ရေးသားသူ- ပျိုး
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။
မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တားဆီးကာကွယ်ရန် ပြဋ္ဌာန်းထားသော နိုင်ငံတကာ သဘောစာချုပ်များတွင် ပါဝင်သော နိုင်ငံတစ်ခုဖြစ်ပါသည်။ (၁၉၉၇) ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်တွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (စီဒေါ) ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး (၂၀၀၀) ခုနှစ်တွင် ကနဦးအစီရင်ခံစာကို တင်သွင်းခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ ဘေဂျင်းကြေညာစာတမ်းနှင့် ဘေဂျင်းလုပ်ငန်းစီမံချက် တို့တွင် ပါဝင်လက်မှတ် ရေးထိုးထားသည့်နိုင်ငံဖြစ်ကာ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ သဘောတူစာချုပ် (CRC) တွင်လည်း ပါဝင်ထားသည့် နိုင်ငံလည်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ထောင်စုနှစ်ဖွံ့ဖြိုးမှုပန်းတိုင်များ (MDGs) နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) တို့ကို ဆောင်ရွက်ရန် သဘောတူညီချက်ပေးခဲ့ပြီး (၁၉၉၄) လူဦးရေနှင့် ဖွံ့ဖြိုးမှု နိုင်ငံတကာအစည်းအဝေး (ICPD) ကို ပူးပေါင်းပါဝင်ခဲ့သည့်အပြင် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။
ထိုနိုင်ငံတကာစာချုပ်များနှင့်အညီ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ စနစ်တကျ ကျူးလွန်သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကာကွယ်နိုင်ရန်၊ လျော့ပါးလာရန်နှင့် တရားမျှတမှုကို ပြန်လည်ဖော်ဆောင်ပေးနိုင်ရန် ကြိုးပမ်းချက်များ ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းအချိန်တွင် အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် လူအခွင့်အရေးအားလုံး ဆိတ်သုန်းခဲ့ရသည်။
လက်ရှိတော်လှန်ရေး ကာလတွင် တရားဥပဒေစိုးမိုးနိုင်မှုသည် အလွန်အားနည်းနေသလို တဖက်တွင်လည်း အကြမ်းဖက်မှု မျိုးစုံ မြှင်တက်နေသည့် ကာလဖြစ်သည်။ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူမှုအသိုက်အမြုံ များမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့ပါးလာရန်နှင့် တရားမျှတမှု ဆောင်ကျဉ်းပေး နိုင်ရန်နှင့် လူမှုအသိုက်အမြုံအတွင်းပြန်လည် ရပ်တည်နိုင်ရန် ကာကွယ်မှုများနှင့် စောင့်ရှောက်မှုများ ကို ဆောင်ရွက်ပေးရန် အလွန်အရေးကြီးသည်။
ဂျန်ဒါ အခြေပြုအကြမ်းဖက်မှုများ၊ ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှင့် ပတ်သက်၍ စစ်တမ်းများကောက်ခံခြင်း၊ စနစ်များ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ စာချုပ်စာတမ်းများနှင့် အကောင်အထည်ဖော်မှုများတွင် ဂုဏ်သိက္ခာထိန်းသိမ်းပိုင်ခွင့်၊ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်၊ ကျန်းမာရေးခံစားခွင့်၊ လုံခြုံရေးရပိုင်ခွင့်၊ တရားမျှတမှုရရှိခွင့်၊ အမှန်တရားရှာဖွေခွင့်၊ ထိရောက်သော ပြန်လည်ကုစားမှုရရှိခွင့် စသည့်အခွင့်အရေးများကဲ့သို့ ဆက်လက်ရှင်သန်သူများ ၏ အခြေခံလူ့အခွင့်အရေးများကို အလေးထားပြီး လုပ်ဆောင်ရရမည်။
ဆက်လက်ရှင်သန်သူ များကို ဗဟိုပြု၍ဆောင်ရွက်နိုင်ရန် ပါဝင်ပတ်သက်သူတိုင်းက မည်သည့်အခြေအနေတွင်မဆို လိုက်နာကျင့်သုံးသင့်ပေသည်။ထို့ကြောင့် ဂျန်ဒါ အခြေပြုအကြမ်းမှုနှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရန်အတွက် ထည့်သွင်းစဉ်းစားရမည့် ကျင့်ဝတ်နှင့်အခြေခံမူများနှင့် ယန္တရားများကို ဖော်ပြအပ်ပါသည်။
အခြေခံမူများ
အခြေခံမူ (၁) အသက်ရှင်သန်ကျန်ရစ်သူများကို တစ်ဦးချင်းစီ နားလည်အောင်ဆောင်ရွက်ပါ။
