေပါဝင်မှု ရရှိလာတာနဲ့တပြိုင်နက်ထဲ ဆုံးဖြတ်ချက်ချတဲ့အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လာဖို့အတွက် အများကြီးလုပ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။
နောက်တစ်ခုက ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်တဲ့နေရာတွေက ကြည့်မယ်ဆို ပညာရေး၊ ကျန်းမာရေး၊ တခြားသော လူသာချင်းစာနာထောက်ထားရေး စသဖြင့် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းပိုင်းမှာ ပိုပြီးပါဝင်ရတာများတယ်လို့ မြင်ပါတယ်။ ဥပမာ - နိုင်ငံရေးအရ မြန်မာပြည်ရဲ့ အနာဂတ်ပညာရေးစနစ်ကို ဘယ်လိုမျိုးတည်ဆောက်မလဲ ဆိုတဲ့ လုပ်ငန်းမျိုးတွေ အနာဂတ်မြန်မာပြည်ရဲ့ ကျန်းမာရေးစနစ်ကို ဘယ်လိုမျိုးလုပ်မလဲ၊ ဘယ်လိုချည်းကပ် လုပ်ဆောင်မလဲဆိုတဲ့ ဒီ decision structure building တွေနဲ့ ပတ်သက်ရင်တော့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်ဆုံးဖြတ်ခွင့်ရမှု အားနည်းတုန်းဆိုတာ တွေ့ရပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
နိုင်ငံရေးစနစ်က အဟန့်အတားအကြီးမားဆုံး ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်က အမျိုးသမီးတွေပါဝင်ဖို့ စနစ်တကျကို ကန့်ကွက်ထားတာမျိုး၊ စနစ်တကျကို ပိတ်ပင်တဲ့အနေအထားမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် အကြီးမားဆုံး အဟန့်အတားဖြစ်တယ်လို့ ကျွန်မထင်ပါတယ်။ ဆိုလိုတာက မူဝါဒတွေ ဖွဲ့စည်းပုံတွေအရကို အမျိုးသမီးတွေပါဝင်ဖို့ ကန့်သတ်ထားတာမျိုး ရှိပါတယ်။
တပြိုင်နက်ထဲကို ဒီစနစ်ကို အားပေးစေတဲ့ လူမှုစံနှုန်းတွေ၊ လူမှုပတ်ဝန်းကျင်တွေ၊ ဘာသာရေးတွေ၊ စတာတွေက ဖိုဝါဒကြီးစိုးဖို့ကို ပိုပြီးအားပေးတဲ့ အပြုအမူတွေ၊ အလေ့အကျင့်တွေ၊ အယူဝါဒတွေကို ဖြစ်စေတာပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု စတဲ့လုပ်ငန်းတွမှာ ပါဝင်ဖို့ နံပါတ်တစ်အနေနဲ့ စနစ်အရကို ကန့်ကွက်နေတာ၊ နှစ်ကတော့ လူမှုစံနှုန်းတွေကနေပြီးတော့ ကန့်ကွက်နေတာလို့ မြင်ပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
အမျိုးသမီးတွေကိုပါဝင်မှုကို အားပေးဖို့အတွက် အခြေခံမူဝါဒတွေ လိုပါတယ်။ အမျိုးသမီးတွေအပေါ်မှာ အမျိုးသမီးတွေအပါအဝင် တခြားသော အစုအဖွဲ့တွေအားလုံး ခွဲခြားဆက်မှုမျိုးမဖြစ်အောင် ဖွဲ့စည်းပုံအရ အာမခံချက် ပေးထားရမှာဖြစ်တယ်။ အမြင့်ဆုံးဥပဒေဖြစ်တဲ့ဖွဲ့စည်းပုံမှာ အာမခံချက်ပေးထားမှ ကျွန်မတို့က ဒီတခြားသောပြည်နယ်အဆင့် အခြေခံဥပဒေတွေ၊ တခြားသော မူဝါဒတွေမှာ ပါဝင်လာမယ်လို့ ကျွန်မက ယုံကြည်တယ်။
မူဝါဒတွေနဲ့ ဖွဲ့စည်းပုံတွေမှာ အာမခံချက်ပေးဖို့တော့ နံပါတ်တစ်အနေနဲ့ အရေးကြီးပါတယ်။ နံပါတ်နှစ်ကတော့ အမျိုးသမီးတွေ ပါဝင်လာဖို့အတွက် ယာယီအထူးလုပ်ဆောင်ချက်ကို လုပ်ငန်းအဆင့်ဆင့် တိုင်းမှာကျင့်သုံးမယ်ဆိုရင် အမျိုးသမီးတွေပါဝင်လာဖို့ ပိုပြီးတော့ အထောက်အပံ့ဖြစ်စေမယ်။ အမျိုးသမီးတွေ ပါဝင်မှု၊ ဆုံးဖြတ်နိုင်မှု၊ လုပ်ဆောင်မှုတွေက ပိုပြီးတော့ အားကောင်းလာမယ်။ ပါဝင်တဲ့ အမျိုးသမီးတွေ ကလည်း ပိုပြီးတော့ အရည်အချင်းပြည့်ဝပြီး ယုံကြည်မှုပိုရှိလာမယ်လို့ ထင်ပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေး မှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။
လူတစ်ဦး ဂျဲန်ဒါတစ်ခု၊ Sex တစ်ခုဆိုတဲ့အပေါ်မှာ အမှီပြု စဉ်းစားတွေးခေါ်တာထက် စုံလင်ကွဲပြားတဲ့နောက်ခံ ကနေလာတဲ့လူတွေအားလုံး စုဆုံပြီးတော့ စဉ်းစားမယ်ဆိုရင် ပိုပြီးတော့ ကောင်းမွန်တဲ့အဖြေရမယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒါကြောင့်မို့ အမျိုးသမီးတွေပါဖို့ အရေးကြီးတယ်လို့ ပြောတာဖြစ်ပါတယ်။
တပြိုင်နက်ထဲ အရှေ့မှာပြောသွားသလို ပါဝင်မှုမှာ intersectional approach ကို အမြဲထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ အဲ့ဒါမှလည်း စုံလင်ကွဲပြားတဲ့ အတွေးအခေါ်တွေ၊ စုံလင်ကွဲပြားတဲ့ဆုံးဖြတ်ချက်တွေကို ရယူနိုင်မှာဖြစ်ပါတယ်။ အဲ့လိုမျိုးပါဝင်လာခြင်းအားဖြင့်တော့ လူမှုတရားမျှတမှုကို ပိုပြီးအထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့ မြင်ပါ တယ်။
လူမှုတရားမျှတမှုမရှိတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်နေရင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ အမြင်စုံလင်ကွဲပြားစွာ ပါဝင်နိုင်မယ်ဆိုရင် လူမှုတရားမျှတတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ဖို့ ပိုပြီးအထောက်အပံ့ဖြစ်စေမယ်လို့ ထင်ပါတယ်။ ပြီးတော့ တပြိုင်နက်ထဲ အမျိုးသမီးလို့ ပြောတဲ့အချိန်မှာ feminist approach နဲ့ ချည်းကပ်ရမယ်ဆိုတာကိုလည်း ကျွန်မတို့မမေ့ဖို့ လိုပါတယ်။ feminist ဆိုတဲ့ဟာမျိုးကတော့ အာဏာရှင်မှန်သမျှကို ဆန့်ကျင်လှုပ်ရှားတဲ့သူတွေ ဖြစ်တယ်။
တပြိုင်နက်ထဲ ဖိနှိပ်ခံတွေအတွက် အများစုရပ်တည်တဲ့သူတွေဖြစ်တဲ့အတွက် သူတို့ရဲ့ ပါဝင်ရေးက အရမ်းအရေးကြီးတယ်လို့ ထင်တယ်။ အဲ့လိုမျိုးတွေသာ ပါဝင်မယ်ဆိုရင်တော့ နောင်တစ်ချိန်မှာ အာဏာရှင်တွေ ပေါ်ပေါက်လာရင် တောင် အာဏာရှင်တွေ သက်ဆိုးမရှည်ဘူး။ အာဏာရှင်အသစ်တွေ ထပ်ပြီးမပေါ်ပေါက်လာနိုင်ဖို့ အဟန့် အတား ဖြစ်စေမယ်လို့ ကျွန်မကယုံကြည်တယ်။
ဒါကြောင့် ကျွန်မတို့ အဲ့ဒါကို အလေးပေးလုပ်ဆောင်မယ် ဆိုရင်တော့ ကျွန်မတို့တည်ဆောက်ချင်တဲ့ လူမှုတရားမျှတတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် နိုင်မယ်လို့ ကျွန်မအနေနဲ့ယုံကြည်ပါတယ်။
“ကျွန်မတို့တိုင်းပြည် အပြောင်းအလဲဖြစ်တဲ့အခါတိုင်းမှာ အမြဲတမ်း ထိခိုက်နစ်နာမှု အများဆုံးအုပ်စုက အမျိုးသမီးတွေ ဖြစ်တယ်ဆိုတာ ခေတ်အဆက်ဆက်မှာ မြင်ရတယ်။ လက်ရှိအခြေအနေမှာလည်း မြင်ရပါတယ်။ ထိခိုက်နစ်နာမှု အများဆုံးဖြစ်ခဲ့တဲ့ အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့ပါဝင်မှု မရှိဘူး ဆိုရင် အားလုံးပါဝင်တယ်လို့ ပြောလို့မရဘူး။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရမ်းအရေးကြီးတယ်လို့ ပြောချင်ပါတယ်”
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
မနှင်းသက်မှူးခင် Executive Member
Sisters to Sisters
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။
မေး။ ။လိင်ပိုင်းဆိုင်ရာကျူးလွန်မှု မြင့်တက်လာရခြင်းက ဘာကြောင့်လို့ မြင်ပါသလဲ။
ဖြေ။ ။၂၀၂၁ မှာစပြီး အာဏာသိမ်းလိုက်တဲ့အချိန်ကတည်းက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တွေက အရမ်းများလာတယ်။ များလာတဲ့အဓိကအကြောင်းအရင်းတစ်ခုက ဥပဒေကြောင်း အရ တရားမျှတမှုပြန်ရှာဖို့ ခက်တာကြောင့်ပါ။ အကယ်၍ လိင်အကြမ်းဖက်မှုဖြစ်တယ်ဆိုရင် ဘယ်ကိုသွားမလဲ။ စစ်တပ်ဘက်ကိုသွားပြီးတော့ တရားမျှတမှုရှာမလား။ ဒါမှမဟုတ် တော်လှန်ရေးဘက်ကို သွားမလားဆိုတာက အမြဲတမ်းရွေးချယ်စရာ ဖြစ်နေတယ်။ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ဒီလို တရားမျှတမှုရှာလို့မရတဲ့အတွက်ကြောင့်မို့လို့ တဖက်ကကျူးလွန်သူအတွက်က ကျူးလွန်ဖို့ အခွင့်အရေးက ပိုများလာတယ်။
ခေတ်တလျှောက်လုံးမှာလည်း လိင်အကြမ်းဖက်မှုကျူးလွန်သူတွေက အပြစ်ပေးမခံရဘဲနဲ့ လွတ်မြောက်နေတယ်။ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရှိနေတယ်။ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ခံစားနေရတဲ့အတွက်ကြောင့်ထပ်ဆင့်ကျူးလွန်ဖို့ ပိုပြီးတော့ လွယ်နေတယ်။ ဒါကြောင့် နောက်ထပ်လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမဲ့သူက စစ်ရှောင်လည်းဖြစ်ချင်ဖြစ်မယ်။ ပညာရေး ရယူဖို့အတွက် ခက်ခဲတဲ့အမျိုးသမီးတွေ ဒါမှမဟုတ်လည်း LGBT တွေ ဒီလိုလူတွေ ဖြစ်နေတက်တယ်။
မေး။ ။လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို စစ်ကောင်စီဘက်ကတင်မကပဲ စစ်အာဏာရှင် တွန်းလှန်သူတွေကိုယ်တိုင်က ကျူးလွန်လာကြတဲ့အပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။
ဖြေ။ ။တော်လှန်ရေးထဲမှာ ပါဝင်တဲ့လူတွေကိုယ်တိုင်ကိုက လိင်အကြမ်းဖက်မှုတွေကို လုပ်လာတယ်။ တခါတလေကျရင် သူတို့လုပ်တဲ့လူတွေက တော်လှန်ရေးထဲမှာပါဝင်နေတဲ့ အမျိုးသမီးတွေလည်း ပြန်ဖြစ်နေတတ်တယ်။ အဲ့ဒါဖြစ်လာရတဲ့အကြောင်းအရင်းကတော့ အဓိကက ခုနပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ ပြန်ပြီးဆက်စပ်တယ်။
