‌ဒေါ်မျိုးမျိုးအေး
သမဂ္ဂခေါင်းဆောင်


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။


“အမျိုးသမီးတွေ ဘယ်မှာမဆို ပါဝင်ခွင့်ရှိပေမယ့် တကယ်တမ်း ခေါင်းဆောင်မှုပိုင်း၊ ဆုံးဖြတ်ပိုင်ခွင့််နေရာတွေကို ထည့်သွင်းစဉ်းစားတဲ့အခါကျရင် အမျိုးသားတွေက အုပ်စုဖွဲ့ပြီးတော့ တိုက်ခိုက်တယ်။ ဒီလိုနေရာမျိုးကို အမျိုးသားတွေပဲ ရဖို့အတွက်ကို ဖန်တီးတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက ဒီမိုကရေစီယဉ်ကျေးမှုမဟုတ်ဘူး။ ဒါက အာဏာရှင်ရဲ့ အငွေ့သက်သက်ပဲ”


၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

အမျိုးသမီးတွေရဲ့ခေါင်းဆောင်မှု၊ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်၊ အမျိုးသမီးတွေရဲ့လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ခံထားရတာတွေကြောင့် ဟိုးလွန်ခဲ့တဲ့ ၂၀၁၅ လောက်ထဲက ကျွန်မက STUM ကို အထည်ချုပ် သမဂ္ဂတွေ၊ ရေလုပ်သားသမဂ္ဂတွေ၊ တောင်သူလယ်သမားသမဂ္ဂတွေ၊ စက်မှုကဏ္ဍမှာရှိတဲ့တခြားသော ကျွန်မတို့နဲ့ ရင်ဘက်ချင်းတူပြီး ရပ်တည်ချက်ချင်း၊ ယုံကြည်ချက်ချင်းတူတယ်ဆိုတဲ့ လူတွေနဲ့ ခွဲထွက်ပြီးတော့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအရ အမျိုးသမီးရဲ့ခေါင်းဆောင်မှုကို လက်ခံဖို့ အတွက် ခက်ခဲပါတယ်။ စာရွက်ပေါ်မှာတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အပြည့်အဝပေးထားတယ်။ ဘယ်နေရာမှာမဆိုကြည့်လိုက်ရင် အမျိုးသမီးတွေရဲ့အခွင့်အရေးကို ပိတ်ပင်တာ ဘာမှမရှိဘူး။ အမျိုးသမီးမို့လို့ ဒါတွေမလုပ်ရဘူးလို့ အမျိုးသမီးမို့လို့ ဒီနေရာကို ရွေးချယ်ခံခွင့်မရှိဘူးလို့ မရှိဘူး။ Union မှာလည်း ဒီလိုမျိုးပဲ အရမ်းကို လွတ်လပ်ပြီးတော့ ဘယ်မှာမဆို လုပ်ခွင့်ရှိတယ်။

အမျိုးသမီးတွေ ဘယ်မှာမဆို ပါဝင်ခွင့်ရှိပေမယ့် တကယ်တမ်း ခေါင်းဆောင်မှုပိုင်း၊ ဆုံးဖြတ်ပိုင်ခွင့်နေရာတွေ ကို ထည့်သွင်းစဉ်းစားတဲ့အခါကျရင် အမျိုးသားတွေက အုပ်စုဖွဲ့ ပြီးတော့ တိုက်ခိုက်တယ်။ ဒီလိုနေရာမျိုးကို အမျိုးသားတွေပဲ ရဖို့အတွက်ကို ဖန်တီးတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ဒီမိုကရေစီယဉ်ကျေးမှု မဟုတ်ဘူး။ ဒါက အာဏာရှင်ရဲ့အငွေ့အသက်ပဲ။ အမျိုးသားကြီးစိုးရေးဝါဒ လွှမ်းမိုးတယ်။    