၁.၁။ ဆက်လက်ရှင်သန်သူတစ်ဦးချင်းအပေါ် မူတည်၍ လိုအပ်သလိုပြောင်းလဲပါ။ ဆက်လက်ရှင်သန်သူများသည် တစ်ဦးနှင့်တစ်ဦး မတူညီကြကြောင်း လေးစား အသိအမှတ်ရမည်။ လူတစ်ဦးချင်းစီ၏ အသက်အရွယ်၊ ဂျန်ဒါ၊ ပြောင်းလဲနေသော စွမ်းဆောင်ရည်များ၊ ခံနိုင်ရည်စွမ်း၊ အခြားသူများအပေါ်ထားရှိသည့် ဆက်ဆံရေးနှင့် ပတ်သက် ဆက်နွယ်မှုများ၊ လူမှုစီးပွားရေးနှင့်နိုင်ငံရေးအခြေအနေများ၊ ၎င်းတို့ကြုံတွေ့ရ သော ခွဲခြားဆက်ဆံမှုများ စသည့် ၎င်းတို့၏ ကိုယ်ပိုင်ဝိသေသလက္ခဏာများ၊ ကြင်အင် လက္ခဏာများ၊ အစုအဖွဲ့များနှင့် နောက်ခံအခြေအနေများ အပေါ်မူတည်ပြီး ချည်းကပ်မှု ပုံစံကို လိုအပ်သလို ပြောင်းလဲလုပ်ဆောင်ရမည်။
၁.၂။ ဆက်လက်ရှင်သန်သူများ၏ ဖြစ်တည်မှုနှင့်ပတ်သက်၍ဖြစ်စေ ၎င်းတို့၏ အတွေ့အကြုံများနှင့် ပတ်သက်၍ဖြစ်စေ ထင်မြင်မှုအရ ကောက်ချက်ချခြင်းကို မပြုရပါ။
၁.၃။ ဆက်လက်ရှင်သန်သူများကို မေးမြန်းပါ။ ကလေးသူငယ်အရွယ် ဆက်လက် ရှင်သန်သူများ အပါအဝင် ဆက်လက်ရှင်သန်သူများကို ၎င်းတို့ လိုချင်သောအရာများ၊ ဦးစားပေးသည့် အရာများ၊ စိုးရိမ်ပူပန်မှုများ၊ အန္တရာယ်များ၊ လက်ရှိအခြေအနေများ စသည်တို့နှင့် ပတ်သက်၍ မေးမြန်းပြီး ၎င်းတို့၏ဆန္ဒအတိုင်း မိမိအဖွဲ့အစည်းတို့တွင်ရှိသော လုပ်နိုင်ခွင့်နှင့် အရင်းအမြစ်အတိုင်းအတာအတွင်းမှ အတတ်နိုင်ဆုံး လက်ခံဖြည့်ဆည်းဆောင်ရွက်ရမည်။
၁.၄။ ဆက်လက်ရှင်သန်သူများ၏ လုံခြုံရေးကိုဦးစားပေးပါ။ အဖွဲ့အစည်းလုပ်ငန်း၏ ရည်မှန်းချက်များ ထက်စာလျှင် ဆက်လက်ရှင်သန်သူများ၏ လုံခြုံရေး၊ ကျန်းမာ အဆင်ပြေရေးနှင့် ဂုဏ်သိက္ခာတို့ကို အမြဲအလေးထားရမည်။
၁.၅။ ပိုမိုကြီးမားသော အန္တရာယ်ကြုံတွေ့နိုင်ခြေများကို သတ်မှတ်ဖော်ထုတ်ပြီး သီးသန့်ကြိုတင် ကာကွယ်မှု အစီအစဉ်များကို ဖြည့်စွက်ဆောင်ရွက်ရမည်။
၁.၆။ တရားမျှတမှုရရှိရေး ကူညီပံ့ပိုးပေးပါ။
၁.၇။ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဝိသေသလက္ခဏာကို အသိအမှတ်ပြုလေးစားပါ။
၁.၈။ ခွဲခြားဆက်ဆံခြင်းမပြုပါနှင့်။ နှိပ်ကွပ်ခံရခြင်းကြောင့်ဖြစ်စေ၊ ခွဲခြားဆက်ဆံခံရခြင်းကြောင့် ဖြစ်စေ၊ စွမ်းရည်မရှိသူဟု ယူဆခံရခြင်းကြောင့်ဖြစ်စေ၊ ထိခိုက်နစ်နာသူများအဖြစ် သတ်မှတ်ခြင်းမခံရသောကြောင့်ဖြစ်စေ မကြာခဏ ဖယ်ကြဉ်ခံထားရသောသူများ သို့မဟုတ် နှုတ်ဆိတ်နေရသောသူများ ပါဝင်လာနိုင်ရန်နှင့် ၎င်းတို့အတွက် သင့်တော်သောအစီအစဉ်များ ဖန်တီးပေးရမည်။
အခြေခံမူ (၂) အသက်ရှင်သန်ကျန်ရစ်သူများ၏ အခြေအနေကိုထိန်းချုပ်ခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားပါ။
၂.၁။ ဆက်လက်ရှင်သန်သူများအား အမှတ်မထင်ချဉ်းကပ်ခြင်းကို ရှောင်ရှားပါ။ တတ်နိုင်သမျှ ရှိပြီးသား စေ့စပ်သေချာစွာစိစစ်ထားသောနည်းလမ်း သို့မဟုတ် လွှဲပြောင်းရေးဆုံမှတ်များ မှတစ်ဆင့် အလုပ်လုပ်ရမည်။ သို့မဟုတ် လုံခြုံစိတ်ချရသော လမ်းကြောင်းများ ဖန်တီးပေးရမည်။
၂.၂။ ဆက်လက်ရှင်သန်သူတစ်ဦး၏ ရွေးချယ်မှုများကို လေးစားပါ။
၂.၃။ ဆက်လက်ရှင်သန်သူများက ၎င်းတို့အချက်အလက်များကို ကိုယ်တိုင်ထိန်းချုပ်နိုင်ခွင့်ကို လေးစားကာ ရှင်းလင်းတိကျသော သဘောတူချက်မရဘဲ အသုံးပြုခြင်း၊ ဝေမျှခြင်း ပြုလုပ်သွားမည် မဟုတ်ပါ။
၂.၄။ ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် ပံ့ပိုးကူညီပေးရမည်။
၂.၅။ ကလေးသူငယ်များနှင့်အတူ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ကလေးသူငယ်များ၏ပါဝင်ခွင့်ကို လေးစားလိုက်နာရမည်။ ထို့ပြင် အုပ်ထိန်းသူများ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ ဥပဒေကြောင်းအရ လိုအပ်ချက်များကိုလည်း နားလည်သဘောပေါက်အောင် ဆောင်ရွက်ရမည်။
၂.၆။ ဖိအားများကိုလျော့ချပါ။ ။ ဆက်လက်ရှင်သန်သူများအား ၎င်းတို့၏အချက်အလက်များကို ဝေမျှရန် ဖိအားပေးမှုဖြစ်စေနိုင်သည့် အကြောင်းတရားများ လျော့နည်းသွားအောင် ကြိုတင်ဆောင်ရွက်ရမည်။
၂.၇။ အချက်အလက်များရရှိရန် အကျိုးအမြတ်ပေး၍ မက်လုံးမပေးပါနှင့်။
၂.၈။ စစ်မှန်သောမျှော်လင့်ချက်ထားအောင် အခိုင်အမာဆောင်ရွက်ပါ။ ဆက်လက်ရှင်သန်သူ များက မျှော်လင့်ထားသောအရာများနှင့် ပတ်သက်၍ ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးပြီး ၎င်းတို့အနေဖြင့် လက်တွေ့ကျသော မျှော်လင့်ချက်များအပေါ် အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်အောင် ကူညီပံ့ပိုးပေးရမည်။