ဥပမာ- နွေဦးဆရာတော် ဖြစ်စဉ်တွေမှာဆိုရင် တော်လှန်ရေးမှာ ပါဝင်နေတာပဲ၊ ပြောလို့မရဘူး။ အဲလို ငါတို့ တော်လှန်ရေးလုပ်နေတာပဲဆိုတာနောက်မှာ ကာဗာယူပြီးတော့ လုပ်နေကြတယ်။ ကျူးလွန် ခံရတဲ့လူတွေ အမျိုးသမီးလည်း ဖြစ်ချင်ဖြစ်မယ်။ အမျိုးသမီးမဟုတ်တာလည်း ဖြစ်ချင် ဖြစ်မယ်။ ကျူးလွန်သူက ထင်ပေါ်ကျော်ကြားသူဆို ပိုပြီးခက်တယ်။ ကိုယ့်ထက် ပိုပြီးရာထူးအာဏာပိုကြီးတဲ့လူတစ်ယောက်က ကိုယ့်ကိုကျူးလွန်တယ်ဆိုရင် အမျိုးသမီး တွေအနေနဲ့ ထုတ်ဖော်ပြောဖို့ကအရမ်းခက်တယ်။
တောထဲမှာလည်း အဲ့လိုဖြစ်စဉ်တွေ ခဏခဏကြားနေရတယ်။ Camp တွေထဲမှာ တချို့တွေကထုတ်ပြောပါမယ်လို့ ပြောတယ် ဆိုရင်တောင်မှ လက်မခံဘူး။ အဲ့အမျိုးသမီးကိုပေးမသွားတာမျိုး၊ နင့်ကိုသတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာမျိူး၊ အဲ့ဒါတွေလည်းတောက်လျှောက်ကြားနေရတယ်။
မေး။ ။စစ်အာဏာရှင်တွန်းလှန်တာနဲ့အတူ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကိုပါ ကာကွယ်ပေးဖို့ ဘာတွေဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းချင်ပါသလဲ။
ဖြေ။ ။လက်ရှိမှာတော့ ခဏခဏလူတွေကပြောကြတာဘာလဲဆိုတော့ တော်လှန်ရေးကို အရင်လုပ် အမျိုးသမီးအခွင့်အရေးကိုနောက်မှလုပ်၊ နင်တို့အမျိုးသမီးအခွင့်အရေးက ဘာအရေးကြီးနေလို့လဲ၊ တော်လှန်ရေးနိုင်ရင် အမျိုးသမီးအခွင့်အရေးကပါလာမှာပေါ့ဆိုတာ၊ အဲ့ဒါကတကယ်တမ်းတော့ မမှန်နေဘူး။ ပြန်စဉ်းစားကြည့်လိုက်ရင် အာဏာမသိမ်းခင် ပုံမှန်အခြေအနေမှာရော အမျိုးသမီးအခွင့်အရေးက ရှိနေခဲ့လို့လား မေးစရာ ရှိပါတယ်။
တကယ်သာ ပြသနာတခုပြေလည်လို့ ကျန်တဲ့ဟာတွေပြေလည်မယ်ဆိုရင် အဲ့အချိန်မှာ လည်း အမျိုးသမီးအခွင့်အရေး ရှိနေရမှာပေါ့။ တကယ်တမ်းတော့ မရှိနေဘူး။ မရှိနေတဲ့ အခါကျတော့ အခုလည်း ကျွန်မတို့ တော်လှန်ရေးလုပ်ရင်းနဲ့ အမျိုးသမီးအခွင့်အရေးကို လုပ်ကြရမှာပါ။ ဘာကြောင့်လဲဆို မြန်မာနိုင်ငံရဲ့လူဦးရေကိုကြည့်မယ်ဆိုရင် လူဦးရေ ထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တယ်။ အဲ့အမျိုးသမီးတွေက တော်လှန်ရေးမှာလည်း ဦးဆောင်ဦးရွက် ပါဝင်နေကြတဲ့လူတွေ အများကြီးရှိတယ်။
ကိုယ်က ဒီလူဦးရေ ထက်ဝက်ကျော်ရဲ့ အခွင့်အရေးကို အခုချိန်မှာပေးမပြောဘူးဆိုရင် ဒါကဒီလူဦးရေ ထက်ဝက် ကျော်ကို နင်တို့မပါနဲ့တော့ နင်တို့တော်လှန်ရေးမှာမပါနဲ့တော့လို့ ပြောတဲ့ အဓိပ္ပာယ်နဲ့ အများကြီးတူနေတယ်။ သူတို့ရဲ့ပါဝင်မှုကို အထင်သေးလိုက်တယ်။ နှိမ့်ချလိုက်တယ် ဆိုတဲ့တဲ့ပုံစံနဲ့ တူနေတယ်။နောက်ပြီးတော့ ဘာတွေလုပ်နိုင်လဲဆို sisters to sisters ကလည်း အမျိုးသမီးအသံကို မြှင့်တင်ပေးတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့အမျိုးသမီးအသံနဲ့ အမျိုးသမီးပါဝင်မှုကို မြှင့်တင်ပေးဖို့ အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အသံတွေတိတ်သွားတယ်ဆိုရင် အမျိုးသမီးတွေ ဘာတွေကြုံနေရလဲ၊ အမျိုးသမီးတွေဘာတွေခံစားနေရလဲ။ သူတို့မှာ ဘာအခက်အခဲတွေ ရှိလဲ၊ သူတို့ရဲ့ပါဝင်မှုက ဘယ်လိုရှိလဲ။ ဒါတွေကို သိနိုင်တော့မှာ မဟုတ်ဘူး။ အသံက အရေးကြီးဆုံးပဲ၊ အသံဆိုတဲ့နေရာမှာလည်း တိုးတိုးပြောတာလည်း ဖြစ်နိုင်တယ်။ ကျယ်ကျယ်ပြောတာလည်း ဖြစ်နိုင်တယ်။ ကျယ်ကျယ်ပြောရမယ်လို့တော့ အတင်းကြီး တွန်းအားပေးစရာ မလိုဘူး။ ဒါပေမယ့် သူတို့အသံတွေ ထုတ်လာအောင်လို့ စပြီးတော့ လုပ်ပေးရမယ်။ အဲ့ဒီကနေမှ နောက်ကနေ တခြားသူတို့အခွင့်အရေးတွေလည်း ပါလာမယ်ပေါ့နော်။
“တော်လှန်ရေးမှာလည်း ဦးဆောင်ဦးရွက် ပါဝင်နေကြတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ ကိုယ်က ဒီလူဦးရေ ထက်ဝက်ကျော်ရဲ့ အခွင့်အရေးကို အခုချိန်မှာ ပေးမပြောဘူးဆိုရင် ဒါကဒီလူဦးရေထက်ဝက်ကျော်ကို နင်တို့တော်လှန်ရေးမှာမပါနဲ့တော့လို့ ပြောတဲ့ အဓိပ္ပာယ်နဲ့ အများကြီးတူနေတယ်”
မေး။ ။ဒီဖြစ်စဉ်တွေကို ဆရာမတို့အမျိုးသမီးအဖွဲ့အစည်းအနေနဲ့ ဘယ်လိုကိုင်တွယ်ပြီး ကူညီဆောင်ရွက်နေပါသလဲ။
ဖြေ။ ။အခုလက်ရှိမှာတော့ sisters to sisters ကအမျိုးသမီးအသံထွက်နိုင်အောင် ကူပေးတာ ပါတယ်။ အမျိုးသမီးတစ်ယောက် သူဒီလိုဒီလိုကြုံနေပါတယ်လို့ လာပြောတယ်ဆိုရင် သူ့ကိုမေးတယ်။ ဒီဟာကိုအသံထုတ်ချင်လား မထုတ်ချင်ဘူးလား။ အဓိကက သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲပေါ့။ သူတို့ကအသံမထုတ်ချင်ဘူးဆိုရင် ရတယ်။ ကိစ္စမရှိဘူး။ သူတို့က ကိုယ့်ကိုလာပြောရုံပဲဆိုရင် အဲ့ဒါကို မှတ်တမ်းလုပ်ထားတယ်။
တကယ်လို့ သူတို့ အသံထုတ်ချင်တယ်ဆိုရင် ဘယ်လိုနည်းနဲ့ ထုတ်ဖော်ပြောနိုင်မလဲဆိုတာအခြေခံပြီးတော့ ဝိုင်းဝန်းပံ့ပိုးပေးတယ်။ ဒါကပထမအဆင့်ပေါ့။ ပြီးရင် အဲ့နောက်မှာမှ သူတို့တခြား ဘာအကူအညီလိုသေးလဲပေါ့။ စိတ်ပိုင်းဆိုင်ရာအကူအညီလိုလား။ လုံခြုံတဲ့နေရာတခုခုကို ပြောင်းဖို့အကူအညီလိုလား။ ဒါမှမဟုတ်ရင် ဥပဒေကြောင်းအရ လုပ်ချင်တာမျိုးတခုခု ရှိလား။ ကျန်းမာရေးအရအကူအညီလိုလား ဒါတွေကိုကြည့်တယ်ပေါ့နော်။ Sisters to Sisters အနေနဲ့ လုပ်ပေးနိုင်တာတွေလုပ်ပြီး ကျန်တဲ့ လိုအပ်မှုတွေအတွက် ဝိုင်းဝန်း ချိတ်ဆက်ပေးတယ်။ ပြန်ပြီး လွှဲပြောင်းပေးတယ်။
မေး။ ။လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောကြားမှုတွေ မြင့်တက်လာဖို့ ဘယ်လို ပံ့ပိုးပေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။
ဖြေ။ ။ကြုံတွေ့ရတဲ့အခက်အခဲကတော့ အမျိုးသမီးတွေက များသောအားဖြင့် လာပြီး ရင်ဖွင့်ကြပေမယ့် တကယ်တမ်း public မှာ ထွက်မပြောချင်ကြဘူး။ ထွက်မပြောရဲဘူး။ အဲ့ဟာကလည်း သူတို့ကို ကျွန်မတို့က အပြည့်အဝနားလည်ပေးတယ်။ အမျိုးသမီး အခွင့်အရေးနဲ့ပတ်သက်ရင် ကျွန်မတို့မြန်မာနိုင်ငံမှာသိပ်မသုံးတဲ့ စကားတခုက agency ဆိုတဲ့စကားပေါ့။ Agency ဆိုတာက ဒီအမျိုးသမီးမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ သူ့ကို သူသည် အခြေအနေကို ပြောင်းလဲချင်တယ်ဆိုရင်လည်း ဒါသူ့ဆုံးဖြတ်ပိုင်ခွင့်ပဲ၊ သူမပြောင်းလဲဘူး ဆိုရင်လည်း သူ့ဆုံးဖြတ်ပိုင်ခွင့်ပဲ။
Sisters to sisters ကအမျိုးသမီးတွေရဲ့ agency ကို အရမ်းအလေးထားတယ်။ အမျိုးသမီးတွေအနေနဲ့ ပြောချင်သည်ဖြစ်စေ၊ သူတို့မပြောချင် သည်ဖြစ်စေ သူတို့မှာပဲ ဆုံးဖြတ်ခွင့် ရှိပါတယ်။ ကျွန်မတို့လုပ်ပေးတာက သူတို့ ပြောနိုင်လာအောင် ပြောရဲလာအောင် သူတို့ လုံလုံခြုံခြုံခံစားလို့ရအောင် safe place လေး ဖန်တီးပေးတယ်။ ပြီးတော့ ကျွန်မတို့တခြားအမျိုးသမီးတွေ၊ တခြားညီအမတွေအနေနဲ့ ဒီညီအမတွေနဲ့ အတူတူရှိပါတယ်ဆိုတဲ့ အဲ့ခံစားချက်ကို ပေးတယ်။
လက်ရှိမှာ နည်းလမ်း မျိုးစုံနဲ့ ကျူးလွန်ခံရတဲ့လူကို အပြစ်ပြောတဲ့ဟာတွေက လာတတ်ကြတယ်။ အဲ့လိုဆိုရင် အဲ့လိုမျိုးဟာတွေကို ခံနိုင်ရည်ရှိဖို့လည်း ကျွန်မတို့ကဝိုင်းပြီး support ပေးတယ်၊ သူ့ဘက်မှာ ကျွန်မတို့ရှိပါတယ်ဆိုတဲ့ ခံစားချက်ကို ကျွန်မတို့ပေးတယ်။ လူမှုအဖွဲ့အစည်းတခုလုံးကို တော့ ကျွန်မတို့ ရုတ်တရက် နေ့ချင်းညချင်း မပြောင်းနိုင်ဘူး။ ဒါပေမယ့် ရှိတဲ့အဝန်းအဝိုင်း ကိုတော့ လုံလုံခြုံခြုံဖြစ်အောင် လုပ်ပေးနိုင်တယ်။ အဲ့ကနေစပြီး လုပ်တယ်။ သူတို့ရဲ့ ဆုံးဖြတ်နိုင်ခွင့်ကို တန်ဖိုးထားတယ်။
မေး။ ။တော်လှန်ရေးကာလအတွင်းမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိဖို့ ဘယ်လို ကိုင်တွယ်သင့်ပါသလဲ။
ဖြေ။ ။လောလောဆယ်မှာတော့ဥပဒေကြောင်းအရ ပထမဆုံးစပြီးစဉ်းစားရတာကဖြစ်တဲ့ case က ဘယ်နေရာမှာ ဖြစ်တာလဲ။ ဘယ်နိုင်ငံရဲ့နယ်မြေနယ်နိမိတ်အတွင်းမှာ ဖြစ်တာလဲပေါ့။ အဲ့ဒါကိုမူတည်ပြီးတော့ သူတို့ရဲ့တရားစီရင်ရေးအောက်ကို ကျသွားတယ်။ အကယ်၍ မြန်မာနိုင်ငံမှာဖြစ်ခဲ့တယ်ဆိုရင် ပိုပြီးခက်တယ်။ ထိုင်းမှာဖြစ်တယ်ဆိုလည်း ခက်တာပါပဲ။
ဒါပေမယ့် ခက်ပုံခက်နည်းချင်းတော့ မတူဘူးပေါ့။ အကယ်၍ မြန်မာနိုင်ငံမှာဖြစ်ခဲ့တယ် ဆိုရင် NUG ကိုသွားပြီးတော့ သွားတိုင်မလား၊ ဒါဆိုရင် သွားတိုင်တယ်ဆိုရင်ရော NUG က ဘယ်လောက်အထိ လုပ်နိုင်မှာလဲ။ ဒါမှမဟုတ် တောထဲမှာဖြစ်တယ်ဆိုရင်ရော တောထဲက အာဏာပိုင်အဖွဲ့အစည်းကို သွားတိုင်မလား။ အဲ့အဖွဲ့အစည်းကလည်း ဘယ်လောက်အထိ ဘက်မလိုက်ပဲနဲ့ တရားမျှမျှတတဆုံးဖြတ်မှာလဲ ဆိုတဲ့ စဉ်းစားစရာ မေးခွန်းထုတ်စရာတွေ က အများကြီးရှိတယ်။
