မာရီယာ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၅) မှ ကောက်နုတ်ဖော်ပြသည်။

 
“အမျိုးသမီးတွေက ဘာလို့ ဦးဆောင်မှုမှာ မပါချင်တာလဲ ဆိုတဲ့အကြောင်းအရင်းကို ရှာဖို့လိုတယ်။ အဓိကကတော့ အမျိုးသမီးတွေလည်း ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ အားပေးမယ့်သူ မရှိတာကြောင့်ပါ”

 
 
အသက်(၂၈)နှစ်အရွယ်ရှိတဲ့ မာရီယာဟာ ရန်ကုန်ဇာတိ ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းဖြစ်တဲ့ ဖခင်ဖြစ်သူနဲ့ ဈေးရောင်းတဲ့ မိခင်ဖြစ်သူကို ကူညီပေးရင်း ငယ်ဘဝကို ဖြတ်သန်းခဲ့တယ်။  မွေးဖွားခဲ့ပြီး မွေးချင်းသုံးယောက်ရှိတဲ့နက် သမီးကြီး ဖြစ်ပါတယ်။ ကျောင်းဆရာမဖြစ်ချင်တဲ့ အိပ်မက်ရှိခဲ့ပေမယ့် အခြေအနေမပေးတဲ့အတွက် ဖြစ်ခွင့်မရခဲ့ပါဘူး။ ကျောင်းပြီးတော့ အပြင်အလုပ်လုပ်နေရင်းကနေ အစိုးရဝန်ထမ်းဖြစ်တဲ့ဖခင်ဖြစ်သူ ပင်စင်ယူခါနီးမှာ ဝန်ထမ်းလိုင်းခန်းမဖယ်ပေးရအောင် အစိုးရဝန်ထမ်း ဆက်လုပ်ခဲ့ရပါတယ်။

အစိုးရဝန်ထမ်းယန္တရားရဲ့ အဂတိလိုက်စားမှုကို သိပြီး ရွံ့မုန်းတဲ့ မမာရီယာဟာ အလုပ်လုပ်ရင်း တစ်နှစ်အကြာ စစ်အာဏာသိမ်းမှုဖြစ်ချိန်မှာ CDM လုပ်ကာ တော်လှန်ရေးထဲမှာ ပါဝင်လာခဲ့ပါတယ်။ အစိုးဝန်ထမ်းဘဝမှာ လာဘ်ပေးလာဘ်ယူတဲ့အကြောင်းတွေကို စတင်သိလာရာကနေ နိုင်ငံရေးကို စိတ်ဝင်စားလာခဲ့တယ်။

လက်ရှိမှာတော့ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ပြန်လည်ထူထောင်ပေးတဲ့ အဖွဲ့အစည်းတစ်ခုမှာ Peer support group facilitator အနေနဲ့လုပ်ကိုင်နေပြီး MOH ရဲ့ လက်အောက်ဌာနတစ်ခုမှာလည်း online counselling ၊Hotline provider volunteer အနေနဲ့ လုပ်ကိုင်နေပါတယ်။ English language teacher အနေနဲ့ ကလေးတွေကို စာသင်ပေးတဲ့ အချိန်ပိုင်းအလုပ်လည်း လုပ်ကိုင်နေပါတယ်။

 
မေး။     ။ လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်ပြီးဆရာမ အမြင်ကို ပြောပြပေးပါရှင့်။

ဖြေ။    ။ အခုလက်ရှိနွေဦးတော်လှန်ရေးက အတိုင်းအတာတခုအထိ‌ အောင်မြင်နေပြီလို့ မြင်ရတယ်။ ဒါပေမယ့် အဲ့လိုမျိုး အောင်မြင်လာတာနဲ့အမျှ စစ်ကောင်စီဘက်ကလည်း ပိုပြီးတော့ ဖိနှိပ်လာတယ်။  အခုအခြေအနေ ဆိုရင် ပြည်တွင်းကလူတွေလည်း နိုင်ငံရေးရော၊ စီးပွားရေးရော အကုန်လုံးကျဆင်းလာတယ်။

တဖက်မှာလည်း စစ်ကောင်စီက အခုစစ်မှုထမ်းဥပဒေ ထုတ်ပြီး အရမ်းတင်းကြပ်လာတယ်။ စစ်မှုထမ်းဖို့အတွက် နိုင်ငံခြား မထွက်ရဘူးတို့၊ ပြည်ပကဆိုလည်းပြန်လာပြီး စစ်မှုထမ်းရမယ်ဆိုတာတွေပေါ့။ အဲ့တာတွေက လူငယ်တွေ အတွက် အရမ်းခက်ခဲလာတယ်။ ထွက်ပြေးချင်ရင်တောင် ပြေးဖို့အတွက် လမ်းပိတ်နေတာပေါ့နော်။

