- Published on
-
မဘီး ဖီးမနစ်ဇင်နှင့် ဂျန်ဒါတန်းတူညီမျှရေးသုတေသီ
-
- Published on
မသုတ တော်လှန်ပြည်သူ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးရော၊ အမျိုးသားရော အတူတူရှင်သန်ရပ်တည်မယ်၊ လက်တွဲလုပ်ဆောင်လို့ရတဲ့အရာတွေတွဲလုပ်ပြီး အချင်းချင်း ပံ့ပိုးကြမယ်။ အဲလိုမျိုးနဲ့
ဘုံကောင်းကျိုးရှိတဲ့လူမှုအသိုက်အမြုံတစ်ခုကို တည်ဆောက်သွားကြရပါမယ်”
မသုတဟာ အညာသူတစ်ယောက် ဖြစ်ပြီး မွေးချင်းနှစ်ယောက် ရှိတဲ့အနက် အမကြီးဖြစ်ပါတယ်။ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားကို အလေးထားတဲ့ မိသားစုကနေ ကြီးပြင်းခဲ့ရပြီး ဗိသုကာပညာရှင်၊ ပန်းချီပညာရှင်တယောက်အဖြစ် ဖြစ်ချင်ခဲ့သူပါ။ ရူပဗေဒ မဟာဘွဲ့ကို ရရှိခဲ့ပြီး အာဏာမသိမ်းခင်က အခမဲ့ ကျောင်းငယ်တစ်ခုထူထောင်ပြီး ပညာဒါန ပရဟိပြုလုပ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းတဲ့အခါမှာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး ရဲဘော်အဖြစ်လည်း ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျန်းမာရေးအခြေအနေကြောင့် ရဲဘော်အဖြစ်ကနေ နှုတ်ထွက်ခဲ့ပြီး တော်လှန်ရေးလုပ်ငန်းတွေကို အားမလျော့စတမ်း ဆောင်ရွက်နေသူပါ။
လက်ရှိမှာ ကျရာတာဝန်တွေကိုထမ်းဆောင်နေပြီး အဓိကအနေနဲ့ Thuta Reading Time - Youtube channel တခုထူထောင်ပြီးတော့ နိုင်ငံရေးနှင့် ရသစာပေများကို ပြည်သူအများ ပိုမိုသိကြား လာနိုင်စေဖို့အတွက်နဲ့ တော်လှန်ရေးကို ထောက်ပံ့မှုပြုနိုင်ဖို့အတွက် အွန်လိုင်းကနေစာဖတ်ပြကာ အသိပညာတွေကို မျှဝေလျက် ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တခုလုံးကို ဘယ်လို သုံးသပ်ချင် ပါသလဲရှင့်။
ဖြေ။ ။ တော်လှန်ရေးအင်အားစုတွေအချင်းချင်းဟာ အခုထက်ပိုပြီးတော့ ပွင့်လင်းပြီးတော့ ကျကျနန ဆွေးနွေးတိုင်ပင်ကြပြီး ရှေ့ဆက်ကြဖို့လိုမယ်လို့ ထင်ပါတယ်။ အရွေ့မပါ အပြောင်းအလဲမရှိဘဲ စကားလုံး သက်သက်နိုင်ငံရေးကို တည်ဆောက်ခဲ့တာ မခိုင်မာဘူးဆိုတာကိုမြင်ပြီး ပိုမိုထိရောက်တဲ့ ရလဒ်ကောင်းရှိတဲ့ အရွေ့ရှိတဲ့ ဖြစ်စဥ် ဟုတ်သည်အထိ သွားဖို့လိုနေသေးတယ်လို့ မြင်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံက ဘယ်လိုနိုင်ငံအမျိုးအစားလဲ။
ဖြေ။ ။ အာဏာရှင်စနစ်အောက်မှာပဲ အမြဲတမ်းနေခဲ့ရတယ်။ စစ်အာဏာရှင်ပုံစံမျိုးစုံနဲ့ အကြိမ်ပေါင်း များစွာလည်း စစ်အာဏာသိမ်းခဲ့တယ်။ နောက်တခုက ပြည်သူပြည်သားတွေကို ပုံစံမျိုးစုံနဲ့ မှိုင်းတိုက်တယ်။ သွေးခွဲပြီးအုပ်ချုပ်တယ်။ အတွေးအခေါ်တွေ ပွင့်လင်းမလာဖို့အတွက် ပညာရေးအားဖြင့်ရော ဘာသာရေး အားဖြင့်ရော ဘက်ပေါင်းစုံကနေ ဖိနှိပ်ပြီးတော့ထားတဲ့နိုင်ငံတခုလို့ မြင်တယ်။
အဲ့ဒါမှာလည်း တိုင်းသူပြည်သား တွေက ဉာဏ်အလင်းပွင့်မလာမှ အာဏာရှင်တွေက လိုသလို ဆက်ပြီးအုပ်ချုပ်လို့ရမယ်။ သူတို့က ပုံစံသွတ်သွင်းလို့ရတဲ့သူတွေကို တစ်မျိုးဆက်ဆံပြီးတော့၊ တခြားသူတွေကို နောက်တမျိုးနဲ့ ခွဲခြားဆက်ဆံခြင်း အားဖြင့် ခွဲခြားမှုတွေ ဖိနှိပ်မှုတွေကို ဖန်တီးခဲ့ပါတယ်။
မေး။ ။ နိုင်ငံသစ်တခုကို တည်ဆောက်တဲ့အခါ ဘယ်လိုစံတန်ဖိုးထားမှုတွေ၊ ဘယ်လိုအခြေခံမူတွေနဲ့ နိုင်ငံတခုကို တည်ဆောက်သင့်လဲ။
ဖြေ။ ။ နိုင်ငံတခုကို တည်ဆောက်မယ်ဆိုရင် ဘယ်သူတွေနဲ့ဆောက်မလဲ၊ ဘယ်သူတွေက ဦးဆောင်မှာလဲ၊ ဘယ်လို ဆောက်မှာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ သွားကြမှာလဲ။ အဲ့ဒါကိုရော ဦးဆောင်တဲ့သူနဲ့၊ ဦးဆောင်ခံမယ့်သူတွေ အချင်းချင်းကြားမှာရော ကိုက်ညီတဲ့သဘောတူညီမှုတွေ ရှိပါရဲ့လား။ ဒါတွေကို တကယ်ရပြီဆိုတဲ့အခါကျမှ စံတန်ဖိုးတွေ၊ မူတွေဖြစ်လာမယ်လို့ ထင်ပါတယ်။
နိုင်ငံကို တစ်ဆင့်ချင်း လှမ်းပြီးသွားပြီးတော့ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ကူးပြောင်းနိုင်ဖို့အတွက် ဘယ်လိုမူတွေ ချမှတ်သင့်တယ်ဆိုတာ ခေါင်းဆောင်မယ့် သူတွေက ဆွေးနွေးကြဖို့ လိုပါတယ်။ ဖက်ဒရယ်ကို သွားမယ်ဆိုရင် ခေါင်းဆောင်တွေရဲ့ ကြားမှာရှိနေတဲ့ ဟန်ချက်ညီမှုနဲ့ ချိတ်ဆက်နိုင်မှု၊ သူတို့အချင်းချင်းကြားမှာရှိထားတဲ့ စံတန်ဖိုးတွေကို ညှိနှိုင်းလုပ်ဆောင်ဖို့ လိုပါတယ်။
အခြေခံမူတွေအနေနဲ့ကတော့ ပြည်သူပြည်သားတွေ ဘယ်လိုသက်တောင့်သက်သာနဲ့ စီးပွားရေးမှာ အလုပ်လုပ်နိုင်မလဲ၊ ပညာရေးပုံစံ ဘယ်လိုအကောင်းဆုံးချမှတ်မလဲ၊ ကျန်းမာရေးတွေကို ဘယ်လိုကောင်းအောင်သွားမလဲ။ ဖွဲ့စည်းပုံ ဘယ်လိုရေးမလဲ။ အဲ့ပြည်သူပြည်သားတယောက်ချင်းစီရဲ့ အသံကိုပြန်ကြားနိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ အဲ့အနေအထားမျိုးတွေအထိ ရောက်အောင်သွားပြီးမှသာ တကယ်တည်ဆောက်ချင်တဲ့ နိုင်ငံတခုကို ရောက်မယ်လို့ ထင်ပါတယ်။ ကိုယ့်ပါးစပ်ကနေပဲ ငါလိုချင်တာက ဒီစံနှုန်း၊ ဒီမူမျိုးဆိုတာနဲ့ တန်းရမယ်လို့ မထင်ပါဘူး။
မေး။ ။ အာဏာသိမ်းမှုက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို ဘယ်လိုပြောင်းသွားစေပါသလဲ။
ရေး။ ။ စစချင်း အမေစုရဲ့ အစိုးရလက်ထက်မှာ လူတွေက ဒီမိုကရေစီရဲ့ အမြည်းလေး အရသာကောင်းလေး ခံစားလိုက်ရတော့ ဒီလိုပါလား၊ အရင်တုန်းက မပြောရဲမဆိုရဲ၊ မထိရဲမတွေ့ရဲ၊ ယူနီဖောင်း မြင်ရင် ကြောက် နေတဲ့ အနေအထားကနေ ပြောရဲဆိုရဲ ထိရဲတွေ့ရဲ၊ ယူနီဖောင်းဝတ်ထားလည်း ငါတို့မှာ ပြောပိုင်ခွင့်ရှိတယ် ဆိုတာမျိုးတွေအထိ ရောက်လာပြီးတဲ့အချိန်မှာ အစိတ်အပိုင်းလောက်လေးကို ထိတွေ့ရတာတောင်မှ အရသာရှိသွားတဲ့အခါကျတော့ အာဏာသိမ်းလိုက်တဲ့အခါမှာ ပြန်ပြီးကျပ်တည်းမှုကို မခံချင်ဘူး။
အဲအတွက် သပိတ်မှောက် တောင်းဆိုရုံတင်မကဘဲနဲ့ အသက်ပါရင်းပြီး ကာကွယ်လာကြတယ်။ တဖြည်းဖြည်းနဲ့ ဖက်ဒရယ်ကိုပါ တောင်းဆိုလာတတ်တယ်။ တကယ်တော့ ခွဲထွက်သွားတာဆိုတာ မဟုတ်ဘူးပဲ။ အနေအထား တမျိုးနဲ့ သွားနေတာဆိုပြီးတော့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို လက်ခံလာတယ်။ ပြည်သူဆိုတာကတော့ လှိုင်းလုံးလိုပဲ လိမ့်ပြီးပါသွားတဲ့ သူရှိတယ်။ ဖြေးဖြေးချင်း တလုံးချင်းသိပြီးမှ စဉ်းစားပြီး တောက်ပြောင် လာတဲ့သူတွေ ရှိတယ်။ ပုံစံပြောင်းသွားတဲ့သူတွေ ရှိတယ်။ မပြောင်းပဲနဲ့လည်း ဆက်ပြီးသွားနေတဲ့သူတွေ ရှိတယ်။
တော်လှန်ရေးလုပ်နေပေမယ့်လည်း သူ့ကိုယ်သူ လုံးဝမတော်လှန်နိုင်ဘဲနဲ့ အတွေးဟောင်းနဲ့ဆက်ပြီး နေနေပြီးတော့မှ တော်လှန်ရေးလုပ်တယ်လို့ ထင်နေတဲ့သူတွေလည်းရှိနေဆဲပဲ ဖြစ်တယ်။ အယူအဆ ပြောင်းလဲသွားတယ်၊ မလဲဘူးဆိုတာက ထင်သာမြင်သာတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
“တော်လှန်ရေးလုပ်နေပေမယ့်လည်း သူ့ကိုယ်သူ လုံးဝမတော်လှန်နိုင်ဘဲနဲ့ အတွေးဟောင်းနဲ့ဆက်ပြီး နေနေပြီးတော့မှ တော်လှန်ရေးလုပ်တယ်လို့ ထင်နေတဲ့သူတွေလည်းရှိနေဆဲပဲ ဖြစ်တယ်။ အယူအဆ ပြောင်းလဲသွားတယ်၊ မလဲဘူးဆိုတာက ထင်သာမြင်သာတဲ့ကိစ္စတော့ မဟုတ်ပါဘူး”
မေး။ ။ အမျိုးသမီးဦးဆောင်မှုနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ အတွေးအမြင်တွေ ပြောင်းသွားတယ် လို့ မြင်ပါလဲ။
ဖြေ။ ။ အမျိုးသမီးတွေကိုယ်တိုင်ရဲ့ အတွေးအမြင်တချို့ ပြောင်းသွားတယ်လို့ပဲ အရင်စပြောရမယ်လို့ ထင်တယ်။ အရင်တုန်းကကျတော့ အမျိုးသမီးတွေက တောင်းဆိုတယ်တို့၊ ငါတို့မရသေးတာတွေကို ရအောင် လုပ်တယ်လို့ အမျိုးသမီးတွေကိုယ်တိုင်က ထင်မိနေတာမျိုး ရှိတယ်။ ကျွန်မကကျတော့ တောင်းဆိုစရာ မလိုဘူး။ ဒါငါတို့နဂိုကတည်းက ရှိနေတဲ့အရာ။
ဒါပေမယ့် အဲ့ဒါမပေါ်လွင်နေတာ၊ တောင်းရမှာမဟုတ်ဘဲနဲ့ ပေါ်လွင်အောင် ဖော်ထုတ်ရမှာ ဖြစ်တယ်။ နောက်တခုက အဲ့လိုမျိုးဖော်ထုတ်လိုက်တဲ့အတွက်ကြောင့် စည်းခြားလိုက်သလိုမျိုး ရန်သတ်ရမှာမဟုတ်ဘူး။ အဲ့လိုပေါ်လွင်လာအောင် လုပ်ခြင်းအားဖြင့် အမျိုးသမီးလို့ ပြောလိုက်တာနဲ့ အမျိုးသားနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်သွားတယ် ဒီလိုမဟုတ်ဘူး။
အမျိုးသမီးရော၊ အမျိုးသားရောသည် အတူတူရှင်သန်ရပ်တည်မယ်၊ လက်တွဲလုပ်ဆောင်လို့ရတဲ့အရာတွေ ရှိမယ်၊ အမျိုးသားလုပ်ဆောင်တဲ့ဟာကို အမျိုးသမီး support လုပ်လိုက်ရတာ ရှိသလို၊ အမျိုးသမီး လုပ်ဆောင်တဲ့အရာကို အမျိုးသားက support လုပ်လိုက်တာ ရှိမယ်၊ အမျိုးသားရော အမျိုးသမီးရော အခွင့်အလမ်းအတူတူ ရှိနေရမယ်၊ ဆုံးဖြတ်ပိုင်ခွင့် လုပ်ပိုင်ခွင့်ဆိုတဲ့ အာဏာပိုင်စိုးမှုမှာလည်း အတူတူရှိရမယ်၊ အာဏာပိုင်စိုးမှုလို့ တမင်ပြောပါတယ်။
အာဏာကိုပိုင်ထားမှသာရင် အဲ့အာဏာကိုကိုင်ပြီးတော့ ပိုင်ပိုင်နိုင်နိုင် အလုပ်လုပ်လို့ရမှာ ဖြစ်တယ်။ အာဏာကိုအသုံးချနိုင်တဲ့ အခွင့်အလမ်းအားဖြင့်လည်း တူညီတဲ့အနေအထားမှာ ရှိနေတယ်။ ဘယ်သူ့ဘယ်သူကိုမှ ဖိနှိပ်တာမျိုး ချုပ်ခြယ်တာမျိုး မဟုတ်ဘူး။ ငါတို့အမျိုးသမီးတွေလို့ ပြောလိုက်တဲ့အချိန်မှာလည်း အမျိုးသားတွေကို ဖိနှိပ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ လူသားအချင်းချင်း ဖြစ်တဲ့အတွက် ရပိုင်ခွင့်အခွင့်အရေးတွေက အတူတူပဲဆိုတဲ့ဟာကို သဘောက်ပေါက်လာတဲ့သူတွေ ပိုများလာတယ်လို့ ထင်ပါတယ်။
မေး။ ။ ကိုင်တိုင်ရော အမျိုးသမီးဖြစ်ခြင်းကြောင့်ခွဲခြားဆက်ဆံတာတွေကြုံရဖူးလား။
