မဘီး ဖီးမနစ်ဇင်နှင့် ဂျန်ဒါတန်းတူညီမျှရေးသုတေသီ
တည်ထောင်သူ (မြစ်ရေစီးသံစာစဉ်)
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။


“အမျိုးသမီးတွေကို မလေးစားနိုင်ပဲနဲ့ လူ့ကျင့်ဝတ်တွေကိုတောင်မှ မစောင့်ထိန်းနိုင်တဲ့သူတွေဟာ ကျွန်မတို့ကို ဦးဆောင်မယ့်နေရာမှာ တကယ်ရှိသင့်ရဲ့လားဆိုတာ မေးခွန်းပြန်ထုတ်ကြသင့်ပါတယ်”


မဘီးဟာ ရန်ကုန်မြို့ ဇာတိဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ထုံးတမ်းစဥ်လာများနှင့် ဘာသာရေးအား ခိုင်မာစွာယုံကြည်ကျင့်သုံးတဲ့ ခရစ်ယာန်မိသားစုမှာ မွေးဖွားခဲ့ပြီး  မွေးချင်းများ အနက် အကြီးဆုံးသမီး ဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက စာရေးခြင်း၊ စာဖတ်ခြင်း၊ ပန်းချီဆွဲခြင်းနှင့် တေးဂီတကို​ ဝါသနာပါပြီး လေ့လာလိုက်စားခဲ့ပါတယ်။ လွတ်လပ်မှုကို ချစ်မြတ်နိုးသူ ဖြစ်တာကြောင့် ဆယ်ကျော်သက်အရွယ်ကပင် အမျိုးသမီးဖြစ်ခြင်းကြောင့် နေ့စဥ်ဘဝမှာ ကန့်သတ်ခံရခြင်းများ၊ ပြောဆိုဝေဖန်ခံရမှုများကို တရားမျှတမှုမရှိ၊ လွတ်လပ်မှုဆိတ်သုဥ်းမှုအပေါ် ဖြစ်ရခြင်း၏ အကြောင်းအရင်းများကို ပိုမိုစူးစမ်းချင်သူ ဖြစ်ပါတယ်။

အထက်တန်းအောင်မြင်ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ASEAN Full Bright Scholarship ကို ရရှိခဲ့ပြီး B.A(Hons) in Communication (လူထုဆက်သွယ်ရေးဆိုင်ရာဘွဲ့) ကို ပြည်ပတွင် တက်ရောက်ခဲ့ပြီး၊ မြန်မာပြည်ပြင်ပမှာ အမျိုးသမီးတွေ မည်မျှလွတ်လပ်ခွင့်နှင့် လုပ်ဆောင်ခွင့်များ ရရှိနေသည်ကို တွေ့မြင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနမှ ဖွင့်လှစ်သော စာပေဖန်တီးရေးသားမှုနှင့် တည်းဖြတ်မှုဆိုင်ရာ အတတ်ပညာဘွဲ့လွန်ဒီပလိုမာကို ရရှိခဲ့ပါသည်။

ထို့နောက် ဘွဲ့ရပြီးချိန်တွင် ပြည်တွင်းရှိ စွန့်ဦးအမျိုးသမီးအဖွဲ့တွင် ဝင်ရောက်လုပ်ဆောင် ခဲ့ပါသည်။ ထိုသို့လုပ်ဆောင်နေစဥ်တွင် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုမှ ရှင်သန်လွတ်မြောက်လာသူ အမျိုးသမီးများ၊ ရပ်ရွာလူထုထဲမှ အမျိုးသမီးများ၊ အမျိုးသမီးနိုင်ငံရေးသမားများနှင့် အမျိုးသမီး ခေါင်းဆောင်များစွာနှင့် လက်တွဲလုပ်ဆောင်ခဲ့ရသည့် အတွေ့အကြုံမှတဆင့် မြန်မာနိုင်ငံတွင် ဂျဲန်ဒါအခြေပြုဖိနှိပ်မှုများအကြောင်း ပိုမိုသိရှိခဲ့ပြီး  အမျိုးသမီးအခွင့်အရေးများအတွက် လုပ်ဆောင် ရန်မှာ ဘဝ၏ စိတ်အားထက်သန်မှုနှင့် ခေါ်သံ ဖြစ်လာခဲ့ပါတယ်။ လူသားတိုင်းတွင် မတူညီသော အစွမ်းအစများအသီးသီး ရှိသကဲ့သို့ အမျိုးသမီးများတွင်လည်း ​မတူညီသော စွမ်းအင်များ၊ အတွေးအမြင်များနှင့် လုပ်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်သူပါ။

အာဏာသိမ်းမှုဖြစ်ပြီး ၂၀၂၁ခုနှစ်နောက်ပိုင်းတွင် စစ်အာဏာရှင်အားတော်လှန်သည့် ဒီမိုကရက်တစ်အဖွဲ့အစည်းတစ်ခုတွင် လူထုဆက်သွယ်ရေးစေတနာ့ဝန်ထမ်းအဖြစ် လူငယ် လိုအပ်ချက် ထောက်ပံ့ရေးတွင်လည်းကောင်း၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှု ကမ်ပိန်းများ အတွက် လှုံ့ဆော်ခြင်းဖြင့်လည်းကောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက်နှစ်နှစ်အကြာတွင် တာဝန်မှ အနားယူခဲ့ပြီး ချင်းမိုင်တက္ကသိုလ်၊ လူမှုသိပ္ပံဌာနနှင့် လက်တွဲကာ ဂျဲန်ဒါနှင့် ဖီမနစ်ဇင် အကြောင်းအရာများနှင့်သက်ဆိုင်သော သုတေသနစာတမ်း ပြုစုခြင်း၊ ထုတ်ဝေခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။

