- Published on
-
GBV အကြောင်းသိကောင်းစရာ
- Author
-
Seng (လူ့အခွင့်အရေးလှုပ်ရှားသူ )
မေး။ ။ GVB ဆိုတာကို မြန်မာစကားလုံးအနေနဲ့ဘယ်လိုအလဲအလှယ်လုပ်ပြီးသုံးလို့ရမလဲ။ GVB ဆိုတာဘာကိုဆိုလိုတာပါလဲရှင့်။
ဖြေ။ ။ ဂျန်ဒါကိုအခြေပြုထားတဲ့အကြမ်းဖက်မှုများလို့ ပြောလေ့ရှိတယ်။ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုလို့ ပြောလိုက်ပြီဆိုရင် အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကို အမျိုးသမီး ဖြစ်ခြင်းဆိုတဲ့ ဂျန်ဒါအပေါ်မှာ အခြေပြုပြီး အကြမ်းဖက်မှုကျူးလွန်ကြတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျူးလွန်တဲ့သူအများစုကတော့ အမျိုးသားတွေ ဖြစ်နေတတ်ကြတယ်။ ဒါပေမဲ့ ကျူးလွန် ခံရတဲ့နစ်နာတဲ့သူတွေထဲမှာ အမျိုးသားတွေ၊ ယောကျာ်းငယ်လေးတွေ၊ လူနည်းစုတွေဖြစ်တဲ့ လိင်စိတ်ခံယူမှုဝိသေသလက္ခဏာကွဲပြားသူတွေလည်း ပါဝင်တတ်ပါတယ်။
ဒီအကြမ်းဖက်မှု က ဘယ်လိုနေရာမျိုးမှာမဆို ဖြစ်တတ်ပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းနေတဲ့အချိန်မှာ ဖြစ်မှာမဟုတ်ဘူးလို့လည်း စဉ်းစားကြတယ်။ ဒါပေမယ့် ငြိမ်းချမ်းတဲ့နေရာတွေမှာလည်း ဖြစ်တက်တယ်။ ဥပမာအားဖြင့်ဆို မိသားစုဝင်အချင်းချင်း၊ ချစ်သူတွေကြား၊ ရင်းနှီးတဲ့ လက်တွဲဖော်တွေကြားထဲမှာ ဖြစ်ကြတဲ့အကြမ်းဖက်မှု၊ တနည်း အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပါတယ်။
တချိန်တည်းမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလည်း GBV မှာ ပါဝင်ပါတယ်။ ပဋိပက္ခဖြစ်ပွားမှုနဲ့ ဆက်စပ်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု CRSV တွေလည်း ဂျန်ဒါအခြေပြုရာဇဝတ်မှု ထဲမှာ ပါဝင်ပါတယ်။
မေး။ ။ GVB ထဲမှာ ဘယ်လိုအကြမ်းဖက်မှုတွေ အများဆုံးဖြစ်နေပါသလဲ။ လက်ရှိ ကမ္ဘာပေါ်မှာရော၊ မြန်မာနိုင်ငံအတွင်းမှာရော လိင်အကြမ်းဖက်မှုပေါင်း ဘယ်လောက် ရှိသလဲ။
ဖြေ။ ။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေမှာဆိုရင် မိသားစုထဲမှာ ဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှု တွေက အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ လူကုန်ကူးမှု၊ လူတွေကိုပစ္စည်းသဖွယ်ရောင်းချတဲ့ ခေတ်သစ်ကျေးကျွန်ပြုမှု၊ နောက်ယောင်ခံလိုက်ပြီး အမျိုးသမီးတွေကို နှောင့်ယှက် စော်ကားမှု၊ အနိုင်ကျင့်မှု၊ ခြိမ်းခြောက်မှု အွန်လိုင်းကနေပြီးတော့ လုပ်တဲ့ကိစ္စရပ်တွေလည်း GBV ထဲမှာ ပါဝင်ပါတယ်။