ဖြေ။ ။ ကျွန်မကတော့ မကြုံရဘူးလို့ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်မက ကျွန်မလုပ်နိုင်တဲ့ကဏ္ဍကို ကျွန်မက စိတ်ပိုင်းထားလိုက်တာဖြစ်တဲ့အတွက် ကျွန်မ နဂိုကတည်းက စစ်ရေးလုပ်တဲ့အချိန်မှာလည်း တပ်ဖွဲ့ကို တည်ထောင်သူအဖြစ်နဲ့လည်း ပါတယ်။ တည်ထောင်သူလို့ပြောပေမယ့် ကျွန်မကရှေ့တန်းက ထွက်ပြီးတိုက်တာမျိုးတွေအထိ မလုပ်ဘူးဆိုတာမျိုးလည်း နဂိုကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်တယ်။ စီစဉ်ဆောင်ရွက်သူအဖြစ်နဲ့ နေခဲ့တယ်။
မေး။ ။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ရရှိမှုကို ဘယ်နေရာတွေမှာ ထင်ထင်ရှားရှားရနေပြီလို့ သုံးသပ်လို့ရလဲ။
“ဆုံးဖြတ်ချက်ချတဲ့နေရာတွေကို ကျွန်မတို့ရဲ့အသံ မရောက်ဘူး။ အဲ့တော့ ယာယီသမ္မတကြီးကမှအစ ခေါင်းဆောင်နေသောသူများက အမျိုးသမီးဦးဆောင်မှုကို စိတ်ဝင်စားဖို့လိုတယ်”
ဖြေ။ ။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာဆိုရင် Fund Raising တွေလုပ်ကြတဲ့အခါမှာ အမျိုးသမီးတွေ ဦးဆောင်ပြီးလုပ်နေကြတဲ့အခါမှာ သူတို့ဘာသူတို့ ဆုံးဖြတ်ချက်ချတယ်။ သူတို့ဘာသူတို့ ဦးဆောင်တယ်။ အဲ့လိုကဏ္ဍအသီးသီး ရှိလာတယ်။ တချို့တော်လှန်ရေးတပ်ဖွဲ့တွေမှာဆိုရင် အမျိုးသမီးက တပ်ရင်းမှူး နေရာတော့ မယူထားကြပေမဲ့ ရေးနဲ့ ထောက်မှာ တာဝန်အကြီးကြီးတွေယူနေကြတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်ကတော့ တပ်ရင်းမှူးမှာ ရှိနေတာပေါ့။
အမျိုးသမီးနဲ့ကလေးသူငယ်ဝန်ကြီးဌာနမှာ ဆိုလည်း အမျိုးသမီးရေးရာနဲ့ပတ်သက်လို့ ဆောင်ရွက်နေတာမျိုးတွေလည်း ရှိတယ်။ CDM အုပ်စုမှာလည်း ရပ်တည်ပြီးတော့ ကိုယ့်ဘာကို လှုပ်ရှားပြီးရုန်းကန်နေတဲ့ အမျိုးသမီးတွေ ရှိတယ်။ ဒါပေမယ့် တကယ့်နိုင်ငံရေး အပြောင်းအလဲဖြစ်ဖို့အတွက် ဦးဆောင်နေတဲ့ ကဏ္ဍတွေထဲမှာ အမျိုးသမီးတွေကနေ ဆုံးဖြတ်ချက် ချနိုင်လောက်တဲ့အထိ အရေအတွက်များများပြားပြား ပါဝင်မနေသေးဘူးလို့ ပြောရမယ်ထင်တယ်။
မေး။ ။ အမျိုးသမီးဆုံးဖြတ်ပိုင်ခွင့် လျစ်လျူရှုမှုတွေပပျောက်အောင်လုပ်ဖို့၊ ပြည့်ပြည့်ဝဝပါဝင်မှုတွေ ဖြစ်လာဖို့အတွက် ဘာတွေလုပ်သင့်တယ်လို့ ထင်ပါလဲ။
ဖြေ။ ။ အရင်ဆုံးကတော့ ဦးဆောင်နေတဲ့သူတွေမှာ အပြောင်းအလဲ စလုပ်ရမှာပေါ့။ ငါတို့မှာ ဘာတွေ လိုအပ်ချက်ရှိနေလဲ။ ငါတို့မတွေးမိတဲ့အချက်တွေရှိနေလားဆိုတာ သူတို့အရင်စစဉ်းစားရမှာ ဖြစ်တယ်။ ဒါ ကျွန်မတို့လက်လှမ်းမမှီတဲ့နေရာ ဖြစ်နေတယ်။ ကျွန်မတို့ရဲ့အသံ မရောက်ဘူး။ အဲ့တော့ ယာယီသမ္မတကြီး ကမှအစ ခေါင်းဆောင်နေသောသူများက အမျိုးသမီးဦးဆောင်မှုကို စိတ်ဝင်စားဖို့လိုတယ်။ အခုအလုပ်လုပ် နေတဲ့အထဲမှာ ဒေါ်ဇင်မာအောင် ရှိမယ်၊ နော်ဇူစန်နာလှလှစိုးရှိမယ်၊ ဒေါ်အိသဉ္ဇာမောင် ရှိမယ်၊ ဒေါ်ခင်မမမျိုး ရှိမယ်စသဖြင့် ကျွန်မအကြီးအကျယ်သိတာ အဲ့ဒါပဲရှိတယ်။
သူရော ဆုံးဖြတ်ချက် ချရသလား ကျွန်မတို့ မေးရတော့မယ်၊ ဆရာမဒေါ်ဇင်မာအောင် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဦးဆောင်ပြီး လှည့်လည်သွားလာနေသူ နိုင်ငံတကာနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ လုပ်နေတယ်။ ဟုတ်ပြီ ဆရာမ ဒေါ်ဇင်မာအောင်အနေနဲ့ကရော ကျွန်မတို့အပြောင်းအလဲလုပ်တဲ့အခါမှာ ဆရာမအနေနဲ့ကရော ဘယ်လောက်အထိ ဆုံးဖြတ်ချက်ချခွင့်ရှိသလဲဆိုတဲ့ဟာတွေ ပြန်မေးခွန်းထုတ်ရမှာ ဖြစ်တယ်။
တစ်ခုခုရှိနေတယ်ဆိုရင် ပုဂ္ဂိုလ်ရေးအရပဲဖြစ်စေ၊ အလုပ်သဘာအရပဲဖြစ်စေ ဟုတ်ကဲ့ဟုတ်ကဲ့ လုပ်လိုက် ရတာမျိုး မဟုတ်ဘဲ၊ ဖြစ်သင့်ဖြစ်ထိုက်လို့ ဆိုတာမျိုးမဟုတ်ဘဲ ပိုပြီးကောင်းမွန်တဲ့နည်းလမ်းကို တင်ပြတဲ့ အခါမှာ တကယ်ရော လုပ်ခွင့်ရပါရဲ့လားဆိုတာမျိုးတွေကိုပါ ပြန်သုံးသပ်ရမှာဖြစ်တယ်လို့ ထင်ပါတယ်။
တကယ်လို့ကိုက်ညီတဲ့ တာဝန်ပေးအပ်မှုမျိုးတွေမဟုတ်ဘဲနဲ့ အဲ့ဒီတာဝန်ချထားခွဲဝေမှုက အဲ့ဒီလူရဲ့ အရည်အချင်းကိုထုတ်ပြခွင့်မရဘဲနဲ့ ဒီတိုင်းပဲ အလဟာသ ဖြစ်သွားစေတဲ့နေရာမျိုးကို ပေးမိသလား ဆိုတာမှအစ ပြန်စစ်ဆေးဖို့လိုတယ်လို့ထင်ပါတယ်။ နောက်တခါ သူတို့ကိုယ်တိုင်ကလည်း အသံကို ထုတ်ရမှာ ဖြစ်တယ်။
ကျွန်မတခါတော့ ကြားခဲ့ဖူးတယ်။ ဌာနထဲမှာ ရောက်နေတာဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့ လုပ်ပိုင်ခွင့် တွေကအကန့်အသတ်ရှိပါတယ်ဆိုတဲ့ဟာ၊ ဟုတ်ပြီ ဌာနတခုမှာ အကန့်အသတ်ရှိပေမဲ့ ဌာနထဲမှာ ရှိတဲ့သူတွေကရော ကိုယ်တွေရဲ့ အတွေးအခေါ်အယူအဆတွေကို တင်ပြခွင့်မရှိဘူးလား၊ တင်ပြခဲ့သည်ရှိသော် လျစ်လျူရှုခံနေရသလား။ ကိုယ့်ရဲ့အထက်အရာရှိက အမျိုးသမီးလည်း ဖြစ်ချင်ဖြစ်မယ်၊ အမျိုးသားလည်း ဖြစ်ချင်ဖြစ်မယ်။
သို့ပေမယ့် လျစ်လျူရှုလိုက်ရင် ဒါက ဖိုဝါဒကြီးစိုးနေဆဲပဲ၊ ဒါမျိုးတွေဆက်ဖြစ်နေတယ်ဆိုရင် သွားချင်နေတဲ့နိုင်ငံ ဘယ်လိုမှမရောက်ဘူး။ စွမ်းဆောင်ရည်နဲ့ ပတ်သက်တာတွေကိုလည်း အသေးစိတ် အပြန်အလှန်ဆွေးနွေးပြီးတော့ အရင်ဆုံးပုံစံချရမှာ ဖြစ်တယ်။
မေး။ ။အမျိုးသမီးခေါင်းဆောင်အသစ်တွေ ပိုမိုပေါ်ထွက်လာဖို့ ဘာတွေလုပ်လို့ရမလဲ။
ဖြေ။ ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ အများကြီးထွက်လာဖို့ဆိုရင် အမျိုးသမီးတယောက်ချင်းစီက ကိုယ်ကိုကိုယ် တာဝန်ယူကြရမှာ ဖြစ်တယ်။ အခုကာလမှာ တယောက်နဲ့တယောက်က အရည်အချင်းတွေကို သိမနေတာများတော့ အရင်ဆုံးကိုယ်က စင်ပေါ်ကိုတက်ရတော့မယ်ဆိုရင် စင်ပေါ်တက်ဖို့အတွက် ကိုယ်က ရည်ရွယ်ချက်တခု သတ်သတ်မှတ်မှတ်ထားဖို့ လိုတယ်။
ဘာဘဲဖြစ်ဖြစ် တာဝန်ယူမှာပဲဆိုရင် ကျွန်မတို့က အရင်လိုပဲ ရောကောသောကောနဲ့ အေး..အေး… နင်က ဒီနားတာဝန်ယူလိုက်ဆိုတာမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ကျွန်မက တရားရေးမှာပဲ တာဝန်ယူမှာ၊ ကျွန်မက တရားရေးမှာတောင်မှာ ဥပဒေပြုရေးမှာ တာဝန်ယူချင်တာ၊ ကျွန်မက ရဲလုပ်ငန်းမှာ တာဝန်ယူချင်တာဆိုတဲ့ဟာမျိုးတွေအထိ ကိုယ့်ကိုကိုယ် နေရာချဖို့ ရွေးချယ်နိုင်ဖို့ လိုပါတယ်။
ဒီအမျိုးသမီးတွေက ငါဘယ်ဟာကို ပိုပြီးလုပ်နိုင်စွမ်းတယ်ဆိုတာ သူတို့ကိုယ်သူတို့အသိဆုံးဖြစ်တယ်။ အဲ့ဒီလုပ်နိုင်စွမ်းတဲ့ အရည်အချင်းကို ပိုပြီးတောက်ပြောင်အောင် လုပ်ပါ။ အုတ်ရောရော ကျောက်ရောရော မလုပ်နေဘဲနဲ့ ကိုယ်ဘာကိုလုပ်မလဲဆိုတာ သေသေချာချာရွေးချယ်ပြီးတော့ သမ္မတကြီးပြောနေတဲ့ လူတွေအလဲအလှယ်လုပ်ပါမယ် ဆိုတဲ့ဟာမှာ ကျွန်မတို့ ဝင်ရောက်ချိတ်ဆက်ဖို့ လိုတယ်။
အရည်အချင်းအပြည့် ရှိနေပြီဆိုတဲ့ အမျိုးသမီးတိုင်းက တွန့်ဆုတ်မနေတော့ဘဲနဲ့ NUG နဲ့ဆိုင်တယ်ဆိုလည်း NUG ပေါ့။ KIO တို့ KNU တို့၊ ကရင်နီကဘက်မှာဆိုလည်း ကိုယ်နဲ့သက်ဆိုင်ရာချိတ်ဆက်လို့ရမယ့် ပါဝင်လို့ရမယ့် တာဝန်ထမ်းဆောင် ပေးရမယ့် နေရာတွေကို ကိုယ်တိုင်ကအားထုတ်ပြီး ကိုယ့်ရဲ့အရည်အသွေးကိုပြပြီး ချိတ်ဆက်ရဖို့ လိုတယ်လို့ထင်ပါတယ်။
အဲ့လိုပါဝင်ပြီးတဲ့အခါမှာလည်း ယာယီသမ္မကြီးတို့ဘက်ကို ထပ်ပြီးတိုက်တွန်းရမှာက အမျိုးသမီးတွေက တကယ်တမ်းသုံးဆယ်ရာခိုင်နှုန်းမဟုတ်ဘဲနဲ့ တကယ်ပါနိုင်ရင် ပါနိုင်သလောက် ရာခိုင်နှုန်း ကို တိုးပြီးခန့်ထားပေးဖို့ အဲ့ဒါမျိုးတွေအထိ နှစ်ဖက်လုံးကို တိုက်တွန်းရမယ်လို့ ထင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေသာ နိုင်ငံရေးထဲမှာတင်းပြည့်ကျပ်ပြည့်ပါဝင်လို့ ရမယ်ဆိုရင် ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲ။
ဖြေ။ ။ အမျိုးသမီးတွေ မတွေးမိတဲ့အရာ အမျိုးသားတွေ တွေးမိမှာပဲ။ အမျိုးသားတွေ မလုပ်ဆောင်နိုင်တဲ့ အရာ အမျိုးသမီးတွေ လုပ်ဆောင်နိုင်သလို အမျိုးသမီးတွေ လုပ်ဆောင်နိုင်တဲ့အရာ အမျိုးသားတွေ မလုပ်ဆောင်နိုင်တာတွေ အများကြီးရှိတယ်။ ဟန်ချက်ညီဖို့အတွက် ဒီလူတွေဟာ တကယ့်ကို ထဲထဲဝင်ဝင် အရေအတွက်ရော၊ အရည်အသွေးပါ တူတူမျှမျှနဲ့ ပါဝင်ဆောင်ရွက်ဖို့ လိုတယ်။
ပြောရရင် ၅၀-၅၀ စီလိုတယ်၊ အမျိုးသားနဲ့အမျိုးသမီး သဘာဝတရားအရကို အထီးနဲ့အမရှိတယ်ဆိုတော့ တခုနဲ့တခုက ဖြည့်ဘက်ဖြစ်တယ်။ ရန်ဖြစ်ဘက် မဟုတ်ဘူး။ ဖြည့်ဘက်ဖြစ်တယ်။ ဖြည့်ဘက်ဖြစ်တဲ့အခါကျတော့ တခုလိုအပ်ချက်၊ ဟာကွက်ကို နောက်တခုက ဖြည့်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့် အဖွဲ့အစည်းတခုခုထဲမှာ အမျိုးသားနဲ့ အမျိုးသမီးသာ အရေအတွက်ညီညီနဲ့ပါမယ်ဆိုရင် ဟန်ချက်ပိုညီသွားမယ်လို့ ထင်တယ်။ ငါတို့သည် ဖြည့်ဘက်များသာ ဖြစ်တယ်၊ ပြိုင်ဘက်မဟုတ်ဘူးဆိုတာ အမြဲတမ်းသတိချက်ပြီး အလုပ်လုပ်နေဖို့ လိုတယ်လို့ ထင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုမရှိတဲ့အနာဂတ်ကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ ဒါမျှော်လင့်ရမယ့်အကြောင်းအရာတခု မဟုတ်ဘူး။ လုပ်ဆောင်ရမယ့်အရာတခုလို့ ယူဆပါတယ်။ ဒါပေမယ့် သဘာဝတရားအရ လူတွေရဲ့စိတ်ခံစားမှုတွေပါ ထည့်တွက်မယ်ဆိုရင်တော့ နည်းနည်းလေး ပိုပြီးလှမ်းရဦးမယ်လို့ ထင်ပါတယ်။ ကျွန်မတို့သည် ဟန်ချက်ညီဖို့ အမြဲတမ်းစဉ်းစားရမယ်။
