Published on

ရေးသားသူ- ထိပ်ထား

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။

နာဂစ်လို့ပြောလိုက်တာနဲ့ ခံစားချက်မကောင်းလှပေ။

မြန်မာလူမျိုးတွေရဲ့ရင်ထဲမှာ နစ်နစ်သီးသီးကို နာကျင်မိကြတဲ့ မုန်တိုင်းတစ်ခုဟာ နာဂစ်ပါ။

မုန်တိုင်းတစ်ခုက လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်းတွေကို ဖျက်ဆီးဝါးမြိုခဲ့တယ်။ အဲဒီ နာဂစ်ဆိုတဲ့ နာမည်ကိုကြားလိုက်တာနဲ့ အခြားသောသူများထက် ပိုပြီးကြောက်ရွံ့မိတဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။ ၁၄ နှစ်ကျော်ကြာတဲ့အထိ ဖွင့်ဟမပြောနိုင်ခဲ့တဲ့ အမျိုးသမီးငယ် တစ်ယောက်ရဲ့ ဖြစ်ရပ်ဆိုးကြီးလို့ ပြောရမှာပါ။

နာဂစ်တိုက်တဲ့နေ့ ညကမိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ  လူမသိ သူမသိ မုန်တိုင်းထဲ လူးကာလှိမ့်ကာ အိပ်မက်ဆိုးကို ဖြတ်သန်းခဲ့ရသူတစ်ယောက်။ လူအများနည်းတူ အသက်ဘေးနဲ့ ရင်ဆိုင်နေရချိန်မှာပဲ အရှက်ဘေး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ နာမည်က "ချစ်ပန်း" တဲ့။

"နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည်။ မုန်တိုင်းသည် မြန်မာနိုင်ငံကုန်းမြေသို့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် စတင်ဝင်ရောက်လာခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကီလိုမီတာ ၄၀ ခန့်အထိ ဝင်ရောက်ခဲ့ကာ ကြီးမားသော ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး လူပေါင်း တစ်သိန်းသုံးသောင်းရှစ်ထောင်ခန့် (၁၃၈,၀၀၀ ခန့်) သေဆုံးခဲ့ကြရသည်။ လပွတ္တာမြို့နယ် တစ်ခုတည်းမှာပင် ၈၀,၀၀၀ ခန့်သေဆုံးခဲ့ပြီး ဘိုကလေးမြို့တွင် ၁၀,၀၀၀ ခန့် သေဆုံးခဲ့သည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၆၂,၉၈၈,၀၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ) ကျော် ဖြစ်ကာ မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများအနက် ပျက်စီးဆုံးရှုံးမှုအများဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။"

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့… အဲဒီ့နေ့က အမျိုးသမီးငယ်တစ်ယောက်ဟာ ရုံးဆင်းပြီး အိမ်ပြန်လာခဲ့ချိန် မုန်တိုင်းဘေးက ရှင်သန်ခွင့်ရဖို့သာ ကြိုးစားမိခဲ့လို့ ထိုတစ်ညတည်းမှာတင် အမျိုးသား ၈ ဦးရဲ့ အဓ္ဓမပြုကျင့်ခြင်းကို ခံခဲ့ရသူပါ။

သူမဟာ အခုဆိုရင် အသက် ၃၀ အရွယ်ဝန်းကျင် လူလတ်ပိုင်းအမျိုးသမီးအရွယ် ဆက်လက်ရှင်သန်သူတစ်ယောက်ပါဖြစ်ပါတယ်။

သဘာဝဘေးအန္ထရာယ်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ကြတဲ့ ကမ္ဘာကြီးမှာ မြန်မာနိုင်ငံကတော့ "သာမန်" မုန်တိုင်းသတိပေးချက်လောက် ထုတ်ပြန်ခဲ့တာမို့ ပျက်ဆီးဆုံးရှုံးမှုတွေကြီးမားခဲ့ရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပြန်ပြောရရင် အဲဒီအချိန်က အခုအာဏာလုထားတဲ့ စစ်တပ် အုပ်ချုပ်နေချိန်ပါပဲ။
သာမာန် မုန်တိုင်းလောက်လို့ ကြိုတင်ခန့်မှန်းသတင်းထုတ်ပြန်ထားတာမို့ လေပြင်းထဲ ဆော့ကစားသလိုသဘောပိုက် အိမ်ပြန်လာသူ မိန်းကလေးတစ်ယောက်ရဲ့ အိမ်ပြန်မရောက်တဲ့ အကျည်းတန်ရက်စွဲပါ။

အိမ်ပြန်ဖို့အတွက် လိုင်းကားမရခဲ့တော့ ဘတ်စ်ကား ၆ မှတ်တိုင်လောက်ခရီးကို လေပြင်းတွေက ပိုကြမ်း၊ သစ်ကိုင်းတွေကျိုးကျနဲ့ ခရီးဟာ မတွင်လာလေတော့ နီးစပ်ရာမှာ မိုးဝင်ခိုရင်းနဲ့…. အသံ တိမ်ဝင်သွားခဲ့ပါတယ်။
အဲဒီ့ခေတ်အခါက လမ်းဘေးဖုန်း PCO တွေကိုသာ အားကိုးနေရချိန်ဆိုတော့ မုန်တိုင်းထဲမှာ ဘယ်ဖုန်းဆိုင်မှရှိမနေတော့ပါ။ မုန်တိုင်းဆဲမယ့်အချိန်ကိုသာ စောင့်ဆိုင်းရင်းနဲ့ မနက်လင်းသည်အထိ အိမ်ပြန်ဖို့ လမ်းဝေးနေခဲ့ပါတယ်တဲ့။

မချစ်ပန်းရဲ့ အိမ်ပြန်ခရီးမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငိုကြွေးခဲ့ရတဲ့ တက်ကြွလန်းဆန်နေတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ဘဝ ပြန်ပါမလာခဲ့ပါဘူး။ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေ ဟာလည်း သဘာဝဘေးအန္တရာယ်ဆိုတဲ့ အပူမီးလောင်မြိုက်နေချိန်ပါ။ ဘယ်ကိုတိုင်တည်ရမှန်း မသိတဲ့ အခြေအနေတစ်ခုမှာ တိတ်ဆိတ်ခြင်းဆိုတဲ့ အဖြေတစ်ခုကိုပဲ သူမ ရှာတွေ့ခဲ့ပါတယ်။

"ကျွန်မ မုန်တိုင်းထဲမှာ သေသွားခဲ့ဖို့ကောင်းခဲ့တာ"

ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ရှက်ရွံနေမိသလို၊ အပြစ်တင်တဲ့စိတ်နဲ့ ကာလအတော်ကြာ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်လောက်နှစ်တွေကြာကြာ သေရာပါပါတဲ့။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအာဏာသိမ်းဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံနယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာရတဲ့ လူတွေထဲမှာ မချစ်ပန်းလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ တော်လှန်ရေးထဲ ပါဝင်လာကြသူတွေထဲမှာ မချစ်ပန်းလိုပဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံတွေ့ခဲ့ရသူတွေ ရှိကြသလို ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာပြီးမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ထပ်ဆင့်ရင်ဆိုင်ကြုံတွေ့နေရသူတွေလည်း များစွာရှိကြပါတယ်။

"ကျွန်မ ယောကျ်ားက အရင်က ဒီလိုလူမျိုးမဟုတ်ပေမယ့် ဒီဘက်ရောက်ပြီးနောက်ပိုင်းမှာ အများကြီးကိုပြောင်းလဲလာတယ်၊ အဆင်မပြေမှုတွေများနေချိန် လိင်စိတ်ဆန္ဒရှိလာရင် သူစိမ်းယောကျ်ားတယောက်လိုပဲ ကျွန်မကို ဆက်ဆံတယ်"

အသက် ၄၀ အရွယ်ဖြစ်နေပြီဖြစ်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ရဲ့ စကားဝိုင်း တစ်ခုမှာ ရင်ဖွင့်တိုင်ပင်ခဲ့တာပါ။ ကွဲဖို့ကွာဖို့မှာလည်း ဝင်ငွေရှာဖွေရေးအရ မှီခိုနေရတဲ့အခြေအနေ၊ သားသမီးတွေမျက်နှာ၊ ကာကွယ်ပေးမယ့်ဥပဒေစသဖြင့် အကြောင်းပြချက်မျိုးစုံဟာ နေရပ်စွန့်ခွာ လာသူ အမျိုးသမီးတွေထဲမှာ  "မချစ်ပန်း" လို ရွေးချယ်မှုတစ်ခုဆီကိုပဲ ဦးတည်လို့နေခဲ့တာပါ။

မြန်မာ့လူမှုအသိုက်အဝန်းဟာ အမျိုးသမီးတစ်ယောက် အိမ်တွင်းအကြမ်းဖက် ခံရတယ်ဆိုရင် ခံသင့်လို့ ခံရတာလို့ ကျူးလွန်သူကို အားပေးကြပါတယ်။ အနိုင်ကျင့်စော်ကားခံရတယ်ဆိုရင်လည်း ကြားသုံးကြား မဝင်ကောင်းဘူးဆိုတဲ့ စကားနဲ့ အမျိုးသမီးတွေကို အကာအကွယ်မပေးကြပါဘူး။ နောက်ဆုံး မုဒိမ်းကျင့်ခံရရင်တောင်မှ အမျိုးသမီးဘက်က အနေမတတ်လို့၊ ဝတ်စားဆင်ယင်မှု ကြောင့်တို့ စသဖြင့် တရားခံအားပေး စိတ်ဓါတ်တွေနဲ့ အမျိုးသမီးတွေကို သမိုင်းနဲ့ချီပြီး ဖိနှိပ်လာ ကြတယ်လို့ ပြောရမှာပါ။

စနစ်တစ်ခု၊ ခေတ်တစ်ခုကို တော်လှန်နေကြပါတယ်ဆိုတဲ့ အသိုင်းအဝိုင်းမှာတောင် ယနေ့ထက်တိုင် အရိုးစွဲလာတဲ့အမြင်တွေနဲ့ အမျိုးသမီးတွေဟာ ဘောင်ခတ်ခံထားရဆဲဖြစ်ပါတယ်။

တော်လှန်ရေးကာလနောက်ပိုင်းမှာ အမျိုးသမီးအရေးလုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ မြင့်တက်လာနေပါတယ်လို့ ထုတ်ပြန်ကြေငြာချက်တွေ တရားဝင်ထုတ်ပြန်ပြီး ပညာပေးမှုတွေလုပ်ဆောင်နေကြတာကိုလည်း တွေ့ရပါတယ်။

"ကျွန်မယောကျ်ားရဲ့အနိုင်ကျင့် နှိပ်စက်မှုကိုမခံနိုင်လို့ ကွာရှင်းပေးဖို့ အကူအညီတောင်း ပေမယ့် ကျွန်မတို့လို နေရပ်စွန့်ခွာလာသူတွေအတွက် ကွာရှင်းပေးဖို့နေရာမရှိဘူး"