ပြီးသွားရင် အခုမကြာခဏကြားနေရတဲ့ အကြမ်းဖက်မှုက စစ်မက်ဖြစ်ပွားရာဒေသက အမျိုးသမီးတွေက တခြားနိုင်ငံမှာ အလုပ်သွားလုပ်ရင်းနဲ့ အတင်းအဓမ္မကိုယ်ဝန်ဆောင်ခိုင်းမှုနဲ့ ပဋိပက္ခကာလအတွင်းမှာဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့ခေါ်တဲ့ conflict relate sexual violence တွေလည်း အများကြီး ဖြစ်တယ်။
“ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေမှာဆိုရင် မိသားစုထဲမှာ ဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေက အများဆုံး ဖြစ်ပွားပါတယ်”
ကမ္ဘာမှာ လိင်အကြမ်းဖက်ခံရသူ အမျိုးသမီးအရေအတွက် သန်း ၇၀၀ ကျော် ရှိပါတယ်။ သုံးယောက်မှာတစ်ယောက်က ရှင်သန်သွားလာနေတဲ့ သက်တမ်းတလျှောက်မှာ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တွေ့ကြုံရတယ်။ မြန်မာပြည်မှာဆိုရင် စစ်အာဏာသိမ်းမှုကြိုးစားတဲ့ကာလကနေစပြီးတော့ ဒေတာတွေကအများကြီးမရတော့ဘူး။
၂၀၂၃ ခုနှစ်ဒေတာတွေအရကြည့်မယ်ဆိုရင် အမျိုးသမီးရာခိုင်နှုန်း (၂၀)လောက်က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကြုံခဲ့ရပါတယ်။ Global data အရပြောမယ်ဆိုရင် အထူးသဖြင့်စစ်ပွဲတွေ ဖြစ်နေကြတဲ့ကာလတွေ၊ ပဋိပက္ခတွေဖြစ်နေကြတဲ့ကာလတွေဆိုရင် အိမ်တွင်းအကြမ်းဖက်မှုက အနည်းဆုံးနှစ်ဆ၊ နှစ်ဆခွဲလောက် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
မေး။ ။GBV ကဘာကြောင့်ဖြစ်တယ်လို့ သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။GBV ဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုရင် ကျွန်မတို့မှာ ဂျန်ဒါအခြေပြုပြီးစဉ်းစားထားကြတဲ့ ပုံသေကားချပ်လိုရှိတယ်။ မိန်းကလေးဆိုဘယ်လို၊ အိမ်မှာပဲနေရမယ်။ ယောကျာ်းလေးဆို အပြင်ထွက်ရမယ်၊ ပိုက်ဆံပဲရှာရမယ်။ အဲ့လိုမျိုး gender stereotype တွေရှိတယ်။ ဖိုဝါဒကြီးစိုးတဲ့ ဓလေ့ထုံးတမ်းရိုးရာတွေရှိတယ်။ ဘာသာရေးပိုင်းဆိုင်ရာ လွမ်းမိုးတဲ့ကိစ္စတွေ တွေ့ရတယ်။
ငွေရေးကြေးရေးခက်ခဲတာ၊ ဆင်းရဲတာ၊ စီးပွားရေးအားဖြင့် မကောင်းတဲ့နေရာမျိုးမှာ ငွေကိုဘယ်လိုရှာရမလဲဆိုတာ စဉ်းစားကြတဲ့အခါ သူတို့က sexual အလုပ်တွေထဲမှာ ပါဝင်လာနိုင်သလို၊ IDP က အမျိုးသမီးတွေဆိုရင် စစ်ဘေးရှောင်တွေအနေနဲ့ဆို သူတို့သားသမီးတွေရဲ့ပညာရေး၊ သားသမီးတွေရဲ့ ဗိုက်ဖြည့်တင်းပေးဖို့ဆို တရုတ်နိုင်ငံကိုသွားအလုပ်လုပ်တယ်။ မျိုးစုံသော economic challenge တွေကြောင့်ဖြစ်နိုင်တယ်။
