ရေးသားသူ- Liliane
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။
ဂျန်ဒါအခြေပြုရာဇဝတ်မှုများဆိုသည်မှာ ဂျန်ဒါကွဲပြားမှုကို အခြေပြု၍ လူပုဂ္ဂိုလ်များအပေါ် ကျူးလွန်သော အနိုင်ကျင့်မှုများနှင့် ထိခိုက်နစ်နာစေသည့် အပြုအမူများဖြစ်ပြီး ဖိနှိပ်မှုဖြစ်စေသော စံတန်ဖိုးများ၊ မညီမျှမှုများ၊ အာဏာအလွဲသုံးစား ပြုလုပ်ခြင်းများနှင့် ဆက်စပ်မှု ရှိသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ဂျန်ဒါအခြေပြုရာဇဝတ်မှုများကို အများဆုံး ကျုးလွန်ခံရသူများ ဖြစ်ပြီး၊ ကျူးလွန်သူအများစုမှာ အမျိုးသားများ ဖြစ်ကြသည်။ သို့သော်လည်း ရာဇဝတ်မှုများကို အမျိုးသားများ၊ ယောက်ျားလေးငယ်များနှင့် ဂျန်ဒါလူနည်းစုများလည်း ကြုံတွေ့ကြရသည်။
အဖြစ်အများဆုံး ဂျန်ဒါအခြေပြုရာဇဝတ်မှုပုံစံတစ်ခုမှာ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု (GBV) ဖြစ်သည်။ ဤပြစ်မှုများသည် ပုဂ္ဂလိကသီးသန့် နေရာများတွင်ဖြစ်စေ၊ အများပြည်သူနှင့်ဆိုင်သော နေရာများတွင်ဖြစ်စေ၊ ငြိမ်းချမ်းသောအခြေအနေတွင်ဖြစ်စေ၊ ပဋိပက္ခဖြစ်ပေါ်နေသော အခြေအနေတွင်ဖြစ်စေ ဖြစ်ပေါ်နိုင်သည်။
ဂျန်ဒါအခြေပြုအကြမ်းဖက်မှု (GBV) များတွင် အိမ်တွင်းအကြမ်းဖက်မှုများ၊ သိက္ခာတရား အတွက် သတ်ဖြတ်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ (ကလေးသူငယ်များအား လက်ထပ်ထိန်းမြားစေခြင်း အပါအဝင်) အဓမ္မလက်ထပ်ထိမ်းမြားစေခြင်း အဓမ္မကိုယ်ဝန်ဆောင်စေခြင်း အမျိုးသမီးလိင်အင်္ဂါ အစိတ်အပိုင်း ဖြတ်တောက်ခြင်းနှင့် လူကုန်ကူးခြင်း၊ နောက်ယောင်ခံခြင်း၊ ထိပါနှောက်ယှက်ခြင်း အနိုင်ကျင့်စော်ကားခြင်း နှင့် ခြိမ်းခြောက်ခြင်း၊ လှုပ်ရှားသွားလာခွင့် ကန့်ပိတ်ပင်သတ်ခြင်း သို့မဟုတ် ပညာရေးဝန်ဆောင်မှု သို့မဟုတ် (လိင်ပိုင်းဆိုင်ရာကျန်းမာရေး နှင့် မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင်) ကျန်းမာရေး ဝန်ဆောင်မှုရရှိခွင့်ကို ကန့်သတ်ပိတ်ပင်ခြင်း စသည့်လုပ်ရပ် များကို ကျူးလွန်ခြင်းနှင့် ကျူးလွန်ရန် ခြိမ်းခြောက်ခြင်းတို့ ပါဝင်သည်။
ဂျန်ဒါအခြေပြုအကြမ်းဖက်မှုထဲတွင် ပါဝင်သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) သို့မဟုတ် ပဋိပက္ခအတွင်း ဖြစ်ပေါ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆိုသည်မှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု သို့မဟုတ် အခြားသော နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ၊ လူသားချင်းစာနာမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာဥပဒေများကို ဆိုးရွားစွာ ချိုးဖောက်မှု မြောက်နိုင်သော ပြစ်မှုများဖြစ်သည်။
