မသုတ တော်လှန်ပြည်သူ
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။
“အမျိုးသမီးရော၊ အမျိုးသားရော အတူတူရှင်သန်ရပ်တည်မယ်၊ လက်တွဲလုပ်ဆောင်လို့ရတဲ့အရာတွေတွဲလုပ်ပြီး အချင်းချင်း ပံ့ပိုးကြမယ်။ အဲလိုမျိုးနဲ့
ဘုံကောင်းကျိုးရှိတဲ့လူမှုအသိုက်အမြုံတစ်ခုကို တည်ဆောက်သွားကြရပါမယ်”
မသုတဟာ အညာသူတစ်ယောက် ဖြစ်ပြီး မွေးချင်းနှစ်ယောက် ရှိတဲ့အနက် အမကြီးဖြစ်ပါတယ်။ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားကို အလေးထားတဲ့ မိသားစုကနေ ကြီးပြင်းခဲ့ရပြီး ဗိသုကာပညာရှင်၊ ပန်းချီပညာရှင်တယောက်အဖြစ် ဖြစ်ချင်ခဲ့သူပါ။ ရူပဗေဒ မဟာဘွဲ့ကို ရရှိခဲ့ပြီး အာဏာမသိမ်းခင်က အခမဲ့ ကျောင်းငယ်တစ်ခုထူထောင်ပြီး ပညာဒါန ပရဟိပြုလုပ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းတဲ့အခါမှာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး ရဲဘော်အဖြစ်လည်း ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျန်းမာရေးအခြေအနေကြောင့် ရဲဘော်အဖြစ်ကနေ နှုတ်ထွက်ခဲ့ပြီး တော်လှန်ရေးလုပ်ငန်းတွေကို အားမလျော့စတမ်း ဆောင်ရွက်နေသူပါ။
လက်ရှိမှာ ကျရာတာဝန်တွေကိုထမ်းဆောင်နေပြီး အဓိကအနေနဲ့ Thuta Reading Time - Youtube channel တခုထူထောင်ပြီးတော့ နိုင်ငံရေးနှင့် ရသစာပေများကို ပြည်သူအများ ပိုမိုသိကြား လာနိုင်စေဖို့အတွက်နဲ့ တော်လှန်ရေးကို ထောက်ပံ့မှုပြုနိုင်ဖို့အတွက် အွန်လိုင်းကနေစာဖတ်ပြကာ အသိပညာတွေကို မျှဝေလျက် ရှိပါတယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တခုလုံးကို ဘယ်လို သုံးသပ်ချင် ပါသလဲရှင့်။
ဖြေ။ ။ တော်လှန်ရေးအင်အားစုတွေအချင်းချင်းဟာ အခုထက်ပိုပြီးတော့ ပွင့်လင်းပြီးတော့ ကျကျနန ဆွေးနွေးတိုင်ပင်ကြပြီး ရှေ့ဆက်ကြဖို့လိုမယ်လို့ ထင်ပါတယ်။ အရွေ့မပါ အပြောင်းအလဲမရှိဘဲ စကားလုံး သက်သက်နိုင်ငံရေးကို တည်ဆောက်ခဲ့တာ မခိုင်မာဘူးဆိုတာကိုမြင်ပြီး ပိုမိုထိရောက်တဲ့ ရလဒ်ကောင်းရှိတဲ့ အရွေ့ရှိတဲ့ ဖြစ်စဥ် ဟုတ်သည်အထိ သွားဖို့လိုနေသေးတယ်လို့ မြင်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံက ဘယ်လိုနိုင်ငံအမျိုးအစားလဲ။
