ရေးသားသူ- လွန်း
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။
စစ်အာဏာသိမ်းမှုနှစ်နှစ်အကြာ ၂၀၂၃ ခုနှစ်၊ မေလတွင် ပြည်သူများကို အံ့သြတုန်လှုပ် စေသည့် သတင်းစကားတစ်ခု ပေါ်ထွက်လာခဲ့ပါသည်။ ထိုသတင်းကတော့ မဲဆောက်က သက်ငယ်မုဒိမ်းမှုဆိုသည့် သတင်းစကားတစ်ခုပင် ဖြစ်သည်။
စစ်အာဏာရှင်စနစ်ကို တွန်းလှန်သည့်ပြည်သူများဟာ စစ်ကောင်စီ၏ဖမ်းဆီးမှုကို ရှောင်တိမ်းရန်အတွက် နယ်စပ်ဒေသများတွင် ခိုလှုံနေထိုင်ရန် အိုးပစ်အိမ်ပစ် ထွက်ခွာခဲ့ကြရသည်။ ထိုသူများထဲတွင် ရန်ကုန်တက္ကသိုလ် CDM ဆရာမနှင့် သမီးဖြစ်သူတို့လည်း အပါအဝင် ဖြစ်ခဲ့သည်။ စစ်ကောင်စီ၏ ဖမ်းဆီးမှုကိုတိမ်းရှောင်ရန်အတွက် ထိုင်းနယ်စပ်ကို ရွေ့ပြောင်းနေထိုင်ခဲ့ကြသည်။
CDM ဆရာမတို့ငှားနေသည့် အိမ်ခန်းတွဲများဟာ စုပေါင်းရေချိုးခန်း၊ အိမ်သာကို အသုံးပြုကြရသည့် နေရာမျိုးဖြစ်သည်။ သက်ငယ်မုဒိမ်းမှုကျူးလွန်သူဟာ CDM ဆရာမ၏ အသက် (၅) နှစ်အရွယ် သမီးဖြစ်သူကို အများသုံးအိမ်သာတွင် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ ပြုလုပ်ခဲ့သည် ဟု အမျိုးသားညီညွတ်ရေးအစိုးရထံ တိုင်ကြားသည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။
ကျူးလွန်သူဟာ တွံ့တေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အလုပ်မှုဆောင် အတွင်းရေးမှူးဆိုသူပင် ဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး၊ ဝန်ကြီးရုံး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန တို့ကို တိုင်ကြားစာပေးပို့ခဲ့သည်။အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများအနေဖြင့် CDM ဆရာမနှင့် သမီးငယ်ကို နေရာပြောင်းရွေ့နေထိုင်စေကာ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးထားသည် ဟု ၎င်းတို့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းများက ဆိုပါသည်။
“ ကျူးလွန်သူအများစုဟာ တော်လှန်သူအချင်းချင်းမို့ဆိုသည့် ခေါင်းစဉ်အောက်၊ တော်လှန်ရေးမျက်နှာဖုံးအောက်မှာ အပြစ်ပေးခံရမှုများ အကာအကွယ်ရနေပြီလား ဆိုသည်ကို မေးခွန်းထုတ်သင့်ပါသည် ”
၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအထိ ကျူးလွန်သူဆိုသည့်အမျိုးသားကို ဖမ်းဆီးထားသည်ဆိုသည့် သတင်းအကြောင်းအရာကို မည်သည်ကမှထုတ်ပြန်ထားသည်ကို မတွေ့ရသေးပေ။ အာဏာရှင်၏ ပယောဂကြောင့် ရေခြားမြေခြားမှာ အတိဒုက္ခတွေကြားရုန်းကန်ရင်း ရှင်သန်နေရသည့် လူမမယ် ကလေးငယ် နှင့်မိခင်ဖြစ်သူတို့ဟာ တစ်ပူပေါ်နှစ်ပူဆင့်အဖြစ်မျိုးနှင့် ကြုံခဲ့ရသည်။ ဖြစ်စဉ်စတင်ချိန် မှာ အမှုမှန်ပေါ်ပေါက်ရန် နှိုးဆော်အသံထွက်ကြပေမယ့် အချိန်ကြာလာသည်နှင့်အမျှ တရားမျှတမှု ရရန် အလှမ်းဝေးနေဆဲဖြစ်သည်။
