ဒေါ်ဇူးပဒုမ္မာ
အတွင်းရေးမှူး(၁)

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၁) မှ ကောက်နုတ်ဖော်ပြသည်။

အမျိုးသမီးတွေအပေါ်မှာ အမျိုးသမီးအပါအဝင် တခြားသောအစုအဖွဲ့အားလုံး ခွဲခြားဆက်ဆံမှုမျိုး မဖြစ်အောင် ဖွဲ့စည်းပုံအရ အာမခံချက်ပေးရမှာ ဖြစ်ပါတယ်။

၁။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာမအမြင်ကို ပြောပြပေးပါရှင့်။

လက်ရှိအခြေအနေအရကို ပြောရမယ်ဆိုရင် တော်လှန်ရေး ၃ နှစ်ဝန်းကျင် ရှိလာတဲ့အချိန်မှာ လူထုပါဝင်မှု အားကောင်းဆဲဖြစ်ခြင်းဟာ တော်လှန်ရေးရဲ့ အကြီးမားဆုံး အောင်မြင်မှုလို့ ပြောရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံပြီးတော့ ကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ (၁၀၀) ရာခိုင်နှုန်းကျဆုံးသွားခြင်း မရှိသေးတာက ဒီတော်လှန်ရေးရဲ့ အအောင်မြင်ဆုံးကိစ္စဖြစ်တယ်လို့ ပြောလို့ရနိုင်ပါတယ်။

နောက်တစ်ခုက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ကြည့်လိုက်တဲ့အခါမှာ နယ်မြေတွေထိန်းနိုင်တဲ့ အနေအထားမျိုးတွေ ကိုယ့်ရဲ့အုပ်ချုပ်ရေးယန္တရား တည်ဆောက်ထားနိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဒီထက်ပိုပြီး တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ပါဝင်လာနိုင်မယ် ဆိုရင် အောင်မြင်မှု ပိုရမယ်လို့ မျှော်လင့်ပါတယ်။

တဖက်မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်။ အမျိုးသမီးတွေ ပိုပြီးအကြမ်းဖက်ခံရတယ်။ ပိုပြီး မလုံခြုံတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်လာတယ်။ တရားဥပဒေစိုးမိုးရေးတွေ မရှိဘူး။ အထူးသဖြင့် စီးပွားရေးတွေ ချွတ်ခြုံကျပြီးတော့ အများစုက ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်နေရတယ်။ လူငယ်အမျိုးသမီးတွေ အများကြီး ဒုက္ခဆင်းရဲရောက်ကြရတယ်။

နောက်တချက်က နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် တော်လှန်ရေး ဘုံရည်မှန်းချက် ပျောက်နေတယ်လို့ မြင်မိတာရှိတယ်။ ဆိုလိုတဲ့သဘောက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်လို့ အကြမ်းအားဖြင့် ပြောပေမယ့် ဘယ်လိုမျိုး တည်ဆောက်မှာလဲ ဆိုတာကို ကျွန်မတို့ဆက်ပြီး ဆွေးနွေးနေရဆဲဖြစ်ပြီး ဒီဘုံအောက်မှာ ရည်မှန်းချက်တွေ မတူညီနေကြသေးဘူးလို့တော့ မြင်ပါတယ်။

ဒါကြောင့် တော်လှန်ရေး နည်းနည်း နှောင့်နှေးနေသလားလို့ မြင်မိတာ ရှိပါတယ်။ ဥပမာဆိုရင် ဘုံရည်မှန်းချက်လို့ပြောရင် ကျွန်မတို့က ရွေးကောက်ပွဲရလဒ်ကိုပဲ ပြန်ပြီး အသက်သွင်းမှာလား၊ စနစ်ပြောင်း တော်လှန်ရေးကို လုပ်မှာလားဆိုတဲ့ မေးခွန်းတွေ အများကြီးရှိတယ်။

ကျွန်မတစ်ယောက်ထဲအနေနဲ့ ပြောရမယ်ဆိုရင် ကျွန်မတို့က စနစ်ကိုပြောင်းလဲရမှာ ဖြစ်ပါတယ်။ ၂၀၀၈ အောက်ကနေ ဆက်သွားလို့မရဘူး။ ဖွဲ့စည်းပုံအသစ်၊ နိုင်ငံတော်အသစ် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါထက်အရေးကြီးတာက စစ်အာဏာရှင်၊ အာဏာရှင်တွေကို ပံ့ပိုးနေတဲ့ ဖိုဝါဒကြီးစိုးမှုကို တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။