ဖြေ။ ။ အာဏာရှင်စနစ်အောက်မှာပဲ အမြဲတမ်းနေခဲ့ရတယ်။ စစ်အာဏာရှင်ပုံစံမျိုးစုံနဲ့ အကြိမ်ပေါင်း များစွာလည်း စစ်အာဏာသိမ်းခဲ့တယ်။ နောက်တခုက ပြည်သူပြည်သားတွေကို ပုံစံမျိုးစုံနဲ့ မှိုင်းတိုက်တယ်။ သွေးခွဲပြီးအုပ်ချုပ်တယ်။ အတွေးအခေါ်တွေ ပွင့်လင်းမလာဖို့အတွက် ပညာရေးအားဖြင့်ရော ဘာသာရေး အားဖြင့်ရော ဘက်ပေါင်းစုံကနေ ဖိနှိပ်ပြီးတော့ထားတဲ့နိုင်ငံတခုလို့ မြင်တယ်။
အဲ့ဒါမှာလည်း တိုင်းသူပြည်သား တွေက ဉာဏ်အလင်းပွင့်မလာမှ အာဏာရှင်တွေက လိုသလို ဆက်ပြီးအုပ်ချုပ်လို့ရမယ်။ သူတို့က ပုံစံသွတ်သွင်းလို့ရတဲ့သူတွေကို တစ်မျိုးဆက်ဆံပြီးတော့၊ တခြားသူတွေကို နောက်တမျိုးနဲ့ ခွဲခြားဆက်ဆံခြင်း အားဖြင့် ခွဲခြားမှုတွေ ဖိနှိပ်မှုတွေကို ဖန်တီးခဲ့ပါတယ်။
မေး။ ။ နိုင်ငံသစ်တခုကို တည်ဆောက်တဲ့အခါ ဘယ်လိုစံတန်ဖိုးထားမှုတွေ၊ ဘယ်လိုအခြေခံမူတွေနဲ့ နိုင်ငံတခုကို တည်ဆောက်သင့်လဲ။
ဖြေ။ ။ နိုင်ငံတခုကို တည်ဆောက်မယ်ဆိုရင် ဘယ်သူတွေနဲ့ဆောက်မလဲ၊ ဘယ်သူတွေက ဦးဆောင်မှာလဲ၊ ဘယ်လို ဆောက်မှာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ သွားကြမှာလဲ။ အဲ့ဒါကိုရော ဦးဆောင်တဲ့သူနဲ့၊ ဦးဆောင်ခံမယ့်သူတွေ အချင်းချင်းကြားမှာရော ကိုက်ညီတဲ့သဘောတူညီမှုတွေ ရှိပါရဲ့လား။ ဒါတွေကို တကယ်ရပြီဆိုတဲ့အခါကျမှ စံတန်ဖိုးတွေ၊ မူတွေဖြစ်လာမယ်လို့ ထင်ပါတယ်။
နိုင်ငံကို တစ်ဆင့်ချင်း လှမ်းပြီးသွားပြီးတော့ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ကူးပြောင်းနိုင်ဖို့အတွက် ဘယ်လိုမူတွေ ချမှတ်သင့်တယ်ဆိုတာ ခေါင်းဆောင်မယ့် သူတွေက ဆွေးနွေးကြဖို့ လိုပါတယ်။ ဖက်ဒရယ်ကို သွားမယ်ဆိုရင် ခေါင်းဆောင်တွေရဲ့ ကြားမှာရှိနေတဲ့ ဟန်ချက်ညီမှုနဲ့ ချိတ်ဆက်နိုင်မှု၊ သူတို့အချင်းချင်းကြားမှာရှိထားတဲ့ စံတန်ဖိုးတွေကို ညှိနှိုင်းလုပ်ဆောင်ဖို့ လိုပါတယ်။
အခြေခံမူတွေအနေနဲ့ကတော့ ပြည်သူပြည်သားတွေ ဘယ်လိုသက်တောင့်သက်သာနဲ့ စီးပွားရေးမှာ အလုပ်လုပ်နိုင်မလဲ၊ ပညာရေးပုံစံ ဘယ်လိုအကောင်းဆုံးချမှတ်မလဲ၊ ကျန်းမာရေးတွေကို ဘယ်လိုကောင်းအောင်သွားမလဲ။ ဖွဲ့စည်းပုံ ဘယ်လိုရေးမလဲ။ အဲ့ပြည်သူပြည်သားတယောက်ချင်းစီရဲ့ အသံကိုပြန်ကြားနိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ အဲ့အနေအထားမျိုးတွေအထိ ရောက်အောင်သွားပြီးမှသာ တကယ်တည်ဆောက်ချင်တဲ့ နိုင်ငံတခုကို ရောက်မယ်လို့ ထင်ပါတယ်။ ကိုယ့်ပါးစပ်ကနေပဲ ငါလိုချင်တာက ဒီစံနှုန်း၊ ဒီမူမျိုးဆိုတာနဲ့ တန်းရမယ်လို့ မထင်ပါဘူး။