အိမ်တွင်းအကြမ်းဖက်မှု၊ ကျားမ အခြေပြုအကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတစ်ယောက်က သူမကို နှိပ်စက်နေတဲ့ အမျိုးသားလက်က ထွက်ပြေးဖို့နေရာ မရှိခဲ့ကြောင်းကို ပြောပြပါတယ်။

"လင်မယားလို အတူတူနေချင်လာရင် ပတ်ရမ်းပြီး ပြဿနာမျိုးစုံရှာတော့တာပဲ၊ သားသမီး အရှေ့မှာလည်း မရှောင်ဘူး" လို့ဆိုပါတယ်။

သူမဟာ မဲဆောက်မြို့မှာပဲ တိမ်းရှောင်ထွက်ပြေးနေထိုင်နေရပြီး အမှတ်မထင်လို့ သူမအမျိုးသားနဲ့လမ်းသွားရင်ဆုံခဲ့ရင် တွေ့ရာနေရာမှာ ရိုက်နှက်ခံရသေးပါတယ်။ ဒီလောက် အနှိပ်စက်ခံနေရလည်း ကူညီပေးမယ်သူမရှိခဲ့ဘူးလို့ ဆိုပါတယ်။

NUG တရားရေးအနေနဲ့ မြန်မာအမျိုးသမီးတွေအပေါ် ကျားမအခြေပြု အကြမ်းဖက်မှုတွေကို ကူညီဆောင်ရွက်ပေးနိုင်မှုဟာလည်း သိပ်အားတက်စရာမရှိတဲ့ အခြေအနေတစ်ခုပါ။

ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးအဖွဲ့တစ်ခုဖြစ်တဲ့ Global Aims က မြန်မာနိုင်ငံမှာ လက်ထပ် ထိမ်းမြားလာတဲ့ ဇနီးမောင်နှံတွေကို ထိုင်းနိုင်ငံတရားရုံးတွေမှာ ကွာရှင်းဖို့ လုပ်ဆောင်ပေးခြင်း မရှိဘူးလို့ ပြောပါတယ်။ အထူးသဖြင့် တရားဝင်အထောက်အထား မရှိခြင်းဟာလည်း အမှုဖွင့်ဖို့ အတွက် ခက်ခဲစေတဲ့ အချက်ထဲက တစ်ခုဖြစ်လို့နေပါတယ်။

"မီးမီးက ဘဝအပျက်မခံနိုင်တော့ သူများ နှိပ်စက်တာပဲ ခံနေရတာပေါ့"
တရားဝင်အထောက်အထားမရှိတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ စကားသံပါ။

နှိပ်စက်နေတဲ့ အမျိုးသမီးမှန်းသိရက်နဲ့ ဆွေမရှိ မျိုးမရှိအခြေအနေ၊ မြန်မာပြည်ပြန်ဖို့ကလည်း နိုင်ငံရေးအခြေအနေကြောင့် မဖြစ်နိုင်တဲ့အခြေအနေမှာ ထိုင်းနိုင်ငံနယ်စပ်မှာ နှိပ်စက်ခံနေရပါတယ် လို့ ဖွင့်ဟပြောခဲ့တာပါ။ ကိုယ်ဝန်ပျက်ကျစေတဲ့အထိကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီးဖြစ်ပါတယ်။ ကူရာကယ်ရာ မဲ့နေတဲ့ အနေအထားမှာ ညနက်သန်းခေါင်မှာ လမ်းမပေါ် ထွက်ပြေးရင်း နှိပ်စက်နေတဲ့အမျိုးသားဆီက ထွက်ပြေးလွတ်မြောက်လာခဲ့သူပါ။

မြန်မာဒီမိုဂရပ်ဖစ်အဖွဲ့အစည်းက ထုတ်ပြန်ချက်အရ အမျိုးသမီး ၇ ဦးတွင် တစ်ဦးက အကြမ်းဖက်ခံနေရပြီး အဓိကအားဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာတွေမက ထိခိုက်ဒဏ်ရာတွေ ပါ ရရှိကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလို စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရပေမယ့် ကျူးလွန်သူတွေဟာ ပြစ်ဒဏ်မခံရဘဲ နစ်နာသူတွေကသာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အနေအထားတွေ ဖြစ်နေကြပါတယ်။

မြန်မာနိုင်ငံမှာ အရင်ကတည်းက အမျိုးသမီးတွေအပေါ်ကျူးလွန်တဲ့ မုဒိမ်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်တပ်က လက်နက်အဖြစ်နဲ့ အသုံးပြုတာ နှစ်ကာလ အတော်ကြာခဲ့ပါပြီ။ စစ်တပ်ဟာလည်း သူတို့ကျူးလွန်မှုအတွက် ပြစ်ဒဏ်မခံရဘဲ ကင်လွတ်ခွင့် ရနေကြတယ်လို့ ၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့တဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြက်ဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ ခေတ်အဆက်ဆက်မှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေအောင် အခွင့်ပေးထားကြတဲ့ လူ့အဖွဲ့အစည်းထဲက အမြင်တွေ၊ ဓလေ့ထုံတမ်းတွေ၊ သဘောထားတွေကို ရပ်တန့်ပြစ်ကြဖို့လိုတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက တိုက်တွန်းနေမှုတွေကိုလည်း ခပ်စိပ်စိပ် မြင်တွေ့လာရပါတယ်။

နစ်နာသူ၊ ရှင်သန်လွတ်မြောက်လာသူ အမျိုးသမီးတွေဟာ လူမှုပတ်ဝန်းကျင်မှာ ပြန်လည် ဝင်ရောက်ဖို့အတွက် ကြိုးစားရသလို၊ နစ်နာခံစားခဲ့ရမှုအတွက် တရားမျှတမှု မရှာဖွေနိုင်တဲ့ အခြေအနေတစ်ရပ်ကိုလည်း နာနာကျင်ကျင်နဲ့ ပိုက်ထွေးနေရဆဲဖြစ်ပါတယ်။

တော်လှန်ရေးကာလ အစက သက်ငယ်မုဒိမ်းအမှု လက်သည်ပျောက်နေခဲ့သလို…
၁၄ နှစ်ကြာသွားတဲ့အထိ နာကျင်နေတဲ့အတိတ်နဲ့ ရှင်သန်နေရသူ မချစ်ပန်းလို အမျိုးသမီးတွေ ထပ်မတိုးပွားလာစေဖို့ စိတ်ဆန္ဒဖြင့် တင်ပြလိုက်ပါတယ်။

နစ်နာသူ၊ ရှင်သန်လွတ်မြောက်လာသူ အမျိုးသမီးတွေဟာ လူမှုပတ်ဝန်းကျင်မှာ ပြန်လည် ဝင်ရောက်ဖို့အတွက် ကြိုးစားရသလို၊ နစ်နာခံစားခဲ့ရမှုအတွက် တရားမျှတမှု မရှာဖွေနိုင်တဲ့ အခြေအနေတစ်ရပ်ကိုလည်း နာနာကျင်ကျင်နဲ့ ပိုက်ထွေးနေရဆဲဖြစ်ပါတယ်”
 

အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

 ရေးသားသူ- လွန်း
 
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။
 

စစ်အာဏာသိမ်းမှုနှစ်နှစ်အကြာ ၂၀၂၃ ခုနှစ်၊ မေလတွင် ပြည်သူများကို အံ့သြတုန်လှုပ် စေသည့် သတင်းစကားတစ်ခု ပေါ်ထွက်လာခဲ့ပါသည်။ ထိုသတင်းကတော့ မဲဆောက်က သက်ငယ်မုဒိမ်းမှုဆိုသည့်   သတင်းစကားတစ်ခုပင် ဖြစ်သည်။

စစ်အာဏာရှင်စနစ်ကို တွန်းလှန်သည့်ပြည်သူများဟာ စစ်ကောင်စီ၏ဖမ်းဆီးမှုကို ရှောင်တိမ်းရန်အတွက် နယ်စပ်ဒေသများတွင် ခိုလှုံနေထိုင်ရန် အိုးပစ်အိမ်ပစ် ထွက်ခွာခဲ့ကြရသည်။ ထိုသူများထဲတွင်  ရန်ကုန်တက္ကသိုလ် CDM ဆရာမနှင့် သမီးဖြစ်သူတို့လည်း အပါအဝင် ဖြစ်ခဲ့သည်။  စစ်ကောင်စီ၏ ဖမ်းဆီးမှုကိုတိမ်းရှောင်ရန်အတွက် ထိုင်းနယ်စပ်ကို ရွေ့ပြောင်းနေထိုင်ခဲ့ကြသည်။

CDM ဆရာမတို့ငှားနေသည့် အိမ်ခန်းတွဲများဟာ စုပေါင်းရေချိုးခန်း၊ အိမ်သာကို အသုံးပြုကြရသည့် နေရာမျိုးဖြစ်သည်။ သက်ငယ်မုဒိမ်းမှုကျူးလွန်သူဟာ CDM ဆရာမ၏ အသက် (၅) နှစ်အရွယ် သမီးဖြစ်သူကို အများသုံးအိမ်သာတွင် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ ပြုလုပ်ခဲ့သည် ဟု အမျိုးသားညီညွတ်ရေးအစိုးရထံ တိုင်ကြားသည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။

ကျူးလွန်သူဟာ တွံ့တေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အလုပ်မှုဆောင် အတွင်း‌‌ရေးမှူးဆိုသူပင် ဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး၊ ဝန်ကြီးရုံး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန တို့ကို တိုင်ကြားစာပေးပို့ခဲ့သည်။အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများအနေဖြင့် CDM ဆရာမနှင့် သမီးငယ်ကို နေရာပြောင်းရွေ့နေထိုင်စေကာ    စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးထားသည် ဟု ၎င်းတို့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းများက ဆိုပါသည်။

“        ကျူးလွန်သူအများစုဟာ တော်လှန်သူအချင်းချင်းမို့ဆိုသည့် ခေါင်းစဉ်အောက်၊ တော်လှန်ရေးမျက်နှာဖုံးအောက်မှာ အပြစ်ပေးခံရမှုများ အကာအကွယ်ရနေပြီလား ဆိုသည်ကို မေးခွန်းထုတ်သင့်ပါသည်       ”