ပဋိပက္ခတွေဖြစ်လာကြပြီ ဆိုရင် အမျိုးသမီးတွေက ထိပ်ဆုံးကနေ ပစ်မှတ်လုပ်ခံရလေ့ရှိတယ်။ အထူးသဖြင့် မတူညီတဲ့ အုပ်စုတွေကြားမှာ ပြသနတွေတက်ကြမယ်ဆိုရင် မိန်းကလေးတွေကို မုဒိမ်းကျင့်ပြီး စစ်လက်နက်တစ်ဖွဲ့နဲ့တစ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာထိပါးအောင် မင်းတို့ရဲ့ အမျိုးသမီးတွေကို ငါတို့က မုဒိမ်းကျင့်တယ်ကွာ ဘာဖြစ်ချင်လဲဆိုတဲ့ပုံစံမျိုးနဲ့ ဆွပေးတာမျိုးတွေကအစ ၊ မိန်းကလေး တွေက ကြားထဲကနေ အသုံးခံရတာ အများကြီးရှိတယ်။ တချိန်တည်းမှာ ပြည့်စုံ လုံလောက်တဲ့ ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်ပေးမှု မရှိတာလည်း ပါဝင်ပါတယ်။
ဒါ့ပြင် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှု အားနည်းခြင်းကလည်း အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ နောက်တခုက နိုင်ငံရေးမှာ အမျိုးသမီးတွေ ချန်လှပ်ခံထားရခြင်းကြောင့်လည်း ပါဝင်ပါတယ်။ အဆိုးဆုံးကတော့ အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခြိမ်းခြောက်မှု တွေကို ရည်ရွယ်ချက်ရှိရှိ လုပ်လေ့ရှိပါတယ်။
အဆိုးဆုံးကတော့ အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခြိမ်းခြောက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်လေ့ရှိပါတယ်။
မေး။ ။ တော်လှန်ရေးကာလမှာ GBV case တွေမြင့်တက်လာမှုကဘာကိုညွှန်ပြနေလဲ။
ဖြေ။ ။အရင်ဆုံးက GBV ဆိုတာအမျိုးသမီးတွေရဲ့လူ့အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှု ပိုပြီးများနေတယ်လို့ပဲ ပြောချင်ပါတယ်။ လူတိုင်းလူတိုင်းမှာ မွေးလာကတည်းက ဂုဏ်သိက္ခာပိုင်းဆိုင်ရာအရရော လူ့အခွင့်အရေး ဆိုင်ရာအရရော တန်းတူညီတူနဲ့ လွတ်လွတ်လပ်လပ်မွေးလာတယ်လို့ ပြောထားပြီးသားဖြစ်တယ်။
လူတိုင်းက တန်းတူမွေးလာတာဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အမှုတွေသည်လည်း လူ့အခွင့်အရေးကျူးလွန်တဲ့အမှုတွေ ဖြစ်တယ်။ ဒီလူ့အခွင့်အရေး ကျူးလွန်တဲ့အမှုတွေမှာ အခြားသော ဆက်စပ်ပြီးတော့ ချိုးဖောက်ပြီးလုပ်နေတဲ့ကိစ္စတွေ အများကြီးရှိနေတယ်လို့ ကျွန်မက အဓိကပြောချင်ပါတယ်။
မေး။ ။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု တွေဖြစ်လာပြီဆိုရင် ဘယ်လိုယန္တယားတွေနဲ့ ဖြေရှင်းဖို့ လိုသလဲ။ ဖြေရှင်းတဲ့အခါမှာ ဆက်လက်ရှင်သန်သူတွေကို ဗဟိုပြုပြီးတုံ့ပြန်ဖို့ဆိုတာ အမြဲတမ်းပြောကြတယ်။ အဲ့ဒါဘာကိုဆိုလိုတာပါလဲ။
