ရေးသားသူ- မိုခါး

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။


CEDAW စာချုပ်ဆိုတာ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (Convention on the Elimination of All Forms of Discrimination Against Women – CEDAW) ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တိကျစွာ အကာအကွယ်ပေးနိုင်ဖို့အတွက် ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကတော့ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှာ CEDAW ကို သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။

ထိုစာချုပ်ပါ အခြေခံမူသုံးချက်ကတော့ ခွဲခြားဆက်ဆံမှုမပြုရေး၊ ပြည့်ဝတဲ့တန်းတူညီမျှမှုနဲ့ အစိုးရတွေအနေနဲ့တိကျစွာ လိုက်နာဆောင်ရွက်ရမယ့်လုပ်ငန်းတာဝန်တွေ ဖြစ်ပါတယ်။ စီဒေါစာချုပ် ထဲမှာ အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့ ပညာရေး၊ ကျန်းမားရေး၊ စီးပွားရေး၊ နိုင်ငံရေး စတာတွေမှာ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူပါဝင်နိုင်ဖို့ ပြဋ္ဌာန်းထားပြီး လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာတွေကြောင့် အမျိုးသမီးတွေ ခံစားကြုံတွေ့နေရကြရတဲ့ အခြေအနေတွေကို ဖယ်ရှားပစ်ဖို့လည်း ပြဋ္ဌာန်း ထားပါတယ်။

စီဒေါစာချုပ်ထဲမှာ အပိုဒ် (၃၀) ပြဋ္ဌာန်းထားပြီး သဘောတူလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ တွေက ဆောင်ရွက်ရမယ့်အပိုင်းနဲ့ ကော်မတီကဆောင်ရွက်ရမယ့် အပိုင်းတွေကို ထည့်သွင်းရေးသား ထားတာ ဖြစ်ပါတယ်။ အပိုဒ် (၁) ကနေ အပိုဒ် (၁၆) အထိတွေကတော့ အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာရမယ့်အချက်တွေ ဖြစ်ပါတယ်။ အပိုဒ် (၁၇) ကနေ (၃၀) အထိကတော့ ကော်မတီကလုပ်ဆောင်ရမယ့်အချက်တွေ ဖြစ်ပါတယ်။