၂.၉။ ကန့်သတ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားမှုရှိပါ။ ။အဖွဲ့အစည်းများအနေဖြင့် မိမိလုပ်နိုင်သည့်အရာနှင့် မလုပ်နိုင်သည့်အရာများ၊ အကာအကွယ်ပေးနိုင်သည့်အရာနှင့် အကာအကွယ်မပေးနိုင်သည့်အရာများ၊ တစ်ဦးချင်းစီ၏ အကန့်အသတ်များနှင့် လုပ်ငန်းသဘောအရ ကန့်သတ်ချက်များ စသည်တို့နှင့်ပတ်သက်၍ ဆက်လက်ရှင်သန်သူ များကို ရှင်းလင်းရိုးသားစွာ အသိပေးရန် လိုအပ်သည်။
၂.၁၀။ သဘောတူညီချက် ပြန်လည်ရုတ်သိမ်းခြင်းကို လေးစားလိုက်နာပါ။ ဆက်လက်ရှင်သန်သူ များသည် သဘောတူညီချက်ပေးထားခြင်းကို အချိန်မရွေး ပြန်လည်ရုတ်သိမ်းခွင့်ရှိကြောင်း နှင့် ထိုသို့ပြန်လည်ရုတ်သိမ်းလိုပါက မည်ကဲ့သို့အသိပေး အကြောင်းကြားနိုင်ကြောင်း ၎င်းတို့သိရှိနားလည်အောင် ဆောင်ရွက်သွားရမည်။
အခြေခံမူ (၃) တာဝန်ယူမှု၊ ဖြောင့်မတ်မှုရှိပါ။
၃.၁။ အချက်အလက်ကောက်ယူသူများအနေဖြင့် ဆက်လက်ရှင်သန်သူများ၏ ရွေးချယ်မှုကို အကြောင်းပြု၍ အချက်အလက်ကောက်ယူသူများသည် တာဝန်ခံမှုရှိစွာ လုပ်ဆောင်ရမည်။
၃.၂။ ဆက်လက်ရှင်သန်သူများကို ဆုံးဖြတ်ချက်ချသူများအဖြစ် သဘောထားကာ ဂုဏ်သိက္ခာ၊ လေးစားမှု၊ လူသားဆန်မှု၊ ယဉ်ကျေးမှု၊ အသိအမှတ်ပြုတန်ဖိုးထားမှုရှိစွာဖြင့် ပံ့ပိုးကူညီ သွားမည်။
၃.၃။ အသက် ရှင်သန်ကျန်ရစ်သူများအား နှိမ့်ချဆက်ဆံခြင်းမပြုလုပ်ရပါ။
၃.၄။ စုဆောင်းကောက်ယူထားသည့် အချက်အလက်များနှင့် ပတ်သက်၍ နားလည်မှုနှင့် ပြန်လည်တင်ပြမှုသည် မှန်ကန်မှုရှိစေရန်လည်းကောင်း၊ လွဲမှားဖော်ပြချက်များ သို့မဟုတ် ထင်မြင်ချက်များ ပါဝင်မှုမရှိစေရန်လည်းကောင်း တိကျသေချာမှုရှိအောင် အခိုင်အမာ ဆောင်ရွက်ရမည်။
၃.၅။ ဆက်လက်ရှင်သန်သူများ အပေါ်ဖြစ်စေ၊ ၎င်းတို့၏အချက်အလက်များကိုဖြစ်စေ ညှစ်ယူခြင်း၊ အသုံးချခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ နိုင်ထက်စီးနင်းပြုခြင်း၊ ထိပါးနှောင့်ယှက်ခြင်း၊ အခွင့်အရေးယူခြင်း မပြုလုပ်ရပါ။
၃.၆။ ယုံကြည်စိတ်ချရသူဖြစ်အောင် ဆောင်ရွက်ပါ။
၃.၇။ ဖြစ်နိုင်ခြေ သက်သေအထောက်အထားများကို မထိခိုက်ပါစေနှင့်။
၃.၈။ တာဝန်ခံမှုရှိပါ။
အခြေခံမူ (၄) အကျိုးမပြုနိုင်လျှင် မလုပ်ဆောင်ပါနှင့်။
၄.၁။ တာဝန်ယူမှုရှိသော ဆုံးဖြတ်ချက်များချပါ။ ။
၄.၂။ မည်သည့်အခန်းကဏ္ဍနှင့်ရည်ရွယ်ချက်များ ရှိကြောင်း ရိုးသားရှင်းလင်းစွာ အသိပေးပါ။
၄.၃။ အချက်အလက်များရရှိနိုင်သော အခြားသတင်းအရင်းအမြစ်များကို စူးစမ်းပါ။
၄.၄။ မျှော်မှန်းထားသောရလဒ်များသည် လက်တွေ့ကျနိုင်သလား သုံးသပ်ပါ။
၄.၅။ မိမိအဖွဲ့အစည်းအနေဖြင့် ဆက်လက်ရှင်သန်သူများအတွက် တစ်စုံတရာ တန်ဖိုးမြှင့်တင်မှု သို့မဟုတ် အကျိုးပြုမှု ဖြစ်စေနိုင်ကြောင်း ရိုးသားစွာ ပြန်လည်ဆင်ခြင်သုံးသပ်ရမည်။ မိမိတို့၏လုပ်ဆောင်မှုသည် တစ်စုံတရာ တန်ဖိုး မြှင့်တင်ပေးနိုင်မှုရှိမှသာ ဆက်လက် လုပ်ဆောင်သွားရမည်။
၄.၆။ အကျိုးနှင့်အပြစ်ကိုချိန်ဆလုပ်ဆောင်ရမည်။
၄.၇။ မကောင်းသောအလေ့အထများကို အားပေးသည့်အရာများအား တွန်းလှန်ရမည်။
၄.၈။ ထိတွေ့ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်နိုင်သည့်အန္တရာယ်များကို အတတ်နိုင်ဆုံး လျော့ချရမည်။
၄.၉။ မိမိတို့ကောက်ယူထားသော ၎င်းတို့၏အချက်အလက်များကို အခြားသော ယုံကြည်စိတ်ချ ရသည့် အစုအဖွဲ့များထံသို့ ပြန်လည်ဝေမျှစေလိုခြင်း ရှိမရှိ ၎င်းတို့နှင့် ဆွေးနွေးတိုင်ပင်ပြီး သတင်းအချက်အလက် မျှဝေမှု ပြုလုပ်ရမည်။
၄.၁၀။ အနည်းဆုံးအချက်အလက်ကောက်ယူမှုဖြစ်အောင် ဆောင်ရွက်ရမည်။
အခြေခံမူ (၅) ကြိုတင်ပြင်ဆင်ခြင်းသည် အခြေခံအုတ်မြစ်ဖြစ်သည်။
၅.၁။ ကြိုတင်ပြင်ဆင်ပါ။ အချက်အလက်စတင်မကောက်ယူမီ၊ အထူးသဖြင့် အသက်ရှင်သန် ကျန်ရစ်သူများနှင့် မည်သည့်ထိတွေ့ဆက်သွယ်မှုမှ မပြုလုပ်မီ နှံ့စပ်သေချာစွာ အစီအစဉ်ဆွဲခြင်းနှင့် အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုအပ်သော အသိပညာ၊ စွမ်းဆောင်ရည်၊ အလုပ်အဖွဲ့၊ မူဝါဒများ နှင့် လုပ်ထုံးလုပ်နည်းများ အဆင်သင့်ဖြစ်နေစေရန် အခိုင်အမာဆောင်ရွက်သွားမည်။