အစိုးရစစ်တပ်များ၊ အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များ၊ ရဲတပ်ဖွဲ့များနှင့် လက်နက်ကိုင်အစုအဖွဲ့များ၏ ထိန်းချုပ်မှုအောက်ရှိ အခြားအဖွဲ့များက ကျူးလွန်သောဖြစ်ရပ်များနှင့် ချိုးဖောက်မှုပုံစံများဖြစ်ပြီး အကြမ်းဖက်မှုကျူးလွန်ချိန် လက်နက်ကိုင် ဆောင်ထားခြင်းရှိခြင်း၊ မရှိခြင်းနှင့် မသက်ဆိုင်ပါ။
CRSV များသည် ပဋိပက္ခအခြေအနေ တစ်ခုနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ဆက်နွယ်မှုရှိကြပြီး အမျိုးသမီးများ၊ အမျိုးသားများ၊ မိန်းကလေးငယ်များနှင့် ယောက်ျားလေးငယ်များအပေါ် ကျူးလွန်သော ကျူးလွန်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်သည်။
CRSV တွင် မုဒိန်းကျင့်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ အဓမ္မ လက်ထပ်ထိမ်းမြားစေခြင်း၊ အဓမ္မလိင်လုပ်သား အဖြစ်စေခိုင်းခြင်း၊ အဓမ္မကိုယ်ဝန်ဆောင်စေခြင်း၊ အဓမ္မလိင်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ခြင်း၊ သင်းကွပ်ခြင်း၊ အဓမ္မဖော်ချွတ်ခိုင်းခြင်း၊ အဓမ္မသားကြောဖြတ်ခြင်း သို့မဟုတ် အခြားသော အလားတူပြင်းထန်သည့်ပုံစံ တစ်မျိုးမျိုးဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတို့ ပါဝင်သည်။
ဂျန်ဒါကွဲပြားမှုအပေါ်အခြေပြုပြီး အကြမ်းဖက်ခြင်းကို Gender Based Violence (GBV) ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဟု ခေါ်ဆိုကြသည်။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုသည် ပုံစံမျိုးစုံရှိပြီး အများအားဖြင့် အမျိုးသားများက အမျိုးသမီးများအပေါ် ကျူးလွန်လေ့ရှိသည့် အကြမ်းဖက်မှုပုံစံများ ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုအား အလဲအလှယ် သုံးစွဲတတ်ကြသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလို့ဆိုရာမှာ “အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ထိခိုက်စေခြင်း၊ သို့မဟုတ် ခံစားစေခြင်း၊ ထိုသို့ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ သို့မဟုတ် အခြားသော လွတ်လပ်ခွင့်အား မတရားသဖြင့် ပိတ်ပင်တားမြစ်ခြင်းများအား အများပြည်သူရှေ့၌ဖြစ်စေ ကိုယ်ရေးကိုယ်တာ အခြေအနေများ၌ ဖြစ်စေ ဖြစ်ပွားသော သို့မဟုတ် ဖြစ်ပွားနိုင်ဖွယ်ရှိသော အကြမ်းဖက်မှုလုပ်ရပ်အားလုံးကို ဆိုလိုပါသည်။
ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိခိုက်နာကျင်စေခြင်း၊ သေကြေပျက်စီးစေရန် ရည်ရွယ်၍ ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ၊ လက်နက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ နှိပ်စက်ခြင်း၊ အကြမ်းဖက်ခြင်း၊ စော်ကားခြင်း၊ အင်အားသုံး၍ အကျဉ်းချခြင်း၊ သီးသန့်ဖြစ်နေစေရန် ခွဲခြားထားခြင်း၊ လွတ်လပ်မှုမရှိအောင် ချုပ်ထိန်းထားခြင်း၊ ကိုယ်ဝန်ဆောင်စဉ်အတွင်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့ ပါဝင်ပါသည်။
စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် စိတ်ခံစားမှုကို ထိခိုက်နာကျင်စေရန်နှင့် အမျိုးသမီး၏ ဂုဏ်သတင်း ယုတ်လျော့စေရန် ကျူးလွန်သော မည်သည့်အကြမ်းဖက်မှုကိုမဆို ဆိုလိုသည်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် အရှက်ရစေခြင်း၊ စော်ကားခြင်း (အခြားလူများ၏ ရှေ့တွင်အပါအဝင်)၊ အော်ဟစ်ခြင်း၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာဖြစ်စေ သို့မဟုတ် ငွေကြေးဆိုင်ရာဖြစ်စေ ထိခိုက်စေမည်ဟု ခြိမ်းခြောက်ခြင်း၊ သက်တူရွယ်တူများ၊ သူငယ်ချင်းများ သို့မဟုတ် လူမှုအသိုင်းအဝိုင်းမှ ဖိအားပေး၍ သီးခြားခွဲထုတ်ထားခြင်း၊ အပြုအမူများကို ထိန်းချုပ်ခြင်း၊ အရာဝတ္ထုများ သို့မဟုတ် ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း စွန့်ပစ်ခြင်း၊ အိမ်မှမောင်းထုတ်ခြင်း၊ လျစ်လျူရှုခြင်းတို့ ပါဝင်သည်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွင် အိမ်ထောင်ဖက်အပေါ် အလိုမတူဘဲ လိင်ဆက်ဆံခြင်း၊ အဓမ္မကျင့်ခြင်း၊ အုပ်စုလိုက် အဓမ္မကျင့်ခြင်း၊ မလိုလားသော လိင်ပိုင်းဆိုင်ရာ ထိတွေ့ကိုင်တွယ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတို့ ပါဝင်သည်။ အိမ်ထောင်ဖက်အပေါ် အလိုမတူဘဲ လိင်ဆက်ဆံခြင်းသည် အမျိုးသမီး၏ ခွင့်ပြုချက်မပါဘဲ အိမ်ထောင်ဘက် သို့မဟုတ် ဥပဒေအရ ကွာရှင်း မထားဘဲ သီးခြားစီနေသည့် အိမ်ထောင်ဘက်ဟောင်းတို့မှ ကျူးလွန်သော လိင်မှုကိစ္စကို ဆိုလိုခြင်း ဖြစ်သည်။
မုဒိမ်းမှုဆိုသည်မှာ “အတင်းအကြပ် သို့မဟုတ် အကျပ်ကိုင်ပြီးလိင်ဆက်ဆံခြင်း၊ ကိစ္စပြီးမြောက်သည်ဖြစ်စေ မပြီးမြောက်သည်ဖြစ်စေ၊ လူတစ်ယောက်မှ အခြားလူတစ်ယောက်အား ၎င်း၏စိတ်ဆန္ဒမပါဝင်ဘဲ အင်းအားသုံးပြီးသို့မဟုတ် အကျပ်ကိုင်ပြီး သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ ခြိမ်းခြောက်ပြီးလိင်မှုကိစ္စတွင် ပါဝင်စေသည်ကို ဆိုလိုသည်။
စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုတွင် အမျိုးသမီးတစ်ဦး၏ ပစ္စည်းဥစ္စာ၊ ပိုက်ဆံ၊ ဝင်ငွေရလမ်း ငွေကြေးဆိုင်ရာ အမှီအခိုကင်းမှုတို့ကို ပျက်စီးစေရန်၊ သိမ်းပိုက်နိုင်ရန်၊ ကန့်သတ်ရန်၊ အလွဲသုံးစား ပြုရန် သို့မဟုတ် တားမြစ်ရန် လုပ်ဆောင်သော အပြုအမှုများနှင့် အမျိုးသမီး၏ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို တားဆီးခြင်းကို ဆိုလိုသည်။
စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုတွင် ပိုက်ဆံမလုံလောက်မှန်းသိသော်လည်း မိသားစု အသုံးစားရိတ်ကို ပံ့ပိုးပေးရန် ခင်ပွန်းမှ ငြင်းပယ်ခြင်း၊ အစားအသောက်/ အခြေခံလိုအပ်ချက်များကို ငြင်းပယ်ခြင်း (အမျိုးသမီးနှင့် ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင်)၊ အလုပ်လုပ်ကိုင်မှုကို ထိန်းချုပ်ခြင်း၊ ဇနီးထံမှ ခိုးယူခြင်းတို့ ပါဝင်သည်။
အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ သွေးသားတော်စပ်သည့်မိသားစုဝင်၊ တခြားမိသားစုဝင်၊ ရင်းနှီးသောလက်တွဲဖော် စသည်တို့မှ အမျိုးသမီးတစ်ဦးအပေါ် ထိခိုက်နာကျင်စေသော မည်သည့် လုပ်ရပ်ကိုမဆို ဆိုလိုပါသည်။ ၎င်းတွင်အမျိုးသမီး၏ အခွင့်အရေးများကို ချိုးဖောက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများမှတဆင့် ဖြစ်စေသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများ ပါဝင်သည်။
အမျိုးသမီးများအားအနှောင့်အယှက်ပေးမှုတွင် အမျိုးသမီး၏ ဂုဏ်သိက္ခာကို ထိပါးခြင်းကို ဖြစ်စေပြီး လူတစ်ဦးအတွက် နှစ်လိုဖွယ်မရှိသော၊ ခြိမ်းခြောက်သော၊ ရန်လိုသော၊ ဂုဏ်သရေ ပျက်စေသော၊ အရှက်ရစေသော၊ စိတ်အနှောင့်အယှက်ဖြစ်စေသည့် ပတ်ဝန်းကျင်ကို ဖြစ်စေသော သို့မဟုတ် ထိခိုင်နာကျင်မှုကို ဖြစ်စေသော အပြုအမူဖြင့်ဖြစ်စေ အပြောအဆိုဖြင့် ဖြစ်စေ ကျူးလွန်သော မည်သည့်အကြမ်းဖက်မှုကိုမဆို ဆိုလိုသည်။
အကြမ်းဖက်ခံရသော အမျိုးသမီးများအပေါ် ကျင့်သုံးလေ့ရှိသည့် အန္တရာယ်ရှိသော အလေ့အထများမှာ အဓမ္မကျူးလွန်ခံရသူကို ကျူးလွန်သူနှင့် အတင်းအကြပ် လက်ထပ်စေခြင်း၊ ကျေးရွာတစ်ခုလုံး/ အသိုင်းအဝိုင်း တစ်ခုလုံး၏ ဂုဏ်သတင်းကို ပြန်လည်ရရှိနိုင်ရန် အဓမ္မကျူးလွန် ခံရသူ သို့မဟုတ် သူမ၏ မိသားစုကို ပွဲလမ်းတစ်ခု အတင်းအကြပ် စီစဉ်စေခြင်း၊ အမျိုးသမီးများကို ပစ္စည်းဥစ္စာများ အမွေဆက်ခံခွင့်မပေးခြင်းတို့ ဖြစ်သည်။
ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် အမြင့်ဆုံးဖြစ်ပြီး အမျိုးသမီး (၃) ယောက်တွင် တစ်ယောက်နှုန်း ကျူးလွန်ခံနေကြရပါသည်။ ကျားမအခြေပြုအကြမ်းဖက်မှုကို အမျိုးသမီးများမှ အများဆုံး ကျူးလွန်ခံနေရသော်လည်း အမျိုးသားများနှင့် LGBTQ+ တို့သည်လည်း ဂျန်ဒါအခြေပြုအကြမ်းဖက်မှု စက်ကွင်းမှ မလွတ်မြောက်ပေ။
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကျူးလွန်မှုများ လျော့ကျလာစေရန်နှင့် ထိရောက်စွာ ကိုင်တွယ်နိုင်ရန်အတွက် လက်ရှိကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ လူမှုအသိုက်အမြုံများမှ အားစိုက် ကြိုးပမ်းရန် လိုအပ်ပေသည်
