မနှင်းသက်မှူးခင် Executive Member
Sisters to Sisters
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၃) မှ ကောက်နုတ်ဖော်ပြသည်။
မေး။ ။လိင်ပိုင်းဆိုင်ရာကျူးလွန်မှု မြင့်တက်လာရခြင်းက ဘာကြောင့်လို့ မြင်ပါသလဲ။
ဖြေ။ ။၂၀၂၁ မှာစပြီး အာဏာသိမ်းလိုက်တဲ့အချိန်ကတည်းက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တွေက အရမ်းများလာတယ်။ များလာတဲ့အဓိကအကြောင်းအရင်းတစ်ခုက ဥပဒေကြောင်း အရ တရားမျှတမှုပြန်ရှာဖို့ ခက်တာကြောင့်ပါ။ အကယ်၍ လိင်အကြမ်းဖက်မှုဖြစ်တယ်ဆိုရင် ဘယ်ကိုသွားမလဲ။ စစ်တပ်ဘက်ကိုသွားပြီးတော့ တရားမျှတမှုရှာမလား။ ဒါမှမဟုတ် တော်လှန်ရေးဘက်ကို သွားမလားဆိုတာက အမြဲတမ်းရွေးချယ်စရာ ဖြစ်နေတယ်။ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ဒီလို တရားမျှတမှုရှာလို့မရတဲ့အတွက်ကြောင့်မို့လို့ တဖက်ကကျူးလွန်သူအတွက်က ကျူးလွန်ဖို့ အခွင့်အရေးက ပိုများလာတယ်။
ခေတ်တလျှောက်လုံးမှာလည်း လိင်အကြမ်းဖက်မှုကျူးလွန်သူတွေက အပြစ်ပေးမခံရဘဲနဲ့ လွတ်မြောက်နေတယ်။ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရှိနေတယ်။ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ခံစားနေရတဲ့အတွက်ကြောင့်ထပ်ဆင့်ကျူးလွန်ဖို့ ပိုပြီးတော့ လွယ်နေတယ်။ ဒါကြောင့် နောက်ထပ်လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမဲ့သူက စစ်ရှောင်လည်းဖြစ်ချင်ဖြစ်မယ်။ ပညာရေး ရယူဖို့အတွက် ခက်ခဲတဲ့အမျိုးသမီးတွေ ဒါမှမဟုတ်လည်း LGBT တွေ ဒီလိုလူတွေ ဖြစ်နေတက်တယ်။
မေး။ ။လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို စစ်ကောင်စီဘက်ကတင်မကပဲ စစ်အာဏာရှင် တွန်းလှန်သူတွေကိုယ်တိုင်က ကျူးလွန်လာကြတဲ့အပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။
ဖြေ။ ။တော်လှန်ရေးထဲမှာ ပါဝင်တဲ့လူတွေကိုယ်တိုင်ကိုက လိင်အကြမ်းဖက်မှုတွေကို လုပ်လာတယ်။ တခါတလေကျရင် သူတို့လုပ်တဲ့လူတွေက တော်လှန်ရေးထဲမှာပါဝင်နေတဲ့ အမျိုးသမီးတွေလည်း ပြန်ဖြစ်နေတတ်တယ်။ အဲ့ဒါဖြစ်လာရတဲ့အကြောင်းအရင်းကတော့ အဓိကက ခုနပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ ပြန်ပြီးဆက်စပ်တယ်။