မေး။ ။ အာဏာသိမ်းမှုက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို ဘယ်လိုပြောင်းသွားစေပါသလဲ။
ရေး။ ။ စစချင်း အမေစုရဲ့ အစိုးရလက်ထက်မှာ လူတွေက ဒီမိုကရေစီရဲ့ အမြည်းလေး အရသာကောင်းလေး ခံစားလိုက်ရတော့ ဒီလိုပါလား၊ အရင်တုန်းက မပြောရဲမဆိုရဲ၊ မထိရဲမတွေ့ရဲ၊ ယူနီဖောင်း မြင်ရင် ကြောက် နေတဲ့ အနေအထားကနေ ပြောရဲဆိုရဲ ထိရဲတွေ့ရဲ၊ ယူနီဖောင်းဝတ်ထားလည်း ငါတို့မှာ ပြောပိုင်ခွင့်ရှိတယ် ဆိုတာမျိုးတွေအထိ ရောက်လာပြီးတဲ့အချိန်မှာ အစိတ်အပိုင်းလောက်လေးကို ထိတွေ့ရတာတောင်မှ အရသာရှိသွားတဲ့အခါကျတော့ အာဏာသိမ်းလိုက်တဲ့အခါမှာ ပြန်ပြီးကျပ်တည်းမှုကို မခံချင်ဘူး။
အဲအတွက် သပိတ်မှောက် တောင်းဆိုရုံတင်မကဘဲနဲ့ အသက်ပါရင်းပြီး ကာကွယ်လာကြတယ်။ တဖြည်းဖြည်းနဲ့ ဖက်ဒရယ်ကိုပါ တောင်းဆိုလာတတ်တယ်။ တကယ်တော့ ခွဲထွက်သွားတာဆိုတာ မဟုတ်ဘူးပဲ။ အနေအထား တမျိုးနဲ့ သွားနေတာဆိုပြီးတော့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို လက်ခံလာတယ်။ ပြည်သူဆိုတာကတော့ လှိုင်းလုံးလိုပဲ လိမ့်ပြီးပါသွားတဲ့ သူရှိတယ်။ ဖြေးဖြေးချင်း တလုံးချင်းသိပြီးမှ စဉ်းစားပြီး တောက်ပြောင် လာတဲ့သူတွေ ရှိတယ်။ ပုံစံပြောင်းသွားတဲ့သူတွေ ရှိတယ်။ မပြောင်းပဲနဲ့လည်း ဆက်ပြီးသွားနေတဲ့သူတွေ ရှိတယ်။
တော်လှန်ရေးလုပ်နေပေမယ့်လည်း သူ့ကိုယ်သူ လုံးဝမတော်လှန်နိုင်ဘဲနဲ့ အတွေးဟောင်းနဲ့ဆက်ပြီး နေနေပြီးတော့မှ တော်လှန်ရေးလုပ်တယ်လို့ ထင်နေတဲ့သူတွေလည်းရှိနေဆဲပဲ ဖြစ်တယ်။ အယူအဆ ပြောင်းလဲသွားတယ်၊ မလဲဘူးဆိုတာက ထင်သာမြင်သာတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
“တော်လှန်ရေးလုပ်နေပေမယ့်လည်း သူ့ကိုယ်သူ လုံးဝမတော်လှန်နိုင်ဘဲနဲ့ အတွေးဟောင်းနဲ့ဆက်ပြီး နေနေပြီးတော့မှ တော်လှန်ရေးလုပ်တယ်လို့ ထင်နေတဲ့သူတွေလည်းရှိနေဆဲပဲ ဖြစ်တယ်။ အယူအဆ ပြောင်းလဲသွားတယ်၊ မလဲဘူးဆိုတာက ထင်သာမြင်သာတဲ့ကိစ္စတော့ မဟုတ်ပါဘူး”
မေး။ ။ အမျိုးသမီးဦးဆောင်မှုနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ အတွေးအမြင်တွေ ပြောင်းသွားတယ် လို့ မြင်ပါလဲ။