အဲ့နည်းလမ်းကတော့ တနည်းအားဖြင့်ခက်တယ်။ ဒါပေမယ့် လူထုအားနဲ့ လုပ်လို့ရတာတော့ အခုလူတွေလုပ်နေကြတဲ့ social punishment လိုပုံစံမျိုးပေါ့။ အကယ်၍ တော်လှန်ရေးထဲကလူပဲဖြစ်ဖြစ် စစ်တပ်ဘက်လူပဲဖြစ်ဖြစ် သူတို့ကကျူးလွန်ခဲ့တယ်ဆိုရင် အဲ့ကျူးလွန်တဲ့ဟာကို လူထုအားနဲ့ဖယ်ကျဉ်ထားတဲ့ပုံစံမျိူး လုပ်လို့ရတယ်။ ကျူးလွန်တဲ့သူကိုပဲ အပြစ်ပြောပြီးတော့ ကျူးလွန်ခံရတဲ့သူကို အပြစ်မပြောတဲ့အလေ့အထပေါ့။
အဲ့ဒါကိုစပြီး ဖော်ဆောင်လို့ရတယ်။ Sisters to Sisters ကလည်းအဲ့ဒါကိုအဓိကလုပ်တာပေါ့။ အမျိုးသမီးအသံကိုမြှင့်တင်ပေးတယ်။ လူတွေအနေနဲ့ ကိုယ်ချင်းစာတက်လာအောင် ဝိုင်းပြီးတော့ ဒီအမျိုးသမီးကို ဘာကူပေးရမလဲဆိုတာ ဖြစ်လာအောင် အဲ့ဒါကိုလုပ်လို့ရတယ်။ ဆက်လက်ရှင်သန်သူကို လူမှုအသိုင်းအဝိုင်းထဲကို ပြန်ဝင်လာနိုင်အောင် ပြန်လုပ်ပေးနိုင်တဲ့အချက်တွေလည်း အများကြီးရှိတယ်။
“လူမှုအဖွဲ့အစည်းတခုလုံးကို တော့ ကျွန်မတို့ ရုတ်တရက် နေ့ချင်းညချင်း မပြောင်းနိုင်ဘူး။ ဒါပေမယ့်် ရှိတဲ့အဝန်းအဝိုင်း ကိုတော့ လုံလုံခြုံခြုံဖြစ်အောင် လုပ်ပေးနိုင်တယ်။ အဲ့ကနေစပြီး လုပ်တယ်။ သူတို့ရဲ့ ဆုံးဖြတ်နိုင်ခွင့်ကို တန်ဖိုးထားတယ်”
မေး။ ။လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို လျော့ကျ ပပျောက်လာဖို့အတွက် အမျိုးသားတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုအထိ အရေးပါပါသလဲ။ အမျိုးသားတွေအနေနဲ့ ဒီလိုဖြစ်စဉ်မျိုး မဖြစ်အောင် ဘာတွေ လုပ်ဖို့ လိုပါသလဲ။
ဖြေ။ ။လိင်အကြမ်းဖက်မှုမှာ အမျိုးသားတွေရဲ့ ကဏ္ဍအရမ်းအရေးကြီးတယ်၊ ဘာကြောင့်လဲ ဆိုတော့ ကျူးလွန်တဲ့ case တွေကို generally ကြည့်မယ်ဆိုရင်၊ ကျူးလွန်တဲ့သူက အမျိုးသားဖြစ်ပြီးတော့ ကျူးလွန်ခံရတဲ့သူကအမျိုးသမီးဖြစ်တက်တဲ့ သဘောရှိတယ် ပေါ့နော်။ အဲ့အတွက် အမျိုးသားတွေကိုယ်တိုင်ကလည်း ငါတို့က ဒီလိင်အကြမ်းဖက်မှုကို မကျူးလွန်ရဘူးဆိုတဲ့ နေရာကနေစဖို့ လိုတယ်။
အမျိုးသမီးတွေကိုပဲသွားပြီးတော့ အမျိုးသမီးပဲဖြစ်ဖြစ် LGBT ပဲဖြစ်ဖြစ် ကျူးလွန်ခံရတဲ့သူကိုပဲသွားပြီးတော့ ဒီအကျီမဝတ်နဲ့လို့ ဒါမလုပ်နဲ့လို့ ညဘက်တယောက်ထဲအပြင်မထွက်နဲ့လို့ ပြောနေတာက အခြားသူအခွင့်အရေး ကို ပိတ်ပင်တာ ဖြစ်သွားပြီ။ သူများအခွင့်အရေးကို သွားပြီးတော့ ထိပါးနှောက်ယှက်နေတဲ့ ကျူးလွန်တဲ့လူကိုပဲ ပြောရမှာ။ ဘယ်သူပဲဖြစ်ဖြစ် ကျူးလွန်တဲ့လူမှာပဲအပြစ်ရှိတယ်။ ကျူးလွန်ခံရတဲ့လူမှာ အပြစ်လုံးဝမရှိဘူး။ အဲ့အတွက်ကြောင့် အမျိုးသားတွေကို ပညာပေးဖို့ လိုတယ်။
ကလေးအရွယ်ထဲက သူ့ space နဲ့ ကိုယ့် space သိအောင်လို့ ကိုယ် ဘာလုပ်လို့ရလဲ၊ သူအခွင့်အရေးက ဘာလဲ၊ ကိုယ့်အခွင့်အရေးက ဘာလဲ၊ အဲ့ဒါမျိုးကိုသိအောင် လုပ်တယ်ဆိုရင်တော့ တဖြေးဖြေးနဲ့ ငါတို့သွားပြီးတော့ ဒီအမျိုးသမီးပဲ ဖြစ်ဖြစ်၊ ဒီ LGBT ပဲဖြစ်ဖြစ်၊ ဒီလူတွေကို ငါတို့သွားပြီးတော့ကျူးလွန်လို့မရဘူး။ အကြမ်းဖက်လို့မရဘူးဆိုတာကို စပြီးသိလာမယ်လို့ မြင်တယ်။ အဲ့ကနေစရမယ်။ International မှာလုပ်တဲ့ ကမ်ပိန်းတစ်ခုရှိတယ်။ He for She ဆိုတဲ့ဟာပေါ့။ He for She ဆိုတာ အမျိုးသမီးတွေအတွက်ကို အမျိုးသားတွေက ရပ်တည်ပေးတယ်ဆိုတဲ့ဟာမျိုးပေါ့။
ကိုယ့်အိမ်မှာပဲဖြစ်ဖြစ် ကိုယ့်မောင်နှမအသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် ကိုယ့်သူငယ်ချင်း အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေအတွက် အမျိုးသားတွေက ရပ်တည်ပေးတယ် ဆိုတဲ့ဟာမျိုး၊ ငါတို့လည်းကူပြီးတော့ နင်တို့အခွင့်အရေးရဖို့အတွက် ကူတိုက်ပေးမယ် ဆိုတဲ့ဟာမျိုး အဲ့လိုမျိုးကလည်း အရမ်းအရေးကြီးတယ်လို့ထင်တယ်။
LGBT ပဲဖြစ်ဖြစ် အမျိုးသမီးအခွင့်အရေးပဲဖြစ်ဖြစ် အမျိုးသားတွေရဲ့ပါဝင်မှုကတအားကိုအရေးကြီးတယ်။ အဲ့လိုမျိုးပါဝင်နေကြတဲ့အမျိုးသားတွေလည်း အရမ်းလေးစားစရာကောင်းတယ်။ သူတို့ အနေနဲ့ သူတို့ရဲ့ space တင်မဟုတ်ဘဲ သူများရဲ့ space ကိုပါ ကူပြီးတိုက်ပေးတဲ့ အဓိပ္ပာယ်မျိုးပေါ့။ အဲ့ဒါကတော့အရမ်းအရေးကြီးတယ်လို့ထင်ပါတယ်။
မေး။ ။ တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ဖြေ။ ။အဓိကကတော့ အမျိုးသမီးတွေအသံထွက်ဖို့ အရေးကြီးတယ်။ သူတို့ အသံထွက်နိုင် လောက်အောင် ရေခံခြေခံတွေကိုကိုယ်တွေက ပံ့ပိုးပေးဖို့လိုတယ်။ သူတို့အသံထွက်နိုင်ဖို့ အတွက် လုံခြုံတဲ့အဝန်းအဝိုင်းလေးဖြစ်အောင် လုပ်ပေးဖို့လိုတယ်။ ဒါက ကျွန်မတစ်ဦး တစ်ယောက်ထဲမှာ တာဝန်ရှိတာ မဟုတ်ဘူး။ လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းတခုလုံးက ပြောင်းလဲမှရမယ့်အရာဖြစ်ပါတယ်။
လူမှုအဖွဲ့အစည်းတခုလုံးက ကျူးလွန်ခံရတဲ့သူနဲ့ ကျူးလွန်တဲ့သူမှာ ကျူးလွန်ခံရတဲ့သူကို အပြစ်မတင်ပဲနဲ့ ကျူးလွန်တဲ့သူကို အပြစ်တင်ဖို့ လိုတယ်။ ကျူးလွန်တဲ့သူကို အပြစ်ပြောရဲဖို့လိုတယ်။ ကျူးလွန်တဲ့သူကို ဖော်ထုတ်ရဲဖို့ လိုတယ်။ ကျူးလွန်ခံရတဲ့သူကို ကာကွယ်ပေးဖို့ လိုတယ်။ သူ့ကို အပြစ်မတင်ဖို့ လိုတယ်။ အဲ့လိုအဝန်းအဝိုင်းကို တည်ဆောက်နိုင်ဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
နော်စူစန်နာလှလှစိုး ပြည်ထောင်စုဝန်ကြီး
အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန
အမျိုးသားညီညွှတ်ရေးအစိုးရ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။
မေး။ ။ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဆိုတာ ဘာကိုဆိုလိုပါသလဲ။
ဖြေ။ ။ကျွန်မတို့ လူရယ်လို့ဖြစ်လာကတည်းက သဘာဝတွေနဲ့အတူတူရှိလာတယ်။ အမျိုးသမီး သဘာဝ၊ အမျိုးသားသဘာဝနောက်ပြီးတော့ ဒီလိုမျိုးလိင်ပိုင်းဆိုင်ရာ ခံယူချက်ခြင်းမတူတဲ့ သဘာဝတွေ ရှိပါတယ်။ ပါလာတဲ့အခါမှာ သဘာဝကပေးတဲ့အတိုင်း ကျားဆိုတာတော့ ပိုပြီးအားရှိတယ်။ နောက်ပြီးတော့ ခန္တာကိုယ်ပိုင်းအရ ပိုပြီးတောင့်တင်းသန်စွမ်းတယ်။
အမျိုးသမီးကကျတော့ အမျိုးသားတွေလောက် ခန္ဓာကိုယ်တည်ဆောက်မှုအရ အဲလောက် သန်စွမ်းမှု မရှိဘူး။ ပြီးတော့ အမျိုးသမီးတွေအနေနဲ့ လစဉ်ဖြစ်တက်တဲ့ဓမ္မတာတို့၊ စတဲ့ ဝေဒနာတွေက သဘာဝက ပေးအပ်ထားပြီးသား။ ဒါတွေကိုပြင်လို့မရဘူး။ အဲ့တော့ Gender Base violence ဆိုတာက ဒီလိုမတူညီမှု အပေါ်မှာ မူတည်ပြီးတော့ အခွင့်ကောင်းယူပြီးတော့ အားကြီးတဲ့သူက အားနည်းတဲ့အပေါ်မှာ ကျူးလွန်တဲ့အမှုတွေကို ခေါ်ပါတယ်။
မေး။ ။လိင်ပိုင်းဆိုင်ရာအကြမ်းမှုနဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။ လိင်ပိုင်း ဆိုင်ရာကျူးလွန်မှု မြင့်တက်လာရခြင်းက ဘာကြောင့်လို့ မြင်ပါသလဲ။
ဖြေ။ ။လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမြင့်တက်လာမှုကတော့ နံပါတ်တစ်က တရားဥပဒေစိုးမိုးမှု ပါ။ ကျွန်မတို့နိုင်ငံကသိတဲ့အတိုင်းပဲ ၂၀၂၁ မှာ အာဏာသိမ်းဖို့ ကြိုးစားတဲ့နောက်ပိုင်းမှာ ကမှောက်ကမတွေ ဖြစ်တယ်။ တရားဥပဒေစိုးမိုးမှုလည်း မရှိဘူး။ အာဏာသိမ်းတဲ့ စစ်တပ်ကိုယ်တိုင်က ဒါတွေကိုစိတ်မဝင်စားဘူး။ သူတို့ကိုယ်တိုင်က ကျူးလွန်တဲ့သူတွေ ဖြစ်နေတယ်။
နောက်ပြီးတော့ ပုံမှန်အခြေအနေဆိုရင် NGO တွေ CSO တွေက ပြည်သူက ရွေးချယ်တင်မြောက်တဲ့ အစိုးရတွေနဲ့ ပူးပေါင်းပြီး campaign တွေလုပ်တယ်။ အသိပညာတွေ ပေးတယ်။ ဒါပေမယ့် အခုအချိန်မှာ ဒါတွေကို ပေါ်ပေါ်တင်တင်လုပ်လို့ မရဘူးဆိုတော့ စစ်အစိုးရရဲ့ဖိနှိပ်မှုက နေရာတကာမှာ ရှိနေတယ်။
အဲ့ဒါကြောင့်မို့ မြင့်တတ်လာတာတွေ များတယ်။ နယ်မှာဆိုရင် အိုးအိမ်ကိုစွန့်ပစ်ပြီးတော့ ဘေးကင်းတဲ့နေရာမှာနေတဲ့အခါမှာ၊ camp ထဲမှာနေတဲ့အခါမှာ သူ့အိမ်၊ ကိုယ့်အိမ် မဟုတ်တော့ဘူး။ အတူတကွနေရတယ်။ အဲ့လိုအချိန်မှာ ဂျန်ဒါ အဲ့လိုမျိုး ခွဲခြားမှုတွေ၊ အိမ်သာကအစ မရှိတဲ့အခါမှာ အခွင့်အရေးယူတဲ့ လူတွေအတွက် သားကောင်တွေ ဖြစ်သွားရတယ်။ ကလေးတွေရော အမျိုးသမီးတွေရော၊ ယောကျာ်းလေးငယ်တွေရော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့ကြရတယ်။
မေး။ ။စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကြာလာတဲ့အချိန်မှာ တော်လှန်ရေးကာလအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို စစ်ကောင်စီဘက်ကတင်မကပဲ စစ်အာဏာရှင် တွန်းလှန်သူတွေကိုယ်တိုင်က ကျူးလွန်လာကြတဲ့အပေါ် ဘယ်လိုမှတ်ချက် ပေးချင်ပါသလဲ။
ဖြေ။ ။ ကျွန်မတို့ဝန်ကြီးဌာနအနေနဲ့ မှတ်တမ်းတွေအရ စစ်ကောင်စီဘက်ကကျူးလွန်တာက (၁၂၅) မှု၊ နောက်ပြီးတော့ PDF ၊ EROs ၊ LDF စတဲ့တော်လှန်ရေးသမားတွေကျူးလွန်တာက (၃၃) မှု၊ ပြည်သူအချင်းချင်းကျူးလွန်တာက (၈၁) မှု၊ ပြီးခဲ့တဲ့ ဇူလိုင်လကုန်အထိ မှတ်တမ်းဆိုရင် အားလုံး (၂၃၉) မှုရှိတယ်။
