နော်စူစန်နာလှလှစိုး
ပြည်ထောင်စုဝန်ကြီး
အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ဝန်ကြီးဌာနဆိုတာ လွတ်လပ်ရေးရပြီးကတည်းက တခါမှမရှိခဲ့ဖူးသေးတဲ့ ဝန်ကြီးဌာနဖြစ်ပါတယ်။ အခုရှိလာပြီဖြစ်တဲ့အတွက်ကြောင့် ဒါက အမျိုးသမီးအင်အားကို တစ်နည်းတစ်ဖုံအားဖြင့် ဂုဏ်ပြုလိုက်တယ်လို့ ယုံကြည်ပါတယ်”
၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြ ပေးပါရှင့်။
ဒီနွေဦးတော်လှန်ရေးကပြောရမယ်ဆိုရင် မြန်မာ့သမိုင်းသာမက၊ ကမ္ဘာသမိုင်းမှာတောင်မှ မှတ်တမ်းတင်ရမှာ ဖြစ်တယ်။ ဘာလဲဆိုတော့ စတင်ကတည်းက ယနေ့ထက်တိုင် အကြမ်းမဖက်ဆန္ဒပြမှုတွေကလည်း နေ့တိုင်း လမ်းပေါ်မှာရှိနေတယ်။ လူငယ်တွေဆို တရက်မှမနားပဲနဲ့ မိမိရဲ့ကျရာတာဝန်တွေကို အားကြိုးမာန်တက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
လက်နက်ကိုင်ဆွဲတဲ့သူကလည်း လက်နက်ကိုင်စွဲ၊ ထောက်ပို့ကလည်း ထောက်ပို့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ကျွန်မတို့နိုင်ငံသားတွေကလည်း အရမ်းကိုအားထည့်ပြီး လုပ်ဆောင်နေ တာကို ကြည့်ခြင်းအားဖြင့် ဒါတကယ့်ကိုသမိုင်းမှာ သမိုင်းတွင်မယ့် နွေဦးတော်လှန်ရေး ဖြစ်ပါတယ်။ အရင်တုန်းကဆို ကျွန်မတို့ဆိုလည်း ၈၈ မှာ ဖြတ်ကျော်ခဲ့တာပဲလေ။
လပိုင်းနဲ့ ပြီးသွားပြီးတော့ စစ်အာဏာရှင် တွေက အာဏာကိုရသွားတယ်။ သို့ပေမဲ့ လက်ရှိကာလမှာတော့ စစ်ကောင်စီက အာဏာတွေလည်း ရယူဖို့ ကြိုးစားနေပေမယ့်လည်း ပြည်သူတွေက ရရာအင်အားနဲ့ ဆန့်ကျင်တော်လှန်နေတာကို တွေ့မြင်နေရပါတယ်။
၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။
တော်လှန်ရေးအင်အားစုတွေ အားလုံးအကျေအလည် ရေးဆွဲပြီးတော့ ရေးဆွဲထားတဲ့ ကြားကာလ သဘောတူညီချက်လို့ ပြောလို့ရတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာပါသလို လွတ်လပ်ရေး၊ တန်းတူမျှတရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို အခြေခံမူတွေအနေနဲ့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။
၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေပါဝင်ဖို့ လိုပါသလဲ။
တော်လှန်ရေးတစ်လျှောက်မှာ အမျိုးသမီးတွေက ခါတိုင်းနဲ့မတူ ရွပ်ရွပ်ချွန်ချွန် ရှေ့တန်းမှာ ပါဝင်နိုင်ခဲ့တယ်။ ခေတ်ပြောင်းတော်လှန်ရေးလည်း ဖြစ်တယ်။ ကျွန်မတို့က ဒီတစ်ခေါက်က အာဏာရှင်ကို တော်လှန်ရုံ သာမက ခေတ်သစ်စနစ်သစ်ကိုပါ တစ်ပါတည်း တည်ဆောက်နေတဲ့ တော်လှန်ရေးဖြစ်တယ်။