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်တွင် ဂျန်ဒါအခြေပြုအကြမ်းမှုများကို လျော့ကျလာစေရန် စီမံချက်များ ရေးဆွဲပြီး ကိုင်တွယ်ရန် ကြိုးပမ်းခဲ့သော်လည်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုယန္တရားများမှာ ဆက်လက်မလည်ပတ်နိုင်တော့ပေ။ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် လူမှုစီးပွားကြပ်တည်းမှုများ၊ တရားဥပဒေလက်လှမ်းမမှီမှုများ၊ အာဏာကိုလက်နက်သဖွယ် ကျင့်သုံးသည့်အခြေအနေများ၊ ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုနှင့် သည်းခံနိုင်မှုနည်းပါးခြင်း စသည့် အကျိုးဆက်များသည် အိမ်တွင်းအကြမ်းဖက်မှုများနှင့် အခြားသော ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ ပိုမိုမြှင့်တက်လာစေပါသည်။
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကျူးလွန်မှုများ လျော့ကျလာစေရန်နှင့် ထိရောက်စွာ ကိုင်တွယ်နိုင်ရန်အတွက် လက်ရှိကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ လူမှုအသိုက်အမြုံများမှ အားစိုက် ကြိုးပမ်းရန် လိုအပ်သည်။
ထို့ပြင် အမျိုးသားများပါ ဦးဆောင်ပြီး ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို တွန်းလှန်မှသာလျှင် ထိန်းချုပ်ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ကျူးလွန်ခံရသည့် ပုဂ္ဂိုလ်များအတွက် တရားမျှတမှု ရရှိရန်၊ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ရပ်တည်နိုင်ရန် တရားဥပဒေနည်းလမ်း တစ်ခုတည်းဖြင့် သာမကဘဲ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ဂျန်ဒါအမြင်ရှုထောင့်များကိုပါ ထည့်သွင်းချဉ်းကပ်သင့်ပါသည်။
လက်ရှိစစ်အာဏာသိမ်းပြီးနောက် တရားမျှတမှုအလှမ်းဝေနေသည့် ကာလတွင် အမျိုးသမီး များအနေဖြင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို ကျူးလွန်ခံရသည့်အခါ ကျူးလွန်သူကို ဘယ်သူ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည့်နည်းလမ်း၊ social punishment နည်းလမ်းဖြင့်သာ အများစုကဖြေရှင်းနေကြသည်ကိုတွေ့ရှိရပါသည်။
နွေဦးတော်လှန်ရေးကြီးသည် အရည်အသွေးစုံလင်သော လူသားအားလုံးအတွက် လုံခြုံမှု၊ အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို အာမခံချက်ပေးနိုင်သော ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ပေးရန် အရေးကြီးပါသည်။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု မချုပ်ထိန်းနိုင်သမျှ ကာလပတ်လုံး တရားမျှတသည့် လူ့ဘောင်ကို ဆောင်ကျဉ်းပေးနိုင်မည် မဟုတ်ပေ။ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကို လျစ်လျူရှုလိုက်ခြင်းသည် အကြမ်းဖက်မှုအားလုံးကို လက်သင့်ခံလိုက်ခြင်း၊ တံခါးဖွင့်လိုက်ခြင်းပင် ဖြစ်သွားပါလိမ့်မည်။
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media