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအထိ ကျူးလွန်သူဆိုသည့်အမျိုးသားကို ဖမ်းဆီးထားသည်ဆိုသည့် သတင်းအကြောင်းအရာကို မည်သည်ကမှထုတ်ပြန်ထားသည်ကို မတွေ့ရသေးပေ။ အာဏာရှင်၏ ပ‌ယောဂကြောင့် ရေခြားမြေခြားမှာ အတိဒုက္ခတွေကြားရုန်းကန်ရင်း ရှင်သန်နေရသည့် လူမမယ် ကလေးငယ် နှင့်မိခင်ဖြစ်သူတို့ဟာ တစ်ပူပေါ်နှစ်ပူဆင့်အဖြစ်မျိုးနှင့် ကြုံခဲ့ရသည်။ ဖြစ်စဉ်စတင်ချိန် မှာ အမှုမှန်ပေါ်ပေါက်ရန် နှိုးဆော်အသံထွက်ကြပေမယ့် အချိန်ကြာလာသည်နှင့်အမျှ တရားမျှတမှု ရရန် အလှမ်းဝေးနေဆဲဖြစ်သည်။

နောက်ထပ်ဖြစ်စဉ်ကလည်း တော်လှန်ရေးလှုပ်ရှားမှုများအကြားတွက် အထိတ်တလန့် ထပ်မံဖြစ်ခဲ့ရသည်။ တော်လှန်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေသည့် အမျိုးသမီးငယ်များကို ရဟန်း တစ်ပါးက လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်သည့်ဖြစ်စဉ် ဖြစ်သည်။

ရဟန်းတစ်ပါးက လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်သည့်အပြုအမူများ ကျူးလွန်ခဲ့သည့် အကြောင်း ကာယကံရှင်အမျိုးသမီးများကိုယ်တိုင်က ၂၀၂၃ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဖော်  ပြောဆိုခဲ့သည်။ အမျိုးသမီးငယ်များဟာ ထောက်ပို့တာဝန် ထမ်းဆောင်နေကြသူများ ဖြစ်ပြီး အဆိုပါဆရာတော်ဆိုသူနှင့် တော်လှန်ရေးအလုပ်၊ အလှူငွေကိစ္စ၊ ထောက်ပို့ကိစ္စများနှင့် ဆက်စပ်ကာ ရင်းနှီးဖြစ်ကြသည်။

ဆရာတော်ဆိုသူက တော်လှန်ရေးနှင့်ပတ်သက်သည့် အလုပ်များကို အကြောင်းပြကာ အမျိုးသမီးငယ်များကို ချည်းကပ်ခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းကတဆင့် လိင်ပိုင်း ဆိုင်ရာထိပါးသည့် စကားလုံးအသုံးအနှုန်း၊ အပြုအမူများဖြင့် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသမီးငယ်များက ထုတ်ဖော်ပြောဆိုထားသည်။

ထိုကျူးလွန်မှုများကြောင့် အဆိုပါဆရာတော်အနေဖြင့် နစ်နာသူများကို ဝန်ချတောင်းပန်ရန်၊ လူဝတ်လဲရန် အမျိုးသမီးအဖွဲ့အစည်းများ၊ ကျူးလွန်ခံခဲ့ရသူများက ထုတ်ဖော်ဝေဖန်ထားကြ သော်လည်း အဆိုပါဆရာတော်ကတော့ သူပြောတာမဟုတ်ဘဲ အကောင့်တုဟု ဆိုကာ ငြင်းပယ်ထားသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရထံကိုလည်း တိုင်ကြားစာပေးပို့ထားသည်ဟု သိရပါတယ်။

ကျူးလွန်သူဟု ထုတ်ဖော်ပြောဆိုခြင်းခံထားရသူဟာ တော်လှန်ရေးလှုပ်ရှားမှုတွင်  ပါဝင်နေသူဖြစ်သည့်အပြင် သံဃာတစ်ဦးဖြစ်နေသည့်အတွက် အမျိုးသမီးများအနေဖြင့် ထုတ်ဖော်ပြောဆိုရန် အတော်ပင် အားစိုက်ခဲ့ကြရသည်။ ထုတ်ဖော်ပြောဆိုသည့်အခါတွင်လည်း အမျိုးသမီးငယ်များအပေါ် ပြန်လည်အပြစ်တင်ဝေဖန်မှုများဖြင့် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရပါသည်။

လက်တလောဖြစ်ရပ်တခုမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏  နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ နိုင်ငံခြားရေး ကိုယ်စားလှယ်က ရုံးအတွင်းရေးမှူးဖြစ်သူ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုပြုလုပ်ခဲ့သည့် အကြောင်းအရာတခုလည်း ဖြစ်ပွားခဲ့သည်။ ကျူးလွန်ခံရသူအမျိုးသမီးက အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တိုင်ကြားခဲ့ပေမဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါအမျိုးသားကို နှုတ်ဖြင့်သတိပေးမှုသာ ပြုလုပ်ခဲ့ပါသည်။

ထိုဖြေရှင်းချက်ကို မကျေနပ်သည့်အတွက်   အဆိုပါအမျိုးသမီးဟာ တရားမျှတမှုရရှိရန်အတွက် ထပ်မံကြိုးစားခဲ့သည်။ ထို့နောက် အဆိုပါကိစ္စကိုဆက်လက်စစ်ဆေးနေပြီး အမှုစစ်ဆေးနေစဉ် ကာလအတွင်း ကျူးလွန်သူဟု တိုင်ကြားခံရသည့်အမျိုးသားကို ရာထူးမှယာယီရပ်ဆိုင်းထားကြောင်း NUG က အသိပေးထုတ်ပြန် ထားသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့တွင် နိုင်ငံရေးခြားရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖြစ်မှ ဆလိုင်းအိုက်ဇင်ခင်အား ထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် တော်လှန်ရေးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များက ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအကြောင်းလည်း ခပ်စိတ်စိတ်ကြားသိခဲ့ရသည်။

အထက်ပါဖြစ်စဉ်များကိုကြည့်ပါက တော်လှန်ရေးကာလအတွင်းမှာ တော်လှန်ရေး လှုပ်ရှားမှုများ ဆောင်ရွက်သူများက ကျူးလွန်နေခြင်းဖြစ်သည်။ ကျူးလွန်သူအများစုဟာ တော်လှန်သူအချင်းချင်းမို့ဆိုသည့် ခေါင်းစဉ်အောက်၊ တော်လှန်ရေးမျက်နှာဖုံးအောက်မှာ အပြစ်ပေးခံရမှုများ အကာအကွယ်ရနေပြီလားဆိုသည်ကို မေးခွန်းထုတ်သင့်ပါသည်။

တချိူ့ကလည်း တော်လှန်ရေးကအရေးကြီးလို့ တော်လှန်ရေးပဲအရင်လုပ် ကျန်တာ နောက်မှလုပ်ဆိုသည့်စဉ်းစားချက်များက ကျူးလွန်ခံရသည့်အမျိုးသမီးများအပေါ် မစာနာသည့် စဉ်းစားချက်များသာ ဖြစ်ပါသည်။ တရားမျှတမှုကိုဝိုင်းဝန်းရှာဖွေပေးရမည့်အစား ဘာကြောင့် အနာပေါ်ဆားသိပ်သည့် စဉ်းစားချက်မျိုးကို ပြောထုတ်ရက်ကြပါလိမ့်။

ကျူးလွန်ခံခဲ့ရသည့် ဆက်လက်ရှင်သန်သူများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်မှုတွေကို ဘယ်အရာတွေက ကုစားပေးနိုင်မှာပါလဲ။ ကျူးလွန်သူများကို ထိုက်သင့်သည့်အပြစ်ပေးမှုကသာလျှင် အကောင်းဆုံး အဖြေ ဖြစ်ပါလိမ့်မည်။

ကျူးလွန်ခံရသူများအနေဖြင့်လည်း နှုတ်ဆိတ်မနေရန်၊ ကျူးလွန်သူများကလည်း တော်လှန်ရေးမျက်နှာဖုံးတပ်ကာ အကာအကွယ်မယူရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းများက တာဝန်ရှိသူများအနေဖြင့်လည်း ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မပေးရန် အလွန်အရေးကြီးပါသည်။ ထိုမှသာ စစ်အာဏာရှင်နှင့်အတူ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ၊ မတရားမှုများကို တပါထဲတွန်းလှန်နိုင်မှာ ဖြစ်ပေသည်။

“    ကျူးလွန်ခံခဲ့ရသည့် ဆက်လက်ရှင်သန်နေသူများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်မှုတွေကို ဘယ်အရာတွေက ကုစားပေးနိုင်မှာပါလဲ    ”

 
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

ရေးသားသူ- မိုခါး

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။


CEDAW စာချုပ်ဆိုတာ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (Convention on the Elimination of All Forms of Discrimination Against Women – CEDAW) ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တိကျစွာ အကာအကွယ်ပေးနိုင်ဖို့အတွက် ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကတော့ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှာ CEDAW ကို သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။

ထိုစာချုပ်ပါ အခြေခံမူသုံးချက်ကတော့ ခွဲခြားဆက်ဆံမှုမပြုရေး၊ ပြည့်ဝတဲ့တန်းတူညီမျှမှုနဲ့ အစိုးရတွေအနေနဲ့တိကျစွာ လိုက်နာဆောင်ရွက်ရမယ့်လုပ်ငန်းတာဝန်တွေ ဖြစ်ပါတယ်။ စီဒေါစာချုပ် ထဲမှာ အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့ ပညာရေး၊ ကျန်းမားရေး၊ စီးပွားရေး၊ နိုင်ငံရေး စတာတွေမှာ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူပါဝင်နိုင်ဖို့ ပြဋ္ဌာန်းထားပြီး လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာတွေကြောင့် အမျိုးသမီးတွေ ခံစားကြုံတွေ့နေရကြရတဲ့ အခြေအနေတွေကို ဖယ်ရှားပစ်ဖို့လည်း ပြဋ္ဌာန်း ထားပါတယ်။

စီဒေါစာချုပ်ထဲမှာ အပိုဒ် (၃၀) ပြဋ္ဌာန်းထားပြီး သဘောတူလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ တွေက ဆောင်ရွက်ရမယ့်အပိုင်းနဲ့ ကော်မတီကဆောင်ရွက်ရမယ့် အပိုင်းတွေကို ထည့်သွင်းရေးသား ထားတာ ဖြစ်ပါတယ်။ အပိုဒ် (၁) ကနေ အပိုဒ် (၁၆) အထိတွေကတော့ အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာရမယ့်အချက်တွေ ဖြစ်ပါတယ်။ အပိုဒ် (၁၇) ကနေ (၃၀) အထိကတော့ ကော်မတီကလုပ်ဆောင်ရမယ့်အချက်တွေ ဖြစ်ပါတယ်။