အပိုဒ်(၁)     လိင်ကွဲပြားမှုကိုအခြေခံပြီး အမျိုးသမီးများအား ခွဲခြားခြင်း၊ သီးသန့်ဖြစ်စေခြင်း၊ ကန့်သတ်မှုထားရှိခြင်းသည် ခွဲခြားဖိနှိပ်မှု ဖြစ်သည်။
အပိုဒ်(၂)       အမျိုးသမီးများအပေါ် ခွဲခြားဖိနှိပ်မှုတွေကို ရှုံ့ချရန်နဲ့ ပပျောက်အောင် လုပ်ဆောင်ပေးရန်။
အပိုဒ်(၃)    အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ၊ မူဝါဒများ ပြဋ္ဌာန်းပေးခြင်း အပါအဝင် လိုအပ်သည့်ဆောင်ရွက်မှုများကို လုပ်ဆောင်ပေးရန်။
အပိုဒ်(၄)       အမျိုးသမီးများအတွက် ယာယီအထူးပြုလုပ်ချက်များကို လုပ်ဆောင်ပေးရန်။
 အပိုဒ်(၅)      လိင်ကွဲပြားမှုကို အခြေခံသည့် ခွဲခြားမှုအမြင်များ၊ အစွဲများကို ပပျောက်အောင် လုပ်ဆောင်ပေးရန်။
အပိုဒ် (၆)       အမျိုးသမီးများကို နည်းမျိုးစုံနှင့် ကူးသန်းရောင်းဝယ်ခြင်း၊ ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်းအား တားဆီးပေးရန်။
အပိုဒ်(၇)         အမျိုးသမီးများကို မဲပေးခွင့်နဲ့ အခြားဆုံးဖြတ်ချက်ချသည့်နေရာများတွင် ပါဝင်ခွင့် ပေးရန်။
အပိုဒ်(၈)         နိုင်ငံတကာတွင် အမျိုးသမီးများအား ကိုယ်စားပြုပါဝင်ခွင့်ပေးရန်။
အပိုဒ်(၉)         နိုင်ငံသားဖြစ်ခွင့်၊ ပြောင်းလဲပိုင်ခွင့်ပေးရန်။
အပိုဒ် (၁၀)     တန်းတူပညာသင်ခွင့်၊ လိင်ခွဲခြားမှုမရှိတဲ့ပညာရေး ရရှိခွင့်ရှိရန်။
အပိုဒ်(၁၁)      တန်းတူအလုပ်လုပ်ခွင့်၊ လုပ်ခခံစားခွင့်၊ အလုပ်ရွေးချယ်ခွင့်နဲ့ လုံခြုံတဲ့လုပ်ငန်းခွင် ရရှိခွင့်ရှိရန်။
အပိုဒ် (၁၂)       မိသားစုစီမံကိန်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများတွင် တန်းတူခံစားခွင့် ရှိရန်။
အပိုဒ်(၁၃)       စီးပွားရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းများ တန်းတူရရှိခံစားခွင့် ရှိရန်။
အပိုဒ်(၁၄)       ကျေးလက်နေအမျိုးသမီးများ၏ ဘဝမြှင့်တင်ရေးနှင့် ခွဲခြားမှုများ ပပျောက်ရန်။
အပိုဒ် (၁၅)      အမျိုးသမီးများ တရားဥပဒေရှေ့မှောက်တွင် တန်းတူဖြစ်စေရန်။
အပိုဒ် (၁၆)      လက်ထပ်၊ ပေါင်းသင်း၊ ကွာရှင်းချိန်တွင် အမျိုးသမီးနှင့် အမျိုးသား တန်းတူအခွင့်အရေး ရရှိရန်။  
အပိုဒ်(၁၇)     အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပပျောက်ရေးနှင့် ပတ်သက်၍ အကောင်အထည်ဖော်ခြင်း၏ တိုးတက်မှုအခြေအနေကို စီစစ်သုံးသပ်ရန်  စီဒေါကော်မတီ ကို ဖွဲ့စည်းဆောင်ရွက် သွားရမည်။
အပိုဒ်(၁၈)    အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပပျောက်ရေး အကောင်အထည်ဖော်မှု အစီရင်ခံစာကို အတည်ပြုပြီး (၁) နှစ်အတွင်းတင်သွင်းရန်နှင့် နောက်ပိုင်းတွင် အနည်းဆုံး (၄)နှစ် တစ်ကြိမ် တင်သွင်းရမည်။
အပိုဒ်(၁၉)      ကော်မတီတွင် တာဝန်ထမ်းဆောင်မည့်အရာရှိများ၏  သက်တမ်းကို (၂) နှစ် သတ်မှတ်ရန်။  
အပိုဒ်(၂၀)  ကော်မတီအနေနှင့် အစိုးရက တင်သွင်းလာတဲ့ အစီရင်ခံစာများကို ဖတ်ရှုနိုင်ဖို့ တစ်နှစ်တွင် တစ်ပတ်ထက် ပိုမကြာသည့် အစည်းအဝေးတစ်ရပ်ကို ပုံမှန်ကျင်းပ ရမည်။
အပိုဒ်(၂၁)    ကော်မတီသည် ၎င်း၏လုပ်ငန်းဆောင်တာများနှင့် ပတ်သက်သည့်အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် နှစ်စဉ်တင်သွင်းရမည်ဖြစ်ပြီး စာချုပ်အဖွဲ့ဝင် များ၏ အစီရင်ခံစာများနှင့် သတင်းပေးပို့ချက်များအပေါ် စစ်ဆေးတွေ့ရှိချက် များကို အခြေခံပြီး တိုက်တွန်းချက်များနှင့် အထွေထွေအကြံပြုချက်တွေကို ကော်မတီ၏အစီရင်ခံစာမှာ ထည့်သွင်းတင်ပြရမည်။
အပိုဒ်(၂၂)      အစိုးရများ၏အစီရင်ခံစာကိုလေ့လာသုံးသပ်ပြီး အစီရင်ခံစာတင်ပြရာတွင် ကုလ သမဂ္ဂ၏ သက်ဆိုင်ရာဌာနများမှ အထူးကျွမ်းကျင်သူများကို ပါဝင်စေပြီး အစီရင်ခံစာ တင်ပြသွားရမည်။
အပိုဒ် (၂၃)   စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုမှုတွင်ဖြစ်စေ၊ ဒါမှမဟုတ် ထိုနိုင်ငံက လိုက်နာရမည့် တခြားသောနိုင်ငံတကာ သဘောတူစာချုပ်တွင် ဖြစ်စေ၊ စာချုပ်ပါ အပိုဒ်များတွင် ပိုမိုဖြစ်ထွန်းစေတဲ့ မည်သည့်ဥပဒေကိုမှ လက်ရှိသဘောတူစာချုပ် ကို ထိခိုက်လွှမ်းမိုးခြင်းမရှိစေရဟု ပါရှိသည်။
အပိုဒ် (၂၄)   စာချုပ်တွင် အသိအမှတ်ပြုထားတဲ့ အခွင့်အရေးများ အပြည့်အဝရရှိစေရန် လိုအပ်သည့်အစီအစဉ်အားလုံးကို စာချုပ်အဖွဲ့ဝင်နိုင်ငံတိုင်းက  အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အလို့ငှာ ပြဋ္ဌာန်းရန် တာဝန်ရှိသည်။
အပိုဒ်(၂၅)    ညီလာခံ၏သဘောတူညီချက်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ထံတွင် ထိန်းသိမ်းထားရှိရန်၊ နိုင်ငံအားလုံးက ပါဝင်လက်မှတ်ရေးထိုးရန်၊ သဘာတူအတည်ပြုမှုနှင့် အသက်ဝင်မှုရှိရန် လုပ်ဆောင်သွားရမည်။
အပိုဒ်(၂၆) စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့်  လက်ရှိသ‌ဘောတူညီချက်ကို ပြင်ဆင်ရန် တောင်းဆိုလိုလျှင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူပြီး အချိန်မရွေး စာရေးသား အကြောင်းနိုင်သည်။
အပိုဒ်(၂၇)   သဘောတူညီချက်ကို လိုက်နာကျင့်သုံးမည်ဟု ကတိကဝတ်ပြုခြင်းနှင့် ပတ်သက်သည့် စာချုပ်စာတမ်းများကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အား အပ်နှံပြီးတဲ့နေ့မှ ရက်ပေါင်း (၃၀) ပြည့်သည့်နေ့တွင် အတည်ဖြစ်သည်ဟု ဖော်ပြထားသည်။
အပိုဒ်(၂၈)     ညီလာခံသဘောတူညီချက်များနှင့် ပတ်သက်ပြီး လိုက်နာရာတွင် ချန်လှပ်လိုသည့် (သို့မဟုတ်) ပြန်လည်ရုပ်သိမ်းလိုသည့်အချက်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ အသိပေးတင်ပြရန်နှင့် ထိုအချက်များသည် ညီလာခံသဘောတူညီမှုများနှင့် မသက်ဆိုင်တဲ့ အချက်တွေမဖြစ်ရန် လိုကြောင်း ဖော်ပြထားသည်။
အပိုဒ်(၂၉)   ညီလာခံ၏သဘောတူညီချက်များကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ အကောင်အထည် ဖော်ခြင်းနဲ့ပတ်သက်၍ စာချုပ်အဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှုဖြစ်လာပါက နှစ်နိုင်ငံချင်းဖြေရှင်းရန်နှင့် (၆) လအတွင်း ညှိနှိုင်း၍မရပါက အပြည်ပြည်ဆိုင်ရာ တရားရုံးကို လွှဲပေးနိုင်ပါသည်။
အပိုဒ်(၃၀)  ညီလာခံ၏ သဘောတူညီချက်ကို အာရပ်ဘာသာ၊ တရုတ်ဘာသာ၊ ပြင်သစ်ဘာသာ၊ စပိန်ဘာသာများနှင့် ရေးသားထားကာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ အပ်နှံထားရမည်။