ကျွန်မတို့သည် အရာရာကို ဝေဖန်ထောက်ရှုတဲ့အခါမှာ ရန်ဖြစ်ဖို့မဟုတ်ဘဲနဲ့ ဖြည့်ဘက်အဖြစ်နဲ့ ဘယ်လိုစဉ်းစားမလဲ ဆိုတဲ့ဟာမျိုးကို အမြဲတမ်း ပြန်တွေးနေဖို့လိုတယ်။ နောက်တခုက ကိုယ်ကျင့်တရားကို လုံးဝမပျက်ပြားစေဘဲနဲ့ ကောင်းကျိုးချမ်းသာ ပြည့်ဝတဲ့လောကကို တည်ဆောက်ဖို့ ဦးတည်ပြီး စာနာစိတ်အပြည့်နဲ့ ဆက်သွားနိုင်မယ်ဆိုရင်တော့ ဘယ်လိုအနေအထားမျိုးမှာပဲဖြစ်ဖြစ် အောင်မြင်မှုရမယ်လို့ ယုံကြည်ပါတယ်။
“အမျိုးသမီးနဲ့ အမျိုးသားဆိုတာ ရန်ဖြစ်ဖို့မဟုတ်ဘဲနဲ့ ဖြည့်ဘက်အဖြစ်နဲ့ ဘယ်လိုစဉ်းစားမလဲဆိုတဲ့ဟာမျိုးကို အမြဲတမ်း ပြန်တွေးနေဖို့လိုတယ်”
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
မာရီယာ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးတွေက ဘာလို့ ဦးဆောင်မှုမှာ မပါချင်တာလဲ ဆိုတဲ့အကြောင်းအရင်းကို ရှာဖို့လိုတယ်။ အဓိကကတော့ အမျိုးသမီးတွေလည်း ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ အားပေးမယ့်သူ မရှိတာကြောင့်ပါ”
အသက်(၂၈)နှစ်အရွယ်ရှိတဲ့ မာရီယာဟာ ရန်ကုန်ဇာတိ ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းဖြစ်တဲ့ ဖခင်ဖြစ်သူနဲ့ ဈေးရောင်းတဲ့ မိခင်ဖြစ်သူကို ကူညီပေးရင်း ငယ်ဘဝကို ဖြတ်သန်းခဲ့တယ်။ မွေးဖွားခဲ့ပြီး မွေးချင်းသုံးယောက်ရှိတဲ့နက် သမီးကြီး ဖြစ်ပါတယ်။ ကျောင်းဆရာမဖြစ်ချင်တဲ့ အိပ်မက်ရှိခဲ့ပေမယ့် အခြေအနေမပေးတဲ့အတွက် ဖြစ်ခွင့်မရခဲ့ပါဘူး။ ကျောင်းပြီးတော့ အပြင်အလုပ်လုပ်နေရင်းကနေ အစိုးရဝန်ထမ်းဖြစ်တဲ့ဖခင်ဖြစ်သူ ပင်စင်ယူခါနီးမှာ ဝန်ထမ်းလိုင်းခန်းမဖယ်ပေးရအောင် အစိုးရဝန်ထမ်း ဆက်လုပ်ခဲ့ရပါတယ်။
အစိုးရဝန်ထမ်းယန္တရားရဲ့ အဂတိလိုက်စားမှုကို သိပြီး ရွံ့မုန်းတဲ့ မမာရီယာဟာ အလုပ်လုပ်ရင်း တစ်နှစ်အကြာ စစ်အာဏာသိမ်းမှုဖြစ်ချိန်မှာ CDM လုပ်ကာ တော်လှန်ရေးထဲမှာ ပါဝင်လာခဲ့ပါတယ်။ အစိုးဝန်ထမ်းဘဝမှာ လာဘ်ပေးလာဘ်ယူတဲ့အကြောင်းတွေကို စတင်သိလာရာကနေ နိုင်ငံရေးကို စိတ်ဝင်စားလာခဲ့တယ်။
လက်ရှိမှာတော့ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ပြန်လည်ထူထောင်ပေးတဲ့ အဖွဲ့အစည်းတစ်ခုမှာ Peer support group facilitator အနေနဲ့လုပ်ကိုင်နေပြီး MOH ရဲ့ လက်အောက်ဌာနတစ်ခုမှာလည်း online counselling ၊Hotline provider volunteer အနေနဲ့ လုပ်ကိုင်နေပါတယ်။ English language teacher အနေနဲ့ ကလေးတွေကို စာသင်ပေးတဲ့ အချိန်ပိုင်းအလုပ်လည်း လုပ်ကိုင်နေပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်ပြီးဆရာမ အမြင်ကို ပြောပြပေးပါရှင့်။
ဖြေ။ ။ အခုလက်ရှိနွေဦးတော်လှန်ရေးက အတိုင်းအတာတခုအထိ အောင်မြင်နေပြီလို့ မြင်ရတယ်။ ဒါပေမယ့် အဲ့လိုမျိုး အောင်မြင်လာတာနဲ့အမျှ စစ်ကောင်စီဘက်ကလည်း ပိုပြီးတော့ ဖိနှိပ်လာတယ်။ အခုအခြေအနေ ဆိုရင် ပြည်တွင်းကလူတွေလည်း နိုင်ငံရေးရော၊ စီးပွားရေးရော အကုန်လုံးကျဆင်းလာတယ်။
တဖက်မှာလည်း စစ်ကောင်စီက အခုစစ်မှုထမ်းဥပဒေ ထုတ်ပြီး အရမ်းတင်းကြပ်လာတယ်။ စစ်မှုထမ်းဖို့အတွက် နိုင်ငံခြား မထွက်ရဘူးတို့၊ ပြည်ပကဆိုလည်းပြန်လာပြီး စစ်မှုထမ်းရမယ်ဆိုတာတွေပေါ့။ အဲ့တာတွေက လူငယ်တွေ အတွက် အရမ်းခက်ခဲလာတယ်။ ထွက်ပြေးချင်ရင်တောင် ပြေးဖို့အတွက် လမ်းပိတ်နေတာပေါ့နော်။
ပြည်ပက လူငယ်တွေဆိုရင်လည်းမြန်မာပြည်ကို ပြန်လာပြီးတော့ စစ်မှုထမ်းရမှာကိုကြောက်တာရော၊ ပြန်မလာရင် ကျန်ခဲ့တဲ့မိသားစုကို တစ်ခုခုလုပ်မလားစိုးရိမ်ရတာတွေ ရှိလာတယ်။ ပြည်တွင်းကလူတွေ အထူးသဖြင့် လူငယ်တွေအတွက် အရမ်းခက်ခဲနေတဲ့အခြေအနေလို့တော့ မြင်ပါတယ်။
မေး။ ။ မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် မြန်မာနိုင်ငံက ဘယ်လိုပုံစံအမျိုးအစားမျိုး ဖြစ်ခဲ့လဲ။
ဖြေ။ ။မြန်မာ့နိုင်ငံရေးကိုပြန်ကြည့်မယ်ဆိုရင်ခေတ်အဆက်ဆက်က အာဏာရှင်စနစ်က စိုးမိုးခဲ့တာပေါ့နော်။ ၂၀၀၈ ခြေဥနဲ့ အုပ်ချုပ်လာခဲ့ကြတော့ တကယ့်လွတ်လပ်မှုအစစ်ကို မခံစားခဲ့ရပါဘူး။ ပြောရမယ်ဆို ပြည်သူတွေ စိတ်တိုင်းကျခေါင်းဆောင်ကို မဲစနစ်နဲ့ရွေးချယ်ပြီးသား အနိုင်ရပြီးကိုတောင်မှ စစ်တပ်က ခြေဥနဲ့ဘဲ ပြန်ပြီး အာဏာပြန်သိမ်းလိုက်တယ်။ ကျွန်မကတော့ ဒီနွေဦးတော်လှန်ရေးက ပြည်တွင်းစစ် အဆုံးသတ် ဖြစ်စေချင်တယ်။ မျှော်လည်း မျှော်လင့်တယ်။ တော်လှန်ရေးပြီးသွားမယ်ဆို ပြည်တွင်းစစ်လည်း အဆုံးသတ်နိုင်ပြီးတော့ အာဏာရှင်တွေ ထပ်ပေါ်မလာစေချင်တော့ဘူး။ အဲ့လိုမျိုးဖြစ်လာဖို့တော့ မျှော်လင့်ပါတယ်။
မေး။ ။ နွေဦးတော်လှန်ရေးကနေ နိုင်ငံသစ်တစ်ခုကို ဘယ်လိုစံတန်ဖိုး၊ အခြေခံမူတွေနဲ့ တည်ဆောက်ချင်လဲ။
ဖြေ။ ။ ကျွန်မတို့လိုချင်တာတော့ ဖက်ဒရယ်ဒီမိုကရေစီပေါ့။ အဲ့တာနဲ့အညီ လွတ်လပ်မှုရှိရမယ်။ တန်းတူညီမျှ အခွင့်အရေးရှိရမယ်။ တရားမျှတမှုလည်း ရှိရမယ်။ လူ့အခွင့်အရေးလည်း အပြည့်အဝ ရရှိရမယ်။ ဒီအရာတွေကို စံတန်ဖိုးထားပြီးတော့ နိုင်ငံတော်သစ်တည်ဆောက်ချင်ပါတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အတွေးအမြင်တွေ ဘယ်လောက်အထိ ပြောင်းလဲသွားလဲ။
ဖြေ။ ။ လူငယ်တော်တော်များများက အာဏာမသိမ်းခင်အထိ နိုင်ငံရေးကို ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး စိတ်မဝင် စားကြတာ များတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မဆိုင်ဘူး တွေးကြတယ်။ အဲ့လိုမျိုး ကျွန်မလည်း တွေးခဲ့ပါတယ်။ နိုင်ငံရေးက ငါတို့နဲ့မဆိုင်ဘူးဆိုပြီး နေခဲ့ကြတာပေါ့။ အာဏာသိမ်းပြီးမှ ငါတို့နေထိုင်တဲ့နိုင်ငံ အတွက် မှန်ကန်တဲ့အရာလုပ်ကိုလုပ်ရမယ်ဆိုတဲ့ အဲ့အသိလေးဝင်သွားတယ်။ ပြောရရင် အဆိုးထဲက အကောင်းပဲပေါ့။ နိုင်ငံရေးကို မသိတော့ အစက ပြန်ပြီးတော့ လေ့လာရတယ်။ ဘယ်လိုမျိုးပါဝင်လို့ရမလဲ နည်းလမ်းတွေ ရှာရတယ်။ ဘယ်လိုတော်လှန်မလဲကအစ အဲ့အတွေးတွေကအများကြီး ပြောင်းလဲသွားပါတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် ခွဲခြားတဲ့အတွေးအမြင်တွေ ဘယ်လောက်အထိ ပြောင်းလဲသွားလဲ။ ဘယ်နေရာတွေမှာ ပြောင်းလဲသွားလဲ။
ဖြေ။ ။ အကုန်လုံးခြုံလိုက်မယ်ဆိုရင် အများကြီးတော့ ပြောင်းလဲသွားတာ မဟုတ်ဘူးလို့ မြင်မိတယ်။ အခုဆိုရင် အမျိုးသမီးဝန်ကြီးတွေ ရှိလာတာ နည်းနည်းမြင်ရတယ်။ ဒါပေမယ့် ဟန်ပြဖြစ်နေသလိုမျိုး မြင်နေရသလို အတွင်းထဲမှာတော့ ခွဲခြားမှုတွေက ရှိနေတုန်းပဲ။ အမျိုးသမီးဖြစ်လို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရှိဘူး၊ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကတော့ အမျိုးသမီးတွေပါဝင်လို့မရဘူးဆိုတာမျိုးတွေတော့ ရှိနေတုန်းပါပဲ။
မေး။ ။တော်လှန်ရေးကြီးအောင်မြင်ဖို့အတွက် အမျိုးသမီးတွေက ဘယ်လိုကဏ္ဍကနေ ပါဝင်လာသင့် သလဲ။
ဖြေ။ ။ အမျိုးသမီးတွေက အခန်းကဏ္ဍတိုင်းမှာ ပါဝင်ဖို့လိုအပ်တယ်လို့ မြင်တယ်။ အမျိုးသမီး PDF တွေလည်း အများကြီးရှိလာဖို့ လိုတယ်။ ဒီအမျိုးသမီးတွေဆိုရင် ထောက်ပို့ပဲလုပ်ရမယ်၊ စစ်မတိုက်ရဘူး ဆိုတာမျိုး မဟုတ်ဘဲနဲ့ အရည်အချင်းအပေါ်မှာ မူတည်ပြီးအမျိုးသမီးတွေကိုလည်း ခေါင်းဆောင်မှုနေရာ ပေးသင့်တယ်လို့ မြင်တယ်။ အမြဲတမ်း ထောက်ပို့ပဲ လုပ်ရမယ်၊ ထမင်းချက်ရမယ် မဟုတ်ဘဲနဲ့ ကဏ္ဍတိုင်းမှာ ပိုပြီးတော့ပါဝင်နိုင်ဖို့ လမ်းဖွင့်ပေးရမယ်၊ ဆွဲခေါ်ပေးဖို့လိုတယ်လို့ မြင်ပါတယ်။
မေး။ ။ ကိုယ်တိုင်အနေနဲ့ရော အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရဖူးလား။
ဖြေ။ ။ ရှိဖူးပါတယ်။ တော်လှန်ရေးစဖြစ်တုန်းကဆိုရင် ဆန္ဒပြပွဲတွေရဲ့အရှေ့မှာ ဒိုင်းကာလုပ်တဲ့အဖွဲ့ဆိုရင် ယောကျာ်းလေးပဲနေရတာ၊ အဲ့နားကပ်လို့တောင် မရဘူး။ မိန်းကလေးဆိုရင် ဒီနားမလာနဲ့ အနောက်မှာပဲ နေပေါ့။ သူတို့ပဲ ကာကွယ်မယ်ဆိုတာမျိုးပေါ့။ လုပ်နိုင်စွမ်းမကြည့်ပဲ ကျား၊မခွဲတာမျိုးတွေပါ။ မိန်းကလေး ဆိုတာနဲ့ အလိုလို အနောက်ရောက်ရတာမျိုးပေါ့။ အဖွဲ့အစည်းတွေ ဝင်မယ်ဆိုလည်း များသောအားဖြင့် ယောကျာ်းလေးက မိန်းကလေးထက် အရည်အချင်းပိုရှိတယ်လို့၊ ပိုလုပ်နိုင်တယ်လို့ တန်းပြီး သတ်မှတ် လိုက်ကြတယ်။ အပေါ်ယံပဲ ကြည့်ပြီးရွေးတာတွေ ကြုံဖူးတယ်။
“အမျိုးသမီးတွေ အချင်းချင်း ပိုပြီးစည်းလုံးဖို့လည်း လိုအပ်တယ်။ အားပေးဖို့ လိုတယ်။ ဒီအမျိုးသမီးတွေ အချင်းချင်းမှာကိုပဲ အားမပေးဘဲနဲ့ နှိမ့်ချစေတဲ့ ပြောဆိုတာတွေ ရှိတယ်။ မိန်းကလေးအချင်းချင်းကပဲ မိန်းကလေးတွေ ခေါင်းဆောင်လုပ်ရင် ဘယ်လိုအဆင်ပြေမှာလဲဆိုပြီး မေးတတ်ကြတယ်”
မေး။ ။ နိုင်ငံသစ်တည်ဆောက်တဲ့အခါ အမျိုးသမီးတွေပါဝင်ခွင့်ကို လျစ်လျူရှုမှုတွေမရှိအောင် ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ အမျိုးသမီးတွေ အချင်းချင်း ပိုပြီးစည်းလုံးဖို့လည်း လိုအပ်တယ်။ အားပေးဖို့ လိုတယ်။ ဒီအမျိုးသမီး တွေအချင်းချင်းမှာကိုပဲ အားမပေးဘဲနဲ့ နိမ့်ချစေတဲ့ပြောဆိုတာတွေ ရှိတယ်။ မိန်းကလေးအချင်းချင်းကပဲ မိန်းကလေးတွေ ခေါင်းဆောင်လုပ်ရင် ဘယ်လိုအဆင်ပြေမှာလဲ။ ယောကျာ်းလေးပဲ အဆင်ပြေမှာဆိုပြီး ပြောတာတွေကြုံရဖူးတော့လေ အဓိကက အမျိုးသမီးတွေအချင်းချင်း ပိုညီဖို့ လိုအပ်တယ်။
နိုင်ငံရေးအသိက အမျိုးသမီးတွေနဲ့ ပိုပြီးအလှမ်းဝေးတယ်ဆိုတော့ နိုင်ငံရေးသင်တန်းတွေ၊ အသိပညာပေးတွေ စွမ်းရည် မြင့်တင်ဖို့ လိုအပ်တဲ့ပံ့ပိုးမှုတွေ အများကြီးလိုအပ်တယ်လို့ မြင်တယ်။ ဘာဖြစ်လို့အမျိုးသမီးတွေက နိုင်ငံရေးကို မပါချင်တာလဲဆိုတဲ့ အရင်းခံကို ရှာဖို့ကလည်းအရေးကြီးပါတယ်။ အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်ဖို့၊ နိုင်ငံရေးမှာပါလာဖို့ အမျိုးသားတွေကလည်း အားပေးထောက်ပံ့ဖို့ လိုပါတယ်။