ကျွန်မတို့ အာဏာရှင်ကို တော်လှန်တယ်ဆိုတာ အခုမှတော်လှန်တာ မဟုတ်ဘူး။  မိသားစုမှာ၊ အိမ်မှာ၊ ကိုယ့်ရဲ့ Union မှာ ဒါတွေကို ဒီအလေ့အကျင့်တွေကို ပြုစုပျိုးထောင်ပေးတယ်။ မွေးဖွားပေးတယ်။ အမျိုးသမီးတွေ ရှေ့တန်း ရောက်ဖို့ အမျိုးသမီးတွေ ဆုံးဖြတ်ခွင့်ရတဲ့နေရာရောက်ဖို့ ပေါ်လစီချမှတ်တယ်။ ရွေးကောက်တင်မြောက်တဲ့ နေရာတိုင်းမှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့နေရာကို ပါလာဖို့အတွက် လုပ်ဆောင်ပါတယ်။

သို့ပေမဲ့ လက်ရှိအချိန်အထိ ကျွန်မတို့ ချန်ထားခံရမှုတွေအတွက် ကျွန်မတို့ ဖြတ်ကျော်နေတုန်းပဲ။ ဒါတွေကို ကျွန်မ တို့က ရုန်းကန်ကျော်လွှားရင်းနဲ့ ဒီစနစ်တွေကို အမြစ်ပြတ်အောင် တိုက်ထုတ်မယ်။ ကျွန်မတို့ရဲ့ခေါင်းထဲမှာ အတွေးထဲမှာ ဒါတွေမရှိဖို့ ကျွန်မတို့မျိုးဆက်ကိုလည်း ဒါတွေမမွေးဖို့ ကျွန်မတို့လက်ထက်မှာလည်း ဒါတွေလက်မခံဖို့ တိုက်ခိုင်တွန်းလှန်နေဆဲကာလ ဖြစ်ပါတယ်။
 

၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိတည်ဆောက်သင့်ပါသလဲ။

နိုင်ငံသူနိုင်ငံသားတွေထားတဲ့ စံတန်ဖိုးတွေ မတူကြဘူး။ တခါတလေကျရင် ကျွန်မတို့ထားတဲ့ စံတန်ဖိုးတွေက သပ်သပ်၊ နိုင်ငံသူနိုင်ငံသားတွေက သပ်သပ်ဖြစ်နေတတ်ပါတယ်။   ပြည်နယ်၊ ပြည်မ တိုင်းရင်းသားတွေ ထားတဲ့စံတန်ဖိုးတွေ မတူကြတဲ့အခါမှာ ဘယ်လိုတူအောင်သွားပြီးညှိကြမလဲ။ အဲ့တော့ ပြည်မမှာနေတဲ့သူတွေ က ပြည်နယ်မှာနေတဲ့သူတွေကို အရမ်းကိုအကဲဆတ်တယ်။ Sensitive ဖြစ်တယ်။ အထိမခံဘူးလို့ ထင်ကောင်း ထင်လိမ့်မယ်။

အဲ့ဒါက တဖက်မှာက အရမ်းကို တန်ဖိုးထားတဲ့အရာ ဖြစ်နေတယ်။ စကားပုံတောင် ရှိတယ်။    ဆင်ကတော့ သေးပေါက်လိုက်တာပဲ ပုရွက်ဆိတ်မှာတော့ သောကပင်လယ်တွေ ဝေပြီးတော့ ဖြစ်သွားတယ်။ အဲ့လိုမျိုးပေါ့။ တခုနဲ့တခုစံတန်ဖိုးတွေကို ဘယ်လိုညှိကြမလဲ။ နိုင်ငံတော်သစ်လို့ ပြောတဲ့အခါ ပြည်မမှာ နေတဲ့လူတွေရဲ့ နိုင်ငံတော်သစ်နဲ့ ပြည်နယ်မှာနေတဲ့လူတွေရဲ့ နိုင်ငံတော်သစ်က တူနိုင်ပါ့မလား။      

အဲ့လိုပဲ တိုင်းရင်းသားတွေ အချင်းချင်းကြားမှာရော   အတူတူ ဖြစ်ပါ့မလား။ ပြီးတော့ အမျိုးသား၊ အမျိုးသမီး ဂျဲန်ဒါ မတူတဲ့ကြားမှာ မျှော်မှန်းတဲ့နိုင်ငံတော်သစ်ကရော တူပါ့မလား။ ကျွန်မတို့တွေ အဲ့ဒါတွေ ထပ်တူရဖို့ ဘယ် လောက်အထိ အချိန်စောင့်ဖို့ လိုမလဲ။