ထို့နောက် ၂၀၂၃ခုနှစ်မှ စတင်ကာ Women Warriors Myanmar ကို တည်ထောင်ပြီး ၂၀၂၄ ခုနှစ်တွင် မြစ်ရေစီးသံ-တန်းတူညီမျှခြင်းစာစဥ်ကို စတင်ထုတ်ဝေခဲ့ပါတယ်။ မြစ်ရေစီးသံတန်း တူညီမျှခြင်းစာစဥ်သည် ဂျဲန်ဒါအရေးနှင့်သက်ဆိုင်သော အသိအမြင်ပြောင်းလဲရေးမှတဆင့် အပြုအမူပြောင်းလဲရေးအတွက် တွန်းအားပေးနိုင်ရန် ရည်ရွယ်သော အစီအစဥ် ဖြစ်ပါတယ်။ စာစဥ်တွင် ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ အင်တာဗျူး နှင့် ဝတ္ထုများ အစရှိသည့်ကဏ္ဍများပါဝင်ပြီး အမျိုးသမီးခေါင်းဆောင်မှု၊ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများ၊ မျိုးဆက်မတူသူ အမျိုးသမီးခေါင်းဆောင်များအကြား ကုစားခြင်း၊ ဖီးမနစ်ဇင်၊ အမျိုးသမီးနှင့်နိုင်ငံရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ခြင်း အစရှိသည့်အကြောင်းအရာများကို တင်ဆက်ပေးလျက်ရှိပါသည်။

 
မေး။     ။ လက်ရှိနွေဦးတော်လှန်‌ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ။      ။ ၂၀၂၁ စစ်တပ်ကအာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးက မြန်မာနိုင်ငံရဲ့ သမိုင်းအတွက် အလွန်အရေးကြီးတဲ့အပြောင်းအလဲဖြစ်စဉ်တရပ်လို့ ကျွန်မက ရှုမြင်ပါတယ်။ ဒီကြားထဲမှာ လူငယ်တွေရဲ့ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ အများကြီး ပေးဆပ်ထားရတယ်။ ကျွန်မတို့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဘယ်တော့မှ မငြိမ်းချမ်းခဲ့ဘူး။

ပြည်တွင်းစစ်တွေက ရှည်ကြာနေတယ်။ လူမျိုးရေး ကြီးစိုးမှုတွေ ရှိတယ်။ အာဏာရှင်စနစ်ကပဲ ပြည်သူတွေကို ခေတ်အဆက်ဆက် ဖိနှိပ်ခဲ့တယ်။ လေးနှစ်မှာ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတဲ့မြို့တွေလည်း ရှိလာပြီ။ တချို့သော အပြောင်းအလဲတွေ ကိုလည်း မြင်လာရတယ်။ ပေးဆပ်မှုတွေ အများကြီးရှိပေမယ့် တော်လှန်ရေးက အောင်ကိုအောင်နိုင်မယ်လို့ ကျွန်မကယုံကြည်တယ်။ တော်လှန်ရေးထဲမှာ ဖြစ်နေတဲ့ လူမှုရေးအပြောင်းအလဲတွေ လူမှုရေးအရွေ့တွေ ကိုလည်း တစိုက်မတ်မတ် စောင့်ကြည့်ဖို့ လိုတယ်။

တော်လှန်ရေးအောင်မြင်ခြင်းကကျွန်မတို့နိုင်ငံအတွက် အနှစ်နှစ်အလလ ကြာရှည်နေတဲ့ လူမျိုးရေးကြီးစိုးမှုတွေ၊ ဖိုဝါဒကြီးစိုးမှုတွေကိုပါ ထိထိရောက်ရောက် ဖြိုချနိုင်တဲ့ အခွင့်အရေးတခု ဖြစ်လာစေချင်တယ်။ တဖက်ကို ကြည့်မယ်ဆို စစ်ရေးက တော်လှန်ရေးရဲ့ အရေးကြီးတဲ့အဆုံးအဖြတ်လိုမျိုး ဖြစ်လာတယ်။

ဒီတော်လှန်ရေးဆင်နွှဲတဲ့ပုံစံကိုက အရမ်း  masculine  ဖြစ်လာတယ်။ Violence ဖြစ်လာတယ်။ ကာယအင်အားအခြေပြုတဲ့ပုံစံဖြစ်လာတော့ လက်တလောမှာ ဒီစစ်ဝါဒတွေ၊ အမျိုးသားရေးဝါဒတွေ ကိုယ်ကာယအင်အားအခြေပြုတဲ့ပုံစံတွေ မြင့်တက်လာတာနဲ့ တပြိုင်နက် ဖိုဝါဒကြီးစိုးမှုက အားကောင်းလာနေတာကို တွေ့ရတယ်။

“တော်လှန်ရေးက ကာယအင်အားအခြေပြုတဲ့ပုံစံဖြစ်လာတော့ လက်တလောမှာ ဒီစစ်ဝါဒတွေ၊ အမျိုးသားရေးဝါဒတွေ ကိုယ်ကာယအင်အားအခြေပြုတဲ့ပုံစံတွေ မြင့်တက်လာတာနဲ့ တပြိုင်နက် ဖိုဝါဒကြီးစိုးမှုက အားကောင်းလာနေတာကို တွေ့ရတယ်”