ဖြေ။ ။ အမျိုးသမီးတွေကိုယ်တိုင်ရဲ့ အတွေးအမြင်တချို့ ပြောင်းသွားတယ်လို့ပဲ အရင်စပြောရမယ်လို့ ထင်တယ်။ အရင်တုန်းကကျတော့ အမျိုးသမီးတွေက တောင်းဆိုတယ်တို့၊ ငါတို့မရသေးတာတွေကို ရအောင် လုပ်တယ်လို့ အမျိုးသမီးတွေကိုယ်တိုင်က ထင်မိနေတာမျိုး ရှိတယ်။ ကျွန်မကကျတော့ တောင်းဆိုစရာ မလိုဘူး။ ဒါငါတို့နဂိုကတည်းက ရှိနေတဲ့အရာ။
ဒါပေမယ့် အဲ့ဒါမပေါ်လွင်နေတာ၊ တောင်းရမှာမဟုတ်ဘဲနဲ့ ပေါ်လွင်အောင် ဖော်ထုတ်ရမှာ ဖြစ်တယ်။ နောက်တခုက အဲ့လိုမျိုးဖော်ထုတ်လိုက်တဲ့အတွက်ကြောင့် စည်းခြားလိုက်သလိုမျိုး ရန်သတ်ရမှာမဟုတ်ဘူး။ အဲ့လိုပေါ်လွင်လာအောင် လုပ်ခြင်းအားဖြင့် အမျိုးသမီးလို့ ပြောလိုက်တာနဲ့ အမျိုးသားနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်သွားတယ် ဒီလိုမဟုတ်ဘူး။
အမျိုးသမီးရော၊ အမျိုးသားရောသည် အတူတူရှင်သန်ရပ်တည်မယ်၊ လက်တွဲလုပ်ဆောင်လို့ရတဲ့အရာတွေ ရှိမယ်၊ အမျိုးသားလုပ်ဆောင်တဲ့ဟာကို အမျိုးသမီး support လုပ်လိုက်ရတာ ရှိသလို၊ အမျိုးသမီး လုပ်ဆောင်တဲ့အရာကို အမျိုးသားက support လုပ်လိုက်တာ ရှိမယ်၊ အမျိုးသားရော အမျိုးသမီးရော အခွင့်အလမ်းအတူတူ ရှိနေရမယ်၊ ဆုံးဖြတ်ပိုင်ခွင့် လုပ်ပိုင်ခွင့်ဆိုတဲ့ အာဏာပိုင်စိုးမှုမှာလည်း အတူတူရှိရမယ်၊ အာဏာပိုင်စိုးမှုလို့ တမင်ပြောပါတယ်။
အာဏာကိုပိုင်ထားမှသာရင် အဲ့အာဏာကိုကိုင်ပြီးတော့ ပိုင်ပိုင်နိုင်နိုင် အလုပ်လုပ်လို့ရမှာ ဖြစ်တယ်။ အာဏာကိုအသုံးချနိုင်တဲ့ အခွင့်အလမ်းအားဖြင့်လည်း တူညီတဲ့အနေအထားမှာ ရှိနေတယ်။ ဘယ်သူ့ဘယ်သူကိုမှ ဖိနှိပ်တာမျိုး ချုပ်ခြယ်တာမျိုး မဟုတ်ဘူး။ ငါတို့အမျိုးသမီးတွေလို့ ပြောလိုက်တဲ့အချိန်မှာလည်း အမျိုးသားတွေကို ဖိနှိပ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ လူသားအချင်းချင်း ဖြစ်တဲ့အတွက် ရပိုင်ခွင့်အခွင့်အရေးတွေက အတူတူပဲဆိုတဲ့ဟာကို သဘောက်ပေါက်လာတဲ့သူတွေ ပိုများလာတယ်လို့ ထင်ပါတယ်။
မေး။ ။ ကိုင်တိုင်ရော အမျိုးသမီးဖြစ်ခြင်းကြောင့်ခွဲခြားဆက်ဆံတာတွေကြုံရဖူးလား။
ဖြေ။ ။ ကျွန်မကတော့ မကြုံရဘူးလို့ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်မက ကျွန်မလုပ်နိုင်တဲ့ကဏ္ဍကို ကျွန်မက စိတ်ပိုင်းထားလိုက်တာဖြစ်တဲ့အတွက် ကျွန်မ နဂိုကတည်းက စစ်ရေးလုပ်တဲ့အချိန်မှာလည်း တပ်ဖွဲ့ကို တည်ထောင်သူအဖြစ်နဲ့လည်း ပါတယ်။ တည်ထောင်သူလို့ပြောပေမယ့် ကျွန်မကရှေ့တန်းက ထွက်ပြီးတိုက်တာမျိုးတွေအထိ မလုပ်ဘူးဆိုတာမျိုးလည်း နဂိုကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်တယ်။ စီစဉ်ဆောင်ရွက်သူအဖြစ်နဲ့ နေခဲ့တယ်။