ဒီလူမျိုးကြီးဝါဒတွေ၊ ဖိုဝါဒကြီးစိုးမှုတွေကို တပြိုင်နက်ထဲ မတိုက်ဖျက်နိုင်ရင် တော်လှန်ရေးက အဆုံးသတ်မှာ မဟုတ်ဘူး။ ဒါကြောင့် စနစ်ပြောင်းတော်လှန်ရေးအတွက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ကို အားပေးတဲ့လူမျိုးကြီးဝါဒ၊ ဖိုဝါဒတွေကို တိုက်ဖျက်ဖို့ အရေးတကြီးလိုအပ်တယ်လို့ ကျွန်မရဲ့အမြင်ကို ဖလှယ်ချင်ပါတယ်။
 

၂။ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ ဘယ်အရာတွေကို စံတန်ဖိုးတွေ၊ အခြေခံမူတွေအနေနဲ့ ထားရှိ တည်ဆောက်သင့်ပါသလဲ။

ကျွန်မတို့တည်ဆောက်ချင်တာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်မတို့ချည်းကပ်ရမယ့် ဖက်ဒရယ် approach တွေ အများကြီးရှိတာပေါ့နော်။ ဥပမာဆိုရင် ကျွန်မတို့လက်ရှိ ကရင်နီမှာ အုပ်ချုပ်ရေးယန္တရားကို bottom up approach နဲ့ ချည်းကပ်ပါတယ်။ ဒါပေမယ့်လည်း အားလုံးကိုခြုံပြီး ပြောရမယ်ဆိုရင် လူထုကိုမျက်နှာမူတဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ လိုတယ်။ နိုင်ငံရေးမှာ လူထုသာလျှင် အမြင့်ဆုံး အာဏာရှိတဲ့သူဖြစ်ရမယ်။ လူထုကိုမျက်နှာမူတဲ့ နိုင်ငံရေးအဝန်းအဝိုင်းကိုသာ တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

နောက်တခုက ကျွန်မတို့ လူမှုပတ်ဝန်းကျင်၊ အုပ်ချုပ်ရေးယန္တရားနဲ့ အနာဂတ်နိုင်ငံတော်ကို  တည်ဆောက်တဲ့အခါမှာ လူမှုတရားမျှတမှုကို အခြေတည်တဲ့ လုပ်ဆောင်မယ်ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး နိုင်ထက်စီးနင်းပြုတာတွေ၊ ခွဲခြားဆက်ဆံမှုတွေ လျော့နည်းပြီး နိုင်ငံကိုတည်ဆောက်မယ်ဆိုရင် အခြေခံ အုတ်မြစ် ကောင်းလိမ့်မယ်လို့ ကျွန်မက ယုံကြည်ပါတယ်။
 

၃။ နိုင်ငံရေးမှာ အမြင်စုံလင်ကွဲပြားမှုက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ လက်ရှိတော်လှန် ရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ မဖြစ်မနေ ပါဝင်ဖို့ လိုပါသလဲ။

ကျွန်မတို့က intersectional approach နဲ့ သွားရမှာ ဖြစ်တယ်။ နိုင်ငံတည်ဆောက်တဲ့အခါမှာ အခုလက်ရှိ နိုင်ငံရေးမှာရော ဟိုးအရင်တုန်းကရော တိုင်းရင်းသားတွေက အားလုံးပါဝင်ရေးကို အများကြီးပြောခဲ့ကြတယ်။ အားလုံးလို့ပြောတဲ့အခါမှာ နိုင်ငံရေးကိုယ်စားပြုခွင့်ကတော့ အားလုံးသာတူညီမျှ၊ တန်းတူညီမျှမှု ရရမှာ ဖြစ်ပါတယ်။

intersectional approach အနေနဲ့ အလွှာပေါင်းစုံက လူထုတွေပါဝင်တဲ့ ချည်းကပ်မှုမျိုး၊ အလွှာပေါင်းစုံက စုံလင်ကွဲပြားတဲ့လူတွေ ပါဝင်ရလို့ ရတဲ့အခင်းအကျင်းဖြစ်မှသာ အားလုံးပါဝင်ရေး ဖြစ်တယ် လို့ ပြောရမှာ ဖြစ်ပါတယ်။လူနည်းစု တိုင်းရင်းသားတွေ ပါရမယ်။ LGBT တွေပါရမယ်။ ပြီးတော့ အမျိုးသမီးတွေ ပါရမယ်ပေါ့။ ပြီးရင် တခြားနည်းနဲ့ သန်စွမ်းတဲ့သူတွေ ပါရမယ်။ စသဖြင့် အလွှာတိုင်းမှာ ကျွန်မတို့က တစ်လွှာချင်းစီကို ကြည့်ပြီးတော့ ပါဝင်မှုကို intersectional approach နဲ့လုပ်ရမှာ အရမ်းအ‌ရေးကြီးတယ်လို့ မြင်တယ်။