အဲ့မှာ အမျိုးသမီးတွေ ကလည်း တော်လှန်ရေးအစမှာကတည်းက သံပုံးတွေတီးကြတယ်။ ထမီအလံလွှင့်ကြတယ်။ နောက်ပြီးတော့ အမျိုးသမီးရဲ့အထိမ်းအမှတ်ဖြစ်တဲ့ ပန်းပန်တာတို့၊ နှုတ်ခမ်းနီဆိုးတာတို့ စသည်ဖြင့်ပေါ့ အဲ့ဒါတွေကိုလည်း Gen z တွေက ကျား၊ မ မခွဲခြားပဲနဲ့ ပါဝင်ခဲ့ကြတယ်။ ဒါတွေက ဂျဲန်ဒါခွဲခြားမှုကို ရိုက်ချိုးဖျက်စီးလိုက်တာပဲလို့ မြင်တယ်။
အဲ့ဒါကြောင့် အင်မတန်မှ ကြီးမြတ်တဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်တယ်လို့ မြင်တယ်။ အခုလည်းပဲပြောရမယ်ဆိုရင် သမိုင်းတလျှောက်မှာ မရှိခဲ့ဖူးတဲ့ ကျွန်မတို့ရဲ့ဝန်ကြီးဌာနဖြစ်တဲ့ အမျိုးသမီး လူငယ်နဲ့ကလေးသူငယ်ဝန်ကြီးဌာနဆိုတာ လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံမှာ တခါမှမရှိခဲ့ဖူး သေးတဲ့ ဝန်ကြီးဌာနလည်း ရှိလာပြီဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးအင်အားကို တစ်နည်းတစ်ဖုံအားဖြင့် သတ်မှတ်ပြီးတော့ ဂုဏ်ပြုလိုက်တယ်လို့ ယုံကြည်ပါတယ်။ ဒါတွေက ထူးခြားတဲ့ဖြစ်စဉ်တွေ ဖြစ်ပါတယ်။
၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို အရင်ကထက်စာရင် တိုးတက်ပေမယ့် သိပ်တော့အားရမှု မရှိဘူးပေါ့။ FDC ထဲမှာလည်းပဲ အမျိုးသမီးပါဝင်မှုကို ၃၀ ရာခိုင်နှုန်း သေချာစေရမယ် ဆိုတာပါတယ်။ Framework တွေ ကဏ္ဍအသီးသီးမှာလည်း JCC ထဲမှာ Gender policy ရေးဆွဲရေးမှာ ကျွန်မတို့ NUG ကလည်းပဲ အဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်တယ်။
သို့သော်လည်း တကယ့်တကယ်ကြည့်တဲ့အခါမှာ cabinet ထဲမှာလည်း သမ္မတကြီး အပါအဝင် (၁၉) ဦးရှိတဲ့အထဲမှာ အမျိုးသမီးဝန်ကြီးက ကလည်း (၃) ဦး ပဲ ရှိတယ်။ ပြောရမယ်ဆိုရင် သတ်မှတ် ထားတဲ့ဟာ မပြည့်မှီသေးဘူးပေါ့။ ဒါကတော့ NUCC ကလည်း advocacy လုပ်တယ်။ ကျွန်မတို့ဝန်ကြီးဌာန ကလည်း တိုက်တွန်းအားပေးတယ်။
သို့သော်လည်း ပြည့်မှီခြင်းမရှိတာက နည်းနည်းလေး လိုအပ်ချက် ရှိတယ်လို့တော့ မြင်တယ်။ နောက်ပြီးတော့ တခြားကဏ္ဍတွေမှာလည်း အဲ့လိုပါပဲ။ စစ်ရေးတွေမှာဆိုရင်လည်း အမျိုးသမီးတွေ တိုက်ရေးခိုက်ရေးမှာ မပါရဘူး။ ရှေ့တန်းသွားရင် ရဲမေတွေနဲ့ စစ်မေတွေနဲ့ တွေ့ရင် သူတို့အဲ့လို အားမလိုအားမရတွေ ရှိပါတယ်။တချို့ဆိုရင် စနိုက်ဘာမှာ ပထမတွေ ရတယ်။ အာဏာရှင်ကို တိုက်ဖျက်တဲ့ အချိန်မှာ သူတို့ကိုယ်တိုင်ရှေ့တန်းမှာ ပါချင်တယ်။ ဒါပေမယ့် နောက်တန်းမှာပဲ ထမင်းချက်၊ ဟင်းချက် ထောက်ပို့ လုပ်ပေါ့။