ကိုယ့်ဘက်က ကျူးလွန်တဲ့လူတွေလည်း ရှိတဲ့အခါမှာ အဲ့ဒါကိုကျွန်မတို့ကတော့ ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့အတွက်ကြောင့် ဒါကိုတော့ ထိထိရောက်ရောက် အရေးယူဖြစ်တယ်။ ကျွန်မတို့ ဝန်ကြီးဌာနမှာဆိုရင် special case task force team အဲ့ဒါကိုဖွဲ့ထားပြီးတော့ တပတ်တကြိမ် case တွေ ကြည့်တယ်။ follow up လုပ်တယ်။ တလတကြိမ် ဝန်ကြီးဌာနစုံရာတွေ ခေါ်ပြီးတော့လည်း ပူးပေါင်း လုပ်ဆောင်နေပါတယ်။
နောက်ပြီးတော့ နိုင်ငံတကာ campaign တွေ၊ ၁၆ ရက်တာလှုပ်ရှားမှု၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ မှာဆိုလည်း ကျွန်မတို့ awarness တွေလုပ်တယ်။ လုပ်ပြီးတော့ပညာပေးမှုတွေ၊ NUG ကထုတ်ပြန်ထားတဲ့ PSHEA policy ကို သင်တန်းတွေပေးတာတို့၊ စကားဝိုင်းတွေ ကျင်းပတာတို့ ကျွန်မတို့ လုပ်ပေးပါတယ်။
မေး။ ။လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောကြားမှုတွေ မြင့်တက် လာဖို့ ဘယ်လို ပံ့ပိုးပေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။
ဖြေ။ ။ပထမဆုံးအနေနဲ့ ထုတ်ဖော်ပြောကြားသူရဲ့လုံခြုံရေးကို အာမခံရမယ်။ နောက်ပြီးတော့ ထုတ်ပြောလိုက်ရင် သိက္ခာများကျွန်မလားပေါ့။ အဲ့ဒီအစွဲတွေကိုလည်း ကျွန်မတို့ချွတ်ရမယ်။ ကျူးလွန်ခံရတဲ့လူက ရှက်စရာမဟုတ်ဘူး။ ကျူးလွန်တဲ့သူက ရှက်စရာကောင်းတာ။ အဲ့ဒါကို ကျွန်မတို့က ပညာပေးရမယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို ကူညီပေးရမယ်။ နောက်ပြီးတော့ ကျန်းမရေးနဲ့ပတ်သက်တဲ့ ကူညီထောက်ပံ့မှုတို့၊ သူတို့လုံခြုံတဲ့နေရာမှာ ရွေ့ပြောင်းဖို့အတွက် ငွေရေးကြေးရေအကူအညီတို့၊ စတဲ့လိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးနိုင်ရင် ထုတ်ဖော်ပြောကြားမှုတွေ ရဲတင်းလာမယ်လို့ထင်ပါတယ်။
မေး။ ။လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိဖို့ ဘယ်လို ကိုင်တွယ်သင့်ပါသလဲ။
ဖြေ။ ။ကျွန်မတို့ဆီမှာ တိုင်ကြားမှုယန္တရားတွေ ရှိပါတယ်။ ကျွန်မတို့ဝန်ကြီးဌာနကို တိုက်ရိုက် တိုင်လို့ ရသလို မြို့နယ်အုပ်ချုပ်မှုတွေကနေတဆင့်လည်း တိုင်လို့ရပါတယ်။ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထဲမှာ ကျွန်မတို့ဝန်ကြီးဌာနရဲ့ မြို့နယ်မှူးတွေ ခန့်အပ်ထားတယ်။ သူတို့ကလည်း case management သင်တန်းတွေပေးထားတဲ့အတွက်ကြောင့် ဒီ case တွေ ကို ဘယ်လိုကိုင်တွယ်ရမလဲ၊ ဖြေရှင်းရမလဲ စသဖြင့် သူတို့အနေနဲ့လည်း ကူညီဆောင်ရွက် ပေးလို့ရတယ်။
ပြီးရင် ပြည်ထဲရေး၊ တရားရေးအဆင့်ဆင့် သွားပြီးတော့ မြန်နိုင်သမျှ မြန်အောင် ဆောင်ရွက်တယ်။ တချို့အမှုတွေဆိုရင် ကျွန်မမေးကြည့်တယ်။ ဘယ်လောက် လောက်ကြာလဲဆို၊ သုံးလဆိုရင်တော့ သိပ်မဆိုးဘူးပေါ့။ တရားစီရင်မှု အဆင့်ဆင့်ကလည်း ကြန့်ကြာနေမှုတွေ ရှိတတ်တယ်။ တချို့နေရာတွေမှာ တရားသူကြီးမရှိတာတို့ အဲ့ ပြသနာတွေ ရှိပါတယ်။
မေး။ ။လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို လျော့ကျ ပပျောက်လာဖို့အတွက် အမျိုးသားတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုအထိ အရေးပါပါသလဲ။
ဖြေ။ ။အမျိုးသားတွေရဲ့ခံယူမှု၊ ဂျန်ဒါအသိအမြင်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အရမ်းကိုအရေးကြီးပါတယ်။ ပါးစပ်ကပြောရုံတင်မကဘဲ သူတို့တကယ် နှစ်နှစ်ကာကာ သိနားလည်လက်ခံပြောင်းလဲမှုအတွက် အသိပညာပေးမှုတွေ အများကြီးလုပ်ရမယ်။ Male champion ပေါ့။ အမျိုးသားထဲမှာမှ ကျွမ်းကျင်တဲ့သူတွေ ဟောပြောတဲ့သူတွေ၊ သင်တန်းပေးတဲ့သူတွေ အများကြီး လိုအပ်တယ်။
နောက်ပြီးတော့ မလိုလားအပ်တဲ့အလေ့စရိုက်တွေ၊ ဥပမာ ကျူးလွန်တဲ့သူကို ကြက်တစ်ကောင်၊ ဝက်တကောင်နဲ့ လျော်ကြေးပေးခိုင်းလိုက်တာတို့ အဲ့ဒါတွေကရှိတုန်းပဲ အဲ့ဒါတွေကိုလည်း ကျွန်မတို့က ပညာပေးရမယ်။ ထိခိုက်တဲ့သူတွေအတွက်လည်း ကျွန်မတို့က စိတ်ပိုင်း၊ ရုပ်ပိုင်း သေသေချာချာကုစားပေးရမယ်။ တသက်လုံးသူ ရပ်တည်သွားဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် စိတ်ပိုင်းဆိုင်ရာပါကုစားမှုတွေ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
မေး။ ။ ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ဖြေ။ ။ ဇွန်လ ၁၉ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို ကျွန်မတို့ကျင်းပခဲ့တယ်။ ကမ်ပိန်းတွေလည်း လုပ်ခဲ့တယ်။ အဖွဲ့အစည်း အသီးသီးနဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ ကမ်ပိန်းတွေ လုပ်ခဲ့တယ်။ နယ်တွေမှာဆိုရင် သီချင်းပြိုင်ပွဲတွေရော စာစီစာကုံးပြိုင်ပွဲတွေ၊ ဟောပြောပွဲတွေ တခါထဲ ပြုလုပ်ခဲ့တယ်။ သီချင်းပြိုင်ပွဲမှာဆိုရင် ခွန်အားဖြည့်မိငယ်ပေါ့။ အဲ့ဒီသီချင်းကိုပြိုင်သွားတဲ့အခါမှာ အမျိုးသား တွေရော၊ အမျိုးသမီးတွေရော ကလေးတွေရော ပြိုင်ကြတယ်။
အဲ့ဒီနောက်ကွယ်မှာဆိုရင် ကျွန်မတို့က လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ အမျိုးသားတွေ အားလုံးအတွက် ခွန်အားပေးဖို့ ရည်ရွယ်ပြီးလုပ်ခဲ့တဲ့အခါမှာ တော်တော်လေး အောင်မြင်ပြီးတော့ awarness တွေလည်း ရရှိခဲ့ပါတယ်။ တရက် လွတ်မြောက်တဲ့၊ လွတ်လပ်တဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့အခါမှာ အသိပညာပေးမှုတွေကို သေသေချာချာလုပ်ပေးရင် လျော့ကျသွားမှာ ဖြစ်ပါတယ်။
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
Seng (လူ့အခွင့်အရေးလှုပ်ရှားသူ )
မေး။ ။ GVB ဆိုတာကို မြန်မာစကားလုံးအနေနဲ့ဘယ်လိုအလဲအလှယ်လုပ်ပြီးသုံးလို့ရမလဲ။ GVB ဆိုတာဘာကိုဆိုလိုတာပါလဲရှင့်။
ဖြေ။ ။ ဂျန်ဒါကိုအခြေပြုထားတဲ့အကြမ်းဖက်မှုများလို့ ပြောလေ့ရှိတယ်။ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုလို့ ပြောလိုက်ပြီဆိုရင် အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကို အမျိုးသမီး ဖြစ်ခြင်းဆိုတဲ့ ဂျန်ဒါအပေါ်မှာ အခြေပြုပြီး အကြမ်းဖက်မှုကျူးလွန်ကြတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျူးလွန်တဲ့သူအများစုကတော့ အမျိုးသားတွေ ဖြစ်နေတတ်ကြတယ်။ ဒါပေမဲ့ ကျူးလွန် ခံရတဲ့နစ်နာတဲ့သူတွေထဲမှာ အမျိုးသားတွေ၊ ယောကျာ်းငယ်လေးတွေ၊ လူနည်းစုတွေဖြစ်တဲ့ လိင်စိတ်ခံယူမှုဝိသေသလက္ခဏာကွဲပြားသူတွေလည်း ပါဝင်တတ်ပါတယ်။
ဒီအကြမ်းဖက်မှု က ဘယ်လိုနေရာမျိုးမှာမဆို ဖြစ်တတ်ပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းနေတဲ့အချိန်မှာ ဖြစ်မှာမဟုတ်ဘူးလို့လည်း စဉ်းစားကြတယ်။ ဒါပေမယ့် ငြိမ်းချမ်းတဲ့နေရာတွေမှာလည်း ဖြစ်တက်တယ်။ ဥပမာအားဖြင့်ဆို မိသားစုဝင်အချင်းချင်း၊ ချစ်သူတွေကြား၊ ရင်းနှီးတဲ့ လက်တွဲဖော်တွေကြားထဲမှာ ဖြစ်ကြတဲ့အကြမ်းဖက်မှု၊ တနည်း အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပါတယ်။
တချိန်တည်းမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလည်း GBV မှာ ပါဝင်ပါတယ်။ ပဋိပက္ခဖြစ်ပွားမှုနဲ့ ဆက်စပ်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု CRSV တွေလည်း ဂျန်ဒါအခြေပြုရာဇဝတ်မှု ထဲမှာ ပါဝင်ပါတယ်။
မေး။ ။ GVB ထဲမှာ ဘယ်လိုအကြမ်းဖက်မှုတွေ အများဆုံးဖြစ်နေပါသလဲ။ လက်ရှိ ကမ္ဘာပေါ်မှာရော၊ မြန်မာနိုင်ငံအတွင်းမှာရော လိင်အကြမ်းဖက်မှုပေါင်း ဘယ်လောက် ရှိသလဲ။
ဖြေ။ ။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေမှာဆိုရင် မိသားစုထဲမှာ ဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှု တွေက အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ လူကုန်ကူးမှု၊ လူတွေကိုပစ္စည်းသဖွယ်ရောင်းချတဲ့ ခေတ်သစ်ကျေးကျွန်ပြုမှု၊ နောက်ယောင်ခံလိုက်ပြီး အမျိုးသမီးတွေကို နှောင့်ယှက် စော်ကားမှု၊ အနိုင်ကျင့်မှု၊ ခြိမ်းခြောက်မှု အွန်လိုင်းကနေပြီးတော့ လုပ်တဲ့ကိစ္စရပ်တွေလည်း GBV ထဲမှာ ပါဝင်ပါတယ်။
ပြီးသွားရင် အခုမကြာခဏကြားနေရတဲ့ အကြမ်းဖက်မှုက စစ်မက်ဖြစ်ပွားရာဒေသက အမျိုးသမီးတွေက တခြားနိုင်ငံမှာ အလုပ်သွားလုပ်ရင်းနဲ့ အတင်းအဓမ္မကိုယ်ဝန်ဆောင်ခိုင်းမှုနဲ့ ပဋိပက္ခကာလအတွင်းမှာဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့ခေါ်တဲ့ conflict relate sexual violence တွေလည်း အများကြီး ဖြစ်တယ်။
“ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေမှာဆိုရင် မိသားစုထဲမှာ ဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေက အများဆုံး ဖြစ်ပွားပါတယ်”