၅.၂။ ဆက်လက်ရှင်သန်သူများ၏ ရွေးချယ်မှုများနှင့်အညီ ပြုပြင်ပြောင်းလဲနိုင်အောင် အခိုင်အမာဆောင်ရွက်ပါ။
၅.၃။ အန္တရာယ်ဖြစ်နိုင်ခြေများကိုဆန်းစစ်ပြီး လျော့ပါးအောင်ဆောင်ရွက်ပါ။
၅.၄။ အဝေးမှဆက်သွယ်ဆောင်ရွက်ရာတွင် ကြုံရနိုင်သည့် ကွဲပြားသောစိန်ခေါ်မှုများနှင့် ဖြစ်နိုင် ခြေအန္တရာယ်များကို နားလည်အောင် အခိုင်အမာဆောင်ရွက်သွားရမည်။
၅.၅။ အခြားမည်သူများက အချက်အလက်ကောက်ယူနေသည်ကို သိအောင်ဆောင်ရွက်ပါ။
၅.၆။ ရရှိနိုင်သောအကူအညီများအကြောင်း သိရှိအောင်ဆောင်ရွက်ပါ။
၅.၇။ မတူညီသောကဏ္ဍအသီးသီးကြား ညှိနှိုင်းပြီး ပူးပေါင်းလုပ်ဆောင်ပါ။
၅.၈။ မျှော်လင့်မထားသော ဖွင့်ဟပြောဆိုမှုများအတွက် ကြိုတင်ပြင်ဆင်ပါ။
၅.၉။ ဆက်လက်ရှင်သန်သူများမှ လိုအပ်ပါက ထပ်မံဆက်သွယ်နိုင်ရန် လုံံခြုံမှုရှိသည့် ဆက်သွယ်ရေးရှိရန် ဆောင်ရွက်ပေးပါ။
၅.၁၀။ သင်၏အလုပ်အဖွဲ့နှင့် မိတ်ဖက်များကို ရှင်းလင်းတင်ပြပါ။
အခြေခံမူ (၆) ဆက်စပ်အခြေအနေများကို သိရှိနားလည်အောင်ဆောင်ရွက်ပါ။
၆.၁။ ဆက်စပ်အခြေအနေကို သိရှိအောင်ဆောင်ရွက်ပါ။ ဆက်လက်ရှင်သန်သူများ၊ ၎င်းတို့၏ မိသားစုများ၊ ၎င်းတို့၏အသိုင်းအဝိုင်းများနှင့် ပတ်သက်၍ မိမိအဖွဲ့အစည်း၏ လုပ်ဆောင်မှု တို့အပေါ် ကောင်းကျိုးဖြစ်စေ၊ ဆိုးကျိုးဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကျရောက် စေနိုင်သော သက်ရောက်မှုများကို ကျွန်ုပ်တို့ဖော်ထုတ်သွားမည်။
၆.၂။ ရိုးရာယဉ်ကျေးမှုကို နားလည်အောင်ဆောင်ရွက်ရမည်။
၆.၃။ ဂျန်ဒါအကြောင်း နားလည်အောင်ဆောင်ရွက်ရမည်။
၆.၄။ SCRSVနှင့်ပတ်သက်၍ဖြစ်စေ ဆက်လက်ရှင်သန်သူများနှင့်ပတ်သက်၍ဖြစ်စေ ခွဲခြားသည့် ကဲ့ရဲ့မှုများကို နားလည်အောင် ဆောင်ရွက်ရမည်။
၆.၅။ လူမှုအသိုင်းအဝိုင်းအတွင်းရှိ အခင်းအကျင်းကို သိရှိအောင်ဖော်ထုတ်ပါ။
၆.၆။ တစ်ဦးချင်းအပေါ်ဖြစ်စေ၊ အုပ်စုလိုက်အပေါ်ဖြစ်စေ၊ အကြောင်းအရာပေါင်းစုံအလိုက် ဖြစ်စေ ကျရောက်နိုင်သော ထိခိုက်နစ်နာမှုများကို အသိအမှတ်ပြုပါ။
၆.၇။ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိအောင် ဆောင်ရွက်ပါ။
၆.၈။ သင့်လျော်သည့် ဆက်သွယ်မှုနှင့် ထိတွေ့ဆက်ဆံမှုပုံစံများကို နားလည်အောင် ဆောင်ရွက်ပါ။
၆.၉။ နောက်ဆက်တွဲဆိုးကျိုးများကို လျော့ချရမည်။
၆.၁၀။ ရပ်ရွာအခြေပြု ရေရှည်တည်မြဲသော ထောက်ပံ့ကူညီမှုဖြစ်ရန် အခြားအဖွဲ့အစည်းများနှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းသွားမည်။
အခြေခံမူ (၇) လိုအပ်သော စနစ်များ၊ တက်ကျွမ်းမှုများနှင့် အကူအညီများကို တည်ဆောက်ထားပါ။
၇.၁။ အဖွဲ့အစည်းတာဝန်များနှင့် ပံ့ပိုးကူညီမှုများ။ အဖွဲ့အစည်းအတွင်းတွင် အတိုင်ပင်ခံ ဝန်ဆောင်မှုငှားရမ်း ဆောင်ရွက်ခြင်း ကိစ္စများအပါအဝင် ခေါင်းဆောင်မှုနှင့် ကတိကဝတ်များ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် စွမ်းအင်ရင်းမြစ်များ အသုံးပြု၍ ဤစည်းမျဉ်းပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်သွားပါမည်။
၇.၂။ အဖွဲ့အစည်းနှင့် မဟုတ်ဘဲ တသီးပုဂ္ဂ ဆောင်ရွက်သည့်အခါတွင်လည်း ကိုယ်ပိုင်တာဝန်ခံမှု ရှိသူများအဖြစ် ဆောင်ရွက်ရမည်။
၇.၃။ ကွဲပြားစုံလင်မှု၊ ကိုယ်စားပြုမှု၊ လျှို့ဝှက်ထိန်းသိမ်းမှု၊ လုံခြုံမှုနှင့် ပြင်ဆင်မွန်းမံမှု ပြုလုပ်နိုင်စွမ်းအပေါ် မူတည်ပြီး မှန်ကန်သော အလုပ်အဖွဲ့နှင့် မိတ်ဖက်များ တည်ဆောက်ပါ။
၇.၄။ မျှော်လင့်ထားသော ရည်ရွယ်ချက်အတွက် ဤလုပ်ငန်းများကို လုံခြုံမှုနှင့်ထိရောက်မှုရှိစွာ ဆောင်ရွက်နိုင်စွမ်းရှိစေရန် မှန်ကန်သည့် စွမ်းဆောင်ရည်ရှိလာအောင် တည်ဆောက်ပါ။
၇.၅။ မိမိတွင်ရှိသော အသိပညာ၊ ကျွမ်းကျင်မှုနှင့် နားလည်မှု အကန့်အသတ်များကို ရိုးသားစွာ ပြန်လည်သုံးသပ်ကာ ကျွန်ုပ်တို့၏ ဆောင်ရွက်နိုင်စွမ်းအကန့်အသတ်များကို လက်ခံ အသိအမှတ်ပြုပြီး ထိုဘောင်များအတွင်းမှသာ ဆောင်ရွက်သွားမည်ဖြစ်သည်။