အပိုဒ်(၁)     လိင်ကွဲပြားမှုကိုအခြေခံပြီး အမျိုးသမီးများအား ခွဲခြားခြင်း၊ သီးသန့်ဖြစ်စေခြင်း၊ ကန့်သတ်မှုထားရှိခြင်းသည် ခွဲခြားဖိနှိပ်မှု ဖြစ်သည်။
အပိုဒ်(၂)       အမျိုးသမီးများအပေါ် ခွဲခြားဖိနှိပ်မှုတွေကို ရှုံ့ချရန်နဲ့ ပပျောက်အောင် လုပ်ဆောင်ပေးရန်။
အပိုဒ်(၃)    အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ၊ မူဝါဒများ ပြဋ္ဌာန်းပေးခြင်း အပါအဝင် လိုအပ်သည့်ဆောင်ရွက်မှုများကို လုပ်ဆောင်ပေးရန်။
အပိုဒ်(၄)       အမျိုးသမီးများအတွက် ယာယီအထူးပြုလုပ်ချက်များကို လုပ်ဆောင်ပေးရန်။
 အပိုဒ်(၅)      လိင်ကွဲပြားမှုကို အခြေခံသည့် ခွဲခြားမှုအမြင်များ၊ အစွဲများကို ပပျောက်အောင် လုပ်ဆောင်ပေးရန်။
အပိုဒ် (၆)       အမျိုးသမီးများကို နည်းမျိုးစုံနှင့် ကူးသန်းရောင်းဝယ်ခြင်း၊ ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်းအား တားဆီးပေးရန်။
အပိုဒ်(၇)         အမျိုးသမီးများကို မဲပေးခွင့်နဲ့ အခြားဆုံးဖြတ်ချက်ချသည့်နေရာများတွင် ပါဝင်ခွင့် ပေးရန်။
အပိုဒ်(၈)         နိုင်ငံတကာတွင် အမျိုးသမီးများအား ကိုယ်စားပြုပါဝင်ခွင့်ပေးရန်။
အပိုဒ်(၉)         နိုင်ငံသားဖြစ်ခွင့်၊ ပြောင်းလဲပိုင်ခွင့်ပေးရန်။
အပိုဒ် (၁၀)     တန်းတူပညာသင်ခွင့်၊ လိင်ခွဲခြားမှုမရှိတဲ့ပညာရေး ရရှိခွင့်ရှိရန်။
အပိုဒ်(၁၁)      တန်းတူအလုပ်လုပ်ခွင့်၊ လုပ်ခခံစားခွင့်၊ အလုပ်ရွေးချယ်ခွင့်နဲ့ လုံခြုံတဲ့လုပ်ငန်းခွင် ရရှိခွင့်ရှိရန်။
အပိုဒ် (၁၂)       မိသားစုစီမံကိန်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများတွင် တန်းတူခံစားခွင့် ရှိရန်။
အပိုဒ်(၁၃)       စီးပွားရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းများ တန်းတူရရှိခံစားခွင့် ရှိရန်။
အပိုဒ်(၁၄)       ကျေးလက်နေအမျိုးသမီးများ၏ ဘဝမြှင့်တင်ရေးနှင့် ခွဲခြားမှုများ ပပျောက်ရန်။
အပိုဒ် (၁၅)      အမျိုးသမီးများ တရားဥပဒေရှေ့မှောက်တွင် တန်းတူဖြစ်စေရန်။
အပိုဒ် (၁၆)      လက်ထပ်၊ ပေါင်းသင်း၊ ကွာရှင်းချိန်တွင် အမျိုးသမီးနှင့် အမျိုးသား တန်းတူအခွင့်အရေး ရရှိရန်။  
အပိုဒ်(၁၇)     အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပပျောက်ရေးနှင့် ပတ်သက်၍ အကောင်အထည်ဖော်ခြင်း၏ တိုးတက်မှုအခြေအနေကို စီစစ်သုံးသပ်ရန်  စီဒေါကော်မတီ ကို ဖွဲ့စည်းဆောင်ရွက် သွားရမည်။
အပိုဒ်(၁၈)    အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပပျောက်ရေး အကောင်အထည်ဖော်မှု အစီရင်ခံစာကို အတည်ပြုပြီး (၁) နှစ်အတွင်းတင်သွင်းရန်နှင့် နောက်ပိုင်းတွင် အနည်းဆုံး (၄)နှစ် တစ်ကြိမ် တင်သွင်းရမည်။
အပိုဒ်(၁၉)      ကော်မတီတွင် တာဝန်ထမ်းဆောင်မည့်အရာရှိများ၏  သက်တမ်းကို (၂) နှစ် သတ်မှတ်ရန်။  
အပိုဒ်(၂၀)  ကော်မတီအနေနှင့် အစိုးရက တင်သွင်းလာတဲ့ အစီရင်ခံစာများကို ဖတ်ရှုနိုင်ဖို့ တစ်နှစ်တွင် တစ်ပတ်ထက် ပိုမကြာသည့် အစည်းအဝေးတစ်ရပ်ကို ပုံမှန်ကျင်းပ ရမည်။
အပိုဒ်(၂၁)    ကော်မတီသည် ၎င်း၏လုပ်ငန်းဆောင်တာများနှင့် ပတ်သက်သည့်အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် နှစ်စဉ်တင်သွင်းရမည်ဖြစ်ပြီး စာချုပ်အဖွဲ့ဝင် များ၏ အစီရင်ခံစာများနှင့် သတင်းပေးပို့ချက်များအပေါ် စစ်ဆေးတွေ့ရှိချက် များကို အခြေခံပြီး တိုက်တွန်းချက်များနှင့် အထွေထွေအကြံပြုချက်တွေကို ကော်မတီ၏အစီရင်ခံစာမှာ ထည့်သွင်းတင်ပြရမည်။
အပိုဒ်(၂၂)      အစိုးရများ၏အစီရင်ခံစာကိုလေ့လာသုံးသပ်ပြီး အစီရင်ခံစာတင်ပြရာတွင် ကုလ သမဂ္ဂ၏ သက်ဆိုင်ရာဌာနများမှ အထူးကျွမ်းကျင်သူများကို ပါဝင်စေပြီး အစီရင်ခံစာ တင်ပြသွားရမည်။
အပိုဒ် (၂၃)   စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုမှုတွင်ဖြစ်စေ၊ ဒါမှမဟုတ် ထိုနိုင်ငံက လိုက်နာရမည့် တခြားသောနိုင်ငံတကာ သဘောတူစာချုပ်တွင် ဖြစ်စေ၊ စာချုပ်ပါ အပိုဒ်များတွင် ပိုမိုဖြစ်ထွန်းစေတဲ့ မည်သည့်ဥပဒေကိုမှ လက်ရှိသဘောတူစာချုပ် ကို ထိခိုက်လွှမ်းမိုးခြင်းမရှိစေရဟု ပါရှိသည်။
အပိုဒ် (၂၄)   စာချုပ်တွင် အသိအမှတ်ပြုထားတဲ့ အခွင့်အရေးများ အပြည့်အဝရရှိစေရန် လိုအပ်သည့်အစီအစဉ်အားလုံးကို စာချုပ်အဖွဲ့ဝင်နိုင်ငံတိုင်းက  အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အလို့ငှာ ပြဋ္ဌာန်းရန် တာဝန်ရှိသည်။
အပိုဒ်(၂၅)    ညီလာခံ၏သဘောတူညီချက်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ထံတွင် ထိန်းသိမ်းထားရှိရန်၊ နိုင်ငံအားလုံးက ပါဝင်လက်မှတ်ရေးထိုးရန်၊ သဘာတူအတည်ပြုမှုနှင့် အသက်ဝင်မှုရှိရန် လုပ်ဆောင်သွားရမည်။
အပိုဒ်(၂၆) စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့်  လက်ရှိသ‌ဘောတူညီချက်ကို ပြင်ဆင်ရန် တောင်းဆိုလိုလျှင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူပြီး အချိန်မရွေး စာရေးသား အကြောင်းနိုင်သည်။
အပိုဒ်(၂၇)   သဘောတူညီချက်ကို လိုက်နာကျင့်သုံးမည်ဟု ကတိကဝတ်ပြုခြင်းနှင့် ပတ်သက်သည့် စာချုပ်စာတမ်းများကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အား အပ်နှံပြီးတဲ့နေ့မှ ရက်ပေါင်း (၃၀) ပြည့်သည့်နေ့တွင် အတည်ဖြစ်သည်ဟု ဖော်ပြထားသည်။
အပိုဒ်(၂၈)     ညီလာခံသဘောတူညီချက်များနှင့် ပတ်သက်ပြီး လိုက်နာရာတွင် ချန်လှပ်လိုသည့် (သို့မဟုတ်) ပြန်လည်ရုပ်သိမ်းလိုသည့်အချက်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ အသိပေးတင်ပြရန်နှင့် ထိုအချက်များသည် ညီလာခံသဘောတူညီမှုများနှင့် မသက်ဆိုင်တဲ့ အချက်တွေမဖြစ်ရန် လိုကြောင်း ဖော်ပြထားသည်။
အပိုဒ်(၂၉)   ညီလာခံ၏သဘောတူညီချက်များကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ အကောင်အထည် ဖော်ခြင်းနဲ့ပတ်သက်၍ စာချုပ်အဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှုဖြစ်လာပါက နှစ်နိုင်ငံချင်းဖြေရှင်းရန်နှင့် (၆) လအတွင်း ညှိနှိုင်း၍မရပါက အပြည်ပြည်ဆိုင်ရာ တရားရုံးကို လွှဲပေးနိုင်ပါသည်။
အပိုဒ်(၃၀)  ညီလာခံ၏ သဘောတူညီချက်ကို အာရပ်ဘာသာ၊ တရုတ်ဘာသာ၊ ပြင်သစ်ဘာသာ၊ စပိန်ဘာသာများနှင့် ရေးသားထားကာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ အပ်နှံထားရမည်။

မြန်မာအစိုးရအနေနဲ့ စီဒေါကော်မတီအစီရင်ခံစာကို ၁၉၉၇ ခုနှစ်မှာ ပထမအကြိမ်၊၂၀၀၇ ခုနှစ်မှာ ဒုတိယနဲ့ တတိယအကြိမ်၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှာ စတုတ္ထအကြိမ်နဲ့ ပဥ္စမအကြိမ် အစီရင်ခံစာ ပူးတွဲတင်ပြခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း အမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် စီမံချက်များနှင့် လုပ်ငန်းစဉ်များ၊ ဥပဒေမူကြမ်းများကို ပြင်ဆင်ရေးဆွဲမှုများ လုပ်ဆောင်ခဲ့ပြီး ကျူးလွန်သူများအား အပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိခြင်းမှ ကာကွယ်နိုင်ရေး၊ တရားဥပဒေအရ အပြစ်ဒဏ်ပေးနိုင်ရေး၊ ဆက်လက်ရှင်သန်သူများမှ လူဘောင်အဖွဲ့အစည်းအတွင်း ပြန်လည်ရှင်သန်ရပ်တည်နိုင်ရေး၊ ထပ်မံ ကျူးလွန်ခံရမှုမရှိရန် ကာကွယ်ပေးရေးအတွက် အစိုးရယန္တရားများအပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ အားတက်သရော ကြိုးပမ်းခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီမှ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများကို လျစ်လျူရှုနေသာမကဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လက်နက်သဖွယ်အသုံးချပြီး ထောင်တွင်း၊ ထောင်ပြင်၊ စစ်ပွဲအတွင်း၊ စစ်ဘေးရှောင်ပြည်သူများအပေါ် အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ အကြမ်းဖက်ကျူးလွန်လျက် ရှိပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများ၊ မူဝါဒများကို ချိုးဖောက်ရုံတင်သာမက မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးထားသော နိုင်ငံတကာသဘာတူညီချက်များကို ပြောင်ပြောင်တင်းတင်းပင် ချိုးဖောက်လျက်ရှိပါတယ်။ စစ်အာဏာသိမ်းကာလတွင် စီဒေါအစီအရင်ခံစာကို တင်သွင်းနိုင်ခြင်းလည်း မရှိပေ။

