ရေးသားသူ- ထိပ်ထား

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။

နာဂစ်လို့ပြောလိုက်တာနဲ့ ခံစားချက်မကောင်းလှပေ။

မြန်မာလူမျိုးတွေရဲ့ရင်ထဲမှာ နစ်နစ်သီးသီးကို နာကျင်မိကြတဲ့ မုန်တိုင်းတစ်ခုဟာ နာဂစ်ပါ။

မုန်တိုင်းတစ်ခုက လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်းတွေကို ဖျက်ဆီးဝါးမြိုခဲ့တယ်။ အဲဒီ နာဂစ်ဆိုတဲ့ နာမည်ကိုကြားလိုက်တာနဲ့ အခြားသောသူများထက် ပိုပြီးကြောက်ရွံ့မိတဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။ ၁၄ နှစ်ကျော်ကြာတဲ့အထိ ဖွင့်ဟမပြောနိုင်ခဲ့တဲ့ အမျိုးသမီးငယ် တစ်ယောက်ရဲ့ ဖြစ်ရပ်ဆိုးကြီးလို့ ပြောရမှာပါ။

နာဂစ်တိုက်တဲ့နေ့ ညကမိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ  လူမသိ သူမသိ မုန်တိုင်းထဲ လူးကာလှိမ့်ကာ အိပ်မက်ဆိုးကို ဖြတ်သန်းခဲ့ရသူတစ်ယောက်။ လူအများနည်းတူ အသက်ဘေးနဲ့ ရင်ဆိုင်နေရချိန်မှာပဲ အရှက်ဘေး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ နာမည်က "ချစ်ပန်း" တဲ့။

"နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည်။ မုန်တိုင်းသည် မြန်မာနိုင်ငံကုန်းမြေသို့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် စတင်ဝင်ရောက်လာခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကီလိုမီတာ ၄၀ ခန့်အထိ ဝင်ရောက်ခဲ့ကာ ကြီးမားသော ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး လူပေါင်း တစ်သိန်းသုံးသောင်းရှစ်ထောင်ခန့် (၁၃၈,၀၀၀ ခန့်) သေဆုံးခဲ့ကြရသည်။ လပွတ္တာမြို့နယ် တစ်ခုတည်းမှာပင် ၈၀,၀၀၀ ခန့်သေဆုံးခဲ့ပြီး ဘိုကလေးမြို့တွင် ၁၀,၀၀၀ ခန့် သေဆုံးခဲ့သည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၆၂,၉၈၈,၀၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ) ကျော် ဖြစ်ကာ မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများအနက် ပျက်စီးဆုံးရှုံးမှုအများဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။"

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့… အဲဒီ့နေ့က အမျိုးသမီးငယ်တစ်ယောက်ဟာ ရုံးဆင်းပြီး အိမ်ပြန်လာခဲ့ချိန် မုန်တိုင်းဘေးက ရှင်သန်ခွင့်ရဖို့သာ ကြိုးစားမိခဲ့လို့ ထိုတစ်ညတည်းမှာတင် အမျိုးသား ၈ ဦးရဲ့ အဓ္ဓမပြုကျင့်ခြင်းကို ခံခဲ့ရသူပါ။

သူမဟာ အခုဆိုရင် အသက် ၃၀ အရွယ်ဝန်းကျင် လူလတ်ပိုင်းအမျိုးသမီးအရွယ် ဆက်လက်ရှင်သန်သူတစ်ယောက်ပါဖြစ်ပါတယ်။

သဘာဝဘေးအန္ထရာယ်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ကြတဲ့ ကမ္ဘာကြီးမှာ မြန်မာနိုင်ငံကတော့ "သာမန်" မုန်တိုင်းသတိပေးချက်လောက် ထုတ်ပြန်ခဲ့တာမို့ ပျက်ဆီးဆုံးရှုံးမှုတွေကြီးမားခဲ့ရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပြန်ပြောရရင် အဲဒီအချိန်က အခုအာဏာလုထားတဲ့ စစ်တပ် အုပ်ချုပ်နေချိန်ပါပဲ။
သာမာန် မုန်တိုင်းလောက်လို့ ကြိုတင်ခန့်မှန်းသတင်းထုတ်ပြန်ထားတာမို့ လေပြင်းထဲ ဆော့ကစားသလိုသဘောပိုက် အိမ်ပြန်လာသူ မိန်းကလေးတစ်ယောက်ရဲ့ အိမ်ပြန်မရောက်တဲ့ အကျည်းတန်ရက်စွဲပါ။