ကမ္ဘာမှာ လိင်အကြမ်းဖက်ခံရသူ အမျိုးသမီးအရေအတွက် သန်း ၇၀၀ ကျော် ရှိပါတယ်။ သုံးယောက်မှာတစ်ယောက်က ရှင်သန်သွားလာနေတဲ့ သက်တမ်းတလျှောက်မှာ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တွေ့ကြုံရတယ်။ မြန်မာပြည်မှာဆိုရင် စစ်အာဏာသိမ်းမှုကြိုးစားတဲ့ကာလကနေစပြီးတော့ ဒေတာတွေကအများကြီးမရတော့ဘူး။
၂၀၂၃ ခုနှစ်ဒေတာတွေအရကြည့်မယ်ဆိုရင် အမျိုးသမီးရာခိုင်နှုန်း (၂၀)လောက်က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကြုံခဲ့ရပါတယ်။ Global data အရပြောမယ်ဆိုရင် အထူးသဖြင့်စစ်ပွဲတွေ ဖြစ်နေကြတဲ့ကာလတွေ၊ ပဋိပက္ခတွေဖြစ်နေကြတဲ့ကာလတွေဆိုရင် အိမ်တွင်းအကြမ်းဖက်မှုက အနည်းဆုံးနှစ်ဆ၊ နှစ်ဆခွဲလောက် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
မေး။ ။GBV ကဘာကြောင့်ဖြစ်တယ်လို့ သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။GBV ဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုရင် ကျွန်မတို့မှာ ဂျန်ဒါအခြေပြုပြီးစဉ်းစားထားကြတဲ့ ပုံသေကားချပ်လိုရှိတယ်။ မိန်းကလေးဆိုဘယ်လို၊ အိမ်မှာပဲနေရမယ်။ ယောကျာ်းလေးဆို အပြင်ထွက်ရမယ်၊ ပိုက်ဆံပဲရှာရမယ်။ အဲ့လိုမျိုး gender stereotype တွေရှိတယ်။ ဖိုဝါဒကြီးစိုးတဲ့ ဓလေ့ထုံးတမ်းရိုးရာတွေရှိတယ်။ ဘာသာရေးပိုင်းဆိုင်ရာ လွမ်းမိုးတဲ့ကိစ္စတွေ တွေ့ရတယ်။
ငွေရေးကြေးရေးခက်ခဲတာ၊ ဆင်းရဲတာ၊ စီးပွားရေးအားဖြင့် မကောင်းတဲ့နေရာမျိုးမှာ ငွေကိုဘယ်လိုရှာရမလဲဆိုတာ စဉ်းစားကြတဲ့အခါ သူတို့က sexual အလုပ်တွေထဲမှာ ပါဝင်လာနိုင်သလို၊ IDP က အမျိုးသမီးတွေဆိုရင် စစ်ဘေးရှောင်တွေအနေနဲ့ဆို သူတို့သားသမီးတွေရဲ့ပညာရေး၊ သားသမီးတွေရဲ့ ဗိုက်ဖြည့်တင်းပေးဖို့ဆို တရုတ်နိုင်ငံကိုသွားအလုပ်လုပ်တယ်။ မျိုးစုံသော economic challenge တွေကြောင့်ဖြစ်နိုင်တယ်။
ပဋိပက္ခတွေဖြစ်လာကြပြီ ဆိုရင် အမျိုးသမီးတွေက ထိပ်ဆုံးကနေ ပစ်မှတ်လုပ်ခံရလေ့ရှိတယ်။ အထူးသဖြင့် မတူညီတဲ့ အုပ်စုတွေကြားမှာ ပြသနတွေတက်ကြမယ်ဆိုရင် မိန်းကလေးတွေကို မုဒိမ်းကျင့်ပြီး စစ်လက်နက်တစ်ဖွဲ့နဲ့တစ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာထိပါးအောင် မင်းတို့ရဲ့ အမျိုးသမီးတွေကို ငါတို့က မုဒိမ်းကျင့်တယ်ကွာ ဘာဖြစ်ချင်လဲဆိုတဲ့ပုံစံမျိုးနဲ့ ဆွပေးတာမျိုးတွေကအစ ၊ မိန်းကလေး တွေက ကြားထဲကနေ အသုံးခံရတာ အများကြီးရှိတယ်။ တချိန်တည်းမှာ ပြည့်စုံ လုံလောက်တဲ့ ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်ပေးမှု မရှိတာလည်း ပါဝင်ပါတယ်။
ဒါ့ပြင် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှု အားနည်းခြင်းကလည်း အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ နောက်တခုက နိုင်ငံရေးမှာ အမျိုးသမီးတွေ ချန်လှပ်ခံထားရခြင်းကြောင့်လည်း ပါဝင်ပါတယ်။ အဆိုးဆုံးကတော့ အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခြိမ်းခြောက်မှု တွေကို ရည်ရွယ်ချက်ရှိရှိ လုပ်လေ့ရှိပါတယ်။
အဆိုးဆုံးကတော့ အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခြိမ်းခြောက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်လေ့ရှိပါတယ်။
မေး။ ။ တော်လှန်ရေးကာလမှာ GBV case တွေမြင့်တက်လာမှုကဘာကိုညွှန်ပြနေလဲ။
ဖြေ။ ။အရင်ဆုံးက GBV ဆိုတာအမျိုးသမီးတွေရဲ့လူ့အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှု ပိုပြီးများနေတယ်လို့ပဲ ပြောချင်ပါတယ်။ လူတိုင်းလူတိုင်းမှာ မွေးလာကတည်းက ဂုဏ်သိက္ခာပိုင်းဆိုင်ရာအရရော လူ့အခွင့်အရေး ဆိုင်ရာအရရော တန်းတူညီတူနဲ့ လွတ်လွတ်လပ်လပ်မွေးလာတယ်လို့ ပြောထားပြီးသားဖြစ်တယ်။
လူတိုင်းက တန်းတူမွေးလာတာဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အမှုတွေသည်လည်း လူ့အခွင့်အရေးကျူးလွန်တဲ့အမှုတွေ ဖြစ်တယ်။ ဒီလူ့အခွင့်အရေး ကျူးလွန်တဲ့အမှုတွေမှာ အခြားသော ဆက်စပ်ပြီးတော့ ချိုးဖောက်ပြီးလုပ်နေတဲ့ကိစ္စတွေ အများကြီးရှိနေတယ်လို့ ကျွန်မက အဓိကပြောချင်ပါတယ်။
မေး။ ။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု တွေဖြစ်လာပြီဆိုရင် ဘယ်လိုယန္တယားတွေနဲ့ ဖြေရှင်းဖို့ လိုသလဲ။ ဖြေရှင်းတဲ့အခါမှာ ဆက်လက်ရှင်သန်သူတွေကို ဗဟိုပြုပြီးတုံ့ပြန်ဖို့ဆိုတာ အမြဲတမ်းပြောကြတယ်။ အဲ့ဒါဘာကိုဆိုလိုတာပါလဲ။
ဖြေ။ ။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု တွေကို ဖြေရှင်းဖို့အတွက်ဆိုရင် အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို သေသေချာချာလေ့ကျင့်သင်ကြားပေးထားတဲ့ လူပုဂ္ဂိုလ်တွေရှိရမယ်။ multidisciplinary လို့ခေါ်တဲ့အများပူးပေါင်းပါဝင်မှုရှိတဲ့ ပေါင်းစပ်ယန္တရားတခု လုပ်ဆောင် နိုင်ရင် ပိုပြီးတော့ကောင်းတယ်။ တကမ္ဘာလုံးမှာလည်း ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကို ကိုင်တွယ်ဖို့ guideline တွေရှိပြီးသား။
ဆက်လက်ရှင်သန်သူတွေကို မထိခိုက်ပဲနဲ့ ပံ့ပိူးကူညီပေးမှုတွေက ဘာတွေပေးနိုင်မလဲ၊ သူ့အတွက်လိုအပ်တဲ့အချက်အလက်တွေ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကအစ စဉ်းစားထားတယ်။ ထိခိုက်လွယ်တဲ့အုပ်စုတွေကို ဘယ်လိုဆောင်ရွက်ပေးရမလဲဆိုတာလည်း ပါဝင်ပါတယ်။ ဒါ့ပြင် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်နိုင်စွမ်းအပေါ် မူတည်ပြီး ပေါင်းစပ်လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းအချင်းချင်းကြားမှာလည်း လွှဲပြောင်းမှု ကို စနစ်တကျ တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။
မေး။ ။ဆက်လက်ရှင်သန်သူတွေအနေနဲ့ လူမှုအသိုက်အမြုံထဲမှာနေဖို့ ဘယ်လိုထောက်ပံ့မှုတွေ လိုအပ်ပါသလဲ။
ဖြေ။ ။ဆက်လက်ရှင်သန်သွားမယ့်အုပ်စုဆိုတာ မတူတဲ့အုပ်စုတွေ အများကြီးဖြစ်နိုင်တယ်။ မတူတဲ့အုပ်စုတွေအနေနဲ့ သူ့ရဲ့လိုအပ်ချက်တွေကအစ တခါတလေကျရင်မတူဘူး။ ကလေးသူငယ်တွေနဲ့ပတ်သက်လာရင် ကျွန်မတို့က မိဘအုပ်ထိန်းသူရှိသလားဆိုတာ စဉ်းစားရတယ်။ မိဘအုပ်ထိန်းသူရဲ့ပါဝင်ဆွေးနွေးမှု လုပ်တဲ့အခါမျိုးမှာ ဆက်လက် ရှင်သန်သူကို ဗဟိုပြုတုံ့ပြန်မှုဆိုတာက နည်းနည်းပြောင်းသွားမယ်။
စဉ်းစားဆုံးဖြတ်နိုင်တဲ့ အရွယ်တခုလို့သတ်မှတ်ထားတဲ့ ဆက်လက်ရှင်သန်သူကို ဗဟိုပြုတုံ့ပြန်မှုလို့ပြောပြီဆိုရင် သူ့ကို ဆုံးဖြတ်ချက်ချတာကအစ သူ့ကိုယ်သူလုပ်နိုင်အောင် empower ဖြစ်အောင် လုပ်သွားပေးတဲ့ process မျိုးကို ရှင်သန်သူတွေကို ဗဟိုပြုတဲ့တုံ့ပြန်မှုမျိုး လို့ခေါ်တယ်။ အဲ့လိုမျိုးလုပ်တဲ့အခါမျိုးမှာလည်း တစ်ဦးတစ်ဖွဲ့ထဲက လုပ်ပေးတာမဟုတ်ပဲနဲ့ အားလုံး ပူးပေါင်းပေါင်းစပ်ပြီးတော့လုပ်ပေးနိုင်မှုက သူအတွက် အကောင်းဆုံးဖြစ်တယ်။
ဆက်လက် ရှင်သန်နိုင်ဖို့အတွက် ထောက်ပံ့မှုတွေစဉ်းစားတဲ့အခါမှာလည်း သူ့ရဲ့လိုအပ်ချက်လိုအင် သူကြုံတွေ့ရတဲ့ GBV က ဘာကြောင့်ကြုံတွေ့ရလဲဆိုတာ အများဆုံးစဉ်းစားဖို့ လိုပါတယ်။ အရင်ဆုံး ဆက်ပြီးတော့ ရှင်သန်သွားမယ့်လူတွေကို စပြီးစဉ်းစားတဲ့အခါမှာ တခါတလေ ကျရင် ကျွန်မတို့ထင်တာက ဒီလူတွေက စိတ်ပိုင်းဆိုင်ရာအရ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းလို့ အကူအညီမဲ့နေလို့ဆိုတဲ့ အတွေးမျိုးဝင်တက်တယ်။ အဲ့အတွေးမျိုးကို အရင်ဆုံးမေ့လိုက်စေချင်တယ်။
ဒီလိုအတွေးမျိုးတွေးလိုက်တယ်ဆိုရင် ကျွန်မတို့တွေက ဆက်ရှင်သန်သွားမယ့်သူကို ကူညီပေးတဲ့အခါမှာ ကျွန်မတို့အတွေးတွေက ကြိုပြီး တွေးထားတဲ့အတွေးတခုက သူ့ကိုကူညီတဲ့အခါမှာ ကူညီရာမရောက်ပဲနဲ့ မရည်ရွယ်ပဲနဲ့ သော်လည်းကောင်း၊ ရည်ရွယ်ပြီးတော့သော်လည်းကောင်း ဖြစ်သွားနိုင်တဲ့အရာမျိုးတွေ ဖြစ်နိုင်တယ်။ သူကြုံတွေ့ရတဲ့ violence လုပ်တဲ့ပုံစံက တယောက်နဲ့တယောက် တူချင်မှတူမှာလေ တခါတလေကျရင် အရမ်းစိတ်ဆိုးပြီးတော့ အတွေ့မခံနိုင်တာလည်း ဖြစ်နိုင်တယ်။
တခါတလေကျရင် အရမ်း ဆက်ဆက်ထိမခံနိုင်တာလည်းရှိတယ်။ တခါတလေကျရင် တုံနိဘာဝေလို ဘာမှမပြောတော့တာတွေလည်း ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့်မို့ ဒီဟာတွေကိုလုပ်တဲ့အခါမှာကျွန်မတို့က ဒီကိစ္စရပ်မျိုး mentally ကို ကောင်းကောင်းလေး နားလည်ပြီးတော့သိထားတဲ့ လူရဲ့ role က အရမ်းအရေးကြီးတယ် ဆိုတာပြောချင်ပါတယ်။