အမျိုးသမီးတွေကို နင်တို့က ဘယ်လိုအသုံးမကျဘူးဆိုပြီး ထိုင် blame နေတာထက် ဘယ်လိုမျိုးမြှင့်တင်ပေးမလဲ၊ ဆွဲခေါ်ပေးမလဲဆိုတာကို ပိုအားစိုက်သင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံသစ်အတွက် အမျိုးသားတွေရော အမျိုးသမီးတွေရော အတူတကွပူးပေါင်းပြီးတော့ လုပ်ဆောင်သင့်တယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ အမျိုးသမီးတွေခေါင်းဆောင်သစ်တွေထွက်ပေါ်လာဖို့ဘာတွေလုပ်ဆောင်သင့်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးတွေက ဘာလို့ဦးဆောင်မှု မပါချင်တာလဲဆိုတဲ့အကြောင်းအရင်းကို ရှာဖို့လိုတယ်။ အဓိကကတော့ အမျိုးသမီးတွေလည်း ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ အားပေးမယ့်သူ မရှိတာပါပဲ။ အမျိုးသမီးခေါင်းဆောင်ဖြစ်ရင် အရမ်းပင်ပန်းတာ၊ မိန်းမတွေကအပင်ပန်းမခံနိုင်ဘူး၊ မလုပ်နိုင်ဘူးလို့ ပြောတဲ့သူတွေများတယ်။ အဲ့လိုမျိုး အပြောအဆိုတွေမဟုတ်ပဲ အမျိုးသမီးအချင်းချင်းပဲဖြစ်ဖြစ် အရည်အချင်း တွေ လိုအပ်နေသေးတယ်ဆိုရင် ပံ့ပိုးမှုတွေလုပ်ပြီး အားပေးလက်တွဲခေါ်ဖို့ လိုပါတယ်။ အမျိုးသမီးလူငယ် တွေကို ဦးစားပေး ဆွဲခေါ်ဖို့ လိုအပ်ပါတယ်။
မေး။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လာရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာနိုင်လဲ။
ဖြေ။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်လာပြီဆိုရင် တိုင်းပြည်အေးချမ်းမှုအတွက် ပိုပြီးဖော်ဆောင်နိုင်မယ်လို့ မြင်မိတယ်။ ကျွန်မတို့နိုင်ငံမှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုများတယ်။ အမျိုးသမီးဦးရေများတာကလည်း အဖိုးတန်တဲ့ လူသားအရင်းအမြစ်ပါပဲ။ အမျိုးသမီးတွေ ပါဝင်လာမယ်ဆိုရင် နိုင်ငံလည်း ပိုပြီးတိုးတက်လာမယ်။ ပိုပြီးငြိမ်းချမ်းးမှုကိုလည်း ဖော်ဆောင်နိုင်မယ်။ အထူးသဖြင့် တန်းတူညီမျှမှုဆိုရင် အမျိုးသမီးတွေက ဖိနှိပ်ခံရတာတွေ အများကြီးကြုံရတော့ တန်းတူညီမျှမှု ရရှိဖို့ကို သေသေချာချာ ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ အမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ တန်းတူညီမျှမှုဖြစ်သွားမယ့် နိုင်ငံတခုဖြစ်လာ လိမ့်မယ်လို့ ဘယ်လောက်အထိ ယုံကြည်ချက်ရှိလဲ။
ဖြေ။ ။ အဓိကကတော့ အခုတော်လှန်ရေးမှာလည်း အမျိုးသမီးတွေကလည်း အခန်းကဏ္ဍ တော်တော် များများမှာ ပါဝင်နေတယ်။ ဆုံးဖြတ်ခွင့်တွေတော့ ထင်သာမြင်သာမရသေးပေမယ့် ပါနေတယ် ဆိုတာကလည်း အောင်မြင်မှုတခုပါပဲ။ အဲ့ကနေပြီးတော့မှာ တဆင့်ဆင့်နဲ့ ကိုယ့်မှာ ပိုပြီးတော့ ဆုံးဖြတ်ခွင့်တွေ ရအောင် ဘယ်လိုလုပ်မလဲ၊ အရေးကြီးတဲ့ဆုံးဖြတ်ခွင့်တွေမှာ ဘယ်လိုမျိုးပါဝင်လို့ရမလဲ ဆိုတာလေးတွေ စဉ်းစားပြီး အမျိုးသမီးတွေအချင်းချင်း ပိုစည်းလုံးပြီး ၊ အမျိုးသားရော၊ အမျိုးသမီးရော အပြန်အလှန်ပံ့ပိုးကြမယ်ဆို နောက်ပိုင်းကျရင် လူတိုင်းမျှော်လင့်ထားတဲ့နိုင်ငံ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ ဖြည့်စွက်ချက်။
ဖြေ။ ။ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ အဓိကပါပဲ။ ကိုယ်လိုအပ်တဲ့ အရည်အချင်းတွေ ကို အမြဲတမ်းလေ့လာမယ်။ အမြဲဖြည့်နေမယ်ဆိုရင် ကျွန်မတို့က အမျိုးသမီးခေါင်းဆောင်တွေ ဖြစ်လာနိုင် ပါတယ်။ အမျိုးသမီးတွေ ခေါင်းဆောင်ဖြစ်ဖို့အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ နဲ့ ကိုယ့်ရဲ့လုပ်နိုင်စွမ်းမြှင့်ဖို့ အမြဲတမ်းစဉ်ဆက်မပြတ်လေ့လာနေဖို့ အရေးကြီးပါတယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
မဇူးဇူးမေယွန်း
တည်ထောင်သူ
နိုင်ငံအကျဉ်းသူများအဖွဲ့(WOPP)
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသားတွေက နောက်ကွယ်မှာ ဖေးမမှုတွေလည်းရှိသလို၊ ငါတို့ပဲ အုပ်ချုပ်မယ်ဆိုတဲ့ ဖိုဝါဒကြီးတဲ့သူတွေကလည်း သပ်သပ်ရှိနေမှာပဲ။ ဒါပေမယ့် ကျော်လွှားနိုင်ကို နိုင်ရမယ်။ အဲ့အတွက် ခွန်အားတွေ လိုတယ်။ သန်မာဖို့ လိုတယ်။အမျိုးသမီးဖြစ်နေလို့လည်း ကိုယ့်ရဲ့အတွေးအခေါ်အယူအဆတွေကို မှေးမှိန်ပျောက်ကွယ်သွားအောင် လုပ်နေစရာမလိုဘူး”
မဇူးဇူးမေယွန်းဟာ စစ်အာဏာရှင်စနစ်နှင့် အာဏာသိမ်းမှုကို ရဲရဲတောက်ဆန့်ကျင်ခဲ့တဲ့ ပြည်သူ လူထုထဲက တစ်ယောက်ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလ ၂၂ ရက်မှာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး စစ်တပ်ရဲ့ ငရဲခန်းလို့ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ရန်ကုန်မြို့၊ ရွှေပြည်သာစစ်ကြောရေးစခန်းမှာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပါတယ်။ ထို့နောက် အင်းစိန်ထောင်နဲ့ ဒိုက်ဦးထောင်မှာ နှစ်နှစ်ကျော် ဖမ်းဆီး ထိန်းသိမ်းခဲ့ရပါတယ်။
ပြန်လည်လွတ်မြောက်ချိန်မှာလည်း မိသားစုဝင်များနဲ့ နေအိမ်များကို စောင့်ကြည့်ခံခဲ့ရပါတယ်။ ထို့အပြင် အခြားသော လူ့အခွင့်အရေးလှုပ်ရှားမှုများ မပြုလုပ်နိုင်ရန်အတွက် ပြည်ပထွက်ခွင့်တွေကို အပိတ် ခံထားရပါတယ်။
အကျဉ်းထောင်အတွင်းရှိ ဖမ်းဆီးထိန်းသိမ်းခံနေရသည့် နိုင်ငံရေးအကျဥ်းသူများအား ကူညီ ထောက်ပံ့နိုင်ရန်နဲ့ လူအခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ်မှာ ထိုင်းမြန်မာ နယ်စပ်သို့ တိမ်းရှောင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။
အကျဉ်းထောင် အတွင်းရှိ နိုင်ငံရေးအကျဥ်းသူများနှင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသူ များကို ကူညီထောက်ပံ့မှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ တဖက်မှာလည်း ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်း နေထိုင်နေရသူတွေရဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်ပေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆရာမ အမြင်ကို ပြောပြပေးပါရှင့်။
ဖြေ။ ။ အာဏာသိမ်းပြီး လေးနှစ်ကာလထဲမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော၊ ကျန်းမာရေးရော စားဝတ်နေရေးရော စီးပွားရေးကအစ ပြည်သူတွေက ချွတ်ခြုံကျလာတယ်။ အဓိက တရားခံကတော့ စစ်အာဏာရှင် ဖြစ်တယ်။ နွေဦးတော်လှန်ရေးက လူထုရဲ့စိန်ခေါ်တဲ့ပွဲပါပဲ။ သိပ်မကြာခင်မှာ ပိုအားကောင်းလာတဲ့ တော်လှန်အင်အားစုတွေရဲ့ နည်းစနစ်မှန်တွေနဲ့ အာဏာရှင်ကိုအမြစ်ဖြတ်ဖို့ လုပ်ဆောင်ချက် အားကောင်းတဲ့ အဖွဲ့အစည်းတွေ ပေါ်လာမယ်လို့ မြင်မိပါတယ်။
မေး။ ။အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ ဘာတွေက အပြောင်းအလဲတွေ ဖြစ်လာပါသလဲ။
ဖြေ။ ။ အာဏာမသိမ်းခင်ကလည်း ခေတ်အဆက်ဆက်မှာ အာဏာရှင်လက်အောက်မှာ မြန်မာပြည်သူ ပြည်သားတွေက နေခဲ့ရတယ်။ အဲ့ကြားကာလမှာလည်း ဖိုဝါဒကြီးစိုးမှုတွေထဲမှာ အမျိုးသမီးတွေက ခံစားလာရတယ်ပေါ့နော်။ အိမ်တွင်းအကြမ်းဖက်မှုတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုတွေ အမျိုးသမီးတွေ သက်ငယ်မုဒိမ်းကျူးလွန်မှုတွေ အများအပြား ခံစားခဲ့ရတယ်။
တခုခုဆိုရင်လည်း အမျိုးသမီးတွေအနေနဲ့က ထုတ်ဖော်ပြောကြားခွင့် နည်းပါတယ်။ ပြောကြားလာတဲ့ အနေအထားမျိုးမှာလည်း အရှက်သိက္ခာကြောင့် တချို့တွေဆိုလည်း အသက်ပါပေးလိုက်ရတာတွေလည်း ရှိတယ်။ ဒါပေမယ့် ဒီကာလတွေမှာတော့ ပွင့်လင်းမြင်သာတဲ့၊ ခေတ်နဲ့အညီမွေးဖွားလာတဲ့ အမျိုးသမီးတွေ ပေါ်ပေါက်လာတယ်။
ကိုယ့်ရဲ့ အသိုင်းအဝိုင်းကို မြင့်တင်ပေးတဲ့အမျိုးသမီးတွေ ပေါ်ပေါက်လာတယ်။ ဒါကြောင့်လည်း ဒီကာလတွေမှာ အမျိုးသမီးခေါင်းဆောင်တွေက များပြားစွာပေါ်ထွက်လာတယ်။ အဖွဲ့အစည်းပေါင်းစုံ ပေါ်ထွက်လာတယ်။ ဒါသည်လည်း အာဏာရှင်ကိုတော်လှန်တဲ့အမျိုးသမီးတွေသည် တက်တက်ကြွကြွနဲ့ ဒီကာလမှာ ကျား၊မ ခွဲခြားမှုမရှိဘဲနဲ့ ယောကျာ်းတွေနည်းတူ သန်သန်မာမာနဲ့ လုပ်ဆောင်လာနိုင်တာ တွေ့ရပါတယ်။
မေး။ ။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုက ဘယ်လောက်အထိ ပြောင်းလဲသွားသလဲ။
ဖြေ။ ။ အာဏာရှင်ကတော့ မပြောင်းမလဲဘဲ ခွဲခြားဆက်ဆံနေတုန်းပဲ။ ဒါကြောင့်လည်း စစ်ကြောရေးစခန်း တွေမှာ ဖမ်းဆီးခံရတဲ့အမျိုးသမီးတွေကို ညှင်းပန်းနှိပ်စက်တယ်။ တချို့တွေဆို အသက်တွေပါ အသတ်ခံရ တယ်။ ဒါပေမယ့် ငါတို့ရဲ့နိုင်ငံရေးအကျဉ်းသူတွေကို အချင်းချင်း ငါတို့နောက်မှာ ရှိနေမယ်ဆိုတာမျိုးနဲ့ စောင့်ရှောက်တာတွေ ခံရတယ်။
လွတ်မြောက်လာတဲ့အချိန်မှာလည်း ကောင်းမွန်တဲ့အမျိုးသားတွေ၊ လူငယ်တွေ တော်တော်များများက အမျိုးသမီးတွေဆိုရင် ရှေ့တန်းတင်လာတာ တွေ့ရတယ်။ ဒါသည်လည်း နောက်အာဏာရှင်တွေပြုတ်ကျသွားလို့ စနစ်သစ်တွေပေါ်လာရင် အမျိုးသမီးကောင်း အမျိုးသားကောင်းတွေနဲ့ ရှေ့ဆက်ပြီးတော့ ဆက်သွားနိုင်တဲ့အလားအလာကို မြင်ရပါတယ်။
“အာဏာသိမ်းလို့ ဖမ်းဆီးခံရပေမဲ့ နိုင်ငံရေးအကျဉ်းသူတယောက်၊ ထောင်ထွက်အမျိုးသမီးတယောက်ကို လက်တွဲဖို့ ဝန်လေးတယ်။ အဓိကကလည်း ခေတ်အဆက်ဆက် အာဏာရှင်ရဲ့ ဦးနှောက်ဖောက်စားခြင်းခံခဲ့ရတဲ့လူတွေက ဒီလိုမြင်ကြပါတယ်”