၇.၆။ ဆက်လက်ရှင်သန်သူ ကလေးသူငယ်များနှင့် တွေ့ဆုံမေးမြန်းရာတွင် ခိုင်မာသော စွမ်းရည်ပြည့်ဝမှု၊ တတ်ကျွမ်းမှုများနှင့် အတွေ့အကြုံများ ပိုင်ဆိုင်အသုံးချနိုင်မှသာလျှင် ဆက်လက်ရှင်သန်သူကလေးသူငယ်များကို တွေ့ဆုံမေးမြန်းသွားမည်။
၇.၇။ သင့်လျော်သော ပံ့ပိုးကူညီမှုရအောင် အခိုင်အမာဆောင်ရွက်ပါ။
၇.၈။ လျှို့ဝှက်ထိန်းသိမ်းရမည့်အရာများအတွက် အကာအကွယ်များ တည်ဆောက်ထားပါ။
၇.၉။ ယုံကြည်မှုနှင့် စိတ်သက်သာရာရမှု မြဲစေရန် လူပုဂ္ဂိုလ်တစ်ဦးတည်းကသာ ဆက်လက် ရှင်သန်သူများနှင့် ရေရှည်ဆောင်ရွက်ခြင်းနှင့် တစ်သမတ်တည်းဆောင်ရွက်ခြင်း ပြုလုပ်ရမည်။
၇.၁၀။ မိမိဖြစ်စေ၊ မိမိတို့၏အလုပ်အဖွဲ့အပေါ်ဖြစ်စေ၊ အခြားသောအကျိုးသက်ရောက်ခံစား ရသူများအပေါ်ဖြစ်စေ ဆောင်ရွက်သောလုပ်ငန်း၏ ဆိုးကျိုးသက်ရောက်မှုများကို လျော့ချရေးနိုင်ရေးအတွက် တစ်ဆင့်ခံစိတ်ဒဏ်ရာ ဖြစ်နိုင်ခြေအန္တရာယ်အတွက် ပြင်ဆင်မှုများ ပြုလုပ်ထားပါ။
အခြေခံမူ (၈) အခြားသတင်းအရင်းအမြစ်များမှ အချက်အလက်ကောက်ယူပါ။
၈.၁။ ဆက်လက်ရှင်သန်သူများထံမှရယူထားခြင်းမဟုတ်သည့် သို့မဟုတ် ဆက်လက်ရှင်သန် သူများအကြောင်းမဟုတ်သည့် SCRSV အချက်အလက်များကိုရှာဖွေပါ။
၈.၂။ တဆင့်ခံသတင်းအချက်အလက်များ အသုံးပြုပါ။
၈.၃။ တဆင့်ခံအချက်အလက်များနှင့် စပ်လျဉ်းသည့် အခွင့်အရေးများနှင့် ဖြစ်နိုင်ခြေအန္တရာယ် များကို နားလည် လက်ခံပါ။
၈.၄။ ဆက်လက်ရှင်သန်သူများ၏ ရည်ရွယ်ချက်ကို စိစစ်အတည်ပြုပါ။
၈.၅။ လူသားချင်းစာနာမှု ဝန်ဆောင်မှုများပေါ် ထားရှိသောယုံကြည်မှုကို မထိခိုက်ပါစေနှင့်။
အခြေခံမူ (၉) အချိန်ယူပါ။ ကိုယ်ပိုင်လွတ်လပ်မှုရှိသောနေရာ ဖန်တီးပါ။
၉.၁။ အသက် ရှင်သန်ကျန်ရစ်သူက ၎င်း၏အကြောင်းကို ၎င်းဆန္ဒရှိသည့်ပုံစံအတိုင်း ပြောခွင့်ရအောင် အဆင်သင့်ရှိပါစေ။ ကျွန်ုပ်တို့သည် ဤသို့သော စိတ်နေသဘောထား မရှိထားသောအချိန်တွင် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်မဟုတ်ပါ။
၉.၂။ အချိန်ကြောင့် ဖိအားဖြစ်စေမှုများကို လျော့ချပါ။ အလျင်စလိုဆောင်ရွက်ခြင်းနည်းတူ အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံခြင်းသည်လည်း ဖိအားပေးခြင်းတမျိုး ဖြစ်နိုင်ကြောင်းနှင့် ဆက်လက်ရှင်သန်သူများအတွက်၊ အထူးသဖြင့် ကလေးသူငယ်များအတွက် စိတ်မသက်မသာဖြစ်စေသည်။
၉.၃။ ရုပ်ပိုင်းနှင့် စိတ် ပိုင်းဆိုင်ရာ လုံခြုံမှုရှိသည့် အားပေးကူညီမှုရှိသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပါ။
၉.၄။ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ရှိအောင် အခိုင်အမာဆောင်ရွက်ပါ။
၉.၅။ အင်တာဗျူးပြုလုပ်ရာတွင် ရှိနေမည့် လူဦးရေကို တတ်နိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်။ အင်တာဗျူးတစ်ခုတွင် ဆက်လက်ရှင်သန်သူများဘက်က မည်သူများကို ပါဝင်စေလိုကြောင်းနှင့် အဖွဲ့အစည်းမှ မည်သူများ ပါဝင်နိုင်ခြေရှိကြောင်း နှင့်ပတ်သက်၍ ဆက်လက်ရှင်သန်သူများနှင့် ကြိုတင်ဆွေးနွေးတိုင်ပင်ရမည်။
၉.၆။ အရေအတွက်ထက် လုံခြုံရေးနှင့်အရည်အသွေးကို ဦးစားပေးပါ။
၉.၇။ ကြန့်ကြာသော၊ တစ်ပိုင်းတစ်စဖြစ်သော ဖွင့်ဟပြောဆိုမှုများကို နားလည်မှုပေးပါ။ စိတ်ဒဏ်ရာ၊ မှတ်ဉာဏ်၊ လူမှုရေးအရနှိမ့်ချဆက်ဆံမှု၊ ကြောက်ရွံ့မှု၊ ဖိအား၊ ယဉ်ကျေးမှု၊ မေးခွန်းများ၊ ဘာသာပြန်ဆိုမှုများနှင့် ပြောကြားချက်များအပေါ်နားထောင်သူ၏ရှုမြင်ပုံ စသည့်အကြောင်းတရားများကြောင့် သဘာဝအလျောက် ရှေ့နောက်မညီသည့် ထွက်ဆိုပြောကြားမှုများ ဖြစ်ပေါ်နိုင်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုပါသည်။
အခြေခံမူ (၁၀) လေးစားမှုနှင့် လုံခြုံမှုရှိသော ထိတွေ့ဆက်ဆံမှုဖြစ်စေရန် အခိုင်အမာ ဆောင်ရွက်ပါ။
၁၀.၁။ လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှု၊ ပုဂ္ဂိုလ်ရေးလွတ်လပ်မှု၊ ဆက်လက်ရှင်သန်သူများ၏ လိုအပ်ချက်များနှင့် ကျန်းမာအဆင်ပြေမှုနဲ့ ပတ်သက်ပြီး အမြဲတမ်းဆန်းစစ်ပါ။ သတိရှိပါ။
၁၀.၂။ စိတ်ဒဏ်ရာအကြောင်း ထည့်သွင်းစဉ်းစား၍ ဆောင်ရွက်ပါ။
၁၀.၃။ ကိုယ်ပိုင်သီးသန့်နေထိုင်ခွင့်ကို လေးစားပါ။