မြန်မာအစိုးရအနေနဲ့ စီဒေါကော်မတီအစီရင်ခံစာကို ၁၉၉၇ ခုနှစ်မှာ ပထမအကြိမ်၊၂၀၀၇ ခုနှစ်မှာ ဒုတိယနဲ့ တတိယအကြိမ်၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှာ စတုတ္ထအကြိမ်နဲ့ ပဥ္စမအကြိမ် အစီရင်ခံစာ ပူးတွဲတင်ပြခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း အမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် စီမံချက်များနှင့် လုပ်ငန်းစဉ်များ၊ ဥပဒေမူကြမ်းများကို ပြင်ဆင်ရေးဆွဲမှုများ လုပ်ဆောင်ခဲ့ပြီး ကျူးလွန်သူများအား အပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိခြင်းမှ ကာကွယ်နိုင်ရေး၊ တရားဥပဒေအရ အပြစ်ဒဏ်ပေးနိုင်ရေး၊ ဆက်လက်ရှင်သန်သူများမှ လူဘောင်အဖွဲ့အစည်းအတွင်း ပြန်လည်ရှင်သန်ရပ်တည်နိုင်ရေး၊ ထပ်မံ ကျူးလွန်ခံရမှုမရှိရန် ကာကွယ်ပေးရေးအတွက် အစိုးရယန္တရားများအပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ အားတက်သရော ကြိုးပမ်းခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီမှ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများကို လျစ်လျူရှုနေသာမကဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လက်နက်သဖွယ်အသုံးချပြီး ထောင်တွင်း၊ ထောင်ပြင်၊ စစ်ပွဲအတွင်း၊ စစ်ဘေးရှောင်ပြည်သူများအပေါ် အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ အကြမ်းဖက်ကျူးလွန်လျက် ရှိပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများ၊ မူဝါဒများကို ချိုးဖောက်ရုံတင်သာမက မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးထားသော နိုင်ငံတကာသဘာတူညီချက်များကို ပြောင်ပြောင်တင်းတင်းပင် ချိုးဖောက်လျက်ရှိပါတယ်။ စစ်အာဏာသိမ်းကာလတွင် စီဒေါအစီအရင်ခံစာကို တင်သွင်းနိုင်ခြင်းလည်း မရှိပေ။