အဲ့လိုမျိုးလေးတွေလည်း ရံဖန်ရံခါကြားရတယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့စိတ်ထဲမှာ တာဝန်ရှိတဲ့လူတွေရဲ့စိတ်ထဲမှာ women can do it ပေါ့။ အမျိုးသမီးကလည်း We can do it ပေါ့ လုပ်နိုင်တယ်။ တာဝန်ပေးအပ်လို့ရတယ်ဆိုတဲ့ယုံကြည်မှုရဖို့ နည်းနည်းလေး လိုအပ်နေပါသေးတယ်လို့ မြင်ပါတယ်။
၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။
ယဥ်ကျေးမှု၊ထုံးတမ်းစဉ်လာကြောင့်ပါ။ အမျိုးသမီးတွေက အိမ်မှာပဲနေရမယ်။ အိမ်ထောင်ပြုစုရမယ်။ ကလေး တွေကြည့်ရမယ် စသဖြင့်အဲ့လို ယဉ်ကျေးမှုတွေကြောင့် ဖြစ်ပါတယ်။ နောက်ပြီး ဖိုဝါဒကြီးစိုးမှုက သိသိ သာသာနဲ့ မသိမသာ ကြီးစိုးမှုတွေ ရှိတယ်။ တချို့တွေ အရမ်းကို open ဖြစ်ပါတယ်ဆိုတဲ့လူတွေတောင် ဒါတွေ က မလိုအပ်ပါဘူး ဆိုလည်း ရှိတယ်။
နောက်ပြီး ကျွန်မတို့တလောတုန်းက baseline survey လေး တစ်ခု လုပ်တယ်။ NUG ဝန်ထမ်းတွေကို baseline survey လုပ်တဲ့အခါမှာ Gender equality လိုအပ်မှုရှိမရှိဆိုတော့ အဲ့ထဲမှာများသောအားဖြင့် equality လိုအပ်တယ်။ လုပ်စရာမလိုဘူး။ Gender ညီမျှမှုဆိုတာ မလိုဘူး။ အရေးကြီးတဲ့ဟာ မဟုတ်ဘူး။ အဲလိုဖြေကြတယ်။ ဖြေတဲ့လူကိုကြည့်လိုက်တော့လည်း အမျိုးသမီးတွေ ဖြစ်နေတယ်။ အမျိုးသမီးတွေကိုယ်တိုင်ကလည်း Awareness တွေ လိုအပ်နေတာကို တွေ့ရပါတယ်။
၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊ ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။
ကျွန်မတို့နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့အခါမှာ ကိုယ့်ရဲ့အခြေခံအုပ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုးသမီးပါဝင်မှုကို သေချာနေစေရမယ်။ နောက်အရေးကြီးတာက အမျိုးသမီးတွေ ပါဝင်လုပ်ဆောင်ရေး အတွက် အစီအမံယန္တရားတွေ လိုပါတယ်။ ပါဝင်တော့ပါဝင်တယ်။ လုပ်ဆောင်ဖို့အတွက် ယန္တရားတွေ မရှိဘူး ဆိုရင်လည်း မဖြစ်ပြန်ဘူး။ အဲ့တော့ ယန္တရားတွေ တည်ဆောက်ရမယ်။ နောက်တခုက ဘက်ဂျက်ပေါ့နော်။ အမျိုးသမီးတွေပါဝင်ပါဆိုပြီးတော့ ဂျဲန်ဒါအတွက်ဘက်ဂျက်တွေမပါရင်လည်း ဒါအလုပ်မဖြစ်ဘူး။
ဥပမာအား ဖြင့် ကျွန်မတို့ဖြတ်ကျော်ခဲ့တဲ့ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတကာက အလှူရှင်တွေ တက်ကျွမ်းတဲ့သူ တွေက ရွေးကောက်ပွဲကော်မရှင်မှာ အမျိုးသမီး (၃၀) ရာခိုင်နှုန်းပါကိုပါ ရမယ်။ မပါရင် သူတို့ဘက်ဂျက် မပေးဘူး ဖြစ်တော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဗဟိုကော်မတီမှာလည်း အမျိုးသမီးတွေ ထည့်ရတယ်။