မေး။ ။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ရရှိမှုကို ဘယ်နေရာတွေမှာ ထင်ထင်ရှားရှားရနေပြီလို့ သုံးသပ်လို့ရလဲ။
“ဆုံးဖြတ်ချက်ချတဲ့နေရာတွေကို ကျွန်မတို့ရဲ့အသံ မရောက်ဘူး။ အဲ့တော့ ယာယီသမ္မတကြီးကမှအစ ခေါင်းဆောင်နေသောသူများက အမျိုးသမီးဦးဆောင်မှုကို စိတ်ဝင်စားဖို့လိုတယ်”
ဖြေ။ ။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာဆိုရင် Fund Raising တွေလုပ်ကြတဲ့အခါမှာ အမျိုးသမီးတွေ ဦးဆောင်ပြီးလုပ်နေကြတဲ့အခါမှာ သူတို့ဘာသူတို့ ဆုံးဖြတ်ချက်ချတယ်။ သူတို့ဘာသူတို့ ဦးဆောင်တယ်။ အဲ့လိုကဏ္ဍအသီးသီး ရှိလာတယ်။ တချို့တော်လှန်ရေးတပ်ဖွဲ့တွေမှာဆိုရင် အမျိုးသမီးက တပ်ရင်းမှူး နေရာတော့ မယူထားကြပေမဲ့ ရေးနဲ့ ထောက်မှာ တာဝန်အကြီးကြီးတွေယူနေကြတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်ကတော့ တပ်ရင်းမှူးမှာ ရှိနေတာပေါ့။
အမျိုးသမီးနဲ့ကလေးသူငယ်ဝန်ကြီးဌာနမှာ ဆိုလည်း အမျိုးသမီးရေးရာနဲ့ပတ်သက်လို့ ဆောင်ရွက်နေတာမျိုးတွေလည်း ရှိတယ်။ CDM အုပ်စုမှာလည်း ရပ်တည်ပြီးတော့ ကိုယ့်ဘာကို လှုပ်ရှားပြီးရုန်းကန်နေတဲ့ အမျိုးသမီးတွေ ရှိတယ်။ ဒါပေမယ့် တကယ့်နိုင်ငံရေး အပြောင်းအလဲဖြစ်ဖို့အတွက် ဦးဆောင်နေတဲ့ ကဏ္ဍတွေထဲမှာ အမျိုးသမီးတွေကနေ ဆုံးဖြတ်ချက် ချနိုင်လောက်တဲ့အထိ အရေအတွက်များများပြားပြား ပါဝင်မနေသေးဘူးလို့ ပြောရမယ်ထင်တယ်။
မေး။ ။ အမျိုးသမီးဆုံးဖြတ်ပိုင်ခွင့် လျစ်လျူရှုမှုတွေပပျောက်အောင်လုပ်ဖို့၊ ပြည့်ပြည့်ဝဝပါဝင်မှုတွေ ဖြစ်လာဖို့အတွက် ဘာတွေလုပ်သင့်တယ်လို့ ထင်ပါလဲ။
ဖြေ။ ။ အရင်ဆုံးကတော့ ဦးဆောင်နေတဲ့သူတွေမှာ အပြောင်းအလဲ စလုပ်ရမှာပေါ့။ ငါတို့မှာ ဘာတွေ လိုအပ်ချက်ရှိနေလဲ။ ငါတို့မတွေးမိတဲ့အချက်တွေရှိနေလားဆိုတာ သူတို့အရင်စစဉ်းစားရမှာ ဖြစ်တယ်။ ဒါ ကျွန်မတို့လက်လှမ်းမမှီတဲ့နေရာ ဖြစ်နေတယ်။ ကျွန်မတို့ရဲ့အသံ မရောက်ဘူး။ အဲ့တော့ ယာယီသမ္မတကြီး ကမှအစ ခေါင်းဆောင်နေသောသူများက အမျိုးသမီးဦးဆောင်မှုကို စိတ်ဝင်စားဖို့လိုတယ်။ အခုအလုပ်လုပ် နေတဲ့အထဲမှာ ဒေါ်ဇင်မာအောင် ရှိမယ်၊ နော်ဇူစန်နာလှလှစိုးရှိမယ်၊ ဒေါ်အိသဉ္ဇာမောင် ရှိမယ်၊ ဒေါ်ခင်မမမျိုး ရှိမယ်စသဖြင့် ကျွန်မအကြီးအကျယ်သိတာ အဲ့ဒါပဲရှိတယ်။