တကယ်လို့ကိုယ့်ရဲ့နေရာဒေသမှာ ဒီလိုမျိုးဘယ်သူမှ လေ့ကျင့် သင်ကြားပေးထားတဲ့သူ မရှိဘူးဆိုရင် ဘယ်လိုမျိုးကူညီပေးလို့ရမလဲဆိုတဲ့ လမ်းညွှန်ချက် တွေ ရှိတယ်။ ဗမာလို့လည်းရေးထားတာရှိတယ်။ အနည်းဆုံးတော့ အဲ့လမ်းညွှန်ချက်တွေကို ဖတ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲ့လိုမျိုးလုပ်တဲ့အခါ မရည်ရွယ်ဘဲနဲ့ စေတနာ အမှားတွေ မကျူးလွန်မိအောင် အဲ့လိုမျိုးလေးတွေလုပ်ဖို့လိုပါတယ်။ do no harm ဆိုတာ စဉ်းစားထားဖို့ လိုတယ်။
ဒီတခေါက်တော့ ကိုယ်အားနေတုန်းသွားပြီးကူညီပေးလိုက်မယ်၊ ကိုယ်မအားရင်မကူညီပေးတော့ဘူးဆိုတာ ပြသနာရှိနိုင်တယ်။ ဒီလို case တွေကကျတော့ ခံစားလာရတဲ့ပြသနာရော ကူညီပေးရတဲ့လမ်းကြောင်းကရော အရှည်ကြီးဖြစ်တယ်။ လူတယောက်ရဲ့ရှိနေကြတဲ့ violence pattern behaviour တွေက မွေးကတည်းက ဘယ်သူမှ ငါကတော့မွေးကတည်းက အကြမ်းဖက်ချင်တယ်ဆိုပြီး မွေးလာတဲ့လူမရှိဘူး။
violence pattern တွေကိုဘယ်လိုလျော့ချမလဲ ဖြေးဖြေးချင်းဘယ်လိုလုပ်မလဲဆိုတာ ဖြေးဖြေးချင်းနဲ့အကျင့်စာရိတ္တကအစ ခံယူချက်တွေကိုပြုပြင်ပြောင်းလဲရတဲ့အခါတွေက ရေရှည်ကြာပါတယ်။ case by case နဲ့သွားကြရတာတွေဖြစ်တယ်။ မလိုအပ်ပဲနဲ့ မျှော်လင့်ချက်အမှား တွေမပေးမိဖို့ လိုပါတယ်။
“ ဆက်လက်ရှင်သန်သူကို မလိုအပ်ပဲနဲ့ မျှော်လင့်ချက်အမှားတွေ မပေးမိဖို့ လိုပါတယ် ”
မေး။ ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ရော ဘယ်လိုကိုင်တွယ်ပေးနိုင်တာရှိလဲ။
ဖြေ။ ။ တော်လှန်ရေးကာလမှာ ပြည်တွင်းမှာ တရားဥပဒေစိုးမိုးမှုကနည်းနေတာပေါ့။ နိုင်ငံတကာ အဖွဲ့အစည်းတွေထဲမှာဆိုရင် မှတ်တမ်းတင် မှတ်တမ်းယူတဲ့ကိစ္စတွေ အများကြီးရှိတယ်။ မှတ်တမ်းတင် မှတ်တမ်းယူပြီးသွားရင် အထူးသဖြင့် တရားဥပဒေစိုးမိုးမှုရှိလာတဲ့အချိန်မှာ နိုင်ငံတကာတရားစီရင်ရေးယန္တယားတွေမှာ ဖြေရှင်းလို့ရအောင် အမှုတွေကို ကိုင်တွယ် ပေးတဲ့ လွတ်လပ်တဲ့မြန်မာနိုင်ငံဆိုင်ရာ မှတ်တမ်းတင်မှတ်တမ်းယူတဲ့အဖွဲ့တွေ ရှိတယ်။
အဲ့လိုအဖွဲ့တွေနဲ့ ဘယ်လိုချိတ်ဆက်ပြီးတော့ မှတ်တမ်းတင်နိုင်ဖို့ လိုပါတယ်။ ကျွန်မတို့ သေသေချာချာလုပ်ပေးဖို့က အဲ့အရပ်ဒေသတွေမှာလှုပ်ရှားနေတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း တွေရော အမျိုးသမီးအဖွဲ့တွေရော တာဝန်ယူမှု တာဝန်ခံမှုလုပ်ပေးရမယ့်နေရာမှာ ထိုင်နေတဲ့သူတွေရော ဒါကို နားလည်အောင် လုပ်ပေးဖို့လိုတယ်။ တော်လှန်ရေး လက်နက်ကိုင်ထားတဲ့အဖွဲ့တွေက နိုင်ငံတကာ ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေ လိုက်နာဖို့ ပိုလိုပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာခုံရုံးမှာ ရိုဟင်ဂျာ လူမျိုးစုတွေအပေါ်မှာ ကျူးလွန်တဲ့ဟာတွေရှိတယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ လူမျိုးစုတွေ အပေါ် ကျူးလွန်တဲ့ကိစ္စရပ်တွေ မပါနေသေးတော့ အဲ့မှာရှိနေတဲ့ အမျိုးသမီးတွေ၊ ရိုဟင်ဂျာ မဟုတ်သော အမျိုးသမီးတွေအတွက် ဒီဟာတွေက အများကြီးလိုအပ်နေသေးတာတွေ ရှိတယ်။
ဒီလိုကိစ္စရပ်တွေကို ကျွန်မတို့က နိုင်ငံတကာကိုလည်း ဖိအားပေးဖို့လိုတယ်။ ထပ်ပြီးလုပ်စရာတွေလည်းရှိတယ်။ နိုင်ငံတကာအဖွဲ့ဆိုတဲ့နေရာမှာ အဖွဲ့အစည်းတွေရော UN လိုမျိုးတွေကရော သက်ဆိုင်ရာ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ လုပ်ထားတဲ့ တိုက်ပွဲချိန်မှာလိုက်နာရမယ့် စည်းမျည်းစည်းကမ်းတွေကို လက်မှတ်ထိုးပေးဖို့ အဲ့လိုမျိုးတွေ ဖိအားပေးဖို့လိုတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ GBV မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရသလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ GBV ဖြစ်ပွားမှုကို လျော့ချလို့ရမလဲ။
ဖြေ။ ။ GBV ကိုဖြစ်စေတဲ့ အကြောင်းအရင်းတခုချင်းစီကို သူ့ရဲ့ဖြစ်စေရတဲ့ဇစ်မြစ်အထိလိုက်ပြီး ဖြေရှင်းရတဲ့အထိ ဖြစ်ဖို့လိုပါတယ်။ တပွဲထိုးနဲ့ ရေတိုဖြေရှင်းချက်လေးနဲ့ မပြီးဘူး။ အမျိုးသမီးတယောက်က ဆင်းရဲတယ်၊ စီးပွားရေးအဆင်မပြေတဲ့အတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတယ်။ သူ့ကိုယ်သူ လိင်ကျွန်ပြုရတဲ့အနေအထားမျိုး ရောက်သွားတယ်။
သူ့ကို ဆွဲထုတ်ချင်တဲ့အတွက် ငွေကြေးရင်းနှီးမတည်မှုသေးသေးလေး လုပ်ပေးမယ်။ အဲ့ဒါက ဘယ်လောက်ခံမှာလဲ။ အဲ့ဒါက ရေတိုဖြစ်မှာလား ရေရှည်ဖြစ်မှာလားဆိုတာ စဉ်းစားကြည့် တဲ့အခါမှာ သက်ဆိုင်ရာ အရပ်ဒေသတခုလုံးမှာကိုက အမျိုးသမီးတွေက အလုပ်မရှိနေတာ။ အမျိုးသမီးတွေက စီးပွားရေးလုပ်ခွင့်မရတာ။ ရှေ့ထွက်လို့မရတာစတဲ့ အဲဒီအထိ ကြည့်စေချင်ပါတယ်။ culture တွေ norms တွေထဲမှာ အမျိုးသမီးတွေကို အန္တရာယ်ဖြစ်စေတဲ့ stereotype တွေကို ဘယ်လိုပြောင်းလဲမလဲ။
အမျိုးသမီးတွေသည် လူသားဖြစ်တဲ့အတွက် ပညာရေး၊ ကျန်းမာရေးကအစ အဲ့လိုရပိုင်ခွင့်ရှိပါတယ်ဆိုတဲ့ အသိပညာတွေကို ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲဆိုတာ အရမ်းကိုအရေးကြီးပါတယ်။ ယဉ်ကျေးမှုတွေထဲမှာ အသားကျနေတဲ့ အကြမ်းဖက်တဲ့အမူအကျင့်တွေကို ပြန်ပြီး ဘယ်လို ဖျောက်ဖျက်ကြမလဲဆိုတာ တွေက အများကြီးစဉ်းစားဖို့ လိုတယ်။
အမျိုးသမီးတွေကိုယ်တိုင် သူတို့ရဲ့အခွင့်အရေးကိုနားလည် လာပြီးတဲ့အခါကျမှ သူတို့အပေါ်မှာသက်ရောက်နေတဲ့ ကြောက်စရာကောင်းတဲ့ ဂျန်ဒါအခြေပြု စံသတ်မှတ်ချက်တွေကို သူတို့နားလည်လာအောင်၊ သူတို့ပြန်ငြင်းလာနိုင်အောင် လုပ်နိုင်မှာပါ။ အမျိုးသားတွေကိုယ်တိုင်ကလည်း ဖိုဝါဒ ကြီးစိုးတဲ့အသိုင်းအဝိုင်းမှာ ဖြစ်နေပြီးတော့မှ သူတို့ကိုယ်တိုင်က ဒီဟာတွေကို မသိ၍ သော်လည်းကောင်း၊ သိ၍သော်လည်းကောင်း GBV ကို ပိုပြီးသွားနေတယ်ဆိုတာမျိုး နားလည်လာအောင်လုပ်ဖို့ လိုတယ်။
“ အမျိုးသမီးတွေကိုယ်တိုင် သူတို့ရဲ့အခွင့်အရေးကိုနားလည် လာပြီးတဲ့အခါကျမှ သူတို့အပေါ်မှာသက်ရောက်နေတဲ့ ကြောက်စရာကောင်းတဲ့ ဂျန်ဒါအခြေပြု စံသတ်မှတ်ချက်တွေကို သူတို့နားလည်လာအောင်၊ သူတို့ပြန်ငြင်းလာနိုင်အောင် လုပ်နိုင်မှာပါ ”
မေး။ ။ GBV မှာ အမျိုးသားတွေရဲ့အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါလဲ။
ဖြေ။ ။အမျိုးသမီးတွေသည် chang agent နံပတ်တစ်ဖြစ်တယ်။ အဲ့ဒါကလုံးဝငြင်း စရာ မရှိဘူး။ ဒါပေမယ့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှု သံသရာကို ချိုးဖောက်နိုင်ဖို့အတွက် ပတ်ဝန်းကျင် ကို ဖန်တီးပေးဖို့လိုတယ်။ ယောကျာ်းလေးတွေမှာလည်း မွေးကတည်းထဲက အကြမ်းဖက်မှု လုပ်ဖို့ မွေးလာတာ မဟုတ်ဘူး။
အမျိုးသမီးတွေကို အမျိုးသားတွေက အကြမ်းဖက်နေတာကို ပတ်ဝန်းကျင်က အသားကျပြီး လက်ခံမှုက အမျိုးသားတွေကို အကြမ်းဖက်မှု လုပ်ဖို့အတွက် ကျူးလွန်သူ ဖြစ်လာဖို့အတွက် တွန်းအားပေးနေပါတယ်။ အတုမြင်အတတ်သင်ပြီးတော့ သိလာတဲ့အသိတွေ ကျင့်သုံးလာတဲ့ကျင့်သုံးမှုတွေ ဖြစ်တဲ့အတွက် ဒါတွေကို unlearn ဘယ်လိုလုပ်မလဲဆို ပညာရေးက အရေးကြီးဆုံးပဲ ဖြစ်တယ်။
အမျိုးသား၊အမျိုးသမီးကြား ဘယ်လိုမျိုးနဲ့ ပိုပြီးကောင်းမွန်တဲ့ တန်းတူညီမျှတဲ့ ဆက်ဆံမှုမျိုးဖြစ်လာအောင် ကျွန်မတို့ရဲ့ပတ်ဝန်းကျင်ထဲမှာ၊ အိမ်ထဲမှာ ဒီဟာတွေကို ဘယ်လိုလျော့ကျအောင်လုပ်မလဲ ဆိုတာ စဉ်းစားဖို့ လိုပါတယ်။ ခက်တော့ခက်ပေမယ့် ဖြေးဖြေးချင်းလုပ်ယူရမယ့်အထဲမှာ ပါကိုပါတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ဂျန်ဒါတန်းတူညီမျှမှုရှိဖို့က GBV အတွက်ဆိုဘယ်လောက်အထိအရေးပါလဲ။
ဖြေ။ ။ Gender မညီမျှမှု ဖြစ်နေသမျှ GBV ကိစ္စရပ်တွေကရှိနေဦးမှာပဲ၊ ဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။ ဂျာအေးသူ့အမေရိုက်သလိုဆို သံသရာလည်နေဦးမှာပဲ။ ကျွန်မတို့က class တွေမတူတာကို တိုက်ဖျက်ဖို့လိုတယ်။ ကျွန်မတို့အတွက် class တွေမတူဘူးဆိုတာ အဓိကဒီနေရာမှာ financial ရော intersectional ဖြစ်မှုတွေ ထည့်သွင်းစဉ်းစားပြီးတော့ တန်းတူညီမျှမှု ဖြစ်စေချင်တယ်။
အဲ့တော့မှ တကယ့်ကို ညီမျှမှုဆိုတဲ့ဟာရဲ့ အဓိပ္ပာယ်အနှစ်သာရကို ရနိုင်တော့မှပဲ ခုနပြောတဲ့ gender base violence ဆိုတဲ့ကိစ္စကို လျော့ချဖို့ရော ပပျောက်သွားအောင် လုပ်နိုင်ဖို့ရော လုပ်နိုင်မှာ ဖြစ်တယ်။
“အမျိုးသမီးတွေကို အမျိုးသားတွေက အကြမ်းဖက်နေတာကို ပတ်ဝန်းကျင်က အသားကျပြီး လက်ခံမှုက အမျိုးသားတွေကို အကြမ်းဖက်မှု လုပ်ဖို့အတွက် ကျူးလွန်သူ ဖြစ်လာဖို့အတွက် တွန်းအားပေးနေပါတယ်”
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on