အိမ်ပြန်ဖို့အတွက် လိုင်းကားမရခဲ့တော့ ဘတ်စ်ကား ၆ မှတ်တိုင်လောက်ခရီးကို လေပြင်းတွေက ပိုကြမ်း၊ သစ်ကိုင်းတွေကျိုးကျနဲ့ ခရီးဟာ မတွင်လာလေတော့ နီးစပ်ရာမှာ မိုးဝင်ခိုရင်းနဲ့…. အသံ တိမ်ဝင်သွားခဲ့ပါတယ်။
အဲဒီ့ခေတ်အခါက လမ်းဘေးဖုန်း PCO တွေကိုသာ အားကိုးနေရချိန်ဆိုတော့ မုန်တိုင်းထဲမှာ ဘယ်ဖုန်းဆိုင်မှရှိမနေတော့ပါ။ မုန်တိုင်းဆဲမယ့်အချိန်ကိုသာ စောင့်ဆိုင်းရင်းနဲ့ မနက်လင်းသည်အထိ အိမ်ပြန်ဖို့ လမ်းဝေးနေခဲ့ပါတယ်တဲ့။

မချစ်ပန်းရဲ့ အိမ်ပြန်ခရီးမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငိုကြွေးခဲ့ရတဲ့ တက်ကြွလန်းဆန်နေတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ဘဝ ပြန်ပါမလာခဲ့ပါဘူး။ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေ ဟာလည်း သဘာဝဘေးအန္တရာယ်ဆိုတဲ့ အပူမီးလောင်မြိုက်နေချိန်ပါ။ ဘယ်ကိုတိုင်တည်ရမှန်း မသိတဲ့ အခြေအနေတစ်ခုမှာ တိတ်ဆိတ်ခြင်းဆိုတဲ့ အဖြေတစ်ခုကိုပဲ သူမ ရှာတွေ့ခဲ့ပါတယ်။

"ကျွန်မ မုန်တိုင်းထဲမှာ သေသွားခဲ့ဖို့ကောင်းခဲ့တာ"

ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ရှက်ရွံနေမိသလို၊ အပြစ်တင်တဲ့စိတ်နဲ့ ကာလအတော်ကြာ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်လောက်နှစ်တွေကြာကြာ သေရာပါပါတဲ့။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအာဏာသိမ်းဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံနယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာရတဲ့ လူတွေထဲမှာ မချစ်ပန်းလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ တော်လှန်ရေးထဲ ပါဝင်လာကြသူတွေထဲမှာ မချစ်ပန်းလိုပဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံတွေ့ခဲ့ရသူတွေ ရှိကြသလို ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာပြီးမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ထပ်ဆင့်ရင်ဆိုင်ကြုံတွေ့နေရသူတွေလည်း များစွာရှိကြပါတယ်။

"ကျွန်မ ယောကျ်ားက အရင်က ဒီလိုလူမျိုးမဟုတ်ပေမယ့် ဒီဘက်ရောက်ပြီးနောက်ပိုင်းမှာ အများကြီးကိုပြောင်းလဲလာတယ်၊ အဆင်မပြေမှုတွေများနေချိန် လိင်စိတ်ဆန္ဒရှိလာရင် သူစိမ်းယောကျ်ားတယောက်လိုပဲ ကျွန်မကို ဆက်ဆံတယ်"

အသက် ၄၀ အရွယ်ဖြစ်နေပြီဖြစ်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ရဲ့ စကားဝိုင်း တစ်ခုမှာ ရင်ဖွင့်တိုင်ပင်ခဲ့တာပါ။ ကွဲဖို့ကွာဖို့မှာလည်း ဝင်ငွေရှာဖွေရေးအရ မှီခိုနေရတဲ့အခြေအနေ၊ သားသမီးတွေမျက်နှာ၊ ကာကွယ်ပေးမယ့်ဥပဒေစသဖြင့် အကြောင်းပြချက်မျိုးစုံဟာ နေရပ်စွန့်ခွာ လာသူ အမျိုးသမီးတွေထဲမှာ  "မချစ်ပန်း" လို ရွေးချယ်မှုတစ်ခုဆီကိုပဲ ဦးတည်လို့နေခဲ့တာပါ။