သူရော ဆုံးဖြတ်ချက် ချရသလား ကျွန်မတို့ မေးရတော့မယ်၊ ဆရာမဒေါ်ဇင်မာအောင် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဦးဆောင်ပြီး လှည့်လည်သွားလာနေသူ နိုင်ငံတကာနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ လုပ်နေတယ်။ ဟုတ်ပြီ ဆရာမ ဒေါ်ဇင်မာအောင်အနေနဲ့ကရော ကျွန်မတို့အပြောင်းအလဲလုပ်တဲ့အခါမှာ ဆရာမအနေနဲ့ကရော ဘယ်လောက်အထိ ဆုံးဖြတ်ချက်ချခွင့်ရှိသလဲဆိုတဲ့ဟာတွေ ပြန်မေးခွန်းထုတ်ရမှာ ဖြစ်တယ်။
တစ်ခုခုရှိနေတယ်ဆိုရင် ပုဂ္ဂိုလ်ရေးအရပဲဖြစ်စေ၊ အလုပ်သဘာအရပဲဖြစ်စေ ဟုတ်ကဲ့ဟုတ်ကဲ့ လုပ်လိုက် ရတာမျိုး မဟုတ်ဘဲ၊ ဖြစ်သင့်ဖြစ်ထိုက်လို့ ဆိုတာမျိုးမဟုတ်ဘဲ ပိုပြီးကောင်းမွန်တဲ့နည်းလမ်းကို တင်ပြတဲ့ အခါမှာ တကယ်ရော လုပ်ခွင့်ရပါရဲ့လားဆိုတာမျိုးတွေကိုပါ ပြန်သုံးသပ်ရမှာဖြစ်တယ်လို့ ထင်ပါတယ်။
တကယ်လို့ကိုက်ညီတဲ့ တာဝန်ပေးအပ်မှုမျိုးတွေမဟုတ်ဘဲနဲ့ အဲ့ဒီတာဝန်ချထားခွဲဝေမှုက အဲ့ဒီလူရဲ့ အရည်အချင်းကိုထုတ်ပြခွင့်မရဘဲနဲ့ ဒီတိုင်းပဲ အလဟာသ ဖြစ်သွားစေတဲ့နေရာမျိုးကို ပေးမိသလား ဆိုတာမှအစ ပြန်စစ်ဆေးဖို့လိုတယ်လို့ထင်ပါတယ်။ နောက်တခါ သူတို့ကိုယ်တိုင်ကလည်း အသံကို ထုတ်ရမှာ ဖြစ်တယ်။
ကျွန်မတခါတော့ ကြားခဲ့ဖူးတယ်။ ဌာနထဲမှာ ရောက်နေတာဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့ လုပ်ပိုင်ခွင့် တွေကအကန့်အသတ်ရှိပါတယ်ဆိုတဲ့ဟာ၊ ဟုတ်ပြီ ဌာနတခုမှာ အကန့်အသတ်ရှိပေမဲ့ ဌာနထဲမှာ ရှိတဲ့သူတွေကရော ကိုယ်တွေရဲ့ အတွေးအခေါ်အယူအဆတွေကို တင်ပြခွင့်မရှိဘူးလား၊ တင်ပြခဲ့သည်ရှိသော် လျစ်လျူရှုခံနေရသလား။ ကိုယ့်ရဲ့အထက်အရာရှိက အမျိုးသမီးလည်း ဖြစ်ချင်ဖြစ်မယ်၊ အမျိုးသားလည်း ဖြစ်ချင်ဖြစ်မယ်။
သို့ပေမယ့် လျစ်လျူရှုလိုက်ရင် ဒါက ဖိုဝါဒကြီးစိုးနေဆဲပဲ၊ ဒါမျိုးတွေဆက်ဖြစ်နေတယ်ဆိုရင် သွားချင်နေတဲ့နိုင်ငံ ဘယ်လိုမှမရောက်ဘူး။ စွမ်းဆောင်ရည်နဲ့ ပတ်သက်တာတွေကိုလည်း အသေးစိတ် အပြန်အလှန်ဆွေးနွေးပြီးတော့ အရင်ဆုံးပုံစံချရမှာ ဖြစ်တယ်။
မေး။ ။အမျိုးသမီးခေါင်းဆောင်အသစ်တွေ ပိုမိုပေါ်ထွက်လာဖို့ ဘာတွေလုပ်လို့ရမလဲ။