ယုဂန် (မြန်မာစာ)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။
အကြမ်းဖက်မှု၊ လူအခွင့်အရေးချိုးဖောက်မှု၊ စစ်မက်ဖြစ်ပွားခြင်း စသဖြင့် ဆိုးဝါးပြင်းထန်သော ကိစ္စရပ်များသည် ကျနော်တို့၏ ဖြတ်သန်းလာသောဘဝတလျှောက်တွင် မစိမ်းသက်သောအရာများ ဖြစ်သည်။ အထူးသဖြင့် (၂၀၂၁) အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားစွာ ကြားသိမြင်တွေ့လာရသော ဖြစ်ရပ်များပင် ဖြစ်လေသည်။
လူအခွင့်အရေးချိုးဖောက်မှုများထဲမှ တစ်ခုအပါအဝင်ဖြစ်သော အကြမ်းဖက်မှုတွင် လူအများစုက အကြမ်းဖက်မှုဆိုသည်မှာ ကိုယ်ထိလက်ရောက်နာကျင်စေမှ အကြမ်းဖက်မှု မြောက်သည်ဟု လက်ခံထားကြလေသည်။ ကိုယ်ကာယကိုဖြစ် စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ ထိခိုက်နာကျင်စေမှု မှန်သမျှသည် အကြမ်းဖက်မှုမြောက်ကြောင်း ဂဃနဏ သိမြင်နားလည် ထားသင့်ပေသည်။ အကြမ်းဖက်မှုဟုဆိုလျှင် မည်သည့်အကြမ်းဖက်မှုမျိုးမှ မကောင်းပေ။
ထိုမကောင်းသည့်အရာများသည် မည်သည့်အတွက် မကောင်းကြောင်း ဘာကြောင့် ရှောင်ရှားကြရမည်။ ကာကွယ်တားဆီးကြမည် ဖြစ်ကြောင်းလည်း သိနားလည် ထားဖို့ လိုအပ်ပေသည်။ အကြမ်းဖက်မှုများစွာထဲမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အကြောင်းကို လေ့လာ တွေ့ရှိချက် နှင့် အတွေ့အကြုံများမှတဆင့် ကျွန်တော့အမြင်သဘောထားတို့ကို ဆွေးနွေး တင်ပြလိုပါသည်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုသည်မှာ အဓိကအားဖြင့် သဘောဆန္ဒမပါဘဲ လိင်စော်ကား ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း ဖြစ်ပါသည်။ ထို့အပြင် အတင်းအကြပ် ကိုယ်ဝန်ဆောင်စေခြင်း၊ အတင်းအကြပ် လက်ထပ်စေခြင်း၊ သန္ဓေသားပျက်စီးစေရန်လုပ်ဆောင်ခိုင်းတာများသည်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများပင် ဖြစ်ပါသည်။
အမျိုးသမီးများကို နှုတ်ဖြင့်ဖြစ်စေ၊ အမူအရာဖြင့်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကား ခံရခြင်းများကို ကြုံတွေ့ခံစားကြရတာကို ကြားသိတွေ့မြင် နေကြရပါသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သည် ကိုယ်ထိလက်ရောက်မှသည် နူတ်ဖြင့်လည်းကောင်း၊ အမူအရာဖြင့်လည်းကောင်း ပြုမူခြင်းသည်လည်း ပါဝင်နေကြောင်း သတိပြုသင့်သည်။
ရာခိုင်နှုန်းအားဖြင့် အချိုးချလိုက်သည့်အခါ အမျိုးသမီးအများစု တွေ့ကြုံခံစားရသည့်အတွက် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည်ဟု ပြောဆိုထုတ်ပြန်ခြင်းဖြစ်သော်လည်း အမျိုး သမီးများ သာမက အမျိုးသားများပါ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အမြတ်ထုတ်ခံရမှုနှင့် အနိုင်ကျင့်ခံရခြင်းများ တွေ့ကြုံရသည်ကို သတင်းအချက်အလက်များ ပတ်ဝန်းကျင်များတွင် တွေ့ရှိရပါသည်။
ထိုကဲ့သို့ တွေ့ရှိရသော်လည်း လူပတ်ဝန်းကျင်၏ စံနှုန်းသတ်မှတ်ချက်များ၊ ဂျန်ဒါခွဲခြားဆက်ဆံခြင်းတို့ကြောင့် အမျိုးသားများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက မရှိသလို ပျောက်ကွယ်သွားသည်များလည်း ရှိပါသည်။
အမှန်တကယ် ဖော်ထုတ်ရမည်ကို ရှက်ရွံ့ခြင်း၊ အကဲ့ရဲ့ခံရမည်ကို စိုးရိမ်းခြင်းတို့ကြောင့် ထုတ်မပြောရဲဘဲ ပျောက်ကွယ်နေခြင်းသာ ဖြစ်ပါသည်။ ထိုသို့ပြောခြင်းကြောင့် အမျိုးသမီးများက ရှက်ရွံ့မှုမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ ရှက်ရွံ့မှုကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို သည်းခံနေခြင်းထက် ဖော်ထုတ်ကာထိုက်တန်သော အရေးယူမှုခံရအောင်ပြုလုပ်သင့်ပါသည်။
လိင်ပိုင်းဆိုင်အကြမ်းဖက်မှုတွင် ကျူးလွန်သူများသည် အပြစ်ရှိသူများဖြစ်သည်။ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအနေဖြင့် ကျူးလွန်သူများကို အပြစ်ပေးအရေးယူနိုင်အောင် ကူညီကြရမည်။ ကျူးလွန်ခံရသူကို ဖေးမကြရမည်။ သို့သော်အများစုက ရှေ့တင်တစ်မျိုး ကွယ်ရာတသွယ်၊ ရှေ့တွင် သနားသယောင် ကရုဏာသက်သယောင် ပြုမူကြပေမဲ့ နောက်ကွယ်တွင် သွားပုပ်လေလွင့်ထင်ရာပြော ချိုးနှိမ်ကြခြင်းဟူသည် မဖြစ်သင့် မရှိသင့်သောအရာ ဖြစ်လေသည်။ ဘယ်သူဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အကြမ်းဖက်ခံရမည်ဆိုလျှင် အကြမ်းဖက်သူရဲ့ အမှားသာ ဖြစ်ပါသည်။ ကျူးလွန်ခံရသူ၏အမှား မဟုတ်ပေ။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်သူများက အဓိကအားဖြင့် အရွယ်မရောက်သေးသူများနှင့် အမျိုးသမီးများကို ပစ်မှတ်ထားလေ့ရှိသည်။ ကလေးသူငယ်များနှင့် အမျိုးသမီးများသည် အကြမ်းဖက်မှု၏ သားကောင်များမဟုတ်ပါ။ အရွယ်သုံးပါးမရွေး၊ ဂျန်ဒါမရွေးခံရနိုင်ပြီး အထူးသဖြင့် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကလေးသူငယ်များနှင့် အမျိုးသမီးများအပြင်၊ LGBTQIA ဟုခေါ်သော လိင်ခံယူစိတ်ကွဲပြားသူများက ကျူးလွန်ခံရမှု ပိုများကြပါသည်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်စေရသည့် အကြောင်းအရင်းကို အတိအကျ ဖော်ပြရန် ခက်ခဲသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများတွင် လိင်ပိုင်းဆိုင်ရာ ထိတွေ့မှု၊ အလွဲသုံးစားလုပ်မှုများမှ အခြေခံလာနိုင်သကဲ့သို့ တိုက်ရိုက်အကြမ်းဖက်မှု အဆင့်မြောက်သည် များလည်းရှိသည်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများသည် လူ့ဘောင်အဖွဲ့အစည်း၏ နေရာတိုင်းတွင် ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့်ယခုကာလတွင် စစ်မက်ဖြစ်ပွါးရာဒေသများ၌ စစ်ကောင်စီတပ်သား များ၏ ရည်ရွယ်ချက်ရှိရှိ၊ စနစ်တကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ သတ်ဖြတ်မှုများနှင့် စစ်ကြောရေးရှိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများမှာ မကြားချင် မသိချင် မှအဆုံး ဖြစ်ပွါးလျက် ရှိနေသည်။
ထိုကိစ္စရပ်များမှာ လူ့အခွင့်အရေးကို အုပ်စုလိုက်ချိုးဖောက်နေမှုများ ဖြစ်ပြီး တရားမျှတမှုဖော်ဆောင်ရေးအတွက် ယခုကတည်းက မှတ်တမ်းတင် စာရင်းပြုစုထားကြရပေမည်။ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကလည်း မှတ်တမ်းတင်ခြင်း၊ ထုတ်ဖော်ခြင်းများ ပြုလုပ်နေ ကြသည်ကို တွေ့ရှိရသည်။
စစ်ကောင်စီတပ်သည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်နက်သဖွယ်အသုံးချ၍ ကျူးလွန်နေကြသည်မှာ လွန်စွာဆိုးရွာရက်စက်သော ရာဇဝတ်မှုမှသည် လူအခွင့်အရေးချိုးဖောက်မှု မြောက်သောကိစ္စများ ဖြစ်လေသည်။
စစ်ကောင်စီတပ်တွေဟာ အာဏာမသိမ်းမီကတည်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေကို နေရာဒေသအတော်တော်များများမှာ ပြုလုပ်ခဲ့ကြသည်။ ထင်ရှားသည့် ဖြစ်ရပ်အနေဖြင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဦးဂါရွာအိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှု (၂၀၂၀/စက်တင်ဘာလ(၁၆) BBC New)ပါဖြစ်ရပ်များနှင့် အလားတူဖြစ်ရပ်ပေါင်းများစွာက သက်သေပြလျက် ရှိသည်။ အာဏာသိမ်းပြီး နောက်ပိုင်းတွင်တော့ ပိုမိုဆိုးရွာရက်စက်စွာ ပြုကျင့်ကြပါတော့သည်။
အကျဉ်းထောင်အသီးသီးက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများလည်း နာကျင်ဖွယ် ရွံရှာဖွယ် ကြားမြင်သိနေရလေသည်။ (၂၀၂၄)မေလ ၊ဧရာဝတီသတင်းတွင်လည်း မွန်ပြည်နယ် ကျိုက်မရောထောငအတွင်းရှိ နိုင်/ကျဉ်းအမျိုးသမီးတချို့ကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကြုံတွေ့ရကြောင်း သိရှိရသည်။
အမျိုးသားအကျဉ်းထောင်ဝန်ထမ်းများရှေ့တွင် အမျိုးသမီး အကျဉ်းထောင်ဝန်ထမ်းများက နိုင်/ကျဉ်း အမျိုးသမီးနှစ်ဦး၏ မိန်းမကိုယ်အတွင်း ရှာဖွေမှုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဓမ္မပြုကျင့်မှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမြောက်ခြင်း မဟုတ်ပေ။ ဤအခြင်းအရာ သည်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းပင် ဖြစ်သည်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမည်ဆိုလျှင် နောက်ဆက်တွဲ သက်ရောက်များလည်း ရှိပါသည်။ နောက်ဆက်တွဲအနေဖြင့် ကျူးလွန်ခံရသူများသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုများနှင့် မျိုးဆက်ပွါး ကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။