ဥပမာ- နွေဦးဆရာတော် ဖြစ်စဉ်တွေမှာဆိုရင် တော်လှန်ရေးမှာ ပါဝင်နေတာပဲ၊ ပြောလို့မရဘူး။ အဲလို ငါတို့ တော်လှန်ရေးလုပ်နေတာပဲဆိုတာနောက်မှာ ကာဗာယူပြီးတော့ လုပ်နေကြတယ်။ ကျူးလွန် ခံရတဲ့လူတွေ အမျိုးသမီးလည်း ဖြစ်ချင်ဖြစ်မယ်။ အမျိုးသမီးမဟုတ်တာလည်း ဖြစ်ချင် ဖြစ်မယ်။ ကျူးလွန်သူက ထင်ပေါ်ကျော်ကြားသူဆို ပိုပြီးခက်တယ်။ ကိုယ့်ထက် ပိုပြီးရာထူးအာဏာပိုကြီးတဲ့လူတစ်ယောက်က ကိုယ့်ကိုကျူးလွန်တယ်ဆိုရင် အမျိုးသမီး တွေအနေနဲ့ ထုတ်ဖော်ပြောဖို့ကအရမ်းခက်တယ်။
တောထဲမှာလည်း အဲ့လိုဖြစ်စဉ်တွေ ခဏခဏကြားနေရတယ်။ Camp တွေထဲမှာ တချို့တွေကထုတ်ပြောပါမယ်လို့ ပြောတယ် ဆိုရင်တောင်မှ လက်မခံဘူး။ အဲ့အမျိုးသမီးကိုပေးမသွားတာမျိုး၊ နင့်ကိုသတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာမျိူး၊ အဲ့ဒါတွေလည်းတောက်လျှောက်ကြားနေရတယ်။
မေး။ ။စစ်အာဏာရှင်တွန်းလှန်တာနဲ့အတူ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကိုပါ ကာကွယ်ပေးဖို့ ဘာတွေဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းချင်ပါသလဲ။
ဖြေ။ ။လက်ရှိမှာတော့ ခဏခဏလူတွေကပြောကြတာဘာလဲဆိုတော့ တော်လှန်ရေးကို အရင်လုပ် အမျိုးသမီးအခွင့်အရေးကိုနောက်မှလုပ်၊ နင်တို့အမျိုးသမီးအခွင့်အရေးက ဘာအရေးကြီးနေလို့လဲ၊ တော်လှန်ရေးနိုင်ရင် အမျိုးသမီးအခွင့်အရေးကပါလာမှာပေါ့ဆိုတာ၊ အဲ့ဒါကတကယ်တမ်းတော့ မမှန်နေဘူး။ ပြန်စဉ်းစားကြည့်လိုက်ရင် အာဏာမသိမ်းခင် ပုံမှန်အခြေအနေမှာရော အမျိုးသမီးအခွင့်အရေးက ရှိနေခဲ့လို့လား မေးစရာ ရှိပါတယ်။
တကယ်သာ ပြသနာတခုပြေလည်လို့ ကျန်တဲ့ဟာတွေပြေလည်မယ်ဆိုရင် အဲ့အချိန်မှာ လည်း အမျိုးသမီးအခွင့်အရေး ရှိနေရမှာပေါ့။ တကယ်တမ်းတော့ မရှိနေဘူး။ မရှိနေတဲ့ အခါကျတော့ အခုလည်း ကျွန်မတို့ တော်လှန်ရေးလုပ်ရင်းနဲ့ အမျိုးသမီးအခွင့်အရေးကို လုပ်ကြရမှာပါ။ ဘာကြောင့်လဲဆို မြန်မာနိုင်ငံရဲ့လူဦးရေကိုကြည့်မယ်ဆိုရင် လူဦးရေ ထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တယ်။ အဲ့အမျိုးသမီးတွေက တော်လှန်ရေးမှာလည်း ဦးဆောင်ဦးရွက် ပါဝင်နေကြတဲ့လူတွေ အများကြီးရှိတယ်။