နောက်ထပ်ဖြစ်စဉ်ကလည်း တော်လှန်ရေးလှုပ်ရှားမှုများအကြားတွက် အထိတ်တလန့် ထပ်မံဖြစ်ခဲ့ရသည်။ တော်လှန်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေသည့် အမျိုးသမီးငယ်များကို ရဟန်း တစ်ပါးက လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်သည့်ဖြစ်စဉ် ဖြစ်သည်။
ရဟန်းတစ်ပါးက လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်သည့်အပြုအမူများ ကျူးလွန်ခဲ့သည့် အကြောင်း ကာယကံရှင်အမျိုးသမီးများကိုယ်တိုင်က ၂၀၂၃ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ အမျိုးသမီးငယ်များဟာ ထောက်ပို့တာဝန် ထမ်းဆောင်နေကြသူများ ဖြစ်ပြီး အဆိုပါဆရာတော်ဆိုသူနှင့် တော်လှန်ရေးအလုပ်၊ အလှူငွေကိစ္စ၊ ထောက်ပို့ကိစ္စများနှင့် ဆက်စပ်ကာ ရင်းနှီးဖြစ်ကြသည်။
ဆရာတော်ဆိုသူက တော်လှန်ရေးနှင့်ပတ်သက်သည့် အလုပ်များကို အကြောင်းပြကာ အမျိုးသမီးငယ်များကို ချည်းကပ်ခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းကတဆင့် လိင်ပိုင်း ဆိုင်ရာထိပါးသည့် စကားလုံးအသုံးအနှုန်း၊ အပြုအမူများဖြင့် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသမီးငယ်များက ထုတ်ဖော်ပြောဆိုထားသည်။
ထိုကျူးလွန်မှုများကြောင့် အဆိုပါဆရာတော်အနေဖြင့် နစ်နာသူများကို ဝန်ချတောင်းပန်ရန်၊ လူဝတ်လဲရန် အမျိုးသမီးအဖွဲ့အစည်းများ၊ ကျူးလွန်ခံခဲ့ရသူများက ထုတ်ဖော်ဝေဖန်ထားကြ သော်လည်း အဆိုပါဆရာတော်ကတော့ သူပြောတာမဟုတ်ဘဲ အကောင့်တုဟု ဆိုကာ ငြင်းပယ်ထားသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရထံကိုလည်း တိုင်ကြားစာပေးပို့ထားသည်ဟု သိရပါတယ်။
ကျူးလွန်သူဟု ထုတ်ဖော်ပြောဆိုခြင်းခံထားရသူဟာ တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူဖြစ်သည့်အပြင် သံဃာတစ်ဦးဖြစ်နေသည့်အတွက် အမျိုးသမီးများအနေဖြင့် ထုတ်ဖော်ပြောဆိုရန် အတော်ပင် အားစိုက်ခဲ့ကြရသည်။ ထုတ်ဖော်ပြောဆိုသည့်အခါတွင်လည်း အမျိုးသမီးငယ်များအပေါ် ပြန်လည်အပြစ်တင်ဝေဖန်မှုများဖြင့် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရပါသည်။
လက်တလောဖြစ်ရပ်တခုမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ နိုင်ငံခြားရေး ကိုယ်စားလှယ်က ရုံးအတွင်းရေးမှူးဖြစ်သူ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုပြုလုပ်ခဲ့သည့် အကြောင်းအရာတခုလည်း ဖြစ်ပွားခဲ့သည်။ ကျူးလွန်ခံရသူအမျိုးသမီးက အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တိုင်ကြားခဲ့ပေမဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါအမျိုးသားကို နှုတ်ဖြင့်သတိပေးမှုသာ ပြုလုပ်ခဲ့ပါသည်။