၁၀.၄။ ဘေးကင်းလုံခြုံသည့် အင်တာဗျူးလုပ်ငန်းစဉ်ဖြစ်အောင် ဖန်တီးပါ။
၁၀.၅။ ဆက်လက်ရှင်သန်သူများအား ၎င်းတို့၏ဇာတ်ကြောင်းကို ၎င်းတို့စိတ်ကြိုက်ပုံစံဖြင့် ပြောခွင့်ပေးပါ။
၁၀.၆။ အဖွင့်မေးခွန်းများမေးပါ။
၁၀.၇။ SCRSV နှင့်ပတ်သက်သော ဆက်စပ်အခြေအနေကို နားလည်ပါ။
၁၀.၈။ မလိုအပ်ပါက မမေးပါနှင့်။
ဆက်လက်ရှင်သန်သူအတွက် လိုအပ်နိုင်မည့် အစီအမံများ
၁။ လုံခြုံရေး
ဂျန်ဒါရေးရာ အခြေပြုအကြမ်းဖက်မှုများတွင် ပထမဦးဆုံး ထည့်သွင်းစဉ်းစားပေးရမည့် အချက်မှာ အမျိုးသမီးနှင့် သူမ၏ကလေးသူငယ်များအတွက် ဘေးကင်းလုံခြုံမှု ဖြစ်သည်။ များသောအားဖြင့် ဆက်လက်ရှင်သန်သူများသည် ဘေးကင်းလုံခြုံမှုမရှိဟု ခံစားနေကြရပြီး ထိခိုက်နာကျင်မှုများ ခံစားနေကြရသော်လည်း ရှောင်ရှားနိုင်ရန်အတွက် ဘေးကင်းလုံခြုံသည့်နေရာ ရှိမနေကြပါ။ ဆက်လက်ရှင်သန် နေသူများ၏ ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်ပေးရန်မှာ အရေးကြီးသည်။
ဆက်လက်ရှင်သန်သူ တစ်ဦးအတွက် ဘေးကင်းလုံခြုံမှုမရှိပါက အခြားမိသားစုဝင်များ၊ သူငယ်ချင်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ သို့မဟုတ် ဘာသာရေးကို အခြေခံသည့် အဖွဲ့အစည်းများအစရှိသော ဘေးကင်းလုံခြုံမှုပေးနိုင်သော နေရာတစ်ခုသို့ ရှောင်ရှားနိုင်ရန် ဆွေးနွေးတိုင်ပင် ပေးသင့်သည်။
ဆက်လက်ရှင်သန်သူများအတွက် အကြမ်းဖက်သူနှင့် ဝေးကွာနေစေရန်၊ ဘေးကင်းလုံခြုံမှု ရရှိစေရန်နှင့် လိုအပ်သော ဝန်ဆောင်မှုများ ရရှိနိုင်ရန် အထောက်အပံ့များ လိုအပ်သည်။ ၎င်းအတွက် ရေရှည်တွင် ဥပဒေနှင့် လူမှုဝန်ဆောင်မှု လုပ်ငန်းစဉ်များ၏ ရလဒ်အသေးစိတ်များအပြင် ထောက်ပံ့ပေးမှုအားလုံးကို မှတ်သားထားရန် စီမံခန့်ခွဲမှုဖိုင်တစ်ခုလိုအပ်သည်။
၂။ အမှုတွဲစီမံခန့်ခွဲမှု
လုပ်ငန်းစဉ်အတွင်းတွင် ဆက်လက်ရှင်သန်သူများမှ ၎င်းတို့ ကျူးလွန်ခံခဲ့ရသော အကြမ်းဖက်မှုများကို ရဲသို့ တိုင်ကြားလိုခြင်း ရှိ၊ မရှိ (မတိုင်ကြားဘဲ နှုတ်ဆိတ်နေရန် ဖိအားပေးခြင်း မပြုလုပ်သင့်ပါ) ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ခြင်း ရှိမရှိ သို့မဟုတ် နေရာထိုင်ခင်း လိုအပ်မှု ရှိ၊ မရှိ စသည်တို့ကို ဂရုပြု၍ မေးမြန်းရန် လိုအပ်သည်။ အကယ်၍ ဆက်လက်ရှင်သန်သူများမှ အကြမ်းဖက်ခံရမှုများအတွက် တရားဥပဒေလမ်းကြောင်းအရ တရားမျှတမှုရရှိရန် ကြိုးပမ်းလိုပါက ရဲစခန်းအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများထံတွင် တိုင်ကြား အမှုဖွင့်ရမည်။
ဝန်ဆောင်မှုများသည် အမျိုးသမီး၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးရန် လိုအပ်ပြီး အခြားသူများက သူမအတွက် လိုအပ်မည် ထင်သည်တို့ကို ဆောင်ရွက်ပေးရန် မဟုတ်ပါ။ ပထမဆုံး ဆက်သွယ်လာချိန်တွင် ကနဦး စစ်ဆေးမှုများပြုလုပ်ပြီးနောက် အဦးဆုံးထည့်သွင်းစဉ်းစား သင့်သည်မှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ ရှိနေပါက ကုသမှုပေးရန် ဖြစ်သည်။
၃။ အရေးပေါ်ဆေးကုသမှုလိုအပ်ချက်ကို လက်လှမ်းမီနိုင်မှု
အမျိုးသမီးသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရပါက မလိုလားအပ်သော ကိုယ်ဝန်ဆောင်မှုမရှိစေရန် သို့မဟုတ် လိင်မှတဆင့် ကူးစက်သည့်ရောဂါများ မရရှိစေရန်အတွက် အရေးပေါ်ဆေးကုသမှုပြုလုပ်ရန် လိုအပ်သကဲ့သို့ ဥပဒေလုပ်ငန်းစဉ်များ (လိုအပ်ပါက) အတွက် သက်သေများ စုဆောင်းရန် မှုခင်းဆေးပညာရှင်၏ စစ်ဆေးခြင်းတို့ လိုအပ်သည်။
သင့်လျော်သော ကုသမှုများကို အချိန်မီမရရှိခဲ့ပါက စိတ်ဒဏ်ရာများ၏ နောက်ဆက်တွဲဖြစ်သော စိတ်ကစဉ့်ကလျားဖြစ်မှု (PTSD) အပြင် ကာလကြာရှည်စွာ ထိခိုက်ခံစားနေရမည့် ကျန်းမာရေး နောက်ဆက်တွဲပြဿနာများကို ခံစားရနိုင်ပါသည်။
ဆက်လက်ရှင်သန်သူအများစုသည် အမျိုးသမီးများဖြစ်သည့်အတွက် သည်းညည်းခံရန် သို့မဟုတ် ကြံ့ကြံ့ခံရန် ကြိုးစားလေ့ရှိပါသည်၊ သို့မဟုတ် သူတို့အနေဖြင့်အကြမ်းဖက်ခံရရန် လှုံ့ဆော်ခဲ့သည် သို့မဟုတ် အကြမ်းဖက်ခံရရန် ထိုက်တန်သည်ဟုလည်း ကိုယ့်ကိုကိုယ် အပြစ်တင်လေ့ရှိပါသည်။