ကိုယ်က ဒီလူဦးရေ ထက်ဝက်ကျော်ရဲ့ အခွင့်အရေးကို အခုချိန်မှာပေးမပြောဘူးဆိုရင် ဒါကဒီလူဦးရေ ထက်ဝက် ကျော်ကို နင်တို့မပါနဲ့တော့ နင်တို့တော်လှန်ရေးမှာမပါနဲ့တော့လို့ ပြောတဲ့ အဓိပ္ပာယ်နဲ့ အများကြီးတူနေတယ်။ သူတို့ရဲ့ပါဝင်မှုကို အထင်သေးလိုက်တယ်။ နှိမ့်ချလိုက်တယ် ဆိုတဲ့တဲ့ပုံစံနဲ့ တူနေတယ်။နောက်ပြီးတော့ ဘာတွေလုပ်နိုင်လဲဆို sisters to sisters ကလည်း အမျိုးသမီးအသံကို မြှင့်တင်ပေးတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့အမျိုးသမီးအသံနဲ့ အမျိုးသမီးပါဝင်မှုကို မြှင့်တင်ပေးဖို့ အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အသံတွေတိတ်သွားတယ်ဆိုရင် အမျိုးသမီးတွေ ဘာတွေကြုံနေရလဲ၊ အမျိုးသမီးတွေဘာတွေခံစားနေရလဲ။ သူတို့မှာ ဘာအခက်အခဲတွေ ရှိလဲ၊ သူတို့ရဲ့ပါဝင်မှုက ဘယ်လိုရှိလဲ။ ဒါတွေကို သိနိုင်တော့မှာ မဟုတ်ဘူး။ အသံက အရေးကြီးဆုံးပဲ၊ အသံဆိုတဲ့နေရာမှာလည်း တိုးတိုးပြောတာလည်း ဖြစ်နိုင်တယ်။ ကျယ်ကျယ်ပြောတာလည်း ဖြစ်နိုင်တယ်။ ကျယ်ကျယ်ပြောရမယ်လို့တော့ အတင်းကြီး တွန်းအားပေးစရာ မလိုဘူး။ ဒါပေမယ့် သူတို့အသံတွေ ထုတ်လာအောင်လို့ စပြီးတော့ လုပ်ပေးရမယ်။ အဲ့ဒီကနေမှ နောက်ကနေ တခြားသူတို့အခွင့်အရေးတွေလည်း ပါလာမယ်ပေါ့နော်။
“တော်လှန်ရေးမှာလည်း ဦးဆောင်ဦးရွက် ပါဝင်နေကြတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ ကိုယ်က ဒီလူဦးရေ ထက်ဝက်ကျော်ရဲ့ အခွင့်အရေးကို အခုချိန်မှာ ပေးမပြောဘူးဆိုရင် ဒါကဒီလူဦးရေထက်ဝက်ကျော်ကို နင်တို့တော်လှန်ရေးမှာမပါနဲ့တော့လို့ ပြောတဲ့ အဓိပ္ပာယ်နဲ့ အများကြီးတူနေတယ်”
မေး။ ။ဒီဖြစ်စဉ်တွေကို ဆရာမတို့အမျိုးသမီးအဖွဲ့အစည်းအနေနဲ့ ဘယ်လိုကိုင်တွယ်ပြီး ကူညီဆောင်ရွက်နေပါသလဲ။
ဖြေ။ ။အခုလက်ရှိမှာတော့ sisters to sisters ကအမျိုးသမီးအသံထွက်နိုင်အောင် ကူပေးတာ ပါတယ်။ အမျိုးသမီးတစ်ယောက် သူဒီလိုဒီလိုကြုံနေပါတယ်လို့ လာပြောတယ်ဆိုရင် သူ့ကိုမေးတယ်။ ဒီဟာကိုအသံထုတ်ချင်လား မထုတ်ချင်ဘူးလား။ အဓိကက သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲပေါ့။ သူတို့ကအသံမထုတ်ချင်ဘူးဆိုရင် ရတယ်။ ကိစ္စမရှိဘူး။ သူတို့က ကိုယ့်ကိုလာပြောရုံပဲဆိုရင် အဲ့ဒါကို မှတ်တမ်းလုပ်ထားတယ်။