နိုင်ငံတော်သစ်တည်ဆောက်တဲ့အခါမှာလည်း အမျိုးသမီးတွေ တန်းတူညီမျှဖို့ ဂျန်ဒါ ဘက်ဂျက် တင်ရှိရမယ်။ ဥပမာအမျိုးသမီးတစ်ဦး နိုင်ငံရေးလုပ်တဲ့အမျိုးသမီးတွေဆိုရင် အမျိုးသမီးဆိုတာ သားသမီးရှိမယ်။ ကျွန်မ ဆိုရင် လွှတ်တော်ထဲမှာ တောက်လျှောက် ငါးနှစ်တာတာဝန်ထမ်းဆောင်တဲ့အခါမှာ လွှတ်တော်အမတ်ထဲမှာ လည်း ကလေးမွေးတဲ့လွှတ်တော်အမတ်တွေ ကလေးငယ်ငယ်လေးရှိတဲ့ လွှတ်တော်အမတ်တွေ ရှိတယ်။
အဲ့တော့ ကျွန်မကလွှတ်တော်ထဲမှာ အခန်းတွေ အများကြီးပဲ ကလေးအမေတွေအတွက် နို့တိုက်တဲ့ အခန်းလေးတစ်ခန်း ထားပေးသင့်တယ်။ အဲ့ထဲမှာ ကလေးလေးနဲ့ သူ့ထိန်းတဲ့လူတစ်ယောက်ပေါ့။ အမေက လွှတ်တော် section အားတဲ့အချိန်မှာ သွားပြေး တွေ့ပြီးတော့ နို့တိုက်လို့ရတယ်ပေါ့။ အဲ့ဒါကို ကြိုးစားခဲ့သေး တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ ဆိုတော့ နိုင်ငံသစ်တည်ဆောက်ရင် ဒါတွေက အတားအဆီး မဖြစ်သင့် တော့ဘူးလို့ ထင်တယ်။ အရင်ကအဟောင်း၊ အတွေးအခေါ်ဟောင်းတွေ မဖြစ်နိုင်ဘူးဆိုတာတွေ လုပ်ခဲ့တယ် ဆိုရင် ဒီလိုမျိုးအခြေခံလိုအပ်ချက်လေးတွေလည်း ဖြည့်ဆည်းပေးရပါမယ်။
အမျိုးသမီးတွေက လူ့အခွင့်ရေး သာမက အမျိုးသမီးအခွင့်အရေးတွေပါ ချိုးဖောက်ခံနေရတယ်၊ အခုလိုအခြေအနေမျိုးမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း အများကြီးကြုံတွေ့ခံစားရတယ်။ ကျွန်မတို့ဝန်ကြီးဌာနအနေနဲ့ မှတ်တမ်းတင်ထား တာဆို (၂၂၈) မှု ရှိတယ်။ အမျိုးသမီးဖြစ်ခြင်းနဲ့ လိင်ကွဲပြားမှု ပေါ်မှာလည်း အကြမ်းဖက်မှုခံရတယ်။ လူ့အခွင့် အရေးချိုးဖောက်မှုခံရတယ်။ ဒါ့အပြင်သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု လုပ်ပြီးတော့ သတ်ဖြတ် ပစ်လိုက်တာ အလောင်းဖျောက်ပစ်တာ အဲ့ဒါမျိုးတွေက အများကြီးရှိတယ်။
ဒါတွေကို သေချာမှတ်တမ်းတင်ပြီး အသွင်ကူးပြောင်းမှုတရားမျှတရေးမှာ အမျိုးသမီးတွေအတွက် တရားမျှတမှုရအောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ ကျွန်မတို့ အသွင်ကူးပြောင်းမှုပြီးတဲ့အခါမှာ တက်လာတဲ့ အစိုးရသစ်ကလည်း ဒါတွေကို လေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ ကျွန်မကတော့ အကြံပေးလိုပါတယ်။
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ် နိုင်ငံရေးမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။ ဘယ်လိုမျိုး အကျိုးများစေမလဲ။