မြန်မာ့လူမှုအသိုက်အဝန်းဟာ အမျိုးသမီးတစ်ယောက် အိမ်တွင်းအကြမ်းဖက် ခံရတယ်ဆိုရင် ခံသင့်လို့ ခံရတာလို့ ကျူးလွန်သူကို အားပေးကြပါတယ်။ အနိုင်ကျင့်စော်ကားခံရတယ်ဆိုရင်လည်း ကြားသုံးကြား မဝင်ကောင်းဘူးဆိုတဲ့ စကားနဲ့ အမျိုးသမီးတွေကို အကာအကွယ်မပေးကြပါဘူး။ နောက်ဆုံး မုဒိမ်းကျင့်ခံရရင်တောင်မှ အမျိုးသမီးဘက်က အနေမတတ်လို့၊ ဝတ်စားဆင်ယင်မှု ကြောင့်တို့ စသဖြင့် တရားခံအားပေး စိတ်ဓါတ်တွေနဲ့ အမျိုးသမီးတွေကို သမိုင်းနဲ့ချီပြီး ဖိနှိပ်လာ ကြတယ်လို့ ပြောရမှာပါ။

စနစ်တစ်ခု၊ ခေတ်တစ်ခုကို တော်လှန်နေကြပါတယ်ဆိုတဲ့ အသိုင်းအဝိုင်းမှာတောင် ယနေ့ထက်တိုင် အရိုးစွဲလာတဲ့အမြင်တွေနဲ့ အမျိုးသမီးတွေဟာ ဘောင်ခတ်ခံထားရဆဲဖြစ်ပါတယ်။

တော်လှန်ရေးကာလနောက်ပိုင်းမှာ အမျိုးသမီးအရေးလုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ မြင့်တက်လာနေပါတယ်လို့ ထုတ်ပြန်ကြေငြာချက်တွေ တရားဝင်ထုတ်ပြန်ပြီး ပညာပေးမှုတွေလုပ်ဆောင်နေကြတာကိုလည်း တွေ့ရပါတယ်။

"ကျွန်မယောကျ်ားရဲ့အနိုင်ကျင့် နှိပ်စက်မှုကိုမခံနိုင်လို့ ကွာရှင်းပေးဖို့ အကူအညီတောင်း ပေမယ့် ကျွန်မတို့လို နေရပ်စွန့်ခွာလာသူတွေအတွက် ကွာရှင်းပေးဖို့နေရာမရှိဘူး"

အိမ်တွင်းအကြမ်းဖက်မှု၊ ကျားမ အခြေပြုအကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတစ်ယောက်က သူမကို နှိပ်စက်နေတဲ့ အမျိုးသားလက်က ထွက်ပြေးဖို့နေရာ မရှိခဲ့ကြောင်းကို ပြောပြပါတယ်။

"လင်မယားလို အတူတူနေချင်လာရင် ပတ်ရမ်းပြီး ပြဿနာမျိုးစုံရှာတော့တာပဲ၊ သားသမီး အရှေ့မှာလည်း မရှောင်ဘူး" လို့ဆိုပါတယ်။

သူမဟာ မဲဆောက်မြို့မှာပဲ တိမ်းရှောင်ထွက်ပြေးနေထိုင်နေရပြီး အမှတ်မထင်လို့ သူမအမျိုးသားနဲ့လမ်းသွားရင်ဆုံခဲ့ရင် တွေ့ရာနေရာမှာ ရိုက်နှက်ခံရသေးပါတယ်။ ဒီလောက် အနှိပ်စက်ခံနေရလည်း ကူညီပေးမယ်သူမရှိခဲ့ဘူးလို့ ဆိုပါတယ်။

NUG တရားရေးအနေနဲ့ မြန်မာအမျိုးသမီးတွေအပေါ် ကျားမအခြေပြု အကြမ်းဖက်မှုတွေကို ကူညီဆောင်ရွက်ပေးနိုင်မှုဟာလည်း သိပ်အားတက်စရာမရှိတဲ့ အခြေအနေတစ်ခုပါ။

ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးအဖွဲ့တစ်ခုဖြစ်တဲ့ Global Aims က မြန်မာနိုင်ငံမှာ လက်ထပ် ထိမ်းမြားလာတဲ့ ဇနီးမောင်နှံတွေကို ထိုင်းနိုင်ငံတရားရုံးတွေမှာ ကွာရှင်းဖို့ လုပ်ဆောင်ပေးခြင်း မရှိဘူးလို့ ပြောပါတယ်။ အထူးသဖြင့် တရားဝင်အထောက်အထား မရှိခြင်းဟာလည်း အမှုဖွင့်ဖို့ အတွက် ခက်ခဲစေတဲ့ အချက်ထဲက တစ်ခုဖြစ်လို့နေပါတယ်။

"မီးမီးက ဘဝအပျက်မခံနိုင်တော့ သူများ နှိပ်စက်တာပဲ ခံနေရတာပေါ့"
တရားဝင်အထောက်အထားမရှိတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ စကားသံပါ။