တကယ်လို့ သူတို့ အသံထုတ်ချင်တယ်ဆိုရင် ဘယ်လိုနည်းနဲ့ ထုတ်ဖော်ပြောနိုင်မလဲဆိုတာအခြေခံပြီးတော့ ဝိုင်းဝန်းပံ့ပိုးပေးတယ်။ ဒါကပထမအဆင့်ပေါ့။ ပြီးရင် အဲ့နောက်မှာမှ သူတို့တခြား ဘာအကူအညီလိုသေးလဲပေါ့။ စိတ်ပိုင်းဆိုင်ရာအကူအညီလိုလား။ လုံခြုံတဲ့နေရာတခုခုကို ပြောင်းဖို့အကူအညီလိုလား။ ဒါမှမဟုတ်ရင် ဥပဒေကြောင်းအရ လုပ်ချင်တာမျိုးတခုခု ရှိလား။ ကျန်းမာရေးအရအကူအညီလိုလား ဒါတွေကိုကြည့်တယ်ပေါ့နော်။ Sisters to Sisters အနေနဲ့ လုပ်ပေးနိုင်တာတွေလုပ်ပြီး ကျန်တဲ့ လိုအပ်မှုတွေအတွက် ဝိုင်းဝန်း ချိတ်ဆက်ပေးတယ်။ ပြန်ပြီး လွှဲပြောင်းပေးတယ်။
မေး။ ။လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောကြားမှုတွေ မြင့်တက်လာဖို့ ဘယ်လို ပံ့ပိုးပေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။
ဖြေ။ ။ကြုံတွေ့ရတဲ့အခက်အခဲကတော့ အမျိုးသမီးတွေက များသောအားဖြင့် လာပြီး ရင်ဖွင့်ကြပေမယ့် တကယ်တမ်း public မှာ ထွက်မပြောချင်ကြဘူး။ ထွက်မပြောရဲဘူး။ အဲ့ဟာကလည်း သူတို့ကို ကျွန်မတို့က အပြည့်အဝနားလည်ပေးတယ်။ အမျိုးသမီး အခွင့်အရေးနဲ့ပတ်သက်ရင် ကျွန်မတို့မြန်မာနိုင်ငံမှာသိပ်မသုံးတဲ့ စကားတခုက agency ဆိုတဲ့စကားပေါ့။ Agency ဆိုတာက ဒီအမျိုးသမီးမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ သူ့ကို သူသည် အခြေအနေကို ပြောင်းလဲချင်တယ်ဆိုရင်လည်း ဒါသူ့ဆုံးဖြတ်ပိုင်ခွင့်ပဲ၊ သူမပြောင်းလဲဘူး ဆိုရင်လည်း သူ့ဆုံးဖြတ်ပိုင်ခွင့်ပဲ။
Sisters to sisters ကအမျိုးသမီးတွေရဲ့ agency ကို အရမ်းအလေးထားတယ်။ အမျိုးသမီးတွေအနေနဲ့ ပြောချင်သည်ဖြစ်စေ၊ သူတို့မပြောချင် သည်ဖြစ်စေ သူတို့မှာပဲ ဆုံးဖြတ်ခွင့် ရှိပါတယ်။ ကျွန်မတို့လုပ်ပေးတာက သူတို့ ပြောနိုင်လာအောင် ပြောရဲလာအောင် သူတို့ လုံလုံခြုံခြုံခံစားလို့ရအောင် safe place လေး ဖန်တီးပေးတယ်။ ပြီးတော့ ကျွန်မတို့တခြားအမျိုးသမီးတွေ၊ တခြားညီအမတွေအနေနဲ့ ဒီညီအမတွေနဲ့ အတူတူရှိပါတယ်ဆိုတဲ့ အဲ့ခံစားချက်ကို ပေးတယ်။