တဖက်တွင်လည်း တော်လှန်ရေးအင်အားစုအချင်းချင်းကြား ကျူးလွန်နေသည့် အိမ်တွင်း အကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှု၊ မုဒိမ်းမှုနှင့် အခြားသော ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ သည်လည်း မြှင့်တက်လျက်ရှိပြီး၊ တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအစိုးရအသီးသီးတို့မှ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို
ထိထိ ရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းနေဆဲပင် ဖြစ်ပါတယ်။ 

တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအစိုးရအသီးသီးတို့မှ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းနေဆဲပင်

တော်လှန်ရေးအစိုးရအသီးသီးတို့အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် လက်တွဲပြီး မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော နိုင်ငံတကာစာချုပ်များကို အကောင်အထည်ဖော်ပြီး ပြည်သူလူထု၏ လူ့အခွင့်အရေးကို ပိုမိုစောင့်ရှောက် ကာကွယ်ပေးရန် အားစိုက်လုပ်ဆောင်သင့်ပါသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူလူထုတွေအနေဖြင့် စီးပွားရေး၊ လူမှုရေး ပိုမိုကျပ်တည်းလာပြီး လွတ်လပ်မှု၊ တရားမျှတမှု ဆိတ်သုဉ်းနေသည့် ကာလတွင် အပူပေါ်အပူဆင့်၊ အနာပေါ်တုတ်ကျ မဖြစ်စေရန်အတွက် အမျိုးသမီး၊ ကလေးသူငယ်အရေးကိုလည်း မမေ့လျော့သင့် ပါကြောင်း။

ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကျူးလွန်မှုတွေ လျော့ပါးပြီး၊ ငြိမ်းချမ်းသာယာမျှတမှုရှိမှသာ ဒီမိုကရေစီနိုင်ငံတော်သစ်ကို‌ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ထိုအတွက် လက်ရှိတော်လှန်ရေးကို ဆင်နွဲနေချိန်မှာ စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့အတူ အတွေးအခေါ်တော်လှန်ရေးကလည်း အရေးကြီးပါကြောင်း ထပ်ဆင့်နှိုးဆော်အပ်ပါတယ်။ 


အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing


#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

ရေးသားသူ- Liliane

 အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။

ဂျန်ဒါအခြေပြုရာဇဝတ်မှုများဆိုသည်မှာ ဂျန်ဒါကွဲပြားမှုကို အခြေပြု၍ လူပုဂ္ဂိုလ်များအပေါ် ကျူးလွန်သော အနိုင်ကျင့်မှုများနှင့် ထိခိုက်နစ်နာစေသည့် အပြုအမူများဖြစ်ပြီး ဖိနှိပ်မှုဖြစ်စေသော စံတန်ဖိုးများ၊ မညီမျှမှုများ၊ အာဏာအလွဲသုံးစား ပြုလုပ်ခြင်းများနှင့် ဆက်စပ်မှု ရှိသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ဂျန်ဒါအခြေပြုရာဇဝတ်မှုများကို အများဆုံး ကျုးလွန်ခံရသူများ ဖြစ်ပြီး၊ ကျူးလွန်သူအများစုမှာ အမျိုးသားများ ဖြစ်ကြသည်။ သို့သော်လည်း ရာဇဝတ်မှုများကို အမျိုးသားများ၊ ယောက်ျားလေးငယ်များနှင့် ဂျန်ဒါလူနည်းစုများလည်း ကြုံတွေ့ကြရသည်။

အဖြစ်အများဆုံး ဂျန်ဒါအခြေပြုရာဇဝတ်မှုပုံစံတစ်ခုမှာ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု (GBV) ဖြစ်သည်။ ဤပြစ်မှုများသည် ပုဂ္ဂလိကသီးသန့် နေရာများတွင်ဖြစ်စေ၊ အများပြည်သူနှင့်ဆိုင်သော နေရာများတွင်ဖြစ်စေ၊ ငြိမ်းချမ်းသောအခြေအနေတွင်ဖြစ်စေ၊ ပဋိပက္ခဖြစ်ပေါ်နေသော အခြေအနေတွင်ဖြစ်စေ ဖြစ်ပေါ်နိုင်သည်။

ဂျန်ဒါအခြေပြုအကြမ်းဖက်မှု (GBV) များတွင် အိမ်တွင်းအကြမ်းဖက်မှုများ၊ သိက္ခာတရား အတွက် သတ်ဖြတ်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ (ကလေးသူငယ်များအား လက်ထပ်ထိန်းမြားစေခြင်း အပါအဝင်) အဓမ္မလက်ထပ်ထိမ်းမြားစေခြင်း အဓမ္မကိုယ်ဝန်ဆောင်စေခြင်း အမျိုးသမီးလိင်အင်္ဂါ အစိတ်အပိုင်း ဖြတ်တောက်ခြင်းနှင့် လူကုန်ကူးခြင်း၊ နောက်ယောင်ခံခြင်း၊ ထိပါနှောက်ယှက်ခြင်း အနိုင်ကျင့်စော်ကားခြင်း နှင့် ခြိမ်းခြောက်ခြင်း၊ လှုပ်ရှားသွားလာခွင့် ကန့်ပိတ်ပင်သတ်ခြင်း သို့မဟုတ် ပညာရေးဝန်ဆောင်မှု သို့မဟုတ် (လိင်ပိုင်းဆိုင်ရာကျန်းမာရေး နှင့် မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင်) ကျန်းမာရေး ဝန်ဆောင်မှုရရှိခွင့်ကို ကန့်သတ်ပိတ်ပင်ခြင်း စသည့်လုပ်ရပ် များကို ကျူးလွန်ခြင်းနှင့် ကျူးလွန်ရန် ခြိမ်းခြောက်ခြင်းတို့ ပါဝင်သည်။

ဂျန်ဒါအခြေပြုအကြမ်းဖက်မှုထဲတွင် ပါဝင်သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) သို့မဟုတ် ပဋိပက္ခအတွင်း ဖြစ်ပေါ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆိုသည်မှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု သို့မဟုတ် အခြားသော နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ၊ လူသားချင်းစာနာမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာဥပဒေများကို ဆိုးရွားစွာ ချိုးဖောက်မှု မြောက်နိုင်သော ပြစ်မှုများဖြစ်သည်။

အစိုးရစစ်တပ်များ၊ အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များ၊ ရဲတပ်ဖွဲ့များနှင့် လက်နက်ကိုင်အစုအဖွဲ့များ၏ ထိန်းချုပ်မှုအောက်ရှိ အခြားအဖွဲ့များက ကျူးလွန်သောဖြစ်ရပ်များနှင့် ချိုးဖောက်မှုပုံစံများဖြစ်ပြီး အကြမ်းဖက်မှုကျူးလွန်ချိန် လက်နက်ကိုင် ဆောင်ထားခြင်းရှိခြင်း၊ မရှိခြင်းနှင့် မသက်ဆိုင်ပါ။

 CRSV များသည် ပဋိပက္ခအခြေအနေ တစ်ခုနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ဆက်နွယ်မှုရှိကြပြီး အမျိုးသမီးများ၊ အမျိုးသားများ၊ မိန်းကလေးငယ်များနှင့် ယောက်ျားလေးငယ်များအပေါ် ကျူးလွန်သော ကျူးလွန်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်သည်။

CRSV တွင် မုဒိန်းကျင့်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ အဓမ္မ လက်ထပ်ထိမ်းမြားစေခြင်း၊ အဓမ္မလိင်လုပ်သား အဖြစ်စေခိုင်းခြင်း၊ အဓမ္မကိုယ်ဝန်ဆောင်စေခြင်း၊ အဓမ္မလိင်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ခြင်း၊ သင်းကွပ်ခြင်း၊ အဓမ္မဖော်ချွတ်ခိုင်းခြင်း၊ အဓမ္မသားကြောဖြတ်ခြင်း သို့မဟုတ် အခြားသော အလားတူပြင်းထန်သည့်ပုံစံ တစ်မျိုးမျိုးဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတို့ ပါဝင်သည်။

ဂျန်ဒါကွဲပြားမှုအပေါ်အခြေပြုပြီး အကြမ်းဖက်ခြင်းကို Gender Based Violence (GBV)  ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဟု ခေါ်ဆိုကြသည်။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုသည် ပုံစံမျိုးစုံရှိပြီး အများအားဖြင့် အမျိုးသားများက အမျိုးသမီးများအပေါ် ကျူးလွန်လေ့ရှိသည့် အကြမ်းဖက်မှုပုံစံများ ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုအား အလဲအလှယ် သုံးစွဲတတ်ကြသည်။

          အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလို့ဆိုရာမှာ “အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ထိခိုက်စေခြင်း၊ သို့မဟုတ် ခံစားစေခြင်း၊ ထိုသို့ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ သို့မဟုတ်  အခြားသော လွတ်လပ်ခွင့်အား မတရားသဖြင့် ပိတ်ပင်တားမြစ်ခြင်းများအား အများပြည်သူရှေ့၌ဖြစ်စေ ကိုယ်ရေးကိုယ်တာ အခြေအနေများ၌ ဖြစ်စေ ဖြစ်ပွားသော သို့မဟုတ် ဖြစ်ပွားနိုင်ဖွယ်ရှိသော အကြမ်းဖက်မှုလုပ်ရပ်အားလုံးကို ဆိုလိုပါသည်။

          ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိခိုက်နာကျင်စေခြင်း၊ သေကြေပျက်စီးစေရန် ရည်ရွယ်၍ ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ၊ လက်နက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ နှိပ်စက်ခြင်း၊ အကြမ်းဖက်ခြင်း၊ စော်ကားခြင်း၊ အင်အားသုံး၍ အကျဉ်းချခြင်း၊ သီးသန့်ဖြစ်နေစေရန် ခွဲခြားထားခြင်း၊ လွတ်လပ်မှုမရှိအောင် ချုပ်ထိန်းထားခြင်း၊ ကိုယ်ဝန်ဆောင်စဉ်အတွင်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့ ပါဝင်ပါသည်။