ဖြေ။ ။ အမျိုးသမီးခေါင်းဆောင်အသစ်တွေ အများကြီးထွက်လာဖို့ဆိုရင် အမျိုးသမီးတယောက်ချင်းစီက ကိုယ်ကိုကိုယ် တာဝန်ယူကြရမှာ ဖြစ်တယ်။ အခုကာလမှာ တယောက်နဲ့တယောက်က အရည်အချင်းတွေကို သိမနေတာများတော့ အရင်ဆုံးကိုယ်က စင်ပေါ်ကိုတက်ရတော့မယ်ဆိုရင် စင်ပေါ်တက်ဖို့အတွက် ကိုယ်က ရည်ရွယ်ချက်တခု သတ်သတ်မှတ်မှတ်ထားဖို့ လိုတယ်။
ဘာဘဲဖြစ်ဖြစ် တာဝန်ယူမှာပဲဆိုရင် ကျွန်မတို့က အရင်လိုပဲ ရောကောသောကောနဲ့ အေး..အေး… နင်က ဒီနားတာဝန်ယူလိုက်ဆိုတာမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ကျွန်မက တရားရေးမှာပဲ တာဝန်ယူမှာ၊ ကျွန်မက တရားရေးမှာတောင်မှာ ဥပဒေပြုရေးမှာ တာဝန်ယူချင်တာ၊ ကျွန်မက ရဲလုပ်ငန်းမှာ တာဝန်ယူချင်တာဆိုတဲ့ဟာမျိုးတွေအထိ ကိုယ့်ကိုကိုယ် နေရာချဖို့ ရွေးချယ်နိုင်ဖို့ လိုပါတယ်။
ဒီအမျိုးသမီးတွေက ငါဘယ်ဟာကို ပိုပြီးလုပ်နိုင်စွမ်းတယ်ဆိုတာ သူတို့ကိုယ်သူတို့အသိဆုံးဖြစ်တယ်။ အဲ့ဒီလုပ်နိုင်စွမ်းတဲ့ အရည်အချင်းကို ပိုပြီးတောက်ပြောင်အောင် လုပ်ပါ။ အုတ်ရောရော ကျောက်ရောရော မလုပ်နေဘဲနဲ့ ကိုယ်ဘာကိုလုပ်မလဲဆိုတာ သေသေချာချာရွေးချယ်ပြီးတော့ သမ္မတကြီးပြောနေတဲ့ လူတွေအလဲအလှယ်လုပ်ပါမယ် ဆိုတဲ့ဟာမှာ ကျွန်မတို့ ဝင်ရောက်ချိတ်ဆက်ဖို့ လိုတယ်။
အရည်အချင်းအပြည့် ရှိနေပြီဆိုတဲ့ အမျိုးသမီးတိုင်းက တွန့်ဆုတ်မနေတော့ဘဲနဲ့ NUG နဲ့ဆိုင်တယ်ဆိုလည်း NUG ပေါ့။ KIO တို့ KNU တို့၊ ကရင်နီကဘက်မှာဆိုလည်း ကိုယ်နဲ့သက်ဆိုင်ရာချိတ်ဆက်လို့ရမယ့် ပါဝင်လို့ရမယ့် တာဝန်ထမ်းဆောင် ပေးရမယ့် နေရာတွေကို ကိုယ်တိုင်ကအားထုတ်ပြီး ကိုယ့်ရဲ့အရည်အသွေးကိုပြပြီး ချိတ်ဆက်ရဖို့ လိုတယ်လို့ထင်ပါတယ်။
အဲ့လိုပါဝင်ပြီးတဲ့အခါမှာလည်း ယာယီသမ္မကြီးတို့ဘက်ကို ထပ်ပြီးတိုက်တွန်းရမှာက အမျိုးသမီးတွေက တကယ်တမ်းသုံးဆယ်ရာခိုင်နှုန်းမဟုတ်ဘဲနဲ့ တကယ်ပါနိုင်ရင် ပါနိုင်သလောက် ရာခိုင်နှုန်း ကို တိုးပြီးခန့်ထားပေးဖို့ အဲ့ဒါမျိုးတွေအထိ နှစ်ဖက်လုံးကို တိုက်တွန်းရမယ်လို့ ထင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေသာ နိုင်ငံရေးထဲမှာတင်းပြည့်ကျပ်ပြည့်ပါဝင်လို့ ရမယ်ဆိုရင် ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲ။