ဖြေ။ ။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု တွေကို ဖြေရှင်းဖို့အတွက်ဆိုရင် အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို သေသေချာချာလေ့ကျင့်သင်ကြားပေးထားတဲ့ လူပုဂ္ဂိုလ်တွေရှိရမယ်။ multidisciplinary လို့ခေါ်တဲ့အများပူးပေါင်းပါဝင်မှုရှိတဲ့ ပေါင်းစပ်ယန္တရားတခု လုပ်ဆောင် နိုင်ရင် ပိုပြီးတော့ကောင်းတယ်။ တကမ္ဘာလုံးမှာလည်း ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကို ကိုင်တွယ်ဖို့ guideline တွေရှိပြီးသား။
ဆက်လက်ရှင်သန်သူတွေကို မထိခိုက်ပဲနဲ့ ပံ့ပိူးကူညီပေးမှုတွေက ဘာတွေပေးနိုင်မလဲ၊ သူ့အတွက်လိုအပ်တဲ့အချက်အလက်တွေ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကအစ စဉ်းစားထားတယ်။ ထိခိုက်လွယ်တဲ့အုပ်စုတွေကို ဘယ်လိုဆောင်ရွက်ပေးရမလဲဆိုတာလည်း ပါဝင်ပါတယ်။ ဒါ့ပြင် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်နိုင်စွမ်းအပေါ် မူတည်ပြီး ပေါင်းစပ်လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းအချင်းချင်းကြားမှာလည်း လွှဲပြောင်းမှု ကို စနစ်တကျ တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။
မေး။ ။ဆက်လက်ရှင်သန်သူတွေအနေနဲ့ လူမှုအသိုက်အမြုံထဲမှာနေဖို့ ဘယ်လိုထောက်ပံ့မှုတွေ လိုအပ်ပါသလဲ။
ဖြေ။ ။ဆက်လက်ရှင်သန်သွားမယ့်အုပ်စုဆိုတာ မတူတဲ့အုပ်စုတွေ အများကြီးဖြစ်နိုင်တယ်။ မတူတဲ့အုပ်စုတွေအနေနဲ့ သူ့ရဲ့လိုအပ်ချက်တွေကအစ တခါတလေကျရင်မတူဘူး။ ကလေးသူငယ်တွေနဲ့ပတ်သက်လာရင် ကျွန်မတို့က မိဘအုပ်ထိန်းသူရှိသလားဆိုတာ စဉ်းစားရတယ်။ မိဘအုပ်ထိန်းသူရဲ့ပါဝင်ဆွေးနွေးမှု လုပ်တဲ့အခါမျိုးမှာ ဆက်လက် ရှင်သန်သူကို ဗဟိုပြုတုံ့ပြန်မှုဆိုတာက နည်းနည်းပြောင်းသွားမယ်။
စဉ်းစားဆုံးဖြတ်နိုင်တဲ့ အရွယ်တခုလို့သတ်မှတ်ထားတဲ့ ဆက်လက်ရှင်သန်သူကို ဗဟိုပြုတုံ့ပြန်မှုလို့ပြောပြီဆိုရင် သူ့ကို ဆုံးဖြတ်ချက်ချတာကအစ သူ့ကိုယ်သူလုပ်နိုင်အောင် empower ဖြစ်အောင် လုပ်သွားပေးတဲ့ process မျိုးကို ရှင်သန်သူတွေကို ဗဟိုပြုတဲ့တုံ့ပြန်မှုမျိုး လို့ခေါ်တယ်။ အဲ့လိုမျိုးလုပ်တဲ့အခါမျိုးမှာလည်း တစ်ဦးတစ်ဖွဲ့ထဲက လုပ်ပေးတာမဟုတ်ပဲနဲ့ အားလုံး ပူးပေါင်းပေါင်းစပ်ပြီးတော့လုပ်ပေးနိုင်မှုက သူအတွက် အကောင်းဆုံးဖြစ်တယ်။