အကြမ်းဖက်ခံရသူ အမျိုးသမီးတို့သည် အကြမ်းဖက်မှုသံသရာကို ဆက်လက်လည်ပတ်စေပြီး အမျိုးသမီးများသာမက သူတို့၏ကလေးသူငယ်များ၏ ဘဝကောင်းကျိုး ကိုပါ သက်ရောက်မှုရှိသည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။ ဆက်လက်ရှင်သန်သူများ လိုအပ်သည်မှာ သူတို့၏အမှားကြောင့် မဟုတ်ကြောင်း အတည်ပြုပေးခြင်း ဖြစ်ပါသည်။
“ဆက်လက်ရှင်သန်သူများ လိုအပ်သည်မှာ သူတို့၏အမှားကြောင့် မဟုတ်ကြောင်း အတည်ပြုပေးခြင်း ဖြစ်ပါသည်”
၄။ စိတ်ခံစားမှုပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု
သူစိမ်းများအား အကြမ်းဖက်မှုကို တိုင်ကြားရန်ဆိုသည့်အရာမှာ မြန်မာနိုင်ငံရှိ လူမှုစံနှုန်း သတ်မှတ်ချက်များကြောင့် အလွန်ခက်ခဲပြီး ဆက်လက်ရှင်သန်သူတစ်ဦးမှ ဆုံးဖြတ်ပြီးပါက ထိုအမျိုးသမီး၏ သီးသန့်လိုအပ်ချက်အတိုင်း စိတ်ခံစားမှုပိုင်းဆိုင်ရာ အထောက်အကူများ ပေးသင့်ပါသည်။
သူမသည် အပြစ်တင်ထိုက်ခံရမည့်သူ မဟုတ်ကြောင်းနှင့် အကြမ်းဖက်မှုခံရပြီး နောက်ပိုင်း တွင် ထောက်ပံ့မှုနှင့် အကူအညီပေးမှုကို ရထိုက်ကြောင်းကိုလည်း စိတ်ခံစားမှုပိုင်းဆိုင်ရာ ထောက်ပံ့ ပေးမှုမှတဆင့် ဆက်လက်လုပ်ဆောင်ရမည်။ အကြမ်းဖက်သူ/ကျူးလွန်သူသည် ၎င်းကျူးလွန်သည့် အမှားများ ပြစ်မှုများကို တာဝန်ခံရမည်ဖြစ်ပြီးအပြစ်ပေးမှုခံရမည်ဟု အမျိုးသမီးအနေဖြင့် သေချာစွာသိရှိစေရမည်။
အများအားဖြင့် ဆက်လက်ရှင်သန်သူများ၊ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှု (DV) ခု ဆက်လက်ရှင်သန်သူများသည် သူတို့၏ လက်တွဲဖော်များအပေါ်တွင် ငွေကြေးအရ မှီခိုနေကြရပြီး အကြမ်းဖက်သူထံမှ လွတ်မြောက်လာလျှင်ပင် သူတို့၏ ဘဝရှင်သန်ရေး အတွက် ထောက်ပံ့နိုင်သော နည်းလမ်းများ ရှိမနေပါ။ ဆက်လက်ရှင်သန်သူများအတွက် အကြမ်းဖက်သူထံမှ ဝေးသွားလျှင် လည်း အမှီအခိုကင်းစွာ ရပ်တည်နိုင်ရန် နည်းလမ်းများ လိုအပ်သည်။
၅။ လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်မှု
ဆက်လက်ရှင်သန်သူများသည် ထွက်ပြေးလွတ်မြောက်ရန် ဆုံးဖြတ်သည့်အခါ သူမ အတွက် အရေးပေါ် နားခိုရာနေရာ/ဘေးကင်းလုံခြုံသည့်နေရာ၊ ကျန်းမာရေးဝန်ဆောင်မှုများ သို့မဟုတ် သူမ၏ ကလေးငယ်များအတွက် စောင့်ရှောက်မှု၊ အစားအသောက်/အဝတ်အထည်နှင့် အခြားသော လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ လိုအပ်နိုင်ပါသည်။
ဘေးကင်းလုံခြုံသည့်အိမ်/ နားခိုရာနေရာများသည် စိတ်ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုကို ပေးအပ်နိုင်ရုံသာမက ဆက်လက်ရှင်သန်သူများသည် ကူညီစောင့်ရှောက်မှုများမှ ရှေ့ဆက်လှမ်းနိုင်ပြီဆိုသည်နှင့် စီးပွားရေးအရ အမှီအခိုကင်းနိုင်ရန် သက်မွေး/ပညာရေး ထောက်ပံ့မှုတို့ကိုလည်း ပေးအပ်သင့်သည်။
ဆက်လက်ရှင်သန်သူတစ်ဦးမှ အရေးယူမှုပြုရန် ဆုံးဖြတ်လိုက်သည်နှင့် အကြမ်းဖက်သူကို သူမဆန္ဒအလျောက် တရားစွဲဆိုနိုင်ရန်အတွက် ရရှိနိုင်သော ဥပဒေထောက်ပံ့မှုများအကြောင်း သတင်းအချက်အလက်များ ရယူနိုင်ခွင့် ရှိသင့်သည်။
အချို့သော ဆက်လက်ရှင်သန်သူများသည် သူတို့အား အကြမ်းဖက်သူခင်ပွန်းကို ကွာရှင်းပြတ်စဲရန် ဆုံးဖြတ်နိုင်သောကြောင့် ယင်းသို့ပြုလုပ်ရန်အတွက် တရားရုံးသို့ ဥပဒေဆိုင်ရာ ဆောင်ရွက်မှုများပြုလုပ်ရန် သွားရောက်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်မှုသည် အထူးသဖြင့် ဥပဒေအတိုင်း လက်ထပ်ထားခြင်း မဟုတ်သောသူများ သို့မဟုတ် ဘာသာမတူဘဲ လက်ထပ် ထားသောသူများအတွက် လွယ်ကူသော ဆောင်ရွက်မှုတစ်ခုမဟုတ်ပါ။
၆။ လူမှုအသိုက်အမြုံအတွင်းသို့ ပြန်လည်ပေါင်းစည်း ရပ်တည်နိုင်အောင် ထောက်ပံ့ပေးခြင်း
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများတွင် ဆက်လက်ရှင်သန်သူတစ်ဦးသည် အမှုအတွက် ဥပဒေရေးရာ အထောက်အကူလိုအပ်နေပြီး တရားရုံးလုပ်ငန်း အဆင့်တိုင်းတွင် အထောက်အပံ့များ လိုအပ်ပါသည်။ အထူးသဖြင့် ဆက်လက်ရှင်သန်သူသည် ကလေးငယ်ဖြစ်လျှင် သူမအပေါ် နောက်ထပ် နာကျင်ထိခိုက်စေမှုများမှ ကာကွယ်ပေးရန်နှင့် သူမ၏ဂုဏ်သတင်းအတွက် လျှို့ဝှက်ထိန်းသိမ်းပေးထားရန်ကို အထူးဂရုပြုရမည် ဖြစ်ပါသည်။