တစ်ယောက်အသံကို တစ်ယောက် ဘယ်လောက် နားထောင်ကြမလဲ။ အခုချိန်မှာ တစ်ယောက်အသံ၊ တစ်ယောက် နားမထောင်ဘူး။ တယောက်ကိုတစ်ယောက် ဖယ်ထုတ်တဲ့လမ်းကို ရွေးကြတယ်။ ငါနဲ့မတူ ငါ့ရန်သူပဲ လာပြီးမဆွေးနွေးနဲ့၊ စကားမပြောနဲ့ပေါ့။ အဲ့လိုတွေနဲ့ ဘယ်လောက်ကြာကြာ ဖြုတ်ထုတ်သတ် သွားကြမလဲ။ အတူတူနေနိုင်ဖို့အတွက်ကို ဘယ်လိုစဉ်းစားကြမလဲ။ စံတန်ဖိုးတွေ ရင်ဘတ်ချင်းတူတယ်တို့ ပြောရင်တော့အချိန်တွေ‌ တော်တော်ယူရဦးမယ်။ 

ကျွန်မတို့လိုချင်တဲ့ အနာဂတ်အိပ်မက်၊ ပြည်နယ်တွေက မက်ထားတဲ့ အနာဂတ်အိပ်မက် တူချင်မှ တူပါလိမ့်မယ်။ ကျွန်မတို့ ရန်ကုန်မှာနေပြီးတော့ ရွှန်းရွှန်းဝေအောင် ပြောနေတဲ့အချိန်မှာ ပြည်နယ်တွေမှာ ကျောင်းလုံးဝမတက်ရတဲ့ ထမင်းပုံမှန်စားမနေရတဲ့စစ်ဘေးရှောင် နေရတဲ့ တိုင်းရင်းသားကလေးတွေပေါ့။ သူတို့တွေရဲ့ အနာဂတ်အိပ်မက်နဲ့ ကျွန်မတို့အိပ်မက်နဲ့အရမ်းကို ကွာသွားပြီ။ ဒါတွေကိုတန်းတူညှိဖို့က ခက်ပါလိမ့်မယ်။

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။

အမျိုးသမီးကိုဖယ်ထားမယ်။ အမျိုးသားချည်းပဲ ဆုံးဖြတ်ချက်ချပြီးတော့ နိုင်ငံကို တည်ဆောက်သွားမယ် ဆိုပါစို့။ ဒါဆိုရင်ကျွန်မတို့က အသံမစုံတော့ဘူး။ အမျိုးသမီးအသံ မကြားရတော့ဘူး။ အမျိုးသမီးအသံ မကြားရတဲ့အတွက်ကြောင့် အမျိုးသမီးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာ ကျန်နေခဲ့မယ်။ အဲ့အခါကျရင် နိုင်ငံရေး မျှခြေ မညီတော့ဘူး။ အမျိုးသမီးတွေလည်း လုပ်နိုင်စွမ်းရှိတယ်။ သူတို့လုပ်နိုင်စွမ်းတွေက တခါတလေ အမျိုးသားထက် သာကောင်းသာနေမယ်။ အဲ့တော့ လူမှန်နေရာမှန်ရှိဖို့ လိုပါတယ်။

နောက်တခုက အမျိုးသမီး ဆိုတာ ကျွန်မထင်တာက အမျိုးသားတွေထက် ခံနိုင်ရည်ပိုအားရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ က‌လေး မီးဖွားတယ်ဆိုတဲ့ကိစ္စဆိုတာ ကလေးလေးတစ်ယောက်ကို ဗိုက်ထဲမှာ ဆယ်လလုံးလုံး လွယ်ထားရတယ်။ ကလေးအမေတွေဟာ အင်မတန်မှကို ဂုဏ်ပြုထိုက်တယ်။ ကလေးမွေးရင်း သေနိုင်တယ်ဆိုတာ သိလည်း မွေးတာပဲ။ အမျိုးသမီးတစ်ယောက်ရဲ့ ခံနိုင်ရည်က အမျိုးသားတစ်ယောက်ရဲ့ ခံနိုင်ရည်ထက် သာပါတယ်။