မေး။ ။ ကိုယ်တိုင်အနေနဲ့ရော ခွဲခြားဆက်ဆံမှုတွေကြုံတွေ့ခဲ့ရဖူးလား။
ဖြေ။ ။ အဓိကကတော့ မိသားစုရဲ့လျစ်လျူရှုခြင်း ခံရတယ်။ အာဏာသိမ်းလို့ ဖမ်းဆီးခံရပေမဲ့ နိုင်ငံရေးအကျဉ်းသူတယောက်၊ ထောင်ထွက်အမျိုးသမီးတယောက်ကို လက်တွဲဖို့ ဝန်လေးတယ်။ အဓိက ကလည်း ခေတ်အဆက်ဆက် အာဏာရှင်ရဲ့ဦးနှောက်ဖောက်စားခြင်းခံခဲ့ရတဲ့လူတွေက ဒီလိုမြင်ကြပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့စိတ်ထဲမှာက ထောင်ကထွက်လာတဲ့အမျိုးသမီးဆိုရင် ဘယ်လိုမျိုးနဲ့ထွက်လာလာ နိုင်ငံရေးမှုနဲ့ထွက်လာတယ်ဆိုရင် ကလေးတွေရဲ့ကျောင်းပညာရေးကအစ မကောင်းနိုင်ဘူး၊ သူတို့ရဲ့ ဘဝရှေ့ရေးက ပိတ်ပင်တယ်ဆိုတာမျိုးတွေနဲ့ အတွေးအခေါ်တွေကြားမှာ ကွာရှင်းမှုတွေ ဖြစ်လာတယ်။ ဒါကတော့စပြီးတော့ ခံစားရတာပေါ့။
တဖက်မှာ ဘာအားကောင်းလာလဲဆိုရင် ကိုယ့်ရဲ့တော်လှန် ပြည်သူလူထုနဲ့ အမျိုးသမီးအဖွဲ့တွေရဲ့ ဝိုင်းဝန်းဖေးမမှု၊ ကိုယ့်ကိုတွေ့လိုက်တာနဲ့ ဒီအမျိုသမီးသည် မိခင်ဖြစ်ပေမယ့် တော်လှန်တဲ့ခေါင်းစဉ်အောက်မှာ ဖေးဖမှုတွေနဲ့ မြှင့်တင်ပေးမှုကို ရရှိခဲ့တယ်။ ဒါတွေက အားဖြစ်စေပါတယ်။
မေး။ ။ ကိုယ်တိုင်အနေနဲ့ ဘယ်လိုနိုင်ငံမျိုးကို တည်ဆောက်ချင်လဲ။
ဖြေ။ ။ ပြောနေကျစကားတွေလိုပဲ ကျဉ်ဆန်တွေနေရာမှာ ပန်းတွေပွင့်စေချင်တယ်။ ကိုယ့်နိုင်ငံက အာဏာရှင်လက်ထက်မှာထဲက စစ်ဒဏ်ကိုခံလာရတာဖြစ်တဲ့အတွက် ပြောရမယ်ဆိုရင် ငြိမ်းချမ်းချင်တယ်။ တိုင်းပြည်တပြည်မှာ အုပ်ချုပ်တဲ့စနစ်မှာ စစ်တပ်ဆိုတာ ရှိတော့ရှိသင့်တယ်။ စစ်တပ်ဆိုတာ မြန်မာ ပြည်သူပြည်သားတွေကို ကာကွယ်စောင့်ရှောက်ရမယ်။
တိုင်းတပါးသားတွေ ကျူးလွန်မှုကို ကာကွယ်ပေးရမယ်။ ခုခံပေးရမယ်။ ပြည်သူကို ဖိနှိပ်ချုပ်ချယ်ဖို့ မဟုတ်ဘူးဆိုတာကိုတော့ သိစေချင်တယ်။ ကောင်းမွန်တဲ့ စနစ်တွေနဲ့ ဥပဒေရောအုပ်ချုပ်ရေးပိုင်းတွေမှာ သူ့ဟာနဲ့သူ ဒီမိုကရေစီလမ်းကြောင်းအတိုင်းကို သမာသမတ်နဲ့ သွားတဲ့ အစိုးရတရပ်ပေါ်လာဖို့ကို မြင်မိပါတယ်။
မေး။ ။ နိုင်ငံရေးစနစ်အသစ်တည်ဆောက်တဲ့အချိန်မှာ နိုင်ကျဉ်းတွေရဲ့အခန်းကဏ္ဍက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ တရားမျှတမှုကို ရစေချင်လို့ ငါတော်လှန်လို့ မတရားဖမ်းဆီးခံရတယ်ဖြစ်တယ်။ ကိုယ်လွတ်လာတဲ့ အချိန်မှာလည်း ကိုယ့်လိုမျိုးခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေ ကျန်ရှိနေတယ်။ သံတိုင်တွေ ကြားမှာ ကမ်းလင့်လက်တွေကို မျှော်လင့်နေတာ။ ကျွန်မတို့ကတော့ လွတ်လာတဲ့အချိန်မှာ လူကတော့ လွတ်လာတယ်။ စိတ်တွေက သံတိုင်ကြားမှာ ကျန်ခဲ့တယ်။
အဓိကကတော့ ဒီကာလမှာ ကိုယ်ချင်းစာစိတ်က အရမ်းအရေးကြီးတယ်လို့ မြင်မိတယ်။ အဲ့ဒါကြောင့်လည်း ငါလွတ်လာသလို ငါ့လိုလွတ်ချင်တဲ့ နိုင်ငံရေး အကျဉ်းသူအကျဉ်းသားတွေ ထောင်ထဲမှာ ကျန်ရှိနေပါတယ်ဆိုတဲ့ ကိုယ့်ရဲ့အသိစိတ်နဲ့ပဲ လွတ်မြောက်နယ်မြေ ကို ရအောင် ကြိုးစားပြီးလာတယ်။ နောက်ဆုံး ကိုယ်တဦးထဲနဲ့ သွားလို့ဘယ်လိုမှအဆင်မပြေတော့တဲ့အတွက် စိတ်တူကိုယ်တူ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေနဲ့ စုစည်းပြီး အဖွဲ့ထောင်တယ်။
အဓိကအဖွဲ့ထောင်ခြင်းက ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေကလည်း ထောင်ထဲမှာကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသူ တွေကို တက်နိုင်တဲ့အပိုင်းနဲ့ ကယ်ကြမယ်၊ ကူကြမယ်ဆိုတဲ့ စိတ်နဲ့သွားတာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်ပဲ ဒါသည် ငါတို့ရဲ့ပြည်သူအချင်းချင်း ရပ်တည်ရမယ့်တာဝန်လို့ပဲ မြင်ပါတယ်။
မေး။ ။ နိုင်ငံရေးစနစ်အပြောင်းအလဲလုပ်တဲ့အခါ နိုင်ငံရေးအကျဉ်းသူတွေက ဘယ်လိုပုံစံနဲ့ နိုင်ငံရေး အပြောင်းအလဲကို တွန်းတွန်းတိုက်တိုက်နဲ့ လုပ်လို့ရမလဲ။
ဖြေ။ ။ နိုင်ငံရေးအကျဉ်းသူတွေထဲမှာ ကျောင်းသူအရွယ်တွေလည်း ပါတယ်။ မိခင်တွေလည်း ပါသလို သက်ကြီးပိုင်းတွေ အမေအရွယ်တွေကအစ ပါတယ်။ အားလုံးကခြုံငုံလိုက်ရင် အမျိုးသမီးထုနဲ့ အိမ်ရှင်မတွေ ဖြစ်တဲ့အတွက် သူတို့တွေကနေမွေးဖွားလာတဲ့ သူတို့တွေကနေပေါက်ဖွားလာတဲ့ သားသမီးတွေသည် သားကောင်းရတနာလေးတွေ ဖြစ်လာလိမ့်မယ်။ ပျိုးထောင်တဲ့အခါ တရားမျှတမှုကို ဖော်ဆောင်တဲ့ သားကောင်းသမီးကောင်းဖြစ်အောင် ပျိုးထောင်နိုင်လိမ့်မယ်။
မေး။ ။ တော်လှန်ရေးလေးနှစ်တာကာလမှာ အမျိုးသမီးတွေအနေနဲ့ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုကဏ္ဍ တွေမှာ ထင်ထင်ရှားရှားမြင်တွေ့နေရပြီလို့ သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးအဖွဲ့အစည်းတွေ ပေါ်လာတယ်။ ဒါသည် စိတ်ခွန်အားပါပဲ။ ဒီအမျိုးသမီးလေးတွေ ဘာကြောင့်ဖွဲ့နိုင်လဲ။ အဓိကလုပ်ချင်ကိုင်ချင်တဲ့စိတ်ရှိလို့ ဖွဲ့စည်းလာကြတာ။ အဲ့လိုဆိုတဲ့အခါကျတော့ အမျိုးသားတွေက နောက်ကွယ်မှာဖေးမမှုတွေလည်းရှိသလို၊ နင်တို့ဘယ်အဖွဲ့ဖြစ်ဖြစ် တက်မလာနဲ့။ ငါတို့ပဲ အုပ်ချုပ်မယ်ဆိုတဲ့ ဖိုဝါဒကြီးတဲ့သူတွေကလည်း သပ်သပ်ရှိနေမှာပဲ။ ဒါပေမယ့် ကျော်လွှားနိုင်ကို နိုင်ရမယ်။ အဲ့အတွက် ခွန်အားတွေလိုတယ်။ သန်မာဖို့ လိုတယ်။
အမျိုးသမီးဖြစ်နေလို့လည်း ကိုယ့်ရဲ့အတွေးအခေါ် အယူအဆတွေကို မှေးမှိန်ပျောက်ကွယ်သွားအောင် လုပ်နေစရာမလိုဘူး။ တခုခုဆို ရဲရဲရင့်ရင့်နဲ့ ဖော်ထုတ်ရမှာ ဖြစ်တယ်။ ဒီဘက်ရောက်တဲ့အချိန်မှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ၊ ကာမလိမ်လည်မှု၊ ကျူးလွန်မှု တွေကို မြင်လာရတယ်။ ဒါပေမဲ့ ထုတ်မပြောနိုင်ကြဘူး။ ဘာလို့လဲဆိုတော့ နောက်ကွယ်မှာ သူတို့တွေ ခြိမ်းခြောက်မှုတွေနဲ့ လုပ်ထားတာရှိတယ်။ အဲ့လိုမျိုးဆိုရင် ဒီအမျိုးသမီးတွေနဲ့ ဘယ်လိုမျိုး ဖော်ဆောင် ပေးမလဲ။ အမျိူးသမီးချင်း စည်းလုံးဖို့တော့ လိုအပ်ပါတယ်။
မေး။ ။ နိုင်ငံသစ်တည်ဆောက်ရေးမှာ အမျိုးသမီးတွေကို လျစ်လျူရှုမှုပပျောက်ဖို့ ဘာတွေလုပ်ဆောင် သင့်ပါသလဲ။
ဖြေ။ ။ ကျွန်မတို့ သွားနေတဲ့လမ်းကြောင်းတွေတူဖို့ လိုအပ်တယ်။ အာဏာရှင်စနစ်ကို မကြိုက်လို့ တော်လှန်တယ်။ ဒီလမ်းကြောင်းအတိုင်းသွားမယ်ဆို ဒီလမ်းကြောင်းကို အဆုံးထိတိုက်ဖို့တော့ လိုအပ်တယ်။ လမ်းကြောင်းမှားသွားလို့ မရဘူး။ လမ်းကြောင်းမှားရင် လမ်းပျောက်သွားမှာ။
ကိုယ်တိုင်က တည့်တည့် မတ်မတ်သွားဖို့ လိုသလို၊ အများအားနဲ့သွားမယ်ဆို ကိုယ့်ကိုအားဖြစ်စေတဲ့သူတွေနဲ့အားယူရမှာ ဖြစ်တယ်။ ကိုယ့်ကိုအားမဖြစ်စေတဲ့ သူမျိုးတွေရှိလာရင် ကိုယ့်ရဲ့ဘဝထဲကနေရော ထုတ်ပယ်နိုင်အောင် ကြိုးစားကျင့်ကြံဖို့ လိုအပ်တယ်။ ဒါမှလည်း စိတ်ဓာတ်မာကျောပြီး သန်သန်မာမာနဲ့ အာဏာရှင်ကို တော်လှန်နိုင်မှာ ဖြစ်ပါတယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်သစ်တွေ ပေါ်ထွက်လာဖို့ ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ ခေါင်းဆောင် ကလူတိုင်းဖြစ်ချင်မှာပဲလေ။ သူများက ဒါကတော့ ရှင်နဲ့ထိုက်တန်လို့ ရှင့်ကို နေရာပေးပါတယ်ဆိုရင်တောင်မှ ကျွန်မတို့မှာ အရည်အချင်းမရှိရင် အဲ့နေရာကို ယူထားလို့မရဘူး။ အဲ့အတွက် ကျွန်မတို့တွေသည် အရည်အချင်းပြည့်မှီအောင် ကြိုးစားဖို့ လိုအပ်တယ်။ ကိုယ့်မှာ အရည်အချင်းပြည့်တဲ့ အခါကျရင် သူ့ဟာနဲ့သူ ဖြစ်လာလိမ့်မယ်။ ကျွန်မတို့တွေသည် အဓိကနဲ့သာမညကို ခွဲခြားပြီးပြောရမယ်ဆိုရင် ဘယ်အပိုင်းတွေမှာ ကိုယ်လုပ်ပေးနိုင်လဲ။ ဒါမျိုးကိုပဲ ဖော်ဆောင်သွားမယ်ဆိုရင်တော့ အဆင်ပြေနိုင်လောက် ပါတယ်။
မေး။ ။ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ရင် အနာဂတ်နိုင်ငံရေးက ဘယ်လောက်အထိ အပြောင်းအလဲ တွေ ဖြစ်လာနိုင်မလဲ။
ဖြေ။ ။ အရည်အချင်းရှိတဲ့ ပြည်သူက ထောက်ခံတဲ့ အမျိုးသမီးမျိုးဆိုရင်တော့ နေရာပေးသင့်တယ်။ သူ့နေရာနဲ့သူ သူ့ကျရာကဏ္ဍကို ခွဲဝေပေးသင့်တယ်။ ဒါသည် တော်လှန်ရေးရေချိန် အားကောင်းလာတဲ့ အနေအထားနဲ့ အနာဂတ်သစ်တခုဖော်ဆောင်တော့မယ်ဆို ကျွန်မတို့တွေသည် ပုဂ္ဂိုလ်ရေးတွေကို ဦးစား ပေးလို့မရဘူး။ အဓိကက ပြည်သူ့ရဲ့ဆန္ဒ ပြည်သူ့ရဲ့သဘောထားကို လေ့လာသင့်တယ်။ ပြည်သူတရပ်လုံးက တင်မြောက်တဲ့အစိုးရတရပ်ဆိုရင်လည်း နောက်ကွယ်ကနေ ဖေးမသင့်တဲ့သူမျိုးတွေ ဖြစ်ဖို့လိုတယ်လို့ မြင်မိပါတယ်။
မေး။ ။ အနာဂတ်မှာ အမျိုးသမီးတွေအပြည့်အဝပါတဲ့ နိုင်ငံရေးအဝန်းအဝိုင်းတခုဖြစ်လာဖို့ ဘယ်လောက်အထိ မျှော်မှန်းချက်ယုံကြည်ချက်ရှိလဲ။
ဖြေ။ ။ မြန်မာနိုင်ငံကြီး အေးချမ်းမယ်။ ဖွံဖြိုးတဲ့ကဏ္ဍတွေ လုပ်မယ်ဆို အမျိုးသမီး၊ အမျိုးသားတော့ မခွဲပါဘူး။ လက်ရုံးရည်ပြည့်ပြီး နှလုံးရည်မပြည့်ဘူးဆိုရင်လည်း အဆင်မပြေဘူး။ အဘက်ဘက်က ပြတ်သားနိုင်တဲ့သူမျိုးဆို အမျိုးသမီးဖြစ်ဖြစ် အမျိုးသားဖြစ်ဖြစ် ကြိုဆိုဖို့လိုအပ်တယ်။ ထပ်ပြီးတော့ အစိုးရတရပ်ပေါ်တော့မယ်ဆို တင်မြှောက်လိုက်တဲ့အစိုးရတရပ်မှာ နှလုံးရည်၊ လက်ရုံးရည်နဲ့ မေတ္တာတရား ပြည့်နေတဲ့သူတွေ ပေါ်ထွန်းလာဖို့လည်း လိုအပ်ပါတယ်။
“သံတိုင်တွေကြားမှာ ကမ်းလင့်လက်တွေကို မျှော်လင့်နေတာ။ ကျွန်မတို့ လွတ်လာတဲ့အချိန်မှာ လူကတော့ လွတ်လာတယ်။ စိတ်တွေက သံတိုင်ကြားမှာ ကျန်ခဲ့တယ်”