ဆက်လက် ရှင်သန်နိုင်ဖို့အတွက် ထောက်ပံ့မှုတွေစဉ်းစားတဲ့အခါမှာလည်း သူ့ရဲ့လိုအပ်ချက်လိုအင် သူကြုံတွေ့ရတဲ့ GBV က ဘာကြောင့်ကြုံတွေ့ရလဲဆိုတာ အများဆုံးစဉ်းစားဖို့ လိုပါတယ်။ အရင်ဆုံး ဆက်ပြီးတော့ ရှင်သန်သွားမယ့်လူတွေကို စပြီးစဉ်းစားတဲ့အခါမှာ တခါတလေ ကျရင် ကျွန်မတို့ထင်တာက ဒီလူတွေက စိတ်ပိုင်းဆိုင်ရာအရ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းလို့ အကူအညီမဲ့နေလို့ဆိုတဲ့ အတွေးမျိုးဝင်တက်တယ်။ အဲ့အတွေးမျိုးကို အရင်ဆုံးမေ့လိုက်စေချင်တယ်။
ဒီလိုအတွေးမျိုးတွေးလိုက်တယ်ဆိုရင် ကျွန်မတို့တွေက ဆက်ရှင်သန်သွားမယ့်သူကို ကူညီပေးတဲ့အခါမှာ ကျွန်မတို့အတွေးတွေက ကြိုပြီး တွေးထားတဲ့အတွေးတခုက သူ့ကိုကူညီတဲ့အခါမှာ ကူညီရာမရောက်ပဲနဲ့ မရည်ရွယ်ပဲနဲ့ သော်လည်းကောင်း၊ ရည်ရွယ်ပြီးတော့သော်လည်းကောင်း ဖြစ်သွားနိုင်တဲ့အရာမျိုးတွေ ဖြစ်နိုင်တယ်။ သူကြုံတွေ့ရတဲ့ violence လုပ်တဲ့ပုံစံက တယောက်နဲ့တယောက် တူချင်မှတူမှာလေ တခါတလေကျရင် အရမ်းစိတ်ဆိုးပြီးတော့ အတွေ့မခံနိုင်တာလည်း ဖြစ်နိုင်တယ်။
တခါတလေကျရင် အရမ်း ဆက်ဆက်ထိမခံနိုင်တာလည်းရှိတယ်။ တခါတလေကျရင် တုံနိဘာဝေလို ဘာမှမပြောတော့တာတွေလည်း ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့်မို့ ဒီဟာတွေကိုလုပ်တဲ့အခါမှာကျွန်မတို့က ဒီကိစ္စရပ်မျိုး mentally ကို ကောင်းကောင်းလေး နားလည်ပြီးတော့သိထားတဲ့ လူရဲ့ role က အရမ်းအရေးကြီးတယ် ဆိုတာပြောချင်ပါတယ်။
တကယ်လို့ကိုယ့်ရဲ့နေရာဒေသမှာ ဒီလိုမျိုးဘယ်သူမှ လေ့ကျင့် သင်ကြားပေးထားတဲ့သူ မရှိဘူးဆိုရင် ဘယ်လိုမျိုးကူညီပေးလို့ရမလဲဆိုတဲ့ လမ်းညွှန်ချက် တွေ ရှိတယ်။ ဗမာလို့လည်းရေးထားတာရှိတယ်။ အနည်းဆုံးတော့ အဲ့လမ်းညွှန်ချက်တွေကို ဖတ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲ့လိုမျိုးလုပ်တဲ့အခါ မရည်ရွယ်ဘဲနဲ့ စေတနာ အမှားတွေ မကျူးလွန်မိအောင် အဲ့လိုမျိုးလေးတွေလုပ်ဖို့လိုပါတယ်။ do no harm ဆိုတာ စဉ်းစားထားဖို့ လိုတယ်။
ဒီတခေါက်တော့ ကိုယ်အားနေတုန်းသွားပြီးကူညီပေးလိုက်မယ်၊ ကိုယ်မအားရင်မကူညီပေးတော့ဘူးဆိုတာ ပြသနာရှိနိုင်တယ်။ ဒီလို case တွေကကျတော့ ခံစားလာရတဲ့ပြသနာရော ကူညီပေးရတဲ့လမ်းကြောင်းကရော အရှည်ကြီးဖြစ်တယ်။ လူတယောက်ရဲ့ရှိနေကြတဲ့ violence pattern behaviour တွေက မွေးကတည်းက ဘယ်သူမှ ငါကတော့မွေးကတည်းက အကြမ်းဖက်ချင်တယ်ဆိုပြီး မွေးလာတဲ့လူမရှိဘူး။
violence pattern တွေကိုဘယ်လိုလျော့ချမလဲ ဖြေးဖြေးချင်းဘယ်လိုလုပ်မလဲဆိုတာ ဖြေးဖြေးချင်းနဲ့အကျင့်စာရိတ္တကအစ ခံယူချက်တွေကိုပြုပြင်ပြောင်းလဲရတဲ့အခါတွေက ရေရှည်ကြာပါတယ်။ case by case နဲ့သွားကြရတာတွေဖြစ်တယ်။ မလိုအပ်ပဲနဲ့ မျှော်လင့်ချက်အမှား တွေမပေးမိဖို့ လိုပါတယ်။