ဆက်လက်ရှင်သန်သူများကို ဘေးကင်းလုံခြုံသည့်နေရာတွင် အကာအကွယ်ပေးထားစဉ် သူမ၏ မူလအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် သို့မဟုတ် မူလအိမ်သို့ ပြန်ရန်မဖြစ်နိုင်ပါက နေရာအသစ်တစ်စုသို့ ပြောင်းရွှေ့နိုင်ရန် ပြန်လည်ပေါင်းစည်းပေးခြင်း အစီအစဉ်ကို အမှုကိစ္စ စီမံဆောင်ရွက်သူမှ စဉ်းစားထားရန် လိုအပ်သည်။ ဘေးကင်းလုံခြုံမှုအတွက် ထည့်သွင်းစဉ်းစားခြင်းသည် အလွန်အရေးကြီးပါသည်။
ဆက်လက်ရှင်သန်သူတစ်ဦးတွင် ပညာရေးဆည်းပူးရန်လိုအပ်သော ကလေးငယ်ရှိနေလျှင် ပညာရေးကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် မရှိမဖြစ် အရေးကြီးပါသည်။ သက်မွေးမှုသင်တန်း သို့မဟုတ် အလုပ်အကိုင်ရရှိမှု/ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများသည် ဆက်လက်ရှင်သန်သူများကို စီးပွားရေးအရ အမှီအခိုကင်းရန်နှင့် မိမိကိုယ်ကို တန်ဖိုးထားခြင်းကို တိုးမြှင့်ရန်အတွက် မရှိမဖြစ်လိုအပ်သည်။
၇။ ဖော်ထုတ်ပြောကြားခြင်း
“ဂျန်ဒါအခြေပြု အကြမ်းဖက်မှုသည် အမျိုးသမီးများကိုသာမက LGBT+ နှင့် အမျိုးသားများ ကိုပါ ချိန်းခြောက်နေသော အကြမ်းဖက်မှု ဖြစ်သည်”
အကြမ်းဖက်ခံရသူအများစုသည် ကျူးလွန်သူကိုမှီခိုနေရခြင်း၊ ကျူးလွန်သူက အာဏာရှိခြင်း၊ ကျူးလွန်သူသည် ဂုဏ်သရေရှိလူကြီးလူကောင်းဖြစ်ခြင်းဆိုသည့် အကာအကွယ်ကို ရယူထားခြင်း ကြောင့် ဖော်ထုတ်ပြောဆိုရန် ဝန်လေးတက်ကြသည်။ ကျူးလွန်သူ၏ အသိုင်းအဝိုင်းအနေဖြင့်လည်း ထိုသူက ထိုကဲ့သို့ပြုမူမှုမျိုးမရှိလောက်ဘူး သကဲ့သို့သော ကျူးလွန်သူအား အကာအကွယ်ပေးသည့် မှတ်ချက်များနှင့် စကားလုံးများသည် ဆက်လက်ကျန်ရှိသူအမျိုးသမီးအတွက် ဖော်ထုတ်ပြောဆိုရန် အတားအဆီးတစ်ခုဖြစ်သည်။
ဒါ့အပြင် ထိုအကြမ်းဖက်မှုကို ထုတ်ဖော်ပြောဆိုလိုက်ပါလျှင်လည်း ဆက်လက်ကျန်ရှိသူ အမျိုးသမီးအား ဝေဖန်ပြစ်တင်ခြင်း၊ ကဲ့ရဲ့ရှုံချခြင်းတို့ကို ပြုလုပ်ကြသည့်အတွက် ထုတ်ဖော်ပြောဆိုရန် အဟန့်အတား ဖြစ်စေပါသည်။
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုသည် အမျိုးသမီးများကိုသာမက LGBT+ နှင့် အမျိုးသားများ ကိုပါ ချိန်းခြောက်နေသော အကြမ်းဖက်မှု ဖြစ်သည်။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုအတွက် တရားမျှတမှု ရရှိအောင်ဆောင်ရွက်ခြင်းသည် ကျူးလွန်သူများကို ဥပဒေအရ ထိုက်သင့်သည့် အပြစ်ဒဏ် ချမှတ်နိုင်ရုံမျှသာမကဘဲ ဆက်လက်ရှင်သန်သူများနှင့် ဆက်စပ်မိသားစုဝင်များအတွက် လူမှုအသိုက်အမြုံအတွင်း ခွဲခြားဆက်ဆံမရှိဘဲ လုံခြုံဘေးကင်းစွာ ဖွံ့ဖြိုးတိုးတက်နိုင်ရန် လိုအပ်သည့် ယာယီ၊ ရေတို၊ ရေရှည်အထောက်အပံ့နှင့် ပံ့ပိုးကူညီမှုများကို အစိုးရအဖွဲ့အစည်းများအပါအဝင် အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများမှ လုပ်ဆောင်ပေးရန် အရေးကြီးပါသည်။
လက်ရှိတော်လှန်ရေးကာကတွင် အိမ်တွင်းအကြမ်းဖက်မှုများ၊ ပဋိပက္ခနှင့် ဆက်နွယ်မှုရှိသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ မုဒိမ်းမှုများ နှင့် အခြားဂျန်ဒါအခြေပြုအကြမ်းဖက်မှုများ မြှင့်တက် လာခြင်းသည် လူ့အခွင့်အရေး ပိုမိုချိုးဖောက်ခံနေရကြောင်း ညွှန်ပြနေသည်။ လူ့အခွင့်အရေးကို အပြည့်အဝအာမခံနိုင်သော နိုင်ရေးစနစ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် ဂျန်ဒါအခြေပြု အကြမ်းဖက်များကိုလျော့ချနိုင်ရန်နှင့် ကာကွယ်ပေးနိုင်ရန် အရေးကြီးသည်။ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု ကိုအလေးထားသော လူသားတိုင်းအတွက် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုသည် ရှက်ဖွယ်ပင် ဖြစ်သည်။
“တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှုကို အလေးထားသော လူသားတိုင်းအတွက် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုသည် ရှက်ဖွယ်ပင် ဖြစ်သည်”
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media