ထို့ကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်၌သော်လည်းကောင်း ကြုံတွေ့ရပါက လုပ်ဆောင်သင့်သည့်အရာများကို သိထားသင့်ပါသည်။ မျိုးဆက်ပွား ကျန်းမာရေးအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ ကျန်းမာရေးဆိုင်ရာ NGO, INGOများ စသည့်အဖွဲ့အစည်းများတွင် လိင်အကြမ်းဖက် ခံရသူများအား ကျန်းမာရေးဝန်ဆောင်မှုများအပြင် လိုအပ်သော လွှဲပြောင်း၊ ညွှန်းပို့ခြင်းများပြုလုပ် ပေးကြပါသည်။
၎င်းအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များမှာ လေ့လာတွေ့ရှိချက်များအရ လိင်အကြမ်းဖက်ခံရပြီး ဖြစ်နိုင်သမျှအမြန်ဆုံး ဆေးဘက်ဆိုင်ရာ အကူအညီနှင့် အကြံဉာဏ်များ ရယူနိုင်ပါသည်။ ထို့ပြင် HIV ရောဂါပိုး ကူးစက်ခြင်းမှ ကာကွယ်ရန် (၇၂)နာရီအတွင်း HIV ကူးစက်မှုကိုကာကွယ်လျော့ချပေးနိုင်သည့်ဆေး (PEP)ကို သောက်သုံးကြရမည်။ HIV ရောဂါပိုးကို ထိရောက်စွာကာကွယ်ရန်အတွက်(PEP)ဆေးကို (၂၈) ရက်တိတိ မပျက်မကွက် သောက်သုံး ရပါမည်။
အကြမ်းဖက်ခံရမှုကြောင့် မလိုလားအပ်သည့် ကိုယ်ဝန်ဆောင်မှုများကာကွယ်ရန် (၅)ရက် အတွင်း စောနိုင်သမျှ အစောဆုံး အရေးပေါ် သန္ဓေတားဆေးကို သောက်သုံးရပါမည်။ လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ကာလသားရောဂါများကာကွယ်ရန်အတွက်လည်း ပိုးသတ်ဆေးများ သောက်သုံး ပေးရပါမည်။ ကျန်းမာရေးဝန်ဆောင်မှုများအပြင် စိတ်ပိုင်းဆိုင်ရာ အကူအညီများလည်း ရယူသင့် ပါသည်။
လိင်အကြမ်းဖက်ခံရခြင်းတွင် ဆက်လက်ရှင်သန်သူကို ကူညီဖေးမရမည်ဖြစ်ပါသည်။ မိမိ ကိုယ်တိုင်လည်း ကျူးလွန်သူမဖြစ်အောင် ရှောင်ကြဉ်ကြရပါမည်။ သို့မှသာ ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရန် အတွက် အတူတကွ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။
လက်ရှိကာလတွင် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု၊ အကြမ်းဖက်မှုများ မြင့်တက်လျက် ရှိနေသည်။ ထိုအချင်းအရာက ကျနော်တို့ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု မြင့်တက်လာခြင်းနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းတို့ကို ညွှန်ပြလျက်ရှိသည်။ လူ့အခွင့်အရေးကို လူတိုင်းနားလည်ပြီး မိမိအခွင့်အရေးကို မိမိကာကွယ်နိုင်ခြင်း၊ သူတစ်ပါးအခွင့်အရေးကိုလည်း လေးစားခြင်းတို့ရှိရမည်။
ထိုသိုဖြစ်ရန်အတွက် အသိပညာ ဗဟုသုတများ ကြွယ်ဝကာ သိနားလည်မှုမှ လက်တွေ့ လိုက်နာကျင့်သုံးမှု အဆင့်ထိ သွားကြရမည်။ ပညာရေးတွင် လိင်ပိုင်းဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် ပေးကြရမည်။ ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ရိုးတွင် ထိုက်သင့်သလောက်ထည့်သွင်းထားသော်လည်း အပြည့်အဝ သင်ကြားလေ့လာကြရန် အထူးအရေးကြီးကြောင်း၊ မိဘများကိုပါ အသိပညာများ၊ ဟောပြောပွဲများ ရံဖန်ရံခါပြုလုပ် ပညာပေးရပါမည်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အဓမ္မကျင့်ခြင်းစသည့် အကြောင်းအရာများပြောသည့်အခါ မိဘများကပြောလေ့ရှိကြသည်မှာ" မသိတဲ့သူတွေခေါ်ရင်မလိုက်နဲ့၊ ကျွေးတာတွေလျှောက်မစားနဲ့" ဟူ၍ ဖြစ်သည်။ သို့သော် ရင်းနှီးပါသည်ဟူသောလူများ၊ ဆွေမျိုးများ၊ မိတ်ဆွေအရင်းအချာပါဆိုသော သူများသည်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၏ ကျူးလွန်သူများ ဖြစ်နေတတ်သည်ကို သတိထား သတိမူရပေမည်။ ဦးလေးအရင်းက တူမကို၊ အိမ်နားနီးက၊ မိတ်ဆွေကစသည်ဖြင့် မြောက်မြားစွာသော ဖြစ်ရပ်များက သက်သေပြလျက် ရှိနေလေသည်။
မိမိလုပ်ငန်းခွင်မှ လိင်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်မှု၊ နှောက်ယှက်မှုနှင့် အကြမ်းဖက်များ ကိုလည်း အလုပ်ရှင်နှင့်ပူးပေါင်း၍ ကြိုတင်ကာကွယ်သင့်သည်။ မည်သည့်လုပ်ငန်းခွင်မဆို လူအမျိုး၊ စိတ်အထွေထွေရှိကြရာ ဘေးအန္တရာယ်ကို မဖြစ်ခင်က ကာကွယ်ခြင်းသည် ပိုမိုထိရောက်လေသည်။ ဤတွင် ခန္ဓာကိုယ်ကို ထိတွေ့ကိုင်တွယ်မှ ကိုယ်ထိလက်ရောက်ဖြစ်မှ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု မြောက်သည် မဟုတ်ပေ။ စကားလုံးများဖြင့်လည်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုဖြစ်စေတာကို တွေ့နိုင်ပါသည်။
ဥပမာအားဖြင့် ရာထူးတိုးအခွင့်အရေးတစ်ခုခုအတွက် အထက်လူကြီးက ဝန်ထမ်းတစ်ဦးဦးကို သူနှင့်အတူနေရန်တောင်းဆိုခြင်း၊ မျက်စိမှိတ်ပြခြင်းအထိ စိတ်မသက်မသာဖြစ်စေပါက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုမြောက်လေသည်။ ဤတွင်လည်း လုပ်ငန်းခွင်တွင်းလိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုကို အမျိုးသမီးများသာ ကြုံရခြင်းမဟုတ်ဘဲ အမျိုးသားများလည်း တွေ့ကြုံရပါသည်။ လိင်ပိုင်းဆိုင်ရာအနှောက်အယှက်ပြုခြင်းမဖြစ်ပွါးရစေရန် အလုပ်ခွင်တွင် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု ပြုပါက အလုပ်ထုတ်သည်အထိ အရေးယူမည်ဟု သတ်မှတ်ထားခြင်း ပြုလုပ်နိုင်ပါသည်။
ထိုစည်းမျဉ်းက အလုပ်ခွင်အတွင်း ဝန်ထမ်းများ စိတ်လုံခြုံမှုရှိစွာ လုပ်ငန်းများအကောင်အထည်ဖော်နိုင်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကိုလည်း ထိုက်သင့်သလောက်ကာကွယ်ပြီး ဖြစ်ပါလိမ့်မည်။ ထို့ပြင် နှစ်စဉ် အပြုအမှုပိုင်းဆိုင်ရာ သင်တန်းများ၊ ဟောပြောပွဲများ၊ အသိပညာပေးမှုများ ပြုလုပ်ပေးသင့်ပါသည်။ ထို့သို့ ပြုလုပ်လိုက်ခြင်းဖြင့် ထိုသူလည်း အရေးယူခံရကာ ပတ်ဝန်းကျင်တွင် နောက်တစ်ကြိမ် မဖြစ်ပွားအောင် တားဆီးနိုင်ပါလိမ့်မည်။
အမျိုးသမီးများ၊ ကလေးငယ်များ ဘဝလုံခြုံရေးအတွက် အသိပညာပေးမှုများ၊ တရားဥပဒေအရ ကာကွယ်ပေးမှု၊ ထိရောက်သော အပြစ်ပေး အရေးယူမှုများ ပြုလုပ်ကြရမည်။ ထိုသို့ အကောင်အထည်ဖော်မှုများလည်း ကမ္ဘာအရပ်ရပ်သာမက မြန်မာတွင်လည်းရှိပါသည်။
ဥပမာ အားဖြင့် အထိမ်းအမှတ်နေ့များ ဖြစ်သော မတ်လ(၈)ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၊ ဇူလိုင်လ (၃) ရက် မြန်မာအမျိုးသမီးများနေ့၊ မြန်မာ့ကလေးများနေ့ ဖေဖော်ဝါရီ (၁၃) ရက် စသဖြင့် အထိမ်းအမှတ်နေ့များ၊ လှုပ်ရှားမှုများပြုလုပ်ကာ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးများကို လေးစားတန်ဖိုးထားတတ်စေရန် ပြုလုပ်ကြလေသည်။
စွမ်းဆောင်ရည် မြှင့်တင်ပေးမှုများ လုပ်ဆောင်ပေးခြင်းဖြင့် ကျူးလွန်သူများကို အပြစ်ပေးအရေးယူ နိုင်ကြောင်း ပိုမိုသိလာသောအခါ ရှေးယခင်ကထက် များလာသယောင်ဖြစ်လာသော်လည်း ယခင်ကတည်းက ရှိခဲ့ကြပါလိမ့်မည်။
အကြမ်းဖက်မှုခံရသည်အခါ အရှက်ကွဲခံရမည် အမည်ပျက်ဆိုသောအချက်ကိုတွေးကာ အရေးယူမှုမပြုခြင်းကလည်း ကျူးလွန်သူကို အခွင့်အရေးထပ်ပေးသကဲ့သို့ ဖြစ်စေသည်
အကြမ်းဖက်မှုခံရသည်အခါ အရှက်ကွဲခံရမည် အမည်ပျက်ဆိုသောအချက်ကိုတွေးကာ အရေးယူမှုမပြုခြင်းကလည်း ကျူးလွန်သူကို အခွင့်အရေးထပ်ပေးသကဲ့သို့ ဖြစ်စေသည်။ အထက်တွင် ပြောခဲ့သည့်အတိုင်း မည်သူကိုကျူးလွန်ခံရသည်ဖြစ်စေ ကျူးလွန်သူသည် အပြစ်ရှိသူဖြစ်သည်။
ကျူးလွန်ခံရသူကို ပြစ်ပယ်ထားခြင်း၊ ချိုးနှိမ်ခြင်း၊ ဖယ်ကြဉ်ခြင်းတို့သည့် ယဉ်ကျေးသော လူအသိုင်းအဝိုင်း၏ လုပ်ရပ်မဟုတ်ပေ။ ရွာနာမည်ပျက်သည်၊ အသိုင်းအဝိုင်းနာမည်ပျက်မည်စိုးသည် ဟူ၍ အရေးမယူခြင်း ငွေကြေးဖြင့် ညှိနှိုင်းခြင်းက ကျူးလွန်ခံရသူကို ကာကွယ်ပေးရမည့်အစား ကျူးလွန်သူဖက်က ရပ်တည်နေသကဲ့သို့ ဖြစ်စေသည်။
လက်ရှိတော်လှန်ရေးကာလတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပိုမိုမြှင့်တက်လာသလို၊ ဆက်လက်ရှင်သန်သူများကလည်း အကြမ်းဖက်မှုကို ငြိမ်မခံဘဲ ပိုမိုထုတ်ဖော်ပြောကြားလာခြင်း၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရယန္တရား ကိုယ်တိုင်က ပူးပေါင်း ရပ်တည်မှုများ ပြသလာသောကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ကျယ်ကျယ်လောင်လောင်နှင့် အကြိမ်ကြိမ် ကြားမြင်သိနေရသည်။
သို့သော် ထိုအရာများဖြင့် မရင်းနှီးချင်တော့ပေ။ ထိုသို့ မဖြစ်ပွားစေချင်တော့ပေ။ ထိုသို့လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု၊ အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် မဖြစ်ပွါးစေရန်မှာ သင်ကစ၍ ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိလေသည်။ လူတိုင်းလက်တွဲလုပ်ဆောင်မှ ကောင်းမွန်သောလူ့အဖွဲ့အစည်းကို အတူဖော်ဆောင်နိုင် လိမ့်မည် ဖြစ်ပါကြောင်း အသိပေးတိုက်တွန်း အကြံပြုအပ်ပါသည်။
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
- Published on