ထိုဖြေရှင်းချက်ကို မကျေနပ်သည့်အတွက် အဆိုပါအမျိုးသမီးဟာ တရားမျှတမှုရရှိရန်အတွက် ထပ်မံကြိုးစားခဲ့သည်။ ထို့နောက် အဆိုပါကိစ္စကိုဆက်လက်စစ်ဆေးနေပြီး အမှုစစ်ဆေးနေစဉ် ကာလအတွင်း ကျူးလွန်သူဟု တိုင်ကြားခံရသည့်အမျိုးသားကို ရာထူးမှယာယီရပ်ဆိုင်းထားကြောင်း NUG က အသိပေးထုတ်ပြန် ထားသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့တွင် နိုင်ငံရေးခြားရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖြစ်မှ ဆလိုင်းအိုက်ဇင်ခင်အား ထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။
ထို့အပြင် တော်လှန်ရေးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များက ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအကြောင်းလည်း ခပ်စိတ်စိတ်ကြားသိခဲ့ရသည်။
အထက်ပါဖြစ်စဉ်များကိုကြည့်ပါက တော်လှန်ရေးကာလအတွင်းမှာ တော်လှန်ရေး လှုပ်ရှားမှုများ ဆောင်ရွက်သူများက ကျူးလွန်နေခြင်းဖြစ်သည်။ ကျူးလွန်သူအများစုဟာ တော်လှန်သူအချင်းချင်းမို့ဆိုသည့် ခေါင်းစဉ်အောက်၊ တော်လှန်ရေးမျက်နှာဖုံးအောက်မှာ အပြစ်ပေးခံရမှုများ အကာအကွယ်ရနေပြီလားဆိုသည်ကို မေးခွန်းထုတ်သင့်ပါသည်။
တချိူ့ကလည်း တော်လှန်ရေးကအရေးကြီးလို့ တော်လှန်ရေးပဲအရင်လုပ် ကျန်တာ နောက်မှလုပ်ဆိုသည့်စဉ်းစားချက်များက ကျူးလွန်ခံရသည့်အမျိုးသမီးများအပေါ် မစာနာသည့် စဉ်းစားချက်များသာ ဖြစ်ပါသည်။ တရားမျှတမှုကိုဝိုင်းဝန်းရှာဖွေပေးရမည့်အစား ဘာကြောင့် အနာပေါ်ဆားသိပ်သည့် စဉ်းစားချက်မျိုးကို ပြောထုတ်ရက်ကြပါလိမ့်။
ကျူးလွန်ခံခဲ့ရသည့် ဆက်လက်ရှင်သန်သူများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်မှုတွေကို ဘယ်အရာတွေက ကုစားပေးနိုင်မှာပါလဲ။ ကျူးလွန်သူများကို ထိုက်သင့်သည့်အပြစ်ပေးမှုကသာလျှင် အကောင်းဆုံး အဖြေ ဖြစ်ပါလိမ့်မည်။
ကျူးလွန်ခံရသူများအနေဖြင့်လည်း နှုတ်ဆိတ်မနေရန်၊ ကျူးလွန်သူများကလည်း တော်လှန်ရေးမျက်နှာဖုံးတပ်ကာ အကာအကွယ်မယူရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းများက တာဝန်ရှိသူများအနေဖြင့်လည်း ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မပေးရန် အလွန်အရေးကြီးပါသည်။ ထိုမှသာ စစ်အာဏာရှင်နှင့်အတူ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ၊ မတရားမှုများကို တပါထဲတွန်းလှန်နိုင်မှာ ဖြစ်ပေသည်။
“ ကျူးလွန်ခံခဲ့ရသည့် ဆက်လက်ရှင်သန်နေသူများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်မှုတွေကို ဘယ်အရာတွေက ကုစားပေးနိုင်မှာပါလဲ ”
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media