“ ဆက်လက်ရှင်သန်သူကို မလိုအပ်ပဲနဲ့ မျှော်လင့်ချက်အမှားတွေ မပေးမိဖို့ လိုပါတယ် ”
မေး။ ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ရော ဘယ်လိုကိုင်တွယ်ပေးနိုင်တာရှိလဲ။
ဖြေ။ ။ တော်လှန်ရေးကာလမှာ ပြည်တွင်းမှာ တရားဥပဒေစိုးမိုးမှုကနည်းနေတာပေါ့။ နိုင်ငံတကာ အဖွဲ့အစည်းတွေထဲမှာဆိုရင် မှတ်တမ်းတင် မှတ်တမ်းယူတဲ့ကိစ္စတွေ အများကြီးရှိတယ်။ မှတ်တမ်းတင် မှတ်တမ်းယူပြီးသွားရင် အထူးသဖြင့် တရားဥပဒေစိုးမိုးမှုရှိလာတဲ့အချိန်မှာ နိုင်ငံတကာတရားစီရင်ရေးယန္တယားတွေမှာ ဖြေရှင်းလို့ရအောင် အမှုတွေကို ကိုင်တွယ် ပေးတဲ့ လွတ်လပ်တဲ့မြန်မာနိုင်ငံဆိုင်ရာ မှတ်တမ်းတင်မှတ်တမ်းယူတဲ့အဖွဲ့တွေ ရှိတယ်။
အဲ့လိုအဖွဲ့တွေနဲ့ ဘယ်လိုချိတ်ဆက်ပြီးတော့ မှတ်တမ်းတင်နိုင်ဖို့ လိုပါတယ်။ ကျွန်မတို့ သေသေချာချာလုပ်ပေးဖို့က အဲ့အရပ်ဒေသတွေမှာလှုပ်ရှားနေတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း တွေရော အမျိုးသမီးအဖွဲ့တွေရော တာဝန်ယူမှု တာဝန်ခံမှုလုပ်ပေးရမယ့်နေရာမှာ ထိုင်နေတဲ့သူတွေရော ဒါကို နားလည်အောင် လုပ်ပေးဖို့လိုတယ်။ တော်လှန်ရေး လက်နက်ကိုင်ထားတဲ့အဖွဲ့တွေက နိုင်ငံတကာ ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေ လိုက်နာဖို့ ပိုလိုပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာခုံရုံးမှာ ရိုဟင်ဂျာ လူမျိုးစုတွေအပေါ်မှာ ကျူးလွန်တဲ့ဟာတွေရှိတယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ လူမျိုးစုတွေ အပေါ် ကျူးလွန်တဲ့ကိစ္စရပ်တွေ မပါနေသေးတော့ အဲ့မှာရှိနေတဲ့ အမျိုးသမီးတွေ၊ ရိုဟင်ဂျာ မဟုတ်သော အမျိုးသမီးတွေအတွက် ဒီဟာတွေက အများကြီးလိုအပ်နေသေးတာတွေ ရှိတယ်။
ဒီလိုကိစ္စရပ်တွေကို ကျွန်မတို့က နိုင်ငံတကာကိုလည်း ဖိအားပေးဖို့လိုတယ်။ ထပ်ပြီးလုပ်စရာတွေလည်းရှိတယ်။ နိုင်ငံတကာအဖွဲ့ဆိုတဲ့နေရာမှာ အဖွဲ့အစည်းတွေရော UN လိုမျိုးတွေကရော သက်ဆိုင်ရာ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ လုပ်ထားတဲ့ တိုက်ပွဲချိန်မှာလိုက်နာရမယ့် စည်းမျည်းစည်းကမ်းတွေကို လက်မှတ်ထိုးပေးဖို့ အဲ့လိုမျိုးတွေ ဖိအားပေးဖို့လိုတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ GBV မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရသလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ GBV ဖြစ်ပွားမှုကို လျော့ချလို့ရမလဲ။