သုတေသနအချက်အလက်တွေနဲ့ ပြောရမယ်ဆိုရင်ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက များသောအားဖြင့် ဥရောပနိုင်ငံတွေ ဖြစ်တယ်။ အဲ့မှာကြည့်လိုက်တဲ့အခါ အမျိုးသမီးပါဝင်မှုက ငါးဆယ်ရာခိုင်နှုန်းကျော် နေတာ တွေ့တယ်။ တချို့ဆို ၅၀ ရာခိုင်နှုန်းကို ကျော်ကိုကျော်တယ်။ နောက်ပြီးတော့ အသက်အရွယ်အားဖြင့်လည်း variety ဖြစ်တယ်။ လူကြီးတွေချည်းပဲ မဟုတ်ဘူး။ အမတ်တွေထဲမှာ ၁၈ နှစ်၁၉ နှစ် အရွယ် အသက် ၂၀အရွယ် လွှတ်တော်အမတ်တွေလည်း ပါတယ်။ အမျိုးသမီးတွေသည် တာဝန်ယူတက်တယ်။ တက်ကြွတယ်။ ကြိုးစားတယ်။ တာဝန်သိတယ်။
သူ့ရဲ့ symbolic ထူးခြားတဲ့အရည်အချင်းတွေ ရှိတဲ့အတွက်ကြောင့် အမျိုးသမီးတွေပါဝင်မှုက တကယ့်ကိုနိုင်ငံတည်ဆောက်ရေးမှာ အရေးကြီးတယ်။ သုတေသနအရ အမျိုးသမီး ပါဝင်မှု၊ သေချာစေမယ့် ယန္တရားတွေကရှိရင် တိုင်းပြည်ကပိုပြီးတော့ ပဋိပက္ခတွေလည်း နည်းသွားတယ်။ အမျိုးသမီးပါဝင်မှု များလာတာနဲ့အမျှ လာဘ်ပေးလာဘ်ယူမှုတွေကလည်း နည်းသွားပြီးတော့ ဖွံ့ဖြိုးတိုးတက် တဲ့နိုင်ငံကို ရောက်ရှိနိုင်တယ်ဆိုတာကို တွေ့ရပါတယ်။
ဝန်ကြီးဌာနအနေနဲ့ မှတ်တမ်းအရ အမျိုးသမီးလိင်အကြမ်းဖက်ခံရမှု (၂၂၈) မှု ရှိပါတယ်။
၈။ ဖြည့်စွက်ချက်။
ကျွန်မတို့အမျိုးသမီးတွေက ခေတ်အဆက်ဆက်မှာ ကြိုးစားရတယ်။ အမျိုးသားတွေထက် နှစ်ဆ၊ သုံးဆ ကြိုးစားရတယ်။ ကိုယ်မဲပေးဖို့တောင် အသက်တွေအသေခံပြီး တိုက်ခဲ့ရတယ်။ ဒါအရင်တုန်းက သမိုင်းတွေကို ကြည့်ခဲ့ရင် ကျွန်မတို့မြန်မာအမျိုးသမီးတွေကလည်း ခေသူမဟုတ်ဘူး။ စစ်အာဏာရှင်ခေတ်မှာ တစ်ဆင့် တစ်ဆင့် အမျိုးသမီးအပါအဝင်အားလုံးက လျော့ပါ့လာပြီးတော့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှု ကလည်း တဖြေးဖြေးမှေးမှိန်လာတာ တွေ့ရတယ်။
အဲ့ဒါကြောင့် ခေတ်သစ် စနစ်သစ်မှာ အမျိုးသမီးတွေ အခွင့်အရေး ကို တိုက်ယူပါ။ အခွင့်အရေးကတော့ ကိုယ့်အတွက် အလိုလိုပွင့်လာမှာ မဟုတ်ဘူး။ တိုက်ယူရမယ်။ ရရှိတဲ့အခွင့်အရေးကိုလည်း လက်မလွှတ်ပါနဲ့။ နောက်ထပ်တစ်ဆက်ထဲပေါ့နော်။ အမျိုးသားတွေကို အားပေး ချင်တာက ကိုယ့်ရဲ့အမျိုးသမီးတွေ၊ ကိုယ့်ရဲ့မိန်းမ နိုင်ငံရေးမှာ ပါဝင်မှုကိုအားပေးပါ။ တန်ဖိုးထားပါ။ လေးစားပါ။ မိသားစုတွေရဲ့ပါဝင်မှု မိသားစုတွေရဲ့နားလည်မှုထောက်ပံ့မှု အားပေးမှုတွေကလည်း အမျိုးသမီး တွေ ခေါင်းဆောင်မှုအတွက် အရမ်းကိုအရေးပါတယ်ဆိုတာကိုလည်း ပြောလိုပါတယ်။
သုတေသနအရ အမျိုးသမီးပါဝင်မှု သေချာစေမယ့် ယန္တရားတွေရှိရင် တိုင်းပြည်က ပဋိပက္ခတွေ ပိုပြီးနည်းသွားတယ်။ အမျိုးသမီး ပါဝင်မှု များလာတာနဲ့အမျှ လာဘ်ပေးလာဘ်ယူမှုတွေကလည်း နည်းသွား ပြီးတော့ ဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံကို ရောက်ရှိနိုင်တယ်ဆိုတာကို တွေ့ရပါတယ်။
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media