နောက်တခုက အရာရာကိုကြည့်တဲ့အခါမှာ မေတ္တာတရားတို့ နှလုံးရည်တွေကို တိုင်းတာဖို့လိုတယ်။ ဒါဟာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ဘယ်လိုမှ စံသွားညှိလို့မရဘူး။

ကိုယ့်ရဲ့လှပမှုတွေ၊ နုပျိုမှုတွေ၊ ကိုယ်လုပ်ချင်ပါတယ်ဆိုတဲ့ အရာအားလုံးကို သားသမီးအတွက် အနစ်နာခံခဲ့ရတယ်။ သားသမီး ကိုပဲ အချိန်အကြာကြီးပေးခဲ့ရတော့  ကျွန်မတို့ဆိုရင် အသက် (၄၅) - (၅၀) လောက်ကို ရောက်တော့မှ ကိုယ်ဖြစ်ချင်တဲ့ဟာကို ဆက်လုပ်နိုင်တယ်။ အမျိုးသမီးတွေဟာ အချိန်တွေပေးနေတဲ့ကြားက သူတို့ဘဝ တိုးတက်ရေးကို သူတို့ထူထောင်ပြီးတော့ လုပ်ကြရတာ။

လုပ်ငန်းခွင့်ထဲမှာလည်း ဘယ်နေရာမှာပဲကြည့်ကြည့် အမျိုးသမီးတွေက သုံးပုံနှစ်ပုံ လောက်ကို လွှမ်းမိုးထားတယ်။ ဒါပေမယ့် ထိပ်ပိုင်းနေရာလောက်ကိုပဲ အမျိုးသားက ယူထားပြီးတော့ အရာရာကိုဆုံးဖြတ်သွားမယ်ဆိုရင်တော့ ဘယ်အရာကမှ ပုံမှန်အတိုင်း ဖွံ့ဖြိုးလာမယ်လို့ မထင်ဘူး။

အမျိုးသမီးနဲ့ပတ်သက်တဲ့ကိစ္စကို စဉ်းစားရင် ဘယ်အမျိုးသားက ဒီအမျိုးသမီးတွေလောက် သိနိုင်ပါ့မလဲ။ နိုင်ငံရဲ့လူဦးရေတစ်ဝက်ကျော်ကို အမျိုးသမီးက နေပြီးတော့ လွှမ်းမိုးထားတယ်။ လုပ်ငန်းခွင့်ထဲမှာလည်း ဘယ်နေရာမှာပဲကြည့်ကြည့် အမျိုးသမီးတွေက သုံးပုံ နှစ်ပုံလောက်ကို လွှမ်းမိုးထားတယ်။ ဒါပေမယ့် ထိပ်ပိုင်းနေရာလောက်ကိုပဲ အမျိုးသားက ယူထားပြီးတော့ အရာရာကိုဆုံးဖြတ်သွားမယ်ဆိုရင်တော့ ဘယ်အရာကမှ ပုံမှန်အတိုင်း ဖွံ့ဖြိုးလာမယ်လို့ မထင်ဘူး။

ဒါကြောင့်လည်း ကျွန်မတို့က အမျိုးသမီး ခေါင်းဆောင်မှုတို့၊ အမျိုးသမီးတွေပါဝင်ခွင့်တို့ကို ထပ်တလဲလဲပြောတယ်။ တစိုက်မတ်မတ် ပြောတယ်။ ကိုယ်တိုင်လည်း ကျင့်တယ်။ ကိုယ့်အဖွဲ့ဝင်တွေကိုလည်း ဒါမျိုးတွေဖြစ်အောင် အမြဲတမ်း လုပ်ပေးနေတယ်။ နမူနာကောင်းအနေနဲ့ Union မှာဆိုရင်လည်း ဒီမိုကရေစီ ယဉ်ကျေးမှုတွေကို ကျင့်သုံးပါတယ်။


၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

ကျွန်မအနေနဲ့ကတော့ အမျိုးသမီးတွေက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အရမ်းကြီး မရောက်လာသေးဘူးလို့ မြင်တယ်။ အမျိုးသမီးတွေကို ဝန်ကြီးရာထူးတွေပေးတာတွေ ရှိပေမယ့် အမျိုးသားတွေက အဲ့ဒီနေရာတွေကို လုပြီးတော့ ယူထားတုန်းပဲ။ အမျိုးသမီးတွေက ဒီထက်လုပ်နိုင်စွမ်းတွေ ရှိတယ်။ လုပ်နိုင်နေတာ ကိုလည်း အားလုံးမြင်နေရတယ်။ ဒါပေမယ့် တကယ်ဆုံးဖြတ်ချက်ချတဲ့နေရာမျိုးမှာ အမျိုးသမီးတွေ သိပ်မရှိနေဘူး။ အမျိုးသားတွေ လွှမ်းမိုးနေတုန်းပဲ။

လက်ရှိမှာတော့ အရပ်ဖက်အဖွဲ့အစည်း တော်တော်များများမှာ   အမျိုးသမီး တွေ အသံပိုပြီးကျယ်ကျယ်ထုတ်လာနိုင်တယ်။ ဒီလိုနေရာတွေမှာ အမျိုးသမီးတွေဟာ ကိုယ်ဘာလုပ်ရမလဲ ဆိုတာကို အချိန်နဲ့တပြေးညီဆုံးဖြတ်ပြီးတော့ လုပ်နေလာနိုင်တယ်။ အစိုးရပိုင်းမှာတော့ သိပ်ပြီး အားရ ကျေနပ်လောက်တဲ့ အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနေတာ မတွေ့ရသေးပါဘူး။
 

၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

နံပါတ်တစ်က အမျိုးသမီးတွေကိုယ်တိုင်က အမျိုးသမီးမပါဝင်နေတာကို လက်ခံနေတာကြောင့်ပါ။ နံပါတ်နှစ် ကတော့ အမျိုးသမီးတွေ မပါဝင်နိုင်အောင် စည်းမျဥ်းစည်းကမ်းတွေကလည်း ဟန့်တားထားတာကြောင့်ပါ။ ဥပမာအနေနဲ့  ဝန်ကြီးရာထူးရွေးတဲ့အခါမျိုးမှာ ဒီလိုရာထူးမျိုးနဲ့ ကိုက်တဲ့အမျိုးသမီးတွေ ရှိတယ်။

ဒါပေမယ့် အမျိုးသမီးတွေကို ဒုဝန်ကြီးလိုနေရာမျိုးမှာထားပြီး အမျိုးသားတွေက ဝန်ကြီးတက်ယူတာမျိုး မြင်နေရပါ တယ်။ အမျိုးသမီးတွေ ဝန်ကြီးမဖြစ်ထိုက်ဘူးလားဆိုတဲ့ မေးခွန်းမျိုးကို အမျိုးသမီးတွေကိုယ်တိုင် မေးခွန်း ထုတ်စေချင်တယ်။ ဒီအချိန်မှာ သွေးစည်းညီညွတ်မှုပျက်ပြားတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မဝေဖန်ဘဲ နေလိုက်မယ်ဆို ဘယ်အချိန်မှာ ကျွန်မတို့ပြောကြမလဲ။

ကျွန်မတို့တုန်းကကျတော့ မသိခဲ့ဘူး။ သိတယ်ဆိုတဲ့အချိန်ကစပြီးတော့ တွန်းလှန်ဖို့လိုပါတယ်။ နောက်တခု က ရာထူးချင်းတူကြတယ်ဆိုကြပါစို့။ ဘာကြောင့် ဒီအမျိုးသမီးဝန်ကြီးတွေကို ဝန်ကြီးယောကျာ်းတွေက ဆရာ လာလုပ်တာလဲ။ ကိုယ်နဲ့မဆိုင်တဲ့နေရာတွေမှာ ဆရာဝင်လုပ်တာတို့ ဝင်ပြောတာတို့ကို မြင်နေရတဲ့အခါ မခံစားနိုင်ဘူး။ အမျိုးသမီးတွေက ဒီထက်ပိုပြီး လုပ်နိုင်ရက်နဲ့ ဘာဖြစ်လို့ ဒီလူတွေက အဲ့လိုမျိုးလာပြီးတော့ အမိန့်ပေနေရတာလဲပေါ့။ အမျိုးသမီးတွေ ကိုယ်တိုင်က ဒါကိုလက်မခံဖို့ လိုပါတယ်။