ဖြေ။ ။ GBV ကိုဖြစ်စေတဲ့ အကြောင်းအရင်းတခုချင်းစီကို သူ့ရဲ့ဖြစ်စေရတဲ့ဇစ်မြစ်အထိလိုက်ပြီး ဖြေရှင်းရတဲ့အထိ ဖြစ်ဖို့လိုပါတယ်။ တပွဲထိုးနဲ့ ရေတိုဖြေရှင်းချက်လေးနဲ့ မပြီးဘူး။ အမျိုးသမီးတယောက်က ဆင်းရဲတယ်၊ စီးပွားရေးအဆင်မပြေတဲ့အတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတယ်။ သူ့ကိုယ်သူ လိင်ကျွန်ပြုရတဲ့အနေအထားမျိုး ရောက်သွားတယ်။
သူ့ကို ဆွဲထုတ်ချင်တဲ့အတွက် ငွေကြေးရင်းနှီးမတည်မှုသေးသေးလေး လုပ်ပေးမယ်။ အဲ့ဒါက ဘယ်လောက်ခံမှာလဲ။ အဲ့ဒါက ရေတိုဖြစ်မှာလား ရေရှည်ဖြစ်မှာလားဆိုတာ စဉ်းစားကြည့် တဲ့အခါမှာ သက်ဆိုင်ရာ အရပ်ဒေသတခုလုံးမှာကိုက အမျိုးသမီးတွေက အလုပ်မရှိနေတာ။ အမျိုးသမီးတွေက စီးပွားရေးလုပ်ခွင့်မရတာ။ ရှေ့ထွက်လို့မရတာစတဲ့ အဲဒီအထိ ကြည့်စေချင်ပါတယ်။ culture တွေ norms တွေထဲမှာ အမျိုးသမီးတွေကို အန္တရာယ်ဖြစ်စေတဲ့ stereotype တွေကို ဘယ်လိုပြောင်းလဲမလဲ။
အမျိုးသမီးတွေသည် လူသားဖြစ်တဲ့အတွက် ပညာရေး၊ ကျန်းမာရေးကအစ အဲ့လိုရပိုင်ခွင့်ရှိပါတယ်ဆိုတဲ့ အသိပညာတွေကို ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲဆိုတာ အရမ်းကိုအရေးကြီးပါတယ်။ ယဉ်ကျေးမှုတွေထဲမှာ အသားကျနေတဲ့ အကြမ်းဖက်တဲ့အမူအကျင့်တွေကို ပြန်ပြီး ဘယ်လို ဖျောက်ဖျက်ကြမလဲဆိုတာ တွေက အများကြီးစဉ်းစားဖို့ လိုတယ်။
အမျိုးသမီးတွေကိုယ်တိုင် သူတို့ရဲ့အခွင့်အရေးကိုနားလည် လာပြီးတဲ့အခါကျမှ သူတို့အပေါ်မှာသက်ရောက်နေတဲ့ ကြောက်စရာကောင်းတဲ့ ဂျန်ဒါအခြေပြု စံသတ်မှတ်ချက်တွေကို သူတို့နားလည်လာအောင်၊ သူတို့ပြန်ငြင်းလာနိုင်အောင် လုပ်နိုင်မှာပါ။ အမျိုးသားတွေကိုယ်တိုင်ကလည်း ဖိုဝါဒ ကြီးစိုးတဲ့အသိုင်းအဝိုင်းမှာ ဖြစ်နေပြီးတော့မှ သူတို့ကိုယ်တိုင်က ဒီဟာတွေကို မသိ၍ သော်လည်းကောင်း၊ သိ၍သော်လည်းကောင်း GBV ကို ပိုပြီးသွားနေတယ်ဆိုတာမျိုး နားလည်လာအောင်လုပ်ဖို့ လိုတယ်။
“ အမျိုးသမီးတွေကိုယ်တိုင် သူတို့ရဲ့အခွင့်အရေးကိုနားလည် လာပြီးတဲ့အခါကျမှ သူတို့အပေါ်မှာသက်ရောက်နေတဲ့ ကြောက်စရာကောင်းတဲ့ ဂျန်ဒါအခြေပြု စံသတ်မှတ်ချက်တွေကို သူတို့နားလည်လာအောင်၊ သူတို့ပြန်ငြင်းလာနိုင်အောင် လုပ်နိုင်မှာပါ ”
မေး။ ။ GBV မှာ အမျိုးသားတွေရဲ့အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါလဲ။