လက်ရှိမှာ နည်းလမ်း မျိုးစုံနဲ့ ကျူးလွန်ခံရတဲ့လူကို အပြစ်ပြောတဲ့ဟာတွေက လာတတ်ကြတယ်။ အဲ့လိုဆိုရင် အဲ့လိုမျိုးဟာတွေကို ခံနိုင်ရည်ရှိဖို့လည်း ကျွန်မတို့ကဝိုင်းပြီး support ပေးတယ်၊ သူ့ဘက်မှာ ကျွန်မတို့ရှိပါတယ်ဆိုတဲ့ ခံစားချက်ကို ကျွန်မတို့ပေးတယ်။ လူမှုအဖွဲ့အစည်းတခုလုံးကို တော့ ကျွန်မတို့ ရုတ်တရက် နေ့ချင်းညချင်း မပြောင်းနိုင်ဘူး။ ဒါပေမယ့် ရှိတဲ့အဝန်းအဝိုင်း ကိုတော့ လုံလုံခြုံခြုံဖြစ်အောင် လုပ်ပေးနိုင်တယ်။ အဲ့ကနေစပြီး လုပ်တယ်။ သူတို့ရဲ့ ဆုံးဖြတ်နိုင်ခွင့်ကို တန်ဖိုးထားတယ်။
မေး။ ။တော်လှန်ရေးကာလအတွင်းမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိဖို့ ဘယ်လို ကိုင်တွယ်သင့်ပါသလဲ။
ဖြေ။ ။လောလောဆယ်မှာတော့ဥပဒေကြောင်းအရ ပထမဆုံးစပြီးစဉ်းစားရတာကဖြစ်တဲ့ case က ဘယ်နေရာမှာ ဖြစ်တာလဲ။ ဘယ်နိုင်ငံရဲ့နယ်မြေနယ်နိမိတ်အတွင်းမှာ ဖြစ်တာလဲပေါ့။ အဲ့ဒါကိုမူတည်ပြီးတော့ သူတို့ရဲ့တရားစီရင်ရေးအောက်ကို ကျသွားတယ်။ အကယ်၍ မြန်မာနိုင်ငံမှာဖြစ်ခဲ့တယ်ဆိုရင် ပိုပြီးခက်တယ်။ ထိုင်းမှာဖြစ်တယ်ဆိုလည်း ခက်တာပါပဲ။
ဒါပေမယ့် ခက်ပုံခက်နည်းချင်းတော့ မတူဘူးပေါ့။ အကယ်၍ မြန်မာနိုင်ငံမှာဖြစ်ခဲ့တယ် ဆိုရင် NUG ကိုသွားပြီးတော့ သွားတိုင်မလား၊ ဒါဆိုရင် သွားတိုင်တယ်ဆိုရင်ရော NUG က ဘယ်လောက်အထိ လုပ်နိုင်မှာလဲ။ ဒါမှမဟုတ် တောထဲမှာဖြစ်တယ်ဆိုရင်ရော တောထဲက အာဏာပိုင်အဖွဲ့အစည်းကို သွားတိုင်မလား။ အဲ့အဖွဲ့အစည်းကလည်း ဘယ်လောက်အထိ ဘက်မလိုက်ပဲနဲ့ တရားမျှမျှတတဆုံးဖြတ်မှာလဲ ဆိုတဲ့ စဉ်းစားစရာ မေးခွန်းထုတ်စရာတွေ က အများကြီးရှိတယ်။
အဲ့နည်းလမ်းကတော့ တနည်းအားဖြင့်ခက်တယ်။ ဒါပေမယ့် လူထုအားနဲ့ လုပ်လို့ရတာတော့ အခုလူတွေလုပ်နေကြတဲ့ social punishment လိုပုံစံမျိုးပေါ့။ အကယ်၍ တော်လှန်ရေးထဲကလူပဲဖြစ်ဖြစ် စစ်တပ်ဘက်လူပဲဖြစ်ဖြစ် သူတို့ကကျူးလွန်ခဲ့တယ်ဆိုရင် အဲ့ကျူးလွန်တဲ့ဟာကို လူထုအားနဲ့ဖယ်ကျဉ်ထားတဲ့ပုံစံမျိူး လုပ်လို့ရတယ်။ ကျူးလွန်တဲ့သူကိုပဲ အပြစ်ပြောပြီးတော့ ကျူးလွန်ခံရတဲ့သူကို အပြစ်မပြောတဲ့အလေ့အထပေါ့။