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် စိတ်ခံစားမှုကို ထိခိုက်နာကျင်စေရန်နှင့် အမျိုးသမီး၏ ဂုဏ်သတင်း ယုတ်လျော့စေရန် ကျူးလွန်သော မည်သည့်အကြမ်းဖက်မှုကိုမဆို ဆိုလိုသည်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် အရှက်ရစေခြင်း၊ စော်ကားခြင်း (အခြားလူများ၏ ရှေ့တွင်အပါအဝင်)၊ အော်ဟစ်ခြင်း၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာဖြစ်စေ သို့မဟုတ် ငွေကြေးဆိုင်ရာဖြစ်စေ ထိခိုက်စေမည်ဟု ခြိမ်းခြောက်ခြင်း၊ သက်တူရွယ်တူများ၊ သူငယ်ချင်းများ သို့မဟုတ် လူမှုအသိုင်းအဝိုင်းမှ ဖိအားပေး၍ သီးခြားခွဲထုတ်ထားခြင်း၊ အပြုအမူများကို ထိန်းချုပ်ခြင်း၊ အရာဝတ္ထုများ သို့မဟုတ် ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း စွန့်ပစ်ခြင်း၊ အိမ်မှမောင်းထုတ်ခြင်း၊ လျစ်လျူရှုခြင်းတို့ ပါဝင်သည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွင် အိမ်ထောင်ဖက်အပေါ် အလိုမတူဘဲ လိင်ဆက်ဆံခြင်း၊ အဓမ္မကျင့်ခြင်း၊ အုပ်စုလိုက် အဓမ္မကျင့်ခြင်း၊ မလိုလားသော လိင်ပိုင်းဆိုင်ရာ ထိတွေ့ကိုင်တွယ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတို့ ပါဝင်သည်။ အိမ်ထောင်ဖက်အပေါ် အလိုမတူဘဲ လိင်ဆက်ဆံခြင်းသည် အမျိုးသမီး၏ ခွင့်ပြုချက်မပါဘဲ အိမ်ထောင်ဘက် သို့မဟုတ် ဥပဒေအရ ကွာရှင်း မထားဘဲ သီးခြားစီနေသည့် အိမ်ထောင်ဘက်ဟောင်းတို့မှ ကျူးလွန်သော လိင်မှုကိစ္စကို ဆိုလိုခြင်း ဖြစ်သည်။

မုဒိမ်းမှုဆိုသည်မှာ “အတင်းအကြပ် သို့မဟုတ် အကျပ်ကိုင်ပြီးလိင်ဆက်ဆံခြင်း၊ ကိစ္စပြီးမြောက်သည်ဖြစ်စေ မပြီးမြောက်သည်ဖြစ်စေ၊ လူတစ်ယောက်မှ အခြားလူတစ်ယောက်အား ၎င်း၏စိတ်ဆန္ဒမပါဝင်ဘဲ အင်းအားသုံးပြီးသို့မဟုတ် အကျပ်ကိုင်ပြီး သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ ခြိမ်းခြောက်ပြီးလိင်မှုကိစ္စတွင် ပါဝင်စေသည်ကို ဆိုလိုသည်။

စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုတွင် အမျိုးသမီးတစ်ဦး၏ ပစ္စည်းဥစ္စာ၊ ပိုက်ဆံ၊ ဝင်ငွေရလမ်း ငွေကြေးဆိုင်ရာ အမှီအခိုကင်းမှုတို့ကို ပျက်စီးစေရန်၊ သိမ်းပိုက်နိုင်ရန်၊ ကန့်သတ်ရန်၊ အလွဲသုံးစား ပြုရန် သို့မဟုတ် တားမြစ်ရန် လုပ်ဆောင်သော အပြုအမှုများနှင့် အမျိုးသမီး၏ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို တားဆီးခြင်းကို ဆိုလိုသည်။

စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုတွင် ပိုက်ဆံမလုံလောက်မှန်းသိသော်လည်း မိသားစု အသုံးစားရိတ်ကို ပံ့ပိုးပေးရန် ခင်ပွန်းမှ ငြင်းပယ်ခြင်း၊ အစားအသောက်/ အခြေခံလိုအပ်ချက်များကို ငြင်းပယ်ခြင်း (အမျိုးသမီးနှင့် ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင်)၊ အလုပ်လုပ်ကိုင်မှုကို ထိန်းချုပ်ခြင်း၊ ဇနီးထံမှ ခိုးယူခြင်းတို့ ပါဝင်သည်။

အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ သွေးသားတော်စပ်သည့်မိသားစုဝင်၊ တခြားမိသားစုဝင်၊ ရင်းနှီးသောလက်တွဲဖော် စသည်တို့မှ    အမျိုးသမီးတစ်ဦးအပေါ် ထိခိုက်နာကျင်စေသော မည်သည့် လုပ်ရပ်ကိုမဆို ဆိုလိုပါသည်။ ၎င်းတွင်အမျိုးသမီး၏ အခွင့်အရေးများကို ချိုးဖောက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများမှတဆင့် ဖြစ်စေသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများ ပါဝင်သည်။

          အမျိုးသမီးများအားအနှောင့်အယှက်ပေးမှုတွင် အမျိုးသမီး၏ ဂုဏ်သိက္ခာကို ထိပါးခြင်းကို ဖြစ်စေပြီး လူတစ်ဦးအတွက် နှစ်လိုဖွယ်မရှိသော၊ ခြိမ်းခြောက်သော၊ ရန်လိုသော၊ ဂုဏ်သရေ ပျက်စေသော၊ အရှက်ရစေသော၊ စိတ်အနှောင့်အယှက်ဖြစ်စေသည့် ပတ်ဝန်းကျင်ကို ဖြစ်စေသော သို့မဟုတ် ထိခိုင်နာကျင်မှုကို ဖြစ်စေသော အပြုအမူဖြင့်ဖြစ်စေ အပြောအဆိုဖြင့် ဖြစ်စေ ကျူးလွန်သော မည်သည့်အကြမ်းဖက်မှုကိုမဆို ဆိုလိုသည်။

အကြမ်းဖက်ခံရသော အမျိုးသမီးများအပေါ်  ကျင့်သုံးလေ့ရှိသည့် အန္တရာယ်ရှိသော အလေ့အထများမှာ အဓမ္မကျူးလွန်ခံရသူကို ကျူးလွန်သူနှင့် အတင်းအကြပ် လက်ထပ်စေခြင်း၊ ကျေးရွာတစ်ခုလုံး/ အသိုင်းအဝိုင်း တစ်ခုလုံး၏   ဂုဏ်သတင်းကို ပြန်လည်ရရှိနိုင်ရန် အဓမ္မကျူးလွန် ခံရသူ သို့မဟုတ် သူမ၏ မိသားစုကို ပွဲလမ်းတစ်ခု အတင်းအကြပ် စီစဉ်စေခြင်း၊ အမျိုးသမီးများကို ပစ္စည်းဥစ္စာများ အမွေဆက်ခံခွင့်မပေးခြင်းတို့ ဖြစ်သည်။

ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် အမြင့်ဆုံးဖြစ်ပြီး အမျိုးသမီး (၃) ယောက်တွင် တစ်ယောက်နှုန်း ကျူးလွန်ခံနေကြရပါသည်။ ကျားမအခြေပြုအကြမ်းဖက်မှုကို အမျိုးသမီးများမှ အများဆုံး ကျူးလွန်ခံနေရသော်လည်း အမျိုးသားများနှင့် LGBTQ+ တို့သည်လည်း ဂျန်ဒါအခြေပြုအကြမ်းဖက်မှု စက်ကွင်းမှ မလွတ်မြောက်ပေ။

ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကျူးလွန်မှုများ လျော့ကျလာစေရန်နှင့် ထိရောက်စွာ ကိုင်တွယ်နိုင်ရန်အတွက် လက်ရှိကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ လူမှုအသိုက်အမြုံများမှ အားစိုက် ကြိုးပမ်းရန် လိုအပ်ပေသည်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်တွင် ဂျန်ဒါအခြေပြုအကြမ်းမှုများကို လျော့ကျလာစေရန် စီမံချက်များ ရေးဆွဲပြီး ကိုင်တွယ်ရန် ကြိုးပမ်းခဲ့သော်လည်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုယန္တရားများမှာ ဆက်လက်မလည်ပတ်နိုင်တော့ပေ။ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် လူမှုစီးပွားကြပ်တည်းမှုများ၊ တရားဥပဒေလက်လှမ်းမမှီမှုများ၊ အာဏာကိုလက်နက်သဖွယ် ကျင့်သုံးသည့်အခြေအနေများ၊ ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုနှင့် သည်းခံနိုင်မှုနည်းပါးခြင်း စသည့် အကျိုးဆက်များသည် အိမ်တွင်းအကြမ်းဖက်မှုများနှင့် အခြားသော ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ ပိုမိုမြှင့်တက်လာစေပါသည်။

ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကျူးလွန်မှုများ လျော့ကျလာစေရန်နှင့် ထိရောက်စွာ ကိုင်တွယ်နိုင်ရန်အတွက် လက်ရှိကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ လူမှုအသိုက်အမြုံများမှ အားစိုက် ကြိုးပမ်းရန် လိုအပ်သည်။

ထို့ပြင် အမျိုးသားများပါ ဦးဆောင်ပြီး ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို တွန်းလှန်မှသာလျှင် ထိန်းချုပ်ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ကျူးလွန်ခံရသည့် ပုဂ္ဂိုလ်များအတွက် တရားမျှတမှု ရရှိရန်၊ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ရပ်တည်နိုင်ရန် တရားဥပဒေနည်းလမ်း တစ်ခုတည်းဖြင့် သာမကဘဲ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ဂျန်ဒါအမြင်ရှုထောင့်များကိုပါ ထည့်သွင်းချဉ်းကပ်သင့်ပါသည်။

လက်ရှိစစ်အာဏာသိမ်းပြီးနောက် တရားမျှတမှုအလှမ်းဝေနေသည့် ကာလတွင်  အမျိုးသမီး များအနေဖြင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို ကျူးလွန်ခံရသည့်အခါ ကျူးလွန်သူကို ဘယ်သူ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည့်နည်းလမ်း၊ social punishment နည်းလမ်းဖြင့်သာ အများစုကဖြေရှင်းနေကြသည်ကိုတွေ့ရှိရပါသည်။