 
မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အတွေးအမြင်တွေ ဘယ်လောက်အထိ ပြောင်းလဲသွားလဲ။
ဖြေ။      ။ အပေါ်ယံအားဖြင့် ပြောင်းလဲသွားတယ်လို့ မြင်ရတယ်။ ဥပမာ လူမျိုးရေးကိစ္စနဲ့ ပတ်သက်လာရင် အရင်ကတည်းက ပဋိပက္ခဖြစ်ခဲ့တဲ့‌ဒေသတွေ၊ လက်နက်ကိုင်လမ်းစဉ်ကို လုပ်ခဲ့ကြတဲ့လူတွေက ဘာကြောင့် လုပ်လဲဆိုတာ အခု ပြည်မလူတွေက တော်တော်လေးပြန်ပြီးတော့ သတိပြုမိလာတယ်။ သူတို့ခံခဲ့ရတဲ့ဒုက္ခတွေ စာနာပေးနိုင်တယ်လို့ မြင်တယ်။ ဖိနှိပ်ခံတွေနဲ့ ရပ်တည်ရမယ်ဆိုတဲ့ အတွေးအခေါ်အယူဝါဒတွေကို ပိုပြီးတော့ တွင်တွင်ကျယ်ကျယ် ပြောလာကြတယ်လို့ ထင်တယ်။

နောက်တခုက တော်လှန်ရေးအသိုင်းအဝိုင်း၊ နိုင်ငံရေးအသိုင်းအဝိုင်းထဲကမှ ထိပ်ပိုင်းကလူတွေလို့ သတ်မှတ်လို့ရတဲ့ အီလစ်နိုင်ငံရေးအသိုက်အဝန်းထဲမှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုမပြုလုပ်ရဘူးတို့၊ အမျိုးသမီးတွေကို ဒီလိုအထက်စီးကနေ ဆက်ဆံလို့ မရဘူး။ ခွဲခြားဆက်ဆံလို့ မရဘူး။ Sexual harassment တွေ အကြမ်းဖက်မှုတွေ လုပ်လို့မရဘူးဆိုတာ သိလာတယ်ထင်ရတယ်။ ဒါပေမယ့် ကျွန်မတို့မြင်တဲ့ဟာက အပေါ်ယံ ရေခဲပြင်က အလွှာလေးပဲရှိတယ်လို့ ထင်တယ်။ ဒီထက် နက်နဲတဲ့အခြေအနေတွေမှာ ဆက်ပြီးတွန်းဖို့တိုက်ဖို့က လိုအပ်နေပါသေးတယ်။

 
မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ်ခွဲခြားတဲ့ အယူအဆတွေ ဘယ်လောက် အထိ ပြောင်းလဲသွားလဲ။

ဖြေ။      ။ အမျိုးသမီးတွေအပေါ် ခွဲခြားတဲ့အယူအဆတွေက အများကြီးပြောင်းလဲသွားတယ်လို့ မမြင်မိဘူး။ elite နိုင်ငံရေးအစုအဖွဲ့တွေထဲမှာ အမျိုးသမီးတွေရဲ့အသံ ပါဝင်လာရမယ်။ အမျိုးသမီးတွေအပေါ် လိင်ပိုင်း ဆိုင်ရာထိပါးနှောင့်ယှက်မှုတွေ၊ အကြမ်းဖက်မှုတွေ မကျူးလွန်ဖို့ အဖွဲ့အစည်းတွေထဲမှာ မူဝါဒတွေ ပေါ်လစီတွေ ရှိရမယ်ဆိုပြီးတော့မှ သိလာကြတယ်။

ဒီလိုမျိုးဖြစ်လို့ နာမည်ထွက်သွားရင် ငါတို့နာမည်ပျက် သွားမယ်။ ငါ့ရဲ့နိုင်ငံရေး ပရိုဖိုင်ကြီးပျောက်သွားမယ်။ မဖြစ်သင့်ဘူး။ ငါတို့ကလည်း အမျိုးသမီးအရေးကို နားလည်ပါတယ်။ ထောက်ခံပါတယ်။ ပုံစံမျိုးကို အရောင်ပြတာတော့ မြင်ရတယ်။ ဒါပေမယ့် ထဲထဲဝင်ဝင်မှာ နေ့စဉ်လုပ်ငန်းခွင်မှာရှင်သန်တဲ့ဘဝမှာ Personal politics မှာ အရမ်းကြီးပြောင်းလဲနေတယ်လို့ မမြင်ဘူး။

အထူးသဖြင့် elite အသိုင်းအဝိုင်းထဲမှာပဲ လူမှုအကျိုးပြုအဖွဲ့အစည်းတွေထဲမှာပဲ နိုင်ငံ‌ရေးတော်လှန်ရေးကို ဦးဆောင်နေတဲ့အသိုင်းအဝိုင်းထဲမှာပဲ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေက ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာတော့ ထုတ်ဖော်ပြောဆိုတဲ့သူတွေလည်း ရှိလာတယ်။ ဒီလိုထုတ်ဖော်ရင် ရပ်တည်ရကောင်းမှန်း သိလာတာတော့ သိသာတဲ့ အနည်းငယ်မဆိုစလောက် အပြောင်းအလဲလေးပေါ့။