ကျွန်မတို့အခုပြန်လည် တည်ဆောက်တယ်လို့ သတ်မှတ်ကြတယ်ဆိုရင် အခုထဲကစပြီးတော့ ဒါတွေကိုအသစ်အနေနဲ့ မွေးဖွားပြီး တော့ သွားစေချင်ပါတယ်။ အားလုံးနိုင်ငံတော်သစ်အတွက် ပြောနေကြတာ ဆွေးနွေးကြတာ ဖြစ်တဲ့အတွက် ကြောင့် အမြင်မတော်တာတွေ မလုပ်သင့်တာတွေကို ကျွန်မတို့က အားမနာတမ်း ပြောဖို့လိုပါတယ်။ ကျွန်မတို့ တွေလည်း ပြောဖို့လိုသလို ကာယကံရှင် အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အားနာနာနဲ့ နောက်မဆုတ်ပေးဖို့ လိုပါတယ်။


၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက် ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

အမျိုးသမီးခေါင်းဆောင်တွေကို အများကြီးမွေးထုတ်ပေးဖို့လိုသလို နေရာပေးဖို့လည်း လိုပါတယ်။   အဲ့နေရာနဲ့ မထိုက်တန်တဲ့သူတွေ ယူထားတယ်ဆို နေရာဖယ်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် အားလုံး စွမ်းဆောင်ရည် ပြည့်ပြည့်နဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အခု လူငယ်တွေအများကြီး အလုပ်လုပ်လာကြတယ်။ သူတို့ကို နေရာပေးဖို့ လိုပါတယ်။ ငါတို့နောက်မျိုးဆက်ကို ဘယ်လောက်မွေးမြူထားတယ်၊ နောက်မျိုးဆက်ကို ဘယ် လောက်ပြင်ဆင်ထားတယ်လို့ ပြောကြတယ်ဆိုရင် အခုထဲက နောက်မျိုးဆက်အတွက် ရာထူးတွေ ထားပြီး တော့၊ နေရာပေးသင့်ပြီ။ အဲ့လိုနေရာမျိုးမှာ အမျိုးသမီးတွေ ဘယ်လောက်ပါလာလဲ။

အမျိုးသမီးတွေက နိုင်ငံရေးနဲ့ မဆိုင်ဘူးဆိုပြီးတော့ ဘေးဖယ်နေမယ်ဆိုရင် နိုင်ငံရေးထဲမှာ အမျိုးသမီးပါဝင်မှုက အလုပ်နိုင်ငံရေးမဟုတ်ပဲနဲ့ အပြနိုင်ငံရေးပဲ ဖြစ်လာမှာပါ။

နောက်တချက်က  နောက်မျိုးဆက်အတွက် ခေါင်းဆောင် (၁၀၀) မွေးထားတယ်ဆိုရင် အမျိုးသမီး (၅၀) ပါပြီလား။ SDG အရဆို ၂၀၃၀ ကြရင် အမျိုးသမီးနဲ့အမျိုးသားက ၅၀/၅၀ ဖြစ်ရမယ်လို့ပြောထားတဲ့အတွက် ready ဖြစ်ပြီလား။ နေရင်းထိုင်ရင်း ဒီလိုစွမ်းရည်တွေက ပြည့်လာမှာ မဟုတ်ဘူး။

တကယ့်မူဝါဒတွေချမှတ်ပြီး ဖြည့်ကျင့်ပေးထားမှ တကယ်တမ်း အဆင်သင့်ဆိုတဲ့အချိန်ကျရင် သူတို့ကအဲ့နေရာကို တိုးဝင်သွားနိုင်မှာ ဖြစ်ပါတယ်။ လာကြ ဒီနေရာအတွက် ဖွင့်လိုက်ပြီလို့ပြောရင် ၂၀၃၀ ကျရင် အမျိုးသားနဲ့အမျိုးသမီးတန်းတူပဲ ဘယ်နေရာမှာမဆို အမျိုးသမီး ၅၀၊ အမျိုးသား ၅၀ ပြောပေမယ့် အမျိုးသမီးတွေအားလုံးက မီးဖိုချောင်ထဲက မထွက်ကြရဘူး။