နွေဦးတော်လှန်ရေးကြီးသည် အရည်အသွေးစုံလင်သော လူသားအားလုံးအတွက် လုံခြုံမှု၊ အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို အာမခံချက်ပေးနိုင်သော ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ပေးရန် အရေးကြီးပါသည်။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု မချုပ်ထိန်းနိုင်သမျှ ကာလပတ်လုံး တရားမျှတသည့် လူ့ဘောင်ကို ဆောင်ကျဉ်းပေးနိုင်မည် မဟုတ်ပေ။ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကို လျစ်လျူရှုလိုက်ခြင်းသည် အကြမ်းဖက်မှုအားလုံးကို လက်သင့်ခံလိုက်ခြင်း၊ တံခါးဖွင့်လိုက်ခြင်းပင် ဖြစ်သွားပါလိမ့်မည်။ 

အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing


#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

ရေးသားသူ- အဖြူ

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။

“လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု” ဆိုတာကို အမျိုးသမီး သုံးဦးမှာ တစ်ဦးလောက်က တနည်းမဟုတ်တနည်း ကြုံတွေ့ဖူးကြမှာပါ။ “လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်မှု” လို့ဆိုရာမှာလည်း “လမ်းသွားရင်းနဲ့ပြွတ်ပြွတ်” ဆိုတဲ့အသံပေးတာ၊ ဘတ်စ်ကား စီးတဲ့အခါမှာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို အသားယူထိပါးတာ၊ အမျိုးသမီးဝတ်ထားတဲ့ အဝတ်အစား၊ ခန္ဓာကိုယ်ပုံပန်းစတာတွေကိုကြည့်ပြီး နှုတ်ကထိပါးပြောဆိုတာ စတာတွေကစလို့ “ရာထူးတိုးချင်ရင် ငါနဲ့အိပ်ရမယ်” ဆိုတဲ့ အခြေအနေတွေအထိ ပါဝင်ပါတယ်။

အမျိုးသမီးထုကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက  လမ်းသွားရင်း အထက်ပါအတိုင်း ပြောဆိုခံရတာ၊ ဘတ်စ်ကားတိုးစီးချိန်တိုင်း လိင်ပိုင်းဆိုင်ရာထိပါးမှု တမျိုးမဟုတ်တမျိုးနဲ့ ကြုံကြရပါတယ်။ ကားကလူကြပ်လို့ပင်ပန်းရတဲ့အထိ လိင်ပိုင်းဆိုင်ရာထိပါးမှုနဲ့ မကြုံရအောင် ရှောင်တိမ်းနေရ၊    အဲ့ဒီလိုနေတဲ့ကြားက ကျူးလွန်ခံရရင်လည်း လူကြားထဲဖော်ထုတ်မပြောရဲတာ စတာတွေကြောင့် ကျူးလွန်သူတွေက အတင့်ရဲလာတဲ့အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။

အဲ့ဒီနေရာမှာ ဘက်စ်ကားစီးသူအမျိုးသမီးတွေ ခံစားရတဲ့ စိတ်မလုံခြုံမှုမျိုးကို အမျိုးသမီးတွေ ကိုယ်တိုင်သာ နားလည်နိုင်ပါတယ်။ အခုနောက်ပိုင်းမှာတော့ အမျိုးသမီး တော်တော်များများက ဘက်စ်ကားပေါ်မှာ ဒီလိုဖြစ်စဉ်ကြုံရရင် ကားပေါ်မှာထုတ်ဖော်ပြောတာ၊ ကျူးလွန်တဲ့သူရဲ့မျက်နှာကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ပေါ်တင်တာစတဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်လာကြပါပြီ။  တချို့သော အမျိုးသားတွေကလည်း အကူအညီပေးတာမျိုးတွေ ရှိလာပါတယ်။ ဥပဒေပိုင်းဆိုင်ရာအရ ဒီလူကို အရေးယူလို့ မရရင်တောင်၊ ထုတ်ဖော်ပြောဆိုခြင်းက ကျူးလွန်သူတွေကို လက်တွန့်သွားစေမယ်လို့ မြင်ပါတယ်။

ဒါကတော့ အမျိုးသမီးတွေနေ့စဉ်ကြုံနေရတဲ့ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့စိန်ခေါ်ချက်တွေ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ လုပ်ငန်းခွင်မှာ၊ မိသားစုအတွင်းမှာ၊ ပတ်ဝန်းကျင်မှာလည်း ရင်းနှီးသူတွေက ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာထိပါးမှုတွေ ရှိပါသေးတယ်။ တခါတရံမှာ ကျူးလွန်သူ တွေဟာ  အမျိုးသမီးတွေရဲ့ ဆွေမျိုးရင်းခြာ၊ အထက်လူကြီး၊ ဆရာဖြစ်သူ၊ ကိုးကွယ်တဲ့ ဘာသာရေး ခေါင်းဆောင်တွေ စတဲ့သူတွေလည်း ဖြစ်နေတတ်ပါတယ်။

ဒီလိုပါဝါရှိသူတွေရဲ့ကျူးလွန်မှုတွေခံရတဲ့အခါ အမျိုးသမီးတွေအနေနဲ့ထုတ်ဖော်ပြောဆိုဖို့ရာ အတော်လေး ခက်ခဲပါတယ်။ ပြောလိုက်ပြန်ရင်လည်း ပတ်ဝန်းကျင်က ဒီလူက ဒီလောက်တော်တာ၊ စေတနာရှိတာ၊ လူကြီးလူကောင်း ပီသတာ။ ဒီလိုမလုပ်လောက်ပါဘူးဆိုတဲ့ တဖက်ပိတ်အမြင်တွေ အပြောတွေကိုလည်း ရင်ဆိုင်ရပါတယ်။

“သူက ဒီလိုစိတ်မဟုတ်‌လောက်ပါဘူး။ သမီးလေးလို ညီမလေးလို ချစ်လို့နေမှာပါ” ဆိုပြီး ကျူးလွန်ခံရသူရဲ့ ထုတ်ဖော်ပြောဆိုမှုကို ယိုင်နဲ့စေတဲ့ လုပ်ရပ်တွေကို ပတ်ဝန်းကျင်က လူတော်တော်များများက ပြုမူတတ်ကြပါတယ်။ ဒါ့အပြင် “နင်က ဒီလိုဝတ်ထားတာကိုး၊ ဒီလိုနေတာကိုး၊ နင်အနေအထိုင်မတက်လို့” ဆိုတဲ့ ပြစ်တင်မှုတွေကိုလည်းခံရပါသေးတယ်။

ဒီတော့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ကထုတ်ဖော်ပြောရင် ကိုယ့်ဘက်မှာ ဘယ်သူမှမရှိတဲ့ အတွက် ထုတ်ဖော်ပြောဆိုဖို့ရာ ခက်ခဲသွားပါတယ်။ ကျူးလွန်သူတွေအနေနဲ့ကလည်း ထုတ်ဖော် ပြောဆိုမခံရတဲ့အခါ ထပ်မံကျူးလွန်မှုနဲ့ သံသရာလည်နေပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးကာလမှာလည်း စစ်ကောင်စီဘက်က ကျူးလွန်တဲ့ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုတွေတင်မကပဲ၊ တော်လှန်ရေးဘက်တော်သားတွေက ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ မကြားချင်မှ အဆုံးပါပဲ။ ဒါတွေအတွက် ထိရောက်တဲ့ အပြစ်ပေးမှုတွေ လက်ရှိအချိန်အထိ မဆောင်ရွက်နိုင်သေးပါဘူး။

အမျိုးသမီးတွေဟာ ခေတ်အဆက်ဆက်ကတည်းက လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်ရ၊ ဖိုဝါဒကြီးစိုးမှုကို တော်လှန်ရ၊ အာဏာရှင်ကိုလည်း တွန်းလှန်နေရပါတယ်။ တော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေနဲ့ ပြည်သူအမျိုးသမီးတွေအတွက် လိင်အကြမ်းဖက်မှုတွေ ရင်ဆိုင်ရတဲ့ အခါ ထုတ်ဖော်ပြောဆိုနိုင်အောင်၊ ကျူးလွန်သူကို အပြစ်ပေးနိုင်အောင် တရားမျှတမှုကို ဖော်ဆောင် ပေးသင့်ပါတယ်။

လက်ရှိကာလတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကို “ဒီကိစ္စတွေ နောက်မှပြော တော်လှန်ရေးကအရင်လုပ်” လို့ ပြောဆိုနေတာဟာ ကျူးလွန်သူတွေကို လွတ်မြောက်ခွင့်ပေးနေတာ၊ အားပေးတာနဲ့အတူတူပဲ ဖြစ်ပါတယ်။

လက်ရှိကာလတွေမှာ လက်ရှိကာလတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကို
“ဒီကိစ္စတွေ နောက်မှပြော တော်လှန်ရေးက အရင်လုပ်”
လို့ ပြောဆိုနေတာဟာ ကျူးလွန်သူတွေကို လွတ်မြောက်ခွင့် ပေးနေတာ၊ အားပေးတာနဲ့အတူတူပဲ ဖြစ်ပါတယ်။
 
အမျိုးသမီးတွေအနေနဲ့လည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံမှုတွေ ကြုံတွေ့ရတယ်ဆိုရင် ထုတ်ဖော်ပြောဆိုဖို့က ပထမခြေလှမ်းလို့ သတ်မှတ်ကာ ထုတ်ဖော်ပြောဆိုသင့်ပါတယ်။ ဒါမှသာ ထုတ်ဖော်ပြောဆိုခြင်းကြောင့် ကျူးလွန်သူတွေဟာ တရားဥပဒေအရ အပြစ်ပေးအရေးယူမှုတွေ မရရှိနိုင်တဲ့အခြေအနေမှာတောင်  ဆက်လက်ကျူးလွန်ဖို့ အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်သလို၊ ခတ္တခဏရပ်တန့်သွားမှာ ဖြစ်ပါတယ်။

လူမှုအသိုင်းအဝိုင်းအနေနဲ့လည်း ထုတ်ဖော်ပြောဆိုတဲ့ အမျိုးသမီးတွေဘက်က ရပ်တည်ပေးဖို့နဲ့ ကျူးလွန်သူတွေကိုလည်း ထိုက်သင့်တဲ့ပြစ်ဒဏ်စီရင်မှုတွေ ပေါ်ထွက်လာအောင် ဝိုင်းဝန်းရပ်တည် အသံထွက်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။


အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing

#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

ရေးသားသူ- ညီမလေးကို အရမ်းချစ်တဲ့
မမဆိုဖီယာ
 
 အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။
 
ညီမလေးရေ….။
 
အဝေးတနေရာဆီက စာရေးလိုက်ပါတယ်။ နေကောင်းကျန်းမာပါစေ၊ အန္တရာယ်ကင်းပါစေလို့ အရင်ဆုံးဆုတောင်းပေးလိုက်ပါတယ်။
အေးချမ်းမှုမရှိတဲ့ကာလမှာမှ လူဖြစ်ကြရတဲ့ တို့တွေအတွက် ပျော်ရွှင်စရာရော၊ ရင်ခုန်စရာရောက ဆိတ်သုဉ်းလို့ နေတယ်။ ချစ်သူတွေနဲ့ ဝေးပြီး သူစိမ်းတွေ ကြားမှာ နေနေရတဲ့ ညီမလေးရေ၊ စစ်ရှောင်စခန်းကို အိမ်လုပ်ပြီး နေနေရတဲ့ ညီမလေးမှာ လုံခြုံပါစေလို့ ဆုတောင်း မပေးတော့ပါဘူး။ လုံခြုံရေးကို အထူးကရုစိုက်ပါလို့ဘဲ ပြောချင်ပါတယ်။
တောကြီးမျက်မဲထဲမှာ ရာသီဥတုက ကြမ်းသလို လူတွေရဲ့ စိတ်ထားကလည်း မနူးညံ့တော့ဘူး။ အေးချမ်းမှုကို ကိုယ်တွင်းမှာ ရှာဖွေပြီး ကြိုးစားပြီး ကောင်းကောင်းမွန်မွန်ရှင်သန်ပါလို့ဘဲ ပြောချင်ပါတယ်။
ဒီတခါ ညီမလေးကို အထူးတလည် ပြောချင်တာက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မြှင့်တက်နေတဲ့အကြောင်းနဲ့ အခုလိုအချိန်အခါမှာ ဒီလိုအကြမ်းဖက်မှုတွေကို ကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်မှာပါ မဖြစ်အောင် သတိထားဖို့ မှာချင်ပါတယ်၊
အကြမ်းဖက်မှုဆိုတာ ဘယ်တော့မှ ကောင်းတဲ့အရာမဟုတ်ပါဘူး၊ ဘယ်အချိန်၊ ဘယ်လို အခြေအနေမှာဘဲဖြစ်ဖြစ် ဈေးလျော့ပေးလို့ရတဲ့ အပြုအမူမဟုတ်ပါဘူး။ ဘယ်သူဘဲ ကျူးလွန်သည်ဖြစ်စေ မကောင်းမူဘဲ ဖြစ်တယ်။ အိမ်နဲ့ ဝေးနေသူတွေ အချင်းချင်းကြားမှာဆို ပိုတောင် မဖြစ်သင့်တဲ့ ကိစ္စပေါ့။
ညီမလေးကို မှာချင်တာက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ တဖက်တလမ်းကနေ ညီမလေး အားတဲ့အချိန်မှာ နီးစပ်ရာ လူတွေကို အသိပညာမျှဝေပေးပါ။
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရဲ့ သားကောင် မဖြစ်အောင် ညီမလေး အများကြီး ကြိုးစားပေးလို့ ရပါတယ်၊ ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်တဲ့ လူမှုအသိုက်အမြုံဟာ အချင်းချင်းကြား မယုံကြည်မှုတွေ၊ လုံခြုံမှု မခံစားရတာတွေကနေ စိတ်ဝမ်းကွဲပြီး ပြိုကျတတ်တယ်။
ဘာဘဲဖြစ်ဖြစ် အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစဖြစ်၊ LGBT ဘဲ ဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မဖြစ်အောင် လုပ်ဆောင်လို့ ရသလို၊ လုပ်ဆောင်ပေးဖို့လည်း လိုပါတယ်။
ဥပဒေမရှိတဲ့ တောကြီးမျက်မဲမှာ ရဲဘော်ရဲဘက်အချင်းချင်းကိုဘဲ မိသားစုလုပ်ပြီးနေရတဲ့ အချိန်မှာ အားလုံးအတွက် မကောင်းတဲ့ ဒီအကြမ်းဖက်မှုကြီးမဖြစ်အောင် ညီမလေးနဲ့ ညီမလေးရဲ့ ရဲဘော်ရဲဘက်တွေကို အားကိုးတကြီးနဲ့ ဒီစာကို ရေးလိုက်တာပါ။
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်းကို အသေးစိတ် ရေးထားတဲ့ “အမှောင်တခြမ်း” ဆိုတဲ့ စာအုပ်လေးကိုလည်း စာနဲ့အတူ ထည့်ပေးလိုက်ပါတယ်။
အကြမ်းဖက်မှုကင်းတဲ့ လူမှုအသိုက်အမြုံတစ်ခု ဖြစ်ဖို့ ညီမလေးကို အားကိုးလိုက်ပါရစေ။
 
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing


#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

ရေးသားသူ- ယုဂန် (မြန်မာစာ)
ကြားကာလပညာရေး

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။

ခွဲခြားခံရန်မဟုတ်။
ဣတ္ထိယလိင် တို့ပိုင်ဆိုင်
ကြမ်းဖက်ခံရန်မဟုတ်။
မတူညီဘဲ တူယှဉ်တွဲ
ဖြစ်တည်လာတာ ယခုမှမဟုတ်။
ရှေးနှစ်ကုဋေကုဋာ သင်္ချေမှာ
သမိုင်းစဉ်ဆက် တို့ပြန်ရှု။
ကွဲပြားတိုင်းသာ ခွဲခြားမူ
ရန်ပွဲစစ်ပွဲ မဆုံးပြု။
ကာလသုံးဖြာ ရွယ်သုံးဖြာ
လိင်ကြမ်းဖက်မှု ဂရုပြု။
အလေးမထား ခွင့်ပြုအား
သုံးချယုတ်မာ ကြမ်းဖက်လု။
ပန်းများရောင်စုံ ဖူးပွင့်ထုံ
ပျားဆိပ်သင့်ရိုး မရှိယခု။
ပူးပေါင်းအင်အား၊ တို့ဖယ်ရှားလို့
တာဝန်ကိုယ်စီထမ်းရွက်စို့။

အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing


#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

ရေးသားသူ- Liliane

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။

အသစ်တဖန် ပြန်အသက်ရှင်ခဲ့ရပြီ
ညတိုင်းမက်တဲ့အိပ်မက်ဆိုးကနေ
နိုးထလာနိုင်ခဲ့ပြီ။
ကြေမွသွားတဲ့ ဝိဉာဉ်တစ်ခု
အသစ်တဖန် ပြန်မွေးဖွားလာပြီ။
ညစ်ထေးသွားတဲ့ မနောဓာတ်ကလည်း
ပြန်ကြည်လင်လာပြီ။
တဏှာကြီးသူတစ်ယောက်ရဲ့ လက်ချက်ကြောင့်
သေဆုံးခဲ့တဲ့ ဘဝတခြမ်းကို
ကိုယ်တိုင် မွေးဖွားပြီး နိုးထနိုင်သူတစ်ယောက်အတွက်
လောကတခုလုံးက လှပနေပြီ။
အမေ…..
အမေ့သမီးဟာ
မုဒိမ်းကျင့်ခံလိုက်ရတဲ့ အမေ့သမီးမဟုတ်တော့ဘူး။
အမေ့သမီးဟာ
မုဒိမ်းကျင့်ခံရတဲ့ဘဝဆိုးကနေ
အသစ်တဖန် မွေးဖွားနိုင်လိုက်ပြီ။
တရားမျှတမှုကို တံတားထိုးပြီး
လောကသစ်ကြီးဆီကို ပြန်လာပြီ အမေ။
အမေ မျှော်နေတဲ့
အမေ့သမီးအလိမ္မာ အိပ်မက်ဆိုးကနေ ပြန်လာပြီ။

 
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing

#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media


Published on

‌ရေးသားသူ-  ပျိုး

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။

ရောင်ပြင်မှာ လိင်အကြမ်းဖက်ခံနေရတယ်
ပြည်တွင်းမှာ လိင်အကြမ်းဖက်ခံနေရတယ်
ပြည်ပမှာ လိင်အကြမ်းဖက်ခံနေရတယ်
နယ်စပ်မှာ လိင်အကြမ်းဖက်ခံနေရတယ်
တောတွင်းမှာ လိင်အကြမ်းဖက်ခံနေရတယ်
အိပ်ရာပေါ် လိင်အကြမ်းဖက်ခံနေရတယ်
လူမှုကွန်ယက်ပေါ်မှာ လိင်အကြမ်းဖက်ခံနေရတယ်
၃ နှစ်သမီး လိင်အကြမ်းဖက်ခံနေရတယ်
၁၃ နှစ်သမီး လိင်အကြမ်းဖက်ခံနေရတယ်
၂၃ နှစ်မိန်းကလေး လိင်အကြမ်းဖက်ခံနေရတယ်
၃၃ နှစ်အမျိုးသမီး လိင်အကြမ်းဖက်ခံနေရတယ်
၇၃ နှစ်အဘွားအို လိင်အကြမ်းဖက်ခံနေရတယ်
နောက်တစ်ယောက်က ဘယ်သူလဲ
နောက်တစ်ယောက်က ဘယ်သူ့သမီးလဲ
နောက်တစ်ယောက်က ဘယ်သူ့အမေလဲ
                                                                          

အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing

#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Published on

ရေးသားသူ-       ဖွေး

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။

လွတ်လပ်မှု မရှိခဲ့
အမျိုးသားတွေထက် 
အခွင့်အရေးရရှိမှု အားနည်းခဲ့သလို
လိင်၊စိတ် အကြမ်းဖက်မှု ခံခဲ့ရတာဟာ
အများစုမှာ အမျိုးသမီးတွေပါ..။
သို့သော်ငြား 
ဘာမထီ သံမဏိလို ကြံ့ခိုင်တာ အမျိုးသမီး
ရဲရင့်မှု နှင့် သတ္တိတွေ ပြည့်နှက်နေတဲ့ စိတ်
စာနာဖေးမမှုတွေနဲ့ ပြည့်ဝနေတဲ့ နှလုံးသား
ကူညီဖို့ဆို လက်သင့်မနှေးတဲ့ လက်တစ်စုံ
ပန်းတစ်ပွင့်လို ဖူးပွင့်လှတဲ့ သူလေးတွေကို
ဘာဖြစ်လို့များ
ပန်းပွင့်တွေကို နင်းချေရက်ပါရဲ့။
စိတ်ဆန္ဒကိုသာ ဘေးဖယ်လို့ စာနာတတ်ရင်ဖြင့်
လှပစွာ ဖူးပွင့်နေမယ့် ပန်းလေးတွေပါလေ။
သြော်
လိင်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ
အကြမ်းဖက်မှုတွေ ပပျောက်ပါစေ။
တစ်နေ့တစ်ခြား 
အမျိုးသမီးတွရဲ့ အသံ အားမာန်တို့ကို အံတုရင်း
မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်နေတဲ့ ပန်းလေးအဖြစ်
ဖန်တီးနိုင်ကြပါစေလေ။
အမျိုးသမီးတွေမှာဖြင့် 
ဘာမထီ သံမဏိဟေ့ အမျိုးကောင်းသမီးအဖြစ်
ရပ်တည်နေပါလော့.
                                                        

အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media