“Personal politics မှာ အရမ်းကြီးပြောင်းလဲနေတယ်လို့ မမြင်ဘူး။ အထူးသဖြင့် elite အသိုင်းအဝိုင်း၊  လူမှုအကျိုးပြု အဖွဲ့အစည်းတွေ၊ နိုင်ငံ‌ရေးတော်လှန်ရေးကို ဦးဆောင်နေတဲ့ အသိုင်းအဝိုင်းထဲမှာပဲ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေက ဖြစ်လာတယ်”


မေး။      ။ နွေဦးတော်လှန်ရေးမှာ မီဒီယာရဲ့အခန်းကဏ္ဍက ဘယ်လိုပုံစံမျိုးနဲ့ တည်ရှိနေလဲ။

ဖြေ။       ။ မီဒီယာတွေကတော့ ပြည်သူလူထုနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေကြားမှာ  လိုအပ်ချက်တွေကို ထုတ်ဖော်ပြောဆိုလို့ရတဲ့ အမှန်တရားကို ထုတ်ဖော်လို့ရတဲ့အရာအဖြစ်  ရပ်တည်နေတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ရာဇဝတ်မှုကျူးလွန်မှု စစ်ရာဇဝတ်မှုချိုးဖောက်မှုတွေကို ထောက်ပြတယ်။ ဝေဖန်တဲ့ မှတ်တမ်းတင်တဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာလည်း ရှိနေတယ်။

နွေဦးတော်လှန်ရေးမှာတော့ စနစ်ပြောင်း တော်လှန်ရေးလို့ ပြောတာဖြစ်တဲ့အတွက် စနစ်ပြောင်းဖို့အတွက်ဆို အတွေးအခေါ်တွေကနေစပြီးတော့ အမူအကျင့်တွေကိုပါ ပြောင်းလဲဖို့လိုတယ်။ မီဒီယာတွေရဲ့ အခန်းကဏ္ဍက ဒီမှာ တော်တော်လေး အရေးပါတယ်လို့ ထင်တယ်။ ဥပမာ အဖွဲ့အစည်းတခုချင်းစီအနေနဲ့ ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ အနေနဲ့ဆို တချို့အရာတွေကို အသံထုတ်ပေးဖို့ ခက်တာရှိတယ်။ ရပ်တည်ပေးဖို့ ခက်တာရှိတယ်။

မီဒီယာတွေ ကနေ သတင်းအမှန် ထုတ်ပြန်ပေးမှသာ ဒီနေရာမှာ ဒါလိုနေပြီ ဒီနေရာမှာတော့ ဖိနှိပ်ခံနေရပြီ၊ ဒီနေရာမှာတော့ ဗုံးကြဲခံနေရပြီ။ ဒီ issue ကတော့ အသံထွက်ပေးဖို့ လိုကိုလိုတယ် ဆိုတဲ့ဟာမျိုးတွေ သိလာရတာဖြစ်တယ်။  မီဒီယာတွေရဲ့အခန်းကဏ္ဍက လူတွေအများကြီးဆီကို အချိန်တိုအတွင်းမှာ ရောက်နိုင်တယ်။ အသိပညာတွေ ပေးနိုင်တယ်။ သူတို့ရဲ့သတင်းရေးသားတဲ့အတက်ပညာနဲ့ လူတွေအပေါ်မှာလွှမ်းမိုးမှုလည်း ရှိနိုင်တယ်။ ဒါကြောင့် အတွေးအခေါ် ပြောင်းလဲရေးကိုပါ မီဒီယာတွေနဲ့  တွဲဖက်ပြီးလုပ်ဆောင်ရင် ထိရောက်ပြီး အောင်မြင်မယ်လို့ ထင်တယ်။


မေး။     ။ တန်းတူညီမျှမှု၊လွတ်လပ်မှု၊တရားမျှတမှု၊မြင့်တက်လာဖို့အတွက် မီဒီယာကနေတဆင့် ဘာတွေလုပ်ပေးနိုင်လဲ။

ဖြေ။      ။ မီဒီယာတွေ လုပ်ပေးနိုင်တဲ့အရာတွေကတော့ အများကြီးပဲ။ ပထမဆုံးကတော့ တန်းတူမညီမျှ ဖြစ်နေတဲ့အသံတွေ ဖိနှိပ်ခံရတဲ့အသံတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့အသံတွေကို များများဖော်ထုတ် ပေးနိုင်တယ်။ ဖော်ထုတ်ပေးပြီးတော့  လူထုကိုအသိပညာပေးတဲ့ လုပ်ငန်းစဉ်တွေ များများလုပ်သင့်တယ်လို့ ထင်တယ်။
 

မေး။         ။အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရတာကြုံရဖူးလား။

ဖြေ။      ။ တော်လှန်ရေးထဲမှာ စပြီးပါလာတဲ့အချိန်မှာတော့ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံတာတွေ တောက်လျှောက်ကြုံခဲ့ရတယ်။ ဥပမာဆိုရင် ကျွန်မတို့ ဆန္ဒစပြတဲ့အချိန်ကတည်းက ကျွန်မတို့ရဲ့ဒေသ နေရာမှာဆိုရင် ဆန္ဒပြပွဲမှာလုပ်ဖို့အတွက် ကော်မတီတွေ ဖွဲ့ကြတယ်။ ညှိနှိုင်းကြတဲ့အချိန်မှာ အမျိုးသမီးက နည်းနည်းပဲ ပါတာ၊ နည်းနည်းလေးပါတဲ့အထဲမှာမှ ကာကွယ်ရေးတို့ ဘာတို့ဆွေးနွေးပြီဆိုရင် ကျွန်မ တစ်ယောက်ထဲပဲ ရှိတာ၊ ကျန်တဲ့အမျိုးသားအယောက် ၂၀ လောက် ရှိတယ်။