ပြည်ပက လူငယ်တွေဆိုရင်လည်းမြန်မာပြည်ကို ပြန်လာပြီးတော့ စစ်မှုထမ်းရမှာကိုကြောက်တာရော၊ ပြန်မလာရင် ကျန်ခဲ့တဲ့မိသားစုကို တစ်ခုခုလုပ်မလားစိုးရိမ်ရတာတွေ ရှိလာတယ်။ ပြည်တွင်းကလူတွေ အထူးသဖြင့် လူငယ်တွေအတွက် အရမ်းခက်ခဲနေတဲ့အခြေအနေလို့တော့ မြင်ပါတယ်။
 
မေး။      ။ မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် မြန်မာနိုင်ငံက ဘယ်လိုပုံစံအမျိုးအစားမျိုး ဖြစ်ခဲ့လဲ။

ဖြေ။     ။မြန်မာ့နိုင်ငံရေးကိုပြန်ကြည့်မယ်ဆိုရင်ခေတ်အဆက်ဆက်က အာဏာရှင်စနစ်က စိုးမိုးခဲ့တာပေါ့နော်။ ၂၀၀၈ ခြေဥနဲ့ အုပ်ချုပ်လာခဲ့ကြတော့ တကယ့်လွတ်လပ်မှုအစစ်ကို မခံစားခဲ့ရပါဘူး။ ပြောရမယ်ဆို ပြည်သူတွေ စိတ်တိုင်းကျခေါင်းဆောင်ကို မဲစနစ်နဲ့ရွေးချယ်ပြီးသား အနိုင်ရပြီးကိုတောင်မှ စစ်တပ်က ခြေဥနဲ့ဘဲ ပြန်ပြီး အာဏာပြန်သိမ်းလိုက်တယ်။ ကျွန်မကတော့ ဒီနွေဦးတော်လှန်ရေးက ပြည်တွင်းစစ် အဆုံးသတ် ဖြစ်စေချင်တယ်။  မျှော်လည်း မျှော်လင့်တယ်။ တော်လှန်ရေးပြီးသွားမယ်ဆို ပြည်တွင်းစစ်လည်း အဆုံးသတ်နိုင်ပြီးတော့ အာဏာရှင်တွေ ထပ်ပေါ်မလာစေချင်တော့ဘူး။ အဲ့လိုမျိုးဖြစ်လာဖို့တော့ မျှော်လင့်ပါတယ်။
 

မေး။     ။ နွေဦးတော်လှန်ရေးကနေ နိုင်ငံသစ်တစ်ခုကို ဘယ်လိုစံတန်ဖိုး၊ အခြေခံမူတွေနဲ့ တည်ဆောက်ချင်လဲ။

ဖြေ။      ။ ကျွန်မတို့လိုချင်တာတော့ ဖက်ဒရယ်ဒီမိုကရေစီပေါ့။ အဲ့တာနဲ့အညီ လွတ်လပ်မှုရှိရမယ်။ တန်းတူညီမျှ အခွင့်အရေးရှိရမယ်။ တရားမျှတမှုလည်း ရှိရမယ်။ လူ့အခွင့်အရေးလည်း အပြည့်အဝ ရရှိရမယ်။ ဒီအရာတွေကို စံတန်ဖိုးထားပြီးတော့ နိုင်ငံတော်သစ်တည်ဆောက်ချင်ပါတယ်။
 
မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အတွေးအမြင်တွေ ဘယ်လောက်အထိ ပြောင်းလဲသွားလဲ။
ဖြေ။      ။ လူငယ်တော်တော်များများက အာဏာမသိမ်းခင်အထိ နိုင်ငံရေးကို ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး စိတ်မဝင် စားကြတာ များတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မဆိုင်ဘူး တွေးကြတယ်။ အဲ့လိုမျိုး ကျွန်မလည်း တွေးခဲ့ပါတယ်။ နိုင်ငံရေးက ငါတို့နဲ့မဆိုင်ဘူးဆိုပြီး နေခဲ့ကြတာပေါ့။ အာဏာသိမ်းပြီးမှ ငါတို့နေထိုင်တဲ့နိုင်ငံ အတွက် မှန်ကန်တဲ့အရာလုပ်ကိုလုပ်ရမယ်ဆိုတဲ့ အဲ့အသိလေးဝင်သွားတယ်။ ပြောရရင် အဆိုးထဲက အကောင်းပဲပေါ့။ နိုင်ငံရေးကို မသိတော့ အစက ပြန်ပြီးတော့ လေ့လာရတယ်။ ဘယ်လိုမျိုးပါဝင်လို့ရမလဲ နည်းလမ်းတွေ ရှာရတယ်။ ဘယ်လိုတော်လှန်မလဲကအစ အဲ့အတွေးတွေကအများကြီး ပြောင်းလဲသွားပါတယ်။
 