တဖက်တွင်လည်း တော်လှန်ရေးအင်အားစုအချင်းချင်းကြား ကျူးလွန်နေသည့် အိမ်တွင်း အကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှု၊ မုဒိမ်းမှုနှင့် အခြားသော ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ သည်လည်း မြှင့်တက်လျက်ရှိပြီး၊ တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအစိုးရအသီးသီးတို့မှ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို
ထိထိ ရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းနေဆဲပင် ဖြစ်ပါတယ်။ 

တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအစိုးရအသီးသီးတို့မှ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းနေဆဲပင်

တော်လှန်ရေးအစိုးရအသီးသီးတို့အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် လက်တွဲပြီး မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော နိုင်ငံတကာစာချုပ်များကို အကောင်အထည်ဖော်ပြီး ပြည်သူလူထု၏ လူ့အခွင့်အရေးကို ပိုမိုစောင့်ရှောက် ကာကွယ်ပေးရန် အားစိုက်လုပ်ဆောင်သင့်ပါသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူလူထုတွေအနေဖြင့် စီးပွားရေး၊ လူမှုရေး ပိုမိုကျပ်တည်းလာပြီး လွတ်လပ်မှု၊ တရားမျှတမှု ဆိတ်သုဉ်းနေသည့် ကာလတွင် အပူပေါ်အပူဆင့်၊ အနာပေါ်တုတ်ကျ မဖြစ်စေရန်အတွက် အမျိုးသမီး၊ ကလေးသူငယ်အရေးကိုလည်း မမေ့လျော့သင့် ပါကြောင်း။

ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကျူးလွန်မှုတွေ လျော့ပါးပြီး၊ ငြိမ်းချမ်းသာယာမျှတမှုရှိမှသာ ဒီမိုကရေစီနိုင်ငံတော်သစ်ကို‌ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ထိုအတွက် လက်ရှိတော်လှန်ရေးကို ဆင်နွဲနေချိန်မှာ စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့အတူ အတွေးအခေါ်တော်လှန်ရေးကလည်း အရေးကြီးပါကြောင်း ထပ်ဆင့်နှိုးဆော်အပ်ပါတယ်။ 


အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing


#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media