ကျွန်မကတစ်ယောက်ထဲ ဆန္ဒပြတဲ့ကော်မတီကို ဖွဲ့တဲ့အချိန်မှာလည်း ကိုယ့်ထက်ငယ်တဲ့ အမျိုးသားတွေက (ကိုယ်ကလည်း အသက် ငယ်တယ်ထင်ရတော့) ဒီကောင်မလေး ဘာမှမသိလောက်ပါဘူး ဆိုပြီးတော့ ပုံစံမျိုးတွေ နိုင်ငံရေးနဲ့ ပတ်သက်ပြီး နင်ကဘာနားလည်လို့လဲဆိုတဲ့ပုံစံမျိုးနဲ့ ဆက်ဆံတာတွေလည်း ရှိတယ်။ အမျိုးသမီးတွေကို ငါတို့ခေါ်ထည့်ရမယ်ဆိုရင် ငါတို့က တာဝန်ယူရမှာ သူတို့ကိုအကာအကွယ်မပေးနိုင်ဘူး ရှုပ်တယ်ဆိုတာတွေက စပြီးလာတယ်။

ထဘီသပိတ်လုပ်တဲ့အချိန်မှာလည်း  ကျွန်မတို့နယ်မှာဆိုရင် ထဘီသပိတ် ကျွန်မတို့လုပ်တဲ့ နေရာဒေသမှာဆို ထဘီသပိတ်လုပ်ဖို့ကို ဆန့်ကျင်တဲ့လူတွေ ရှိတယ်။ ဆန့်ကျင်တဲ့လူတွေရှိတော့ အရမ်းကြီးကို အခြေအတင်တွေ စကားတွေညှိနှိုင်းတာတွေ ပြောဆိုတာတွေ လုပ်ရတယ်။  နောက်တခုက ရပ်ရွာထဲမှာဆိုရင် လူကြီးတွေနဲ့ ဆန္ဒပြတဲ့အခါ ဆွေးနွေးရတယ်။

သူတို့က ဘယ်လိုလဲဆို ကျွန်မကပြောလည်းဒီစကားပဲ တခြားယောက်ျားလေးခေါင်းဆောင်က ပြောလည်း ဒီစကားပဲ။ ဒါပေမယ့် ကျွန်မနဲ့ သူတို့က မညှိနှိုင်းချင်ဘူး။ နင်တို့အဖွဲ့ထဲက ယောကျာ်းတယောက်ယောက်ကိုခေါ်လာခဲ့တဲ့။ 

“အမျိုးသမီးတွေရဲ့အသံတွေ ပြောဆိုမှုတွေ အကြံတွေကို အတည်မယူတာတွေ တွေ့ရတယ်။ အဲ့ဒါမျိုးက သတင်းဌာနတွေမှာတင် မကဘူး။ တော်လှန်ရေး အင်အားစုတွေထဲမှာလည်း တော်တော်များများ ကြားရတယ်”

မေး။    ။အမျိုးသမီးတွေဆုံးဖြတ်ပိုင်ခွင့် ဘယ်လိုကဏ္ဍ တွေမှာ ရနေပြီလို့ မြင်လဲ။

ဖြေ။      ။ နေရာပိုပေးလာတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြန်သုံးသပ်ရမှာက ဘယ်လိုမျိုးနေရာမှာ နေရာပေးတာလဲဆိုတာကို စဉ်းစားရမယ်။ အဲ့နေရာမှာ ဘာလုပ်ပိုင်ခွင့်ရှိလဲ၊ လုပ်ပိုင်ခွင့်ဘယ်လောက် ပေးထားလဲဆိုတာကို စဉ်းစားရမယ်။ ဆို‌တော့ နေရာ၊ ရာထူး position ပေးထားတယ်။ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကိုအတည်မယူဘူးတို့  သူတင်ပြတဲ့စကားကို အဖွဲ့တွင်းမှာ မလိုက်နာဘူးတို့၊ သူ့ရဲ့သြဇာလွှမ်းမိုးမှုကို လက်မခံဘူးတို့ ဆိုဟာမျိုးတွေက ပြဿနာအများကြီးရှိနေတယ်။

တော်လှန်ရေး ကာလမှာ အမျိုးသမီးဝန်ကြီးဌာနတွေ ရှိလာတယ်။ အမျိုးသမီးဝန်ကြီးတွေ ဖွဲ့စည်းလာတယ်။ အမျိုးသမီး ခေါင်းဆောင်တွေ တော်တော်များများထွက်ပေါ်လာတယ်။ ဒါပေမယ့်သူတို့ကို ဘယ်လောက်အထိ လုပ်ပိုင်ခွင့် ပေးထားလဲ။ တကယ် သူတို့လက်ထဲမှာအာဏာရှိနေလားဆိုတာ ပြန်သုံးသပ်ရမယ်လို့ ထင်တယ်။