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
မတင်ဇာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
နိုင်ငံရေးအကျဉ်းသားမိသားစုဝင်
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးတွေက အရမ်းသန်မာကြတယ်။ အရမ်းလည်း ကြိုးစားကြတယ်။ အဲ့အတွက်ကြောင့် နေရာပေးမယ်ဆို အမျိုးသမီးတွေက အများကြီးလုပ်ဆောင်နိုင်တယ်။ သူတို့ကို နေရာပေးမယ်ဆို အမျိုးသမီးခေါင်းဆောင်တွေ ပေါ်လာပြီး ကောင်းမွန်တဲ့နိုင်ငံတခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။”
မတင်ဇာဟာ ပဲခူး ဇာတိဖြစ်ပြီး သာမာန်မိသားစုကနေ မွေးဖွားလာသူတစ်ယောက် ဖြစ်ပါတယ်။ မွေးချင်း နှစ်ဦးအနက် သမီးကြီး ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ၈၈ တုန်းက တက်ကြွလှုပ်ရှားသူ ဖြစ်တာ ကြောင့် နိုင်ငံရေးနဲ့မစိမ်းခဲ့သူ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို နဂိုကတည်းက မကြိုက်ခဲ့သူ ဖြစ်တယ်။ ငယ်ဘဝအိပ်မက်က သူနာပြုဖြစ်ချင်သူ ဖြစ်ပြီး ခရီးသွားရတာ ဝါသနာပါသူပါ။ ၂၀၁၅ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး သားတစ်ယောက်အမေဖြစ်ပါတယ်။
တော်လှန်ရေးကာလမတိုင်ခင်က အေးအေးချမ်းချမ်းနဲ့ အလှပြုပြင်ရေးဆိုင်နဲ့ အလှကုန်ပစ္စည်း ဆိုင်လေးဖွင့်ကာ နေထိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန် သပိတ်မှောက်ဆန္ဒပြရာမှာလည်း ပါဝင်ခဲ့သလို၊ CDM ထောက်ပံ့မှုအတွက် ကြိုးပမ်းအားစိုက်ခဲ့ပါတယ်။ ထိုမှတဆင့် စစ်ကောင်စီမှ ပစ်ခတ်နှိမ်နှင်းမှုများ စတင်လာချိန်မှာတော့ အခြား ထောက်ပံ့မှုများကိုပါ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူမှာ လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၂၁ခုနှစ် မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူ၏ အခြေခံလိုအပ်ချက်ကို ထောက်ပံ့ပေးနိုင်ရန် အပတ်တကုတ် ကြိုးပမ်းလျက် ရှိပါတယ်။ အမျိုးသားအဖမ်းခံရပြီးနောက်မှာတော့ လွတ်မြောက်ရာနေရာကို ပြောင်းရွေ့ခဲ့ပြီး တစ်နိုင်တစ်ပိုင် နိုင်ကျဉ်းများကို ကူညီထောက်ပံ့ခြင်းနှင့် တော်လှန်ရေးကဏ္ဍအသီးသီးကို ပါဝင်လျက် ရှိပါတယ်။
လက်ရှိမှာတော့ ရွေ့ပြောင်းကလေးများအား လုပ်အားပေး စာသင်ပေးနေသလို၊ အမျိုးသမီးအဖွဲ့အစည်းတခုမှာလည်း လုပ်ကိုင်နေပြီး ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး လုပ်ကိုင်တဲ့အဖွဲ့အစည်းမှာလည်း လုပ်ကိုင်နေပါတယ်။
မေး။ ။လက်ရှိ နွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဆရာမအမြင်ကို ပြောပြပေးပါဦးရှင့် ။
ဖြေ။ ။ နွေဦးတော်လှန်ရေးက မြန်မာပြည်ရဲ့ တော်လှန်ရေးသမိုင်းမှာ အရမ်းထူးခြားပါတယ်။ အရင် ဒီ ၂၀၁၅ -၂၀၂၀ကြားမှာ ဆိုရင် ဒီမိုကရေစီအသေးစားလေး ရခဲ့ဖူးတော့ ဒါအပေါ် အရမ်းမက်မောသွားကြတာ။ တကယ်လို့သာ ဒီမိုကရေစီအကြီးကြီးရလိုက်ရင် ငါတို့တွေ ဒီထပ်ပိုပြီး အခွင့်အရေး အများကြီးရမယ်ဆိုပြီး အရမ်းကို အင်တိုက်အားတိုက် လုပ်တဲ့တော်လှန်ရေးတစ်ခုလို့လည်း မြင်တယ်။ ပြီးတော့ အခု ဒီတော်လှန်ရေး မှာ အမျိုးသမီးတွေရော လူငယ်လူရွယ်တွေ အများကြီးပါဝင်လာကြတယ်။
ဒီစစ်အစိုးရအာဏာရှင် တစ်ခုတည်းကိုဘဲ တော်လှန်နေကြတာ မဟုတ်ပဲနဲ့ ဘယ်အာဏာရှင်စနစ်ကိုမဆို အကုန်လုံးတိုက်ဖျက် နေတာကို တွေ့ခဲ့ရတယ်။ နောက်တစ်ခုကကျတော့ အမျိုးသမီးတွေပဲဖြစ်ဖြစ် လူငယ်တွေပဲဖြစ်ဖြစ် နိုင်ငံရေးကို အရမ်းကိုစိတ်ဝင်စားလာကြတယ်။ နိုင်ငံရေးအသိအမြင်တွေလည်း တိုးလာကြတယ်ဆိုတော့ အရမ်းထူးခြားတဲ့ တော်လှန်ရေး တစ်ခုလို့ မြင်ပါတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက်မှာရော အမျိုးသမီးတွေအပေါ် မှာ ခွဲခြားဆက်ဆံတတ်တဲ့ အယူအဆ တွေ ယဉ်ကျေးမှုတွေ ဘယ်လောက်ထိပြောင်းလဲသွားပါလဲ။
ဖြေ။ ။ ပထမအစောပိုင်းတွေမှာတော့ အမျိုးသမီးတွေကို နေရာပေးတာ တော်တော်နည်းတယ်ပေါ့နော်။ ဒါပေမယ့် အခုဒီနောက်ပိုင်းရောက်လာတဲ့အခါမှာကျတော့ အမျိုးသမီးတွေကို ရာထူးကြီးကြီးတွေ ပေးလာတာ ကို တွေ့လာရတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကြီးကြီးတွေ ချခွင့်ပေးနေတယ်လို့ မမြင်ရသေးပါဘူး။ စစ်အာဏာရှင် ကို တိုက်ရတာ ခက်ခဲနေသလိုဘဲ၊ လူအချင်းချင်းကြားက ခွဲခြားမှုတွေ၊ ဖိနှိပ်မှုတွေကို တိုက်ရတာ ခက်ခဲ ပါတယ်။ အာဏာရှင်ကို တော်လှန်နေတာချင်းအတူတူ တန်းတူဆက်ဆံပေးကြဖို့ ခက်နေကြတုန်းဘဲ။
မေး။ ။ ဆရာမအနေနဲ့ ဘယ်လိုနိုင်ငံအသစ်မျိုး တည်ဆောက်ချင်ပါသလဲ။
ဖြေ။ ။ နိုင်ငံအသစ်တည်ဆောက်မယ်ဆိုရင် ဒီနိုင်ငံရေးရာ ဆုံးဖြတ်ချက်ချနေတဲ့နေရာတွေမှာ အမျိုးသမီး တွေရဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့် အခန်းကဏ္ဍကို ထည့်သွင်းလိုက်မယ်ဆိုရင် ပိုကောင်းမယ်ပေါ့နော်။ အခုက အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချပိုင်ခွင့် ပေးလိုက်တယ်။ ဒါပေမယ့်လည်း တကယ်တမ်းအရေးကြီးတဲ့ အခြေအနေတွေကျလို့ရှိရင် လျစ်လျူရှုထားကြတယ်။ အဲ့ဒါတွေကို ပထမဦးဆုံး ပပျောက်သွားအောင် လုပ်သင့်ပါတယ်။
ဒီနွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်တွေကို တိုက်ထုတ်သလို ဒီအမျိုးသမီး ၊ အမျိုးသား ခွဲခြားထားတာတွေ၊ အမျိုးသမီးတွေအပေါ်ကို အယူအဆလွဲတာတွေကို ပပျောက်အောင် အရင်ဆုံး တိုက်ထုတ်ရမယ်။ အဲ့ဒါမှ အမျိုးသမီးတွေရှေ့ကို ရောက်လာပြီးတော့ အမျိုးသမီးခေါင်းဆောင်တွေ အများကြီးပေါ်လာမယ်။ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် လူတွေအားလုံးကို တန်းတူသတ်မှတ်ပြီး ဆက်ဆံကြရင် သူတို့ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမယ်လို့ ထင်ပါတယ်။
မေး။ ။ ဒီနိုင်ငံသစ် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုတာ ပပျောက်သွားဖို့၊ ပြည့်ပြည့်ဝဝပါဝင်နိုင်ဖို့အတွက် ဘာတွေလုပ်ဆောင်သွားသင့်လဲ ဆရာမ။
ဖြေ။ ။ အမျိုးသမီးလေးတွေ ရှေ့ထွက်လာဖို့လည်း လိုပါတယ်။ ပြီးတော့ အဲ့လိုရှေ့ထွက်လာပြီဆိုရင်လည်း အရင်နေရာရောက်ပြီးသား အမျိုးသမီးတွေက တွဲခေါ်ဖို့ လိုပါတယ်။ ပြီးတော့ အမျိုးသမီးလေးတွေကိုလည်း အမျိုးသမီးအချင်းချင်းကို ချစ်ပေးဖို့ လိုပါတယ်။ အမျိုးသမီးလေးတွေကို အမျိုးသမီးတွေက ချစ်ပေး၊ ဖေးမပေးတတ်တဲ့အလေ့အထတွေ အားကောင်းလာမှလည်း အမျိုးသားတွေက အတွေးအမြင် ပြောင်းလဲလာ မယ်လို့ မြင်ပါတယ်။
နွေဦးတော်လှန်ရေးမှာ နိုင်ငံရေးကို စိတ်ဝင်စားပြီး ဒီအဝန်းအဝိုင်းထဲကို ရောက်လာကြတဲ့ အမျိုးသမီးတွေ၊ လူငယ်တွေ အများကြီးပဲ။ အဲတာကို ကရုမစိုက်ဘဲနဲ့ အရင်အတိုင်းဘဲ အမျိုးသားတွေ၊ အသက်ကြီးတွေနဲ့ပဲ နိုင်ငံရေးကို ဆက်လုပ်နေမယ်၊ ဆက်သွားနေမယ်ဆိုရင် တော်လှန်ရေးအင်အားစု အချင်းချင်းကြားမှာ နားလည်မှုလွဲတာတွေ၊ မသင့်မြတ်တာတွေ အများကြီး ဖြစ်လာလိမ့်မယ်။
ဒါကြောင့် တော်လှန်ရေးကို လုပ်နေတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပေးဖို့ လိုသလို၊ ဆုံးဖြတ်ခွင့်လည်း ပေးရမှာပါ။ ဒါမှ တော်လှန်ရေးက အောင်အောင်မြင်မြင်နဲ့ ပြီးမှာပါ။
“သံတိုင်ကြားကနေ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို မိသားစုဝင်တွေကနေတဆင့် ပြည်သူလူထုတွေနဲ့ မီဒီယာအကုန်လုံးကို အသံထုတ်ပေးဖို့ လုပ်နိုင်တယ်။ ပြင်ပနဲ့ သံတိုင်ကြားဆက်သွယ်ဖို့ဆို ဒီမိသားစုတွေက အရမ်းအရေးကြီးတယ်”
မေး။ ။ စနစ်ပြောင်းတော်လှန်ရေးတစ်ခုဖြစ်လာဖို့ အတွက် နိုင်ငံရေးကျဉ်းသူ /ကျဉ်းသား တွေရဲ့ မိသားစုဝင်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိအရေးကြီးသလဲ ဆရာမ။
ဖြေ။ ။ နိုင်ကျဉ်းမိသားစုဝင်တယောက်ဆိုတာ တော်လှန်ရေးအပြောင်းအလဲရဲ့ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။ သံတိုင်ကြားကနေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို မိသားစုဝင်တွေကနေ တဆင့် ပြည်သူလူထုတွေနဲ့ မီဒီယာအကုန်လုံးကို အသံထုတ်ပေးဖို့ လုပ်နိုင်တယ်။ ပြင်ပနဲ့ သံတိုင်ကြား ဆက်သွယ်ဖို့ဆို ဒီမိသားစုတွေက အရမ်းအရေးကြီးတယ်။
အဲ့ဒါမှသာ စနစ်ပြောင်းတော်လှန်ရေးမှာ ဒီနိုင်ကျဉ်း တွေရဲ့အသံကို ပြင်ပကသူတွေ ကြားနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင် တော်လှန်ရေးအရွေ့ကို သွားနေတဲ့အချိန်မှာ တိုက်ပွဲတွေ၊ တခြားစစ်ဆင်ရေးတွေကို ပိုပြီး အာရုံစိုက်နေတဲ့အချိန်မှာ နိုင်ကျဉ်းတွေက အမေ့လျော့ခံ ဖြစ်နေကြတယ်။ အဲ့ဒါတွေကိုလည်း မမေ့လျော့ဖို့ဆို မိသားစုဝင်တွေကပဲ အသံထွက်ပေးဖို့ လုပ်ရပါတယ်။
မေး။ ။ တော်လှန်ရေးကာလမှာ နိုင်ကျဉ်းမိသားစုဝင်တွေရဲ့ အခက်အခဲက ဘာတွေလဲ။
ဖြေ။ ။ ထောင်တွင်းမှာ ကိုယ့်မိသားစုဝင်တစ်ယောက်က ရောက်နေတဲ့အချိန်မှာ ခံစားရတဲ့ ဝေဒနာက တော်တော်ကြီးတယ်။ ရန်သူလက်ထဲမှာ ရှိနေတဲ့အချိန် အားလုံးဖြစ်သွားနိုင်တော့ စိတ်သောကရောက်ရတယ်။ ကိုယ့်လူ သူ့လက်ထဲမှာ ရှိနေတော့ သူတို့ကို မဆက်ဆံချင်ရင်တောင် ရင်တမမနဲ့ အဆက်အဆံလုပ်ရတယ်။ ကြားထဲမှာ တော်လှန်ရေးက အချိန်ကာလတစ်ခုကို ရောက်လာပြီဆိုတော့ ဘာမှမကျန်တော့ဘူး။ ကျန်တဲ့ပစ္စည်းတွေကလည်း ထိလို့မရတာတွေ ရောင်းလို့မရတာတွေနဲ့ဆိုတော့ အရမ်းကျပ်တည်းပါတယ်။