မေး။     ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် ခွဲခြားတဲ့အတွေးအမြင်တွေ ဘယ်လောက်အထိ ပြောင်းလဲသွားလဲ။ ဘယ်နေရာတွေမှာ ပြောင်းလဲသွားလဲ။

ဖြေ။      ။ အကုန်လုံးခြုံလိုက်မယ်ဆိုရင် အများကြီးတော့‌ ပြောင်းလဲသွားတာ မဟုတ်ဘူးလို့ မြင်မိတယ်။ အခုဆိုရင် အမျိုးသမီးဝန်ကြီးတွေ ရှိလာတာ နည်းနည်းမြင်ရတယ်။ ဒါပေမယ့် ဟန်ပြဖြစ်နေသလိုမျိုး မြင်နေရသလို အတွင်းထဲမှာတော့  ခွဲခြားမှုတွေက ရှိနေတုန်းပဲ။ အမျိုးသမီးဖြစ်လို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရှိဘူး၊ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကတော့ အမျိုးသမီးတွေပါဝင်လို့မရဘူးဆိုတာမျိုးတွေတော့ ရှိနေတုန်းပါပဲ။
 

မေး။     ။တော်လှန်ရေးကြီးအောင်မြင်ဖို့အတွက် အမျိုးသမီးတွေက ဘယ်လိုကဏ္ဍကနေ ပါဝင်လာသင့် သလဲ။

ဖြေ။      ။ အမျိုးသမီးတွေက အခန်းကဏ္ဍတိုင်းမှာ ပါဝင်ဖို့လိုအပ်တယ်လို့ မြင်တယ်။ အမျိုးသမီး PDF တွေလည်း  အများကြီးရှိလာဖို့ လိုတယ်။ ဒီအမျိုးသမီးတွေဆိုရင် ထောက်ပို့ပဲလုပ်ရမယ်၊ စစ်မတိုက်ရဘူး ဆိုတာမျိုး မဟုတ်ဘဲနဲ့ အရည်အချင်းအပေါ်မှာ မူတည်ပြီးအမျိုးသမီးတွေကိုလည်း ခေါင်းဆောင်မှုနေရာ ပေးသင့်တယ်လို့ မြင်တယ်။ အမြဲတမ်း ထောက်ပို့ပဲ လုပ်ရမယ်၊ ထမင်းချက်ရမယ် မဟုတ်ဘဲနဲ့ ကဏ္ဍတိုင်းမှာ ပိုပြီးတော့ပါဝင်နိုင်ဖို့ လမ်းဖွင့်ပေးရမယ်၊ ဆွဲခေါ်ပေးဖို့လိုတယ်လို့ မြင်ပါတယ်။
 

မေး။     ။ ကိုယ်တိုင်အနေနဲ့ရော အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံရဖူးလား။

ဖြေ။      ။ ရှိဖူးပါတယ်။ တော်လှန်ရေးစဖြစ်တုန်းကဆိုရင် ဆန္ဒပြပွဲတွေရဲ့အရှေ့မှာ ဒိုင်းကာလုပ်တဲ့အဖွဲ့ဆိုရင် ယောကျာ်းလေးပဲနေရတာ၊  အဲ့နားကပ်လို့တောင် မရဘူး။ မိန်းကလေးဆိုရင် ဒီနားမလာနဲ့ အနောက်မှာပဲ နေပေါ့။ သူတို့ပဲ ကာကွယ်မယ်ဆိုတာမျိုးပေါ့။ လုပ်နိုင်စွမ်းမကြည့်ပဲ ကျား၊မခွဲတာမျိုးတွေပါ။ မိန်းကလေး ဆိုတာနဲ့ အလိုလို အနောက်ရောက်ရတာမျိုးပေါ့။ အဖွဲ့အစည်းတွေ ဝင်မယ်ဆိုလည်း များသောအားဖြင့် ယောကျာ်းလေးက မိန်းကလေးထက် အရည်အချင်းပိုရှိတယ်လို့၊ ပိုလုပ်နိုင်တယ်လို့ တန်းပြီး သတ်မှတ် လိုက်ကြတယ်။ အပေါ်ယံပဲ ကြည့်ပြီးရွေးတာတွေ ကြုံဖူးတယ်။