တခါတုန်း ကဆို မီဒီယာအဖွဲ့အစည်းတခုထဲမှာဆို စကားပြောကြတယ်။ အစည်းအဝေးလုပ်ကြတယ်။ တိုင်ပင်ကြတယ်။ အရင်တုန်းက ကျွန်မအဖွဲ့အစည်းတခုအတွက် consultant လုပ်ပေးခဲ့ဖူးတယ်။ Board အဖွဲ့ဝင်ထဲမှာ အမျိုးသမီးတစ်ယောက် ထည့်ချင်တယ်။ ထည့်တော့ထည့်ချင်တယ်။ ဆုံးဖြတ်ပိုင်ခွင့် မပေးချင်ဘူး။ အဲ့လိုဟာ မျိုးတွေ ပြောလာတဲ့အခါမှာ ထည့်ရင်လည်း တကယ်အရည်အချင်းရှိတဲ့လူကို ထည့်ပြီးတော့ တကယ် ဆုံးဖြတ်ချက်ပေးမှပဲ အမျိုးသမီးပါဝင်မှုကို တကယ်အလေးထားတယ်လို့ ပြန်ပြီးမှ အကြံပေးလိုက်ရတာ မျိုးတွေ ရှိတယ်။

အခုအမျိုးသမီးတွေ ထည့်လာတယ်ဆိုတဲ့ဟာတွေက ပြင်ပ ပယောဂတွေကြောင့် ထည့်လာတာများတယ်။ အမျိုးသမီးမပါဝင်ရင် တန်းတူညီမျှမှုမရှိဘူးဆိုတာ ထင်ခံရမှာစိုးလို့တကြောင်း နောက်တခုက သတင်းခန်းထဲမှာအမျိုးသမီးပါမှ  ဒိုနာရဲ့ သတ်မှတ်ချက်ထဲမှာ အမျိုးသမီးပါဝင်မှု ဘယ်လောက် သတ်မှတ်ချက်ရှိနေလို့ အမျိုးသမီးတွေကိုထည့်ရပါတယ်ဆိုတဲ့တကြောင်း အဲ့လိုမျိုးအချက်တွေကြောင့် ထည့်သွင်းတာဖြစ်တယ်။

ဒါပေမယ့် အမျိုးသမီးတွေရဲ့အသံတွေ ပြောဆိုမှုတွေ အကြံတွေကို အတည်မယူတာ တွေ တွေ့ရတယ်။ အဲ့ဒါမျိုးက သတင်းဌာနတွေမှာတင်မကဘူး။ ကျွန်မကြားရတာတော့ တော်လှန်ရေး အင်အားစုတွေထဲမှာလည်း တော်တော်များများ ကြားရတယ်။
 

မေး။     ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေထွက်လာဖို့ မီဒီယာကနေတဆင့် ဘာတွေလုပ်သင့်လဲ။

ဖြေ။      ။ အမျိုးသမီးခေါင်းဆောင်တွေ ထပ်ထွက်လာဖို့ဆိုရင် အဆင့်ဆင့်လုပ်ရမှာတွေ ရှိတယ်။ အရင်ဆုံးက ပျိုးထောင်ဖို့ လိုအပ်တယ်။ အမျိုးသမီးငယ်ခေါင်းဆောင်တွေကို ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ပျိုးထောင်မလဲ၊ မီဒီယာတွေအနေနဲ့  လုပ်နိုင်တာက လူငယ်အမျိုးသမီးခေါင်းဆောင်တွေရဲ့ အသံတွေကိုများများ ဘယ်လို ထုတ်ဖော် ပေးနိုင်မလဲ။

နောက်တခုက မီဒီယာအဖွဲ့အစည်းတွေထဲမှာ ကိုယ်တိုင်ကိုက  အမျိုးသမီး သတင်းထောက်တွေ၊ အမျိုးသမီးဝန်ထမ်းတွေကို တန်းတူပြောရေးဆိုခွင့်ပေးထားဖို့ လိုတယ်လို့ ထင်တယ်။ ဒါက သတင်းခန်းထဲမှာတင် မကဘူး။ အမျိုးသမီးအဖွဲ့အစည်းတွေထဲမှာရော တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးပါတီတွေထဲမှာ အဲ့လိုစဉ်းစားချက်နဲ့  စပြီးသွားဖို့ လိုတယ်။

နောက်တခုက အမျိုးသမီးတွေကို ပါလာဖို့ပြောတာပဲ သူတို့ဘာသူတို့မပါချင်လို့ မပါတာဆိုတာမျိုးကို  အသံတွေကြားရတယ်။ အဲ့ဒီမှာလည်း ပါရုံခေါ်တာမဟုတ်ဘဲနဲ့ မပါဝင်လာအောင် တားဆီးတဲ့အခြေအနေတွေကို နားလည်အောင်ကြည့်ဖို့ လိုတယ်။

ကျွန်မတို့က  အမျိုးသမီးတွေပါတယ်မပါဘူး၊ အမျိုးသမီးခေါင်းဆောင်တွေက ဦးဆောင်မှုအခန်းကဏ္ဍကို ယူတယ် မယူဘူးဆိုတာထက် ကျော်လွန်ပြီးတော့ ဒီဦးဆောင်မှုအခန်းကဏ္ဍကို မရောက်လာအောင် ပိတ်ထား တာက ဘာတွေလဲဆိုတာ ကြိုပြီးကြည့်ဖို့ မြင်ဖို့လိုတယ်။ ကိုယ်တိုင်သတိမထားမိလိုက်ဘဲ ဖြစ်တည်နေတဲ့ တည်ရှိနေတဲ့အတားအဆီးတွေက ဘာတွေရှိလဲမြင်အောင်ကြည့်ပြီးတော့ အခြေခံကစပြီး ဖြိုဖျက်ပြီး ဖန်တီးပေးနိုင်မှ ထိပ်ပိုင်းက ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးတွေက ရောက်လာနိုင်မှာ ဖြစ်တယ်။ 