အဲ့ဒါကိုစပြီး ဖော်ဆောင်လို့ရတယ်။ Sisters to Sisters ကလည်းအဲ့ဒါကိုအဓိကလုပ်တာပေါ့။ အမျိုးသမီးအသံကိုမြှင့်တင်ပေးတယ်။ လူတွေအနေနဲ့ ကိုယ်ချင်းစာတက်လာအောင် ဝိုင်းပြီးတော့ ဒီအမျိုးသမီးကို ဘာကူပေးရမလဲဆိုတာ ဖြစ်လာအောင် အဲ့ဒါကိုလုပ်လို့ရတယ်။ ဆက်လက်ရှင်သန်သူကို လူမှုအသိုင်းအဝိုင်းထဲကို ပြန်ဝင်လာနိုင်အောင် ပြန်လုပ်ပေးနိုင်တဲ့အချက်တွေလည်း အများကြီးရှိတယ်။
“လူမှုအဖွဲ့အစည်းတခုလုံးကို တော့ ကျွန်မတို့ ရုတ်တရက် နေ့ချင်းညချင်း မပြောင်းနိုင်ဘူး။ ဒါပေမယ့်် ရှိတဲ့အဝန်းအဝိုင်း ကိုတော့ လုံလုံခြုံခြုံဖြစ်အောင် လုပ်ပေးနိုင်တယ်။ အဲ့ကနေစပြီး လုပ်တယ်။ သူတို့ရဲ့ ဆုံးဖြတ်နိုင်ခွင့်ကို တန်ဖိုးထားတယ်”
မေး။ ။လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို လျော့ကျ ပပျောက်လာဖို့အတွက် အမျိုးသားတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုအထိ အရေးပါပါသလဲ။ အမျိုးသားတွေအနေနဲ့ ဒီလိုဖြစ်စဉ်မျိုး မဖြစ်အောင် ဘာတွေ လုပ်ဖို့ လိုပါသလဲ။
ဖြေ။ ။လိင်အကြမ်းဖက်မှုမှာ အမျိုးသားတွေရဲ့ ကဏ္ဍအရမ်းအရေးကြီးတယ်၊ ဘာကြောင့်လဲ ဆိုတော့ ကျူးလွန်တဲ့ case တွေကို generally ကြည့်မယ်ဆိုရင်၊ ကျူးလွန်တဲ့သူက အမျိုးသားဖြစ်ပြီးတော့ ကျူးလွန်ခံရတဲ့သူကအမျိုးသမီးဖြစ်တက်တဲ့ သဘောရှိတယ် ပေါ့နော်။ အဲ့အတွက် အမျိုးသားတွေကိုယ်တိုင်ကလည်း ငါတို့က ဒီလိင်အကြမ်းဖက်မှုကို မကျူးလွန်ရဘူးဆိုတဲ့ နေရာကနေစဖို့ လိုတယ်။
အမျိုးသမီးတွေကိုပဲသွားပြီးတော့ အမျိုးသမီးပဲဖြစ်ဖြစ် LGBT ပဲဖြစ်ဖြစ် ကျူးလွန်ခံရတဲ့သူကိုပဲသွားပြီးတော့ ဒီအကျီမဝတ်နဲ့လို့ ဒါမလုပ်နဲ့လို့ ညဘက်တယောက်ထဲအပြင်မထွက်နဲ့လို့ ပြောနေတာက အခြားသူအခွင့်အရေး ကို ပိတ်ပင်တာ ဖြစ်သွားပြီ။ သူများအခွင့်အရေးကို သွားပြီးတော့ ထိပါးနှောက်ယှက်နေတဲ့ ကျူးလွန်တဲ့လူကိုပဲ ပြောရမှာ။ ဘယ်သူပဲဖြစ်ဖြစ် ကျူးလွန်တဲ့လူမှာပဲအပြစ်ရှိတယ်။ ကျူးလွန်ခံရတဲ့လူမှာ အပြစ်လုံးဝမရှိဘူး။ အဲ့အတွက်ကြောင့် အမျိုးသားတွေကို ပညာပေးဖို့ လိုတယ်။