အခုအချိန်မှာ နိုင်ကျဉ်းတွေက အမေ့လျော့ခံဖြစ်နေပါပြီ။ မိသားစုဝင်တွေဆို ပိုပြီးဆိုးတယ်။ အဲ့ထဲမှာမှ အမျိုးသမီးတွေက ငြိမ်ငြိမ်လေးနေမယ်။ တိတ်တိတ်လေးနေမယ်ဆို ပိုပြီးအမေ့လျော့ခံဖြစ်သွားတယ်။ ခွဲခြားဆက်ဆံခံရတာထက် မေ့လျော့နေကြတယ်လို့ မြင်ပါတယ်။ တခုခုဆိုရင် နိုင်ကျဉ်းမိသားစုဝင်တွေ အတွက် စဉ်းစားပေးစရာအများကြီးမလုပ်ပေးရင်တောင်မှ အရေးပေါ် ထောက်ပံ့မှုတွေ၊ Safe House တွေကို ရှိစေချင်ပါတယ်။ နိုင်ကျဉ်းမိသားစုဝင်အမျိုးသမီးတွေအတွက် ရှေ့ဆက်နိုင်တဲ့နည်းလမ်းတွေ၊ လုပ်ပေးနိုင်တဲ့ ဟာတွေ မတွေ့ရဘူး။ သူတို့ တကြိမ်တခါ ထောက်ပံ့တယ်။ အဲဒီလောက်ပဲ ရှိနေသေးတယ်။
မေး။ ။ ကိုယ်တိုင်ကအမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံမှုတွေကြုံရဖူးလား။
ဖြေ။ ။ မိန်းမဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံမှုတွေ ကြုံရတယ်။ ဒီဘက် တော်လှန်ရေးကာလထဲမှာဆို ကိုယ့်ရဲ့လုပ်ဆောင်မှုတွေ ဘယ်လောက်ကောင်းနေပါစေ ဘယ်လောက်ထက်မြက်နေပါစေ အမျိုးသမီး ဖြစ်တယ် ဆိုတာတခုတည်းနဲ့တင် ရှေ့ကိုပေးမထွက်ဘူး။ ကိုယ်ဆိုအရမ်းထက်မြက်တဲ့အထဲမှာ ပါတယ်။ ကိုယ့်လုပ်ဆောင်ချက်တွေကို သက်စွန့်ဆံဖျားထိရောက်အောင် လုပ်နိုင်ခဲ့ပေမဲ့ တကယ်တမ်းကျ နေရာမပေး ချင်ကြဘူး။
နောက်တခုက အမျိုးသမီးဖြစ်တဲ့အပြင် ကလေးအမေဖြစ်တယ်ဆိုတဲ့ဟာ တခုထဲနဲ့တင် ကိုယ်က အနောက်ကိုရောက်သွားတယ်။ ရှေ့ကို ရောက်မနေဘူး။ အဲ့နှစ်ချက်ထဲနဲ့တင် ကိုယ်ကို နောက်မှာ ချန်ခဲ့ကြ တယ်။ အဲ့လိုခွဲခြားဆက်ဆံမှုတွေ ခံခဲ့ရတယ်။ ကိုယ်တိုင် မျက်ဝါးထင်ထင်ခံခဲ့ရပါတယ်။
မေး။ ။အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လိုကဏ္ဍတွေမှာ ထင်ထင်ရှားရှားရနေပြီလို့ မြင်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးဝန်ကြီးတွေလည်း တွေ့ရတယ်။ နိုင်ငံခြားရေးဝန်ကြီးဆို အားရစရာကောင်းတဲ့ အလုပ်တွေ အများကြီးလုပ်ပြနိုင်တယ်။ အမျိုးသမီးနဲ့ကလေးသူငယ်ဝန်ကြီးဌာနမှာဆိုလည်း တွေ့ရတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေ ချနေပေမယ့် အဲ့လောက်ကြီး မတွေ့ရဘူး။ နိုင်ငံရေးစစ်ရေး အဓိကနေရာတွေမှာ အမျိုးသားတွေကိုပဲ တွေ့ရတာများတယ်။ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချခွင့်ကတော့ နည်းနေသေးတယ်လို့ ထင်တယ်။ လက်ရှိအချိန်အထိ အမျိုးသမီးတွေ အားမာန်အပြည့်နဲ့ ပါဝင်နိုင်မဲ့ နည်းလမ်းကို မတွေ့နေသေးဘူး။ ထောက်ပံ့ရတဲ့ကဏ္ဍ၊ ပံ့ပိုးရတဲ့ကဏ္ဍမှာပဲ ရှိနေရတယ်။
“အမျိုးသမီးဖြစ်တယ်ဆိုပြီး ကန့်သတ်ချက်တွေ၊ ကလေးအမေဖြစ်နေလို့ မလုပ်နဲ့ဆိုတဲ့ ကန့်သတ်ချက်တွေကို ပယ်ချပေးဖို့ နိုင်ငံရေးပဲဖြစ်ဖြစ် လူမှုရေးအရပဲဖြစ်ဖြစ် လူတိုင်းလူတိုင်းက ကျား၊ မတန်းတူအခွင့်အရေး အကြောင်းကို သိဖို့လိုအပ်ပါတယ်”
မေး။ ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ ထပ်ထွက်လာဖို့ ဘာတွေလုပ်ဆောင်သင့်တယ်လို့ ထင်သလဲ။
ဖြေ။ ။ အမျိုးသမီးလေးတွေကအမျိုးသားတွေထက် နှစ်ဆမက အများကြီးကြိုးစားကြတယ်။ သူတို့ရဲ့ ကျရာတာဝန် ကျရာနေရာမှာ ပေးတဲ့တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ကြတယ်။ အမျိုးသမီး ခေါင်းဆောင်တွေ အများကြီးပေါ်ထွက်လာဖို့ဆို နေရာပေးဖို့လိုတယ်။ အမျိုးသားတွေထက် အမျိုးသမီး အချင်းချင်းက ရိုင်းပင်းကူညီကြမယ်။ တော်လှန်ရေးကာလအတွင်း နိုင်ငံရေးကို သွားတဲ့အချိန်မှာ ပိုပြီး နိုင်ငံရေးအကြောင်းကို လေ့လာသင်ယူရမယ်လို့လည်း ထင်တယ်။
အရင်ခေတ်ကဆို အမျိုးသမီးတွေက နိုင်ငံရေးနဲ့မဆိုင်ဘူး။ အမြဲတမ်း ပြောနေကြတယ်။ ရှေးရိုးစွဲကြတယ်။ အမျိုးသမီးဖြစ်တယ်ဆိုပြီး ကန့်သတ်ချက်တွေ၊ ကလေးအမေဖြစ်နေလို့ မလုပ်နဲ့ဆိုတဲ့ ကန့်သတ်ချက်တွေကို ပယ်ချပေးဖို့ နိုင်ငံရေးပဲ ဖြစ်ဖြစ် လူမှုရေးအရပဲဖြစ်ဖြစ် လူတိုင်းလူတိုင်းက ကျား၊ မတန်းတူအခွင့်အရေး အကြောင်းကို သိဖို့ လိုအပ်ပါတယ်။
မေး။ ။ အမျိုးသမီးတွေနိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်သာပါလာမယ်ဆိုရင် အနာဂတ်နိုင်ငံရေးက ဘယ်လိုအပြောင်းအလဲအချိုးအကွေ့တွေ ဖြစ်လာမယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးတွေ ကဏ္ဍပေါင်းစုံမှာပါဝင်လာမယ်ဆိုရင် အခုထက်ပိုကောင်းတဲ့နိုင်ငံတော်သစ် ဖြစ်လာမယ်လို့ ထင်ပါတယ်။ အမျိုးသားတွေပဲရှိနေတဲ့ နိုင်ငံရေးတခုမှာ အမျိုးသမီးတွေပါဝင်လာမယ်ဆို အမျိုးသမီးတွေဘဝ ဖွံ့ဖြိုးတိုးတက်ရေးကလည်း အခုထက်ပိုကောင်းလာမယ်။ အမျိုးသမီးတွေက ပိုနားလည် ပေးနိုင်ကြတယ်။ အမျိုးသမီးတွေကလည်း ငြိမ်းချမ်းရေးကို နှစ်သက်ကြတယ်။ ရှေးရှုကြတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်ပြီးတော့ ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖြစ်စေနိုင်တယ်။
မေး။ ။ အမျိုးသမီးတွေအပေါ်မှာခွဲခြားမှုမရှိတဲ့နိုင်ငံသစ်ကို ရနိုင်မယ်လို့ ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ နိုင်ငံတော်သစ်တခုမှာ ဥပဒေတခုရေးဆွဲတဲ့အခါမှာလည်း အမျိုးသမီးတွေအခွင့်အရေးကို ပါဝင် ရေးဆွဲစေချင်တယ်။ ရေးဆွဲမယ်လို့လည်း ယုံကြည်ထားတယ်။ အဲ့ဒါမှလည်း ပိုမိုပြည့်စုံမယ်။ အမျိုးသမီး ခေါင်းဆောင်တွေ အများကြီးပေါ်လာမယ်လို့ ယုံကြည်ထားတယ်။ အမျိုးသမီးတွေက အရမ်းသန်မာကြတယ်။ အရမ်းလည်း ကြိုးစားကြတယ်။ အဲ့အတွက်ကြောင့် နေရာပေးမယ်ဆို အမျိုးသမီးတွေက အများကြီး လုပ်ဆောင်နိုင်တယ်။ အဲ့အတွက်သူတို့ကို နေရာပေးမယ်ဆို အမျိုးသမီးခေါင်းဆောင်တွေ ပေါ်လာပြီး ကောင်းမွန်တဲ့နိုင်ငံတခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media -
- Published on
မစုသစ္စာဇော် Executive Director
ပိတောက်ဖူး
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“ရှေ့မထွက်ရဲတဲ့အမျိုးသမီးတွေ အများကြီးရှိတယ်။ အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ပတ်သက်ပြီး ဒီနိုင်ငံရေးမှာ တိုက်ရိုက်ပါလိုက်ပါလို့ ပြောတက်ထက်စာရင် ဒီ network ကို လာခဲ့ပါ။ ဒီမှာပါဝင်ပါဆိုတာကနေစပြီး ပါဝင်စေဖို့၊ လမ်းကြောင်းအစပျိုးပေးဖို့ လိုပါတယ်”
၁၉၈၇ ခုနှစ်၊ ရန်ကုန်မြို့မှာ မစုသစ္စာဇော်ကို မွေးဖွားခဲ့ပါတယ်။ မွေးချင်းမောင်နှမ သုံးယောက်အနက် ဒုတိယမြောက်သမီး ဖြစ်ပါတယ်။ အေးအေးချမ်းချမ်းနဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့တဲ့ သူမဟာ စွန့်ဦးတီထွင်ရတာကို ဝါသနာပါခဲ့ပြီး ဆရာဝန်ဖြစ်ချင်ခဲ့သူတစ်ယောက်ပါ။ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီးနောက် ဆေးဝါးတက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။
၂၀၁၈ မှာ ဗိုလ်ကြီး ထက်မြတ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဟိုတယ်လုပ်ငန်းခွင်မှာ sale and marketing manger အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့ပါတယ်။ အဘိုးနဲ့အဖေဖြစ်သူထံက နိုင်ငံရေးနဲ့ပတ်သက်တာတွေ အမြဲတမ်းကြားသိခဲ့ရတဲ့ သူမရဲ့ အတွင်းစိတ်ကနေ နိုင်ငံရေးနိုးကြားမှု တိမ်းအောင်းနေခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို လုံးဝလက်မခံနိုင်တဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ သပိတ်မှောက်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သလို ဗိုလ်ကြီးဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူကို CDM လုပ်ဖို့ အဓိကတိုက်တွန်းခဲ့သူလည်း ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူမရဲ့ ဇွဲကြီးစွာ နားချမှုနဲ့ စစ်အာဏာရှင်ရဲ့ ခေါင်းပုံဖြတ်မှုတွေ၊ မတရားအမိန့်ပေးမှုတွေကို ထင်ထင်ရှားရှားမြင်လာရတဲ့အချိန်မှာ ခင်ပွန်းသည်က စစ်တပ်ကနေ CDM လုပ်ကာ လွတ်မြောက်နယ်မြေကို ထွက်လာခဲ့ကြပါတယ်။
လွတ်မြောက်နယ်မြေကနေ ရောက်ရှိချိန်မှာတော့ နောက်ထပ် စစ်သားတွေအနေနဲ့ ထပ်ပြီး CDM လုပ်လာဖို့အတွက် ဇနီးသည်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးကြောင်းသိတဲ့ သူမက ပြည်သူ့စစ်သားဇနီးများ အဖွဲ့ကို တည်ထောင်ခဲ့ပြီး ပြည်သူ့ဘက်ကိုရပ်တည်လာတဲ့စစ်သားဇနီးတွေကို advocacy လုပ်စေတာ၊ နိုင်ငံရေးနဲ့ လက်ရှိအခြေအနေတွေကို ထင်ဟပ်စေမဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ပိထောက်ဖူးအဖွဲ့ကို ထပ်မံတည်ထောင်ပြီး နယ်ပယ်အသီးသီးက CDM အမျိုးသမီးတွေကို အသက်မွေးဝမ်းကြောင်း ပညာသင်ပေးပြီး ဘဝကိုပြန်လည်ထူထောင်နိုင်အောင် ပံ့ပိုးပေးနိုင်မဲ့ အသိုင်းအဝိုင်းအသစ်တစ်ခု တည်ဆောင်ပြီး လုပ်ဆောင်ပေးလျက် ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တခုလုံးကို ဘယ်လိုသုံးသပ်ချင် ပါသလဲ။
ဖြေ။ ။ နွေဦးတော်လှန်ရေးက ထူးခြားပါတယ်။ နောက်ပြီးတော့ ကျွန်မတို့လေးနှစ်ကာလ ရောက်လာ ပေမယ့် သွေးအေးသွားတာမျိုး မရှိဘူး။ လုပ်ရမယ့်အလုပ်ကို တစိုက်မတ်မတ် ဆက်ပြီးလုပ်နေတယ်။ ပါဝင်သူတွေထဲက ဆုတ်ခွာသွားကြတဲ့သူတွေ ရှိပေမယ့်လည်း တစိုက်မတ်မတ် လုပ်တဲ့သူတွေက ဆက်လုပ်နေသေးတယ်။ sector ပေါင်းစုံမှာ နောက်တန်းမှာ ရှေ့တန်းမှာ အဲ့လိုလုပ်နေတဲ့သူတွေကတော့ အားသွန်ခွန်စိုက်လုပ်နေတုန်းပဲ အခုလိုကြိုးစားပုံမျိုးနဲ့ဆို ကျွန်မတို့ ၁၀ တန်းက လိုပါဘဲ၊ ပုံမှန်လေးကျက်သွားရင် ပုံမှန်အောင်တယ်။ များများကျက်ရင် ဂုဏ်ထူးထွက်မယ်။ အဲ့လိုသဘောမျိုးတော့ သက်ရောက်မယ် ထင်ပါတယ်။