အခုဆိုရင် လွတ်မြောက်နယ်မြေတွေ တော်လှန်ရေးအင်အားစုတွေ ကြီးစိုးထားတဲ့နေရာဒေသတွေ ရှိလာပြီ။ ဒီနေရာဒေသတွေမှာဆိုရင် ရပ်ရွာကစပြီး အုပ်ချုပ်ရေး ယန္တယားတွေကော်မတီတွေ ဖွဲ့စည်းတဲ့အခါမှာ အမျိုးသမီးတွေကို ထည့်သွင်းရမယ်၊ အုပ်ချုပ်ရေးနေရာအဆင့်ဆင့်မှာ အမျိုးသမီးတွေကိုပါဝင်ဖို့ အားပေး ရမယ်။ ဒါမျိုးတွေလုပ်လို့ရပြီပေါ့နော်။

အစုအဖွဲ့တွေထဲမှာလည်း ပါဝါကွာဟချက်၊ Hierachy အနိမ့်အမြင့်ကွာဟချက်ကို နည်းနိုင်သမျှနည်းအောင် ဘယ်လိုဖွဲ့စည်းတည်ဆောက်မလဲဆိုတာက စပြီးစဥ်းစားရမယ်။ ပြီးတော့ အမျိုးသမီးတွေအသံကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြောဆိုနိုင်မယ့် နေရာ၊​အခွင့်အရေးတွေ ဖန်တီးပေးတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ လိုတယ်။

အားပေးတယ်ဆိုတဲ့နေရာမှာလည်း အမျိုးသမီးတွေက  တသက်လုံး သင်ကြားခံလာရတာက အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ်နေရမယ်၊ နူးညံ့သိမ်မွေ့ပျော့ပြောင်းရမယ်။ နာခံမှုရှိရမယ်လို့ပဲ သင်လာ ခဲ့ရ‌တော့  လမ်းကြီးဖွင့်ပေးရင်တောင် ဘယ်လိုလျှောက်ရမှန်း မသိတဲ့အခြေအနေတွေ ရှိနိုင်တယ်။ ဒါမျိုးတွေကို စွမ်းရည်မြင့်တင်ပေးတာတွေ၊ ယုံကြည်မှု မြင့်တင်ပေးတာတွေ  အမျိုးသမီးအချင်းချင်း ဆွဲခေါ်တာတွေ လုပ်ဖို့လိုတယ်။
 

မေး။     ။ အမျိုးသမီးတွေသာ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လာမယ်ဆိုရင် အနာဂတ်နိုင်ငံရေးက ဘယ်လိုအပြောင်းအလဲတွေ ဖြစ်နိုင်သလဲ။

ဖြေ။      ။ အခုက ကျွန်တော်တို့ဖြစ်နေတဲ့ပြသနာတွေသည်  အာဏာပါဝါမညီမျှမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အရာတွေ၊ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုကြည့်ရင် pattern တွေက ထပ်တူညီကျနေတဲ့နေရာတွေ ရှိတယ်။ ဥပမာ ဖိုဝါဒကြီးစိုးမှုနဲ့ စစ်ဝါဒမှာလည်း တူညီတဲ့စရိုက်လက္ခဏာတွေ ရှိတယ်။ စစ်အာဏာရှင်စနစ်က အရမ်းကို ဖိုဝါဒလွှမ်းမိုးကြီးစိုးပြီးတော့ အရမ်းကို အကြမ်းဖက်တဲ့နည်းလမ်းတွေနဲ့ နိုင်ငံရေးဖြေရှင်းတဲ့ နည်းနာတွေ ဖြစ်တယ်။

အမျိုးသမီးတွေ ပါဝင်လာမယ်ဆိုရင် ကျွန်မယုံကြည်တာက ပိုပြီးတော့ငြိမ်းချမ်းတဲ့  နည်းလမ်းတွေ၊ လူ့မှုအဖွဲ့အစည်းတခုလုံးကို ထည့်သွင်းစဉ်းစားတဲ့ နိုင်ငံရေးစနစ်တွေကို စဉ်းစားနိုင်မယ်လို့ ယုံကြည်နေတယ်။ ဥပမာ ကျွန်မအင်တာဗျူးခဲ့တဲ့ စစ်မေတွေဆိုရင် သူတို့ကပြောပြတယ်။ နေရာတခုမှာ စစ်တိုက်တော့မယ်ဆိုရင် အမျိုးသားတွေက စစ်ရေးကိုဦးစားပေးပြီး ဘယ်လိုတိုက်မယ်ဆိုတာကို တက်တက်ကြွကြွဆွေးနွေးနေတာတွေ ရှိတယ်။ ဒါပေမယ့် သူတို့မသိလိုက်မိတဲ့ အခန်းကဏ္ဍလေးတွေ ကျန်နေတယ်။

အထူးသဖြင့်  ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေကို ဘယ်လိုရွေ့ပြောင်းကြမလဲ ဆိုတဲ့ ကိစ္စမျိုးတွေဆိုရင် အမျိုးသမီးတွေက ပိုပြီးစဉ်းစားဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေ ပြောတယ်။ စစ်တိုက်တယ်ဆိုတဲ့ နည်းလမ်းမှာလည်း အခုဆိုစစ်မေတွေပါဝင်လာတယ်ဆိုရင် ဘယ်လိုမျိုး သွေးထွက်သံယို အနည်းဆုံး ဖြစ်အောင် စီမံချက်၊ ကြိုတင်ကာကွယ်မှုတွေ ပြုမလဲဆိုတာ သူတို့က  ပိုပြီးမှ စဉ်းစားတာမျိုးတွေ ရှိတယ်။