တပြိုင်နက်ထဲ အမျိုးသမီးတွေက ဘာကြောင့်နိုင်ငံရေးမှာ ပါဝင်ရမလဲဆိုတာကိုလည်း ဆက်စပ်ပြီးတော့ ပြောချင်ပါတယ်။ နံပါတ်တစ်က ဒီမိုကရေစီအရကြည့်မယ်ဆို လူဦးရေအများစု ဖြစ်ပါတယ်။ နံပါတ်နှစ် ကတော့ ကျွန်မတို့တိုင်းပြည် အပြောင်းအလဲဖြစ်တဲ့အခါတိုင်းမှာ အမြဲတမ်း ထိခိုက်နစ်နာမှုအများဆုံးအုပ်စုက အမျိုးသမီးတွေ ဖြစ်တယ်ဆိုတာ ခေတ်အဆက်ဆက်မှာ မြင်ရတယ်။လက်ရှိအခြေအနေမှာလည်း မြင်ရတာပေါ့နော်။ ဒီထိခိုက်နစ်နာမှု အများဆုံးဖြစ်ခဲ့တဲ့ အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့ပါဝင်မှု မရှိဘူးဆိုရင်တော့ အားလုံးပါဝင်တယ်လို့ ပြောလို့မရဘူး။ ဒါကြောင့်အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရမ်းအရေးကြီးတယ်လို့ ပြောချင်ပါတယ်။
 

၄။ လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်အထိ ရရှိနေပြီလဲ။

အာဏာသိမ်းပြီးနောက်ပိုင်းကို ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေးဦးဆောင်မှုအပိုင်းမှာတော့ အမျိုးသမီးပါဝင်မှု က  အတိုင်းအတာတစ်ခုအထိ ပိုပြီးနေရာရလာတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ပါဝင်မှုရတာနဲ့ ဆုံးဖြတ်ချက် ချခွင့်နဲ့က အားလုံးကမတူနေဘူးဆိုတာ သတိချပ်ဖို့ လိုအပ်တယ်လို့ ကျွန်မကတော့ ထင်တယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေပါဝင်မှု ရရှိလာတာနဲ့တပြိုင်နက်ထဲ ဆုံးဖြတ်ချက်ချတဲ့အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လာဖို့အတွက် အများကြီးလုပ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

နောက်တစ်ခုက ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်တဲ့နေရာတွေက ကြည့်မယ်ဆို  ပညာ‌ရေး၊ ကျန်းမာရေး၊ တခြားသော လူသာချင်းစာနာထောက်ထားရေး စသဖြင့် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းပိုင်းမှာ ပိုပြီးပါဝင်ရတာများတယ်လို့ မြင်ပါတယ်။ ဥပမာ - နိုင်ငံရေးအရ မြန်မာပြည်ရဲ့ အနာဂတ်ပညာရေးစနစ်ကို ဘယ်လိုမျိုးတည်ဆောက်မလဲ ဆိုတဲ့ လုပ်ငန်းမျိုးတွေ အနာဂတ်မြန်မာပြည်ရဲ့ ကျန်းမာရေးစနစ်ကို ဘယ်လိုမျိုးလုပ်မလဲ၊ ဘယ်လိုချည်းကပ် လုပ်ဆောင်မလဲဆိုတဲ့ ဒီ decision   structure building    တွေနဲ့ ပတ်သက်ရင်တော့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ  အမျိုးသမီးတွေ ပါဝင်ဆုံးဖြတ်ခွင့်ရမှု အားနည်းတုန်းဆိုတာ တွေ့ရပါတယ်။
 

၅။ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်အရာတွေက အဟန့်အတား ဖြစ်စေပါသလဲ။