“အမျိုးသမီးတွေ အချင်းချင်း ပိုပြီးစည်းလုံးဖို့လည်း လိုအပ်တယ်။ အားပေးဖို့ လိုတယ်။ ဒီအမျိုးသမီးတွေ အချင်းချင်းမှာကိုပဲ အားမပေးဘဲနဲ့ နှိမ့်ချစေတဲ့ ပြောဆိုတာတွေ ရှိတယ်။ မိန်းကလေးအချင်းချင်းကပဲ မိန်းကလေးတွေ ခေါင်းဆောင်လုပ်ရင် ဘယ်လိုအဆင်ပြေမှာလဲဆိုပြီး မေးတတ်ကြတယ်”
 

မေး။     ။ နိုင်ငံသစ်တည်ဆောက်တဲ့အခါ အမျိုးသမီးတွေပါဝင်ခွင့်ကို လျစ်လျူရှုမှုတွေမရှိအောင် ဘာတွေလုပ်သင့်လဲ။

ဖြေ။      ။ အမျိုးသမီးတွေ အချင်းချင်း ပိုပြီးစည်းလုံးဖို့လည်း လိုအပ်တယ်။ အားပေးဖို့ လိုတယ်။ ဒီအမျိုးသမီး တွေအချင်းချင်းမှာကိုပဲ အားမပေးဘဲနဲ့ နိမ့်ချစေတဲ့ပြောဆိုတာတွေ ရှိတယ်။ မိန်းကလေးအချင်းချင်းကပဲ မိန်းကလေးတွေ ခေါင်းဆောင်လုပ်ရင် ဘယ်လိုအဆင်ပြေမှာလဲ။ ယောကျာ်းလေးပဲ အဆင်ပြေမှာဆိုပြီး ပြောတာတွေကြုံရဖူးတော့လေ အဓိကက အမျိုးသမီးတွေအချင်းချင်း ပိုညီဖို့ လိုအပ်တယ်။

နိုင်ငံရေးအသိက အမျိုးသမီးတွေနဲ့ ပိုပြီးအလှမ်းဝေးတယ်ဆိုတော့ နိုင်ငံရေးသင်တန်းတွေ၊ အသိပညာပေးတွေ စွမ်းရည် မြင့်တင်ဖို့ လိုအပ်တဲ့ပံ့ပိုးမှုတွေ အများကြီးလိုအပ်တယ်လို့ မြင်တယ်။ ဘာဖြစ်လို့အမျိုးသမီးတွေက နိုင်ငံရေးကို မပါချင်တာလဲဆိုတဲ့ အရင်းခံကို ရှာဖို့ကလည်းအရေးကြီးပါတယ်။ အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်ဖို့၊ နိုင်ငံရေးမှာပါလာဖို့ အမျိုးသားတွေကလည်း အားပေးထောက်ပံ့ဖို့ လိုပါတယ်။

အမျိုးသမီးတွေကို နင်တို့က ဘယ်လိုအသုံးမကျဘူးဆိုပြီး ထိုင် blame နေတာထက် ဘယ်လိုမျိုးမြှင့်တင်ပေးမလဲ၊ ဆွဲခေါ်ပေးမလဲဆိုတာကို ပိုအားစိုက်သင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံသစ်အတွက် အမျိုးသားတွေရော အမျိုးသမီး‌တွေရော အတူတကွပူးပေါင်းပြီးတော့ လုပ်ဆောင်သင့်တယ်လို့ ယုံကြည်ပါတယ်။
 

မေး။     ။ အမျိုးသမီးတွေခေါင်းဆောင်သစ်တွေထွက်ပေါ်လာဖို့ဘာတွေလုပ်ဆောင်သင့်ပါသလဲ။

ဖြေ။      ။ အမျိုးသမီးတွေက ဘာလို့ဦးဆောင်မှု မပါချင်တာလဲဆိုတဲ့အကြောင်းအရင်းကို ရှာဖို့လိုတယ်။ အဓိကကတော့ အမျိုးသမီးတွေလည်း ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ အားပေးမယ့်သူ မရှိတာပါပဲ။ အမျိုးသမီးခေါင်းဆောင်ဖြစ်ရင် အရမ်းပင်ပန်းတာ၊ မိန်းမတွေကအပင်ပန်းမခံနိုင်ဘူး၊ မလုပ်နိုင်ဘူးလို့ ပြောတဲ့သူတွေများတယ်။ အဲ့လိုမျိုး အပြောအဆိုတွေမဟုတ်ပဲ အမျိုးသမီးအချင်းချင်းပဲဖြစ်ဖြစ် အရည်အချင်း တွေ လိုအပ်နေသေးတယ်ဆိုရင် ပံ့ပိုးမှုတွေလုပ်ပြီး  အားပေးလက်တွဲခေါ်ဖို့ လိုပါတယ်။ အမျိုးသမီးလူငယ် တွေကို ဦးစားပေး ဆွဲခေါ်ဖို့ လိုအပ်ပါတယ်။
 