မေး။ ။ မြန်မာ့နိုင်ငံရေးတခုလုံးကိုခြုံကြည့်မယ်ဆိုရင် မြန်မာနိုင်ငံကဘယ်လိုနိုင်ငံရေးပုံစံမျိုးလဲ။
ဖြေ။ ။ နိုင်ငံရေးကတော့ အစောကတည်းက ဖဆပလခေတ်တို့ ဗိုလ်ချုပ်အောင်ဆန်းခေတ်တို့ အစုံပဲပေါ့နော်။ အခုချိန်ထိလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးက ရှိနေတုန်းပါ။ အရင်တုန်းက တိုင်းရင်းသား လက်နက်ကိုင်အရေးကို အမေစုတက်လာရင် ပြေလည်သွားမယ်လို့ မျှော်လင့်ခဲ့ကြတာပေါ့။ ဒါပေမယ့်လည်း မပြေလည်ခဲ့ဘူး။ ညှိနှိုင်းရုံအဆင့်သာ ရှိခဲ့တယ်။
တခြားတိုင်းပြည်တွေမှာဆို ဒီမိုကရေစီ ထွန်းကားပြီးတော့ ကောင်းကောင်းမွန်မွန်ဖြစ်နေပြီ။ ကိုယ်တွေနိုင်ငံကတော့ လက်နက်အရေးနဲ့ပဲ ရှုပ်ထွေးနေရ တယ်။ စစ်တပ်ကို အခုချိန်မှာ အပြီးတိုင် ဖြုတ်ချနေကြတယ်။ အဲ့ဒါပြီးတဲ့နောက်ကွယ်မှာလည်း မြန်မာနိုင်ငံ အရေးက ဆက်ပြီးတော့ နည်းနည်းတော့ ရှုပ်ထွေးနေဦးမယ်၊ ကိုင်တွယ်ရ ခက်နေဦးမယ်လို့ ထင်တယ်။
မေး။ ။ စနစ်ပြောင်းတော်လှန်ရေးမှာ ပြန်ပြီး တည်ဆောက်ချင်တဲ့ နိုင်ငံရေးစနစ်အသစ်က ဘယ်လိုပုံစံမျိုး ဖြစ်ပါသလဲ။
ဖြေ။ ။ နိုင်ငံရေးစနစ်ထဲမှာ အမေရိကားတို့၊ သြစတေးလျတို့ နိုင်ငံရေးစနစ်မျိုးကို သဘောကျတယ်။ စနစ်တခုတည်ဆောက်နိုင်ဖို့ဆိုတာ ဒီမှာရှိတဲ့လူအကုန်လုံးရဲ့ အတွေးအခေါ်တို့၊ အမူအကျင့်တို့ အဲ့ဒါတွေ အကုန်လုံးနဲ့လည်း သက်ဆိုင်တယ်။ ဒါတွေအကုန်လုံးရဖို့ဆို အောက်ခြေကစပြီး နိုင်ငံရေးစနစ် တည်ဆောက်ရေး လုပ်ရမယ်။ ကျွန်မဖြစ်စေချင်တဲ့ စနစ်က တိုးတက်နေတဲ့ နိုင်ငံကြီးတွေရဲ့စနစ်လိုမျိုး သွားစေချင်ပါတယ်။
မေး။ ။ နွေဦးတော်လှန်ရေးဖြစ်လာတဲ့နောက်မှာ ပြည်သူတွေရဲ့ အတွေးအခေါ်တွေက ဘာတွေ ပြောင်းလဲသွားလဲ။
ဖြေ။ ။ အတွေးအခေါ်ကတော့ တော်တော်ပြောင်းလဲသွားကြတယ်။ အရင်ကဆိုရင် ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေက အတ္တကြီးကြတယ်။ အဲလိုဖြစ်ဖို့လည်း အခြေခံသဘောတရားကလည်း ရှိနေတယ်။ ဥပမာ ကျွန်မတို့ဆို အလုပ်သွားတယ်။ ကားပိတ်နေတယ်။ ကိုယ့်ရဲ့ကားနေရာကို မပေးချင်ဘူး။ ဘာဖြစ်လို့လဲ ဆို ငါက အကြာကြီးတန်းစီထားရတာ သူကဝင်သွားရင် ငါနောက်ကျသွားမှာပေါ့ ဆိုတဲ့အတွေးတွေ ရှိခဲ့တယ်။
တကယ် လမ်းစနစ်တွေကြောင့် ဒီလို လမ်းပိတ်တာ၊ ကားပိတ်တာ ဖြစ်တာပေါ့နော်။ အဲတုန်းကတော့ အဲလိုမတွေးနိုင်ကြဘူးလောနော်။ နွေဦးတော်လှန်ရေးဖြစ်တဲ့အချိန်မှာတော့ နည်းနည်း ကိုယ်ချင်းစာတရား ရှိလာတယ်လို့ ထင်တယ်။ အဲ့ဒါလေးတွေကအစ နည်းနည်းတော့ ပြောင်းလဲသွားတယ်လို့ ထင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေကရော ဘာတွေ အပြောင်းအလဲ ဖြစ်လာသလဲ။
ဖြေ။ ။ အမျိုးသမီးအရေးဆိုရင် ကျွန်မတို့ကိုယ်တိုင်က ဂျဲန်ဒါတွေ ဘာတွေဆိုလည်း မသိခဲ့ဘူး။ ကျွန်မက ကုမ္ပဏီမှာ အလုပ်လုပ်တဲ့သူတွေ ဖြစ်တယ်။ ရပိုင်ခွင့်တွေ၊ human right တွေ၊ women right တွေ women leadership တွေလည်း အဲ့လောက်မသိဘူး။ နိုင်ငံရေးထဲမှာ အမျိုးသမီးတွေပါဝင်မှုတွေလည်း သိပ်မသိဘူး။ အာဏာသိမ်းပြီးတဲ့နောက်မှာ အဲ့ဒါတွေကို အရမ်းသိလာတယ်။ ဒါတွေက ဒီလိုလုပ်ရမှာပါလားဆိုတာ အရမ်းသိလာတယ်။
“နေရာအားလုံးမှာ အမျိုးသမီးတွေ ပါဝင်စေခြင်းကလည်း ပိုမိုထိရောက်တဲ့အရာတခုဖြစ်မယ်လို့ ထင်ပါတယ်။ တော်လှန်ရေးမဟာဗျူဟာကို ပိုပြီးအကျိုးဖြစ်စေမဲ့ နည်းဗျူဟာပေါင်းစုံကို ချဲ့နိုင်မယ်၊ လုပ်နိုင်မယ်လို့ မြင်ပါတယ်”
မေး ။ ။ အမျိုးသမီးတွေ တော်လှန်ရေးထဲမှာ ဘယ်လိုအခန်းကဏ္ဍကနေပါဝင်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးတွေ တချို့အခန်းကဏ္ဍတွေက မပါလည်းရတယ်လို့ ထင်တတ်ကြတယ်။ ဆရာမဒေါ်မီမီဝင်းဘတ်က ပြောဖူးတယ်ပေါ့နော်။ အမျိုးသမီးတွေကို စစ်ရေးထဲမှာ အဓိက အသုံးပြုလို့ ရတဲ့နေရာတွေ အများကြီး ရှိတယ်။ သုတေသနတွေအရ အမေရိကန်စစ်တပ်က အမျိုးသမီးစစ်ဗိုလ်တွေကို ဒေသခံတွေကနေ သတင်းယူတာ၊ စုဆောင်းတာ အဲလိုနေရမျိုးမှာ ပိုပြီးသုံးတယ်။
ဒါကြောင့် နေရာအားလုံးမှာ အမျိုးသမီးတွေ ပါဝင်စေခြင်းကလည်း ပိုမိုထိရောက်တဲ့အရာတခုဖြစ်မယ်လို့ ထင်ပါတယ်။ တော်လှန်ရေး မဟာဗျူဟာကို ပိုပြီးအကျိုးဖြစ်စေမဲ့ နည်းဗျူဟာပေါင်းစုံကို ချဲ့နိုင်မယ်၊ လုပ်နိုင်မယ်လို့ မြင်ပါတယ်။
မေး။ ။ အမျိုးသမီးဖြစ်ခြင်းကြောင့် ကိုယ်တိုင်ခွဲခြားဆက်ဆံခံရတာ ကြုံရဖူးလား။
ဖြေ။ ။ ခွဲခြားဆက်ဆံမှုက ကြုံရတယ်။ ကျွန်မအမျိုးသားက စစ်တပ်က ထွက်လာတာလည်း တကြောင်းပေါ့နော်။ တချို့အရာတွေကို ကိုယ်က ပိုပြီးလုပ်နိုင်တယ်ဆို ခွဲခြားဆက်ဆံမှုတွေ ကြုံရတယ်။ အရင်တုန်းက မကြုံဖူးဘူး။ ဒါပေမယ့် ဒီဘက်ကို ရောက်လာတဲ့အခါမှာ ဒီနိုင်ငံရေးထဲမှာ တချို့ကလည်း ကြိုဆိုတယ်။ တချို့ကလည်း ခွဲခြားဆက်ဆံတယ်။
မေး ။ ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ဆုံးဖြတ်ပိုင်ခွင့်အပေါ် လျစ်လျူရှုမှုတွေ မရှိလာဖို့ ဘာတွေ လုပ်သင့်လဲ။
ဖြေ။ ။ အမျိုးသမီးတွေကို နေရာပေးရမယ်။ နောက်တခုက နေရာကြီးပဲ လိုချင်နေလို့ မရဘူး။ အရည်အချင်းကလည်း ပြည့်ဝမှရမယ်။ အခုဆိုရင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါရမယ်တို့ သတ်မှတ်ချက်တွေကို ပိုပြီး ပြောလာတယ်။ အဲ့ဒါမျိုးတွေကလည်း အမျိုးသမီးတွေ ပါဝင်ရမဲ့ နေရာတွေကို ပိုပြီး မြန်မြန်ရောက်နိုင် အောင် တွန်းပို့နိုင်မယ်လို့ ထင်ပါတယ်။
ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးတွေ ခေါင်းဆောင်တွေ မဖြစ်နေသေးတာ ကို ပုံမှန်ဘဲလို့ ထင်နေတုန်းဘဲ။ ဒီလိုအမြင်တွေကို ပြောင်းလဲပေးဖို့ လိုပါတယ်။ အမျိုးသမီးတွေ မရှိတဲ့နေရာတွေမြင်ရင် မေးခွန်းထုတ်လာဖို့၊ ရှိလာအောင် လုပ်လာဖို့ ကြိုးစားရပါတယ်။ လက်ရှိ နွေဦး တော်လှန်ရေး က အမြင်တွေကို အပြောင်းအလဲ လုပ်ဖို့ အခွင့်အခါ ပေးနေတယ်လို့ မြင်ပါတယ်။ ဒီအချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ အမျိုးသမီးခေါင်းဆောင်တွေကို နေရာပေးလာဖို့ နှိုးဆော်တိုက်တွန်းဖို့ လိုပါတယ်။
မေး။ ။ အမျိုးသမီးခေါင်းဆောင်သစ်တွေ ပိုထွက်လာအောင် ဘယ်လိုလုပ်ကြမလဲ။
ဖြေ။ ။ အမျိုးသမီးခေါင်းဆောင်သစ်တွေထွက်လာအောင်ဆိုရင် ကျွန်မတို့ကမွေးထုတ်ရမှာပေါ့နော်။ အခုဆိုရင် ရှေ့မထွက်ရဲတဲ့သူတွေ အများကြီးရှိတယ်။ အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ပတ်သက်ပြီး ဒီနိုင်ငံရေးမှာ တိုက်ရိုက်ပါလိုက်ပါလို့ ပြောတက်ထက်စာရင် ဒီ network ကို လာခဲ့ပါ။ ဒီမှာပါဝင်ပါဆိုတာကနေစပြီး ပါဝင်စေဖို့၊ လမ်းကြောင်းအစပျိုးပေးဖို့ လိုပါတယ်။
နိုင်ငံရေးတွေထဲမှာ ပါချင်ပေမဲ့ ကိုယ့်ကိုကိုယ် မယုံကြည်ရဲသေးဘူးဆိုတဲ့အခါကျတော့ ဒီလိုအစပြုတဲ့အရာလေးတွေကနေ ပါဝင်စေချင်းအားဖြင့်တော့ သူတို့ပါဝင်ဖို့အတွက် လှုံ့ဆော်ရမှာလည်း ဖြစ်တယ်၊ သတ္တိနဲ့ အင်အားကိုလည်း ပိုရှိစေပါတယ်။
မေး။ ။ အမျိုးသမီးတွေသာ နိုင်ငံရေးထဲမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လို့ရမယ်ဆို ဘာတွေ ပြောင်းလဲ နိုင်မလဲ။
ဖြေ။ ။ တချို့သော ဖြတ်ထိုးဉာဏ်တွေက အမျိုးသမီးတွေဆီက လာတာ၊ ယောကျာ်းတွေကျတော့ တချို့ကိစ္စတွေဆိုရင် ဒါမရနိုင်တော့ဘူးဆိုရင် မရနိုင်တော့ဘူးဆိုပြီး ထားလိုက်ကြတယ်။ အမျိုးသမီး တယောက် ပါလာတယ်ဆိုရင် လွယ်လွယ်နဲ့ လက်မလျော့ဘဲနဲ့ နည်းလမ်းအသစ်တွေကို ထပ်ရှာတယ်။ ဖြတ်လမ်းတွေကို စဉ်းစားတတ်ကြတယ်။
လက်ရှိတော်လှန်ရေးမှာ အမျိုးသမီးတွေ အများကြီး ပါလာတာကြောင့် တော်လှန်ရေးက လွယ်လွယ်နဲ့ ပြန်ပြီး ရေချိန်မကျသွားတာ။ အမျိုးသမီးတွေရဲ့ ပါဝင်မှုအကျိုးဆက်ကို သေသေချာချာတွေးကြည့်ရင် အခြေမလှုပ်အောင် တောင့်ခံထားပေးတာကို မြင်ရပါတယ်။
“မိဘတွေ၊ ဆွေမျိုးတွေကအစ ပညာပေးတာတွေ လုပ်ရမှာပါ။ သူတို့ကလည်း ခွဲခြားဆက်ဆံတဲ့သူတွေထဲမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်တယ်”
မေး။ ။ အမျိုးသမီးတွေအပေါ်မှာခွဲခြားဆက်ဆံမှုမရှိတဲ့ နိုင်ငံသစ်တခုကို တည်ဆောက်နိုင်ဖို့ ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ မိဘတွေ၊ ဆွေမျိုးတွေကအစ ပညာပေးတာတွေ လုပ်ရမှာပါ။ သူတို့ကလည်း ခွဲခြားဆက်ဆံတဲ့သူတွေထဲမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်တယ်။ ဥပမာ နင့်အဖေသတ်လိမ့်မယ်၊ နင့်အဖေကို သွားပြော၊ ယောကျာ်းလေးကို ဦးစားပေးခိုင်းတာမျိုး၊ သူကတော့ ယောကျာ်းလေးမို့လို့ဆိုပြီး ပြောဆိုတတ်ကြတယ်။ အဲလိုမျိူးဟာတွေက သူတို့တွေကစပြီး ပြင်ရမှာဖြစ်တယ်။
ဒီမျိုးဆက်မှာ သေချာ advocate လုပ်ထားနိုင်ရင်တောင် မရဘူး။ ရှေ့ကတစ်ဆက်ကိုလည်း လိုက်လုပ်ရမှာ ဖြစ်တယ်။ ဘာလို့လဲဆို ဒီမိသားစုထဲမှာ မျိုးဆက်တွေက အမြဲတမ်းထိတွေ့နေတဲ့အခါကျတော့ ပြန်ပြီး နောက်ပြန်လည်သွားနိုင်တယ်။ အထူးသဖြင့် ဒီလိုမျိုးခွဲခြားဆက်ဆံအောင်လုပ်တာလည်း ဒီအမျိုးသမီးတွေပဲ ဖြစ်တယ်။ အမေတွေ အဘွားတွေပဲ ဖြစ်တယ်။
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media