နိုင်ငံရေးစနစ်က အဟန့်အတားအကြီးမားဆုံး ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်က အမျိုးသမီးတွေပါဝင်ဖို့ စနစ်တကျကို ကန့်ကွက်ထားတာမျိုး၊ စနစ်တကျကို ပိတ်ပင်တဲ့အနေအထားမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် အကြီးမားဆုံး အဟန့်အတားဖြစ်တယ်လို့ ကျွန်မထင်ပါတယ်။ ဆိုလိုတာက မူဝါဒတွေ ဖွဲ့စည်းပုံတွေအရကို အမျိုးသမီးတွေပါဝင်ဖို့ ကန့်သတ်ထားတာမျိုး ရှိပါတယ်။

တပြိုင်နက်ထဲကို ဒီစနစ်ကို အားပေးစေတဲ့ လူမှုစံနှုန်းတွေ၊ လူမှုပတ်ဝန်းကျင်တွေ၊ ဘာသာရေးတွေ၊ စတာတွေက ဖိုဝါဒကြီးစိုးဖို့ကို ပိုပြီးအားပေးတဲ့ အပြုအမူတွေ၊ အလေ့အကျင့်တွေ၊ အယူဝါဒတွေကို ဖြစ်စေတာပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု စတဲ့လုပ်ငန်းတွမှာ ပါဝင်ဖို့ နံပါတ်တစ်အနေနဲ့ စနစ်အရကို ကန့်ကွက်နေတာ၊ နှစ်ကတော့ လူမှုစံနှုန်းတွေကနေပြီးတော့ ကန့်ကွက်နေတာလို့ မြင်ပါတယ်။
 

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို  လျှစ်လျူရှုမှုတွေ ပပျောက်ဖို့၊  ပြည့်ပြည့်ဝဝနဲ့ ပိုမိုပါဝင်နိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်သင့်ပါသလဲ။

အမျိုးသမီးတွေကိုပါဝင်မှုကို အားပေးဖို့အတွက် အခြေခံမူဝါဒတွေ လိုပါတယ်။ အမျိုးသမီးတွေအပေါ်မှာ အမျိုးသမီးတွေအပါအဝင် တခြားသော အစုအဖွဲ့တွေအားလုံး ခွဲခြားဆက်မှုမျိုးမဖြစ်အောင် ဖွဲ့စည်းပုံအရ အာမခံချက် ပေးထားရမှာဖြစ်တယ်။ အမြင့်ဆုံးဥပဒေဖြစ်တဲ့ဖွဲ့စည်းပုံမှာ အာမခံချက်ပေးထားမှ ကျွန်မတို့က ဒီတခြားသောပြည်နယ်အဆင့် အခြေခံဥပဒေတွေ၊ တခြားသော မူဝါဒတွေမှာ ပါဝင်လာမယ်လို့ ကျွန်မက ယုံကြည်တယ်။

မူဝါဒတွေနဲ့ ဖွဲ့စည်းပုံတွေမှာ အာမခံချက်ပေးဖို့တော့ နံပါတ်တစ်အနေနဲ့ အရေးကြီးပါတယ်။ နံပါတ်နှစ်ကတော့ အမျိုးသမီးတွေ ပါဝင်လာဖို့အတွက် ယာယီအထူးလုပ်ဆောင်ချက်ကို လုပ်ငန်းအဆင့်ဆင့် တိုင်းမှာကျင့်သုံးမယ်ဆိုရင် အမျိုးသမီးတွေပါဝင်လာဖို့ ပိုပြီးတော့ အထောက်အပံ့ဖြစ်စေမယ်။ အမျိုးသမီးတွေ ပါဝင်မှု၊ ဆုံးဖြတ်နိုင်မှု၊ လုပ်ဆောင်မှုတွေက ပိုပြီးတော့ အားကောင်းလာမယ်။ ပါဝင်တဲ့ အမျိုးသမီးတွေ ကလည်း ပိုပြီးတော့ အရည်အချင်းပြည့်ဝပြီး ယုံကြည်မှုပိုရှိလာမယ်လို့ ထင်ပါတယ်။

 
၇။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့် ပါဝင်လုပ်ဆောင်လို့ ရမယ်ဆိုရင် အနာဂတ်နိုင်ငံရေး မှာ ဘယ်လိုမျိုး အပြောင်းအလဲတွေကို မြင်တွေ့ကြရမလဲ။