မေး။     ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ တင်းပြည့်ကျပ်ပြည့်ပါဝင်လာရင် အနာဂတ်နိုင်ငံရေးမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာနိုင်လဲ။

ဖြေ။      ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်လာပြီဆိုရင် တိုင်းပြည်အေးချမ်းမှုအတွက် ပိုပြီးဖော်ဆောင်နိုင်မယ်လို့ မြင်မိတယ်။ ကျွန်မတို့နိုင်ငံမှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုများတယ်။ အမျိုးသမီးဦးရေများတာကလည်း အဖိုးတန်တဲ့ လူသားအရင်းအမြစ်ပါပဲ။  အမျိုးသမီးတွေ ပါဝင်လာမယ်ဆိုရင် နိုင်ငံလည်း ပိုပြီးတိုးတက်လာမယ်။ ပိုပြီးငြိမ်းချမ်းးမှုကိုလည်း ဖော်ဆောင်နိုင်မယ်။ အထူးသဖြင့် တန်းတူညီမျှမှုဆိုရင် အမျိုးသမီးတွေက ဖိနှိပ်ခံရတာတွေ အများကြီးကြုံရတော့ တန်းတူညီမျှမှု ရရှိဖို့ကို သေသေချာချာ ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
 

မေး။     ။ အမျိုးသမီးတွေအ‌ပေါ်ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ တန်းတူညီမျှမှုဖြစ်သွားမယ့် နိုင်ငံတခုဖြစ်လာ လိမ့်မယ်လို့ ဘယ်လောက်အထိ ယုံကြည်ချက်ရှိလဲ။

ဖြေ။      ။ အဓိကကတော့ အခုတော်လှန်ရေးမှာလည်း အမျိုးသမီးတွေကလည်း အခန်းကဏ္ဍ တော်တော် များများမှာ ပါဝင်နေတယ်။ ဆုံးဖြတ်ခွင့်တွေတော့ ထင်သာမြင်သာမရသေးပေမယ့် ပါနေတယ် ဆိုတာကလည်း အောင်မြင်မှုတခုပါပဲ။ အဲ့ကနေပြီးတော့မှာ တဆင့်ဆင့်နဲ့ ကိုယ့်မှာ ပိုပြီးတော့ ဆုံးဖြတ်ခွင့်တွေ ရအောင် ဘယ်လိုလုပ်မလဲ၊ အရေးကြီးတဲ့ဆုံးဖြတ်ခွင့်တွေမှာ ဘယ်လိုမျိုးပါဝင်လို့ရမလဲ ဆိုတာလေးတွေ စဉ်းစားပြီး အမျိုးသမီးတွေအချင်းချင်း ပိုစည်းလုံးပြီး ၊ အမျိုးသားရော၊ အမျိုးသမီးရော အပြန်အလှန်ပံ့ပိုးကြမယ်ဆို နောက်ပိုင်းကျရင် လူတိုင်းမျှော်လင့်ထားတဲ့နိုင်ငံ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
 

မေး။     ။ ဖြည့်စွက်ချက်။

ဖြေ။      ။ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ အဓိကပါပဲ။ ကိုယ်လိုအပ်တဲ့ အရည်အချင်းတွေ ကို အမြဲတမ်းလေ့လာမယ်။ အမြဲဖြည့်နေမယ်ဆိုရင် ကျွန်မတို့က အမျိုးသမီးခေါင်း‌ဆောင်တွေ ဖြစ်လာနိုင် ပါတယ်။ အမျိုးသမီးတွေ ခေါင်းဆောင်ဖြစ်ဖို့အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ နဲ့ ကိုယ့်ရဲ့လုပ်နိုင်စွမ်းမြှင့်ဖို့ အမြဲတမ်းစဉ်ဆက်မပြတ်လေ့လာနေဖို့ အရေးကြီးပါတယ်။


“ခေတ်ဝန်ကိုထမ်းသောအမျိုးသမီးများ”စာအုပ်ကိုအောက်ပါလင့်ခ်တွင်ဒေါင်းယူဖတ်ရှုနိုင်ပါပြီရှင်။ https://drive.google.com/file/d/1UeVjujGC87uvaNsU2_JQEFV4bi-9q7kh/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media