ပညာသင်မှု အခွင့်အရေးတွေက အမျိုးသားတွေကပဲ သာနေတယ်။ နေရာဌာနတွေ အကုန် လုံး အခွင့်အရေးတွေအားလုံးကို အမျိုးသားတွေကပဲ လက်ဝါးကြီးအုပ်ပြီး ယူထားတယ်ဆို အဲ့အချိန်ကျရင် ဘယ်မှာစွမ်းရည်ရှိတဲ့အမျိုးသမီးတွေ ရှိလာနိုင်မလဲ။ ဒါကြောင့် မူဝါဒတွေ သေသေချာချာရေးပြီး အမျိုးသမီး တွေကို ဆွဲတင်မှ ၂၀၃၀ ခုနှစ်ကျရင် အဆင့်တူ၊ တန်းတူဖြစ်မှာ ဖြစ်ပါတယ်။
 

၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။

အမျိုးသမီးတွေ တော်တော်များများက နိုင်ငံရေးထဲမှာ ဝင်ပါလာဖို့လိုပါတယ်။ အမျိုးသမီးတွေက နိုင်ငံရေးနဲ့ မဆိုင်ဘူးဆိုပြီးတော့ ဘေးဖယ်နေမယ်ဆိုရင် နိုင်ငံရေးထဲမှာ အမျိုးသမီးပါဝင်မှုက အလုပ်နိုင်ငံရေးမဟုတ်ပဲနဲ့ အပြနိုင်ငံရေးပဲ ဖြစ်လာမှာပါ။ ငါတို့ပါတီထဲမှာ အမျိုးသမီးဘယ်နှယောက်ရှိနေတယ်။ ငါတို့ထဲမှာ လွှတ်တော် အမတ်က ဘယ်နှယောက်ရှိနေတယ်။ ငါတို့ထဲမှာ ဝန်ကြီးဘယ်နှယောက်ရှိနေတယ်။ ဒီလိုမျိုး အပြအမည်ခံ သက်သက် မဖြစ်ဖို့လိုပါတယ်။

နိုင်ငံရေးထဲမှာတော့ အမျိုးသမီးတွေ အများကြီးရှိနေကြတယ်။ နိုင်ငံရေး လှုပ်ရှားမှုမှာ အမျိုးသမီးတွေအများကြီးရှိနေကြတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မရှိနေဘူး ဆိုရင်လည်း မဟုတ်သေးပါဘူး။ တကယ့်နာမည်ကြီးအဖွဲ့အစည်းတွေမှာဆိုရင်လည်း တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်နေတဲ့ အမျိုးသမီးတွေက အများကြီးရှိပေမဲ့ တကယ်တမ်း ဆွေးနွေးကြမယ်ဟေ့၊ သွားကြမယ်ဟေ့ဆို အဲ့အမျိုးသမီးတွေက ကျန်နေခဲ့တယ်။ ဒါမျိုးတွေတော့ အနာဂတ်မြန်မာနိုင်ငံတော်မှာ မဖြစ်စေချင်တော့ဘူး။

အမျိုးသမီးတွေကလည်း သွားကြပြီဆိုရင် ပါဝါလေးခြုံ၊ ဆံထုံးလေးထုံး ဓာတ်ပုံပဲ အရိုက်ခံပြီးတော့ ပြန်လာလို့မရဘူး။ နိုင်ငံရဲ့အပြောင်းအလဲ၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ အပြောင်းအလဲ တကယ် ပြောဖို့လိုတယ်။ ပြောမှလည်း ပြင်ကြမှာ၊ မပြောရင် ပြင်မှာမဟုတ်ဘူး။ လုပ်မှာလည်း ရမှာပေါ့။ အဲ့တော့ ဓာတ်ပုံအရိုက်ခံပြီးပြန်မလာနဲ့ showcase  ထဲမှာထည့်ထားတဲ့ အလှပြအရုပ်အဖြစ်မနေနဲ့။ တကယ့်မြေပြင်မှာ လုပ်နေကြတဲ့ အမျိုးသမီးတွေအဖြစ် မြင်ချင်ပါတယ်။ တွေ့ချင်ပါတယ်။


"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file


#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media