လူတစ်ဦး ဂျဲန်ဒါတစ်ခု၊ Sex တစ်ခုဆိုတဲ့အပေါ်မှာ အမှီပြု စဉ်းစားတွေးခေါ်တာထက် စုံလင်ကွဲပြားတဲ့နောက်ခံ ကနေလာတဲ့လူတွေအားလုံး စုဆုံပြီးတော့ စဉ်းစားမယ်ဆိုရင် ပိုပြီးတော့ ကောင်းမွန်တဲ့အဖြေရမယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒါကြောင့်မို့ အမျိုးသမီးတွေပါဖို့ အရေးကြီးတယ်လို့ ပြောတာဖြစ်ပါတယ်။

တပြိုင်နက်ထဲ အရှေ့မှာပြောသွားသလို ပါဝင်မှုမှာ intersectional approach ကို အမြဲထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ အဲ့ဒါမှလည်း စုံလင်ကွဲပြားတဲ့ အတွေးအခေါ်တွေ၊ စုံလင်ကွဲပြားတဲ့ဆုံးဖြတ်ချက်တွေကို ရယူနိုင်မှာဖြစ်ပါတယ်။ အဲ့လိုမျိုးပါဝင်လာခြင်းအားဖြင့်တော့ လူမှုတရားမျှတမှုကို ပိုပြီးအထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့ မြင်ပါ တယ်။

လူမှုတရားမျှတမှုမရှိတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်နေရင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ အမြင်စုံလင်ကွဲပြားစွာ ပါဝင်နိုင်မယ်ဆိုရင် လူမှုတရားမျှတတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ဖို့ ပိုပြီးအထောက်အပံ့ဖြစ်စေမယ်လို့ ထင်ပါတယ်။ ပြီးတော့ တပြိုင်နက်ထဲ အမျိုးသမီးလို့ ပြောတဲ့အချိန်မှာ feminist approach နဲ့ ချည်းကပ်ရမယ်ဆိုတာကိုလည်း ကျွန်မတို့မမေ့ဖို့ လိုပါတယ်။ feminist ဆိုတဲ့ဟာမျိုးကတော့ အာဏာရှင်မှန်သမျှကို ဆန့်ကျင်လှုပ်ရှားတဲ့သူတွေ ဖြစ်တယ်။

တပြိုင်နက်ထဲ ဖိနှိပ်ခံတွေအတွက် အများစုရပ်တည်တဲ့သူတွေဖြစ်တဲ့အတွက် သူတို့ရဲ့ ပါဝင်ရေးက အရမ်းအ‌ရေးကြီးတယ်လို့ ထင်တယ်။ အဲ့လိုမျိုးတွေသာ ပါဝင်မယ်ဆိုရင်တော့ နောင်တစ်ချိန်မှာ အာဏာရှင်တွေ ပေါ်ပေါက်လာရင် တောင် အာဏာရှင်တွေ သက်ဆိုးမရှည်ဘူး။ အာဏာရှင်အသစ်တွေ ထပ်ပြီးမပေါ်ပေါက်လာနိုင်ဖို့ အဟန့် အတား ဖြစ်စေမယ်လို့ ကျွန်မကယုံကြည်တယ်။

ဒါကြောင့် ကျွန်မတို့ အဲ့ဒါကို အလေးပေးလုပ်ဆောင်မယ် ဆိုရင်တော့ ကျွန်မတို့တည်‌ဆောက်ချင်တဲ့ လူမှုတရားမျှတတဲ့  ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် နိုင်မယ်လို့ ကျွန်မအနေနဲ့ယုံကြည်ပါတယ်။
 
“ကျွန်မတို့တိုင်းပြည် အပြောင်းအလဲဖြစ်တဲ့အခါတိုင်းမှာ အမြဲတမ်း ထိခိုက်နစ်နာမှု အများဆုံးအုပ်စုက အမျိုးသမီးတွေ ဖြစ်တယ်ဆိုတာ ခေတ်အဆက်ဆက်မှာ မြင်ရတယ်။ လက်ရှိအခြေအနေမှာလည်း မြင်ရပါတယ်။ ထိခိုက်နစ်နာမှု အများဆုံးဖြစ်ခဲ့တဲ့ အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့ပါဝင်မှု မရှိဘူး ဆိုရင် အားလုံးပါဝင်တယ်လို့ ပြောလို့မရဘူး။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရမ်းအရေးကြီးတယ်လို့ ပြောချင်ပါတယ်”

 
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၁) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီရှင် ။ 
https://www.mediafire.com/file/8cr940llcjvkbcj/ခေတ်သမိုင်းကို+ပုံဖော်နေသော+အမျိုးသမီးများ+final.pdf/file



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media