ဖြေ။ ။အမျိုးသမီးတွေသည် chang agent နံပတ်တစ်ဖြစ်တယ်။ အဲ့ဒါကလုံးဝငြင်း စရာ မရှိဘူး။ ဒါပေမယ့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှု သံသရာကို ချိုးဖောက်နိုင်ဖို့အတွက် ပတ်ဝန်းကျင် ကို ဖန်တီးပေးဖို့လိုတယ်။ ယောကျာ်းလေးတွေမှာလည်း မွေးကတည်းထဲက အကြမ်းဖက်မှု လုပ်ဖို့ မွေးလာတာ မဟုတ်ဘူး။
အမျိုးသမီးတွေကို အမျိုးသားတွေက အကြမ်းဖက်နေတာကို ပတ်ဝန်းကျင်က အသားကျပြီး လက်ခံမှုက အမျိုးသားတွေကို အကြမ်းဖက်မှု လုပ်ဖို့အတွက် ကျူးလွန်သူ ဖြစ်လာဖို့အတွက် တွန်းအားပေးနေပါတယ်။ အတုမြင်အတတ်သင်ပြီးတော့ သိလာတဲ့အသိတွေ ကျင့်သုံးလာတဲ့ကျင့်သုံးမှုတွေ ဖြစ်တဲ့အတွက် ဒါတွေကို unlearn ဘယ်လိုလုပ်မလဲဆို ပညာရေးက အရေးကြီးဆုံးပဲ ဖြစ်တယ်။
အမျိုးသား၊အမျိုးသမီးကြား ဘယ်လိုမျိုးနဲ့ ပိုပြီးကောင်းမွန်တဲ့ တန်းတူညီမျှတဲ့ ဆက်ဆံမှုမျိုးဖြစ်လာအောင် ကျွန်မတို့ရဲ့ပတ်ဝန်းကျင်ထဲမှာ၊ အိမ်ထဲမှာ ဒီဟာတွေကို ဘယ်လိုလျော့ကျအောင်လုပ်မလဲ ဆိုတာ စဉ်းစားဖို့ လိုပါတယ်။ ခက်တော့ခက်ပေမယ့် ဖြေးဖြေးချင်းလုပ်ယူရမယ့်အထဲမှာ ပါကိုပါတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ဂျန်ဒါတန်းတူညီမျှမှုရှိဖို့က GBV အတွက်ဆိုဘယ်လောက်အထိအရေးပါလဲ။
ဖြေ။ ။ Gender မညီမျှမှု ဖြစ်နေသမျှ GBV ကိစ္စရပ်တွေကရှိနေဦးမှာပဲ၊ ဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။ ဂျာအေးသူ့အမေရိုက်သလိုဆို သံသရာလည်နေဦးမှာပဲ။ ကျွန်မတို့က class တွေမတူတာကို တိုက်ဖျက်ဖို့လိုတယ်။ ကျွန်မတို့အတွက် class တွေမတူဘူးဆိုတာ အဓိကဒီနေရာမှာ financial ရော intersectional ဖြစ်မှုတွေ ထည့်သွင်းစဉ်းစားပြီးတော့ တန်းတူညီမျှမှု ဖြစ်စေချင်တယ်။
အဲ့တော့မှ တကယ့်ကို ညီမျှမှုဆိုတဲ့ဟာရဲ့ အဓိပ္ပာယ်အနှစ်သာရကို ရနိုင်တော့မှပဲ ခုနပြောတဲ့ gender base violence ဆိုတဲ့ကိစ္စကို လျော့ချဖို့ရော ပပျောက်သွားအောင် လုပ်နိုင်ဖို့ရော လုပ်နိုင်မှာ ဖြစ်တယ်။
“အမျိုးသမီးတွေကို အမျိုးသားတွေက အကြမ်းဖက်နေတာကို ပတ်ဝန်းကျင်က အသားကျပြီး လက်ခံမှုက အမျိုးသားတွေကို အကြမ်းဖက်မှု လုပ်ဖို့အတွက် ကျူးလွန်သူ ဖြစ်လာဖို့အတွက် တွန်းအားပေးနေပါတယ်”
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် အမှတ် (၃) ကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။
https://drive.google.com/file/d/1p8Hau9E3N-m95SrSjIJyZOlcDp6xoX0p/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media