နှိပ်စက်နေတဲ့ အမျိုးသမီးမှန်းသိရက်နဲ့ ဆွေမရှိ မျိုးမရှိအခြေအနေ၊ မြန်မာပြည်ပြန်ဖို့ကလည်း နိုင်ငံရေးအခြေအနေကြောင့် မဖြစ်နိုင်တဲ့အခြေအနေမှာ ထိုင်းနိုင်ငံနယ်စပ်မှာ နှိပ်စက်ခံနေရပါတယ် လို့ ဖွင့်ဟပြောခဲ့တာပါ။ ကိုယ်ဝန်ပျက်ကျစေတဲ့အထိကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီးဖြစ်ပါတယ်။ ကူရာကယ်ရာ မဲ့နေတဲ့ အနေအထားမှာ ညနက်သန်းခေါင်မှာ လမ်းမပေါ် ထွက်ပြေးရင်း နှိပ်စက်နေတဲ့အမျိုးသားဆီက ထွက်ပြေးလွတ်မြောက်လာခဲ့သူပါ။

မြန်မာဒီမိုဂရပ်ဖစ်အဖွဲ့အစည်းက ထုတ်ပြန်ချက်အရ အမျိုးသမီး ၇ ဦးတွင် တစ်ဦးက အကြမ်းဖက်ခံနေရပြီး အဓိကအားဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာတွေမက ထိခိုက်ဒဏ်ရာတွေ ပါ ရရှိကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလို စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရပေမယ့် ကျူးလွန်သူတွေဟာ ပြစ်ဒဏ်မခံရဘဲ နစ်နာသူတွေကသာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အနေအထားတွေ ဖြစ်နေကြပါတယ်။

မြန်မာနိုင်ငံမှာ အရင်ကတည်းက အမျိုးသမီးတွေအပေါ်ကျူးလွန်တဲ့ မုဒိမ်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်တပ်က လက်နက်အဖြစ်နဲ့ အသုံးပြုတာ နှစ်ကာလ အတော်ကြာခဲ့ပါပြီ။ စစ်တပ်ဟာလည်း သူတို့ကျူးလွန်မှုအတွက် ပြစ်ဒဏ်မခံရဘဲ ကင်လွတ်ခွင့် ရနေကြတယ်လို့ ၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့တဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြက်ဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ ခေတ်အဆက်ဆက်မှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေအောင် အခွင့်ပေးထားကြတဲ့ လူ့အဖွဲ့အစည်းထဲက အမြင်တွေ၊ ဓလေ့ထုံတမ်းတွေ၊ သဘောထားတွေကို ရပ်တန့်ပြစ်ကြဖို့လိုတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက တိုက်တွန်းနေမှုတွေကိုလည်း ခပ်စိပ်စိပ် မြင်တွေ့လာရပါတယ်။

နစ်နာသူ၊ ရှင်သန်လွတ်မြောက်လာသူ အမျိုးသမီးတွေဟာ လူမှုပတ်ဝန်းကျင်မှာ ပြန်လည် ဝင်ရောက်ဖို့အတွက် ကြိုးစားရသလို၊ နစ်နာခံစားခဲ့ရမှုအတွက် တရားမျှတမှု မရှာဖွေနိုင်တဲ့ အခြေအနေတစ်ရပ်ကိုလည်း နာနာကျင်ကျင်နဲ့ ပိုက်ထွေးနေရဆဲဖြစ်ပါတယ်။

တော်လှန်ရေးကာလ အစက သက်ငယ်မုဒိမ်းအမှု လက်သည်ပျောက်နေခဲ့သလို…
၁၄ နှစ်ကြာသွားတဲ့အထိ နာကျင်နေတဲ့အတိတ်နဲ့ ရှင်သန်နေရသူ မချစ်ပန်းလို အမျိုးသမီးတွေ ထပ်မတိုးပွားလာစေဖို့ စိတ်ဆန္ဒဖြင့် တင်ပြလိုက်ပါတယ်။

နစ်နာသူ၊ ရှင်သန်လွတ်မြောက်လာသူ အမျိုးသမီးတွေဟာ လူမှုပတ်ဝန်းကျင်မှာ ပြန်လည် ဝင်ရောက်ဖို့အတွက် ကြိုးစားရသလို၊ နစ်နာခံစားခဲ့ရမှုအတွက် တရားမျှတမှု မရှာဖွေနိုင်တဲ့ အခြေအနေတစ်ရပ်ကိုလည်း နာနာကျင်ကျင်နဲ့ ပိုက်ထွေးနေရဆဲဖြစ်ပါတယ်”
 

အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media