ဖြေ။ ။ အမျိုးသမီးတွေ မတွေးမိတဲ့အရာ အမျိုးသားတွေ တွေးမိမှာပဲ။ အမျိုးသားတွေ မလုပ်ဆောင်နိုင်တဲ့ အရာ အမျိုးသမီးတွေ လုပ်ဆောင်နိုင်သလို အမျိုးသမီးတွေ လုပ်ဆောင်နိုင်တဲ့အရာ အမျိုးသားတွေ မလုပ်ဆောင်နိုင်တာတွေ အများကြီးရှိတယ်။ ဟန်ချက်ညီဖို့အတွက် ဒီလူတွေဟာ တကယ့်ကို ထဲထဲဝင်ဝင် အရေအတွက်ရော၊ အရည်အသွေးပါ တူတူမျှမျှနဲ့ ပါဝင်ဆောင်ရွက်ဖို့ လိုတယ်။
ပြောရရင် ၅၀-၅၀ စီလိုတယ်၊ အမျိုးသားနဲ့အမျိုးသမီး သဘာဝတရားအရကို အထီးနဲ့အမရှိတယ်ဆိုတော့ တခုနဲ့တခုက ဖြည့်ဘက်ဖြစ်တယ်။ ရန်ဖြစ်ဘက် မဟုတ်ဘူး။ ဖြည့်ဘက်ဖြစ်တယ်။ ဖြည့်ဘက်ဖြစ်တဲ့အခါကျတော့ တခုလိုအပ်ချက်၊ ဟာကွက်ကို နောက်တခုက ဖြည့်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့် အဖွဲ့အစည်းတခုခုထဲမှာ အမျိုးသားနဲ့ အမျိုးသမီးသာ အရေအတွက်ညီညီနဲ့ပါမယ်ဆိုရင် ဟန်ချက်ပိုညီသွားမယ်လို့ ထင်တယ်။ ငါတို့သည် ဖြည့်ဘက်များသာ ဖြစ်တယ်၊ ပြိုင်ဘက်မဟုတ်ဘူးဆိုတာ အမြဲတမ်းသတိချက်ပြီး အလုပ်လုပ်နေဖို့ လိုတယ်လို့ ထင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုမရှိတဲ့အနာဂတ်ကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ ဒါမျှော်လင့်ရမယ့်အကြောင်းအရာတခု မဟုတ်ဘူး။ လုပ်ဆောင်ရမယ့်အရာတခုလို့ ယူဆပါတယ်။ ဒါပေမယ့် သဘာဝတရားအရ လူတွေရဲ့စိတ်ခံစားမှုတွေပါ ထည့်တွက်မယ်ဆိုရင်တော့ နည်းနည်းလေး ပိုပြီးလှမ်းရဦးမယ်လို့ ထင်ပါတယ်။ ကျွန်မတို့သည် ဟန်ချက်ညီဖို့ အမြဲတမ်းစဉ်းစားရမယ်။
ကျွန်မတို့သည် အရာရာကို ဝေဖန်ထောက်ရှုတဲ့အခါမှာ ရန်ဖြစ်ဖို့မဟုတ်ဘဲနဲ့ ဖြည့်ဘက်အဖြစ်နဲ့ ဘယ်လိုစဉ်းစားမလဲ ဆိုတဲ့ဟာမျိုးကို အမြဲတမ်း ပြန်တွေးနေဖို့လိုတယ်။ နောက်တခုက ကိုယ်ကျင့်တရားကို လုံးဝမပျက်ပြားစေဘဲနဲ့ ကောင်းကျိုးချမ်းသာ ပြည့်ဝတဲ့လောကကို တည်ဆောက်ဖို့ ဦးတည်ပြီး စာနာစိတ်အပြည့်နဲ့ ဆက်သွားနိုင်မယ်ဆိုရင်တော့ ဘယ်လိုအနေအထားမျိုးမှာပဲဖြစ်ဖြစ် အောင်မြင်မှုရမယ်လို့ ယုံကြည်ပါတယ်။
“အမျိုးသမီးနဲ့ အမျိုးသားဆိုတာ ရန်ဖြစ်ဖို့မဟုတ်ဘဲနဲ့ ဖြည့်ဘက်အဖြစ်နဲ့ ဘယ်လိုစဉ်းစားမလဲဆိုတဲ့ဟာမျိုးကို အမြဲတမ်း ပြန်တွေးနေဖို့လိုတယ်”
“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing
#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media