ကလေးအရွယ်ထဲက သူ့ space နဲ့ ကိုယ့် space သိအောင်လို့ ကိုယ် ဘာလုပ်လို့ရလဲ၊ သူအခွင့်အရေးက ဘာလဲ၊ ကိုယ့်အခွင့်အရေးက ဘာလဲ၊ အဲ့ဒါမျိုးကိုသိအောင် လုပ်တယ်ဆိုရင်တော့ တဖြေးဖြေးနဲ့ ငါတို့သွားပြီးတော့ ဒီအမျိုးသမီးပဲ ဖြစ်ဖြစ်၊ ဒီ LGBT ပဲဖြစ်ဖြစ်၊ ဒီလူတွေကို ငါတို့သွားပြီးတော့ကျူးလွန်လို့မရဘူး။ အကြမ်းဖက်လို့မရဘူးဆိုတာကို စပြီးသိလာမယ်လို့ မြင်တယ်။ အဲ့ကနေစရမယ်။ International မှာလုပ်တဲ့ ကမ်ပိန်းတစ်ခုရှိတယ်။ He for She ဆိုတဲ့ဟာပေါ့။ He for She ဆိုတာ အမျိုးသမီးတွေအတွက်ကို အမျိုးသားတွေက ရပ်တည်ပေးတယ်ဆိုတဲ့ဟာမျိုးပေါ့။
ကိုယ့်အိမ်မှာပဲဖြစ်ဖြစ် ကိုယ့်မောင်နှမအသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် ကိုယ့်သူငယ်ချင်း အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေအတွက် အမျိုးသားတွေက ရပ်တည်ပေးတယ် ဆိုတဲ့ဟာမျိုး၊ ငါတို့လည်းကူပြီးတော့ နင်တို့အခွင့်အရေးရဖို့အတွက် ကူတိုက်ပေးမယ် ဆိုတဲ့ဟာမျိုး အဲ့လိုမျိုးကလည်း အရမ်းအရေးကြီးတယ်လို့ထင်တယ်။
LGBT ပဲဖြစ်ဖြစ် အမျိုးသမီးအခွင့်အရေးပဲဖြစ်ဖြစ် အမျိုးသားတွေရဲ့ပါဝင်မှုကတအားကိုအရေးကြီးတယ်။ အဲ့လိုမျိုးပါဝင်နေကြတဲ့အမျိုးသားတွေလည်း အရမ်းလေးစားစရာကောင်းတယ်။ သူတို့ အနေနဲ့ သူတို့ရဲ့ space တင်မဟုတ်ဘဲ သူများရဲ့ space ကိုပါ ကူပြီးတိုက်ပေးတဲ့ အဓိပ္ပာယ်မျိုးပေါ့။ အဲ့ဒါကတော့အရမ်းအရေးကြီးတယ်လို့ထင်ပါတယ်။
မေး။ ။ တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ဖြေ။ ။အဓိကကတော့ အမျိုးသမီးတွေအသံထွက်ဖို့ အရေးကြီးတယ်။ သူတို့ အသံထွက်နိုင် လောက်အောင် ရေခံခြေခံတွေကိုကိုယ်တွေက ပံ့ပိုးပေးဖို့လိုတယ်။ သူတို့အသံထွက်နိုင်ဖို့ အတွက် လုံခြုံတဲ့အဝန်းအဝိုင်းလေးဖြစ်အောင် လုပ်ပေးဖို့လိုတယ်။ ဒါက ကျွန်မတစ်ဦး တစ်ယောက်ထဲမှာ တာဝန်ရှိတာ မဟုတ်ဘူး။ လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းတခုလုံးက ပြောင်းလဲမှရမယ့်အရာဖြစ်ပါတယ်။
လူမှုအဖွဲ့အစည်းတခုလုံးက ကျူးလွန်ခံရတဲ့သူနဲ့ ကျူးလွန်တဲ့သူမှာ ကျူးလွန်ခံရတဲ့သူကို အပြစ်မတင်ပဲနဲ့ ကျူးလွန်တဲ့သူကို အပြစ်တင်ဖို့ လိုတယ်။ ကျူးလွန်တဲ့သူကို အပြစ်ပြောရဲဖို့လိုတယ်။ ကျူးလွန်တဲ့သူကို ဖော်ထုတ်ရဲဖို့ လိုတယ်။ ကျူးလွန်ခံရတဲ့သူကို ကာကွယ်ပေးဖို့ လိုတယ်။ သူ့ကို အပြစ်မတင်ဖို့ လိုတယ်။ အဲ့လိုအဝန်းအဝိုင်းကို တည်ဆောက်နိုင်ဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media