နိုင်ငံရေးဖြစ်စဉ်မှာလည်း ထိုနည်းလမ်းကောင်းပဲ ကျွန်မတို့အမျိုးသမီးတွေ ပိုပြီးပါဝင်လာမယ်ဆိုရင် ဖြစ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တခုမဟုတ်ဘဲနဲ့ လူမှုအဖွဲ့အစည်းတခုလုံးအတွက် လိုအပ်တဲ့လိုအပ်ချက်တွေ အပြောင်းအလဲ တွေကိုပါ စဉ်းစားနိုင်မယ့်နည်လမ်းတွေရှာဖွေတွေ့ရှိနိုင်မယ်လို့ ပိုပြီးယုံကြည်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားလို့ရတဲ့လမ်းစဉ်တွေကို ရွေးချယ်ဖြစ်ကြမယ်လို့ ထင်တယ်။
 

မေး။     ။  အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုမရှိတော့မယ့် အနာဂတ်နိုင်ငံကို ဘယ်လောက်အထိ မျှော်လင့်လဲ။

ဖြေ။      ။ သေချာပေါက်ကတော့ ပြောင်းလဲလာမှာပဲ။ နောက်မျိုးဆက်သက်တမ်းမှာတော့ အများကြီး အပြောင်းအလဲဖြစ်ဖို့ မျှော်လင့်တယ်။ အဲ့အတွက်ကိုပဲ ဒီတသက်လုံးကို အလုပ်တွေကလုပ်ရမယ်လို့ တွေးထားတယ်။ ကျွန်မတို့ရဲ့သမီး ကျွန်မတို့ရဲ့မြေး အဲ့လို generation မှာ ခွဲခြားဖိနှိပ်မှုကင်းစင်ပြီး လူတစ်ဦးချင်းရဲ့ ဖြစ်တည်မှုကိုလက်ခံပြီးတော့ ပျော်စရာကောင်းတဲ့ လူမှုပတ်ဝန်းကျင်လေးကို ကျွန်မမြင်ချင်တယ်။

ရုတ်တရက်ချက်ချင်းမှာ အမျိုးသားနဲ့ အမျိုးသမီးတွေ တန်းတူညီမျှတဲ့အနာဂတ်နိုင်ငံကို ချက်ချင်းမြင်ရဖို့ မသေချာဘူးဆိုပေမယ့် ကျွန်မတို့လက်တလောမှာ ပြောင်းလဲဖို့ လုပ်ဆောင်နိုင်တဲ့ အပိုင်းလေးတွေ၊ ကဏ္ဍလေးတွေတော့ ရှိတယ်။ ကျွန်မတို့ရဲ့မျှော်လင့်ချက်က ကြီးရမယ်။ ကျွန်မတို့ ထားတဲ့စံနှုန်းက  အနည်းဆုံးတော့ လူသားအားလုံးသည် လူ့ကျင့်ဝတ်ကိုလိုက်နာပြီးတော့ လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာတဲ့သူတွေဖြစ်ဖို့ လိုတယ်လို့ ထင်တယ်။ ဒါက လက်ရှိမှာ ကျွန်မရဲ့မျှော်လင့်ချက် ဖြစ်တယ်။
 

မေး။     ။ ဖြည့်စွက်ပြောကြားချက်။

ဖြေ။      ။ လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေဘက်က ကျူးလွန်တဲ့ လိင်အကြမ်းဖက်မှုတွေ၊ ကျား-မ အခြေပြုအကြမ်းဖက်မှုတွေ အများကြီး မြင့်တက်နေတယ်။ ဒါတွေကို သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။​ ရာထူးက နှုတ်ထွက်လိုက်တယ်ဆိုရုံနဲ့ မပြီးပဲ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့ လိုပါတယ်။

နောက်တစ်ခုက အမျိုးသမီးတွေကို မလေးစားနိုင်ပဲနဲ့ လူ့ကျင့်ဝတ်တွေ ကိုတောင်မှ မစောင့်ထိန်းနိုင်တဲ့သူတွေဟာ ကျွန်မတို့ကို ဦးဆောင်မယ့်သူနေရာ၊ ခေါင်းဆောင်နေရာမှာ တကယ် ရှိသင့်ရဲ့လားဆိုတာ ပြန်မေးခွန်းထုတ်ကြသင့်ပါတယ်။​ ကျွန်မတို့အနေနဲ့ နိုင်ငံကို ဦးဆောင်မယ့်သူ၊ လှုပ်ရှားမှုအရွေ့တွေမှာ ဦးဆောင်မယ့်သူတွေဟာ အနည်းဆုံး အခြေခံလူ့ကျင့်ဝတ်ကိုတော့ လေးစားလိုက်နာမှု ရှိသင့်တယ်။​

အဲ့လိုမှ မဟုတ်ရင် ကျွန်မတို့အနေနဲ့ နိုင်ငံကို ခေါင်းဆောင်မယ့် ပြည်သူလူထုတစ်ရပ်လုံးကို ခေါင်းဆောင်မယ့် သူတွေအပေါ်မှာထားတဲ့ မျှော်လင့်ချက်၊ စံနှုန်းသတ်မှတ်ချက်က နိမ့်လွန်းရာမကျနေဘူး လားလို့ မေးခွန်းထုတ်ချင်ပါတယ်။


​“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media